အခန်း (၄၉၀)
Vol. 33 Ch. 490
“ချင်ကလန်ရဲ့ မွန်းစတားအိုကြီး နိုးထလာခဲ့ပြီလား”
မြေအင်မော်တယ်လောကထဲမှာတော့ ရေတွက်၍ မရအောင် များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ရုတ်တရက် ရပ်တန့်ကာဖြင့် ချင်ကလန် တည်ရှိရာနေရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ စိတ်ခံစားချက်များ မျိုးစုံရှိလို့နေပြီး တချို့သည့် အံ့အားသင့်ကြ၏။ တချို့သည် ကြောက်လန့်သွားကြ၏။ တချို့မှာတော့ မနာလိုမှုများနှင့် ပြည့်နှက်နေ၏။ သို့ပေမဲ့ တော်တော်များများတို့သည် တကယ်ပဲ စိတ်ဝင်စားလျက်ရှိသည်။
ချင်ကလန်၏ ဘိုးဘေးသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘာလုပ်မည်ကို သူတို့က သိချင်မိ၏။ လူကိုယ်တိုင် သွားရောက်ကာဖြင့် ကောင်းကင်မူလလောကကြီးကို ဒုက္ခပေးမည်လား။ သို့မဟုတ် ဘေးတစ်ဖက်မှ ရပ်တည်ကာဖြင့် ချင်ကလန်၏ တည်နေရာကို ကာကွယ်ပေးမည်လား။ သေသေချာချာ မသိနိုင်ချေ။
ဟုတ်ပေ၏။ တော်တော်များများတို့၏ မျက်လုံးထဲတွင် ချင်ကလန်၏ ဘိုးဘေးသည် ထာဝရ ကျင့်ကြံခဲ့သည့် လူတစ်ယောက်သာလျှင် ဖြစ်၏။ ထို့ကြောင့် ၎င်းသည် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းနိုင်ရန် အတွက် ကြိုးစားချင်စိတ် ရှိနေ၏။
ထို့အပြင် နှစ်ယောက်လုံးသည် မြေအင်မော်တယ်လောကကြီးတွင် အားအကောင်းဆုံးသော ကျင့်ကြံသူအဖြစ် သုံးသပ်၍ ရနေပြီးသားဖြစ်၏။ ၎င်းတို့ ကြားထဲတွင် ကွာခြားချက် တည်ရှိနေသည် ဆိုလျှင်တောင်မှ အရမ်းကြီး သိသာလှသည့် အရာမျိုး မဟုတ်ချေ။ နှစ်ယောက်လုံးသည် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်တွင် ရပ်တည်လျက် ရှိနေပြီး နောက်ဆုံးအဆင့်ကို ချိုးဖြတ်နိုင်ရန်အတွက် ခြေတစ်လှမ်းသာလျှင် လိုအပ်တော့၏။
ချင်ကလန်၏အထက် လေဟာနယ်ထဲတွင်တော့ လူပေါင်းများစွာတို့ မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ မျက်လုံး များသည် တည်နေရာတစ်ခုဆီသို့ လှမ်းကာ ကြည့်ရှုနေကြ၏။ ထူးခြားလှသည့် အစစ်အမှန် အင်မော်တယ် စိတ်ဆန္ဒများသည် တည်နေရာအနှံ့တွင် ပျံ့နှံလျက် ရှိနေပြီး မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို တုန်ခါစေခဲ့၏။
ချင်ကလန်၏ အတွင်းဘက်တွင် ရေတွက်လို့ မရအောင် များပြားလှသည့် ချင်ကလန်၏ အဖွဲ့ဝင်များသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့ကြ၏။ ၎င်းတို့သည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်သည်။
“နောက်မျိုးဆက်သစ်တွေက ဘိုးဘေးကို ဂါရဝပြုပါတယ်။”
