အခန်း (၁၁၄၇-၁၁၅၁)
Vol. 76 Ch. 1147-1151
အခန်း ၁၁၄၇ လေဆိပ်တွင်စစ်ထူယဲ့နှင့်ဆုံခြင်း
ကုနင်းရပ်နေသည့်နေရာသည် ကျိုးကျန်းဟုန်နှင့် သိပ်မဝေးသလို အကြားအာရုံကလဲ ကောင်းလှတာကြောင့် သူတို့စကားပြောနေသည်များကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ ဘာလို့များ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အရှက်မရှိတဲ့ဆွေမျိုးတွေအပြည့်ရှိနေလဲ နားမလည်နိုင်တော့ဘူး!
“ဒီတော့ ငါက မင်းရဲ့သားအတွက် အိမ်တစ်လုံးကားတစ်စီး ဝယ်ပေးရမယ်ပေါ့?” ကျိုးကျန်းဟုန် လှောင်ထေ့လိုက်သည်။ “မင်ခိုင်က ငါ့တူ ငါ့သားမဟုတ်ဘူး။ သူ့အတွက် အိမ်တစ်လုံး ကားတစ်စီးဝယ်ပေးဖို့ ငါ့မှာ တာဝန်မရှိဘူး။”
“ကျန်းဟုန် မင်းဘယ်လိုပြောလိုက်တာလဲ! ငါတို့က မိသားစုတွေလေ။ မင်းက ငါတို့ထဲမှာအချမ်းသာဆုံးပဲ။ ငါတို့မင်းအကူအညီလိုအပ်ချိန်မှာ ကူညီပေးသင့်တယ်မဟုတ်ဘူးလား?”
ဤကဲ့သို့တစ်ကိုယ်ကောင်းဆန်သူများသည် တဖက်လူ၏ခံစားချက်ကို ဘယ်တော့မှ ဂရုမစိုက်တတ်ကြပေ။ ကုနင်းကတော့ နားထောင်ရင်း ဒေါသထွက်လာတော့သည်။
“ငါရှာထားတဲ့ငွေက မင်းတို့နဲ့ဘာမှမဆိုင်ဘူး။ ငါမင်းတို့ကို ပေးသင့်သလောက်ပေးပြီးပြီ! ငါမင်းတို့အကူအညီလိုလာတဲ့အချိန်တုန်းက ဘယ်သူကများ ငါ့ကိုကူညီပေးခဲ့ကြလို့လဲ။”
ကျိုးကျန်းဟုန်သည် သူ့အစ်ကို အစ်မတွေအပေါ် မျှော်လင့်ချက်မထားတော့သော်လည်း သူတို့တွေ သူ့အပေါ်လုပ်ခဲ့သည့်လုပ်ရပ်အား ပြန်တွေးမိချိန်တိုင်း နာကျင်ခံစားရတုန်းပင်။
ကံကောင်းစွာဘဲ ကျိုးကျန်းဟုန်တွင် သူ့စည်းနှင့်သူရှိပြီးသားဖြစ်တာကြောင့် ဒီတစ်ကြိမ်တော့ စိတ်ပျော့သွားမည်မဟုတ်ပေ။
သို့သော်လည်း ကျိုးကျန်းထန်ကတော့ ကျိုးကျန်းဟုန်ကို ပြစ်တင်ဝေဖန်လာလေသည်။ “ကျန်းဟုန်၊ မင်းဘာလို့ ဒီလောက်အငြှိုးအတေးထားတတ်ရတာလဲ? မင်းအခုပြန်ချမ်းသာနေပြီပဲမဟုတ်လား?”
“မင်းတို့တွေက ကိုယ့်အမှားကိုကိုယ် မသိနိုင်လောက်အောင် အရှက်မဲ့နေကြပါလား။ ငါ မင်းသားကို အိမ်လဲမဝယ်ပေးဘူး။ ကားလဲမဝယ်ပေးဘူး။ မင်း ငါ့ကိုဆက်ပြီးမနှောင့်ယှက်တော့ရင်တော့ ငါတို့ညီအစ်ကိုတွေ ဆက်ဖြစ်နိုင်မယ်။ မဟုတ်လို့ မင်း ငါ့ဘဝကိုဆက်ပြီး အနှောင့်အယှက်ပေးနေဦးမယ်ဆိုရင်တော့ ငါတို့ဆက်ဆံရေးကို ဖြတ်တောက်ပစ်တော့မယ်!” ကျိုးကျန်းဟုန် ထိုစကားပြောပြီးသည်နှင့် ချက်ချင်းဖုန်းချပစ်လိုက်တော့သည်။
ကျိုးကျန်းထန် ဒေါသထွက်ထွက်နှင့် ကျိုးကျန်းဟုန်ကို ဖုန်းပြန်ခေါ်နေခဲ့သော်လည်း ကျိုးကျန်းဟုန်ကတော့ ပြန်မဖြေတော့ပေ။
ကျိုးကျန်းထန်ဘေးတွင် ရပ်နေသည့် သူ့ဇနီးက၊ “ဘယ်လိုဖြစ်သွားလဲ?”
“ငါ့ကိုဖုန်းချသွားတယ်၊ မင်ခိုင်အတွက် အိမ်နဲ့ကားလဲမဝယ်ပေးဘူးတဲ့!” ကျိုးကျန်းထန် ဒေါသတကြီးပြောလိုက်သည်။
ကျိုးကျန်းဟုန် သူ့ကိုအလိုအပ်ဆုံးအချိန်တွင် သူ့ဘက်က ကျိုးကျန်းဟုန်ကို တစ်ခါမှ အကူအညီမပေးခဲ့သော်လည်း သူကတော့ ကျိုးကျန်းဟုန်ပြန်ချမ်းသာလာသည်နှင့် တစ်ဖက်လူ၏ငွေကိုလောဘတက်နေပြန်သည်။
“ဘာ? ဘယ်လိုတောင်သွေးအေးရတာလဲ! သူ့အတွက် ယွမ်သန်းဂဏန်းလောက်ဆိုတာ ပြောပလောက်တဲ့အရာမှမဟုတ်တာ။ ဘာလို့များ ကျွန်မတို့ကိုမပေးနိုင်ရတာလဲ?” ကျိုးကျန်းထန်၏ဇနီးဖြစ်သူကလဲ ကျိုးကျန်းဟုန်ကပဲ သူတို့အပေါ် ငွေကြေးအမြောက်အများအကြွေးရှိနေဟန်ဖြင့်ပြောလိုက်သည်။ သူမသည်လဲ သူမခင်ပွန်းနည်းတူ အရှက်မဲ့လှပေသည်။
“ကျွန်မတို့ ဘာလုပ်ကြမလဲ?”
“မသိတော့ဘူး။ ကျန်းဟုန်က သူ့ကိုဆက်ပြီးနှောင့်ယှက်နေရင် ငါတို့ဆက်ဆံရေးကိုပါ ဖြတ်ပစ်မယ်လို့ပြောသွားတယ်။”
“သူ ကျွန်မတို့ကိုမကူညီချင်မှတော့ ရှင့်ညီဖြစ်ဖို့ မထိုက်တန်နေဘူး!” ကျိုးကျန်းဟုန်၏ဇနီးက မောက်မာစွာပြောလိုက်သည်။ ကျိုးကျန်းဟုန်အနေနဲ့ သူတို့အကူအညီလိုချိန် ကူညီပေးနိုင်တာကတောင် သူ့အတွက် ဂုဏ်ယူသင့်နေသလိုပင်။
တကယ်တော့ သူတို့သာ နေမကောင်းလို့ ဆေးကုသရန်လိုအပ်နေပါလျှင် ကျိုးကျန်းဟုန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းအကူအညီပေးမှာဖြစ်သည်။
“ငါ သူ့လက်ဝတ်ရတနာဆိုင်ကို ဆက်လည်ပတ်လို့မရအောင်လုပ်လို့ရလား စမ်းကြည့်လိုက်မယ်။” ကျိုးကျန်းထန် အလျှော့မပေးသွားပေ။
……..
