အခန်း (၁၀၇၁-၁၀၇၄)
Vol. 72 Ch. 1071-1075
အခန်း ၁၀၇၁ အထူးကျွမ်းကျင်မှု
ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပဖို့ရန်က တစ်လပဲလိုတော့တာကြောင့် ကုနင်းလဲ မကြာခင်အချိန်အတွင်း မြို့တော်တွင်နေရတော့မည်ဖြစ်သည်။ မြို့တော်သို့ရောက်ပြီဆိုသည်နှင့် သူမ၏ထန်မိသားစုကိုတိုက်ခိုက်မည့် အစီအစဉ်အားစတင်မည်ဖြစ်တာကြောင့် ထန်ပင်းစန်၏ ငြိမ်းချမ်းလှသည့်နေ့ရက်များက ကြာရှည်ခံတော့မည်မဟုတ်ပေ။
အစောပိုင်းက အချေအတင်ဖြစ်ခဲ့မှုကြောင့် ကျီပိုင်ယင်းတစ်ယောက်တည်း လျှောက်မသွားရဲတော့ဘဲ ကုနင်းနောက်မှကပ်၍သာလိုက်နေတော့သည်။
သိပ်မကြာခင်မှာပဲ ကုနင်းတစ်ယောက် ကျောက်ရိုင်းနံပါတ်များကို အရှိန်နှင့်ချရေးနေသည်အား ကျီပိုင်ယင်းသတိထားမိသွားကာ သိချင်စိတ်ဝင်လာတော့သည်။ ကျောက်အလောင်းအစားအကြောင်း သူမအနည်းအကျဉ်းမျှသာသိထားသော်လည်း ဤနေရာသို့လာကြသည့်လူအများစုသည် ကျောက်ရိုင်းနံပါတ်တစ်ခုကိုချမရေးခင် အချိန်ကြာရှည်စွာ လေ့လာစူးမ်းမှုများပြုလုပ်နေကြသည်ကိုတော့ သတိထားမိနိုင်သေးသည်။ ကုနင်းကတော့ဖြင့် တစ်ချက်လေးတောင် အချိန်မဆွဲပဲ နံပါတ်တွေတစ်ခုပြီးတစ်ခုချရေးနေလေသည်။
“ကုနင်း၊ နင်ဘယ်လိုလုပ်ဒီလောက်မြန်နေတာလဲ?” ကျီပိုင်ယင်း နားမလည်ခြင်းများစွာဖြင့် မေးလိုက်တော့သည်။
“ဒါက ငါ့အထူးကျွမ်းကျင်မှုပဲလေ။”
“ဘယ်လိုမျိုးလဲ?”
“ပြောပြလို့မရဘူး။”
မကြာခင်မှာ ကုနင်း ဆိုင်ခန်းပေါင်းဒါဇင်ကျော်ကို လှည့်ပတ်ကြည့်ရှုလို့ပြီးသွားပေသည်။
အရည်အသွေးမြင့်ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းပေါင်း၁၅၀နီးပါးကိုလဲ သူမရေးမှတ်နိုင်ခဲ့သေးသည်။
မနက်ပိုင်း စင်တွေပေါ်ကရွေးခဲ့သည့်ကျောက်ရိုင်းတွေကိုပါ ထည့်ပေါင်းလိုက်လျှင် ကျောက်ရိုင်းပေါင်း၅၀၀ကျော်မျှ သူမရရှိနေပြီဖြစ်သည်။ ကျောက်ရိုင်းတုံးအရွယ်အစားတွေက အမျိုးမျိုးဖြစ်ကာ စုစုပေါင်းလိုက်လျှင်တော့ ယွမ်၁ဘီလီယံကျော်တော့ ကျသွားပေမည်။
သူမမှတ်ထားခဲ့သမျှ ကျောက်ရိုင်းတိုင်းကို လေလံအောင်ပါ့မလားကို ကုနင်းမသေချာသော်လည်း အနည်းဆုံး၉၀ရာခိုင်နှုန်းလောက်တော့ရမည်ဟု ယုံကြည်ချက်ရှိသည်။
ထို့နောက် ကုနင်းလဲ သူမအတွက် လေလံစာရွက်တွင် စာရင်းဖြည့်ကူပေးဖို့ရန် လင်ရှောင်းထင်ကို အကူအညီတောင်းလိုက်သည်။ ဖြည့်စရာရှိသည်များဖြည့်ပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ လေလံစာရွက်များကို လေလံပုံးထဲသို့ထည့်လိုက်ကြသည်။
…….
သူမတို့ ကျောက်စိမ်းလေလံပွဲ၌ လုပ်စရာရှိသည်များပြီးစီးချိန်တွင် ညနေ၃နာရီမျှသာရှိသေးကာ ရင်ပြင်ထဲတွင်တော့ လူအများစုက အလုပ်ရှုပ်နေကြစဲဖြစ်သည်။
ဝန်ထမ်းတော်တော်များများကလဲ သူမတို့၏အလျင်ကြောင့် အံ့ဩနေကြကာ အပျော်သဘော လာရောက်ခြင်းဟုပင် တွေးနေမိကြသည်။ ကျောက်ပွဲကိုလာသည့်လူတိုင်း သူတို့လိုချင်သည့်ကျောက်ရိုင်းကို ရှာတွေ့တတ်ကြသည်မှမဟုတ်ဘဲ။
ထို့နောက်တွင်တော့ ကုနင်းတို့အဖွဲ့ ရင်ပြင်မှ ထွက်ခဲ့ကြသည်။
“တော်တော်စောနေသေးတယ်။ ငါတို့ ကျောက်ရိုင်းလမ်းကိုသွားကြည့်ကြရင်မကောင်းဘူးလား?” ကုနင်း နောက်ထပ်ကျောက်ရိုင်းကောင်းတွေ ရရှိနိုင်မည့်အခွင်းကောင်းကို လက်မလွတ်ချင်ပေ။
ကျောက်ရိုင်းလမ်းမှကျောက်စိမ်းရိုင်းတုံးများသည် ကျောက်စိမ်းလေလံပွဲကျင်းပရာရင်ပြင်ထဲမှ ကျောက်ရိုင်းများလောက် မကောင်းသော်လည်း ကျောက်စိမ်းရှာတွေ့နိုင်ချေတော့ရှိနေသေးတုန်းပင်။
“ကောင်းသားပဲ!” ကျီပိုင်ယင်း ပျော်ရွှင်သွားသည်။ သူမက အစကတည်းက ဒီနေရာကို အပျော်သဘောလာခဲ့ခြင်းဖြစ်တာကြောင့် မငြင်းခဲ့ပေ။
