အခန်း (၁၀၅၇-၁၀၆၀)
Vol. 71 Ch. 1057-1060
အခန်း ၁၀၅၇ ဖူလူရှိုးကျောက်စိမ်းလက်ကောက်
“ကောင်းလိုက်တာ၊ တကယ်တော့ ခိုကျီကိုနှစ်သက်တဲ့လူတွေအများကြီးရှိတယ်ဆိုပေမယ့် မစ္စကျန်းကတော့ သဘောမကျဘူးလေ။ သူ့ရဲ့အသားအရေက ပုံမှန်အသားအရေမဟုတ်ဘူးထင်တယ်။” ကုနင်း ယွီယင်းနှင့်စကားပြောရင်း တစ်ဖက်က ကျန်းရှူးယွမ်ကို ခနဲ့လိုက်သေးသည်။
ထိုစကားကြောင့် ကျန်းရှူးယွမ် အလွန်ဒေါသထွက်သွားခဲ့သော်လည်း သူမဘာဆိုဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ကုနင်းက သူမနှင့်ဖြတ်ကာ ယွီယင်းနှင့်စကားဆက်ပြန်သည်။ “ဒါဆို အန်တီယင်း JadeBeautyလက်ဝတ်ရတနာတွေကိုကော ကြိုက်လား?”
“ကြိုက်တာပေါ့၊ JadeBeautyဆိုတာ အခုချိန် နာမည်အကြီးဆုံးဘရန်းပဲဟာကို!” ယွီယင်း ပြုံးကာပြန်ဖြေလိုက်သည်။
မြို့တော်ရှိ အဆင့်အတန်းမြင့်အမျိုးသမီးများစွာသည်လဲ JadeBeautyလက်ဝတ်ရတနာဆိုင်၏ ပရိသတ်များဖြစ်နေကြပြီဖြစ်ကာ ထိုဆိုင်မှ အဆင့်မြင့်ကျောက်စိမ်းလက်ဝတ်ရတနာတစ်ခု ပိုင်ဆိုင်ရတာကိုပင် ဂုဏ်ယူစရာလိုဖြစ်နေသည်။
JadeBeautyနှင့်ယှဉ်လိုက်လျှင် တခြားသော လက်ဝတ်ရတနာဘရန်းများ၏ကျော်ကြားမှုသည် မှေးမှိန်လို့သွားရသည်။ ဒီလိုနဲ့ပဲ JadBeautyလက်ဝတ်ရတနာဆို၏ကျော်ကြားမှုက ပိုပိုပြီး တိုးမြင့်လာခြင်းဖြစ်သည်။
“တော်သေးတာပေါ့၊ ကျွန်မ အန်တီယင်းအတွက် လက်ဆောင်လေးပြင်ထားမိတာ။” ကုနင်းပြောပြီးသည်နှင့် သူမလွယ်အိတ်ထဲမှပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
တကယ်တော့ အခုချက်ချင်းကြီး ယွီယင်းကို လက်ဆောင်ပစ္စည်းပေးဖို့ ကုနင်းမရည်ရွယ်ထားခဲ့သော်လည်း ကျန်းရှူးယွမ်ကိုရန်စချင်တာကြောင့် အခုပဲပေးလိုက်ဖို့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူမသည် အားနည်းပျော့ညံ့သည့်မိန်းကလေးမဟုတ်သလို သူမကိုတိုက်ခိုက်လာပါက ငြိမ်ခံနေမည့်လူစားမျိုးလဲမဟုတ်ပေ။
ယွီယင်းကတော့ အံ့ဩသွားခဲ့သည်။ ‘ကုနင်းက အခုလေးတင် သူမကို JadeBeautyနှင့်ခိုကျီ ကြိုက်လားဟု မေးထားတာဆိုတော့ လက်ဆောင်ပေးမယ့်ပစ္စည်းတွေက JadeBeauty ဒါမှမဟုတ် ခိုကျီက ထုတ်ကုန်တွေပဲဖြစ်ရမယ်။’
သခင်ကြီးလင်နှင့်လင်ရှောင်းထင်ကလွဲလို့ ကျန်သည့်ထမင်းဝိုင်းမှလူတိုင်းအံ့ဩနေကြကာ ကျန်းရှူးယွမ်ကတော့ ယွီယင်းကို အလွန်မနာလိုဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပဲ ကုနင်း သူမကိုအရှက်ရစေဖို့ တမင်ရည်ရွယ်ကာလုပ်နေခြင်းဖြစ်သည်ဟုလဲ ယုံကြည်နေသည်။ အခုလောက်ထိ သူမနောင်တဆိုးဆိုးရွားရွားမရဖူးပေ။ သူမ JadeBeautyလက်ဝတ်ရတနာနဲ့ခိုကျီကို မကြိုက်ဖူးလို့မပြောလိုက်သင့်ဘူး။ မဟုတ်ရင် သူမလဲ လက်ဆောင်ရနေမှာ!
သိပ်မကြာလိုက်ပါဘဲ လက်ဝတ်ရတနာဗူးတစ်ခုနှင့် အသားအရေထိန်းအလှကုန်ဗူးတစ်ခုကို ကုနင်းထုတ်လိုက်သည်။
ထိုဗူးများထဲတွင် JadeBeautyနှင့်ခိုကျီမှ ကုန်ပစ္စည်းများပါဝင်ပေသည်။
“ဒါက JadeBeautyက ကျောက်စိမ်းလက်ကောက်နဲ့ ခိုကျီရဲ့အသားအရေထိန်းအလှကုန်အတွဲပါ၊ အန်တီယင်း သဘောကျဖို့မျှော်လင့်ပါတယ်။” ကုနင်းပြောရင်းနှင့် လက်ဆောင်ဗူးများကို ယွီယင်းထံလှမ်းပေးလိုက်သည်။
ဗူးနှစ်ဗူးကိုမြင်သည်နှင့် ယွီယင်း၏မျက်နှာဝင်းလက်သွားသော်လည်း ချက်ချင်းကြီးလက်ခံလိုက်ဖို့ သင့်ရောသင့်တော်ပါ့မလားဟု တွေးနေမိပြန်သည်။ “ဒါက…”
“ဒါတွေက အရမ်းဈေးမကြီးပါဘူး။ လက်ခံပေးပါ၊ အန်တီယင်း။” ကုနင်းပြောရင်း ယွီယင်းလက်ထဲ အတင်းထိုးထည့်ပေးနေလေသည်။
“ကောင်မလေးကုက လက်ဆောင်ပေးနေတယ်ဆိုမှတော့ လက်ခံထားလိုက်။ ကောင်မလေးကုရဲ့စေတနာကို အလကားမဖြစ်စေနဲ့။” သခင်ကြီးလင်ကပါ ဝင်ပြောပေးလေသည်။
ကုနင်း တမင်တကာ ကျန်းရှူးယွမ် ဒေါသထွက်အောင်လုပ်နေခြင်းဖြစ်မှန်း သခင်ကြီးလင်သိသော်လည်း မသင့်တော်သည့်လုပ်ရပ်ဟုမမြင်မိဘဲ ကုနင်းကိုတောင် ထောက်ခံပေးနေသေးသည်။
ဘာပဲဖြစ်ဖြစ် ကျန်းရှူးယွမ်ဘက်က အမှားလုပ်ထားတာပဲမဟုတ်လား။
“ဒါဆိုလဲ ကျေးဇူးပါပဲ။” ယွီယင်း ပျော်ရွှင်စွာပင် လက်ခံလိုက်သည်။ ထိုပစ္စည်းတွေကို သူမဝယ်နိုင်ပေမယ့် အခုလိုအလကားရတော့ ပိုတောင်ပျော်မိသေးသည်။
ကျန်းရှူးယွမ်၏မျက်နှာသည်တော့ ဒေါသကြောင့်ပျက်ယွင်းနေတော့သည်။ ‘ကုနင်းက ယွီယင်းတစ်ယောက်တည်းကိုပဲ လက်ဆောင်ပေးပြီး ငါ့ကိုတော့ လျစ်လျူရှုတယ်တဲ့လား။ ငါလဲ လက်ဆောင်လိုက်ချင်တာပေါ့!’
JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းလက်ကောက်ဆိုမှတော့ သေချာပေါက်ဈေးကြီးနေမှာပင်။
ကျန်းရှူးယွမ်က သူ့ဇနီးဖြစ်နေတာကြောင့် လင်ယွမ်ချန်လဲ အနည်းငယ်မျက်နှာပျက်ရသည်။ သူမလုပ်ရပ်တွေက သူ့ကိုပါသက်ရောက်စေသည်။ သို့သော်လည်း ကျန်းရှူးယွမ်အမှားတွေသာဖြစ်တာကြောင့် ကုနင်းကို အပြစ်မတင်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ကုနင်းအပေါ်တော့ သူ့အမြင်က ကောင်းမွန်မှုမရှိတော့သလို ကုနင်းသည်လဲ လင်ယွမ်ချန်၏ သူမအပေါ် သဘောထားကို လုံးဝဂရုစိုက်နေမည့်သူမဟုတ်ပေ။
ထို့နောက် အားလုံးညစာကိုအေးအေးချမ်းချမ်းစားခဲ့ကြသည်။ ညစာစားနေတုန်းမှာပဲ လက်ဆောင်ဗူးတွေကိုဖွင့်ဖို့က မသင့်တော်တာကြောင့်ပင်။
ညစာစားပြီးနောက်မှာတော့ ဧည့်ခန်းဆီသို့ပြန်သွားကာ စကားဝိုင်းဖွဲ့ကြသည်။ ယွီယင်းသည်လဲ ထိုအခါမှသာ လက်ဝတ်ရတနာဗူးဖွင့်ဖို့အခွင့်အရေးရလေသည်။
ကျန်းရှူးယွမ်ကတော့ ကုနင်းအနားကြာကြာဆက်မနေနိုင်တော့တာကြောင့် ညစာစားပြီးသည်နှင့် အပေါ်ထပ်သို့ တန်းတက်သွားချင်ခဲ့သော်လည်း လက်ဝတ်ရတနာဗူးထဲက လက်ကောက်ကို အရမ်းမြင်ချင်နေမိပြန်သည်။
ယွီယင်းသည်တော့ ကျောက်စိမ်းလက်ကောက်ကိုမြင်လိုက်သည်နှင့် ထပ်ပြီးအံ့အားသင့်သွားခဲ့သည်။ “ဘုရားရေ၊ ဒါဖူလူရှိုးကျောက်စိမ်းလက်ကောက်ပဲ!”
ဖူလူရှိုးကျောက်စိမ်းလက်ကောက်တစ်ကွင်းဆိုတာ အနည်းဆုံးယွမ်သုံးသန်းလောက်တန်တာလေ။
သခင်ကြီးလင်နှင့်လင်ရှောင်းထင်ကလွဲပြီး ကျန်လူတွေကတော့ ကုနင်း၏ရက်ရောနိုင်လွန်းမှုအပေါ် အလွန်အံ့ဩနေကြသည်။
သခင်ကြီးလင်ကတော့ ကုနင်း သူ့ဆီအခေါက်ပေါင်းမနည်း ဒီထက်ပိုဈေးကြီးသည့်လက်ဆောင်ပစ္စည်းတွေ ပို့ဖူးတာကြောင့် မအံ့ဩခဲ့ပေ။ သူမပေးသည့် အစိမ်းရောင်ဘုရင်ကျောက်စိမ်းတစ်ခုတည်းကတင် ယွမ်သန်းတစ်ရာကျော်တန်ဖိုးရှိပြီးသားဖြစ်သည်။
လင်ရှောင်းထင်ကတော့ ကုနင်းအမြဲရက်ရောတတ်ကြောင်းသိပြီးသားဖြစ်၍ မအံ့ဩသွားတာဖြစ်သည်။
သို့ပေမယ့် ကျန်းရှူးယွမ်ကတော့ ပိုလို့မနာလိုမိဘဲမနေနိုင်တော့ပေ။
“အန်တီယင်း၊ နောက်ဆို JadeBeautyနဲ့ခိုကျီမှာ ပစ္စည်းလာဝယ်မယ်ဆို ၂၀ရာခိုင်နှုန်းလျှော့ဈေးရပါလိမ့်မယ်။ အန်တီ သူငယ်ချင်းတွေနဲ့အတူသွားမယ်ဆိုလဲ သူတို့တွေပါ အန်တီနဲ့တန်းတူ လျှော့ဈေးရမှာပါ။”
ကျန်းရှူးယွမ်ကို ဒေါသထွက်စေဖို့ ယွီယင်းကိုလက်ဆောင်ပေးခဲ့ခြင်းဆိုသော်လည်း ယွီယင်းအပေါ် သဘောကောင်းပေးချင်စိတ်ရှိနေတုန်းပင်။ ယွီယင်းက သူမကို နေရင်းထိုင်ရင်း ဆန့်ကျင်နေတာလဲမရှိသလို လင်ရှောင်းထင်နှင့်လဲ ရန်ငြှိုးမရှိတာကြောင့် သူမအပေါ် ကုနင်းအမြင်ကောင်းရှိထားသည်။
လင်ရှောင်းထင်ကတော့ လင်မိသားစုတွင် သခင်ကြီးလင်တစ်ယောက်တည်းကိုသာ သူဂရုစိုက်ကြောင်းပြောထားပေမယ့် သူလဲ မိသားစုချစ်ခြင်းမေတ္တာကို အလွန်ငတ်မွတ်နေလောက်မှန်း ကုနင်းနားလည်နိုင်သည်။ လင်ရှောင်းထင်မှာသာ သူ့ကိုအမှန်တကယ်ဂရုစိုက်ပေးမည့် မိသားစုဝင်တချို့ရှိထားလျှင်လဲ မကောင်းတာမဟုတ်ပေ။
***
အခန်း ၁၀၅၇ ယွီယင်းကတော့ ကုနင်းကိုလက်ခံတယ်
“မိန်းကလေးကု၊ မင်းက ငါတို့ကို နာမည်ကြီးနိုင်ငံတကာဇိမ်ခံလက်ဝတ်ရတနာဘရန်းတွေ မဝယ်နိုင်ဘူးလို့ထင်နေတာလား? ဒီဘရန်းက နိုင်ငံတကာအဆင့်မှီသေးတာလဲမဟုတ်ဘူး။ အဲ့လောက်ကောင်းတဲ့လက်ဆောင်လဲမဟုတ်ပါဘူး။” ကျန်းရှူးယွမ် မနာလိုဖြစ်လွန်း၍ တစ်ဖက်ကို အပြစ်တင်ဖို့ကြိုးစားတော့သည်။ သို့ပေမယ့် ယွီယင်းကတော့ သူမအမြင်တွေကို လုံးဝဂရုမစိုက်ပေ။
