အခန်း (၁၁၇၁-၁၁၇၆)
Vol. 77 Ch. 1171-1176
အခန်း ၁၁၇၁ ကတိဖျက်တာလား?
ကောင်းမွန်သည့်အသံလုံစနစ်ကြောင့် အခန်းအပြင်ဘက်က ဘယ်သူမှ ဤဆူညံသံများကို ကြားနိုင်ကြမည်မဟုတ်ပေ။
အစပိုင်းမှာတော့ လင်းရှောင်ယွိ၏ဝိညာဉ်သည် ဒီလောက်လေးအပြစ်ပေးရုံဖြင့် မလုံလောက်ဟုခံစားနေရသော်လည်း ရန်ပွဲက ပိုပြင်းထန်လာလေ သူမအတွက် ပိုစိတ်ကျေနပ်လာစေခဲ့သည်။
သီးသန့်ခန်းထဲတွင် အရက်ပုလင်းတစ်ပုလင်းမှမရှိသော်လည်း ဆေးလိပ်ပြာခွက်နှစ်ခွက်တော့ရှိနေတာကြောင့် လူလေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဆေးလိပ်ပြာခွက်နှင့် ရိုက်နှက်ကြတော့သည်။
ပြာခွက်က နှစ်ခွက်သာရှိတာကြောင့် ရန်ပွဲတွင် နှစ်ယောက်သာ အသာစီးရသွားပြီး ကျန်နှစ်ယောက်သည်တော့ အရိုက်ခံလို့ ကြမ်းပေါ်လဲကျနေကြပေပြီ။
အခန်းထဲတွင် နှစ်ယောက်သာ မတ်တပ်ရပ်ကျန်နေနိုင်တော့သည်နှင့် နှစ်ယောက်သား အချင်းချင်း စတင်တိုက်ခိုက်ကြတော့သည်။
အခုဆို ဝမ်ချောင်သည် အားကုန်ကာ ကြမ်းပေါ်တွင် လဲကျနေပြီဖြစ်သော်လည်း အသက်ကတော့ရှူနေသေးတုန်းပင်။
ထိုအချိန်မှာပဲ ကုနင်းက သူ့အနားသို့လျှောက်သွားကာ သူ့ဒူးခေါင်းကိုခပ်ပြင်းပြင်း နင်းချလိုက်သည်။ အရိုးကျိုးသံတစ်သံနှင့်အတူ ဝမ်ချောင်၏ခြေထောက်လဲ ကျိုးသွားပြီဖြစ်ကာ သတိပါလစ်သွားတော့သည်။
ကုနင်းသည် ဝမ်ချောင်၏ဒူးခေါင်းပေါက်ကို ဖိထားရင်း မှော်စွမ်းအားတွေကိုပါ သုံးလိုက်တာကြောင့် သူ့ဒူးခေါင်းရှိ သွေးကြောများ ခဲသွားတော့သည်။ သူမ ဒီနည်းလမ်းမျိုးကို မြို့တော်တွင် သခင်ကြီးကျန်း၏မြေးလေးအား ကယ်တင်ပေးစဉ်ကလဲ အသုံးပြုခဲ့သေးလေသည်။
ဝမ်ချောင်၏ဒူးက သူမ၏မှော်စွမ်းအားကြောင့် ဒဏ်ရာရသွားခြင်းဖြစ်၍ ပြန်လည်ကုသနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
ထို့နောက် ဝမ်ချောင်အသက်ရှင်နေစေရန်အတွက် သူ့ခေါင်းမှဒဏ်ရာကို မှော်စွမ်းအားအနည်းငယ်သုံးကာ ကုသပေးခဲ့သေးသည်။
လင်းရှောင်ယွီ၏ဝိညာဉ်က သူတို့တွေကို အသက်ရှင်ရက်နဲ့ သေဆုံးသည့်ဘဝမျိုးဖြစ်စေလိုကြောင်း ပြောခဲ့လေသည်။
နောက်ထပ် ဆေးလိပ်ပြာခွက်ကြောင့် ခေါင်းမှာဒဏ်ရာရပြီး လဲနေသည့်လူလဲရှိသေးပြန်ကာ သူကတော့ ဝမ်ချောင်၏ခေါင်းက ဒဏ်ရာလောက်မပြင်းတာကြောင့် ကုနင်း သူ့ကိုတော့ အလုပ်ရှုပ်ခံကာ ကုသပေးမနေတော့ဘဲ ဝမ်ချောင်လိုမျိုး ခြေထောက်ကိုသာ ချိုးလိုက်တော့သည်။
ဒါက အရမ်းရက်စက်ရာရောက်လွန်းသည်ဟု ထင်မှတ်ရသော်လည်း လင်းရှောင်ယွီ ကြုံတွေ့ခဲ့ရသည့်အဖြစ်က ဤထက်အဆများစွာပိုလေသည်။
ခဏကြာပြီးနောက်မှာတော့ အဆုံးသတ်အနိုင်ရသူပေါ်ထွက်လာကာ ချက်ချင်းတံခါးရှိရာသို့ပြေးတော့သည်။ သို့သော်လည်း သူတံခါးလက်ကိုင်ကို မထိရသေးခင်မှာတင် ကုနင်းကု သူ့ကိုတားထားလိုက်သည်။
“မင်းဘာလုပ်ချင်တာလဲ?” ထိုလူနားမလည်နိုင်တော့သည်။
“မင်းဒီလိုပုံစံနဲ့အပြင်ကိုပြေးထွက်သွားရင် ဒီဘားရဲ့စီးပွားရေးကို ဖျက်ဆီးသလိုဖြစ်သွားလိမ့်မယ်။ အေးဆေးပေါ့၊ ငါမင်းကို ထောင်ထဲမပို့တော့ပါဘူး။”
ဘယ်သူ့ကိုမှ ထောင်ထဲပို့မည်မဟုတ်သော်လည်း အလွတ်ပေးမည်တော့မဟုတ်ပေ။
ဒီတော့မှ ထိုလူလဲ အသက်ဝဝတစ်ချက်ရှိုက်ထုတ်နိုင်တော့သည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပဲ ကုနင်းက သူ့ခြေထောက်ကို အားပြင်းပြင်းကန်ချလိုက်ကာ မှော်စွမ်းအားဖြင်ပါ အေးခဲသွားစေတာကြောင့် သူအလွန်အံ့ဩသွားရလေသည်။
ထိုလူလဲ နာကျင်စွာအော်ဟစ်ရင်း ကြမ်းပေါ်လဲကျလို့သွားတော့သည်။ ကုနင်း သူ့ကိုရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့တာကြောင့် သူမကို ဒေါသတကြီးအော်ဟစ်တော့သည်။ “မင်း ကတိဖျက်တာလား?”
