← Chapters

အခန်း (၄၈၂)

Vol. 33 Ch. 482

အခန်း (၄၈၂)

Vol. 33 Ch. 482

“အင်း ဒီလိုလည်း ဖြစ်နိုင်တယ်”

တစ်ချို့သောသူများ၏ ယုံကြည်မှုများသည် ပိုမိုကာ ထွန်းတောက်လာခဲ့၏။ သူတို့၏ မျက်နှာတွင်တော့ ဝေခွဲမရသည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေတုန်းပင်။

တော်ဝင်အင်ပါယာအဆင့်၏ အားအင်ကို ပိုင်ဆိုင်ခြင်း ဆိုသည်မှာ တစ်ခဏတာဆိုလျှင်တောင်မှ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကိစ္စပင်။ ဂိုဏ်းတစ်ခုခုတွင် ထိုကဲ့သို့အရာ တည်ရှိသည်ဆိုပါက ၎င်းတို့၏ ဝှက်ဖဲသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့်အရာ ဖြစ်လာပေလိမ့်မည်။

အရေးအကြောင်းအခြေနေမျိုးတွင် တော်၀င်အင်ပါယာကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာခြင်း ဆိုသည်မှာ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မည့် စွမ်းဆောင်ရည်မျိုးပင် ဖြစ်၏။

ဤအတောအတွင်း လွင့်မျောတိမ်တောင်၏ အတွင်းမှာတော့ မုန့်ရှင်းကျီ၏ ကြီးမားသော လက်ကြီးသည် နတ်ဘုရား တောင်ထွတ် တစ်ခုချင်းစီသို့ ၀င်ရောက်လျက် ရှိနေ၏။ များပြားလှသည့် အရင်းအမြစ်အားလုံးကိူ သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလျက်ရှိနေ၏။ ထိုအရာများ၌ ဆေးဥယျာဉ်ကဲ့သို့သော အရာများ ပင် ပါ၀င်လျက်ရှိ၏။ သူသည် သေချာစဉ်းစားနေစရာ မလိုပေ။ ရှိရှိသမျှ အရာအားလုံးကို သိမ်းဆည်းလျက်ရှိသည်။

ထိုအရာအားလုံးကို ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းဆီသို့ အရင်ဆုံးပြန်လည် ယူဆောင်သွားရန်သာ စဉ်းစားထား၏။ အချိန်ခဏတွင်းမှာပဲ သူ၏ သိုလှောင်လက်စွပ်ဆယ်ကွင်းသည် ပြည့်လုမတတ် ဖြစ်သွားခဲ့၏။

“နှမျောစရာပဲ”

မုန့်ရှင်းကျီသည် ကွဲကြေလျက်ရှိနေသည့် အဆောက်အဦများကိုလှမ်းကာ ကြည့်ရှုရင်း နှမြောသလို အမူအရာမျိုး ဖြစ်တည်နေ၏။ဤ အဆောက်အဦများသည် တကယ့်ကို သာမန်ထက် ပိုသည့် ပစ္စည်းများဖြင့် ဆောက်လုပ် ထားသည့်အရာ ဖြစ်၏။

ကံဆိုးစွာဖြင့် လက်ရှိ အခြေနေတွင် ပျက်စီးကုန်၏။ အရင်ပုံစံသည် မည်သည့်ပုံစံဖြစ်သည်မှန်း မသိအောင်ပင် ဆိုးဝါးစုတ်ပြတ်လျက် ရှိလေ၏။ သူသည်သာ ထိုအရာများကို အကောင်းတိုင်း ရွှေ့ပြောင်းနိုင်သည် ဆိုပါက ကျိန်းသေပေါက် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

“လွင့်မျောတိမ်တောင်က တကယ့်ကို ချမ်းသာတာပဲ။ ကျုပ်သိချင်တာ မြေအင်မော်တယ်လောကထဲမှာ တခြား ဂိုဏ်းတွေ ရှိနေသေးလား ။ တကယ်လို့ ဒီလိုဂိုဏ်းမျိုးကိုသာ သုတ်သင်ရှင်းလင်းပစ်နိုင်မယ် ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အောင်မြင်မှုက ဆတက်ထမ်းပိုး တိုးပွားသွားတော့မှာပဲ။”

မုန့်ရှင်းကျီသည် ရယ်မောကာပြောလိုက်၏။ ဤအကြံအစည်သည် သူ၏ စိတ်ကူးထဲတွင်ရှိနေသည့် အကြောင်း အရာဖြစ်၏။ ထုတ်ကာ မပြောရဲသေးချေ။ အဘယ့်ကြောင့်ဆိုသော် သူလှမ်းမည့် ခြေလှမ်းများကို တခြားသူ များ သိရှိသွားမည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်နိုင်သည်မဟုတ်ပါလား။

မြေအင်မော်တယ်လောကမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် အချိန်မရွေးရောက်ရှိလာနိုင်ကြောင်း သူက နားလည်မိ၏။

