အခန်း (၁၁၆၅-၁၁၇၀)
Vol. 77 Ch. 1165-1170
အခန်း ၁၁၆၅ မြစ်ထဲပစ်ခံရသည့်အလောင်း
အခန်းထဲမှ လူအားလုံး အလွန်အံ့ဩသွားကြလေသည်။ ကိုလိန်းကို ကုနင်းပိုင်ခြင်းဖြစ်သည့်အတွက်ကြောင့်သာမကဘဲ အချိန်တိုလေးအတွင်း ကုနင်း ဒီလောက်ကုမ္ပဏီတွေအများကြီး ထူထောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူမပြောခဲ့တဲ့ စီးပွားရေးအင်ပါယာကြီးရဲ့ တိုးတက်မှုက အရမ်းမြန်တာပဲ!
“ဝါး၊ မင်းနောက်ထပ်ကုမ္ပဏီတစ်ခု ဒီလောက်မြန်မြန်ထောင်လိုက်ပြန်ပြီပေါ့!” သခင်ကြီးပိုင် အံ့အားသင့်နေလေသည်။
သခင်ကြီးဖူကလဲ၊ “ကောင်းတယ်၊ ဒီကုမ္ပဏီကလဲ ကြည့်ရတာ အမြတ်တော်တော်ရမယ့်ပုံပဲ။”
“မင်းက တကယ်ကိုအရည်အချင်းရှိတဲ့စီးပွားရေးသမားပဲ!” သခင်ကြီးယန်က ချီးကျူးလာခဲ့သည်။
ကုနင်းပိုင်သည့်ကုမ္ပဏီဆိုမှတော့ ထုတ်ကုန်တွေက အရမ်းထိရောက်မှုရှိလိမ့်မည်မှန်း သူတို့ယုံကြည်သွားတော့သည်။
……
စားရင်းသောက်ရင်း ပျော်ပျော်ရွှင်ရွှင် စကားဆက်ပြောဖြစ်ခဲ့ကြသည်။
အစပိုင်းတွင် ပိုင်ရွှယ်ယန်လဲ သူတို့စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုနိုင်ခဲ့သော်လည်း တဖြည်းဖြည်းပလစ်ခံလိုက်ရတာကြောင့် သူမလဲ အစားအသောက်ဘက်ကိုသာ အာရုံထည့်လိုက်တော့သည်။
နောက်ဆုံး ပြန်ကြတော့မည့်အချိန်မှာတော့ ပိုင်ရွှယန်ယန်က ကုနင်းကိုမေးလိုက်သည်။ “ကုနင်း၊ နင်ဘယ်တော့လောက် Gမြို့ကပြန်မှာလဲ?”
“မနက်ဖြန်ပေါ့၊ ငါBမြို့ကိုလဲသွားရဦးမယ်။ အဲ့ဒီမှာ ရက်ပိုင်းလောက်နေပြီးရင် ကောလိပ်ဝင်ခွင့်ဖြေဖို့ ကျောင်းပြန်သွားရမှာ။”
ထိုစကားကြားကာမှ ကုနင်း အခုထိ အထက်တန်းကျောင်းသူသာဖြစ်သေးကာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့လိုသေးကြောင်း သခင်ကြီးပိုင်တို့ သတိရသွားတော့သည်။
ကုနင်း အကောင်းဆုံးဖြေဆိုနိုင်ပါစေဟု ဆုတောင်းပေးကြပြီးနောက် အားလုံး ပြန်သွားကြသည်။
ကုနင်းကတော့ ကောင်းယိကို ဟိုတယ်မပြန်ခင် သူမကို ရေပြာအိုင်သို့ အရင်လိုက်ပို့ပေးဖို့ပြောလိုက်သည်။
ရေပြာအိုင်ဂိတ်ပေါက်ဝမှာပဲ ကုနင်းကားထဲမှထွက်လာခဲ့သည်။ သို့သော်လည်း သူမတိုက်ခန်းသို့ချက်ချင်းမပြန်သွားဘဲ တက္ကစီတစ်စီးငှားကာ မြစ်ရှိရာသို့ သွားလေသည်။
နတ်ဆိုးကျောင်းသည် ရေနှင့်မထိတွေ့ရသည်က အလွန်ကြာပြီဖြစ်တာကြောင့် ကုနင်းလဲ သူ့ကို လေကောင်းလေသန့်လေး ပေးရှူသင့်သည်ဟု တွေးမိလိုက်သည်။
အခုက မေလဖြစ်၍ အပူချိန်က ရှိသေးတာကြောင့် လူတော်တော်များများသည် အပူရှိန်လျော့စေရန်အတွက် မြစ်ဘေးသို့လာကာ အပန်းဖြေလေ့ရှိကြသည်။
နတ်ဆိုးကျောင်းကို မြစ်ထဲသို့လွှတ်ပေးဖို့ စိတ်ကူးထားတာကြောင့် ကုနင်းလဲ သူမအနားဘယ်သူမှမရှိမည့်နေရာကို ရွေးရလေသည်။ ဒါကြောင့် မြစ်အောက်ပိုင်းသို့ သွားလိုက်သည်။
ထိုအချိန်မှာပဲ ရုတ်တရက် အမျိုးသမီးတစ်ယောက်က သူမကိုလှမ်းအော်တားလိုက်လေသည်။ “ဟေ့၊ ကောင်မလေး၊ အဲ့မှာရပ်လိုက်! မင်း မြစ်အောက်ပိုင်းကိုသွားမလို့လား? မသွားတာကောင်းမယ်၊ အဲ့နေရာက မလုံခြုံဘူး။ မကြာခင်တုန်းက ကောင်မလေးတစ်ယောက်လဲ သူ့ရည်းစားပစ်တာခံလိုက်ရလို့ဆိုပြီး အဲ့လိုသွားခဲ့သေးတယ်။ နောက်တော့ လူတစ်ယောက် အဓမ္မကျင့်တာခံလိုက်ရပြီး အလောင်းကို မြစ်ထဲအပစ်ခံလိုက်ရတယ်။ အခုထိကို တရားခံမပေါ်သေးဘူး။”
ထိုအကြောင်းကြားလိုက်ရသည်နှင့် ကုနင်း၏မျက်နှာ လေးနက်လို့သွားသည်။ သူမသည် မုဒိမ်းသမားများအား အလွန်စက်ဆုပ်ကာ ခံရသူများအတွက် သနားမိသည်။
“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ မသွားတော့ပါဘူး။”
အမျိုးသမီးလဲ စိတ်အေးသွားကာ ကုနင်းကို အိမ်စောစောပြန်ဖို့ ကြင်ကြင်နာနာသတိပေးလိုက်သည်။
ထိုအမျိုးသမီးထွက်သွားတော့မှ ကုနင်း မြစ်အောက်ပိုင်းသို့ ဆက်သွားခဲ့လေသည်။ သာမာန်လူတွေကတော့ လူသတ်ခံထားရသည့်နေရာမျိုးကို ကြောက်မိကြမှာဆိုသော်လည်း ထိုထဲတွင် ကုနင်းမပါပေ။
သူမဘေးပတ်ဝန်းကျင်တွင် ဘယ်သူမှမရှိတာသေချာသည်နှင့် နတ်ဆိုးကျောင်းကို မြစ်ထဲလွှတ်ပေးလိုက်သည်။
နတ်ဆိုးကျောင်းကတော့ မြစ်ရေနှင့်ထိလိုက်သည်နှင့် ချက်ချင်းကူးခတ်သွားကာ ကုနင်းလဲ မြစ်ဘေးမှာ ထိုင်ဖို့နေရာရှာလေသည်။
သို့သော်လည်း ခဏလေးအတွင်းမှာတင် နတ်ဆိုးကျောင်း ရေပေါ် ပြန်ပေါ်လာခဲ့ကာ၊ “သခင်ရေ၊ မြစ်အောက်မှ သရဲမတစ်ကောင်ရှိနေတယ်။ ဒါပေမယ့် ငါ့ကိုကြောက်သွားတယ်။”
ကုနင်း အံ့ဩသွားတော့သည်။
ဒီသရဲမဆိုတာ အစောကအမျိုးသမီးပြောခဲ့တဲ့ ကောင်မလေးကရဲ့ဝိညာဉ်ဖြစ်နိုင်တာပဲ!
