အခန်း (၁၁၂၃-၁၁၂၈)
Vol. 74 Ch. 1123-1128
အခန်း ၁၁၂၃ တစ်ယောက်တည်းပဲလား?
“အရေးကြီးတဲ့သူတစ်ယောက်ယောက်ဖြစ်မှာပေါ့။” ကျန်းကျီဟန့်ကတော့ ကုနင်းနှင့်လင်ရှောင်းထင်ကြားတွင် အလွန်ရင်းနှီးသည့်ဆက်ဆံရေးမျိုးရှိနေမည်ဟု မထင်မိပေ။
……..
ကျီပိုင်ယင်းတို့ ကလပ်မှပြန်ထွက်လာချိန်တွင် ည၁၁နာရီပင်ရှိပေပြီ။
ကျီပိုင်ယင်း သူမကားပေါ်မတက်သွားမချင်း ရှုချင်ယင်းနှင့်ရှုကျင်းချန်တို့လဲ သူတို့ကားထဲမဝင်ခဲ့ပေ။
အပြန်လမ်းတွင် ရှုကျင်းချန်ကို ရှုချင်ယင်း မေးကြည့်လိုက်သည်။ “ကျင်းချန်၊ နင် ကျီယင်းကိုဘယ်လိုထင်လဲ? သူက မိန်းမကောင်းလေးပဲ၊ နင်နဲ့ဆို အရမ်းလိုက်ဖက်မှာ။”
ရှုချင်ယင်းမှာ ကျီပိုင်ယင်းအပေါ် အမြင်ကောင်းတွေဒလဟောရှိနေကာ ကျီပိုင်ယင်းသာဆို သူမယောင်းမအဖြစ် လက်ခံပေးချင်နေသည်။
“ငါ့အကြောင်းတွေးပူမနေနဲ့၊ နင်သာ အလုပ် ဒါမှမဟုတ် ရည်းစားတစ်ယောက်လောက် အရင်ရှာပါလား?” ရှုကျင်းချန် တမင်စကားလမ်းကြောင်းကို လွှဲလိုက်သည်။
ရှုကျင်းချန်က သူမကိုအဖြေပြန်မပေးတာကြောင့် ရှုချင်ယင်း အလိုမကျစွာ နှုတ်ခမ်းဆူထားလိုက်သည်။
တစ်ဖက်ရှိ ကျီပိုင်ယင်းကားထဲမှာလဲ နန်က ထိုအကြောင်းပြေနေသည်။ “မမလေး၊ ကျွန်မအထင် မစ္စတာရှုက လူကောင်းတစ်ယောက်ပဲ။ မင်းတို့နှစ်ယောက်သာအတူရှိရင် အရမ်းလိုက်ဖက်မှာ။”
နန်၏စကားကြောင့် ကျီပိုင်ယင်း ရှက်သွေးဖြာသွားသော်လည်း သူမကိုယ်သူမထိန်းချုပ်ကာ၊ “နောက်မနေနဲ့!”
ကျီပိုင်ယင်း တမင် မေးခွန်းကိုရှောင်လွှဲနေခြင်းမှန်း နန်သိလိုက်သည်။ ဒါဆို သူမလဲ စိတ်လှုပ်ရှားနေတာပေါ့။ ကြည့်ရတာ ကျီပိုင်ယင်းလဲ အနည်းဆုံးတော့ ရှုကျင်းချန်ကို မုန်းပုံမရဘူး။
နန်လဲ သူ့မမလေးအလိုကျ ထိုအကြောင်း ဆက်မပြောတော့ပေ။
………
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ကတော့ လူနာခန်းတစ်ခုတည်းတွင် ရှိနေကြသည်။ သူတို့နှစ်ယောက်လုံး အကောင်းဆုံးကုသပေးမှုကို ခံယူထားကြပြီးဖြစ်သော်လည်း အလွန်အမင်းနာကျင်နေရစဲဖြစ်ကာ အိပ်တောင်မပျော်နိုင်ကြပေ။
ထန်ယရှင်းမှာ ဆက်တိုက် ‘ထန်အိုက်နင်း’ကို ကျိန်ဆဲနေကာ နောက်ဆုံး ချီကျီယွဲ့က သူမကိုပါးစပ်ပိတ်ထားဖို့ပြောကာမှ ရပ်သွားတော့သည်။
သူတို့နှစ်ယောက် ‘ထန်အိုက်နင်း’ဟုခေါ်သည့် အမျိုးသမီးဆီကနေ အရိုက်ခံလိုက်ရကြောင်း ထန်ပင်းစန်လဲကြားထားလေသည်။ ဒီလိုကိစ္စမျိုး သူ့ကို ချီကျီယွဲ့ လျှို့ဝှက်မထားနိုင်ပေ။
အလုပ်ခရီးကပြန်ရောက်သည်နှင့် ထန်ပင်းစန် ဆေးရုံသို့ အမြန်ထွက်လာခဲ့သည်။
ထို့နောက် ချီကျီယွဲ့က ‘ထန်အိုက်နင်း’လက်ထဲတွင် မည်သည့်အရာရှိနေကြောင်းနှင့် သူတို့ဘာတွေကြုံတွေ့ခဲ့ရကြောင်း ထန်ပင်းစန်ကိုပြောပြလိုက်သည်။
နောက်တော့ ထန်ပင်းစန်လဲ ‘ထန်အိုက်နင်း’အကြောင်း စုံစမ်းခဲ့ကာ သူမကိုရှင်းထုတ်ဖို့ နည်းလမ်းကောင်းတွေးတော့သည်။
“ဒီ ‘ထန်အိုက်နင်း’က အတိုက်အခိုက်လဲ အရမ်းတော်တယ်၊ တစ်မိနစ်အတွင်းမှာကို လက်နက်ရှိတဲ့သက်တော်စောင့်ငါးယောက်ကို အနိုင်ယူသွားတာ။” ချီကျီယွဲ့ ပြောပြလိုက်သည်။ “သူက ကျွန်တော်တို့သိတဲ့ ထန်အိုက်နင်းလိုပဲ သန်မာပြီး ရက်စက်တယ်။”
ထိုအကြောင်းပြန်တွေးမိရုံဖြင့် ချီကျီယွဲ့ တုန်ရီလာမိတော့သည်။ တကယ်ကို သတ္တိကြောင်သည့်လူပင်။
“အဲ့နှစ်ယောက်က တစ်ယောက်တည်းတောင် ဖြစ်နေမလားပဲ။ ထန်အိုက်နင်း အသက်ရှင်နေနိုင်တယ်! ဒီလို နာမည်တစ်ခုတည်း တိုက်ခိုက်မှုပုံစံတစ်ခုတည်းဖြစ်နေတာက ရိုးရိုးတိုက်ဆိုင်သွားရုံတော့ မဖြစ်နိုင်ဘူး!” ရုတ်တရက် ထန်ယရှင်းပြောလိုက်သည်။ သို့သော်လည်း ထန်အိုက်နင်း၏အလောင်းကို မီးရှို့လိုက်သည်အား သူမမျက်လုံးများနှင့်ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်းဖြစ်တာကြောင့် သူမစကားကိုတောင် သူမမယုံပေ။
“မဖြစ်နိုင်ဘူး။ သူတို့တစ်ယောက်တည်းမဖြစ်နိုင်ဘူး။ ဒီမိန်းမက ထန်အိုက်နင်းရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပဲဖြစ်မယ်။ ဒါကြောင့် ထန်အိုက်နင်းရဲ့နာမည်ကိုယူပြီး သူမသေဆုံးမှုအတွက် လက်စားပြန်ချေနေတာပဲ။” ထန်ပင်းစန်ကတော့ သူ့ယူဆချက်သူ သေချာနေသည်။
တကယ်တမ်း ထန်ယရှင်း၏ယူဆချက်ရော ထန်ပင်းစန်၏ယူဆချက်ပါ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သာမာန်လူတွေကတော့ ထန်ယရှင်း၏ယူဆချက်မျိုးကို ယုံကြည်ကြမည်မဟုတ်ပေ။
“သူ့ဘာသူဘယ်သူပဲဖြစ်ဖြစ်၊ သူ ထန်မိသားစုကို ပစ်မှတ်ထားနေတာ အသိသာကြီးပဲ။ သူက အရမ်းအန္တရာယ်များတယ် ကျွန်တော်တို့ သေချာသတိထားမှဖြစ်မယ်။” ချီကျီယွဲ့ ဝင်ပြောလိုက်သည်။
“ငါတို့လမ်းပိတ်ရပ်ရဲတယ့်ဘယ်သူ့ကိုမဆို သတ်ပစ်မယ်။” ထန်ပင်းစန် ရက်စက်ယုတ်မာမှုအပြည့်ဖြင့်ပြောလိုက်သည်။
“အဖေ၊ သမီးတို့ ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်ငှားလိုက်ရင်ရော?” ထန်ယရှင်းအကြံပေးလိုက်သည်။ ထို ‘ထန်အိုက်နင်း’ကို သေမှာကို သူမအမြန်ဆုံးမြင်ချင်နေသည်။
“ကောင်းပြီ၊ ငါစီစဉ်လိုက်မယ်။ မင်းတို့နှစ်ယောက်ကတော့ ပြန်ကောင်းဖို့သာ ဂရုစိုက်။” တကယ်တော့ ထန်ယင်းစန်တွင်လဲ ထန်ယရှင်းလဲ အကြံမျိုးရှိပြီးသားပင်။
……
