အခန်း (၁၀၆၆-၁၀၇၀)
Vol. 71 Ch. 1066-1070
အခန်း ၁၀၆၆ ကျန်းတချွမ်နှင့်တွေ့ခြင်း
ကုနင်းနှင့်လင်ရှောင်းထင်တို့ ပတ်ကြည့်ရင်း သဘောကျသည့်ကျောက်ရိုင်းတွေ့လျှင် နံပါတ်ကိုချရေးထားကြသည်။ လူအာရုံစိုက်မခံရစေရန်အတွက်တော့ ကုနင်း ကျောက်ရိုင်းအားလုံးကို ကြည့်ရုံမကြည့်ဘဲ စစ်ဆေးဟန်ဆောင်လိုက်သေးသည်။
လင်ရှောင်းထင်သည်လဲ ကုနင်း၏အပြုအမူအပေါ် အတွေးများနေပေသည်။ သူမကြည့်ရတာ ကျောက်ရိုင်းကောင်းရွေးဖို့ အရမ်းလွယ်နေသလိုပဲ။ စိတ်ထဲဘယ်လောက်ပဲ သိချင်နေပါစေ တိုက်ရိုက်တော့မမေးခဲ့ပေ။ သူမမှာလဲ သူမလျှို့ဝှက်ချက်နှင့်သူမရှိမည်ဖြစ်ကြောင်း လင်ရှောင်းထင်နားလည်ပေသည်။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိကြသည်ပဲမဟုတ်လား။
ကုနင်း ဘယ်လောက်ပဲ ပုံမှန်ကျောက်ရိုင်းဝယ်သူတစ်ယောက်လို အကောင်းဆုံးကြိုးစားဟန်ဆောင်ပြနေပါစေ တခြားလူများ၏အာရုံက မလွတ်မြောက်နိုင်ဖြစ်နေတုန်းပင်။ ‘ဒီမိန်းကလေး ကျောက်နံပါတ်တွေချရေးတာ အရမ်းမမြန်လွန်းဘူးလား!’
စာရွက်ပေါ်ချရေးတဲ့ကျောက်ရိုင်းတိုင်းကို သူမလေလံဆွဲမည်ဟု မဆိုလိုသော်လည်း တခြားလူများအနေနှင့် အံ့ဩမိနေရတုန်းပင်။
ကုနင်း ရင်ပြင်ထဲလှည့်ပတ်ကြည့်ပြီးသွားချိန်မှာတော့ နေ့လည်စာစားချိန်ပင်ရောက်နေပြီဖြစ်သည်။ ဒါကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ဆိုင်ခန်းများဘက်သို့မသွားခင် အရင်ဆုံးနေ့လည်စာစားကြဖို့ဆုံးဖြတ်လိုက်သည်။
ဤမနက်ပိုင်းအတွင်း ကျောက်စိမ်းပါသည့် ကျောက်ရိုင်းပေါင်း ၃၇၅တုံးကို ကုနင်းရေးမှတ်နိုင်ခဲ့သော်လည်း ထိုထဲမှ ၁၂တုံးကသာလျှင် ထိပ်တန်းအဆင့်ကျောက်စိမ်းပါရှိတာဖြစ်သည်။
အရည်အသွေးမြင့်ကျောက်စိမ်းကောင်း ရှာတွေ့ဖို့ဆိုသည်က အတော်ပင်ခက်ခဲလှသည်။
ကုနင်း ချရေးထားသည့်ထဲမှ ကျောက်ရိုင်း ၉၀ရာခိုင်နှုန်းလောက်တွင် အလယ်အမြင့်ဆင့်နှင့်အထက်ကျောက်စိမ်းများပါရှိပြီး ကျန်၁၀ရာခိုင်နှုန်းသည်တော့ တခြားအဆင့်များဖြစ်သည်။
ဒါက မျှတသည့်ကစားပွဲတစ်ခုမဟုတ်တော့သော်လည်း ကုနင်းဘက်ကတော့ ရက်ရောမှုပေးထားတုန်းပင်။ ဘာပဲဖြစ်ဖြစ် သူမလုပ်နေတာက သူမကိုယ်ပိုင်စွမ်းရည်ကိုသာ အသုံးချခြင်းဖြစ်တာကြောင့် တရားမဝင်တာမျိုးလဲမဟုတ်ပေ။
…….
ကုနင်းတို့စားသောက်ဆိုင်တစ်ဆိုင်ထဲဝင်လိုက်သည်နှင့် နောက်ထပ်ရင်းနှီးနေသည့်လူတစ်ယောက်ကို မြင်လိုက်ရပြန်သည်။ ထိုလူကတော့ ကျန်းတချွမ်ဖြစ်ကာ ထန်မြို့ကျောက်စိမ်းအဖွဲ့အစည်း၏ခေါင်းဆောင်ပင်။
ကျန်းတချွမ်နှင့်အတူ သက်လတ်ပိုင်းအမျိုးသားနှစ်ဦးနှင့် လူငယ်နှစ်ဦးလဲပါရှိကာ ထိုသူများက သူ့ကူဖော်လောင်ဖက်များဖြစ်ပုံရသည်။
ကျန်းတချွမ် ကုနင်းကိုမြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားသော်လည်း ကျောက်စိမ်းလေလံပွဲကို ကုနင်းတက်ရောက်လိမ့်မည်မှန်း သိနေတာကြောင့် အံ့ဩသွားခြင်းတော့မရှိပေ။
အခုဆို ထန်မြို့မှ ကုနင်း၏ကျောက်စိမ်းစီးပွားရေးသည် ကျန်းမိသားစုနှင့် လုမိသားစုကို ကျော်တက်သွားပြီဖြစ်သည်။ သူမကုမ္ပဏီသည် အချိန်တိုလေးအတွင်းမှာပဲ ထန်မြို့၏နံပါတ်တစ်ဖြစ်လာခဲ့သည်။
ထန်မြို့တင်ပဲလားဆိုတော့လဲ မဟုတ်ပေဘူး။ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် တခြားသော ကျောက်စိမ်းလောကတွင် နာမည်ကြီးသည့်မြို့များစွာကိုလဲ ကျော်လွန်နေပြီဖြစ်သည်။
တခြားကျောက်စိမ်းကုမ္ပဏီများ ဒါမှမဟုတ် ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းများသည် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့စိတ်ကူးဖို့ရန်ပင် အလွန်ခက်ခဲလှသည်။ နယ်ပယ်တူမှ တခြားသောစီးပွားရေးလုပ်ငန်းရှင်များကတော့ အားကျမနာလိုရုံသာတတ်နိုင်ပြီး လုပ်နိုင်တာမရှိကြပေ။
စီးပွားရေးလောကရှိယှဉ်ပြိုင်ပွဲများသည် အစကတည်းက ရက်စက်ပြင်းထန်လွန်းလှသည်။ ဒါ့အပြင် တော်တော်များများကလဲ သူတို့ထက်သာလွန်နေသည့်လူများကို မနာလိုရှုစိမ့်ကာ တဖက်လူကို ထိခိုက်အောင်အမြဲကြံစည်နေတတ်ကြသေးသည်။
တကယ်တော့ မကောင်းသည့်လူတွေကသာလျှင် သူတို့ထက် တခြားလူများပိုသာလွန်သည်ကို ကြည့်ရှုနိုင်စွမ်းမရှိကြတာဖြစ်သည်။ ထန်မြို့ရှိ ဝမ်မိသားစုသည် အကြီးမားဆုံးသာဓကပင်။
အခုချိန်မှာ ကုနင်း၏ကုမ္ပဏီ၊ ကျန်းမိသားစု၏ကုမ္ပဏီနှင့် လုမိသားစု၏ကုမ္ပဏီတို့သည် ထန်မြို့တွင် အကြီးမားဆုံးကျောက်စိမ်းတင်ပို့သူများဖြစ်နေကြပေပြီ။
ကျန်းမိသားစုကတော့ ကုနင်း၏အောင်မြင်မှုအပေါ် အံ့ဩမှင်သက်နေမိကြသော်လည်း မနာလိုတော့မဖြစ်ဘဲ သူမနှင့်ကောင်းမွန်သည့်ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ဖို့ရန်တောင် မျှော်လင့်နေကြသေးသည်။
လုမိသားစုသည်တော့ ကုနင်း၏နောက်ကွယ်တွင် သူမကိုဆန့်ကျင်နေကြခဲ့ကြသော်လည်း နောက်ဆုံးရှုံးနိမ့်မှုဖြင့်ရင်ဆိုင်ရကာ အရှုံးပေးလိုက်ရတော့သည်။
ထိုနှစ်မိသားစုလုံး ဘယ်သူကမှ ဝမ်မိသားစုလို အဆုံးသတ်မျိုးမဖြစ်လိုကြပေ။
“မစ္စကု၊ တွေ့ကြပြန်ပြီပဲ!” ကျန်းတချွမ်က ကုနင်းကိုမြင်သည်နှင့် သူမအနားသိုလျှောက်လာရင်း နှုတ်ဆက်လိုက်သည်။
ကျန်းတချွမ်နှင့်အတူပါလာသည့်လူများကတော့ ကျန်းတချွမ်တစ်ယောက် မိန်းမငယ်လေးတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေပုံကြောင့် အံ့ဩနေကြတော့သည်။
ကျန်းတချွမ်တောင် သူမကို ယဉ်ယဉ်ကျေးကျေးပြောဆိုမှတော့ ဒီမိန်းမငယ်လေးက သာမာန်ကောင်မလေးတစ်ယောက်တော့ မဖြစ်နိုင်တော့ဘူး။
“သခင်ကြီးကျန်း၊ မတွေ့တာတောင်ကြပြီ! အခုတလော ဘယ်လိုနေလဲ?” ကုနင်းလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်ခဲ့သည်။
“ငါလား.. ကောင်းတာပေါ့။ မစ္စကု၊ မင်းကြိုက်တဲ့ကျောက်ရိုင်းတုံး ရှာတွေ့သွားပြီလား?”
