အခန်း (၁၁၁၁-၁၁၁၆)
Vol. 74 Ch. 1111-1116
အခန်း ၁၁၁၁ နောက်ထပ် ‘ထန်အိုက်နင်း’တစ်ယောက်နဲ့ သွားတွေ့ရမယ်
ကုနင်းက သူ့ကိုလက်ကမ်းကူညီပေးခဲ့ကာ သာမာန်လူတစ်ယောက်လိုမျိုး ပျော်ရွှင်သည့်ဘဝမျိုးတွင် နေနိုင်စေခဲ့သည်။
“အမ်.. ကုမ္ပဏီကအစားအသောက်တွေကို ရှင်ခံတွင်းမတွေ့ဘူးလား?” ပါးထျန်းယန်လက်ထဲက နေ့လည်စာဘူးကို ကုနင်းသတိထားမိသွားသည်။
ပါးထျန်းယန်ကို တမင်မေးခွန်းထုတ်လိုခြင်းမဟုတ်ဘဲ ပါးထျန်းယန် ဘာကြောင့်များ နေ့လည်စာဘူးကို သူ့ဘာသာယူခဲ့လဲ ကုနင်း သိချင်မိရုံသာဖြစ်သည်။ ကုမ္ပဏီကအစားအသောက်တွေက မကောင်းတာကြောင့်ဆိုရင် ပိုကောင်းလာအောင် သူမလုပ်ဆောင်ပေးနိုင်ပေလိမ့်မည်။
လူတိုင်းတွင် အရသာခံစားမှုခြင်းမတူညီကြသော်လည်း အားလုံးနဲ့အတော်အသင့်အဆင်ပြေလောက်မည့်အခြေအနေမျိုးဖြစ်အောင်တောင် သူမပြင်ဆင်ပေးချင်မိသည်။
“အာ၊ မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ဘူး။” ပါးထျန်းယန် ချက်ချင်းငြင်းလိုက်သော်လည်း ခဏချင်းအတွင်း ရှက်သွားမိသည်။ သို့သော်လည်း ကုနင်း သူ့ကိုအထင်မလွဲသွားစေရန်အတွက် ပါးထျန်းယန် ရှင်းပြလာတုန်းပင်။ “အဲ့ဒါကလေ၊ မန်နီ၊ ဟို မန်နေဂျာစုန့်က ဒီနေ့နေလို့သိပ်မကောင်းဘူးဆိုတာနဲ့ ငါ သူ့အတွက်ယာဂုနည်းနည်းသွားဝယ်လာပေးတာပါ။”
ပါးထျန်းယန် အလွန်စိတ်လှုပ်ရှားနေတာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောနေပုံက သူ့ကိုကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်ပါလို့ ပြောဖို့တောင် ယုံချင်စရာမကောင်းတော့ပေ။
သူငယ်စဉ်ကတည်းက သတ်ဖြတ်သူအဖွဲ့အစည်းတွင် ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်အဖြစ် လေ့ကျင့်ပေးခြင်းခံခဲ့ရကာ စိတ်ခံစားချက်များ ထားရှိခွင့်မရှိခဲ့ပေ။ ရလဒ်အနေနဲ့ ရိုမန့်တစ်ဆန်သည့် ချစ်သူရည်စားဆက်ဆံရေးအကြောင်း လုံးဝမသိခဲ့တော့ပေ။
ပါးထျန်းယန်၏အမူအရာကြောင့် သူ စုန့်မန်နီကို သဘောကျနေပြီမှန်း ကုနင်းနားလည်သွားခဲ့သည်။
မန်နီလို့တောင် ခေါ်လိုက်တာပဲ!
တကယ်လဲ ပါးထျန်းယန်သည့် ကြည့်ကောင်းကာ ရင့်ကျက်သည့်အမျိုးသားတစ်ဦးဖြစ်ပြီး ပုံမုန်လေ့ကျင့်ခန်းလဲလုပ်တာကြောင့် ကြွက်သားအပြည့်ဖြင့် သန်မာသူဖြစ်သည်။
ပါးထျန်းယန်ပုံစံကြောင့် ကုနင်းရယ်ချင်လာကာ မထိန်းနိုင်ဘဲ အနည်းငယ်အသံထွက်ရယ်လိုက်မိတော့သည်။ စုန့်မန်နီဘက်ကရော ပါးထျန်းယန်အပေါ် ဘယ်လိုခံစားရလဲ သူမသိချင်လာသလို စုန့်မန်နီတစ်ခါ ကွာရှင်းဖူးထားတာကို ပါးထျန်းယန်သိထားသလားကိုလဲ သိချင်လာမိသည်။ သူလက်ခံပေးမှာလား?
ဘာပဲဖြစ်ဖြစ် သူသာ စုန့်မန်နီကို တကယ်ချစ်မိသွားတာဆိုရင် အတိတ်ကဖြစ်ရပ်တွေကို စိတ်ထဲထားလိမ့်မည်မဟုတ်ပေ။
အရင်က စုန့်မန်နီ တစ်ကြိမ်ကွာရှင်းဖူးထားသည်ဆိုသော်လည်း သူမတွင် ကလေးတစ်ယောက်မှမရှိသလို အခုထိ အလွန်လှပသည့်အမျိုးသမီးတစ်ယောက်ဖြစ်နေတုန်းပင်။ သူမအတွက် အရည်အချင်းရှိသည့်ယောက်ျားကောင်းတစ်ယောက်ထပ်ရှာဖို့ဆိုတာ မခက်လှပေ။ ယောက်ျားတစ်ယောက်ကို သူမထပ်ယုံကြည်ပေးနိုင်ဖို့ကတော့ အနည်းငယ်ခက်ခဲသွားပြီဆိုသော်လည်း သူမကိုယ်တိုင်က ပျော့ညံ့သည့်မိန်းမတစ်ယောက်မဟုတ်ဘဲ သူမဘဝကိုသူမ ယုံကြည်ချက်အပြည့်နှင့် ဖြတ်သန်းနိုင်သူဖြစ်သည်။
ပါးထျန်းယန်နဲ့စုန့်မန်နီတို့သာ အချင်းချင်းခံစားချက်ရှိကြမည်ဆိုရင်တော့ ကုနင်းအနေနဲ့ နှစ်ယောက်လုံးကို ဆုမွန်ကောင်းသာတောင်းပေးလိုက်ပေမည်။
တကယ်လို့ စုန့်မန်နီကသာ ပါးထျန်းယန်ကို သူငယ်ချင်းမိတ်ဆွေတစ်ယောက်အဖြစ်ပဲ ဆက်ဆံမည်ဆိုလျှင်တော့ သူတို့နှစ်ယောက် ရှေ့ဆက်ပြီး အဆင်ပြေပြေဆက်နေနိုင်ကြဖို့ ကုနင်းမျှော်လင့်မိသည်။
“ကောင်းတာပေါ့၊ ဒါဆို နောက်မှတွေ့ကြမယ်။” ကုနင်းပြုံးကာ နှုတ်ဆက်လိုက်ပြီး ပါးထျန်းယန်လဲ ထွက်သွားတော့သည်။
……
ကုနင်း ကားထဲသို့ရောက်သည်နှင့် ချက်ချင်းစမထွက်ခဲ့ဘဲ အချိန်အနည်းငယ်ယူကာ သူမကိုယ်သူမ ‘ထန်အိုက်နင်း’အဖြစ် ရုပ်ဖျက်လိုက်သည်။
ပြီးနောက်မှာတော့ သူမမောင်းထွက်လာခဲ့သည်။ သူမ ‘ထန်အိုက်နင်း’အဖြစ် ပုံစံပြောင်းဖို့လိုအပ်တာကြောင့် ဒေါက်မြင့်ဖိနပ်ကိုပါ စီးထားလေသည်။
မိတ်ကပ်နှင့်အဝတ်အစားအားလုံး ပြင်ဆင်ပြီးနောက်မှာတော့ သူမကားကို အငှားကားတစ်စီးဖြင့် ပြောင်းလိုက်ကာ သူမကားကိုတော့ အနီးနားရှိကားပါကင်တစ်ခုတွင် ရပ်ခဲ့လိုက်သည်။ လက်ရှိ သူမက လင်ရှောင်းထင်၏ကားကိုမောင်းနေခြင်းဖြစ်တာကြောင့် သူ့ကိုပြဿနာတစ်စုံတစ်ရာမတက်သွားစေလိုပေ။
သူကုမ္ပဏီနာမည်အောက်က ကားတွေကိုလဲ မသုံးသင့်ပြန်ပေ။ တစ်ယောက်ယောက်သာ ‘ထန်အိုက်နင်း’နှင့် ရှန်းနဉ်လုပ်ငန်းစုတို့ ဆက်နွယ်မှုရှိကြောင်း သိသွားခဲ့လျှင် ပြဿနာရှိပေမည်။