နောက်တစ်နေ့မှာတော့ လင်ရှောင်းထင် အိပ်ရာမှစောစောထကာ ကုနင်းအတွက် မနက်စာပြင်ပေးသည်။ နှစ်ယောက်သား မနက်စာစားပြီးနောက် လင်ရှောင်းထင်က စခန်းသို့ ပြန်သွားသည်။
ကုနင်းသည်တော့ ကျီပိုင်ယင်းနှင့်ရှုချင်ယင်းတို့ကို ဖုန်းဆက်ကာ သူမနှင့်အတူ Charmသို့သွားရန်ခေါ်လိုက်သည်။
ကျီပိုင်ယင်းနှင့်ကုနင်းတို့က တစ်ပြိုင်တည်းလိုလိုရောက်သွားတာကြောင့် ကားပါကင်မှာပဲ ရှုချင်ယင်းကို စောင့်လိုက်သည်။
ကုနင်းနှင့်ကျီပိုင်ယင်း နှစ်ယောက်လုံးသည် အလွန်ဆွဲဆောင်မှုရှိသည့် အမျိုးသမီးငယ်များဖြစ်တာကြောင့် သူတို့ကားထဲမှထွက်လာသည်နှင့် အနားရှိယောက်ျားများစွာကို ဆွဲဆောင်သွားနိုင်သည်။ နန်ဆိုလျှင်လဲ ဆံပင်တိုတိုနှင့်အေးစက်စက်အလှပိုင်ရှင်ဖြစ်သေးသည်။
အမျိုးသားတော်တော်များများက နန်ကိုစကားပြောကြည့်ဖို့ကြိုးစားကြသော်လည်း ဘေးနားရှိသန်မာတောင့်တင်းလှသည့်မန်တကြောင့် ကြောက်လန့်ကာ အနားမကပ်ရဲကြပေ။
ထိုအချိန်အတွင်း ကျီပိုင်ယင်းက ဝူမီနာနှင့်ဖြစ်ခဲ့သည့်ပြဿနာအကြောင်း ကုနင်းကို ပြောပြနေခဲ့သည်။ ကုနင်းသည်လဲ ဝူမီနာ သူ့ထိုက်နှင့်သူကံဖြစ်သွားခြင်းဟုသာ မှတ်ယူ၍ မသနားပေ။
***
အခန်း ၁၁၂၄ နှစ်လွှာပေါင်းတစ်ရွက်
မန်တနှင့်နန်သာ ကျီပိုင်ယင်းနှင့်အတူမရှိနေလျှင် ဝူမီနာ၏အကြံဆိုးကြောင့် ကျီပိုင်ယင်း ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားနိုင်သည်။
၁၀မိနစ်ခန့်ကြာပြီးနောက် ရှုချင်ယင်းရောက်လာခဲ့သည်။ သို့သော်လည်း သူမ ကုနင်းနှင့်ကျီပိုင်ယင်းဆီလျှောက်လာချိန် အလွန်ဒေါသထွက်နေပုံပေါ်နေသည်။
“ဘာလို့ ဒီလောက်ဒေါသထွက်နေတာလဲ?” ကုနင်း စိတ်ပူကာမေးလိုက်သည်။
“ရှန်ပိုင်ရှန်း ငါ့ဖုန်းနံပါတ်ဘယ်လိုရသွားလဲမသိဘူး။ အခုပဲ ငါ့ကိုဖုန်းဆက်ပြီး သူနဲ့ထမင်းတစ်နပ်လောက်အတူစားမလားမေးနေတယ်။ ရွံဖို့ကောင်းလိုက်တာ!”
“သူနင့်မိသားစုနောက်ခံအကြောင်းသိသွားတာသေချာတယ်၊ ဒါကြောင့် နင့်ကိုပြန်လိုက်ချင်နေတာ။” ကုနင်းပြောလိုက်သည်။
“ငါသိတယ်၊ အဲ့ဒါကြောင့်မို့ ပိုရွံတာ။”
ရှန်ပိုင်ရှန်းသည် သူမအချစ်နှင့်ထိုက်တန်သည့်လူမျိုးမဟုတ်ပေ။
“ဘာတွေဖြစ်တာလဲ?” ကျီပိုင်ယင်းကတော့ အကြောင်းအရင်းမသိသေးတာကြောင့် နားမလည်နိုင်ပေ။
ဒါနဲ့ ရှုချင်ယင်းလဲ သူမအကြောင်းတွေ ကျီပိုင်ယင်းကို ပြောပြလိုက်ကာ ကျီပိုင်ယင်းသည်လဲ သူမ ထိုလိုလူမျိုးကိုဝေးဝေးရှောင်သင့်သည်ဟု ထောက်ခံသည်။
ဆိုင်သို့သွားရာလမ်းတွင် ကျီပိုင်ယင်းထံ ဖုန်းဝင်လာတာကြောင့် ရှုချင်ယင်းက ကုနင်းနားကပ်သွားကာ၊ “ကုနင်း၊ နင် ကျင်းချန်နဲ့ကျီပိုင်ယင်းဆို တော်တော်လေးလိုက်ဖက်လောက်တယ်လို့ မတွေးမိဘူးလား?”
ရှုချင်ယင်း ဘယ်လောက်တိုးတိုးလေးပြောပါစေ ကျီပိုင်ယင်း ကြားနေရတုန်းပင်။
ကျီပိုင်ယင်း နေရခက်သွားသော်လည်း ကုနင်း၏ထင်မြင်ချက်ကိုတော့ ကြားချင်နေသေးသည်။
ရုတ်တရက်အမေးကြောင့် ကုနင်းကြောင်သွားပြီးကာမှ၊ “ဒါပေါ့၊ သူတို့နှစ်ယောက်ကြည့်ရတာ နှစ်လွှာပေါင်းတစ်ရွက်နဲ့တောင် တူသေးတယ်။”
ကုနင်း၏အဖြေကိုကြားပြီး ကျီပိုင်ယင်း ပိုလို့တောင်စိတ်လှုပ်ရှားလာမိတော့သည်။
ရှုချင်ယင်း သူမလိုချင်သည့်အဖြေမျိုးပေးလာသူတစ်ယောက်တော့ ရှိနေပြီဖြစ်တာကြောင့် အလွန်သဘောကျသွားကာ၊ “ဟုတ်တယ်မလား? ငါလဲ သူတို့နှစ်ယောက်ကို အရမ်းလိုက်ဖက်တယ်လို့ထင်တယ်။ အဲ့ဒါနဲ့ ကျီပိုင်ယင်းကို ပိုးပန်းကြည့်ဖို့ ကျင်းချန်ကို ပြောလိုက်သေးတယ်၊ ဒါပေမယ့် သူက ငါ့စကားကို အဖက်တောင်မလုပ်ဘူး။”
“ထားပါ၊ သူတို့ဘာသာသူတို့ မြင်လာအောင်ထားလိုက်ပါ။ သူတို့အချင်းချင်း သဘောကျနေကြတယ်ဆို တစ်နေ့တော့ ပေါင်းဖက်သွားကြမှာပေါ့။”
ဘယ်လောက်ပဲ ကျီပိုင်ယင်းနှင့်ရှုကျင်းချန်တို့သည် လိုက်ဖက်ညီလှသည်ဆိုဆို တစ်ယောက်အကြောင်းတစ်ယောက် ပိုသိနားလည်ဖို့ လိုအပ်နေတုန်းပင်။
ရှုချင်ယင်း မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှတော့ ဆက်မပြောတော့ပေ။
သူတို့ Charmဆိုင်သို့ရောက်ရှိကြချိန် ဆိုင်ထဲမှာတော့ ဝယ်သူများဖြင့်ပြည့်လို့နေသည်။ လှပလွန်းသည့်ဝတ်စုံများ၏ဆွဲညှို့ခြင်းကိုခံလိုက်ရကာ ကုနင်းကိုတောင်ချန်ထားရစ်ပြီး ထွက်သွားကြတာကြောင့် ကုနင်းပြုံးရုံသာပြုံးနေနိုင်တော့သည်။
ကုနင်းသည်လဲ သူမကု္ပဏီကထုတ်ကုန်တွေ အခုလိုကျော်ကြားနေသည့်အတွက် ပျော်ရွှင်နေလေသည်။
ယနေ့တွင်လဲ ယုကျီအလုပ်အရမ်းရှုပ်နေတာကြောင့် ကုနင်းကို အချိန်သိပ်မပေးနိုင်ပေ။ ဒါကြောင့် ကုနင်းလဲ အရောင်းဝန်ထမ်းများ တခြားဝယ်သူတွေကို ဝန်ဆောင်မှုပေးနိုင်ရန် ကျီပိုင်ယင်းနှင့် ရှုချင်ယင်းတို့ကို ထားခဲ့ခိုင်းလိုက်သည်။
ကုနင်း မနေ့ကလာခဲ့ဖူးပြီးဖြစ်တာကြောင့် သူမက သူတို့ဘော့စ်ဖြစ်မှန်း အရောင်းဝန်ထမ်းတွေအကုန် သိနေကြပြီဖြစ်တာကြောင့် ကုနင်း၏စကားအတိုင်းနားထောင်ကြသည်။
……
လင်ရှောက်ကျား၏ တက္ကသိုလ်မှအဓိကဘာသာရပ်သည်လဲ အဝတ်အစားဒီဇိုင်းဆွဲခြင်းပင်ဖြစ်ကာ အစောပိုင်းကတည်းက သူမသူငယ်ချင်းများနှင့်အတူ စတူဒီယိုတစ်ခုတည်ထောင်ထားပြီဖြစ်သည်။ အခုချိန်မှာ သူတို့ဒီဇိုင်းဆွဲချုပ်လုပ်ထားသည့် အဝတ်အစားများအား ရောင်းချဖို့ရန် အဟန့်ကောင်းသည့်ဆိုင်မျိုးသာ လိုအပ်တော့သည်။ ဒါကြောင့် ဒီကနေ့မှာပဲ လင်ရှောက်ကျားတို့သူငယ်ချင်းအဖွဲ့သည် သူတို့အတွက် ဆိုင်ကောင်းတစ်ဆိုင်ငှားဖို့ရန်အတွက် ဈေးဝယ်စင်တာသို့ရောက်နေကြသည်။