“ကျေးဇူးပါ၊ ဒီလက်ဆောင်တွေက အရမ်းကောင်းတာပဲ အန်တီသဘောကျတယ်။”
ကုနင်းက တခြားလူကိုရန်စလိုသည့်သဘောဖြင့် လက်ဆောင်ပေးခြင်းဖြစ်သော်လည်း သူမအပေါ် မုန်းနေတာမဟုတ်သည့်လူတစ်ယောက်နှင့် အလကားနေစကားမများလိုပေ။ သူမကတော့ သူမစိတ်ထဲမှာ စိတ်ကောင်းစေတနာရှိသည်ဟုထင်မိသည့်လူအပေါ် ထိုအတိုင်းသာပြန်ဆက်ဆံတတ်သည်။
ဒါကြောင့် ယွီယင်း၏ကုနင်းအပေါ်အမြင်က ပိုကောင်းသွားခဲ့သည်။
ကုနင်းက ကျန်းရှူးယွမ်ကိုဒေါသထွက်စေချင်၍ တမင်လုပ်နေမှန်း ယွီယင်းသိနေတာတောင်မှ ကုနင်း၏စေတနာမှန်ကို ခံစားမိနိုင်တုန်းပင်။ ဘာပဲဖြစ်ဖြစ် သူမလဲ ကျန်းရှူးယွမ်ကို သဘောမှမကျတာ။
“နင့်မှာအရှက်လေးတောင်မရှိဘူးလား? ဒီလောက်ဈေးပေါပြီး တန်ဖိုးမရှိတဲ့ဟာတွေအတွက် ကျေးဇူးတောင်တင်နေလိုက်သေးတယ်။” ကျန်းရှူးယွမ်က ငြိမ်မနေဘဲ ယွီယင်းကို ခနဲ့လိုက်သည်။
“ရှူးယွမ်၊ နင်တော်တော်လွန်သွားပြီ။ ကုနင်းက စေတနာနဲ့ပေးတာ၊ သူ့စေတနာတစ်ခုတည်းကတင်ကို တန်ဖိုးမဖြတ်နိုင်ဘူး။ လင်မိသားစုက ဘယ်လောက်ပဲကြွယ်ဝနေပါစေ တရားလက်လွတ်သုံးဖြုန်းတာမျိုးတော့ မရှိသင့်ဘူး။” ယွီယင်း ဆက်ပြီး လျစ်လျူမရှုထားနေတော့ပေ။
ကျန်းရှူးယွမ်ဒေါသထွက်လာကာ ဆက်ပြောဖို့ကြံလိုက်ချိန်မှာပဲ၊ “တော်လောက်ပြီ။” လင်ယွမ်ချန်က ဖြတ်ပြောလာသည်။ “မင်းခဏလောက်လေးတောင် တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးလား?”
“ကျွန်မ…” ကျန်းရှူးယွမ် ထပ်ပြောချင်နေသေးသော်လည်း လင်ယွမ်ချန်၏အေးစက်နေသောအမူအရာကြောင့် နောက်ထပ်စကားတစ်ခွန်းပင် မထွက်ရဲတော့ပေ။
သူမတော်တော်လေးအရှက်ကွဲနေပြီဖြစ်တာကြောင့် နောက်ဆုံးမှာတော့ ထွက်သွားတော့သည်။ လင်ယွမ်ချန်လဲ အကြောင်းပြချက်ပေးကာ သူ့စာကြည့်ခန်းထဲဝင်သွားတော့သည်။
အခန်းထဲမှာကျန်ခဲ့သည့်ကျန်လူတွေကတော့ သူတို့နှစ်ယောက်ကို နည်းနည်းလေးတောင် အာရုံထားမနေဘဲ ပြောလက်စကိုသာ ဆက်ပြောနေကြသည်။
လင်ရှောက်ရွှမ်းက၊ “အဖေ၊ အမေ၊ ကုနင်းဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲသိကြလား? သူ့မှာ JadeBeautyနဲ့ခိုကျီအပြင် တခြားကုမ္ပဏီတွေအများကြီးလဲရှိသေးတယ်။”
သူက ချက်ချင်းပင် ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်တွင် ကုနင်း၏နာမည်ကိုရိုက်ရှာလိုက်ပြီးနောက် သူ့ဖုန်းကို လင်ယွမ်ကျန်းနှင့်ယွီယင်းတို့လက်ထဲ ထည့်ပေးလိုက်သည်။
“ကုနတ်ဘုရားမက သမီးအိုင်ဒေါပဲ!” လင်ရှောက်ရှီကလဲ သူမ ကုနင်းကိုသဘောကျသည့်အကြောင်း ဖုံးကွယ်မထားပေ။
“ဟ-ဟ၊ ငါ့မှာ အရမ်းထူးချွန်တဲ့မြေးချွေးမလေးရှိတာပဲ!” သခင်ကြီးလင်ကလဲ ဂုဏ်ယူလို့နေသည်။
“အဖိုးလင်၊ သမီး ဒီထက်မကတောင်လုပ်နိုင်ပါသေးတယ်နော်။”
“ဟုတ်ပါ့၊ ဟုတ်ပါ့၊ ငါ့မြေးချွေးမလေးက အရမ်းထူးချွန်လွန်းတယ်။”
ကုနင်းအကြောင်းသတင်းများကိုဖတ်ပြီးနောက် လင်ယွမ်ကျန်းရောယွီယင်းပါ အံ့ဩမှင်သက်နေကြသည်။
ကုနင်း ဒီလောက်အသက်ငယ်ငယ်လေးနှင့် အောင်မြင်မှုပေါင်းများစွာရှိထားပြီးလိမ့်မည်ဟု သူတို့လုံးဝမမျှော်လင့်ထားခဲ့ကြပေ။
အခုဆို သူတို့အမြင်မှာတော့ ကုနင်းသည် အရည်အချင်းအပြည့်နှင့်ဉာဏ်ကြီးရှင်တစ်ယောက်လို ဖြစ်နေပေပြီ။
တကယ်တော့ သူတို့တွေ ကုနင်းကို သူမနှင့်သက်တူရွယ်တူများနှင့်နှိုင်းယှဉ်နေတာက တကယ်ကိုမမျှတရာကျပေသည်။ အကြောင်းကတော့ သူမသည် ပြန်လည်မွေးဖွားလာခြင်းဖြစ်သလို ကျောက်စိမ်းမျက်ဝန်း၏အကူအညီကလဲ ရှိလို့နေသေးတာပင်။
…….