“ငါပြောခဲ့တာက မင်းတို့ကို ထောင်ထဲမပို့ပါဘူးလို့လေ၊ မင်းတို့ကို ထိခိုက်အောင်မလုပ်ပါဘူးဆိုပြီးများ ကတိပေးခဲ့မိလို့လား?”
ထိုလူမှာ အံကိုသာတင်းတင်းကြိတ်နိုင်တော့သည်။ ကုနင်း သူတို့ကို လှည့်သွားမှန်းသိလိုက်ရသော်လည်း သူ့ဒေါသကို ချိုးနှိမ်လိုက်ရသည်။ သို့သော်လည်း သူ့ခြေထောက်ကို ဘယ်တော့မှ ပြန်လည်ကုသ၍ မရနိုင်တော့မည်ဖြစ်ကြောင်းကိုတော့ မသိရှိခဲ့ပေ။
ကုနင်း ဆက်လက်ပြီး နောက်ဆုံးကျန်သည့်လူကိုပါ တစ်ပုံစံတည်းလုပ်လိုက်သည်။
ထို့နောက် အပြင်တွင်ရှိနေသည့် ဝူစန်းကို အထဲဝင်စေလိုက်သည်။
ဝူစန်းမှာ အခန်းထဲတွင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်မိသွားသော်လည်း ဘာမှတော့မပြောခဲ့ပေ။
“မန်နေဂျာဝူ၊ ကျွန်မကို တစ်ခုလောက်လုပ်ပေးပါလား။”
“ပြောပါ။”
“ဒီလူတွေကို တခြားမြို့တစ်မြို့မှာ သွားမပစ်ခင် အရင်ဆုံးအသက်ရှင်တာသေချာပေါက် ပြုစုပေးလိုက်ပါဦး။ ပြီးရင် သူတို့ကို တစ်လလောက် သူတောင်းစားလုပ်ခိုင်းပြီး ရဲလဲမခေါ်စေပါနဲ့။”
တစ်လပြီးနောက် သူတို့တွေဘာဆက်ဖြစ်မလဲဆိုသည်ကိုတော့ ကုနင်းစိတ်မဝင်စားတော့ပေ။
“နားလည်ပါပြီ၊ မစ္စကု။”
ထို့နောက် ကုနင်း လင်းရှောင်ယွီ၏ဝိညာဉ်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ သူမတွင်ရှိနေသည့် ယင်စွမ်းအင်များသည် တဖြည်းဖြည်းပျောက်ကွယ်လာကာ သူမသည်လဲ ပါးလွှာလာကြောင်း မြင်လိုက်ရသည်။
ထိုပုံစံကိုမြင်ရတော့မှ ကုနင်းလဲ စိတ်ချမ်းသာသွားတော့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ မစ္စကု။” လင်းရှောင်ယွီ၏ဝိညာဉ်သည် လက်စားချေပြီးသွားပြီဖြစ်တာကြောင့် ဤကမ္ဘာပေါ်တွင် ဆက်တည်ရှိနေဖို့ မလိုတော့ပေ။
ကုနင်းပြုံးသာပြုံးပြပြီး ဘာမှပြန်မပြောခဲ့ပေ။
နောက်တစ်စက္ကန့်တွင်ပဲ လင်းရှောင်ယွီ၏ဝိညာဉ်သည်လဲ လေထဲတွင် ပျောက်ကွယ်လို့သွားတော့သည်။
တစ်ချိန်တည်းမှာပဲ ကုနင်း၏ကိုယ်တွင်းရှိ စွမ်းအားများမှာ အနည်းငယ်ပိုတိုးပွားလာကြောင်း ခံစားလိုက်ရသော်လည်း ဘာကြောင့် ဤသို့ဖြစ်မှန်းကိုတော့ နားမလည်နိုင်သေးပေ။
ကုနင်းအခန်းထဲမှ ပြန်ထွက်လာချိန် ခန်းမထဲတွင် မစ္စမာနှင့်ထပ်တွေ့ရပြန်သည်။
မစ္စမာဆိုသူသည် ကုနင်းကို မုန်းတီးစွာစိုက်ကြည့်နေသော်လည်း ကုနင်း၏လမ်းရှေ့တော့ ဝင်မရပ်ရဲပေ။
ကုနင်းသည် အထူးဧည့်သည်တစ်ယောက်ဖြစ်၍ ဝေးဝေးနေသင့်ကြောင်း စားပွဲထိုးလေးက သူမကို သတိပေးသွားခဲ့သည်။
ဝူစန်းက ဘာလို့များ ကုနင်းနှင့်နှစ်ယောက်တည်း သီးသန့်ခန်းတွင် လက်ခံတွေ့ပေးလဲဆိုသည်ကို မစ္စမာမသိသော်လည်း သူတို့မကောင်းတာတွေတစ်ခုခုလုပ်ခဲ့ကြမည်ကိုတော့ စိုးရိမ်နေမိသည်။
ကုနင်းကတော့ သူမကိုဒီအတိုင်းလျစ်လျူရှုထားကာ ဝင်းဒ်ဘားမှပြန်ထွက်သွားပြီးနောက် စစ်ထူယဲ့ထံဖုန်းဆက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
သူမ မနက်ဖြန်ဆို Bမြို့ကိုပြန်တော့မည်ဖြစ်၍ နောက်တစ်ကြိမ်မှသာ သူ့ကို ညစာလိုက်ကျွေးတော့မည်ဖြစ်ကြောင်း စစ်ထူယဲ့ကိုပြောလိုက်သေးသည်။
***
အခန်း ၁၁၇၂ ဟန်ထုတ်နေတယ်
စစ်ထူယဲ့ဆိုသူက သူသဘောကျရသည့်မိန်းကလေး၏စကားကို ပယ်ရှားမည့်သူမျိုးမဟုတ်ပေ။
ဝူစန်းသည်လဲ ချူးရွှမ်ဖန်ကို ဖုန်းဆက်ကာ ဖြစ်ကြောင်းကုန်စင်ကို ပြန်တင်ပြလာခဲ့သည်။
ကုနင်းက စစ်ထူယဲ့ကို ကိုယ်တိုင်ဖုန်းဆက်ထားပြီးပြီဖြစ်သော်လည်း ချူးရွှမ်ဖန်ကတော့ သူ့အလုပ်အရ စစ်ထူယဲ့ကို ထပ်ပြီး အစီရင်ခံခဲ့သည်။
…..