“နည်းနည်းတော့ တွေ့ထားပြီ။”
“ငါတို့လဲ သိပ်မတွေ့ဖြစ်ကြဘူးဆိုတော့ အခု နေ့လည်စာအတူစားရင်မကောင်းဘူးလား? ငါဧည့်ခံပါ့မယ်။”
“ကောင်းတာပေါ့။” ကျန်းတချွမ်၏ဖိတ်ကြားချက်ကို ကုနင်းလက်ခံလိုက်သည်။
“ဟ-ဟ၊ ဒီဘက်သွားကြရအောင်။” ကျန်းတချွမ်က သူမှာထားသည့်သီးသန့်ခန်းရှိရာသို့ ကုနင်းနှင့်လင်ရှောင်းထင်ကို လမ်းပြခေါ်ဆောင်သွားသည်။
အားလုံး သီးသန့်ခန်းတွင်နေရာယူပြီးနောက်မှာတော့ ကျန်းတချွမ်က သူနှင့်အတူပါလာသည့်လူများနှင့် ကုနင်းကိုမိတ်ဆက်ပေးလေသည်။
“မစ္စကု၊ မိတ်ဆက်ပေးရဦးမယ်။ ဒါကတော့ ငါ့တူ ကျန်းပင်းရှန်။ ဒါကတော့ သူ့အဖေ ငါ့အစ်ကိုကြီး ကျန်းတချန်။”
ကျန်းပင်းရှန်သည် ကျန်းမိသားစု၏အမွေခံဖြစ်ကာ ကျန်းတချွမ်ဆီမှ များစွာသင်ယူနေသူဖြစ်သည်။ သူ့ရဲ့ကျောက်အလောင်းအစားစွမ်းရည်က မဆိုးလှသလို ကျန်းမိသားစုဝင်အချင်းချင်းကလဲ အဆင်ပြေလှတာကြောင့် အမွေခံနေရာအတွက် အချင်းချင်းယှဉ်ပြိုင်ကြသော်လည်း ကြီးကြီးမားမားပြဿနာတော့မရှိပေ။
အဆုံးမှာတော့ ကျန်းပင်းရှန်သည် သူ့အရည်အချင်းကြောင့် အမွေခံပြိုင်ပွဲတွင် အနိုင်ရသူဖြစ်သွားကာ အခုဆို ကျန်းမိသားစုသည်လဲ သဟဇတဖြစ်ကာ ငြိမ်းချမ်းသွားပြီဖြစ်သည်။
“ပင်းရှန်၊ ဒီဘက်က Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရဲ့ဘော့စ် ကုနင်းပဲ။” ကျန်းတချွမ်က ကျန်းပင်းရှန်ဘက်လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။ မစ္စတာကျန်း။” ကုနင်းစနှုတ်ဆက်လိုက်သည်။
ကျန်းတချွမ်ကတော့ ကုနင်းသည် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ပိုင်ရှင်ဖြစ်ကြောင်းကြားပြီး အလွန်အံ့အားသင့်လို့နေလေသည်။
“တွေ့ရတာဝမ်းသာပါတယ်။ မစ္စကု။” ကျန်းပင်းရှန်သည် ကုနင်း၏အရည်အချင်းကို အမှန်တကယ်လေးစားမိသည်။
ကျန်လူသုံးယောက်ကတော့ အရေးမကြီးလှတာကြောင့် ကျန်းတချွမ်ဆက်ပြီး မိတ်ဆက်မပေးနေပေ။ သက်လတ်ပိုင်းအမျိုးသားသည် ကျန်းပင်းရှန်၏အတွင်းရေးမှူးဖြစ်ကာ နောက်လူငယ်နှစ်ယောက်ကတော့ဖြင့် သူတို့၏သက်တော်စောင့်များဖြစ်ကြသည်။
ကုနင်းသည်လဲ သူတို့ကိုလင်ရှောင်းထင်နှင့် မိတ်မဆက်ပေးခဲ့ပေမည့် လင်ရှောင်းထင်၏ သဘာဝအရှိန်အဝါကြောင့် အင်အားကြီးမိသားစုတစ်ခုခုမှဖြစ်ကြောင်း သိသာမြင်သာလှသည်။
နေ့လည်စာစားပြီးနောက် ခဏတဖြုတ်အနားယူကြကာ ထို့နောက်မှာတော့ ကျောက်ရိုင်းကောင်းများလိုက်ရှာဖို့ ပြန်ထွက်လာခဲ့ကြသည်။
***
အခန်း ၁၀၆၇ လုဝေ့ဝေ့
စားသောက်ဆိုင်ထဲမှထွက်လာပြီးသည်နှင့် ကျန်းတချွမ်နှင့်ကုနင်းတို့ လမ်းခွဲကြဖို့ စိတ်ကူးထားသော်လည်း ပထမထပ်သို့ရောက်ချိန်မှာပဲ လုမိသားစုမှ မိသားစုဝင်အများအပြားနှင့် ထိပ်တိုက်ဆုံကြပြန်သည်။
အသက်၃၄နှစ်ရှိပြီဖြစ်သည့် လုမိသားစု၏အကြီးဆုံးသား လုဝေ့လီနှင့် အသက်၂၇နှစ်ရှိပြီဖြစ်သည့် သူ့ညီမလုဝေ့ဝေ့တို့သည် လုမိသားစုကိုယ်စား ကျောက်စိမ်းလေလံပွဲသို့တက်ရောက်လာခြင်းဖြစ်သည်။ သူတို့နှင့်အတူ ကျောက်အလောင်းအစားကျွမ်းကျင်သူနှစ်ဦးနှင့် သက်တော်စောင့်နှစ်ယောက်လဲ ပါသေးသည်။
လုဝေ့လီသည် လုမိသားစု၏အမွေခံဖြစ်သော်လည်း ကျောက်အလောင်းအစားလုပ်ရာတွင် ကျွမ်းကျင်မှုမရှိတာကြောင့် ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကိုပါ ခေါ်ခဲ့ရခြင်းဖြစ်သည်။ ဒါ့အပြင် မြန်မာသည် အမြဲတမ်းစစ်ပွဲဖြစ်နေလေ့ရှိသည့်နိုင်ငံဖြစ်တာကြောင့် သူတို့လုံခြုံရေးအတွက် သက်တော်စောင့်များကိုပါ ခေါ်လာခဲ့ခြင်းပင်။
ကျန်းတချွမ်တို့အဖွဲ့ကို လုဝေ့မြင်သွားသည်နှင့် ချက်ချင်းပင် နှုတ်ဆက်လာသည်။ “ဟိုင်း၊ သခင်ကြီးကျန်း၊ သခင်လေးကျန်း။”
သူ့စိတ်သူသဘောဖြင့် အရင်နှုတ်ဆက်လာခြင်းဆိုသော်လည်း အသံကတော့ ဖော်ရွေပုံမပေါက်ပေ။ ကျန်းမိသားစုနှင့်လုမိသားစုသည် ကျောက်စိမ်းလောကတွင် ပြိုင်ဘက်တွေပဲမဟုတ်လား။
တစ်ဖက်တွင်တော့ လုဝေ့ဝေ့သည် လင်ရှောင်းထင်၏ရုပ်ရည်သွင်ပြင်ကိုမြင်ပြီး မှင်သက်လို့နေလေသည်။ လင်ရှောင်းထင်ထံမှ အကြည့်တစ်ချက်တောင် မဖယ်ခွာနိုင်လောက်သည်အထိကို ဖြစ်နေခဲ့သည်။
လုဝေ့ဝေ့၏ရုပ်ဆင်းသွင်ပြင်သည် သာမာန်သာဖြစ်သော်လည်း သူမကိုယ်သူမအရမ်းအထင်ကြီးကာ ချောမောခန့်ညားသည့်အမျိုးသားတွေကိုမှ ချိန်တတ်သူဖြစ်သည်။ ချောမောသည့်အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ပြီဆိုသည်နှင့် ထိုလူကိုရဖို့ရန် ဘယ်လိုနည်းလမ်းမျိုးကိုမဆိုသုံးတတ်သူလဲဖြစ်သေးသည်။
သို့ပေမည့် လင်ရှောင်းထင်သည်တော့ လုဝေ့ဝေ့ သူ့ကိုဆက်တိုက်ကြည့်နေတာကြောင့် မနှစ်မြို့သလိုခံစားနေရသည်။ သူ့ကိုစိုက်ကြည့်ရုံနှင့်တော့ ဒေါသများပေါက်ကွဲထွက်မည်မဟုတ်ဘဲ သူမနှင့်ခပ်ခွာခွာသာ ဖယ်ခွာလိုက်မည်ဖြစ်သည်။
