အခန်း (၁၀၇၅-၁၀၈၀)
Vol. 72 Ch. 1075-1080
အခန်း ၁၀၇၅ သုန်းဖန်းကျီယွီ
“ရှောင်းထင်၊ ဟိုဘက်ဆက်သွားကြည့်ရအောင်။” ယင်စွမ်းအင်များပြည့်လျှံနေသည့် တောင်ကြားသို့ရောက်ဖို့ရန် မီတာသုံးဆယ်မျှသာဝေးတော့တာကြောင့် ကုနင်းဆက်သွားကြည့်ချင်နေသည်။
“ကောင်းပြီလေ။” ကုနင်းဘာကြောင့် ထိုနေရာသို့သွားချင်မှန်း လင်ရှောင်းထင်မသိသော်လည်း သူမသဘောကျ လိုက်သွားပေးစဲသာ။
ညနက်လေ တောင်ပေါ်လမ်းများက ပိုလို့မှောင်မိုက်လာလေဖြစ်တာကြောင့် ရှေ့ကိုပင် သေချာမမြင်နိုင်တော့သည့်အနေအထားဖြစ်သော်လည်း ကုနင်းအတွက်တော့ ပြဿနာမရှိပေ။ ဒါ့အပြင် လင်ရှောင်းထင်တွင်လဲ ညလင်းပုလဲရှိနေတာကြောင့် သူ့လမ်းသည်လဲ အလင်းရောင်ရနေသည်။
မကြာခင်တွင်ပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ တောင်ကြားအစွန်းသို့ရောက်ရှိလာကြသည်။
အတွင်းဘက်ယင်စွမ်းအင်များဖြင့်မဲနက်နေသည့်နေရာသို့ ကုနင်းလှမ်းကြည့်လိုက်သည်။ ကုနင်းတွင် သူမကိုကာကွယ်ပေးမည့်မှော်စွမ်းအားရှိနေတာတောင်မှ အေးစိမ့်ကာ ကြက်သီးထသွားစေတုန်းပင်။
ကံကောင်းစွာဖြင့် လင်ရှောင်းထင်သည်က ညလင်းပုလဲဝတ်ထားတာကြောင့် ဘာမှမဖြစ်ပေ။ မဟုတ်လို့ကတော့ သူ့သာမာန်ခန္ဓာကိုယ်ကို များစွာထိခိုက်သွားစေနိုင်သည်။
ထို့နောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ တောင်ကြားထဲဘာတွေများတွေ့ရမလဲ စမ်းကြည့်လိုက်သည်။
တောင်ကြားသည် မီတာဒါဇင်မျှလောက်အောင်ကျယ်ကာ ၃၀မီတာမျှရှည်လျားသည်။
တောင်ကြားအဆုံးသည် သိပ်မကျယ်ပေ။ လှိုဏ်ဂူတစ်ခုထဲမှ စီးဆင်းလာနေသည့်မြစ်တစ်ခုမှလွဲလို့ ကျန်တာအားလုံး ကျောက်တုံးများ သစ်ပင်များသာဖြစ်သည်။
ကုနင်း လှိုဏ်ဂူကိုပါ စစ်ဆေးလိုက်သည်။ အထဲတွင် ထူးထူးခြားခြားဘာမှမရှိသော်လည်း လှိုဏ်ဂူတွင်းမှ ၁၀မီတာခန့်နက်သောရေကန်ငယ်လေးအောက်ခြေမှ အစိမ်းရောင်,ရောင်ပြန်ဟပ်နေသည်ကိုတွေ့လိုက်ရသည်။
ကုနင်းအနီးကပ်သေချာပြန်ကြည့်လိုက်ချိန်မှာတော့ ထိုရောင်ပြန်ဟပ်နေသည့်အရာသည် ကြီးမားသည့် ကျောက်စိမ်းတုံးကြီးဖြစ်နေမှန်း သိလိုက်ရတော့သည်။
အတိအကျပြောရလျှင်တော့ ရေကန်ငယ်ထဲတွင် ကျောက်တုံးပုံကြီး တစ်နည်းအားဖြင့် ကျောက်ရိုင်းတုံးပုံကြီးရှိနေတာပင်။ ထိုကျောက်ရိုင်းပုံထဲမှ တော်တော်များများတွင် ကျောက်စိမ်းပါရှိကာ ၁မီတာရှည်၍ မီတာဝက်မျှကြီးသည့် ကျောက်စိမ်းပါသည့်ကျောက်ရိုင်းတုံးကြီးလဲ ရှိနေသေးသည်။
ထိုကျောက်ရိုင်းပုံကြီးသည် လူတွေပြောနေကြသည့် ရတနာသိုက်ဖြစ်လောက်ပေမည်။
ဒါတွေကို သူမရှာတွေ့သွားပြီဆိုမှတော့ လက်လွှတ်ခံစရာအကြောင်းမရှိပေ။ ဒါပေမယ့် သူမ လင်ရှောင်းထင်ကို ဘယ်လိုရှင်းပြရပါ့မလဲ? သူမ ထိုကျောက်ရိုင်းတုံးပုံကြီးကို ရသွားပြီဆိုရင်တောင် လင်ရှောင်းထင်ရှေ့မှာ ဘယ်လိုပြန်သယ်သွားရပါ့?
အခုပဲ လင်ရှောင်းထင်ကို သူမ၏ကျောက်စိမ်းမျက်ဝန်းအကြောင်း ပြောသင့်မပြောသင့် တွေဝေလာမိတော့သည်။
ထိုအချိန်တွင်ပဲ ကုနင်း ဆူညံသံတချို့ကိုကြားလိုက်ရကာ သူမတို့ဘက်သို့ အမျိုးသားငယ်တစ်ဦးနှင့်အမျိုးသမီးငယ်တစ်ဦး လျှောက်လာနေကြောင်း သတိပြုမိသွားသည်။ ထိုနှစ်ယောက်လုံးသည် အသက်၂၀ကျောက်မျှသာရှိကြပေဦးမည်။
“တစ်ယောက်ယောက်လာနေပြီ။ အရင်ပုန်းကြရအောင်။” ကုနင်းပြောရင်းဖြင့် လင်ရှောင်းထင်ကို တစ်ဖက်သို့ဆွဲသွားလိုက်သည်။
လင်ရှောင်းထင်ကတော့ သူဘာမှမခံစားမိတာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကုနင်းရပ်သွားကာ လင်ရှောင်းထင်ကိုပြောလိုက်သည်။ “ကျွန်မကို ညလင်းပုလဲပြန်ပေးတော့။ သူတို့တွေသာ နတ်ဆိုးကျင့်ကြံသူတွေဆို ဒီကမှော်စွမ်းအားကြောင့် ကျွန်မတို့ကိုရှာတွေ့သွားလိမ့်မယ်။”
ကုနင်း၏စကားကြောင့် လင်ရှောင်းထင်လဲ ညလင်းပုလဲအိတ်ကို ချက်ချင်းဖြုတ်ကာ ကုနင်းထံပြန်ပေးလိုက်သည်။
သို့သော်လည်း ညလင်းပုလဲကိုချွတ်လိုက်သည်နှင့် ယင်စွမ်းအား၏သက်ရောက်မှုကိုခံရကာ လင်ရှောင်းထင် အေးစက်သွားသလို ခံစားလိုက်ရပြီး အနည်းငယ်တုန်ရီသွားသည်။
ယင်စွမ်းအင်၏အအေးဓါတ်ကြောင့် လင်ရှောင်းထင် ထိခိုက်သွားမည့်အဖြစ်မျိုးကို ကုနင်းဖြစ်ခွင့်ပြုထားမည်မဟုတ်တာကြောင့် စွမ်းအင်သလင်းကျောက်၁၀လုံးပါဝင်သည့် ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ “နေရမသက်မသာဖြစ်တာနဲ့ ဆေးတစ်လုံးထုတ်သောက်လိုက်။”
ဤတောင်ထဲတွင် ယင်စွမ်းအင်များပြားလာကာ စွမ်းအင်သလင်းကျောက်တစ်လုံးတွင်လဲ သူအစွမ်းထက်နိုင်သည့် ကန့်သတ်ချက်ရှိတာကြောင့် ကုနင်းအရင်က လင်ရှောင်းထင်ကို ညလင်းပုလဲပေးခဲ့ခြင်းဖြစ်သည်။
“ကောင်းပြီ။” လင်ရှောင်းထင် ချက်ချင်းပဲ ဆေးတစ်လုံးကိုထုတ်သောက်လိုက်သည်။ သူ ကုနင်းကိုယုံကြည်တာကြောင့် သူမဘာပြောပြော သူမသဘောအတိုင်းသာ။ အကယ်၍ သူမပေးလာသည့်ဆေးက အဆိပ်ဖြစ်နေမည်ဆိုလျှင်တောင်မှ သူတုံ့ဆိုင်းခြင်းမရှိ သောက်လိုက်မှာဖြစ်သည်။
ဆေးတစ်လုံးသောက်ပြီးနောက်မှာတော့ လင်ရှောင်းထင် နေရပိုသက်သာလာကာ ကုနင်းနောက် ဆက်လိုက်သွားသည်။
ကုနင်း ညလင်းပုလဲကို သိမ်းလိုက်သည်နှင့် သူမသတိထားမိခဲ့သည့် လူငယ်နှင့်မိန်းကလေးသည်လဲ ရပ်လိုက်ကြသည်။ သူတို့ချင်း တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကာ ထိုအကြည့်များထဲတွင် စိတ်ရှုပ်ထွေးမှုများပါဝင်နေသည်။
“မှော်စွမ်းအားပျောက်သွားပြီ။” မိန်းကလေးက မျက်မှောင်ကြုတ်ကာ ပြောလာသည်။
“ကျီယွီ၊ မင်းအထင်မှားနေတာများလား။ ဒီတောင်မှာ ယင်ဓါတ်တွေချည်းပြည့်နေတာ မှော်စွမ်းအင်ရှိဖို့မဖြစ်နိုင်ဘူးလေ။” လူငယ်က ပြန်ပြောလိုက်သည်။