“နောက်မျိုးဆက်သစ်တွေက ဘိုးဘေးကို ဂါရဝ ပြုပါတယ်”
လက်ရှိအချိန်မှာတော့ ချင်ကလန်ကို ဗဟိုပြုပြီးသည့်နောက် ကြီးမားလှသည့် မုန်တိုင်းကြီးတစ်ခုက ဖြစ်တည်လာခဲ့၏။ များပြားလှသည့် ချင်ကလန်၏ အဖွဲ့ဝင်များသည် ဘိုးဘေးဆိုသည့် စကားလုံးကို တတွတ်တွတ်နှင့် ရွတ်ဆိုလျက် ရှိနေကြ၏။
ကောင်းကင်နှင့် မြေပြင်၏ အရပ်လေးမျက်နှာ တစ်ခုလုံး တုန်ယင်လျက် ရှိနေပြီး နတ်ဘုရားတေးသံများ သည် တည်နေရာအနှံသို့ လွှင့်ပျံ့နေ၏။ ချင်ကလန်မှ အဖွဲ့ဝင် တော်တော်များများတို့သည် ဘာဖြစ်သည် မသိချေ။ ၎င်းတို့၏ သွေးများ ဆူဝေလာသလို ခံစားနေမိကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ဘိုးဘေးကြီး ပြန်လည်ကာ ထွက်ပေါ်လာခြင်း ဆိုသည်မှာ လောကကြီးကို ပြန်လည်ကာ လွှမ်းမိုးနိုင်ရန်အတွက် ချင်ကလန်၏ အခန်းကဏ္ဍသည် အရေးပါလာသလိုပင်။
ကျောက်စိမ်းလေဟာနယ်နန်းတော် ပင်လျှင် ဘေးတစ်ဖက်ဆီသို့ လှမ်းရှောင်ပေးရပေလိမ့်မည်။ ထို့အပြင် ချင်ကလန်၏ ဘိုးဘေးကြီးသည် လောကကြီးကို အုပ်စိုးခဲ့သည့်အချိန်က ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးကြီးသည် တစ်နေရာတွင် ရွံများဖြင့် သွားကာ ဆော့ကစားနေသည့် ကလေးအရွယ်ပင် ရှိနေသေးသည် မဟုတ်ပါလား။ ၎င်းတို့သည် တူညီသည့် အဆင့်အတန်းတွင် ရှိကြသည် မဟုတ်ချေ။
“နှစ်ပေါင်းများစွာ ကျော်လွန်ပြီးသည့်နောက်မှာ မြေအင်မော်တယ်လောကက တခြားလောကနဲ့ ပေါင်းစပ်ခဲ့တယ်” ထိုသူသည် တီးတိုးရေရွတ်လိုက်၏။ သူသည် လေဟာနယ် တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာပြီးသည့်နောက် မြေအင်မော်တယ်လောကသည် ခြားနားလျက် ရှိနေကြောင်းကို သူက အာရုံခံမိ၏။ အစစ်အမှန် အင်မော်တယ်များ တည်ရှိနိုင်စွမ်း ရှိနေသည့် လောက၏ အကန့်အသတ် နိယာမများသည် ပျက်စီးသွားခဲ့ပြီး သက်ရှိသတ္တဝါများ နှစ်သန်းနှင့်ချီကာ နေထိုင်နိုင်စွမ်း ရှိသည့် လောက၏ နိယာမများ အဖြစ်သို့ ပြောင်းလဲလျက် ရှိနေသည်ကို သူက မြင်လိုက်ရ၏။ သူတောင် သတိပြုမိသည် ဖြစ်သောကြောင့် သူ့ကဲ့သို့ ကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်တွင် ပိတ်မိလျက် ရှိနေသည့် လူပေါင်းများစွာတို့သည် သတိမပြုမိဘဲ နေမည် မဟုတ်ချေ။
“ဘိုးဘေးကြီး” ချင်ကလန်၏ ခေါင်းဆောင်သည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် လေးလေးစားစားဖြင့် ပြောလိုက်၏။
သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။ ပဉ္စမ အကြီးအကဲသည် ရှေ့ဆီသို့ လှမ်းတက်လာပြီး ချင်ကလန်၏ ခေါင်းဆောင်ဘေးသို့ ရောက်လာ၏။ ၎င်းက လှမ်းကာ ပြောလိုက်သည်။ “အကြီးအကဲ ချင်ဟုန်၊ ချင်ကလန်ရဲ့ မျိုးဆက်က အရေးတကြီးကိစ္စ ဘိုးဘေးကြီးကို ပြောစရာ ရှိပါတယ်”
