အခန်း (၁၁၀၆-၁၁၁၀)
Vol. 73 Ch. 1106-1110
အခန်း ၁၁၀၆ ကုနင်းမဟုတ်လား?
“ရှင်-ရှင့်ခြေထောက်ကောင်းသွားတာလား?” ကျီပိုင်ယင်း မေးလိုက်သည်။
“ဟုတ်တယ်၊ လုံးဝကောင်းသွားပြီ။” ကေကိုယ်တိုင်လဲ သူ့ခြေထောက်အကြောင်းတွေးမိတိုင်း အရမ်းကံကောင်းသည်ဟု ခံစားရမြဲပင်။
“ဘယ်သူကုပေးလိုက်တာလဲ?” ထိုခြေထောက်အတွက် ကေအကြိမ်ကြိမ်အခါခါ ကြိုးစားကုသခဲ့ကြောင်း ကျီပိုင်ယင်း သိနေတာကြောင့် အခုလိုမြင်လိုက်ရ၍ အရမ်းသိချင်သွားသည်။ ကေ့ခြေထောက်ကိုကုပေးတဲ့လူက ကမ္ဘာပေါ်မှာ အတော်ဆုံးဆရာဝန်ပဲဖြစ်ရမယ်။
ကျီပိုင်ယင်း၏အမေးကြောင့် ကေ အမှန်အတိုင်းပြောသင့်မပြောသင့်မသိတာကြောင့် ကုနင်းကို တစ်ချက်ကြည့်လိုက်လေသည်။
ကျီပိုင်ယင်းကလဲ ထိုအကြည့်ကိုချက်ချင်းသတိထားမိကာ သူမအဖေအတွက် ကုနင်းလုပ်ပေးခဲ့သည့်ကိစ္စအကြောင်း ပြန်အမှတ်ရသွားတော့သည်။ “အိုး၊ အဲ့လူက ကုနင်းမဟုတ်လား?”
ကေ ကြောင်သွားတော့သည်။ ကျီပိုင်ယင်းက အဖြေကိုသိနေတာကြောင့်လဲ အံ့ဩသွားမိလေသည်။
“ဟုတ်တယ်၊ ငါပဲ။” ကုနင်းကပဲ ပြန်ဖြေလိုက်သည်။
“နင်ဆိုမှတော့ ဒါက အရမ်းအံ့ဩဖို့မကောင်းတော့ပါဘူး။” ကုနင်းအဖြေကိုကြားပြီးနောက် ကျီပိုင်ယင်း ထပ်ပြီးမအံ့ဩတော့ပေ။ ကုနင်းဘယ်လောက်အံ့ဩဖို့ကောင်းကြောင်း သူမအများကြီး ကြုံတွေ့ပြီးပြီမလား။
ဒီတော့မှကေလဲ ကျီပိုင်ယင်းက ကုနင်း၏ကျွမ်းကျင်မှုများအကြောင်း သိထားပြီးဖြစ်မှန်း နားလည်သွားတော့သည်။
“ဟုတ်ပါပြီ၊ ရှင်လဲ လုပ်စရာရှိတာသွားလုပ်တော့လေ။”
“ဟုတ်ပြီ၊ နောက်မှတွေ့ကြတာပေါ့။” ကေလဲ ထွက်သွားတော့သည်။
ကေခပ်လှမ်းလှမ်းသို့ရောက်ကာမှ ချန်စန်းယိပေါ်လာလေသည်။ သူ့ရုံးခန်းအပြင်ဘက်ကနေ အသံတွေကြားနေရတာကြောင့် ကုနင်းကိုထွက်ကြိုခြင်းဖြစ်သည်။
“မင်္ဂလာပါ၊ ဘော့စ်။” ချန်စန်းယိနှုတ်ဆက်လိုက်ကာ ကျီပိုင်ယင်းတို့ကိုလဲ နှုတ်ဆက်လေသည်။ “အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။”
ကျီပိုင်ယင်းနှင့်သက်တော်စောင့်နှစ်ယောက်ကို သူမသိတာကြောင့် နာမည်တော့တပ်မခေါ်ခဲ့ပေ။
“တွေ့ရတာဝမ်းသာပါတယ်။”
“ဒီဘက်က ငါ့လုပ်ငန်းစုရဲ့ဥက္ကဌ ချန်စန်းယိ။ သူတို့ကတော့ ကျွန်မသူငယ်ချင်း ကျီပိုင်ယင်း၊ မန်တနဲ့နန်ပါ။” ကုနင်းကပဲ အားလုံးကိုအပြန်အလှန်မိတ်ဆက်ပေးလိုက်သည်။
“ကျွန်မသူငယ်ချင်းတွေနဲ့ အလည်လာတာမို့ လုပ်စရာရှိတာ ဆက်လုပ်နေလို့ရပါတယ်။”
“ကောင်းပါပြီ။” ကုနင်း၏လုပ်ငန်းစုက အခုဆို တရားဝင်ဖွင့်လှစ်တော့မည်ဖြစ်တာကြောင့် ချန်စန်းယိလဲ အမှန်ကို အလုပ်များနေတာဖြစ်သည်။
ထို့နောက် ကုနင်းက ကျီပိုင်ယင်းတို့ကို ၁၈လွှာသို့ခေါ်သွားလိုက်သည်။
အခန်းထဲတွင် လက်ဖက်ရည်ခွက်များရှိနေကာ ကျီပိုင်ယင်းက မေးလာသည်။ “ကုနင်း၊ လက်ဖက်ရည် ငါကိုယ်တိုင်ဖျော်လို့ရလား?”
ကျီပိုင်ယင်းသည် လက်ဖက်ရည်သောက်ရသည်အားနှစ်သက်တာကြောင့် လက်ဖက်ရည်အခမ်းအနားလုပ်သည့်လမ်းစဉ်များအကြောင်း သင်ကြားထားခဲ့သည်။
“ဒါပေါ့၊ လုပ်လေ။”
ကျီပိုင်ယင်း အရင်ဆုံး ရီရှင်းလက်ဖက်ရည်အိုးကိုကောက်ကိုင်လိုက်သည်။ ရီရှင်းလက်ဖက်ရည်အိုးသည် အနည်းငယ်အိုဟောင်းနေရုံပေါက်သော်လည်း အလွန်ချောမွေ့ကာ ကိုင်တွယ်ရကောင်းလှသည်။ ဒါကြောင့် ကျီပိုင်ယင်းက၊ “ကုနင်း၊ ဒါရှေးဟောင်းပစ္စည်းအစစ်လား?”