ကုနင်း အချိန်အကြာကြီးဆွဲမနေဘဲ ချိန်းဆိုထားသည့်နေရာသို့ ဦးတည်လာခဲ့သည်။
နေ့လည်၁နာရီခွဲလောက်မှာတော့ ချိန်းထားသည့်နေရာသို့ ကုနင်းရောက်သွားကာ ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီး အိမ်နံပါတ်၆၇အတွင်းထဲသို့ ကြည့်လိုက်သည်။
အထဲတွင် လူ၈ယောက်ရှိနေသည်။
အနက်ရောင်ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည်သန်မာသည့်လူတစ်ယောက်က ခါးကြားထဲသေနတ်တစ်လက်ထိုးကာ တံခါးနားတွင်ရပ်နေသည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ ဆိုဖာပေါ်တွင်ထိုင်နေကြသည်။ သူတို့လက်ဖက်ရည်သောက်ရင်း စကားပြောနေကြတာဖြစ်သော်လည်း အရမ်းဝေးတာကြောင့် သူတို့ဘာပြောနေလဲ ကုနင်းမကြားနိုင်ပေ။
တကယ်တမ်း ချီကျီယွဲ့က ဤကိစ္စထဲ ထန်ယရှင်းကို မပါဝင်စေလိုပေမယ့် သူမကတဇွတ်ထိုးလုပ်နေတာဖြစ်သည်။
ဒုတိယထပ်မှာတော့ ‘ထန်အိုက်နင်း’အဖြစ် ဟန်ဆောင်ထားသည့်အမျိုးသမီးက မာစတာအိပ်ခန်းထဲရှိ အိပ်ရာထက်တွင်လဲလျောင်းလို့နေသည်။ သူမမျက်နှာတစ်ဝက်လောက်ကို ပတ်တီးများစည်းလို့ထားတာကြောင့် အမှန်ကို ထန်အိုက်နင်းနှင့်ဆင်တူနေသည်။
သူမခန္ဓာကိုယ်မှာလဲ ပတ်တီးတွေအများကြီးစည်းထားကာ အမှန်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရနေပုံပေါ်သော်လည်း အမှန်မဟုတ်မှန်း ကုနင်းကတော့ သိပေသည်။
မာစတာအိပ်ခန်းဘေးမှ ဧည့်သည်ခန်းမှာတော့ အနက်ရောင်ဝတ်စုံဝတ်လူ၄ယောက် တိတ်တဆိတ်ထိုင်နေကြကာ သူတို့တွင်လဲ သေနတ်ကိုယ်စီရှိကြသည်။
ကုနင်း လှောင်ပြုံးပြုံးလိုက်မိသည်။ ချီကျီယွဲ့က သူ့ကိုယူအက်စ်ဘီပေးလာအောင် သူမအပေါ် အားသုံးဖို့စိတ်ကူးနေခြင်းပင်။
သူမအရင်ဘဝကိုတောင် ကုနင်းပြန်အမှတ်ရသွားမိသည်။ သူမ မသေဆုံးခင် ထန်ယရှင်းကလဲ ဒီလိုနည်းလမ်းအတိုင်းထပ်တူပင် လုပ်ခဲ့သေးသည်။
ထိုအကြောင်းပြန်တွေးမိသည်နှင့် ကုနင်းဒေါသများဆူပွက်လာကာ ချက်ချင်းပဲ သူတို့အားလုံးကို သတ်ပစ်လိုက်ချင်တော့သည်။ သို့သော်လည်း ထိုသို့သတ်ဖြတ်ခြင်းက ဥပဒေနှင့်မညီတာကြောင့် သူမသည်းခံမှဖြစ်ပေမည်။
၂နာရီထိုးဖို့ ၁၀မိနစ်လောက်အလိုမှာတော့ ကုနင်း ငှားထားသည့်ကားကို အိမ်နံပါတ်၆၇ အပြင်ဘက်တွင် ရပ်လိုက်သည်။
တံခါးနားတွင်ရပ်နေသည့် အရပ်ရှည်ရှည်နဲ့လူက ချက်ချင်း သူမရှိရာသို့လျှောက်လာကာ ကားထဲမှာ တခြားတစ်ယောက်ယောက်များပါလား တစ်ချက်ဝေ့ကြည့်လိုက်သေးသည်။
“ဟိုင်း၊ မင်းက မစ္စထန်လား?” ကုနင်း ကားထဲမှထွက်လာသည်နှင့် ထိုလူမေးလိုက်သည်။
“ဟုတ်တယ်။” ကုနင်းပြန်ဖြေရင်း ကားတံခါးကိုပိတ်လိုက်သည်။
“ဒါဆို ဒီဘက်ကိုကြွပါ။” ထိုလူက လက်ဟန်ဖြင့် ကုနင်းကို အထဲသို့သွားရန် ဖိတ်ခေါ်လိုက်သည်။
ကုနင်း သူ့နောက်လိုက်လာကာ ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကို တွေ့လိုက်သည်။
“ကြိုဆိုပါတယ်၊ မစ္စထန်!” ချီကျီယွဲ့ ချက်ချင်းထရပ်လာသည်။
ထန်ယရှင်းကတော့ ကုနင်းကို ထပ်မနှုတ်ဆက်သော်လည်း ဒီ ‘ထန်အိုက်နင်း’ကို မကြာခင် သူတို့အမိဖမ်းနိုင်တော့မည်ဟု ယုံကြည်နေတာကြောင့် စိတ်အခြေအနေကတော့ ကောင်းလို့နေသည်။
***
အခန်း ၁၁၁၂ သေနတ်ဖြင့်ချိန်ခြင်း
“မင်္ဂလာပါ၊ မစ္စတာချီ။”
“မင်္ဂလာပါ၊ မစ္စထန်၊ မင်းနဲ့ယူအက်စ်ဘီ တစ်ခါတည်းယူလာခဲ့လား?” ချီကျီယွဲ့မေးလိုက်သည်။
“ဒါပေါ့၊ အိုက်နင်း တကယ်ဒဏ်ရာရထားတာလား ကျွန်မကြည့်ပြီးတာနဲ့ ရှင့်ကိုပေးပါ့မယ်။”
“ကိစ္စမရှိဘူး။ မစ္စထန်၊ အိုက်နင်းက အခု ဒုတိယထပ်ရဲ့ မာစတာအိပ်ခန်းထဲမှာရှိတယ်။ ငါတို့အတူတူ အပေါ်ထပ်မှာ သွားတွေ့ကြတာပေါ့။”
“ကောင်းပါပြီ။”
ထို့နောက် ချီကျီယွဲ့ကဦးဆောင်က အပေါ်ထပ်သို့တက်သွားသည်။
သူတို့မာစတာအိပ်ခန်းထဲသို့ဝင်လိုက်သည်နှင့် အိပ်ရာပေါ်လှဲနေသည့် ‘ထန်အိုက်နင်း’အတုကို ကုနင်းတွေ့လိုက်ရသည်။ သို့သော်လည်း သူမ အိပ်ရာနားသို့ကပ်သွားသည်နှင့် ခြေသံများချဉ်းကပ်လာသံကို ကြားလိုက်ရသည်။ ထန်ယရှင်း၏သက်တော်စောင့်များ ချဉ်းကပ်လာမှန်း သူမသိသော်လည်း အေးအေးဆေးဆေးနဲ့ ဘာမှမကြားသလို ဟန်ဆောင်နေလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ အနက်ရောင်ဝတ်စုံဝတ်ထားသော သန်သန်မာမာယောက်ျား၄ယောက် အခန်းထဲသို့ရောက်လာကာ ကုနင်းကိုဝိုးထားလိုက်ကြသော်လည်း သေနတ်တွေကိုတော့ မထုတ်ကြသေးပေ။
ကုနင်း အံ့ဩသွားဟန်ဆောင်ကာ ချီကျီယွဲ့ကို အေးစက်စက်အမေးထုတ်လိုက်သည်။ “မစ္စတာချီ၊ ရှင်ဘာလုပ်ချင်တာလဲ?”
“ဟ-ဟ၊ ဒါထောင်ချောက်မှန်း နင်မသိဘူးလား?” ထန်ယရှင်း ဂုဏ်ယူဟန်အပြည့်ဖြင့် လှောင်ရယ်လိုက်သည်။
“ထောင်ချောက်? ငါဒီကို တကယ်ပဲ ယူအက်စ်ဘီယူပြီးလာတယ်လို့ နင်တို့တကယ်ယုံနေတာလား?”
