အခန်း (၄၈၇)
Vol. 33 Ch. 487
“ကျုပ် ဘာပြောနေတယ်ဆိုတာ ကျုပ် သိပါတယ်” ပဉ္စမ အကြီးအကဲသည် ရှိရှိသမျှ လူများအားလုံးကို တစ်ချက် ဝေ့ကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။
“ပဉ္စမ အကြီးအကဲ အသက်ရှင်ရတာ ပင်ပန်းနေတယ် ဆိုရင်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ ကိုယ်ကိုယ်တိုင် ရှင်းပြဖို့ တောင်းဆိုလေ။ ဒါပေမဲ့ ကျေးဇူးပြုပြီး ချင်ကလန် တစ်ခုလုံး သက်ရောက် အောင်တော့ မလုပ်ပါနဲ့” ဟောခန်း၏ အဆုံးဘက်တွင် ရှိနေသည့် အကြီးအကဲ တစ်ယောက်သည် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်ပေါက်လာစဉ်တည်းက ၎င်း၏ အခွင့်အာဏာကို သွားရောက် စိန်ခေါ်သူများ သည် မည်သူမှ အသက်ရှင်သည်ဟူ၍ မရှိခဲ့ချေ။ ချင်ကလန် အနေနှင့် အားကောင်းလှသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လွယ်လွယ်ကူကူနှင့် သွားရောက်ကာ ရန်ပြု၍ ရနိုင်သူများ မဟုတ်ကြချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား လက်စားချေရန် ကြိုးစားနေခြင်း ဆိုသည်မှာ သေလမ်းရှာခြင်းနှင့်ပင် ဖြစ်နေလိမ့်မည်။
မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကတို့ ပေါင်းစပ်မှု အကြောင်းကို အားလုံးက သိရှိပြီးဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုကိစ္စကို ပြုလုပ်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်သောကြောင့် နန်းဆောင်သခင်၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်အရာ ဖြစ်ပေလိမ့်မည်။ ၎င်း၏ တိုက်ခိုက်ချက် တစ်ခုတည်းကပင်လျှင် ချင်ကလန် တင်မက မြေအင်မော်တယ်လောက တစ်ခုလုံးကို ပျက်စီးသွားအောင် ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
“ဆယ့်သုံးယောက်မြောက် အကြီးအကဲ ပြောတာ အမှန်ပဲ”
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ပြီးနောက် သူသည် ဟောခန်း၏ ထိပ်ဆုံးတွင် ရှိနေသည့် အကြီးအကဲကို အသာ ခေါင်းညိတ်ပြလိုက်၏။ ပြီးနောက် ပဉ္စမ အကြီးအကဲကို လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“မြေအင်မော်တယ်လောကကြီးက ခရမ်းရောင်နက်နဲလောကကြီးနဲ့ ပေါင်းစပ်တဲ့အချိန်မှာ ကျုပ်တို့ ချင်ကလန်က အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်။ အဲတုန်းက ပဉ္စမအကြီးအကဲ အနေနဲ့ စီနီယာနန်းဆောင်သခင်ကို တစ်ချက်ကလေးများ အပြစ်ပုံချဖူးလား။ အခု မထင်မှတ်ထားတဲ့ ကိစ္စတွေလည်း ဖြစ်လာရော တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လက်ညှိုးထိုးတယ်ဆိုတော့...”