“ဟုတ်တယ်လေ။” ထိုအိုးသည် သူမဝယ်ဖူးသမျှထဲတွင် တန်ဖိုးအကြီးဆုံးရီရှင်းလက်ဖက်ရည်အိုးပင်။
ရှေးဟောင်းပစ္စည်းအစစ်မှန်း ကျီပိုင်ယင်းသိလိုက်သည်နှင့် သတိထားပြီးကိုင်တွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
ရေနွေးဆူလာသည်နှင့် လက်ဖက်ရည်စဖျော်လေသည်။
ပထမဆုံး ရေနွေးဖြင့် လက်ဖက်ရည်ခွက်တစ်စုံလုံးကို ဆေးကြောလိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးထဲ လက်ဖက်မှုန့်များထည့်ကာ ရေနွေးလောင်းထည့်လိုက်သည်။
ခဏလောက်စောင့်လိုက်ပြီးနောက် မက်ခွက်တစ်ခုထဲထည့်လိုက်သည်။ လက်ဖက်ရည်ကိုကြည်သွားစေရန်အတွက် လက်ဖက်မှုန့်များကို ဇကာစစ်တစ်ခုဖြင့်စစ်ထုတ်လိုက်သည်။
အဆုံးသတ်အနေဖြင့် လက်ဖက်ရည်များကို လက်ဖက်ရည်ခွက်များထဲသို့ငှဲ့လိုက်သည်။
လက်ဖက်ရည်ဖျော်စပ်သည့်အနုပညာအကြောင်း ကုနင်းအများကြီးမသိသော်လည်း ကျီပိုင်ယင်းသည် သေချာလေ့ကျင့်သင်ကြားထားမှန်းကိုတော့ မြင်နိုင်သေးသည်။
“မြည်းကြည့်လိုက်။” ပထမဆုံးခွက်ကို ကုင်းကိုပေးလိုက်ပြီးကာမှ မန်တနှင့်နန်တို့အတွက်လဲ ငှဲ့ပေးလိုက်သည်။ မန်တနှင့်နန်သည် ကျီပိုင်ယင်း၏သက်တော်စောင့်များဖြစ်သော်လည်း ကျီပိုင်ယင်းကတော့ သူတို့ကို သူမမိသားစုဝင်များကဲ့သို့သာ ဆက်ဆံလေသည်။
ကုနင်း လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။
လက်ဖက်ရည်က သူမပါးစပ်အတွင်းသို့ဝင်သွားချိန်တွင် အနည်းငယ်ခါးသက်သက်ခံစားရသော်လည်း တဖြည်းဖြည်းလည်ချောင်းထဲသို့စီးဝင်သွားသည်နှင့် ချိုမြကာလန်ဆန်းမှုကို ခံစားရပြန်သည်။
“တကယ်ကောင်းတာပဲ။”
“ဟ-ဟ၊ ငါကလက်ဖက်ရည်သောက်ရတာကြိုက်တယ်လေ၊ ဒါကြောင့်သင်ထားတာ။ ငါအားတဲ့အချိန်တွေဆို မကြာမကြာဖျော်ဖြစ်တယ်။ ငါ့အဖေဆို ငါက လက်ဖက်ရည်အနုပညာသည်တွေရဲ့အလုပ်ကို ခိုးယူတယ်ဆိုပြီး အမြဲပြောနေတာ။” ကျီပိုင်ယင်း စိတ်လိုလက်ရပြုံးရယ်ရင်းပြောလိုက်သည်။
“လက်ဖက်ရည်အနုပညာသည်တွေရဲ့အလုပ်ကိုတင် ခိုးယူတာမဟုတ်ဘူး၊ သခင်ကြီးကျီနဲ့ သခင်လေးကျီဆိုလဲ အခုဆို လက်ဖက်ရည်စံနှုန်းအရမ်းမြင့်ကုန်ကြပြီ။” နန်ကဝင်ပြောလာသည်။
အားလုံးစကားစမြည်ပြောကြရင်း လေထုက သက်သောင့်သက်သာဖြစ်နေသည်။
သူတို့တတိယအကြိမ်လက်ဖက်ရည်သောက်ကြမည့်အချိန်မှာပဲ ရှုချင်ယင်းက ဖုန်းဆက်လာသည်။
သူမက ရုံးရှေ့ရောက်နေပြီဟုပြောတာကြောင့် ကုနင်းလဲ ရှုချင်ယင်းကိုခေါ်ဖို့ထွက်သွားသည်။
အချိန်ကစောနေသေးတာကြောင့် အပြင်ထွက်မစားခင် ရုံးခန်းမှာနားနေကြဖို့ ဆုံးဖြတ်ထားလေသည်။
….
သို့သော်လည်း ရှုချင်ယင်း ကုနင်းနှင့်ဖုန်းပြောပြီးသည်နှင့် သူမနှင့်သိနေသည့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
“ချင်ယင်း?” တစ်ဖက်မှ ရှုချင်ယင်းမှန်း မရေရာသလိုခေါ်လိုက်သည့် အမျိုးသားသံထွက်ပေါ်လာသည်။ ရှုချင်ယင်းလှည့်ကြည့်လိုက်သော်လည်း တစ်ဖက်မှအမျိုးသားကိုမြင်သည်နှင့် သဘောမတွေ့မှုများဖြစ်တည်လာလေသည်။
ထိုလူသည် အသက်၂၅နှစ်ရှိပြီဖြစ်ကာ ဝတ်စုံပြည့်ဝတ်ဆင်ထားသည်။
ရှုချင်ယင်း ထိုလူကိုမတွေ့ချင်သော်လည်း ယဉ်ကျေးမှုအရနှုတ်ဆက်လိုက်ရသည်။ “ဟိုင်း၊”
ထိုအမျိုးသားသည် ရှန်ပိုင်ရှန်းဖြစ်ကာ ရှုချင်ယင်းနှင့်ကောလိပ်အတူတူတက်ဖူးသူဖြစ်သည်။ ရှန်ပိုင်ရှန်းသည် သူတို့ကျောင်းတွင်တော့ ကြည့်အကောင်းဆုံးလူများထဲတွင်ပါဝင်သည်။ ရှုချင်ယင်းလဲ သူ့ကိုတစ်ခါ ဖွင့်ပြောခဲ့ဖူးပေမည့် အငြင်းခံခဲ့ရသည်။
သူကငြင်းလိုက်လို့လဲ အထွေအထူးမဟုတ်သလို အတင်းဖိအားပေးကာ ချစ်ခိုင်းလို့မရတာကြောင့် ကျီပိုင်ယင်းလဲ ရလဒ်ကိုလက်ခံခဲ့သည်။ သို့သော်လည်း နောက်တော့မှ ရှန်ပိုင်းရှန်းက သူမကို သူမမိသားစုနောက်ခံကသာမာန်သာထင်ပြီး ငြင်းခဲ့ခြင်းဖြစ်မှန်း သိရှိသွားလေသည်။
ရှုချင်ယင်းသည် တမင်တကာ သိုသိုသိပ်သိပ်နေခဲ့တာကြောင့် သူမအတန်းဖော်တွေအားလုံးက သူမကိုသာမာန်မိန်းကလေးတစ်ယောက်ဟုသာ သိကြလေသည်။
ရှန်မိသားစုသည် မြို့တော်တွင် ချမ်းသာသည့်မိသားစုထဲပါဝင်တာကြောင့် ရှန်ပိုင်ရှန်းသည် သူနှင့်အဆင့်အတန်းတူသည့်မိသားစုနှင့်သာ လက်ထပ်ဖို့ရည်ရွယ်ထားသည်။ သာမာန်မိန်းကလေးတစ်ယောက်ဆိုပါက သူ့မိသားစုစီးပွားရေးအတွက် အထောက်အပံ့မဖြစ်နိုင်၍ လက်ထပ်လိမ့်မည်မဟုတ်ပေ။
ဘွဲ့ရပြီးနောက် အချင်းချင်းအဆက်အသွယ်ပြတ်သွားကြတာကြောင့် ရှုချင်ယင်း၏တကယ့်မိသားစုနောက်ခံနှင့်ပတ်သတ်လို့ ရှန်ပိုင်ရှန်း မသိခဲ့ပေ။ “”
***
အခန်း ၁၁၀၇ သူ့ကိုမုန်းတယ်
ရှုချင်ယင်း၏မိသားစုနောက်ခံမပါဘဲဆိုလျှင် သူမ၏အသွင်အပြင်ကို ရှန်ပိုင်ရှန်း အလွန်သဘောကျပေသည်။ သူမကိုလက်ထပ်ဖို့မဖြစ်နိုင်ဘူးဆိုလျှင်တောင်မှ သူမနှင့်ခပ်ကင်းကင်းမနေချင်ပြန်ပေ။ ရှုချင်ယင်းသာ သူ့ကိုအတင်းလက်ထပ်ဖို့စိတ်မကူးလာသ၍ သူမနှင့်အိပ်ရာဖော်ဆက်ဆံရေးမျိုးတည်ဆောက်ရလို့လဲ စိတ်မရှိပေ။
ရှန်ပိုင်ရှန်း ရှုချင်ယင်းအနားသို့တိုးလာကာ၊ “အိုး၊ တကယ်ပဲမင်းကိုး! တိုက်ဆိုင်လိုက်တာ!”
ရှန်ပိုင်ရှန်းဘယ်လောက်ပဲ ကြင်နာနူးညံ့ပုံပေါက်အောင်လုပ်နေပါစေ သူ့ရဲ့မောက်မာမှုကိုတော့ မဖုံးကွယ်နိုင်ပေ။
“ဟိုင်း၊” ရှုချင်ယင်းအပြုံးတုဖြင့် ပြန်ပြုံးပြလိုက်သည်။
ရှုချင်ယင်း သူ့အပေါ် စိတ်မရှည်သလိုဖြစ်နေမှန်း ရှန်ပိုင်ရှန်းသိပေမည့် ဒါကလဲ သူအရင်က သူမကိုငြင်းခဲ့ဖူးတာကြောင့်ဟုသာ ထင်နေလေသည်။
“မင်းအားလား? ငါတို့ကော်ဖီတစ်ခွက်လောက် သွားသောက်ကြရင်မကောင်းဘူးလား?”