ကျန်းရှူးယွမ် အပေါ်ထက်သို့တက်သွားပြီးသည်နှင့် လင်ရှောက်ကျား၏အခန်းသို့တန်းဝင်သွားခဲ့သည်။
နှစ်ယောက်လုံးက ကုနင်းကိုအလွန်ဒေါသထွက်နေကြတာကြောင့် ဆုံမိသည်နှင့် ကုနင်းကိုအမျိုးမျိုးဆဲရေးတိုင်းထွာနေကြတော့သည်။
“သူက JadeBeautyလက်ဝတ်ရတနာဆိုင်နဲ့ခိုကျီရဲ့ဘော့စ်တဲ့လေ။ ဒါပေမယ့် အမေက သူတို့ရှေ့မှာပဲ သူ့ကုမ္ပဏီကထုတ်ကုန်တွေကို မသုံးဘူးလို့ ကတိပေးလိုက်မိတယ်! အရမ်းနောင်တရနေပြီ။”
“ဘာ? သူက JadeBeautyနဲ့ခိုကျီရဲ့ပိုင်ရှင်လား?” လင်ရှောက်ကျားလဲ တခြားလူများအတိုင်းပင် အံ့ဩထိတ်လန့်သွားသည်။
ကုနင်း၏ကုမ္ပဏီများမှ ထုတ်ကုန်ပစ္စည်းများသုံးရမည်ကို သူမမုန်းသော်လည်း ခိုကျီကို မသုံးဘဲလဲမနေနိုင်ပြန်။
“ပြီးတော့ ကုနင်းက ယွီယင်းကို JadeBeautyက ဖူလူရှိုးကျောက်စိမ်းလက်ကောက်တစ်ကွင်းနဲ့ ခိုကျီအသားအရေထိန်းအလှကုန်တစ်တွဲလဲပေးလိုက်သေးတယ်၊ အမေ့ကိုတော့ လျစ်လျူရှုထားပြီးတော့လေ!”
“သူဘယ်လိုတောင်လုပ်လိုက်တာလဲ! အမေ သမီးတို့ ဒီကိစ္စကို သည်းမခံလိုက်နိုင်ဘူး။” လင်ရှောက်ကျား ပိုတောင်ဒေါသထွက်လာတော့သည်။
“သမီးဘာလုပ်ချင်လဲ?” ကျန်းယွမ်ရှူးသည်လဲ ကုနင်းကို သင်ခန်းစာကောင်းကောင်းပေးချင်နေသည်။
“သမီးလဲမသိသေးဘူး။ သမီးသူငယ်ချင်းကိုမေးကြည့်လိုက်မယ်။”
“ကောင်းပြီ၊ သမီးအဖိုးမသိအောင် သတိထားပြီးလုပ်ဦးနော်။”
“သမီးနားလည်ပါတယ်။”
………
ခဏကြာနေပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ လင်အိမ်တော်မှ ပြန်လည်ထွက်ခွာလာကြသည်။
“ရှောင်းထင်၊ ကျွန်မအစောကလုပ်လိုက်တာအတွက် အဖိုးလင် ကျွန်မအပေါ် အဆိုးမြင်သွားလောက်လား?” ကုနင်း ထိုကိစ္စအတွက် အနည်းငယ်စိုးရိမ်နေသည်။
သခင်ကြီးလင်က သူမအပေါ် အကောင်းမြင်ထားမှန်းသိသော်လည်း အခုထိ သူမက လက်မိသားစုထဲ လက်ထပ်ဝင်ရသေးတာမဟုတ်သည့်အပြင် လင်ရှောက်ကျားဆိုသည်က သခင်ကြီးလင်၏မြေးအရင်းလဲဖြစ်နေသေးသည်။
သူမက အခုမှ လင်မိသားစုဝင်များနှင့် ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခြင်းဖြစ်သော်လည်း သခင်ကြီးလင်ရှေ့မှာတင် မချမ်းမြေ့ဖွယ်စကားနာထိုးနေခဲ့မိသည်။
“စိတ်မပူနဲ့၊ အဖိုးက သူတို့ကိုအရင်ကတည်းက မင်းအပေါ် ကောင်းကောင်းဆက်ဆံဖို့ သတိပေးထားပြီးသား။ သူတို့သာ မင်းကိုအပြစ်ရှာရဲရင် မင်းစိတ်ကြိုက်ပြန်တုံ့ပြန်ခွင့်ရှိတယ်။ သူတို့ထိုက်နဲ့သူတို့ကံပဲ။”
လင်ရှောင်းထင် အတည်ပြုပေးကာမှ ကုနင်းလဲ စိတ်အေးရတော့သည်။
တကယ်တော့ လင်ရှောင်းထင်၏အပြုအမူကသာ သူမအတွက်အရေးအကြီးဆုံးပင်။ သူမဘာပဲလုပ်လုပ် လင်ရှောင်းထင်ကတော့ သူမဘက်ကသာရပ်တည်ပေးပေလိမ့်မည်။
***
အခန်း ၁၀၅၉ မကူညီနိုင်ဘူး
မြန်မာနိုင်ငံမှ ကျောက်စိမ်းပြပွဲသည် သန်ဘက်ခါဆိုလျှင် စတင်တော့မည်ဖြစ်သော်လည်း ကုနင်းမှာ မြို့တော်ရှိသူမလုပ်ငန်းတွေကို စစ်ဆေးဖို့လိုနေတာကြောင့် ထန်မြို့သို့ မနက်ဖြန်မှသာ လင်ရှောင်းထင်နှင့်အတူ သွားဖြစ်ပေမည်။ ဒီလိုနဲ့ သူမတို့အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းပင် ထန်မြို့သို့သွားမည့်လေယာဉ်လက်မှတ်ဖြတ်လိုက်ကြသည်။
မြန်မာတွင် ကျောက်စိမ်းပြပွဲကျင်းပမည်ဖြစ်တာကြောင့် မြို့တော်မှ ထန်မြို့သို့သွားသည့်လေယာဉ်များတွင် ထိုင်ခံနေရာသိပ်မကျန်တော့ဘဲ ကုနင်းတို့လဲ မနက်ဖြန်မနက်၉:၀၅နာရီထွက်မည်လေယာဉ်ကိုသာ ရွေးလိုက်ရသည်။
………
တစ်ဖက်တွင်တော့ လင်ရှောက်ကျားသည် ကုနင်းကိုဘယ်လိုသင်ခန်းစာပေးရမလဲဆွေးနွေးဖို့ရန်အတွက် သူမသူငယ်ချင်းများနှင့်စကားပြောဖို့ ဘားတွင်လူစုခဲ့သည်။
လင်ရှောက်ကျားနှင့်ရှီယန်ယန်အပြင် အခန်းထဲတွင် နောက်ထပ်ငယ်ရွယ်ကာခန့်ညားသည့်အမျိုးသားနှစ်ယောက်လဲရှိနေကြပေမည့် သူတို့တွေပုံစံက လူပေါ်ကြော့လေးများနှင့်တူသည်။
လင်ရှောက်ကျားက မေးလာခဲ့သည်။ “ကျောက်ခိုင်၊ နင့်မှာအကြံကောင်းလေးများမရှိဘူးလား? ငါအဲ့ခွေးမလေးကိုအရမ်းသင်ခန်းစာပေးချင်နေပြီ။”
“ဘယ်သူကများ မင်းကိုဒေါသထွက်အောင်လုပ်လိုက်တာလ? မင်းကကော ဘယ်လောက်ထိဖြစ်သွားစေချင်တာလဲ?” ကျောက်ခိုင်ပြန်မေးလာသည်။
“သိသာလို့လဲမရဘူး၊ သတ်လို့လဲမရဘူး။ ကျန်တာဘာဖြစ်ဖြစ်ရတယ်။” လင်ရှောက်ကျား၏မျက်နှာမှာ ယုတ်မာမှုအပြည့်ပင်။
“အလွယ်လေးပါ၊ ငါတို့လူနည်းနည်းလောက်ရှာပြီး သူ့ကိုမုဒိမ်းကျင့်ခိုင်းလိုက်၊ ပြီးရင် မှတ်တမ်းဗီဒီယိုလဲရိုက်ထားလိုက်ရင် ပြီးနေတာပဲ။”
“ဒီအကြံကောင်းသားပဲ။” လင်ရှောက်ကျား စိတ်ကျေနပ်စွာပြုံးလိုက်သည်။ “နင်ငါ့ကိုကူညီပေးလို့ရမလား?”