လင်ရှောက်ကျား၏ စရိုက်ကသိပ်မကောင်းလှသော်လည်း သူမတွင်လဲ သူမလိုချင်သည့်အောင်မြင်မှုကို ကိုယ်တိုင်ကြိုးစားရယူလိုသည့် စိတ်ဆန္ဒမျိုးရှိနေတုန်းပင်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ Charmဆိုင်ခွဲနှင့် ဆိုင်ထဲမှ မှင်သက်စရာကောင်းလောက်အောင် လှပသည့်ဂါဝန်များကို တွေ့ရှိသွားခဲ့သည်။
ကုနင်းတွင် ပိုင်ဆိုင်သည့်ကုမ္ပဏီပေါင်းများစွာရှိကြောင်း လင်ရှောက်ကျားသိသော်လည်း ထိုထဲတွင် Charmပါ ပါဝင်မှန်းတော့မသိခဲ့ပေ။
“ဝိုး၊ ရှောက်ကျား၊ ဒီဆိုင်ကိုကြည့်စမ်း! အထဲက ဂါဝန်တွေက အရမ်းလှတာပဲ!” လင်ရှောက်ကျား၏သူငယ်ချင်း ကျူးကျင်းလင်က စိတ်လှုပ်ရှားဟန်အပြည့်ဖြင့်ပြောလိုက်သည်။
“သူများဒီဇိုင်းတွေကို ချီးကျူးမနေနဲ့။ ငါတို့ဝတ်စုံတွေကမှ ပိုလှတာ။” လင်ရှောက်ကျား မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
Charmမှဂါဝန်များသည် အလွန်လှပမှန်း သူမစိတ်ထဲက လက်ခံသည်ဆိုလျှင်တောင် ကျူးကျင်းလင် သူများဒီဇိုင်းတွေကို ထုတ်ဖော်ချီးကျူးနေသည်ကိုတော့ လက်မခံနိုင်သေးပေ။ ဒါ့အပြင် သူမတို့လဲ အခုဆို သူမတို့ကိုယ်ပိုင်ဒီဇိုင်းများကို စတင်ရောင်းချတော့မည်ဖြစ်တာကြောင့် Charmသည် သူတို့အတွက် သန်မာသည့်ပြိုင်ဖက်တစ်ဦးဖြစ်လာပေတော့မည်။
“ဟုတ်တာပေါ့၊ လုပ်ငန်းတူရင် ပြိုင်ဘက်တွေပဲ။ ငါတို့ သူတို့ကိုဖြုတ်ချနိုင်ဖို့ နည်းလမ်းတွေ့အောင် အထဲဝင်ပြီး နည်းနည်းပါးပါးသွားစုံစမ်းကြရအောင်လား?”
တကယ်တမ်း Charmကသာ သူတို့ဘရန်းထက် အမှန်ကိုပိုသာတာကြောင့် လင်ရှောက်ကျား၏စကားကို သဘောမတူပေ။ သူတို့သာ Charmကအဝတ်အစားဒီဇိုင်းတွေနဲ့ ယှဉ်ပြိုင်ရလျှင် အနိုင်ရနိုင်ဖို့ ယုံကြည်ချက်လဲမရှိပေ။
ထို့နောက် လင်ရှောက်ကျားလဲ ကျူးကျင်းလင်နှင့်အတူ ဆိုင်ထဲသို့ဝင်သွားခဲ့သည်။
Charmမှဂါဝန်များကို သေချာအနီးကပ်ကြည့်ရချိန်မှာတော့ ကျူးကျင်းလင်တစ်ယောက် Charm၏ဂါဝန်တွေက အရမ်းကိုသေသပ်လွန်းတယ်ဟုသာ ပြောနိုင်တော့သည်။
ဒါတင်မကသေး သူမ ဈေးနှုန်းကဒ်ပြားကိုကြည့်မိချိန်မှာတော့ ဒီလောက်ဈေးမြင့်တဲ့ဂါဝန်တွေကို လူတွေဝယ်ရောဝယ်ကြပါ့မလားဟု တွေးမိရပြန်သည်။ ဂါဝန်ရဲ့အရည်အသွေးကတော့ သေချာပေါက် ဈေးနှုန်းနဲ့ထိုက်တန်တယ်ဆိုပေမယ့် ဒီဘရန်းက အရမ်းမှနာမည်မကြီးတာ။
သူမကိုယ်တိုင်ကလဲ အဝတ်အစားနယ်ပယ်မှာလုပ်ကိုင်နေသူဖြစ်တာကြောင့် နာမည်ကြီးအဆင့်မြင့်ဘရန်းတိုင်းနီးပါးကို ကြားဖူးထားပြီးဖြစ်သည်။
“ဈေးတွေဒီလောက်တောင်တင်ရဲတယ်ပေါ့! သူတို့ဟာတွေ ဘယ်သူမှဝယ်မှာမဟုတ်ဘူး။” လင်ရှောက်ကျားအထင်သေးစွာပြောလိုက်သည်။ သူမလဲ Charm၏ကျော်ကြားမှုက သူ့ဈေးနှုန်းနဲ့မလိုက်ဖက်ဟူသည့် ကျူးကျင်းလင်၏အမြင်နှင့်အတူတူပင်။
တချိန်တည်းမှာပဲ Charm၏အဆင့်မြင့်လှသည့်ဒီဇိုင်းများနှင့် ကျွမ်းကျင်မှုအပေါ်ကိုလဲ လင်ရှောက်ကျား မနာလိုဖြစ်နေမိသည်။
***
အခန်း ၁၁၂၅ လင်ရှောက်ကျားနှင့်ပြဿနာ
“မစ္စ၊ အခုချိန်မှာ Charmက အရမ်းနာမည်မကြီးသေးဘူးဆိုပေမယ့် အရည်အသွေးနဲ့ဒီဇိုင်းကတော့ သူ့ဈေးနဲ့ထိုက်တန်ပါတယ်။ မစ္စ ဒီဝတ်စုံကိုသဘောကျရင် စမ်းဝတ်ကြည့်လို့လဲရပါတယ်။ ပြီးတော့ ဒီနေ့လည်ပိုင်းတင် ကျွန်မတို့ဂါဝန်၈ထည်ရောင်းပြီးသွားပါပြီ၊ ဝယ်သူတိုင်းကလဲ အရမ်းသဘောကျကြတယ်။” အရောင်းဝန်ထမ်းတစ်ဦးက လင်ရှောက်ကျားကို ရှင်းပြလာသည်။
“ဘာ? နေ့တစ်ပိုင်းတည်းနဲ့တင်?” လင်ရှောက်ကျား အလွန်အံ့ဩသွားသော်လည်း ချက်ချင်းမယုံလိုက်ပေ။ “မင်းမှတ်တာမှားနေတာများလား?” ဒီလိုနာမည်မကြီးသည့်ဘရန်းတစ်ခုမှာ ချမ်းသာသည့်ဖောက်သည်တွေအများကြီးရှိမယ်လို့ သူမ,မထင်ပေ။
“ကျွန်မမှတ်မိတာ အတိအကျပါပဲ။” လင်ရှောက်ကျားဘက်က အနည်းငယ်ရိုးပျနေတာတောင် အရောင်းဝန်ထမ်းကတော့ ယဉ်ယဉ်ကျေးကျေးသာ တုံ့ပြန်လေသည်။ ဆိုင်မှအရောင်းဝန်ထမ်းအားလုံးသည် အထူးလေ့ကျင့်ပေးမှုကို ခံထားကြရပြီးသားပင်။
“မင်းပြောတာအမှန်ဟုတ်မဟုတ်၊ ဘယ်သူက သက်သေခံပေးနိုင်မှာမို့လို့လဲ။” လင်ရှောက်ကျားကတော့ လက်မခံနိုင်သေးပေ။
အရောင်းဝန်ထမ်းကလဲ ပြုံးရုံသာပြုံးထားလိုက်တော့သည်။
ထိုအချိန်မှာပဲ ကုနင်းကို ရုတ်တရက်မြင်လိုက်ရတာကြောင့် လင်ရှောက်ကျား၏အမူအရာ ချက်ချင်းပြောင်းလဲသွားကာ မုန်းတီးရိပ်များဖြင့်သာ ပြည့်နှက်လာသည်။
တကယ်တော့ ကုနင်းက လင်ရှောက်ကျား သူမကိုသတိမထားမိခင်ကတည်းက သူမနှင့် အရောင်းဝန်ထမ်းအမျိုးသမီးတို့ စကားပြောနေသည်ကို ကြားပြီးဖြစ်သည်။ လင်ရှောက်ကျား ရိုင်းကြောင်း သူမသိထားပြီးဖြစ်တာကြောင့် ထူးထွေ၍ စိတ်မတိုမိတော့ပေ။
သို့ပေမယ့် လင်ရှောက်ကျားမျက်နှာပေါ်က သူမကိုမုန်းတီးနေသည့်အရိပ်အယောင်များကိုမြင်လိုက်ရသည်နှင့် ကုနင်းလဲ သူမအကြည့်ကိုလွှဲလိုက်ကာ လင်ရှောက်ကျားကို လျစ်လျူရှုထားလိုက်သည်။
သို့သော်လည်း လင်ရှောက်ကျားကတော့ ကုနင်း၏အပြုအမူအပေါ် ဒေါသထွက်သွားကာ ကုနင်းရှိရာသို့ ပြေးသွားပြီး အော်ဟစ်တော့သည်။ “နင်ကများ ငါ့ကိုသဘောမကျသလို ကြည့်ရတယ်ပေါ့!”