“မသွားတော့ဘူး။ ကျေးဇူးပဲ။”
“ချင်ယင်း၊ မင်းငါ့ကိုစိတ်ဆိုးနေသေးတာလား?” ရှန်ပိုင်ရှန်း တမင်ထိုမေးခွန်းကိုမေးလိုက်သည်။
“မဆိုးပါဘူး၊ အရင်ဟာတွေမေ့ပစ်လိုက်ပြီ၊ ငါတို့ကရင်းနှီးတာလဲမဟုတ်တော့ တစ်ယောက်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်ဖို့မလိုအပ်ဘူးလေ။”
“ကောင်းပြီလေ၊ ငါလဲမအားတော့ မင်းကိုအတင်းမပြောတော့ဘူး။ မင်းဖုန်းနံပါတ်ပေးလို့ရလား?”
“မရလောက်ဘူး။” ရှုချင်ယင်းငြင်းလိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ရှန်ပိုင်ရှန်း အနည်းငယ်စိတ်မကြည်တော့ပေ။ သူက တစ်ကိုယ်ကောင်းဆန်သည့်လူမျိုးဖြစ်ကာ တခြားလူတွေ သူ့ကိုငြင်းတာမျိုးမလိုချင်ပေ။ သို့သော်လည်း သူ့အမြင်မှာတော့ သူကသာ မိန်းကလေးတွေကို သူ့စိတ်ရှိတိုင်းငြင်းနိုင်သည်ဟု ထင်နေလေသည်။
ရှန်ပိုင်ရှန်းတစ်ခုခုထပ်ပြောဖို့ပြင်လိုက်ချိန်မှာပဲ ကုနင်းရောက်လာခဲ့သည်။ ကုနင်းကိုမြင်လိုက်သည်နှင့် အတော်လေးရင်းရင်းနှီးနှီးမြင်ဖူးနေသလို ရှန်ပိုင်ရှန်း ခံစားလိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကုနင်းဘယ်သူမှန်း ရှန်ပိုင်ရှန်း မှတ်မိသွားတာကြောင့် ကုနင်းအနားရောက်လာသည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်တော့သည်။ “ဟိုင်း၊ နှောင့်ယှက်မိတဲ့အတွက်တောင်းပန်ပါတယ်၊ ဒါနဲ့မင်းက ကုနင်းလား?”
အင်တာနက်ပေါ်တွင် ကုနင်းအကြောင်းသတင်းများကို ရှန်ပိုင်ရှန်းဖတ်ဖူးကာ ကုနင်းလိုထူးချွန်သည့်မိန်းကလေးမျိုးကသာ သူ့ချစ်သူဖြစ်နိုင်သည်ဟုတောင် တွေးနေလေသည်။ သူ့ကိုယ်သူ သူမနဲ့ထိုက်တန်ရဲ့လားဆိုတာကိုတော့ တစ်ခါမှမတွေးခဲ့ပေ။
တကယ်တမ်း ကုနင်းက သူ့မိသားစုထက် အများကြီးပိုချမ်းသာပေသည်။
“ဟုတ်ပါတယ်၊ ကျွန်မကုနင်းပါ။” ကုနင်းပြန်ဖြေလိုက်သည်။ ဟိုးအဝေးကတည်းက သူနဲ့ရှုချင်ယင်းတို့စကားပြောနေတာကို သူမမြင်လိုက်တာကြောင့် ရှုချင်ယင်း၏သူငယ်ချင်းဖြစ်လောက်မည်ဟု တွေးခဲ့မိသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု။ ကျွန်တော်က ကျင်းထုန်ချေးငွေလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ရှန်ပိုင်ရှန်းပါ။ ကျွန်တော့်ကုမ္ပဏီက ဒီမိုးမျှော်တိုက်ရဲ့သုံးလွှာမှာရှိတယ်။” ရှန်ပိုင်ရှန်း ချက်ချင်း သူ့ကိုယ်သူမိတ်ဆက်လိုက်ကာ အနားရှိအဆောက်အဦးကိုပါ ညွှန်ပြလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည်လဲ ထိုမိုးမျှော်တိုက်တွင်ရှိနေတာဆိုပေမည့် ကုနင်းပြောမနေပေ။
“နင်းနင်း၊ သွားကြရအောင်။” ကုနင်းကို ရှန်ပိုင်ရှန်းနဲ့အချိန်ကုန်မနေစေချင်တာကြောင့် ရှုချင်ယင်းပြောရင်း ကုနင်းကိုဆွဲခေါ်သွားသည်။
ဒီတော့မှ ရှန်ပိုင်ယင်းဆိုသူကို ရှုချင်ယင်းမုန်းနေခြင်းဖြစ်မှန်း ကုနင်းနားလည်သွားကာ ဘာမှပြောမနေဘဲ ရှုချင်ယင်းနှင့်အတူ ထွက်သွားလိုက်သည်။
သို့သော်လည်း ရှန်ပိုင်ယင်းသည်တော့ ထိတ်လန့်ကာကျန်ခဲ့လေသည်။ ရှုချင်ယင်းနဲ့ကုနင်းက တော်တော်လေးရင်းနှီးနေတဲ့ပုံပဲ။
သူ့အမြင်တွင် ရှုချင်ယင်းသည် သာမာန်မိန်းကလေးတစ်ယောက်ဖြစ်ကာ ကုနင်းလိုလူမျိုးနှင့် သိနေစရာအကြောင်းမရှိသင့်ပေ။
“နင် သူ့ကိုမုန်းလို့လား?” ကုနင်း ခပ်လှမ်းလှမ်းရောက်ကာမှ မေးလိုက်သည်။
“အွန်း၊ သူ့ကိုမုန်းတယ်။” ရှုချင်ယင်းလဲ သူ့ဇာတ်ကြောင်းကို ကုနင်းအားပြောပြလိုက်လေသည်။
အကြောင်းအရင်းကိုသိရသည်နှင့် ကုနင်းလဲ ရှန်ပိုင်ရှန်းအပေါ် အမြင်ကောင်းမရှိနေတော့ပေ။
“သူဘာလို့ နင့်ကိုထပ်ပြီးချဉ်းကပ်လာပြန်တာလဲ? နင့်မိသားစုနောက်ခံအစစ်အကြောင်း သိသွားလို့များလား?”
“ငါလဲမသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါသူနဲ့ထပ်မတွေ့ချင်တော့ဘူး။”
……
ကုနင်းတို့ရုံးခန်းထဲသို့ပြန်ရောက်ချိန်တွင် ရှုချင်ယင်းနှင့်ကျီပိုင်ယင်းတို့ ပထမဆုံးအကြိမ်ဆုံတွေ့ကြကာ လက်ဖက်ရည်သောက်ရင်းစကားစမြည်ပြောကြသည်။
ရှုချင်ယင်းရော ကျီပိုင်ယင်းပါ စကားအလွန်များသူတွေဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ရင်းနှီးသွားကြလေသည်။
ကုနင်းကတော့ ဘေးတွင်ထိုင်ကာ သူတို့စကားဝိုင်းကို အပြုံးလေးဖြင့်နားထောင်နေပြီး ပျင်းတယ်လို့တောင် မခံစားရပေ။
“မြို့တော်မှာ စားလို့ကောင်းတဲ့ဆိုင်တွေမှအများကြီးပဲ…” ရှုချင်ယင်းက မြို့တော်ရှိ နာမည်ကြီးစားသောက်ဆိုင်များကို ရွတ်ပြနေကာ ကျီပိုင်ယင်းသည်တော့ သရေကျရင်းနားထောင်နေလေသည်။
“ဆိုင်တွေအားလုံး သွားစားပစ်မယ်!” ကျီပိုင်ယင်း စိတ်လှုပ်ရှားစွာ ကြိမ်းဝါးလိုက်တာကြောင့် ကုနင်းရယ်လိုက်တော့သည်။ “နင်အားလုံးစားနိုင်မှာမို့လို့လား?”
