← Chapters

အခန်း (၄၈၉)

Vol. 33 Ch. 489

အခန်း (၄၈၉)

Vol. 33 Ch. 489

“မောက်မာလိုက်တာ။ မင်းလို ကလန်ခေါင်းဆောင်လေး တစ်ယောက်က ငါ့ကို လေးစားမှုအကြောင်း လာပြီး ပြောနေတာ။ မင်းက ငါနဲ့ ယှဉ်နိုင်မယ် ထင်နေလို့လား” ပဉ္စမမြောက် အကြီးအကဲက နှာခေါင်းရှုံ့လိုက်၏။ သူသည် ဟောခန်းတစ်ခုလုံးကို ဝေ့ကာကြည့်ရှုလိုက်၏။

လက်ရှိအချိန်တွင် လူတစ်ဝက်နီးပါးတို့သည် သူ့ကို အမြင်မကြည်လှချေ။ တော်တော်များများသည် သူ ထွက်သွားမည့် လမ်းကြောင်းကို တားဆီးပိတ်ပင်ထားခဲ့ကြသည်။ သူသည်သာ လှုပ်ရှားတိုက်ခိုက်မည် ဆိုပါက အားလုံးသောသူတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရမှာ သေချာသည်။

“ခင်ဗျား စမ်းကြည့်လိုက်လေ” ချင်ကလန်၏ ခေါင်းဆောင်က ပြန်လည်ကာ ပြောဆိုလိုက်၏။

နောက်ခဏအတွင်းမှာပဲ သူသည် သိသာထင်ရှားလှသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ထားခြင်း မရှိသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် မိုးခြိမ်းသံကဲ့သို့ အသံကြီးသည် ကောင်းကင်ယံဆီမှ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အော်ရာများသည် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ရွှေရောင်သမုဒ္ဒရာကြီး ကြားထဲတွင် မတ်မတ်ရပ်လျက် ရှိနေသကဲ့သို့ပင်။

ခေါင်းဆောင်သည် လက်ညှိုးကို အသာညွှန်လိုက်၏။ ကောင်းကင်ယံတစ်ခုလုံးတွင် ရှိနေသည့် လေနှင့်တိမ်များသည် စတင်ကာ ပုံသဏ္ဍာန် ပြောင်းလဲလာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လျှပ်စီးများသည် တလက်လက်နှင့် ဖြစ်တည်လာခဲ့ပြီး မိုးကြိုးကဲ့သို့သော အသံကြီးသည် အားလုံးသော သူတို့၏ နားထဲတွင် ထင်ပေါ် လာခဲ့သည်။

တိုက်ခိုက်ချက်သည် တကယ်ပင် မြန်ဆန်လွန်းလှချေ၏။ ချက်ချင်းဆိုသလိုပဲ ပဉ္စမအကြီးအကဲ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုလက်ချောင်းထိပ်နှင့် ထိတွေ့ပြီးသည့် အချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် တစစီ ပျက်စီးကုန်၏။

“ဒါပဲလား”

ပဉ္စမအကြီးအကဲသည် ရှောင်ပင် မရှောင်ခဲ့ချေ။ သူသည် လက်စည်းသင်္ကေတ တစ်ခုကို ဖန်တီးပြီးနောက် သူ၏ ရှေ့တည့်တည့်တွင် များပြားလှသည့် မှော်သင်္ကေတများ တစ်ထပ်ပြီး တစ်ထပ် ဖြစ်တည်လာခဲ့၏။ ထိုအရာသည် သူ့အား ကောင်းကောင်း လွှမ်းခြုံကာ ကာကွယ်ပေးထားခဲ့သည်။

သူတို့ စတင်ကာ လှုပ်ရှားတိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် နှစ်ယောက်လုံးသည် အနောက်ကို ပြန်လည်ကာ မဆုတ်တော့ချေ။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တိုက်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်နေကြ၏။ ထို့အတူ ဤအရာသည် ချင်ကလန်၏ ဌာနေအတွင်းမှာဖြစ်၏။ နှစ်ယောက်လုံးသည် အားကုန်ထုတ်ကာ တိုက်ခိုက်၍ မရနိုင်ခဲ့ချေ။ သူတို့သည်သာ တကယ်တမ်း အားကုန်ထုတ်၍ တိုက်ခိုက်သည် ဆိုပါက ချင်ကလန် တစ်ခုလုံးသည် ဆိုးရွားစွာဖြင့် ပျက်စီးသွားပေလိမ့်မည်။