ပြောနေတုန်းမှာပဲ ဟောခန်းတစ်ခုလုံးတွင် ရှိနေသည့် အခြေအနေသည် ရုတ်တရက် အေးစက်သွားခဲ့၏။ လူပေါင်း များစွာတို့သည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် ၎င်းတို့အား အရိပ်ထဲမှ တစ်စုံတစ်ယောက်က ခံစားချက် ကင်းမဲ့နေသည့် မျက်လုံးများနှင့် ကြည့်ရှုနေသကဲ့သို့ပင်။ ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သည့် ခံစားချက်ကို ရရှိလာခဲ့ကြ၏။ ဤအရာသည် လူပေါင်းများစွာတို့ ခံစားရသည့် ခံစားချက်သာ ဖြစ်သည်။
အားလုံးသော သူတို့သည် ပဉ္စမ အကြီးအကဲကို လှမ်းကြည့်ပြီးသည့်နောက် ရုတ်တရက် ထကာ ဆဲဆိုချင်စိတ် များပင် ပေါက်လျက် ရှိနေ၏။ တချို့သည် ချက်ချင်းဆိုသလို ထိုလူကို ဖမ်းဆီးကာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ ပို့ဆောင်ရန်ပင် စဉ်းစားခဲ့ကြ၏။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပြဿနာ တက်ပြီးပြီ ဆိုပါက တခြားသောလောကဆီသို့ ထွက်ပြေးရန် ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။ လွယ်လွယ်ကူကူဖြင့် ထိုလောကကြီးများ အားလုံးကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် က လိုက်လံကာ ပေါင်းစပ်ရင်း သတ်ဖြတ်နိုင်သည် မဟုတ်ပါလား။
“ခင်ဗျားတို့အားလုံး ကြောက်နေတာလား”
ပဉ္စမ အကြီးအကဲသည် အားလုံးသော သူတို့ကို တစ်ချက် စွေစောင်း ကြည့်ကာဖြင့် ထူးမခြားနားသလို ပြောဆိုလိုက်သည်။ “ကျုပ်ထင်တာတော့ အားလုံးက အတွေးများနေတာပဲ ထင်တယ်။ စီနီယာနန်းဆောင်သခင်က ကံကြမ္မာဖတ်တဲ့ အတတ်ပညာမှာ ကျွမ်းကျင်တယ် ဆိုပေမဲ့ အချိန်တိုင်းလိုလို အားလုံးကို ကြည့်ရှုတဲ့ စွမ်းဆောင်ရည်မျိုး တော့ ပိုင်ဆိုင်မယ် မထင်ပါဘူး”
“ပြီးတော့ ကောင်းကင်မူလလောကကြီးထဲမှာ သက်ရှိသတ္တဝါတွေ ရေတွက်လို့မရအောင် ရှိတယ်လေ။ ခရမ်းရောင် နက်နဲလောကနဲ့ မြေအင်မော်တယ်လောကတို့ ပေါင်းစပ်ပြီးတဲ့အချိန်မှာ ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေ ဖြစ်သွားတယ်။ အရေအတွက်က ထွက်ချက်လို့တောင် မရနိုင်တဲ့ အနေအထားလေ။ စီနီယာ နန်းဆောင်သခင်အနေနဲ့ ကံကြမ္မာဖတ်ခြင်းအတတ်မှာ ကျွမ်းကျင်တယ် ဆိုပေမဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အနာဂတ်ကို လိုက်လံ ကြည့်ရှုဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ခင်ဗျား ဘာလုပ်ချင်နေတာလဲ ... ပဉ္စမ အကြီးအကဲ။ ကျုပ်တို့ ချင်ကလန်တစ်ခုလုံး ဒုက္ခရောက်မှ ခင်ဗျား ကျေနပ်မှာလား” ဆယ့်သုံးယောက်မြောက် အကြီးအကဲသည် ၎င်း၏ သဘောမတွေ့မှုကို ထုတ်ဖော်ကာ ပြောဆိုလိုက်၏။
စီနီယာနန်းဆောင်သခင် အနေနှင့် အားလုံးသော သူတို့၏ အတွေးများကို ခန့်မှန်း၍ မရနိုင်ဟု သူတို့ ယုံကြည်မိသည် ဆိုသော်လည်း ချင်ကလန် တစ်ခုလုံး၏ ကံကြမ္မာကို အလောင်းအစား ပြုလုပ်ကာဖြင့် ပြောဆိုနေခြင်းကို သူတို့ မနှစ်သက်ကြချေ။