“ရှောက်ကျား။” လင်ရှောက်ကျား၏ ရုတ်တရက်ဆန်ဆန်အပြုအမူကြောင့် ကျူးကျင်းလင်ကြောက်လန့်သွားကာ သူမကိုတားဖို့ကြိုးစားတော့သည်။ လင်ရှောက်ကျား ဒေါသထွက်လွယ်မှန်း သူမသိပေမယ့် အကြည့်တစ်ချက်နဲ့တင် စိတ်ဆိုးတာကတော့ ကောင်းသည်ဟု မထင်ပေ။
အရောင်းဝန်ထမ်းကတော့ လင်ရှောက်ကျားကို တားဖို့လုပ်မနေဘဲ သူမဘာသာထွက်သွားကာ ကုနင်းနှင့်ထားခဲ့လိုက်တော့သည်။
ကုနင်းလဲ လင်ရှောက်ကျားဘက် ပြန်လှည့်လာသည်။ “အဲ့တော့?” သူမ လင်ရှောက်ကျားကို သဘောမကျသည့်အချက်အား ငြင်းမနေပေ။
“နင်…” လင်ရှောက်ကျား ဒေါသထွက်လာကာ၊ “ကုနင်း၊ နင့်ဘာသာ လင်ရှောင်းထင်ရဲ့ရည်းစားဖြစ်နေရုံနဲ့ ငါ့အပေါ် မလေးမစားဆက်ဆံလို့ရမယ်မထင်နဲ့။ နင် လင်မိသားစုထဲ လက်မထပ်ရသေးသ၍ နင်တကယ်လက်ထပ်နိုင်ပါ့မလားဆိုတာ ပြောရခက်တယ်နော်။”
ထိုစကားကြောင့် ကျူးကျင်းလင် အလွန်အံ့ဩသွားတော့သည်။
ဘာပြောလိုက်တာ? ဒီကုနင်းလို့ခေါ်တဲ့ကောင်မလေးက လင်ရှောင်းထင်ရဲ့ရည်းစား? အေးစက်လှပါတယ်ဆိုပြီးကျော်ကြားတဲ့ သခင်လေးလင်ရဲ့လေ?
ဒီမိန်းကလေးသာ တကယ်ပဲသခင်လေးလင်ရဲ့ချစ်သူဆို သူလဲ သေချာပေါက် အင်အားကြီးတဲ့ထဲကပဲဖြစ်မယ်။
လင်ရှောင်းထင်ကို လင်ရှောက်ကျားမုန်းသည်အား ကျူးကျင်းလင်သိတာကြောင့် လင်ရှောင်းထင်၏ချစ်သူကိုပါ လင်ရှောင်းထင်ဘာကြောင့်မုန်းနေမှန်း နားလည်လေသည်။
“ငါ့ဘာသာ လင်မိသားစုထဲဝင်နိုင်သည်ဖြစ်စေ မဝင်နိုင်သည်ဖြစ်စေ နင်နဲ့ဘာမှမဆိုင်ဘူး။ ငါက နင့်ကိုဂရုစိုက်နေရမှာလား။”
လသင်ရှောက်ကျား ဒေါသထွက်လွန်းကာ ကုနင်းကိုပါးရိုက်လိုက်ချင်သော်လည်း သူမလက်က လမ်းတစ်ဝက်မှာတင်တန့်သွားရသည်။
ကုနင်းက သူမကိုတားလိုက်တာကြောင့်မဟုတ်ဘဲ သူမဘာသာ ရပ်လိုက်ခြင်းဖြစ်သည်။ ကုနင်း မပျော့ညံ့ကြောင်း သူမပြန်အမှတ်ရသွားတာကြောင့်ပင်။ သူမသာ ကုနင်းနှင့် လက်ပါကာရန်ဖြစ်မည်ဆိုလျှင် သူမပဲရုံးမှာ အသေအချာ။
ကုနင်း သူမကိုရိုက်ရဲလိမ့်မည်ဟု လင်ရှောက်ကျားမထင်တာတောင်မှ ကုနင်းကိုကြောက်နေမိတုန်းပင်။
လင်ရှောက်ကျားသည် ဒေါသကြီးကာ ရိုင်းသော်လည်း ရှုံးမည့်တိုက်ပွဲကိုတော့ မိုက်ရူးရဲဆန်ဆန်ဝင်တိုက်မည်မဟုတ်ပေ။ ဒါကြောင့် ပြန်တွေးကြည့်လိုက်ပြီး လင်ရှောက်ကျား သူမလက်ကို ပြန်ချလိုက်သည်။
တကယ်တော့ ကုနင်းကို သွားမနှောင့်ယှက်တာက လင်ရှောက်ကျားအတွက် ပိုကောင်းမည်ဆိုသော်လည်း ကုနင်းကိုမြင်တိုင်း သူမကိုယ်သူမ မထိန်းနိုင်တော့ပေ။
လင်ရှောက်ကျား လက်ပြန်ချသွားချိန် ကုနင်းလှောင်ပြုံးပြုံးလိုက်တာကြောင့် လင်ရှောက်ကျား ပိုတောင်ဒေါသထွက်သွားတော့သည်။
သူတို့ဆူဆူညံညံလုပ်နေခြင်းမဟုတ်သလို ဆိုင်ထဲမှာလဲ သူ့အလုပ်နဲ့သူရှုပ်နေကြတာကြောင့် သူတို့ပြဿနာဖြစ်တာကို တခြားလူတွေသတိမထားမိလိုက်ကြသော်လည်း ရှုချင်ယင်းကတော့ လင်ရှောက်ကျား လက်ပြန်ချလိုက်တာကို တွေ့သွားသည်။
ရှုချင်ယင်းသည် ငယ်စဉ်ကတည်းက လင်ရှောက်ကျားကို သဘောမကျခဲ့ပေ။ သူတို့ငယ်ငယ်ကဆို ခဏခဏရန်ဖြစ်တတ်ကြပြီး ကြီးပြင်းလာပြီးနောက်မှာတော့ သူစိမ်းတွေလိုသာ နေကြတော့သည်။
လင်မိသားစုနှင့်ရှုမိသားစုသည် မျိုးရိုးစဉ်ဆက်ရင်းနှီးမှုရှိလာကြသည်ဆိုသော်လည်း လက်ရှိရှုမိသားစု၏ လူငယ်မျိုးဆက်များနှင့် လင်ရှောင်းထင်တစ်ယောက်သာ ဆက်ဆံရေးကောင်းတော့သည်။
လင်ရှောက်ရွှမ်းနှင့်လင်ရှောက်ရှီတို့ကတော့ ရှုချင်ယင်းထက်အများကြီးပိုငယ်တာကြောင့် သူတို့ချင်းမရင်းနှီးကြပေ။
နောက်တော့ လင်ရှောင်းထင်ကို လင်ယွမ်ချန်တို့မိသားစုက အမြဲတမ်းအတိုက်အခံလုပ်နေကြောင်း ရှုချင်ယင်းကြားရပြီး သူမလဲ သူတို့ကိုမုန်းသွားတော့သည်။
ကုနင်းအပေါ် လင်ရှောက်ကျားဒေါသထွက်ပြနေသည်အား ရှုချင်ယင်းမြင်သည်နှင့် တစ်ခုခုမှားနေကြောင်းသိသွားကာ ကုနင်းဆီသို့သွားလိုက်သည်။ “ကုနင်း၊ ဘာတွေဖြစ်နေတာလဲ?”
