အခန်း (၄၈၃)
Vol. 33 Ch. 483
“မင်းဆီမှာ ဒီလို အတွေးမျိုး ရှိနေတယ်ဆိုတော့ တကယ့်ကို ခန့်မှန်းရခက်တယ်” မုန့်ရှင်းကျီ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် စိတ်သက်သာရာရသလို ဖြစ်သွား၏။ ယခင်တုန်းကလို မအေးစက်တော့ချေ။ ဖန်းဟန်၏ တန်ဖိုးကို သူက ကောင်းကောင်း နားလည်၏။ ဖန်းဟန်သည် များပြားလှသည့် ဝှက်ဖဲများကို ကိုင်ဆောင်ထားခဲ့ပြီး အင်မော်တယ်လက်နက် တစ်ခုကိုပင် ပိုင်ဆိုင်၏။
မုန့်ရှင်းကျီ အနေနှင့် ဤလက်နက်သည် တစ်စုံတစ်ခု လွှဲမှားနေသည်ကို ခံစားမိသည် ဆိုသော်လည်း အရေးအကြောင်း အခြေအနေမျိုးတွင် ထိုအရာကို ထုတ်ဖော် မပြောကြားတော့ချေ။ သံသယရှိစရာ မလိုပါဘဲ ဖန်းဟန်သည် ကောင်းကင်မူလလောကကြီးနှင့်အတူ ပူးပေါင်းမည် ဆိုပါက ကျိန်းသေပေါက် သူတို့ဘက်တွင် ကြီးမားသည့် အင်အားစုတစ်ခု တိုးတက်လာမှာ သေချာ၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် သူတို့ဘက်တွင် ပေါ်ပေါက်လာခြင်းဟုပင် သတ်မှတ်နိုင်စွမ်း ရှိသည်။
“စီနီယာရဲ့ ကြင်နာမှုအတွက် ဂျူနီယာက ကျိန်းသေပေါက် ပြန်ပြီး ပေးဆပ်ဖို့ မတတ်နိုင်သေးပါဘူး။ ကောင်းကင်မူလလောကကြီးကိုတော့ ကျုပ်အနေနဲ့ တက်နိုင်သမျှ ပြန်ပြီး ပေးဆပ်ချင်ပါတယ်” ဖန်းဟန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။
မုန့်ရှင်းကျီ၏ ရုတ်တရက် အတွေးများကို သူက ကောင်းကောင်း နားလည်၏။ ထို့ကြောင့်ပင်လျှင် သူက ဤကဲ့သို့ ပြောဆိုနေခြင်းဖြစ်၏။ သူ၏ အသုံးပြု၍ရသော ဝှက်ဖဲသုံးခုသည် သုံးကြိမ်သာ အသုံးပြုနိုင်၏။ ထိုအရာများ အားလုံးကိုလည်း သူက အသုံးပြုခဲ့ပြီး ဖြစ်၏။ မုန့်ရှင်းကျီသာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည် ဆိုပါက ဖန်းဟန် အနေနှင့် သူ၏လူများနှင့် လွယ်လွယ်ကူကူ ထွက်ပြေးသွားရန် ဆိုသည်မှာ မလွယ်လှချေ။
လက်ရှိ မုန့်ရှင်းကျီသည် သူ၏ လှုပ်ရှား ပြုမူဆောင်ရွက်မှုများကို ပြန်လည်ကာ ထိန်းသိမ်းလိုက်၏။ ဖန်းဟန်၏ အကြောင်းကို သူက ကောင်းကောင်း နားလည်သောကြောင့်ပင်။ ဖန်းဟန်၏ ပိုင်ဆိုင်မှုထဲတွင် ရှိနေသည့် ရှေးမီးအိမ်သည် အင်မော်တယ်လက်နက်အဖြစ် သုံးသပ်၍ မရနိုင်သည်ဆိုသော်လည်း အင်မော်တယ် လက်နက် ကဲ့သို့သော စွမ်းဆောင်ရည်မျိုးရှိကြောင်း မုန့်ရှင်းကျီက ကောင်းကောင်းသိ၏။ မုန့်ရှင်းကျီ အနေနှင့် တစ်ဖက်လူများသည် မည်မျှ အားနည်းသည်ဆိုဆို တစ်ဖက်လူမှာ တကယ်တမ်း အားကုန်ထုတ် တိုက်ခိုက်မည် ဆိုပါက သူ့အတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း သိရှိသည်။
“လွင့်မျောတိမ်တောင်မှာ အမွေအနှစ်တွေ အများကြီး ရှိတာပဲ။ မင်းကြည့်ပြီးတော့ ယူချင်တာကို ယူတော့။ တကယ်လို့ နည်းနည်းလေး နောက်ကျသွားမယ်ဆိုရင် ငါတို့ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး” မုန့်ရှင်းကျီသည် ဖန်းဟန်ကို သဘောတကျဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ အကြည့်များကို ကောင်းကင်ကြီးဆီသို့ ရွှေ့လျားလိုက်လေ၏။ အဝေးတစ်နေရာတွင် လူပေါင်းများစွာ ပေါ်ပေါက်လာသည် ဆိုသော်လည်း ထိုလူများထဲ၌ မြေအင်မော်တယ်လောက၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ မပါဝင်သေးကြောင်း မုန့်ရှင်းကျီက ကောင်းကောင်း သိ၏။