ကုနင်း ခန့်မှန်းမိရုံသာရှိသည်။ တခြားလူတွေရဲ့ဝိညာဉ်လဲဖြစ်နိုင်တာပဲ။ ဒါပေမယ့် မြစ်ထဲမှာ သရဲမရှိနေမှတော့ ကုနင်းကိုယ်တိုင် တစ်ခေါက်လောက် သွားစစ်ဆေးကြည့်ချင်မိသည်။
အချိန်ကြာလာသည်နှင့် ကုနင်းသည် သရဲတွေ မကောင်းဆိုးဝါးတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် သူမတွင်တာဝန်ရှိသည်ဟု အလိုအလျောက်မှတ်ယူလာခဲ့သည်။ ဒါကပဲ သူမကံကြမ္မာလိုပင်။ သူမအမြဲတမ်းလိုလို သရဲမကောင်းဆိုးဝါးများနှင့် ကြုံရကာ ဒါ့အပြင် ကြုံရသမျှသည် လူသားများကိုအန္တရာယ်ပြုနေသည့်အရာများဖြစ်နေသေးသည်။
ဒါ့အပြင် သူမ မကောင်းဆိုးဝါးတစ်ကောင် ဒါမှမဟုတ် သရဲတစ်ကောင်ကို ရှင်းလင်းလိုက်သည့်အချိန်တိုင်း သူမကိုယ်တွင်းရှိအင်အားက တိုးတက်လာကြောင်းကိုလဲ သိရှိခဲ့ရသည်။ ဘာကြောင့်တိုးလာမှန်းတော့ သူမမသိသော်လည်း ဘာပဲဖြစ်ဖြစ် သူမအတွက်အကျိုးရှိသည့်အရာပင်။
“ငါနင့်ကို စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်ထားဦးမယ်။ ငါ သရဲမကိုရှာတွေ့ပြီးမှ ပြန်လွှတ်ပေးမယ်နော်။”
“ရတယ်၊ ရတယ်၊ ကိစ္စမရှိဘူး။”
ထို့နောက် ကုနင်း ရေငုပ်ဝတ်စုံဝတ်ကာ မြစ်ထဲသို့ ဒိုင်ဗင်ထိုးလိုက်သည်။
သရဲမက နတ်ဆိုးကျောင်းကို ကြောက်လန့်သွားတယ်ဆိုမှတော့ အနီးအနားမှာမရှိလောက်တော့ပေ။ သို့သော် အရမ်းအဝေးကြီးကိုလဲ မသွားလောက်ပေ။
ကုနင်း သရဲမကို ဆွဲဆောင်ဖို့ရန်အတွက် မှော်စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
မှော်စွမ်းအားကိုအနံ့ခံမသွားသည်နှင့် မျှော်လင့်ထားသည့်အတိုင်း သရဲမသည် ကုနင်းရှိရာသို့ ရောက်ရှိလာတော့သည်။
ထိုသရဲမသည် အသက်၂၀လောက်ရှိပြီဖြစ်ကာ ပိုနီးတေးစည်းထားပြီး အဖြူရောင်နွေရာသီဝတ်စုံကို ဝတ်ဆင်ထားသည်။
သရဲမသည် အငြှိုးအတေးခံစားချက်များလှသော်လည်း သူမ၏ယင်စွမ်းအင်သည် မည်းမှောင်လောက်သည်အထိ မဖြစ်သေးတာကြောင့် သေဆုံးချိန် မကြာလောက်သေးပေ။ ယင်စွမ်းအင်သည် သေဆုံးပြီးနောက်မှ အမုန်းဓါတ်ကနေပြီး ပေါက်ဖွားလာခြင်းမျိုးဖြစ်သည်။
အခုတော့ သရဲမသည် အစောကအမျိုးသမီးပြောခဲ့သည့် မတရားခံလိုက်ရသည့်မိန်းကလေးဖြစ်မှန်း ပိုလို့သေချာသွားတော့သည်။
ကုနင်းနှင့်၃မီတာမျှအကွာမှာပဲ သရဲမကရပ်သွားလေသည်။
ထိုသို့ရပ်သွားရခြင်းသည် ကုနင်းအလွန်အင်အားကြီးနေကြောင်း သိသွား၍တော့မဟုတ်ဘဲ သာမာန်လူများများကို မထိခိုက်စေချင်သည့်ဆန္ဒကြောင့်သာဖြစ်သည်။
အရာဝတ္ထတစ်ခုကနေမဟုတ်ဘဲ လူသားတစ်ယောက်ဆီကနေပြီး မှော်စွမ်းအားတွေထွက်လာခြင်းကြောင့် သရဲမအံ့ဩနေမိလေသည်။ ကုနင်းရဲ့ကိုယ်ပေါ်မှာ မှော်စွမ်းအားရှိသည့်ပစ္စည်းတစ်ခုခုရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။
သရဲမဘာတွေတွေးနေမှန်း ကုနင်းသိလိုက်ကာ အရမ်းကြင်နာတတ်တာပဲဟု ခံစားလိုက်ရသည်။
“မင်းက မကြာခင်သေးခင်တုန်းက အဓမ္မကျင့်ပြီး အသတ်ခံလိုက်ရတဲ့မိန်းကလေးလား?”
***
အခန်း ၁၁၆၆ သူ့ကိုအပြစ်ပေးရမယ်
သူမဒီလိုတဲ့တိုးသွားမေးလိုက်ခြင်းကြောင့် ထိုမိန်းကလေးက သူမကိုအန္တရာယ်ပြုလာနိုင်ကြောင်း ကုနင်းသိသော်လည်း အဖြေရဖို့လိုအပ်ပေသည်။
သရဲမကတော့ဖြင့် ကုနင်း သူမကို မြင်နိုင် စကားပြောနိုင်နေတာကြောင့် အံ့ဩနေရသည်။ ပြီးတော့ ကုနင်းက ရေထဲမှာကိုစကားပြောနေတာလေ၊ ဘယ်လောက်တောင်အံ့ဩဖို့ကောင်းလဲ။
သရဲမလဲ သတိချပ်လိုက်ကာ ဂရုတစိုက်မေးလိုက်သည်။ “နင်ဘယ်သူလဲ? ဘယ်လိုလုပ် ငါ့ကိုမြင်နိုင်ပြီး ရေထဲမှာပါ စကားပြောနိုင်ရတာလဲ?”
“အဲ့ဒါအရေးမကြီးဘူး၊ ငါမင်းကို ကူညီပေးနိုင်တာမို့ မင်းဘာတွေကြုံခဲ့တယ်ဆိုတာ ပြောပြပါလား။”
“နင်က ငါ့ကိုကူညီပေးနိုင်တယ်လား?” လက်စားချေဖို့ရာ အလွန်စိတ်အားထက်သန်နေခြင်းကြောင့်ဖြစ်နိုင်ကာ ကုနင်း ဘာကြောင့် သူ့ကိုကူညီရလဲဆိုသည်ကိုတောင် မမေးပါဘဲ စိတ်လှုပ်ရှားသွားတော့သည်။
“ဟုတ်တယ်၊ ဒါပေမယ့် မင်းသေဆုံးရတဲ့အကြောင်းအရင်းနောက်ကွယ်က ဇာတ်လမ်းကိုတော့ ငါ့ကိုပြောပြမှရမယ်။”
“ရတယ်၊ ကိစ္စမရှိဘူး။” သရဲမသည် ထွေထွေထူးထူးတွေးမနေဘဲ ကုနင်းကို အကြောင်းအရာအလုံးစုံ ပြောပြပေးလေသည်။
“ငါအခုလို အဓမ္မကျင့်ပြီး အသတ်ခံလိုက်ရတာ မတော်တဆမှုမဟုတ်ဘူး။ ငါ့ရည်းစားက ငါသူ မူးယစ်ဆေးချနေတာနဲ့ ရောင်းနေတာကို တွေ့သွားလို့ တမင်လုပ်ကြံခဲ့တာပဲ။ ငါက သူနဲ့လမ်းခွဲချင်ရုံဆိုပေမယ့် သူက လက်မခံပေးတာနဲ့ ရဲကိုအကြောင်းကြားလိုက်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တာ။ အစကတော့ သူလဲ သဘောတူပြီး ငါ့ကိုလွှတ်ပေးလိုက်ပေမယ့် ငါ ရဲကိုသွားပြောလိုက်မှာကြောက်ပြီး ငါ့ကိုအဓမ္မကျင့်ပြီး သတ်ပစ်ဖို့လူတွေစီစဉ်ခဲ့တာ”
ကုနင်းဒေါသထွက်သွားသော်လည်း မေးသင့်တာတွေကိုဆက်မေးလေသည်။ “မင်းရည်းစားအကြောင်း နည်းနည်းပါးပါးပြောပြပါလား။”
“သူ့နာမည်က ဝမ်ချောင် ၂၈နှစ်ရှိပြီ။ ငါ သူနဲ့ဘားတစ်ခုမှာတွေ့ခဲ့တာ၊ သူက အရပ်လဲရှည်ပြီး ချောလဲချောတော့ ငါလဲ သူ့ကိုမြင်မြင်ချင်းချစ်မိသွားတယ်။ ငါ့သူငယ်ချင်းကပါ ဝမ်ချောင်ကလဲ ငါ့ကို သဘောကျနေတယ်ဆိုပြီးပြောပေးတယ်။ ပြီးတော့ သူက ကုမ္ပဏီကြီးတစ်ခုမှ လစာတော်တော်ကောင်းကောင်းရတယ်တဲ့။ ငွေကြေးကိစ္စတွေ ငါအဲ့လောက်ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့တွဲဖြစ်သွားကြတယ်။ နောက်ပိုင်း ငါတို့နှစ်ယောက်လုံးနဲ့ခင်တဲ့သူငယ်ချင်းတွေနဲ့ ဘားကိုမကြာခဏသွားဖြစ်ကြတယ်။ ဒါပေမယ့် ရုတ်တရက်ကိစ္စတစ်ခုကြောင့် သူငါ့ကိုတစ်လျှောက်လုံး လိမ်ညာနေခဲ့တာကို ငါသိသွားတယ်။ သူက ဘာကုမ္ပဏီကြီးမှာမှ အလုပ်လုပ်နေတာမဟုတ်ဘူး။ ချင်ဂိုဏ်းကပဲ!”
သရဲမ၏ပြောပုံများကိုနားထောင်ရင်း သူမဘယ်လောက်တောင် မုန်းတီးနေကြောင်းခံစားရပေသည်။
ကုနင်း၏နှုတ်ခမ်းများ တွန့်ကွေးသွားတော့သည်။ အဲ့လူက ချင်ဂိုဏ်းကသာဆို သူမဖြေရှင်းရပိုလွယ်ပြီပဲ။
“ဘယ်ဘားလဲ?”
“ဝင်းဒ်ဘား။”
“မင်း သူ့ကိုဘယ်လိုပုံစံမျိုး အပြစ်ပေးစေချင်လဲ?”
သရဲမ အံကိုတင်းတင်းကြိတ်လိုက်ကာ၊ “သူ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ပျက်စီးသွားစေချင်တယ်!”