သို့ပေမည့် လုဝေ့ဝေ့ကတော့ လင်ရှောင်းထင် ရှောင်သွားတာတောင်မှ သူမအကြည့်ကိုမရုတ်သိမ်းတာကြောင့် ကုနင်းပင် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်ရတော့သည်။
“ဟိုင်း၊ သခင်လေးလု၊ မစ္စလု။” ကျန်းတချွမ်ကပြန်နှုတ်ဆက်လိုက်သည်။
“သခင်ကြီးကျန်း ဒီနေ့ကျောက်ရိုင်းတုံးတွေအပေါ် ဘယ်လိုများမြင်လဲ?” လုဝေ့ဝေ့ကမေးလာတာကြောင့် ကျန်းတချွမ် သာမာန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။ “ဒါကတော့ ပြောရခက်တယ်လေ။”
“သခင်ကြီးကျန်းက အရမ်းနှိမ့်ချတတ်တာပဲ! ကျွန်တော့်အထင်တော့ သခင်ကြီး ဒီနေ့ ကျောက်ရိုင်းကောင်းတွေအများကြီး ရလောက်ပါတယ်။” လုဝေ့လီ၏အသံက မနာလိုစိတ်များမွှန်ထူလို့နေသည်။
ဒါပေါ့ သူတကယ်ကိုမနာလိုဘူး။ ကျန်းတချွမ်သည် ထန်မြို့ကျောက်စိမ်းအစည်းအရုံးရဲ့ခေါင်းဆောင်ဖြစ်သလို သူဘယ်လောက်တောင် ကျောက်အလောင်းအစားလုပ်ရာမှာ ထူးချွန်လဲဆိုတာကိုလဲ လူတိုင်းအသိပင်ဖြစ်သည်။ ဒါကြောင့် ကျန်းတချွမ်တော့ ဒီနေ့အချီကြီးရသွားတော့မည်ဟုတွေးကာ လုဝေ့လီ မနာလိုဖြစ်နေတော့သည်။
“ဟ-ဟ၊ ငါလဲ အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်!”
ထိုအချိန်မှာပဲ ကုနင်းကတော့ ကျောက်စိမ်းမျက်ဝန်းဖြင့် ကျန်းပင်းရှန်၏လက်ထဲရှိစာရွက်မှ ကျောက်ရိုင်းနံပါတ်များကို ကြည့်လိုက်လေသည်။
အချင်းချင်းပြဿနာဖြစ်ခြင်းမှရှောင်ရှားဖို့ရန်အတွက် သူမ မတူညီသည့်ကျောက်ရိုင်းများကိုသာ လေလံဆွဲမည်ဖြစ်သည်။ တကယ်လို့ပဋိပက္ခကို မရှောင်ရှားနိုင်ရင်လဲ ကုနင်းကတော့ သူတို့တွေ နောက်ဆုံးဘာမှမရသွားတာမျိုးမဖြစ်စေရန် နည်းနည်းပါးပါးချန်ထားပေးမည်ဖြစ်သည်။
“ကံကောင်းပါစေ!” လုဝေ့လီ ခပ်ဟဟရယ်လိုက်သော်လည်း အမူအရာကတော့ အေးစက်လို့နေသည်။
ထို့နောက် လုဝေ့လီ၏အကြည့်က ကုနင်းဆီသို့ရောက်ရှိသွားကာ ခဏတာ မှင်သက်သွားသော်လည်း သိပ်မကြာလိုက်ပါဘဲ ကုနင်းဘယ်သူမှန်း မှတ်မိသွားခဲ့သည်။
“ဒီဘက်က မိန်းကလေးက ဝမ်မိသားစုနေရာမှာအစားဝင်ပြီး ထန်မြို့ရဲ့အကြီးမားဆုံးကျောက်စိမ်းတင်ပို့သူတွေထဲက တစ်ယောက်ဖြစ်လာတဲ့ မစ္စကုပဲဖြစ်ရမယ်။ ဟုတ်တယ်မလား?” လုဝေ့လီ တမင် ကုနင်းကိုနှိမ်လိုသည့်သဘောဖြင့် ထိုသို့အမေးမျိုးမေးလိုက်ခြင်းဖြစ်သည်။
ဝမ်မိသားစုကိုတောင် သူမဖြုတ်ချနိုင်တယ်ဆိုမှ ကုနင်းသာမာန်မဟုတ်ကြောင်း သူနားလည်သော်လည်း သူမတစ်ယောက်တည်းအားဖြင့်ရလာခြင်းဟုတော့ မထင်မိသေးပေ။ တကယ်တော့ ကုနင်းက ကိုယ်ပိုင်အစွမ်းအစရှိဖို့ အရမ်းငယ်လွန်းနေသည်ဟု လုဝေ့လီတွေးနေခြင်းသာဖြစ်သည်။
“ဟုတ်ပါတယ်၊ ဝမ်မိသားစုနေရာကိုယူခဲ့တာ ကျွန်မပဲ။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“အရမ်းကောင်းတာပေါ့။ ငါလဲ မစ္စကုက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုကြီးကြီးမားမားအောင်မြင်မှုရသွားတဲ့အပေါ် အံ့ဩနေမိတာ!” လုဝေ့လီ သရော်သလိုပြောလိုက်ပြန်သည်။
သူ့အမြင်မှာတော့ ကုနင်းသာ သာမာန်ကောင်မလေးတစ်ယောက်သာဖြစ်ကာ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ ပိုင်ရှင်အစစ်အမှန်က တခြားတစ်ယောက်ဖြစ်မည်ဟုတွေးနေလေသည်။
ကုနင်းက ဘာကြောင့်များ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ကိုယ်စားပြုသူဖြစ်လာရလဲဆိုတာကို လုဝေ့လီသိချင်နေပြန်သည်။ တကယ်တမ်း လုဝေ့လီသည် အမှန်တရားကိုလက်မခံရဲသည့်လူတစ်ယောက်သာဖြစ်သည်။
“ဒါက အထွေအထူးတော့မဟုတ်ပါဘူး။” လုဝေ့လိ၏သရော်မှုကို အမှန်တကယ် ချီးမွမ်းခံလိုက်ရသလိုမျိုး ကုနင်းပြန်ဖြေပြလိုက်သည်။ “ဒါဆိုခွင့်ပြုပါဦး၊ ကျွန်မတို့သွားရဦးမယ်။”
လုဝေ့ဝေ့ လင်ရှောင်းထင်ကို ဆက်တိုက်စိုက်ကြည့်နေသည့်အတွက် ကုနင်းအရမ်းမုန်းနေပြီဖြစ်ကာ ထပ်ပြီးသည်းမခံနိုင်တော့ပေ။
လုဝေ့လီက သူမကိုမတားသော်လည်း လုဝေ့ဝေ့ကတော့ စတင်အသံထွက်လာလေပြီ။ “ခဏနေဦး။”
ထို့နောက် လင်ရှောင်းထင်ရှိရာသို့လျှောက်သွားကာ၊ “ဟေ့၊ ရှင့်ဖုန်းနံပါတ် မပေးချင်ဘူးလား? တစ်ရက်လောက် ထမင်းအတူစားရအောင်လေ။”
ထိုစကားကိုပြောရင်း ဆွဲဆောင်မှုရှိမည်ဟု သူမဘာသာထင်နေသည့်အပြုံးမျိုးဖြင့် ပြုံးပြလိုက်သော်လည်း တကယ်တမ်း တခြားလူများအမြင်မှာတော့ မုန်းစရာကောင်းလွန်းနေသည်။
လင်ရှောင်းထင်ကတော့ လုဝေ့ဝေ့ စကားပြောနေတာက သူ့ကိုမဟုတ်သလိုမျိုး လုံးဝလျစ်လျူရှုလို့ထားသည်။
ကုနင်းလဲ သူတို့နှစ်ယောက်ကြားဝင်ရပ်လိုက်ကာ လုဝေ့ဝေ့ကို အေးစက်စက်ကြည့်လိုက်ပြီး၊ “မစ္စလု၊ ကျွန်မရှေ့မှာတင် ကျွန်မနဲ့စေ့စပ်ထားသူရဲ့ဖုန်းနံပါတ်ကိုတောင်းနေတာ အရမ်းလွန်လွန်းတယ်လို့ မထင်မိဘူးလား?”