တစ်ဖက်တွင်တော့ ကျိုးကျန်းဟုန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ့စိတ်ကိုပြန်လျှော့ချလိုက်သည်။
“တောင်းပန်ပါတယ်၊ ဘော့စ်။” ကျိုးကျန်းဟုန် ပြန်လာကာ ကုနင်းကိုတောင်းပန်လိုက်သည်။
“ရတယ်၊ ကိစ္စမရှိဘူး။” ကျိုးကျန်းဟုန်၏မိသားစုအရေးကို ကုနင်းမမေးနေဘဲ ရိုးရှင်းကာ အသုံးဝင်သည့်စကားအနည်းငယ်ကိုသာပြောလိုက်သည်။ “ဦးလေးကျိုး ကျွန်မအကူအညီလိုတာရှိရင် အချိန်မရွေးပြောနော်။”
“ကျေးဇူးပါပဲ၊ ဘော့စ်။” ကျိုးကျန်းဟုန် ပြန်သာဖြေလိုက်ရပေမယ့် ကုနင်း ဘာကြောင့် ရုတ်တရက်ကြီး ဒီစကားပြောလာမှန်း မသိခဲ့ပေ။
ကုနင်းစက်ရုံတွင် အတော်ကြာနေခဲ့ပြီးနောက် ပြန်လာခဲ့သည်။ ညနေစာစားချိန်လဲရောက်နေပြီဖြစ်တာကြောင့် ကျိုးကျန်းဟုန်က ကုနင်းကို ညနေစာအတူစားဖို့ဖိတ်ခဲ့ပေမယ့် ကုနင်းကတော့ ကောင်းယိနှင့်ချောင်ယတို့ကို လေဆိပ်မှာသွားကြိုရဦးမည်ဖြစ်၍ ငြင်းလိုက်သည်။
ကောင်းယိနှင့်ချောင်ယသည် ကုနင်းနှင့်အတူ မြန်မာသို့မလိုက်ခဲ့ဘဲ အပန်းဖြေခရီးတိုလေးတစ်ခု ထွက်သွားခဲ့သည်။
တိုက်ဆိုင်စွာပဲ၊ လေဆိပ်တွင် ကောင်းယိနှင့်ချောင်ယတို့ကို မတွေ့ခင် စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့နှင့် ကုနင်းသွားဆုံလေသည်။
သူမ စစ်ထူယဲ့နှင့် မတွေ့ဖြစ်တာရော မဆက်သွယ်ဖြစ်တာပါ အတော်ကြာနေပြီဖြစ်ကာ အခု သူ့ကိုကြည့်ရတာလဲ မျက်တွင်းတွေကျနေသလိုခံစားရသည်။
လတ်တလော ချင်ဂိုဏ်းတွင် မကောင်းသည့်ကိစ္စတွေဖြစ်သွားခဲ့သည်။ ဤရက်များအတွင်း စစ်ထူယဲ့၏လူယုံနှစ်ယောက် လုပ်ကြံခံခဲ့ရသည်။ တစ်ယောက်က အသတ်ခံလိုက်ရကာ နောက်တစ်ယောက်ကတော့ မသန်မစွမ်းဖြစ်သွားခဲ့တာကြောင့် ဤရက်များအတွင်း ထိုအကြောင်းတွေကို သူစုံစမ်းနေခဲ့သည်။ ဒီကနေ့မှာပဲ စုံစမ်းမှုရလဒ်ကိုရရှိခဲ့ကာ ဂိုဏ်းအတွင်းယှဉ်ပြိုင်မှုတွေကနေ ဖြစ်သွားခဲ့ခြင်းဖြစ်မှန်း သိခဲ့ရသည်။ ဤပြဿနာထဲတွင် တခြားဂိုဏ်းသားတွေအများကြီးလဲ ပါဝင်ပတ်သတ်နေခဲ့သေးသည်။
ကိစ္စက ဖြေရှင်းဖို့မလွယ်ကူတာကြောင့် စစ်ထူယဲ့အတော်လေးပင်ပန်းနေခဲ့သည်။
တကယ်တော့ စစပိုင်းတွင် ကုနင်းကို စစ်ထူယဲ့မမြင်ခဲ့ဘဲ ချူးရွှမ်ဖန်က အရင်သတိထားမိသွားကာ သူ့ကိုသတိပေးလာခြင်းဖြစ်သည်။
ကုနင်းကို စစ်ထူယဲ့တွေ့လိုက်ရသည်နှင့် စိတ်လှုပ်ရှားမှုတို့ဝင်ရောက်လာကာ ပြန်လည်လန်းဆန်းသွားပုံတောင်ပေါက်သွားသည်။
“ဟိုင်း၊ ကုနင်း၊ ဒီမှာဘာလုပ်နေတာလဲ? ငါဒီနေ့ Gမြို့ကိုလာမှာမှန်းသိနေလို့ ငါ့ကိုလာကြိုပေးတာလား?” စစ်ထူယဲ့ စနောက်လိုက်သည်။
ကုနင်းတစ်ယောက်တည်းနှင့်သာ သူအခုလိုစနောက်ပြောဆိုခြင်းလဲဖြစ်ပေသည်။
***
အခန်း ၁၁၄၈ ငါဆေးလုံးတွေထပ်လိုတယ်
“အဲ့လိုတော့မဟုတ်ပေမယ့် ရှင်Gမြို့ကိုလာတဲ့အတွက် ကြိုဆိုပါတယ်။ ဒီရက်တွေအတွင်း တော်တော်အလုပ်ကြိုးစားနေပုံပဲ။” စစ်ထူယဲ့သည်လဲ သူမသူငယ်ချင်းတစ်ယောက်သာဖြစ်တာကြောင့် ကုနင်း သူ့ကိုဂရုစိုက်လေသည်။
“ဟုတ်တယ်၊ ငါအရမ်းပင်ပန်းနေတာ၊ ဒါပေမယ့် မင်းကိုမြင်ပြီး နေလို့တော်တော်ကောင်းသွားပြီ။”
စစ်ထူယဲ့ သူမကိုဆက်ပြီးသဘောကျနေသေးကြောင်း ကုနင်းနားလည်လိုက်သည်။
“ဟ-ဟ၊ ကျွန်မမှာ အဲ့လောက်အစွမ်းထက်တဲ့သက်ရောက်မှုရှိမှန်း မသိခဲ့ဘူး။ ကဲပါ၊ ကျွန်မမှာ မှော်ဆေးလုံးတစ်ပုလင်းပါလာတယ်၊ ရှင်တို့ အားပြန်ပြည့်လာအောင် တစ်ယောက်တစ်လုံးပေးမယ်။” ကုနင်းပြောပြီး ဆေးတစ်ပုလင်း ထုတ်ယူလိုက်သည်။
သူမ စစ်ထူယဲ့ကို သူငယ်ချင်းအဖြစ်သဘောထားမှတော့ ဂရုစိုက်ပေးသင့်သည်။ ထို့အပြင် စစ်ထူယဲ့ သူမကိုကူညီပေးထားတာလဲ နည်းမှမနည်းပဲ။
ကုနင်းသည် စွမ်းအင်သလင်းကျောက်များကို ကြွေဆေးပုလင်းများထဲတွင် ပမာဏအမျိုးမျိုးထည့်သိမ်းထားတတ်ပေမယ့် အခုတော့ ဆေးပုလင်းတွေကုန်သွားခဲ့ပေပြီ။ အခုသုံးနေသည့်ကြွေဆေးပုလင်းကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ကာ အတော်လေးဈေးချိုလှသည်။
ကုနင်း၏ဆေးတွေက အရမ်းအာနိသင်ကောင်းမှန်း စစ်ထူယဲ့သိတာကြောင့် အရင်ကလဲ သူမဆီက ဝယ်ဖူးပေမယ့် အခုတော့ သူ့မှာဆေးသုံးလုံးသာ ကျန်တော့သည်။ ထိုဆေးသုံးလုံးကလဲ ဒဏ်ရာရထားသည့်သူ့လူယုံအတွက် ချန်ထားခြင်းဖြစ်သည်။
“ကျေးဇူးပါပဲ။”
စစ်ထူယဲ့လဲ ဆေးပုလင်းကိုယူကာ ဆေးနှစ်လုံးထုတ်လိုက်ပြီး တစ်လုံးကိုသူယူကာ နောက်တစ်လုံးကိုတော့ ချူးရွှမ်ဖန်အားပေးလိုက်သည်။ ချူးရွှမ်ဖန်လဲ အားပြန်ပြည့်ဖို့လိုအပ်သည်။
စွမ်းအင်သလင်းကျောက်များ သောက်ပြီးသည်နှင့် နှစ်ယောက်လုံး အားပြန်ပြည့်သွားကြလေသည်။
“ဝိုး၊ ဒီဆေး အရမ်းစွမ်းတာပဲ။” ချူးရွှမ်ဖန်ပြောလိုက်သည်။
ကုနင်း၏မှော်ဆေးလုံးတွေအကြောင်း စစ်ထူယဲ့နှင့်ချူးရွှမ်ဖန်တို့ သိချင်နေကြပေမယ့် အများကြီးလျှောက်မေးမနေသင့်ကြောင်းလဲ သိကြသည်။
“ကုနင်း ငါ့ကို ဆေးလုံးတွေ ထပ်ရောင်းပေးလို့ရမလား? ငါဆေးလုံးတွေ ထပ်လိုနေလို့။” စစ်ထူယဲ့ပြောလိုက်သည်။ လက်ရှိအချိန်တွင် ကုနင်း၏ဆေးတွေကို သူအထူးလိုအပ်နေသည်။
“ရတာပေါ့၊ အရင်စည်းမျဉ်းအတိုင်းပဲ။”
ကုနင်းသည် သူမ၏ဆေးတွေကိုရောင်းရာတွင် စည်းမျဉ်းတစ်ခုထား,ထားသည်။ လူတစ်ယောက်ကို တစ်ကြိမ်လျှင် ဆေး၁၀လုံးသာဝယ်နိုင်ပြီး တစ်လုံးကို ယွမ်၁သန်းကျပေသည်။ ဆေးလုံးတွေကိုလဲ ခဏခဏထုတ်မရောင်းတတ်ပြန်ပေ။
“ကိစ္စမရှိဘူး။” ကုနင်း သူ့ကိုဆေးရောင်းပေးချင်နေတာကိုက ကံကောင်းလှပြီဟု စစ်ထူယဲ့ခံစားမိသည်။ ဘယ်လောက်ဈေးကြီးကြီး သူဝယ်နိုင်ပေသည်။
ထို့နောက် ကုနင်းလဲ စွမ်းအင်သလင်းကျောက်၁၀လုံးပါဝင်သည့် ဆေးတစ်ပုလင်းကို ထုတ်ယူကာ စစ်ထူယဲ့ကိုပေးလိုက်သည်။ စစ်ထူယဲ့ဘက်ကလဲ ချက်ချင်းပဲ ကုနင်း၏ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးရန် ဖုန်းဆက်လိုက်သည်။
“မင်းဒီညအားလား? ငါတို့ညစာအတူစားကြရင်မကောင်းဘူးလား?”