ထို့နောက် အစောပိုင်းက ဖုန်းမကိုင်ဖြစ်လိုက်သည့် ထန်ချင်းယန်၏ခေါ်ဆိုမှုအတွက် ကုနင်း ဖုန်းပြန်ခေါ်လိုက်သည်။
“ဟိုင်း၊ ဘာဖြစ်လို့လဲ?” ကုနင်းမေးလိုက်လေသည်။
“ငါ ဒီနေ့,နေ့လည်တုန်းကပဲ ထန်လုပ်ငန်းစုကနေ ဖုန်းရတယ်။ နောက်ရက်ပိုင်းအတွင်း ရုံးချုပ်ကို ပြန်သွားရတော့မယ်။”
ကုနင်းပြုံးလိုက်မိသည်။ “မင်းရဲ့ တိုးတက်မှုလမ်းကြောင်းက အရမ်းကောင်းနေတော့ သူတို့တွေ ပူပန်လာကြပြီထင်တယ်။ မင်းက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီ။ ဒါလဲ မကောင်းတာတော့မဟုတ်ပါဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲက လဝက်ပဲလိုက်တော့တာ၊ ငါ မြို့တော်ကိုပြောင်းပြီးတာနဲ့ ငါတို့အစီအစဉ်တွေစလို့ရပြီ။ ဒီအတောအတွင်း ဘေးကင်းဖို့အတွက် သိုသိုသိပ်သိပ်နေထားလိုက်ဦး။ စိတ်တော့မပူပါနဲ့။ ထန်ပင်းစန်က လောလောဆယ်တော့ မင်းကို ထိခိုက်အောင်လုပ်ဦးမယ်မထင်ဘူး။”
ထန်ချင်းယန်၏သေတမ်းစာအကြောင်း ကုနင်းသိထားတာကြောင့် လောလောဆယ် ထန်ချင်းယန်ကို ထန်ပင်းစိန် ထိခိုက်အောင်လုပ်မည်မဟုတ်မှန်း သိနေခြင်းပင်။ အကယ်၍များ ထန်ချင်းယန်သာ သေဆုံးသွားပါက ထန်ချင်းယန်ပိုင်ဆိုင်သမျှ ရှယ်ယာတွေအားလုံး သူရနိုင်တော့မည်မဟုတ်ပေ။ ထန်ချင်းယန် ဆက်ပြီးအသက်ရှင်နေမှသာဆလျှင် တစ်နည်းနည်းနှင့် သေတမ်းစာကို ပြောင်းလဲပစ်လို့ရမှာဖြစ်သည်။
“ငါမနက်ဖြန်ဆို Bမြို့ကိုပြန်လာတော့မှာ ညနေ၃နာရီလောက် တွေ့ကြတာပေါ့။” ကုနင်း ချိန်းဆိုလိုက်သည်။
“ကောင်းပြီလေ။” အခုဆို သူက ကုနင်း၏ပါတနာဖြစ်နေပြီဖြစ်တာကြောင့် သူတို့တွေ လုပ်ငန်းမစခင် အရင်ဆုံးတစ်ခေါက်လောက်တွေ့ဆုံကာ စကားပြောသင့်သည်။
….
နောက်တစ်နေ့မနက်ခင်းမှာတော့ ကောင်းယိနှင့်ချောင်ယတို့က လေဆိပ်ဆင်းရန်အတွက် ကုနင်းကို လာကြိုကြသည်။
Bမြို့သို့ရောက်ပြီးနောက် ဟွားဖုတောင်ကုန်းသို့သွားရန် တက္ကစီငှားလိုက်ကြလေသည်။
အခုက နေ့လည်စာစားချိန်ဖြစ်တာကြောင့် သူတို့အိမ်မပြန်ခင် ဈေးတွင် ဟင်းချက်ပစ္စည်းများလဲ ဝင်ဝယ်ခဲ့ကြသေးသည်။
အိမ်ပြန်ရောက်တော့ ချောင်ယက ချက်ပြုတ်ကာ ကုနင်းကတော့ ရေသွားချိုးသည်။
ညနေပိုင်းလောက်မှာတော့ ထန်အိမ်တော်သို့သွားလည်ရန် ကုနင်းစိတ်ကူးထားသည်။
………
နေ့လည်၂နာရီတွင်တော့ ထန်ချင်းယန်နှင့်တွေ့ဆုံဖို့ရန်အတွက် ကုနင်းလဲ ကောင်းယိနှင့်ချောင်ယကိုခေါ်ကာ အပြင်ထွက်လာခဲ့သည်။
သူမ၏ကားဂိုဒေါင်ထဲတွင် Lamborghiniတစ်စီးသာရှိတာကြောင့် အရမ်းထင်သာမြင်သာဖြစ်နေရင်တောင်မှ သူမတို့ထိုကားကိုသာ စီးမှရပေမည်။
ကောင်းယိက ကားမောင်းကာ ချောင်ယက ဘေးခုံတွင်ထိုင်ပြီး ကုနင်းကတော့ နောက်ခုံမှာဝင်ထိုင်လိုက်သည်။
ဇိမ်ခံကားများသည် လူအများ၏အာရုံကို ဆွဲဆောင်နိုင်မြဲဖြစ်တာကြောင့် ကုနင်းတို့သွားရာလမ်းတစ်လျှောက် လူအများ၏ အာမေဋိသံများကို ကြားနေရလေသည်။
Bမြို့သည် ဖွံ့ဖြိုးသည့် မြို့ပြတစ်ခုဖြစ်ကာ ဇိမ်ခံကားများစွာရျိသော်လည်း ယွမ်၁၀သန်းကျော်သည့် အထူးဇိမ်ခံကားမျိုးကတော့ ထုတ်ကတည်းက ကန့်သတ်ချက်နှင့်ထုတ်တာကြောင့် မြင်ရခဲနေတုန်းပင်။ ဒါကြောင့် ထိုသို့သောကားမျိုးရဖို့ရန် ငွေတစ်ခုတည်းရှိနေရုံနဲ့ မဖြစ်သေးပေ။
…….