တခြားလူတွေကလဲ လုဝေ့ဝေ့၏အပြုအမူအပေါ် သဘောမတွေ့လှပေမည့် သူမအကြောင်း သိထားပြီးသူများသာဖြစ်တာကြောင့် အထူးတလည်မအံ့ဩသွားကြပေ။
“စေ့စပ်ထားတဲ့သူ?” လုဝေ့ဝေ့ အနည်းငယ်အံ့ဩသွားသော်လည်း မကြာလိုက်ပါဘဲ ခနဲ့ပြောလာပြန်သည်။ “အဲ့တော့ဘာဖြစ်လဲ? နင်တို့လက်ထပ်ရသေးတာမှမဟုတ်တာ၊ အဲ့တော့ သူ့ကိုရနိုင်သေးတယ်။”
***
အခန်း ၁၀၆၈ လုမိသားစုအပေါ် သတိပေးချက်
လုဝေ့ဝေ့၏နောက်ဆုံးစကားက အားလုံးကို အံ့အားသင့်သွားစေလေသည်။ လင်ရှောင်းထင်နှင့်ကုနင်းတို့က အခုထိတရားဝင်လက်မထပ်ရသေးဘူးဆိုလျှင်တောင်မှ စေ့စပ်ထားကြပြီးသားဖြစ်သည်။ ကုနင်းရှေ့မှာတင် ဒီလိုစကားမျိုးပြောလိုက်တာက ကုနင်းကိုတိုက်ရိုက်စိန်ခေါ်လိုက်တာပဲမဟုတ်လား။
လင်ရှောင်းထင်သည်လဲ ဒေါသထွက်သွားကာ လုဝေ့ဝေ့ကိုစိုက်ကြည့်လိုက်တော့သည်။
လုဝေ့ဝေ့လဲ လင်ရှောင်းထင်၏အကြည့်ကြောင့် ကြောက်လန့်သွားတော့သည်။ အခုဆို သူမ ကုနင်းတို့နှစ်ယောက်လုံးကို ရန်စသလိုဖြစ်သွားမိပြီဆိုလျှင်တောင်မှ လင်ရှောင်းထင်သည် သူမတွေ့ဖူးသမျှယောက်ျားများထဲတွင် အချောဆုံးလူဖြစ်တာကြောင့် လွယ်လွယ်နှင့်လက်မလျှော့လိုသေးပေ။
လုဝေ့ဝေ့၏အပြုအမူက ဘယ်လောက်ပဲမသင့်တော်နေပါစေ လုဝေ့လီကတော့ သူမကိုဟန့်တားဖို့စိတ်ကူးမရှိပုံပင်။ သူဘာတွေတွေးနေလဲဆိုတာကို ဘယ်သူမှလဲမပြောနိုင်ပေ။
ကျန်းတချွမ်ကတော့ ကုနင်းဘက်မှကူညီပေးလိုသော်လည်း ကုနင်းသည် အားနည်းသူမဟုတ်ကြောင်းသိနေပြန်သည်။
“မစ္စလုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအရမ်းရှိနေပုံပဲ၊ ဘယ်လိုလုပ်မလဲ ရှင်ဘယ်လောက်ယုံကြည်ချက်ရှိနေနေ ကျွန်မကိုတော့မယှဉ်နိုင်သေးဘူး။”
ကုနင်းသည် လူကြားသူကြားထဲ တစ်ဖက်သားကိုစကားဖြင့်တိုက်ခိုက်တာရှားသော်လည်း လုဝေ့ဝေ့ဘက်က တောင်းခံလာမှတော့ သူမလဲသည်းခံနေမည်မဟုတ်ပေ။
“နင်…” ကုနင်းက သူမကိုအထင်သေးသလိုပြောလာတာကြောင့် လုဝေ့ဝေ့ဒေါသထွက်သွားတော့သည်။ “ငါက လုမိသားစုကပဲ!”
“အဲ့တော့? ကျွန်မကလဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရဲ့ဘော့စ်ပဲ!”
“ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းလေးတစ်ခုက ငါတို့မိသားစုရဲ့ကြွယ်ဝမှုကို ယှဉ်နိုင်မတဲ့လား။” လုဝေ့ဝေ့ အထင်အမြင်သေးစွာပြန်ပြောလိုက်သည်။ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းအကြောင်း လုဝေ့ဝေ့ သိပ်မသိထားတာကြောင့် သူမစိတ်ထင် ထိုလုပ်ငန်းသည် ခေါင်းထဲထည့်စရာမလိုလောက်ဟုပင်။
“ဝေ့ဝေ့။” ထိုအခိုက်မှာတော့ လုဝေ့လီ ဝင်ဟန့်လာသည်။
ကျောက်စိမ်းကုမ္ပဏီတစ်ခုက သူတို့မိသားစု၏ကြွယ်ဝမှုကို မယှဉ်နိုင်တာမှန်သော်လည်း ထိုလုပ်ငန်း၏ဘော့စ်နှင့် ဆက်ဆံရေးဆိုးသွားလျှင်ကလဲ ကောင်းသည့်အရာမဟုတ်ပြန်ပေ။ ဘယ်လိုပဲဆိုဆို Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် အခုဆို ထန်မြို့ရှိ အကြီးမားဆုံးကျောက်စိမ်းတင်ပို့သူသုံးဦးထဲတွင် ပါဝင်နေပြီမဟုတ်လား။
ကုနင်းကိုတော့ လုဝေ့လီဂရုမစိုက်သော်လည်း သူမနောက်ကွယ်မှ ပိုင်ရှင်အစစ်အမှန်ကိုတော့ သူနည်းနည်းကြောက်မိသည်။
ကျန်းတချွမ်နှင့်ကျန်လူများကတော့ လုဝေ့ဝေ့၏ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းအပေါ် အမြင်ကိုနားထောင်ပြီး သူမတော်တော်လေးမိုက်မဲသည်ဟုသာ တွေးလိုက်မိကြသည်။ ထန်မြို့၏ကျောက်စိမ်းလုပ်ငန်းတွေကြားက ယှဉ်ပြိုင်မှု ဘယ်လောက်ပြင်းထန်ကြောင်း သူမသိပုံမရပေ။
“ဘာလဲ ငါပြောတာမှားလို့လား?” လုဝေ့ဝေ့ကတော့ သူမဘာမှမမှားဟုသာ တွေးနေသည်။
ကုနင်း ခပ်ဟဟရယ်လိုက်ကာ၊ “ဒါပေါ့၊ ရှင်ပြောတာမှန်ပါတယ်။ ကျောက်စိမ်းကုမ္ပဏီလေးတစ်ခုက ရှင့်မိသားစုရဲ့ကြွယ်ဝမှုကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို မတည်ထောင်ခင်ကတည်းက ဝမ်မိသားစုကို ဖျက်စီးခဲ့တာနော်။”
လုဝေ့ဝေ့အလွန်အံ့ဩသွားသလို လုဝေ့လီကတော့ ပိုလို့တောင် ထိတ်လန့်အံ့အားသင့်သွားလေသည်။ သူတို့ထိုသတင်းအကြောင်းကြားကြသော်လည်း မိန်းမငယ်လေးတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်းဟုတော့ မယုံကြည်နိုင်ပေ။
ဒါ့အပြင် ဝမ်မိသားစုပျက်စီးသွားရခြင်းအကြောင်းရင်းမှာ သူတို့မိသားစု၏မကောင်းမှုပေါင်းများစွာ ပေါ်ထွက်သွားခြင်းကြောင့်ဖြစ်သည်။ ဒါကြောင့် နိုင်ငံရေးလောကမှ ဝမ်မိသားစု၏ရန်သူများက ဖော်ထုတ်ခဲ့ခြင်းဖြစ်လောက်မည်ဟု သူတို့ထင်ခဲ့ကြလေသည်။
အခုတော့ဖြင့် ဝမ်မိသားစုကို ဖြုတ်ချလိုက်တဲ့လူက သူမပါလို့ ကုနင်းပြောလာပေပြီ။
“မဖြစ်နိုင်တာ!” လုဝေ့လီ လက်မခံနိုင်စွာ ထုတ်ပြောလိုက်သည်။
“ကျွန်မက ဝမ်မိသားစုရဲ့ရန်သူတွေကို နည်းနည်းပါးပါးကူညီပေးလိုက်ရုံပါ။ ဒီလောက်ပါပဲ။” ကုနင်းပြောရင်းပြုံးပြလိုက်ပုံက ကြောက်စရာကောင်းလှသည်။
သူမဘယ်လောက်စွမ်းဆောင်နိုင်ကြောင်း ထုတ်ကြွားလိုခြင်းကြောင့်မဟုတ်ဘဲ လုမိသားစုကို သတိပေးချင်ခြင်းသာဖြစ်သည်။ ဖြစ်နိုင်ရင် သူတို့နှင့်အငြင်းပွားဖို့ ကုနင်းအချိန်သိပ်မသုံးလိုပေ။