“ဪ”
ချင်ကလန်၏ ဘိုးဘေးကြီး အမူအရာသည် ထူးမခြားနားသကဲ့သို့ပင်။ ၎င်း၏ အသံသည် မည်သည့် ခံစားချက်မှ မရှိသလိုပင်။ “ဘာလဲ”
“ဘိုးဘေးကို မလိမ်ညာရဲပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဘိုးဘေးချင်ကန်က ကောင်းကင်မူလ လောကထဲကို သွားခဲ့တယ်။ ပြီးတော့ အဲမှာ သေဆုံးခဲ့တယ်” ပဉ္စမ အကြီးအကဲသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ အားလုံးသော သူများ၏ ဒေါသတကြီးဖြင့် ကြည့်ရှုနေသည့် အကြည့်များကို သူက ရင်ဆိုင်နေရ၏။
“အင်း... အချိန်တွေ ကျော်လွန်ပြီးတဲ့နောက်မှာ ကန်အာတောင်မှ သေဆုံးသွားခဲ့ပြီလား”
ချင်ကလန်၏ ဘိုးဘေး အသံသည် ထူးမခြားနားသလိုကဲ့သို့ပင်။ အရာအားလုံးသည် သူနှင့် မပတ်သက်သကဲ့သို့ တီးတိုးရေရွတ်နေသည်။ “ကန်အာက တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်ကို ပိုင်ဆိုင်ပြီးတော့ နှစ်သန်းပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့တာလေ။ ကောင်းကင်ကို ပုန်ကန်ပြီးတော့ ဒီလောက်အချိန်အတိုင်းအတာအထိ နေထိုင်နိုင်ခဲ့တာကတင် ကံကောင်းခဲ့ပြီ။ အခု တခြားလောကမှာ သေဆုံးခဲ့ပြီ ဆိုတော့ ဒါ ကံကြမ္မာတရားပဲ။ ကံဆိုးတာက ငါ ကန်အာကို နောက်ဆုံးအချိန်မှာ မမြင်ခဲ့ရဘူး”
ထိုစကားစုကို ကြားသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ကြည့်ရသည်မှာ အခြေအနေသည် ထင်မှတ်ထားသကဲ့သို့ ဆိုးရွားလှသည့်ပုံ မရှိပေ။ ဘိုးဘေးကြီးသည် ချင်ကန် သေဆုံးခြင်းအတွက် လက်စားချေရန် ဆန္ဒရှိသည့်ပုံ မပေါ်ချေ။ ရိုးရှင်းလွန်း လှချေ၏။
တခြားတစ်ဖက်မှာတော့ ပဉ္စမအကြီးအကဲသည် ဆွံ့အသွားခဲ့၏။ သူသည် လက်ရှိ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ ဘာတွေဖြစ်နေသနည်း။ ဘိုးဘေးကြီးသည် ဒေါသတရားကို ပြသရမည် မဟုတ်ပါလား။
“ကန်အာက ဘယ်သူ့ကြောင့် သေဆုံးသွားခဲ့တာလဲ။ သူရဲ့ဝိညာဉ်၊ သူ့ရဲ့ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို ပြန်ယူလာခဲ့သေးလား” ချင်ကလန်၏ ဘိုးဘေးသည် ထူးမခြားနားသလိုပင် မေးမြန်းလိုက်၏။ သူသည် ပဉ္စမ အကြီးအကဲ၏ မျက်နှာပေါ်တွင် ရှိနေသည့် အံ့အားသင့်သည် အရိပ်အယောင်များကို လှမ်းမြင်လိုက်သည်။
ပဉ္စမအကြီးအကဲသည် စိတ်ညစ်နေရာမှာ ပျော်ရွှင်သွား၏။ ကြည့်ရသည်မှာ သူထင်ထားခဲ့သလို မဟုတ်ပေ။ ဘိုးဘေးကြီးသည် ချင်ကန်၏ သေဆုံးခြင်းကို ဂရုမစိုက်ခြင်း ဟုတ်ပုံ မပေါ်ပေ။
