အခန်း (၁၁၄၁-၁၁၄၆)
Vol. 75 Ch. 1141-1146
အခန်း ၁၁၄၁ ဘယ်သူလုပ်တာလဲ?
လူတစ်ယောက်အောင်မြင်လာပြီဆိုလျှင် ဘေးလူများ၏ အားကျခြင်း မနာလိုခြင်းတို့ကို ခံရမည်မှာ သဘာဝပင်ဖြစ်သည်။
“ဟိုင်း၊ ကျန်းဖိုးဖိုး!” ကျန်းကျုံးယွီ ဝင်လာသည်နှင့် ကုနင်းထပ်ပြီးနှုတ်ဆက်လိုက်သည်။
“ဟိုင်း၊ ကောင်မလေးကု။”
“မင်္ဂလာပါ၊ သခင်ကြီးကျန်း။” လင်ရှောင်းထင်ကတော့ ယဉ်ယဉ်ကျေးကျေးသာ နှုတ်ဆက်လေသည်။
နောက်တော့ ကျန်းကျုံးယွီက သခင်ကြီးလင်နှင့် သခင်ကြီးရှုတို့ကို ကြည့်ကာ စိတ်ဆိုးသလိုဟန်ဆောင်လိုက်ပြီး၊ “မင်းတို့ စောစောလာမယ်ဆိုတာ ငါ့ကိုဘာလို့ကြိုမပြောကြတာလဲ?”
“မင်းကိုက နောက်ကျနေတာကွ!” သခင်ကြီးရှု ပြန်ပြောလိုက်သည်။
ကျန်းကျုံးယွီကြောင်သွားပြီးကာမှ သခင်ကြီးရှုပြောတာလဲ မှန်နေတာကြောင့် သူဆက်ပြီး အငြင်းပွားမနေတော့ပေ။
အားလုံး နေရာယူပြီးကြချိန်မှာပဲ ဟင်းပွဲများရောက်ရှိလာကာ စတင်စားသောက်ကြတော့သည်။
စားသောက်ပြီးနောက် အားလုံး ထရပ်ကာ အပြင်သို့အတူတူပဲ ထွက်လာခဲ့လေသည်။
သူတို့ထွက်လာကြချိန် ကုနင်းက ကျင့်ကြံသူများရှိနေသည့် သီးသန့်ခန်းကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း အခုတော့ လူတွေမရှိကြတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က သူတို့စိတ်နဲ့သူတို့ သူမကိုလာရှာကြမည်ဖြစ်တာကြောင့် ကုနင်းစိတ်ထဲထားမနေပေ။
သခင်ကြီးတွေအားလုံး ပြန်သွားပြီးပြီဆိုကာမှ ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ပြန်ခဲ့ကြသည်။ သို့သော်လည်း ကုနင်းကားထဲဝင်ပြီးသည်နှင့် သူမတို့ကားနောက်တွင် သူမနှင့်ရင်းနှီးနေသည့် ထန်ပင်းစန်၏ကားရပ်ထားသည်ကို မြင်လိုက်ရသည်။
ဒါကြောင့် ကုနင်းလဲ ချက်ချင်းပင် လင်ရှောင်းထင်ကို ကားရပ်ခိုင်းလိုက်လေသည်။
ကုနင်း၏အကြည့်လားရာအတိုင်း လင်ရှောင်းထင်လိုက်ကြည့်လိုက်ရာ နောက်မှကားကို မြင်သွားခဲ့သည်။ ထိုကားပိုင်ရှင်ဘယ်သူမှန်း လင်ရှောင်းထင်မသိသော်လည်း ကားပိုင်ရှင်ကို ကုနင်းသဘောမကျမှန်းတော့ သိနိုင်သေးသည်။
ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် သူတို့နားတစ်ဝိုက်တွင် စောင့်ကြည့်ကင်မရာရှိလား စစ်ကြည့်လိုက်သည်။
တကယ်လို့များ စောင့်ကြည့်ကင်မရာတွေရှိနေလျှင် အာရုံစိုက်စရာဖြစ်သွားနိုင်တာကြောင့် ကုနင်း ကားပြင်မထွက်ဘဲ ကားထဲကနေသာ စစ်ကြည့်နေလိုက်သည်။
အားလုံးစစ်ကြည့်ပြီးနောက် လင်ရှောင်းထင်ကို ကားထဲတွင်သာ စောင့်ခိုင်းခဲ့ကာ သူမတစ်ယောက်ထဲ ထွက်လာခဲ့သည်။
သူမဘာမှမပြောပြခဲ့သော်လည်း ကောင်းသည့်အရာလုပ်မည်မဟုတ်မှန်းတော့ လင်ရှောင်းထင်နားလည်သေးသည်။ သို့သော်လည်း ကုနင်းဘာပဲလုပ်ချင်ချင် သူကတော့ တားမည့်ထဲမပါပေ။ ဆန့်ကျင်စွာဘဲ သူက အထောက်အပံ့တောင်ပေးလိုက်ပေဦးမည်။ ကုနင်းက သေချာပေါက် အပြစ်မရှိသည့်လူတွေကိုတော့ ထိခိုက်စေမည်မဟုတ်ဘဲ ရန်သူတွေကိုသာ တိုက်ခိုက်တတ်ကြောင်း သူသိနေတာကြောင့်လဲပါသည်။
ကုနင်း ကားထဲမှထွက်လာပြီးသည်နှင့် ထန်ပင်းစန်၏ကားရှိရာသို့ တန်းသွားလိုက်သည်။ သို့သော်လည်း ကားနားရောက်ချိန်တွင် သူမမရပ်သွားဘဲ ဘေးနားရှိ ဥယျာဉ်သို့ဆက်လျှောက်သွားလေသည်။ နောက်တော့ ပန်းတစ်ပွင့်ကိုခူးယူကာ နောက်ပြန်လှည့်လာခဲ့သည်။
လင်ရှောင်းထင်ကတော့ ကားထဲကနေပြီး ကုနင်းလုပ်နေသည်များကိုကြည့်ရင်း နားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။
ကုနင်း ပြန်လှည့်လာရင်း ထန်ပင်းစန်၏ကားနား ဖြတ်လာချိန်မှာတော့ သူမလက်က ဖြတ်ခနဲလှုပ်ရှားသွားကာ နောက်တစ်စက္ကန့်အတွင်းမှာပဲ ကားဘီးနှစ်ခုတွင် သံနှစ်ချောင်းစိုက်နေတော့သည်။ တစ်ချောင်းကတော့ ရှေ့ဘီးတွဖြစ်ပြီး နောက်တစ်ချောင်းကတော့ နောက်ဘီးမှာပင်။
ကုနင်း၏လှုပ်ရှားမှုကို ဆက်တိုက်လိုက်ကြည့်နေသည့် လင်ရှောင်းထင်ကတော့ အစစ်အမှန်ဟုပြောဖို့တောင် အလွန်မြင်ဆန်လွန်းလှတာကြောင့် မယုံကြည်နိုင်အောင်ဖြစ်နေလေသည်။ ကုနင်း သေချာပေါက် ပြင်ဆင်ပြီးမှသွားတာမှန်း သေချာသွားသည်။
စောင့်ကြည့်ကင်မရာတွေလဲ ဒီပုံရိပ်ကိုအမိဖမ်းနိုင်မည်မဟုတ်ပေ။
သံနှစ်ချောင်း ကားဘီးနှစ်ခုကို စိုက်သွားသည်နှင့် လေတွေကလဲ ဖြည်းဖြည်းချင်းလျော့လာတော့သည်။ ၁၀မိနစ်အတွင်းမှာပဲ ကားဘီးနှစ်ခုလုံး လုံးဝပြားချပ်သွားတော့သည်။
ကုနင်း လင်ရှောင်းထင်၏ကားထဲ ပြန်ဝင်ထိုင်လိုက်ပေမည့် ချက်ချင်းမောင်းမထွက်ခိုင်းသေးဘဲ အတော်ကြာအောင် စောင့်ကြည့်နေခဲ့သည်။
ကုနင်း နောက်ဆုံးရလဒ်ကိုမြင်ချင်နေမှန်း လင်ရှောင်းထင်နားလည်တာကြောင့် သူမစကားအတိုင်း လိုက်ပါလုပ်ဆောင်ပေးလေသည်။
“မင်းဘာလုပ်ခဲ့တာလဲ?” လင်ရှောင်းထင် မနေနိုင်စွာမေးကြည့်လိုက်သည်။ တကယ်တော့ ကုနင်း၏လှုပ်ရှားမှုက မြန်ဆန်လွန်းတာကြောင့် လှုပ်ရှားလိုက်သည်ကိုသာ မြင်ပြီး ဘာလုပ်ခဲ့မှန်း သူတောင် မမြင်နိုင်ခဲ့ပေ။
“ကားတာရာထဲ သံနှစ်ချောင်းစိုက်ခဲ့တာ။”
“အဲ့ဒါ ဘယ်သူ့ကားလဲ?”
“ထန်ပင်းစန်။” ကုနင်း၏အသံတွင် မုန်းတီးမှုများ ပါဝင်လာခဲ့သည်။
ကုနင်းနှင့် မြို့တော်ထန်မိသားစုကြားတွင် ရန်ငြှိုးများရှိကြောင်း လင်ရှောင်းထင်သိတာကြောင့် ကုနင်းဘာကြောင့် ဤကဲ့သို့လုပ်မှန်း နားလည်ပေးနိုင်သည်။ တကယ်လို့ ကုနင်းသာ သူ့အကူအညီလိုလျှင် သေချာပေါက် ကူညီပေးလိမ့်မည်။
……..