“ရတယ်လေ၊ ဒါပေမယ့် ကျွန်မ သက်တော်စောင့်တွေကို အရင်သွားကြိုရဦးမယ်။ ရှင်တို့အခန်းငှားထားလေ။ ကျွန်မ ခဏနေမှလာတွေ့မယ်။”
ကုနင်းသဘောတူလိုက်သည်နှင့် စစ်ထူယဲ့ရွှင်မြူးသွားတော့သည်။ “ကောင်းပြီလေ၊ ဒါဆို ခဏနေတွေ့ကြမယ်။”
သူ့အနေအထားက ထူးခြားတာကြောင့် လေဆိပ်မှာ အကြာကြီးဆက်မနေသင့်၍ အမြန်ထွက်မှဖြစ်ပေမည်။
ဒါကြောင့် စစ်ထူယဲ့နှင့်ချူးရွှမ်ဖန်တို့ အရင်ထွက်သွားလိုက်ကြသည်။
……
မိနစ်နှစ်ဆယ်ကြာပြီးနောက်မှာတော့ ကောင်းယိနှင့်ချောင်ယတို့လိုက်ပါလာသည့်လေယာဉ်က Gမြို့လေဆိပ်သို့ဆင်းသက်လာခဲ့သည်။
ထိုအချိန်အတွင်း ကုနင်းကတော့ဖြင့် ခရီးသည်ကြိုဆိုသည့်နေရာတွင် အတော်လေးအာရုံစိုက်ခံနေရသည်။
ကုနင်းသည် မကြည့်ဘဲမနေနိုင်လောက်အောင် လှပသူဖြစ်သည်။
အစပိုင်းမှာတော့ ကုနင်းသည် မှင်သက်လောက်အောင် လှသည်ဟုတွေးမိတာကြောင့် လူတွေက သူမကိုကြည့်နေကြခြင်းဖြစ်သည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ ကုနင်းကို မှတ်မိသူအချို့ရှိလာခဲ့သည်။
မှတ်မိသွားသည့်လူတွေက ကုနင်းကို သွားမနှုတ်ဆက်ကြဘဲ ခပ်ဝေးဝေးကနေသာ သူမဓါတ်ပုံတွေကို ရိုက်ယူနေကြလေသည်။
ကုနင်း သူမကိုဓါတ်ပုံရိုက်နေကြမှန်း ခံစားမိပေမယ့် စိတ်ထဲမထားပေ။ သူမခေါင်းကိုသာ ငုံထားရင်း ဖုန်းထဲကနေပြီး နောက်ဆုံးရသတင်းတွေကို ဖတ်ကြည့်နေလေသည်။
…….
ဤရက်များအတွင်း Bမြို့မှ မူမိသားစုသည် ဒုက္ခပင်လယ်ဝေနေခဲ့ကာ သူတို့မကြာခင် ဒေဝါလီခံကြရလောက်မည်ဟု လူတွေထင်နေကြပေပြီ။
Charmနှင့်ခိုကျီအကြောင်းသတင်းတွေအများကြီးလဲ ရှိသေးသည်။
ထို့အပြင် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကနေပြီး ပထမဆုံးတီဗီဇာတ်လမ်းတွဲဖြစ်သည့် ‘ဧကရီတစ်ပါး၏သွေးသစ္စာ’ကို ထုတ်လွှင့်တော့မည်ဖြစ်သည်။
ထိုဇာတ်လမ်းသည် နန်းတွင်းဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ပရိသတ်များစွာ ရရှိနှင့်ပြီးပေပြီ။
သွမ့်လီရှင်းရေးခဲ့သည့် မူရင်းဝတ္ထုတွင် နန်းတွင်းအရှုပ်တွေပုံ ဇာတ်ကွက်တွေအများကြီးပါဝင်တာကြောင့် ပရိသတ်ကို ပျင်းရိသွားစေနိုင်သည်။ လုကျန်းနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်မှာတော့ သွမ့်လီရှင်းက တိုက်ပွဲဇာတ်ကြောင်းကို ပိုအသားပေးဖော်ပြလိုက်သည်။
‘ဧကရီတစ်ပါး၏သွေးသစ္စာ’ဇာတ်လမ်းတွင် အဓိကခေါင်းဆောင်မင်းသမီးသည် ထန်ရှောင်ရှောင်ဖြစ်ကာ ခေါင်းဆောင်မင်းသားကိုတော့ မသတ်မှတ်ရသေးပေ။
ပိုင်လင်း၊ ဟန်လန်ရွှယ်နှင့် စုထုံနျိုတို့သည်လဲ ဤဇာတ်လမ်းတွင် အရေးပါသည့်ဇာတ်ပို့များအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။
ဇာတ်လမ်းထုတ်လွှင့်မည့်သတင်းထွက်လာသည်နှင့် စိတ်ဝင်စားခြင်းခံခဲ့ရသည်။ ဤဇာတ်လမ်းတွဲသည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှ ပထမဆုံးအကြိမ်ထုတ်လုပ်မည့် တီဗီဇာတ်လမ်းတြွဖြစ်သော်လည်း ဒါရိုက်တာက နာမည်အလွန်ကြီးသည့် လုကျန်းဖြစ်သည်။
ခေါင်းဆောင်မင်းသမီးသည်လဲ အအောင်မြင်ဆုံးမင်းသမီးတွေထဲမှတစ်ဦးဖြစ်သည့် ထန်ရှောင်ရှောင်ဖြစ်ကာ သူမ၏ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်ကြောင့် ကျော်ကြားနေသူဖြစ်သည်။
ပိုင်လင်း၊ ဟန်လန်ရွှယ်နှင့် စုထုံနျိုတို့သည်လဲ လတ်တလောထုတ်လွှင့်ခဲ့သည့် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ကြောင့် အောင်မြင်နေသူများဖြစ်ကာ ပရိသတ်များစွာ ရရှိခဲ့ကြသည်။
သွမ့်လီရှင်းသည်လဲ ကျော်ကြားမှုအချို့ရှိထားသည့် စာရေးသူတစ်ယောက်ဖြစ်ကာ သူမရေးသည့်ဝတ္ထုများသည် လူငယ်စာဖတ်သူများကြားတွင် နာမည်ကြီးလှသည်။
ခြုံပြောရလျှင်တော့ ဤဇာတ်လမ်းတွဲသည် သေချာပေါက်အောင်မြင်မည့် ဇာတ်လမ်းတွဲသာဖြစ်သည်။ တချို့ ဒီအချက်ကိုမထောက်ခံသည့်လူတွေရှိကြပေမယ့် ထိုလူတွေအများစုသည် တမင်အပြစ်ရှာနေသည့်အဖွဲ့မှသာဖြစ်ကြသည်။
ပိုင်လင်းနှင့်စုထုံနျို၏ဇာတ်ကောင်နှင့်ပတ်သတ်လို့လဲ ဆိုရှယ်မီဒီယာပေါ်တွင် သူတို့ဖန်တွေအချင်းချင်း အချင်းများမှုတချို့ရှိနေလေသည်။
***
အခန်း ၁၁၄၉ ကောင်းယိနဲ့ချောင်ယကို နောက်ယောင်ခံလိုက်နေကြတယ်
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏တရားဝင်အကောင့်နှင့် ကုနင်းကိုတောင် မန်းရှင်းခေါ်ကာ အကြောင်းပြချက်တောင်းနေသည့် လူတချို့တောင်ရှိနေသေးသည်။
လုကျန်း : ကျွန်တော်တို့ဘက်က ဇာတ်ကောင်နဲ့အလိုက်ဖက်ဆုံးမင်းသားမင်းသမီးတွေကိုပဲ ရွေးချယ်ခဲ့တာပါ။
ထို့နောက် ထန်ရှောင်ရှောင်၊ ပိုင်လင်း၊ စုထုံနျိုနှင့် ဟန်လန်ရွှယ်တို့ သရုပ်ဆောင်နေကြသည့် ပုံတချို့ကိုပါ တင်ပေးလိုက်သည်။
စုထုံနျို : ငါ့ဇာတ်ကောင်ကိုအရမ်းကြိုက်တာပဲ!