အားလုံးကိုယ့်ကားဖြင့်ကိုယ်လာခဲ့ခြင်းမဟုတ်၍ တက္ကစီသာငှားလိုက်ကြသည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့က တစ်စီး၊ ကျီပိုင်ယင်းနှင့် သူမ၏သက်တော်စောင့်နှစ်ယောက်က တစ်စီးဖြင့် ကျောက်ရိုင်းလမ်းသို့ သွားခဲ့ကြသည်။
ကျောက်ရိုင်းလမ်းသို့ရောက်ချိန်မှာတော့ လူတော်တော်များနေလေသည်။
လူတိုင်း ကျောက်စိမ်းလေလံပွဲသို့ ဖိတ်ကြားခံရခြင်းမဟုတ်သလို ငွေအမြောက်အမြားပုံပေး၍ ပွဲထဲဝင်ချင်သည့်လူကလဲ သိပ်မများတာကြောင့် ကျောက်ရိုင်းလမ်းကသာ အများစုအတွက် ရွေးချယ်ရာဖြစ်သွားသည်။
ပထမဆုံးအနေနှင့် ကုနင်း အခုဝယ်ဖြစ်မည့်ကျောက်ရိုင်းတုံးများကို သိုလှောင်ဖို့ရန် ဆိုင်ခန်းတစ်ခန်းငှားဖို့လိုပေသည်။ ဒီလိုသာဆို ကျောက်ရိုင်းများကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ လျှို့ဝှက်ကာထည့်၍လဲရမည်။
ကျောက်ရိုင်းလမ်းတွင် ကုန်လှောင်ရုံငယ်လေးတစ်ခုငှားရမ်းဖို့က မခက်လှပေ။
ထို့နောက် ကုနင်း တွန်းလှည်းတစ်စီးကိုငှားကာ ကျောက်ရိုင်းလမ်းထဲသို့ဝင်ခဲ့တော့သည်။
တာကူယာသည်လဲ သူမတို့နောက်မှဆက်လိုက်နေတုန်းပင်။
ဤတစ်ကြိမ်မှာလဲ ကုနင်း သူမလိုချင်သမျှကျောက်ရိုင်းကောင်းများရရှိဖို့ အချိန်သိပ်မလိုခဲ့ဘဲ တစ်ဆိုင်လျှင် မိနစ်ပိုင်းလောက်ဖြင့် ပြီးစီးလေသည်။ လင်ရှောင်းထင်ကတော့ ကုနင်း၏လုပ်ဆောင်ပုံနှင့်ရင်းနှီးနေပြီဖြစ်ကာ ကျီပိုင်ယင်းသည်လဲ ကုနင်း၏အထူးကျွမ်းကျင်မှုကို သိထားပြီးပြီဖြစ်ပေမည့် တာကူယာသည်တော့ နားမလည်နိုင်ဖြစ်နေတုန်းပင်။
ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းတစ်တုံးရဖို့ ဘယ်လောက်ခက်ကြောင်းသူသိသလို ကျောက်ရိုင်းတစ်တုံးရွေးချယ်ဖို့ ပုံမှန်အားဖြင့် အချိန်အကြာကြီးလိုအပ်ပေသည်။
သူအကြောင်းအရင်းကိုမသိနိုင်သော်လည်း ကုနင်းတို့နောက်ဆက်လိုက်နေတုန်းပင်။
တစ်နာရီမျှကြာပြီးနောက်မျာတော့ ကုနင်း လမ်းအဆုံးအထိရောက်ရှိသွားကာ ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းအတုံး၂၀၀ကိုလဲ ရရှိသွားခဲ့သည်။
ပြီးနောက်မှာတော့ အားလုံးအတူတကွ ကျောက်ရိုင်းတုံးများကို သိုလှောင်ရုံထဲရွေ့ကြသည်။
“ကုနင်း၊ ဒီလောက်ကျောက်ရိုင်းတုံးတွေအများကြီးကို နင့်မြို့ဆီဘယ်လိုပြန်သယ်မလဲ?” သိုလှောင်ရုံထဲမှကျောက်ရိုင်းတုံးပုံကြီးကိုကြည့်ကာ ကျီပိုင်ယင်းမေးလိုက်သည်။
မြန်မာမှနေပြီး ကျောက်ရိုင်းတုံးတွေသယ်ဖို့ဆိုလျှင် တရားဝင်စာရွက်စာတမ်းများလိုအပ်ပေသည်။ ဒါ့အပြင် ထိုတရားဝင်စာရွက်စာတမ်းတွေရဖို့ဆိုတာကလဲ ခက်ခဲလှတာကြောင့် ကျီပိုင်ယင်း ပူပန်နေမိသည်။
“ငါ့မှာနည်းလမ်းရှိပါတယ်။” ကုနင်းကတော့ လုံးဝပူပန်မနေပေ။ သူမမှာ စိတ်စွမ်းအင်အာကာပြင်ရှိနေတာပဲမဟုတ်လား!
ကုနင်းက သူမလုပ်နိုင်ကြောင်းပြောလာမှတော့ တခြားလူတွေလဲ ထိုအကြောင်းဆက်မမေးကြတော့ပေ။
“ကိုယ့်အကူအညီလိုရင် ပြောနော်။” လင်ရှောင်းထင်ပြောလာသည်။
“ဟုတ်ပါပြီ။ ဒါတွေကိုသယ်ဖို့ ကျွန်မမှာနည်းလမ်းရှိပါတယ်။”
“ရှောင်းထင်၊ ဒီတွန်းလှည်းလေးပြန်သွားပို့ပေးပါလား?” လင်ရှောင်းထင်ကို အနားမှာမရှိစေလို၍ ကုနင်းအကြောင်းပြချက်ပေးလိုက်သည်။
“ရတယ်လေ။”
“မန်တကိုပဲလုပ်ခိုင်းလိုက်လေ!” တွန်းလှည်းထားဖို့လောက်က လင်ရှောင်းထင်ကိုယ်တိုင်လုပ်စရာမလိုဟု ကျီပိုင်ယင်းတွေးမိကာ ပြောလိုက်သည်။
“ကျေးဇူးပါပဲ၊ ငါလုပ်နိုင်ပါတယ်။” ကုနင်းက သူ့ကိုအကူအညီတောင်းထားမှတော့ တခြားလူများကိုမလွှဲပေးချင်တာကြောင့် လင်ရှောင်းထင် ငြင်းလိုက်သည်။
***
အခန်း ၁၀၇၂ xxတောင်သို့
“ငါအချိန်ခဏလောက်လိုလို့။ အပြင်မှာစောင့်ပေးလို့ရလား? ကျောက်ရိုင်းတွေပေါ် အမှတ်အသားနည်းနည်းပါးပါးလုပ်ပြီးရင် ပြန်ထွက်ခဲ့မယ်။” ကျီပိုင်ယင်းကိုပါ ကုနင်းထွက်သွားစေလေသည်။
“ငါကူညီပေးလို့မရဘူးလား?”