“ဘာမှမဟုတ်ဘူး။” ကုနင်းပြုံးကာပြန်ဖြေလိုက်သည်။
ရှုချင်ယင်းပါ ပေါ်လာတာကြောင့် လင်ရှောက်ကျား မကျေမနပ်ဖြစ်သွားသလို ရှုချင်ယင်းက ကုနင်းသူငယ်ချင်းဖြစ်နေ၍လဲ အံ့ဩသွားခဲ့သည်။
***
အခန်း ၁၁၂၆ သင်ခန်းစာပေးမယ်
လင်ရှောက်ကျားနှင့်ရှုချင်ယင်းတို့၏ နဂိုကတည်းကမကောင်းသည့်ဆက်ဆံရေးကြောင့် ရှုချင်ယင်းကို သူမအထူးတည်အာရုံမထားသော်လည်း ကုနင်းက ရှုချင်ယင်းလိုမျိုး ချမ်းသာသည့်မျိုးဆက်တစ်ဦးနှင့်မိတ်ဖွဲ့နိုင်သည့်အတွက်ကိုတော့ မနာလိုဖြစ်မိစဲပင်။ ရှုချင်ယင်းကြောင့်ဆိုသည်ထဲ ကုနင်း သူမထက်ပိုသာသွားတာကို မလိုချင်ခြင်းသာဖြစ်သည်။
“ကုနင်း၊ ငါအခုပဲ ဂါဝန်လှလှလေးတစ်ထည်တွေ့လိုက်တယ်။ ငါနဲ့လိုက်ပြီးကြည့်ပေးပါလား?” ရှုချင်ယင်း လင်ရှောက်ကျားကိုလျစ်လျူရှုကာ ကုနင်းတစ်ယောက်တည်းကိုသာ စကားပြောလိုက်သည်။
ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူဖြစ်မှန်း လင်ရှောက်ကျား သိ,မသိ သူမမသိသော်လည်း ကုနင်းကို လင်ရှောက်ကျားမုန်းနေတာကိုတော့ သိသေးသည်။
သူမလဲ လင်ရှောက်ကျားကို သဘောမကျပေမယ့် အခုချိန်မှာ ကုနင်းအနေနဲ့ လင်မိသားစုတစ်ယောက်ယောက်နှင့်ပြဿနာတက်ဖို့ အဆင်မပြေလှပေ။ သို့သော်လည်း ရှုချင်ယင်းမသိလိုက်သည်က ကုနင်းသည် လင်မိသားစုဝင်များဖြင့် အစကတည်းက ပြဿနာတက်ပြီးပြီဆိုတာကိုပင်။
“ခဏနေဦး။” လင်ရှောက်ကျား ကုနင်းကိုချက်ချင်းထားလိုက်သည်။ “နင်ငါ့ကိုတောင်းပန်သင့်တယ်။”
“နင့်ကိုတောင်းပန်ရမယ်?” ကုနင်းအံ့ဩသွားသည်။ “ဘာလို့လဲ?”
“နင်ငါ့ကိုမလေးမစားလုပ်ပြတယ်လေ၊ ဒီတော့ ငါ့ကိုပြန်တောင်းပန်သင့်တာပေါ့။”
ဒီအကြောင်းပြချက်ကြီးက အရမ်းကိုရယ်စရာကောင်းလှသည်။ ဒါက လင်ရှောက်ကျားရဲ့တစ်ဖက်သက်မောက်မာမှုကြီးပဲမဟုတ်လား။
“ဒါက ကျိုးကြောင်းမသင့်ဘူး။” ကုနင်းပြန်ပြောလိုက်သည်။ လင်ရှောက်ကျားနှင့်စကားများရင်း အချိန်မဖြုန်းလိုသော်လည်း လင်ရှောက်ကျားကတော့ သူမကိုအရှက်မခွဲနိုင်မချင်း အလွတ်မပေးမည့်ပုံပင်။
“ငါက တောင်းပန်သင့်တယ်ဆိုရင် တောင်းပန်ရမှာပဲ!” လင်ရှောက်ကျား အမိန့်ပေးလိုက်သည်။
“နင်ကအရူးလား?” ကုနင်းမျက်မှောင်ကြုတ်မိတော့သည်။
ထိုအချိန်မှာတော့ ဆိုင်ထဲက တခြားလူတွေလဲ သူတို့စကားများနေသည်အား သတိထားမိသွားကြပေပြီ။ ယုကျီနှင့်ကျီပိုင်ယင်းလဲ အနားသို့ရောက်လာခဲ့ကြသည်။
“ဘာတွေဖြစ်နေတာလဲ?” ယုကျီမေးလိုက်တာကြောင့် ကုနင်းက၊ “ကိစ္စကြီးမဟုတ်ဘူး၊ ငါဖြေရှင်းနိုင်တယ်။”
ဒါကြောင့် ယုကျီလဲ ဝင်မပါတော့ပေ။
ထို့နောက် ကုနင်းက လင်ရှောင်ကျားကို၊ “မစ္စလင်၊ ငါတို့ကြားထဲကပြဿနာကို လူကြားထဲထိ မသယ်လာပါနဲ့လား။ နင်က ဘာမှမဟုတ်ပေမယ့် ဒီကစီးပွားရေးကိုထိခိုက်စေတယ်။ နင်ငါ့ကိုစိန်ခေါ်ချင်တယ်ဆို အပြင်ဘက်ရောက်မှ နင့်ကိုသင်ခန်းစာပေးရလဲအဆင်ပြေတယ်။”
ကုနင်းက လင်ရှောက်ကျား Charm၏စီးပွားရေးကို ဖျက်စီးမည်အား စိုးရိမ်နေခြင်းဖြစ်သည်။
“နင်….” လင်ရှောက်ကျား ဘာပြန်ပြောလို့ပြောရမှန်းတောင်မသိတော့ပေ။ သူမက ကုနင်း၏ပြိုင်ဖက်မဟုတ်တာကြောင့် ကုနင်း သူမကိုတကယ်ရိုက်နှက်လာမည်အားလဲ ကြောက်နေလေသည်။
“ရှောက်ကျား၊ သွားကြရအောင်။” ကျူးကျင်းလင် တိုက်တွန်းလိုက်သည်။
“ကောင်းပြီလေ၊ ဒီတစ်ကြိမ်တော့ ငါနင့်ကိုခွင့်လွှတ်ပေးလိုက်မယ်၊ နောက်တစ်ကြိမ်တော့ထပ်မရှိစေနဲ့၊ နင်အကျိုးဆက်ကိုခံနိုင်မှာမဟုတ်ဘူး။” လင်ရှောက်ကျားပြောလိုက်ကာ သူမဘက်ကအသာနှင့်ရပ်လိုက်သည်။
ထို့နောက် လင်ရှောက်ကျားနှင့်ကျူးကျင်းလင်တို့ ဆိုင်ထဲကထွက်သွားကြသည်။ ကျူးကျင်းလင်က ထွက်မသွားချင်သေးသော်လည်း လင်ရှောက်ကျားနောက်သာ လိုက်ခဲ့ရသည်။
……
“အဲ့မိန်းမဘယ်သူလဲ?” ကျီပိုင်ယင်းမေးလိုက်သည်။
“လင်မိသားစုဝင်။”
“နင့်ကို ရှောင်းထင်ရဲ့ကောင်မလေးမှန်းသိလား?” ကျီပိုင်ယင်းထပ်မေးလိုက်သည်။ ကုနင်းနှင့်လင်မိသားစုဝင်တချို့ကြားက ပြဿနာအကြောင်း သူမမသိထားပေ။
“သိတယ်။ ထားပါ၊ ဒါတွေက အရေးမကြီးပါဘူး။ နင်တို့သဘောကျတဲ့ဝတ်စုံတွေခဲ့လား?”
ကုနင်း ထိုကိစ္စအကြောင်းဆက်မပြောချင်မှန်း ကျီပိုင်ယင်းနားလည်တာကြောင့် ဆက်မမေးနေတော့ပေ။
“ဆိုင်ထဲကဂါဝန်တွေအားလုံး သဘောကျတယ်၊ ငါနှစ်စုံရွေးထားပေမယ့် တစ်စုံက ငါနဲ့မတော်လို့ သီးသန့်အပ်မှဖြစ်မယ်။” ဂါဝန်အကြောင်းပြောသည်နှင့် ကျီပိုင်ယင်းစိတ်လှုပ်ရှားသည်။
ဘရန်း နာမည်ကြီးသည်မကြီးသည်ကို သူမဂရုမစိုက်ဘဲ ဒီဇိုင်းကိုသာ ကြည့်ပေသည်။ ထို့အပြင် ဒီဘရန်းက အင်တာနေရှင်နယ်ဘရန်းတစ်ခုဖြစ်လာမည်ဟုလဲ သူမယုံကြည်သည်။
“ငါနင်တို့ကို တစ်ယောက်တစ်စုံ လက်ဆောင်ပေးလို့ရပေမယ့် နောက်တစ်စုံအတွက်ကိုတော့ အဖိုးအခယူရမယ်။” ကုနင်းပြောလိုက်သည်။ ကျီပိုင်ယင်းနှင့်ရှုချင်ယင်းသည် သူမသူငယ်ချင်းများဖြစ်တာကြောင့် လုပ်ပေးသင့်သည်။
“အဲ့လိုလုပ်စရာမလိုပါဘူး။ ငါတို့ပေးနိုင်ပါတယ်။” ကုနင်း အရမ်းရက်ရောတက်ကြောင်း သူမသိနေတာကြောင့် ကုနင်း၏စေတနာကို မငြင်းလိုပေ။
“ဟုတ်တယ်၊ ငါတို့ပေးနိုင်ပါတယ်။ နင့်စေတနာကို ကျေးဇူးတင်တယ်။” ရှုချင်ယင်းပါပြောလိုက်သည်။
သူတို့သာ ကုနင်း၏စေတနာကိုလက်မခံပေးပါက ကုနင်းက သူတို့ငွေတွေတပြားမှယူမည်မဟုတ်မှန်း သိနေသည်။ ဒါကြောင့် ဒုတိယမြောက်ဂါဝန်အတွက်သာ လိုလိုလားလားပေးချေလိုက်တော့မည်။
“ရပါတယ်။ နင်တို့ဒုတိယအထည်အတွက်ပဲပေးကြ။”
……
ကျူးကျင်းလင်နှင့်လင်ရှောက်ကျားတို့ Charmဆိုင်ထဲမှထွက်လာပြီး သိပ်မဝေးသေးခင်မှာပဲ သူတို့နားကဖြတ်လျှောက်သွားသည့် အမျိုးသမီးငယ်နှစ်ဦးစကားပြောနေသံကို ကြားလိုက်ရသည်။
“ဝါး၊ နောက်ဆုံးတော့ Charmဆိုင်ဖွင့်လိုက်ပြီပေါ့၊ အရမ်းစိတ်လှုပ်ရှားနေပြီ!”