သူတို့အနားတစ်ဝိုက်တွင် မှော်စွမ်းအင်ရှိနေကြောင်း ခန့်မှန်းမိသူသည် ထိုမိန်းကလေးဖြစ်သည်။
“မဖြစ်နိုင်ဘူး။ ငါမှားစရာအကြောင်းမရှိဘူး။” သုန်းဖန်းကျီယွီအမည်ရသည့် မိန်းကလေး စိတ်မကြည့်စွာဖြင့် ပြန်ပြောလိုက်သည်။ “လူနဲ့အတူသယ်ဆောင်နိုင်တဲ့ မှော်ပစ္စည်းတစ်ခုကနေလာတဲ့ မှော်စွမ်းအင်မျိုးမဟုတ်ရင် ဒီလိုရုတ်တရက်ကြီးပျောက်သွားစရာအကြောင်းမရှိဘူး။ အဲ့ဒီပစ္စည်းပိုင်ရှင်က ဆရာကြီးတစ်ယောက်ပဲဖြစ်မယ်။”
သုန်းဖန်းကျီယွီ၏သုံးသပ်နိုင်စွမ်းသည် အမှန်ကိုထက်မြက်လှသည်။
မှော်စွမ်းအင်ကိုခံစားသိရှိနိုင်သည်ဆိုမှတော့ ထိုနှစ်ယောက်သည် သာမာန်လူများမဖြစ်နိုင်တော့ပေ။ တကယ်တော့ သူတို့သည်လဲ ကျင့်ကြံသူများပင်ဖြစ်သည်။
“ပိုင်ရှင်က ဆရာကြီးဆိုနေမှတော့ ငါတို့လဲ အဲ့ဒီမှော်စွမ်းအင်ကို လုယူနိုင်မှာမဟုတ်ဘူး။” ဝူရွှမ်းဟွာအမည်ရသည့်လူငယ်က ပြောလိုက်သည်။
ထိုစကားကြောင့် သုန်းဖန်းကျီယွီ၏မျက်ဝန်းထဲ စိတ်ပျက်မှုများဖြတ်ပြေးသွားပေမည့် အမှန်တရားကို လက်ခံနိုင်တုန်းပင်။
“ကောင်းပြီ၊ သုန်းဖန်းဖေးကိုသာ သွားရှာကြတာပေါ့!” သုန်းဖန်းကျီယွီပြောပြီးသည်နှင့် အရင်ပြန်လှည့်သွားသည်။
သုန်းဖန်းဖေးသည် သုန်းဖန်းကျီယွီ၏ဦးလေးဖြစ်ကာ အစောကတင် ကုနင်းသတ်ခဲ့သည့် နတ်ဆိုးကျင့်ကြံသူဖြစ်သည်။
သုန်းဖန်းဖေးသည် နတ်ဆိုးလမ်းစဉ်ကိုလိုက်ခဲ့တာကြောင့် သုန်းဖန်းကျီယွီက သူ့ကိုမလေးစားပေ။ ဒီလိုလမ်းစဉ်ပြောင်းတာက သူတို့မိသားစုအတွက် ဘယ်လိုမှလက်ခံပေးနိုင်စရာမရှိပေ။
သုန်းဖန်းဖေးသည် လူပေါင်းများစွာကို အန္တရာယ်ပြုခဲ့တာကြောင့် သုန်းဖန်းမိသားစုက သူ့ကိုအပြစ်ပေးဖို့ရန်အတွက် သူတို့ကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။ သူတို့တွေ သုန်းဖန်းဖေးကို အချိန်ကြာမြင့်စွာလိုက်ရှာခဲ့ကြပြီးနောက် ဤတောင်တွင်နေ,နေမှန်း ကြားလာရသည်။
သုန်းဖန်းဖေး၏တည်နေရာကို သိနေတာတောင်မှ တောင်က အလွန်ကြီးမားတာကြောင့် ရှာတွေ့ဖို့အခက်တွေ့နေရတုန်းပင်။
မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ သုန်းဖန်းကျီယွီနှင့်ဝူရွှမ်းဟွာတို့ သုန်းဖန်းဖေး၏အလောင်းကို ရှာတွေ့သွားကာ အံ့အားသင့်သွားကြသည်။
“သူသေပြီလား! ဘယ်သူသတ်သွားတာလဲ?!” သုန်းဖန်းကျီယွီ ပထမတော့ စိတ်ရှုပ်သွားသော်လည်း အစောက သူမပြောခဲ့သည့်ဆရာကြီးအကြောင်း ပြန်အမှတ်ရသွားသည်။ “မှော်စွမ်းအင်ရှိတဲ့ပစ္စည်းပိုင်တဲ့ဆရာကြီး သတ်လိုက်တာများလား?”
ဝူရွှမ်းဟွာမှာ သုန်းဖန်းဖေး၏အလောင်းကို မတွေ့ခင်အထိ သုန်းဖန်းကျီယွီ သုံးသပ်ပြခဲ့သည့် ဆရာကြီးနှင့်မှော်စွမ်းအင်ရှိကြောင်း မယုံကြည်ခဲ့ပေ။
“သူ သေပြီဆိုမှတော့ သူ့အလောင်းကိုပဲ အိမ်ပြန်သယ်သွားကြတာပေါ့။” ဝူရွှမ်းဟွာပြောလိုက်သည်။ သူတို့၏အဓိကတာဝန်က သုန်းဖန်းဖေးကို အပြစ်ပေးဖို့ဖြစ်သည်။ သူ့ကိုဘယ်သူသတ်သွားသွား သူတို့တာဝန်ကတော့ ပြီးမြောက်သွားပြီဖြစ်သည်။
***
အခန်း ၁၀၇၆ ကျောက်စိမ်းမျက်ဝန်းအကြောင်း လင်ရှောင်းထင်ကို ပြောပြလိုက်ပြီ
သုန်းဖန်းကျီယွီ အိတ်ငယ်လေးတစ်ခုကိုထုတ်ယူကာ တစ်စုံတစ်ရာရွတ်ဆိုလိုက်သည်နှင့် သုန်းဖန်းဖေး၏အလောင်းက ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
သုန်းဖန်းကျီယွီ၏လက်ထဲမှအရာသည် ချန်ခွင်းအိတ်ဖြစ်ကာ ကုနင်း၏စိတ်စွမ်းအင်အာကာပြင်နှင့်အလားသဏ္ဍာန်တူသော်လည်း ၎င်းကတော့ များစွာပိုသေးငယ်သည်။ ချန်ခွင်းအိတ်ထဲတွင်က လူတစ်ကိုယ်စာလောက်သာ ဆန့်လေသည်။
ချန်ခွင်းအိတ်သည် သုန်းဖန်းမိသားစု၏မှော်ပစ္စည်းဖြစ်ကာ သူတို့မိသားစုတွင် ထိုတစ်အိတ်သာရှိပေသည်။ ကျင့်ကြံသူများ၏ကမ္ဘာတွင် ချန်ခွင်းအိတ်၁၀လောက်သာ ပိုင်ဆိုင်ကြသည်။ အင်အားကြီးမိသားစုများ သို့မဟုတ် ဆရာကြီးများတွင်သာ ချန်ခွင်းအိတ်တစ်အိတ်ရှိကြတာဖြစ်သည်။
သုန်းဖန်းမိသားစုသည် သူတို့ကျင့်ကြံရေးလောကရှိ အာဏာရှိမိသားစုကြီး၄စုထဲတွင် တစ်ခုအပါအဝင်ဖြစ်တာကြောင့် ချန်ခွင်းအိတ်ရှိနေတာပင်။
“ငါ့မှာလဲ ချန်ခွင်းအိတ်တစ်အိတ်လောက်ရှိချင်လိုက်တာ။” ဝူရွှမ်းဟွာက သုန်းဖန်းကျီယွီ၏လက်ထဲမှ ချန်ခွင်းအိတ်ကိုကြည့်ကာ မနာလိုစွာဖြင့်ပြောလိုက်သည်။
“နင်လိုချင်ရင် နင်ထိပ်တန်းအဆင့်ရောက်တဲ့အခါ ဆရာကြီးတွေကိုစိန်ခေါ်ပေါ့။” သုန်းဖန်းကျီယွီပြန်ပြောလိုက်သည်။ ချန်ခွင်းအိတ်ကိုရရှိဖို့ရန် ထိုတစ်နည်းသာရှိပေသည်။
တကယ်တမ်း ထိုချန်ခွင်းအိတ်သည် သူမအပိုင်မဟုတ်ဘဲ သုန်းဖန်းဖေးကိုရှာရာတွင် သူမအကူအညီရရန်အတွက် သူမမိသားစုကပေးထားခြင်းဖြစ်သည်။ သို့သော်လည်း တစ်နေ့တော့ သူမကိုယ်တိုင် ဆရာကြီးအဆင့်သို့တက်လှမ်းကာ တခြားဆရာကြီးတစ်ယောက်ကိုအနိုင်ယူလို့ ချန်ခွင်းအိတ်ပိုင်ဆိုင်စေရမည်ဟု ရည်မှန်းချက်ထား,ထားသည်။
ဆရာကြီးများသည်သာ ချန်ခွင်းအိတ်ပိုင်ဆိုင်ဖို့အရည်အချင်းပြည့်မီသည်ဆိုသော်လည်း အချင်းချင်း စိန်ခေါ်နိုင်ကာ တစ်ဖက်လူကိုအနိုင်ယူ၍ ချန်ခွင်းအိတ်ကိုယူဆောင်နိုင်သေးသည်။ ဒါကြောင့် ချန်ခွင်းအိတ်ရလာလျှင်လဲ ကာကွယ်ဖို့မလွယ်လှပေ။
“ဒါပေါ့၊ ငါလဲအဲ့လိုလုပ်ချင်တာပေါ့၊ ဒါပေမယ့် ဆရာကြီးတွေအသာထားဦး ငါက မင်းကိုတောင်ယှဉ်နိုင်တာမဟုတ်ဘူး။” ဝူရွှမ်းယာ ယုံကြည်ချက်ကင်းမဲ့စွာပြန်ပြောလာသည်။
“နင့်ကိုယ်နင်ကြည့်ဦး၊ ဒီလောက်လေးတောင် မစွမ်းနိုင်ဘူးလား? နင်ကိုယ်တိုင်တောင် ရည်မှန်းချက်မထားနိုင်ဘဲ အခုကတည်းက အရှုံးပေးမယ်ဆို နောက်တစ်ခါ တခြားလူတွေရှေ့ နင်က ငါ့အစ်ကိုဝမ်းကွဲပါလို့ သွားမပြောနဲ့။ နင့်အစားငါရှက်တယ်!”