“ကိစ္စမရှိဘူး၊ ငါ့တာဝန်ထားလိုက်။” ကျောက်ခိုင်ပြန်ပြောလိုက်သည်။ သူ့မှာ ထိုကိစ္စနှင့်ပတ်သတ်လို့ သေသေသပ်သပ်ဖြေရှင်းပေးနိုင်သည့် မိတ်ဆွေများစွာရှိထားသည်။
“ငါတို့သူ့နောက်လိုက်လို့ရအောင် အဲ့ခွေးမလေးနဲ့ပတ်သတ်တဲ့ အချက်အလက်နည်းနည်းပါးပါးပေးဦး။”
“နာမည်က ကုနင်း၊ ၁၉နှစ်ရှိပြီ။ ခဏလေး ငါသူ့ပုံရှာကြည့်လို့ရမလားပဲ။” ကျောက်ခိုင်မေးလာတာကြောင့် လင်ရှောက်ကျားပြန်ဖြေရင်း အင်တာနက်ပေါ်တွင် ကုနင်း၏ဓါတ်ပုံရှိလိုရှိငြားရှာကြည့်ခဲ့သည်။
ကုနင်းဘယ်လောက်အထိ အောင်မြင်ကျော်ကြားနေလဲ လင်ရှောက်ကျားမသိဘဲ သူမက JadeBeautyနှင့်ခိုကျီ၏ပိုင်ရှင်ဖြစ်ကြောင်းလောက်သာ သိထားလေသည်။
ဒါကြောင့် ကုနင်း၏ဓါတ်ပုံတွေ့ရန် JadeBeautyနာမည်တပ်ကာ ကုနင်း၏အမည်ကိုရိုက်ရှာကြည့်လိုက်သည်။ သို့သော်လည်း ကုနင်းနှင့်ပတ်သတ်သည့် ထိတ်လန့်အံ့ဩဖွယ်သတင်းများကို တွေ့သွားသည်နှင့် မယုံကြည်နိုင်ခြင်းများစွာဖြင့် ဆက်တိုက်ဖတ်ကြည့်နေမိတော့သည်။
“ဘာဖြစ်လို့လဲ?”
ရှီယန်ယန်က လင်ရှောက်ကျားအလွန်ထိတ်လန့်နေပုံကြောင့် မေးလာခဲ့သည်။
“ဘ-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” လင်ရှောက်ကျား အမြင်မှားသည်ဟုသာ ထင်နေမိသည်။
“ဘာဖြစ်တာလဲ?” ကျောက်ခိုင်နှင့်ကျန်အမျိုးသားကလဲ သူမကိုမေးလာပြန်သည်။
လင်ရှောက်ကျားက သူတို့အမေးကိုပြန်မဖြေတာကြောင့် ရှီယန်ယန်လဲ လင်ရှောက်ကျား၏ဖုန်းနားကပ်ကာ သူမကြည့်နေတာကိုဝင်ကြည့်လိုက်သည်။
လင်ရှောက်ကျား၏ဖုန်းထဲတွင်တော့ ကုနင်းနှင့်ပတ်သတ်သည့်အကြောင်းအရာများရှိနေကာ ရှီယန်ယန်လဲ ဖတ်ကြည့်ပြီးနောက် အံ့အားသင့်နေတော့သည်။
အရင်တစ်ခေါက်က ကုနင်းနှင့်သူတို့စားသောက်ဆိုင်တစ်ခုတွင် ဆုံခဲ့ကြောင်း မှတ်မိနေခဲ့ပေမည့် ကုနင်း ဒီလောက်အောင်မြင်နေလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။
ကျောက်ခိုင်လဲ သိချင်လာကာ ကုနင်းအကြောင်းများကို လာကြည့်လေသည်။ “ဂျီးဆပ်၊ ရှောက်ကျား၊ မင်းငါ့ကို သင်ခန်းစာပေးခိုင်းချင်တာ ဒီမိန်းကလေးလား? သူက လုံးဝအားမနည်းဘူးနော်!” ကျောက်ခိုင် ထိတ်လန့်အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
ကျောက်ခိုင်သည် ကုနတ်ဘုရားမအကြောင်း တချို့တလေကြားဖူးထားသော်လည်း ကုနင်းက ကုနတ်ဘုရားမဖြစ်မှန်းတော့မသိပေ။ ကုနင်းကို သူအရင်က မြင်ဖူးတာမှမဟုတ်ဘဲ။
သို့သော်လည်း ကုနင်းက နာမည်ကြီးနေသည့်ကုနတ်ဘုရားမမှန်းသိသွားသည်နှင့် ကုနင်းကိုသွားရှုပ်ဖို့ တွန့်ဆုတ်သွားတော့သည်။
ကျောက်မိသားစုသည် မြို့တော်တွင် အလွန်ချမ်းသာသည့်ထဲပါသည်ဆိုသော်လည်း ဘယ်သူ့ကိုမဆို ရန်သွားစလို့ရသည်ဟုတော့ မဆိုလိုပေ။ သူကိုယ်တိုင်လဲ အထူးပုဂ္ဂိုလ်များ အာဏာရှိသူများကို သွားမရှုပ်သင့်ကြောင်း နားလည်သည်။
“အမ်.. ငါတို့ သူ့ကို မုဒိမ်းကျင့်ဖို့မပြောနဲ့ ဖမ်းလို့တောင်မိနိုင်မှာမဟုတ်ဘူး။” နောက်ထပ်အမျိုးသားက ပြောလိုက်သည်။