သူမသည်လဲ တီဗီဇာတ်လမ်းတွဲထဲက တရားဝင်တင်ခွင့်ရသည့် သူမပုံကိုတင်လိုက်သည်။ သူမသည် စစ်ဝတ်စုံကိုဝတ်ဆင်ထားကာ အလွန်ခန့်ညားနေဟန်ပေါ်လေသည်။
ဤဝတ္ထုကို အင်တာနက်ပေါ်တွင် တင်ခဲ့ဖူးတာကြောင့် သွမ့်လီရှင်း၏ဖန်တော်တော်များများက ဖတ်ဖူးထားကြသည်။ သရုပ်ဆောင်များ၏ပုံများတွင် သရုပ်ဆောင်တိုင်းသည် သူတို့ဇာတ်ကောင်နှင့်လိုက်ဖက်ညီနေကြကာ လူတွေလဲ သူတို့၏အသွင်သစ်အပေါ် သဘောကျသွားကြသည်။
ဒါကြောင့်ပဲ ပိုင်လင်းနှင့်စုထုံနျိုတို့၏ဇာတ်ကောင်အပေါ် ဝေဖန်နေသူများ ပျောက်သွားကြပြီး ဇာတ်လမ်းကိုသာ စောင့်မျှော်နေကြတော့သည်။
သို့သော်လည်း ဇာတ်လမ်းတွဲကို လုံးဝစိတ်မဝင်စားဘူး၊ ထွက်လာလဲမကြည့်ဘူးဟု တစ်ဖက်သတ်ပြစ်တင်နေသည့်အဖွဲ့ကလဲရှိနေတုန်းပင်။ တချို့ဆို ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းလို အခုမှစထောင်သည့်ကုမ္ပဏီသစ်လေးက ဇာတ်လမ်းတွဲတစ်ခုကို ထုတ်လုပ်နိုင်မည်မထင်ဟုတောင် ဝေဖန်နေကြသေးသည်။
တီဗီမှာ မပြသခင် အခုလိုသတင်းထုတ်နေတာက မလိုအပ်ဘဲဟန်ပြနေတာဟု တွေးနေကြသည်။ တကယ်တော့ ထိုလူများသည် ဖုန့်ဟွာကို သဘောမကျ၍ မြင်သမျှ အပြစ်ထိုင်ပြောနေကြရုံသာဖြစ်လေသည်။
ကုနင်းကို ဝေဖန်နေသူတစ်ချို့လဲရှိနေသေးသည်။ အကြောင်းပြချက်ကတော့ သူမလို ကျောင်းသူတစ်ယောက်ကို စီးပွားရေးအစား ကျောင်းစာကိုသာ အာရုံစိုက်သင့်သည်ဟုပင်။ ဒါကလဲ တကယ်တမ်း ကုနင်းကို မနာလိုနေကြခြင်းသာဖြစ်သည်။
တခြား ဖျော်ဖြေရေးလုပ်ငန်းတွေကလဲ ရေတပ်များငှားကာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို တိုက်ခိုက်နေကြသေးသည်။
……
ကုနင်းကတော့ ထိုသို့သော မှတ်ချက်တွေကို ဖတ်ပြီး ဒေါသမဖြစ်သွားပေ။ သူမကုမ္ပဏီက ထုတ်လုပ်မည့် ဇာတ်လမ်းတွဲအသစ်သည် သေချာပေါက် အရည်အသွေးကောင်းမည်မှန်း ယုံကြည်ချက်ရှိနေခြင်းကြောင့်ပင်။ ထို့အပြင် ကုနင်းတွင် အမာခံဖန်ပေါင်းများစွာရှိကာ အင်တာနက်ပေါ်ရှိ မလိုစကားများကို သူမဖန်တွေနဲ့ ကျန်သရုပ်ဆောင်များ၏ဖန်တွေပေါင်းကာ ပြန်လည်တိုက်ခိုက်ကြပေလိမ့်မည်။
ဤဝေဖန်ချက်တွေဖြစ်ပြီးနောက်မှာတော့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ ပထမဆုံးထုတ်လုပ်မည့်ဇာတ်လမ်းတွဲကြီးသည် ကြော်ငြာခကုန်ဘဲ weiboတွင် ထိပ်တန်းသတင်းဖြစ်သွားတော့သည်။
…….
မိနစ်၂၀ကြာပြီးနောက် ကောင်းယိနှင့်ချောင်ယတို့ လေယာဉ်ပေါ်က ဆင်းလာကြကာ ကောင်းယိက ကုနင်းကို ချက်ချင်းစာပို့လိုက်သည်။
ကောင်းယိ : ဘော့စ်၊ ငါတို့နောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတယ်။ သူလဲ သတ်ဖြတ်သူပဲဖြစ်မယ်။ ငါတို့ဘာလုပ်လိုက်ရမလဲ?