အနည်းငယ်သော နှောင့်နှေးမှုသည် ဆိုးဝါးသောအကျိုးဆက်ကို ရောက်ရှိသွားစေနိုင်၏။ မုန့်ရှင်းကျီတစ်ယောက် အလုပ်များနေတုန်းမှာပဲ ဖန်းဟန်သည် အဝေးတစ်နေရာမှ ပြန်ရောက်လာခဲ့သည်။

“ဘယ်လိုလဲ” မုန့်ရှင်းကျီသည် အသာလှမ်းကာ မေးမြန်းလိုက်၏။

“ဒီနေ့ကိစ္စအတွက် ကျေးဇူးပါပဲစီနီယာ”

ဖန်းဟန်သည် များများစားစားမပြောချေ။ သူ၏လက်ကို မုန့်ရှင်းကျီဆီသို့ ကမ်းပေးလိုက်၏။ ယနေ့ အခြေနေတွင် မုန့်ရှင်းကျီသာ ပါမလာပါက သူတစ်ယောက်တည်းဖြင့် လွင့်မျော တိမ်တောင်တစ်ခုလုံးကို တိုက်ခိုက်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ တာအိုအစီအရင်ကို ချိုးဖျက်ရန်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။ အဆိုးဆုံး အနေနှင့် သူကိုယ်တိုင်ပင်လျှင် သေဆုံးသွားနိုင်သည်။

“ကျေးဇူးတင်ဖို့မလိုပါဘူး ။ ဒါမင်းအတွက်ပဲ လုပ်တာမှမဟုတ်တာ”

မုန့်ရှင်းကျီသည် လက်ကိုခါယမ်းကာ ပြောလိုက်၏။ “လွင့်မျောတိမ်တောင်ရဲ့သခင်ကို သတ်ခဲ့ပြီလား “

“အင်း”

ဖန်းဟန်ကခေါင်းညိတ်လိုက်၏။ မုန့်ရှင်းကျီ၏ ကျေးဇူးကြောင့်ပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် တစ်ဖက်လူကို အနိုင်ယူရန် အချိန်သိပ်မယူလိုက်ရချေ။

တစ်ဖက်လူကို သတ်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသည့်ခံစားချက်သည် တကယ်ကို အရသာရှိလွန်းလှသည်။

“ကြည့်ရတာ မင်း ဖန်းကလန်ရဲ့ သွေးကြွေးကို ကောင်းကောင်းဆပ်ခဲ့ပြီနဲ့တူတယ်” မုန့်ရှင်းကျီက ရယ်မောလိုက်၏။ သူ၏ အကြည့်အသည် ဖန်းဟန်၏ အနောက်ဘက်တွင် ရှိနေသော တောင်ထွတ်တစ်ခုပေါ်ရှိ ဖန်းဟန်၏ ကျေးကျွန်အိုကြီးဆီသို့ ရောက်ရှိသွားခဲ့၏။ သူမ၏ နောက်တွင်တော့ ဆိုးရွား စုတ်ပြတ်သတ်လျက် ရှိနေသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူအနည်းငယ်တို့က မတ်မတ်ရပ်လျက် ရှိ၏။

ခန့်မှန်းနေစရာ မလိုအပ်ချေ။ မုန့်ရှင်းကျီက သိရှိပြီးဖြစ်၏။ ဤလူများသည် ဖန်းကလန်မှ အသက်ရှင် ကျန်ရစ်သည့် လူများသာ ဖြစ်ပေမည်။ ထိုသူများထဲတွင် အားကောင်းဆုံးလူသည် သူတော်စင်ဘုရင်အဆင့်၌သာ ရှိ၏။ ထို့ထက်ပိုမိုကာ အဆင့်မြင့်မားသော လူအားလုံးသည် လွင့်မျောတိမ်တောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ ဤလူများ ပြန်လည်ကာ ကောင်းမွန်လာသည် ဆိုသည်နှင့် ၎င်းတို့သည် အထင်အမြင်သေး၍ မရသော ကလန်တစ်ခု ဖြစ်လာမှာ သေချာသည်။

“မရသေးဘူး။ ဖန်းကလန်ရဲ့ ရန်ငြိုးတွေက လွင့်မျောတိမ်တောင်တစ်ခုတည်းမှာတင် ရှိတာမဟုတ်ဘူး” ဖန်းဟန်က ခေါင်းကို ခါယမ်းလိုက်၏။

များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် အတိတ်တုန်းက ဖန်းကလန်ကို ဝိုင်းဝန်းကာ သုတ်သင်ခဲ့၏။ လွင့်မျောတိမ်တောင်သည် ရှေ့ဆုံးမှ ဝင်ရောက်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း အင်မော်တယ် နန်းတော်ကဲ့သို့သော ဂိုဏ်းဂဏ အသီးသီးတို့သည် အနောက်မှ ပါဝင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ ဤအင်အားစု များသည် အမွေအနှစ်အရ ပြောဆိုရမည်ဆိုလျှင် လွင့်မျောတိမ်တောင်ထက် မည်သို့မှ အားနည်းလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လွင့်မျောတိမ်တောင်ကို တိုက်ခိုက်ခဲ့သည့်အတိုင်း တူညီသည့် နည်းလမ်းကို အသုံးပြုကာဖြင့် အင်မော်တယ်နန်းတော်ကို သွားရောက် သုတ်သင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်လုနီးပါးပင်။