ထိုအချိန်မှာပဲ ကျီပိုင်ယင်းသည်လဲ ခရီးဆုံးကိုရောက်ရှိသွားပြီဖြစ်သည်။ လေယာဉ်ပေါ်ကဆင်းဆင်းချင်းမှာပင် ဖုန်းကိုပြန်ဖွင့်လိုက်သည်။ ရှုကျင်းချန်ပြန်ပို့ထားသည့် စာကိုဖတ်ပြီးနောက်မှာတော့ သူ့မစိတ်အခြေအနေ နည်းနည်းပြန်ကောင်းသွားလေသည်။
ထို့နောက် ရှုကျင်းချန်၊ ရှုချင်ယင်းနှင့် ကျီပိုင်ယင်းတို့ကို သူမရောက်သွားပြီဖြစ်ကြောင်း တူညီသည့်စာစောင်များပို့ပေးလိုက်ကာ သိပ်မကြာခင်မှာပဲ ပြန်စာများဝင်လာခဲ့သည်။
ရှုကျင်းချန်ဘက်က အလွန်ရိုးရှင်းလွန်းသည့်စာတစ်စောင်ကိုသာ ပြန်ပို့လာတာကြောင့် ကျီပိုင်ယင်း နည်းနည်းစိတ်ပျက်မိသွားသော်လည်း အခုထိ သူတို့က သူငယ်ချင်းအဆင့်တွေသာဖြစ်သေးတာကြောင့် အရမ်းမျှော်လင့်မနေတော့ပေ။
………
၁၀မိနစ်ခန့်ကြာပြီးနောက်မှာတော့ သီးသန့်ခန်းတစ်ခုထဲကနေပြီး ထန်ပင်းစန်၊ ကျီယီကျင်းနှင့် လူတစ်စုတို့ ထွက်လာကြသည်။
သူတို့ထွက်လာသည်နှင့် ကုနင်း၏မျက်ဝန်းအရောင်များ လင်းလက်သွားသည်။
ဒီနေ့အတွက် ညစာဧည့်ခံသူက ထန်ပင်းစန်နှင့် ကျီယီကျင်းတို့ဖြစ်တာကြောင့် သူတို့ကားကိုမပြန်ခင် တခြားလူတွေအားလုံး ကိုယ့်ကားကိုယ်ပြန်သွားပြီးသည်အထိ စောင့်ကြသည်။ သို့သော်လည်း သူတို့ကားရှေ့ရောက်သွားချိန်မှာတော့ ကားဘီးနှစ်ဘီးလုံး ပြားချပ်နေသည်ကို မြင်လိုက်ရလေသည်။
“ဘယ်လိုဖြစ်သွားတာလဲ?” ကျီယီကျင်း ဒေါသထွက်သွားသည်။
မကြာသေးခင်ကတင် ကားကအကောင်းကြီးကို နှစ်နာရီအကြာမှာတော့ ဘီးတွေပျက်စီးနေတယ်တဲ့လား။
ထန်ပင်းစန်ကတော့ တည်ငြိမ်နေကာ ကားဘီးနှစ်ဘီးကိုသာ သွားစစ်ကြည့်လိုက်ပြီး သံနှစ်ချောင်းရှိနေသည်ကို တွေ့ရှိသွားတော့သည်။
“သေစမ်း! ဘယ်ကောင်လုပ်သွားတာလဲ?” ထန်ပင်းစန်လဲ အလွန်ဒေါသထွက်သွားတော့သည်။
ဖီးနစ်ဗီလာ၏လုံခြုံရေးသည် အလွန်တင်းကျပ်ကာ ခြံဝန်းတစ်ခုလုံးနှင့် ကားပါကင်မှာလဲ လုံခြုံရေးအစောင့်တွေ ရှိလေသည်။ ဒါကြောင့် လူတစ်ယောက်ကို သူ့ကားကို အမိမခံရဘဲ ဖျက်ဆီးသွားနိုင်ဖို့ လုံးဝမဖြစ်နိုင်ပေ!
သူတို့နှစ်ယောက်၏ဒေါသထွက်နေသည့်အသံများကို လုံခြုံရေးတွေကြားသွားတာကြောင့် အလျင်အမြန်ပြေးလာခဲ့ကြသည်။
ထိုအချိန်မှာတော့ ကုနင်းက လင်ရှောင်းထင်ကို ကားထွက်ခိုင်းလိုက်လေသည်။ သူတို့တွေရဲ့ ဒေါသထွက်နေသည့်မျက်နှာကို မြင်လိုက်ရပြီဖြစ်တာကြောင့် လုံလောက်သွားပေပြီ။
“ဆာရ်၊ မဒမ်၊ ကျွန်တော်ဘာများကူညီပေးရမလဲ?” လုံခြုံရေးတစ်ယောက်က မေးလိုက်သည်။
ကျီယီကျင်းကတော့ ချက်ချင်းပင် ထိုလူကို ဒေါသတကြီး ကြိမ်းမောင်းပြစ်တင်တော့သည်။ “နင်တို့ဖီးနစ်ဗီလာက ဘာလဲ? ငါတို့လာတုန်းက ကားကအကောင်းကြီး အခုတော့ ဘယ်လိုလုပ် သံနှစ်ချောင်းကြောင့် ကားဘီးနှစ်ခုလုံး ပြားသွားပြီ! ငါတို့အခု အိမ်ဘယ်လိုပြန်ရတော့မလဲ?”
***
အခန်း ၁၁၄၂ တရားခံကိုမရှာနိုင်ဘူး
လုံခြုံရေးအစောင့်သည်လဲ ပျက်စီးနေသည့်ဘီးနှစ်ဘီးကိုတွေ့လိုက်ရတာကြောင့် ချက်ချင်းတောင်းပန်လိုက်သည်။ “ကျွန်တော်တောင်းပန်ပါတယ်၊ အခုပဲ ကျွန်တော်တို့ခေါင်းဆောင်ကို တင်ပြလိုက်ပါ့မယ်။”
“မြန်မြန်လုပ်ကြစမ်း!” ကျီယီယင်း အော်လိုက်သည်။
ကျီယီယင်းအအော်ခံလိုက်ရတာကြောင့် လုံခြုံရေးအစောင့် မသက်မသာဖြစ်သွားသော်လည်း ဘာမှတော့ပြန်မပြောရဲပေ။ သူတို့ကားက ဒီနေရာရောက်မှ ပျက်စီးသွားခြင်းမှန်တာကြောင့် ဖီးနစ်ဗီလာဘက်က တာဝန်ရှိပေသည်။
ဆိုးတာကတော့ ဒီညတာဝန်ကျသည့်လူက သူဖြစ်နေတာကြောင့် ဒီအမှားအတွက် သူအပြစ်ပေးခံရတော့မည်။
ဖီးနစ်ဗီလာဘက်က စုံစမ်းပေးမည်ဆိုလျှင်တောင်မှ ထန်ပင်းစန်အနေနဲ့ ဒီကားဖြင့် အိမ်ပြန်မောင်းလို့မရနိုင်တော့တာကြောင့် သူတို့ကိုလာကြိုဖို့ရန် သူ့အတွင်းရေးမှူးကို ဖုန်းဆက်ခေါ်လိုက်သည်။
မကြာခင်မှာပဲ မန်နေဂျာနှင့် လုံခြုံရေးဌာနကခေါင်းဆောင်တို့ အလျင်စလိုရောက်ရှိလာကြသည်။ အရင်ဆုံး စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးရပေမည်။
ထန်ပင်းစန်၏ကား ဤနေရာတွင် ရပ်ထားသည့်တစ်လျှောက် ကုနင်းအပြင် တခြားလူနှစ်ယောက်သာ ဖြတ်သွားကြသည်။ ထိုလူနှစ်ယောက်ကတော့ သူတို့ကားဆီသာလျှောက်ကာ ထွက်သွားကြလေသည်။
ကုနင်းတစ်ယောက်သာ နှစ်ကျော့ပြန်လျှောက်ခဲ့ပေမယ့် ထူးဆန်းတာတစ်ခုခုတော့ မလုပ်ခဲ့ပေ။
ဒါ့အပြင် ကားဘီးက လေကုန်ဖို့ အချိန်လိုတာကြောင့် ကားဘီးလေစလျော့သည်ကို စောင့်ကြည့်ကင်မရမှနေပြီး ရှင်းရှင်းလင်းလင်းမမြင်နိုင်ပြန်ပေ။
ဘယ်သူလုပ်ခဲ့မှန်း ရှာမတွေ့ခဲ့တာတောင် ထန်ပင်းစန်နှင့် ကျီယီယင်းကတော့ သူတို့ကား ဖီးနစ်ဗီလာထဲမှာမှ ပျက်ခြင်းဟု ယုံကြည်နေကြသေးသည်။ လူတစ်ယောက်ယောက်ကြောင့်သာမဟုတ်ရင် မတော်တဆမှုဖြစ်ပေလိမ့်မည်။ ဒါကြောင့် ထန်ပင်းစန်က၊ “ငါလာတုန်းက ကားကအကောင်းကြီးဆိုတော့ ဒီက မြေပေါ်မှာ သံချောင်းရှိနေတာကြောင့်ပင်ထင်တယ်။”
လျော်ကြေးကိစ္စကို ထန်ပင်းစန် အာရုံမထားသော်လည်း ဖီးနစ်ဗီလာဘက်က တာဝန်ယူပေးသင့်သည်ဟုမြင်လေသည်။ သူမျက်နှာမပျက်ရအောင် လုပ်နေခြင်းပင်။
“မစ္စတာထန်၊ ကျွန်တော်တို့ဘက်က တာဝန်ယူရမယ့်ကိစ္စကို မငြင်းပါဘူး။ အခုလို မတော်တဆဖြစ်သွားစေတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ်။” မန်နေဂျာဖြစ်သူက တောင်းပန်လိုက်သည်။
ပျက်စီးမှုက လူကြောင့်လား မတော်တဆဖြစ်သွားလဲ သူတို့ရှင်းရှင်းလင်းလင်းမသိရရင်တောင်မှ ဖီးနစ်ဗီလာဘက်က တာဝန်ယူရပေဦးမည်။
သူတို့သာ တာဝန်မယူဘူးဟု ငြင်းဆန်လိုက်လျှင် ဖီးနစ်ဗီလာ၏ဂုဏ်သတင်းကို ထိခိုက်သွားစေလိမ့်မည်။
“ကောင်းပြီလေ၊ ဒါ မတော်တဆဖြစ်သွားတာဆိုမှတော့၊ တာယာနှစ်ဘီးဖိုးလောက်တော့ ငါဘာသာပေးနိုင်တယ်။” ထန်ပင်းစန် စိတ်မရှည်စွာပြန်ပြောလိုက်သည်။ သူက အစကတည်းက ဖီးနစ်ဗီလာဘက်က တာဝန်သိတတ်မှုကိသာ လိုချင်ရုံဖြစ်ပြီး အခုလဲရသွားပြီဖြစ်တာကြောင့် ကျေနပ်သွားပေပြီ။
ထန်ပင်းစန် သူတို့နဲ့ဆက်ပြီး အချေအတင်မလုပ်တော့မှ မန်နေဂျာလဲ စိတ်အေးသွားတော့သည်။
ထို့နောက် မန်နေဂျာက ထန်ပင်းစန်ကို သူတို့ဘက်က အိမ်ပြန်လိုက်ပို့ပေးရမလားဟု မေးခဲ့ပေမယ့် ထန်ပင်းစန်က သူ့အတွင်းရေးမှူး လာကြိုမည်ဖြစ်တာကြောင့် ငြင်းလိုက်သည်။
နာရီဝက်ကြာပြီးနောက်မှာတော့ ထန်ပင်းစန်၏အတွင်းရေးမှူးရောက်လာကာ သူတို့လဲ ထွက်သွားကြတော့သည်။
ဘီးနှစ်ဘီးပြားနေသည့် ကားကိုတော့ သူ့အတွင်းရေးမှူးက ကြည့်ရှင်းပေလိမ့်မည်။
…….