“ရတယ်၊ ငါ့ဘာသာပဲလုပ်လိုက်မယ်။”
“ဟုတ်ပြီလေ၊” ကျီပိုင်ယင်းလဲ ဆက်မပြောတော့ဘဲ မန်တ၊ နန်တို့နှင့်အတူ ထွက်သွားခဲ့သည်။
သူတို့ထွက်သွားသည်နှင့် ကုနင်း ကုန်လှောင်ရုံတံခါးကိုပိတ်လိုက်ကာ ကျောက်ရိုင်းတုံးများကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်ပြီးနောက် အပြင်သို့ပြန်ထွက်လာသည်။ သူမကုန်လှောင်ရုံတံခါးကို သော့ခတ်ရုံရှိသေး လင်ရှောင်းထင်လဲ ပြန်ရောက်လာလေသည်။
“ညစာသွားစားကြရအောင်!” ကုနင်းပြောလိုက်သည်။
ထို့နောက် အားလုံး ကျောက်ရိုင်းလမ်းမှထွက်လာကာ တာကူယာလဲအပါအဝင်ပင်။
ကျီပိုင်ယင်းနှင့် သူမ၏သက်တော်စောင့်နှစ်ယောက်သည်လဲ ရန်ကုန်ဟိုတယ်တွင်သာ တည်းကြခြင်းဖြစ်တာကြောင့် အားလုံးအတူတူ ရန်ကုန်ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
တာကူယာလဲ ချက်ချင်းပင် ရှိုးတမီနမီနိုထံဖုန်းဆက်လိုက်သည်။ ရှိုးတမီနမီနိုသည်လဲ ရန်ကုန်ဟိုတယ်တွင်ပဲ တည်းခြင်းကြောင့်ပင်။
ရန်ကုန်ဟိုတယ်သည် ရန်ကုန်ရှိကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်ကာ အလည်အပတ်လာရောက်သူအများစု တည်းခိုရာလဲဖြစ်သည်။
…….
ကုနင်းနှင့်လင်ရှောင်းထင်တို့ ညစာစားပြီးသည်နှင့် ကားပတ်စီးကြဖို့ ပြောလာသည်။ သူမတို့အတွက် သီးသန့်အချိန်လိုမှန်း ကျီပိုင်ယင်းနားလည်တာကြောင့် ဤတစ်ခေါက်မှာတော့ လိုက်မနှောင့်ယှက်တော့ပေ။
ကျီပိုင်ယင်းကတော့ သူမတို့နောက်ကို လူတစ်ယောက်တစ်ချိန်လုံးနောက်ယောင်ခံလိုက်နေမှန်း မသိသော်လည်း ကုနင်းက သူမကို သတိထားနေဖို့ပြောခဲ့သည်။
ထို့နောက်မှာတော့ ကုနင်း ဟိုတယ်ကနေပြီး ကားတစ်စီးငှားယူလိုက်သည်။
ကားထဲရောက်သည်နှင့် လင်ရှောင်းထင်က၊ “နင်းနင်း၊ ဘယ်သွားချင်လဲ?”
ကုနင်း ဒီညတစ်ခုခုလုပ်စရာရှိမှန်း လင်ရှောင်းထင်ခန့်မှန်းမိသည်။
“xxတောင်ကိုသွားရအောင်။”
နောက်ထပ်နတ်ဆိုးကျင့်ကြံသူကို ရှာဖို့သွားခြင်းဖြစ်သည်။
Xxတောင်သည် ရန်ကုန်မှ ၅၀ကီလိုမီတာကွာဝေးတာကြောင့် သွားဖို့အချိန်တော့ယူရမည်။ ဒါတင်မကသေး တောင်သို့ရောက်ပြန်လျှင်လဲ တောင်ပေါ်သို့ ကားလမ်းမပေါက်တာကြောင့် အဝေးကြီး ချေလျင်လျှောက်ရပြန်ပေဦးမည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့၏ လမ်းလျှောက်နှုန်းနှင့်တောင်မှ မိနစ်၂၀လောက်လျှောက်ရမည်ဖြစ်သည်။
ဒါကြောင့် လွယ်ကူလှသည့်ခရီးတစ်ခုဟုတော့ ပြော၍မရပေ။ သို့သော်လည်း ကုနင်း မြန်မာကိုရောက်နေမှတော့ တစ်ခါတည်းသွားလိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် တချိန်ချိန်တော့ သူမထိုတောင်ကိုသွားရမည်ဖြစ်ကာ အခုလဲ အားနေသည်မဟုတ်လား။
“ကောင်းပြီ။” ထိုနေရာသို့သွားသည့်ကိစ္စက အန္တရာယ်များတာတစ်ခုခုတော့ဖြစ်မည်မှန်း လင်ရှောင်းထင်နားလည်နေပေမည့် ကုနင်းကိုမတားခဲ့ပေ။ တစ်နည်းမဟုတ်တစ်နည်းဖြင့် ကုနင်း ထိုနေရာသို့သွားဦးမည်ဖြစ်၍ သူပါအတူပါနေလျှင် သူမကိုကာကွယ်ပေးလို့တောင်ရပေမည်။
……
