အခန်း (၁၁၁၇-၁၁၂၂)
Vol. 74 Ch. 1117-1122
အခန်း ၁၁၁၇ မင်းကိစ္စမဟုတ်ဘူး
“သေချာတော့မသိဘူး၊ ကြည့်ရတာတော့ ဒီအမျိုးသမီးက သူတို့အပေါ် စွပ်ပြုတ်ပူပူနဲ့လောင်းဖို့ကြိုးစားတာကို ဒီလူက အိုးကိုပြန်ကန်ထုတ်လိုက်လို့ သူ့အပေါ်ပဲပြန်မှောက်ကုန်တာဖြစ်မယ်။ သူ့လုပ်ရပ်သူပြန်ခံသွားရတာပဲ။”
“အကျင့်မကောင်းတဲ့မိန်းကလေးပေါ့၊ အဲ့လိုခံသွားရသင့်တာ။”
“အမ်… အဲ့ဒီအမျိုးသမီးမှာလဲ ဒီလိုမျိုးလုပ်ရတဲ့အကြောင်းအရင်း ရှိရင်ရှိနေမှာပေါ့။”
“ပြောရတော့ခက်သား၊ ရှုပ်လိုက်တာ။”
………
ဘေးနားရှိလူများက သူတို့အထင်နှင့်အမြင်များကို ဆွေးနွေးပြောဆိုနေကြသော်လည်း ဘယ်သူမှ တိတိကျကျမသိကြပေ။ တစ်စုံတစ်ယောက်ကတော့ အမြန်လေးလူနာတင်ယာဉ်ကိုလှမ်းခေါ်နေလေသည်။
ကျီပိုင်ယင်းကတော့ ဝူမီနာကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။ “မစ္စဝူ၊ မင်းကို ရှုကျင်းချန် သတိပေးထားတဲ့ကိစ္စမေ့သွားတာလား?”
ဝူမီနာဘယ်လောက်ပဲပြင်းပြင်းထန်ထန်နာကျင်နေပါစေ သူမ မလုပ်သင့်တဲ့လုပ်ရပ်ကိုလုပ်မိသွားပြီမှန်း နားလည်သွားပေပြီ။ အခုတော့ သူမအရမ်းနောင်တရနေသလို အလွန်လဲကြောက်ရွံ့နေပြီဖြစ်သော်လည်း အားလုံးကဖြစ်ပြီးသွားပေပြီ။
“ဒီတစ်ကြိမ်တော့ မင်းကိုငါခွင့်လွှတ်ပေးနိုင်တယ်၊ ဒါပေမယ့် နောက်တစ်ကြိမ် မင်းဒီလိုလုပ်ရပ်မျိုးထပ်လုပ်လာရဲမယ်ဆိုရင်တော့ မင်းရောမင်းမိသားစုပါ ဘာတွေဖြစ်သွားမလဲ ငါအာမမခံတော့ဘူးနော်။”
ကျီပိုင်ယင်းလဲ သူမစွပ်ပြုတ်နဲ့သူမဒဏ်ရာပြင်းပြင်းထန်ထန်ပြန်ရသွားပြီဆိုမှတော့ ကျီပိုင်ယင်းလဲ သူမနှင့်အချိန်ထပ်မဖြုန်းချင်တော့ပေ။ သို့သော်လည်း သူမထွက်သွားတော့မည့်အချိန်မှာပဲ ယောက်ျားတစ်ယောက်က သူမကိုတားလာသည်။ “မင်းတို့ကြား ဘာရန်ငြှိုးတွေပဲရှိရှိ၊ သူ့ကိုဒီလောက်ဒဏ်ရာရအောင်လုပ်ထားမှတော့ မင်းဒီအတိုင်းထွက်သွားလို့ရမလား။”
“ဒါ မင်းကိစ္စမဟုတ်ဘူး။” ကျီပိုင်ယင်း ထိုလူကိုစိုက်ကြည့်လိုက်သည်။
ကျီပိုင်ယင်းသည် သာမာန်မိန်းကလေးတစ်ဦးမဟုတ်ပေ၊ ဒါကြောင့် သူမ၏အကြည့်က ထိုအမျိုးသားကို ထိတ်လန့်တုန်လှုပ်သွားစေလေသည်။
“ငါ့ကိုဘယ်လိုရှာရမလဲ သူသိတယ်။ သူသာ ဒီကိစ္စအတွက် ငါ့ကိုတာဝန်ယူစေချင်ရင် သူ့ဘာသာ ငါ့ကိုလာရှာလိမ့်မယ်။” ကျီပိုင်ယင်းပြောပြီးသည်နှင့် သူမသူငယ်ချင်းများနှင့်အတူ လှည့်ထွက်သွားကာ အမျိုးသားလဲ သူမကိုထပ်ပြီးမတားရဲတော့ပေ။
ဘေးနားကလူတွေသည်လဲ ဝူမီနာ၏မျက်နှာပေါ်က ကြောက်လန့်ကာ အပြစ်ရှိစိတ်ကိုမြင်သွားကြကာ အစကတည်းက ဝူမီနာဘက်ကသာ စအမှားလုပ်ခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။ ဒါကြောင့် သူတို့အနေနဲ့ သူမအပေါ်သနားဂရုဏာသက်ပေးစရာ မလိုတော့ပေ။
………
“အမလေး၊ ငါသေအောင်ကြောက်သွားတာပဲ!” ရှမိုင်ချီကပြောလိုက်သည်။ “ပိုင်ယင်း၊ အဲ့တစ်ယောက်က ဘာလို့နင့်ကိုထိခိုက်အောင်လုပ်ချင်နေတာလဲ?”
ကျီပိုင်ယင်းကတော့ ပုခုံးသာတစ်ချက်တွန့်လိုက်ကာ၊ “သူက ငါ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကို လိုက်နှောင့်ယှက်နေတာလေ၊ ဒါနဲ့ငါလဲ သူ့ဆီကလွတ်အောင် ငါ့သူငယ်ချင်းရဲ့ချစ်သူဆိုပြီးပြောလိုက်တာ၊ အဲ့လိုနဲ့ငါ့ကိုမုန်းနေတော့တာပဲ။”
“အဲ့လိုကိုး၊ ဒါသိပ်တော့မကောင်းဘူးနော်။ သူဒါမျိုးထပ်လုပ်လာရင် ဘယ်လိုလုပ်မလဲ?”
“စိတ်ချပါ၊ ငါသတိထားလိုက်ပါ့မယ်။” ကျီပိုင်ယင်းပြုံးပြလိုက်သည်။ ထို့နောက် သူမတို့တွေဆက်ပြီး လျှောက်သွားကာ စားသောက်ကြသည်။
……..
မကြာခင်မှာပဲ လူနာတင်ယာဉ်တစ်စီးရောက်လာခဲ့သော်လည်း ဆရာဝန်ကတော့ ဒဏ်ရာရသည့်အကြောင်းအရင်းကို မမေးမြန်းခဲ့ပေ။ သူမှ ရဲမဟုတ်ဘဲ။
ဝူမီနာဆိုးဆိုးရွားရွားအပူလောင်သွားခဲ့သော်လည်း သတိရှိနေစဲဖြစ်တာကြောင့် သူနာပြုတစ်ယောက်က သူမမိသားစုဖုန်းနံပါတ်ကိုမေးလိုက်သည်။
ဝူမီနာကတော့ သူမအစ်ကိုဝူယွင်ဟိုင်၏ ဖုန်းနံပါတ်ကိုသာ သူနာပြုအားပြောပြလိုက်သည်။ သူမမိဘတွေကိုတော့ မပြောရဲပေ။ တကယ်တမ်းပြောရရင် သူမမိဘတွေကို ဘယ်လိုရှင်းပြရမလဲမတွေးတတ်ပေ။
သူနာပြုလေးက ချက်ချင်းပင် ဝူယွင်ဟိုင်ကိုဖုန်းဆက်ခဲ့ကာ ဝူယွင်ဟိုင်လဲ ဆေးရုံသို့ အမြန်ဆုံးပြေးလာတော့သည်။
သူတို့ဆေးရုံသို့ရောက်သည်နှင့် ဆရာဝန်က ဝူမီနာ၏ဒဏ်ရာများကိုကုသပေးလေသည်။ ဝူမီနာ လူနာခန်းထဲပြန်ရောက်သွားချိန်မှာပဲ ဝူယွင်ဟိုင်လဲ ရောက်လာခဲ့သည်။
ဝူမီနာ၏တစ်ကိုယ်လုံး ပတ်တီးတွေစည်းထားရသည်ကိုမြင်သည်နှင့် ဝူယွင်ဟိုင်ထိတ်လန့်သွားတော့သည်။ ကံကောင်းလို့ သူမသတိတော့ရှိနေသေးသည်။
“မီနာ၊ ဘာတွေဖြစ်ခဲ့တာလဲ?” ဝူယွင်ဟိုင် စိုးရိမ်စွာမေးလိုက်သည်။
ထိုတော့မှ ဝူမီနာလဲ သူမအစ်ကိုကို ကိစ္စအားလုံးပြန်ပြောပြလိုက်တော့သည်။ ဝူယွင်ဟိုင်သည် မိုက်မဲသူမဟုတ်ပေ။ အခုချိန်မှာ သူ့ညီမကသာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူ ဖြစ်နေလျှင်တောင် အားလုံးက သူ့ညီမအမှားတွေသာဖြစ်ကြောင်း ကျိုးကြောင်းဆင်ခြင်နိုင်သေးသည်။ ဒါ့အပြင် ဝူမီနာရန်ရှာခဲ့သည့်အမျိုးသမီးက ရှုကျင်းချန်ရဲ့ချစ်သူဖြစ်နေသေးတယ်လေ!
သူတို့အနေနဲ့ ရှုမိသားစုကိုအာမခံရဲပေ။ သူတို့ဝူမိသားစု၏စီးပွားရေးသည် ရှုမိသားစုအပေါ်တွင် မှီခိုနေရခြင်းဖြစ်တာကြောင့် လက်ရှိကိစ္စကို ပါးစပ်ပိတ်လက်ခံလိုက်ရပေမည်။
ဝူယွင်ဟိုင်လဲ သူတို့မိသားစုကိုပါ ပြဿနာထဲမပါသွားစေရန်အတွက် ဝူမီနာကိုသေချာသတိပေးရပြန်သည်။ “မီနာ၊ ဒီနေ့လို မင်းဘက်ကစမှားတာမျိုးကိုမပြောနဲ့ဦး ငါတို့ရှုမိသားစုကို ရန်စလို့မရဘူးဆိုတာ မင်းသိသင့်တယ်။ မင်းဒီအကြောင်းတွေ မေ့ပစ်လိုက်ဖို့မျှော်လင့်တယ်၊ မဟုတ်ရင် ငါတို့မိသားစု ပြဿနာတွေတသီကြီးတက်သွားလိမ့်မယ်။”
ဝူမီနာ စိတ်မပါသော်လည်း လောလောဆယ် သူမလုပ်နိုင်တာ ဘာမှမရှိတော့ပေ။
“ညီမ နားလည်ပါပြီ။ အာ… အဖေနဲ့အမေကိုတော့ ပြန်မပြောပါနဲ့နော်။”
“မပြောပါဘူး။” ဝူယွင်ဟိုင်လဲ လက်ခံပေးလေသည်။
……..