“ကောင်းပြီ၊ မင်းဆန္ဒအတိုင်းဖြစ်စေရမယ်။” ကုနင်းသဘောတူလိုက်သည်။
သူနဲ့တွေ့ရအောင် မင်းကိုခေါ်သွားပေးမယ်။”
“တကယ်ပြောနေတာလား?” ဝမ်ချောင် ဘယ်လိုကျဆုံးသွားလဲ သူမကိုယ်တိုင်မြင်တွေ့ရမည်ဖြစ်တာကြောင့် သရဲမအလွန်စိတ်လှုပ်ရှားသွားတော့သည်။ ဝမ်ချောင်ကို အပြစ်ပေးနေသည်အား ကိုယ်တိုင်မြင်တွေ့ရပါမှ သရဲမ၏ရန်ငြှိုးတွေ ပြေပျောက်ပေလိမ့်မည်။
“ဒါပေါ့။”
“ဒါဆိုလဲ သွားရအောင်လေ။”
“အာ.. ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ?”
“လင်းရှောင်ယွီ။”
ထို့နောက် ကုနင်းလဲ သရဲမကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်သွင်းလိုက်ကာ ရေထဲမှပြန်တက်လာခဲ့သည်။
ဒီနေ့အဖို့တော့ နတ်ဆိုးကျောင်းကို သူမရေထဲမလွှတ်ပေးနိုင်တော့တာကြောင့် မနက်ဖြန်Bမြို့ကိုရောက်ကာမှ လုပ်ပေးဖို့စိတ်ကူးလိုက်သည်။
ကုနင်း ကမ်းပေါ်ပြန်ရောက်သည်နှင့် အဝတ်အစားလဲလိုက်ကာ စစ်ထူယဲ့ထံ ဖုန်းဆက်လိုက်သည်။
ဤကဲ့သို့ချင်ဂိုဏ်းက အရေးမပါလှသည့်ဂိုဏ်းသားတစ်ယောက်ကို ဖြေရှင်းသည့်ကိစ္စမျိုးကို ဂိုဏ်း၏အထူးပုဂ္ဂိုလ်ဖြစ်သော စစ်ထူယဲ့ကို ဖုန်းဆက်နေဖို့မလိုအပ်သော်လည်း ကုနင်းကတော့ သူမ သူ့လူကို အပြစ်မပေးခင် စစ်ထူယဲ့ကို အရင်ဆုံး အသိပေးသင့်သည်ဟု ထင်မိသည်။
“ဟိုင်း၊ မင်းအရင်ဖုန်းစဆက်တာပါလား! ငါဘာများကူညီရမလဲ?” စစ်ထူယဲ့မေးလိုက်သည်။ ကုနင်း အခုလို သူ့အကူအညီလိုလာသည့်အတွက်ကိုတောင် ဂုဏ်ယူဝမ်းသာနေလေသည်။
“တစ်ခုကူညီစရာရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်မသူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက် အဓမ္မကျင့်ပြီးအသတ်ခံလိုက်ရတယ်။ နောက်ကွယ်ကလူက ဝမ်ချောင်လို့ခေါ်တဲ့လူပဲ။ ကြားတာတော့ အဲ့ဒီဝမ်ချောင်က ချင်ဂိုဏ်းကပဲ၊ ဝင်းဒ်ဘားမှာ အလုပ်လုပ်တဲ့လူ။”
“ခဏစောင့်ပေး။ ငါအခုပဲ အဲ့လူကိုရှာပြီး မင်းဆီလွှဲပေးမယ်။” စစ်ထူယဲ့ချက်ချင်း အဖြေပေးလိုက်သည်။
ချင်ဂိုဏ်းသည် တရားမဝင်ဂိုဏ်းတစ်ခုဆိုလျှင်တောင် အခုလိုကိုယ်ရေးကိုယ်တာပြစ်မျုများကိုတောင် လက်မခံပေးပေ။ ထို့အပြင် ကုနင်းကိုယ်တိုင် စစ်ထူယဲ့ကိုအကူအညီတောင်းခဲ့ခြင်းဖြစ်တာကြောင့် စစ်ထူယဲ့အနေနဲ့ တုံ့ဆိုင်းခြင်းမရှိ သူမကိုကူညီပေးမှာပင်။
“ကျေးဇူးတင်ပါတယ်။ သူ့ကိုအပြစ်ပေးရမှာဖြစ်လို့ စိတ်မကောင်းပါဘူး။”
ကုနင်း တကယ်အားနာမိ၍ စစ်ထူယဲ့ကိုတောင်းပန်လိုက်သည်။ စစ်ထူယဲ့ သူမမိတ်ဆွေဖြစ်သော်လည်း လင်းရှောင်ယွီနဲ့တော့ ဘာမှမပတ်သတ်ပေ။
ဝမ်ချောင်ကျပြန်တော့ စစ်ထူယဲ့၏လူဖြစ်သည်။ အခုလို သူမကူညီပေးတာက အရမ်းကိုမျက်နှာသာပေးရာရောက်ပေသည်။
“မလိုပါဘူး။ ငါတို့ဂိုဏ်းထဲမှာ အခုလိုကိုယ်ရေးကိုယ်တာပြစ်မှုမျိုးကျူးလွန်ခွင့်မပြုထားဘူး။ သူသာ အမှန်တကယ်အမှားလုပ်ထားရင် သေချာပေါက် တာဝန်ယူသင့်တာပေါ့။”
“ကျေးဇူးပါပဲ။”
ထို့နောက် ဖုန်းချလိုက်ကြသည်။
ထိုလူ၏နာမည်ရော အလုပ်လုပ်သည့်နေရာပါ သိနေတာကြောင့် စစ်ထူယဲ့လဲ အချိန်သိပ်မယူလိုက်ရပါဘဲ ဝမ်ချောင်ကို တွေ့သွားကာ ကုနင်းကို ဖုန်းပြန်ဆက်လိုက်သည်။
“ကုနင်း၊ ငါသူ့ကိုဖမ်းမိထားပြီ။ မင်း ဝင်းဒ်ဘားကိုသွားပြီး ဖြေရှင်းချင်လား? တခြားတစ်နေရာရာသွားမလား?”
“ကျွန်မဘာသာပဲ ဝင်းဒ်ဘားကိုသွားလိုက်ပါ့မယ်။”
“ကောင်းပြီ၊ ငါလဲ လုပ်စရာလေးတွေရှိသေးလို့ မင်းနဲ့ပဲလွှဲပေးလိုက်ပြီ။ တစ်ခုခုဆို ဘားမန်နေဂျာကို အကူအညီတောင်းလို့ရတယ်။ ငါသူ့ကိုဖုန်းဆက်ထားပြီးပြီ။”
***
အခန်း ၁၁၆၇ ဝင်းဒ်ဘား
“ကောင်းပြီလေ၊ ဒါဆိုလဲ ကျေးဇူးပဲ။” ကုနင်း ပြန်ဖြေလိုက်ပြီးနောက် တက္ကစီငှားကာ ဝင်းဒ်ဘားသို့ သွားခဲ့သည်။
ဝင်းဒ်ဘားသည် နိုက်ဒ်ကလပ်တစ်ခုဖြစ်ကာ ညဘက်ဆိုလျှင် အလွန်ဆူညံလှုပ်ရှားလွန်းသည့်နေရာမျိုးပင်။ အခုက၉နာရီရှိပြီဖြစ်ကာ ၁၀နာရီကျော်သွားလျှင် ယခုထက်ပိုပြီး တက်ကြွလှုပ်ရှားလာကြပေဦးမည်။
ဝင်းဒ်ဘားသည် အလွန်နာမည်ကြီးတာကြောင့် ဧည့်သည်များအနေနဲ့ နေရာရဖို့ရန် ကြိုတင်မှာထားဖို့လိုလေသည်။
ကုနင်းကတော့ အထဲသို့တန်းဝင်သွားကာ ကလပ်မန်နေဂျာနှင့်တွေ့ဖို့လာခြင်းဖြစ်ကြောင်း စားပွဲထိုးတစ်ယောက်ကို ပြောလိုက်သည်။
စားပွဲထိုးကောင်လေးက ခေါင်းညိတ်လိုက်ကာ ကုနင်းကို လမ်းပြခေါ်သွားပေးဖို့လုပ်သော်လည်း သူတို့သွားတော့မည့်အချိန်မှာပဲ အမျိုးသမီးတစ်ယောက်က သူတို့ကိုတားလာလေသည်။
“နေဦး၊ မင်းပြောတော့ မင်းတို့မန်နေဂျာအရမ်းအလုပ်များနေတယ်ဆို? ဘာလို့သူကျဝင်တွေ့လို့ရတာလဲ?” အမျိုးသမီးက ဒေါသတကြီးမေးလိုက်သည်။ သူမသည် မိတ်ကပ်ထူထူနှင့် ဆက်ဆီကျသည့်ဝတ်စုံမျိုးကို ဝတ်ဆင်ထားကာ အသက်၃၀အောက်သာရှိပေဦးမည်။
နိုက်ဒ်ကလပ်သို့လာသည့်အမျိုးသမီးအများစုသည် ဤကဲ့သို့ပုံစံပဲ ဝတ်စားဆင်ယင်လေ့ရှိကြတာကြောင့် အထူးအဆန်းတော့မဟုတ်ပေ။
ထိုအမျိုးသမီးသည်လဲ မန်နေဂျာကိုတွေ့ချင်၍ ဝင်းဒ်ဘားကိုရောက်လာခြင်းဖြစ်ကြောင်း သိသာလှသည်။