ထန်ပင်းစန်နှင့် ကျီယီယင်းတို့ ဖီးနစ်ဗီလာမှပြန်လာပြီးနောက် ချီကျီယွဲ့နှင့် ထန်ယရှင်းတို့ရှိရာဆေးရုံသို့ သွားခဲ့ကြသည်။
“ပင်းစန်၊ ကျီယွဲ့နဲ့ယရှင်းတို့ကို ထိခိုက်အောင်လုပ်သွားတဲ့ တရားခံကို ရှင်ရှာတွေ့လား?” ကျီယီယင်းမေးလိုက်သည်။
“မတွေ့သေးဘူး။” ထန်ပင်းစန်ပြန်ဖြေလိုက်သည်။ သူ ကျီယီယင်းကို ‘ထန်အိုက်နင်း’အကြောင်း မပြောပြထားတာကြောင့် ‘ထန်အိုက်နင်း’ဆိုသူ ရှိနေကြောင်း ကျီယီယင်း မသိထားပေ။
‘ထန်အိုက်နင်း’က အရှုပ်အထွေးတော်တော်များများတွင် ပါဝင်ပတ်သတ်နေတာကြောင့် သူမအကြောင်းသိထားသူ နည်းလေပိုကောင်းလေဖြစ်သည်။
ကျီယီယင်းက စိတ်လိုက်မာန်ပါလုပ်တတ်တာကြောင့် သူ့ရဲ့လုပ်ငန်းပိုင်းရန်သူတစ်ယောက်ယောက်က လုပ်ခြင်းဟုသာ ထန်ပင်းစန်ပြောပြထားခဲ့သည်။
စီးပွားရေးလောကရှိပြိုင်ဆိုင်မှုများသည် လွန်စွာရက်စက်တတ်ကြောင်း ကျီယီယင်းနားလည်ပေသည်။
“ကျွန်မတို့မိသားစုရဲ့လွှမ်းမိုးနိုင်စွမ်းနဲ့တောင်မှ တရားခံကို ဘယ်လိုလုပ်ရှာလို့မရသေးတာလဲ?” ကျီယီယင်း မကျေမနပ်ဖြစ်နေခဲ့သည်။ သူမအမြင်တွင်တော့ ထန်မိသားစုသည် ဘာမဆိုစွမ်းဆောင်နိုင်သူပင်။ အထူးသဖြင့် သူမသမီးနှင့်သမက်လောင်းက တပြိုက်တည်း ဒဏ်ရာရသွားခဲ့ကြတာဖြစ်သည်။
ထန်ပင်းစန်သည် ‘ထန်အိုက်နင်း’အကြောင်း ဘာမှစုံစမ်းလို့မရတာကြောင့် စိတ်အခြေအနေမကောင်းနေတာကို ကျီယီယင်းကပါ သူ့လုပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်လာတာကြောင့် စိတ်အခြေအနေပိုလို့ဆိုးသွားတော့သည်။ “လုံခြုံရေးကင်မရာတွေအားလုံး အဟက်ခံထားရတယ်။ တရားခံက ငတုံးမဟုတ်ဘူး။ ကျီယွဲ့နဲ့ ယရှင်းကို အဲ့ဒီမိန်းမ ထိခိုက်အောင်လုပ်ရဲတယ်ဆိုမှတော့ ငါတို့ကိုမကြောက်ဘူးလို့ ဆိုလိုနေတာပဲလေ။ ဒါလေးတောင် နားမလည်ဘူးလား?”
ဒီတော့မှ ကျီယီယင်း ပါးစပ်ပိတ်သွားတော့သည်။ ထို့နောက် ဆေးရုံခုတင်ပေါ်တွင် လှဲနေစဲဖြစ်သည့် ထန်ယရှင်းထံသို့ အမြန်သွားလိုက်ကာ၊ “ယရှင်း၊ ဘယ်လိုနေသေးလဲ?”
“တော်တော်လေးအဆင်ပြေနေပါပြီ။” ထန်ယရှင်းပြန်ဖြေလိုက်ပြီးနောက် ထန်ပင်းစန်ဘက်သို့လှည့်ကာ၊ “အဖေ၊ သူ့ကိုအခုထိ ရှာမတွေ့သေးဘူးလား?”
“မတွေ့သေးဘူး။” ထန်ပင်းစန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
‘ထန်အိုက်နင်း’ဘယ်လောက် ကြမ်းကြောင်း ထန်ယရှင်းသိနေပြီဖြစ်တာကြောင့် သူမအမေလိုမျိုး သူမအဖေကို မေးခွန်းမထုတ်တော့ပေ။
“အဲ့မိန်းမ ရှာတွေ့လို့ကတော့ သေအောင်နှိပ်စက်ပစ်မယ်!” ကျီယီယင်း ဒေါသတကြီးပြောလိုက်လေသည်။
***
အခန်း ၁၁၄၃ ဘာလို့ဒီလောက်အများကြီး သိနေချင်နေတာလဲ?
ကျီယီယင်း ဘယ်လောက်ပဲကြုံးဝါးနေပါစေ သူမတွင် လုပ်နိုင်စွမ်းတော့မရှိပေ။
ကျီယီယင်းက တရားခံကို သေလောက်အောင်နှိပ်စက်ဖို့တွေးနေသော်လည်း တခြားလူတွေကတော့ ‘ထန်အိုက်နင်း’အသက်ရှင်လျှက်ရှိနေလျှင် သူတို့အသတ်ခံရမည်မှန်းသိနေတာကြောင့် ‘ထန်အိုက်နင်း’ကို သတ်ပစ်ဖို့ ရည်ရွယ်ထားကြသည်။
“ဥက္ကဌထန်၊ ကျွန်တော်ပြောစရာလေးရှိတယ်။” ချီကျီယွဲ့ပြောလာခဲ့သည်။
ထန်ပင်းစန် ချက်ချင်းနားလည်လိုက်တာကြောင့် ကျီယီယင်းအား၊ “မင်းအပြင်ခဏလောက်ထွက်နေဦး။ ငါ ကျီယွဲ့နဲ့ပြောစရာရှိတယ်။”
“ဘာလို့ ကျွန်မက နေလို့မရတာလဲ?” ကျီယီယင်း မကြည်မသာပြန်မေးလိုက်သည်။
“ဒါစီးပွားရေးကိစ္စ။ မင်းဘာလို့ဒီလောက်အများကြီးလိုက်သိချင်နေတာလဲ? မင်းကိုယ်မင်း နှုတ်လုံတဲ့လူများမှတ်နေလား?”
အတိတ်တုန်းကဆိုလျှင် ကျီယီယင်းအား ကုမ္ပဏီမှာ ဘယ်လိုအစီအစဉ်တွေလုပ်ထားလဲဆိုသည့်အကြောင်း ထန်ပင်းစန်ပြောပြဖို့ စိတ်ထဲမထားခဲ့ပေ။ ကျီယီယင်း ရှိနေလျှင်တောင်မှ ချီကျီယွဲ့နှင့် လုပ်ငန်းကိစ္စပြောဖြစ်သည်။ သို့သော်လည်း ထန်ပင်းစန်နှင့်ချီကျီယွဲ့တို့ လေလံပွဲအကြောင်းပြောဖြစ်ခဲ့ကာ အရာရှိတစ်ယောက်ကို လာဘ်ထိုးမည့်အကြောင်းလဲပါသည်။
ကျီယီယင်း အထက်တန်းလွှာထဲက သူမမိတ်ဆွေများနှင့် လျှောက်သွားချိန်မှာတော့ ထန်ပင်းစန်က အရာရှိတစ်ယောက်ကို လာဘ်ထိုးမည့်အကြောင်း မတော်တဆပြောခဲ့မိသည်။ ဒီလိုနဲ့ ထန်မိသားစုလဲ ပြဿနာအကြီးကြီးတက်လုနီးပါးဖြစ်သွားလေသည်။ ဒါကြောင့် ထန်ပင်းစန်လဲ နောက်ဘယ်တော့မှ ကျီယီယင်းရှေ့တွင် လုပ်ငန်းကိစ္စထပ်မပြောတော့ပေ။
ကျီယီယင်း စိတ်ဆိုးသွားပေမယ့် ထန်ပင်းစန်ကိုတော့ နှုတ်လှန်မထိုးရဲတာကြောင့် တိတ်တိတ်လေးထွက်သွားရတော့သည်။
ကျီယီယင်းထွက်သွားကာမှ ထန်ပင်းစန်က၊ “မင်းပြောလို့ရပြီ၊ ဘာကိစ္စလဲ?”