မကြာခင်မှာပဲ ကုနင်း ချိန်ထားသည့်ကော်ဖီဆိုင်သို့ ရောက်သွားခဲ့သည်။
ကော်ဖီဆိုင်အပြင်တွင် ကားကိုရပ်လိုက်သည်နှင့် ချက်ချင်းဆိုသလို အာရုံတွေအားလုံး ကျရောက်လာလေသည်။
အရင်ဆုံး ကုနင်း ကားထဲမှထွက်လိုက်ကာ ကောင်းယိနှင့်ချောင်ယတို့ကိုတော့ ကားပါကင်သွားထိုးကြဖို့ပြောလိုက်သည်။
ကုနင်းထွက်လာသည်နှင့် မိန်းကလေးတော်တော်များများ မနာလိုဖြစ်သွားကြလေသည်။ မိန်းကလေးအများစုသည် အထက်တန်းလွှာမိသားစုများထဲသို့ လက်ထပ်ဝင်လိုကြသော်လည်း သူတို့ထဲက လူနည်းစုသည်သာ သူတို့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြသည်။
“ဇိမ်ခံကားလေးတစ်စီးပဲကို။ ဒီလောက်ငယ်တဲ့ကောင်မလေးက သူ့ဘာသူဝယ်နိုင်မှာတဲ့လား။ သက်သက်ဟန်ထုတ်နေတာ!” ဒီဇိုင်နာထုတ်ဘရန်းအပြည့်အစုံတတ်ဆင်ထားသည့် အမျိုးသမီးကပြောလိုက်သည်။ သို့သော်လည်း သူမအသံက သိသိသာသာကို ချဉ်စူးလို့နေလေသည်။ (မနာလို)
ထိုအမျိုးသမီးသည် ကားပိုင်ရှင်က ကုနင်းမှန်း မသိခြင်းသာဖြစ်သည်။
သူမစကားကို ကုနင်းကြားလိုက်သော်လည်း ထိုအမျိုးသမီးနှင့် စကားများရင်း အချိန်မဖြုန်းလိုတာကြောင့် သူမဘာသာ အထဲသို့ဝင်သွားလိုက်သည်။
ကုနင်းကို မနာလိုဖြစ်နေသည့်အမျိုးသမီးဘေးတွင် နောက်ထပ်အမျိုးသမီးနှစ်ဦးရှိနေသေးကာ အမျိုးသမီးအေက “နင်သူ့ကိုသိလို့လား? ဘာလို့ အဲ့ကားက သူ့ကားမဟုတ်ဘူးလို့ထင်နေတာလဲ?”
ထိုပြောဟန်အရ အမျိုးသမီးအေသည် ထိုအမျိုးသမီးကို သဘောမကျပုံရသည်။
အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားကာ သိသိသာသာ အထင်သေးနေသည့်ဟန်ဖြင့်၊ “ဒီတော့ သူကဘယ်သူမို့လို့လဲ?”
“သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့ Charmရဲ့ တည်ထောင်သူ ကုနင်းလေ။ သူ့လို ဘီလီယံနာတစ်ယောက်အတွက် ပြိုင်ကားလေးတစ်စီးက ဘာမှမဟုတ်ဘူး!”
အမျိုးသမီးအေသည် ကုနင်းကို မှတ်မိနေသလို ကုနင်း၏အရည်အချင်းကိုလဲ သိနေခဲ့သည်။
“ဘာ? သူက JadeBeautyနဲ့Charmရဲ့ တည်ထောင်သူလား?” အမျိုးသမီးမှာ အံ့ဩသွားသလို ရှက်လဲရှက်သွားကြသည်။ ဒါကြောင့် အမျိုးသမီးအေကို တစ်ချက်မျက်စောင်းထိုးလိုက်ပြီးနောက် ပါးစပ်ပိတ်သွားတော့သည်။
အမျိုးသမီးအေသည်လဲ ကျေနပ်သွားသလို နှုတ်ခမ်းတွေက မြင့်တက်သွားကာ ခပ်ဝေးဝေးကိုသာ လှမ်းကြည့်နေလိုက်တော့သည်။
***
အခန်း ၁၁၇၃ ပြစ်တင်မှုများကြား
“ဟုတ်ပါပြီ! လောလောဆယ် အထဲဝင်ကြရအောင်!” အမျိုးသမီးဘီမှာတော့ သက်ပြင်းသာချမိတော့သည်။ သူတို့နှစ်ယောက်ကို ထပ်ပြီးစကားမများစေချင်တော့တာကြောင့် ချက်ချင်းစကားလမ်းလွှဲလိုက်ခြင်းပင်။
အမျိုးသမီးအေကတော့ သိပ်ဂရုစိုက်မနေဘဲ အရင်ထွက်သွားသည်။
ထို့နောက် သုံးဦးသား ကုနင်းဝင်သွားသည့် ကော်ဖီဆိုင်ထဲသို့သာ ဝင်သွားကြသည်။
ကုနင်းရောက်သွားချိန်တွင်တော့ ထန်ချင်းယန်က ရောက်နှင့်လို့နေပေပြီ။ သူရှိသည့်နေရာနှင့် ချိန်းထားသည့်နေရာက နီးနေခြင်းကြောင့် အရင်ကြိုရောက်နေခြင်းပင်။
“ဟိုင်း၊ ကုနင်း၊ ထိုင်လေ!”