၎င်းတို့နှစ်ယောက်သည် ထပ်မံ ရင်ဆိုင်တိုက်ခိုက်ရန် ပြင်လိုက်သည့် အချိန်မှာပဲ လေဟာနယ် တစ်ခုလုံးသည် ရုတ်တရက် အေးခဲသွား၏။ ပြီးနောက် လေထုတစ်ခုလုံးသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။ လူပေါင်းများစွာတို့၏ ကြောက်ရွံ့သည့် အကြည့်များအောက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာတစ်ခုသည် ထီးထီးကြီး ဖြစ်တည်လာခဲ့၏။ အလွန် စွမ်းအားမြင့်လှသည့် ကျင့်ကြံသူ တစ်ယောက်သည် သက်ဝင်နိုးထလာသကဲ့သို့ပင်။

ဘုတ် ဘုတ်

ချင်ကလန်၏ အတွင်းမှာတော့ လူပေါင်းများစွာတို့သည် ဒူးထောက်ကာ ထိုင်ချလိုက်ကြ၏။ ၎င်းတို့၏ မျက်နှာများပင် ပျက်ယွင်းလျက် ရှိနေကြ၏။ ၎င်းတို့သည် ဘာဖြစ်သည်ကို ကောင်းကောင်း မသိရှိသည် ဆိုသော်လည်း ကြီးမားလှသည့် ကပ်ဘေးကြီးကို ရှောင်လွှဲ၍ မရနိုင်ဟူသော ကြောက်လန့်စရာ စိတ်ခံစားချက်များသည် နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့‌သည်။

ဘုန်း ဘုန်း ဘုန်း

ချင်ကလန် တည်ရှိရာ လေဟာနယ်ကြီးတစ်ခုလုံးသည် စတင်ကာ တုန်ခါလာခဲ့၏။ ရောင်စဉ် အလင်းတန်းများသည် တစ်ခုပြီးတစ်ခု တည်နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့၏။ ကောင်းကင်နှင့်မြေပြင် ၏ နိယာမ တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်ဖိအားဒဏ်သည် ချင်ကလန်၏ တောင်ကာကွယ်ခြင်း အစီအရင်ကိုပင် အသက်ဝင်လာ စေခဲ့၏။

“ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလား” အကြီးအကဲ တစ်ယောက်သည် တုန်လှုပ်စွာဖြင့် ထကာ အော်ဟစ်လိုက်သည်။

မည်သို့ ဖြစ်နိုင်မည်နည်း။ ဘိုးဘေးကြီးသည် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အဘယ်ကြောင့် နိုးထလာရသနည်း။

တတိယ အကြီးအကဲသည် တီးတိုးရေရွတ်လျက် ရှိနေလေ၏။ သူသည် တောင်အနောက်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ဟောခန်းထဲတွင် ရှိနေသည့် ပဉ္စမအကြီးအကဲကို ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်သွား၏။ “မကောင်းတော့ဘူး”

ပဉ္စမအကြီးအကဲသည် ရူးသွပ်သွားသူ တစ်ယောက်၏ ဟန်ပန် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ ၎င်းက အော်ဟစ် လိုက်သည်။ “ဘိုးဘေးကြီးက ထွက်လာပြီဆိုတော့ ခင်ဗျားတို့ ဆက်ပြီး တိုက်ခိုက်ချင်သေးလား။ ဘိုးဘေးကြီးသာ ဘိုးဘေးချင်ကန် သေဆုံးမှုကို သိရှိသွားပြီဆိုရင် လက်စားချေရုံတင် မကဘူး သူ့ကို လိမ်ညာဖုံးဖိထားဖို့ ကြိုးစားခဲ့တဲ့ လူအားလုံးကိုလည်း အသက်ရှင်သန်ခွင့် ပေးမယ် မထင်ဘူး”

ထိုစကားစု ထွက်ပေါ်လာပြီးသည့်နောက် ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ နှလုံးသားထဲတွင် အရိပ်မဲကြီးများ ဖြစ်ပေါ်လာခဲ့၏။ ဘိုးဘေးကြီးသည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်၏။ သက်ရှိသတ္တဝါများ အားလုံး၏ အသက်ကို စိတ်ဝင်စားလှသူ မဟုတ်ပေ။ ရှေးယခင်ကတည်းက အသက်ရှင် နေထိုင်လာခဲ့သူတစ်ယောက်ဖြစ်ပြီး ၎င်း၏ အခွင့်အာဏာကို မည်သူကမှ စိန်မခေါ်ရဲခဲ့ကြချေ။ ယခု သူ၏ အငယ်ဆုံးသားသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ အဘယ်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