“ဒီနေရော ကုနတ်ဘုရားမရှိနေလောက်လား။”
“သူလာပါစေ၊ ငါသူ့ကိုအပြင်မှာတွေ့ဖူးချင်တယ်။”
***
အခန်း ၁၁၂၇ ကုနင်းထက်သာတယ်ပေါ့?
“ကုနတ်ဘုရားမမှာ ကုမ္ပဏီတွေအများကြီးရှိနေတာ ဒီကိုလာလောက်မယ်မထင်ဘူး။” မိန်းကလေးများစကားပြောနေသည်ကိုကြားပြီး လင်ရှောက်ကျား သွားနေရာမှရပ်သွားကာ မကျေမနပ်ဖြစ်သွားသည်။
ကုနတ်ဘုရားမ? အဲ့ဒါ အင်တာနက်အသုံးပြုသူတွေ ကုနင်းကိုပေးထားသည့် နာမည်မဟုတ်လား?
အရင်တစ်နေ့က ကုနင်းကို ဆုံးမပေးဖို့ရန် ကျောက်ခိုင်ငြင်းခဲ့စဉ်က အင်တာနက်ပေါ်ရှိ ကုနင်း၏သတင်းများစွာကို သူမဖတ်ခဲ့ရတာကြောင့် ကုနင်းတွင် ကုနတ်ဘုရားမဟူသည့် နာမည်ရှိကြောင်းသိထားခြင်းဖြစ်သည်။
ကုနင်းကို သူမမုန်းနေသည့်အတွက် အင်တာနက်အသုံးပြုသူတွေပြောနေသလိုမျိုး ကုနင်းထူးချွန်လိမ့်မည်ဟု သူမမယုံခဲ့ပေ။ ကုနင်းသည် အလွန်လှပကာ အောင်မြင်သည့်မိန်းကလေးမှန်း သူမလက်ခံသည်ဆိုသော်လည်း ကုနင်းကို လေးစားအားကျရမည့်အစား မနာလိုစိတ်များသာဖြစ်ပေါ်လာသည်။
မိန်းကလေးနှစ်ယောက်၏စကားများကိုကြားပြီးနောက် Charmကိုလဲ ကုနင်းသာပိုမှန်း လင်ရှောက်ကျား သေချာသွားကာ အံ့အားသင့်သွားတော့သည်။ ကုနင်းကို Charmရဲ့ဘော့စ်ပါဖြစ်နေမည်ဟု သူမမထင်ထားခဲ့ပေ။
ဒါ့အပြင် Charmမှဂါဝန်များ၏ အရည်အသွေးမြင့်ကာ ဆွဲဆောင်မှုရှိသည့်ဒီဇိုင်းများကို ပြန်အမှတ်ရသွားပြီး ကုနင်းအပေါ် မနာလိုစိတ်များက ပိုလို့တောင်ကြီးထွားလာတော့သည်။ ကုနင်း သူမထက်ပိုသာနေတာမျိုးကိုလက်မခံနိုင်ဘဲ ကုနင်းထက် ပိုသာအောင်လုပ်ဖို့စိတ်ဆုံးဖြတ်လိုက်သည်။
ကျူးကျင်းလင်သည် ကုနင်းအကြောင်း များများစားစားမသိထားသော်လည်း လင်ရှောက်ကျားကတော့ ကုနင်းကိုမုန်းတီးနေကာ သူတို့တွေ Charmနှင့်ရင်ဆိုင်တိုက်ခိုက်ရတော့မည်မှန်းတော့ နားလည်လိုက်သည်။ သူမတို့ဘက်က အနိုင်ရနိုင်ဖို့ ကိုယ်တိုင်တောင်ယုံကြည်ချက်မရှိတာကြောင့် ထိုအကြောင်းတွေးမိလိုက်သည်နှင့် ကျူးကျင်းလင် စိုးရိမ်သောကဝေတော့သည်။ သို့သော်လည်း သူမ လင်ရှောက်ကျားကိုမတားနိုင်ပေ။ ထိုအစား လင်ရှောက်ကျား အကျိုးသင့်အကြောင်းသင့် ပြန်တွေးနိုင်ဖို့ရန်သာ မျှော်လင့်ရတော့သည်။
အခုတော့ လင်ရှောက်ကျားလဲ ဈေးဝယ်ထွက်ဖို့စိတ်မပါတော့ကာ အိမ်သို့သာပြန်ခဲ့သည်။ လင်ရှောက်ကျား အိမ်ပြန်မည်ဆိုတာကြောင့် ကျူးကျင်းလင်လဲ ပြန်ရပေသည်။
တကယ်တမ်း ကျူးကျင်းလင်သည် Charmမှဂါဝန်များကို အနီးကပ်သေချာလေးကြည့်ဖူးချင်နေမိသော်လည်း အစောပိုင်းကအဖြစ်အပျက်များကြောင့် စကားတောင်မစရဲဖြစ်နေသည်။
ထိုကိစ္စအတွက် လင်ရှောက်ကျားကိုသာ သူမစိတ်ထဲကနေကြိတ်ပြီးသာ အပြစ်တင်နိုင်တော့သည်။
……
အစောကစကားပြောနေကြသည့်မိန်းကလေးနှစ်ယောက် Charmဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ကုနင်းကိုတွေ့သွားကာ အရမ်းစိတ်လှုပ်ရှားကုန်ပြီး ချက်ချင်း ကုနတ်ဘုရားမဟု အော်ခေါ်လိုက်ကြသည်။
ဒီလိုနဲ့ပဲ ဆိုင်ထဲရှိတခြားဝယ်သူများသည်လဲ ကုနင်းကိုမှတ်မိသွားကာ သူမအနားစုပြုံလာတော့သည်။
ဒီတော့မှ မိန်းကလေးနှစ်ယောက်လဲ သူမတို့ ကုနင်းကို ဒုက္ခများစေမိပြီမှန်း သိရှိသွားကြသော်လည်း ကုနင်းကတော့ သူတို့ကိုအပြစ်မတင်ပေ။ သူမ ဆိုင်ကို ကိုယ်တိုင်ရောက်လာပြီဆိုမှတော့ အခုလိုဖြစ်ရပ်မျိုးအတွက် ကြိုတင်မျှော်မှန်းထားပြီးသားပင်။
မကြာခင်မှာပဲ ကျီပိုင်ယင်းနျင့်ရှုချင်ယင်းတို့ သူတို့သဘောကျသည့်ဝတ်စုံများ ဝယ်ယူပြီးသွားကြတာကြောင့် ဆိုင်မှပြန်ထွက်လာခဲ့ကြတော့သည်။
…….