“မစ္စမာ၊ တောင်းပန်ပါတယ်၊ ကျွန်တော်တို့မန်နေဂျာက တကယ်ကိုအလုပ်များနေတာပါ။ ဒီမစ္စကလဲ ကျွန်တော်တို့မန်နေဂျာနဲ့ ကြိုချိန်းထားတဲ့တာကြောင့်ပါ။” စားပွဲထိုးကောင်လေးက ထိုအမျိုးသမီး၏စရိုက်ကို မကြိုက်တာတောင်မှ စိတ်ရှည်ရှည်ရှင်းပြပေးလေသည်။
ထိုစကားကြောင့် မစ္စမာဆိုသူလဲ ကုနင်းကိုသေချာကြည့်လိုက်သည်။ ကုနင်းက သူမထက်ငယ်ရွယ်ကာ ပိုလဲလှကြောင်း သိလိုက်သည်နှင့် အလွန်မနာလိုဖြစ်သွားကာ ဝင်းဒ်ဘားမန်နေဂျာက ကုနင်း၏ရုပ်ရည်ကြောင့် သူမကိုတွေ့ခွင့်ပေးခြင်းဟု ယုံကြည်သွားလေသည်။
“မင်းနဲ့ ဝူစန်းဘယ်လိုပတ်သတ်လဲ?” ကုနင်းကို သူ့မလူအားဆွဲဆောင်ဖို့ကြံနေသည့် မြေခွေးမလိုမျိုး မေးလိုက်လေသည်။
ဝူစန်းသည်က ဝင်းဒ်ဘား၏မန်နေဂျာဖြစ်ကာ အခု ကုနင်းသွားတွေ့မည့်သူဖြစ်သည်။
“ရှင့်ကိစ္စမဟုတ်ဘူး။” ကုနင်း ထိုအမျိုးသမီး၏ရိုးပျလှသည့်အပြုအမူကြောင့် သိပ်သဘောမကျမိပေ။
“နင်…” မစ္စမာ ဒေါသထွက်သွားတော့သည်။ သူမကိုယ်သူမ ဝူစန်း၏ချစ်သူအဖြစ် မှတ်ယူထားတာကြောင့် ကုနင်းကို ရန်သူတစ်ယောက်လိုမျိုး မြင်နေလေသည်။
“ဝူစန်းက ငါ့လူပဲ!” မစ္စမာက မောက်မောက်မာမာပြောလိုက်ပေမည့် စားပွဲထိုးကောင်လေး၏မျက်လုံးများထဲတွင်တော့ အထင်သေးသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။ သေချာပေါက် အမှန်တရားမှမဟုတ်ဘဲ။ မစ္စမာသည် ဝူစန်းနှင့် တစ်ကြိမ်သာ အိပ်ခဲ့ဖူးခြင်းဖြစ်ကာ ခွာမရခြင်းသာဖြစ်သည်။
ဝူစန်းသည် လူရှုပ်လူပွေတစ်ယောက်ဖြစ်သော်လည်း အတည်တကျဆက်ဆံရေးမျိုးကို မလိုလားသည့်အမျိုးသမီးများနှင့်သာ ပွေရှုပ်သူဖြစ်သည်။ မစ္စမာသည်လဲ အစပိုင်းမှာတော့ ထိုအချက်ကိုသဘောတူခဲ့သော်လည်း နောက်ပိုင်း နောင်တရလာကာ ဝူစန်းကို ဆက်တိုက်နှောင့်ယှက်နေတော့သည်။
ဝူစန်းနှင့်အိပ်ခဲ့သည့်မိန်းမတွေက မရေမတွက်နိုင်အောင်များပြားလှကာ မစ္စမာသည်လဲ ထိုလူများထဲမှ တစ်ယောက်ဖြစ်နေရုံသာ။
ဘားကလူတွေအားလုံး မစ္စမာ၏အပြုအမူတွေအပေါ် သဘောမတွေ့ကြပေမယ့် ဝူစန်းက အလွန်ခန့်ညားက ညှို့ဓာတ်ပြင်းတာကြောင့် သူမအခုလို မခွာနိုင်ဖြစ်နေမှန်း သူတို့လဲ နားလည်ကြသည်။ ဘားမှစားပွဲထိုးကောင်မလေးအများစုသည်လဲ ဝူစန်းကို နှစ်သက်ကြသည်။
သို့သော်လည်း သူတို့ဝူစန်းကို ချစ်မိသွားကြမည်စိုးတာကြောင့် တစ်ညတာဆက်ဆံရေးမျိုးတည်ဆောက်ဖို့အထိ သတ္တိမရှိကြပေ။
“မစ္စမာ၊ အဲ့လိုတွေမဟုတ်မမှန်တာတွေ မပြောပါနဲ့။ ကျွန်တော့်မန်နေဂျာက မင်းရဲ့လူမဟုတ်ဘူး၊ ပြီးတော့ မစ္စကုက ကျွန်တော်တို့မန်နေဂျာက အထူးဧည့်သည်ပဲ။ လေးစားမှုလေးရှိပါ မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားကို ကလပ်ကနေပါထွက်သွားခိုင်းရပါမယ်။” စားပွဲထိုးကောင်လေးက ယဉ်ယဉ်ကျေးကျေးသာ ဆက်ပြောလိုက်လေသည်။
မစ္စကုကို လေးလေးစားစားဆက်ဆံဖို့ သူတို့မန်နေဂျာက ကြိုပြောထားတာကြောင့် ကုနင်းသည် သေချာပေါက် အလွန်အရေးပါသည့်ဧည့်သည်တစ်ယောက်ဖြစ်ပေမည်။
မစ္စမာ အလွန်ဒေါသထွက်သွားသော်လည်း စားပွဲထိုးလေးနဲ့အပြိုင် ဆက်ပြီးအငြင်းမပွားရဲတော့ပေ။ ကလပ်ကနေ မောင်းထုတ်ခံရသည်အထိတော့ မဖြစ်ချင်ဘူးမလား။ သူမသာ နာမည်ပျက်စာရင်းထဲဝင်သွားရင် ဝူစန်းကို နောက်တစ်ကြိမ် ထပ်တွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
ထို့နောက် စားပွဲထိုးကောင်လေးလဲ ကုနင်းဘက်ပြန်လှည့်သွားကာ၊ “မစ္စကု၊ စောင့်ခိုင်းရတဲ့အတွက် တောင်းပန်ပါတယ်။ ဒီလမ်းပါ။”
“ကျေးဇူးပါပဲ။” ကုနင်းလဲ စားပွဲထိုးလေးနှင့်အတူ ထွက်သွားလေသည်။
မစ္စမာမှာ ဒေါသတကြီးနှင့် ကုနင်းထွက်သွားသည်ကို ကြည့်နေခဲ့သော်လည်း လိုက်တော့မသွားရဲပေ။ အခု ဝူစန်းကိုလဲ မတွေ့နိုင်သေးဘူးဆိုမှတော့ သူမလဲ သူမဘာသာ ဘားဘက်မှာသာ သွားပျော်ပေတော့မည်။
ဝင်းဒ်ဘားသည် အလွန်ကြီးမားကာ ကောင်းမွန်ကျယ်ဝန်းသည့် သီးသန့်ခန်းအချို့လဲ ရှိသည်။
ဝမ်ချောင်သည် သီးသန့်ခန်းတွေထဲက တစ်ခန်းတွင် ထိန်းသိမ်းခံထားရကာ ဝူစန်းလဲ အထဲတွင်ရှိနေသည်။ အခန်းထဲတွင် သူတို့နှစ်ဦးသာ ရှိနေခြင်းဖြစ်သည်။
ဝူစန်းသည် အရပ်ရှည်ရှည်နှင့် ချောမောခန့်ညားသည့် အသက်၂၇နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် သူ့ကို မိန်းကလေးတွေ မြင်မြင်ချင်းချစ်မိသွားကြသည်က မဆန်းလှပေ။
တကယ်ဆို သူ့ကိုတွေ့ချင်ကြလို့ ဝင်းဒ်ဘားကိုလာကြသည့် မိန်းကလေးတွေက နေ့စဉ်မပြတ်ရှိသည်။ သို့သော်လည်း ဝူစန်းသည် လူပွေတစ်ယောက်ဖြစ်ပေမယ့် လူလဲရွေးပြန်ကာ ခပ်ဟော့ဟော့မိန်းကလေးများကိုသာ သဘောကျသူဖြစ်သည်။
…….
ဝမ်ချောင်ကို ဖန်းထားဖို့ရန် ချူးရွှမ်ဖန်ကိုယ်တိုင် ဝူစန်းကို ဖုန်းဆက်ပြောခဲ့ခြင်းဖြစ်သည်။ ခဏနေ မစ္စကုဟုခေါ်သည့် မိန်းကလေးတစ်ယောက်လာမည်ဖြစ်ကာ သူမဖြစ်ချင်တာအားလုံး လိုက်လုပ်ပေးလိုက်ဖို့ပါ ပြောခဲ့သည်။
ဝူစန်းမှာ အကြောင်းအရင်းကို သိချင်နေမိသော်လည်း ဘာမှထုတ်မမေးခဲ့ဘဲ မစ္စကုဟုခေါ်သည့်မိန်းကလေးက အလွန်အရေးပါသူတစ်ယောက်ဖြစ်ကြောင်းသာ သိရသည်။
ကြည့်ရတာတော့ ဝမ်ချောင်ပြဿနာကြီးကြီးမားမား ရှာထားခဲ့ပုံပင်။
***
အခန်း ၁၁၆၈ ဘာလို့လဲ?