“သခင်လေးလု၊ ကျွန်မကတော့ လုမိသားစုနဲ့ရန်သူဖြစ်လာဖို့ စိတ်ကူးမရှိပါဘူး။ ဒါကြောင့် ရှင်လဲ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်ရင်ကောင်းမယ်။ ရှင်ကျွန်မကို တကယ်ပဲသဘောမတွေ့ဘူးဆိုရင်တော့ ရှင်နဲ့တစ်ပွဲလောက်ပြိုင်ကစားပေးဖို့ စိတ်မရှိပါဘူး။” ကုနင်း လုဝေ့လီကိုသတိပေးလိုက်ပြီးနောက် လုဝေ့ဝေ့ဘက်လှည့်သွားကာ၊ “မစ္စလု၊ ကျွန်မလူကို ဘယ်တော့မှ အကြည့်နဲ့တောင်ထပ်ပြီးမပစ်မှားနဲ့၊ မဟုတ်လို့ကတော့ ရှင့်လုပ်ရပ်အတွက် သေချာပေါက်နောင်တရသွားမယ်။”
လုဝေ့လီ ကြောင်အနေကာ ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။
“နင်…” လုဝေ့ဝေ့သည်တော့ အလွန်ဒေါသထွက်နေကာ ကုနင်းနှင့်ဆက်ပြီး ရန်ဖြစ်ချင်နေသေးသည်။
“ဝေ့ဝေ့၊ တော်တော့!”
လုဝေ့ဝေ့စကားမဆက်နိုင်ခင်မှာပဲ လုဝေ့လီက သူမကိုတားလိုက်သည်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ သူတို့ ကုနင်းနှင့်ပြဿနာမဖြစ်သင့်သေးပေ။
လုဝေ့ဝေ့ နှုတ်ခမ်းစူကာ မကျေနပ်ကြောင်းပြလိုက်သော်လည်း သူမအစ်ကိုစကားကိုတော့ မလွန်ဆန်ခဲ့ပေ။
“သွားကြရအောင်!” ကုနင်း ထိုနေရာတွင် ဆက်မနေချင်တော့တာကြောင့် ချက်ချင်းထွက်သွားကာ လင်ရှောင်းထင်လဲ လိုက်ပါသွားသည်။ ပြီးသည်နှင့် ကျန်းတချွမ်တို့အဖွဲ့လဲ ထွက်သွားကြသည်။
……
“ဝေ့ဝေ့၊ ဒါမျိုးထပ်မလုပ်နဲ့တော့။”
“နားလည်ပါတယ်။” လုဝေ့လီ၏စကားကို လုဝေ့ဝေ့ ပြန်ဖြေလိုက်ပေမည့် စိတ်ထဲမှာတော့ လင်ရှောင်းထင်ကို လက်မလျှော့နိုင်တုန်းပင်။
………
ကုနင်းနှင့်လင်ရှောင်းထင်တို့ စားသောက်ဆိုင်မှထွက်လာပြီးသည်နှင့် ပထမထပ်မှကျောက်ရိုင်းဆိုင်များဆီသို့ သွားကြည့်ကြသည်။
ရင်ပြင်အလယ်ရှိစင်များနှင့်ယှဉ်လျှင် ဆိုင်တွေက ပိုနည်းတာကြောင့် ကျောက်ရိုင်းများကြည့်ဖို့ သူတို့အတွက် အချိန်သိပ်မယူရပေ။ ဆိုင်တစ်ဆိုင်တိုင်းစီတွင် ကျောက်ရိုင်းတုံး ၁၀၀-၂၀၀လောက်သာရှိကြသည်။
ဒါ့အပြင် ဆိုင်များရှိကျောက်ရိုင်းတုံးများထဲတွင်က အဆင့်မြင့်ကျောက်စိမ်းရနိုင်ချေပိုမြင့်လေသည်။
ထိုကျောက်ရိုင်း ၁၀၀-၂၀၀ထဲတွင် အလယ်အမြင့်ဆင့်ကျောက်စိမ်း ငါးတုံးထက်မနည်းရှိနိုင်ချေများသည်။
***
အခန်း ၁၀၆၉ Rနိုင်ငံမှလူများနှင့်ပြဿနာတက်ခြင်း
၇ဆိုင်လောက်လှည့်ပတ်ကြည့်ပြီးနောက်မှာတော့ ကုနင်းလက်ထဲတွင် ကျောက်စိမ်းကောင်းပါရှိသည့် ကျောက်ရိုင်းတုံး၃၀ကျော်ရှိနေပြီဖြစ်သည်။ တကယ်တော့ ဆိုင်ခန်းများထဲမှ ကျောက်ရိုင်းတော်တော်များများတွင် ကျောက်စိမ်းပါရှိကြသော်လည်း ကျန်းတချွမ်ရွေးထားပြီးသား ကျောက်စိမ်းရိုင်းများနှင့် တိုက်နေတာကြောင့် ၎င်းနံပါတ်များကို ကုနင်းချမရေးခဲ့ခြင်းဖြစ်သည်။
ကျန်းတချွမ်အတွက် ကျောက်ရိုင်းကောင်းတချို့ ကုနင်းဘက်က လိုလိုလားလား ချန်ထားပေးဖို့ ဆန္ဒရှိလျှင်တောင်မှ ထိုကျောက်ရိုင်းအားလုံးကို သူရနိုင်မလားဆိုတာကတော့ သူ့ကံအပေါ်မှာသာမူတည်ပေသည်။
ကျန်းတချွမ် ချရေးထားခဲ့သည့်ကျောက်ရိုင်းတုံးနံပါတ်တွေက နည်းပါးလှတာကြောင့် ကုနင်းတွင် ရွေးချယ်စရာများစွာ ကျန်ရှိနေတုန်းပင်။
တခဏအကြာမှာတော့ ကုနင်းထံသို့ ကျီပိုင်ယင်းဖုန်းဆက်လာခဲ့သည်။ ကျီပိုင်ယင်းက သူမအခုပဲ ရန်ကုန်၊ မြန်မာနိုင်ငံသို့ရောက်ပြီဖြစ်၍ ကုနင်း ကျောက်စိမ်းလေလံပွဲ၏ဘယ်နေရာလောက်တွင် ရှိနေလဲဆိုသည်ကို လှမ်းမေးခြင်းဖြစ်သည်။
ကုနင်းဆီမှ နေရာအတိအကျသိရသည်နှင့် ကျီပိုင်ယင်းလဲ သူမနှင့်တွေ့ဖို့ရန် လာခဲ့တော့သည်။
ရန်ကုန်သည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော်လည်း အရမ်းကျယ်သည့်အထဲတော့မပါတာကြောင့် ကျီပိုင်ယင်း ပွဲကျင်းပရာရင်ပြင်သို့ရောက်ရန် နာရီဝက်သာအချိန်ယူလိုက်ရသည်။ သူမနှင့်အတူ မန်တနှင့်နန်သည်လဲ ပါလာခဲ့သည်။
ကျီပိုင်ယင်းတွင် ဖိတ်ကြားလွှာမရှိသော်လည်း ကျီမိသားစုအတွက် ဖိတ်ကြားလွှာတစ်စောင်လောက်ရဖို့က မခက်ခဲပေ။ ဒါကြောင့် မကြာလိုက်ပါဘဲ ကျီပိုင်ယင်းလက်ထဲတွင် ဖိတ်ကြားလွှာတစ်စောင်နှင့်အတူ ရင်ပြင်ထဲသို့ဝင်ရောက်လာခဲ့တော့သည်။
“ကုနင်း၊ ငါဒီမှာ!” ကုနင်းကိုမြင်သည်နှင့် ကျီပိုင်ယင်း စိတ်လှုပ်ရှားစွာ လှမ်းအော်လိုက်သည်။
“မင်္ဂလာပါ၊ မစ္စတာလင်၊ မစ္စကု။” မန်တနှင့်နန်တို့ကလဲ နှုတ်ဆက်လာကာ ကုနင်းနှင့်လင်ရှောင်းထင်လဲ ခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်သည်။
“ဟိုင်း၊ ရှောင်းထင်!” ကုနင်းကို နှုတ်ဆက်ပွေ့ဖက်ပြီးသည်နှင့် ကျီပိုင်ယင်း ပြုံးရယ်ရင်း လင်ရှောင်းထင်ကိုပါ နှုတ်ဆက်လိုက်သည်။ လင်ရှောင်းထင်ကို အရင်ကသဘောကျခဲ့ဖူးသည့်အတွက်ကြောင့်နှင့် သူမရှက်ကိုးရှက်ကန်းဖြစ်မနေပေ။