ကျီပိုင်ယင်း ခဏမျှတွေးသွားကာ၊ “မနက်ဖြန်ဆက်စားကြတာပေါ့။”
ဘာပဲဖြစ်ဖြစ် သူမလဲ အိမ်ပြန်ဖို့အလျင်လိုနေတာမှမဟုတ်ဘဲ။
ညနေ၅နာရီခွဲမှာတော့ သူမတို့ရှန်းနဉ်တာဝါမှနေပြီး အစားအသောက်တန်းသို့ထွက်လာခဲ့ကြသည်။
အစားအသောက်တန်းသည် တစ်နေ့လုံးနီးပါးဖွင့်ကာ မြို့အသီးသီး နိုင်ငံအသီးသီးက လည်ပတ်သူများအနေနဲ့ ဤနေရာတွင် အစားအသောက်ကောင်းများကို မြည်းစမ်းနိုင်မည်ဖြစ်သည်။
ကုနင်း တစ်နေ့လုံး လင်ရှောင်းထင်ထံမှ ဖုန်းကောလ်ရော စာပါတစ်ခုမှမရခဲ့ဘဲ သူမလဲ စာမပို့ခဲ့ပေ။ သူ့တာဝန်နဲ့အလုပ်ရှုပ်နေမည်မှန်း သိနေတာကြောင့် ကုနင်းမနှောင့်ယှက်တော့ပေ။
သူမတို့နှစ်ယောက်လုံးသည် အရွယ်ရောက်လို့ရင့်ကျက်သူများဖြစ်ကာ အချင်းချင်းလဲ နှစ်နှစ်ကာကာချစ်ကြမှန်းလဲသိကြ၍ အချိန်ပြည့်ထုတ်ပြောနေမှဖြစ်မည့်အခြေအနေမဟုတ်တော့ပေ။
***
အခန်း ၁၁၀၈ နှမြောစရာပဲ!
ထိုညမှာပဲ ရှန်ပိုင်ရှန်း သူ့အတန်းဖော်များနှင့်တွေ့ဆုံခဲ့ကာ ကုနင်းအကြောင်း ထည့်ပြောဖြစ်ခဲ့သည်။ တခြားသူတွေက ကုနင်းကိုမသိကြသော်လည်း ရှန်ပိုင်ရှန်းသည်တော့ ကုနင်းဘယ်လောက်တောင် အံ့ဩဖို့ကောင်းကောင်း ပြောပြနေလေသည်။
ထို့နောက် အတန်းဖော်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် ရှုချင်ယင်းအကြောင်းကိုလဲ ထည့်ပြောလိုက်သေးသည်။
ယနေ့တွေ့ဆုံကြသည့်လူအများစုသည် ရှန်ပိုင်ရှန်းနှင့်အလွန်ရင်းနှီးသည်သူငယ်ချင်းများဖြစ်တာကြောင့် ရှုချင်ယင်းကို ရှန်ပိုင်ရှန်းငြင်းခဲ့သည့်အကြောင်းကိုလဲ သူတို့သိထားကြလေသည်။ သူဘာကြောင့်ငြင်းခဲ့ရလဲဆိုသည့် အကြောင်းအရင်းမှန်ကိုလဲ သိကြသေးသည်။ သို့သော်လည်း ဘယ်သူကမှ ထိုအကြောင်းပြချက်ကို မှားယွင်းနေသည်ဟုမမြင်မိပေ။ ရှန်ပိုင်ရှန်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲမဟုတ်လား။
လူအမျိုးမျိုးစိတ်အထွေထွေဖြစ်တာကြောင့် သူတို့တန်ဖိုးထားမှုနှင့် ရည်မှန်းချက်တွေကမတူညီကြပေ။ ရှန်ပိုင်ရှန်းတစ်ယောက်တည်းမဟုတ်ဘဲ သူတို့သည်လဲ သူတို့မိသားစုနှင့်အဆင့်အတန်းတူညီသည့်မိသားစုဖြင့်သာ လက်ထပ်လိုကြသည်။
ရှန်ပိုင်ရှန်း၏နောက်ထပ်အတန်းဖော်တစ်ဦးသည် အရင်ကသူတို့နဲ့မရင်းနှီးခဲ့တာကြောင့် ရှုချင်ယင်းနှင့်ရှန်ပိုင်ရှန်းတို့ကြား ဘာတွေဖြစ်ခဲ့မှန်း မသိသေးပေ။
ရှုချင်ယင်းကို ရှန်ပိုင်ရှန်းငြင်းလိုက်ကြောင်း သိလိုက်ရသည်နှင့် သူအံ့ဩသွားတော့သည်။ “ဘာ? ဘာလို့ငြင်းလိုက်တာလဲ?”
သူဘာလို့ ဒီလောက်တောင် အံ့ဩသွားလဲဆိုသည်ကို တခြားလူတွေကတော့ နားမလည်နိုင်ကြပေ။
“မင်းဘာလို့ဒီလောက်အံ့ဩသွားတာလဲ?” ရှန်ပိုင်ရှန်းမေးလိုက်ရင်း တစ်ခုခုမူမမှန်သလို ခံစားသွားရသည်။ သူရှုချင်ယင်းကို ငြင်းလိုက်တာက ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူလဲအခု မကောင်းသည့်ခံစားချက်တွေရနေပြီဆိုရင်တောင် လက်မခံနိုင်သေးပေ။
“မင်းကလဲ၊ ရှုချင်ယင်းက မြို့တော်ရဲ့ကျော်ကြားလှတဲ့ရှုမိသားစုကလေ။ သူမင်းကိုကြိုက်တာ မင်းဘယ်လောက်ကံကောင်းလိုက်လဲ။” ရှန်ပိုင်ရှန်း၏အတန်းဖော်က ပြောပြလိုက်သည်။
မြို့တော်ရှုမိသားစုက?
လူတိုင်း အလွန်အံ့အားသင့်ကုန်တော့လေသည်။
“ဘာရှုမိသားစုလဲ?”
“မြို့တော်မှာ နာမည်ကြီးရှုမိသားစုဆိုလို့ တစ်ခုတည်းရှိတာလေ။ ဘယ်ဟာဖြစ်ရမှာလဲ။ ကျင်းလင်လုပ်ငန်းစုပိုင်ရှင်ပေါ့!”
“ဘာ?” ရှန်ပိုင်ရှန်းအပါအဝင် လူတိုင်းထိတ်လန့်အံ့ဩသွားကြတော့သည်။
ရှုချင်ယင်းရဲ့မိသားစုက မြို့တော်ရဲ့ကျော်ကြားလှတဲ့ရှုမိသားစုဆို သူ့မိသားစုအဆင့်အတန်းတိုးမြှင့်နိုင်မယ့် အခွင့်အရေးကောင်းကြီးကို သူလက်လွတ်သွားတာပေါ့။
တစ်ချိန်တည်းမှာပဲ ရှုချင်ယင်း သူ့ကိုဘာကြောင့်အမှန်အတိုင်းမပြောတာလဲဟု တွေးနေမိပြန်သည်။ သူမသာ သူ့ကို သူမမိသားစုနောက်ခံအစစ်အမှန်အကြောင်းပြောခဲ့လျှင် သူမကိုငြင်းပစ်လိုက်မည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူ့အတွေးအစစ်အမှန်တွေကို သူ့အတန်းဖော်တွေအား ထုတ်ပြောလိုက်လို့မဖြစ်ပေ။ မဟုတ်ရင် သူ့ကိုမုန်းသွားကြမှာပေါ့။
အမှန်တရားကိုသိသွားပြီးနောက် အားလုံးလဲ ရှန်ပိုင်ရှန်းကို သနားစာနာစွာ ဝိုင်းကြည့်ကုန်ကြသည်။
“ဝါး၊ နှမြောစရာပဲ!”
“တကယ်တမ်း၊ ရှုချင်ယင်းက သာမာန်မိန်းကလေးဆိုရင်တောင် အရမ်းလှတဲ့သူပါ။”
အကျိုးအမြတ်ကိုသာကြည့်သည့်လူတချို့ရှိသလို တချို့ကလဲမဟုတ်ပေ။
“အမ်… ဒါကံကြမ္မာပဲထင်ပါတယ်။” ရှုချင်ယင်း မနည်းအားတင်းကာပြုံးလိုက်သည်။
“ရှုချင်ယင်း အခုထိ တစ်ကိုယ်တည်းပဲမဟုတ်လား? ပိုင်ရှန်း မင်းသူ့ကိုပြန်လိုက်လို့ရတာပဲ!”