ကုနင်းတို့ညစာစားပြီးနောက် ယုကျီကိုမေးလိုက်သည်။ “ယုကျီ၊ နင်မြို့တော်ရောက်တုန်း ဘယ်မှာနေမှာလဲ?”
“ငါအခုထိ ဘယ်ဟိုတယ်မှာမှ အခန်းမငှားရသေးဘူး။” ယုကျီပြန်ဖြေလိုက်သည်။ သူမမြို့တော်ကိုရောက်ရောက်ချင်း ဆိုင်သို့တန်းသွားခဲ့ရခြင်းဖြစ်သည်။
“ဒါဆိုလဲ ဟွမ်းဒင်ဟိုတယ်မှာ တည်းလိုက်ပါလား?”
“အဲ့မှာက အရမ်းဈေးကြီးလွန်းတယ်!” အလုပ်ခရီးဖြစ်တာကြောင့် ကုန်ကျစရိတ်ကို သူမပြန်တောင်းနိုင်သော်လည်း အလုပ်လုပ်ဖို့လာခြင်းဖြစ်၍ ဇိမ်ခံဟိုတယ်ကြီးတွင်တည်းဖို့ မလိုအပ်ဟု ယုကျီတွေးမိသည်။
“ရပါတယ်၊ ငါ့မှာဘလက်ခ်ကဒ်ရှိတော့ နေစရိတ်မပေးရဘူး။” ကုနင်းက သူမဘလက်ခ်ကဒ်နှင့် ယုကျီအတွက် ဟွမ်းဒင်ဟိုတယ်တွင် အခန်းငှားပေးဖို့ စိတ်ကူးပြီးသားဖြစ်သည်။
ဒီတော့မှ ယုကျီလဲ သဘောတူလေသည်။ ဘာပဲဖြစ်ဖြစ် ဟွမ်းဒင်ဟိုတယ်ဆိုတာ ကုနင်းတို့မိသားစုပိုင်တာပဲမလား။
ထို့နောက် ယုကျီလဲ ကုနင်း၏ကားနှင့်ပင် ဟွမ်းဒင်ဟိုတယ်သို့ ထွက်လာခဲ့သည်။ ဟိုတယ်သို့ရောက်ပြီးနောက် ကုနင်းက သူမ၏ဘလက်ခ်ကဒ်နှင့် ယုကျီအတွက်အခန်းတစ်ခန်းငှားပေးခဲ့ကာ သူမကတော့ လင်ရှောင်းထင်၏အိမ်သို့ပြန်လေသည်။
သူမလင်ရှောင်းထင်၏အိမ်သို့ရောက်ရုံရှိသေး ထိုသူထံမှ ဖုန်းဝင်လာခဲ့သည်။
ကုနင်း သူ့အိမ်ထဲမှာရှိနေမှန်း အသံကြားသည်နှင့် လင်ရှောင်းထင်လဲ သူမနှင့်တွေ့ဖို့ရန် အိမ်ထဲသို့အမြန်ဆုံးဝင်ခဲ့တော့သည်။
***
အခန်း ၁၁၁၈ မင်းအကူအညီလိုတယ်
ဤတစ်ခေါက်အိမ်ပြန်လာချိန်မှာတော့ လင်ရှောင်းထင် ပင်ပန်းနွမ်းနယ်နေခြင်းမရှိပေ။ အကြောင်းကတော့ ကုနင်း သူ့ကိုထည့်ပေးလိုက်သည့် စွမ်းအင်သလင်းကျောက်များကို သောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူပြန်ရောက်သည်နှင့် ကုနင်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ထိုပုံစံအတိုင်းပဲ အချိန်တစ်ခုအထိ ငြိမ်ငြိမ်လေးရပ်နေခဲ့ကြသည်။
“ညစာစားပြီးပြီလား?” နောက်မှ ကုနင်းမေးလိုက်သည်။
“မစားရသေးဘူး။”
“ဒါဆို ကျွန်မတစ်ခုခုချက်ပေးမယ်လေ။”
“ကောင်းတာပေါ့!” သူချစ်ရသည့်အမျိုးသမီးလေးက သူ့အတွက်ချက်ပြုတ်ပေးမည်ဖြစ်တာကြောင့် လင်ရှောင်းထင်ပျော်ရွှင်သွားသည်။ “ခေါက်ဆွဲတစ်ပွဲလောက်ဆို အဆင်ပြေပါတယ်။”
“ဟုတ်ပါပြီ၊ ရေအရင်သွားချိုးလိုက်ဦး။”
“ကောင်းပြီ။” ထို့နောက် လင်ရှောင်းထင် ရေချိုးခန်းထဲဝင်သွားသည်။
သူရေချိုးပြီးလို့ ပြန်ထွက်လာချိန်မှာတော့ ခေါက်ဆွဲကကျက်နေပြီဖြစ်ကာ ကုနင်းက ထမင်းစားပွဲပေါ်တွင် ချပေးထားပြီးပေပြီ။
လင်ရှောင်းထင်လဲ ချက်ချင်းထိုင်ချလိုက်ပြီး သူ့ရဲ့ရိုးရှင်းလှတဲ့ညစာကို ကျေကျေနပ်နပ်စားသောက်တော့သည်။
ညစာစားပြီးနောက် လင်ရှောင်းထင်၏အမူအရာကလေးနက်လို့သွားသည်။ “နင်းနင်း၊ ကိုယ် မင်းအကူအညီလိုတယ်။”
ကုနင်းအံ့ဩသွားကာ ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
“ကိုယ်တို့သိပ်မကြာခင်က လေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်မှုလုပ်ကြတယ်၊ ဒါပေမယ့် စစ်သားသုံးယောက်က အစရှာမရအောင် ပျောက်သွားတယ်။ သစ်တောထဲမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်ဆိုပေမယ့် သစ်တောက အရမ်းကြီးလို့ နေရာတိုင်းကိုတော့ မကြည့်နိုင်ဘူး၊ ဒါကြောင့် အခုထိ အဲ့စစ်သားသုံးယောက်ကို ဘယ်နေရာမှာမှ ရှာမတွေ့သေးဘူး။ ကိုယ့်အထင် ဒါက မွန်းစတား ဒါမှမဟုတ် သရဲတွေနဲ့များ ပတ်သတ်နေမလားလို့။ ဒီအကြောင်းကို ခေါင်းဆောင်ကိုတော့ မတင်ပြရသေးဘူး၊ သူတို့ယုံမှာလဲမဟုတ်ဘူး၊ ပြီးတော့ သေချာသေးတာလဲ မဟုတ်သေးဘူး။ ကိုယ်တောင်မှ မင်းနဲ့ချစ်သူဖြစ်ပြီးကာမှ မွန်းစတားတွေ သရဲတွေအကြောင်း သိခဲ့တာလေ။ အဲ့ဒါတွေအကြောင်းဆို မင်းက ကိုယ်တို့ထက်ပိုသိတဲ့အပြင် ကျောက်စိမ်းမျက်ဝန်းလဲရှိသေးတယ်။ ဒီတော့ မင်းသာဆို သဲလွန်စရှာဖို့ ပိုလွယ်လိမ့်မယ်။ မင်းကိုယ့်ကို ဒီကိစ္စကူဖြေရှင်းပေးနိုင်မလား?”
တကယ်လဲ လင်ရှောင်းထင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့တာကြောင့် ကုနင်းကို အကူအညီတောင်းလိုက်ရခြင်းဖြစ်သည်။
လင်ရှောင်းထင်၏စကားများကိုနားထောင်ပြီးနောက် ကုနင်း၏အမူအရာသည်လဲ လေးနက်တည်ကြည်သွားသည်။ ဒါတွေသာ မွန်းစတား၊ သရဲတွေနဲ့ဆက်စပ်မှုရှိနေရင် လင်ရှောင်းထင်ကို သေချာပေါက်ကူညီရမှာပေါ့။ လင်ရှောင်းထင်က သူမအကူအညီကိုလိုနေမှတော့ သေချာပေါက်ငြင်းပယ်မည်မဟုတ်ပေ။ တကယ်လို့ လင်ရှောင်းထင် သူမကိုအကူအညီလာမတောင်းရင်တောင်မှ ဒီလိုသတင်းဆိုးမျိုးကြားသည်နှင့် သူမတစ်ခုခုတော့ လုပ်မိမှာဖြစ်သည်။
“ဒါပေါ့၊ ကျွန်မကူညီသင့်တာပဲလေ၊ အဲ့ကို ဘယ်အချိန်လောက်သွားကြမလဲ?” ကုနင်းမေးလိုက်သည်။
“မြန်လေကောင်းလေပဲ။ ကိုယ်တို့အခုချက်ချင်းတောင် သွားလို့ရတယ်။”
ကုနင်းခေါင်းညိတ်ပြလိုက်ကာ နှစ်ယောက်သား အိမ်မှအမြန်ဆုံးထွက်ခွာခဲ့ကြသည်။
စစ်တပ်လေ့ကျင့်ရေးစခန်းသည် တောင်အနက်ပိုင်းတွင်တည်ရှိခြင်းဖြစ်တာကြောင့် မြို့လယ်ခေါင်နှင့်ဆို အတော်လေးဝေးသည်။
လမ်းတွင် ကုနင်းထံသို့ ကျီပိုင်ယင်းဖုန်းဆက်လာကာ သူမနှင့်ညဘက်အပြင်ထွက်လည်မလားဟု မေးလာပေမည့် ကုနင်းက မအားတာကြောင့် ရှုချင်ယင်းကိုသာ ခေါ်လိုက်ဖို့ပြောလိုက်ရသည်။
……
ရှမိုင်ချီမှာက ညဘက်အလုပ်ရှုပ်နေတာကြောင့် ကျီပိုင်ယင်းတစ်ယောက်တည်း အထီးကျန်နေလေသည်။ အချိန်ကလဲစောနေသေးတာကြောင့် သူမအပြင်ထွက်လျှောက်လည်ချင်မိသည်။
မန်တနှင့်နန်တို့ သူမနှင့်တစ်နေ့လုံးအတူရှိနေပေးကြတယ်ဆိုရင်တောင် သူတို့နဲ့ပဲတစ်ချိန်လုံး လည်ပတ်နေရပြန်တော့လဲ ငြီးငွေ့လာပြန်သည်။
ကုနင်း၏အကြံကိုကြားပြီး ကျီပိုင်ယင်းလဲ ထိုအကြံကောင်းသည်ဟုတွေးကာ ရှုချင်ယင်းကို ဖုန်းဆက်ခေါ်လိုက်သည်။
သူတို့နှစ်ယောက်လဲ ပေါင်းသင်းရအဆင်ပြေသည်မဟုတ်လား။ ဒါ့အပြင် ရှုချင်ယင်းသည် ကုနင်း၏သူငယ်ချင်းဖြစ်သလို ရှုကျင်းချန်၏ဝမ်းကွဲညီမလဲဖြစ်သေးတာကြောင့် ကျီပိုင်ယင်းလဲ ရှုချင်ယင်းနှင့် အလိုလိုနေရင်း ရင်းနှီးသလိုခံစားနေရသည်။
တကယ်တမ်း ကျီပိုင်ယင်း၏နောက်ခံက ထူးခြားတာကြောင့် သူမစိတ်ကြိုက် သူငယ်ချင်းတွေအများကြီးမဖွဲ့နိုင်ခဲ့ပေ။ သူမတွင် သူငယ်ချင်းအများကြီးမရှိသော်လည်း ရှိသည့်သူငယ်ချင်းအားလုံးနဲ့တော့ အရမ်းရင်းနှီးကြသည်။
ကျီပိုင်ယင်းသည်လဲ သူမနောက်ခံအကြောင်း ကုနင်းအပါအဝင် တခြားလူများကို လျှို့ဝှက်ထားရသည်။ လင်ရှောင်းထင်က သူမမိသားစုအကြောင်း ကုနင်းကိုပြောပြထားခဲ့ရင်တောင်မှ သူမကတော့ သူမစိတ်သူမသဘောနှင့် ကုနင်းကို ထိုအကြောင်းစပြောမည်မဟုတ်ပေ။
…….