ကျီပိုင်ယင်းသည် ထက်မြက်ကာ သဘောကောင်းသည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။ လင်ရှောင်းထင်ကို သူမသဘောကျခဲ့တယ်ဆိုတာကလဲ လင်ရှောင်းထင်သည် သူနှင့်သက်တူရွယ်တူများကြားတွင် အထူးချွန်ဆုံးလူငယ်တစ်ယောက်ဖြစ်နေခြင်းကြောင့်သာဖြစ်ပြီး သူတို့အချင်းချင်းကတော့ တစ်ယောက်အကြောင်းတစ်ယောက် အနည်းအကျဉ်းသာသိကြသည်။ ဒါ့အပြင် ကုနင်းသည် အခုဆို ကျီပိုင်ယင်း၏အခင်ဆုံးသူငယ်ခြင်းဖြစ်နေပြီဖြစ်ကာ ဒီလိုသူငယ်ချင်းကောင်းမျိုးကို ကျီပိုင်ယင်း အဆုံးရှုံးမခံနိုင်ပေ။
“ဟိုင်း။” လင်ရှောင်းထင်လဲ ပြန်နှုတ်ဆက်လိုက်သည်။
“ကုနင်း၊ ဒီရင်ပြင်ထဲက ကျောက်ရိုင်းတုံးတွေကို နင်ဘယ်လိုထင်လဲ?”
“အမ်.. ငါထပ်ကြည့်ဖို့ ဆိုင်ခန်းဒါဇင်ကျော်လောက်ကျန်လောက်သေးတယ်ဆိုပေမယ့် ငါ့လက်ထဲမှာ အရည်အသွေးမြင့်ကျောက်စိမ်းပါတဲ့ကျောက်ရိုင်းတော်တော်များများတော့ ရောက်နေပါပြီ။”
“အိုး၊ ကောင်းလိုက်တာ၊ ဒါဆိုလဲ နင်ဆက်ကြည့်လေ ငါမနှောင့်ယှက်တော့ဘူး။” ကျီပိုင်ယင်းသည် ကျောက်အလောင်းအစားလုပ်သည့်အကြောင်း ဘာဆိုဘာမှမသိဘဲ အပျော်သဘောဖြင့်သာ လာလည်ခြင်းဖြစ်သည်။
“ကောင်းပြီလေ။” ထို့နောက် ကုနင်းက ဦးဆောင်ကာထွက်သွားသည်။ ကျီပိုင်ယင်းလဲ ကုနင်းနောက်လိုက်သွားသလို တခါတရံတွင်လဲ သူမဘာသာလျှောက်ပတ်ကြည့်တတ်သေးသည်။
တကယ်တော့ ကျီရှောက်မင်နှင့် ကျီပိုင်ယင်း၏ဖခင်တို့က အစပိုင်းတွင် သူမ ကျောက်စိမ်းလေလံပွဲသို့သွားမည်အား ခွင့်မပြုခဲ့ပေ။ မြန်မာနိုင်ငံသည်က တည်ငြိမ်အေးချမ်းခြင်းမရှိသလို ဘေးကင်းလုံခြုံမှုလဲမရှိပေ။ သို့သော်လည်း ကျီပိုင်ယင်းက မြန်မာတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ရှိနေမည်ဖြစ်ကြောင်း ပြောလာတာကြောင့် နောက်ဆုံးမှာတော့ ကျီရှောက်မင်နှင့် သူမအဖေတို့ သဘောတူပေးလိုက်ကြတာဖြစ်သည်။
ကုနင်းကိုတော့ သူတို့မရင်းနှီးသော်လည်း လင်ရှောင်းထင်နှင့်တော့ဖြင့် အတော်လေးရင်းနှီးမှုရှိထားပြီးဖြစ်သည်။
ကျီပိုင်ယင်းကိုယ်တိုင်ကလဲ အားနည်းသည့်မိန်းကလေးမဟုတ်သလို သူမဘေးတွင်လဲ အထူးကျွမ်းကျင်သက်တော်စောင့်နှစ်ယောက်လဲ ရှိနေသေးသည်။ လင်ရှောင်းထင်၏ကူညီစောင့်ရှောက်ပေးမှုဖြင့်သာဆိုလျှင် သူမသေချာပေါက် ဘေးကင်းနေမည်သာ။
ကျီပိုင်ယင်း၏ဖခင်သည် အခုဆို နေပြန်ကောင်းနေပြီဖြစ်သည်။ သူတို့ကိုဆေးပေးခဲ့သူက လင်ရှောင်းထင်ဆိုသော်လည်း ထိုဆေး၏အရင်းဇစ်မြစ်က ကုနင်းထံမှဖြစ်တာကြောင့် ကုနင်းအပေါ် အထူးကျေးဇူးတင်နေခဲ့ကြသည်။
သို့သော်လည်း ကျီပိုင်ယင်းကတော့ ကုနင်းနှင့်တွေ့ပြီးလို့ မကြာခင်မှာပဲ တစ်ယောက်ယောက်နှင့် ပြဿနာတက်တော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ထိုပြဿနာထဲတွင် ကုနင်း၏ရန်သူများဖြစ်သည့် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့လဲ ပါဝင်နေသည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့သည်လဲ ယနေ့ကျောက်စိမ်းလေလံပွဲတွင်ရှိနေကြပေမည့် ကျီပိုင်ယင်းကတော့ သူတို့နှင့်အရင်ကတည်းက ကတောက်ကဆဖြစ်ဖူးခြင်းမရှိပေ။
ပြဿနာကတော့ အမျိုးသားတစ်ယောက်က ရင်ပြင်ထဲရှိ ကျပ်သိပ်လှသည့်လူများအကြားတွင် အမျိုးသမီးတစ်ယောက်၏ခန္ဓာကိုယ်ကို မတော်တဆ ပွတ်တိုက်မိသွားခြင်းကြောင့်ဖြစ်သည်။ ဒီနေ့လို လူများလွန်းသည့်အချိန်မျိုးတွင် ထိုသို့ဖြစ်ရပ်မျိုးက မရှောင်လွှဲနိုင်သော်လည်း အမျိုးသမီးကတော့ ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ကာ အမျိုးသားကို အားဖြင့် တွန်းပစ်ခဲ့သည်။ သူမ၏အားကိုကြည့်ရုံဖြင့် သာမာန်အမျိုးသမီးတစ်ယောက်မဟုတ်ကြောင်း သိသာလှကာ အမျိုးသားကတော့ ဟန်ချက်မထိန်းနိုင်ဘဲ ကျောက်ရိုင်းတုံးပုံပေါ်သို့ ပစ်လဲကျသွားတော့သည်။
မာကျောသည့်ကျောက်တုံးပုံကြီးပေါ်သို့ ခြေလွတ်လက်လွတ်လဲကျခြင်းက သေချာပေါက်နာကျင်ရမည်ဖြစ်ကာ အမျိုးသား၏ကျောမှ သွေးများစိမ့်ထွက်လာတော့သည်။
ထိုအမျိုးသားတမင်ထိခဲ့ခြင်းမဟုတ်မှန်း ကျီပိုင်ရင်းသတိထားမိကာ အမျိုးသမီးဘက်ကတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တာကြောင့် သူမဒေါသထွက်သွားတော့သည်။ အထူးသဖြင့် ထိုအမျိုးသမီးသည် Rနိုင်ငံမှဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူမဒေါသများကို မထိန်းချုပ်နိုင်တော့ပေ။
Rနိုင်ငံမှလူများကို ကျီပိုင်ယင်းလဲ မုန်းတီးပေသည်။
ထိုအမျိုးသမီး၏လွန်လွန်ကဲကဲတုံ့ပြန်မှုကို သူမမျက်မြင်တွေ့ပြီးမှတော့ မဆိုင်သလိုမနေနိုင်တော့ပေ။
ဒါကြောင့် အမျိုးသား သူ့ဘာသာမတ်တပ်ပြန်ထပြီးသည်နှင့် ကျီပိုင်ယင်း ပြေးဝင်သွားကာ အမျိုးသမီးကို အစောကကျောက်ရိုင်းပုံပေါ်ကိုပဲ တွန်းချပစ်လိုက်သည်။
ထိုအမျိုးသမီးလဲ ထပ်တူညီသည့်နာကျင်မှုကို ခံစားရစေရန် သူမတမင်ဝင်တွန်းလိုက်ခြင်းဖြစ်သည်။
အမျိုးသမီးသည်လဲ ရုတ်တရက်လဲကျသွားရခြင်းကြောင့် အတော်လေးနာကျင်သွားရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဘဲ သူမသည် ကိုယ်ခံပညာတတ်ကျွမ်းသူဖြစ်တာကြောင့် သာမာန်လူများထက်ပိုမိုသန်မာကာ ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိခဲ့ပေ။
“မစ္စယာမဂုချီ!”