လွန်ခဲ့တဲ့တစ်လလောက်က HKဟဲမိသားစုကာစီနိုမှာ ထန်အိုက်နင်းလိုရုပ်ဖျက်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်တွေ့ခဲ့တယ်။ သူပြောတာတော့ အဲ့အမျိုးသမီးကို ဟဲမိသားစုက အရမ်းအရေးကြီးတဲ့ဧည့်သည်တစ်ယောက်အဖြစ်ဖိတ်ကြားထာတာတဲ့၊ သူ့ရဲ့လောင်းကစားစွမ်းရည်ကလဲ ကောင်းတယ်လို့ပြောတယ်။
ချီကျီယွဲ့ပြောပြလိုက်သည်။ ထိုအမျိုးသမီးကို သူအလွန်မုန်းတီးနေသော်လည်း သူမတွင် ထူးချွန်ပြောင်မြောက်လှသည့်အရည်အချင်းတွေရှိကြောင်းလဲ လက်ခံမိသည်။
သူမသည် ကျောက်အလောင်းအစားလုပ်ရာတွင်တော်ပြီး ကျောက်စိမ်းဘုရင်မအဖြစ် သတ်မှတ်ခံရရုံသာမက တခြားလောင်းကစားနည်းများတွင်လဲ အရည်အချင်းရှိနေသေးသည်။
ထိုအမျိုးသမီးသာ ထန်အိုက်နင်းနှင့်ပတ်သတ်မှုရှိမနေလျှင် သူမနှင့်မိတ်ဆွေဖွဲ့ဖို့ ကြိုးစားမိမည်သာ။ သို့သော် ကံမကောင်းစွာဘဲ သူမသည် သူ့ရန်သူဖြစ်နေခဲ့သည်။
ထိုသတင်းကိုကြားပြီး ထန်ပင်းစန်အံ့ဩသွားသလို သူတို့အတွက်ပိုခြိမ်းခြောက်နိုင်စွမ်းရှိသွားပြီဟုလဲ ခံစားလိုက်ရသည်။ ထန်မိသားစုကို အထောက်အပံ့ပေးနေသည့် အင်အားကြီးဂိုဏ်းတွေရှိသော်လည်း ထိုအမျိုးသမီးကို ရှင်းထုတ်ဖို့က မလွယ်လှပေ။
ထန်ယရှင်းသည်တော့ ထန်အိုက်နင်းအဖြစ် ရုပ်ဖျက်ထားသည့်အမျိုးသမီးကို အလွန်မနာလိုဖြစ်နေတော့သည်။ ထိုအမျိုးသမီးကိုမြင်တိုင်း သူမ ထန်အိုက်နင်းကိုသာ သွားတွေးမိနေသည်။
သို့သော်လည်း ထန်ပင်းစန် ဘယ်လောက်ပဲ ‘ထန်အိုက်နင်း’ကို သတ်ဖို့စိတ်စောနေပါစေ အရင်ဆုံးရှာတွေ့ဦးမှဖြစ်ပေမည်။
“အခုတော့ မင်းအရင်ဆုံးနေပြန်ကောင်းဖို့လုပ်သင့်တယ်။ ငါ့အထင် မင်းက အဲ့အမျိုးသမီးနဲ့ရင်းနှီးတော့ ဒီပြဿနာကို မင်းဖြေရှင်းတာ ပိုကောင်းလိမ့်မယ်။ Bမြို့က စီးပွားရေးကိုတော့ ထန်ချင်းယန်ကောင်းကောင်း လည်ပတ်နေနိုင်တော့ ငါတို့ သူ့ကိုထန်မိသားစုထဲက ကန်ထုတ်ပစ်လို့မရလောက်သေးဘူး။”
တကယ်တမ်း သူ ထန်ချင်းယန်ကို Bမြို့သို့ပို့လိုက်ခြင်းသည် အသုံးချခံတစ်ယောက်အဖြစ်သဘောထား၍ဖြစ်သော်လည်း ထန်ချင်းယန်သည် အားနည်းမနေပေ။ ထန်ချင်းယန်သည် လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် စီမံဆောင်ရွက်နေနိုင်တာကြောင့် သူတောင်အံ့ဩခဲ့ရသည်။
ထို့အပြင် ထန်ချင်းယန်ကို ကုနင်းကလဲ ကူညီပေးနေတာကြောင့် နောင်တစ်ချိန် ထန်ချင်းယန်အောင်မြင်လာဖို့က မခက်ခဲတော့ပေ။
Bမြို့ရှိ ထန်လုပ်ငန်းစုအခွဲတွင် ထန်ချင်းယန်အတွက် ထောင်ချောက်ဆင်ထားသည့် ဘဏ္ဍာရေးပြဿနာတချို့ရှိသေးသည်။
ထန်ချင်းယန်ကလဲ ဉာဏ်နည်းသူမဟုတ်တာကြောင့် ရုတ်တရက် ရာထူးတိုးခံရခြင်းက ပုံမှန်မဟုတ်ကြောင်းသိနေ၍ အမြဲသတိထားနေခဲ့သည်။
မကြာခင်မှာပဲ ဘဏ္ဍာရေးပြဿနာအချို့ကို ရှာဖွေတွေ့ရှိသွားခဲ့ပေမယ့် ဝန်ထမ်းတွေက ထန်ပင်းစန်၏သစ္စာခံတွေဖြစ်တာကြောင့် ဘယ်သူမှ သူ့ကိုမကူညီလိုကြပေ။ ဒါကြောင့် ထန်ချင်းယန်လဲ ကုနင်းကိုအကူအညီတောင်းလိုက်ကာ ကုနင်းက ထိုပြဿနာအားဖြေရှင်းပေးရန် ကေကိုပြောလိုက်သည်။
“ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ အံ့ဩသွားကြသည်။
ပြောရရင် ဒီလိုအချိန်တိုလေးအတွင်းမှာ ချီကျီယွဲ့တောင်မှာ ထိုဘဏ္ဍာရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိမနေပေ။ ဒါကြောင့် ထန်ချင်းယန်၏အရည်အချင်းအပေါ် သူအလွန်အံ့ဩမိသွားသလို မနာလိုစိတ်လဲဝင်ရသည်။
တစ်နေ့တွင် ထန်ပင်းစန်က အနားယူသွားမည်ဖြစ်ကာ ထန်ယရှင်းသည်သာ ထန်လုပ်ငန်းစု၏ဆက်ခံသူဖြစ်လာလိမ့်မည်။ ထန်ယရှင်းမှာ လုပ်ငန်းပိုင်းအတွေ့အကြုံတချို့ရှိနေရင်တောင်မှ လုပ်ငန်းစုကြီးတစ်ခုလုံးကို ဦးစီးဖို့အထိတော့ မရသေးပေ။ ဒါ့အပြင် သူမက တစ်နေ့တစ်နေ့ ဈေးဝယ်ထွက်ကာ လျှောက်လည်နေရသည်ကို ပိုနှစ်သက်သူလဲဖြစ်နေသေးသည်။
ဒါကြောင့် ချီကျီယွဲ့သည်သာ ထန်လုပ်ငန်းစုကို တာဝန်ယူစီမံရမည့်သူဖြစ်လာလိမ့်မည်။ သူနဲ့ထန်ယရှင်းတို့ဆိုသည်က မကြာခင်လက်ထပ်ကြတော့မည်ဖြစ်တာကြောင့် ထန်ပင်းစန်ကလဲ သူ့ကိုယုံကြည်သည်။
သို့သော် ထန်ချင်းယန်သည်လဲ ထန်မိသားစုဝင်ဖြစ်နေသေးသည်။ သူက ရှယ်ယာရှင်တစ်ယောက်သာဆိုသော်လည်း သူ့အနေနဲ့ ထန်လုပ်ငန်းစုကို တာဝန်ယူရသည့်လူဖြစ်လာနိုင်နေသေးသည်။
ထန်ယရှင်းက ထန်လုပ်ငန်းစု၏ဥက္ကဌဖြစ်နေရင်တောင် သူမမှာ ကုမ္ပဏီကို ထိန်းချုပ်နိုင်မည့်အရည်အချင်း မရှိလျှင် သူမစကားကို ဘယ်သူမှ နာခံကြမည်မဟုတ်ပေ။ အချိန်ကုန်လာသည်နှင့် ထန်လုပ်ငန်းစုကို ထန်ချင်းယန်သာ လက်ဝါးကြီးအုပ်သွားပေလိမ့်မည်။
တကယ်တမ်း ထိုသို့ဖြစ်ရန်မှာ တကယ်လဲ ထန်ချင်းယန်၏အစီအစဉ်ပင်။
ထန်ပင်းစန်ကဆက်ပြီးတော့၊ “သူ့မှာ Bမြို့ရဲ့ စီးပွားရေးပိုင်းကော နိုင်ငံရေးပိုင်းနဲ့ပါ အဆက်အသွယ်တွေအများကြီးရှိတယ်လို့ ကြားထားသေးတယ်။ ပွဲတော်တော်များများကလဲ အဖိတ်ခံရတယ်။ သူဆက်ပြီးအင်အားမကြီးလာစေဖို့ ငါ သူ့ကိုပြန်ခေါ်ဖို့လိုနေပြီ။”
***
အခန်း ၁၁၄၄ ထန်ချင်းယန် ဉာဏ်များလား?