“ဟုတ်ပါပြီ၊ အဲ့လောက်ကြီး ဒေါသမထွက်ပါနဲ့။ ငါအကောင်းဆုံးကြိုးစားပါ့မယ်။”
“ထားတော့၊ ပြန်ကြမယ်!” သုန်းဖန်းကျီယွီလဲ စကားအချေအတင်များရင်းဖြင့် အချိန်မဖြုန်းလိုပေ။ သူမ မှော်စွမ်းအင်ကို အာရုံမခံနိုင်သလို သုန်းဖန်းဖေး၏အလောင်းကိုလဲ ရှာတွေ့ပြီးပြီဖြစ်တာကြောင့် အိမ်ပြန်ချိန်သင့်ပေပြီ။
……
ကုနင်းနှင့်လင်ရှောင်းထင်တို့က တော်တော်ဝေးဝေးကိုထွက်သွားခဲ့ကြတာကြောင့် သူတို့စကားပြောနေသံများကို မကြားခဲ့ကြရပေ။
ခဏအကြာမှာပဲ တောင်ကြား၏အနက်ရှိုင်းဆုံးနေရာသို့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်ရှိသွားကြသည်။
တောင်ကြားဝင်ပေါက်၏အစွန်းဘက်တွင် ထိုအနက်ရှိုင်းဆုံးနေရာသို့သွားသည့် လမ်းငယ်လေးတစ်ခုရှိနေသည်။ တကယ်တမ်း ထိုလမ်းသည် လမ်းအစစ်မဟုတ်ဘဲ တောင်ကြားအောက်ခြေသို့ လမ်းကြောင်းပေးနေသည့် သိပ်မကြမ်းတမ်းသော ကျဉ်းမြောင်းသည့်ဖြတ်လမ်းလေးတစ်ခုသာဖြစ်သည်။
သူမတို့ ရေကန်ငယ်ရှိကာ တောင်ကြားအောက်ခြေသို့ရောက်ချိန်မှာတော့ ကုနင်း သူမလုပ်ဖို့ရည်ရွယ်ထားသမျှကို ချက်ချင်းမလုပ်ဆောင်ပေးဘဲ လင်ရှောင်းထင်ဘက်သို့ လေးနက်သည့်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ “ရှောင်းထင်၊ ကျွန်မရှင့်ကို ပြောချင်တာရှိတယ်။”
“ဘာများလဲ?” ကုနင်း၏အမူအရာကြောင့် လင်ရှောင်းထင်ပင် ရင်တုန်လာမိသည်။
“ကျွန်မ ဒီအောက်ထဲဘာလို့လာတာလဲနဲ့ပတ်သတ်လို့ ရှင်နားမလည်နိုင်ဖြစ်နေလောက်မှာပဲ။ ပြီးခဲ့တဲ့လတွေအတွင်း ကျွန်မနဲ့အတူ ပုံမှန်မဟုတ်တဲ့အရာတွေအများကြီး ရှင်ဖြတ်ကျော်ခဲ့ရပေမယ့် ကျွန်မကိုလေးစားပေးတဲ့အနေနဲ့ တစ်ခါမှမမေးဖူးဘူး။ အစကတော့ ဒါတွေက စကားနဲ့ရှင်းပြဖို့ခက်လွန်းလို့ ကျွန်မလဲ ရှင့်ကိုပြောပြဖို့ စိတ်ကူးမရှိခဲ့ဘူး။ နတ်ဆိုးကျင့်ကြံသူတွေနဲ့တွေ့ပြီးနောက်မှာတော့ ဒီကမ္ဘာမှာ မယုံကြည်နိုင်စရာကောင်းတဲ့ဖြစ်တည်မှုတွေအများကြီးရှိနေကြောင်း ရှင်လက်ခံနိုင်လောက်တယ်လို့ ကျွန်မမှန်းဆမိတယ်။ ဒီတော့ အခု ကျွန်မရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှင့်ကိုပြောပြမယ်။”
ပြောပြီးသည်နှင့် ကုနင်းလက်ဖဝါးဖြန့်ပြလိုက်သော်လည်း ဘာမှတော့ရှိမနေပေ။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပဲ လင်ရှောင်းထင် သူမကိုပေးထားသည့် သေနတ်က ရုတ်ချည်းပေါ်ထွက်လာတာကြောင့် လင်ရှောင်းထင် အလွန်အံ့ဩသွားတော့သည်။ “ဘယ်-ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။”
ကုနင်း သူ့မေးခွန်းကိုပြန်မဖြေပေးဘဲ သေနတ်ကိုသာ ပြန်ပျောက်သွားအောင်လုပ်လိုက်သည်။ ထို့နောက် သေနတ်အစား ကျောက်စိမ်းရိုင်းတုံးတစ်ခုက ကုနင်း၏လက်ထဲပေါ်လာပြန်သည်။ “ဒါက မျက်လှည့်ပညာမဟုတ်ဘူး။ ကျွန်မမှာ မျက်စိနဲ့မမြင်နိုင်တဲ့နေရာလွတ်တစ်ခုရှိနေတာ။ အဲ့ဒီထဲမှာ ပစ္စည်းတွေအများကြီးသိုလှောင်ထားလို့ရတယ်။ ကျွန်မသာ တစ်စုံတစ်ခုကို လက်နဲ့ထိတွေ့ပြီး စိတ်နဲ့ထိန်းချုပ်လိုက်သ၍ အာကာပြင်ထဲကိုထည့်လိုက်လို့ရတယ်။ မနေ့က ကျွန်မဝယ်ခဲ့တဲ့ကျောက်ရိုင်းတုံးတွေကိုလဲ ဒီထဲပဲထည့်ထားတယ်။ ကျောက်ရိုင်းတွေကို ကျွန်မတို့နိုင်ငံဆီပြန်သယ်ဖို့ ကျွန်မမှာ တခြားနည်းလမ်းမရှိဘူး။” ကုနင်း ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။
လင်ရှောင်းထင်သည်တော့ ကုနင်း၏စကားများကိုနားထောင်ရင်း မျက်လုံးတွေကသာ ပြူးကျယ်ဝိုင်းစက်လာခဲ့သည်။
မျက်စိနဲ့မမြင်နိုင်တဲ့နေရာလွတ်တစ်ခု? အဲ့ဒီနေရာလွတ်ထဲမှာ ကျောက်ရိုင်းတွေအများကြီးလဲ ထည့်နိုင်တယ်?
လင်ရှောင်းထင် အလွန်အံ့ဩနေသော်လည်း နတ်ဆိုးကျင့်ကြံသူတွေကိုတောင် တွေ့ထားပြီးဖြစ်တာကြောင့် လက်ခံဖို့တော့ မခဲယဉ်းပေ။
ကုနင်းကဆက်ပြီး၊ “ဒီအာကာပြင်က ကျွန်မမျက်လုံးထဲမှာရှိတာမို့ စိတ်စွမ်းအင်အာကာပြင်လို့ခေါ်တယ်။ ကျွန်မအမြင်အာရုံက သာမာန်လူတွေထက် အများကြီးပိုကောင်းတယ်။ အထူးသဖြင့် ကျွန်မမှာ X-raysရိုက်သလိုမြင်နိုင်တဲ့ ကျောက်စိမ်းမျက်ဝန်းတစ်စုံလဲရှိသေးတယ်။ ဒီမျက်လုံးတွေကပဲ ကျွန်မကို အကြိမ်တိုင်းကျောက်အလောင်းအစားပွဲမှာ နိုင်အောင် ကူညီပေးနေတာ။”
ဘာပြောလိုက်တယ်? X-rayလိုကျောက်စိမ်းမျက်လုံး?
လင်ရှောင်းထင် ထပ်ပြီးအံ့ဩထိတ်လန့်သွားသော်လည်း သိပ်မကြာလိုက်ပါဘဲ ကုနင်းဘာကြောင့် ကျောက်ရိုင်းဖြတ်တိုင်း ကျောက်စိမ်းရနေလဲဆိုတာကို နားလည်သွားသည်။
အတော်ကြာအချိန်ယူပြီးနောက်မှာမှ လင်ရှောင်းထင်ပြန်မေးလာခဲ့သည်။ “ကိုယ့်ကို ဘာလို့ အခုချက်ချင်းကြီး မင်းရဲ့ဒီထိတ်လန့်စရာလျှို့ဝှက်ချက်ကြီးကို ပြောပြရတာလဲ?” ကုနင်း ဒီအကြောင်းတွေကို တခြားတစ်ယောက်အား လိုက်ပြောပြနေသင့်သည်ဟု လင်ရှောင်းထင်တော့ မထင်ပေ။
“ရှင့်ကိုယုံကြည်လို့လေ။”
ထိုစကားတစ်ခွန်းကတင် လင်ရှောင်းထင်ရင်ထဲထိသွားစေကာ ကုနင်းကို ချက်ချင်းပွေ့ဖက်လိုက်ပြီး၊ “နင်းနင်း၊ မစိုးရိမ်နဲ့။ ကိုယ်ဘယ်သူ့ကိုမှပြန်မပြောပြဘူး။ မင်းလဲ တခြားတစ်ယောက်ကိုမပြောပြတော့ဘူးလို့ ကတိပေး။ ဒါအရမ်းအန္တရာယ်များလွန်းတယ်။”
လူသားတွေဘယ်လောက် အလိုလောဘကြီးမှန်း လင်ရှောင်းထင်သိပေသည်။ တစ်ယောက်ယောက်ကသာ သူမတွင်ကျောက်စိမ်းမျက်ဝန်းရှိနေမှန်း သိသွားပါက သူမအပေါ် အမြတ်ထုတ်နိုင်ဖို့ နည်းမျိုးစုံသုံးပေလိမ့်မည်။
“ဒါပေါ့၊ မပြောပြပါဘူး။ ရှောင်းထင်။ ကျွန်မဒီနေရာကိုလာတာ ဒီရေကန်အောက်ခြေမှာ ကျောက်စိမ်းရိုင်းကောင်းတွေအများကြီးမြင်လိုက်လို့ပဲ။”
“ကောင်းပြီလေ၊ ကိုယ်တို့သွားဆယ်ကြတာပေါ့။” ကုနင်းလုပ်ချင်တာမှန်သမျှ သူဘေးကနေထောက်ပံ့ကူညီပေးနေမည်သာ။
ကုနင်း သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှ ရေငုပ်ဝတ်စုံနှစ်စုံကိုထုတ်ယူလိုက်သည်။ “ဒါဝတ်ထား၊ ရှင့်အဝတ်တွေ ရေမစိုစေနဲ့။”
ထိုအချင်းအရာကိုမြင်ပြီး လင်ရှောင်းထင် အံ့ဩနေမိတုန်းပင်။ ဒါ ဘယ်လိုမှ အစစ်အမှန်နဲ့ကိုမတူဘူး!