ကုနင်းထိုင်လိုက်ပြီးနောက် စားပွဲထိုးတစ်ယောက်က သူမကို မီနူးကဒ်ပေးလာကာ သူမလဲ ကော်ဖီတစ်ခွက်သာ မှာလိုက်သည်။
ကုနင်းနောက်မှလိုက်ဝင်လာသည့်အမျိုးသမီးသုံးယောက်လဲ ကုနင်းနှင့်ထန်ချင်းယန်တို့ကို မြင်သွားကြသည်။
ကုနင်းကို မနာလိုဖြစ်နေသည့်အမျိုးသမီးမှာ ကုနင်းကို ထပ်တွေ့လိုက်ရချိန် အလိုလိုနေရင်း စိတ်တိုလာတော့သည်။ သူမဘာအကြောင်းအရင်းမှ မရှိဘဲ ကုနင်းကို မုန်းနေမိသည်။
ကြည့်ရတာတော့ အမျိုးသမီးအေက သူမကို လှောင်လိုက်သည့်အတွက် ကုနင်းကို အပြစ်လှည့်တင်နေခြင်းမျိုးလဲဖြစ်လောက်သည်။
ကုနင်း၏အဆင့်အတန်းကိုသိပြီး သူမအံ့ဩသွားခဲ့သော်လည်း ကုနင်းကို မလေးစားမိဘဲ ကုနင်းတွင် အသက်ငယ်ငယ်လေးနှင့် ကုမ္ပဏီတွေအများကြီးပိုင်နေသည့်အတွက်သာ ပိုပြီးမနာလိုဖြစ်လာမိလေသည်။
ကုနင်းလဲ ထိုအမျိုးသမီး၏အကြံကို ခံစားမိကာ စိတ်မကြည်တော့ပေ။ ထိုအမျိုးသမီးနှင့် အပြိုင် စကားမများချင်သော်လည်း ထိုအမျိုးသမီး၏အကြောင်းမရှိ ရန်လိုနေခြင်းကိုတော့ သည်းမခံနိုင်တော့ပေ။ ဒါကြောင့် ကုနင်းလဲ ထိုအမျိုးသမီးကို ခပ်စူးစူးတစ်ချက်လှည့်ကြည့်ပေးလိုက်တာကြောင့် ထိုအမျိုးသမီး ကြောက်လန့်သွားပြီး ချက်ချင်းအကြည့်လွှဲသွားတော့သည်။
ကုနင်း၏အကြည့်သွားရာအတိုင်း ထန်ချင်းယန်လဲ လိုက်ကြည့်လိုက်ရာ ထိုအမျိုးသမီး၏အမူအရာကို သတိထားမိသွားသည်။ ဒါကြောင့် သူမျက်မှောင်ကြုတ်သွားပြီး၊ “ဘာဖြစ်နေတာလဲ?”
“ဘာမှမဟုတ်ဘူး၊ ဒီအတိုင်း ထူးဆန်းတဲ့မိန်းမတစ်ယောက်ပါ။” ကုနင်း ပြန်ပြောလိုက်သည်။
ထန်ချင်းယန်လဲ ဆက်မမေးနေတော့ဘဲ လုပ်ငန်းကိစ္စကိုသာ ဆက်ပြောခဲ့ကြသည်။
သို့ပေမည့် ထိုအမျိုးသမီးကတော့ဖြင့် ဤမျှလောက်ဖြင့် လက်မလျှော့သွားသေးဘဲ သူမဒေါသပြေပျောက်ဖို့ရန် တစ်ခုခုလုပ်လိုက်သင့်သည်ဟု ခံစားနေရလေသည်။
ဒါကြောင့် ခဏလောက်စဉ်းစားကြည့်ပြီးနောက် သူမဖုန်းကို ထုတ်လိုက်ကာ ရွှယ်ဖေးဖေးဟူသောနာမည်ဖြင့် Weiboအကောင့်အသစ်တစ်ခုဖွင့်ပြီး ပို့စ်တင်လိုက်သည်။
ရွှယ်ဖေးဖေး : ဒီနေ့ပဲ Jadebeautyနဲ့Charmရဲ့ တည်ထောင်သူ ကုနင်းကို အသက်ကြီးကြီးအဖိုးကြီးတစ်ယောက် ဟိုတယ်ထဲက ထွက်လာတာ ငါမြင်လိုက်တယ်။ အတွဲတွေလိုမျိုးလုပ်နေကြတာ! ငါတော့ အဲ့လူနဲ့ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို မြင်ပြီး အံ့ဩသွားတာပဲ။
သူမက ထိုပို့စ်ကိုတင်ပြီး အနုပညာလောကတွင်လွှမ်းမိုးမှုရှိသော Weiboအကောင့်များစွာကိုပါ မန်းရှင်းခေါ်ထားလိုက်သေးသည်။
………
ထိုအမျိုးသမီး၏ နာမည်အမှန်သည် လီရှောင်းရှောင်းဖြစ်ကာ သူမပို့စ်တွင် ဘာသက်သေဓါတ်ပုံများတွဲမတင်ထားတာကြောင့် ဘယ်သူမှမယုံကြည်ကြပေ။
တချို့ကတော့ ကုနင်းကို သွားမဆွရဲတာကြောင့် ထိုပို့စ်ကို ဒီအတိုင်း လျစ်လျူရှုထားလိုကြကာ တချို့ကတော့ ကုနင်း၏နာမည်ကို အသုံးချပြီး အာရုံစိုက်ခံရစေဖို့အတွက် ကြံစည်နေကြလေသည်။
ကုနင်းသည် အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့်လူတစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် သူမနာမည်နဲ့သာဆိုလျှင် အာရုံစိုက်ခံရအောင်လုပ်ဖို့ အကူအညီဖြစ်နိုင်နေပေပြီ။
သို့သော်လည်း ကုနင်း၏အာဏာကိုကြောက်ကြတာကြောင့် ထိုပို့စ်တွင် ဘာမှတ်ချက်မှမရေးဘဲ ဒီအတိုင်း ပြန်တင်ရုံသာလုပ်ကြသည်။
သူတို့ပြန်တင်လိုက်ကြသည်နှင့် ပို့စ်ကို မြင်တွေ့သူ ပိုပိုများလာတော့သည်။
ကုနင်းသည် အလွန်နာမည်ကြီးသော်လည်း သူမ၏အောင်မြင်မှုတွေအကြောင်း လူတိုင်းသိကြသေးခြင်းမဟုတ်တာကြောင့် အင်တာနက်အသုံးပြုသူ တော်တော်များများကတော့ ဘာမှတွေးမနေဘဲ ချက်ချင်းအဆုံးသတ်ကို ကောက်ချက်ချလိုက်ကြသည်။
အချိန်ခဏလေးအတွင်းမှာပဲ ကုနင်း၏ပရိသတ်များလဲ ထိုပို့စ်ကို တွေ့သွားကြကာ မူရင်းတင်သည့် Weiboအကောင့်ကို အပြစ်တင်သည့်စာများက ဆက်တိုက်ပို့ကြတော့သည်။
ကုနင်း၏ဖန်များသည် ကုနင်းအပေါ် လုံးဝသံသယမထားဘဲ သစ္စာရှိကြကာ သူမအကြောင်းလဲ တော်တော်သိထားကြတာကြောင့် ဒီလိုသတင်းမျိုးက သတင်းတုသာဖြစ်ကြောင်း ယုံကြည်ကြသည်။
မကြာခင်မှာပဲ လီရှောင်းရှောင်း၏Weiboအကောင့်တွင် ပြစ်တင်ဝေဖန်သည့် စာများစွာ ပြည့်နှက်လာတော့သည်။
ကုနင်း၏ဖန်များက သူမကိုဆက်တိုက်ကာကွယ်ပြောဆိုပေးနေတာကြောင့် လူတော်တော်များများသည်လဲ သတင်းက အမှန်မဟုတ်ကြောင်း စတင်ယုံကြည်လာကြသည်။
……..