“နားလည်ပါပြီ”
ဖန်းဟန်သည် နှောင့်နှေး မနေတော့ချေ။ သူ၏လက်ကို အသာဝှေ့ယမ်းကာဖြင့် လွင့်မျောတိမ် တောင်ထဲတွင် ရှိနေသည့် လက်ကျန် အမွေအနှစ်များ အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း လိုက်၏။ နာရီဝက်ခန့် ကြာမြင့်ပြီး မည်သည့်အရာမှ မရှိတော့သည်ကို သေချာပြီးသည့်နောက် သူတို့သည် လျင်လျင်မြန်မြန် ပြန်လည် ထွက်ခွာသွားလိုက်သည်။
ထွက်ခွာသွားခဲ့ပြီး ဆယ့်ငါးမိနစ် အတွင်းမှာပဲ လွင့်မျောတိမ်တောင်၏ အထက်တွင်တော့ ကောင်းကင်ယံ တစ်ခုလုံး အက်ကွဲလာခဲ့၏။ များပြားလွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အော်ရာများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကိုပင် လွှမ်းမိုးထားခဲ့၏။ ၎င်းတို့အားလုံးသည် နတ်ဘုရားများကဲ့သို့ပင်။
“သူတို့ ဒီမှာ မရှိတော့ဘူး။ ကြည့်ရတာ မုန့်ရှင်းကျီ ထွက်သွားပြီပဲ”
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် တောက်ပ စူးရှလွန်းသည့် မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်၏။ ၎င်း၏ အကြည့်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“မြန်လိုက်တာ”
သူ၏ အနောက်ဘက်တွင်တော့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် ရွှေရောင် အလင်းတန်းများ ထွန်းတောက်လျက် ရှိစွာဖြင့် ဟိတ်ဟန် ကြီးမားလှသည့် အမူအရာမျိုးကို ထုတ်ဖော်ကာ ပြောဆိုလိုက်သည်။ ၎င်းသည် တော်ဝင်ဆန်လှသည့် သွင်ပြင်မျိုးကို ပိုင်ဆိုင်သည်။ “လွင့်မျောတိမ်တောင်ရဲ့ အမွေအနှစ်တွေ အကုန်လုံးက မုန့်ရှင်းကျီ လက်ထဲကို ရောက်ကုန်ပြီ။ ဒီမုန့်ရှင်းကျီက တကယ့်ကို ကောက်ကျစ်တာပဲ”
“အင်မော်တယ်နန်းတော်နဲ့ လွင့်မျောတိမ်တောင်က တကယ့်ကို မိတ်ဆွေရင်းတွေအဖြစ် တည်ရှိခဲ့တယ်။ အခု လွင့်မျောတိမ်တောင် ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ခင်ဗျားတို့က သူတို့အတွက် လက်စားမချေတော့ဘူးလား” ပုံရိပ်ယောင်ကဲ့သို့သော လူတစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်၏။
“ဟမ်”
ရွှေရောင်ဝတ်စုံနှင့်လူသည် အသာပင် မျက်မှောင်ကုတ်လိုက်၏။ သူသည် ထိုကဲ့သို့ ပြောဆိုလိုက်သည့် လူကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ အကြည့်သည် ကောင်းကင်မူလလောကကြီးဆီသို့ ရောက်ရှိသွားခဲ့ ပြန်သည်။ ထူးမခြားနားသလိုပဲ ပြောဆိုလိုက်၏။ “တာအိုရောင်းရင်း အနေနဲ့ ကျုပ်ကို သတိပေးဖို့ မလိုအပ်ပါဘူး။ အင်မော်တယ်နန်းတော်အနေနဲ့ ကျုပ်တို့ဆီမှာ ကိုယ့် အစီအစဉ်နဲ့ကိုယ် ရှိပါတယ်”
“တာအိုရောင်းရင်း.... ခင်ဗျားအနေနဲ့ မြန်မြန်လုပ်ဖို့ ကောင်းမယ်”
