အခန်း (၄၈၄)
Vol. 33 Ch. 484
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း”
အင်ပါယာရန်မို၏ မျက်လုံးများက အေးစက်နေသည်။ သူ၏ အကြည့်များသည် သက်ရှိသတ္တဝါအားလုံးကို တုန်ယင်စေခဲ့၏။
သူ၏အကြည့်များကြောင့် အားလုံးသောသူတို့သည် ငရဲခန်းထဲသို့ ရောက်ရှိသွားသလိုပင် ကျောရိုးမကြီးများ စိမ့်တက်ကုန်ကြသည်။
“အဲတာ ရှိနေဖို့ မလိုတော့ဘူး”
အင်ပါယာရန်မိုက ထပ်မံကာ ပြောဆိုလိုက်၏။ အမဲရောင် ရောင်စဉ်တန်းများ ဖြစ်ပေါ်လာခဲ့ပြီး သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးတွင် အလင်းတန်းများ တောက်ပလာခဲ့၏။ ထိုအရာကြီးသည် နေနှင့်လကိုပင် ထွင်းဖောက်လုမတတ် ပြင်းထန်လွန်းလှသည့် အလင်းတန်းများပင် ဖြစ်၏။
လက်တစ်ဖက်ကို ဝှေ့ယမ်းပြီးသည့်နောက် ရန်မိုသည် အဝေးတစ်နေရာရှိ လေဟာနယ်ကြီးကို လှမ်းကာ ဖြဲလိုက်၏။ လေထုထဲတွင် ကြီးမားလှသည့် ပုဆိန်ကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ လောကကြီးတစ်ခုလုံး တုန်ခါနိုင်စွမ်း ရှိနေသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လျက် ရှိနေပြီး ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကြီးမားလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားသည့် အင်ပါယာရန်မိုသည် လက်ရှိအခြေအနေမှာတော့ ပြိုင်ဘက်ကင်းလှသည့် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ဖြစ်လို့နေပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။ ရှေ့ဆီသို့ တစ်လှမ်း လှမ်းတက်ပြီး သူ၏ ဦးတည်ချက်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ပင် ဖြစ်၏။
သွားရာခရီးလမ်းတွင် လွင့်မျောတိမ်တောင်အတွက် အကြွေးများကို သူက ပြန်လည်ရယူရန် သူက ရည်ရွယ်ထား ခဲ့၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို သုတ်သင်ရှင်းလင်းပြီးသည့်နောက် သူသည် မုန့််ရှင်းကျီကို ဆက်လက်ကာ တိုက်ခိုက်ရပေမည်။ သူ၏ အားအင်အဆင့်သည် မုန့်ရှင်းကျီ ယှဉ်နိုင်မည့်အရာမျိုး မဟုတ်ကြောင်း သူက ယုံကြည်သည်။
အင်ပါယာရန်မို ထွက်ခွာသွားချင်းမှာပဲ တော်ဝင်သဲကန္တာရမြို့၏ အတွင်းဘက်ရှိ အဆောက်အဦ တစ်ခုအတွင်း မှာတော့ ယန်ရှိုသည် ရုတ်တရက် သတိဝင်လာ၏။ သူသည် မတ်တပ်ထရပ်ပြီးသည့်နောက် တဲအိမ်လေး၏ အပြင်ဘက်ဆီသို့ လှမ်းကာ ထွက်လိုက်၏။ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင် ဖြစ်တည်နေသည့် မြင်ကွင်းများကို ကြည့်ရှုပြီးသည့်နောက် မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာများ ဖြစ်တည်လာခဲ့၏။