ကောင်းယိ၏စာကိုဖတ်ပြီးနောက် ကုနင်းကတော့ ထိုလူသည် ကောင်းယိနှင့်ချောင်ယကိုသတ်ချင်နေတာပဲဖြစ်မည်ဟု အလိုအလျောက်တွေးမိသွားသည်။
ကေင်းယိနှင့်ချောင်ယတို့၏နာမည်များကို သတ်ဖြတ်သူများကမ္ဘာ၏ အလိုရှိစာရင်းကနေပြီး ဖယ်ထုတ်ထားပြီးဖြစ်သော်လည်း သူတို့ အရင်က အလုပ်လုပ်ခဲ့သည့် သတ်ဖြတ်သူအဖွဲ့အစည်းကပါ မလှုပ်ရှားတော့ဘူးဟု မဆိုလိုပေ။ ပြောရရင် သူတို့တွေ အခုထိ အသက်အန္တရာယ်ရှိနေကြတုန်းပင်။
ပုံမှန်အားဖြင့် သတ်ဖြတ်သူအဖွဲ့အစည်းကို ဝင်ကြသည့်လူအားလုံးသည် လိုလိုချင်ချင်ဝင်သွားကြခြင်းမဟုတ်ဘဲ ဖိအားပေးလေ့ကျင့်ပေးခံရခြင်းဖြစ်သည်။ တချို့ဆို အဖွဲ့ထဲကထွက်ချင်ကြပေမယ့် ထိုထဲက လူအနည်းစုသည်သာ သတ်ဖြတ်သူအဖွဲ့အစည်းကနေ လွတ်မြောက်ဖို့ရာ ကံကောင်းကြသည်။
ဘာပဲဖြစ်ဖြစ် ကုနင်း သူတို့ကိုချက်ချင်းသွားတွေ့သင့်ပေသည်။
ကုနင်း : ငါတို့တွေ့မှ ဆက်ပြောကြတာပေါ့။
ကောင်းယိတိုက သူမဂုဏ်သတင်းထိခိုက်သွားမည်ကို စိုးရိမ်နေကြခြင်းမှန်း ကုနင်းနားလည်ပေသည်။ ဒါကြောင့်သာ မဟုတ်ပါက သူတို့တွေ ထိုလူကို လျှို့ဝှက်နေရာတစ်ခုသို့ခေါ်သွားကာ သတ်ပစ်နိုင်ပေသည်။ ကောင်းယိနှင့်ချောင်ယသည်လဲ ကျွမ်းကျင်သတ်ဖြတ်သူများဖြစ်ကာ သူတို့နောက်လိုက်နေသည့်လူတစ်ယောက်ကို သတ်ဖို့က မခက်လှပေ။
၁၀မိနစ်မျှကြာပြီးနောက် ကောင်းယနှင့်ချောင်ယတို့ ကုနင်း၏မြင်ကွင်းထဲဝင်လာသည်နှင့် သူတို့နှင့်မလှမ်းကမ်းတွင် အသက်၃၀ ဝန်းကျင်အမျိုးသားတစ်ယောက်ပါလာသည်ကိုပါ ကုနင်းသတိထားမိလိုက်သည်။ ထိုလူ၏အငွေ့အသက်က အမှန်ကိုသတ်ဖြတ်သူတစ်ယောက်ဟု ပြနေလေသည်။
သတ်ဖြတ်သူများသည် သာမာန်လူများနှင့်မတူညီသည့် ပတ်ဝန်းကျင်မျိုးတွင် ကြီးပျင်းခဲ့ရခြင်းဖြစ်တာကြောင့် သူတို့တွေ၏အငွေ့အသက်လဲ ကွာခြားလေသည်။ ထိုလူများသည် ငယ်စဉ်ကတည်းက လူသတ်စက်များအဖြစ် လေ့ကျင့်ပေးခြင်းခံခဲ့ရတာကြောင့် အများစုသည် သွေးအေးကြသည်။
ကောင်းယိနှင့်ချောင်ယလို ကုနင်းအနားတွင် အတော်ကြာရှိနေခဲ့သည့်လူများတောင်မှ သူတို့ပုံမှန်အတိုင်းနေနေရုံနှင့် အေးစက်လွန်းပုံပေါက်နေသေးသည်။
ကုနင်းသည်က သာမာန်မိန်းကလေးတစ်ယောက်မဟုတ်တာကြောင့် သတ်ဖြတ်သူတစ်ယောက်နှင့် သာမာန်လူတစ်ယောက်ကြားက ကွာဟချက်ကို အလွယ်တကူမြင်နိုင်လေသည်။
ကုနင်းကိုမြင်သည်နှင့် ကောင်းယိနှင့်ချောင်ယတို့ အရှိန်မြှင့်ကာ သူမအနားလျှောက်လာခဲ့ကြသည်။
သို့သော်လည်း ကုနင်းကတော့ သူတို့နောက်ကလူ၏ မျက်နှာထားကို သေချာမြင်လိုက်ရတာကြောင့် ထိုလူသည် ကောင်းယိနှင့်ချောင်ယကို အန္တရာယ်ပြုလိုခြင်းဖြစ်မှန်း ပိုသေချာသွားတော့သည်။
ဒါကြောင့် ကုနင်းလဲ ချက်ချင်းဆိုသလို ထိုလူတွင် သေနတ်ပါလားသိရရန် ကျောက်စိမ်းမျက်ဝန်းဖြင့်ကြည့်လိုက်သည်။
လေယာဉ်ပေါ်တွင် သေနတ်သယ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သော်လည်း လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိသူတွေကတော့ ယူလာနိုင်ပေသည်။
အများအားဖြင့် စစ်သားများတွင် လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိကြသော်လည်း တခြားလူတွေမှာမရှိနိုင်ဘူးဟုတော့ မဆိုလိုပေ။ ဥပမာအားဖြင့် ကုနင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိပေသည်။
ဒါ့အပြင် စစ်သားမဟုတ်သည့်တစ်ယောက်ယောက်မှာ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိနေလျှင် ထိုလူတွင် သူ့ကိုအကူအညီပေးမည့် အင်အားကြီးအဆက်အသွယ်ရှိနေတာကြောင့်ဖြစ်သည်။
ကံအားလျော်စွာပဲ ထိုလူတွင် သေနတ်မပါပေ။
တကယ်တော့ သူ့မှာသေနတ်ရှိနေလျှင်တောင် ကုနင်းက တွေ့ရှိထားပြီးသားဖြစ်နေမှာကြောင့် သေချာကြိုတင်ပြင်ဆင်ထားနိုင်၍ ကြောက်စရာမရှိပေ။
ထို့နောက် ကောင်းယိ၊ ချောင်ယနှင့် ကုနင်းတို့ လေဆိပ်ထဲမှထွက်လာခဲ့ကြကာ အားလုံးအေးဆေးတည်ငြိမ်လို့နေသည်။ သူတို့ကားထဲဝင်လိုက်ကြပြီး လေဆိပ်မှထွက်လာသည်နှင့် ထိုလူကလဲ နောက်မှလိုက်လာခဲ့သည်။
သေချာပေါက် ကုနင်း သတိထားမိပေမယ့် ထိုလူကို ချက်ချင်းဖော်ထုတ်ပစ်ဖို့ စိတ်ကူးမရှိပေ။ ထိုလူကို ရှင်းဖို့ရန်အတွက် အရင်ဆုံး လူသူရှင်းသည့်နေရာကို မောင်းရပေမည်။
***
အခန်း ၁၁၅၀ ငါတိုက်မယ်
“အဲ့လူမင်းတို့နောက်လိုက်လာမှန်း ဘယ်အချိန်ကစပြီး သတိထားမိတာလဲ?” ကုနင်းမေးလိုက်တာကြောင့် ကောင်းယိက၊ “ငါတို့လေယာဉ်ပေါ်မတက်ခင်အထိ သတိမထားမိခဲ့ဘူး၊ ကြည့်ရတာတော့ Bမြို့မှာကတည်းက လိုက်နေတဲ့ပုံပဲ။”
တကယ်တော့ လေယာဉ်ပေါ်ရောက်ကာမှ ထိုလူသူတို့ကို နောက်ယောင်ခံလိုက်နေမှန်း သတိထားမိသည့်အတွက် ကောင်းယိနှင့်ချောင်ယတို့ ရှက်ရွံ့နေမိကြည်။ ထိုလူ သူတို့နောက် လိုက်နေခဲ့တာ တော်တော်လေးကြာနေလောက်ပေပြီ။
ထိုလူသည် လေယာဉ်ပေါ်တွင် သူတို့နောက် ခပ်လှမ်းလှမ်းအတန်းမှာ ထိုင်ခဲ့ပြီး လေယာဉ်ချိန်တစ်လျှောက်လုံး သူတို့ကိုဆက်တိုက်ကြည့်နေခဲ့သည်။