ရှန်ပိုင်ရှန်း ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။ သူလဲ သေချာပေါက် ရှုချင်ယင်းကို ပြန်လိုက်ချင်နေပြီပေါ့၊ ဒါပေမယ့် အခုဆို ရှုချင်ယင်းက သူ့ကိုလှည့်တောင်မကြည့်ချင်သည့် အခြေအနေဖြစ်နေလေပြီ။
ဖြစ်နိုင်ချေမရှိဘူးဆိုရင်တောင်မှ ရှုချင်ယင်း၏နောက်ခံအစစ်အမှန်ကိုသိပြီးနောက်မှတော့ ရှန်ပိုင်ရှန်း အလွယ်တကူလက်မလျှော့ချင်တော့ပေ။
ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ သူစားချင်စိတ်ပျောက်သွားပေပြီ။
……..
မကြာခင်မှာပဲ ကုနင်းတို့အဖွဲ့ အစားအသောက်တန်းမှ ပြန်လာခဲ့ကြသည်။ သူမအရင်ဆုံး ရှုချင်ယင်းကို အိမ်ပြန်ပို့ကာ ကျီပိုင်ယင်း၊ မန်တနှင့်နန်တို့ကို ဟိုတယ်သို့ပြန်ပို့ပြီးကာမှ သူမလဲ လင်ရှောင်းထင်အိမ်သို့ တစ်ယောက်တည်း ပြန်ခဲ့လိုက်သည်။
ကျီပိုင်ယင်းက သူမကားလိုလျှင် ဟိုတယ်ကနေငှားလိုက်လို့ရသလို ကုနင်းမှာကလဲ ကားတစ်စီးရှိမှအဆင်ပြေတာကြောင့် လင်ရှောင်းထင်၏ကားကို ပြန်ယူခဲ့လေသည်။
ကုနင်းအိမ်ပြန်ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ကုမန့်ဖုန်းဆက်လာသည်။ အခုဆို ကုမန့်နှင့်ထန်ယွင်ဖန်းတို့လဲ ပျားရည်စမ်းခရီးမှပြန်ရောက်နေပြီဖြစ်သည်။
သူတို့အိမ်ပြန်ရောက်သည်နှင့် သခင်ကြီးထန်က သခင်ကြီးလင်နှင့်ဖုန်းပြောခဲ့သည့်အကြောင်းများ ပြောပြခဲ့သည်။ သခင်ကြီးလင် အရမ်းကိုအာရုံထားနေတာပဲဟု ထန်ယွင်ဖန်းရောကုမန့်ပါ တွေးမိကြသည်။
ထို့နောက် ကုမန့်က ကုနင်းကိုဖုန်းဆက်ကာ သခင်ကြီးလင်က သူမနှင့်လင်ရှောင်းထင်တို့ကို အရင်ဆုံးစေ့စပ်ပေးထားလိုကြောင်း ပြောပြခဲ့သည်။
စေ့စပ်ပွဲအတွက် သခင်ကြီးလင် အရမ်းအလောကြီးနေတာကြောင့် ကုနင်း ရယ်လိုက်မိသော်လည်း လင်ရှောင်းထင်အနေနဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြောင်း သိနေတာကြောင့် သခင်ကြီးလင်၏စိတ်ကိုနားလည်နိုင်သည်။ တစ်နေ့နေ့ ကုနင်းစိတ်ပြောင်းကာ လင်ရှောင်းထင်ကို ထားသွားမည်အား သခင်ကြီးလင်စိုးရိမ်နေခြင်းဖြစ်သည်။
ကုနင်းရောလင်ရှောင်းထင်ပါ လက်ထပ်ဖို့အထိရည်ရွယ်ပြီး တွဲခဲ့ကြခြင်းဖြစ်ပေမည့် အနာဂါတ်ဆိုတာ မှန်းဆလို့မရပေ။ ထို့အပြင် လင်ရှောင်းထင်သည် စစ်သားတစ်ယောက်ဖြစ်ကာ စစ်သားတစ်ယောက်အတွက် ကွာရှင်းဖို့ဆိုတာ မလွယ်ပြန်ပေ။
“အမေ၊ ခရီးကပျော်ဖို့ကောင်းခဲ့ရဲ့လား?” ကုနင်းမေးလိုက်သည်။
“မဆိုးပါဘူး၊ ဒါပေမယ့် အဲ့ဒီကနေ ဒေသခံတွေနဲ့ စကားပြေဖို့ကမလွယ်တော့ နည်းနည်းအခက်တွေ့တယ်။”
ကုမန့်သည် အင်္ဂလိပ်စကားမပြောတတ်တာကြောင့် နိုင်ငံခြားသားများနှင့် ဆက်သွယ်ပြောဆိုဖို့ဆိုတာ အမှန်ကိုအခက်တွေ့လှသည်။ သူမသာ အကူအညီလိုလျှင် ထန်ယွင်ဖန်းရှိနေပြီဆိုသော်လည်း အိမ်လောက်တော့ သက်သောင့်သက်သာမဖြစ်ရပေ။
လေယာဉ်ချိန်အကြာကြီးစီးခဲ့ရတာကြောင့် ကုမန့်ပင်ပန်းနေ၍ ကုနင်းနှင့်စကားအကြာကြီး မပြောတော့ပေ။
….
ကုမန့်နှင့် ဖုန်းပြောပြီးနောက် ကုနင်း ဆိုဖာပေါ်ပစ်လှဲချရင်း တီဗီကိုဖွင့်လိုက်သည်။ ထိုတော့မှ သူမတီဗီမကြည့်ဖြစ်တာ တော်တော်ကြာနေပြီဖြစ်ကြောင်း အမှတ်ရသွားတော့သည်။
စိတ်ဝင်စားမယ့်အစီအစဉ်တွေ့လိုတွေ့ငြား ချန်နယ်တွေတစ်ခုပြီးတစ်ခုပြောင်းနေသော်လည်း နောက်ဆုံးအချည်းအနှီးသာ။ သူမ တီဗီကိုပြန်ပိတ်တော့မည့်အချိန်မှာပဲ ရုပ်ရှင်အကြောင်း ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို တွေ့သွားသည်။
ရုပ်ရှင်ဇာတ်ကားအကြောင်း ကျွမ်းကျင်သူများက နောက်ဆုံးထွက်ဇာတ်ကားများအကြောင်း မှတ်ချက်ပေးနေကြကာ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’အကြောင်းလဲ ပါပေသည်။
အများစုက ဇာတ်ကားကိုချီးကျူးနေကြတာကြောင့် ကုနင်းပျော်ရွှင်သွားလေသည်။ သူမထုတ်လုပ်ခဲ့တဲ့ဇာတ်ကားကို ပရိသတ်တွေရော ရုပ်ရှင်ဝေဖန်သူတွေကပါ မှတ်ချက်ကောင်းတွေပေးတာက ကုနင်းအတွက်တော့ သတင်းကောင်းပင်။
‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’အကြောင်း အကောင်းဘက်ကရေးထားသည့် မှတ်ချက်တွေအများကြီး ကုနင်းဖတ်ဖူးသော်လည်း ထိုသတင်းတွေကိုကြားချိန်တိုင်း ပျော်ရွှင်နေမိတုန်းပင်။
……
ည၁၂နာရီလောက်မှာတော့ လင်ရှောင်းထင် ပြန်ရောက်လာလေသည်။
သူ့ပုံစံက အနည်းငယ်နွမ်းနယ်နေပုံရတာကြောင့် ကုနင်းလဲ သူပြန်လန်ဆန်းလာစေရန် စွမ်းအင်သလင်းကျောက်တစ်လုံးပေးလိုက်သည်။
သူဘယ်ကိုသွားလို့ဘာတွေလုပ်ခဲ့လဲဆိုတာကိုတော့ ကုနင်းမမေးခဲ့ပေ။ ဒါတွေက လျှို့ဝှက်ထားရမယ့်ကိစ္စတွေမှန်း သူမနားလည်ပေသည်။
“ရှောင်းထင်၊ အဖိုးလင်က ကျွန်မအဖိုးကို ဖုန်းဆက်လာတယ်လို့ အစောကပဲ အမေဖုန်းဆက်တယ်။ ရှင်အဆင်ပြေရင် ကျွန်မတို့ စေ့စပ်ထားလို့ရတာပဲ။”
***
အခန်း ၁၁၀၉ အနာဂါတ်ဘုရင်မ
ကုနင်း၏စကားကြောင့် လင်ရှောင်းထင် ရုတ်တရက်မှင်သက်သွားသော်လည်း ချက်ချင်းပင် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးရယ်လာတော့သည်။ ထို့နောက် အချိန်ဖြုန်းမနေဘဲ ကုနင်းကို တွန်းလှဲလိုက်တော့သည်။
နောက်တစ်နေ့တွင်တော့ လင်ရှောင်းထင် မနက်၇နာရီကတည်းက ထပ်ထွက်သွားပြန်သည်။ သူမသွားခင် စိတ်မကောင်းဖြစ်စွာဖြင့် ကုနင်းကိုစကားပြောခဲ့သေးသည်။ “နင်းနင်း၊ ကိုယ်တောင်းပန်ပါတယ်၊ ဒီရက်ပိုင်း ကိုအရမ်းအလုပ်များမှာမို့ မင်းနားတစ်နေကုန်ရှိပေးနိုင်မှာမဟုတ်ဘူး။ ညဘက်ဆိုရင်တော့ ကိုယ်ပြန်လာဖြစ်လောက်ပါတယ်။”