ဘိုးဘေးကြီးသည်သာ တံခါးပိတ် ကျင့်ကြံရာမှ စောစောစီးစီး မထွက်လာသည်ဆိုပါက စီမံခန့်ခွဲ၍ ရသေး၏။ ထို့အပြင် စီနီယာနန်းဆောင်သခင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ကို ကောင်းကောင်း သိရှိပေလိမ့်မည်။ သို့ပေမဲ့ ယခုမှ တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာပြီး စီနီယာနန်းဆောင်သခင်ဆိုသော စကားစုကို တစ်ခါမှ မကြားဖူးသော ဘိုးဘေးသည် ၎င်း၏ ဒေါသများကို ကျိန်းသေပေါက် ပုံချတော့မှာ သေချာ၏။

စီနီယာနန်းဆောင်သခင်ဆီသို့ သွားရောက်ပြီးသည့်နောက် တရားမျှတမှုကို သွားရောက် တောင်းဆို ပေလိမ့်မည်။ အဆိုးဆုံး အခြေအနေနှင့် ချင်ကလန် တစ်ခုလုံးသည်လည်း ထိုအခြေအနေ၌ ပါဝင် ပတ်သက်တော့မည် မဟုတ်ပါလား။

“ပဉ္စမ အကြီးအကဲ .... ခင်ဗျားရဲ့ အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အခုအချိန်မှာ နောက်ပြန်လှည့်ဖို့ အချိန် ရှိသေးတယ်။ ခင်ဗျားသာ ဘိုးဘေးကြီးကို သွေးဆောင် ဖျားယောင်းပြီးတော့ ချင်ကလန် တစ်ခုလုံး ဒုက္ခရောက်အောင် လုပ်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ ပြစ်မှုကို ဘယ်တော့မှ ခွင့်လွှတ်ပေးလို့ ရမှာ မဟုတ်ဘူး” ချင်ကလန်၏ ခေါင်းဆောင်သည် တင်းမာခက်ထန်သည့် အသံဖြင့် ပြောလိုက်၏။

ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့သည့် အရေးအကြောင်း အခြေအနေမျိုးတွင် သူတို့ အနေနှင့် လှုပ်ရှားတိုက်ခိုက်၍ မဖြစ်နိုင်ချေ။ တိုက်ခိုက်ခဲ့သည်ဆိုလျှင်တောင်မှ ချင်ကလန်ခေါင်းဆောင် အနေဖြင့် ပဉ္စမအကြီးအကဲကို လွယ်လွယ်ကူကူဖြင့် အနိုင်ယူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ပဉ္စမအကြီးအကဲ အနေနှင့် လက်ရှိအချိန်တွင် အခြေအနေ တစ်ခုလုံးကို ပြန်လည် စဉ်းစားရန်သာ မျှော်လင့်ချက် ရှိသည်။

ဘိုးဘေးကြီးနှင့် ရင်ဆိုင်သည့် နေရာတွင် အားလုံးသော သူတို့သည် အကျိုးသင့်၊ အကြောင်းသင့်ကို သေသေချာချာ စဉ်းစားမှ ဖြစ်ပေလိမ့်မည်။ စီနီယာနန်းဆောင်သခင်၏ ကြောက်မက်ဖွယ်ရာ ကောင်းမှုကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောပြထားမှဖြစ်မည်။ ထိုမှသာလျှင် ဘိုးဘေးကြီးသည် အကျိုးကျေးဇူးနှင့် ဆိုးကျိုးကို ကောင်းကောင်း ချိန်ဆနိုင်မှာ ဖြစ်၏။

“ဟုတ်လား”

ပဉ္စမအကြီးအကဲက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “ဘိုးဘေးကြီး ဘာတွေ တွေးနေလဲဆိုတာ ခင်ဗျားတို့ သိလား”

“ခင်ဗျား” ချင်ကလန်၏ ခေါင်းဆောင် မျက်နှာသွင်ပြင်သည် ပြောင်းလဲသွားခဲ့၏။ သူသည် ပဉ္စမ အကြီးအကဲကို သေဆုံးသည်အထိ ထကာ ရိုက်နှက်ချင်စိတ်များ ပေါက်လျက်ရှိ၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ချင်ကလန်၏ အတွင်းသူလျှိုကဲ့သို့ပင် ဒုက္ခပေးသည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။

“ချင်ကလန်က မနှေးနဲ့မမြန် ဆိုသလို ခင်ဗျားကြောင့် ဖျက်ဆီးခံရလိမ့်မယ်” ချင်ကလန်၏ ခေါင်းဆောင်သည် အေးစက်စက်နှင့် ထပ်မံကာ ပြောလိုက်၏။ ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ သူသည် ဟောခန်း၏ အပြင်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။