ကုနင်းနှင့်လင်ရှောင်းထင်တို့ထွက်သွားပြီး မကြာလိုက်ပါဘဲ ကျီပိုင်ယင်း ပြဿနာထပ်တွေ့ပြန်သည်။
သူမက ဟိုတယ်တွင်မနေဘဲ အပြင်ဘက် ခဏလမ်းလျှောက်ထွက်နေခြင်းဖြစ်ကာ ထိုအချိန်မှာပဲ ရုတ်တရက် အမျိုးသားနှစ်ယောက်ပေါ်လာပြီး သူမလမ်းကိုပိတ်လာသည်။
ထိုလူများကိုမြင်သည်နှင့် မန်တနှင့်နန်တို့က သူမရှေ့သို့တက်လိုက်ကာ ကာကွယ်ပေးလိုက်ပြီး ချက်ချင်းစတိုက်ကြတော့သည်။ လမ်းထဲတွင် လူအများကြီးမရှိသလို မြန်မာတွင် ဒီလိုရန်ပွဲမျိုးက ဖြစ်လေ့ဖြစ်ထရှိတာကြောင့် မြို့ခံများအတွက် မြင်ရတာကျင့်သားတောင်ရနေပေပြီ။
ထိုအမျိုးသားနှစ်ယောက်၏အတိုက်အခိုက်သည် အတော်လေးကောင်းလှသော်လည်း မန်တနှင့်နန်တို့က သူတို့ထက်သာနေတုန်းပင်။
သူမကိုတိုက်ခိုက်ဖို့ ထိုလူနှစ်ယောက်ကိုစေလွှတ်လိုက်သူမှာ ရှိုးတမီနမီနိုဖြစ်ကြောင်း ကျီပိုင်ယင်းသေချာနေသည်။ ပြောရရင် ဒီနိုင်ငံရောက်မှ သူမနှင့်ပြဿနာဖြစ်ဖူးသူဆိုလို့ ရှိုးတမီနမီနိုတစ်ယောက်ပဲရှိသည်မဟုတ်လား။
အမှောင်ထောင့်ကွယ်မှ တာကူယာကတော့ သူ့လူများကို ကျီပိုင်ယင်း၏သက်တော်စောင့်များ ရိုက်ချနေသည်ကို ကြည့်ရင်း ပူပန်နေတော့သည်။ အဆုံးမှာတော့ Rနိုင်ငံမှလူနှစ်ယောက်သာ အော်ဟစ်ငြီးငြူရင်း ရှုံးနိမ့်သွားခဲ့သည်။
မန်တနှင့်နန်သည် အထူးကျွမ်းကျင်သက်တော်စောင့်များဖြစ်ကာ နှစ်ယောက်လုံး ကျီပိုင်ယင်းအပေါ်လဲ အလွန်သစ္စာစောင့်သိတာကြောင့် ထိုလူနှစ်ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပစ်သည်။
ထိုလူနှစ်ယောက်ကို လူကြားထဲသတ်ပစ်ဖို့အထိတော့ဖြင့် မလိုအပ်ပေ။
ထိုအချိန်မှာပဲ ကျီပိုင်ယင်းက ထိုနှစ်ယောက်အနားသို့လျှောက်သွားကာ စိုက်ကြည့်လိုက်ရင်း၊ “မင်းတို့ဘော့စ်ဘယ်သူလဲ ငါသိတယ်။ ဒါမျိုးထပ်ဖြစ်လို့ကတော့ မြန်မာကနေ အန္တရာယ်ကင်းကင်းပြန်ထွက်ရမှာမဟုတ်ဘူးလို့ သူ့ကိုပြန်ပြောလိုက်။”
ထိုစကားပြောပြီးသည်နှင့် မန်တနှင့်နန်ကိုခေါ်ကာ လှည့်ထွက်သွားတော့သည်။
တာကူယာကတော့ အမှောင်ထဲမှ ချက်ချင်းထွက်လာကာ သူ့လူနှစ်ယောက်ကို ဆေးရုံပို့လိုက်ပြီးနောက် ရှိုးတမီနမီနိုထံဖုန်းဆက်ကာ ဖြစ်ပျက်သမျှကို တင်ပြလိုက်သည်။
တာကူယာဖုန်းဆက်လာသည့်အချိန်တွင် ရှိုးတမီနမီနိုသည် အာယုမီယာမဂုချီ၏အခန်းထဲတွင် ရှိနေခြင်းဖြစ်သည်။ တင်ပြသမျှကို နားထောင်ပြီးသည်နှင့် ဒေါသတကြီး လက်ဖက်ရည်ခွက်ကို ပေါက်ခွဲပစ်လိုက်တာကြောင့် အာယုမီယာမဂုချီပင် ကြောက်လန့်သွားရလေသည်။
“သေစမ်း!”
ရှိုးတမီနမီနို သေလောက်အောင်ဒေါသထွက်နေသော်ငြား လုပ်နိုင်တာလဲမရှိပြန်ပေ။ ထိုကောင်မလေး၏သက်တော်စောင့်နှစ်ယောက် ဒီလောက်အထိ တော်လွန်းမည်ဟု သူမထင်ထားခဲ့ပေ။
“ရှိုးတ၊ ဘာဖြစ်လို့လဲ?” ရှိုးတမီနမီနို ဖုန်းပြောပြီးသည်နှင့် အာယုမီယာမဂုချီမေးလိုက်သည်။
ဆိုးရွားတာတစ်ခုခုဖြစ်နေမှန်းတော့ အာယုမီခန့်မှန်းမိသည်။
“ငါတို့ရှုံးသွားတယ်။” ရှိုးတမီနမီနို၏ဒေါသအရှိန်က မသေသေးပေ။ “အာယုမီ၊ စိတ်မပူနဲ့။ ငါထပ်ကြိုးစားကြည့်ဦးမယ်!”