ထိုအချိန် ရှုချင်ယင်းသည်လဲ အိမ်တွင်တစ်ယောက်တည်းပျင်းနေတာဖြစ်သည်။ ကူအန်းနာက မြို့တော်မှာမရှိသလို တခြားသူငယ်ချင်းတွေနဲ့လဲ အပြင်ထွက်မလည်ချင်ချိန် ရုတ်တရက် ကျီပိုင်ယင်းက ဆက်သွယ်လာတာကြောင့် အလွန်ပျော်ရွှင်သွားသည်။
ရှုချင်ယင်းသည်လဲ ကျီပိုင်ယင်းအပေါ် အမြင်ကောင်းရှိခဲ့တာကြောင့် သူမကိုခေါ်သည်နှင့် ချက်ချင်းသဘောတူကာ ရှုကျင်းချန်ကိုပါ သူမတို့တွေ့ရာတွင် ခေါ်လာလို့ရလားမေးလိုက်သေးသည်။
သူတို့နဲ့အတူ ရှုကျင်းချန်ပါအတူရှိမည်မှန်း သိလိုက်ရသည်နှင့် ကျီပိုင်ယင်းအနည်းငယ်စိတ်လှုပ်ရှားသွားရသည်။ ကျီပိုင်ယင်း ချိန်းထားသည့်ကလပ်သို့ရောက်ချိန်သည်နှင့် ရှုချင်ယင်းနှင့် ရှုကျင်းချန်တို့ကိုတွေ့လိုက်ရသည်။
“ဟိုင်း၊ ကျွန်မ ရှင့်ကို သတင်းဆိုးတစ်ခုပြောရဦးမယ်။ ဒီနေ့ ဝူမီနာလို့ခေါ်တဲ့အမျိုးသမီးနဲ့ ကျွန်မတွေ့ခဲ့တယ်။ သူက ကျွန်အပေါ် စွပ်ပြုတ်ပူနဲ့ပတ်ဖို့ကြိုးစားတာလေ၊ ဒါပေမယ့် မန်တက သူ့ကိုကန်ထုတ်လိုက်လို့ သူ့အပေါ်သူပဲ စွပ်ပြုတ်ပူတွေမှောက်ကျသွားတယ်။ ဆိုးဆိုးရွားရွားအပူလောင်သွားတဲ့ပုံပဲ။” ကျီပိုင်ယင်း ရောက်ရောက်ချင်း ရှုကျင်းချန်ကိုပြောပြလိုက်သည်။
ထိုအကြောင်းသိရသည်နှင့် ရှုကျင်းချန် စိတ်တိုသွားတော့သည်။ ဝူမီနာက သူ့သတိပေးစကားကိုတောင် လျစ်လျူရှုရဲသည့်အတွက်လဲ အံ့ဩမိသည်။ ကျီပိုင်ယင်း ဘာမှမဖြစ်သွားသော်လည်း သူကတော့ အပြစ်ရှိစိတ်ဝင်မိတုန်းပင်။
“ကြားရတာ စိတ်မကောင်းပါဘူး။ မင်းကိုထပ်ပြီးမနှောင့်ယှက်ဖို့ ငါဝူမိသားစုကို သတိပေးလိုက်ပါ့မယ်။”
“ကျေးဇူးပါ၊ ကျွန်မလဲ အဲ့ကိစ္စသိပ်ဂရုမစိုက်ပါဘူး။ ကျွန်မက ပျော့ညံ့တဲ့သူမှမဟုတ်တာ၊ သူ ကျွန်မကိုမယှဉ်နိုင်ပါဘူး။”
“ပိုင်ယင်း၊ နင်ကျင်းချန်ကိုဘယ်လိုသဘောရလဲ? သူက အရမ်းကောင်းတယ်မထင်ဘူးလား?” ရုတ်တရက် ရှုချင်ယင်း ဖြတ်မေးလိုက်သည်။
ထိုစကားကြောင့် ကျီပိုင်ယင်းရော ရှုကျင်းချန်တို့ပါ ရုတ်တရက် မှင်သက်သွားကြသည်။ ရှုကျင်းချန်ကတော့ ချက်ချင်းရှက်သွားကာ ရှုကျင်းယင်းကို တားလိုက်သည်။ “ချင်ယင်း၊ ဘာတွေလျှောက်ပြောနေတာလဲ?”
“ဘာလဲ? ငါက နင်တို့နှစ်ယောက်ဆို အရမ်းလိုက်ဖက်တယ်လို့ မြင်လို့ကို။”
ကျီပိုင်ယင်း၏နောက်ခံအကြောင်း သူမမသိသော်လည်း ရှုမိသားစုကလဲ ထိုအကြောင်းတွေကို ဂရုစိုက်မည့်သူများမဟုတ်ပေ။ သူမကတော့ ကျီပိုင်ယင်းနှင့်ရှုကျင်းချန်တို့ တစ်ယောက်နှင့်တစ်ယောက် အရမ်းရင်းနှီးမှုရှိကြသည်ဟု ထင်မိသည်။
***
အခန်း ၁၁၁၉ ပုန်းကွယ်နေသည့် မွန်းစတားများ
ရှုချင်ယင်း ဘာမှထပ်မပြောနိုင်ခင်မှာပဲ ရှုကျင်းချန်က သူမပါးစပ်ထဲ ဖရဲသီးတစ်စိတ် ထိုးထည့်ပေးလိုက်ကာ၊ “ပေါက်ကရတွေလျှောက်ပြောမနေနဲ့တော့။”
ရှုချင်ယင်း၏စကားက အရမ်းတည့်တိုးဆန်တာကြောင့် ကျီပိုင်ယင်းလဲ ချက်ချင်းသဘောပေါက်သွားကာ အနည်းငယ်ရှက်သွေးဖြာသွားသည်။ သူမအစ်ကိုကိုယ်တိုင်ကလဲ သူမနှင့်ရှုကျင်းချန်တို့ကို လိုက်ဖက်သည်ဟု တွေးလေသည်။
ကျီပိုင်ယင်းကတော့ အရင်ကတည်းက ရှုကျင်းချန်ကို မိတ်ဆွေသူငယ်ချင်းတစ်ယောက်အဖြစ်သာ မှတ်ယူထားခဲ့သည်။ ရှုကျင်းချန်သည်လဲ အလွန်ထူးချွန်သည့်လူငယ်တစ်ဦးဖြစ်မှန်း သူမသိပေမည့် လင်ရှောင်းထင်က ပိုပြီးထင်သာမြင်သာရှိနေခဲ့တာဖြစ်သည်။ သို့သော်လည်း လင်ရှောင်းထင်တွင်က ချစ်သူရှိနေပြီဖြစ်ကြောင်း သူမသိသွားပြီဖြစ်ကာ ရှုကျင်းချန်ကတော့ အခုထိတစ်ကိုယ်တည်းသမားပင်။
ကျီပိုင်ယင်းလဲ အခုကစလို့ ရှုကျင်းချန်ကို သတိထားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“မစ္စကျီ၊ ငါတောင်းပန်ပါတယ်။ သူနောက်နေတာပါ။ အတည်မယူပါနဲ့။” ကျီပိုင်ယင်း နေရခက်သွားမည်စိုး၍ ရှုကျင်းချန် အမြန်ပြောလိုက်သည်။
ရှုချင်ယင်းကလဲ ရှင်းပြလေသည်။ “ဟုတ်တယ်၊ ငါနောက်နေတာ။ စိတ်မဆိုးပါနဲ့နော်။”
ထို့နောက် သူမထကာ ကျီပိုင်ယင်းအနားတွင် သွားထိုင်လိုက်ပြီး စကားပြောရပ်ကာ ဂိမ်းများကစားခဲ့ကြသည်။
……
တစ်နာရီခန့်ကြာပြီး နောက်ဆုံးမှာတော့ ကုနင်းလဲ လင်ရှောင်းထင်နှင့်အတူ လေ့ကျင့်ရေးစခန်းသို့ရောက်သွားခဲ့သည်။ လင်ရှောင်းထင်၏အရေးပါမှုကြောင့် လူစိမ်းတစ်ယောက်ကို ခေါ်သွင်းရသည်က မခက်ခဲပေ။
ညလဲအရမ်းနက်ပြီဖြစ်တာကြောင့် စခန်းထဲကလူအများစုမှာ အနားယူနေကြပြီဖြစ်သည်။
လင်ရှောင်းထင်နှင့်ကုနင်းတို့ စခန်းသို့ရောက်သည်နှင့် ချက်ချင်းလေ့ကျင့်ရေးကွင်းသို့သာ တန်းသွားကြသည်။ လေ့ကျင့်ရေးစခန်းသည် အလွန်ကြီးမားကာ ရုံးဆောင်တစ်ခု၊ အိပ်ဆောင်တစ်ခုနှင့် လေ့ကျင့်ကွင်းတစ်ခုအပြင် နောက်တစ်ဖက်တွင် သစ်တောလေ့ကျင့်ရေးကွင်းလဲရှိသေးသည်။
တောတွင်လေ့ကျင့်ရေးကွင်းဧရိယာအတွင်းရှိသစ်တောများသည် အလွန်ထူထပ်ကာ မြေအနေအထားသည်လဲ ကြမ်းတမ်းလှသည်။
ထိုနေရာတွင် စစ်သားများလေ့ကျင့်ဖို့ရန်တောင် အနည်းငယ်အန္တရာယ်များနေသေးသော်လည်း သူတို့ပိုကျွမ်းကျင်အောင် လေ့ကျင့်ဖို့အတွက်လဲ သင့်တော်ပြန်သည်။
သစ်တောလေ့ကျင့်ရေးဇုန်ထဲသို့ဝင်ရန် အရင်ဆုံး စစ်သားပေါင်းများစွာစောင့်ကြပ်နေသည့် ဂိတ်တစ်ခုကိုဖြတ်ရလေသည်။ အထဲကိုဝင်ဖို့ဆို ခွင့်ပြုချက်ရှိဖို့လိုကာ အထူးသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက လူပါပျောက်ထားသည့်အချိန်တွင် ပိုလို့တောင် တင်းကြပ်သွားသည်။ သို့သော်လည်း လင်ရှောင်းထင်ဝင်သွားတာကိုတော့ ဘယ်စစ်သားမှ မတားနိုင်ခဲ့ပေ။
ညနေပိုင်းကတည်းက စစ်သားတွေအားလုံးကို လေ့ကျင့်ရေးနားပေးလိုက်ပြီဆိုသော်လည်း ပုံမှန်လေ့ကျင့်ရေးကွင်းထဲတွင် ပြေးနေကြသည့် လမ်းလျှောက်နေကြသည့် စစ်သားများစွာရှိနေသေးတုန်းပင်။ တစ်စုံတစ်ယောက် သစ်တောလေ့ကျင့်ရေးဇုန်ထဲသို့ဝင်သွားသည်ကို မြင်လိုက်ရသည်နှင့် အံ့ဩသွားကြကာ ချက်ချင်းတခြားလူတွေကိုအသိပေးတော့သည်။ “ကြည့်ဦး၊ အခုပဲ တစ်ယောက်ယောက် သစ်တောလေ့ကျင့်ရေးဇုန်ထဲဝင်သွားတယ်၊ ကောင်မလေးတစ်ယောက်တောင် ပါသွားသေးတယ်။”
တခြားစစ်သားတွေအားလုံးလဲ ချက်ချင်းဂိတ်ဘက်ကို ကြည့်လိုက်ကြသည်။
“အဲ့ဒါ ဗိုလ်ချုပ်ကြီးလင်ရဲ့ကားမဟုတ်လား? အဲ့လူက သူပဲဖြစ်မှာပေါ့၊ ဒါဆို မိန်းကလေးကရော?”