မနီးမဝေးတွင်ရှိ တောင်ထွတ်တစ်ခု၌ ဆန်းကြယ်လှသည့် လူတစ်ယောက်၏ အော်ရာများ ထွက်ပေါ်နေသည်။ ၎င်းသည် မီးများထဲမှ ပြန်လည်ကာ မွေးဖွားလာခဲ့သည် ဖီးနစ်တစ်ကောင် ကဲ့သို့ပင် ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်များကို ထုတ်ဖော်နေ၏။

များပြားလှသည့် နတ်ဘုရားများ၏ အလင်းတန်းများသည် ထိုသူ့ဆီသို့ ဆင်းသက်လျက် ရှိနေပြီး ထိုသူသည် ထူးခြားလှသည့် နတ်ဘုရားဘုရင် တစ်ပါးကဲ့သို့ အားလုံးသောသူတို့၏ ဦးညွတ်ကိုးကွယ်မှုကို ရယူနိုင်စွမ်း ရှိသည့် လူတစ်ယောက်ပင်။ ချင်ကလန်၏ ဘိုးဘေးသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ပြိုင်ဘက်လည်း ကင်းလုနီးပါးပင်။

အခုအချိန်မှာတော့ သူတို့သည် ငိုရမလား၊ ရယ်ရမလားပင် မသိရှိချေ။ အတိတ်တုန်းက ဘိုးဘေးကြီးသာ ထွက်ပေါ်လာသည်ဆိုပါက ကျိန်းသေပေါက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် လက်ခုပ်တီးကာ ချီးမွမ်းမှုကို ပြုလုပ်ကြမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ခြားနားသွားခဲ့၏။

ချင်ကန်သည် သေဆုံးသွားခဲ့ပြီးဖြစ်၏။ ဘိုးဘေးကြီး ဘာလုပ်မည် ဆိုသည်ကို မည်သူကမှ မသိရှိခဲ့ချေ။ အားအင်အဆင့်ကို အလွန်အမင်း ယုံကြည်ပြီး စီနီယာနန်းဆောင်သခင်နှင့် တိုက်ခိုက်ချင်စိတ် ရှိသည်ဆိုပါက အရာအားလုံး ဆုံးရှုံးပေတော့မည်။

ဘုန်း

အရှေ့တွင်တော့ အလင်းတန်းများနှင့် လူသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သွေးစွမ်းအင်များသည် အရှိန်တငြီးငြီးဖြင့် ထွက်ပေါ်လာ၏။ ၎င်းသည် မျက်လုံးကို အသာဖွင့်လိုက်၏။ လောကကြီး တစ်ခုလုံးကို အသစ်ပြန်လည်ကာ ဖန်တီးတော့မည် လူသားတစ်ယောက်ကဲ့သို့ပင်။ အားလုံးသော သူများထက် တမူ ထူးခြားလှသည့် အရှိန်အဝါမျိုးသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိ၏။

ချင်ကလန်၏ ဘိုးဘေးနယ်မြေ တစ်ခုလုံးသည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်လျက် ရှိနေပြီး များပြားလှသည့် အစီအရင်များသည်လည်း ပျက်စီးသွားခဲ့၏။ ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်များကို မည်သို့မှ မခုခံနိုင်သည့်ပုံပင်။ ပြိုင်ဘက်ကင်းလှသည့် တိုက်ခိုက်ခြင်း စိတ်ဆန္ဒသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

ကောင်းကင်တာအိုနှင့် ချိတ်ဆက်ပြီးသည့်နောက် ထိုအရာသည် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့၏။ ဘိုးဘေးကြီးသည် ၎င်းပြန်ရောက်လာပြီ ဖြစ်ကြောင်းကို မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့ကို အသိပေးလိုက်ခြင်းပင် ဖြစ်၏။

လက်ရှိ အခြေအနေမှာတော့ လူပေါင်းများစွာတို့သည် တုန်ယင်သွားခဲ့ကြ၏။ အားလုံးသော သူတို့သည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ ဒူးပင်ထောက်မိကြသည်။

“အင်း... လက်ဖျောက်တစ်ချက်တီးစာလောက် အချိန်အတောအတွင်း ထပ်ပြီးတော့ နိုးထလာခဲ့ပြန်ပြီ။ လောကကြီးက ပြောင်းလဲနေခဲ့ပြီပဲ” တီးတိုးရေရွတ်သံက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်လျက် ရှိသည်။ ထိုသူသည် တီးတိုးပြောဆိုလိုက်သည် ဆိုသော်လည်း ထိုစကားကို ကြားရသည့် လူပေါင်းများစွာတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်လျက် ရှိနေ၏။

All Chapters