“ဘိုးဘေးကြီးကို ဖုံးကွယ်မထားတော့ပါဘူး။ ဘိုးဘေးချင်ကန်က ကောင်းကင်မူလလောကကြီးရဲ့ အသစ် ဖြစ်တည်လာခဲ့တဲ့ အင်ပါယာနှစ်ယောက်တို့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေခဲ့ရတာ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ပျက်စီးသွားခဲ့ပြီး သူ့ရဲ့ နတ်ဘုရားဝိညာဉ်တောင်မှ မလွတ်မြောက်နိုင်ခဲ့ဘူး”
“အသစ်ဖြစ်တည်လာတဲ့ အင်ပါယာတွေ ဟုတ်လား”
ထိုအသံသည် အေးစက်လျက် ရှိနေပြီး ထိုအထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေလေ၏။ သူက တီးတိုးရေရွတ်လိုက်၏။ “ကန်အာရဲ့ အားအင်အဆင့်က ဒီလောက်တောင် ဆိုးယုတ်သွားခဲ့ပြီလား။ အသစ် ဖြစ်တည်လာတဲ့ အင်ပါယာ နှစ်ယောက်ကတောင် သူ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်ခဲ့တာလား”
“ဘိုးဘေးကြီး... ဘိုးဘေးချင်ကန် သေဆုံးခဲ့တာ အသစ် ဖြစ်တည်လာတဲ့ အင်ပါယာနှစ်ယောက်ကြောင့် မဟုတ်ဘူး။ နောက်ကွယ်က ဖန်တီးပြုလုပ်နေတဲ့ စီနီယာနန်းဆောင်သခင်ကြောင့်ပါပဲ” ပဉ္စမ အကြီးအကဲသည် ဝင်ရောက်ကာ ပြောလိုက်သည်။
သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရချေ။ သူသည် တားဆီးခြင်းကို ခံလိုက်ရ၏။
“လုံလောက်ပြီ ပဉ္စမ အကြီးအကဲ... ခင်ဗျား ဘာတွေ ပြောနေတယ်ဆိုတာကို ခင်ဗျား သိရဲ့လား”
ချင်ကလန်၏ ခေါင်းဆောင်သည် တင်းမာခက်ထန်သည့် လေသံဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူ၏ နှလုံးသားထဲတွင် ကြောက်လန့်မှုများသည် အဆိုးဆုံး အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။
စီနီယာနန်းဆောင်သခင်ဆိုသည့် စကားလုံးကို ထပ်တလဲလဲ ပြောဆိုခြင်းသည် ကောင်းမွန်လှသည့်အရာ မဟုတ်ချေ။ အရာအားလုံးကို စီနီယာနန်းဆောင်သခင် နောက်ကွယ်မှ ဖန်တီးပြုလုပ်နေသည်ဟု လက်ညှိုး ထိုး အပြစ်တင်သည့် စကားလုံးများကို ပြောဆိုနေခြင်း ဖြစ်၏။ သူ၏ အလိုလိုသိစိတ်အရဆိုလျှင် စီနီယာ နန်းဆောင်သခင်သည် လက်ရှိ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ အားလုံးကို သိရှိနေပေလိမ့်မည်။ လှုပ်ရှားတိုက်ခိုက်ရန် မဆုံးဖြတ်ခြင်းမှာ သူတို့အား ရန်ဘက်တစ်ယောက်အဖြစ် သတ်မှတ်မထားခြင်း ကြောင့်သာ ဖြစ်ပေလိမ့်မည်။
အန္တိမလမ်းစဉ်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူများအတွက် ၎င်းတို့သည် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင် သေးငယ်လွန်းလှ၏။ တစ်ဖက်လူသာ ဒေါသထွက်သွားသည်ဆိုပါက ကျိန်းသေပေါက် သူတို့ကို ဖိနှိပ် သတ်ဖြတ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