ဒီလိုညဘက်ကြီး သစ်တောထဲသွားခြင်းက ဘယ်လောက်အန္တရာယ်များကြောင်း သူတို့အားလုံးအသိပင်။
လင်ရှောင်းထင်သည် အထူးတပ်ဖွဲ့က အတော်ဆုံးစစ်သားဆိုသော်လည်း မိန်းကလေးတစ်ယောက်ကိုပါ ခေါ်သွားတာကတော့ အရမ်းထူးဆန်းလှသည်။ သို့သော်လည်း သူတို့ထဲက ဘယ်သူမှ လင်ရှောင်းထင်ကို မတားနိုင်ခဲ့ဘဲ လင်ရှောင်းထင်တို့ အဆင်ပြေပါစေလို့သာ မျှော်လင့်နိုင်တော့သည်။
သူတို့တင် သတိထားခဲ့မိတာမဟုတ်ဘဲ စောင့်ကြည့်ရေးခန်းထဲတွင် တာဝန်ကျနေသည့်စစ်သားတွေသည်လဲ မြင်ခဲ့ကြသည်။
လင်ရှောင်းထင် သစ်တောထဲဝင်သွားတာကို ဘယ်သူမှမတားနိုင်ခဲ့သော်လည်း စောင့်ကြည့်ရေးအခန်းက စစ်သားတစ်ယောက်ကတော့ မတော်တဆမှုတစ်ခုခုဖြစ်လာမည်စိုးတာကြောင့် သူ့အထက်လူကြီးကို သတင်းပို့ရစဲပင်။
သူတို့အဖွဲ့၏ကွန်မန်ဒါက ကျန်းကျီဟန့်ဖြင့်ကာ အသက်၃၄နှစ်ရှိပြီဖြစ်ပြီး ဒုဗိုလ်မှူးအဆင့်ဖြစ်သည်။
လင်ရှောင်းထင် သစ်တောထဲဝင်သွားကြောင်း သိရသည်နှင့် ကျန်းကျီဟန့်လဲ သူ့အခန်းထဲတွင် အေးအေးဆေးဆေး ဆက်မနေနိုင်တော့ပေ။ ဒါကြောင့် တပ်ရင်းမှူးဖြစ်သည့် ဝမ်ရှီကျဲ့ကိုလှမ်းခေါ်ကာ စောင့်ကြည့်ရေးခန်းထဲသို့ သွားရလေသည်။
လင်ရှောင်းထင်ဘေးတွင် ကောင်မလေးတစ်ယောက်ပါသည်ဆိုသော်လည်း ထိုကောင်မလေးသည် သာမာန်တော့မဟုတ်လောက်ကြောင်း ကျန်းကျီဟန့်သိပေသည်။
သူတို့တွေကတော့ မွန်းစတားတွေ သရဲတွေကို အယုံအကြည်မရှိတာကြောင့် မကြောက်ကြသော်လည်း စစ်သားသုံးယောက် ရုတ်တရက်ပျောက်ဆုံးသွားသည့်ကိုတော့ ထူးဆန်းသည်ဟုသာ တွေးမိကြသည်။ သူတို့အားလုံးက ထိုစစ်သားသုံးယောက် မြေတွင်းတစ်ခုတည်းပြုတ်ကျတာမျိုး ဒါမှမဟုတ် လမ်းပျောက်သွားတာမျိုးဖြစ်မည်ဟူ၍သာ ရိုးရိုးရှင်းရှင်း တွေးထားကြသည်။
…….
ကုနင်းနှင့်လင်ရှောင်းထင်တို့ သစ်တောထဲဝင်သွားပြီးသည်နှင့် ကုနင်း ချက်ချင်းကျောက်စိမ်းမျက်ဝန်းကိုဖွင့်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စူးစမ်းနေသည်။
သစ်တောထဲမှာသာ တကယ်ပဲ မွန်းစတားတွေရှိနေမယ်ဆိုရင် ကုနင်း၏မှော်စွမ်းအားကိုသုံးကာ ရှာတွေ့နိုင်မည်ဖြစ်သည်။ မှော်စွမ်းအားသည်က မွန်းစတားတွေ အလိုချင်ဆုံးစွမ်းအင်ပင်။
သို့သော်လည်း အနားတွင် စောင့်ကြည့်ကင်မရာများစွာရှိနေတာကြောင့် မွန်းစတားတွေရုတ်တရက်ပေါ်လာလျှင် စောင့်ကြည့်ခန်းကစစ်သားတွေ ကြောက်လန့်သွားမည်စိုးတာကြောင့် ကုနင်း သူမမှော်စွမ်းအားကို ထုတ်လွှတ်လို့မဖြစ်ပေ။
စောင့်ကြည့်ရေးကင်မရာတွေကို ရှောင်ရှားရန်အတွက် ကုနင်း လမ်းတစ်လျှောက် သူတို့နားက စောင့်ကြည့်ကင်မရာတွေကို ရှာဖွေခဲ့သည်။
ကုနင်း၏အကြည့်တွေက စောင့်ကြည့်ကင်မရာရှိရာနေရာတိုင်း အတိအကျရောက်ရှိသွားတတ်တာကြောင့် စောင့်ကြည့်ရေးခန်းထဲရှိ ကျန်းကျီဟန့်နှင့်စစ်သားပေါင်းများစွာမှာ အလွန်အံ့အားသင့်နေလေသည်တော့သည်။
ရုတ်တရက်ဆိုသလို မွန်းစတားများနှင့် သရဲများတွင်သာတွေ့ရတတ်သည့် ယင်စွမ်းအင်မျိုးကို ကုနင်းအာရုံခံမိလိုက်တာကြောင့် စစ်သားသုံးယောက်ပျောက်ဆုံးရသည့် အကြောင်းအရင်းမှာ မွန်းစတားများကြောင့်သာဖြစ်မည်မှန်း သေချာသွားတော့သည်။
“ကျွန်မထူးဆန်းတာတွေ့ထားတယ်၊ ခပ်ဖွဖွလှုပ်ရှားကြရအောင်။” ကုနင်း လေသံတိုးတိုးဖြင့် လင်ရှောင်းထင်ကို သတိပေးလိုက်သည်။
လင်ရှောင်းထင်လဲ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ကာ နှစ်ယောက်သား ခပ်ဖွဖွရှေ့ဆက်တက်သွားကြသည်။ ယင်စွမ်းအင်ရင်းမြစ်နှင့်နီးကပ်လာသည်နှင့် အလုပ်လုပ်သည့်စောင့်ကြည့်ကင်မရာတွေ မြင်ကွင်းမှ သူတို့ထွက်သွားတော့သည်။
သစ်တောထဲရှိနေရာတိုင်းတွင် စောင့်ကြည့်ကင်မရာများမရှိကြောင်း ကျန်းကျီဟန့်သိတာကြောင့် ကုနင်းတို့ကိုမမြင်ရသည့်အပေါ် သိပ်မတွေးခဲ့ပေ။
မကြာခင်မှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ မီတာဝက်ခန့်မြင့်မားသော ထူထပ်လှသည့် အပင်ပုံကြီးကိုတွေ့လိုက်ရသည်။ ဒါနဲ့ ကုနင်းလဲ ကျောက်စိမ်းမျက်ဝန်းဖြင့် အတွင်းထဲသို့ကြည့်လိုက်ရာ အထဲတွင် မြေဆီပုံကြီးရှိနေသည်။
***
အခန်း ၁၁၂၀ လူသားစားမွန်းစတား
ထိုမြေပုံကြီးထဲတွင် စစ်သားတွေပိတ်မိနေတာများဖြစ်လောက်မလားဟု ကုနင်းတွေးမိလိုက်တာကြောင့် ချက်ချင်းပင် ကျောက်စိမ်းမျက်ဝန်းဖြင့် မြေလွှာအတွင်းဘက်သို့ထပ်ကြည့်လိုက်သည်။ သို့သော်လည်း ဘာခန္ဓာကိုယ်ကိုမှရှာမတွေ့ဘဲ အောက်ဘက်သို့တစ်မီတာနက်သည့် မဲမှောင်နေသောတွင်းတစ်ခုကိုသာတွေ့လိုက်ရသည်။ ထိုတွင်းသည် တော်တော်ကျယ်ကာ အောက်ဘက်သို့စောင်းဆင်းသွားသည်။ အထူးသဖြင့် ထိုနေရာတွင် ယင်စွမ်းအင်များပြည့်လျှံနေသည်။
ဒါကြောင့် ထိုတွင်းနေရာသည် မွန်းစတားပုန်းခိုရာနေရာဖြစ်လောက်မည်ဟု ကုနင်းတွေးလိုက်မိသည်။
ထိုတွင်းနက်ကြီးထဲသို့လဲ ကျောက်စိမ်းမျက်ဝန်းဖြင့် သူမထပ်ကြည့်လိုက်သည်။ တွင်းအောက်ခြေတွင် ၁၀မီတာရှည်သောလမ်းကြောင်းတစ်ခုရှိကာ အဆုံးတွင်တော့ ၁၀စတုရန်းမီတာမျှကျယ်ပြီး ၂မီတာမျှမြင့်သည့် နေရာလွတ်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုထဲတွင် ရေကန်ငယ်လေးတစ်ခုလဲရှိနေသေးသည်။ ထိုနေရာတွင်တော့ ဂျိုများပါသည့် လင်းယုနှင့်ဆင်တူသော မွန်းစတားကြီးတစ်ကောင် အနားယူလို့နေလေသည်။
၎င်း၏အလိုလိုသိစိတ်က ထက်ရှလှတာကြောင့် ကုနင်း၏အကြည့်ရောက်သွားသည်နှင့် ထိုကောင်ကြီးက တွင်းဝင်ပေါက်ဘက်ကို ကြည့်လာလေသည်။ ၎င်း၏မျက်လုံးတွေက အလွန်ကြီးမားကာ သွေးနီရောင်လွှမ်းလို့နေသည်။