“ကောင်းတယ်။” အာယုမီယာမဂုချီသည်လဲ ဒီအတိုင်းလက်မလျှော့ချင်ပေ။
အာယုမီယာမဂုချီ၏ ဖောက်ထွင်းမြင်ရလောက်အောင်ပါးလွှာသည့် ညအိပ်ဝတ်စုံအားကြည့်ရင်း ရှိုးတမီနမီနို လိုချင်တပ်မက်စိတ်များပြင်းထန်လာပေမည့် လောလောဆယ် သူမဒဏ်ရာရထားတာကြောင့် သူ့စိတ်အလိုအတိုင်းမလုပ်နိုင်ပေ။
………
ကုနင်းနှင့်လင်ရှောင်းထင်တို့ xxတောင်၏မြို့ငယ်လေးသို့ဝင်လာချိန်တွင် ကောင်းကင်မှာ မဲမှောင်နေပြီဖြစ်တာကြောင့် လင်ရှောင်းထင်လဲ အချိန်မဆွဲဘဲ ကားပါကင်တွင် ကားကိုရပ်လိုက်သည်။
Xxတောင်သည် နာမည်ကြီးတာကြောင့် ကုနင်းအတွက် ထိုတောင်ကိုရှာဖို့ သိပ်မခက်ခဲ့ပေ။
***
အခန်း ၁၀၇၃ ဒုတိယမြောက်နတ်ဆိုးကျင့်ကြံသူနှင့်တွေ့ဆုံခြင်း
Xxတောင်ခြေသို့ရောက်ချိန်တွင် လုံးဝမှောင်မဲနေပြီဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ လမ်းလျှောက်နှုန်းကိုမြှင့်လိုက်ကြသည်။ တောကြီးမျက်မည်းထဲ မြူငွေ့များကပါ ရစ်သိုင်းလို့နေကာ လရောင်ဖျော့ဖျော့သာ ထွန်းလင်းနေတာကြောင့် ကြောက်မက်ဖွယ်ကောင်းလို့နေသည်။ သစ်ရွက်များ ပွတ်တိုက်သံတရှပ်ရှပ်နှင့် ငှက်များ၏မြည်ဟီးသံများက ကြောက်လန့်ဖွယ်ပတ်ဝန်းကျင်အနေအထားကို ပိုလို့တောင် အားဖြည့်ပေးနေပြန်သည်။
ကုနင်း တောင်ပေါ်သို့အမြန်တက်မသွားဘဲ ဒုတိယမြောက်နတ်ဆိုးကျင့်ကြံသူ၏အရိပ်အခြေကိုပါ ရှာဖွေဖို့ရန်အတွက် ကျောက်စိမ်းမျက်ဝန်းဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်စစ်ဆေးနေသည်။
နတ်ဆိုးကျင့်ကြံသူကို သူမရှာမတွေ့ခဲ့သော်လည်း တောင်ကြားတစ်ခုဘက်တွင် သိပ်သည်းလှသည့်ယင်စွမ်းအင်များရှိနေသည်ကိုတော့ အာရုံခံမိခဲ့သည်။
ထိုတောင်ကြားသည် အနည်းငယ်အလှမ်းဝေးတာကြောင့် ကုနင်း သေချာမမြင်နိုင်သော်လည်း နတ်ဆိုးကျင့်ကြံသူရှိနေမည်မှန်း သေချာနေသည်။ ဘာပဲဖြစ်ဖြစ် သူမ ထိုတောင်ကြားရှိရာသို့သွားလိုက်လျှင် ရှိမရှိသိရမည်ပဲမဟုတ်လား။
လင်ရှောင်းထင်ကတော့ ကုနင်းဘေးတွင် တချိန်လုံးနှုတ်ဆိတ်လျက် လိုက်ပါနေခဲ့သည်။
ထို့နောက် ကုနင်း ယင်စွမ်းအင်ခံစားမိရာတောင်ကြားသို့ ဦးတည်သွားခဲ့သည်။
Xxတောင်၏မြေမျက်နှာသွင်ပြင်သည် အလွန်အမင်းကြမ်းတမ်းလှကာ သာမာန်လူများတက်ဖို့အတွက် ခက်ခဲလှသော်လည်း ကုနင်းနှင့်လင်ရှောင်းထင်အတွက်တော့ဖြင့် မတူချေ။
ကုနင်းသည် ဘေးမှဂရုစိုက်ပေးနေရလောက်အောင် အားနည်းသည့်မိန်းကလေးတစ်ဦးမဟုတ်ကြောင်း လင်ရှောင်းထင်သိနားလည်ထားပြီး ဖြစ်သော်လည်း သူမခြေချော်သွားမည်ကို စိုးရိမ်ကာ ဆက်တိုက်စောင့်ကြည့်ပေးနေတုန်းပင်။
ကုနင်းကတော့ လမ်းတစ်လျှောက် သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် စစ်ဆေးအကဲခတ်နေခဲ့သည်။
ဤတောင်သည် ရတနာသိုက်ကြောင့်ဖြင့် လူသိများလှတာကြောင့် သူမလဲ တစ်စုံတစ်ခုတွေ့လိုတွေ့ငြား စမ်းသပ်ရှာဖွေကြည့်သင့်သည်။
သစ်တောနက်ထဲပိုဝင်လာမိသည်နှင့် လေထုသည်လဲ ပိုလို့အေးစက်လာလေသည်။
ကုနင်းလဲ ညလင်းပုလဲကိုထုတ်ယူကာ ကြိုးပါသည့်အိတ်ငယ်တစ်ခုထဲသို့ထည့်လိုက်ပြီး ထိုအိတ်ငယ်ကို လင်ရှောင်းထင်ထံသို့ ကမ်းပေးလိုက်ကာ၊ “ဒါကို ရှင့်လည်ပင်းမှာချိတ်ထားလိုက်၊ ဒီလိုဆို အေးတော့မှာမဟုတ်ဘူး။”
လင်ရှောင်းထင်သည် သန်မာသည့်ယောက်ျားသားတစ်ယောက်ဖြစ်သော်လည်း သူ့ကိုယ်သူကာကွယ်ပေးနိုင်မည့် မှော်စွမ်းအားမရှိတာကြောင့် ယင်ဓါတ်၏သက်ရောက်မှုကို ခံနေရစဲဖြစ်သည်။
“မင်းကျတော့ရော?” ကုနင်းအတွက် လင်ရှောင်းထင်စိတ်ပူမိသည်။
“ကျွန်မအတွက်မပူနဲ့။ ဒီအအေးက ကျွန်မကိုမထိခိုက်စေဘူး။”
ကုနင်း သူ့ကိုတမင်စိတ်သက်သာရာရအောင် လိမ်ပြောနေခြင်းမဟုတ်မှန်း လင်ရှောင်းထင်သိတာကြောင့် ညလင်းပုလဲအိတ်ကိုလက်ခံယူလိုက်သည်။
