← Chapters

မီလန်တိုက်ပွဲ

Vol. 3 Ch. 147

မီလန်တိုက်ပွဲ

Vol. 3 Ch. 147

ည။

ဆောင်းရာသီဝင်စ ပြုလာပြီဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုက အေးစက်လာခဲ့ပြီ။

အာ့... အာ့... အာ့...

မီလန်မြို့ထဲမှာ မကြုံစဖူး ကျီးကန်းတွေအများကြီးပျံသန်းနေပြီး လမ်းတိုင်း၊ လမ်းတိုင်းရဲ့အဆောက်အဦးတွေပေါ်မှာ နားခိုနေကာ အရာရာတိုင်းကို စောင့်ကြည့်နေသူတွေလိုမျိုး ထင်ရပါတယ်။

ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ပြီး နန်တန်ဒိုဂိမ်းစက်ကိုကိုင် ဂိမ်းကစားနေတဲ့ နီကိုလပ်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါတယ်။ ကျီးငှက်တချို့က အပြင်ဘက် လေသာဆောင်မှာနားနေပြီး သူ့ကိုကြည့်နေတာ သတိထားမိလို့ ဖြစ်ပါတယ်။

“မင်းက ငါတို့ကို စောင့်ကြည့်ချင်တာလား။ စောင့်ကြည့်နေလည်း အပိုပဲနော်။ ရိုမြူလက်ဘုရားကျောင်းက အမှောင်ကျောင်းထက် အများကြီး ပိုအစွမ်းထက်တာမလို့လေ။”

နီကိုလပ်က ခပ်ဟဟရယ်မောလိုက်ရင်း ပြောလိုက်ပါတယ်။ ခဏနေတော့ သာမန်လူတွေကြားထဲမှာ ထင်းထွက်နေအောင် ခန္ဓာကိုယ်ထွားပြီး တစ်ကိုယ်လုံးဗလတွေနဲ့ပြည့်နေတဲ့ အသား ညိုညိုနဲ့အမျိုးသမီးက စားသောက်ဆိုင်ထဲဝင်လာပါတယ်။ နီကိုလပ်ရဲ့နတ်မြင်းပျံတပ်မ တပ်မှူးကြီးဂျူလီယာပါ။

“အရှင်မြတ်၊ မီးလျှံကျောင်းတော်ရဲ့အယ်ဒါ ရိုစယ်လီယာက တွေ့ခွင့်တောင်းနေပါတယ်။”

နီကိုလပ်က ပြုံးလိုက်တယ်။ “ကြည့်ရတာ လာမယ့်တိုက်ပွဲက တော်တော်လေး စိတ်ဝင်စားစရာကောင်းမယ့်ပုံပဲ။ သူ့ကို ဝင်ခွင့်ပေးလိုက်။”

လှံသူတော်စင်ဆီကနေပြီး ခွင့်ပြုချက်ရပြီးတဲ့နောက်မှာတော့ ဂျူလီယာက ဆိုင်တံခါးဆီကိုသွားလိုက်ပြီး တံခါးကိုဆွဲဖွင့် လိုက်ပါတယ်။ မကြာခင်မှာပဲ ရိုစယ်လီယာနဲ့အတူ စွမ်းအားကြီးပုံ ပေါ်ကြတဲ့ မီးလျှံကျောင်းတော်ရဲ့ ဆီနိတ်တာခြောက်ယောက် ဆိုင်ထဲကိုဝင်လာကြတယ်။

နီကိုလပ်ကတော့ ကော်ဖီခွက်ကို ဇွန်းသေးသေးလေးနဲ့မွှေရင်း တစ်ခွန်းပဲ ပြောလိုက်ပါတယ်။ “မဟာမိတ်ဖွဲ့ဖို့အတွက် လာခဲ့တာလား။”

ဒါပေမဲ့ တစ်ဖက်မှာရှိနေတာ ရိုစယ်လီယာက ခေါင်းခါလိုက်တယ်။ “မဟုတ်ဘူး၊ ငါက နင့်ကိုသတိလာပေးမလို့။ ဆယ်ဗီက ငါ့ရဲ့ သားကောင်ပဲ။ ကျန်တဲ့သူတွေကို နင်ဘာလုပ်လုပ်ကိစ္စမရှိဘူး။ သူ့ကိုတော့ ထိဖို့မကြိုးစားနဲ့။”