ကုနင်းလဲ ချက်ချင်းအကြည့်ကိုဖယ်ခွာလိုက်ကာမှ ထိုကောင်ကြီးလဲ ပြန်လှဲအိပ်သွားတော့သည်။
စိတ်မကောင်းစွာဘဲ ကုနင်း အကြည့်ပြန်ရုတ်လိုက်သည့်အချိန်တွင် ထောင့်ဘက်၌ ပုံပျက်နေသည့်အရာများပြန့်ကျဲနေသည်ကို မြင်ခဲ့ရသည်။
စစ်သားသုံးယောက်ပျောက်ဆုံးသွားကြောင်း ကြားကတည်းက ကယ်တင်ဖို့သိပ်မဖြစ်နိုင်မှန်း ကုနင်းမှန်းထားပြီးသားဖြစ်သော်လည်း အရိုးစုပုံကြီးကိုမြင်ချိန်မှာ ဝမ်းနည်းမိစဲပင်။ သို့သော်လည်း ငိုနေလို့ အကျိုးမရှိဘဲ ထိုအစား နောက်ထပ်အပြစ်မဲ့ပြည်သူတွေထပ်ပြီး တိုက်ခိုက်မခံရအောင် သူမလုပ်ရပေမည်။
ကုနင်း ထိုမွန်းစတားကောင်ကြီးကိုမသိတာကြောင့် သူမဖုန်းကိုသာ ထုတ်လိုက်ရသည်။ ကံကောင်းလို့ သူမဖုန်းက သစ်တောထဲမှာတောင် လိုင်းမိနေတုန်းပင်။
လင်ရှောင်းထင်ကတော့ ကုနင်း၏အပြုအမူများအပေါ် နားမလည်စွာကြည့်နေကာ မေးချင်တာတွေတန်းစီနေပေမယ့် ဘာပဲဖြစ်ဖြစ် ခဏနေ ကုနင်း သူ့ကိုပြောပြလာမှာပဲဖြစ်တာကြောင့် မေးမနေတော့ပေ။
ကုနင်း အင်တာနက်ပေါ်ရှာကြည့်လိုက်ပြီးနောက် သူမမြင်လိုက်ရသည့် မွန်းစတားသည် လူသားစားကူလင်းယုန်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းသည်လဲ ကျောင်းကဲ့သို့ပင် ဒဏ္ဍာရီထဲက ရှေးဟောင်းမွန်းစတားတစ်ယောက်ဖြစ်သည်။
သူမတွင် နတ်ဆိုးကျောင်းတောင် ရှိထားပြီးပြီဖြစ်တာကြောင့် ကူလင်းယုန်ကိုမြင်ရချိန်မှာ အရမ်းမအံ့ဩသွားတော့ပေ။
ကုနင်း သူမဖုန်းကို လင်ရှောင်းထင်ထံ အမြန်ကမ်းပေးလိုက်ကာ တီးတိုးပြောလိုက်သည်။ “မြေအောက်ထဲကတွင်းထဲမှာ ဒီလိုမွန်းစတားမျိုးတစ်ကောင်ရှိနေတယ်။”
“လူသားစား ကူလင်းယုန်? ဒါက ဒဏ္ဍာရီတွေထဲက ရှေးဟောင်းမွန်းစတားကြီးမဟုတ်ဘူးလား?” လင်ရှောင်းထင် အလွန်အံ့ဩသွားတော့သည်။
“ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါက တကယ်ရှိနေတာ၊ ပြီးတော့ တွင်းထဲမှာ အရိုးစုတွေလဲရှိသေးတယ်။ ကြည့်ရတာ ပျောက်သွားတဲ့စစ်သားသုံးယောက်ကို စားပစ်လောက်ပြီ။” ကုနင်းရှင်းပြလိုက်သည်။ “နောက်ထပ်အပြစ်မဲ့တဲ့လူတွေထပ်ပြီး မထိခိုက်အောင် ကျွန်မတို့အဲ့ကောင်ကို သတ်ပစ်မှဖြစ်မယ်။”
အကျိုးအကြောင်းသိရပြီးနောက် လင်ရှောင်းထင်လဲ ပျောက်ဆုံးသွားသည့်စစ်သားများအတွက် စိတ်မကောင်းဖြစ်သွားပေမယ့် ငိုနေလို့အကျိုးမထူးကြောင်း သူလဲသိပေသည်။ မွန်းစတားကိုသာ သူတို့အမြန်ဆုံးသတ်ပစ်ရမည်။ သို့သော်လည်း လင်ရှောင်းထင် စိုးရိမ်မိနေတုန်းပင်။ “အဲ့ဒီကောင်ကြည့်ရတာ အရမ်းသန်မာပြီး ရက်စက်မယ့်ပုံပဲ။ ကိုယ်တို့နိုင်ပါ့မလား?”
တကယ်တမ်း ကုနင်းလဲ ထိုမွန်းစတားကို သူမတို့နှစ်ယောက်ပေါင်းလို့ အနိုင်တိုက်နိုင်ပါ့မလားမသေချာပေ။ ဒါကြောင့် အခုချိန်က နတ်ဆိုးကျောင်းအကြောင်း လင်ရှောင်းထင်ကို ပြောပြဖို့အချိန်ရောက်ပြီဟု တွေးလိုက်သည်။
ကုနင်း သေချာပြန်စဉ်းစားကြည့်ပြီးနောက်မှာတော့၊ “ရှောင်းထင်၊ ကျွန်မမှာ ရှင့်ကိုပြောပြဖို့ နောက်ထပ်မယုံနိုင်စရာကောင်းတဲ့အရာရှိသေးတယ်။”
“ဘာများလဲ?” ကုနင်း အရမ်းအလေးအနက်ထားလာတာကြောင့် လင်ရှောင်းထင် စိတ်လှုပ်ရှားသွားသည်။
“တကယ်တော့၊ အခု ကျွန်မရဲ့စိတ်စွမ်းအင်အာကာပြင်ထဲမှာ ရှေးဟောင်းမွန်းစတားတစ်ကောင် ရှိနေတယ်။ အဲ့ဒါက နတ်ဆိုးကျောင်းပဲ။ သူလဲ မယုံနိုင်လောက်အောင် သန်မာပြီး ကြမ်းကြုတ်တယ်၊ ဒါပေမယ့် အခုတော့ ကျွန်မစကားကိုနားထောင်နေတယ်။ ကျွန်မတို့ ကူလင်းယုန်ကို အနိုင်မယူနိုင်ရင် သူ့ကိုထုတ်လိုက်မယ်။”
ကုနင်းကတော့ သူမနှင့်လင်ရှောင်းထင်တို့ ကူလင်းယုန်ကို လုံးဝမထိန်းနိုင်တော့ကာမှ နတ်ဆိုးကျောင်း၏ အကူအညီယူဖို့ စိတ်ကူးထားသည်။ ဒီလိုမှ သူမတို့စွမ်းရည်ကိုလဲသွေးပြီးသားဖြစ်ပေမည်။ သူမတို့တစ်ခုခုကို မဖြေရှင်းနိုင်ချိန်တိုင်း တခြားတစ်ယောက်၏အကူအညီကို ယူနေလို့မဖြစ်ပေ။
နတ်ဆိုးကျောင်းကလဲ အမြဲတမ်း သူမဘက်မှာပဲရှိနေဖို့မဖြစ်နိုင်ပေ။ ဒါကြောင့် အနာဂါတ်မှာ အင်အားကြီးရန်သူနဲ့တွေ့လာနိုင်တာကြောင့် အခုကတည်းက သူမကိုသူမပိုတိုးတက်လာအောင် လေ့ကျင့်ထားဖို့လိုသည်။
လင်ရှောင်းထင်သည်တော့ ကုနင်း၏စကားများကိုနားထောင်ရင်း မျက်မှောင်ကြုတ်လို့နေသည်။ ကျောင်းသည် ရှေးဟောင်းမွန်းစတားတစ်ကောင်ဖြစ်ကာ အရမ်းရက်စက်တတ်ကြောင်း သူသိထားသည်။ သို့သော်လည်း ကုနင်းက နတ်ဆိုးကျောင်းသည် သူမစကားနားထောင်သည်ဟု ပြောလာတာကြောင့် သူတို့ကိုအန္တရာယ်မပေးလောက်ပေ။
နတ်ဆိုးကျောင်းတည်ရှိနေခြင်းကိုသိရ၍ လင်ရှောင်းထင်အံ့ဩသွားသော်လည်း မကြာခင်မှာပဲ လက်ခံနိုင်သွားသည်။
“ကောင်းပြီ။”
“ရှင့်သေနတ်ထုတ်ထား။ ကျွန်မ အဲ့ကောင်ထွက်လာအောင်လုပ်လိုက်မယ်။ သူထွက်လာတာနဲ့ ချက်ချင်းတန်းပစ်။”
သေနတ်က အသုံးဝင်ပါ့မလားမသေချာသော်လည်း စမ်းကြည့်ဖို့တော့လိုသေးသည်။
လင်ရှောင်းထင် ခေါင်းညိတ်လိုက်ကာ သူ့သေနတ်ကို အဆင်သင့်ထုတ်ထားလိုက်သည်။
ထို့နောက် ကုနင်းက ငွေဓားမြှောင်တစ်လက်ကိုပါ သူ့ကိုကမ်းပေးလိုက်သည်။ “သေနတ်က အလုပ်မဖြစ်ရင် အနားကပ်ပြီး ဒီဓားမြှောင်နဲ့တိုက်။”
“သိပြီ။” လင်ရှောင်းထင် ဓားမြှောင်ကိုယူလိုက်သည်။
ထို့နောက် ကုနင်းကျောက်စိမ်းမျက်ဝန်းကိုထပ်ဖွင့်ကာ ကူလင်းယုန်ကိုကြည့်လိုက်သည်။ သူမအကြည့်ရောက်သွားသည်နှင့် ကူလင်းယုန်ကလဲ ချက်ချင်းခံစားမိကာ မတ်တပ်ထရပ်လိုက်ပြီး ဝင်ပေါက်သို့တစ်ချက်ကြည့်လိုက်ပေမယ့် ထွက်တော့မလာပေ။
