အခန်း (၄၉၃)
Vol. 33 Ch. 493
ဘုန်း ..... ။
ခြေနင်းသံနှင့်အတူ တိုက်ပွဲအတွင်းတွင် တည်ရှိနေသည့် များပြားလှသည့် သက်ရှိသတ္တဝါများသည် လေဟာနယ်ထဲ၌ ဖိနှိပ်ခြင်းကို ခံလိုက်ရသလိုပင်။ အားလုံးသောသူတို့၏ ခန္ဓာကိုယ်များသည် တုန်ယင် သွားခဲ့ကြ၏။ ဖြစ်တည်လာခဲ့သည့် လှိုင်းများသည် ၎င်းတို့ကို ခပ်ဝေးဝေးဆီသို့ပင် လွင့်စင်သွားစေခဲ့၏။ ခြေသံတစ်ခုသာ ထွက်ပေါ်လာသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများသည် အားလုံးသော သူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။
“မြေအင်မော်တယ်လောကက အစစ်အမှန် အင်မော်တယ်လား” အောင်းရွှမ်၏ မျက်နှာတစ်ခုလုံး၌ နာကျင်သည့် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။
မြေအင်မော်တယ်လောကဆီမှ တော်ဝင်အင်ပါယာတစ်ယောက်ရဲ့ တိုက်ခိုက်ချက်ကိုပင် သူသည် မနည်း ရုန်းကန်ကာဖြင့် ခုခံနေရ၏။ မကြာခင် သေဆုံးတော့မည့် အခြေအနေမျိုးသို့ပင် ရောက်ရှိနေခဲ့၏။ သို့ပေမဲ့ တစ်ဖက်မှ ခြေသံကျယ်ကြီးနှင့်အတူ အားလုံးသောသူတို့ကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က ပေါ်ပေါက်လာခဲ့သည်။
ထို့အပြင် ဤအရာသည် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အော်ရာမျိုး ဖြစ်၏။ ကောင်းကင် မူလလောကကြီးထဲတွင် အစစ်အမှန် အင်မော်တယ်ဟူ၍ မရှိချေ။ ယခု အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာသည်ဖြစ်သောကြောင့် ကောင်းကင်မူလလောကကြီးထဲသို့ အသစ် ဝင်ရောက် လာသူသည် ပိုင်လီ (သို့မဟုတ်) မြေအင်မော်တယ်လောကဆီမှ တစ်စုံတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ပိုင်လီသည် ကောင်းကင်မူလလောကကြီးကို ကူညီရန် ကျိန်းသေပေါက် ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။ ပိုင်လီ မဟုတ်ဘူးဆိုမှတော့ အသစ်ဝင်ရောက် လာသူသည် မည်သူဖြစ်ကြောင်း သိသာထင်ရှားသွားပြီဖြစ်၏။ မြေအင်မော်တယ်လောကသာလျှင် ဖြစ်ပေမည်။
“ကောင်းကင်မူလလောကကြီးကတော့ ပြီးသွားပြီပဲ” တစ်စုံတစ်ယောက်သည် တီးတိုး ရေရွတ်လိုက်မိ၏။
ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် အရှိန်အဟုန် ရပ်တန့်သွားခဲ့၏။ အားလုံးသော သူတို့သည် ဆက်လက်တိုက်ခိုက်ရန် စိတ်ဆန္ဒများပင် ပျောက်ကွယ်သွားခဲ့ကြ၏။ အင်ပါယာတစ်ယောက်သာဆိုပါက သူတို့၌ အားကုန်ထုတ်၍ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ရှိသေး၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတင်းအချက်အလက်များနှင့် ပေါင်းစပ်ပြီးသည့်နောက် ထိုအင်ပါယာ တစ်ယောက်ကို သူတို့သည် ပြန်လည်ကာ တွန်းလှန်တိုက်ခိုက် သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။
သို့သော်လည်း အစစ်အမှန် အင်မော်တယ် တစ်ယောက်နှင့် ရင်ဆိုင်သည့် နေရာမှာတော့ အလုံးစုံသော ဇာတ်ကြောင်းများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေ၏။