ကုနင်းကြောင့် ထန်ချင်းယန်သည် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်မှ အရေးပါသည့်ဒုတိယမျိုးဆက်တချို့နှင့် မိတ်ဖွဲ့နိုင်ခဲ့ကာ ကုနင်းက သူ့ကို ဖန်းကျီယွေ့နဲ့အရင်ဆုံး မိတ်ဆက်ပေးခဲ့သည်။
ကုနင်းက ထန်ချင်းယန်အား Bမြို့တွင် အဆက်အသွယ်တွေရသွားအောင် ကူညီချင်နေကြောင်း ဖန်းကျီယွေ့သိသည်နှင့် သူ့သူငယ်ချင်းများနှင့်အတူ ထန်ချင်းယန်ကို အပြင်ထွက်လည်ဖို့ မကြာခဏခေါ်ခဲ့သည်။
ဖန်းကျီယွေ့သည် တစ်နေ့လုံးလျှောက်ပတ်ကစားနေသည်ကို စွန့်လွှတ်ကာ သူ့ကိုယ်ပိုင်လုပ်ငန်းအပေါ် အာရုံစိုက်နေပြီဖြစ်တာကြောင့် သူသည်လဲ အဆက်အသွယ်ကျယ်ပြန့်ဖို့လိုအပ်သည်။
ထန်ပင်းချောင်သေဆုံးရခြင်းသည် သူနှင့်စပ်ဆက်မှုရှိနေကြောင်း ထန်ချင်းယန်သိသွားပြီဖြစ်သည့်အကြောင်းကို ထန်ပင်းစန်မသိသေးသော်လည်း ထန်ချင်းယန်သည် ထန်လုပ်ငန်းစု၏ရှယ်ယာ၁၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် ထန်ချင်းယန်တွင် ထန်လုပ်ငန်းစုကို ခိုးယူဖို့ အကြံတွေရှိနေလိမ့်မည်ဟု ထန်ပင်းစန်ယုံကြည်နေခြင်းဖြစ်သည်။
ထန်ပင်းစန်သည် ထန်လုပ်ငန်းစုကြီးတစ်ခုလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်နိုင်ဖို့ အိပ်မက်မက်နေသူဖြစ်တာကြောင့် တခြားသောထန်မိသားစုဝင်များတွင်လဲ သူလိုအတွေးမျိုးရှိနေမည်ဟု တွက်ထားသည်။
ချီကျီယွဲ့တောင်မှ သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ပင်။ ချီကျီယွဲ့သည် အမြဲတမ်း ထန်လုပ်ငန်းစုက သူ့နေရာကိုအစားလိုယူချင်နေကြောင်း သူသိပေသည်။ သို့သော်လည်း ချီကျီယွဲ့၏ထိုရည်မှန်းချက်ကြောင့် ထန်လုပ်ငန်းစုတွင် ခိုင်းဖို့ အသုံးပြုနေလို့ရနိုင်နေတာကြောင့် ထန်ပင်းစန် စိတ်ထဲမထားခြင်းဖြစ်သည်။
ဒါ့အပြင် သူတို့တွေက တစ်လှေတည်းစီးနေကြသူများဖြစ်တာကြောင့် ချီကျီယွဲ့ကို ကန်ထုတ်တာက သူ့ကိုယ်ပိုင်အကျိုးအမြတ်ကိုပါ ထိခိုက်စေနိုင်သည်။
တကယ်တမ်း ထန်ပင်းစန်သည် သူ့နေရာကို အခုထိ ဘယ်သူမှမသိသေးသည့် သူ့တရားမဝင်သားထံကို လွှဲပြောင်းပေးဖို့ ကြံနေခြင်းဖြစ်သော်လည်း သူ့သားက အခုထိငယ်နေသေးတာကြောင့် စောင့်နေရုံသာရှိသည်။
ထန်ပင်းစန်၏ယုံကြည်မှုအပြည့်အဝရဖို့ရန်က မလွယ်ကူမှန်း ချီကျီယွဲ့လဲ သိပေမယ့် အရေးတော့မကြီးပေ။ ထန်ယရှင်းသာ သူ့ကိုလက်ထပ်ချင်နေသ၍ ထန်လုပ်ငန်းစုသည်လဲ အနှေးနဲ့အမြန် သူ့အပိုင်ဖြစ်လာပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ထန်ပင်းစန်အကျိုးရှိစေမည့်အရာမှန်သမျှ သူလုပ်ပေးခဲ့သည်မဟုတ်လား။ ပြောရရင် ထထန်ပင်းစန်အတွက် ကိစ္စတွေအများကြီးလုပ်ပေးခဲ့ကာ ထန်အိုက်နင်း၏သေဆုံးမှုတောင်ပါဝင်နေသေးသည်။
ထန်ပင်းစန်တွင် တရားမဝင်သားတစ်ယောက်ရှိနေကြောင်း ချီကျီယွဲ့မသိတာကြောင့် အနာဂါတ်တွင် သူသာ ထန်လုပ်ငန်းစုကို ရရှိပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်နေလေသည်။ ထို့အပြင် ထန်ပင်းစန်သည် ထန်ယရှင်းကို အလွန်အလိုလိုက်ထားတာကြောင့် ထန်ပင်းစန်ပိုင်ဆိုင်သမျှ ထန်ယရှင်းသာ ရလိမ့်မည်ဟု ထင်နေလေသည်။
“ထန်ချင်းယန်ကလဲ လွှတ်ထားလို့မရတဲ့လူပဲ။” ချီကျီယွဲ့ပြောလိုက်သည်။
ထန်ချင်းယန်သည် အထက်တန်းလွှာမိသားစုကဆိုလျှင်တောင် ဒီလောက်အချိန်တိုလေးအတွင်း Bမြို့တွင် အဆက်အသွယ်များစွာရှာနိုင်ခဲ့တာကတော့ မယုံနိုင်စရာကောင်းနေတုန်းပင်။
ထန်ချင်းယန်ပိုအောင်မြင်လာလေ ချီကျီယွဲ့အတွက် ပိုအန္တရာယ်များလာလေဖြစ်သည်။
“ဒီလိုသာဆို ထန်ယရှင်းက သမီးတို့အတွက် အန္တရာယ်ပဲပေါ့။” ထန်ယရှင်း စိုးရိမ်လာတော့သည်။ သူမငယ်ငယ်ကတည်းက သူမတစ်ယောက်တည်းကသာ ထန်လုပ်ငန်းစုကို ဆက်ခံသင့်သည်ဟု တွေးလာခဲ့တာဖြစ်သည်။
ထန်ချင်းယန်က သူမအတွက်ခြိမ်းခြောက်မှုဖြစ်လာလိမ့်မည်ဟု အခုထိ တစ်ခါမှမတွေးခဲ့မိဖူးပေ။
“ထန်ချင်းယန်မှာ အတွေ့အကြုံနည်းသေးတယ်၊ ငါသူ့ကိုအလွယ်လေးထိန်းချုပ်နိုင်တယ်။” ထန်ပင်းစန်ကတော့ မာန်မလျှော့ဘဲ ထန်ချင်းယန်ကို တော်တော်လေးလျှော့တွက်ထားလေသည်။
လက်ရှိအချိန်မှာတော့ ထန်ချင်းယန်သည် ထန်ပင်းစန်ကို မယှဉ်နိုင်သေးပေ။ သို့သော်လည်း သူ့တွင် ကုနင်း၏ပံ့ပိုးမှုရှိနေတာကြောင့် ထန်ပင်းစန်ကို ဖြုတ်ချဖို့ဆိုတာက သူ့အတွက် အရမ်းခက်ခဲနေတော့မည်မဟုတ်ပေ။
ထန်ချင်းယန်သည် ဉာဏ်ကောင်းသော်လည်း အတိုက်အခိုက်တော့မရတာကြောင့် ထန်ပင်းစန်က အကြမ်းနည်းသာသုံးလိုက်လျှင် သူ့ကိုအလွယ်လေးထိန်းချုပ်နိုင်မည်ဟု တွေးနေလေသည်။
ပြီးခဲ့သည့်တစ်ခေါက်က ထန်ချင်းယန် အလိုက်ခံခဲ့ရသည်မဟုတ်လား။ ကုနင်းသာ ရှိမနေခဲ့လျှင် သူဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလောကသ်ည်။ အခုတော့ သူ့ကိုကာကွယ်ပေးရန်အတွက် သက်တော်စောင့်တချို့ငှားထားခဲ့တာကြောင့် သူ့ကိုယ်သူ ပိုလုံခြုံသွားပြီဟု ခံစားနေရသည်။
သာမာန်သက်တော်စောင့်တွေကတော့ ထန်ချင်းယန်ကို ထန်ပင်းစန် ထိခိုက်အောင်လုပ်မည်အား မတားစီးနိုင်ပေမယ့် ထန်ချင်းယန်ကို အဲ့လောက်ထိလုပ်ဖို့မလိုပေ။
ထန်ချင်းယန်တွင် သေတမ်းစာရှိနေပြီးသားမှန်း ထန်ပင်းစန်သိနေတာကြောင့် သူ့ကိုမသတ်ရဲတာဖြစ်သည်။ ထန်ချင်းယန်သာသေသွားလျှင် သူပိုင်သည့် ထန်လုပ်ငန်းစုက ရှယ်ယာ၁၅ရာခိုင်နှုန်းသည် လူမှုကူညီရေးအဖွဲ့အစည်းသို့ လှူဒါန်းသွားမှာဖြစ်သည်။
ဒါကြောင့် သူ ထန်ချင်းယန်ကိုမသတ်နိုင်ဘဲ လောလောဆယ် ထန်ချင်းယန်ကို ထိန်းချုပ်ရုံသာတတ်နိုင်ပေသည်။
“သမီးတို့ ဘာလို့ သူ့ကိုဒီတိုင်းသတ်မပစ်လိုက်ရတာလဲ?” ရုတ်တရက် ထန်ယရှင်းမေးလိုက်သည်။
“သူ့မှာသေတမ်းစာရှိပြီးသား။ သူသာသေရင် ရှယ်ယာ၁၅ရာခိုင်နှုန်းက လူမှုကူညီရေးအဖွဲ့အစည်းကို အလိုအလျောက်လှူပြီးသားဖြစ်သွားလိမ့်မယ်။”
“ဘယ်လိုတောင်လုပ်ရဲတာလဲ? ဉာဏ်များတဲ့ကောင်!” ထန်ယရှင်း ဒေါသထွက်သွားတော့သည်။
…..