“စောဏက ပြောဆိုခဲ့တဲ့ အင်ပါယာက မြေအင်မော်တယ်လောကက မဟုတ်လား။ ဖြစ်နိုင်တာက ဘိုးဘေးကြီးနဲ့ ဖန်းဟန်ကလည်း မြေအင်မော်တယ်လောကကို သွားကြတာ။ သူတို့က တကယ့်ကို အားကောင်းတဲ့ ဂိုဏ်းတစ်ခုကို သွား သုတ်သင်ခဲ့တာပဲ ဖြစ်မယ်။ ဒါဆိုရင် ဒီလူတွေက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို လာပြီးတော့ လက်စားချေတော့ မှာပေါ့” ယန်ရှိုသည် ရင်နာသလိုပင် ခံစားနေမိသည်။
တစ်ဖက်လူသည် အင်ပါယာတစ်ယောက်ဖြစ်၏။ ဘိုးဘေးကြီးသာ ပြန်မလာပါက ကျိန်းသေပေါက် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို သူတို့ တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။ ဘိုးဘေးကြီး ပြန်လာသည် ဆိုလျှင်တောင်မှ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ယန်ရှို၌ ယုံကြည်ချက် မရှိချေ။ အဘယ်ကြောင့်ဆိုသော် မုန့်ရှင်းကျီသည် အင်ပါယာ ဖြစ်လာသည်မှာ မကြာသေးချေ။ ဘိုးဘေးကြီး အနေနှင့် အချိန်အတော်ကြာကတည်းက အင်ပါယာ ဖြစ်တည်ခဲ့သော တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် မဟုတ်ဟု ယန်ရှိုက ကောင်းကောင်း သိ၏။
မုန့်ရှင်းကျီသည် အစီအရင်ဖန်တီးရန် လုံလောက်သည့် အချိန်တစ်ခုကို ရရှိမည်ဆိုပါက အဆင်ပြေကောင်း ပြေနိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် တစ်ဖက်လူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ ဦးတည်နေပြီ ဖြစ်သည်။ ထို့ကြောင့် အစီအရင်ကို မည်ကဲ့သို့ သွားရောက်ကာ ဖန်တီးတော့မည်နည်း။ လက်ရှိ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အကာအကွယ် အစီအရင်ကို အားကိုးရမည်ဆိုလျှင် ကြာကြာခံလိမ့်မည် မဟုတ်ကြောင်း ယန်ရှိုက သိ၏။ မုန့်ရှင်းကျီသာ ပြန်မလာဘူးဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် တကယ့်ကို နေဝင်ကပ်ဆိုက်လေပြီ။
“မိုးရွာတဲ့အချိန်မှာ ရေ ...”
ယန်ရှိုသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ သူသည် ရှုပ်ထွေးလှသည့် အခြေအနေ တစ်ခုလုံးကို နားလည်ထား၏။ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မြေအင်မော်တယ် လောကဆီမှ ကျူးကျော်မှုကို ကြံ့ကြံ့ခံကာ ရင်ဆိုင်နေရ၏။ ကောင်းကင်မူလလောကကြီးသည် တတ်နိုင်သမျှ ကြိုးစားရင်းနှင့် အားအင် ကုန်ခန်းနေပြီဖြစ်သည်။