မကြာခင်တွင်ပဲ ကုနင်း၏ဖန်များက သူမဆိုင်သို့လာခဲ့ကြောင်း အွန်လိုင်းပေါ်တင်ကြရာ ချက်ချင်းသတင်းပြန့်သွားတော့သည်။
ကုနင်းကို အပြင်တွင်မြင်ဖူးချင်ကြသည့်လူများမှာ အလွန်စိတ်လှုပ်ရှားသွားကြသော်လည်း သူတို့သတင်းဖတ်နေရသည့်အချိန်တွင် ကုနင်းက ဆိုင်မှပြန်ထွက်သွားခဲ့ပေပြီ။
ကုနင်းထွက်သွားပြီဆိုရင်တောင်မှ တချို့ကတော့ ဆိုင်ကိုသွားကာ ဂါဝန်များသွားကြည့်ဦးမည်ဟု ပြောနေကြတုန်းပင်။ နောက်ဆုံးတော့ မြို့တော်တွင် Charmဆိုင်ခွဲဖွင့်လှစ်ခဲ့ပြီဖြစ်ကာ ဒီလိုအခွင့်ရေးမျိုးကို သူတို့လက်လွှတ်မခံလိုက်ကြတော့ပေ။
Charmမှဂါဝန်များသည် ဈေးကြီးလှတာကြောင့် စိတ်ဝင်စားကြသူတွေသည် ချမ်းသာသည့်အသိုင်းအဝိုင်းများမှပင်ဖြစ်ကြသည်။ ဒါ့အပြင် ထိုသို့သောလူများသည်သာ လှပသည့်ဂါဝန်များကိုဝတ်ပြီး ပွဲအခမ်းအနားများတက်ရောက်ဖို့ လိုကြတာဖြစ်သည်။
……
ကုနင်းတို့အဖွဲ့ နောက်ဘယ်နေရာကိုသွားကာ ဘာသွားစားကြမလဲပြောနေကြချိန် လင်ရှောင်းထင်ထံမှ ဖုန်းဝင်လာခဲ့သည်။
ဒါနဲ့ကုနင်းလဲ သူမအခု ကျီပိုင်ယင်း၊ ရှုချင်ယင်းတို့နဲ့အတူရှိနေကြောင်း လင်ရှောင်းထင်ကိုပြောလိုက်ကာ သူမတို့နဲ့အတူ နေ့လည်စာလာစားဖို့ ခေါ်လိုက်သည်။ အားလုံးက သူငယ်ချင်းအရင်းတွေချည်းဖြစ်ကြတာကြောင့် လင်ရှောင်းထင်လဲ မငြင်းခဲ့ပေ။
ထို့နောက် ကုနင်းတို့ စားသောက်ဆိုင်ကောင်းတစ်ဆိုင်ကိုတွေ့ရှိသွားကာ စားသောက်ဖွယ်ရာများ မှာခဲ့ကြသည်။ ဟင်းပွဲများလာမချခင်လေးမှာပဲ လင်ရှောင်းထင်လဲ ရောက်ရှိလာလေသည်။
စားသောက်နေရင်း ကျီပိုင်ယင်း ရုတ်တရက်စကားစလာခဲ့သည်။ “ကုနင်း၊ ငါမနက်ဖြန်ပြန်တော့မယ်။ နင်ဒီညအားလား? ငါတို့ထွက်လည်ကြရအောင်လား?”
“ရတာပေါ့။”
“ဘာလို့မြန်မြန်ပြန်တော့မှာလဲ? နောက်ထပ်ပိုကြာကြာနေပါဦးလား!” ရှုချင်ယင်း ဆွဲထားချင်နေခဲ့သည်။
“ငါလဲနေချင်ပါတယ်၊ ဒါပေမယ့် အိမ်မှာလုပ်စရာလေးရှိလာလို့။”
သူမအိမ်မှထွက်လာခဲ့တာ အတော်လေးကြာနေပြီဖြစ်ပြီး သူမအဖေရောအစ်ကိုပါ သူမကိုစိတ်ပူနေကြပေပြီ။
သူမနှင့်အတူ အထူးသက်တော်စောင့်နှစ်ယောက်ပါသည်ဆိုသော်လည်း သူမမိသားစုတွင်က ရန်သူများပြားလှတာကြောင့် သူမအဖေနှင့်အစ်ကိုက သူမကိုအိမ်မြန်မြန်ပြန်လာစေချင်နေကြသည်။
ကျီပိုင်ယင်းလဲ သူမလည်တာပတ်တာလုံလောက်နေပြီဟုတွေးမိတာကြောင့် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ကောင်းပါပြီ။” ကျီပိုင်ယင်းကိုယ်တိုင်က အိမ်မှာလုပ်စရာရှိသည်ဟုပြောလာတာကြောင့် ရှုချင်ယင်း ဆက်မဆွဲထားနိုင်တော့ပေ။
“အာ.. ဒီညကျင်းချန်အားရင် ငါတို့ဆီလာခိုင်းလိုက်လို့ရတာပဲ။” ကျီပိုင်ယင်း ထပ်ပြောလိုက်သည်။ သူမအိမ်ပြန်တော့မည်ဖြစ်တာကြောင့် သူ့ကိုတွေ့သွားချင်မိသည်။
“ရတာပေါ့၊ ငါခေါ်လိုက်မယ်။” ရှုချင်ယင်း ပျော်ရွှင်စွာသဘောတူလိုက်သည်။ တကယ်တမ်း ရှုကျင်းချန်အပေါ် ကျီပိုင်ယင်း ခံစားချက်ရှိနေလားဆိုသည်ကို ရှုချင်ယင်း အရမ်းသိချင်နေမိသော်လည်း ဒါက သူတို့ကြားကကိစ္စသာဖြစ်ကြောင်းလဲ နားလည်ပသည်။ ဒါကြောင့် ဘာမှမထပ်မမေးခဲ့တာပင်။ ဒါ့အပြင် ဒီလိုကိစ္စမျိုးက ဘေးလူတွန်းပေးနေတာထက် ရှုကျင်းချန်ဘက်က ယောက်ျားပီးပီသသ စလှုပ်ရှားတာ ပိုကောင်းသည်။
***
အခန်း ၁၁၂၈ ဆိုင်ထဲမှပြဿနာ
စားသောက်ပြီးသွားသည့်နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ အတူပြန်သွားကာ ရှုချင်ယင်းနှင့်ကျီပိုင်ယင်းတို့လဲ လမ်းခွဲလိုက်ကြသည်။ အားလုံး ညနေခင်းမှ ပြန်ဆုံကြဖို့လဲ ချိန်းထားလိုက်သည်။
ရှုချင်ယင်းကတော့ ပြန်လာသည်နှင့် ရှုကျင်းချန်ကို အမြန်ဖုန်းဆက်ကာ မနက်ဖြန်ဆို ကျီပိုင်ယင်းပြန်တော့မည့်အကြောင်းပြောလိုက်သည်။
ထိုသတင်းကြောင့် ရှုကျင်းချန် အနည်းငယ်ဝမ်းနည်းမိသွားသည်။ တကယ်တော့ သူညနေဘက် သူ့သူငယ်ချင်းများနှင့် ချိန်းထားပြီးသားဖြစ်သော်လည်း ကျီပိုင်ယင်းအတွက်သာဆို ဒီလောက်တော့ ဖျက်လိုက်နိုင်သည်ဟု တွေးလိုက်သည်။ ဒါကြောင့် ညဘက် သူတို့နဲ့လာတွေ့မည်ဟု ရှုကျင်းချန် သဘောတူလိုက်တော့သည်။
……..
ဖုန်းပြောနေသည့်အချိန်တွင် သူက ရှုကျင်းလင်၏ရုံးခန်းထဲရောက်နေတာဖြစ်သည်။
အရင်က သူ့မိသားစုစီးပွားရေးထဲ တစ်ခါမှဝင်မပါခဲ့သော်လည်း ဒီနေ့တော့ ရှုကျင်းလင်က အိမ်မှာ စာရွက်စာတမ်းတစ်ခုကျန်ခဲ့တာကြောင့် သူလာပို့ပေးတာဖြစ်သည်။
ဖုန်းချလိုက်ပြီးနောက် ရှုကျင်းချန်၏အမူအရာမှာ မှင်သေနေတော့သည်။ ရှုကျင်းလင် သတိထားမိသွားတာကြောင့် ပူပန်စွာဖြင့်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
“ဘာမှမဟုတ်ပါဘူး၊ အမ်… အစ်ကို အလုပ်ဆက်လုပ်လေ။ ကျွန်တော်ပြန်တော့မယ်။” ရှုကျင်းချန်ပြောပြီးသည်နှင့် ချက်ချင်းထထွက်သွားတော့သည်။
ရှုကျင်းချန်ဘက်က ပြောလိုသည့်ဆန္ဒမရှိပုံပေါ်တာကြောင့် ရှုကျင်းလင်လဲ ထပ်မမေးတော့ပေ။
……
လင်ရှောက်ကျားတစ်ယောက် အိမ်ပြန်ရောက်သည်နှင့် သူမ ကုနင်းနှင့်ပြဿနာတက်ခဲ့သည့်အကြောင်း သူမအမေကိုပြောပြလိုက်ကာ ကျန်းရှူးယွမ် ဒေါသထွက်သွားတော့သည်။ သူမ ကုနင်းကို လင်ရှောင်းထင်လောက်ကို မုန်းတာကြောင့် လင်ရှောက်ကျားပြောသမျှ တဖက်သတ်အမြင်တိုင်းကို လက်ခံယုံကြည်လိုက်သည်။
“ဒီကုနင်း အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။ အမေတို့ သူ့ကို သေချာပညာပြသင့်တယ်။ Charmက သူပိုင်တာဆိုမှတော့ အဲ့ဆိုင်ပိတ်သွားအောင် အမေတို့နည်းလမ်းရှာရအောင်!”