“နင့်မှာပါလာတာ မပါလာတာတွေ ငါတို့ဂရုမစိုက်ဘူး။ နင် မပေးဘူးဆိုရင် ငါတို့လဲ နင့်ကိုသတ်လိုက်ရုံပဲပေါ့။”
“ဒါကတော့၊ နင်တို့မှာ ငါ့ကိုသတ်နိုင်တဲ့အရည်အချင်းရှိလို့လား?” ကုနင်းပြောလိုက်ပြီးသည်နှင့် တစ်ဖက်က သေနတ်တွေဆွဲထုတ်လာတာကြောင့် သူမလဲ ချက်ချင်းပြန်တိုက်ခိုက်လိုက်သည်။
‘ထန်အိုက်နင်း’ အားမနည်းမှန်း ချီကျီယွဲ့ရော ထန်ယရှင်းပါ သိတာကြောင့် သက်တော်စောင့်တွေအများကြီး ကြိုစီစဉ်ထားခဲ့ကြသည်။
မထင်မှတ်ထားသည့်မတော်တဆမှုတစ်ခုခုဖြစ်မလာစေရန် ကုနင်းအင်အားကို ချွေတာမနေဘဲတိုက်ခိုက်တာကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုသက်တော်စောင့်တွေအားလုံး အရိုက်ခံရကာ မထနိုင်ကြတော့ပေ။ အခုဆို သူတို့လက်မောင်းတွေ ဒါမှမဟုတ် ခြေထောက်တွေကျိုးသွားပြီဖြစ်ကာ သေနတ်တွေကိုလဲ ကုနင်း ဆွဲယူသွားပြီပြီဖြစ်သည်။
ထို့နောက် ဆက်တိုက်ဆိုသလို ထိုသေနတ်တွေကို တစ်စစီဖြုတ်ကာ လွှင့်ပစ်လိုက်ပြန်သည်။
အခန်းထဲရှိလူတိုင်းကတော့ အံ့ဩမှင်သက်လို့နေကြလေသည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့လဲ မယုံနိုင်စွာပြူးကြောင်ကြောင်ကြည့်နေမိကြသည်။ ဒီ‘ထန်အိုက်နင်း’က သူတို့တွေးထားတာထက်ကိုကျော်လွန်ကာ အတိုက်အခိုက်ကောင်းနေတာကြောင့် အလွန်အံ့အားသင့်နေကြလေသည်။
ကုနင်း ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ဘက်ကို ပြန်လှည့်ကြည့်လာချိန်မှာတော့ နှစ်ယောက်သား မသိစိတ်ထဲကပင်ကြောက်လန့်ကာ နောက်သို့ဆုတ်လိုက်ကြသည်။
“မင်း-မင်း…” ချီကျီယွဲ့ ထိတ်လန့်တုန်လှုပ်နေကာ စကားကိုရှေ့မဆက်နိုင်သလို ထန်ယရှင်းသည်လဲ ကျောက်ရုပ်ပမာ မှင်သက်လို့နေသည်။
“အံ့ဩသွားတာလား၊ မစ္စတာချီ? ကျွန်မက ဘာပြင်ဆင်မှုမှမလုပ်ဘဲ ဒီနေရာကိုတစ်ယောက်တည်းလာရလောက်အောင် မိုက်မဲတယ်လို့ ရှင်ထင်နေတာလား?” ကုနင်းထပ်ပြီး ထေ့ငေါ့လိုက်ပြန်သည်။
ပထမထပ်မှသက်တော်စောင့်တွေကလဲ ဆူညံသံများကြားသည်နှင့် အပေါ်ထပ်သို့ချက်ချင်းပြေးတက်လာကြသော်လည်း သူတို့အခန်းထဲတောင်သေချာမဝင်ရသေးခင်မှာပဲ ကုနင်းက အားလုံးကိုရိုက်ချခဲ့သည်။
သူတို့ကိုလဲ ခြေတွေလက်တွေချိုးပစ်ကာ သေနတ်တွေကို ပစ်ထုတ်လိုက်ပြန်သည်။
သက်တော်စောင့်တွေလဲ အလွန်ထိတ်လန့်အံ့အားသင့်နေကြသည်။
“မစ္စတာချီ၊ မစ္စထန် အခုတော့ ရှင်တို့အလှည့်ရောက်ပြီပေါ့။” ကုနင်း၏အကြည့်က ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ထံ ထပ်မံကျရောက်သွားပြန်ကာ တစ်လှမ်းချင်းတိုးသွားလိုက်သည်။
“မလုပ်၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။” ချီကျီယွဲ့ရော ထန်ယရှင်းပါ နောက်သို့သာ ဆက်တိုက်ကြောက်လန့်တကြား ဆုတ်နေကြသည်။ သူတို့ရှေ့ကအမျိုးသမီးက သူတို့ယှဉ်နိုင်သည့်လူမဟုတ်ကြောင်း သိသွားပြီဖြစ်၍ အခုတော့ နောင်တရနေကြပေပြီ။
အိပ်ရာပေါ်လှဲနေသည့်အမျိုးသမီးကတော့ တစ်ချိန်လုံး အသံတစ်ချက်တောင်မထွက်ရဲပေ။ သူမလွတ်မြောက်နိုင်ရေးအတွက် သူမအပေါ် အာရုံမကျလာအောင် အတတ်နိုင်ဆုံးကြိုးစားနေလေသည်။
“အခုက ရှင်တို့ဆုံးဖြတ်ရမယ့်အလှည့်မဟုတ်တော့ဘူး၊ ကျွန်မအလှည့်ဖြစ်သွားပြီ။” ကုနင်း သူတို့ကိုသတ်မည်မဟုတ်သော်လည်း တစ်သက်မမေ့နိုင်စရာသင်ခန်းစာမျိုးတော့ ပေးဖို့စိတ်ကူးထားသည်။
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး။” ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ ဆက်တိုက်လက်တွေကိုခါယမ်းကာပြောနေသော်လည်း နံရံထောင့်နားအထိရောက်အောင် တွန်းအားပေးခံလိုက်ရကာ ထွက်ပြေးချင်ရင်တောင် လွတ်မြောက်ဖို့လမ်းမရှိတော့ပေ။
ထန်ယရှင်းဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကာ ရုတ်တရက် သူမဖုန်းကို ကုနင်းထံပစ်ပေါက်လိုက်သည်။ ကုနင်းကလဲ ချက်ချင်းလှမ်းဖမ်းကာ ပြန်တောင်ပစ်လိုက်လေသည်။
ထန်ယရှင်းလဲ သူ့ဖုန်းနဲ့သူ နဖူးပြန်မှန်ကာ အော်ဟစ်တော့သည်။ သူမနဖူးက ချက်ချင်းပဲ နီရဲယောင်ကိုင်းလာကာ ကျယ်လောင်စွာငိုကြွေးတော့သည်။
တကယ်တမ်း ကုနင်း အားကုန်မသုံးခဲ့တာကြောင့် ရိုက်မိသည့်အရှိန်က သိပ်မပြင်းပေ။
“ယရှင်း၊ အဆင်ပြေရဲ့လား?” ချီကျီယွဲ့ ချက်ချင်း ထန်ယရှင်းနဖူးကဒဏ်ရာကိုစစ်ဆေးပြီးနောက် ကုနင်းကိုပြန်စိုက်ကြည့်လိုက်ကာ၊ “မင်းကများ!”
“ဟိုး.. စိတ်လျှော့ပါ၊ မစ္စတာချီ၊ နောက်ပြီးရင် ရှင့်အလှည့်ပဲ။” ကုနင်းပြုံးကာကြည့်လိုက်သည်။
ထိုစကားကိုကြားကာမှ ချီကျီယွဲ့ ပြန်လည်ကြောက်လန့်သွားကာ တုန်တုန်ရီရီဖြင့် တောင်းပန်တော့သည်။ “မစ္စထန်၊ တောင်းပန်ပါတယ်၊ မင်းကို ငါဒီလိုမျိုးမကြံစည်သင့်ဘူး။ ငါ့ကို တစ်ကြိမ်လောက်ခွင့်လွှတ်ပေးပါ။”
လောလောဆယ် ကုနင်းကိုစိတ်ဆိုအောင် ချီကျီယွဲ့မလုပ်ရဲတော့ပေ။ သူကလဲ သတ္တိရှိလွန်းတဲ့ယောက်ျားတစ်ယောက်မှ မဟုတ်တာ။
“ကျွန်မက သည်းခံတတ်တဲ့လူစားမျိုးမဟုတ်ဘူး။ ကျွန်မနောက်ကွယ်မှာ ရှင်တို့ကြံစည်ခဲ့တာတွေကို လက်ခံပေးမှာမဟုတ်ဘူး။” ကုနင်းပြောရင်း သေနတ်ကိုမြှောက်လိုက်သည်။ သူ့ကိုတကယ်ပစ်လိုက်ဖို့တော့မရည်ရွယ်ထားဘဲ ခြိမ်းခြောက်ရုံသာဖြစ်ပေသည်။ အရင်ဘဝတုန်းက ချီကျီယွဲ့လဲ သူမကိုဒီလိုမျိုးတစ်ပုံစံတည်း လုပ်ခဲ့တယ်မလား။
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။” ချီကျီယွဲ့အော်ဟစ်တော့သည်။ “မစ္စထန်၊ လူသတ်တာက တရားဥပဒေနဲ့မညီဘူးနော်။”
***
အခန်း ၁၁၁၃ ခပ်ပြင်းပြင်းထိုးနှက်ခြင်း
“စိတ်အေးအေးထားပါ၊ ကျွန်မရှင့်ကိုမသတ်ပါဘူး၊ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မခုခံကာကွယ်ပိုင်ခွင့်တော့ရှိတယ်လေ။” ကုနင်း လုံးဝစိုးရိမ်နေပုံမပေါ်ပေ။
“မင်း…” ချီကျီယွဲ့ ကြောင်အသွားလေသည်။ သူဘာပြောလို့ပြောရမှန်းတောင်မသိတော့ပေ၊ ဒီ ‘ထန်အိုက်နင်း’က အခြေအနေတစ်ခုလုံးကို လုံးဝထိန်းချုပ်ထားနိုင်တာ အသိသာကြီးပဲ။
ကြည့်ရတာ သူတော့ ဒီနေ့သွားပြီပဲ။
ချီကျီယွဲ့ ကြောက်လန့်တုန်လှုပ်လာကာ ရုတ်တရက် ဆီးတောင်မထိန်းနိုင်တော့ပေ။ သူလဲ ရှက်ရွံ့ကာ မျက်နှာနီမြန်းသွားတော့သည်။
တခြားသူတွေကတော့ မမြင်နိုင်ပေမယ့် ကုနင်းကတော့ သတိထားမိတာကြောင့် ရွံရှာသွားသည်။ သူမသေနတ်ကိုအောက်ပြန်ချလိုက်ကာမှ ချီကျီယွဲ့ အနည်းငယ်စိတ်သက်သာရာရသွားလေသည်။ ကုနင်း သူ့ကိုလွှတ်ပေးတော့မယ်လို့တောင် တွေးလိုက်သေးသည်။
သို့သော်လည်း ကုနင်းက သူ့ဒူးခေါင်းကို ခပ်ပြင်းပြင်းတစ်ချက်ကန်လိုက်တာကြောင့် ချီကျီယွဲ့ ဟန်ချက်ပျက်သွားကာ ကုနင်းရှေ့ဒူးထောက်ကျသွားတော့သည်။
“မင်း…” ချီကျီယွဲ့ အရှက်ကွဲရတာကြောင့် ခံစားချက်များလွန်စွာဆိုးရွားလို့နေပေပြီ။
“ဘာလဲ အခုမှအရှက်ကွဲတယ်လို့ခံစားနေရတာလား? ဒီလိုဆိုရင်တော့ ရှင်မှန်ပါတယ်၊ ကျွန်မတမင် ရှင့်ကိုအရှက်ခွဲနေတာ။” ကုနင်းရက်စက်ပြတ်သားစွာပြောလိုက်သည်။
ကုနင်း သူ့ကိုအရှက်ကွဲစေဖို့ရည်ရွယ်လုပ်တာကြောင့် သူရှက်ဒေါသထွက်နေတာကိုကြည့်ပြီး အလွန်ပျော်ရွှင်နေတော့သည်။
အခုချိန်မှာ ချီကျီယွဲ့တစ်ယောက် ကုနင်းကို မုန်းတီးမှုအပြည့်ဖြင့်သာ စိုက်ကြည့်နေနိုင်ပြီး ပြန်တော့မတိုက်ခိုက်ရဲပေ။
“ငါသတင်းတွေဖြတ်ပြီးပြီ၊ Bမြို့ရဲ့ပင်လယ်နားမှာရဲတွေရှာတွေ့ခဲ့တဲ့ အမျိုးသမီးအလောင်းက အိုက်နင်းပဲ။ နင်တို့အိုက်နင်းကိုသတ်ခဲ့တာ၊ ငါသူ့အတွက် လက်စားပြန်ချေပေးမယ်။” အခုတော့ ကုနင်း အမှန်တရားကိုဆက်ပြီးဖုံးကွယ်မနေတော့ပေ။
သူမပြန်လည်မွေးဖွားပြီးနောက် Bမြို့တွင်အချိန်အတော်ကြာနေထိုင်ခဲ့သော်လည်း ပင်လယ်ဘက်ကိုတော့ ထပ်မသွားခဲ့ပေ။ ထိုနေရာသို့ပြန်သွားလို့လဲ အဓိပ္ပါယ်မရှိသလို သူမ၏ဆိုးရွားလှသော မှတ်ဉာဏ်တွေကိုသာ ပြန်အမှတ်ရလာနိုင်သည်။
ချီကျီယွဲ့ ထိတ်လန့်အံ့ဩကာ မျက်လုံးများပြူးကျယ်လို့နေတော့သည်။ ဒီ‘ထန်အိုက်နင်း’ အားလုံးသိပြီးသားဖြစ်နေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်မှာပဲ ထန်ယရှင်းသည်လဲ အော်ဟစ်ငိုယိုနေရာမှရပ်တန့်သွားကာ ကုနင်းကို အံ့ဩတကြီးကြည့်လာလေသည်။
“ငါဘာလို့ဒါတွေသိနေလဲဆိုတဲ့အကြောင်းအရင်းကို နင်တို့နားမလည်ကြဘူးမလား?” ကုနင်းဆက်မေးလိုက်သည်။ “နင်တို့ သရဲဆိုတာကို အယုံအကြည်ရှိလား?”