စီနီယာနန်းဆောင်သခင်သည် ချင်ကလန်ကို ရုတ်တရက် စိတ်ဝင်စားသွားလျှင် ဘာဖြစ်နိုင်မည်နည်း။ အားလုံးသော သူတို့သည် ဆိုးရွားသည့် အခြေအနေကို သက်ရောက် သွားနိုင်သည်။
“မဟုတ်သေးဘူး”
ပဉ္စမ အကြီးအကဲသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်၏။ “ကျုပ်အနေနဲ့ ချင်ကလန် တစ်ခုလုံးက တခြားလူတွေရဲ့ စစ်တုရင်ရုပ်လို ဖြစ်နေတာကို မလိုချင်ဘူးလေ။ ကျုပ်တို့ရဲ့ အနာဂတ်၊ ကျုပ်တို့ရဲ့ မျိုးဆက်ကို ကျုပ်တို့ရဲ့ လမ်းစဉ်အောက်မှာပဲ အသက်ရှင် ရပ်တည်စေချင်တယ်”
“စစ်တုရင်ရုပ်တွေ ဟုတ်လား။ ဘယ်လောက် ဆိုးလိုက်လဲ”
စီနီယာ အကြီးအကဲတစ်ယောက်သည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်သည်။ “ကောင်းကင်ရဲ့အောက်မှာ လူပေါင်းများစွာက စစ်တုရင် ကစားရုပ်လေး ဖြစ်လာဖို့ အတွက်ပဲ မျှော်လင့်နေကြတာ မဟုတ်လား။ ခင်ဗျားဆီမှာ ဒီအရာတွေ အားလုံးကို တွန်းလှန်နိုင်ဖို့ အားအင်အဆင့် မရှိဘူး။ ချင်ကလန်ထဲမှာသာ မဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့ တစ်ကိုယ်ရေ၊ တစ်ကာယ အားအင်အဆင့်အနေနဲ့ စီနီယာနန်းဆောင်သခင်ရဲ့ အရှေ့ကို ရောက်ဖို့တောင် လွယ်မှာ မဟုတ်ဘူး။ တကယ်လို့ ချင်ကလန်သာ မရှိတော့ဘူးဆိုရင် ခင်ဗျားရဲ့ အားအင်အဆင့်အရ စီနီယာနန်းဆောင်သခင်နဲ့ စကားပြောဆိုဖို့ အခွင့်အရေး ရှိနေလိမ့်မယ်လို့ ခင်ဗျားကို ခင်ဗျား ထင်နေတာလား”
ပဉ္စမ အကြီးအကဲသည် ခန့်မှန်း၍ မရနိုင်သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်မှာ သေချာ၏။ အပြင်ဘက်လောကဆီသို့ သွားမည်ဆိုလျှင် ကျိန်းသေပေါက် လွှမ်းမိုးနိုင်စွမ်း ရှိနေသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ အားလုံးသော သူတို့သည် တူညီသည့် အမြင်သာလျှင် ရှိ၏။ ၎င်းတို့အားလုံးသည် ပုရွက်ဆိတ်ကလေးများသာပင်။
ပဉ္စမ အကြီးအကဲသည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ သူသည် လောကကြီး တစ်ခုလုံး၏ ပျက်စီးခြင်း၊ ဖန်တီးခြင်းများ အားလုံးကို မြင်ခဲ့ဖူးသည့် လူတစ်ယောက် ကဲ့သို့ပင် ခံ့ညားလှသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းသည် အရာအားလုံးကို နားလည်သည်ဟူသော မျက်နှာသွင်ပြင်ကို ထုတ်ဖော် ပြသထားသည်။
“ခင်ဗျားတို့အားလုံး စိတ်ပူနေတာ စီနီယာနန်းဆောင်သခင်ရဲ့ အားအင်အဆင့်ပဲမလား။ စီနီယာနန်းဆောင်သခင်က တကယ့်ကို ကြောက်ဖို့ကောင်းတယ်ဆိုတာ ကျုပ် ဝန်ခံတယ်။ သူက ခန့်မှန်းလို့ မရတဲ့ အားအင်အဆင့်ဖြစ်ပြီး စွမ်းအားမြင့် လောကတစ်ခုခုကနေ ဆင်းသက်လာတဲ့ လူတစ်ယောက်လည်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီး သေမျိုးလောကထဲက ကိစ္စရပ်တွေကို ဆော့ကစားနေတာ ....”