လူနာခန်းအပြင်ဘက်မှာတော့ ကျီယီယင်းသည် ပျင်းနေတာကြောင့် သူမသူငယ်ချင်းများနှင့် WeChatကနေ စကားပြောနေလေသည်။
ကျီယီယင်းသည် အမှန်ကို ပါးစပ်မလုံသူဖြစ်သည်။ အကြောင်းကတော့ လက်ရှိအချိန်တွင် သူမသည် ထန်ပင်းစန် သူမကိုကန်ထုတ်ကာ ချီကျီယွဲ့၊ ထန်ယရှင်းတို့နဲ့အတူ လုပ်ငန်းကိစ္စပြောနေကြောင်း မကျေမနပ်ဖွင့်ဟနေခြင်းကြောင့်ပင်။
သူမသူငယ်ချင်းတွေကလဲ သူမကိုနှစ်သိမ့်ပေးနေကာ မကြာခင်မှာပဲ အတင်းအဖျင်းတွေပြောကြတော့သည်။
တကယ်တမ်း ကျီယီယင်းသည် မယားငယ်ဖြစ်ဖူးတာကြောင့် လူချမ်းသာအမျိုးသမီးအများစုသည် သူမကိုသဘောမကျကြပေ။ သို့သော်လည်း ထန်ပင်းစန်၏လွှမ်းမိုးမှုကရှိနေတာကြောင့် ဘယ်သူမှ ထိုအကြောင်း ထုတ်မပြောရဲကြပေ။
ထန်ပင်းစန် ချီကျီယွဲ့တို့နှင့် စကားပြောပြီးနောက် ကျီယီယင်း လူနာခန်းထဲ ပြန်ဝင်နိုင်ခဲ့သည်။
ထန်ပင်းစန်နှင့်ကျီယီယင်းတို့ ဆေးရုံမှမပြန်ခင် ထန်ပင်းစန်က၊ “နာမည်ကြီးပဲရစ်ဒီဇိုင်နာ ဂျေဆင်ကာ ယရှင်းအတွက် မင်္ဂလာဝတ်စုံချုပ်ပေးဖို့ သဘောတူလိုက်ပြီ၊ လာမယ့်စနေကျရင် သူရောက်လိမ့်မယ်။
ဂျေဆင်သည် နာမည်ကြီးအင်တာနေရှင်နယ်ဒီဇိုင်နာတစ်ယောက်ဖြစ်ကာ ထန်ယရှင်းသည်လဲ သူ့ဒီဇိုင်းတွေကို နှစ်သက်တာကြောင့် သူမအတွက် မင်္ဂလာဝတ်စုံချုပ်ပေးဖို့ရန်ကမ်းလှမ်းခဲ့သည်။”
***
အခန်း ၁၁၄၅ မင်းကျောက်စိမ်းပိုရတယ်လား?
ထန်အိုက်နင်း၏သေဆုံးမှုပြီးနောက် ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ မြန်မြန်လက်ထပ်ဖို့ပြင်ခဲ့ကြသော်လည်း ဂျေဆင်က အလုပ်ရှုပ်နေတာကြောင့် ထန်ယရှင်း စောင့်နေခဲ့တာဖြစ်သည်။
မင်္ဂလာဝတ်စုံချုပ်ဖို့အတွက် အချိန်တစ်ပတ်သာလိုတာကြောင့် နောက်၂လနေရင် သူတို့မင်္ဂလာပွဲကျင်းပတော့မည်ဖြစ်သည်။
ကုနင်းသာ သူတို့မင်္ဂလာဆောင်တော့မည်မှန်းသိလျှင် သူတို့ကိုပျော်ရွှင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။ သူတို့မင်္ဂလာပွဲကို တားမည်တော့မဟုတ်ဘဲ သူတို့တစ်သက်မမေ့ပစ်နိုင်စရာ လက်ဖွဲ့မျိုးပေးမည်ဖြစ်သည်။
….
“တကယ်လား? ကောင်းလိုက်တာ။” ထန်ယရှင်း စိတ်လှုပ်ရှားသွားတော့သည်။
သူမ ချီကျီယွဲ့နှင့်လက်မထပ်ချင်သေးသော်လည်း သူတို့နှစ်ယောက်က အတွဲတွေလိုအတူနေနေကြပြီဖြစ်ကာ ရိုမန့်တစ်ဆန်သည့်မင်္ဂလာပွဲဆိုသည်က မိန်းကလေးတိုင်းအတွက် အိပ်မက်တစ်ခုလဲဖြစ်သေးသည်။
ချီကျီယွဲ့လဲ စိတ်လှုပ်ရှားသွားပေမယ့် ထန်ယရှင်းနှင့်လက်ထပ်ပြီးနောက် ရရှိလာမည့် အကျိုးအမြတ်အတွက်သာဖြစ်သည်။
ထို့နောက် ထန်ပင်းစန်နှင့်ကျီယီယင်းတို့ ပြန်သွားကြသည်။ သို့သော်လည်း ချီကျီယွဲ့နှင့် ထန်ယရှင်းတို့ကတော့ ဆေးရုံတွင် ရက်အနည်းငယ်ထပ်နေရပေဦးမည်။ ကံကောင်းစွာဖြင့် နှစ်ယောက်လုံး လူနာခန်းတစ်ခန်းထဲမှာဖြစ်တာကြောင့် စကားပြောနိုင်၍ ပျင်းရမည်တော့မဟုတ်ပေ။
…..
နောက်တစ်နေ့ ကုနင်း မြိုတော်မှမပြန်ခင် ကျောက်ရိုင်းတချို့သယ်ကာ JadeBeautyလက်ဝတ်ရတနာစက်ရုံသို့ သွားခဲ့သည်။
မြို့တော်၊ Bမြို့နှင့် Gမြို့ရှိ JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲအားလုံးအတွက် ကျောက်ရိုင်းတွေ ပိုပိုလိုနေတာကြောင့် ကုနင်းက စိတ်စွမ်းအင်အာကာပြင်ထဲတွင် ကျောက်ရိုင်းတွေ အများကြီးထည့်ထားခဲ့ခြင်းဖြစ်သည်။
စိတ်စွမ်းအင်အာကာပြင်ရှိနေတာကြောင့် သူမဘယ်သွားသွား ကျောက်ရိုင်းတွေကို အလွယ်လေးသယ်သွားနိုင်ပေသည်။
စိတ်စွမ်းအင်အာကာပြင်တစ်ခုလုံး ကျောက်ရိုင်းတုံးတွေနဲ့ပြည့်နေတာကြောင့် တခြားပစ္စည်းများနှင့် ကျောင်းကိုဆန့်ဖို့ရန် တချို့တလေကို ထုတ်ပစ်ဖို့လိုအပ်သည်။
မနက်စောစောမှာပဲ ကုနင်းက ထရပ်ကားအသေးတစ်စီးလောက်ရှာပေးဖို့ရန် လင်ရှောင်းထင်ကိုအကူအညီတောင်းလိုက်သည်။ ထို့နောက် သူမမြို့တော်ရှိ JadeBeautyလက်ဝတ်ရတနာစက်ရုံသို့မသွားခင် ကျောက်ရိုင်းတုံးသုံးပုံတစ်ပုံကို ထုတ်ယူခဲ့သည်။
JadeBeautyလက်ဝတ်ရတနာ၏ အဓိကစက်ရုံသည် မြို့တော်တွင် တည်ထားခြင်းဖြစ်ကာ Bမြို့နှင့်Gမြို့မှာလဲ နောက်ထပ်စက်ရုံနှစ်ခုရှိသေးသည်။ မြို့တော်ရှိစက်ရုံသည် အလွန်ကြီးမားသော်လည်း မြို့တော်တွင် JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲသုံးဆိုင်သာ ရှိတာကြောင့် အလုပ်သမားတွေအများကြီး ငှားဖို့တော့မလိုအပ်ပေ။
JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲတွေ အများကြီးထပ်ဖွင့်လျှင်တော့ စက်ရုံတွင်အလုပ်လုပ်ဖို့ရန် အလုပ်သမားတွေ ဒီထက်ပိုငှားရပေမည်။
JadeBeautyလက်ဝတ်ရတနာစက်ရုံသည် သူမလုပ်ငန်းစုရုံးချုပ်နှင့်သိပ်မဝေးတာကြောင့် မြန်မြန်ပဲ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ကုနင်း ကိုလိန်းသို့ပါ တစ်ချက်သွားကြည့်လေသည်။
………
ကုနင်း ကိုလိန်းကိုလွှဲယူလိုက်ပြီးကတည်းက လုပ်ငန်းသည် ပိုအောင်မြင်ကာ အမြတ်လဲပိုရလာတာကြောင့် နဉ်ချန်းခိုင်အတွက် နေ့ရက်တိုင်းက သာယာနေတော့သည်။
ခိုကျီသည်လဲ ဈေးနည်းနည်းနှင့် မယုံနိုင်စရာအစွမ်းထက်တာကြောင့် အချိန်တိုအတွင်း အလွန်နာမည်ကြီးနေပေပြီ။
ကိုလိန်း၏ဆေးဝါးများသည် ခိုကျီအလုပ်ကုန်ပစ္စည်းတွေလောက် အမြတ်အစွန်းမများသော်လည်း သူ့ဟာနှင့်သူတော့ အဆင်ပြေနေတုန်းပင်။ အိမ်တော်တော်များများတွင် အိမ်သုံးဆေးသေတ္တာများရှိတာကြောင့် ကိုလိန်း၏ရောင်းအားသည် ခိုကျီထက်တော့ မဆိုးလှပေ။
ပြောရရင်တော့ ခိုကျီရော ကိုလိန်းသည်ပါ သက်ဆိုင်ရာနယ်ပယ်များတွင် အောင်မြင်နေသည့်ဘရန်းများဖြစ်လို့နေပေပြီ။
နဉ်ချန်းခိုက်ကတော့ ကုနင်းကိုမြင်သည်နှင့် ပျော်ရွှင်သွားတော့သည်။ သူတို့ထုတ်ကုန်တွေက ဝယ်ယူမှုအားအလွန်များလာတာကြောင့် ပစ္စည်းတွေပြတ်ကုန်ကာ လူထပ်ငှားဖို့လိုနေကြောင်း ကုနင်းကိုပြောပြခဲ့သည်။
ကုနင်းသည် ခိုကျီနှင့်ကိုလိန်းတို့ အောင်မြင်မည်ဖြစ်ကြောင်းယုံကြည်ထားပြီးဖြစ်သော်လည်း အခုလို ကြားသိရချိန်တွင် ပျော်ရွှင်မိတုန်းပင်။
သူမလင်ရှောင်းထင်နှင့်အတူ စက်ရုံတွင် တော်တော်ကြာနေခဲ့ပြီးကာမှ နဉ်ချန်ခိုင်နှင့်အတူ နေ့လည်စာထွက်စားခဲ့သည်။
….