ရိုစယ်လီယာက အခုလိုမျိုးပြောပြီးတာနဲ့ သူ့လူတွေကိုခြံရံကာ ဆိုင်ထဲကနေ ထွက်သွားပါတယ်။ နီကိုလက်ကတော့ မီးလျှံ ကျောင်းတော်ကလူတွေ ဆိုင်ထဲကထွက်သွားတာကို သွေး အေးအေးနဲ့သာ ကြည့်နေခဲ့ပါတယ်။

ရိုစယ်လီယာထွက်သွားပြီးတဲ့နောက် အပေါ်ထပ်ကနေပြီးတော့ သီယာနဲ့အတူ နတ်လေးသည်တော်တပ်ဖွဲ့ခေါင်းဆောင် ဩစတင်း ဆင်းလာတယ်။ သီယာက နီကိုလပ်ကို မေးလိုက်တယ်။

“ သူတို့က မဟာမိတ်ဖွဲ့ဖို့မဟုတ်ဘဲ သီးသန့်လှုပ်ရှားမယ်လို့ ပြောခဲ့တာဆိုတော့ အစီအစဥ်အပေါ် ထိခိုက်မှုရှိနိုင်မလား။”

နီကိုလပ်က ခေါင်းခါလိုက်တယ်။ “မဟုတ်ဘူး၊ ပိုတောင်မှ ကောင်းသွားသေးတယ်။ သူတို့က ကျွန်တော်တို့အတွက် ကိန်းရှင်ဖြစ်နေတဲ့ ဆယ်ဗီကိုရင်ဆိုင်ပေးမှာမလို့ စိတ်ပူစရာ ဘာမှမရှိတော့ဘူး။”

နီကိုလပ်က စကားကိုအဆုံးသတ်လိုက်ရင်းနဲ့ သူ့ဝတ်ရုံအောက်က တစ်စုံတစ်ခုကိုစမ်းလိုက်တယ်။ “ကျန်တာကတော့ ငါတို့တွေရဲ့ လျှို့ဝှက်လက်နက်ကိုပဲ အားကိုးရတာပေါ့။” နီကိုလပ်က ပြောရင်းနဲ့ အပြင်ဘက်က သူ့ကိုကြည့်နေတဲ့ ကျီးအတွေကို တမင်သက်သက် ကြည့်လိုက်ပြန်တယ်။

...

“အယ်... ရှင်က ချက်တတ်ပြုတ်တတ်သားပဲ။”

အယ်မာက အောက်ထပ်ကိုလာပြီး ​ချေ့စ်နဲ့ကြက်သားကြော်နေတဲ့ ဦးလေးလူကာကို အကဲခတ်လိုက်ရင်း ပြောလိုက်ပါတယ်။ ကြောင်ပေါက်လေးတွေကတော့ မီးဖိုချောင်ထောင့်နားက စက္ကူဘူးထဲမှာ ကွေးနေကြတာပေါ့။

အယ်မာနဲ့ အတူပါလာတဲ့ ဒါလီယာက လက်ထဲမှာ အသင့်သောက် နို့ဘူးလို့ထင်ရတဲ့နို့ဘူးကိုသာ စွဲစွဲမြဲမြဲ ပိုက်နဲ့သောက်နေတယ်။

“ညစာမစားရသေးရင် တစ်ခါတည်းစားသွားလိုက်လေ။” ဦးလေး လူကာက ဖိတ်ခေါ်လိုက်ပေမဲ့ အယ်မာကတော့ ခေါင်းခါပြတယ်။

“ဒီနေ့တော့ အပြင်မှာပဲ စားတော့မယ်။”

အဲဒီနောက်တော့ အယ်မာက နို့ဘူးကိုင်ထားတဲ့ကောင်မလေးကို ခေါ်ပြီးတော့ အပြင်ကိုထွက်လိုက်ပါတယ်။ တံခါးကိုဖွင့်ပြီးတော့ အပြင်ထွက်လိုက်တာနဲ့ လေပြင်းတွေကြောင့် သူ့ဆံပင်တွေက လှုပ်ရှားသွားတယ်။ အဲဒီနောက်တော့ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်ပြီးတော့ ညငှက်များစွာ အဆောက်အဦးတွေပေါ်မှာရှိနေတာ သတိထားမိလိုက်ပါတယ်။ နောက်တော့ သူက ပြုံးလိုက်တယ်။

“ညမင်းသားရဲ့တမန်တော်တွေက နေရာတိုင်းမှာပါပါပဲလား။”

ဒေါက်... ဒေါက်... ဒေါက်...