“ကျေးဇူးပါပဲ။” လင်ရှောင်းထင် သူ့အဝတ်အစားများကိုချွတ်ဖို့လုပ်လိုက်သည်။
“ခဏနေဦး။” ရုတ်တရက် ကုနင်း သူ့ကိုတားလိုက်ကာ စိတ်စွမ်းအင်အာကာပြင်ထဲမှ တဲရှင်တစ်ခုကိုထုတ်လိုက်သည်။ “တဲထဲမှာလဲကြရအောင်။”
***
အခန်း ၁၀၇၇ ချီကျီယွဲ့၊ နင်ဘာလုပ်ချင်တာလဲ?
“ဟုတ်ပြီ။” လင်ရှောင်းထင် လက်ခံလိုက်သည်။ ကုနင်းလဲ တဲရှင်တစ်ခုကိုဆွဲထုတ်ကာ မြေပေါ်တွင်ချလိုက်ပြီးနောက် လင်ရှောင်းထင်နှင့်အတူ တဲထဲသို့ဝင်သွားလိုက်သည်။
သူ့ရှေ့မှာ ကုနင်းအတွင်းအဝတ်အစားတချို့ဖြင့်သာ ရပ်နေသည်ကိုမြင်လိုက်ရတာကြောင့် လင်ရှောင်းထင်၏စိတ်တို့ ခဏတာထကြွသွားရ၍ သူ့ကိုယ်သူပြန်ထိန်းချုပ်ရန်အတွက် ချက်ချင်းပင် ခေါင်းကိုလှည့်လိုက်သည်။
ကုနင်းကတော့ လင်ရှောင်းထင်၏အမူအရာပျက်သွားမှုကို လျစ်လျူရှုရင်း ရေငုပ်ဝတ်စုံကိုသာ အမြန်ဆုံး ဝတ်ဆင်လိုက်သည်။ လင်ရှောင်းထင်လဲ အဝတ်အစားလဲပြီးနောက်မှတော့ တဲထဲမှအတူတူပြန်ထွက်လာခဲ့ကြသည်။
တကယ်တော့ ကန်အောက်ခြေရှိဘယ်ကျောက်ရိုင်းတုံးတွင် ကျောက်စိမ်းပါဝင်လဲဆိုသည်ကို ကုနင်းတစ်ယောက်တည်းသာ သိတာကြောင့် လင်ရှောင်းထင်ပါ ရေထဲလိုက်ဆင်းလာဖို့မလိုအပ်ပေ။ သို့သော်လည်း လင်ရှောင်းထင်က သူမကိုစိုးရိမ်၍ ရေကန်ထဲတစ်ယောက်တည်းသွားခွင့်ပြုမည်မဟုတ်မှန်း သိနေတာကြောင့် အတူခေါ်သွားခြင်းဖြစ်သည်။
သူတို့ရေထဲအချိန်အကြာကြီးနေကြမည်လဲမဟုတ်တာကြောင့် လင်ရှောင်းထင်၏ရေကူးနိုင်စွမ်းအပေါ် ကုနင်းစိုးရိမ်နေဖို့မလိုအပ်ပေ။
ကုနင်းတွင်က သူမကိုယ်ကိုကာကွယ်ပေးထားသည့် မှော်စွမ်းအင်များရှိတာကြောင့် ရေထဲတွင် စကားပြောနိုင်သော်လည်း လင်ရှောင်းထင်ကတော့ ပြောနိုင်မည်မဟုတ်ပေ။ လင်ရှောင်းထင်၏ရေကူးနိုင်စွမ်းကကောင်းသော်လည်း အချိန်အကြာကြီးအသက်မရှူဘဲနေလျှင်တော့ အသက်အန္တရာယ်ရှိလာပေလိမ့်မည်။
လင်ရှောင်းထင်နှင့်အတူ တဲထဲမှထွက်ပြီးသည်နှင့် ထိုတဲကိုစိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်သိမ်းထားလိုက်သည်။ သူမတို့တည်ရှိနေမှုကို တစ်စုံတစ်ယောက်အား မရှာတွေ့သွားစေလိုပေ။
သူတို့ရေကန်ထဲသို့လမ်းလျှောက်ဆင်းပြီးနောက် ဒိုင်ဗင်ထိုးချလိုက်သည်။ အစောကတည်းက ရေကန်ကို ကုနင်းစစ်ဆေးထားခဲ့ပြီးဖြစ်ကာ ကန်ထဲတွင် အန္တရာယ်ဖြစ်စေမည့်အရာမရှိပေ။
သူတို့ကန်ထဲဝင်သွားချိန်မှာပဲ အပြင်ခွံစိမ်းနေသည့်ကျောက်တုံးတစ်ခုကို မြင်လိုက်ရသည်။ လင်ရှောင်းထင်လဲ ထိုကျောက်ထဲတွင် ကျောက်စိမ်းရှိမရှိ ကုနင်းကို အသံတိတ် အကြည့်ဖြင့် လှမ်းမေးလိုက်သည်။
ကုနင်းခေါင်းပြန်ညိတ်ပြလိုက်သည်နှင့် လင်ရှောင်းထင်လဲ ထိုကျောက်ရိုင်းတုံးနားသို့ ရေကူးသွားကာ ကောက်ယူလိုက်ပြီးနောက် ကုနင်းထံသို့လွှဲပေးလိုက်လေသည်။ ထိုကျောက်ရိုင်းတုံးသည်က ဘောလုံးတစ်လုံးအရွယ်မျှရှိသည်။ အပေါ်ယံမျက်နှာပြင်အစိမ်းရောင်ကို ကြည့်ခြင်းအားဖြင့်တော့ အထဲမှကျောက်စိမ်းသည့် တွင်းဟောင်းမှန်သားကျောက်အမျိုးအစားဖြစ်လောက်မည်။
ကုနင်းလဲ ချက်ချင်းပင် ကျောက်ရိုင်းတုံးကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်သိမ်းလိုက်သည်။
လင်ရှောင်းထင်ကတော့ ကျောက်စိမ်းအကြောင်းအနည်းအကျဉ်းမျှသာ သိပေမည့် ကုနင်းကို ကူညီပေးချင်တာကြောင့် တောက်လျှောက်သူမအနားတွင် ရှိနေပေးခဲ့သည်။
နောက်မိနစ်များအတွင်းမှာတော့ ကုနင်းက ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းတုံးအားလုံးကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ အလျင်အမြန်ထည့်သိမ်းနေသည့်မြင်ကွင်းကို မြင်နိုင်ပေသည်။
ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ကန်ထဲမှပြန်ထွက်လာကြသည်။
“ကိုယ်မင်းကိုသိပ်မကူညီနိုင်ခဲ့ဘူး။” လင်ရှောင်းထင် အနည်းငယ်ဝမ်းနည်းနေမိကာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်သည်။
“ကိစ္စမရှိဘူး။ ရှင်က စူပါမန်းမှမဟုတ်ဘဲ၊ ကျွန်မမှာက ကျောက်စိမ်းမျက်ဝန်းရှိတယ်လေ။ ပြီးတော့ ရှင်က ကျွန်မလုပ်နိုင်တဲ့ကိစ္စတွေ အများကြီးကိုလုပ်နိုင်တယ်။” ကုနင်း ပြန်ကာနှစ်သိမ့်ပေးလိုက်သည်။
သူမ မလုပ်နိုင်သည့် ကိစ္စများစွာကို လင်ရှောင်းထင်လုပ်နိုင်သည်ဟူသော စကားသည် အမှန်ပင်ဖြစ်သည်။ တကယ်တမ်း သူမ၏လက်ရှိစီးပွားရေးသည် လင်ရှောင်းထင်အပေါ် မှီခိုနေရသည်သာ။
လင်ရှောင်းထင်သည် သူ့မိသားစုနောက်ခံအရရော ကိုယ်ပိုင်အရည်အချင်းအရက ထူးချွန်ထက်မြက်သူဖြစ်ကာ ကုနင်းသည်တော့ သူမ၏မှော်စွမ်းအင်နှင့်ကျောက်စိမ်းမျက်ဝန်းကြောင့် သန်မာနေနိုင်တာပင်။
ကုနင်း၏နှစ်သိမ့်စကားကြောင့် လင်ရှောင်းထင် စိတ်ပြန်ကြည်သွားတော့သည်။ ကုနင်း သူ့အကူအညီကိုလိုအပ်နေမှသာ သူ့ကိုယ်သူ အသုံးဝင်သည့်လူတစ်ယောက်ဟု ခံစားမိသည်။
ထို့နောက် ကုနင်း တဲကိုတဖန်ပြန်ထုတ်ကာ အဝတ်အစားလဲကြပြီးနောက် တောင်မှပြန်လာခဲ့သည်။
…….