လီရှောင်းရှောင်းမှာ အင်တာနက်အသုံးပြုသူတွေက ကုနင်းကို အပြစ်တင်နေသည့်စာများကို ဖတ်ပြီး အလွန်နေသာထိုင်သာရှိနေစဉ်မှာပဲ အခြေအနေတွေက သူ့ဘက်ပြန်လှည့်လာတာကြောင့် အံ့ဩသွားတော့သည်။
အချိန်ကြာလသည်နှင့်အမျှ ဒေါသထွက်နေကြသည့်အင်တာနက်အသုံးပြုသူတွေက သူမသာမကသာ သူမမိသားစုကိုပဲ ကျိန်ဆဲလာတော့သည်။
လီရှောင်းရှောင်းလဲ ဒေါသထွက်လွန်း၍ တုန်ရီလာကာ ရုတ်တရက် သူမဖုန်းကိုတောင် စားပွဲပေါ် ပစ်ချလိုက်တော့သည်။ ဖုန်းပြုတ်ကျသွားသည့်အသံက အတော်လေးကျယ်တာကြောင့် အမျိုးသမီးအေနှင့် အမျိုးသမီးဘီတို့တောင် ထိတ်လန့်သွားရလေသည်။
“ရှောင်းရှောင်း၊ နင်ဘာတွေလုပ်နေတာလဲ?” အမျိုးသမီးဘီ မကြည်မသာဖြင့်မေးလိုက်သည်။
“ငါသန့်စင်ခန်းသွားလိုက်ဦးမယ်။” လီရှောင်းရှောင်းက ပြန်မဖြေဘဲ သန့်စင်ခန်းသို့သာ ထွက်သွားခဲ့သည်။
ကော်ဖီဆိုင်ထဲရှိဧည့်သည်များမှာ သူမအပြုအမူကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကြသော်လည်း ဘာမှမပြောကြပေ။
……
“သူက မင်းနောက်ကွယ်ကနေ ထပ်ပြီးထိခိုက်အောင်လုပ်ဖို့ ကြိုးစားဦးမှာမဟုတ်ဘူးဆိုပေမယ့် လတ်တလောတော့ မင်းရဲ့လုံခြုံရေးအတွက်ကိုသာ ပိုပြီးအာရုံစိုက်ထားသင့်တယ်။ မင်းရဲ့သက်တော်စောင့်တွေက အရမ်းပျော့လွန်းတယ်။ စိတ်မရှိဘူးဆိုရင် ငါ တစ်ယောက်ယောက် စီစဉ်ပေးလို့ရတယ်နော်။”
ကုနင်းဘက်က အကြံသဘောမျိုးသာပေးပြီး သူမပြောသလိုလိုက်လုပ်ဖို့တော့ မတိုက်တွန်းပေ။ သူမအနေနဲ့ ထန်ချင်းယန်အပေါ် အခွင့်အရေးယူလိုစိတ်မရှိမသော်လည်း ထန်ချင်းယန်ဘက်ကကြည့်လျှင်က သူမသည် အရမ်းရင်းနှီးနေသည့်လူမဟုတ်ပြန်ပေ။
“ကောင်းတာပေါ့၊ ကျေးဇူးပါပဲ!” ကုနင်း၏အကြံကို ထန်ချင်းယန် ချက်ချင်းလက်ခံလိုက်သည်။ ကုနင်းပြောတာက ကျိုးကြောင်းသင့်သလို သူလဲ ကုနင်းကိုယုံကြည်ပေသည်။
တကယ်လို့များ ကုနင်းက သူ့ကိုစောင့်ကြည့်ဖို့ သူမလူတစ်ယောက်ယောက်ကို ထည့်ချင်နေခြင်းဆိုလျှင်တောင်မှ သူ့အသက်ကို ခြိမ်းခြောက်ဖို့အတွက် မဟုတ်သ၍ သူ့ဘက်က အဆင်ပြေသည်။
ထန်လုပ်ငန်းစုကြီးတစ်ခုလုံးကို သိမ်းယူဖို့အထိ ထန်ချင်းယန်တွင် ရည်ရွယ်ချက်မရှိဘဲ သူ့အဖေအတွက် လက်စားချေချင်ရုံသာဖြစ်ပေသည်။
***
အခန်း ၁၁၇၄ Kamei၏အောင်မြင်မှု
အကယ်၍ ကုနင်းကသာ ထန်လုပ်ငန်းစုကို သိမ်းပိုက်ချင်နေလျှင်တောင်မှ သူတို့အစီအစဉ်အတွက် ကုနင်းက အများကြီးလုပ်ပေးခဲ့ခြင်းဖြစ်သလို သူ့မှာလဲ ရှယ်ယာ၂၀ရာခိုင်နှုန်းရှိပြီးသားဖြစ်၍ ထန်ချင်းယန် ကန့်ကွက်နေမည်မဟုတ်ပေ။
သူ့ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းနဲ့သာဆို ထန်လုပ်ငန်းစုတစ်ခုလုံးကို သိမ်းယူနိုင်ဖို့ဆိုသည်က အလွန်ခက်ခဲလှသည်။ သူ့အတွက်က သူ့ဖခင်သေဆုံးခြင်းအတွက် ထန်ပင်းစန်ပါဝင်ပတ်သတ်နေကြောင်း သက်သေရှာချင်ကာ ထန်ပင်းစန်ကို ဥပဒေအရ အပြစ်ပေးလိုခြင်းသာဖြစ်သည်။
သူသာ ထန်ပင်းစန်ကို ပိုပြီး ပြင်းပြင်းလေးအပြစ်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။
ထန်ချင်းယန်၏ရည်မှန်းချက်က ထိုအချက်တစ်ခုသာဖြစ်သည်။