လမ်းကြားလေးရဲ့တိတ်ဆိတ်မှုကို ဒေါက်ဖိနပ်ကနေထွက်လာတဲ့ ပဲ့တင်သံတွေက ဖြိုခွင်းလိုက်ပါတယ်။ အယ်မာက အသံလာရာကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ သူနဲ့ဆန့်ကျင်ဘက်မှာ မှော်နှင်တံကို စနစ်တကျကိုင်ထားတဲ့ နာတာရှာရှိလို့နေပါတယ်။ နာတာရှာက EUOC စစ်ဝတ်စုံအစား ဒီဇိုင်းဆင်တူပြီးကြည့်လို့ကောင်းတဲ့ ဘလေဇာနဲ့ မီနီစကပ်ကိုဝတ်ထားတယ်။ သူက EUOCကို ဒီနေ့ည ကိုယ်စားမပြုတော့ဘဲ အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်အနေနဲ့ ရောက်လာခဲ့တာပါ။

“တပ်မှူးအယ်မာ... ဒါလီယာကို ဒီနေရာကိုခေါ်လာဖို့အတွက် ဌာနချုပ်ရဲ့ခွင့်ပြုချက်ရော ရှိရဲ့လား။”

အယ်မာရဲ့မျက်နှာပေါ်မှာတော့ အပြုံးက တင်ကျန်နေဆဲပဲ။ သူက မှော်နှင်တံကိုအလားတူထုတ်လိုက်ပြီးတဲ့နောက် နာတာရှာကို ပြောလိုက်ပါပြီ။

“တပ်မှူးနာတာရှာ၊ ရှင်က လောလောဆယ် တခြားတစ်ယောက်ရဲ့ ရုပ်သေးဖြစ်နေတယ်။ ဒီတော့ ဒီညရှင့်ကို လွတ်မြောက်အောင် ကူညီပေးပါ့မယ်။”

နာတာရှာကတော့ လက်ပိုက်လိုက်ပြီး ပြန်ခွန်းတုံ့ပြန်တယ်။ “ ရှင်မသိသေးဘူးလား။ ကျွန်မက အမှောင်ကျောင်းတော်က တရားဝင်ခန့်အပ်ခံထားရတဲ့ ဆီနိတ်တာတစ်ယောက်ပဲ။ သာမန် တပ်မှူးတစ်ယောက်က ဘယ်တုန်းက အမှောင်ကျောင်းတော်ရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်ကို ဌာနချုပ်အမိန့်မပါဘဲ တိုက်ခိုက် ခွင့်ရသွားတာလဲ။”

“စကားပြောနေရင်အချိန်ကြာတယ်၊ လက်ရုံးချင်းပဲယှဥ်ရအောင်။”

အယ်မာက ပြောလိုက်ပြီး လက်ဖျောက်တီးလိုက်တယ်။ ဒါလီယာက ချက်ချင်းလှုပ်ရှားလာပြီး လက်ထဲက ကျိုင်းတုတ်နဲ့မြေပြင်ကို ထောက်လိုက်တယ်။ နောက်တော့ ပျက်စီးခြင်းရေတွေက သူ့​​ခြေထောက်အောက်ကနေ မှော်ဆန်ဆန်ထွက်ပေါ်လာပြီးတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဒိုင်မေးရှင်းတည်ရှိမှုတစ်ခုလုံးကို စုတ်ဖြဲပစ်လိုက်တယ်။

....