ကောင်းယိနှင့်ချောင်ယတို့လဲ အလွန်ထူးဆန်းသည်ဟု ခံစားရတာကြောင့် လေယာဉ်ပေါ်မှဆင်းသည်နှင့် တပြိုင်နက် ကုနင်းကိုပြောပြဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဤကိစ္စအတွက် ကောင်းယိနှင့်ချောင်ယတို့ ရှက်နေကြလောက်မှန်း ကုနင်းနားလည်သော်လည်း တကယ်တော့ ဒါက ကိစ္စကြီးလဲမဟုတ်ပေ။ သူတို့နှစ်ယောက်လုံး ကျွမ်းကျင်သတ်ဖြတ်သူတွေဖြစ်ကြသော်လည်း သတ်ဖြတ်သူအဖွဲ့အစည်းကနေပြီး ထွက်ခဲ့သည်က အတော်ကြာသွားပြီဖြစ်သည်။ သူတို့ဘဝကို အမြဲတမ်းထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် မဖြတ်သန်းသင့်တော့ပေ။ ဒါ့အပြင် သူတို့ ထိုလူကို Bမြို့မှာကတည်းက သတိမထားခဲ့ဘူးဆိုမှတော့ တစ်ဖက်လူအလွန်ကျွမ်းကျင်သည်ဟု ဆိုနိုင်သည်။
“ကဲပါ၊ သူဘာလိုချင်လဲသိရအောင် ဘယ်သူမှမရှိတဲ့နေရာတစ်နေရာကို သွားလိုက်။”
ကုနင်းပြောလိုက်တာကြောင့် ကောင်းယိလဲ လူရှင်းသည့်တစ်နေရာသို့ မောင်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကုနင်းကတော့ ထိုလူ၏ကားထဲတွင် သေနတ်များပါလာလေမလား ကျောက်စိမ်းမျက်ဝန်းဖြင့် စစ်ကြည့်နေပြန်သည်။
ကိုယ်ပေါ်မှာ လက်နက်မယူလာဘူးဆိုရင်တောင် ကားပေါ်တွင်တော့ ပါလာနိုင်သေးသည်။ ဒါ့အပြင် သူက ကောင်းယိနှင့်ချောင်ယတို့ကို သတ်ဖို့ရည်ရွယ်၍လာခြင်းဖြစ်တာကြောင့် သေနတ်တစ်လက်လောက်တော့ ပါလာနိုင်သည်။
သို့သော်လည်း ဘာသေနတ် ဘာဓားကိုမှ ကုနင်းရှာမတွေ့ခဲ့ပေ။ ကြည့်ရတာ ဒီလူက ဘာလက်နက်မှမလိုဘဲ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေသည့်ပုံပင်။
လေဆိပ်နေ အတော်ဝေးသည်အထိ ကောင်းယိမောင်းနှင်လာခဲ့ပြီးနောက်မှာတော့ လူရှင်းသည့်နေရာတစ်ခုကို တွေ့သွားသည်။
ထိုနေရာသည် စက်မှုလက်မှုနယ်မြေတစ်ခုဖြစ်တာကြောင့် အနားတစ်ဝိုက် စက်ရုံတွေသာ များလှသည်။
စက်မှုလက်မှုနယ်မြေသို့ ၈ကီလိုမီတာဝေးကြောင်း ဆိုင်းဘုတ်ကိုမြင်ရချိန်မှာလဲ ကောင်းယိနှင့်ချောင်ယတို့နောက် လိုက်နေသည့်လူသည် သိပ်မတွေးခဲ့ဘဲ ကောင်းယိနှင့်ချောင်ယတို့၏ ဦးတည်ရာက စက်မှုလက်မှုနယ်မြေဟုသာ ထင်ခဲ့လေသည်။
ကုနင်းတို့ကားက လမ်းတစ်ဝက်မှာရပ်သွားချိန်မှာတော့ သူထောင်ချောက်မိသွားပြီမှန်း နောက်ယောင်ခံလိုက်နေသည့်အမျိုးသားလဲ နောက်ဆုံးမှာတော့ သိရှိသွားတော့သည်။ သို့သော်လည်း နောက်ပြန်ဆုတ်သွားခြင်းမရှိဘဲ ရှေ့သို့သာဆက်မောင်းခဲ့သည်။ သူ့တွင် သေနတ်မပါရှိတာကြောင့် မျက်နှာချင်းဆိုင်တိုက်ခိုက်သည့်နည်းလမ်းကိုသာ သုံးရပေမည်။
သူ ကုနင်းတို့ကားနှင့်အနီးတွင် ရပ်လိုက်ကာ ကုနင်း၊ ချောင်ယနှင့်ကောင်းယိတို့လဲ ကားထဲမှထွက်လာကြသလို သူကိုယ်တိုင်လဲ ထွက်လာခဲ့သည်။
“မင်းဘယ်သူလဲ? ဘာလို့ငါတို့နောက်လိုက်နေရတာလဲ?” ကုနင်းမေးလိုက်သည်။ သူမသာ စကားပြောမည်ဖြစ်၍ ကောင်းယိနှင့်ချောင်ယတို့ကိုတော့ တိတ်တိတ်နေဖို့ကြိုပြောထားခြင်းဖြစ်သည်။
“ငါ သူတို့နဲ့စကားပြောစရာရှိတယ်။”
“သူတို့က ငါ့သက်တော်စောင့်တွေ၊ ဒီတော့ မင်း သူတို့နဲ့စကားပြောချင်ရင် ငါ့ခွင့်ပြုချက်ကို အရင်ယူရမယ်။ မင်းဘာလုပ်ချင်တာလဲ?”
ထိုလူ၏အမြင်မှာတော့ ကုနင်းသည် အလိုလိုက်ခံထားရသည့် သူဌေးသမီးတစ်ယောက်ပုံပေါက်နေတာကြောင့် သူမကိုပေါ့ပေါ့လေးသာ တွေးလေသည်။
“ငါ့မှာ မင်းနဲ့အချိန်ဖြုန်းနေဖို့မအားဘူး။” ထိုလူက ပြောပြီးသည်နှင့် ချက်ချင်းလှုပ်ရှားတော့သည်။ သူတို့နားကိုဖြတ်သွားသည့် ကားအနည်းငယ်ရှိနေတာကြောင့် သူတို့တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်မှဖြစ်ပေမည်။
တစ်ဖက်လူ စတင်တိုက်ခိုက်လာသည်နှင့် ကောင်းယိနှင့်ချောင်ယတို့ ချက်ချင်းရှေ့ထွက်လာခဲ့ကာ ကုနင်းကတော့ ဝင်မပါပေ။ တစ်ဖက်လူက ကောင်းယိနှင့်ချောင်ယတို့ကို တပြိုင်တည်း အနိုင်ယူနိုင်လိမ့်မည်ဟု သူမမထင်တာကြောင့် အေးဆေးနေ,နေခြင်းဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူ၏အရည်အချင်းနှင့် မယုံနိုင်စရာခွန်အားကြောင့် မကြာခင်မှာပဲ ကုနင်းအံ့အားသင့်နေတော့သည်။ ကောင်းယိနှင့်ချောင်ယတို့ ရှုံးနေပြီမဟုတ်သော်လည်း နှစ်ယောက်ပေါင်းတိုက်နေတာတောင်မှ တစ်ဖက်လူကိုတော့ မထိန်းချုပ်နိုင်သေးပေ။
သူတို့နှစ်ယောက်သည် ကျွမ်းကျင်သတ်ဖြတ်သူများဖြစ်သော်လည်း လူတစ်ယောက်ကိုတောင် မနိုင်ပုံအရ တစ်ဖက်လူသည် ထိပ်တန်းသတ်ဖြတ်သူတစ်ယောက်မှန်း သိသာလှသည်။
ကုနင်းစိတ်ဝင်စားသွားတော့သည်။
“ဖယ်ကြ၊ ငါတိုက်မယ်။” ကုနင်း သူတို့ကိုဖယ်ခိုင်းလိုက်သည်။
ဒါကြောင့် ကောင်းယနှင့်ချောင်ယတို့လဲ နောက်ဆုတ်လိုက်ကာ ကုနင်းကို ဝင်ခွင့်ပေးလိုက်သည်။
ကုနင်းက သူတို့ကိုဝင်ကူပေးလာရတာကြောင့် ကောင်းယိနှင့်ချောင်ယတို့ အလွန်ရှက်သွားကြသော်လည်း ကုနင်းကတော့ စိတ်ထဲထည့်နေမည်မဟုတ်မှန်းလဲ သိကြသည်။ ထိုအစား သူမက တိုက်ခိုက်ကြည့်ဖို့ရန်အတွက်တောင် အလွန်စိတ်လှုပ်ရှားနေသေးသည်။
တစ်ဖက်လူသည်လဲ ကုနင်း၏စွမ်းရည်နှင့် သန်မာမှုအပေါ် အံ့ဩသွားရလေသည်။ အစက သူမကို သာမာန်အားနည်းသည့်ကောင်မလေးတစ်ယောက်ဟု တွေးခဲ့သည်မဟုတ်လား။
ကုနင်း မှော်စွမ်းအားအထောက်အပံ့မယူခဲ့တာကြောင့် အစပိုင်းတိုက်ပွဲတွင် နှစ်ယောက်သား လက်ရည်တူနေကြသည်။
လက်ရှိတွင် ကုနင်း ထိုလူကို အနိုင်မယူနိုင်ဘူးဆိုရင်တောင်မှ ထိုလူကတော့ အလွန်အံ့အားသင့်နေလေသည်။ ဒီကောင်မလေး တော်တော်သန်မာတာပဲ!