ထိုအသံက သိပ်မကျယ်လှသော်လည်း လင်ရှောက်ကျားကတော့ သူမဖုန်းကို စားပွဲပေါ်ပစ်ပေါက်လိုက်ကာ ဒေါတကြီးအော်ဟစ်တော့သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”
“ရှောက်ကျား၊ မင်း ကုနင်းကိုဘာလို့ဒီလောက်ကြီးမုန်းနေတာလဲ?” ကျောက်ခိုင် အကြောင်းအရင်းကို မမေးဘဲမနေနိုင်တော့ပေ။
“အရင်က စားသောက်ဆိုင်တစ်ဆိုင်မှာ ငါတို့စကားများဖူးတယ်။ ပြီးတော့ သူက လင်ရှောင်းထင်ရဲ့ချစ်သူလဲဖြစ်နေသေးတယ်! ဒီညနေ ညစာစားပွဲတုန်းကတင် သူ ငါနဲ့ငါ့အမေကို အရှက်ခွဲသွားတာ။ ငါဘယ်လိုမှလက်မခံနိုင်ဘူး။ သူ့ကိုသေချာပေါက် သင်ခန်းစာပေးရမယ်။”
လင်ရှောက်ကျား၏စကားများကိုနားထောင်ပြီးနောက် အားလုံးလေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။
သူတို့တွေက လင်ရှောက်ကျားနှင့် မကြာခဏထွက်လည်လေ့ရှိသူများဖြစ်တာကြောင့် လင်ရှောင်းထင်အကြောင်း တော်တော်လေးကြားဖူးထားကြသည်။ လင်ရှောင်းထင်က လင်မိသားစုတွင်ဘယ်လောက်အရေးပါမှန်း သူတို့အားလုံးသိကြကာ ဘယ်သူကမှလဲ သူ့ကိုရန်သွားမစရဲသလို ရန်စဖို့လဲ စိတ်မကူးရဲပေ။
အခုလို ကုနင်းက လင်ရှောင်းထင်၏ချစ်သူဖြစ်မှန်း သူတို့သိလိုက်ပြီဆိုမှတော့ သူမကိုထိခိုက်အောင်လုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။ ဒါက လင်ရှောက်ကျားဘက်မှ ကုနင်းကို ရန်ငြှိုးထားနေခြင်းဖြစ်ကာ သူတို့ကတော့ ဒီကိစ္စနှင့်ဝေးဝေးသာနေလိုပေသည်။
“ရှောက်ကျား၊ ဒီတစ်ခေါက်တော့ ငါမင်းကိုမကူညီနိုင်လောက်ဘူး။” ကျောက်ခိုင် ပြောလိုက်သည်။
လင်ရှောက်ကျား မကျေမနပ်ဖြစ်သွားသော်လည်း အတင်းမတိုက်တွန်းဘဲ မျက်ခုံးကိုသာတွန့်ချိုးထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ဒီအတိုင်းလက်လျှော့လိုက်မည်မဟုတ်ပေ။
…….
နောက်တစ်နေ့မနက်မှာတော့ ယာဉ်ကြောပိတ်တာနှင့်မကြုံစေရန် ကုနင်းနှင့်လင်ရှောင်းထင်တို့ စောစောထွက်ခဲ့ကြသည်။
လေယာဉ်ပေါ်သို့မတက်ခင် ကုနင်းက ကျန်းဖန်ကိုဖုန်းဆက်ကာ လာကြိုနိုင်စေရန် သူမတို့ထန်မြို့ကိုရောက်လောက်မည့် အချိန်ကိုပြောပြခဲ့သည်။
ကုနင်းတို့ ထန်မြို့ကို နေ့လည်၁:၅၀လောက်မှရောက်ပေလိမ့်မည်။
………
လေဆိပ်နားနေခန်းထဲတွင်…
ကုနင်း သန့်စင်ခန်းသို့ထွက်သွားသည်နှင့် မိန်းမလှလေးတစ်ဦးက လင်ရှောင်းထင်ကို စကားပြေဖို့ကြံစည်တော့သည်။
သို့သော်လည်း လင်ရှောင်ထင်၏မျက်နှာက တစ်ချိန်လုံးအေးစက်နေတာကြောင့် မိန်းမလှလေးခဗျာ နောက်ဆုံးအကြံမအောင်ဘဲ ထွက်သွားခဲ့ရလေသည်။
“အိုး၊ ရှင်တော်တော်လေး ဆွဲဆောင်မှုရှိပြီး လူကြိုက်များတာပဲ! ကျွန်မ ၂မိနစ်လောက်လေးထွက်သွားတာနဲ့ စကားစချင်တဲ့လူကအဆင်သင့်!” ကုနင်း ပြန်ရောက်လာသည်နှင့် လင်ရှောင်းထင်ကို စနောက်လိုက်သည်။
သို့သော်လည်း လင်ရှောက်ထင်ကတော့ အလေးအနက်ပြန်ပြောလာလေသည်။ “ကိုယ်သာ ဆွဲဆောင်မှုမရှိရင် ဒီလိုနာမည်ကျော်ကုနတ်ဘုရားမရဲ့ချစ်သူ ဖြစ်နိုင်မတဲ့လား။”
“ဟ-ဟ….”