“အင်း.. ဒါတွေအားလုံးက နောက်ကွယ်က ဖန်တီးပြုလုပ်တဲ့ လူတစ်ယောက်ကြောင့်လား” ချင်ကလန်၏ ဘိုးဘေးအကြည့်သည် ပဉ္စမ အကြီးအကဲဆီမှသည် ချင်ကလန်၏ ခေါင်းဆောင်ဆီသို့ ရောက်ရှိသွား၏။
ချက်ချင်းဆိုသလိုပဲ ချင်ကလန်ခေါင်းဆောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် ကြီးမားလှသည့် တောင်ကြီးတစ်ခုလုံးကို ထမ်းပိုးထားရသကဲ့သို့ပင်။ မျက်နှာသွင်ပြင် တစ်ခုလုံးကလည်း ဖြူလျော်သွားခဲ့သည်။ ၎င်း၏ သုံးဆယ့်ခြောက်ပေ ပတ်လည် တည်နေရာ တစ်ခုလုံးရှိ လေဟာနယ်ကြီးသည် ပြိုလဲသွားခဲ့သည်။
လက်ရှိ အခြေအနေမှာတော့ လူပေါင်းများစွာတို့သည် မျက်လုံးအပြူးသားနှင့် ဖြစ်နေကြ၏။ ချင်ကလန်၏ ဘိုးဘေးကြီးသည် တည်နေရာ လမ်းစဉ်ကို ကျွမ်းကျင်လျက် ရှိနေကြောင်းကို သူတို့က ရုတ်တရက် သိရှိလိုက်ရ၏။ ကျွမ်းကျင်မှုကလည်း အလွန်နက်နဲသည့် အဆင့်သို့ ရောက်ရှိနေ၏။
“အင်း... မင်းက သူ့ကို တားဆီးလိုက်တယ်ဆိုမှတော့ မင်းဆက်ပြောတော့”
ချင်ကလန်၏ ဘိုးဘေးသည် ထူးမခြားနားသကဲ့သို့ပင်။ သူ့သား သေဆုံးခြင်းသည် မျှတသည့် တိုက်ပွဲတစ်ခုသာ ဖြစ်သည်ဆိုပါက သူက သည်းခံနိုင်၏။ ထို့အပြင် ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက် ၏ စွမ်းဆောင်ရည် လစ်ဟင်းမှုကြောင့် သေဆုံးသွားခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် နောက်ကွယ်မှ အကွက်ချကာဖြင့် နောက်ကျောကို ဓားနှင့်ထိုးသည့် ကိစ္စရပ်မျိုး ပြုလုပ်ခဲ့သည်ဆိုပါက မတူညီသည့်ကိစ္စ ဖြစ်သွားခဲ့၏။ အဖေတစ်ယောက်အနေနှင့် သူသည် ကျိန်းသေပေါက် ရှင်းပြချက်ကို တောင်းခံရပေမည်။
“ဘိုးဘေးကြီး... ချင်ဟုန် ပေါက်ကရတွေ ပြောတာကို မယုံပါနဲ့။ အခြေအနေက သူပြောသလို မဟုတ်ပါဘူး။ ဘိုးဘေးချင်ကန် သေဆုံးခြင်းက စီနီယာနန်းဆောင်သခင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ရဲ့ ဂုဏ်သိက္ခာက တကယ့်ကို ကြီးမားတယ်။ လောကအသီးသီးကို ဖိနှိပ်နိုင်စွမ်း ရှိနေတဲ့ အန္တိမ ကျင့်ကြံသူ လို့တောင် သတ်မှတ်ကြတယ်”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်တဲ့လူတိုင်းက သတင်းအချက်အလက် များကို ရယူနိုင်တယ်။ အဲဒီ အသစ် ဖြစ်တည်လာတဲ့ အင်ပါယာနှစ်ယောက်တို့ကလည်း သတင်းအချက်အလက်တွေကို သွားပြီး ဝယ်ယူရုံ သက်သက်ပါပဲ။ ဘိုးဘေးချင်ကန် အကြောင်းနဲ့ပတ်သတ်ပြီး သတင်းရောင်းချသူကို အပြစ်တင်လို့ မရဘူး မဟုတ်လား” ချင်ကလန်၏ ခေါင်းဆောင်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ရှင်းပြလိုက်၏။