“အဆင်ပြေပါတယ်၊ ကျွန်မအတွက်စိုးရိမ်မနေဘဲ သွားစရာရှိတာသွားပါ။”
“ကောင်းပါပြီ၊” လင်ရှောင်းထင်ပြောလိုက်ပြီးနောက် ကုနင်း၏နဖူးထက်အနမ်းချွေလိုက်သည်။
“အိုး၊ ခဏလေး။” လင်ရှောင်းထင် ထွက်သွားတော့မည့်အချိန်မှာပဲ ကုနင်းလှမ်းတားလိုက်ကာ စွမ်းအင်သလင်းကျောက်၁၀လုံးပါသည့် ဆေးတစ်ပုလင်း လက်ထဲထည့်ပေးလိုက်သည်။ “ပင်ပန်းလာတယ်လို့ခံစားရတိုင်း ဆေးတစ်လုံးထုတ်သောက်လိုက်။”
လင်ရှောင်းထင်၏အလုပ်က မလွယ်ကူကြောင်း ကုနင်းနားလည်ကာ သူ့တွင် အနားယူဖို့အချိန်တောင် သိပ်မရှိလောက်ပေ။
“ဟုတ်ပါပြီ။” လင်ရှောင်းထင်လဲ ဆေးပုလင်းကို သူ့အိတ်ကပ်ထဲထည့်သိမ်းကာ ထွက်သွားလေသည်။
ထို့နောက် ကုနင်းတစ်ယောက်တည်း မနက်စာစားခဲ့သည်။
…..
ခဏကြာပြီးနောက် ကေ ဖုန်းဆက်လာခဲ့သည်။
“ဟိုင်း၊ ဘော့စ်၊ မင်းအခုအားလား?”
“အွန်း၊ ဘာကိစ္စလဲ?”
“ငါတို့ တွေ့ပြီးစကားပြောလို့ရလား? ငါအခု ရုံးခန်းမှာ။”
“ရတယ်လေ၊ ကျွန်မ ခဏနေလာခဲ့မယ်။”
“ဒါဆို ၁၁လွှာကိုလာခဲ့လိုက်ပါ။” ၁၁လွှာသည် သူတို့ဂိမ်းကုမ္ပဏီတည်ရှိရာအထပ်ဖြစ်သည်။
ကုနင်း သဘောတူလိုက်ပြီးနောက် အိမ်မှထွက်လာခဲ့သည်။ ကုမ္ပဏီသို့ရောက်သည်နှင့် ၁၁လွှာကိုသာ တန်းတက်သွားလိုက်သည်။
၁၁လွှာတွင် ကေတင်မကဘဲ ကွန်ပျူတာကျွမ်းကျင်သူ ၈ယောက်လဲရှိသေးသည်။
“ဟိုင်း၊ ဘော့စ်။” ကေ ချက်ချင်း ကုနင်းအနားလျှောက်လာသည်။
“အားလုံးပဲ၊ မင်းတို့ကို ငါတို့ဘော့စ်နဲ့မိတ်ဆက်ပေးမယ်။” အခန်းထဲကလူများကို ကေလှမ်းပြောလိုက်သည်။ “ဒါကတော့ ငါတို့ကုမ္ပဏီရဲ့တည်ထောင်သူ ကုနင်းပဲ။”
အားလုံး မတ်တပ်ရပ်ကာ ကုနင်းကိုနှုတ်ဆက်လိုက်ကြသည်။ “တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်။”
ကေက သူတို့ကို သူတို့ဘော့စ်က မိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်း ပြောပြထားပြီးဖြစ်တာကြောင့် ကုနင်းကိုမြင်ရချိန်တွင် မအံ့ဩသွားကြပေ။
တကယ်တမ်း သူတို့ဘော့စ်က ဆယ်ကျော်သက်လေးဖြစ်တာကြောင့် အတော်လေးမပျော်မရွှင်တောင်ဖြစ်နေကြလေသည်။ သူတို့အားလုံး ကေ့မျက်နှာကြောင့် ဒီကုမ္ပဏီမှာ အလုပ်လာလုပ်ခြင်းဖြစ်ကာ သူတို့ဘော့စ်က မိန်းမငယ်လေးမှန်းသိပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်သွားကြသည်။
မိန်းမငယ်လေးတစ်ယောက်ရဲ့လက်အောက်လုပ်ရတာက ရှက်စရာကောင်းသည်ဟု သူတို့ခံစားရကာ ကေဘာကြောင့်များ ကုနင်းအတွက်အလုပ်လုပ်ပေးနေလဲ နားမလည်နိုင်ဖြစ်နေကြသည်။ သို့သော်လည်း ကုနင်း၏အောင်မြင်မှုတွေအကြောင်း ကေ ပြောပြလာပြီးချိန်မှာတော့ စိတ်ပြောင်းသွားတော့သည်။ ထို့အပြင် သူတို့အနာဂါတ်တောက်ပဖို့ ကုနင်းနှင့်ဆက်ရှိဖို့ကိုလဲ မျှော်လင့်လာကြသည်။
သူတို့အမူအရာတွေက တည်ငြိမ်နေသော်လည်း တကယ်တမ်း ကုနင်းနှင့်အပြင်တွင်တွေ့ရတာကြောင့် အရမ်းစိတ်လှုပ်ရှားနေကြသည်။
“အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။” ကုနင်းပြုံးကာ ပြန်နှုတ်ဆက်လိုကသ်ည်။
သူမ၏ကြင်နာဖော်ရွေသည့်အပြုအမူကြောင့် သူတို့အားလုံးလေးစားသွားကြလေသည်။ သူတို့အနာဂါတ်သည်လဲ ပိုလို့အောင်မြင်လာမည်ဟု ယုံကြည်လာမိတော့သည်။
“ဟုတ်တပြီ၊ အားလုံးကိုယ့်အလုပ်ကိုပြန်လုပ်ကြတော့။” ကေပြောလိုက်သည်နှင့် အားလုံး ကိုယ့်နေရာကိုယ်ပြန်သွားကြသည်။ ကေကတော့ ကုနင်းနှင့်အတူ သူ့ရုံးခန်းထဲသို့ဝင်သွားလေသည်။ “တချို့က ငါ့မိတ်ဆွေတွေ၊ တချို့ကတော့ ငါ့မိတ်ဆွေတွေရဲ့သူငယ်ချင်း။ သူတို့အားလုံး ယုံလို့ရလားတော့မသေချာပေ။ ငါသေချာ မျက်စိဒေါက်ထောက်ကြည့်နေတယ်။”
ကေ သူတို့ကိုအတော်အတန်ယုံကြည်သော်လည်း သူတို့သစ္စာရှိကြောင်းသက်သေပြဖို့ အချိန်ကတော့ လိုနေတုန်းပင်။
“ဟုတ်ပါပြီ။” ကုနင်း ထိုအတွက်စိုးရိမ်ခြင်းမရှိပေ။
“အမ်… အကြောင်းကတော့ ဂိမ်းထုတ်မယ့်ကိစ္စပဲ။ ဘော့စ်၊ မင်းအရမ်းကျော်ကြားမှန်း ငါတို့အားလုံးအသိပဲ။ မင်းရဲ့ပရိသတ်တွေကိုဆွဲဆောင်နိုင်ဖို့ မင်းပါ ငါတို့နဲ့ပေါင်းပြီး ပထမဆုံးဂိမ်းကစားသူအဖြစ်လုပ်ပါလား? သူတို့ ဂိမ်းကိုစိတ်ဝင်စားသွားတာနဲ့ တစ်ဝက်ကျော်လောက်က အမာခံဖန်တွေဖြစ်လာမယ်လို့ ငါအာမခံတယ်။”
“ကိစ္စမရှိပါဘူး။” ကုနင်း ချက်ချင်းသဘောတူလိုက်သည်။ သူမက ဘော့စ်တစ်ယောက်ဖြစ်တာကြောင့် ဂိမ်းပရိုမိုးရှင်းလုပ်ဖို့ ကေ့ကိုကူညီသင့်တာသဘာဝပင်။ သူမဘာမှမလုပ်ရင် သူမကအရည်အချင်းရှိတဲ့ဘော့စ်ဖြစ်သွားပေလိမ့်မည်။
ကေစိတ်လှုပ်ရှားသွားကာ၊ “ကောင်းလိုက်တာ၊ ဒါဆို ငါနောက်မှမင်းကိုဂိမ်းပို့ပေးလိုက်မယ်။ မင်းဘယ်လိုကစားရမလဲသိအောင် ခဏလောက်လေ့လာကြည့်လိုက်ပေါ့။”
ဂိမ်းက မထုတ်လွှင့်ရသေးတာကြောင့် အင်တာနက်ကနေပြီး ကုနင်းဒေါင်းလုတ်ဆွဲလိုက်လို့မရဘဲ ကေက တိုက်ရိုက်ပို့ပေးမှဖြစ်မည်။
“ဂိမ်းလေးတစ်ခုပဲကို၊ မခက်ခဲလောက်ပါဘူး။” ကုနင်းယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
သူမ မိုဘိုင်းဂိမ်းတွေကို မကစားဖူးသော်လည်း ဂိမ်းတွင်းစည်းမျဉ်းတွေကိုလေ့လာရတာတော့ ခက်ခဲမည်ဟု မထင်မိပေ။
ကေကလဲ ကုနင်းကိုယုံကြည်ပေသည်။
……..