ကုနင်းက သူမကတိအတိုင်း သူ့ကို ထန်လုပ်ငန်းစုအား ယူခိုင်းမည်ဆိုလျှင်တော့ သူလက်ခံကာ ကောင်းကောင်းစီမံပေးမည်ဖြစ်သည်။
“ကောင်းပြီလေ၊ ငါ မင်းကို သူ့ဖုန်းနံပါတ်ပေးထားမယ်၊ မြို့တော်ရောက်ရင် ဖုန်းဆက်လိုက်ပေါ့။ သူ့ကိုတော့ ငါနောက်မှ ပြောထားလိုက်မယ်။”
“ကျေးဇူးပဲ။”
……
ထန်ချင်းယန်နှင့်တွေ့ဆုံပြီးနောက်မှာပဲ ကုနင်းကားထဲပြန်ရောက်သည်နှင့် ပါးထျန်းရန်ကို ဖုန်းဆက်ကာ သူဘာလုပ်သင့်လဲဆိုသည်ကို ပြောလိုက်သည်။
ကုနင်းက ထန်ချင်းယန်ကို ကာကွယ်ပေးဖို့ရန်အတွက် ပါးထျန်းယန်ကို ပို့လိုက်ဖို့ စိတ်ကူးထားခြင်းပင်။ ထန်ချင်းယန်ဘက်ကိုတော့ သူမဘာစားရိတ်မှတောင်းခံမည်မဟုတ်ဘဲ ပါးထျန်းယန်ကို သူမကုမ္ပဏီဘက်ကသာ လစာဆက်ပေးသွားမည်ဖြစ်သည်။
ထို့နောက် ကုနင်း ထန်ဟိုင်ဖုန်းကို ဖုန်းဆက်လိုက်သည်။ ထန်မိသားစုတွင် ထန်ဟိုင်ဖုန်းသည် အလေးစားခံရဆုံးပုဂ္ဂိုလ်ပင်။
ကုနင်း ညနေဘက်တွင် သူတို့ထန်အိမ်တော်သို့လာကာ ညစာအတူစားမည်ဖြစ်ကြောင်း သိလိုက်ရတာကြောင့် ထန်ဟိုင်ဖုန်း အလွန်ပျော်ရွှင်သွားတော့သည်။
ကုနင်းက ကုမန့်ရော အိမ်မှာရှိနေသလားဟုပါ ထန်ဟိုင်ဖုန်းကို မေးလိုက်ကာ ထန်ဟိုင်ဖုန်းက ကုမန့်အခုထိ အလှပြင်ဆိုင်မှာရှိနေသေးကြောင်းဆိုသည်။
ထို့နောက် ကုနင်းလဲ ကောင်းယိကို ဖန်ရှန်းဈေးဝယ်စင်တာသို့ မောင်းခိုင်းလိုက်သည်။ သူမလဲ Kameiအလှပြင်ဆိုင်ကို တစ်ချက်ဝင်ကြည့်ရင်း ကုမန့်ကိုပါပြန်ခေါ်သွားလို့ရပေသည်။
ဖန်ရှန်းဈေးဝယ်စင်တာရောက်တော့ ကုနင်း ကားထဲမှထွက်လိုက်ကာ ကောင်းယိနှင့်ချောင်ယတို့လဲ ထွက်သွားကြသည်။ သူတို့အတွက်တာဝန်မရှိသေးတာကြောင့် နှစ်ယောက်သား သီးသန့်အချိန်လေးရရန် ကုနင်းလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ပြောရရင် သူတို့နှစ်ယောက်က ချစ်သူရည်စားများဖြစ်တာကြောင့် အတူရှိချိန်လိုအပ်သည်။
ကုနင်းကတော့ Kameiအလှပြင်ဆိုင်သို့ သူမဘာသာ ထွက်လာခဲ့သည်။
အစပိုင်းတွင် Kameiအလှပြင်ဆိုင်သည် သူ့နီးစပ်ရာအသိုင်းအဝိုင်းအတွင်းမှာသာ နာမည်ကြီးခြင်းဖြစ်သော်လည်း အခုတော့ အလွန်လူသိများနာမည်ကြီးနေပေပြီ။
ကုမန့်နှင့်ထန်ယွင်ဖန်းတို့၏မင်္ဂလာပွဲကြောင့် ထန်မိသားစုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိချင်ကြသူ အထက်တန်းလွှာအမျိုးသမီးများသည် ကုမန့်နှင့်မိတ်ဆွေဖွဲ့လာခဲ့ကြသည်။
ထို့အပြင် Kameiအလှပြင်ဆိုင်တွင်သုံးသည့် အလှကုန်ပစ္စည်းများသည် အမှန်ကိုထိရောက်မှုရှိတာကြောင့် Kameiတွင် ငွေသုံးရသည်က စိတ်ချမ်းသာဖွယ်အတိပင်။
Kameiတွင်အသုံးပြုသည့် အလှကုန်တို့ကြောင့် ဗီအိုင်ပီအဖွဲ့ဝင်များဖြစ်လာသူအများအပြားလဲ ရှိလာသည်။ သို့သော် ကုနင်းက ဆိုင်ကြီးကြီးငှားပေးထားတာတောင်မှ တချို့အချိန်တွေဆို ဆိုင်ထဲတွင် လူတွေပြည့်သိပ်နေတတ်သေးသည်။
တခြားသောKameiဆိုင်ခွဲများသည် အခုထိ ဆိုင်ခန်းပြင်ဆင်စဲအခြေအနေတွင် ရှိသေးတာကြောင့် အဓိကဆိုင်တွင်သာ ဗီအိုင်ပီအဖွဲ့ဝင်တွေ ပြုံတိုးနေရတော့သည်။ ဒါကြောင့် အခုဆို လူတိုင်း ဆိုင်တွင် နေရာရဖို့ရန် ရက်ကြိုပြီးစာရင်းသွင်းထားရသည်။