သတင်းအချက်အလက်ကို ပိုင်ဆိုင်ရုံလောက်နှင့် တစ်ဖက်လူကို သွားရောက်သတ်ဖြတ်၍ ရနိုင်သည့် အခြေအနေမျိုး မဟုတ်တော့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဝင်ရောက်လှုပ်ရှားပေးမှသာလျှင် ထိုအစစ်အမှန် အင်မော်တယ်ကို တားဆီးထားနိုင်မှာဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် နန်းဆောင်သခင်သည် လိုလိုချင်ချင်နှင့် ပါဝင်ပတ်သက်ပါမည်လားက မသေချာလှချေ။ ထိုအရာကို မည်သူကမှ အာမမခံနိုင်ပေ။
“အင်း နည်းနည်းလေးသာ တောင့်ခံထားနိုင်မယ်ဆိုရင်.....” ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းလျက် ရှိနေသော ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် လူသားပုံစံအဖြစ်သို့ ပြန်လည်ကာပြောင်းလဲလိုက်၏။ ၎င်း၏အဝတ်အစားများ အားလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေပြီး တစ်ကိုယ်လုံးလည်း သွေးများနှင့် ဖုံးလွှမ်းနေသည်။
၎င်းသည် များပြားလှသည့် အလောင်းများ ကြားထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး လုံးဝအညံ့ခံ အလျော့ မပေးသည့် အော်ရာမျိုးကိုတော့ ထုတ်ဖော်လျက် ရှိနေ၏။ အသစ်ဝင်ရောက်လာသည့် အော်ရာများကို ခံစားမိသည့် အချိန်မှာတော့ ရွှေကျီးကန်းကလန်ဘိုးဘေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။
သူသည် ကြောက်လန့်ခြင်းမရှိချေ။ သို့ပေမဲ့ သူ့ကို ကြောက်လန့်အောင် ထိုအော်ရာများက ပြုလုပ်လျက် ရှိနေ၏။ သူသည် အင်ပါယာတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ကံကြမ္မာကို မရှောင်ရှားနိုင်ခဲ့ချေ။ တစ်ဖက်လူသည် တကယ့်ကို အားကောင်းလွန်းလှချေ၏။ ခြေတစ်လှမ်း လှမ်းလိုက်ရုံနှင့်ပင် တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ရှိရှိသမျှသော လူများ အားလုံးသည် အေးခဲလျက်ရှိနေပြီး တစ်ယောက်မှ မလှုပ်ရဲကြချေ။
“ဒေါင်”
မွန်းစတားအင်ပါယာ ခေါင်းလောင်းသည် အသံတစ်ခုကို ထွက်ပေါ်လာခဲ့သည်။ ဝင်ရောက်လာသည့် ရန်သူမှာ ခန့်မှန်း၍မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြောင်း သတိပေးခြင်းပင် ဖြစ်၏။ ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် တစ်ချက်လှမ်းကြည့်လိုက်၏။ သူသည် ထိုအရာကို သတိပြုမိပြီး ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် နောက်ပြန်ဆုတ်ရန် အခွင့်အရေး မရှိတော့ချေ။ အစစ်အမှန် အင်မော်တယ် တစ်ယောက်သည် မည်ကဲ့သို့ နည်းလမ်းမျိုးကို ထုတ်ဖော်အသုံးပြုမည် ဆိုသည်ကို သူ မသိရှိချေ။ တစ်ဖက်သူ၏ အားအင်အဆင့်သည် သူ ကျိန်းသေပေါက် လွတ်မြောက်နိုင်သည့် အရာမျိုး မဟုတ်ကြောင်း သူကသိသည်။
အခြားသောတစ်ဖက် မြေအင်မော်တယ်လောကကြီးအတွင်းမှာတော့ များပြားလှသည့် အင်ပါယာများသည် အသစ် ဝင်ရောက်လာသည့် အော်ရာများကို သိရှိပြီးသည့်နောက် စိတ်သက်သာရသလို သက်ပြင်းချလိုက်၏။ ကောင်းကင်မူလလောကကြီးအား သူတို့သည်ကျိန်းသေပေါက် သိမ်းပိုက်နိုင်ပေတော့မည်။
“ဒီကျင့်ကြံခြင်း နည်းစနစ်က......”