သူဘာကိုမေးနိုင်ပြီး ဘာကိုတော့မေးလို့မဖြစ်မှန်း ဝူစန်းသိတာကြောင့် ဝမ်ချောင် လက်တလော တစ်ယောက်ယောက်ကို အပြစ်ပြုထားခဲ့လားဆိုသည်ကို မမေးခဲ့ပေ။
ဝမ်ချောင်ကတော့ အကြောင်းအရင်းမသိဘဲ ခေါ်ခံထားရတာကြောင့် ထိတ်လန့်လို့နေသည်။ သူ ဝူစန်းကိုမေးကြည့်သော်လည်း ဝူစန်းက ခဏနေ မစ္စကုဟုခေါ်သည့် မိန်းကလေးတစ်ယောက်လာမည်ဖြစ်ကြောင်းသာ ပြောပြခဲ့သည်။
ဝူစန်းကိုယ်တိုင် သူ့ကိုစောင့်ကြပ်နေကာ ဖုန်းလဲအသိမ်းခံထားရတာကြောင့် သေချာပေါက် သတင်းကောင်းမဟုတ်လောက်မှန်း ဝမ်ချောင်ခံစားမိနေသည်။
သို့သော်လည်း ဝမ်ချောင်ကတော့ သူပုံမှန်အတိုင်းပဲနေခဲ့ကာ ဘယ်သူ့ကိုမှ အပြစ်မပြုမိခဲ့ပါဘူးဟု တွေးနေလေသည်။
သူဘယ်လောက်ပဲ ပြန်တွေးကြည့်ပါစေ ယခုကိစ္စက လင်းရှောင်ယွီနှင့် ဆက်စပ်မှုရှိနေလိမ့်မည်ဟု လုံးဝမတွေးမိပေ။ သူ သူမအပေါ်လုပ်ခဲ့သည်အား ဘယ်သူမှမသိဘူးဟု သေချာနေခြင်းကြောင့်လဲဖြစ်သည်။ ပြောရရင် သူဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့တာ အခုက ပထမဆုံးအကြိမ်မှမဟုတ်ဘဲ။
ထိုအချိန်တွင် တစ်ယောက်ယောက် တံခါးခေါက်လာခဲ့သည်။ ကုနင်းလာခြင်းဖြစ်မည်ဟု ဝူစန်းခန့်မှန်းမိတာကြောင့် ချက်ချင်းထသွားကာ တံခါးကိုဖွင့်ပေးလိုက်သည်။
“မန်နေဂျာဝူ၊ မစ္စကု ရောက်ပါပြီ။” စားပွဲထိုးကောင်လေးက အသိပေးလိုက်သည်။
ကုနင်းကို ဝူစန်းမြင်လိုက်ရချိန်တွင် သူမ၏လှပမှုကြောင့် မှင်သက်လို့သွားခဲ့သော်လည်း သွားတော့မရှုပ်ရဲပေ။
“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု၊ အထဲကိုကြွပါ။”
ကုနင်းကို ဝူစန်းမသိသော်လည်း ကုနင်းသည် အလွန်လှပြီး ၁၉နှစ်သာရှိသေးသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်မှန်းကိုတော့ ချူးရွှမ်ဖန် သူ့ကိုပြောပြထားသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မန်နေဂျာဝူ။”
“မစ္စကု၊ ကျွန်တော်အပြင်ထွက်နေပေးမှာမို့ ကျွန်တော့်အကူအညီလိုရင် လှမ်းခေါ်လိုက်ပါ။”
သူမမြင်သင့်တာတွေ မြင်သွားနိုင်၍ အခန်းထဲမှာ ဆက်ရှိနေဖို့မသင့်ကြောင်း ဝူစန်းသိလေသည်။
“ကျေးဇူးပါပဲ။”
ကုနင်းလဲ ဝူစန်းကို အခန်းထဲမှာဆက်နေခိုင်းဖို့ စိတ်ကူးမရှိတာကြောင့် သူ့ဘာသာသူထွက်သွားတာ ပိုလို့တောင်ကောင်းသေးသည်။
ထို့နောက် ဝူစန်းအခန်းပြင်ထွက်သွားကာ တံခါးကိုသေချာပြန်ပိတ်ပေးလိုက်သည်။
ကုနင်း၏လှပသည့်အသွင်အပြင်ကြောင့် ဝမ်ချောင်လဲ အံ့ဩသွားပေမယ့် ချက်ချင်းဆိုသလို စိုးရိမ်ပူပန်စိတ်တို့က ဝင်ရောက်လာလေသည်။ သူကုနင်းကို လုံးဝမသိသော်လည်း ကုနင်းက သူ့တစ်ယောက်တည်း သီးသန့်တွေ့ချင်သည်ဆိုခြင်းက အလွန်ထူးဆန်းလှသည်။
“မ-မစ္စကု၊ မင်းဘာလို့ငါ့ကိုတွေ့ချင်တာလဲ သိလို့ရမလား?”
ကုနင်းလဲ အချိန်ဖြုန်းနေချင်တာကြောင့် လိုရင်းကိုသာ ပြောလိုက်သည်။ “လင်းရှောင်ယွီသေဆုံးမှုကိစ္စမှာ မင်းပါနေတယ်မလား?”
လင်ရှောင်းယွီဘက်က အားလုံးအတွက် ဝမ်ချောင်အပြစ်တွေပဲဟု ပြောထားရင်တောင်မှ ကုနင်းကတော့ အမှန်တရားကို အရင်ဆုံးမေးမြန်းကြည့်ချင်သေးသည်။ ရာဇဝတ်သားမှာတောင်မှ သူ့ကိုယ်သူပြန်လည်ခုခံခွင့်ရှိသည်မဟုတ်လား။
လင်းရှောင်ယွီ၏နာမည်ကိုကြားလိုက်ရတာကြောင့် ဝမ်ချောင် အလွန်ကြောက်လန့်တုန်ရီလာတော့သည်။
တစ်ဖက်လူ၏အမူအရာကို ကုနင်းသတိထားမိခဲ့တာကြောင့် လူသတ်မှုထဲတွင် ဝမ်ချောင်ပါဝင်နေကြောင်း အခုတော့ သေချာသွားပေပြီ။
ကုနင်းသည် လင်းရှောင်ယွီအတွက်ကြောင့်နှင့် လာခဲ့ခြင်းဖြစ်နေ၍ ဝမ်ချောင်အလွန်အံ့အားသင့်သွားခဲ့သော်လည်း ဒီအကြောင်းတွေ ကုနင်းဘယ်လိုသိသွားလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေသည်။
“မစ္စကု၊ ငါ့ကို ရှောင်ယွီရဲ့သေဆုံးမှုထဲမှာ ပါဝင်ပါသတ်နေပါတယ်လို့ မင်းဘာလို့ထင်ရတာလဲ?” ဝမ်ချောင် ဝန်မခံသေးပေ။
“ငါပြောတာ မှားသွားလို့လား?” ကုနင်းပြန်မေးလိုက်သည်။
“ရှောင်ယွီက ငါ့ချစ်သူပါ၊ ငါတို့ချင်းလဲအရမ်းချစ်ကြတယ်။ ဘာလို့များ ငါက သူ့ကိုထိခိုက်အောင်လုပ်ရမှာလဲ?” ဝမ်ချောင်လဲ လင်းရှောင်ယွီ သေဆုံးမှုအတွက် အသဲကွဲနေသလိုမျိုး သရုပ်ဆောင်ပြတော့သည်။
ကုနင်း ရယ်မိသွားကာ၊ “အကြောင်းကတော့ မင်းမူးယစ်ဆေးသုံးနေတာနဲ့ ရောင်းနေတာကို သူမိသွားလို့လေ။ သူက မင်းနဲ့လမ်းခွဲချင်ပေမယ့် မင်းကလက်မခံခဲ့ဘူး။ နောက်ဆုံး သူရဲနဲ့ခြိမ်းခြောက်ကာမှ မင်းလက်ခံပေးခဲ့တာ။ ဒါကြောင့် သူတကယ်ကြီးရဲတိုက်လိုက်မှာဆိုးပြီး မင်းက သူ့အလောင်းကို မြစ်ထဲပစ်မချခင် အဓမ္မကျင့်ပြီး သတ်ပစ်ဖို့အတွက် လူတွေစီစဉ်လိုက်တာလေ။”
ဝမ်ချောင် ဆွံ့အလို့သွားတော့သည်။ ထိုအချင်းအရာသည် သူနှင့်သူ့အရင်းနှီးဆုံးညီအစ်ကိုတွေကြားက လျှို့ဝှက်ချက်တစ်ခုသာဖြစ်သည်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ ဒါကို ကုနင်းက ဘယ်လိုလုပ်သိသွားရတာလဲ?
ဝမ်ချောင် အံ့ဩလွန်းသွား၍ သူ့အမူအရာကိုတောင် မထိန်းလိုက်နိုင်ခဲ့ပေ။
သူ့ကိုယ်သူကာကွယ်ဖို့ တစ်ခုခုပြန်ပြောချင်မိသော်လည်း ဘာပြောလို့ပြောရမှန်း စဉ်းစားမရတော့ပေ။
“ငါပြောတာမှန်တယ်မလား?” ကုနင်းမေးလိုက်သည်။
“မဟုတ်ဘူး! အဲ့လိုအဖြစ်မျိုး ဘယ်တုန်းကမှ မရှိဖူးဘူး!” ဝမ်ချောင် အမူအရာတွေပျက်နေတာတောင်မှ ဝန်မခံသေးပေ။ ကုနင်း သူမအထင်တွေကိုသာပြောနေခြင်းဖြစ်ပြီး သက်သေမရှိလောက်ဟု သေချာနေခြင်းကြောင့်ပင်။
“မဟုတ်ဘူးဆို ဘာလို့ဒီလောက်တွေ စိတ်လှုပ်ရှားနေရတာလဲ?”