ကုနင်းကို ဂိမ်းပို့ပြီးအောင် အချိန်ခဏယူရသည်။ ထိုအချိန်အတွင်း ကေက ကုနင်းကို ဂိမ်းထဲရှိ လက်နက်များ၊ အမှတ်အသားများအကြောင်း အသေးစိတ်ဖော်ပြထားသည့် စာအုပ်တစ်အုပ်ကို ပေးလေသည်။
ကုနင်း၏ဉာဏ်ကောင်းမှုကြောင့် တစ်ခေါက်ဖတ်ပြီးသည်နှင့် အားလုံးကို မှတ်မိသွားတော့သည်။
ဂိမ်းနာမည်က ‘Battle in the Sky’ဖြစ်သည်။
ဂိမ်းသွင်းပြီးနောက် ကုနင်း အရင်ဆုံး အကောင့်တစ်ခုဖွင့်လိုက်သော်လည်း ဂိမ်းနာမည်ဘာပေးရမလဲ စဉ်းစားနေရပြန်သည်။
ဒါကြောင့် ကေက ရိုးရိုးရှင်းရှင်းနှင့် အားလုံးရင်းနှီးနေအောင် ကုနတ်ဘုရားမဟုသာ ပေးဖို့ပြောလိုက်သည်။
သို့သော်လည်း ကုနင်းကတော့ ထိုနာမည်က အရမ်းဟိတ်ကြီးဟန်ကြီးဆန်သည်ဟုတွေးမိကာ သူမနာမည်ရင်းဆိုလျှင်လဲ မကောင်းပြန်ပေ။
ဒါကြောင့် အတော်ကြာစဉ်းစားပြီးနောက် သူမနာမည်ကို ‘အနာဂါတ်ဘုရင်မ’ဟုပေးလိုက်ကာ ထိုနာမည်ကို အတော်လေးသဘောကျနေတော့သည်။
***
အခန်း ၁၁၁၀ ချီကျီယွဲ့ဖုန်းဆက်လာတယ်
“အနာဂါတ်ဘုရင်မ? ဘာလဲကွာ၊ မင်းအခုလဲ ဘုရင်မဖြစ်နေပြီးသားမဟုတ်ဘူးလား?” ကေ စနောက်လိုက်သည်။
“ဒီနိုင်ငံရဲ့ အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာမှ တကယ့်ဘုရင်မဖြစ်မှာပေါ့။” ကုနင်း၏အမူအရာက အလေးအနက်ထားလွန်းနေသည်။
သူမနှင့်ရင်းနှီးသည့်လူများအပေါ်ကိုတော့ သူမရည်မှန်းချက်အကြောင်း ဖုံးကွယ်နေမည်မဟုတ်ပေ။
ဒါက အရမ်းမှန်းလွန်းရာကျပုံပေါ်သော်လည်း ကုနင်းသာဆို မဖြစ်နိုင်တာမရှိဟု ကေယုံကြည်လေသည်။
အနာဂါတ်ကို ဘယ်သူမှကြိုတင်မှန်းဆလို့မရပေမယ့် ကုနင်းကတော့ သူမနှင့်ရွယ်တူတွေထက် အမြဲသာလွန်နေမည့်သူဖြစ်သည်။ ဒီလောက်ငယ်ငယ်လေးနဲ့ ဘီလျံနာဖြစ်နေပြီဆိုမှတော့ အနာဂါတ်မှာ ပိုအောင်မြင်လာနိုင်ချေများလှသည်။
“ဟုတ်ပါပြီ၊ အနာဂါတ်ဘုရင်မပေါ့!” ကေရယ်လိုက်သည်။
ထို့နောက် ကုနင်း ဂိမ်းထဲက သူမအတွက်ဇာတ်ကောင်ကိုရွေးကာ လူသတ်သမားဇာတ်ကောင်ကိုရွေးလိုက်သည်။
“မင်းဂိမ်းခလုတ်တွေနဲ့အရင်ရင်းနှီးအောင်လုပ်ထား၊ နောက်တော့မှ ငါတို့နှစ်ဖွဲ့လုပ်ပြီး ကစားကြည့်ကြတာပေါ့။”
“ကောင်းပြီ။”
ဂိမ်းထဲတွင် စကစားမည့်သူများအတွက် တိုက်ပွဲတုတစ်ခုရေးသွင်းထားသည်။ ပြိုင်ဘက်က အရမ်းစွမ်းနေတာမဟုတ်သော်လည်း စကစားမည့်သူတွေအတွက်တော့ ကြိုးစားယှဉ်ပြိုင်နေရတုန်းပင်။
ကုနင်း ကစားသမားအသစ်များအတွက် တိုက်ပွဲတုတွင် ခဏတာကစားကြည့်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဂိမ်းစည်းမျဉ်းများ ဂိမ်းခလုတ်များနှင့် ကျွမ်းဝင်သွားသည်။
“ရပြီ၊ တိုက်ပွဲအစစ်အတွက် အဆင်သင့်ပဲ။” ကုနင်းပြောလိုက်သည်။
“တကယ်ကြီးလား?” ကေအံ့ဩသွားရသည်။ ကုနင်း သာမာန်မိန်းကလေးမဟုတ်မှန်း သူသိထားပြီးဖြစ်သော်လည်း ဂိမ်းတစ်ခုကို မိနစ်ပိုင်းလေးအတွင်း ကစားနိုင်သွားတာကိုတော့ အံ့ဩမိရစဲပင်။
ကုနင်းက ကစားနိုင်ပြီဆိုမှတော့ တိုက်ပွဲစဖို့ သူလဲ သဘောတူလိုက်သည်။
ကေက သူ့လုပ်ဖော်ကိုင်ဖက်များကို၊ “အားလုံးပဲ၊ ခဏလောက်အာရုံစိုက်ပေးကြပါဦး။ အခု ငါတို့ဘော့စ် ဂိမ်းအသစ်နဲ့ကျွမ်းဝင်သွားအောင် တစ်ပွဲလောက်ကူကစားပေးလိုက်ကြရအောင်။”
အားလုံးသဘောတူကာ ချက်ချင်းအလုပ်ရပ်ပြီး သူတို့ဖုန်းတွေထုတ်လိုက်ကြသည်။
အားလုံးက ကျွမ်းကျင်ကစားသမားတွေဖြစ်တာကြောင့် ဂိမ်းနှင့်မရင်းနှီးစရာအကြောင်းမရှိပေ။
ကေကလွဲလို့ သူတို့တွင် လူ၈ယောက်ရှိတာကြောင့် နှစ်သင်းခွဲလိုက်ကြသည်။ လူတိုင်း အတွေ့အကြုံမှတ်ရဖို့လိုကာ အချင်းချင်းတိုက်ခိုက်ကြရမည်ဖြစ်သည်။
ကုနင်းက စကစားမည်သူဖြစ်တာကြောင့် သူတို့ထဲက၇ယောက်က ဂျူနီယာဂိမ်းအိုင်ဒီများကိုသုံးကြသည်။