ကုနင်းနှင့်အချိန်အတော်ကြာအတူရှိပြီးနောက်တွင် ကုနင်းသည် သာမာန်လူသားတစ်ယောက်မဟုတ်လောက်ဟုပင် လင်ရှောင်းထင်ခံစားလာခဲ့ရပေမည့် သူမဘက်က သူ့ကိုမပြောပြချင်မှတော့ သူလဲ မမေးခဲ့ပေ။ အမှန်ကို နားလည်ပေးတတ်သည့် စံပြချစ်သူကောင်လေးတစ်ယောက်ပင်။
ညလင်းပုလဲကြောင့် သိပ်မကြာခင်မှာပဲ လင်ရှောင်းထင် နေရပိုကောင်းလာသည်။
တောင်ကြားနှင့်နီးလာချိန်မှာတော့ ကုနင်းက ဒုတိယမြောက်နတ်ဆိုးကျင့်ကြံသူ သူမတို့ကိုသတိထားမိစေရန်အတွက် မှော်စွမ်းအင်တချို့ကို ထုတ်လွှတ်လိုက်သည်။
မကြာခင်တွင်ပဲ ကုနင်းရော လင်ရှောင်းထင်ပါ ဆူဆူညံညံအသံများကိုကြားလာရသည်။ ၎င်းသည် လေပြင်းတိုက်သည့်လက္ခဏာမဟုတ်ဘဲ အန္တရာယ်အငွေ့အသက်များလွှမ်းခြုံလို့နေသည်။
ကုနင်း ရှေ့တူရူသို့လှမ်းမျှော်ကြည့်လိုက်သည်နှင့် မြန်ဆန်စွာ ပြေးလွှားလာသည့် အနက်ရောင်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ၎င်း၏ပြေးနှုန်းမှာ လျှပ်စီးတမျှလျှင်မြန်လှကာ ခဏလေးအတွင်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့နှင့် ၁၀မီတာမျှအကွာအဝေးသို့ ရောက်ရှိလာတော့သည်။
အနက်ရောင်ပုံရိပ်က ထိုနေရာတွင်ပဲ ရပ်တန့်လိုက်ကာ အမှောင်ထောင့်တစ်နေရာမှနေပြီး ကုနင်းနှင့်လင်ရှောင်းထင်တို့ကို စူးစမ်းနေခဲ့သည်။
ထိုပုံရိပ်သည်က ဒုတိယမြောက်နတ်ဆိုးကျင့်ကြံသူပင်။
ကုနင်းနှင့်လင်ရှောင်းထင်တို့၏ကိုယ်ပေါ်မှ မှော်စွမ်းအင်ကို အာရုံခံမိသည်နှင့် ထိုလူ၏လိုချင်တပ်မက်မှုက ပြင်းပြလို့လာတော့သည်။ လူသားနှစ်ယောက်တွင် ပြင်းထန်သည့်မှော်စွမ်းအင်များရှိနေတာကြောင့် သူအံ့ဩသွားရကာ အရမ်းကံကောင်းသည်ဟုလဲ ခံစားနေမိသည်။
ကံမကောင်းစွာဘဲ သူကတကယ်တမ်း အန္တရာယ်အကြီးကြီးနှင့်တွေ့နေရသည်ကိုတော့ မသိခဲ့ပေ။
လူများစွာက ဤနေရာတွင်ရတနာရှာဖွေရန်အတွက် ရောက်လာလေ့ရှိတာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ ထိုလူများနှင့်အတူတူသာဖြစ်မည်ဟု နတ်ဆိုးကျင့်ကြံသူထင်ခဲ့လေသည်။
ကုနင်း ထိုလူကိုမြင်လိုက်သည်နှင့် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သေနတ်ကိုထုတ်ယူကာ မောင်းကိုဆွဲလိုက်သည်။
ရုတ်တရက်ဆန်လှတာကြောင့် ထိုလူ၏ပုခုံးသို့ကျည်ထိမှန်သွားကာ နာနာကျင်ကျင်အော်ဟစ်သံက ဆက်တိုက်ထွက်ပေါ်လာတော့သည်။ သူသည် နတ်ဆိုးကျင့်ကြံသူဖြစ်သော်လည်း ထိပ်တန်းအဆင့်ကိုမရောက်ခင်အထိတော့ နာကျင်မှုဝေဒနာများကို သိရှိခံစားနိုင်နေတုန်းပင်။
သေနတ်ပစ်ချက်ကြောင့် ကုနင်းသူ့ကိုရှာတွေ့သွားပြီမှန်း နတ်ဆိုးကျင့်ကြံသူသိလိုက်ကာ ဒေါသများထွက်လာပြီး ကုနင်းတို့ကိုချက်ချင်းပြေးသတ်ချင်စိတ်များဝင်လာတော့သည်။
“သေစမ်း၊ မင်းကများ ငါ့ကိုထိခိုက်အောင်လုပ်ရဲတယ်!” နတ်ဆိုးကျင့်ကြံသူလဲ အော်အော်ပြောပြောနှင့် ချက်ချင်းပင် ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ပြန်လည်တိုက်ခိုက်တော့သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့မှာ ထိုလူ၏အမြန်နှုန်းကြောင့် အံ့အားသင့်သွားကြရသည်။
အစောက ထိုလူပြင်ဆင်ထားခြင်းမရှိတာကြောင့်သာ ကုနင်း သူ့ကိုသေနတ်ဖြင့်ပစ်လိုက်နိုင်ခြင်းဖြစ်ပြီး မဟုတ်လို့ကတော့ ဒဏ်ရာရသွားစရာအကြောင်းမရှိပေ။
ကုနင်းလဲ ထိုလူသူမတို့ကိုစတိုက်ခိုက်လာသည်နှင့် ငွေဓားမြှောင်တစ်ချောင်းကိုထုတ်ကာ လင်ရှောင်းထင်လက်ထဲထည့်ပေးလိုက်သည်။ ထိုလူ၏အရှိန်နှင့်ဆိုလျှင် သေနတ်က အသုံးမဝင်တော့ပေ။ အနီးကပ်တိုက်ခိုက်မှုများတွင်က ဓားတိုကပိုကောင်းပေသည်။
ကုနင်းသည်လဲ ငွေဓားမြှောင်တစ်လက်ကိုကိုင်ထားကာ စတင်တိုက်ခိုက်ကြတော့သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ အစွမ်းကုန်ကြိုးစားတိုက်ခိုက်နေကြသော်လည်း အခြေအနေက သူတို့ဘက်မှာမရှိတာကြောင့် နတ်ဆိုးကျင့်ကြံသူကို မထိန်းချုပ်နိုင်ဘဲဖြစ်နေသည်။ သူတို့ရောက်နေသည့်နေရာက ထူထပ်မှောင်မဲလှသည့်သစ်တောအုပ်ကြီးဖြစ်ကာ နတ်ဆိုးကျင့်ကြံသူလိုမျိုးလဲ လျင်လျင်မြန်မြန်ရွေ့လျားနိုင်ခြင်းမရှိပေ။ ဒါ့အပြင် ထိုလူသည် သူတို့ထက်လဲ များစွာပိုသန်မာနေသေးသည်။