“မ-မလှုပ်ရှားပါဘူး။” ဝမ်ချောင်ထိုသို့ပြောနေသော်လည်း ချွေးစေးတွေကတော့ ဆက်တိုက်ထွက်လို့နေလေသည်။
“မင်းကို ကူညီပေးခဲ့တဲ့လူတွေကို ပြောစမ်း?” ကုနင်း၏အမူအရာက ချက်ချင်းအေးစက်သွားတော့သည်။
“မင်းဘာတွေပြောနေတာလဲ? ငါဘာမှမသိဘူး။ ငါနဲ့ဘာမှမဆိုင်ဘူး။” ဝမ်ချောင်အခုချိန်ထိ အမှန်တရားကို ဝန်မခံသေးပေ။ သူသာ ဝန်ခံလိုက်ရင် ချက်ချင်းထောင်ထဲပို့ခံရမည်က အသေချာကြီးပဲကို။
“မင်းဒီလိုငြင်းနေရုံနဲ့ လွတ်မြောက်နိုင်မယ်များထင်နေလား? မင်းသာ ဘယ်သူတွေလဲပြောပြရင် သူတို့လဲ မင်းရဲ့ပြစ်ဒဏ်တချို့ကို ခွဲဝေခံပေးနိုင်ပြီး မင်းလဲ ပြစ်ဒဏ်ပေါ့သွားမှာဆိုပေမယ့်…”
ကုနင်း စကားအဆုံးထိ ဆက်မပြောတာတောင် သူမလေသံအရ ဘာကိုဆိုလိုမှန်း သိသာလှသည်။
ဝမ်ချောင်မှာ ထိတ်လန့်လွန်း၍ တစ်ကိုယ်လုံး မထိန်းနိုင်လောက်အောင်ကို တုန်ရီနေတော့သည်။ သူ့မျက်နှာဆိုလျှင်လဲ ကြောက်ရွံ့လွန်း၍ ဖြူဖျော့နေပေပြီ။
ကုနင်း သူ့ကို စကားသက်သက်နဲ့ ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ တကယ်ဖြစ်လာမည်တွေကို ပြောနေခြင်းမှန်း သူနားလည်လို့နေသည်။
သူသည် ချင်ဂိုဏ်းအဖွဲ့အဝင်ဖြစ်ကာ တရားမဝင်ဂိုဏ်းတစ်ခု၏အဖွဲ့သားတစ်ယောက်ကို အပြစ်ပေးဖို့ရာ နည်းလမ်းမျိုးစုံရှိလေသည်။
ထိုသို့အပြစ်ပေးနည်းလမ်းများသည် အလွန်တရာရက်စက်သလို ဥပဒေသည်လဲ သူ့ကိုကာကွယ်ပေးနိုင်မည်မဟုတ်ပေ။
***
အခန်း ၁၁၆၉ သူ့ကိုယ်ထဲဖြတ်ဝင်သွားတယ်
တရားမဝင်ဂိုဏ်းတစ်ခု၏ အရေးမပါလှသော ဂိုဏ်းသားတစ်ယောက်ကို ဘာသဲလွန်စမှမကျန်စေရဘဲ သတ်ပစ်ဖို့ဆိုသည်က အလွန်လွယ်ကူလှသည်။
ကုနင်း၏နောက်ခံအကြောင်း ဝမ်ချောင်မသိသော်လည်း ဝူစန်းကတောင်မှ သူမကို ယဉ်ယဉ်ကျေးကျေးပြောဆိုနေမှတော့ သေချာပေါက် ရိုးရှင်းမည်မဟုတ်ကြောင်း သိပေသည်။
နောက်ဆုံး သေရမည်ကိုကြောက်သည့်စိတ်က အနိုင်ရသွားကာ၊ “အဲ့ဒါက… ငါ့အရင်းနှီးဆုံးညီအစ်ကိုသုံးယောက်က လုပ်ပေးခဲ့တာ အခုတောင် သူတို့တွေ ဘားထဲမှာရှိကြသေးတယ်။”
သူ့ညီအစ်ကိုတွေကို သစ္စာဖောက်လိုက်တာတောင်မှ ဝမ်ချောင်ကတော့ အပြစ်ရှိသလိုမခံစားရသည့်အပြင် သူတော့ ဒီတော့ သူလွတ်မြောက်သွားပြီဟု ခံစားမိတာကြောင့် စိတ်ပင်အေးသွားလေသည်။ ဒါကလဲ လူသားတို့၏သဘာဝပင်။
“ကောင်းတယ်။” ကုနင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူတို့ အခုဘားထဲမှာရှိနေတော့ သူတို့ကိုသီးသန့်လိုက်ရှာနေဖို့ သူမအတွက် အချိန်မလိုတော့ဘူးပေါ့။
“သူတို့ဘယ်ဝိုင်းမှာထိုင်ကြတာလဲ?” ကုနင်းမေးလိုက်သည်။
“ဗီ၀၅”
“သူတို့နာမည်တွေကရော?”
ဝမ်ချောင်လဲ နာမည်သုံးခုကိုရွတ်ပြလိုက်ကာ ကုနင်းကတော့ တံခါးကိုသွားဖွင့်လိုက်သည်။
တံခါးဖွင့်လာသည်နှင့် ဝူစန်းချက်ချင်းဆိုသလို ကိုယ်ကိုမတ်လိုက်ကာ၊ “မစ္စကု၊”
ကုနင်း ထိုလူသုံးယောက်ကိုရှာပေးဖို့ရန် ဝူစန်းကို ပြောလိုက်ကာ ဝမ်ချောင်က သူတို့ကိုတွေ့ချင်နေကြောင်း ပြောခိုင်းလိုက်သည်။
ဝူစန်းလဲ ချက်ချင်းလက်ခံကာ ထွက်သွားလေသည်။ ဝမ်ချောင်၏သူငယ်ချင်းများသည် ဘားသို့မကြာခဏလာကြသူများဖြစ်တာကြောင့် သူလဲ ထိုလူများကိုသိလေသည်။
…..
ထိုအချိန်တွင် ဝမ်ချောင်၏သူငယ်ချင်းများသည် သူတို့ဆေးလိုနေပြီဖြစ်ကာ ဝမ်ချောင်နှင့်အဆက်အသွယ်မရ၍ စိတ်တိုနေကြချိန်ဖြစ်သည်။
သို့သော် ဝမ်ချောင်က သူတို့ကို သီးသန့်ခန်းနံပါတ်၆တွင် စောင့်နေကြောင်း ဝူစန်းကိုယ်တိုင် လာပြောသည်ကို မြင်လိုက်ရသည်။
ဝူစန်းကိုယ်တိုင်တောင် လာပြောပေးတာကြောင့် ဂုဏ်ယူနေကြသူများသည် ဘာမှတွေးမနေဘဲ အလျင်အမြန် အခန်းထဲထွက်လာခဲ့ကြသည်။
မစ္စမာသည် သီးသန့်ခန်းများရှိရာဘက်သို့သာ တောက်လျှောက်အာရုံစိုက်နေခဲ့တာကြောင့် ဝူစန်းထွက်လာသည်နှင့် ချက်ချင်းတွေ့သွားကာ၊ “ဟိုင်း၊ ဝူစန်း….”
“မစ္စမာ၊ ငါအခုအလုပ်များနေတယ်။” ဝူစန်း ထိုစကားတစ်ခွန်းသာပြောပြီး ချက်ချင်းလှည့်ထွက်သွားလေသည်။
“ဟေး!” မစ္စမာမှာ ဝူစန်းကို တားလိုက်ချင်သော်လည်း နောက်ကျသွားပြီဖြစ်ကာ ဝူစန်းကိုကြည့်ရသည်ကလဲ အမှန်ကိုအလျင်လိုနေပုံပေါက်တာကြောင့် လိုက်မသွားတော့ပေ။
…….
ဝူစန်းထွက်သွားပြီးနောက် လင်းရှောင်ယွီကို ကုနင်းထုတ်ပေးလိုက်သည်။
လင်းရှောင်ယွီ၏ဝိညာဉ် အပြင်သို့ရောက်သည်နှင့် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ဝမ်ချောင်ကို တိုက်ခိုက်ဖို့ရန် ပြေးဝင်သွားတော့သည်။ သို့သော်လည်း သူက ဝိညာဉ်တစ်ကောင်ဖြစ်နေပြီဖြစ်တာကာ လူသားမဟုတ်တော့တာကြောင့် ဝမ်ချောင်ကို မထိနိုင်တော့ပေ။ ဒါကြောင့် ဝမ်ချောင်ကို ခန္ဓာကိုယ်ကို ဖြတ်၍သာ ထွက်သွားလေသည်။
လင်းရှောင်ယွီ၏ဝိညာဉ်က သူ့ခန္ဓာကိုယ်ကိုဖြတ်သွားတာကြောင့် ဝမ်ချောင် ကြက်သီးထသွားကာ မသက်မသာခံစားလိုက်ရသည်။ ဘာဖြစ်လို့ဖြစ်သွားမှန်း နားမလည်နိုင်ခဲ့သလို ဆက်လဲမတွေးကြည့်ခဲ့ပေ။ ဒီအတိုင်း သူကြောက်လန့်လွန်သွား၍ အေးသွားခြင်းဟုသာ တွေးလိုက်လေသည်။
အကယ်၍ ဝိညာဉ်တစ်ကောင်ကသာ လူသားတစ်ယောက်၏ဘေးတွင် အချိန်အကြာကြီးနေပါက ထိုလူသား၏ခန္ဓာကိုယ်သည် ယင်စွမ်းအင်ကြောင့် ထိခိုက်လာပေလိမ့်မည်။
“ဘာလို့လဲ?” လင်းရှောင်ယွီ၏ဝိညာဉ်မှာ အံ့ဩတကြီးဖြစ်လို့နေသည်။ ထို့နောက် ဝမ်ချောင်ဘက်လှည်ကာ ပြန်စိုက်ကြည့်နေပြီး သူ့ကိုယ်ကို ဖြတ်သွားရသည့်အတွက် မယုံနိုင်ဖြစ်လို့နေသည်။
အတော်ကြာတွေးကြည့်ပြီးနောက်မှာမှ သူက အခုဆိုဝိညာဉ်တစ်ကောင်ဖြစ်နေပြီဖြစ်၍ လူသားတစ်ယောက်ကို ထိတွေ့၍မရတော့ခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။
ထိုအကြောင်းသိသွားသည်နှင့် လင်းရှောင်ယွီ၏ဝိညာဉ်လဲ ဘာမှဆက်မလုပ်တော့ဘဲ ဝမ်ချောင်ကိုသာ စိုက်ကြည့်နေတော့သည်။
လင်းရှောင်ယွီသည် လူမှားကာချစ်မိခဲ့ခြင်းကြောင့် ဤကဲ့သို့ရင်ကွဲဖွယ်ဇာတ်သိမ်းမျိုး ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လင်းရှောင်ယွီ၏ဝိညာဉ်သည် ဝမ်ချောင်ကို အလွန်မုန်းတီးနေတာတောင်မှ သူ့ကိုသတ်ပစ်ဖို့အထိ ရည်ရွယ်ချက်မရှိနေပေ။
သူက ဝမ်ချောင်ကိုသာ ဆက်တိုက်စိုက်ကြည့်နေတာကြောင့် ဝမ်ချောင် မသက်မသာခံစားလာရတော့သည်။
…..