သူတို့တွေ ဘယ်လောက်ပဲ ဂျူနီယာဂိမ်းအိုင်ဒီကိုသုံးပါစေ လူတွေက စီနီယာအဆင့်ကစားသမားတွေချည်းဖြစ်တာကြောင့် စွမ်းရည်ထုတ်သုံးချိန်တွင် ကုနင်းထက် သာကြသည်။
အစပိုင်းတွင် ကုနင်း အနိုင်ရဖို့အလှမ်းဝေးလွန်းခဲ့ပေမည့် အချိန်တိုလေးအတွင်း သူမစွမ်းရည်က တိုးတက်လာခဲ့သည်။
တခြားလူတွေကတော့ သူမကိုဂိမ်းကျွမ်းကျင်သူတစ်ယောက်ဟု ထင်သွားကြကာ သူတို့လဲ ပိုစိတ်ဝင်တစားကစားကြပြီး ပျော်ရွှင်နေကြတော့သည်။
မနက်တစ်ပိုင်းတည်းနဲ့ ကုနင်း စတင်ကစားသူကနေပြီး ကနဦးအဆင့်၂၀ ရောက်သွားခဲ့သည်။
ဂိမ်းကို အဆင့်၇ဆင့်ခွဲထားကာ၊ ကနဦးအဆင့်၊ အလယ်အလတ်အဆင့်၊ တိုးတက်ခြင်းအဆင့်၊ နတ်ဘုရားအဆင့်၊ မြင့်မြတ်သောအဆင့်နှင့် အဆုံးမဲ့အဆင့်ဟူ၍ဖြစ်ကာ တစ်ဆင့်ခြင်းစီတွင် အဆင့်ပေါင်း၁၀၀ပါဝင်သည်။
ကနဦးအဆင့်၂၀ဆိုသည်က ဂိမ်းထဲတွင် အတော်လေးနိမ့်သည့်အဆင့်သာရှိသေးသော်လည်း သာမာန်အားဖြင့် စတင်ကစားသူတစ်ယောက်သည် ထိုအဆင့်ရောက်ရန် တစ်ပတ်မျှအချိန်ယူရပေမည်။ သို့သော်လည်း ကုနင်းကတော့ တစ်မနက်ခင်းတည်းနဲ့ တက်ရောက်သွားတာကြောင့် အံ့ဩဖို့ကောင်းလှသည်။
“ဝါး၊ ဘော့စ်၊ အရမ်းမိုက်တာပဲ!”
“ငါယုံတောင်မယုံနိုင်ဘူး!”
“ဘော့စ်၊ ဘယ်လိုများလုပ်လိုက်တာလဲ?”
“ဘော့စ်…” အားလုံး ကုနင်းကို ဆက်တိုက်ချီးကျူးရင်း အမေးဆက်နေကြတော့သည်။
“ကျွန်မအထင်တော့ မွေးရာပါအရည်အချင်းပဲဖြစ်မယ်။”
အားလုံး ကုနင်း၏စကားကို မကန့်ကွက်ကြပေ။
“ဂိမ်းက ဘယ်တော့ထုတ်မှာလဲ?” ကုနင်းမေးလိုက်တာကြောင့် ကေက၊ “နောက်သုံးလေးရက်အတွင်းဖြစ်မယ်။”
“ကောင်းပြီ၊ ဒီရက်တွေအတွင်း ကျွန်မ မြို့တော်မှာမရှိလောက်တော့ ဂိမ်းမိတ်ဆက်ပွဲကို မတက်နိုင်လောက်ဘူး။ ကြော်ငြာဖို့ အစီအစဉ်ကောင်းစဉ်းစားကြည့်လိုက်ပါ့မယ်။”
“ဟုတ်ပြီ။”
……..
ထို့နောက် ကုမ္ပဏီကန်တင်းမှာပဲ နေ့လည်စာစားဖို့ ကုနင်းစိတ်ကူးထားသော်လည်း ရုတ်တရက် ချီကျီယွဲ့ဖုန်းခေါ်လာလေသည်။
ခေါ်ဆိုသူနာမည်ကိုမြင်သည်နှင့် ကုနင်းမျက်နှာ ချက်ချင်းမဲ့ရွဲ့သွားတော့သည်။
“ဟိုင်း!” သို့သော်လည်း ဖုန်းကိုပြန်ဖြေလိုက်တုန်းပင်။
“ဟိုင်း၊ မစ္စထန်၊ ကျွန်တော်ချီကျီယွဲ့ပါ၊ မင်းဒီနေ့အားလား? ငါတို့ဒီနေ့ အိုက်နင်းကိုသွားကြည့်လို့ရတယ်။”
“ကောင်းပြီလေ၊ ဘယ်နေရာလဲ? ဘယ်အချိန်လဲ?”
ချီကျီယွဲ့ သူမကိုထောင်ချောက်ဆင်ထားခြင်းဖြစ်လောက်ပေမယ့် ကုနင်းလုံးဝမကြောက်ပေ။
“နေ့လည်၂နာရီလောက်ဆိုရင်ရော? နံပါတ်၆၇၊ xxဗီလာရပ်ကွက်၊ xxလမ်းမှာ။”
“ရတယ်လေ၊ ကျွန်မလာခဲ့မယ်။” ကုနင်းပြောပြီးသည်နှင့် ကုမ္ပဏီမှထွက်လာလေသည်။
အခုလဲ ၁၂နာရီထိုးခါနီးပြီဖြစ်တာကြောင့် အပြင်မှာပဲတစ်ခုခုစားသွားဖို့ စိတ်ကူးလိုက်သည်။ မြို့တော်သည် လမ်းတွေအရမ်းရှုပ်သည့်မြို့ကြီးတစ်မြို့ဖြစ်ကာ ချီကျီယွဲ့ပြောသည့်နေရာကလဲ အနည်းငယ်လှမ်းတာကြောင့် သူမမှာ အချိန်သိပ်မရှိပေ။
ကုနင်း ဓါတ်လှေကားထဲမှထွက်ချိန်တွင် နေ့လည်စာဗူးနဲ့ပြန်ရောက်လာသည့် ပါးထျန်းယန်နှင့် တိုးလေသည်။
ကုနင်းကိုမြင်သည်နှင့် ပါးထျန်းယန်မျက်လုံးများလက်သွားတော့သည်။ “ဟိုင်း၊ ဘော့စ်။”
“ဟိုင်း၊ ဘယ်လိုနေလဲ? ဒီမှာအလုပ်လုပ်ရတာ သဘောကျရဲ့လား?”
“သဘောကျတာပေါ့။” ပါးထျန်းယန်ပြန်ဖြေလိုက်သည်။ တကယ်တမ်း အရင်က ဒီလိုမျိုး ဘဝကိုပြည့်ပြည့်ဝဝမခံစားခဲ့ဖူးပေ။ သူသည် တောက်လျှောက် လူသတ်သမားဘဝဖြင့်အသားကျနေခဲ့ကာ ရက်စက်ကြမ်းကြုတ်သည့်ဘဝမျိုးတွင် ရှင်သန်ခဲ့ရသည်။ ဆက်တိုက် သူ့ပစ်မှတ်တွေနောက်လိုက်ကာ သတ်ဖြတ်နေရသလို မသိနိုင်သည့်အချိန်တစ်ခုမှာလဲ သူကိုယ်တိုင် အသတ်ခံရသည့်အလှည့်ဖြစ်သွားနိုင်သည်။
***
စာစဉ် ၇၃ ပြီး၏။