“အမေ၊ ဘယ်လိုတွေးထားလဲ?” လင်ရှောက်ကျား ချက်ချင်းပင် တက်ကြွသွားတော့သည်။
“အခုတော့ မစဉ်းစားရသေးဘူး၊ စိတ်မပူနဲ့ မကြာခင် နည်းလမ်းကောင်းရလာလိမ့်မယ်။” ကုနင်းကို ဒီတစ်ခေါ်ကတော့ သေချာပေါက်မလွှတ်ထားရန် ကျန်းရှူးယွမ် ဆုံးဖြတ်လိုက်သည်။
သူမအမေက သူမထက်ပိုပြီးလွှမ်းမိုးမှုရှိမှန်း သိနေတာကြောင့် လင်ရှောက်ကျား ကျေနပ်စွာပြုံးလိုက်တော့သည်။
ကုနင်းအရင်က ဘယ်လိုတွေအောင်မြင်ခဲ့လဲဆိုသည့်အကြောင်းကိုတော့ လင်ရှောက်ကျား သူမအမေကို မပြောခဲ့ပေ။ ကုနင်းဘယ်လောက်ထူးချွန်းလဲ သူမအမေကို မသိသွားစေလိုပေ။ သို့သော်လည်း ကုနင်းဘယ်လောက်အင်အားကြီးကြောင်း ကျန်းရှူးယွမ်သိခဲ့လျှင်တောင် ကုနင်းကိုပေါ့ပေါ့တွေးကာ လုပ်ချင်ရာဆက်လုပ်မည်ဖြစ်တာကြောင့် သူတို့သာ သေချာပေါက်ရှုံးနိမ့်ကြဦးမည်ပင်။
…….
ညနေ၄နာရီတွင်…
Charmဆိုင် ပြဿနာတက်ပေပြီ။ အမျိုးသမီးတစ်ယောက်က Charmမှဂါဝန်တစ်ထည်ဝယ်သွားခဲ့ပြီး မကြာခင်မှာပဲ သတင်းထောက်တစ်ဖွဲ့နှင့် ပြန်ရောက်လာခဲ့သည်။ သူမက Charmမှဂါဝန်များသည် အရည်အသွေးနိမ့်ကြောင်း စွပ်စွဲလာခဲ့သည်။
ဆိုင်ထဲရှိတခြားဝယ်သူများသည်လဲ သူတို့လက်ထဲက ဝတ်စုံများကို ချက်ချင်းချလိုက်ကာ Charmမှဝတ်စုံများတွင် တကယ်ပဲအရည်အသွေးပိုင်းလိုအပ်ချက်ရှိလားသိရအောင် ထိုအမျိုးသမီးနားဝိုင်းလာကြသည်။
ယုကျီကတော့ ဂါဝန်တိုင်းကို ဆိုင်မှာမခင်းကျင်းခင် သေချာစစ်ဆေးထားကြတာကြောင့် ပြဿနာရှိတာမဖြစ်နိုင်ဟု တွေးသည်။ ဝယ်သူတွေဘက်ကလဲ ဆိုင်ကဘယ်ဝတ်စုံကိုမဆို ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီးသည်နှင့် မထုပ်ပိုးခင် အပြန်ပြန်အလှန်လှန်စစ်ဆေးနေကြပင်။
“မဒမ်၊ ရှင်ကောင်တာမှာငွေချေနေတဲ့အချိန် ဒီဂါဝန်ကို ရှင့်မျက်စိရှေ့မှာပဲ ကျွန်မတို့စစ်ဆေးခဲ့ပြီး အားလုံးကောင်းကြောင်း ကျွန်မတို့အားလုံးအမြင်ပါပဲ။ ဒါက ထုပ်ပိုးပြီးနောက်မှာမှ တစ်ယောက်ယောက် တမင်တကာဖြတ်တောက်ပြီး ဖျက်ဆီးထားမှန်း အသိသာချည်းပါ။ ရှင့်ဘက် တမင်ပြဿနာလာရှာတာဖြစ်နေမှာစိုးမိပါတယ်။” ဂါဝန်ကိုသေချာပြန်စစ်ဆေးပြီးနောက် ယုကျီ ဒေါသထွက်သွားသည်။ သူမ ဝယ်သူတိုင်းကို အမြဲယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံလေ့ရှိသော်လည်း လူလိမ်တွေအပေါ်တော့ မလုပ်နိုင်ပေ။
ဒီအမျိုးသမီးက Charmပြဿနာတက်အောင် ဂုဏ်သတင်းပျက်စီးစေအောင် သတင်းထောက်တွေအများကြီးနဲ့ပြန်လာခဲ့တာလဲ ဖြစ်နေသေးသည်။
ဆိုင်ထဲမှလူများသည်လဲ အမျိုးသမီးဘက်ကို အံ့ဩတကြီးလှည့်ကြည့်လာကြသည်။
“နင်ငါ့ကိုဘယ်လိုပြောလိုက်တာလဲ? ငါလုပ်တာမဟုတ်ဘူး!” အမျိုးသမီးမှာ အနည်းငယ်ထိတ်လန့်သွားသော်လည်း ဝန်မခံပေ။ ဝန်ခံလိုက်ဖို့လဲ စိတ်ကူးမရှိနေပေ။ ထိုအစား သူမသာ အပြစ်ကင်းကာ မတရားခံရသလိုဟန်ဆောင်ပြလိုက်ပြီး၊ “ငါဒီဆိုင်ကထွက်ပြီးနောက် ဘယ်သူကမှ တမင်လာဖြတ်ထားတာမရှိဘူး။ ဒါနင်တို့ဂါဝန်ရဲ့အရည်အသွေးမကောင်းတာပဲ!”
ယုကျီ တစ်ခုခုပြန်ပြောမည့်အချိန်မှာပဲ သတင်းတေထာက်တွေက သူမကို မေးခွန်းများတလစပ်မေးမြန်းတော့သည်။
“မစ္စ၊ Charmရဲ့ဂါဝန်တွေမှာ အရည်အသွေးလိုအပ်ချက်ရှိနေတာအမှန်ပါပဲလား?”
“အမှန်သာဆို၊ ဈေးကျဘာလို့ဒီလောက်မြင့်နေရတာလဲ?”
“ဒီလိုလိမ်ညာနေတဲ့အတွက် အပြစ်ရှိတယ်လို့မခံစားရဘူးလား?”
“……”
စွပ်စွဲ အပြစ်တင်သည့်မေးခွန်းများစွာနှင့်ရင်ဆိုင်လာရတာကြောင့် ယုကျီ သူမကိုယ်သူမ တည်တည်ငြိမ်ငြိမ်နေဖို့ သတိပေးလိုက်သည်။
ဒီသတင်းထောက်တွေအားလုံးက အမျိုးသမီးဘက်ကခေါ်လာခြင်းဖြစ်တာကြောင့် သူမဘက်ကသာနေပေးမှာ အသိသာကြီးပင်။
ဒီလိုပြဿနာမျိုး ယုကျီတစ်ခါမှမရင်ဆိုင်ဖူးတာကြောင့် ရုတ်တရက်ဘာလုပ်လို့လုပ်ရမှန်းမသိတော့သော်လည်း သူမစိတ်လှုပ်ရှားနေတာကိုသာ မပေါ်လွင်အောင်ထိန်းထားနေသည်။
“ကျွန်မရှင်းပြတာကို ရှင်တို့မယုံဘူးဆိုမှတော့ ကျွန်မဘော့စ်ကိုခေါ်ပြီး ရှင်တို့ကိုရှင်းပြခိုင်းရတာပေါ့။” ကုနင်းသာဆို သေချာပေါက် ကောင်းကောင်းဖြေရှင်းနိုင်မည်ဟု ယုကျီတွေးလိုက်သည်။
“ဒါပေါ့၊ ငါတို့စောင့်နိုင်တယ်။” အမျိုးသမီးကသဘောတူလိုက်သည်။ Charm၏ဘော့စ်သည် လင်မိသားစုထက် ပိုပြီးအင်အားကြီးလိမ့်မည်ဟုတော့ သူမမထင်ပေ။
ထို့နောက် ယုကျီလဲ ကုနင်းကိုအမြန်ဖုန်းဆက်လိုက်သည်။ ကုနင်း သတင်းကြားချိန်လိုက်သည်နှင့် ထိုကိစ္စက လင်ရှောက်ကျားနှင့် တစ်နည်းနည်းပတ်သတ်နေလောက်သည်ဟု တွေးမိသွားသည်။ ယနေ့အဖို့ သူမနှင့်ပြဿနာတက်တာဆိုလို့ လင်ရှောက်ကျားပဲရှိသည်မဟုတ်လား။ ဒါ့အပြင် ဒီနယ်ပယ်က တခြားရန်သူတွေလဲဖြစ်နိုင်သေးသည်။ လုပ်ငန်းတူရင်က အလိုလိုနေရင်း ပြိုင်ဘက်များဖြစ်သွားကြသည်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အဲ့လူဘယ်သူပဲဖြစ်ပါစေ ကုနင်းကတော့ ဒီအတိုင်းမလွှတ်ပေးလိုက်နိုင်ပေ။
သူမက အားနည်းသည့်ဘက်ကလဲမဟုတ်သလို သူမဒေါသကို မြိုသိပ်လိုက်ဖို့လဲ စိတ်ကူးမရှိပေ။
ဒါကြောင့် ကုနင်းလဲ လင်ရှောင်းထင်ကိုခေါ်ကာ Charmသို့အမြန်ဆုံး ထွက်လာခဲ့လိုက်တော့သည်။
***