ကောင်းကင်မူလလောကကြီး၏ အင်ပါယာတစ်ယောက်သည် သေသေချာချာ အာရုံခံလိုက်၏။ သူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ “ချင်ကလန်ပဲ”
ချင်ကလန်၏ ကျင့်ကြံခြင်းနည်းစနစ်သည် ၎င်းတို့၏ ဘိုးဘေးအစဉ်အဆက် ဆင်းသက်လာခဲ့သည့် ကျင့်ကြံခြင်း နည်းစနစ် ဖြစ်၏။ လူတစ်ယောက်ချင်းစီတိုင်းသည် တူညီသည့်နည်းစနစ်ကိုသာ ကျင့်ကြံပြီး တူညီသည့် အော်ရာများသာ ထွက်ပေါ်ကြ၏။ ကွာခြားချက်သည် အားအင်အဆင့်သာလျှင်ရှိ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ကြမ်းတမ်းလွန်းလှချေပြီး ခြေသံတစ်ခုတည်းနှင့်တင် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် ထိုသူသည် .........။
“ကျောက်စိမ်းလေဟာနယ်နန်းတော်က အင်မော်တယ်တောင်မှ ဝင်ပြီးလှုပ်ရှားမှု မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ချင်ကလန်က စပြီးတော့ လှုပ်ရှားလာခဲ့ပြီပဲ”
ချင်ကလန်၏ ဘိုးဘေးပေါ်ပေါက်လာခြင်းသည် မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့်လူပေါင်းများစွာ တို့ကို မျက်မှောင်ကုတ်စေခဲ့၏။ အားလုံးသောသူတို့သည် ချင်ကလန်၏ အလိုလောဘမှာ ကြီးမားသည် ဖြစ်ကြောင်းကို သိရှိကြပြီးဖြစ်၏။ ကောင်းကင်မူလလောကကြီးကို ချင်ကလန်သာ တစ်ဝက်လောက် သိမ်းပိုက်လိုက်ပြီ ဆိုပါက သူတို့အတွက် ရစရာ သိပ်မရှိတော့ချေ။ အရိုးအရင်းသာ ကိုက်ရပေတော့မည်။
“ချင်ကလန်က တကယ့်ကို လောဘကြီးတယ်ဆိုပေမဲ့ အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်ပေါက် လာတယ်ဆိုတာက အရှုပ်အထွေးတွေကို မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းနိုင်စွမ်းရှိတဲ့ အခြေအနေပဲ။ ချင်ကလန်ရဲ့ ဘိုးဘေးတောင် ပါဝင်ပတ်သတ်လာပြီဆိုတော့ ကောင်းကင်မူလလောကကြီးကတော့ ကျိန်းသေပေါက် ကပ်ဆိုက်သွားပြီ”
မြေအင်မော်တယ်လောကမှ တချို့သော အင်အားစုများသည် ထိုအရာကို ရှင်းရှင်းလင်းလင်း သိရှိပြီးဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင်အားအင်အဆင့်သည် အားမကောင်းလှချေ။ အကျိုးကျေးဇူးကို ရရှိရန်အတွက်သာ ဤနေရာသို့ လိုက်ပါလာခဲ့ခြင်းဖြစ်၏။ ကျိန်းသေပေါက် ဆက်လက်ကာ တိုက်ခိုက်မည် ဆိုပါက အကျိုးကျေးဇူးများကို မရဘဲ သေဆုံးသွားခြင်း အဖြစ်မျိုးသို့လည်း ကြုံနိုင်၏။
ယခု အစစ်အမှန် အင်မော်တယ်တစ်ယောက် ရောက်ရှိလာခြင်းသည် အခြေအနေတစ်ခုလုံးကို အဆုံးသတ်လိုက်ခြင်း ဟု ပြောဆိုရပေလိမ့်မည်။ သံသယရှိစရာ မလိုပါဘဲ ကောင်းမွန်သည့်အရာဖြစ်ကြောင်း အားလုံးက သိရှိနိုင်၏။
ထိုအရာကို နားလည်ပြီးသည့်နောက် လူတော်တော်များများတို့သည် ဦးညွတ်ကာဖြင့် ခြေသံထွက်ပေါ်လာရာ တည်နေရာဆီသို့ လှမ်းကာ အော်ဟစ်လိုက်သည်။
“စီနီယာကို လေးလေးစားစားနဲ့ ကြိုဆိုပါတယ်”