ထိုစကားကြားသည်နှင့် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ သရဲတွေရှိတာကို သူတို့မယုံသော်လည်း ကြောက်လန့်နေမိတုန်းပင်။
“ဘာလို့လဲပြောပြရတာပေါ့၊ အရင်က အိုက်နင်းရဲ့ဝိညာဉ်က ငါ့ကိုလာရှာပြီး အားလုံးပြောပြသွားလို့ပဲ။” ကုနင်း လျှို့ဝှက်ဆန်းကြယ်သည့်အပြုံးမျိုးပြုံးလိုက်သည်။
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ အလွန်ကြောက်လန့်နေကြတော့သည်။
“စိတ်မပူပါနဲ့၊ ဒီနေ့တော့ နင်တို့ကိုမသတ်သေးဘူး၊ ဘာလို့ဆို နင်တို့ကို တောက်လျှောက်ဒုက္ခပေးမှာမို့လို့လေ။ ခပ်မြန်မြန်သေခိုင်းလိုက်ရင် ဘယ်စိတ်ဝင်စားဖို့ကောင်းပါတော့မလဲ။” ကုနင်းပြောပြီးသည်နှင့် သူမဒေါသတွေကို ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ရင်း ဖြေဖျောက်တော့သည်။
ထန်ယရှင်းသည် သူမ၏ရုပ်ရည်သွင်ပြင်ကို အလွန်ဂရုစိုက်သူဖြစ်တာကြောင့် ကုနင်းက သူမမျက်နှာတွေကိုချည်းအဓိကထားကာ ဖြတ်ရိုက်လေသည်။
ချီကျီယွဲ့ကိုကျ သူ့ဘောင်းဘီခွကြားနေရာကိုချည်း ကုနင်းပိတ်ကန်ခဲ့တာကြောင့် အချိန်တော်တော်ကြာအထိတော့ သူထကြွနိုင်တော့မည်မဟုတ်ပေ။ ယောက်ျားတွေအတွက် မထကြွနိုင်ခြင်းက မခံစားနိုင်ဆုံးအရာပဲမဟုတ်လား။
ကုနင်း သူတို့နှစ်ယောက်ဂရုစိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ဆက်တိုက်ထိုးနှက်ကန်ကျောက်ခဲ့သည်။
သူတို့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်လောက်သာ လုပ်ခဲ့ခြင်းဖြစ်တာကြောင့် လဝက်လောက်အိပ်ရာထဲလဲပြီးရင် ပြန်ကောင်းလာမည်မှန်း သေချာသည်။
အတော်ကြာပြီးနောက် ကုနင်းရပ်သွားသည်။ ထို့နောက် အပြင်သို့ထွက်လာကာ သူမလမ်းမှပိတ်နေသည့်သက်တော်စောင့်တွေကိုလဲ ကန်ထုတ်ခဲ့သေးသည်။
အစမှအဆုံးတိုင် အိပ်ရာပေါ်က အမျိုးသမီးကို ကုနင်းလုံးဝအာရုံမထားခဲ့ပေ။ ထိုတစ်ယောက်က သူမကိုအန္တရာယ်ရှိအောင်တစ်ခုခုလုပ်ခဲ့ခြင်းမှမရှိဘဲ။
အားလုံးကိုရိုက်နှက်ပြီးနောက် ကုနင်းစိတ်အခြေအနေ အတော်လေးကောင်းနေတော့သည်။
သူမပြန်သွားသည်နှင့် ချီကျီယွဲ့က အိပ်ရာပေါ်လှဲနေစဲဖြစ်သည့် အမျိုးသမီးကိုအော်လိုက်တော့သည်။ “လူနာတင်ယာဉ်ခေါ်လေ!”
“ပြီးတော့ ရဲပါခေါ်လိုက်!” ထန်ယရှင်းကလဲ အော်လိုက်ပြန်သည်။ ဒီလိုမျိုး တစ်ခါမှအရှက်ခွဲမခံရဖူးတာကြောင့် ‘ထန်အိုက်နင်း’ကို ပြန်ပေးဆပ်ရအောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါတို့ရဲခေါ်လို့မရဘူး!” ချီကျီယွဲ့ အမြန်ပိတ်ပြောလိုက်သည်။
သူတို့ရဲကိုခေါ်လို့မဖြစ်ပေ၊ မဟုတ်ရင် သူတို့မကောင်းကြံစည်ထားတာတွေပဲ ပေါ်ကုန်မှာပေါ့။ ပြီးတော့ ‘ထန်အိုက်နင်း’က သူတို့သွားရှုပ်လို့ရမယ့်လူမဟုတ်တာ သိသာနေပြီ။ သူထပ်ပြီး အန္တရာယ်များသည့်အခြေအနေမျိုးမလုပ်ရဲတော့ပေ။
“ဘာလို့လဲ?” ထန်ယရှင်း ဒေါသထွက်သွားလေသည်။
ချီကျီယွဲ့မှာ လောလောဆယ်အလွန်နာကျင်ရသည့်ထဲ ထန်ယရှင်းကိုလဲ လိုက်ရှင်းပြနေချင်စိတ်လဲ မရှိပေ။ သို့သော်လည်း ဒါက သူမရှင်းပြလို့မရလောက်အောင် အရေးကြီးနေပြန်သည်။ “ငါတို့လုပ်ထားတာတွေပေါ်သွားစေချင်နေတာလား? ငါတို့ပါ အဖမ်းခံအောင် မင်းလုပ်ချင်နေတာလား?”
ဒီတော့မှ ထန်ယရှင်းလဲ သူမအတွေးက ဘယ်လောက်တောင် မိုက်မဲလှကြောင်း နားလည်သွားသည်။ သို့သော်လည်း လက်တော့မလျှော့သေးပေ။ “ဒါဆို ငါတို့အခုအရှက်ခွဲခံရတာတွေကို မြိုသိပ်လိုက်ရတော့မှာလား?”
“မင်းက ငတုံးလား? ငါတို့ဘယ်သူမှန်း သူသိတဲ့အပြင် အခုလက်ရှိအခြေအနေတစ်ခုလုံး သူထိန်းချုပ်ထားနိုင်သေးတယ်။ လောလောဆယ် ဒီသောက်နေရာကြီးကနေထွက်နိုင်ဖို့အတွက်သာ အင်အားနည်းနည်းလောက်ချန်ထားသင့်တယ်!” ချီကျီယွဲ့ အလွန်ဒေါသထွက်လာတော့သည်။ ထပ်ပြီးလဲ ထန်ယရှင်းနဲ့ စကားများရင်း အင်အားမဖြုန်းတီးလိုတော့ပေ။
ထန်ယရှင်းလဲ ဒေါသထွက်နေတာကြောင့် ဘေးသို့လှည့်သွားကာ ချီကျီယွဲ့ကို လျစ်လျူရှုထားလိုက်တော့သည်။
မိနစ်အတော်ကြာ တိတ်ဆိတ်သွားကြပြီးနောက် ထန်ယရှင်းအကြံတစ်ခုပေါ်လာခဲ့သည်။
“ငါတို့ ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်လောက်ငှားပြီး သူ့ကိုသတ်ကြရင်မကောင်းဘူးလား?”
ချီကျီယွဲ့ခေါင်းညိတ်လိုက်သည်။ ဒီအကြံမဆိုးဘူးပဲ။
…….