ယခုတွေ့နေရသည့် ဒုတိယမြောက်နတ်ဆိုးကျင့်ကြံသူသည် ယခင်တွေ့ခဲ့သောနတ်ဆိုးကျင့်ကြံသူထက် အဆင့်ပိုမြင့်ကြောင်း သိသာလှသည်။
ထိုလူကို လောလောဆယ်အမိမဖမ်းနိုင်သေးသော်လည်း သူ့ဘက်ကလဲ သူမတို့ကိုထိခိုက်အောင် မလုပ်နိုင်သေးပြန်ပေ။
တကယ်တော့ ကုနင်း နတ်ဆိုးကျောင်းကိုထုတ်ကာ ထိုလူကို စက္ကန့်ပိုင်းအတွင်း အမိဖမ်းလိုက်နိုင်သော်လည်း လတ်တလောတော့ ကျောင်းကို ထုတ်ဖော်မပြချင်သေးတာကြောင့်ဖြစ်သည်။
ဒါ့အပြင် ကုနင်းနှင့်လင်ရှောင်းထင်တို့အတွက် သူတို့အရည်အချင်းပိုတိုးတက်လာအောင် သွေးပေးနေဖို့လဲလိုအပ်တာကြောင့် သူမတို့မနိုင်လောက်တော့ဟု မတွေးမိမချင်း နတ်ဆိုးကျောင်းကို ထုတ်မည်မဟုတ်ပေ။
***
အခန်း ၁၀၇၄ စွမ်းအင်ဗဟိုချက်ပေါက်ကွဲခြင်း
နတ်ဆိုးကျင့်ကြံသူသည်လဲ ကုနင်းနှင့်လင်ရှောင်းထင်တို့၏စွမ်းရည်ကြောင့် အံ့ဩသွားရလေသည်။
“မင်းတို့ဘယ်သူတွေလဲ? ဒီနေရာမှာ ဘာလာလုပ်ကြတာလဲ?” ထိုလူက အသံကိုနှိမ့်ကာမေးလိုက်သည်။ သူတို့တွေ ရတနာရှာချင်လို့လာတာမဟုတ်ဘဲ သူ့ကြောင့်ပိုဖြစ်နိုင်သည်။ သို့သော်လည်း သာမာန်လူသားတွေက သူ့ကိုရှာတွေ့နိုင်မည်ဟုလဲ မယုံချင်ပေ။ သူသာမာန်လူသားတွေနဲ့ ရောနှောနေမည်ဆိုလျှင်တောင် သူ့သရုပ်မှန်ကိုထုတ်ဖော်ပြမည်မဟုတ်၍ ဘယ်သူမှမသိနိုင်ပေ။
“ရှင့်အတွက်ကြောင့် လာတာလေ။” ကုနင်းပြန်ဖြေလိုက်သည်။
နတ်ဆိုးကျင့်ကြံသူ ထိုအဖြေကိုမှန်းထားမိသော်လည်း အံ့ဩသွားရသေးသည်။ သူတို့တွေ သူ့ကြောင့်လာခြင်းဆိုမှတော့ သူဘယ်သူဆိုတာလဲ သိပြီးလောက်ပေပြီ။
“ငါ့ကိုရှာပြီး ဘာလုပ်မလို့လဲ?” နတ်ဆိုးကျင့်ကြံသူထပ်မေးလိုက်ပြန်သည်။ နတ်ဆိုးကျင့်ကြံရေးအဖွဲ့နဲ့ တစ်ခုခုလုပ်ဖို့ရှိနေလို့များလား။
သူ့အထင်အတိုင်းပင်။
“နတ်ဆိုးကျင့်ကြံရေးအဖွဲ့အကြောင်း ကျွန်မပိုသိချင်လို့။”
“ဘာလို့သိချင်တာလဲ?”
“အသေးစိတ်ပိုသိချင်ရုံပါ။ ရှင်ပြောပြချင်စိတ်ရှိရင်တော့ ရှင့်အသက်ကိုထိန်းထားနိုင်မှာပေါ့၊ မဟုတ်ရင်လဲ သတ်လိုက်ရုံပဲ။” ကုနင်း ခြိမ်းခြောက်လိုက်သည်။
တကယ်တော့ နတ်ဆိုးကျင့်ကြံသူက သူမကိုအားလုံးပြောပြလာလျှင်တောင် လူမှုအဖွဲ့အစည်းကို ဘေးဖြစ်စေမည့်သူ့ကို လွှတ်ပေးမည်မဟုတ်ပေ။ ဒါ့အပြင် သူမဘက်က လိုလိုလားလားနှင့်ပြန်လွှတ်လိုက်မည်ဆိုလျှင်တောင် ထိုလူကတော့ သူမကိုယ်ပေါ်မှမှော်စွမ်းအင်က နတ်ဆိုးကျင့်ကြံသူတွေအလိုချင်ဆုံးအရာဖြစ်၍ သူမကိုအလွတ်ပေးမည်မဟုတ်ပေ။
ကုနင်း၏ခြိမ်းခြောက်စကားကို နတ်ဆိုးကျင့်ကြံသူကတော့ အထင်အမြင်သေးစွာဖြင့်သာ လှောင်ရယ်လာခဲ့သည်။ “တကယ်ပြောနေတာလား? မင်းက ငါ့ကိုသတ်နိုင်မယ်ပေါ့?”
လက်ရှိအခြေအနေအရ ကုနင်းနှင့်လင်ရှောင်းထင်ကို တိုက်လို့နိုင်မည်မဟုတ်သော်လည်း သူ့ထက်တော့ သူတို့ပိုသာမည်ဟုလဲ မထင်မိပြန်ပေ။ သူတို့တွေက သာမာန်လူသားတွေပဲမဟုတ်လား။ အချိန်အကြာကြီး တိုက်ပွဲပြင်းပြင်းထန်ထန်သာဖြစ်သွားပါက သူတို့တွေ အချိန်ခဏအတွင်း အားအင်ကုန်ခမ်းလာကြလိမ့်မည်။
“ရှင်ဒီမှာရှိမှန်း ကျွန်မဘယ်လိုသိလဲ သိလား?”
နတ်ဆိုးကျင့်ကြံသူ ထပ်ပြီးကြောင်အသွားပြန်သည်။ တစ်ယောက်ယောက်က သူ့တည်နေရာကိုပြောပြလိုက်တာပေါ့!
ရုတ်တရက်ဖြစ်နိုင်ချေကို ထိုလူတွေးမိသွားသော်လည်း သူ့အထင်မှန်ပါ့မလားတော့ မသေချာသေးပေ။
“ဘာလို့လဲ?”
“တခြားနတ်ဆိုးကျင့်ကြံသူက ပြောခဲ့တာလေ။” ကုနင်းအဖြေပေးလိုက်သည်နှင့် ပြောပြလိုက်သူက သူ့ရန်သူဖြစ်မည်မှန်း နတ်ဆိုးကျင့်ကြံသူတန်းသိသွားသည်။
နတ်ဆိုးကျင့်ကြံသူ ဒေါသထွက်သွားသော်လည်း သိပ်မကြာလိုက်ပါဘဲ လက်ခံနိုင်သွားသည်။ သူတို့တွေက ရန်သူတွေပဲမဟုတ်လား။
“အခုသူရော?”