“သခင်၊ ရိုမြူလက်ဘုရားကျောင်းကတပ်တွေ ကျွန်မတို့ရှိတဲ့ နေရာကို ချီတက်လာရင် ဘာလုပ်ဖို့စဥ်းစားထားလဲ။”

အထပ်မြင့်တိုက်တစ်နေရာမှာတော့ နက်ဆန်နဲ့မော်လီနဲ့အတူတူ ရပ်နေကြတယ်။ လေပြင်းတွေကြောင့် သူတို့အဝတ်အစားတွေ ဆက်တိုက်ဆိုသလိုလှုပ်ခတ်နေတယ်။ နက်ဆန်ရဲ့ပခုံးပေါ်မှာတော့ ကျီးငှက်တစ်ကောင်ရှိနေပြီး နက်ဆန်က ငှက်ကို ဘီစကစ်တစ်ချပ် ကျွေးလိုက်တယ်။

“တိုက်ပွဲစရင် မိုနီကာနဲ့အိုလီရာနာက အဆင့်နိမ့်စစ်သားတွေကို ရင်ဆိုင်လိမ့်မယ်။ ငါတို့က သူတော်စင်တွေကို ရင်ဆိုင်မယ်။”

နက်ဆန်က အခုလိုပြောလိုက်ပေမဲ့ မော်လီကတော့ စိတ်ထဲမှာ မရှင်းလင်းတာတချို့ ရှိနေပုံပေါ်ပါတယ်။ သူ့မျက်နှာကတည်ငြိမ် နေခဲ့ပေမဲ့ တိုက်လေကြောင့်ဆံပင်တွေ လွင့်ပျံနေပြီးတော့ သူ့ရဲ့ အေးစက်တဲ့အငွေ့အသက်တွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားတယ်။

“သခင်က အယ်ဒါအဆင့်ကို တရားဝင်ရောက်နေပြီ။ ရာထူးပဲ မရှိသေးတာ။ လေးသူတော်စင်နဲ့လှံသူတော်စင်က မာစတာ ထိပ်သီးအဆင့်လို့ပဲ ပြောလို့ရနိုင်တယ်။ အလွန်ဆုံးမှ မှော်ကျောင်းတွေရဲ့ဆီနိတ်တာတွေနဲ့ အဆင့်အတူတူလောက်ပဲ။ ကိုယ်တိုင်ရင်ဆိုင်ဖို့အထိ လိုပါရဲ့လား။”

“ သူတို့မှာ ဝှက်ဖဲတစ်ခုရှိနေတယ် မော်လီ။” နက်ဆန်က စကားကို အဆုံးသတ်လိုက်ပြီး ငှက်ကို ပြန်လွှတ်ပေးလိုက်တယ်။ မော်လီက နက်ဆန်ရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး သဘောမကျဖြစ်နေတာ ဒီတစ်ခုတည်းအတွက်တင်မဟုတ်ပါဘူး။

“ပြီးတော့ ဆယ်ဗီကို မီးလျှံကျောင်းတော်ရဲ့ရင်ဆိုင်ဖို့ လွှတ်ထားတာကရော ဖြစ်သင့်ရဲ့လား။”

နက်ဆန်က အဲဒီစကားကြောင့် အလိုလိုနေရင်းပြုံးလိုက်မိတယ်။ သူ့မျက်လုံးထဲမှာ ‘ ကျေးဇူးပြုပြီး ကျွန်မကို ပြဿနာအိုးလို့ မမြင်ကြပါနဲ့'ဆိုပြီး အော်ဟစ်နေတဲ့ကောင်မလေးကို မြင်ယောင် လာခဲ့မိတယ်။

“ဆယ်ဗီက သူရှာတဲ့ပြဿနာကို သူရင်ဆိုင်မယ်လို့ ပြောပြီးပြီ။ ပြီးတော့ အခုသူက ငါတို့သိခဲ့ဖူးတဲ့ အားနည်းတဲ့ကောင်မလေး မဟုတ်တော့ဘူး။ မီးလျှံကျောင်းတော်ရဲ့ဆီနိတ်တာကိုသတ်ပြီး ဒိုင်းသူ​တော်စင်ကို အနိုင်ယူခဲ့တဲ့သူပဲ။”

“ဒါပေမဲ့ မီးလျှံကျောင်းတော်က ဆီနိတ်တာ ခြောက်ယောက်လုံးကို ရင်ဆိုင်ခိုင်းတာကျတော့ များတယ်မထင်ဘူးလား။ သူသာ မအောင်မြင်ရင် သူ့အတွက်လည်းအန္တရာယ်များသလို သခင့်ကိုလည်း အန္တရာယ်ကျရောက်စေနိုင်တယ်။”