မြေပြင်ပေါ်တွင် လူသားတွေရှိနေမှန်း ကူလင်းယုန်မသိတာကြောင့် ဘာကြောင့်များ တစ်ယောက်ယောက်ကကြည့်နေသလို ထူးဆန်းသည့်ခံစားချက်မျိုးရနေလဲ နားမလည်နိုင်ဖြစ်နေသည်။ ဒါကြောင့် ဘေးတစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် ပြန်အိပ်ဖို့လုပ်သည်။
ထိုအခြေအနေကြောင့် ကုနင်းလဲ သေနတ်ကို မြေသို့စိုက်ပစ်လိုက်သည်။ ကူလင်းယုန်လဲ ကြောက်လန့်သွားကာ ခုန်ထလိုက်ပြီး ဝင်ပေါက်သို့ကြည့်လာခဲ့ပြန်ပေမယ့် ထွက်မလာပြန်သေးပေ။
သေနတ်ပစ်သံကြောင့် မြေပြင်ပေါ်တွင် လူများရှိနေကြောင်း သိသွားပြီဆိုပေမယ့် သူ့ပစ်မှတ်ဟုတ်မဟုတ်တော့ မသိသေးပေ။
သူ အခုပဲလူသုံးယောက်ကိုစားထားတာကြောင့် ဗိုက်ပြည့်နေကာ နောက်ထပ်စားချင်စိတ်မရှိသေး၍ တွင်းထဲမှမထွက်လိုခြင်းဖြစ်သည်။ နောက်ဆုံး ကုနင်းလဲ ထိုကောင်ကိုဆွယ်ဖို့ရန် မှော်စွမ်းအားကို ထုတ်သုံးရတော့သည်။
မှော်စွမ်းအင်က မြေထဲသို့စိမ့်ဝင်ကာ တွင်းထဲသို့ရောက်သွားပြီး သိပ်မကြာခင်မှာပဲ ကူလင်းယုန်အာရုံခံမိသွားကာ မျက်လုံးအရောင်များလက်သွားတော့သည်။ ဒီလိုဖြားယောင်းမှုမျိုးကိုတော့ သူမလွန်ဆန်နိုင်ဘဲ အမြန်ဆုံးတွင်းထဲမှထွက်တော့သည်။
အသံကျယ်ကြီးတစ်သံနှင့်အတူ ကူလင်းယုန်သည် မြေဆီလွှာကို တိုက်ရိုက်ဖောက်ထွက်လာခဲ့သည်။
လင်ရှောင်းထင်လဲ ချက်ချင်းလှုပ်ရှားကာ သေနတ်ကိုပစ်လိုက်ပြီး ကျည်ဆန်က ထိုကောင်၏ခြေထောက်သို့ထိမှန်သွားသည်။
***
အခန်း ၁၁၂၁ အချိုပွဲတောင်စားဦးမယ်ပေါ့?
သို့သော် ကျည်ဆံက ကူလင်းယုန်ကို မထိခိုက်သွားစေဘဲ စိတ်အနှောင့်အယှက်ဖြစ်သွားရုံသာရှိသည်။
ကူလင်းယုန်က ချက်ချင်းလင်ရှောင်းထင်ကို တိုက်ခိုက်လာတော့သည်။ “ရာရာစစ၊ မင်းလို လူသားတစ်ယောက်ကများ!”
သို့သော်လည်း လင်ရှောင်းထင်ကတော့ ဒေါသတကြီးဟိန်းဟောက်သံကိုသာကြားရပြီး သူဘာတွေပြောလဲ နားမလည်ပေ။ ကုနင်းတစ်ယောက်သာ ကူလင်းယုန်ဘာပြောလဲ နားလည်နိုင်သည်။
ကူလင်းယုန်က လင်ရှောင်းထင်ကြောင့် ဒေါသထွက်သွားပြီဖြစ်တာကြောင့် မှော်စွမ်းအင်အကြောင်းကိုတောင် သတိမရတော့ပေ။
ကုနင်းလဲ ထိုအဃင့်အရေးကို အမိအရယူကာ နောက်ဘက်မှတိုက်ခိုက်လိုက်သည်။ သူတို့အခြေအနေက အန္ရာယ်များလှတာကြောင့် ကုနင်းအားကုန်ထုတ်သုံးခဲ့သည်။ သူမ၏မှော်စွမ်းအားပါ ပါဝင်နေတာကြောင့် ကူလင်းယုန်၏အသားကို ဆိုးဆိုးရွားရွားကွဲထွက်သွားစေသည်။
ကုနင်း သူ့နောက်ကျောကိုတိုက်ခိုက်လာချိန်မှာတော့ ကူလင်းယုန် ဒေါသမထွက်ပါဘဲ သူမှော်စွမ်းအင်ကိုအာရုံခံမိ၍ ထွက်လာကြောင်း ပြန်အမှတ်ရသွားကာ ကုနင်းကိုသာ အာရုံပြန်ထားတော့သည်။
“ဝိုး၊ အနံ့လေးကတင် အရသာရှိနေပြီ။ မင်းကို အချိုပွဲအနေနဲ့စားမယ်။” ကူလင်းယုန် ထပ်ပြီးစူးစူးရှရှအော်လိုက်ကာ ကုနင်းကိုစတင်တိုက်ခိုက်တော့သည်။
“ငါ့ကိုအချိုပွဲလုပ်ချင်တယ်? မင်းမှာလုပ်နိုင်စွမ်းရှိလား ကြည့်ရသေးတာပေါ့!” ကုနင်းပြောလိုက်သည်။ ကူလင်းယုန်သည်တော့ ကုနင်းက သူ့ဘာသာစကားကို နားလည်နေတာကြောင့် အံ့ဩနေလေသည်။
တစ်ဖက်ရှိလင်ရှောင်းထင်သည်လဲ နောက်ဆုံးတော့ ကူလင်းယုန်ကြီးက ကုနင်းကိုစားပစ်ချင်နေကြောင်း နားလည်သွားပေပြီ။ ဒါကြောင့် ကုနင်းမထိခိုက်စေရန် သူပါ တိုက်ပွဲထဲသို့ပြန်ဝင်လာခဲ့သည်။ ကုနင်းမှော်စွမ်းအားသုံးနေချိန်မျိုးတွင် လင်ရှောင်းထင်သည် သူမကိုမယှဉ်နိုင်ပေမယ့် သူသည်လဲ အားနည်းလွန်းနေသည်မျိုးမဟုတ်ပြန်ပေ။
နှစ်ယောက်အတူ ကူလင်းယုန်ကိုကြီးကိုတိုက်ခိုက်ကြရင်း အပြန်အလှန်လဲ ကာကွယ်ပေးကြသည်။
ထိုအချိန်များတွင်တော့ သူတို့လှုပ်ရှားမှုတွေက မြန်ဆန်လွန်းလှတာကြောင့် စောင့်ကြည့်ကင်မရာများထဲတွင် သွားပေါ်ကြသည်။
ညဉ့်နက်နေပြီဖြစ်၍ ကျန်းကျီဟန့်နှင့်တခြားစစ်သားတွေအားလုံး မြင်ကွင်းကိုရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေမယ့် ပြင်းထန်သည့်တိုက်ပွဲအခြေအနေကြောင့် ထိတ်လန့်အံ့အားသင့်နေကြလေသည်။ ဒီတော့မှ သူတို့လေ့ကျင့်ရေးစခန်းသို့ မဖိတ်ခေါ်ထားသည့်ဧည့်သည်ဝင်နေပြီမှန်း သိသွားကာ ထိုအရာကိုသတိမပြုမိသည့်က သူတို့အမှားလဲဖြစ်သည်။
“ငါတို့စခန်းထဲ ကျူးကျော်သူရှိနေပြီ!” ကျန်းကျီဟန့် အံ့ဩသွားသည်။ “ကြည့်ရတာ စစ်သားသုံးယောက်ပျောက်ရတဲ့အကြောင်းအရင်းက ဒီကျူးကျော်သူကြောင့်ပဲဖြစ်မယ်။”
ကုနင်း၏ကိုယ်ခံပညာ ဘယ်လောက်ကောင်းကြောင်း သူတို့မသိသော်လည်း လင်ရှောင်းထင်၏အဆင့်ကိုတော့ သူတို့သေချာသိသည်။ ဒီလောက်အချိန်အကြာကြီး လင်ရှောင်းထင် တိုက်ခိုက်နေတာတောင်မှ ထိုကျူးကျော်သူကို မဖမ်းမိဘူးဆိုတော့ သေချာပေါက် အဲ့ဒီကျူးကျော်သူက အရမ်းသန်မာလို့ပဲဖြစ်မယ်။
“ကျွန်တော်တို့ အထဲဝင်ပြီး သွားကူသင့်လား?” ဝမ်ရှီကျဲ့မေးလိုက်သည်။ လင်ရှောင်းထင် ဒဏ်ရာရသွားမည်ကို သူစိုးရိမ်နေမိသည်။
“မဖြစ်ဘူး၊ ငါတို့သွားလို့မရဘူး။ ဗိုလ်ချုပ်ကြီးလင်က သူအထဲမဝင်ခင် အမိန့်ပေးခဲ့တယ်။ ဘယ်သူ့ကိုမှ အထဲဝင်ခွင့်မပြုဘူး။ ငါတို့ကြည့်ရုံကြည့်နေနိုင်လောက်တယ်။ ဗိုလ်ချုပ်ကြီးလင်သာ ငါတို့အကူအညီလိုရင် အချက်ပြပါလိမ့်မယ်။” ကျန်းကျီဟန့်ပြန်ပြောလိုက်သည်။
လင်ရှောင်းထင်သည် ကုနင်းနှင့်အတူ သစ်တောထဲသို့မဝင်သွားခင် ဂျူတီကျနေသည့်ဘယ်စစ်သားကိုမှ အထဲသို့မဝင်ရန် ပြောခဲ့သည်။ သူက ဗိုလ်ချုပ်ကြီးဖြစ်တာကြောင့် စစ်သားတွေအနေနဲ့ သူ့အမိန့်ကိုနာခံရသည်။
ဒီတော့မှ ဝမ်ရှီကျဲ့လဲ ဆက်မပြောတော့ပေ။
…….