“သေပြီ။”
“ဘာ?” နတ်ဆိုးကျင့်ကြံသူ အမှန်ကိုလန့်သွားသည်။
“သူသေပြီလား?” မယုံကြည်နိုင်စွာဖြင့် ထပ်မေးလာခဲ့သည်။
“မင်း သူ့ကိုသတ်လိုက်တာလား?”
“ဟုတ်တယ်၊ ကျွန်မပဲ။ ဒီတော့ ရှင် ကျွန်မသိချင်တာကို ပြောပြမှာလား၊ မပြောပြဘူးလား?”
အခုတော့ နတ်ဆိုးကျင့်ကြံသူလဲ ကုနင်းကို စတင်ကြောက်ရွံ့လာမိပေပြီ။ ကုနင်းက သူ့ရန်သူကိုတောင် သတ်နိုင်တယ်ဆိုမှတော့ သူ့အနေနှင့် သူမကိုသတ်ဖို့ရန် ခက်ခဲသွားပေပြီ။
သို့သော်လည်း ရုတ်တရက် အရေးကြီးသည့်တစ်စုံတစ်ခုကို သူအမှတ်ရသွားကာ နှာမှုတ်လိုက်ပြီး၊ “မင်းပြောတာတွေ ငါယုံမယ်ထင်နေလား? မင်း သူ့ကိုမသတ်ပစ်ခင် သူလဲ နတ်ဆိုးကျင့်ကြံရေးအဖွဲ့အကြောင်း အနည်းအကျဉ်းပြောပြခဲ့မှာပဲ။ ငါ မင်းသိချင်တာပြောပြပြီးရင်တောင် မင်းငါ့ကိုလွှတ်ပေးလိမ့်မယ်လို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ဘယ်သူအရှုံးသမားဖြစ်မလဲမှ မသိရသေးတာ!”
ဘယ်လိုပဲဖြစ်ဖြစ် ကုနင်း သူ့ကိုသတ်ပစ်လောက်မည်ဟု နတ်ဆိုးကျင့်ကြံသူ သံသယဝင်လာတော့သည်။ ကုနင်း သူ့ကိုမလွှတ်ပေးလောက်ပေ။
“ကဲ… ဒီလိုဆိုတော့လဲ ရှင်နဲ့ဆက်ပြောစရာအကြောင်းမရှိတော့ဘူး။” ကုနင်း ထိုလူနှင့်စကားပြောရင်း အချိန်မဖြုန်းလိုပေ။ ဒါ့အပြင် လောလောဆယ် သူပြောပြနိုင်မည်ဟုလဲ မထင်မိပေ။ ဒါကြောင့် ကုနင်းလဲ သူမကိုယ်ထဲ မှော်စွမ်းအားပိုထည့်လိုက်ကာ ချက်ချင်းဆိုသလို ပိုမိုသန်လာတော့သည်။
မှော်စွမ်းအားမပါဘဲနဲ့တော့ ထိုလူကိုဖမ်းမိဖို့မဖြစ်နိုင်ပေ။
ကုနင်းပိုသန်မာလာသည်ကို မြင်သည်နှင့် ထိုလူလဲ သူမနိုင်တော့မှန်းသိကာ ထွက်ပြေးဖို့ အကြိမ်အနည်းငယ်ကြိုးစားခဲ့ကြည့်ပေမည့် အကြိမ်တိုင်း ကုနင်း ပိတ်ထားတာကိုခံရသည်။ ဒီလိုနဲ့ပဲ ကုနင်းတွင် သူ့ကိုသတ်နိုင်မည့်အရည်အချင်းအပြည့်အဝရှိကြောင်း စတင်ယုံကြည်လာမိတော့သည်။ သို့သော်လည်း ကုနင်း သူ့ကိုသတ်နိုင်ကြောင်း သိသွားပြီဆိုလျှင်တောင်မှ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အသတ်ခံရမည်ဆိုမှတော့ ပိုလို့တောင် လက်မလျှော့ချင်တော့ပေ။
လင်ရှောင်းထင်သည်လဲ ကုနင်း ဘာလို့များ ပိုသန်မာလာရလဲ သိချင်နေပေမည့် မမေးခဲ့ပေ။
အချိန်ကြာလာသည်နှင့် နတ်ဆိုးကျင့်ကြံသူလဲ အားကုန်သွားကာ နောက်ဆုံးမြေပေါ်မှောက်သွားတော့သည်။
ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ မောပန်းနေကြပေပြီ။ သူတို့သာ အဆင့်မြင့်နတ်ဆိုးကျင့်ကြံသူနှင့် တွေ့ဆုံရပါက အရှုံးနှင့်သာရင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်မှာပဲ ကုနင်း သေနတ်ကိုထုတ်လိုက်ပြန်ကာ နတ်ဆိုးကျင့်ကြံသူ၏ ဝမ်းဗိုက်အလယ်ရှိ စွမ်းအင်ဗဟိုချက်ကို ချိန်ရွယ်လိုက်သည်။
ကျင့်ကြံသူတစ်ယောက်၏အားအနည်းဆုံးနေရာသည် သူတို့စွမ်းအင်များစုစည်းရာ စွမ်းအင်ဗဟိုချက်(ဒန်ထျန်)ဖြစ်သည်။ ဒန်ထျန်ပြိုကွဲသွားသည်နှင့် သူတို့လဲ သေကြမည်သာ။
အခုဆို နတ်ဆိုးကျင့်ကြံသူသည် မလှုပ်နိုင်တော့သည့်အခြေအနေဖြစ်နေပြီဖြစ်တာကြောင့် ကျည်ဆန်ကိုရှောင်ဖို့အားမရှိတော့ပေ။ ကျည်ဆန်က သူ့စွမ်းအင်ဗဟိုချက်(ဒန်ထျန်)ဆီ ထိုးဖောက်သွားသည်နှင့် ကျယ်လောက်သည့်ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
“ဘာတွေဖြစ်….” လင်ရှောင်းထင် မှင်သက်လို့သွားရသည်။
ချက်ချင်းပင် ကုနင်းက သူ့ကိုရှင်းပြလာခဲ့သည်။ “စွမ်းအင်ဗဟိုချက်က သူ့ခန္ဓာကိုယ်မှာ အားအပျော့ဆုံးနေရာပဲ။ အဲ့ဒါ ပြိုကွဲသွားတာနဲ့ သူသေပြီပဲ။”
ကုနင်း၏ရှင်းပြချက်ကိုနားထောင်ပြီး လင်ရှောင်းထင် ခေါင်းသာညိတ်လိုက်သည်။