မော်လီက စိုးရိမ်နေတဲ့ပုံစံနဲ့ နက်ဆန်အနားကို အတင်းတိုးကပ် လာခဲ့တယ်။ ခေါင်းဆောင်တစ်​ယောက်ဖြစ်တဲ့အတွက်ကြောင့် လက်အောက်ခံတွေနဲ့မိတ်ဆွေတွေကို ယုံကြည်တာက ဖြစ်သင့်တာ တစ်ခုဆိုပေမဲ့ သူ့သခင်ကို အယုံကြည်မလွန်ကဲစေချင်တာတော့ အမှန်ပါ။

ဒါပေမဲ့ နက်ဆန်က အနားကိုရောက်လာတဲ့ အိမ်စေမိန်းကလေးရဲ့ နှုတ်ခမ်းကို လက်ညိုးနဲ့ထိကပ်ပြီး တိတ်တိတ်နေခိုင်းလိုက်တယ်။

“အခုဆယ်ဗီနဲ့အတူ ပါစီဗယ်ရော ဗီယန်ကာရောရှိနေတယ်။ တစ်ခုခု ပြဿနာရှိခဲ့ရင် ပါစီဗယ်က ဆယ်ဗီကို ကာကွယ်လိမ့်မယ်။”

ပါစီဗယ်က တစ္ဆေဘုရင်တစ်ယောက်ဖြစ်ပြီး တစ္ဆေစစ်တပ်ကြီးကို အမိန့်ပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီစွမ်းအားက အဓိကမဟုတ်ဘဲ မြူတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားက အဓိကပါ။ သူ့အနေနဲ့ တိုက်စစ်ပိုင်းမှာ တခြားသူတွေထက် အားနည်းကောင်း အားနည်းနိုင်တယ်ဆိုပေမဲ့ အန္တရာယ်နဲ့ကြုံရရင် ထွက်ပြေးဖို့တော့ အခက်အခဲမရှိလှပါဘူး။

“ရိုမန်ကက်သလစ်တွေက မီလန်မြို့ထဲကတိုက်ပွဲကို မီးစိမ်းပြလိုက်ပြီ။ ဒါပေမဲ့ သူတို့က ပြည်သူတွေကိုတော့ အထိခိုက်ခံမှာမဟုတ်ဘူး။ တိုက်ပွဲကို ငါတို့ဘက်ကခုခံတဲ့ သဘောနဲ့ပဲ ဖြစ်စေချင်တယ်။ တိုက်ပွဲစတာနဲ့နောက်ဆုတ်ပြီး မြို့ပြင်ကိုထွက်နိုင်ဖို့ကြိုးစားဖို့ အားလုံးကိုမှာပြီးပြီ။”

မော်လီက ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ နက်ဆန်ပြောထားတဲ့ စကားတစ်ခုကြောင့် စိတ်ထဲထင့်နေဆဲပါ။

“ဒါနဲ့ သူတို့ဝှက်ဖဲဆိုတာက....”

“ ပတ်ဝန်းကျင်ကို ကြီးကြီးမားမားပျက်စီးစေနိုင်တဲ့ ဝှက်ဖဲတစ်ခု ပေါ်ပေါက်လာရင် စူပါရီရာဂျင်နရယ်အန်တိုနီနဲ့ သူ့လူတွေက လှုပ်ရှားလိမ့်မယ်။ ဒါကြောင့် ငါတို့အလုပ်က ခုခံဖို့ကို အာရုံစိုက်ရုံပဲ။”

“နားလည်ပါပြီ၊ ဒီအစေခံက သခင့်အတွက်အကောင်းဆုံး ကြိုးစားပါ့မယ်။”

....