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဟိုတယ်သို့ပြန်ရောက်ချိန်တွင် ည၁၂နာရီပင်ထိုးခါနီးနေပြီဖြစ်သည်။ သူတို့အခန်းသို့ပြန်မတက်ခင် ညလည်စာမုန့်တချို့စားဖြစ်ခဲ့ကြသေးသည်။ သို့သော်လည်း သူမတို့အပေါ်တက်လာချိန်မှာပဲ ဓါတ်လှေကားက သုံးလွှာတွင်ရပ်သွားခဲ့ကာ ရှိုးတမီနမီနို၊ အာယုမီယာမဂုချီ၊ ချီကျီယွဲ့နှင့် ထန်ယရှင်းတို့လဲ ဓါတ်လှေကားထဲသို့ဝင်လာကြလေသည်။
အာယုမီယာမဂုချီသည် ဒဏ်ရာရထားသော်လည်း ကောင်းကောင်းအနားယူလိုက်ပြီးနောက် သူမဘာသာအထိန်းမရှိဘဲ လမ်းကောင်းကောင်းပြန်လျှောက်နိုင်နေပြီဖြစ်သည်။
တတိယထပ်တွင် လက်ဖက်ရည်သောက်ခန်း၊ ဘားနှင့် တခြားဖျော်ဖြေရေးအခန်းများစွာရှိတာကြောင့် သူတို့တွေ အပန်းဖြေဖို့လာခဲ့ကြတာပင်။ အခုကတော့ သူတို့အိပ်ခန်းများဆီပြန်ကြဖို့ ဓါတ်လှေကားထဲဝင်လိုက်ကြတာဖြစ်သည်။
ကုနင်းကိုမြင်သည်နှင့် ရှိုးတမီနမီနိုနှင့်အာယုမီယာမဂုချီတို့ စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း ကုနင်းက ကျီပိုင်ယင်းလဲမဟုတ်တာကြောင့် သူတို့ဘာမှမလုပ်နိုင်ပေ။ ဒါ့အပြင် ကုနင်းတို့၏သက်တော်စောင့်ကိုလဲ သူတို့ကြောက်နေကြပြီဖြစ်သည်။
ထန်ယရှင်းကတော့ ကုနင်းကိုမြင်သည်နှင့် ခံစားချက်တို့ဆိုးဝါးလာတာကြောင့် ချက်ချင်းအကြည့်လွှဲသွားသည်။ သို့ပေမည့် ချီကျီယွဲ့သည်တော့ ကုနင်းကိုကြည့်နေတာကြောင့် ထန်ယရှင်း ဒေါသထွက်ရတော့သည်။ သို့သော်လည်း လူကြားထဲတော့ သူမဒေါသကို ထွက်ပေါက်ပေးပစ်လို့မဖြစ်ပေ။
လင်ရှောင်းထင်သည်လဲ သဘောမတွေ့ပေမည့် ဘာမှမလုပ်ခဲ့ပေ။
သူတို့အားလုံး အထူးခန်းများတွင်သာ နေကြခြင်းဖြစ်တာကြောင့် ဓါတ်လှေကားက ၁၂လွှာတွင်ရပ်သွားခဲ့သည်။ အားလုံးက ကျိကျိတက်ချမ်းသာသူများဖြစ်တာကြောင့် အကောင်းဆုံးသောအရာများအတွက် တတ်နိုင်ကြသည်။
ကံကောင်းစွာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့က ဘယ်ဘက်သို့ထွက်သွားကာ ချီကျီယွဲ့နှင့်ကျန်လူများကတော့ ညဘက်သို့သွားကြသည်။
……
ထန်ယရှင်းနှင့်ချီကျီယွဲ့တို့ သူတို့အခန်းဆီပြန်ရောက်သည်နှင့် ထန်ယရှင်း၏အမေးစကားက ထွက်ပေါ်လို့လာသည်။ “ချီကျီယွဲ့၊ နင်ဘာလုပ်ချင်နေတာလဲ? ဘာလို့ ကုနင်းလို့ခေါ်တဲ့တစ်ယောက်ကို ဆက်တိုက်သွားကြည့်နေတာလဲ?”
ချီကျီယွဲ့ ရုတ်တရက်အမေးကြောင့် ကြောင်အလို့သွားလေသည်။ ကုနင်းကိုတွေ့လိုက်ရသည်နှင့် သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သူမကိုသာ အာရုံစိုက်လို့နေမိသည်။
ထန်ယရှင်း၏ဒေါသကြီးမှုကို သူသဘောမကျဘူးဆိုရင်တောင်မှ သူလိုချင်တာအားလုံးမရသေးသ၍တော့ ထန်ယရှင်းကို နှစ်သိမ့်ချော့မော့ပေးရဦးမည်ဖြစ်တာကြောင့် ချက်ချင်းဖြေရှင်းချက်ပေးလာခဲ့သည်။ “ယရှင်း၊ မင်းအထင်လွဲနေပြီ။ ငါ သူ့ကိုကြည့်တယ်ဆိုတာ သူ့ဘေးကလူကြောင့်ပါ။ သူတို့ကြည့်ရတာ တော်တော်လေးရင်းနှီးနေတယ်လို့တွေးမိလို အဲ့လူဘယ်သူလဲ စဉ်းစားနေတာ။ သူ့ရဲ့အရှိန်အဝါကတော်တော်လေးအားကောင်းတယ်၊ သာမာန်လူတော့မဖြစ်နိုင်ဘူး။ ဒီနေ့ ရှိုးတမီနမီနိုဘယ်လိုဒေါသထွက်သွားလဲ မင်းလဲသိနေတာပဲ။ အဲ့ဒါကြောင့် သူ ငါတို့ကိုဒုက္ခရောက်အောင် တစ်ခုခုလုပ်မှာစိုးလို့ သတိထားနေတာပါ။”
***
အခန်း ၁၀၇၈ လေလံဒုတိယရက်
ချီကျီယွဲ့ အကြောင်းပြချက်ပေါင်းစုံနှင့်လိမ်ညာလိုက်သော်လည်း သူ့အကြောင်းပြချက်တွေက ကျိုးကြောင်းဆီလျော်နေပြန်သည်။ ပြီးတော့ ကုနင်းဘေးက အမျိုးသားသည် သာမာန်လူမဖြစ်နိုင်ကြောင်း သူအမှန်တကယ်ခံစားနေမိတာလဲဖြစ်သည်။
ထန်ယရှင်းကတော့ ကုနင်းကြောင့် လင်ရှောင်းထင်ကို သဘောမကျပေမည့် ထိုလူက အဆင့်အတန်းမြင့်သည့်လူတစ်ယောက်နှင့်တူကြောင်းကိုတော့ သူမလဲလက်ခံသည်။ ဒါကြောင့် ချီကျီယွဲ့၏အလိမ်အညာများကိုယုံကြည်သွားကာ၊ “တကယ်ပြောနေတာလား?”
ချီကျီယွဲ့ ချက်ချင်းဆိုသလို ထန်ယရှင်းအား ပွေ့ဖက်လိုက်ကာ၊ “ဒါပေါ့၊ ကိုယ် အဲ့ကောင်မလေးကိုစိတ်ဝင်စားနေတယ်လို့ ထင်သွားတာလား? သူက အရမ်းငယ်လွန်းတယ်၊ ကိုယ်မျက်လုံးထဲတော့ သူ့ကိုဆွဲဆောင်မှုရှိတယ်လို့ နည်းနည်းလေးတောင်မထင်ဘူး။ မင်းကသာ ကိုယ်မြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးပဲ။”
ချီကျီယွဲ့ ထပ်လိမ်လိုက်ပြန်သည်။ တကယ်တော့ ကုနင်းသည် ထန်ယရှင်းထက် ပိုလှသော်လည်း ယနေ့ ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားတာကြောင့် ထန်ယရှင်းထက်ဆွဲဆောင်နိုင်စွမ်း လျော့နည်းနေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင်တော့ ချီကျီယွဲ့၏စိတ်ဝင်စားမှုကို ပျောက်ကွယ်မသွားစေသေးပေ။
သူက ထန်ယရှင်းလို အရိုင်းဆန်ဆန်ဆွဲဆောင်မှုရှိပုံမျိုးကို သဘောကျသလို ကုနင်းလို ဖြူစင်မှုမျိုးကိုလဲ ငြင်းပယ်မည့်လူမဟုတ်ပေ။ သူအရင်က အရိုင်းဆန်ဆန်လှပလွန်းသည့်မိန်းကလေးပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးပြီးဖြစ်ကာ ဖြူစင်ပုံစံနှင့်မိန်းကလေးတွေကသာ အကောင်းဆုံးမှန်း သိရှိသွားခဲ့သည်။ ကုနင်းဘေးကလူက သူမချစ်သူဆိုလျှင်တောင်မှ သူမတွင် လိင်ဆက်ဆံသည့်အတွေ့အကြုံမျိုးတော့ မရှိနိုင်သေးပေ။ သူမနှင့်ဆန့်ကျင်စွာဘဲ ထန်ယရှင်းကတော့ ယောက်ျားပေါင်းများစွာကို သူမအိပ်ယာပေါ်ခေါ်တင်ပြီးနှင့်သူဖြစ်သည်။
ယောက်ျားတွေရဲ့အလိုဆန္ဒသည် ဘယ်တော့မှပြည့်ဝကြမည်မဟုတ်ပေ။
ချီကျီယွဲ့က ချက်ချင်းဆိုသလို သူတို့ကြား သဘောထားကွဲလွဲမှုဖြစ်ချိန်မှာ အသုံးပြုလေ့ရှိသည့် အိပ်ယာထက်က နည်းလမ်းများကို စတင်အသုံးချတော့သည်။ ထိုနည်းလမ်းသည် အမြဲတမ်းအလုပ်ဖြစ်ကာ ဤတစ်ကြိမ်လဲအလားတူပင်။
တကယ်တမ်း ထန်ယရှင်းသည်လဲ ချီကျီယွဲ့နှင့် ယှက်နွယ်ရတာကို အလွန်သဘောကျသူဖြစ်သည်။ သူမ ချီကျီယွဲ့နှင့် နှစ်ပေါင်းများစွာအိပ်လာခဲ့သော်လည်း လုံလောက်သည်ဟု မခံစားရသေးပေ။ ချီကျီယွဲ့၏နည်းလမ်းများက အလွန်ကျွမ်းကျင်မှုရှိကာ သူမကိုကျေနပ်စေတာကြောင့် လက်မလွှတ်ချင်တာဖြစ်သည်။
ချီကျီယွဲ့ကလဲ ထိုနည်းလမ်းတို့ကိုကျွမ်းကျင်စွာအသုံးချရင်း ထန်ယရှင်းကို သူ့ဘေးနားဆက်ရှိနေစေခြင်းဖြစ်သည်။ မဟုတ်လို့ ထန်ယရှင်းသာ သူ့အပေါ် စိတ်ဝင်စားမှုပျောက်ဆုံးသွားပါက ချက်ချင်း သူ့နေရာကို တခြားတစ်ယောက်နှင့် အစားထိုးပစ်မည့်သူဖြစ်သည်။ ထန်ယရှင်းတွင် သစ္စာစောင့်သိမှုဟူသည် အလျဉ်းမရှိပေ။
ဒါကြောင့်လဲ သူမ သူ့ကိုဆက်ပြီးစိတ်ဝင်စားနေအောင် ချီကျီယွဲ့အကောင်းဆုံးကြိုးစားနေတာဖြစ်သည်။ ကံအားလျော်စွာပဲ သူတို့မကြာခင် လက်ထပ်ကြတော့မည်ဖြစ်ကာ ကွာရှင်းဖို့ဆိုတာကလဲ မလွယ်လှပေ။
သူတို့နှစ်ယောက်၏နည်းလမ်းများနှင့်ယှဉ်လျှင် ကုနင်းနှင့်လင်ရှောင်းထင်တို့သာ ပိုလို့ညင်သာမှုရှိကြသည်။
တစ်ချိန်တည်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်၊ အာယုမီယာမဂုချီနှင့်ရှိုးတမီနမီနိုတို့အခန်းများတွင်လဲ အလားတူလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြလေသည်။ အာယုမီယာမဂုချီကတော့ ဒဏ်ရာရထားပေမည့် ထိုဒဏ်ရာက သူမ၏စိတ်ခံစားချက်အပေါ် သက်ရောက်မှုမရှိပေ။
…….