ကုနင်း သန့်စင်ခန်းထဲသို့ဝင်ကာ မိတ်ကပ်များဖျက်ပြီးကာမှ ကားဖြင့်ပြန်ထွက်သွားခဲ့သည်။
***
အခန်း ၁၁၁၄ နောက်နေတာလား?
လင်ရှောင်းထင်လဲမရှိတာကြောင့် ကုနင်းစောစောစီးစီးအိမ်မပြန်လို၍ ကုမ္ပဏီသို့သာ ထွက်လာခဲ့လေသည်။
လမ်းတွင် ယုကျီထံမှ ဖုန်းဝင်လာလေသည်။
“ဘော့စ်၊ အခုဘယ်မှာလဲ?”
“မြို့တော်မှာလေ။”
“ငါရောပဲ!” ယုကျီအံ့ဩသွားသလို ပျော်လဲပျောက်သွားသည်။
“Charmဆိုင်ခွဲအတွက်ကြောင့် ရောက်နေတာလား?”
“ဟုတ်တယ်၊ ဂါဝန်တချို့လာပို့တာလေ၊ ပြီးနောက် မနက်ဖြန် ဆိုင်စဖွင့်မှာ။”
လုပ်ငန်းအတွက် ဆိုင်ဖွင့်ပြီဆိုတာနဲ့ ဝယ်သူစိတ်တိုင်းကျချုပ်လုပ်ဖို့ရန် အပ်လာမည့်ဂါဝန်တွေအများကြီး ရလာမှာဖြစ်သည်။ ဒါကြောင့် Charm၏တစ်ဦးတည်းသော ဒီဇိုင်နာဖြစ်သည့် ယုကျီက စီမံခန့်ခွဲဖို့ရန် ရောက်ရှိလာရခြင်းပင်။
“မင်း ဒီနေ့လည်ပိုင်းအားလား? ငါတို့ညနေစာအတူစားကြရအောင်?” ကုနင်းမေးလိုက်သည်။
“အားတာပေါ့၊ ငါလဲ နင့်ကိုတွေ့ချင်နေတာ။ တကယ်တမ်း နင်နဲ့တိုင်ပင်စရာလေးလဲရှိတယ်၊ ညနေစာစားရင်းပြောကြတာပေါ့။”
“အမ်.. ငါအခုအားနေပြီ၊ ဆိုင်မှာပဲ နင့်ကိုလာတွေ့လိုက်တော့မယ်လေ။”
“ကောင်းလိုက်တာ!” ယုကျီလဲ သဘောတူလိုက်ပြီး ဖုန်းချလိုက်ကြသည်။
မြို့တော်ရှိCharmဆိုင်ခွဲသည် မြို့လယ်ခေါင်ရှိအကြီးမားဆုံးဈေးဝယ်စင်တာကြီးတွင် တည်ရှိပေသည်။ ထိုစင်တာသည် အရမ်းကိုထင်သာမြင်သာရှိလှတာကြောင့် စီးပွားရေးလုပ်ဖို့ နေရာကောင်းတစ်ခုပင်။
ဆိုင်ခန်းငှားရမ်းခက အလွန်မြင့်သော်လည်း Charmကနေပြီး အမြတ်အများကြီးရလာမည်မှန်း ကုနင်းယုံကြည်ထားတာကြောင့် ဆိုင်ခန်းခကိုထည့်တွက်မနေတော့ပေ။
မိနစ်၄၀ခန့်ကြာပြီးနောက် ကုနင်း စင်တာသို့ရောက်သွားခဲ့သည်။ သူမမြေအောက်ကားပါကင်မှာပဲ ကားကိုရပ်လိုက်ကာ ဈေးဝယ်စင်တာပထမထပ်သို့တက်သွားလိုက်သည်။
Charmဆိုင်ခန်းသည် ၁၀၀စတုရန်းမီတာခန့်ကျယ်ဝန်းသော်လည်း နှစ်ခန်းတွဲဖြစ်တာကြောင့် အားလုံးပေါင်း ၂၀၀စတုရန်းမီတာခန့်ရှိသွားသည်။
မြို့လယ်ခေါင်အနေအထားအရ ဆိုင်အကြီးကြီးမဟုတ်သော်လည်း သေးငယ်သည့်အထဲလဲမပါပေ။ ဒါ့အပြင် အဝတ်အထည်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဖို့ရန်ရည်ရွယ်ထားတာကြောင့် နေရာအကျယ်ကြီးလဲ မလိုအပ်တော့ပေ။
လောလောဆယ်မှာတော့ မတူညီသည့်မြို့ကြီးများတွင် Charmဆိုင်ခွဲများကိုဆက်တိုက်ဖွင့်လှစ်သွားမည်ဖြစ်ကာ လူချမ်းသာဖောက်သည်များကြားတွင်တော့ အလွန်နာမည်ကြီးနေသည်။
ဂါဝန်များကို ဆိုင်ထဲတွင်ခင်းကျင်းလိုက်သည်နှင့် လှပလွန်းသည့်ဂါဝန်များက လူပေါင်းများစွာကို ဆွဲဆောင်သွားတော့သည်။
“ဝါး၊ ဒီဆိုင်ကဂါဝန်တွေက အရမ်းလှတာပဲ!”
“ဈေးတော့အရမ်းကြီးလောက်မယ်။”
“အရည်အသွေးကရော ဘယ်လိုနေလဲမသိဘူး။”
“Charm? ဒီဘရန်းအရင်ကတစ်ခါမှမကြားဖူးပါဘူး။ ငါသာ ပါတီတက်ဖို့ ဒီဆိုင်ကဂါဝန်တွေဝတ်သွားရင် လူတွေရယ်စရာဖြစ်ကုန်လိမ့်မယ်။”
“ငါကတော့ ဂရုမစိုက်ပါဘူး။ ဒါတွေကအရမ်းလှတယ်၊ အထဲဝင်ပြီးကြည့်ဦးမယ်။ နင်ရောလိုက်ဦးမလား?”
“မလိုက်စရာလား!”
ထို့နောက် လူချမ်းသားအမျိုးသမီးများစွာ ဆိုင်ထဲသို့ဝင်သွားတော့သည်။
Charmကိုတရားဝင်မဖွင့်လှစ်သေးသော်လည်း ဝယ်သူများဆိုင်ထဲဝင်လာသည်ကိုတော့ မတားခဲ့ကြပေ။
Charmကနာမည်အရမ်းမကြီးတာကြောင့် ချမ်းသာသည့်အမျိုးသမီးတချို့က သဘောမတွေ့ကြသော်လည်း Charmမှဂါဝန်တွေက တကယ်ကိုဆွဲဆောင်မှုရှိလွန်းသည်ဟု လက်ခံကြရသည်။
ကုနင်း Charmဆိုင်ခွဲရှိရာသို့ လျှောက်လာချိန်တွင် သူမနောက်လူတချို့လိုက်လာကြကြောင်း သတိထားမိလိုက်သော်လည်း ထိုလူတွေက မကောင်းသည့်လူတွေမဟုတ်မှန်း သိလေသည်။ ဒါ့အပြင် သူတို့တွေစကားပြောနေကြတာကိုတောင်မှ သူမကြားနေရသေးသည်။
“အဲ့ဒါ ကုနတ်ဘုရားမမဟုတ်လား?”
“တော်တော်တော့ဆင်တယ်၊ ဒါပေမယ့် မသေချာဘူး။”
“ငါတို့ရှေ့တက်ပြီး သူ့မျက်နှာကိုသွားကြည့်ကြရင်မကောင်းဘူးလား?”
“အဲ့လိုက မသင့်တော်ဘူးထင်တယ်နော်?”
“ဘာလို့လဲ? သူငါတို့ကိုသိတာမှမဟုတ်တာ။”
ထိုမိန်းကလေးများသည် ကုနင်း၏ဖန်များမှန်း သိသာလှသည်။
“နည်းနည်းကြာကြာဆက်လိုက်ပြီးမှ သူနဲ့စကားပြောဖို့ကြိုးစားကြည့်သင့်တယ်။”
“ကောင်းပြီလေ။”
ထိုမိန်းကလေးနှစ်ယောက်မှာ ကုနင်းကိုနှောင့်ယှက်ဖို့ သတ္တိမရှိကြပေ။
ခဏကြာပြီးနောက် Charmဆိုင်းဘုတ်ကို သူတို့သတိထားမိသွားကြလေသည်။
“Charm? အဲ့ဒါ ကုနတ်ဘုရားမရဲ့ကုမ္ပဏီမဟုတ်လား? ဒါဆို ရှေ့ကမိန်းကလေးက တကယ်ပဲကုနတ်ဘုရားမပေါ့!”
“ဖြစ်နိုင်တယ်။”
“အမှန်လားသေချာအောင် ငါတို့အထဲလိုက်ဝင်ကြရအောင်။”
နှစ်ယောက်လုံးဆက်ပြောနေရန်ပင်မလိုဘဲ သဘောတူလိုက်ကြကာ ကုနင်းနောက်မှ ဆိုင်ထဲသို့လိုက်ဝင်သွားကြသည်။
သူတို့စကားတွေကိုကြားနေရသည့် ကုနင်းကတော့ အတော်လေးသဘောကျနေလေသည်။ သူမဘက်ကတော့ သူတို့ကိုစနှုတ်ဆက်မည်မဟုတ်သော်လည်း သူတို့သာ သူမကိုအရင်လာနှုတ်ဆက်လာပါက စကားပြောပေးဖို့စိတ်ကူးရှိပေသည်။ သို့သော်လည်း ကုနင်းဆိုင်ထဲသို့ဝင်လိုက်သည်နှင့် လူတချို့၏ကျယ်ကျယ်လောင်လောင် ပြောဆိုသံများကိုကြားလိုက်ရသည်။
“ဈေးအရမ်းကြီးတာပဲ! သာမာန်ဂါဝန်လေးတစ်ထည်ကိုများ ယွမ်၈သောင်း? နင်တို့ကိုယ်နင်တို့ အင်တာနေရှင်နယ်ဘရန်းများထင်နေလား?” အမျိုးသမီးတစ်ယောက်က ဒေါသတကြီးပြောနေလေသည်။
“မဒမ်၊ ဒီဂါဝန်တွေကို အကောင်းဆုံးကုန်ကြမ်းတွေသုံးပြီး လက်နဲ့ချုပ်လုပ်ထားတာပါ။ အင်တာနေရှင်နယ်ဘရန်းတွေထက် အောက်မကျပါဘူး။” ယုကျီယဉ်ယဉ်ကျေးကျေးပင် ရှင်းပြလိုက်သည်။
“အဲ့တော့? ဒီဘရန်းရဲ့ဒီဇိုင်နာက ဘယ်သူလဲ? အဲ့ဒီဇိုင်နာက ဒီနယ်ပယ်မှာ နာမည်ကြီးမို့လို့လား?”