တိုက်ခိုက်ကြရတာတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့၏အတိုက်အခိုက်စွမ်းရည်က ကူလင်းယုန်ထက်မဆိုးရွားသော်လည်း လင်ရှောင်းထင်ကတော့ အကြာကြီးမတောင့်ခံနိုင်ပေ။
“ရှောင်းထင်၊ ဆေးတစ်လုံးအမြန်သောက်လိုက်!” လင်ရှောင်းထင် အားလျော့လာသည်ကိုမြင်သည်နှင့် ကုနင်းလှမ်းအော်လိုက်သည်။
လင်ရှောင်းထင်လဲ ချက်ချင်းဘေးကိုရှောင်ထွက်ကာ စွမ်းအင်သလင်းကျောက်တစ်လုံး ချက်ချင်းသောက်လိုက်သည်။
ထိုအချိန်တိုလေးအတွင်း ကုနင်းတစ်ယောက်တည်း ကူလင်းယုန်ကို တိုက်ခိုက်နေကာ ကောင်းကောင်းထိန်းထားနိုင်ခဲ့သည်။
စွမ်းအင်သလင်းကျောက်ကိုသောက်ပြီးလို့ သိပ်မကြာခင်မှာပဲ လင်ရှောင်းထင် အားပြန်ပြည့်လာတာကြောင့် ကုနင်းကို အမြန်ပြန်ဝင်ကူလိုက်သည်။
သို့သော်လည်း ကူလင်းယုန်အတွက်တော့ ထိုလူသားနှစ်ယောက်နှင့် တိုက်ခိုက်ရတာကြောင့် အချိန်တိုင်း ပိုခက်ခဲလာသည်ဟု ခံစားနေရသည်။
ဒီလိုပြင်းထန်သည့်တိုက်ပွဲမျိုးတွင် ကုနင်းရောလင်ရှောင်းထင်ပါ ဒဏ်ရာရနိုင်သည်က ရှောင်လွှဲလို့မရနိုင်ပေမယ့် နှစ်ယောက်လုံး ဂရုမထားနိုင်ကြပေ။ ကုနင်းသည် မှော်စွမ်းအင်ကြောင့် မကြာခင်အချိန်အတွင်း ပြန်ကောင်းလာနိုင်သလို လင်ရှောင်းထင်သည်လဲ စွမ်းအင်သလင်းကျောက်ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သည်။
လူသားတွေအနေနဲ့ အချိန်ခဏအတွင်း စွမ်းအင်သလင်းကျောက်တွေ အများကြီးသောက်ဖို့မဖြစ်နိုင်တာကြောင့် ဒဏ်ရာအရမ်းမပြင်းထန်သ၍ လင်ရှောင်းထင်ကို စွမ်းအင်သလင်းကျောက်မသောက်ဖို့ရန် ကုနင်းပြေားထားသည်။
ကူလင်းယုန် ဘယ်လောက်ပဲ အားလျော့လာပါစေ ကုနင်းနှင့်လင်ရှောင်းထင်တို့အဖို့ ၎င်းကိုအမိဖမ်းဖို့ အခက်တွေ့နေရတုန်းပင်။
ကုနင်းလဲ နည်းလမ်းကောင်းမတွေးတတ်တော့တာကြောင့် အဆုံးမှာတော့ နတ်ဆိုးကျောင်းကို ခေါ်ထုတ်လိုက်ရတော့သည်။
ကျန်းကျီဟန့်နှင့်ကျန်စစ်သားတွေအားလုံး တစ်ချိန်လုံး စောင့်ကြည့်ကင်မရာများမှတဆင့် တိုက်ပွဲကို ကြည့်နေခဲ့ကြသော်လည်း တကယ်တမ်းကျူးကျော်သူက မွန်းစတားတစ်ကောင်ဖြစ်နေကြောင်း မသိကြပေ။ မွန်းစတားတွေ၏တည်ရှိမှုကိုလဲ မယုံကြည်တာကြောင့် သိပ်မတွေးတာလဲပါသည်။
“သူတို့ဘေးကင်းပါ့မလား စိုးရိမ်လာပြီ။ ကင်မရာတွေကလဲ အပြည့်အစုံမြင်ရတာမဟုတ်ဘူး။” ဝူရှီကျဲ့ စိတ်မအေးနိုင်ဖြစ်နေတော့သည်။
“ငါ့အထင်တော့ သူတို့တွေ ကင်မရာကိုတမင်များရှောင်နေကြတာလားလို့။” ကျန်းကျီဟန့်ပြောလိုက်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဘာကြောင့်ထိုသို့လုပ်နေမှန်း မသိသော်လည်း အကြောင်းအရင်းတော့ရှိမည်ဟု ယုံကြည်သည်။
“ဘာလို့အဲ့လိုလုပ်ရမှာလဲ?” ဝူရှီကျဲ့နားမလည်နိုင်တော့ပေ။
“မသိဘူး၊ ဒါပေမယ့် သူတို့တိုက်ခိုက်နေကြတုန်းဆိုတော့ ပြောရရင် ဗိုလ်ချုပ်ကြီးလင်ရော ကောင်မလေးရော ဘေးကင်းနေသေးလို့ပဲလေ။”
“ဗိုလ်ချုပ်ကြီးလင် ဒီညပြန်ထွက်လာနိုင်ဖို့မျှော်လင့်တယ်။”
ပြောရရင် လင်ရှောင်းထင်သည် သာမာန်စစ်သားတစ်ဦးမဟုတ်ပေ။ သူသည် တပ်ထဲတွအလွန်အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ လင်ရှောင်းထင်သည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တာကြောင့် ဤပြဿနာကိုတာဝန်ယူဖြေရှင်းပေးရသည်။ သူ့အလုပ်က အမြဲအန္တရာယ်တွေနဲ့ပြည့်နေကြောင်း သူကိုယ်တိုင်လဲ လက်ခံထားပြီးသားဖြစ်သည်။
“ဗိုလ်ချုပ်ကြီးလင်ဆိုတာ တာဝန်ပေါင်းများစွာကို အောင်မြင်ခဲ့တဲ့လူပဲ၊ ဒီတစ်ခေါက်လဲ သူဖြေရှင်းနိုင်မယ်လို့ ယုံတယ်။” ကျန်းကျီဟန့်ပြန်ပြောလိုက်သည်။
သူလဲ လင်ရှောင်းထင်အတွက် စိုးရိမ်မိပေမယ့် ဒီတစ်ခေါက်တော့ လင်ရှောင်းထင်၏အရည်အချင်းအပေါ် ယုံကြည်ထားလိုက်ပေမည်။
……
***
အခန်း ၁၁၂၂ ကျူးကျော်သူရော?
စောင့်ကြည့်ကင်မရာကနေပြီး တခြားသူတွေ သူမတို့ကိုမြင်သွားနိုင်တာကြောင့် ကုနင်း တိုက်ပွဲကိုဆက်ပြီးအချိန်မဆွဲချင်တော့၍ နတ်ဆိုးကျောင်းကို ချက်ချင်းလွှတ်ပေးလိုက်တော့သည်။
နတ်ဆိုးကျောင်း ရုတ်တရက်ကြီးပေါ်ထွက်လာတာကြောင့် ကူလင်းယုန် လန့်ဖျပ်သွားလေသည်။ “နတ်ဆိုးကျောင်း?”
ကူလင်းယုန်သည်လဲ ရှေးဟောင်းမွန်းစတားတစ်ကောင်သာဖြစ်သော်လည်း နတ်ဆိုးကျောင်းနှင့် ထိပ်တိုက်ဆုံရချိန်မှာ ထိတ်လန့်သွားရစဲပင်။
လင်ရှောင်းထင်သည်လဲ နတ်ဆိုးကျောင်းကို လက်တွေ့ဘဝတွင် ပထမဆုံးမြင်ဖူးခြင်းဖြစ်တာကြောင့် အံ့ဩသွားလေသည်။
“နတ်ဆိုးကျောင်း၊ အဲ့ကောင်ကို သတ်ပစ်။” ကုနင်းအမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ၊ မာစတာ။” နတ်ဆိုးကျောင်းပြန်ဖြေပြီးသည်နှင့် ကူလင်းယုန်ကို အမြန်ဆုံးတိုက်ခိုက်တော့သည်။ ကူလင်းယု ပထမတော့ ထွက်ပြေးရန်ကြံရွယ်လိုက်သော်လည်း ချက်ချင်းအဖမ်းခံလိုက်ရကာ နတ်ဆိုးကျောင်းက သူ့တစ်ကိုယ်လုံးလှုပ်မရအောင် ရစ်ပတ်ပစ်လိုက်သည်။
“နင်းနင်း၊ အဆင်ပြေရဲ့လား?” လင်ရှောင်းထင် စိုးရိမ်စွာမေးလိုက်သည်။ အခုမှ ကုနင်း၏ခန္ဓာကိုယ်ပေါ်တွင် ကူလင်းယုန်ကြောင့်ရထားသည့် ဒဏ်ရာများကို သူတွေ့သွားခြင်းဖြစ်ကာ ရင်ထဲနာကျင်သွားရသည်။
“ဘာမှမဖြစ်ဘူး၊ ဒီဒဏ်ရာတွေ ခဏနေပျောက်သွားလိမ့်မယ်၊ ရှင်သာ နောက်ထပ်ဆေးတစ်လုံးမြန်မြန်သောက်သင့်တာ။”
ဒီတော့မှ လင်ရှောင်းထင် စိတ်ပြန်အေးသွားသည်။ ကုနင်းစကားအတိုင်း သူလဲ နောက်ထပ်စိတ်စွမ်းအင်သလင်းကျောက်တစ်လုံးကို သောက်လိုက်လေသည်။
ထို့နောက် နတ်ဆိုးကျောင်းနှင့်ကူလင်းယုန်တို့ တိုက်ခိုက်နေသည်ကို ဘေးကရပ်ကာ ကြည့်နေလိုက်ကြသည်။
သူလက်ရှိမြင်တွေ့နေရသည့် နတ်ဆိုးကျောင်းနှင့်ကူလင်းယုန်ဆိုသည်က အစစ်အမှန်တွေသာဖြစ်မှန်း လင်ရှောင်းထင်သိနေသော်လည်း မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားနေရစဲပင်။
မကြာခင်မှာပဲ ကူလင်းယုန် အားကုန်သွားကာ နတ်ဆိုးကျောင်း ထိန်းချုပ်ခြင်းကိုခံလိုက်ရသည်။
“ငါ့ကိုလွှတ်!” ကူလင်းယုန် အတင်းရုန်းကန်နေသော်လည်း အချည်းအနှီးသာ။ “ငါတို့ကြား ဘာရန်ငြှိုးမှမရှိဘူး။ ဘာလို့ငါ့ကိုဒီလိုတွေလုပ်နေရတာလဲ?”