တားမြစ်တည်နေရာထဲမှာ ရှိနေသော အင်ပါယာများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လျှောက်လာခဲ့ပြီး သည့်နောက် မြေအင်မော်တယ်လောကမှ စွမ်းအားမြင့် ကျင့်ကြံသူများကို ခုခံရန် ကြိုးစားနေခဲ့ကြ၏။ အချိန်များ ကုန်လွန်ခဲ့ပြီးသည့်နောက် ၎င်းတို့၏ အကာအကွယ်သည် မည်သို့မှ ကြံ့ကြံ့မခံနိုင်တော့ချေ။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် လောကကို ဖြတ်သန်းလာခဲ့ပြီးသည့်နောက် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို အဆုံးမဲ့သော ဒုက္ခတရားများ ပေးစွမ်းနေ၏။ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းသည် ထိုကဲ့သို့သော အခြင်းအရာများ ကြားထဲတွင် မည်သို့မှ ကြံ့ကြံ့ခံကာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သူမှသည် သူတို့ကို လာရောက်ကာ ကယ်တင်လိမ့်မည် မဟုတ်သောကြောင့်ပင်။
“ကြည့်ရတာ ငါ့အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ထပ်သွားဖို့ လိုနေပြီပဲ” ယန်ရှိုက တီးတိုးရေရွတ်လိုက် မိသည်။ လက်ရှိအခြေအနေမှာတော့ စီနီယာနန်းဆောင်သခင်မှလွဲလျှင် ကောင်းကင်မူလလောကကြီးတွင် သူတို့ကို ကူညီနိုင်မည့်လူဟူ၍ တခြားလူတစ်ယောက်ကို မစဉ်းစားနိုင်တော့ချေ။
ခဏကြာပြီးသည့်နောက် ယန်ရှိုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိသွားခဲ့၏။ အပြင်ဘက်တွင် ရှုပ်ထွေးလျက် ရှိနေသည် ဆိုသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ဤကဲ့သို့သော အခြေအနေမျိုး မဟုတ်ချေ။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းလျက် ရှိနေ၏။
“ဂျူနီယာယန်ရှိုက စီနီယာကို ဂါရဝ ပြုပါတယ်” ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ပြီးသည့်နောက် ယန်ရှိုသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။
“ဒီမှာ”
ရှေးစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားခဲ့သည့် လီယွင်သည် ခေါင်းကိုမော့ကာဖြင့် ယန်ရှိုကို ကြည့်ရှုလိုက်၏။ ပြီးနောက် အနီးအနားတွင် ရှိနေသည့် ထိုင်ခုံတစ်ခုံကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ထိုင်လေ”
“ကျေးဇူးပါပဲ စီနီယာ”
ယန်ရှိုက ခေါင်းညိတ်လိုက်၏။ ပြီးနောက် လီယွင်၏ အရှေ့တွင် ထိုင်ချလိုက်၏။ သူသည် လီယွင်၏ အမူအရာကို သေသေချာချာ ကြည့်ရှုပြီး မေးမြန်းလိုက်သည်။ “စီနီယာ... တော်ဝင်သဲကန္တာရမြို့ရဲ့ အပြင်ဘက်မှာ အင်ပါယာတစ်ယောက်က ဟိတ်ကြီးဟန်ကြီး လုပ်သွားခဲ့တယ်။ သူရဲ့ အပြုအမူက တကယ့်ကို မလေးမစား ပြုလုပ်တာပဲ။ တော်ဝင်သဲကန္တာရမြို့ဆိုတာ ကောင်းကင်မူလ လောကကြီးရဲ့ အထွတ်အမြတ်ထားရာ တည်နေရာ မဟုတ်လား။ အစစ်အမှန် အင်မော်တယ် ဖြစ်တယ် ဆိုရင်တောင် ဒီနေရာမှာ မဆင်မခြင် မပြုလုပ်သင့်ဘူး။ ဒီတော့ စီနီယာကို မေးချင်ပါတယ်။ စီနီယာ ဘယ်လိုထင်လဲ”
“ဟမ်”
လီယွင်သည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ရယ်ချင်စိတ်ပင် ပေါက်မိနေ၏။ သူသည် စာအုပ်ကို အသာချပြီးသည့်နောက် ယန်ရှိုကို လှမ်းကြည့်လိုက်၏။ “ခင်ဗျား အငှားဓား သုံးချင်ပြန်ပြီလား”