ခဏကြာပြီးနောက် လူသုံးယောက်ကိုခေါ်ကာ ဝူစန်းပြန်ရောက်လာခဲ့သည်။
ထိုလူများကို လင်းရှောင်ယွီ၏ဝိညာဉ်မြင်တွေ့သွားသည်နှင့် ချက်ချင်း ထိုလူများကို တစ်စစီဖြစ်အောင် ဆွဲဖြဲပစ်ချင်သော်လည်း သူမအနေနဲ့ လူသားတွေကို မထိနိုင်တော့ပေ။
ထိုလူသုံးယောက်သည် ကုနင်း၏အလှအပတွင် မျောသွားကာ ဝမ်ချောင်၏အမူအရာကိုတောင် ဂရုမထားအားတော့ပေ။
“အိုး၊ ဘယ်ကအလှလေးလဲ! မင်းဒီလောက်အကြာကြီးပျောက်နေတာ မထူးဆန်းတော့ပါဘူး။”
“ဟေ့၊ လောင်ချောင်!”
“အလှလေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ?”
“လာပါ၊ ကိုယ်တို့နဲ့ တစ်ဝိုင်းတည်း လာထိုင်လိုက်။”
ထိုလူသုံးယောက်သည် အလွန်တရာလှပသည့်ကုနင်းကို မြင်ပြီး စိတ်လှုပ်ရှားနေကြတာကြောင့် ထိုအလှလေးသည် သူတို့ကိုသတ်တော့မည်မှန်း သတိမထားမိခဲ့ကြပေ။
ဝမ်ချောင်မှာ သူ့ကိုယ်သူတောင် ကာကွယ်ဖို့အနိုင်နိုင်ဖြစ်နေတာကြောင့် တစ်ခွန်းမှမဟရဲပေ။
ထို့နောက် သူတို့သုံးယောက်လုံး ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။
အားလုံးအခန်းထဲရောက်သွားသည်နှင့် ဝမ်စန်းလဲ ပြန်ထွက်သွားကာ တံခါးကိုပိတ်ပေးလိုက်သည်။
သူတို့ ကုနင်းနှင့်အတူ တစ်ခွက်လောက်သောက်ချင်သော်လည်း ထိုတော့မှ စားပွဲပေါ်တွင် ဘာအရက်ပုလင်းမှရှိမနေသည်ကို သတိထားမိသွားကာ၊ တစ်ယောက်က၊ “မင်းတို့သောက်စရာဘာမှမမှာထားရသေးဘူးလား?”
“အလုပ်ကိစ္စအရင်ပြောကြတာပေါ့။” ကုနင်းပြောလိုက်သည်။
ထိုတော့မှ သုံးယောက်သား ကြောင်အသွားလေတော့သည်။
ကုနင်းကပဲ ဆက်ပြီးတော့၊ “မင်းတို့တွေ လင်းရှောင်ယွီကို အဓမ္မကျင့်ပြီး သတ်ခဲ့တယ်၊ ပြီးတော့ သူ့အလောင်းကို မြစ်ထဲတောင် ပစ်ခဲ့ကြတယ်မလား?”
ထိုစကားကြောင့် သုံးယောက်သား ထိတ်လန့်သွားတော့သည်။ ကုနင်း ဒီအကြောင်းတွေ သိနေလိမ့်မည်ဟု မယုံကြည်နိုင်ဖြစ်နေလေသည်။ ထို့နောက် တပြိုင်တည်းလိုလို ဝမ်ချောင်ကို လှမ်းကြည့်လိုက်ကြသည်။
သူတို့ကလွဲလို့ ဝမ်ချောင်တစ်ယောက်သာ ဒီလျှို့ဝှက်ချက်ကို သိထားသူဖြစ်သည်။ သို့သော်လည်း ဝမ်ချောင်က ဤကိစ္စနောက်ကွယ်က ကြံစည်သူဖြစ်တာကြောင့် သူ့ဘာသာကြိုးကွင်းစွပ်လိမ့်မည်ဟု သူတို့မယုံနိုင်ပေ။
ဝမ်ချောင်ကတော့ ခေါင်းကိုသာတွင်တွင်ငုံ့ရင်း အကြည့်တွေကိုရှောင်လွှဲနေခဲ့သည်။ ဒါကြောင့်ပဲ သူ သူတို့ကိုသစ္စာဖောက်ခဲ့ကြောင်း သေချာသွားတော့သည်။
လူသုံးယောက်မှာ အလွန်ဒေါသထွက်သွားကာ ဝမ်ချောင်ကို သူတို့၏အရင်းနှီးဆုံးညီအစ်ကိုအဖြစ် သတ်မှတ်မိသည့်အပေါ် နောင်တရနေတော့သည်။ ဝမ်ချောင်ကတော့ သူတို့ကို အလွယ်တကူသစ္စာဖောက်သွားခဲ့လေပြီ။
ကုနင်း ဘာဆက်လုပ်လောက်မှန်း သူတို့မသိကြသော်လည်း ယနေ့ သူမဤနေရာသို့ရောက်နေခြင်းသည် လင်းရှောင်ယွီအတွက် လက်စားချေပေးဖို့ရာဖြစ်ကြောင်း သေချာသလောက်နီးနီးပင်။
“မင်းတို့ မငြင်းဘူးဆိုမှတော့ ဝန်ခံတယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်။”
***
အခန်း ၁၁၇၀ အချင်းချင်းပြန်သတ်ကြ
ပုံမှန်အားဖြင့် လူတစ်ယောက်သည် သူ့ကိုယ်သူသာ အပြစ်ကင်းသည်ဟု ယုံကြည်နေလျှင် အကောင်းဆုံးခုခံကာကွယ်ဖို့လုပ်မှာဖြစ်သော်လည်း ဤလူသုံးယောက်သည်တော့ နှုတ်ဆိတ်နေကြလေသည်။
“အိုး၊ ဒါနဲ့၊ ကိစ္စတွေအားလုံးကို ဝမ်ချောင်က ဝန်ခံပြီးနေပြီနော်။” ကုနင်းဆက်ပြောလိုက်သည်။
ထိုလူသုံးယောက် ဒေါသထွက်သွားကြတော့သည်။ အခုချိန်မှာ သူတို့ငြင်းနေလို့လဲ အသုံးမဝင်မှန်းသိနေတာကြောင့် တစ်ယောက်ကနေပြီး၊ “မင်းကဘယ်သူမို့လို့လဲ? ဘာလုပ်ချင်လို့လဲ?”
သူတို့မှာအပြစ်ရှိမှန်းသိနေတာတောင်မှ ရှောင်ထွက်ဖို့ကြိုးစားချင်နေကြသေးသည်။ ကုနင်းမှာသာ သက်သေမရှိလျှင် သူတို့တွေလွတ်မြောက်နိုင်ချေရှိသေး၏။
“လင်းရှောင်ယွီက ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ငါက သူ့သေဆုံးမှုအတွက် လက်စားပြန်ချေပေးသွားမှာ။”
ထိုစကားကြောင့် ထိုလူသုံးယောက်လုံး ကြောက်လန့်သွားလေတော့သည်။
“အဲ့ဒါတွေအားလုံး ဝမ်ချောင်…” တစ်ယောက်က ကိစ္စတိုင်းကို ဝမ်ချောင်ဘက်သို့သာ အပြစ်ပုံချဖို့ကြံလိုက်သော်လည်း သူ့စကားမဆုံးသေးခင်မှာပဲ နောက်တစ်ယောက်က ဖြတ်ပြောလိုက်သည်။ “မင်းမှာ သက်သေရှိလို့လား? ဘာလို့ ဝမ်ချောင်ပြောသမျှ ယုံလိုက်တာလဲ?”