***
အခန်း ၁၀၆၀ ကျောက်ရိုင်းပြိုင်ဝယ်မယ်
လင်ရှောင်းထင်သည် အရင်ကထက်များစွာ ပိုပြီးပွင့်လင်းလာခဲ့သည်။ “ကိုယ်ပြောတာအမှန်ပဲကို။”
ကုနင်း လင်ရှောင်းထင်ဘေးတွင်ပြန်ဝင်ထိုင်လိုက်သည်နှင့် အနားရှိမိန်းကလေးတွေ သူတို့အကြည့်တွေကို ပြန်ရုတ်သိမ်းသွားကြတော့သည်။ လင်ရှောင်းထင်မှာချစ်သူကောင်မလေးရှိပြီးဖြစ်မှတော့ သူတို့တွေဆက်ကြည့်နေဖို့ မသင့်တော်တော့ပေ။
ဘယ်သူကမှ လူကြားထဲ အရှက်ကွဲလိုသည်မဟုတ်ပေ။
……
မကြာခင်မှာပဲ လေယာဉ်ပေါ်တက်ရမည့်အချိန်ရောက်လာခဲ့သည်။
နေ့လည်၁:၅၀နာရီမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ စီးနင်းလာသည့်လေယာဉ်သည် ထန်မြို့လေဆိပ်သို့ဆင်းခဲ့သည်။
ကုနင်း ဖုန်းကိုဖွင့်လိုက်သည်နှင့် ကျီပိုင်ယင်းထံမှ လွတ်သွားသည့်ဖုန်းခေါ်ဆိုမှုတစ်ခုနှင့် စာတစ်စောင်ဝင်ထားသည်ကို တွေ့လိုက်ရလေသည်။
ကျီပိုင်ရင်းက သူမပို့ထားသည့်စာကိုဖတ်ရလျှင် သူမကိုဖုန်းပြန်ဆက်ဖို့ပြောထားလေသည်။
ကုနင်း အရင်ဆုံး ကျန်းဖန်ကိုဖုန်းဆက်ပြီးကာမှ ကျီပိုင်ရင်းကို ဖုန်းပြန်ခေါ်လိုက်သည်။
ကျီပိုင်ယင်းက ချက်ချင်းပင် ဖုန်းကိုင်လာသည်။
“နင်အခုဘယ်မှာလဲ?” ဖုန်းကိုင်ပြီးပြီးချင်းပင် ကျီပိုင်ယင်းမေးလာသည်။
“ထန်မြို့မှာ။”
“နင်ရော မြန်မာက ကျောက်စိမ်းလေလံပွဲကိုသွားမှာလား?” ကျီပိုင်ယင်း၏အသံအရ စိတ်လှုပ်ရှားနေသည့်ပုံပင်။
“သွားမှာလေ။” ကုနင်းလဲ ဒီတော့မှ ကျီပိုင်ယင်း သူမကိုဘာကြောင့်ဖုန်းဆက်မှန်း နားလည်သွားတော့သည်။
“ကောင်းလိုက်တာ၊ ငါလဲ မြန်မာကိုသွားမလို့! နင်ကလဲ လက်ဝတ်ရတနာလုပ်ငန်းလုပ်နေတာဆိုတော့ နင်လဲရှိလောက်မယ်ဆိုပြီးတွေးလိုက်တာ၊ ငါမနက်ဖြန်လောက်ဆို မြန်မာကိုရောက်မယ်၊ ငါတို့တွေ့ကြလို့ရလား?” ကျီပိုင်ယင်းမေးလိုက်သည်။
“ရတာပေါ့၊ ဒါပေမယ့် ငါ နင်နဲ့တစ်ချိန်လုံးတော့ အတူနေပေးနိုင်ဖို့ မသေချာဘူး။ ငါတခြားလုပ်စရာလေးတွေရှိသေးတယ်။”
“ရပါတယ်၊ ငါလဲအပျော်သွားတာဆိုတော့ ငါ့ကိုပါ အလည်အပတ်ခေါ်သွားပေး။”
“ဒါဆိုလဲ အဆင်ပြေတယ်လေ။” ကုနင်းပြောပြီးနောက် ဖုန်းချလိုက်ကာ လင်ရှောင်းထင်ကို ပြန်ပြောပြလိုက်ပြီး လင်ရှောင်းထင်ကလဲ မငြင်းပေ။
သူတို့ လေဆိပ်ကားပါကင်သို့ရောက်ရှိတွင် ခပ်လှမ်းလှမ်းရှိကားတစ်စီးနားတွင် ကျန်းဖန်ရပ်စောင့်နေသည်ကိုတွေ့လိုက်ရသည်။ ကျန်းဖန်က ကုနင်းကိုမြင်သည်နှင့် လက်ပြကာ သူရှိနေကြောင်းပြလာသည်။
“ဟိုင်း ဘော့စ်၊ မစ္စတာလင်။”
“မတွေ့တာကြာပြီနော် အန်ကယ်ဖန်း။” ကုနင်းပြုံး၍ နှုတ်ဆက်လိုက်သည်။
ထို့နောက် ကားထဲသို့ဝင်လိုက်ကြပြီးနောက် ကျန်းဖန်က ကုနင်းကိုမေးလာသည်။ “ဘော့စ်၊ ငါတို့ဘယ်ကိုအရင်သွားကြမလဲ?”
“ကျောက်အလောင်းအစားလမ်းကို အရင်သွားပေးပါ။”
“ကောင်းပါပြီ။” ကျန်းဖန်ပြန်ဖြေလိုက်ကာ ကားစက်နှိုးလိုက်သည်။
“အန်ကယ်ကျန်း ကုမ္ပဏီအခြေအနေကော ဘယ်လိုရှိလဲ?”
“အားလုံးအဆင်ပြေပါတယ်၊ ကုမ္ပဏီက မြန်မြန်ဆန်ဆန်ပဲတိုးတက်နေတယ်။” ကျန်းဖန် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလေသည်။
“ကောင်းသားပဲ။ အန်ကယ်ကျန်း အခက်အခဲတစ်ခုခုရှိရင် အချိန်မရွေးပြောပါနော်။ မနိုင်ဝန်မထမ်းပါနဲ့။”
“ပြောပါ့မယ်၊ ဘော့စ်။”
ကျန်းဖန်ကတော့ ပြဿနာတစ်ခုခုရှိလျှင် ကိုယ်တိုင်သာ ဖြေရှင်းလိုသော်လည်း လိုအပ်လာပါက ကုနင်းနှင့်ဆွေးနွေးတိုင်ပင်သင့်ကြောင်းတော့ သဘောပေါက်သည်။
“ဘော့စ်၊ မြန်မာနိုင်ငံကို ဘယ်အချိန်လောက်သွားမလဲ?”
“မနက်ဖြန် မနက်ပိုင်းလောက်ဖြစ်မယ်ထင်တယ်။”
ထန်မြို့သည် မြန်မာနိုင်ငံနှင့်အလွန်နီးတာကြောင့် တစ်နာရီ နှစ်နာရီလောက်နှင့်ပင် မြန်မာသို့ရောက်သွားနိုင်သည်။ ကျောက်စိမ်းပြပွဲကတော့ သုံးရက်တာကျင်းပသွားမည်ဖြစ်သည်။ ပထမနှစ်ရက်တွင် ကျောက်ရိုင်းများကို တင်ဒါတင်ရမည်ဖြစ်ကာ သုံးရက်မြောက်နေ့မှာတော့ လေလံဆွဲကြမည်ဖြစ်သည်။
ထိုအခိုက်မှာပဲ ကျန်းဖန်က ဖိတ်ကြားလွှာတစ်စောင်ထုတ်လာကာ ကုနင်းကိုပေးလိုက်သည်။ “ဘော့စ်၊ ဒါက ကျောက်စိမ်းပြပွဲအတွက် ဖိတ်ကြားလွှာပါ။”
ကျောက်စိမ်းပြပွဲသို့တက်ရောက်နိုင်ရန် နည်းလမ်းသုံးသွယ်ရှိလေသည်။ ပထမတစ်နည်းကတော့ မြန်မာအစိုးရဘက်မှ ဖိတ်ကြားမှုဖြစ်ကာ ဒုတိယတစ်နည်းသည်တော့ မြန်မာလက်ဝတ်ရတနာအစည်းအရုံးမှ ဖိတ်ကြားခြင်းဖြင့်ဖြစ်သည်။ တတိယတစ်နည်းသည်တော့ မြန်မာရှိလက်ဝတ်ရတနာကုန်သွယ်ရေးကုမ္ပဏီများမှ ဖိတ်ကြားချက်ဖြင့်ဖြစ်သည်။
Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် ထန်မြို့ရှိ အကြီးမားဆုံးကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကြီး သုံးခုတွင်ပါဝင်တာကြောင့် မြန်မာအစိုးရဘက်မှ တိုက်ရိုက်ဖိတ်ကြားလွှာကို ရရှိလေသည်။
ကုနင်းလဲ ဖိတ်ကြားလွှာကိုယူလိုက်ကာ သူမလွယ်အိတ်ထဲထည့်သိမ်းထားလိုက်သည်။
…….