“ဒီဘရန်းရဲ့ဒီဇိုင်နာက ကျွန်မပါ၊ ယုကျီလို့ခေါ်ပါတယ်။ ကျွန်မကအရမ်းနာမည်မကြီးသေးဘူးဆိုပေမယ့် ဒီဂါဝန်တွေက ပေးရတဲ့ဈေးနဲ့ထိုက်တန်တာကိုတော့ အာမခံပါတယ်။”
တကယ်တမ်း သူမက ဂျေဆင်၏အလုပ်သင်ပါလို့ပြောလိုက်သည်နှင့် ထိုအမျိုးသမီး သဘောကျသွားမှာဆိုသော်လည်း ယုကျီကတော့ ထိုသို့မပြောချင်ခဲ့ပေ။ သူမဒီဇိုင်းတွေက နာမည်ကြီးဒီဇိုင်နာရဲ့နာမည်ကိုမပြောရဘဲနဲ့တောင် အဖိုးတန်သည်ဟု ယုံကြည်လေသည်။
ယုကျီကတော့ သူမဂါဝန်တွေကို တခြားနာမည်ကြီးဒီဇိုင်နာတစ်ယောက်ရဲ့လွှမ်းမိုးမှုကြောင့်မဟုတ်ဘဲ သူတို့ရဲ့အဆင့်အတန်းမြင့်လှသည့်ဒီဇိုင်းနဲ့ ကောင်းမွန်သည့်အရည်အသွေးကြောင့် လူများနှစ်သက်သွားဖို့ မျှော်လင့်သည်။
“မင်းက ဒီဇိုင်နာပေါ့?” ထိုအကြောင်းသိရသည်နှင့် အမျိုးသမီးမှာ Charmကိုပိုလို့တောင် အထင်သေးသွားလေသည်။ ယုကျီဆိုသည့် နာမည်ကြီးဒီဇိုင်နာရှိသည်ဟု သူမတစ်ခါမှမကြားဖူးပေ။
“ကျွန်မတို့အကြောင်းပိုသိချင်ရင်တော့ အင်တာနက်ပေါ်မှာ ကျွန်မနာမည် ဒါမှမဟုတ် Charmလို့ရိုက်ပြီး ရှာကြည့်နိုင်ပါတယ်။” ယုကျီပြောလိုက်သည်။ သူမကတော့ စိတ်ရှည်ရှည်နှင့်ယုံကြည်ချက်ရှိရှိပြောနေတုန်းပင်။
အင်တာနက်ပေါ်က Charmအကြောင်းသတင်းတွေနဲ့ လူအများ၏မှတ်ချက်များဖြင့်ဆိုလျှင် ဒီအမျိုးသမီးလဲ Charmကိုသဘောကျသွားလိမ့်မည်ဟု ယုကျီယုံကြည်နေသည်။
***
အခန်း ၁၁၁၅ သဘောထားပြောင်းသွားပြီ
တခြားလူချမ်းသာအမျိုးသမီးတွေလဲ သိချင်မိတာကြောင့် ချက်ချင်း သူတို့ဖုန်းတွေကိုထုတ်ကာ Charmအကြောင်း ရှာဖွေကြတော့သည်။
ကုနင်း အနားကိုတိုးမသွားသလို ယုကျီဖြေရှင်းတာကိုလဲ ဝင်မနှောင့်ယှက်ပေ။ ယုကျီက Charm၏မန်နေဂျာဖြစ်မှတော့ သူမမှာ ဒီလိုပြဿနာသေးသေးလေးတွေကို စီမံနိုင်မည့်အရည်အချင်းလဲ ရှိသင့်ပေသည်။
ယုကျီသည်လဲ သူမကာစတန်မာတွေကိုသာ အာရုံစိုက်နေတာကြောင့် ကုနင်းကိုသတိမထားခဲ့မိပေ။
“အိုး၊ Charmကလဲ ကုနတ်ဘုမရားမပိုင်တာပဲလား? သူက အခုတလော အရမ်းနာမည်ကြီးပြီး အောင်မြင်နေတာလေ။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကိုလဲ သူပဲတည်ထောင်ထားတာ။” အမျိုးသမီးတစ်ယောက်က အံ့ဩတကြီးပြောလိုက်သည်။
“JadeBeautyလက်ဝတ်ရတနာလုပ်ငန်း? ငါလဲကြားဖူးတယ်။ အဲ့ဆိုင်က အထက်တန်းလွှာအမျိုးသမီးတွေကြားမှာ အရမ်းကျော်ကြားတယ်မလား!”
“နှစ်ခုလုံးကို တစ်ယောက်တည်းပိုင်တာလား?”
“ဒီသတင်းကိုကြည့်လိုက်! Bမြို့က JadeBeautyနဲ့Charmရဲ့သတင်းထုတ်ပြန်ပွဲကို အထူးပုဂ္ဂိုလ်တွေအများကြီး တက်ရောက်ကြတယ်တဲ့။”
“ဝါး၊ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ Charmရဲ့ဘော့စ်က တကယ်ကိုလွှမ်းမိုးမှုရှိတာပဲ။”
“တကယ်တော့ Charmကလဲ နာမည်ကြီးဘရန်းပဲ၊ ငါတို့ကသာ မကြားဖူးကြတာ။”
“ဟုတ်တယ်၊ Charmကဂါဝန်တွေဝတ်တာက တကယ်ကောင်းတဲ့အကြံပဲ။”
သတင်းများစွာကိုကြားပြီးနောက် Charmမှဂါဝန်များကို စတင်သဘောကျလာကြတော့သည်။
“ဟိုင်း၊ အမ်.. ဖြတ်ပြောရလို့တောင်းပန်ပါတယ်။ ရှင်က ကုနင်းလား?”
ထိုအချိန်မှာပဲ ကုနင်းနောက်မှလိုက်လာကြသည့်ကောင်မလေးနှစ်ယောက်လဲ သူတို့သတ္တိတွေကိုစုစည်းနိုင်သွားကာ ကုနင်းရှေ့သို့တက်လာပြီး မေးလိုက်သည်။ တကယ်တော့ သူတို့နှစ်ယောက်လုံး ကုနင်းနှင့်အသက်သိပ်မကွာဘဲ အားလုံးဆယ်ကျော်သက်များသာဖြစ်သည်။
“ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်၊ ငါကုနင်းပါ။” ကုနင်းလှည့်ကာပြုံးပြလိုက်သည်။
“အိုးမိုင်ဂေါ့ဒ်၊ ငါအရမ်းစိတ်လှုပ်ရှားနေပြီ!”
“ကုနတ်ဘုရားမ၊ တကယ်ပဲပေါ့!” ကုနင်းထံမှ အတည်ပြုစကားကိုကြားသည်နှင့် ကောင်မလေးနှစ်ယောက်လုံး စိတ်လှုပ်ရှားစွာ အော်ဟစ်ကြတော့သည်။
ထိုတော့မှ ယုကျီလဲ ကုနင်းကိုမြင်သွားကာ လှမ်းပြုံးပြလိုက်သည်။
တချို့လူများလဲ ကုနင်းကိုမှတ်မိသွားကြပြီး ကုနင်းအနားသို့ချက်ချင်းရောက်လာကြကာ ကောင်မလေးနှစ်ယောက်တောင် အနည်းငယ်ဘေးတွန်းခံလိုက်ရသည်။
ကောင်မလေးနှစ်ယောက်မှာ မပျော်မရွှင်ဖြစ်သွားကြသော်လည်း ဘာမှမပြောဘဲ ဘေးမှာတိတ်တိတ်လေးရပ်စောင့်နေလေကာ အပြုအမူကောင်းမွန်သည့်ပညာတတ်မိန်းကလေးများဖြစ်ကြောင်း ပြသနေသည်။
“မင်းက ကုနင်းပေါ့?” အမျိုးသမီးတစ်ဦးက အံ့ဩတကြီးမေးလိုက်သည်။
“ဟိုင်း၊ ကျွန်မကုနင်းပါ။”
“မင်းက ဒီသတင်းတွေထဲက မိန်းကလေးပေါ့?” နောက်ထပ်အမျိုးသမီးတစ်ယောက်ကလဲ မေးလာသည်။
“ဓါတ်ပုံတွေထဲမှာထက် အများကြီးပိုလှတာပဲ!”
“မင်းလုပ်ခဲ့တဲ့ကိစ္စတွေက တကယ်အံ့မခမ်းတွေချည်းပဲ!”