“ဒါဆိုရင် နောက်ထပ် ဘာတွေ စီစဉ်ထားသေးလဲ။ မြေအင်မော်တယ်လောကမှာ ဒီအတိုင်းပဲ ဆက်နေမှာလား” မုန့်ရှင်းကျီက လှမ်းကာ မေးမြန်းလိုက်သည်။

“ကျုပ်ရဲ့ အစီအစဉ်က”

ဖန်းဟန်သည် သူ၏ အနောက်ဘက်တွင် ရှိနေသော ကလန်သားများကို လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် မုန့်ရှင်းကျီကို ကြည့်ကာ တီးတိုးပြောလိုက်၏။ “ကျုပ်ရဲ့လူတွေကို ကောင်းကင်မူလလောကကြီးဆီကို ခေါ်သွားဖို့ စီစဉ်ထားတယ်”

မြေအင်မော်တယ်လောကထဲတွင် ဆက်လက်ကာ နေထိုင်ခြင်းသည် စိန်ခေါ်စရာများ ဖြစ်လာမည်ကို သူက ကောင်းကောင်းနားလည်၏။ အချိန်မရွေး ထပ်မံကာ သုတ်သင်ခြင်းကို ခံရနိုင်၏။ သူတို့အတွက် အကောင်းမွန်ဆုံးသော မျှော်လင့်ချက်သည် ကောင်းကင်မူလလောကကြီးထဲ၌သာ တည်ရှိ၏။ ထို့ကြောင့် သူတို့သည် ကောင်းကင်မူလလောကကြီးဆီသို့ သွားရောက်ကာ ခိုလှုံခြင်းအားဖြင့် မြေအင်မော်တယ်လောကမှ လူများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ပေလိမ့်မည်။

“ဟင်”

မု့န်ရှင်းကျီသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ မျက်မှောင်များ ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်မူလလောကကြီးသည် မြေအင်မော်တယ်လောကနှင့် လက်ရှိအချိန်၌ ပဋိပက္ခများ ဖြစ်ပွားနေခဲ့၏။ ရန်သူများကို သူ၏ လောကထဲသို့ ခေါ်ဆောင်သွားခြင်းဆိုသည်မှာ သစ္စာဖောက်တစ်ယောက်၏ လုပ်ရပ် ဖြစ်သွားမည် မဟုတ်ပါလား။

ဖန်းဟန် တစ်ယောက်တည်းကို ထိန်းချုပ်ရသည်မှာ လွယ်ကူလှသည် ဆိုသော်လည်း သူကယ်တင်ခဲ့သည့် ကလန် အဖွဲ့သားများသည် ရေရှည်တွင် စိတ်ပြောင်းသွားနိုင်၏။ ထို့အပြင် ထိုသူတို့ထဲတွင် သူတော်စင်ဘုရင်များပင်လျှင် အသက်ရှင် ပါဝင်လျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီးထဲသို့ သွားသည်ဆိုပါက ကျိန်းသေပေါက် ၎င်းတို့ အခြေချရန်အတွက် နေရာလိုလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် တချို့သော ဂိုဏ်းများကို သုတ်သင်ရှင်းလင်းသည့် ကိစ္စရပ်များ ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ကောင်းကင်မူလလောကကြီး၌ ခန့်မှန်း၍ မရနိုင်သည့် ရန်သူများ ပေါ်ပေါက်လာနိုင်၏။

“စီနီယာ… နားလည်မှု မလွဲပါနဲ့”

ဖန်းဟန်သည် တစ်ဖက်လူ၏ အတွေးကို သေချာနားလည်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ ရှင်းပြလိုက်သည်။ “ဂျူနီယာက ကောင်းကင်မူလလောကကြီးပေါ်မှာ မကောင်းတဲ့ စိတ်ဆန္ဒ မရှိပါဘူး။ ကျုပ်အနေနဲ့ ဖြစ်နိုင်သမျှ ကိုယ့်ဘာသာကိုယ် ရှင်သန်နိုင်အောင်ပဲ ကြိုးစားချင်တာပါ”

“ဪ”

မုန့်ရှင်းကျီသည် မျက်ခုံးကို ပင့်လိုက်မိ၏။ ပြီးနောက် ပြုံးလိုက်၏။ “မင်းတို့က ကောင်းကင်မူလ လောကကြီး ဘက်ခြမ်းမှာ ရပ်တည်ဖို့ စီစဉ်နေကြတာလား။ ဟမ့်”

“အမှန်ပါပဲ” ဖန်းဟန်က ခေါင်းညိတ်လိုက်သည်။

All Chapters