ထိုလမ်းတစ်လျှောက်လုံးတွင် စီစီတီဗီကင်မရာတစ်ခုမှမရှိသလို လင်းရှောင်ယွီသည်လဲ သေပြီးသွားပေပြီ။ သူမအလောင်းကိုလဲ မြစ်ထဲသို့ပစ်ချခဲ့သည်။ ကုနင်းအတွက် သူတို့ကို ထောင်ထဲပို့ဖို့ရန် တိကျသည့်သက်သေအထောက်အထားရှိဖို့မဖြစ်နိုင်ပေ။
ဝမ်ချောင်က သူတို့တွေ အတူတူပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံထားလျှင်သော်လည်း သူတို့အားလုံးကို ထောင်ချပစ်ဖို့မလုံလောက်သေးပေ။
လင်းရှောင်ယွီ၏ဝိညာဉ်မှာ အလွန်ဒေါသထွက်သွားပြီး၊ “သူတို့ပဲ! သူတို့မှသူတို့ပဲ!”
စိတ်မကောင်းစွာဖြင့် သူမအသံကို ကုနင်းတစ်ယောက်သာ ကြားနိုင်လေသည်။
ကုနင်းတွင် တိကျသည့်သက်သေမရှိရင်တောင်မှ သူတို့ကိုအပြစ်ပေးဖို့ဆိုသည်က သူမအတွက် လွယ်ကူသည့်ကိစ္စတစ်ခုဖြစ်နေတုန်းပင်။ ဒါကြောင့် ကုနင်း အေးအေးဆေးဆေးသာ ပြန်ပြောလိုက်သည်။ “ငါ့မှာ သက်သေမရှိဘူးဆိုပေမယ့် မင်းတို့မှာအပြစ်ရှိမှန်း ငါသိနေတာပဲ။ ငြင်းနေလို့လဲ အပိုပဲ။”
ကုနင်းသည် ဥပဒေကိုလေးစားသော်လည်း ရာဇဝတ်သားတွေကိုတော့ သည်းမခံနိုင်ပေ။ သူမကိုယ်သူမ တစ်ခါမှလဲ ကြင်နာတတ်သူဟု မမြင်မိသလို မကောင်းသည့်လူတစ်ယောက်လို့လဲ မတွေးပေ။
“မင်း…”
ကုနင်းက ဥပဒေကို ဂရုမစိုက်ဘဲရှိလိမ့်မည်ဟု သူတို့မတွေးထားတာကြောင့် အားလုံးအံ့အားသင့်သွားကြတော့သည်။
သူမဒီမှာရှိနေသည်ကို ဝူစန်းကတောင်မတားဘူးဆိုမှတော့ သေချာပေါက် သာမညောင်ညတော့မဟုတ်နိုင်ပေ။ ဒါ့အပြင် ဝမ်ချောင်လို ချင်ဂိုဏ်းသားတစ်ယောက်ကတောင်မှ သူမကိုပြန်မတိုက်ခိုက်ရဲပေ။
“အကုန်လုံး ဝမ်ချောင်ကြံတာ၊ သူ့ကိုပဲအပြစ်ပေးသင့်တာပေါ့!” သူတို့တွေ ဆက်ငြင်းနေလို့လဲ မထူးတော့မှန်းသိလိုက်တာကြောင့် အပြစ်တွေအားလုံး ဝမ်ချောင်အပေါ်ကို ပုံချလိုက်တော့သည်။
“ဟုတ်တယ်၊ ဝမ်ချောင့်အမှားပဲ။ သူကသာ လူသတ်သမား!” ကျန်နှစ်ယောက်ကပါ အပြေးလေးဝိုင်းထောက်ခံကြသည်။
ဝမ်ချောင်ကတော့ တစ်ချက်လေးမှမလှုပ်ပေ။ အခုချိန်မှ ရုန်းထွက်ဖို့ကြိုးစားနေလဲ အပိုမှန်းသိနေတာကြောင့် သူပြန်လဲခံမပြောသလို သူ့သူငယ်ချင်းတွေကိုလဲ အပြစ်မတင်ပေ။
“မင်းတို့မှာလဲ မစ္စလင်းကို အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့တဲ့အတွက် အပြစ်ရှိတယ်၊ ဒီတော့ မင်းတို့လဲ လွတ်မယ်စိတ်မကူးနဲ့။”
“ဘာလဲ၊ မင်းက ငါတို့ကိုသတ်ချင်တာလား?”
“တရားမဝင်ဘူးနော်!”
“တရားမဝင်ဘူး?” ဒီစကားက အတော်လေးရယ်ချင်စရာကောင်းသည်ဟု ကုနင်းတွေးလိုက်မိသည်။ “ဒီတော့ မင်းတို့တွေ လင်းရှောင်ယွီကို အဓမ္မကျင့်ပြီးသတ်ခဲ့တာကျတော့ တရားဝင်နေလို့လား။”
ထိုလူသုံးယောက်လုံး ဘာမှပြန်မပြောနိုင်ဖြစ်သွားတော့သည်။
“စိတ်အေးအေးထားကြပါ၊ ငါလဲ လူသတ်ချင်စိတ်မရှိလို့ မင်းတို့ကိုမသတ်ပါဘူး။ ဒါပေမယ့် မင်းတို့လုပ်ရပ်တွေအတွက်တော့ တစ်နည်းနည်းနဲ့ပေးဆပ်သင့်တာပေါ့။” ကုနင်း ဘာမှသိပ်အရေးမကြီးသလိုဟန် ပြောလိုက်သည်။
ထိုစကားကြောင့် အားလုံး အနည်းငယ်စိတ်သက်သာရာရသွားလေသည်။
“ငါတို့ဘယ်လိုပြန်ပေးဆပ်ရမှာလဲ?”
ထိုသို့မေးပြီးကာမှ မသိနိုင်သည့်အပြစ်ပေးနည်းအတွက် ကြောက်လန့်လာမိကြသည်။
“မင်းတို့ထဲက တစ်ယောက်ကို ထောင်မချဘူး၊ ကျန်တဲ့သုံးယောက်ကတော့ ထောင်ထဲဝင်ရမယ်။ ဒီသီးသန့်ခန်းထဲက အရင်ဆုံးထွက်နိုင်တဲ့ဘယ်သူ့ကိုမဆို လွတ်မြောက်ခွင့်ပေးမယ်။” ကုနင်းအပြုံးလေးဖြင့်ပြောလိုက်သည်။ အဓိပ္ပါယ်ကတော့ ထိုလူများကို အချင်းချင်းပြန်သတ်ကြစေဖို့ ရည်ရွယ်ခြင်းပင်။ “နားလည်ကြလား?”
ဒါပေါ့၊ သေချာပေါက် နားလည်ကြတာပေါ့။ ထောင်ကျနိုင်သည့်အဖြစ်မျိုးကို သူတို့တွေ သေချာပေါက် ရှောင်လွှဲချင်ကြတာပေါ့။
“သေချာလား?” ထိုလူသုံးယောက်က ဤနေရာကနေထွက်ပြေးဖို့ အသင့်တောင်ဖြစ်နေကြပေပြီ။ ဘယ်သူမှ ထောင်ထဲမဝင်လိုကြပေ။
“ဒါပေါ့။” ကုနင်းပြန်ဖြေလိုက်သည်။
သူမစကားကိုကြားပြီးလို့ နောက်တစ်စက္ကန့်မှာပင် သုံးယောက်လုံး ရှေးသို့တဟုန်ထိုး ပြေးတက်သွားကာ အချင်းချင်း စတင်တိုက်ခိုက်ကြတော့သည်။
ဝမ်ချောင်သည်လဲ ထိုရန်ပွဲထဲပါဝင်လိုက်သည်။ သူတို့အားလုံး ဒီအခန်းထဲကနေထွက်ချင်နေကြသလို ဘယ်သူကမှလဲ ကျန်တဲ့သုံးယောက်ကို အလွတ်မပေးကြပေ။
လင်းရှောင်ယွီ၏ဝိညာဉ်မှာ ထိုမြင်ကွင်းကို စိတ်ကျေနပ်စွာကြည့်နေခဲ့သည်။ သူတို့အချင်းချင်းပြန်သတ်ကြမည်ဖြစ်၍ ကုနင်းလက်အပေခံကာ သူတို့ကိုသတ်နေဖို့ မလိုအပ်တော့ပေ။
အချိန်ကြာလာသည်နှင့် ရန်ပွဲ၏ပြင်းထန်မှုက ပိုလို့တိုးလာကာ အဆုံးမှာတော့ အခန်းထဲကနေထွက်နိုင်ဖို့ရန် အချင်းချင်းသတ်ကြသည့်အဆင့်သို့ပါ ရောက်ရှိလာတော့သည်။
ဝူစန်းသည် တံခါးအပြင်ဘက်ကနေပြီး ဆူညံသံတွေကြားနေရတာကြောင့် အထဲတွင်ရန်ပွဲဖြစ်နေပြီးမှန်း သိလိုက်သော်လည်း ဘာမှတော့မပြောပေ။ ကုနင်း လုံခြုံရဲ့လားဆိုတာကို စစ်ဆေးဖို့ရန်အတွက်သာ တံခါးကိုအသာဟခဲ့ပြီးနောက် ပြန်ပိတ်သွားလေသည်။
ဝူစန်းသည် သူမလုံခြုံရေးကို စိုးရိမ်တာကြောင့် ဤကဲ့သို့ချောင်းကြည့်ခြင်းဖြစ်မှန်း သိနေ၍ ကုနင်း သူ့ကိုအပြစ်မပြောပေ။
ချူးရွှမ်ဖန်ကိုယ်တိုင် သူကိုဖုန်းဆက်ထားခြင်းဖြစ်တာကြောင့် ကုနင်းကိုကာကွယ်ဖို့ရန်က အလိုလိုသူ့တာဝန်ဖြစ်သွားခဲ့သည်။
***