ပုံရိပ်ယောင်ကဲ့သို့သော လူသည် ရယ်မောကာဖြင့် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “လွင့်မျောတိမ်တောင်ကို သုတ်သင်ရှင်းလင်းခဲ့တာ မု့န်ရှင်းကျီ တစ်ယောက်တည်း မဟုတ်ဘူးမို့လား။ သူနဲ့အတူပါလာတာ ဖန်းဟန်ပဲ။ ကျုပ်အထင်သာ မှန်မယ်ဆိုရင် ဖန်းကလန်ကို သုတ်သင်ရှင်းလင်းပစ်တဲ့ အင်အားစုတွေထဲမှာ ခင်ဗျားတို့ အင်မော်တယ်နန်းတော် ကလည်း အဓိကနေရာကနေ ပါဝင်ခဲ့တယ်။ အနာဂတ်မှာ ဖန်းဟန် ပိုပြီး ကြီးထွားလာတာနဲ့ အမျှ ခင်ဗျားတို့ အင်မော်တယ်နန်းတော် ဒုက္ခရောက်လိမ့်မယ်”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ” ရွှေရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ သူ၏ လေသံကလည်း အေးစက်လာခဲ့သည်။
“ဘာမှ မဟုတ်ပါဘူး။ ကျုပ်က ခင်မင်စွာနဲ့ သတိပေးရုံ သက်သက်ပါပဲ” ပုံရိပ်ယောင်ကဲ့သို့သောလူသည် ဘာတစ်ခုမှ မဖြစ်ခဲ့သလိုပင် သက်တောင့်သက်သာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။
“ဟမ့်” ထိုအချိန်မှာတော့ ရွှေရောင်ဝတ်စုံနှင့်လူသည် အမှန်ပင် လေးနက်သွားခဲ့၏။ သူသည် နှာခေါင်းရှုံ့လိုက်၏။ သူသည် အောက်ဘက်တွင် ရှိနေသော အပျက်အစီးပုံကြီးကို လှမ်းကာ ကြည့်ရှုရင်း တစ်စုံတစ်ခုကို စဉ်းစားနေမိ၏။ ခဏလောက် ကြာပြီးသည့်နောက် ကျောက်စိမ်းပြားကို ထုတ်ယူကာဖြင့် သတင်း ပေးပို့လိုက်သည်။
ကောင်းကင်မူလလောကကြီး၊ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင်တော့ ....။
“အား”
ကောင်းကင်တစ်ခုလုံးတွင် နှလုံးကွဲလုမတတ် အော်ဟစ်သည့် အသံကြီး ထွက်ပေါ်လာခဲ့၏။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်းဆီမှ ဆန်းကြယ်လှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်း၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲလျက် ရှိနေပြီး ၎င်းမျက်လုံးများဆီမှ နတ်ဘုရားရောင်စဉ်တန်းများ ထွက်ပေါ်ကာဖြင့် ကောင်းကင်ယံတစ်ခုလုံးဆီသို့ ထိုးခွင်းသွားခဲ့၏။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး ထိုလူသည် မီးတောက်များအဖြစ်သို့ ပြောင်းလဲ ခဲ့၏။ သူ့အနား ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တိုက်စားနေသကဲ့သို့ပင်။ ၎င်း၏ လမ်းတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်း များစွာတို့သည် ကြောက်လန့်တကြားဖြင့် အနောက်သို့ ဆုတ်လိုက်၏။ အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အင်ပါယာတစ်ယောက်၏ အော်ရာများ ဖြစ်သည်ကို အားလုံးက သိရှိပြီးဖြစ်၏။ ထို့ကြောင့် နီးနီးကပ်ကပ်ဖြင့် မနေရဲခဲ့ကြချေ။ ဤအင်ပါယာ၏ ဒေါသတရားများ သူတို့ကို သက်ရောက်လာမည်ကို စိုးရိမ်မိကြသည်။
“ဒီလူ ဘယ်သူလဲ”
“ကျုပ်လည်း သေသေချာချာ မသိဘူး”
“ကောင်းကင်မူလလောကကြီးရဲ့ အရင် အင်ပါယာတွေထဲကလား”
“ဘယ်လို ကောင်းကင်မူလလောကကြီးရဲ့ အင်ပါယာက တော်ဝင်သဲကန္တာရမြို့ကို လာပြီးတော့ သူရဲ့ အော်ရာတွေကို ထုတ်ဖော်ရဲမှာလဲ”
“ကြည့်ရတာ ဒီအင်ပါယာက လက်ရှိဖြစ်နေတဲ့ အကြောင်းအရာတွေကို နားမလည်သေးဘူးနဲ့ တူတယ်”