“မင်း ငါ့ကိုဆက်မတိုက်တာကောင်းမယ်၊ မဟုတ်ရင် မင်းပြဿနာတက်သွားလိမ့်မယ်။” တစ်ဖက်လူက ကုနင်းကိုခြိမ်းခြောက်လိုက်သည်။
ကောင်းယိနှင့်ချောင်ယကို သတ်ပေးဖို့ရန် သူ့ကိုငှားခဲ့သည်လူသာ ကုနင်းဝင်ရှုပ်ကြောင်းသိသွားလျှင် သေချာပေါက် သူမဒုက္ခတွေ့ပေလိမ့်မည်။
ကုနင်းနှုတ်ခမ်းများကော့တက်သွားတော့သည်။ သူမလုံးဝမကြောက်သွားသလို ကောင်းယိနှင့်ချောင်ယတို့ကို လွှတ်ပေးလိုက်မည်လဲမဟုတ်ပေ။ သူမ ဒီကိစ္စထဲဝင်ပါပြီးနေမှတော့ အဆုံးထိတိုက်ခိုက်ဖို့ရန် စိတ်ပိုင်းဖြတ်ထားပြီးပေပြီ။
သတ်ဖြတ်သူအဖွဲ့အစည်းက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူတို့ထက်အင်အားပိုကြီးသူကတော့ မရှုပ်ချင်ကြပေ။
ကုနင်းမှာသာ အင်အားအလုံအလောက်ရှိနေသ၍ ကောင်းယိနှင့်ချောင်ယကို သတ်ဖြတ်သူအဖွဲ့အစည်း လိုက်လံသတ်ဖြတ်နေခြင်းမှ ကာကွယ်ပေးနိုင်ပေသည်။
သတ်ဖြတ်သူအဖွဲ့အစည်း၏အဓိကရည်ရွယ်ချက်သည် ငွေဖြစ်တာကြောင့် အကျိုးအမြတ်မရနိုင်မည့်ကိစ္စမျိုးဆိုလျှင် ရပ်သွားကြပေလိမ့်မည်။
အချိန်ခဏကြာပြီးသည်အထိ သူတို့သရေသာဖြစ်နေကြကာ ကုနင်းကတော့ ထိပ်တန်းသတ်ဖြတ်သူတစ်ယောက်နှင့် တိုက်ခိုက်နေရ၍ စိတ်ပျော်ရွှင်နေသည်။
ထိုအချိန်အတွင်း သူတို့နားသို့ ကားပေါင်းများစွာဖြတ်သွားကြကာ ဒရိုင်ဘာတွေက ပြင်းထန်သည့်ရန်ပွဲကိုမြင်ရ၍ ကြောက်လန့်သွားကြသော်လည်း ကုနင်းရောတစ်ဖက်လူသည်ပါ ကျွမ်းကျင်သူများဖြစ်မှန်းတော့ မြင်နိုင်ကြသည်။ ဒါ့အပြင် ကောင်းယိနှင့်ချောင်ယတို့က တိုက်ပွဲဘေးတွင် ရပ်ကြည့်နေသည်ကိုလဲ သတိထားမိကြတာကြောင့် သူတို့ချင်း သာမာန်အပျော်ယှဉ်ပြိုင်နေခြင်းဟုသာ ထင်သွားကြလေသည်။
***
အခန်း ၁၁၅၁ လက်စားချေခြင်း
ဒါကြောင့် သူတို့တွေ ဖြတ်မောင်းမသွားခင် ခဏလောက်ကားရပ်လိုက်ကြသေးကာ တိုက်ပွဲကို ကြည့်ခဲ့ကြပေမည့် ကုနင်းအတွက် မကောင်းတာတော့မဟုတ်ပေ။
ကုနင်းနှင့် ထိုလူတို့တိုက်ခိုက်နေကြချိန် စစ်ထဓယဲ့ကတော့ စားသောက်ဆိုင်တစ်ခုတွင် အခန်းငှားကာ သူမကို ဖုန်းခေါ်နေပေပြီ။ သို့သော်လည်း ကုနင်းက သူမဖုန်းကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားတာကြောင့် စစ်ထူယဲ့လဲ သူမနှင့်ဆက်သွယ်၍မရပေ။ ဒါကြောင့် စစ်ထူယဲ့လဲ စားသောက်ဆိုင်လိပ်စာကိုသာ စာပို့ထားလိုက်တော့သည်။
အချိန်ကုန်လာသည်နှင့်အမျှ ထိုလူသည်လဲ အားပြတ်လာတော့သည်။
သို့သော်လည်း ကုနင်းကတော့ မှော်စွမ်းအားထောက်ပံ့မှုရှိနေတာကြောင့် ပြန်လည်လန်းဆန်းအားပြည့်လာသည်။ ဒါကြောင့် ထိုလူလဲ သိပ်မကြာခင်မှာပဲ ရှုံးတော့မည်ဖြစ်သည်။
သူသည် သတ်ဖြတ်သူတစ်ယောက်ဖြစ်ကာ အချိန်မရွေးအသတ်ခံရနိုင်သည့်အခြေအနေအတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားသော်လည်း သေရမှာကိုလုံးဝမကြောက်ဘူးလို့တော့ မဆိုလိုပေ။
အခုချိန်မှာ ကောင်းယနှင့်ချောင်ယတို့ကို သတ်ဖို့မဖြစ်နိုင်တော့ကြောင်း သိရသည်နှင့် ထွက်ပြေးဖို့ကြံတော့သည်။ သို့သော်လည်း ကုနင်းက သူ့ကိုထွက်ပြေးဖို့အခွင့်အရေးလုံးဝမပေးပေ။ နောက်မိနစ်အနည်းငယ်အတွင်းမှာပဲ သူလဲ အားလုံးဝကုန်ခမ်းသွားကာ ကုနင်းအနိုင်ယူသည်ကို ခံလိုက်ရတော့သည်။
ကုနင်း၏အင်အားအပေါ် သူလုံးဝအံ့ဩမှင်သက်နေမိပေသည်။ သူဆိုသည်က ထိပ်တန်းသတ်ဖြတ်သူတစ်ယောက်ဖြစ်ပြီး သတ်ဖြတ်သူများလောကတွင် နံပါတ်၇နေရာမှာတောင် ရှိသည်လေ!
ကောင်းယိနှင့်ချောင်ယတို့သည်လဲ ကုနင်း၏အတိုက်အခိုက်စွမ်းရည်နှင့် အင်အားအပေါ် အလွန်လေးစားနေကြသည်။
“ပြော! ဘာလို့ငါတို့နောက်လိုက်နေတာလဲ? မင်းကိုဘယ်သူခိုင်းထားတာလဲ?” ကုနင်း ထိုလူကို ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။
ထိုလူမှာ ကြောက်လန့်တုန်လှုပ်နေတော့သည်။ သူ့ကိုယ်သူ သာမာန်မိန်းမငယ်လေးတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ ကမ္ဘာ့အသန်မာဆုံးအမျိုးသမီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟုတောင် ခံစားလိုက်ရသည်။
ထိုလူက ကောင်းယိနှင့်ချောင်ယကိုသာ သတ်ချင်ခြင်းဖြစ်ကြောင်း ကုနင်းသိသော်လည်း ပိုပြီးအသေးစိတ်ကျကျသိချင်မိသေးသည်။
ကုနင်း၏ဒေါသကို ထိုလူကြောက်ရွံ့သွားပေမည့် စကားတစ်ခွန်းမှထွက်မလာသေးပေ။
“ဘာလဲ? ထုတ်ပြောဖို့ထက် သေဖို့ကို ပိုဆန္ဒရှိနေတာလား?”
“ငါပြောပြလိုက်ရင် မင်းငါ့ကိုလွှတ်ပေးနိုင်မလား?” ထိုလူမေးလိုက်သည်။ ကုနင်း သူ့ကိုသတ်ပစ်မည်အား အမှန်ကိုစိုးရိမ်နေလေသည်။
“ဒါပေါ့၊ ငါ့ကိုအမှန်အတိုင်းပြောရင် လွှတ်ပေးနိုင်ပါတယ်။” ကုနင်း သူ့ကိုမသတ်ဖို့သဘောတူပေမယ့် ဒဏ်ရာရအောင်မလုပ်ပါဘူးလို့တော့ မပါပေ။
တကယ်တော့ ထိုလူသာ ဒဏ်ရာရသွားလျှင် ဒါမှမဟုတ် မသန်မစွမ်းဖြစ်သွားခဲ့လျှင် သူက အသုံးမဝင်တော့၍ သူဝင်ထားသည့်သတ်ဖြတ်သူအဖွဲ့အစည်းက သူ့ကိုစွန့်ပစ်တာ သတ်ပစ်တာမျိုးလုပ်ပေလိမ့်မည်။ ကုနင်းအတွက် သူမလက်နဲ့ကိုယ်တိုင် သတ်ပစ်နေစရာကိုမလိုအပ်ပေ။
“ငါမင်းကိုယုံမယ်လို့များ ထင်နေတာလား?” ထိုလူ အကြပ်ရိုက်ဖို့ကြိုးစားလိုက်သည်။
“မင်းငါ့ကိုယုံတာ မယုံတာ စိတ်မဝင်စားဘူး၊ ဘာလို့ဆို ငါအဖြေကိုသိပြီးသားလေ။” ကုနင်းပြန်ပြောလိုက်သည်။ “သူတို့အလုပ်လုပ်ခဲ့တဲ့ သတ်ဖြတ်သူအဖွဲ့အစည်းရဲ့ခေါင်းဆောင်က မင်းကိုပို့လိုက်တာမဟုတ်လား?”