လေလံဈေးအားလုံးကို နောက်တစ်နေ့မနက်၁၀နာရီတွင် ဖွင့်ဖော်ဖွင့်ပြသွားမည်ဖြစ်သည်။
မနက်၇နာရီမှာတော့ ကျီပိုင်ယင်းနှင့်အတူ ကုနင်းနှင့်လင်ရှောင်းထင်တို့ မနက်စာစားခဲ့ကြသည်။ ကုနင်းက လင်ရှောင်းထင်နှင့်အတူ ကျောက်အလောင်းအစားလမ်းသို့မသွားခင် ကျီပိုင်ယင်းကို ကိုယ့်ဘာသာ ခဏလျှောက်သွားနှင့်ရန်ပြောလိုက်သည်။ ကျီပိုင်ယင်းသည် ကလေးလဲမဟုတ်သလို သူမကိုစောင့်ရှောက်ပေးမည့် အထူးသက်တော်စောင့်နှစ်ယောက်လဲရှိနေသေးတာကြောင့် သူမအတွက် ကုနင်းစိတ်မပူပေ။
၉နာရီတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်လဲ ကျောက်စိမ်းလေလံပွဲရင်ပြင်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ကျောက်အလောင်းအစားလမ်းနှင့် ကျောက်စိမ်းလေလံပွဲသို့ ကားဖြင့်ဆိုလျှင် နာရီဝက်မျှသာ မောင်းရတာကြောင့် စောစောရောက်နေတာနဲ့ စားသောက်ဆိုင်တစ်ဆိုင်တွင်သာ ဝင်ထိုင်နေခဲ့သည်။
အခုဆို ရင်ပြင်ထဲတွင် လူတော်တော်များနေပြီဖြစ်ကာ လက်ဝတ်ရတနာလုပ်ငန်းရှင်များသည်လဲ အပြန်အလှန်စကားပြောဆို ဆွေးနွေးလို့နေသည်။
၉နာရီခွဲတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ စားသောက်ဆိုင်မှ ပြန်ထွက်လာကြသည်။
လေလံဈေးရလဒ်ကို လေလံပွဲခန်းမထဲတွင် ထုတ်ဖော်ကြေညာမည်ဖြစ်တာကြောင့် အားလုံးလဲ ခန်းမရှိရာသို့ ချက်ချင်းစုရုံးကြတော့သည်။
အသီးသီး ကိုယ့်အစုအဖွဲ့နှင့်ကိုယ်ရှိနေကြကာ တစ်ခါတစ်ရံ စကားပြောရင်း ရယ်သံများပါ ထွက်ပေါ်လာလေ့ရှိသည်။
ယနေ့ခင်းကျင်းပြသသွားမည့် ကျောက်စိမ်းရိုင်းတုံးများကိုတော့ ပွဲ၏သိုလှောင်ခန်းထဲတွင် သိမ်းစည်းထားလေသည်။
“ငါတို့ရေစက်မသေးဘူးပဲ၊ မစ္စကု၊ မစ္စတာလင်!” ကုနင်း ခန်းမထဲသို့ဝင်လိုက်သည်နှင့် ကျန်းတချွမ် နှုတ်ဆက်လာတာကြောင့် ကုနင်းလဲ သူရှိရာဆီ လျှောက်သွားလိုက်သည်။
“ဟိုင်း၊ မစ္စတာကျန်း!”
ကျန်းတချွမ်အပြင်၊ လုဝေ့လီ၊ ချီကျီယွဲ့နှင့် ရှိုးတမီနမီနိုတို့လဲ ခန်းမထဲတွင်ရှိနေကြသည်။
ကုနင်းရောက်လာသည်နှင့် လုဝေ့လီ၊ ချီကျီယွဲ့နှင့် ကျန်သူများလဲ သူမကိုသတိထားမိကြသည်။
ကုနင်း၏သတိပေးစကားကြောင့် လုဝေ့လီကတော့ သူမနှင့်ထပ်ပြီး စကားလှန်မထိုးရဲတော့သော်လည်း စိတ်ထဲတွင်တော့ ကျေနပ်သေးသည်မဟုတ်ပေ။ ပြောရရင် သူ့ကို ဘယ်သူကမှ ဒီလိုမျိုး တစ်ခါမှခြိမ်းခြောက်ခဲ့ဖူးတာမှမဟုတ်ဘဲ။
သို့ပေမည့် လုဝေ့ဝေ့ကတော့ သူမမျက်လုံးတွေကို လင်ရှောင်းထင်ထံမှ မခွာချနိုင်သေးပေ။ သူမ လင်ရှောင်းထင်ထံသို့ စကားသွားပြောဖို့ပြင်လိုက်ချိန်မှာပဲ လုဝေ့လီက သူမကိုတားလာခဲ့သည်။ “ဝေ့ဝေ့၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?”
***
အခန်း ၁၀၇၉ ရလဒ်
လုဝေ့ဝေ့ကို သူလုဝေ့လီလောက် ပိုကောင်းကောင်းသိမည့်လူမရှိတာကြောင့် သူမ လင်ရှောင်းထင်ကို လက်မလျှော့သေးမှန်း နားလည်လေသည်။
သူမအစ်ကိုခေါ်လာတာကြောင့် လုဝေ့ဝေ့ ပြန်လှည့်လာခဲ့သည်။ ကုနင်း၏သတိပေးစကားနှင့် သူမအစ်ကို၏အကြံပြုစကားများကို ပြန်စဉ်းစားကြည့်ပြီးနောက် သူမထပ်မလှုပ်ရှားတော့ဘဲ ကုနင်းကိုသာ စိုက်ကြည့်လိုက်ကာ မနာလိုမှုများကြီးစိုးလာတော့သည်။
လင်ရှောင်းထင်ကိုဆွဲဆောင်နိုင်ဖို့ရန် ကုနင်းကို ပထုတ်နိုင်မည့်နည်းလမ်းကို သူမရှာမတွေ့တာကြောင့် သောကများလို့နေသည်။
ချီကျီယွဲ့သည်လဲ ကုနင်းကိုကြည့်နေခဲ့ပေမည့် ဒီတစ်ခါတော့ ထန်ယရှင်းထပ်ပြီး စိတ်စိုးမသွားစေရန် သူ့အပြုအမူတို့ကို သေချာသတိထားကာ ထိန်းချုပ်နေခဲ့သည်။
ထန်ယရှင်းသည်တော့ သူမရှေ့ ကုနင်းပေါ်လာသည်နှင့် မနှစ်မြို့စိတ်တို့က ဖြစ်ပေါ်လာကာ ချက်ချင်းအကြည့်လွှဲသွားသည်။ လင်ရှောင်းထင်၏ တမူထူးခြားသည့်ရုပ်ရည်သွင်ပြင်ကြောင့် ထန်ယရှင်းလဲ မှင်သက်မိပေမည့် ကုနင်းနှင့်အတူရှိနေတာကြောင့် မုန်းမိနေတုန်းပင်။
ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ထိုလူအားလုံး၏အကြည့်ကို လျစ်လျူရှုလို့ထားကာ ကျီပိုင်ယင်းနှင့် သူမသက်တော်စောင့်များမရောက်ခင်အထိ ကျန်းတချွမ်နှင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြသည်။
ကျီပိုင်ယင်းရောက်လာသည်နှင့် ဤတစ်ခေါက် အမူအရာပျက်သွားသူတွေကတော့ သေချာပေါက် အာယုမီယာမဂုချီနှင့် ရှိုးတမီနမီနိုတို့ပင်ဖြစ်လေသည်။ သို့သော်လည်း သူတို့ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လောလောဆယ် သူတို့လုပ်နိုင်တာ ဘာမှမရှိပြန်ပေ။
ကျီပိုင်ယင်း ရောက်လာသည်နှင့် ကုနင်းနားချက်ချင်းသွားကာ သူမနောက်နားတွင် ရပ်နေလိုက်သည်။ လင်ရှောင်းထင်ကတော့ တစ်ချိန်လုံး ကုနင်းနှင့် ဘေးချင်းယှဉ်ရက်အနေအထားတွင် ရှိနေခြင်းဖြစ်သည်။
ထိုအချိန်အတွင်း လက်ဝတ်ရတနာလုပ်ငန်းရှင်အချို့သည်လဲ ကုနင်းကို လာရောက်နှုတ်ဆက်ကြသလို စကားလာပြောသူများလဲရှိသည်။ ခဏအကြာမှာတော့ မြင်လိုက်ရသည့် သွင်ပြင်နှစ်ခုကြောင့် ကုနင်းအံ့ဩသွားတော့သည်။
ထိုလူများသည် သူမ မနေ့က xxတောင်တွင် တွေ့ခဲ့သည့် တုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် သုန်းဖန်းဖေးကို အပြစ်ပေးဖို့ရန် မြန်မာသို့လာခဲ့ခြင်းဖြစ်ရုံသာမက တစ်ခါတည်း အဆင့်မြင့်ကျောက်စိမ်းများကိုပါ အိမ်ပြန်သယ်သွားဖို့လဲ ပါသည်။