ကျောက်အလောင်းအစားလမ်းသို့ရောက်ရှိမှာတော့ လမ်းသည် ပုံမှန်ထက် လည်ပတ်သူများနှင့် စည်ကားလျက်ရှိသည်။
ဒါနဲ့ ကျန်းဖန်က၊ “မနက်ဖြန် မြန်မာမှာကျောက်စိမ်းပြပွဲရှိတော့ လူတော်တော်များများက ထန်မြို့ကိုအရင်လာကြတယ်လေ။” ဟု ရှင်းပြလာသည်။
ထန်မြို့သည် ကျောက်ရိုင်းအဓိကထုတ်လုပ်သည့်မြို့ဖြစ်တာကြောင့် ကျောက်ရိုင်းဝယ်ယူသူများ ရပ်နားရာအလိုအလျောက်ဖြစ်လာခဲ့သည်။
ကျောက်အလောင်းအစားလမ်းထဲသို့ ကုနင်းဝင်လိုက်သည်နှင့် အရည်အသွေးမြင့်ကျောက်စိမ်း တွေ့လိုတွေ့ငြား ကျောက်စိမ်းမျက်ဝန်းဖြင့် လိုက်လံစစ်ဆေးတော့သည်။
အခုဆို သူမမှာ ကျောက်စိမ်းအလုံအလောက်ရှိနေပြီဆိုသော်လည်း အရည်အသွေးမြင့်ကျောက်စိမ်းရဖို့က ခက်နေစဲဖြစ်တာကြောင့် တစ်တုံးတလေတွေ့နိုင်မည့်အခွင့်အရေးကိုတောင် သူမလက်မလွှတ်လိုပေ။
ဆိုင်ခန်းပေါင်းများစွာကို ဖြတ်လျှောက်ပြီးနောက်မှာတော့ အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတုံးတစ်တုံးကို ကုနင်းတွေ့ရှိသွားခဲ့သည်။ ဒီလိုနဲ့ ကုနင်းက ကျန်းဖန်နှင့်လင်ရှောင်းထင်တို့ကို အပြင်မှာခဏစောင့်ခိုင်းခဲ့ကာ သူမတစ်ယောက်တည်း ဆိုင်ထဲသို့ဝင်သွားလိုက်သည်။
နောက်တော့ ဈေးတောင်မေးမြန်းခြင်းမရှိဘဲ ကျောက်ရိုင်းတုံးနှစ်တုံးကိုဝယ်ယူလိုက်တာကြောင့် ဆိုင်ထဲမှလူများအံ့ဩသွားကြတော့သည်။
“သူကျောက်အလောင်းအစားအကြောင်း တစ်လုံးတစ်လေမှမသိဘူးလား? ဘာလို့ သေသေချာချာမစစ်ဆေးတာလဲ။”
“အရမ်းချမ်းသာနေလို့ဖြစ်မှာပေါ့။”
“အရမ်းချမ်းသာနေတယ်ဆိုရင်တောင် ကျောက်ရိုင်းတုံးတစ်တုံးဆိုတာ ပေါပေါပဲပဲမှမဟုတ်တာ!”
……..
လူတချို့ကတော့ လူချမ်းသာများကိုတွေ့သည်နှင့်မနာလိုဖြစ်ကြကာ အကြောင်းအရင်းမရှိ မုန်းတီးတတ်ကြသည်။
သို့ပေမယ့် ကုနင်းကတော့ ဘယ်သူ့အမြင်ကိုမှဂရုစိုက်တတ်သူမဟုတ်နေပေ။
ကျန်းဖန်နှင့်လင်ရှောင်းထင်တို့ကတော့ ကုနင်းဈေးတောင်မမေးဘဲ ကျောက်ရိုင်းတုံးနှစ်တုံးကိုဝယ်လိုက်မှတော့ ထိုထဲတွင် ကျောက်စိမ်းရှိလောက်လို့ဖြစ်မှန်း မပြောဘဲ နားလည်ကြသည်။
“မစ္စ၊ ကျောက်ရိုင်းတွေဖြတ်ဦးမလား?” ဆိုင်ပိုင်ရှင်က မေးလိုက်သည်။
“မလိုတော့ပါဘူး။ ကျေးဇူးပါ။” ထို့နောက် ကုနင်းထိုဆိုင်မှပြန်ထွက်လာခဲ့သည်။
“ကိုယ်သယ်ပေးမယ်။” လင်ရှောင်းထင်က ကုနင်းအစား ကျောက်ရိုင်းတုံးနှစ်တုံးကိုသယ်ပေးခဲ့သည်။
ထို့နောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုဆက်သုံးကာ စစ်ဆေးရင်း ကျောက်စိမ်းတွေ့သည်နှင့် သူမဘာသာဝင်ဝယ်တော့သည်။
ကျန်းဖန်ကို သူမနောက်မလိုက်ခိုင်းတာကတော့ ဒီလမ်းထဲက ဆိုင်ပိုင်ရှင်အများစုက သူနှင့်ရင်းနှီးနေပြီးသားဖြစ်တာကြောင့်ပင်။ မလိုအပ်ဘဲ ဒုက္ခမများစေရန်အတွက် ကုနင်း သူ့ကိုချန်ထားခဲ့ခြင်းဖြစ်သည်။
ဒီတစ်ခေါက်လဲ ကုနင်း ကျောက်ရိုင်းတုံးကို စစ်ဆေးခြင်းမရှိသလို ဈေးလဲမမေးဘဲ တန်းဝယ်ဖို့လုပ်ပြန်သည်။
သို့သော်လည်း ထိုကျောက်ရိုင်းတုံးပေါ် သူမလက်ထိသွားချိန်မှာပဲ နောက်လက်တစ်ဖက်ကလဲ အတူထိလာခဲ့သည်။ တခြားလူများအမြင်မှာတော့ သူတို့လက်နှစ်ဖက်လုံး ကျောက်ရိုင်းတုံးအပေါ် တစ်ချိန်တည်းထိသွားကြသလိုပင်။
နှစ်ယောက်လုံး ဘယ်သူကမှ သူတို့လက်ကိုပြန်မရုတ်လိုကြပေ။
ကျောက်ရိုင်းတုံးကိုထိလာသည့် နောက်လက်တစ်ဖက်ပိုင်ရှင်တော့ အသက်၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ဝတ်စုံပြည့်ဝတ်ထားကာ လှပသည့်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အနည်းငယ်အထက်စီးဆန်ပုံလဲပေါက်သည်။
“စိတ်မကောင်းပါဘူး။ ဒီကျောက်ရိုင်းအပေါ် ရှင့်ထက်အရင် ကျွန်မထိခဲ့တာ ဒီတော့ ကျွန်မအရင် ဒါကိုဝယ်ပိုင်ခွင့်ရှိတယ်။” ဟု ကုနင်းပြောလိုက်သည်။
***