သို့သော်လည်း ကုနင်းထိုစကားပြောလိုက်ချိန်တွင် ထိုလူ၏မျက်လုံးများထဲ အထင်သေးသည့်အရိပ်အယောင်တစ်ပျဖြတ်သွားခဲ့သည်။
ကုနင်းကလဲ ထိုအရိပ်အယောင်ကို နည်းနည်းလေးမှမလွတ်သွားတာကြောင့် မျက်မှောင်ကြုတ်လိုက်မိတော့သည်။ အဖြေမမှန်ဘူးဆိုတာ ရှင်းသွားပြီ။
နောက်ထပ်အတွေးတစ်ခု ကုနင်းစိတ်ထဲပေါ်လာပြန်သည်။
ဒီလူက ကောင်းယိနှင့်ချောင်ယတို့ အရင်ကသတ်ခဲ့ဖူးသည့်လူများ၏ ဆွေမျိုးများ ငှားထားတာဆိုရင်ရော။ ဒီလူက ထိုလူများသေဆုံးမှုအတွက် လက်စားချေပေးဖို့ ရောက်နေတာမျိုးဖြစ်နိုင်တာပဲ။
ထိုသို့တွေးမိပြီးနောက် ကုနင်းထုတ်မေးလိုက်သည်။ “ဒါဆို သူတို့သတ်ခဲ့တဲ့လူတွေရဲ့ဆွေမျိုးတွေက အဲ့လူတွေသေဆုံးမှုအတွက် လက်စားချေဖို့ မင်းကိုငှားခဲ့တာလား?”
ဤတစ်ကြိမ်မှာတော့ ထိုလူအနည်းငယ်လန့်သွားသော်လည်း ချက်ချင်းပြန်ထိန်းချုပ်လိုက်ပေသည်။ သို့သော်လည်း ကုနင်းကတော့ ထိုလူ၏အမူအရာကို ချက်ချင်းဖမ်းမိခဲ့သည်။
ကောင်းယိနှင့်ချောင်ယတို့လဲ သတိထားမိကြသည်။
ထိုအဖြေကြောင့် သူတို့နှစ်ယောက်လုံး အံ့ဩသွားကြလေသည်။ ဒီလူကို သူတို့အလုပ်လုပ်ခဲ့သည့် သတ်ဖြတ်သူအဖွဲ့အစည်းက ငှားထားတာလို့ပဲ တစ်လျှောက်လုံး ထင်ခဲ့ကြတာမဟုတ်လား။
ထိုလူ၏တုံ့ပြန်ပုံကို သူတို့မြင်လိုက်ရချိန်မှာတော့ သူတို့ကို မုန်းသည့်တစ်ယောက်ယောက်က ရန်ငြှိုးအတွက် ထိုလူကိုငှားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။
ပုံမှန်အားဖြင့် ကောင်းယိနှင့်ချောင်ယတို့သတ်ခဲ့သည်လူများသည် မကောင်းသည့်လူများသာဖြစ်သော်လည်း မကောင်းသည့်လူတွေမှာတောင် မိသားစုနဲ့ဆွေမျိုးတွေဆိုတာ ရှိကြတာပဲလေ။ သူတို့သတ်ခဲ့တာကိုမြင်ခဲ့သည်နှင့် ထိုလူများ၏မိသားစုတွေ ဆွေမျိုးတွေက သူတို့ကိုမုန်းကြပေမည်။
သတ်ဖြတ်သူများလောကတွင် သတ်ဖြတ်ခြင်းတာဝန်များအားလုံးကို ဖော်ပြထားသည့် အင်ထရာနက်ရှိကာ သတ်ဖြတ်သူများအနေနဲ့ သူတို့လိုချင်ရာတာဝန်ကို ရွေး၍ရသည်။
ကောင်းယိနှင့်ချောင်ယတို့သည် လုံးဝသွေးအေး ရက်စက်လွန်းသူများမဟုတ်တာကြောင့် သူတို့တာဝန်ယူချိန်တွင် မကောင်းသည့်လူများကို သတ်ဖို့သာ ရွေးကြသည်။
သတ်ဖြတ်သူတစ်ယောက် သူယူချင်သည့်တာဝန်ကိုတွေ့သည်နှင့် အင်ထရာနက်၏မန်နေဂျာဖြစ်သူထံမှ ခွင့်ပြုချက်ရရှိဖို့ လိုသေးသည်။
အရင်ကဆိုလဲ ကေက ထိုအင်ထရာနက်ကိုဟက်ရာတွင် အရင်ဆုံး ကောင်းယိ၏အကောင့်ထဲဝင်သုံးဖို့လိုခဲ့သည်။ တရားဝင်အကောင့်နှင့်သာမဟုတ်ပါက ထိုလိုင်းထဲဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။
……..
ကေသည် နာမည်ကျော်အင်တာနေရှင်နယ်ဟက်ကာတစ်ယောက်ဖြစ်သော်လည်း အတော်ဆုံးတော့မဟုတ်သေးပေ။ ကမ္ဘာပေါ်တွင် သူ့ထက်ပိုသာသည့် ဟက်ကာတွေအများကြီးရှိနေတုန်းဖြစ်သည်။
သတ်ဖြတ်သူအဖွဲ့အစည်းအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ကြတာကြောင့် သူတို့ဝဘ်ဆိုဒ်ကို စီမံခန့်ခွဲဖို့ရန်အတွက် ထပ်တန်းဟက်ကာများသုံးကြလေသည်။ ဒါကြောင့် ကေ ဝဘ်ဆိုဒ်ထဲ တစ်ကြိမ်ဝင်လိုက်သည်နှင့် ချက်ချင်းတွေ့ရှိသွားကာ အလိုက်ခံပေမည်။
ကံကောင်းစွာဘဲ ကေက မြန်မြန်ဆန်ဆန်သိရှိသွားတာကြောင့် ထိုဆိုဒ်ကဟက်ကာတွေ သူ့ကိုမလိုက်စေရန် ချက်ချင်းပြန်ထွက်ခဲ့သည်။
ကောင်းယိ၊ ချောင်ယနှင့် ပါးထျန်းယန်တို့၏နာမည်များကို ဝဘ်ဆိုဒ်ရှိ အလိုရှိသူများစာရင်းမှ ကေဖျက်ပြီးသည်နှင့် နောက်ထပ်လူတွေ သူတို့နာမည်ကို ထပ်မထည့်စေရန်အတွက် ကာကွယ်ဖို့နည်းလမ်းကို စဉ်းစားရပြန်သည်။ ဒါကြောင့် ကေက ဗိုင်းရပ်စ်တစ်ခုကို တီထွင့်ခဲ့သည်။ တစ်ယောက်ယောက်ကသာ ကောင်းယိ၊ ချောင်ယနှင့် ပါးထျန်းယန်တို့၏နာမည်များကို အလိုရှိစာရင်းတွင် ထည့်လိုက်သည်နှင့် ဝဘ်ဆိုဒ်သည် ဗိုင်းရပ်စ်၏တိုက်ခိုက်ခြင်းကိုခံရပေမည်။
စနစ်တစ်ခုလုံးကို မပျက်စီးသွားစေရန်အတွက် ဝဘ်ဆိုဒ်မန်နေဂျာသည်လဲ လက်လျှော့သွားလေသည်။ သို့သော်လည်း တခြားဟက်ကာတစ်ယောက်က သူတို့ဆိုဒ်ရဲ့အလိုရှိစာရင်းကို စိတ်ကြိုက်ဖျက်သွားနိုင်သည့်အတွက် မန်နေဂျာမှာ အတော်လေးဒေါသထွက်ခဲ့ရသည်။
ပုံမှန်ဆိုလျှင် ဘယ်သတ်ဖြတ်သူက ဝဘ်ဆိုဒ်ပေါ်ကြေညာထားသည့် ဘယ်ပစ်မှတ်ကိုသတ်ခဲ့လဲ ဘယ်သူမှသိမည်မဟုတ်ပေ။
***