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့လဲ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
နောက်တစ်စက္ကန့်မှာပဲ အမျိုးသမီးဘေးတွင်ရပ်နေသည့်သန်မာသည့်အမျိုးသားက ကျီပိုင်ယင်းကိုထိုးနှက်ဖို့ရန် ပြေးထွက်လာတော့သည်။
ချက်ချင်းမဆိုင်းပင် မန်တက ရှေ့ထွက်တိုက်ခိုက်လိုက်သည်။
Rနိုင်ငံမှအမျိုးသားက မန်တနှင့်တိုက်ခိုက်နေချိန်တွင် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ မစ္စယာမဂုချီပြန်ထနိုင်အောင် ထူပေးနေခဲ့သည်။ သူမဒဏ်ရာက မပြင်းထန်သော်လည်း နာကျင်ရမြဲဖြစ်၍ ကျီပိုင်ယင်းကို တစ်စစီဆွဲဖြဲပစ်တော့မလိုအကြည့်များဖြင့် စိမ်းစိမ်းဝါးဝါးကြည့်နေတော့သည်။
မိနစ်အနည်းငယ်အကြာမှာပဲ Rနိုင်ငံမှလူက မန်တကိုရှုံးနိမ့်သွားကာ သူက မန်တ၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း နားလည်၍ ကျီပိုင်ယင်းဘက်သို့သာလှည့်ပြီး ကြိမ်းမောင်းတော့သည်။
“မင်းဘာလုပ်တာလဲ? ဘာလို့ သူ့ကိုတွန်းတာလဲ?”
“အဲ့ဒီအတွက် ဒီမစ္စကအရင် အပြစ်မဲ့တဲ့အမျိုးသားကို ကျောက်ရိုင်းပုံပေါ်တွန်းချရလဲဆိုပြီး မေးသင့်တာမဟုတ်ဘူးလား။” ကျီပိုင်ယင်းဘက်ကတော့ ခပ်အေးအေးပင်။
***
အခန်း ၁၀၇၀ ရှိုးတ မီနမီနို
အမျိုးသားမှာ ဒေါသထွက်သွားကာ သူကတော့ အမျိုးသမီး၏အမှားဟု လုံးဝမထင်ပေ။ “သူ့ထိုက်နဲ့သူ့ကံပဲလေ။ သူအရင် အာယုမီကို ဝင်တိုက်ခဲ့တာ!”
“သူတမင်လုပ်တာမှမဟုတ်ဘဲ။ ရင်ပြင်ထဲ ဒီလောက်လူတွေကျပ်သိပ်နေတာကို။ ရှင်မမြင်ဘူးလား?” ကျီပိုင်ယင်းဘက်ကလဲ မခံပေ။
Rနိုင်ငံမှအမျိုးသားနှင့်အမျိုးသမီးသည် အမှန်ကိုရိုင်းစိုင်းတာကြောင့် အနားရှိလူအများစုကလဲ ကျီပိုင်ယင်းဘက်မှသာ ထောက်ခံကြသည်။
အမျိုးသားမှာ အလွန်ဒေါသထွက်နေပေမည့် မန်တနှင့်တော့ထပ်ပြီး ယှဉ်မတိုက်ရဲတော့ပေ။
ထိုအချိန်မှာပဲ ဆူညံသံများကိုကြားပြီး ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်ရှိလာကြသည်။
ကုနင်းကတော့ ချီကျီယွဲ့နှင့်ထန်ယရှင်းကို မြင်သည်နှင့် စိတ်မကြည်မသာဖြစ်သွားသော်လည်း သူမ၏ခံစားချက်ကိုတော့ အမူအရာမပေါ်လွင်စေပေ။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့သည်လဲ ကုနင်းကိုမြင်ကာ အံ့ဩသွားကြသည်။ တကယ်တော့ သူမကိုတွေ့ရသည့်အတွက် ချီကျီယွဲ့ဝမ်းသာသွားသော်လည်း ဘေးနားကလင်ရှောင်းထင်ကိုမြင်သွားချိန်မှာတော့ ဝမ်းနည်းစိတ်အနည်းငယ်လွှဲခြုံသွားသည်။
လင်ရှောင်းထင်ကို သူမမှတ်မိတာကြောင့် လင်ရှောင်းထင်သည် လင်မသားစုဝင်တစ်ဦးဖြစ်မှန်း မသိသော်လည်း ကုနင်း၏ဘေးတွင် ဒီလောက်ခန့်ညားချောမောသည့်လူတစ်ယောက်ရှိနေသည်အား မြင်ရသည်ကိုတော့ မုန်းတီးနေစဲဖြစ်သည်။ ဒီလူက ကုနင်း၏ချစ်သူများဖြစ်နေမလားဟုလဲ သူတွေးနေမိသည်။
ထိုသို့အတွေးများနေရင်းဖြင့် ကုနင်းကိုတွေ့ရသည်ကိုပင် မပျော်ရွှင်နိုင်တော့ဘဲ နှုတ်တောင်မဆက်တော့ပေ။
ချီကျီယွဲ့သည် အမှန်ကိုတစ်ကိုယ်ကောင်းဆန်သူဖြစ်သည်!