“ရန်ငြှိုးမရှိဘူး? မင်းပဲ ငါ့ကို မင်းရဲ့အချိုပွဲလုပ်ပစ်မယ်လို့မပြောခဲ့ဘူးလား? ပြီးတော့ မင်းစစ်သားသုံးယောက်ကိုလဲ စားထားသေးတယ်၊ သေချာပေါက်ပြန်ပေးဆပ်ရမှာပေါ့!” ကုနင်းပြန်ပြောလိုက်ပြီးနောက် နတ်ဆိုးကျောင်းဘက်လှည့်ကာ၊ “ကျောင်း၊ သူ့စွမ်းအင်တွေကိုစုပ်ယူပစ်ပြီး ပျောက်ကွယ်သွားအောင်လုပ်လိုက်။”
“မလုပ်နဲ့!” ကူလင်းယုန် အော်ဟစ်တော့သည်။ “ငါတောင်းပန်ပါတယ်၊ ဒါမျိုးထပ်မလုပ်တော့ပါဘူး။ ငါကတိပေး…”
သို့သော်လည်း ကူလင်းယုန်စကားဆုံးအောင်မပြောရသေးခင်မှာပဲ နတ်ဆိုးကျောင်းက သူ့စွမ်းအင်တွေကို နည်းနည်းချင်းစုပ်ယူသွား တဖြည်းဖြည်းအားနည်းလာပြီး ကြာလာသည်နှင့် မှေးမှိန်လာတော့သည်။ အဆုံးမှာတော့ လေထဲတွင်ပဲ မှေးမှိန်ပျောက်ကွယ်သွားလေသည်။
ထိုသို့သောမြင်ကွင်းမျိုးကို အခုမှမြင်တွေ့ဖူးသည့် လင်ရှောင်းထင်ကတော့ အံ့အားသင့်လွန်းနေလေသည်။
ကူလင်းယုန်ကိုသတ်ပြီးနောက် နတ်ဆိုးကျောင်းက ကုနင်းဆီသို့ပြန်လာခဲ့သည်။ နတ်ဆိုးကျောင်းသည် ကြင်နာတတ်သည့်သတ္တဝါမျိုးမဟုတ်ကြောင်း လင်ရှောင်းထင်သိနေတာကြောင့် အနားကပ်လာချိန်တွင် အနည်းငယ်လန့်သွားရသည်။ နတ်ဆိုးကျောင်းက အခုချိန်မှာ သူမစကားကိုနားထောင်ပါတယ်လို့ ကုနင်း သူ့ကိုပြောထားတာတောင်မှ အန္တရာယ်လုံးဝကင်းနေတာမျိုးတော့မဟုတ်ပေ။
နတ်ဆိုးကျောင်းက လင်ရှောင်းထင်ကိုတစ်ချက်ကြည့်လိုက်သည်။ လင်ရှောင်းထင်နှင့်ကုနင်းတို့ အရမ်းရင်းနှီးမှန်းသိနေတာကြောင့် လင်ရှောင်းထင်နှင့်ပါ မိတ်ဖွဲ့ချင်နေပုံပင်။
“ငါ့ရဲ့သခင်ရေ၊ မင်းငါ့ကိုရေထဲလွှတ်မပေးတာ တော်တော်ကြာနေပြီနော်။” နတ်ဆိုးကျောင်း မကျေမနပ်ညည်းညူလိုက်သည်။
ဒီတော့မှ ကုနင်းလဲ သူမနတ်ဆိုးကျောင်းကို ရေထဲမလွှတ်ပေးမိတာ အတော်ကြာနေပြီဖြစ်ကြောင်း အမှတ်ရသွားတော့သည်။
“ဟုတ်သားပဲ၊ ငါပြန်တော့မှ မင်းကိုရေထဲထည့်ပေးမယ်။”
“ကျေးဇူးပဲ။” နတ်ဆိုးကျောင်း ကျေနပ်သွားတော့သည်။
ထို့နောက် ကုနင်း သူ့ကို စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်ထားလိုက်သည်။
“နင်းနင်း၊ ဒီနတ်ဆိုးကျောင်းကို မင်းနဲ့အတူထား,ထားတာ ဘေးကင်းရဲ့လား?” လင်ရှောင်းထင် မစိုးရိမ်ဘဲမနေနိုင်ပေ။
လင်ရှောင်းထင် သူမအတွက်စိုးရိမ်ပေးနေကြောင်း ကုနင်းသိတာကြောင့် ပြုံးပြုံးလေးပြန်ရှင်းပြလိုက်သည်။ “စိတ်မပူပါနဲ့၊ တကယ်အန္တရာယ်ကင်းပါတယ်။”
ကုနင်း အာမခံလာမှတော့ လင်ရှောင်းထင်လဲ ယုံကြည်ပေးလိုက်ဖို့ရန်သာ ရှိတော့သည်။
ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ သစ်တောထဲမှပြန်ထွက်လာခဲ့တော့သည်။
ကူလင်းယုန်က အသတ်ခံလိုက်ရပြီဖြစ်တာကြောင့် ပျောက်ဆုံးနေသည့်စစ်သားသုံးယောက်အတွက် ခိုင်လုံသည့်အကြောင်းပြချက်မျိုး လင်ရှောင်းထင် စဉ်းစားရပေတော့မည်။
….
စောင့်ကြည့်ခန်းထဲတွင်ရှိနေကြသည့် ကျန်းကျီဟန့်နှင့်ဝမ်ရှီကျဲ့တို့လဲ လင်ရှောင်းထင်နှင့်ကုနင်းတို့ ပြန်ထွက်လာသည်ကို မြင်ကြသည်။
လင်ရှောင်းထင် အဆင်ပြေနေကြောင်းတွေ့ကာမှ သူတို့ရင်ထဲကအပူလုံးကြီးကျသွားကြသည်။ ‘ဒါနဲ့ ကျူးကျော်သူက ဘယ်မလဲ?’
ထိုကျူးကျော်သူလွတ်မြောက်သွားတာများလား။ ဒီလိုသာဆို သူတို့အဖွဲ့အတွက် အရှက်ရစရာပဲ။
သူတို့တွေကတော့ ကျူးကျော်သူကိုဖမ်းမိကာမှ ပျောက်ဆုံးနေသည့်စစ်သားသုံးယောက်ကို ရှာတွေ့နိုင်မည်ဟု ထင်နေကြသည်။ ကျူးကျော်သူသာ လွတ်မြောက်သွားလျှင် စစ်သားတွေဘယ်လိုကြောင့် ပျောက်သွားရလဲ သူတို့သိတော့မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ လင်ရှောင်းထင် ဘေးကင်းနေတာကပဲ သူတို့အတွက် သတင်းကောင်းဖြစ်ပေသည်။
လင်ရှောင်းထင်နှင့်ကုနင်းတို့ ထွက်ပေါ်သို့ရောက်ချိန်မှာပဲ ကျန်းကျီဟန့်နှင့် ဝမ်ရှီကျဲ့တို့ထွက်လာကာ သူတို့ကိုကြိုဆိုသည်။
ခပ်လှမ်းလှမ်းကတည်းက ကျန်းကျီဟန့်နှင့်ဝမ်ရှီကျဲ့တို့ကို တွေ့နေရသည်။ စောင့်ကြည့်ကင်မရာတွေကနေတဆင့် သူတို့ကို ကျန်းကျီဟန့် သတိထားမိပြီးဖြစ်လောက်မှန်း သိနေတာကြောင့် အံ့ဩမသွားတော့ပေ။
“မင်္ဂလာပါ၊ ဗိုလ်ချုပ်ကြီးလင်!” လင်ရှောင်းထင်ရှေ့ရောက်သည်နှင့် ကျန်းကျီဟန့်နှင့် ဝမ်ရှီကျဲ့တို့ ချက်ချင်းအလေးပြုလိုက်ကြကာ ဘေးက ကုနင်းကိုမြင်သွားချိန်မှာတော့ နှစ်ယောက်သား မှင်သက်သွားကြလေသည်။
သူတို့အမြင်မှာတော့ ကုနင်းသည် အရမ်းငယ်လွန်းနေတာကြောင့် အံ့ဩသွားခြင်းဖြစ်သည်။ စောင့်ကြည့်ကင်မရာတွေထဲတွင် သူမကိုရှင်းရှင်းလင်းလင်း မမြင်ခဲ့ရတာတောင်မှ ဒီမိန်းကလေး အတိုက်အခိုက်အရမ်းတော်မှန်း သိခဲ့ကြသည်။ အခုတော့ သူမအလှကြောင့်ပါ သဘောကျသွားကြတော့သည်။
လင်ရှောင်းထင်လဲ ပြန်နှုတ်ဆက်လိုက်ကာ၊ “ကျွန်တော်အခုပြန်တော့မယ်၊ မနက်ဖြန်မှာ ပြန်လာပြီး ဒီနေ့ကိစ္စအကြောင်း သေချာရှင်းပြပါ့မယ်။”
လင်ရှောင်းထင်အနေနဲ့ သူတို့ကို ကုနင်းနှင့်မိတ်ဆက်ပေးဖို့ ရည်ရွယ်ချက်မရှိသလို အခုချက်ချင်း သစ်တောထဲကအကြောင်းတွေကိုလဲ ရှင်းပြလိုစိတ်မရှိပေ။
“ကိစ္စမရှိပါဘူး။” ကျန်းကျီဟန့်နှင့်ဝမ်ရှီကျဲ့တို့ ပြန်ဖြေလိုက်ကြပြီးနောက် လင်ရှောင်းထင်နှင့်ကုနင်းတို့ ကားထဲဝင်သွားသည်ကို ရပ်ကြည့်နေကြသည်။
“ဗိုလ်ချုပ်ကြီးလင်က ဘာလို့ အခုပဲငါတို့ကိုမပြောသွားတာလဲ? သစ်တောထဲမှာ ဘာတွေဖြစ်ခဲ့လဲ ငါတကယ်သိချင်နေပြီ!” လင်ရှောင်းထင်ထွက်သွားသည်နှင့် ဝမ်ရှီကျဲ့ပြောလိုက်သည်။
“ဗိုလ်ချုပ်ကြီးလင်က မနက်ဖြန်မှ သူလာပြီးရှင်းပြမယ်လို့ပြောခဲ့တယ်မလား၊ ငါတို့စောင့်ရုံပဲရှိတာပေါ့။” ကျန်းကျီဟန့်ပြန်ဖြေလိုက်ပြီး၊ “ဒါနဲ့၊ ဘေးကကောင်မလေးက ဘယ်သူများလဲ?”
“မသိဘူး၊ တော်တော်တော့လှတယ်။ ဘာလို့ဗိုလ်ချုပ်ကြီးလင်က သူနဲ့အတူရှိနေတာပါလိမ့်?”
***