မှော်စွမ်းအင်များပြည့်ဝနေသည့်ကျောက်စိမ်းများသည် သူတို့လို ကျင့်ကြံသူများအတွက် ကောင်းမွန်သည့်အထောက်အပံ့ပစ္စည်းပင်ဖြစ်သည်။ ဒါ့အပြင် သုန်းဖန်းမိသားစုသည်လဲ လက်ဝတ်ရတနာလုပ်ငန်းလောကတွင် နာမည်ကြီးလက်ဝတ်ရတနာဘရန်းတစ်ခုကို ပိုင်ဆိုင်ထားပြန်သည်။
သုန်းဖန်းမိသားစုအပြင် သူတို့ကမ္ဘာတွင် တခြားအင်အားကြီးမိသားစုကြီးသုံးခုရှိနေပြန်ကာ ထိုမိသားစုများမှလဲ ယခုကျောက်စိမ်းလေလံပွဲသို့ လူများပို့လွှတ်ခဲ့သည်။ သို့သော်လည်း သာမာန်လူတွေကတော့ ထိုလူများကို ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။
ထိုမိသားစုများသည်လဲ ကျောက်စိမ်းကောင်းများရှာဖွေဖို့ရန်အတွက် ကျောက်စိမ်းရာဖြတ်များစွာ ပို့ကြသည်။
သုန်းဖန်းမိသားစုသည်လဲ အလားတူပင်။
တကယ်တော့ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့သည် သုန်းဖန်းဖေးအတွက် အဓိကလာခဲ့ခြင်းဖြစ်သည်။
သုန်းဖန်းဖေ၏သေဆုံးမှုပြီးနောက်မှာတော့ သူတို့အချိန်တွေအားလုံးကို ကျောက်စိမ်းကောင်းတချို့ရှာရာတွင် သုံးဖို့အချိန်ရသွားခဲ့သည်။
ကုနင်းကတော့ မနေ့ညကမြင်ခဲ့ရသည့် ထိုလူများ၏နောက်ခံအကြောင်း သိပ်မတွေးသော်လည်း သာမာန်လူများမဟုတ်မှန်းတော့ သိနေပြီဖြစ်သည်။
အခု သူတို့နှင့်တော်တော်နီးနီးတွင် ရှိနေရခြင်းဖြစ်၍ သူမလေ့လာစမ်းစစ်နိုင်ကာ ထိုနှစ်ယောက်၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်နှင့်တူလွန်းသည့် အငွေ့အသက်များကို ခံစားမိခဲ့သည်။
သူတို့တွေလဲ ကျင့်ကြံသူတွေပဲလား?
သူမအတွေးဖြစ်နိုင်ချေများသည်ဟု ကုနင်းကတော့ ယုံသည်။
ဒီလိုဆိုမှတော့ ထိုနှစ်ယောက်ကို ပိုလို့အာရုံထားသင့်ပေပြီ။
သိပ်မကြာလိုက်ခင်မှာပဲ သုန်းဖန်းကျီယွီနှင့် ဝူရွှမ်းဟွာတို့လဲ သူတို့ကို လူတစ်ယောက်ကြည့်နေမှန်း ခံစားသိရှိသွားကြသော်လည်း ထိုလူကို ရှာဖွေဖို့ရန် သူတို့လှည့်ပတ်ကြည့်မည့်အချိန်မှာပဲ ထိုခံစားချက်က ပြန်ပျောက်ကွယ်သွားတာကြောင့် စိတ်ရှုပ်သွားကြတော့သည်။
“တစ်ယောက်ယောက် ငါတို့ကိုကြည့်နေတာလားလို့?” ဝူရွှမ်းဟွာမေးလိုက်တာကြောင့် သုန်းဖန်းကျီယွီက၊ “ခန်းမထဲမှာလူတွေအများကြီးပဲလေ။ ကြီးကြီးမားမားကိစ္စတော့ မဟုတ်လောက်ပါဘူး။”
…….
၁၀နာရီတွင်တော့ စင်ပေါ်သို့ အစီအစဉ်မှူးတက်လာကာ ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
“ဂုဏ်သရေရှိလူကြီးမင်းအပေါင်းနှင့် အမျိုးသမီးတို့ ဒီကနေ့တွေ့ဆုံပွဲကနေ ကြိုဆိုလိုက်ပါတယ်။ အခုကတော့ လူကြီးမင်းတို့ မနေ့ကပါဝင်ခဲ့တဲ့ အိတ်ပိတ်လေလံပွဲရဲ့ရလဒ်တွေကို ထုတ်ဖော်မယ့်အချိန်ပါပဲ။”
ထိုကြေညာချက်ကိုကြားသည်နှင့် အားလုံး ကိုယ့်မှတ်စုကိုယ်ထုတ်လိုက်ကြသည်။ အားလုံးက သူတို့လိုချင်သည့်ကျောက်ရိုင်းတုံးများကို တစ်ယောက်ယောက်များ ရသွားမလားဆိုသည်ကို သိချင်လို့နေလေသည်။
လေလံဈေးနှုန်းစာရင်းကို ပထမဆုံးအပ်ခဲ့သူကတော့ ကုနင်းပင်။
“ပထမဆုံး လေလံဆွဲသူကတော့ မစ္စကုပါ။” အစီအစဉ်မှူးက ကြေညာလိုက်သည်။
ကုနင်းကို သိနေသည့်လူများကတော့ အံ့ဩတကြီးဖြင့် သူမကိုကြည့်လာကြလေသည်။
သူမကို မသိသည့်လူများကတော့ သူမဘယ်သူလဲ ခဏလောက်လှည့်ပတ်ရှာကြည့်ပြီးနောက် စင်ဘက်သို့ပြန်လှည့်သွားလေသည်။
အစီအစဉ်မှူးက ကုနင်း အနိုင်ရသွားသည့် ပထမဆုံးကျောက်ရိုင်းတုံးနံပါတ်ကို ဖတ်ပြနေချိန်မှာတော့ သူမကမ်းလှမ်းထားသည့်ဈေးနှုန်းက အလွန်မြင့်နေတာကြောင့် လူတိုင်းအံ့ဩသွားတော့သည်။ ဒီလောက်မြင့်တဲ့ဈေးနဲ့မှတော့ ကျောက်ရိုင်းတုံးကို သူမမရနိုင်စရာအကြောင်း ဘယ်ရှိတော့မလဲ။
အစီအစဉ်မှူးက ဆက်လက်ပြီး ကုနင်းနိုင်သွားသည့် ကျောက်ရိုင်းတုံးနံပါတ်များကို ဖတ်ပြပေးနေသည်။
စင်အောက်ရှိလူအုပ်ကြီးကတော့ ထပ်ခါထပ်ခါ အံ့အားသင့်လို့နေလေတော့သည်။ ကုနင်းက ကျောက်ရိုင်းတုံးတိုင်းက ဈေးအမြင့်တွေနဲ့ချည်း ကမ်းလှမ်းထားတာပဲ။
အစီအစဉ်မှူးက နံပါတ်ပေါင်း၃၀ကျော်ကို လေလံအောင်သွားသည့် ဈေးနှုန်းနှင့်တကွ ဖတ်ပြသွားခဲ့သည်။
လူအများကတော့ ကုနင်း၏ကြွယ်ဝမှုနှင့် ရက်ရက်ရောရောပေးနိုင်စွမ်းအပေါ် အံ့အားသင့်လို့နေသလို တစ်ချိန်တည်းမှာပဲ စိုးရိမ်စိတ်များလဲ ဝင်လာကြသည်။
ကုနင်း ကျောက်ရိုင်းများများနိုင်သွားလေ သူတို့ရနိုင်ချေက ပိုနည်းလာလေပဲမဟုတ်လား။
***
အခန်း ၁၀၈၀ အားလုံးကိုတတ်နိုင်တယ်
အရေးအကြီးဆုံးအချက်ကတော့ဖြင့် ကုနင်း အနိုင်ရသွားသမျှကျောက်ရိုင်းတိုင်းတွင် အရည်အသွေးမြင့်ကျောက်စိမ်းများပါရှိတာကြောင့် တစ်နေ့တည်းနှင့် ကုနင်းများစွာ ကြွယ်ဝသွားပြီဖြစ်သည်။
ကုနင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ဘော့စ်ဖြစ်မှန်း သိထားကြသည့် လက်ဝတ်ရတနာလုပ်ငန်းရှင်များကတော့ သူမ၏ရဲလွန်းမှုအပေါ် လုံးဝအံ့ဩနေကြသည်။
ကုနင်းက ကျောက်ရိုင်းတုံးပေါင်းများစွာကို အနိုင်ရသွားခြင်းဖြစ်တာကြောင့် အစီအစဉ်မှူးလဲ အားလုံးဖြတ်ပြီးဖို့ အချိန်အကြာကြီးယူလိုက်ရလေသည်။
ကုနင်း စုစုပေါင်း ကျောက်ရိုင်း ၃၄၆တုံး အနိုင်ရသွားခြင်းဖြစ်သည်။ ထိုထဲမှ ၁၄၆တုံးသည် ဆိုင်ခန်းများမှ ကုနင်းရွေးထားခြင်းဖြစ်ကာ ကျန်ကျောက်များသည်တော့ ရင်ပြင်အလယ်မှစင်ပေါ်မှဖြစ်သည်။
စင်များတွင်က ကျောက်ရိုင်းတုံးအရေအတွက်ပိုများတာကြောင့် ကုနင်း များများပိုရွေးနိုင်ခြင်းဖြစ်သည်။