ကျွန်မ လေအေးတွေတိုက်နေတဲ့ လမ်းလယ်ခေါင်မှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိတယ်။ ချမ်းလိုက်တာမှ ခိုက်ခိုက်ကိုတုန်လို့။

“နင့်မှာ အဲဒီလိုပြောရဲတဲ့ သတ္တိမျိုးရှိမယ်လို့ ငါထင်မထားခဲ့မိဘူး။”

ကျွန်မကုပ်ပေါ်ခွစီးနေတဲ့ သရဲမဘီယန်ကာက ပြောလိုက်တယ်။ မနေ့ညက စူပါရီရာဂျင်နရယ် အန်တိုနီနဲ့ကျွန်မတို့တွေ ဆွေးနွေး နေကြတုန်း ထူးခြားတဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်။ ဖြစ်ခဲ့ပုံကတော့ အခုလိုမျိုး။

အဲဒီတုန်းက ဦးအန်တိုနီနဲ့ ကိုနက်ဆန်တို့က သူတို့ရန်သူတွေကို တန်ပြန်ဖို့အတွက် အစီအစဥ်ဆွဲနေတာ။ ရန်သူက ဒီနေရာကို အယ်ဒါအဆင့်ဘယ်သူမှမပါဘဲ လာရဲတယ်ဆိုကတည်းက ဝှက််ဖဲတစ်ခုခုရှိနိုင်ကြောင်း သူတို့တွေးမိကြပါတယ်။ အန်တိုနီက ကျွန်မတို့​ကို အလွန်သိသာထင်ရှားတဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်။

“နက်ဆန် မင်းက အယ်ဒါတစ်ယောက်နဲ့ယှဥ်နိုင်တဲ့အဆင့်ရှိတာ ငါသိတယ်။ ငါကလည်း အယ်ဒါဖြစ်ပြီး ဂျေဇူးဝပ်တွေရှိနေပေမဲ့ ရှေးကတည်းက ရှိနေခဲ့တဲ့ ကြားနေရေးမူဝါဒကြောင့် အပြည့်အဝဝင်ပါလို့မရဘူး။ နောက်ဆုံးပိတ် သူတို့ဝှက်ဖဲကိုထုတ်ပြမှ မြို့လုံခြုံရေးအကြောင်းပြ ဝင်ပါလို့ရမှာ။ ပြီးမှ ဒီချိုးဖောက်မှုကိုအကြောင်းပြပြီး သူတို့ကို စွပ်စွဲလို့ရမယ်။ ပြဿနာက တစ်ဖက်မှာရှိနေတဲ့ မာစတာဦးရေ အရေအတွက်ပဲ။ မင်းမှာက မာစတာအဆင့် အစေခံလေးယောက်ပဲရှိတယ်။”

“ဘုရားကျောင်း သူတော်စင်နှစ်ယောက်က မင်းကိုသေချာပေါက် ထိန်းထားလို့ရနိုင်တယ်။ မီးလျှံကျောင်းတော်က မာစတာ ခြောက်ယောက်ရှိတယ်။ ဘုရားကျောင်းတပ်မှူးနှစ်ယောက်နဲ့ EUOC တပ်မှူး တစ်ယောက်လည်းရှိသေးတယ်။ အရေအတွက်က တအားကွာနေတော့ မင်းတို့လွှမ်းမိုးခံရမှာပဲ။ တစ်ဖက်လူက ဝှက်ဖဲမထုတ်သေးခင် မင်းတို့ရှုံးသွားရင်တော့ ငါတို့ဘာမှကူညီပေးလို့မရဘူး။”

“ဟိုင်း.... ဟိုင်း.... ဝတ်ရုံနက်နဲ့လူကြီး။ ရှင်တို့ကျွန်မကိုလည်း ထည့်တွက်လို့ရပါတယ်နော်။ ဟောဒီက ကျွန်မက မင်းသားလေး နက်ဆန်အတွက်ဆိုရင် ဘာမဆိုပေးဆပ်ဖို့ အသင့်ရှိနေပြီးသား။ တခြားသူတွေလိုမျိုး ပြဿနာရှာဖို့ပဲ သိတာမဟုတ်ဘူး။”

အဲဒီတုန်းက မိုနီကာက လက်ကိုထောင်ပြပြီးတော့ ဝင်ပါမယ် ပြောတယ်။ ပြီးတော့ သူက ကျွန်မကိုတောင် ဖဲ့လိုက်သေးတာရယ်။ ဒါနဲ့ကျွန်မလည်း မခံနိုင်ဖြစ်ပြီးတော့ ကိုယ်တိုင်လက်ထောင် လိုက်မိတယ်။

“ကျွန်မလည်းပါမယ်....”