“ငါ့သမီးလေးလဲ မင်းလိုမျိုးထူးချွန်ရင်ကောင်းမယ်။”
……
အားလုံးဆက်တိုက် ကုနင်းကို ချီးကျူးနေကြလေသည်။
“အားလုံးပဲ၊ မင်္ဂလာပါ၊ ကျွန်မက Charmရဲ့ပိုင်ရှင် ကုနင်းပါ။ Charmကိုစိတ်ဝင်စားပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ Charmက အခုထိ အင်တာနေရှင်နယ်ဘရန်းတစ်ခုမဖြစ်သေးဘူးဆိုပေမယ့် သူ့ရဲ့အရည်အသွေးနဲ့ဒီဇိုင်းတွေက ပေးရတဲ့ဈေးနဲ့တန်ကြောင်းကိုတော့ ကျွန်မအာမခံနိုင်ပါတယ်။ အားလုံးမှာ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်နေတာတစ်ခုခုရှိရင် ကျွန်မကို ဒါမှမဟုတ် ယုကျီကိုမေးမြန်းနိုင်ပါတယ်။ အားလုံးရဲ့လိုအပ်ချက်တွေကို စိတ်ကျေနပ်မှုရအောင် ကျွန်မတို့အကောင်းဆုံးကြိုးစားပေးပါ့မယ်။”
“ကောင်းလိုက်တာ၊ တကယ်တော့ ငါလဲ Charmကဂါဝန်တွေရဲ့ ဒီဇိုင်းကို သဘောကျနေတာ။”
“ငါရောပဲ၊”
“Charmရဲ့ဂါဝန်တွေက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ရတနာတွေနဲ့ အရမ်းလိုက်ဖက်တာပဲ။”
……….
ကုနင်းက ဘော့စ်ဖြစ်ကြောင်းသိပြီးသည်နှင့် အားလုံးရဲ့သဘောထားက ချက်ချင်းပြောင်းလဲသွားတော့သည်။
“အိုး၊ ငါအခုပဲ ဂါဝန်တွေဝင်ဝယ်တော့မယ်၊ ဒါမှပါတီကျရင်ဝတ်လို့ရမှာ။” အမျိုးသမီးတစ်ယောက်ကပြောပြီး မြန်မြန်လေး ဂါဝန်တွေသွားကြတော့သည်။
ထိုတော့မှ တခြားချမ်းသာသည့်အမျိုးသမီးအုပ်စုလဲ သူတို့သဘောကျသည့်ဂါဝန်ကို တခြားသူရသွားမည်စိုးတာကြောင့် မြန်မြန်လေးဝင်ရွေးကြတော့သည်။
“ငါအခုရွေးလိုက်တဲ့ဂါဝန်ကို စမ်းဝတ်ကြည့်ရမယ်!” အမျိုးသမီးတစ်ယောက်ပြောပြီးသည်နှင့် အဝတ်အစားလဲခန်းထဲပြေးဝင်သွားလေသည်။
ဆိုင်ထဲရှိအရောင်းဝန်ထမ်းများသည် သူတို့ဘော့စ်နှင့် ခဏလောက်ဖြစ်ဖြစ် စကားပြောချင်နေကြသော်လည်း ကာစတန်မာတွေကို ချက်ချင်းဝန်ဆောင်မှုသွားပေးရလေသည်။
ယုကျီသည်လဲ ကုနင်းနှင့်စကားပြောဖို့အချန်မရှိတော့ပေ။ အကြောင်းကတော့ သူမအနားတွင် ကာစတန်မာတွေဝန်းရံနေကာ မေးခွန်းတွေတသီကြီးအမေးခံနေရခြင်းကြောင့်ဖြစ်သည်။
အမျိုးသမီးကြီးအုပ်စုထွက်သွားကာမှ ကောင်မလေးနှစ်ယောက်မှာ ကုနင်းကိုစကားလာပြန်ပြောနိုင်ကြတော့သည်။
“ဟိုင်း၊ ကုနတ်ဘုရားမ၊ ကျွန်မတို့ ဓါတ်ပုံတွဲရိုက်လို့ရမလား?” နှစ်ယောက်သား မျှော်လင့်နေသည့်မျက်လုံးဝိုင်းကြီးများဖြင့် ကုနင်းကိုကြည့်လာကြသည်။
“ရတာပေါ့!”
ကောင်မလေးနှစ်ယောက် စိတ်လှုပ်ရှားပျော်ရွှင်သွားကာ သူတို့ဖုန်းများကို ထုတ်လိုက်ကြသည်။
ကုနင်းလဲ သူတို့နဲ့ဓါတ်ပုံတွေအများကြီးရိုက်ပေးလိုက်ပြီးနောက် ကောင်မလေးနှစ်ယောက်မှာ မသွားချင်သွားချင်နှင့် ထွက်သွားကြရလေသည်။ မထွက်သွားခင် ကုနင်းကိုဆက်တိုက်အားပေးချီးမွမ်းနေခဲ့ကြသေးသည်။
သူတို့ထွက်သွားပြီးသည်နှင့် ချက်ချင်းဆိုရှယ်မီဒီယာပေါ် ဓါတ်ပုံတွေတင်လိုက်ကာ အင်တာနက်အသုံးပြုသူများစွာ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
…….
ထို့နောက် ကုနင်းလဲ ဆိုင်ထဲကဆိုဖာတွင်ထိုင်ရင်း ယုကျီကိုစောင့်နေလေသည်။
အရောင်းဝန်ထမ်းအမျိုးသမီးတစ်ယောက်က အလုပ်သွားပြန်မလုပ်ခင် ကုနင်းအတွက် ရေတစ်ခွက်ယူလာပေးသည်။
ချမ်းသာသည့်အမျိုးသမီးအဖွဲ့ကတော့ Charmကနေပြီး အနည်းဆုံးတစ်ယောက်ကို ဂါဝန်တစ်ထည်စီဝယ်သွားကြလေသည်။
ယုကျီ အလုပ်ပြီးသွားချိန်မှာတော့ ညနေ၅နာရီပင်ထိုးနေပေပြီ။
***
အခန်း ၁၁၁၆ စွပ်ပြုတ်ပူပူတစ်အိုး
“ဘော့စ်၊ စောင့်ခိုင်းမိပြီ။” ယုကျီ အလုပ်ပြီးနောက် ကုနင်းထံသို့ရောက်လာသည်။
“ဘာမှမဖြစ်ဘူး၊ စီးပွားရေးကပိုအရေးကြီးတာပေါ့။”
“နင့်နာမည်က တကယ်အသုံးဝင်တာပဲ။ နင်မလာခင်ကဆို သူတို့တွေဆက်တိုက် မကျေနပ်တာတွေပဲပြောနေတာ၊ နင်ရောက်လာတာနဲ့ သဘောထားတွေချက်ချင်းပြောင်းကုန်တော့တာပဲ။”
“အမ်.. ငါတို့ဆိုင်အဝင်က မှန်နံရံမှာ တီဗီတစ်ခုတပ်ပြီး သတင်းထုတ်ပြန်ပွဲဗီဒီယိုကို တစ်နေ့လုံးပြောထားတာကောင်းမယ်။ ဒါဆို ကာစတန်မာတွေကိုဆွဲဆောင်ဖို့ ပိုလွယ်သွားပြီ။”
ကုနင်း၏စကားကြောင့် ယုကျီမျက်လုံးအရောင်များလက်သွားကာ၊ “ကောင်းလိုက်တဲ့အကြံ!” ဒီလိုသာဆို သူတို့ဘရန်းအကြောင်း ကာစတန်မာတွေကိုမိတ်ဆက်ရာတွင် ပိုလွယ်ကူသွားပေလိမ့်မည်။
ကုနင်းနှင့်ယုကျီတို့ညနေစာအတူစားဖို့ ထွက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်တည်းရှိတာကြောင့် ရိုးရိုးရှင်းရှင်းတစ်ခုခုစားဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
စားသောက်ဖွယ်ရာများမှာပြီးနောက် ယုကျီက၊ “ဘော့စ်၊ ငါနင်နဲ့တိုင်ပင်ချင်တာနှစ်ခုရှိတယ်။ တစ်ခုက ငါ့ကောလိပ်က အတန်းဖော်နှစ်ယောက်က ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်နေတယ်။ သူတို့နှစ်ယောက်လုံးရဲ့ဒီဇိုင်းတွေက ကောင်းတယ်၊ အရင်ကလဲ ဆုတချို့ရထားဖူးတယ်၊ ဒါပေမယ့် သူတို့က ကံတော့မကောင်းခဲ့ကြဘူး။ သူတို့ထဲကမိန်းကလေးက သူ့ဒီဇိုင်းတွေကိုခိုးသွားတဲ့မကောင်းတဲ့ခေါင်းဆောင်နဲ့ တွေ့ခဲ့လို့ အလုပ်ထွက်လိုက်ရတယ်၊ ယောကျ်ားလေးကကျ အလုပ်မှာထုတ်ပြောလို့မကောင်းသည့်စည်းမျဉ်းတွေနဲ့ ကြုံရပြီး နောက်ဆုံးအလုပ်ဖြုတ်ခံလိုက်ရတယ်။”
ထိုအကြောင်းတွေကိုကြားပြီး ကုနင်းမျက်ခုံးတို့ကိုသာ တွန့်ချိုးလိုက်မိတော့သည်။ ဒီရှုပ်ထွေးလှတဲ့လူမှုအသိုင်းအဝိုင်းမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ဆိုတာ မလွယ်လှပေ။
ထို့နောက် ယုကျီက သူမအိတ်ထဲက ဖိုင်တစ်ခုကိုဖွင့်ကာ စာရွက်နှင့်ဓါတ်ပုံအချို့ကို ကုနင်းအားပေးလိုက်သည်။ “ဒါက သူတို့ကိုယ်ရေးအကျဉ်းနဲ့ဒီဇိုင်းတွေပဲ၊ တစ်ချက်လောက်ကြည့်,ကြည့်ပါဦး။”
ကုနင်း ယူလိုက်ကာ ဖတ်ကြည့်လိုက်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ “ဒါကို မန်နေဂျာကောင်းနဲ့ဆွေးနွေးလိုက်။ သူတို့သာအရည်အချင်းပြည့်မီရင် ခန့်လိုက်ပေါ့။”
ကုနင်းသည် ဒီဇိုင်နာတစ်ယောက်ကို သူ့ကျော်ကြားမှုထက် အရည်အချင်းကိုပို၍တန်ဖိုးထားသည်။ သူတို့သာ ဒီနယ်ပယ်လုပ်ငန်းမှာထူးချွန်မှုရှိနေသ၍ ကျော်ကြားမှုဆိုတာ လက်တစ်ကမ်းသာ။
ယုကျီပြုံးလိုက်ပြီး၊ “ငါက မန်နေဂျာကောင်းသဘောမတူမှာနည်းနည်းကြောက်လို့ နင့်ကိုအရင်ပြောဖို့ဆုံးဖြတ်လိုက်တာ။”
“ဒါကိစ္စကြီးမှမဟုတ်တာ၊ နင်အင်တာဗျူးတစ်ခုစီစဉ်ပြီး သူတို့ကို ကိုယ်ရေးအကျဉ်းနဲ့ ဒီဇိုင်းတွေယူပြီး မန်နေဂျာကောင်းနဲ့တွေ့ဖို့ပြောလိုက်၊ ငါနောက်မှ မန်နေဂျာကောင်းနဲ့စကားပြောလိုက်မယ်။”
“ကောင်းလိုက်တာ!”