နေ့လည်စာစားပြီးနောက်မှာတော့ ကုနင်းလေဆိပ်ဆင်းလေသည်။
လင်ရှောင်းထင်မှာ သူမနှင့်မခွဲခွာချင်သော်လည်း လေယာဉ်တက်သွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။
တစ်နာရီကြာပြီးနောက်မှာတော့ ကုနင်း Gမြို့သို့ရောက်သွာကာ မြို့လယ်သို့တက္ကစီငှားသွားခဲ့သည်။ ထို့နောက်မှာတော့ ထရပ်ကားတစ်စီးငှားကာ ကျောက်ရိုင်းတချို့ကို ခွဲထုတ်လိုက်သည်။
Gမြို့စက်ရုံတွင် ကျောက်ရိုင်းပြတ်နေတာကြောင့် ကုနင်း ကျောက်ရိုင်းတွေလာပို့တာဖြစ်သည်။
ထို့နောက် သူမကျိုးကျန်းဟုန်ကို ဖုန်းဆက်လိုက်သည်။
ကုနင်း ကျောက်စိမ်းတွေအများကြီးသယ်ပြီး ရောက်လာကြောင့် ကျိုးကျန်းဟုန်ကြားသည်နှင့် အလွန်ပျော်ရွှင်သွားတော့သည်။ သူသိပ်မမေးမနေတော့ဘဲ စက်ရုံမှာသာတွေ့ဖို့ရန် ချိန်းလိုက်ကြသည်။
ကုနင်းကိုတွေ့လိုက်သည်နှင့် ကျိုးကျန်းဟုန် အပြုံးကြီးကြီးဖြင့် ချက်ချင်းအပြေးသွားကာ ကြိုဆိုလိုက်သည်။ “ဟိုင်း၊ ဘော့စ်၊ မင်းဒီတစ်ခေါက် မြန်မာကနေ ကျောက်ရိုင်းတွေအများကြီးရလာတာလား?”
ဒါကမေးခွန်းတစ်ခုသာဖြစ်သော်လည်း အဖြေကတော့ သူ့မှာရှိပြီးသားပင်။ ကုနင်း၏ကျောက်အလောင်းအစားအရည်အချင်း ဘယ်လောက်တောင်ကောင်းကြောင်း သူသိလေသည်။
“ဟုတ်တယ်၊ ဒါတွေအားလုံး မြန်မာကရလာတာ၊ ဒါပေမယ့် ဒါက ရလာသမျှထဲက အနည်းအကျဉ်းပဲရှိသေးတယ်။”
ကုနင်း၏ ဂုဏ်ယူစွာပြောလိုက်သည့်စကားကြောင့် ကျိုးကျန်းဟုန် အံ့ဩသွားလေသည်။
“ဝါး၊ ဘော့စ်၊ မင်းကတော့ တကယ်အံ့ဩဖို့ကောင်းတာပဲ!”
ကုနင်းပြုံးလိုက်ပြီး ဆက်ရှင်းပြမနေပေ။
“အာ.. ဘော့စ်၊ ငါ့နေရာကို တစ်ယောက်ကိုလွှဲဖို့ စီစဉ်ထားတယ်။ ငါ့သားက ဒီလပတ်ပြီးရင် မြို့တော်ကိုပြောင်းတော့မှာ။”
ကုနင်း၏လုပ်ငန်းစုရုံးချုပ်သည် မြို့တော်တွင်ရှိကာ သူသည်လဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ရှယ်ယာရှင်တစ်ဦးဖြစ်တာကြောင့် သေချာပေါက် ရုံးချုပ်တွင် အလုပ်လုပ်တာ သင့်တော်သည်။
ကျိုးကျန်းဟုန်တွင် မိဘများမရှိတော့သလို ဆွေမျိုးများသည်လဲ သူမွဲသွားတုန်းက စွန့်ခွာသွားကြပြီဖြစ်သည်။ အခုဆို သူ့တွင် သားတစ်ယောက်သာရှိကာ သူ့သားလဲ အတူလိုက်ပေမည်။ ထို့အပြင် မြို့တော်ရှိ ပညာရေးက ပိုကောင်းတာကြောင့် သူ့သားသာ မြို့တော်တွင် ပညာသင်နိုင်လျှင် ပိုကောင်းသည်။
ကုနင်းသည် ရက်ရောလွန်းသည့်ဘော့စ်တစ်ဦးပင်။ ကျိုးကျန်းဟုန်သည် JadeBeauty၏ရှယ်ယာရှင်တစ်ယောက်ဖြစ်သလို အထွေထွေမန်နေဂျာတစ်ယောက်လဲဖြစ်နေမှတော့ သူ့နာမည်နဲ့ အိမ်တစ်လုံး ကားတစ်စီး ပေးထားပေသည်။
အိမ်သည် အလွန်ကြီးမားကာ ရှန်းနဉ်လုပ်ငန်းစုနှင့်သိပ်မဝေးဘဲ ကားသည်တော့ ယွမ်၂သန်းတန် Maseratiတစ်စီးဖြစ်သည်။
***
အခန်း ၁၁၄၆ ကျိုးကျန်းဟုန်၏ အရှက်မရှိသည့်ဆွေမျိုးများ
Maseratiတစ်စီးသည် ကျိုးကျန်းဟုန်အတွက် မလုံလောက်ပေ။
တကယ်တော့ ချမ်းသာသည့်လူတိုင်း ဈေးကြီးတန်ကားတွေစီးကြတာမဟုတ်ပေ။ ဥပမာအားဖြင့် ကုနင်းဆို ထန်မိသားစုကပေးသည့် Lamborghiniကို တစ်ခါတစ်လေမှသာ စီးဖြစ်သည်။ အများအားဖြင့်တော့ ယွမ်တစ်သန်းတောင်မရှိသည့် LandRoverကိုသာ စီးလေသည်။ တစ်ခါတလေ လူတွေက ချမ်းသာလေ ပိုပြီး သိုသိုသိပ်သိပ်နေတတ်ကြလေဖြစ်သည်။
သို့သော်လည်း ကျုံးကျန်းဟုန်သည်က JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာဖြစ်တာကြောင့် သူ့အဆင့်အတန်းသူထိန်းသိမ်းဖို့ လိုအပ်သည်။
တကယ်တော့ ကုနင်း သူ့ကိုကားမဝယ်ပေးရင်တောင်မှ ကျိုးကျန်းဟုန် သူ့ဘာသာ ဝယ်နိုင်ပေသည်။ နှစ်ကုန်ဆိုလျှင်လဲ JadeBeautyလက်ဝတ်ရတနာမှ သူ့ရှယ်ယာကနေပြီ အစုအမြတ်ရဦးမည်ဖြစ်သည်။
အဲ့ဒါထက် ပြီးခဲ့သည့်လများအတွင်း JadeBeautyလက်ဝတ်ရတနာသည် အမြတ်များစွာရရှိခဲ့ကာ ကျိုးကျန်းဟုန်တွင်လဲ အခုဆို ယွမ်၁၀သန်းလောက်ရှိနေပေပြီ။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်း ပိုနာမည်ကြီးလာလေ သူ့ရောင်းအားကလဲ ပိုများလာလေဖြစ်တာကြောင့် ကျိုးကျန်းဟုန်၏ နှစ်စဉ်အစုအမြတ်ငွေသည် ယွမ်သန်း၅၀ထက်နည်းမည်မဟုတ်ပေ။ ဒါကြောင့် ကျိုးကျန်းဟုန်အဖို့ မြို့တော်တွင် အိမ်ဝယ်ရမည်ဆိုလျှင်တော့ ခက်ခဲတော့မည်မဟုတ်ပေ။
သို့သော်လည်း ကျိုးကျန်းဟုန်ကတော့ သူနှင့်သူ့သားနှစ်ယောက်သာ ရှိတာကြောင့် အိမ်အကြီးကြီးမလိုချင်ပေ။ မိထွေးက သူ့သားကိုကောင်းကောင်းမဆက်ဆံမည်စိုးတာကြောင့် နောက်ထပ်လပ်ထပ်ဖို့လဲ စိတ်ကူးမရှိပေ။
“ကောင်းပြီ၊ ဒါဆို….” ကုနင်းတစ်ခုခုပြောမလို့ရှိသေး ကျိုးကျန်းဟုန်၏ဖုန်းက မည်လာတာကြောင့် ရပ်လိုက်ရသည်။
“တောင်းပန်ပါတယ်၊ ဘော့စ်၊ ငါဖုန်းဖြေမှရမှာမို့။” ကျိုးကျန်းဟုန် ကုနင်းကိုတောင်းပန်လိုက်ပြီး သူ့ဖုန်းကိုထုတ်လိုက်သည်။ သူ့အလုပ်အတွက် ဖုန်းဖြစ်နေမည်အား စိုးရိမ်တာကြောင့်ဖြစ်သည်။ သို့သော်လည်း ခေါ်ဆိုသူနာမည်ကိုမြင်လိုက်ရချိန်မှာတော့ စိတ်ပျက်မိသွားသော်လည်း ခဏမျှတွေးကြည့်ပြီးနောက် ဖုန်းကိုပြန်ဖြေလိုက်သည်။