ဤစကားကို ပြောသည့်အချိန်မှာတော့ မည်သူမှသည် ထိုအချက်အလက်နှင့် ပတ်သက်၍ ငြင်းပယ်ခြင်း မရှိကြချေ။ လောကတွင် ရှိနေသည့် သတ္တဝါ အားလုံးနီးပါးတို့သည် ထိုအမြင်ကို ယုံကြည်ပြီးသားဖြစ်၏။
“ဒါပေမဲ့ ခင်ဗျားတို့ တစ်စုံတစ်ခုကို စဉ်းစားဖူးလား”
ပဉ္စမ အကြီးအကဲသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင် စတင် တည်ထောင်တည်းကနေပြီး ဒီနေ့အထိ နန်းဆောင်သခင်က အပြင်ဘက်ကို ခြေချဖူးလား။ ဘာလို့ ခြေမချတာလဲ”
“ဟမ်”
ထိုစကားစုကို ပြောသည့်အချိန်မှာတော့ ချင်ကလန်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် နဝေတိမ်တောင် ဖြစ်သွားမိကြသည်။
“စီနီယာနန်းဆောင်သခင်က သံသယရှိစရာ မလိုဘူး၊ ခန့်မှန်း၍ မရနိုင်တဲ့ကျင့်ကြံသူ တစ်ယောက်လေ၊ ဒါပေမဲ့ မြေအင်မော်တယ်လောကလို လောကတစ်ခုရဲ့ ကျင့်ကြံသူတွေအတွက် သူက အပြင်ဘက်ကို ထွက်လာဖို့ ဆိုတာ တန်လို့လား။” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။
“ဟုတ်ပါပြီ”
ပဉ္စမအကြီးအကဲသည် ပြုံးလျက်ရှိနေတုန်းပင်။ သူက ရှင်းပြလိုက်သည်။ “ဒါပေမဲ့ သူ့အနေနဲ့ အပြင်ဘက်ကို ထွက်မလာဘူးဆိုတာက အရမ်းကို ခန့်မှန်းလို့မရတဲ့ ရန်သူတစ်ယောက်ယောက်ကို ရှောင်ချင်တာ ဖြစ်မယ်လို့ ခင်ဗျားတို့ တစ်ခါမှ မစဉ်းစားဖူးဘူးမလား၊ လက်ရှိလောကက မဟုတ်ဘဲနဲ့ အရမ်းကို အားကောင်းတဲ့ လောကတစ်ခုခုကလည်း ဖြစ်နိုင်တယ်”
“စီနီယာနန်းဆောင်သခင်က ခန့်မှန်းလို့မရတဲ့ ကျင့်ကြံသူဖြစ်တယ် ဆိုပေမဲ့ ဒီထက်ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ လောကအသီးသီးမှာတော့ သူက ဘာဖြစ်နိုင်လဲ။ သူက ပြိုင်ဘက်ကင်းတော့ မဟုတ်နိုင်ဘူး”
“ခင်ဗျားက ကျားကိုမောင်းပြီး ဝံပုလွေကို စားချင်တာလား” ချင်ကလန်၏ ခေါင်းဆောင်က ပြောဆိုလိုက်၏။ သူ၏အသံသည် ထူးမခြားနားသလိုပင် အေးစက်လျက် ရှိနေတုန်းပင်။ သူ၏ စကားစုထဲတွင်တော့ အားလုံးက သတိပြုမိလောက်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများက ပြည့်နှက်နေ၏။
သူ၏အမြင်အရဆိုလျှင် ပဉ္မမအကြီးအကဲ၏ အကြံအစည်သည် တကယ်ကို အန္တရာယ်များလွန်းလှ၏။ ချောက်ကမ်းပါးဆီသို့ လှမ်းလျှောက်သွားသည်နှင့် ဆင်တူလှ၏။ တစ်ချက်ကလေး ခြေလှမ်းမှားသည်နှင့် တပြိုင်နက် ချင်ကလန်တစ်ခုလုံးသည် ဆိုးဝါးသည့် အန္တရာယ်အတွင်းသို့ သက်ရောက်သွားမှာ သေချာသည်။
သူတို့အနေနှင့် ပဉ္မမ အကြီးအကဲနှင့်အတူ ရူးကြောင်ကြောင် စွန့်စားခန်းဝင်ရန် စိတ်မဝင်စားလှချေ။ ထို့ပြင် ချင်ကလန်သည် လက်ရှိအခြေအနေမှာ ဖွံ့ဖြိုးပြီးသားကလန်တစ်ခုဖြစ်ပြီး လောကကြီးတစ်ခုတွင် သင့်တင့်စွာ နေထိုင်နိုင်သည့် အခြေအနေလည်း ပိုင်ဆိုင်ထား၏။
ပဉ္မမအကြီးအကဲနှင့်အတူ စွန့်စားမှုကို ပြုလုပ်ခြင်းဆိုသည်မှာ ၎င်းတို့၏ တည်ငြိမ်သည့်အခြေအနေကို ဆိုးဝါးစုတ်ပြတ်သွားအောင် ပြုလုပ်ခြင်းနှင့် ဆင်တူပေလိမ့်မည်။
“အတိအကျပဲ”
ပဉ္မမ အကြီးအကဲသည် ခေါင်းညိတ်ကာဖြင့် အားတက်သရော ပြောလိုက်သည်။ “ချင်ကလန်ကြီး အတွက် ကျုပ်လည်း စဉ်းစားနေတာပဲ။ မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အကြောင်းလည်း ပါတာပေါ့။ ကျုပ်က အနာဂတ်မှာ အခြားသူတွေရဲ့ စစ်တုရင်အရုပ်ဖြစ်လာနိုင်တဲ့ ဖြစ်လာဖွယ်ရာတွေကို ကြိုပြီးတော့ ကာကွယ်ချင်နေတာပဲ”