ထန်ယရှင်းကတော့ အရင်ကတည်းက ကုနင်းကိုအလိုလိုနေရင်းမုန်းနေသူဖြစ်တာကြောင့် သေချာပေါက်လျစ်လျူရှုထားလေသည်။
“ပိုင်ယင်း၊ ဘာဖြစ်နေတာလဲ?” ကုနင်း အနားကိုလျှောက်သွားကာ မေးလိုက်သည်။
ဒီလိုနဲ့ကျီပိုင်ယင်းလဲ အဖြစ်အပျက်များကို ကုနင်းအားပြန်ပြောပြခဲ့ကာ ကုနင်းသည်လဲ ကျီပိုင်ယင်းလုပ်ရပ်က မှန်သည်ဟု တွေးမိသည်။ ဒီလိုကိစ္စမျိုး သူမမြင်တွေ့ခဲ့လျှင်လဲ သေချာပေါက် ကျီပိုင်ယင်းလို တုံ့ပြန်မိမှာပင်။
သို့သော်လည်း ဤနေရာတွင် ပြဿနာဖြစ်ဖို့က မသင့်တော်လှတာကြောင့် ကုနင်းဝင်ဖြန်ဖြေလိုက်သည်။ “ဒီနေရာမှာ စကားများတာ ရန်ဖြစ်တာတွေလုပ်ဖို့မသင့်ဘူး၊ မဟုတ်ရင် ငါတို့အားလုံး ပွဲရှင်နှင်ထုတ်တာခံရလိမ့်မယ်။”
ကုနင်း၏စကားကို ကျီပိုင်ယင်းနားလည်လက်ခံတာကြောင့် ထိုလူများနှင့်ဆက်ပြီး အချင်းမများနေတော့ပေ။
Rနိုင်ငံမှအမျိုးသားနှင့်အမျိုးသမီးကတော့ ကျီပိုင်ယင်းကို အလွတ်မပေးလိုသော်လည်း နှင်ထုတ်မခံလိုက်တာကြောင့် ကုနင်းစကားအတိုင်းသဘောတူလိုက်သည်။
အခုချက်ချင်း ဒီနေရာမှ ပြဿနာဖြစ်လို့မရနိုင်ဘူးဆိုရင်တောင် နောင်တစ်ချိန် တခြားတစ်နေရာမှာပါ ဘာမှမလုပ်တော့ဘူးလို့တော့ မဆိုပေ။
ကုနင်း ကျောမှသွေးထွက်နေစဲဖြစ်သည့် အမျိုးသားကိုကြည့်လိုက်ကာ၊ “မန်တ၊ သူ့ကို ဒီဘက်ခေါ်လာပေးပါလား။”
“ဟုတ်ကဲ့ပါ။” မန်တလဲ ဒဏ်ရာရထားသည့်အမျိုးသားကိုတွဲကာ ကုနင်းဆီသို့ခေါ်သွားလိုက်သည်။
ကုနင်း ကျောပိုးအိတ်ထဲမှ ဆေးတစ်ပုလင်းကိုထုတ်ကာ စွမ်းအင်သလင်းကျောက်တစ်လုံးကို ထုတ်ယူလိုက်ပြီး အမျိုးသားကိုသောက်ခိုင်းလိုက်သည်။ ထို့နောက် ထိုအမျိုးသားအနားယူနိုင်ရန် တိတ်ဆိတ်သည့်နေရာတစ်ခုကိုခေါ်သွားပေးဖို့ မန်တကိုပြောလိုက်ကာ သူမကတော့ သူငယ်ချင်းများနှင့်အတူထွက်သွားတော့သည်။
ကုနင်းတို့ထွက်သွားသည်နှင့် ချီကျီယွဲ့၊ထန်ယရှင်း၊ Rနိုင်ငံမှအမျိုးသားနှင့်အမျိုးသားတို့သည်တော့ အတွေးကိုယ်စီနှင့်ကျန်ရစ်ခဲ့လေသည်။
“သေစမ်း၊ သူတို့ကများ ငါ့ကိုဒီလိုမျိုးဆက်ဆံရဲတယ်!” အာယုမီ ယာမဂုချီ၏အမူအရာက အလွန်ကြည့်ရဆိုးနေလေသည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ အကြည့်ချင်းသာဖလှယ်လိုက်ကြသည်။ သူမအမူအရာကိုကြည့်ရုံဖြင့် သေချာပေါက် ပြန်လက်စားချေလောက်မည်မှန်း သေချာနေသော်လည်း သူတို့ကတော့ ဝင်တားခြင်းမရှိပေ။
သူတို့ထန်မိသားစု Rနိုင်ငံ၏ဈေးကွက်ထဲဝင်ရောက်နိုင်ဖို့ရန်က မီနမီနိုမိသားစုအပေါ် မူတည်နေပေသည်။
မီနမီနိုမိသားစုသည် Rနိုင်ငံတွင် အရာရောက်သည့်မိသားစုတစ်ခုဖြစ်ကာ ရှိုးတမီနမီနိုင်ကတော့ အမွေဆက်ခံသူဖြစ်သည်။ ရှိုးတမီနမီနိုသာ သူတို့ကိုကူညီပေးလိုသ၍ Rနိုင်ငံဈေးကွက်ထဲသို့ဝင်ရောက်ဖို့ မခက်လှပေ။
“အာယုမီ၊ စိတ်မပူပါနဲ့။ မင်းအတွက် သူတို့ကိုသေချာပေါက် ပြန်လက်စားချေပေးမယ်။” ရှိုးတမီနမီနိုပြောလိုက်သည်။
သူက အာယုမီယာမဂုချီကို သဘောကျနေသူဖြစ်တာကြောင့် သူမအခုလိုထိခိုက်သွားသည်က မြင်ရခြင်းက သူ့နှလုံးသားကိုပင် နာကျင်စေသည်။
သို့သော်လည်း အာယုမီယာမဂုချီကတော့ ရှိုးတမီနမီနိုသည် ကြည့်မကောင်းခြင်းကြောင့် သဘောမကျသော်လည်း ငြင်းဆန်ခြင်းလဲမရှိပေ။ တကယ်တမ်း ရှိုးတမီနမီနိုသည် အာယုမီယာမဂုချီအတွက် အရံအစီစဉ်သာဖြစ်သည်။
ရှိုးတမီနမီနိုကလဲ ထိုအချက်ကိုသိကာ အရံလူအဖြစ်လိုလိုလားလားရှိနေပေးလေသည်။
သူတို့တွေက တရားဝင်ချစ်သူစုံတွဲမဖြစ်ကြသေးသော်လည်း ချစ်သူစုံတွဲများလုပ်သမျှ ကိစ္စအဝဝကို လုပ်ဆောင်ဖူးပြီးသားဖြစ်သည်။ ဒါကြောင်ပဲ ရှိုးတမီနမီနိုက အာယုမီယာမဂုချီ သူ့ကိုချစ်သူအဖြစ်မသတ်မှတ်တာတောင် ရေးကြီးခွင်ကျယ်သဘောမထားတာဖြစ်သည်။
“တာကူယာ၊ သူတို့နောက်လိုက်သွား၊ သူတို့ဘယ်မှာနေလဲ ငါသိချင်တယ်။ သတိမထားမိသွားအောင်တော့ ဂရုစိုက်။” ရှိုးတမီနမီနိုင်က သူ့ဘေးမှလူငယ်ကိုပြောလိုက်သည်။
ထိုလူငယ်ကတော့ အခုပဲ မန်တနှင့်တိုက်ခိုက်ခဲ့သူဖြစ်ကာ မန်တတို့အဖွဲ့အားမနည်းကြောင်းလဲ သိနေပြီဖြစ်သည်။
“ဟုတ်ကဲ့၊ နားလည်ပါပြီ။”
အာယုမီယာမဂုချီက ဒဏ်ရာရနေတာကြောင့် ပြန်အနားယူဖို့လိုအပ်နေသည်။
မီနမီနိုမိသားစုသည် လက်ဝတ်ရတနာလုပ်ငန်းတွင်ပါဝင်သော်လည်း ကျောက်စိမ်းလက်ဝတ်ရတနာသည် သူတို့မိသားစုလုပ်ငန်၏တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ကာ သူတို့သည်လဲ ကျောက်ရိုင်းအကြောင်းများများစားစားမသိပေ။ သူတို့ ဒီပွဲကိုတက်ရောက်သည်က တတိယနေ့လေလံပွဲအတွက်သာဖြစ်သည်။
ကျောက်စိမ်းလေလံပွဲ၏ပထမနေ့နှင့်ဒုတိယနေ့က သူတို့အတွက် အရေးမကြီးလှပေ။
ဒါကြောင့် ရှိုးတမီနမီနိုလဲ အာယုမီယာမဂုချီနှင့်အတူ ဟိုတယ်သို့ပြန်သွားကာ ထန်ယရှင်းနှင့်ချီကျီယွဲ့လဲ လိုက်ပါသွားသည်။
သူတို့က ရှိုးတမီနမီနို၊ အာယုမီယာမဂုချီတို့နှင့် တစ်ဖွဲ့တည်းအတူလာခြင်းဖြစ်တာကြောင့် သူတို့ဘာသာနေခဲ့ဖို့မသင့်လှပေ။
…..
ကုနင်း သိပ်မကြာလိုက်ခင်မှာပဲ သူမတို့နောက်တစ်ယောက်ယောက်လိုက်နေကြောင်း သတိပြုမိသွားကာ ထိုလူကို ရှိုးတမီနမီနိုပို့လိုက်ခြင်းဖြစ်မည်မှန်းလဲ သိနေသည်။
ထိုလူ သူမတို့နောက်လိုက်ပြီး ဘာတွေများလုပ်မလဲသိချင်မိတာကြောင့် မဖော်ထုတ်လိုက်ပေ။
တကယ်တော့ ကုနင်းက လက်ရှိပြဿနာထဲတွင် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့လဲပါဝင်နေတာကြောင့် ပြဿနာကိုပိုကြီးအောင်လုပ်ဖို့ စိတ်ကူးထားတာဖြစ်သည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့က Rနိုင်ငံကလူတွေနဲ့တစ်ဖွဲ့တည်းဖြစ်နေမှတော့ သူတို့အားလုံးကို တစ်ခါတည်းသင့်ခန်းစာကောင်းကောင်းပေးပစ်ဖို့ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်သင့်သည်ဟု ကုနင်းတွေးနေလေသည်။
သူတို့တွေ ဒုက္ခရောက်မည်အားကြည့်ရဖို့ သူမစိတ်အားထက်သန်နေမိတော့သည်။
***