“ဒီလူက တခြားလောကရဲ့ အင်ပါယာပဲ ဖြစ်ရမယ်။ သူက တော်ဝင်သဲကန္တာရမြို့ကို အရင်တုန်းက ဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး။ ဒီကနေ ပြန်ပြီး မသွားသေးဘူး။ ဒီနေရာမှာ စောင့်နေတာပဲ”
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်းများစွာတို့သည် အဝေးတစ်နေရာရှိ မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အံ့အားသင့်နေသလို ကြောက်လည်း ကြောက်လန့်နေမိကြ၏။ တစ်ဖက်လူသည် အင်ပါယာတစ်ယောက် ဖြစ်သောကြောင့် သူတို့အနေနှင့် တစ်ဖက်လူ ဘာလုပ်မည် ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့သည်သာ ထိုနေရာဆီသို့ ရောက်ရှိသွားသည် ဆိုပါက ကျိန်းသေပေါက် သေဆုံးသွားမှာ သေချာ၏။
“ဖန်းဟန်၊ မုန့်ရှင်းကျီ... ဒီအင်ပါယာက ခင်ဗျားတို့နှစ်ယောက် မသေမချင်း လက်လွှတ်ပေးမှာ မဟုတ်ဘူး”
အေးစက်လှသည့် အသံသည် လောကကြီး တစ်ခုလုံးကို ပဲ့တင်ထပ်လျက် ရှိနေ၏။ အလွန်ပြင်းထန်လှသည့် ခံစားချက်များ ပါဝင်နေသည့် အသံသည် တည်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ကြားရသူအားလုံးသည် ရေခဲချောက်ကမ်းပါးထဲသို့ ကျဆင်းသွားခဲ့သလိုပင် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့ကြ ၏။ ဤကြေညာမှုသည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အဆုံးမဲ့ ပါဝင်လျက် ရှိနေ၏။
အင်ပါယာရန်မိုသည် ကောင်းကင်၏ အထက် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေလေပြီး ၎င်း၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေ၏။ မျက်လုံးများသည် သွေးကဲ့သို့ပင် နီရဲလျက် ရှိနေပြီး အရာအားလုံးကို ဝါးမျိုကာ စားသုံးတော့မည့် ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီး တစ်ကောင်ကဲ့သို့ပင် ထင်မှတ်ရသည်။
တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင် စောင့်ကာဖြင့် တစ်ဖက်လူ ထွက်ပေါ်လာမည်ကို သူ စောင့်စားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် မြေအင်မော်တယ်လောကဆီသို့ပင် ရောက်ရှိသွားခဲ့၏။ မြေအင်မော်တယ် လောကကို တစ်ယောက်တည်း သွားခြင်းဆိုလျှင် လက်ခံနိုင်သေး၏။ သို့ပေမဲ့ အဖော်ခေါ်ကာဖြင့် လွင့်မျောတိမ်တောင် တစ်ခုလုံးကိုပင် ဖျက်ဆီးခဲ့၏။
ဖန်းဟန် အစောကြီးကတည်း လွတ်မြောက်သွားခဲ့ကြောင်းသာ သိရှိပါက လွင့်မျောတိမ်တောင်သည် ဤကဲ့သို့သော ကံကြမ္မာမျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ချေ။ သူ့ကို ပိုမိုကာ အံ့အားတသင့် ရှိစေသည်မှာ လွင့်မျောတိမ်တောင် ဖျက်ဆီးရခံရုံတင် မကပေ။ အစကနေ အဆုံးအထိ သူ ဘာသတင်းအချက်အလက်မှ မရရှိခဲ့ခြင်းပင်။ အင်မော်တယ်နန်းတော်မှ လူများသာ သူ့အား သတင်းပေးပို့ခြင်းမရှိပါက သူသည် ကျိန်းသေပေါက် အရာအားလုံးကို မသိရှိဘဲ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်၌ ဖန်းဟန်ကို စောင့်စားနေမိမှာ သေချာသည်။