“စီနီယာကို လေးလေးစားစားနဲ့ ကြိုဆိုပါတယ်”
အသံများသည် ဒီရေလှိုင်းကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် တိမ်များပင်လျှင် လွင့်စင်သွားခဲ့၏။
ဘုန်း
အဝေးတစ်နေရာတွင်တော့ ခြေသံနှင့်အတူ ကျယ်လောင်သော အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ ကျယ်ပြောလှသော လမ်းကြီးတစ်ခုသည် ကောင်းကင်ယံ၏ အစွန်းဘက်ဆီမှ ဖြစ်တည်လာခဲ့ပြီး အစစ်အမှန် နဂါးများ၏ အော်သံများ၊ ဖီးနစ်များ၏ ဟစ်ကြွေးသံများ ထွက်ပေါ်လာခဲ့၏။ ဆန်းကြယ်လွန်းလှသည့် နတ်ဘုရား၏ တေးဂီတအသံများသည်လည်း ကောင်းကင်ယံမှပေါ်ပေါက်လာခဲ့သည်။
အလွန်တောင့်တင်းလှသည့် ခန္ဓာကိုယ်နှင့် လူတစ်ယောက်သည် ထိုလမ်းအတိုင်း ဆင်းလျှောက်လာခဲ့၏။ ၎င်း၏ မျက်လုံးများသည် ထူးမခြားနားသကဲ့သို့ပင်။ အားလုံးသော သူတို့ကို ငုံ့ကာကြည့်ရှုလိုက်၏။ ၎င်းသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်ဆိုသော်လည်း အားလုံးသောသူတို့သည် သူ့ကို ဦးညွတ်ကာဖြင့် ကြိုဆိုနေရ၏။ တစ်ယောက်မှ ခေါင်းမမော့ရဲချေ။
သူချဉ်းကပ်လာသည်နှင့် တပြိုင်နက် ဆန်းကြယ်လှသည့် ဖိအားဒဏ်များ တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး အားလုံးသောသူတို့၏ ပခုံးထက်သို့ ကျဆင်း လာခဲ့ကြ၏။
“အား....”
ကောင်းကင်မူလလောကကြီး၏ အင်ပါယာက အော်ဟစ်လိုက်၏။ သူသည် မနည်းရုန်းကန်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အစစ်အမှန်စွမ်းအင် အားလုံးသည် ချုပ်နှောင်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ သူသည် မလှုပ်ရှားနိုင်ခဲ့ပေ။
ချင်ကလန်၏ ဘိုးဘေးသည်သာ သူ့ကို သတ်ဖြတ်ချင်သည်ဆိုပါက အတွေးတစ်ချက်တည်းနဲ့တင် လုံလောက်နေပြီဖြစ်သည်။
“ဒါက အင်ပါယာနဲ့ အစစ်အမှန် အင်မော်တယ်တွေရဲ့ကြားက ကွာခြားချက်လား”
အင်ပါယာ တော်တော်များများတို့၏ နဖူးစပ်တွင် ချွေးသီးများ ဖြစ်တည်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ တစ်ဖက်လူသည် တိုက်ခိုက်မှုကိုပင်မပြုလုပ်ရသေးချေ။ သို့ပေမဲ့ အားလုံးသော သူတို့ကို ဖိနှိပ်ထားနိုင်ခဲ့၏။ တကယ်တမ်းသာတိုက်ခိုက်သည်ဆိုပါက သူတို့အနေနှင့် ရှိရှိသမျှသော လူပေါင်းများစွာတို့ ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်ပင် တစ်ဖက်လူ၏ အတွေးကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ချေ။
“ကောင်းကင်မူလလောကကြီး”
ချင်ကလန်၏ ဘိုးဘေးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူသည် ကောင်းကင်မူလလောကကြီးဆီသို့ မရောက်ခင်မှာပဲ မတ်မတ်ရပ်လိုက်၏။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်သည့် နတ်ဆိုးတောင်တန်းကြီး တစ်ခုကဲ့သို့ပင်။ ကြီးမားလှသည့် အရှိန်အဝါကို ပေးစွမ်းလျက်ရှိနေ၏။