“စီနီယာကလည်း.... စီနီယာ သိပြီး ဖြစ်မှာပါ” ယန်ရှိုသည် အသာရယ်မောလိုက်သည်။
သူ၏ လှည့်ကွက် သေးသေးလေးသည် စီနီယာ၏ သတိပြုမှုအောက်မှ လွတ်မြောက်လိမ့်မည် မဟုတ်ကြောင်း သူက ကောင်းကောင်း သိရှိ၏။ ထို့ကြောင့် တည့်တိုးဆိုသလိုပဲ ပြောဆိုရန် ဆုံးဖြတ်လိုက်၏။ “ဂျူနီယာကလည်း စီနီယာ မျက်နှာကြောင့် စဉ်းစားနေမိတာပါ။ ဂျူနီယာအနေနဲ့ အားအင်အဆင့်သာရှိရင် ကျိန်းသေပေါက် ခုဏတုန်းက ဝင်ပြီး တိုက်ခိုက်တာပေါ့။ တော်ဝင်သဲကန္တာရမြို့ဆိုတာ ဘယ်သူမှ လာပြီး အဆင်ခြင်မဲ့ ပြုလုပ်လို့ ရတဲ့နေရာ မဟုတ်ဘူးဆိုတာ အားလုံးသောသူတွေကို သိအောင် လုပ်ချင်တယ်”
“ဟုတ်လား” လီယွင်သည် ပြုံးတုံ့တုံ့ လုပ်လျက် ရှိနေသည်။
“အတိအကျပါပဲ” ယန်ရှိုသည် တကယ့်ကို မြင့်မြတ်မှန်ကန်လွန်းလှသည့် ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန် အမူအရာမျိုးဖြင့် ပြောဆိုလျက် ရှိနေ၏။ သူ့အား မသိသော တခြားသူများသာ လာရောက် ကြည့်ရှုသည် ဆိုပါက နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်ကို လေ့ကျင့်သည့် ကျင့်ကြံသူတစ်ယောက်ဟုပင် ထင်မှတ်လိမ့်မည် မဟုတ်ချေ။
“ဒါပေမဲ့ အင်ပါယာရန်မိုက တော်ဝင်သဲကန္တာရမြို့ထဲမှာ ပြဿနာ မရှာခဲ့ဘူးလေ။ သူက မြို့ကိုလည်း တစ်ချက် ကလေးမှ ထိခိုက်အောင် မလုပ်ခဲ့ဘူး မဟုတ်လား” လီယွင်သည် ရှေးစာအုပ်ကို ပြန်လည်ကောက်ယူပြီးနောက် တခြားသော စာမျက်နှာတစ်ခုကို လှန်ကာ မှတ်ချက်ပြုလိုက်၏။
တော်ဝင်သဲကန္တာရမြို့တွင် များပြားလှသည့် အစီအရင်များကို သူက ဖန်တီးထားခဲ့၏။ ထို့အတွက် သူသည် ကောင်းကင်လျှို့ဝှက်အမှတ် တော်တော်များများကို အသုံးပြုခဲ့ပြီး ဖြစ်၏။ များပြားလှသည့် အစီအရင်နှင့် ပတ်သက်သည့် ရှေးစာအုပ်များကို လဲလှယ်ပြီးသည့်နောက် သူသည် အစီအရင် အားလုံးကို အသက်သွင်းခြင်း မရှိဘူး ဆိုလျှင်တောင်မှ ရန်မိုလို အားနည်းလွန်းလှသော လူတစ်ယောက်ကို လွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်စွမ်းရှိသည်။
“အဟမ့် အဟမ့်”
ယန်ရှိုသည် လည်ချောင်းကို ဟမ့်လိုက်၏။ သူသည် ရှက်ရွံ့သလို ခံစားမိနေ၏။ “အဲဒီ ရန်မိုက တော်ဝင်သဲကန္တာရမြို့ အနီးအနားမှာ ရှိတယ်ဆိုတာ သိတယ်ဆိုရင်တောင်မှ မိုက်မိုက်မဲမဲနဲ့ မောက်မောက်မာမာ ပြုလုပ်ခဲ့တယ်လေ။ ဒီကိစ္စက တစ်စုံတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ် မဟုတ်လား”
“ကျုပ်သိသလောက်ဆိုရင် ဒီကိစ္စက အဲလောက်ထိ မရိုးရှင်းပါဘူး”