“ဟဲလို၊ ကျန်းဟုန်၊ ငါမင်းအစ်ကိုကြီး။” တစ်ဖက်မှ အမျိုးသားတစ်ယောက်အသံ ထွက်ပေါ်လာသည်။ “အမ်… မင်ခိုင် လက်ထပ်တော့မှာ မင်းသိတယ်မလား။”
“ဘယ်တော့လဲ? ငါအဲ့နေ့အားမလားကြည့်လိုက်မယ်။”
သူ့အစ်ကို အစ်မတွေနဲ့ ခပ်ကင်းကင်းနေချင်သော်လည်း သူ့တူမင်္ဂလာပွဲကို သွားဖို့တော့ ကိစ္စမရှိပေ။
“အာ…” တစ်ဖက်အမျိုးသားက တုံ့ဆိုင်းနေပြီးကာမှ ဆက်ပြီး… “ကောင်မလေးဘက်ကမိသားစုက မြို့လယ်မှာ ၁၀၀စတုရန်းမီတာထက်မနည်းတဲ့ အိမ်တစ်လုံးနဲ့ ယွမ်၅သိန်းကျော်ကားတစ်စီး လိုချင်နေတယ်။”
“အဲ့ဒါ မင်းမိသားစုကိစ္စလေ။ ဘာလို့ ငါ့ကိုလာပြောပြနေတာလဲ?” ကျိုးကျန်းဟုန် နားမလည်သလိုဟန်ဆောင်လိုက်ပေမယ့် ဘာကိုရည်ရွယ်ပြောနေမှန်း သေချာနားလည်လေသည်။ သူ့အစ်ကိုအကြီးဆုံးက သူ့ဆီက ငွေလိုချင်နေခြင်းသာဖြစ်သည်။
“ငါတို့မှာ အဲ့လောက်ငေါအများကြီးမရှိဘူးလေ။” ကျိုးကျန်းထန် ပြောလိုက်သည်။
“အဲ့ဒါဆိုလဲ မဝယ်နေနဲ့ပေါ့။”
ကျိုးကျန်းဟုန် တမင်နားမလည်ချင်ယောင်ဆောင်နေမှန်း ကျိုးကျန်းထန်သိလေသည်။ သူစိတ်တိုသွားသော်လည်း ကျိုးကျန်းဟုန်ကို အပြစ်မတင်ရဲပေ။
“ငါတို့သာ အိမ်နဲ့ကားမဝယ်ပေးရင် ကောင်မလေးက ငါတို့မိသားစုထဲ လက်ထပ်ဝင်မှာမဟုတ်ဘူး။”
“ဒါဆို ဘာလို့ အိမ်ကြီးကြီးနဲ့ ဈေးကြီးတန်ကားမျိုးလိုချင်တဲ့ မိန်းကလေးကို ရှာထားလဲ? ပြီးတော့ မင်းမှာ အိမ်တစ်လုံးနဲ့ ကားတစ်စီးရှိပြီးသားလေ။ ဒီအိ်က အရမ်းမရှိဘူး၊ ကားကလဲ အရမ်းဈေးမကြီးဘူးဆိုပေမယ့် မင်းတို့တစ်မိသားစုအတွက်တော့ လုံလောက်နေပါပြီ။”
တကယ်တမ်း ကျိုးကျန်းထန်တို့မိသားစု၏အိမ်နှင့်ကားဆိုသည်ကလဲ ကျိုးကျန်းဟုန်သာ ဝယ်ပေးထားခြင်းဖြစ်သည်။
သူတို့အိမ်က မြို့လယ်နှင့်ဆို နည်းနည်းလှမ်းပေမယ့် လူငါးယောက်ကျယ်ကျယ်လွင့်လွင့်နေထိုင်ဖို့ လုံလုံလောက်လောက်ကြီးသည်။ ကားဆိုသည်ကလဲ အနည်းငယ်ဟောင်းနေပြီဖြစ်ပေမယ့် သုံးလို့ရနေတုန်းပင်။
ကျိုးကျန်းထန်တို့မိသားစုက ကားနှင့်အိမ်မရှိတာမဟုတ်ဘဲ သက်သက်လောဘတက်နေခြင်းသာဖြစ်သည်။
ကျိုးကျန်းဟုန်၏ကုမ္ပဏီ အမြန်အစွန်းများနေချိန်တုန်းက ယွမ်၆သန်းနီးနီးသုံးကာ သူ့အစ်ကိုနှင့်အစ်မအတွက် အိမ်တစ်လုံးကားတစ်စီး ဝယ်ပေးခဲ့သည်။ သို့သော်လည်း သူ့ကုမ္ပဏီ ဒေဝါလီခံလိုက်ရသည်နှင့် ထိုလူတွေက သူ့ကိုမျက်ကွယ်ပြုခဲ့ကြသည်။
ကျိုးကျန်းဟုန်က သူ့သားလေးကို အချိန်ခဏလောက် စောင့်ရှောက်ပေးစေချင်ခဲ့ရုံဖြစ်သော်လည်း သူတို့ကတော့ ငြင်းဆန်ကာ သူ့ဖုန်းကိုတောင် ပြန်မဖြေကြတော့ပေ။
သိပ်မကြာခင်အချိန်တုန်းက ကျိုးကျန်းဟုန်တစ်ယောက် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာဖြစ်နေပြီမှန်း သိသွားကြတာကြောင့် သူ့ကိုတစ်ခါပြန်ဆက်သွယ်လာခဲ့ကြသည်။
……..
ကျိုးကျန်းဟုန်ပြောတာတွေက မှန်နေတာကြောင့် ကျိုးကျန်းထန် ဘာပြောလို့ပြောရမှန်း မသိတော့ပေ။ သူ့မိသားစုက ဆင်းရဲနေတာလဲမဟုတ်ဘူးလေ။
ကျိုးကျန်းထန်နှင့်သူ့ဇနီးဖြစ်သူတို့သည် နိုင်ငံပိုင်စွန့်ဦးလုပ်ငန်းတစ်ခုတွင် လုပ်နေကြကာ တစ်ယောက်ကို တစ်လလျှင် ယွမ်၁သောင်းနီးပါးရကြသည်။
ကျိုးကျန်းထန်၏သား ကျိုးမင်ခိုင်ဆိုလျှင်လဲ တက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်နေကာ တစ်လလျှင် ယွမ်၆ထောင်ရပြီး ထပ်တိုးသွားဖို့သာရှိသည်။
ထို့အပြင် ကျိုးမင်ခိုင်၏ချစ်သူသည်လဲ သူနှင့်တက္ကသိုလ်တစ်ခုတည်းတွင်လုပ်တာကြောင့် သူတို့လစာတွေက အတူတူနီးပါးပင်။
ပြောရရင်တော့ သူတို့ငွေနဲ့သူတို့ အိမ်တစ်လုံးဝယ်ဖို့ဆိုတာ မခက်ကြပေမယ့် သိပ်တော့ကြီးမည်မဟုတ်ပေ။ သူတို့သာ ငွေစုထားကြလျှင် ကားကောင်းတစ်စီးတောင် ဝယ်နိုင်သေးသည်။
အရင်တုန်းကဆို ကျိုးကျန်းဟုန်က ငွေအပြည့်မပေးလျှင်တောင်မှ သူတို့အတွက် စိုက်ထုတ်ပေးခဲ့သည်။ သို့သော်လည်း အခုတော့ ကျိုးကျန်းဟုန် အိတ်ထဲက ငွေတစ်ပြားထွက်ဖို့တောင် မဖြစ်နိုင်တော့ပေ။
ကျိုးကျန်းထန်က၊ “ကျန်းဟုန်၊ ငါရှင်းရှင်းပဲပြောတော့မယ်၊ မင်းက ငါတို့ထက်အများကြီး ပိုချမ်းသာတာပဲ။ ဘာပဲဖြစ်ဖြစ် မင်ခိုင်က မင်းရဲ့တူပဲလေ။ ဦးလေးတစ်ယောက်အနေနဲ့ တူမင်္ဂလာပွဲအတွက် အိမ်တစ်လုံး ကားတစ်စီးလောက်တော့ ပေးနိုင်ရမှာပေါ့။” ကျိုးကျန်းထန် အရှက်မဲ့စွာပြောလိုက်သည်။
ကျိုးမင်ခိုင်သည် အမှန်ကို ကျိုးကျန်းဟုန်၏တူတစ်ယောက်ဖြစ်သော်လည်း သူ့သားတော့မဟုတ်ပေ။ ဘာကြောင့်များ တူတစ်ယောက်ကို ကျိုးကျန်းဟုန်က အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးရမှာတုန်း?
သူ့အစ်ကိုဖြစ်သူ၏ အရှက်မရှိလှသည့်စကားကြောင့် ကျိုးကျန်းဟု အံ့ဩသွားရပြန်တော့သည်။
***
စာစဉ် ၇၅ ပြီး၏။