“အိုး၊ နောက်တစ်ခုရှိသေးတယ်။” ယုကျီဆက်ပြောလာသည်။ “နောက်လ ပဲရစ်မှာအဝတ်အစားဒီဇိုင်းပြိုင်ပွဲတစ်ခုရှိတယ်၊ ဂျေဆင်က ငါ့ကိုစာရင်းသွင်းပေးထားလို့ အဲ့အချိန်လောက်ကျ တစ်ပတ်လောက် ငါရှိနိုင်မှာမဟုတ်ဘူး။”
“နင့်အတွက်ကောင်းတာပေါ့! ကုန်ကျစရိတ်တွေအတွက် နင်စိုးရိမ်မနေနဲ့။ ကုမ္ပဏီက အကုန်အကျခံပေးလိမ့်မယ်။” ကုနင်း ပျော်ရွှင်မှုအပြည့်ဖြင့်ပြုံးလိုက်သည်။
ယုကျီသည် ကုနင်းပိုင်သည့် Charmအတွက်အလုပ်လုပ်နေခြင်းဖြစ်တာကြောင့် ကုနင်းဘက်က သူမကိုထောက်ပံ့ပေးဖို့လိုအပ်သည်။
“ကျေးဇူးပါပဲ၊ ဘော့စ်!” ယုကျီပြုံးလိုက်သည်။ ကုနင်းသည် အရမ်းရက်ရောမှုရှိသည့်ဘော့စ်ဖြစ်ကြောင်း သူမသိပြီးသားပင်။
………
တစ်ချိန်တည်းမှာပဲ တစ်ဖက်က ကျီပိုင်ယင်းနှင့်သက်တော်စောင့်နှစ်ယောက်သည်တော့ အစားအသောက်အတန်းသို့ရောက်နေပြန်သည်။ ဒီတစ်ခေါက်တော့ ကျီပိုင်ယင်း၏သူငယ်ချင်းဖြစ်သည့် နောက်အမျိုးသမီးတစ်ယောက်နှင့်အတူလာကြခြင်းပင်။ သူမနာမည်ကတော့ ရှမိုင်ချီဖြစ်ကာ ကျီပိုင်ယင်းနှင့် တက္ကသိုလ်အတူတူတက်ခဲ့သူဖြစ်သည်။
ကျီပိုင်ယင်းသည် သူမမိသားစုနောက်ခံကြောင့် ကျောင်းတွင် အလွန်ရင်းနှီးသည့်သူငယ်ချင်းဟူ၍ သိပ်မရှီခဲ့သော်လည်း သူငယ်ချင်းကောင်းတွေအများကြီး ရှိနေစဲပင်။
ရှမန်ချီ၏မိသားစုသည် အရမ်းမချမ်းသာသလို အာဏာရှိသူလဲမဟုတ်ပေမယ့် ကျီပိုင်ယင်းနှင့်တော့ ဆက်ဆံရေးအတော်ကောင်းသည်။
ကျီပိုင်ယင်းနှင့်ရှမန်ချီတို့ ပျော်ပျော်ကြီးလျှောက်ပတ်စားသောက်နေကြသော်လည်း မန်တနှင့်နန်သည်တော့ သူတို့နောက်ကတစ်ယောက်ယောက် လိုက်လာနေကြောင်း သတိထားမိခဲ့ကြသည်။
ထိုသူကတော့ ဝူမီနာပင်။
ဝူမီနာသည်လဲ သူမသူငယ်ချင်းများနှင့်အတူ အစားအသောက်တန်းတွင် အရသာရှိတာများလာစားခြင်းဖြစ်သည်။ သူမ မတော်တဆ ကျီပိုင်ယင်းကိုသတိထားမိသွားသည်နှင့် အလွန်စိတ်တိုသွားကာ ဒေါသတွေကိုထပ်ပြီး မမြိုသိပ်နိုင်တော့ပေ။ ဒါကြောင့် ဆင်ခြေတစ်ခုပေးကာ သူမသူငယ်ချင်းတွေကိုထားပြီး ကျီပိုင်ယင်းနောက်လိုက်တော့သည်။
တကယ်တော့ ရှုကျင်းချန်၏ခြိမ်းခြောက်စကားကို သူမကြောက်နေသေးသော်လည်း ကျီပိုင်ယင်းအကြောင်းကိုတော့ ပိုသိချင်နေတုန်းပင်။ ဝူမီနာလောလောဆယ်ဘာလုပ်ရမှန်းတောင် မသိသော်လည်း ကျီပိုင်ယင်းကိုလဲ ဒီအတိုင်းမလွှတ်ထားချင်ပြန်ပေ။
……..
ကျီပိုင်ယင်းနှင့်သူမသူငယ်ချင်းကတော့ ဝူမီနာကိုလျစ်လျူရှုကာ စားစရာရှိတာများဆက်စားနေလေသည်။
ကျီပိုင်ယင်း ပျော်ရွှင်နေသည်အားမြင်ပြီး ဝူမီနာမနာလိုဖြစ်လာတော့သည်။ သူမကျ ရှုကျင်းချန်ရဲ့အာရုံစိုက်တာကိုကော အချစ်ကိုပါ ဘာလို့မရနိုင်တာလဲ? ရှုကျင်းချန်က ဘာလို့သူမကိုမဟုတ်ဘဲ ကျီပိုင်ယင်းကိုရွေးသွားတာလဲ? ရှုကျင်းချန်က သူမအပိုင်ပဲဖြစ်သင့်တာ! ကျီပိုင်ယင်းကသာ ရှုကျင်းချန်ကို သူမနားကနေ ခိုးယူသွားတာပဲ!
ထိုသို့တွေးမိသည်နှင့် ဝူမီနာကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးသွားကာ ကျီပိုင်ယင်းကို ရှုကျင်းချန်နားကနေ ခွဲထုတ်ပစ်ရမည်ဟု စတင်ခံစားလာရသည်။
ဝူမီနာက ကျီပိုင်ယင်းကို မယားငယ်ဇာတ်သွင်းလိုက်ကာ သူမကိုယ်သူမတော့ မတရားခံလိုက်ရသူလိုပင်။ ရလဒ်အနေနဲ့ကတော့ ဝူမီနာတစ်ယောက် စွပ်ပြုတ်ပူပူတစ်အိုးကို ပြေးမကာ ကျီပိုင်ယင်းအနားသို့ ယုတ်မာသည့်မျက်နှာထားဖြင့် ချဉ်းကပ်သွားတော့သည်။
“ဟေး၊ မင်းဘာလုပ်တာလဲ?” စားသောက်ဆိုင်ငယ်လေး၏ပိုင်ရှင်က ကြောက်လန့်တကြား အပြင်သို့ပြေးထွက်လာခဲ့သည်။ သို့သော်လည်း သူ ဝူမီနာကိုမတားနိုင်ခင်မှာပဲ ဝမ်းနည်းဖွယ်အဖြစ်အပျက် ဖြစ်ပျက်သွားပေပြီ။
ဝူမီနာနှင့်ကျီပိုင်ယင်းတို့က သိပ်မဝေးတာကြောင့် မြန်မြန်ဆန်ဆန်ပဲ ကျီပိုင်ယင်း၏နောက်ကျောဘက်သို့ ရောက်သွားလေသည်။
မန်တနှင့်နန်တို့လဲ ချက်ချင်းပဲ သူမကိုသတိထားမိသွားကာ အပြေးတားတော့သည်။ မန်တက ချက်ချင်းအိုးကိုကန်ထုတ်လိုက်တာကြောင့် အိုးကမှောက်သွားပြီး စွပ်ပြုတ်ပူပူတွေက ဝူမီနာအပေါ်မှောက်ကျသွားတော့သည်။
“အား!” ဝူမီနာ၏အော်ဟစ်ညည်းညူသံကြီးထွက်ပေါ်လာကာ သူမလက်တွေက တုန်ရီနေတော့သည်။ နောက်တစ်စက္ကန့်မှာပဲ အိုးနှင့်မြေကြီးရိုက်မိသံအကျယ်ကြီးပါ ထွက်ပေါ်လာလေသည်။
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ရဘူး!” ဝူမီနာ သူမလက်တွေနဲ့ သူမမျက်နှာကို အုပ်ကိုင်လိုက်သည်။
ထိုကြောက်လန့်ဖွယ်မြင်ကွင်းက အနားရှိလူများကို ထိတ်လန့်လို့သွားစေသည်။
“ဘုရားရေ၊ ဆိုးရွားလိုက်တာ!”
“ဘာတွေဖြစ်ကုန်တာလဲ?”
***