လီယွင်သည် ရှေးစာအုပ်ကို နောက်ထပ် တစ်မျက်နှာ လှန်လိုက်၏။ ယန်ရှိုကို အသာလှမ်းကြည့်ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မုန့်ရှင်းကျီကသာ လွင့်မျောတိမ်တောင်ကို မဖျက်ဆီးခဲ့ဘူးဆိုရင် သူ ဘာလို့ ဒီလို ဒေါသထွက်နေမှာလဲ။ အခု အရမ်းအန္တရာယ်များတဲ့ နေရာက ကျုပ်ရဲ့နေရာ မဟုတ်ဘူး။ ခင်ဗျားတို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ဖြစ်လိမ့်မယ်”
“အင်ပါယာတစ်ယောက်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် အင်ပါယာရန်မိုက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ တံခါးပေါက်ကို ရောက်ဖို့အတွက် သိပ်ပြီး ကြာလှမယ် မထင်ဘူး။ လက်ရှိအခြေအနေအရ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းထဲမှာ မုန့်ရှင်းကျီကလည်း မရှိဘူး။ ခင်ဗျားတို့ဂိုဏ်းကတော့ လွင့်မျောတိမ်တောင်ရဲ့ ခြေရာအတိုင်း လိုက်ရတော့မယ်”
“ဒါက”
ယန်ရှိုသည် ဆွံ့အသွားခဲ့၏။ အစတုန်းက သူသည် စီနီယာနန်းဆောင်သခင်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို စမ်းသပ်ချင်သောကြောင့် စကားဦး သမ်းခဲ့ခြင်းသာဖြစ်၏။ စီနီယာနန်းဆောင်သခင်သည်သာ အင်ပါယာရန်မို အပေါ်တွင် သဘောမကျသည့် အရိပ်အယောင် သင်္ကေတများကို ပြသသည်ဆိုပါက အရမ်း ကောင်းမွန်ပေလိမ့်မည်။ စီနီယာနန်းဆောင်သခင်သည်သာ ဝင်ရောက်လှုပ်ရှားသည်ဆိုပါက အင်ပါယာရန်မို ကဲ့သို့သော လူတစ်ယောက်ကို စိတ်ကူးထဲတွင် ထည့်စဉ်းစားစရာ မလိုအပ်ချေ။
နန်းဆောင်သခင်သည်သာ မျက်နှာသာပေးသည်ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ဤဘေးဒုက္ခကြီးမှ လုံလုံခြုံခြုံနှင့် လွတ်ကင်းပေလိမ့်မည်။ သို့ပေမဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ စီနီယာနန်းဆောင်သခင် သည် လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများ အားလုံးကို စိုးရိမ်ပူပန်ပုံ မပေါ်ချေ။ အကြောင်းအရာ အားလုံးတို့သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ပြဿနာဖြစ်ကြောင်းကိုပင် ပြန်လည်ကာ ပြောဆိုနေ၏။
“စီနီယာ... ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဒီကပ်ဘေးကနေ ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတစ်ခုကို ကူညီ ပေးနိုင်မလား” ယန်ရှိုက မေးမြန်းလိုက်သည်။
သူသည် မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်ခြင်းပင် ဖြစ်သည်။ အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှာ ကွာစီအင်ပါယာအဆင့် ဆေးပင်တစ်ခုကို ထုတ်ယူကာ လီယွင်ရှေ့တွင် ချပေးလိုက်၏။ “ဒီလောက်ဆိုရင် လုံလောက်ရဲ့လား”
“မလုံလောက်သေးဘူး” လီယွင်သည် တစ်ချက်လှမ်းကြည့် ပြီးသည့်နောက် ထိုစကားစုကိုသာ ပြောဆို လိုက်သည်။