တကယ်တော့ လေလံပွဲတွင် ကျောက်ရိုင်းတုံးတစ်ရာကျော် အနိုင်ရသည်က တမူထူးခြားနေတာမျိုးမဟုတ်သော်လည်း ကုနင်းကတော့ နိုင်သမျှကျောက်ရိုင်းတိုင်းကို အမြင့်ဆုံးဈေးများဖြင့် ကမ်းလှမ်းထားတာကသာ အဓိကကျပေသည်။ ကံကောင်းစွာဘဲ ကုနင်းသည် နိုင်သမျှကျောက်ရိုင်းတုံးတိုင်းအတွက် ငွေချေဖို့ လုံလုံလောက်လောက်ကြွယ်ဝနေတာပင်။
သူမတွင် ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် ထိုကျောက်ရိုင်းတုံးများကနေပြီး ငွေမြောက်မြားစွာပြန်ရှာနိုင်ပေသည်။
“ဦးလေး၊ ကျွန်တော်တို့လဲ မစ္စကုနဲ့တူတဲ့ ကျောက်ရိုင်းတွေအများကြီး လေလံတင်ထားတယ်မဟုတ်လား။ အခုပုံစံအတိုင်းသာဆို ဒါတွေထဲမှာ ကျောက်စိမ်းရှိနိုင်ချေ တော်တော်များတယ်။ ဒီလိုဆို ကျွန်တော်တို့ အရည်အသွေးမြင့်ကျောက်စိမ်းကောင်းတွေ အများကြီးဆုံးရှုံးသွားတာပြပေါ့!” ကျန်းပင်းရှန် စိုးရိမ်တကြီးပြောလာခဲ့သည်။
“မဖြစ်နိုင်ပါဘူး!” ကျန်းတချွမ် ပြန်ပြောလိုက်သည်။ သူ အမှန်တရားကိုလက်ခံချင်သော်လည်း ကျောက်ရိုင်းတုံးများကို အမြင့်ဆုံးလေလံပေးသူကိုသာ ရောင်းချမည်က စည်းကမ်းဖြစ်တာကြောင့် သူလုပ်နိုင်တာ ဘာမှမရှိပေ။
ကျန်းပင်းရှန်လဲ ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာချလိုက်ရတော့သည်။
“သူနိုင်သွားသမျှ ကျောက်ရိုင်းတိုင်းကနေ ကျောက်စိမ်းပြန်ရမယ်လို့ မထင်ပါဘူး။ သေချာပေါက် အများကြီးဆုံးရှုံးသွားမှာပဲ!” ကျန်းပင်းရှန်နှင့် ကျန်းတချွမ်တို့၏ပြောစကားများကိုကြားပြီးနောက် လုဝေ့ဝေ့က ကုနင်းကိုကျိန်စဲလိုက်သည်။ ကုနင်းတွင် အကြိမ်တိုင်း ကျောက်စိမ်းရအောင်ဖြတ်နိုင်မည့် အရည်အချင်းကောင်းမျိုးရှိလိမ့်မည်ဟု သူမတော့မယုံပေ။
“ဝေ့ဝေ့၊ မပြောနဲ့တော့!” လုဝေ့လီ ဟန့်တားလိုက်သည်။ သူသည်လဲ ထိုသို့မျှော်လင့်နေတာဖြစ်ပေမယ့် ထိုစကားများကို လူများကြားအောင် မထုတ်ပြောသင့်မှန်းတော့ သိသေးသည်။ ကုနင်းတွင် ဒီလောက်ထူးချွန်သည့်ကျောက်အလောင်းအစားအရည်အချင်းမျိုးရှိမည်ဟု သူမယုံချင်ပေ။ သို့သော်လည်း ကျန်းတချွမ်ကိုယ်တိုင်က ထောက်ခံထားတာကြောင့် ပေါ့ပေါ့လေးတွေးလို့လဲ မဖြစ်ပြန်ပေ။
လုမိသားစုသည်လဲ ကုနင်းလေလံဆွဲထားသည်နှင့်တူသည့် ကျောက်ရိုင်းများစွာကို ဈေးပေးထားတာကြောင့် အလွန်ဝမ်းနည်းလို့နေကြသည်။ သူတို့ သေချာဂရုတစိုက် လေ့လာစမ်းစစ်ပြီးနောက်မှ ရွေးချယ်ထားခြင်းဖြစ်တာကြောင့် ထိုကျောက်ရိုင်းများတွင် ကျောက်စိမ်းပါမည်ဟု ယုံကြည်ချက်အပြည့်ရှိနေသည်။
ထိုကျောက်ရိုင်းများတွင်သာ ကျောက်စိမ်းရှိနေမည်ဆိုလျှင် ကုနင်းဆီမှာ ထိုကျောက်ရိုင်းများကို ဆုံးရှုံးခံလိုက်ရသည့်အတွက် အလွန်စိတ်ပျက်ဝမ်းနည်းစရာကောင်းမည်ဖြစ်သော်လည်း ရလဒ်ကိုလက်မခံလို့မရပြန်ပေ။
လုဝေ့ဝေ့၏စကားများကို ကုနင်းနှင့်လင်ရှောင်းထင်တို့ကြားသော်လည်း သူမဘာပြောပြော လက်တွေ့ဖြစ်လာမည်မဟုတ်တာကြောင့် လျစ်လျူရှုထားလိုက်ကြသည်။
လုဝေ့ဝေ့တင်မကဘဲ တခြားလူများစွာသည်လဲ ကုနင်း မွဲသွားဖို့ ကြိတ်ဆုတောင်းလို့နေသည်။ ထိုထဲတွင် လုဝေ့ဝေ့ထက်တောင် ကုနင်းကို မုန်းတီးမှု မလျော့သည့် ထန်ယရှင်းလဲ ပါဝင်လေသည်။
ကုနင်းပြီးနောက်မှာတော့ ဒုတိယမြောက်လေလံဆွဲသူသည် လင်ရှောင်းထင်ဖြစ်လို့နေသည်။
အစီအစဉ်မှူးက လင်ရှောင်းထင်နာမည်ကိုပြောလိုက်ချိန်မှာပဲ ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ ထိတ်လန့်တကြား သူ့ကိုလှည့်ကြည့်လာတော့သည်။
သူများလား….
သူတို့ အရင်ကတစ်ခါမှ လင်ရှောင်းထင်နှင့်မဆုံဖူးသော်လည်း သူ့နာမည်ကိုတော့ ကြားဖူးပြီးဖြစ်သည်။ လင်ရှောင်းထင်သည် သခင်ကြီးလင်၏ အကြီးဆုံးမြေးဖြစ်သလို သမိုင်းတွင် အငယ်ဆုံးစစ်ဗိုလ်ချုပ်တစ်ယောက်လဲ ဖြစ်သေးသည်။
မြို့တော်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းကြားတွင် သူ့နာမည်နှင့် သူ့အောင်မြင်မှုများအကြောင်း မကြားဖူးသူမရှိပေ။ သို့သော်လည်း လင်ရှောင်းထင်သည် တပ်ထဲတွင်သာ အနေများတာကြောင့် သူ့ကို အပြင်တွင် ကိုယ်တိုင်မြင်ဖူးသူက သိပ်မများပေ။
လင်ရှောင်းထင်သည် သာမာန်လူတော့မဖြစ်နိုင်မှန်း ချီကျီယွဲ့ ခန့်မှန်းမိပြီးသားဖြစ်ပေမည့် နောက်ခံအစစ်အမှန်အကြောင်းသိလိုက်ရချိန်မှာတော့ အံ့ဩနေမိတုန်းပင်။
လင်ရှောင်းထင်၏မိသားစုနောက်ခံအကြောင်းသိပြီးနောက်မှာတော့ ထန်ယရှင်း ကုနင်းကို မနာလိုဖြစ်လာတော့သည်။ အခုတော့ လင်ရှောင်းထင်အပေါ် စိတ်မယိုင်ဘဲမနေနိုင်တော့ပေ။
လင်ရှောင်းထင်၏အောင်မြင်မှုများအကြောင်း ကြားဖူးကတည်းက ထိုလူသည် သူမအိုင်ဒေါဖြစ်လာခဲ့ပေမည့် တွေ့ဆုံဖို့အခွင့်အရေးတော့ တစ်ကြိမ်မျှမရရှိခဲ့ပေ။ အံ့ဩစရာကောင်းစွာပဲ သူမ အခုတော့ သူ့ကိုတွေ့နိုင်ပြီဖြစ်ပေမည့် သူမအမုန်းဆုံးမိန်းကလေးနှင့်အတူ ရှိလို့နေလေသည်။
ချီကျီယွဲ့ကတော့ ထန်ယရှင်း၏တုံ့ပြန်မှုအမူအရာကို သတိမထားခဲ့မိပေ။ မဟုတ်လို့ကတော့ မသက်မသာခံစားနေရပေမည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့၏အကြည့်များကို ကုနင်းနှင့်လင်ရှောင်းထင်တို့ ခံစားမိကြသော်လည်း ဂရုမစိုက်ကြပေ။
………
လင်ရှောင်းထင်ကတော့ ကျောက်ရိုင်းပေါင်း ၃၂၁တုံးအနိုင်ရသွားကာ ကုနင်းထက် အနည်းငယ်သာ ပိုလျော့သည်။
ဒါကြောင့် လူတော်တော်များများ အရည်အသွေးမြင့်ကျောက်စိမ်းတုံးပါဝင်သည့် ကျောက်ရိုင်းတုံးများကို ဆုံးရှုံးလို့သွားကြတော့သည်။
***