ကျွန်မလက်ထောင်ပြတော့တော့ အခန်းထဲမှာရှိနေတဲ့သူတွေ အားလုံးက ကျွန်မကို မယုံသင်္ကာနဲ့ကြည့်နေကြတယ်။ ဒါနဲ့ ကျွန်မလည်း ဟန်ကိုယ့်ဖို့ဆိုသလို အခုလိုမျိုးဆက်ပြော လိုက်မိတာလေ။

“ကျွန်မက နတ်ဘုရားတစ်ပါးမဟုတ်လား၊ ဒီတော့ ကိုယ်ရှာခဲ့တဲ့ ပြဿနာကို ကိုယ်ရှင်းပါရစေ။”

အဲဒီနောက်တော့ မီးလျှံကျောင်းတော်ကို ကျွန်မရင်ဆိုင်ဖို့ ဖြစ်လာတော့တာပဲ။

“ တွေးကြည့်ခါမှ ငါက ကိုယ့်ကိုယ်ကိုယ် ဘာနတ်ဘုရားမှန်းတောင် သိသေးတာမဟုတ်ဘူးလေ။ အစွမ်းတွေသေချာသုံးဖို့ဆိုရင် ဝေးရော။”

ကျွန်မလည်း လက်ထဲက ခွဲစိတ်ခန်းသုံးဓားလေးကိုကြည့်ပြီး ငိုမဲ့မဲ့နဲ့ပြောလိုက်မိတယ်။ ရူးနေတဲ့ စိတ္တဇလူသတ်သမား ဝိညာဥ် ဘီယန်ကာကတော့ ကျွန်မကို အခုလိုမျိုးနှစ်သိမ့်ရှာပါတယ်။

“မပူနဲ့... သူတို့လာရင် ဗိုက်ခွဲပြီး အူဘယ်နှစ်ခွေရှိလည်း အတူကြည့်ကြရုံပဲဥစ္စာ။”

အင်း... သူကတော့ ပြောအားရှိတာပေါ့။

ကျွန်မစိတ်ညစ်ညစ်နဲ့ လမ်းမအလယ်မှာထိုင်စောင့်နေတုန်း ပါစီဗယ်ရောက်လာပြီး ကျွန်မလက်ကိုဆွဲယူကာ ဘာမပြော ညာမပြောနဲ့ ကောက်နမ်းလိုက်တယ်။

“ကိုယ့်ရဲ့နတ်ဘုရားမလေး၊ ဘာမှမပူပါနဲ့။ ဒီဗိုလ်လေးက မင်းကို ဘာပဲဖြစ်ဖြစ် ကာကွယ်ပေးမှာမလို့ပါ။”

ကျွန်မသူ့ကို မော့ကြည့်လိုက်တယ်။ လရောင်အောက်မှာ ကျွန်မ ဗိုလ်လေးရဲ့မျက်နှာက ပိုပြီးချောမောနေသလို ခံစားရပါတယ်။ သေချာပေါက် ပါစီဗယ်က ကျွန်မနဲ့ပတ်သက်လာရင် အလိုက်အသိဆုံးပဲ၊ ဟိုရေခဲတုံးနဲ့များကွာပါ့။

“မင်းတို့ကောင်တွေ၊ ငါတို့ရဲ့နတ်ဘုရားမလေးကို အသက်ပေးပြီး ကာကွယ်ကြ။”

“ဟုတ်ကဲ့ပါ၊ ဗိုလ်ကြီး။”

နောက်တော့ ပါစီဗယ်က သူကြိုထုတ်ထားတဲ့ သူ့ငယ်သား ပက်တီးနဲ့စစ်သားတွေကို မိန့်ခွန်းစပြောတယ်။ တပ်သားတွေက ပုံမှန်ထက်တက်ကြွနေပုံရပြီး သူတို့အချင်းချင်းတောင်မှ စကားများနေသေးတယ်။ နားစွန်နားဖျားကြားရသလောက်

“ဗိုလ်ကြီးကတော်ရှေ့မှာ မျက်နှာပျက်စရာဖြစ်လို့ မဖြစ်ဘူးနော်” ဆိုတာမျိုးတွေချည်းပဲ။

ရှက်လိုက်တာ... ရှက်လိုက်တာ... ရှက်စရာကောင်းလိုက်တာကို...

All Chapters