Kameiသည် ကိုယ့်ဖောက်သည်တိုင်းကို မျှမျှတတသာဆက်ဆံတာကြောင့် ဘယ်လောက်ပဲ ချမ်းသာသူဖြစ်နေပါစေ Kameiတွင်တော့ သူ့စည်းကမ်းအတိုင်း လိုက်နာကြရလေသည်။
စောင့်ဆိုင်းခန်းတွင် အထက်တန်းလွှာအမျိုးသမီးတော်တော်များများသည် သူတို့မျက်နှာအလှပြုပြင်ဖို့ရန်အတွက် စောင့်ဆိုင်းနေကြလေသည်။
ပုံမှန်အားဖြင့် သူတို့အလှည့်ရောက်ဖို့ရန် ၁၀မိနစ်လောက်စောင့်ရပေမည်။ အကယ်၍ အလှည့်ရောက်လို့မှ သူတို့နေရာတွင်ရှိမနေပါက သူတို့နေရာကို တခြားလူက ဝင်သွားမည်ဖြစ်သည်။
ဤဆိုင်ကို ကုနင်းကိုယ်တိုင်ဝယ်ခဲ့ခြင်းဖြစ်တာကြောင့် ဝန်ထမ်းအားလုံးသည် သူမကိုအလွန်လေးစားနေကြသည်။ ဒါကြောင့် သူမဝင်လာသည်နှင့် ဧည့်ကြိုနှစ်ယောက်က သူမကိုယဉ်ကျေးပျူငှာစွာ နှုတ်ခွန်းဆက်သကာ၊ “မင်္ဂလာပါ၊ မစ္စကု။”
ကုနင်းက သူတို့ဘဝတွေကို ပြောင်းလဲပေးခဲ့သူဖြစ်၍ သူမနှင့်တွေ့ရသည်အား အလွန်စိတ်လှုပ်ရှားနေလေသည်။
Kamei၏ကျော်ကြားလာမှုနှင့်အညီ သူတို့လစာတွေသည်လဲ စဉ်ဆက်မပြတ် တိုးများလာခဲ့သည်။
အရင်ကဆို သူတို့အားလုံး တစ်လတွင် ယွမ်၇ထောင်သာရကြသော်လည်း အခုဆို ယွမ်၂သောင်းနီးပါးအထိ ရလာကြသည်။ Kameiမှ အလှဖန်တီးရှင်များသည်တော့ သူတို့ထက်တောင် ပိုပြီးလစာမြင့်ကြလေသည်။
ထိုသို့မြင့်မားလှသည့်လစာကြောင့် Bမြို့လို ပထမတန်းစားမြို့တစ်ခုမှာတောင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သည့်အဆင့်သို့ရောက်ရှိနေကြပေပြီ။
“ဟိုင်း၊ ကျွန်မအမေဘယ်မှာလဲ?” ကုနင်းအပြုံးလေးဖြင့်မေးလိုက်သည်။
“ရုံးခန်းထဲမှာရှိနေပါတယ်။”
“ကျေဇူးပဲ။”
ထို့နောက် ကုနင်းလဲ ကုမန့်၏ရုံးခန်းရှိရာသို့ ထွက်သွားသည်။
ရုံးခန်းထဲတွင် ကုမန့်က တစ်ယောက်ယောက်နှင့် လုပ်ငန်းကိစ္စပြောနေသည်အား ကြားတာကြောင့် ကုနင်းလဲ မဝင်သေးဘဲ တံခါးနားတွင် ရပ်စောင့်နေလိုက်သည်။
Kameiသည် အချိန်တိုလေးအတွင်းမှာတင် အလွန်ဖွံ့ဖြိုးလာခြင်းဖြစ်တာကြောင့် ပူးပေါင်းချင်နေသည့်လူများစွာရှိကြသည်။ အများစုသည် ကိုယ်ပိုင်ဆိုင်ခွဲများဖွင့်လိုကြခြင်းဖြစ်ကာ ကုမန့်ကတော့ အားလုံးကို ငြင်းဆိုခဲ့သည်။
ကုမန့်သည် စီးပွားရေးပိုင်းတွင် အတွေ့အကြုံမရှိသော်လည်း အရင်ဆုံး သူမဘရန်းကို ကိုယ်တိုင် တိုးတက်အောင်လုပ်သင့်ကြောင်းတော့သိသည်။ နောက်ဆိုလဲ ငွေတွေဒီထက်မက ပိုပြီးရှာနိုင်တော့မည်ဖြစ်ပေမည့် လောလောဆယ်မှာတော့ ဂုဏ်သတင်းကောင်းမွန်အောင် ထိန်းထားဖို့က ပိုအရေးကြီးလေသည်။
သူမသာ တခြားလူတွေကို ဆိုင်ခွဲဖွင့်ခွင့်ပေးလိုက်ပါက အားလုံးကိုလိုက်ပြီး စီမံနိုင်တော့မည်မဟုတ်ပေ။ ဒီလိုသာဆို သူမတို့ပစ္စည်းနှင့် ဝန်ဆောင်မှုအပေါ်ကိုလဲ အာမခံချက်ပေးနိုင်တော့မည်မဟုတ်ပေ။
***
အခန်း ၁၁၇၅ ရှင့်ရဲ့သားလား?
ထိုသို့ကိုယ်ပိုင်ဆိုင်ခွဲတော်တော်များများသည် ငွေပိုရှာနိုင်ဖို့သာ ရည်ရွယ်ကြတာကြောင့် ပစ္စည်းအစစ်အမှန်၏နာမည်ကိုသုံးကာ ပစ္စည်းအတုတွေရောင်းတတ်ကြသည်။
ဒါကြောင့် ဖောက်သည်များသည် အလှကုန်ဘရန်းအစစ်အပေါ်ကို အမြင်ဆိုးတွေရှိသွားကာ သူတို့စီးပွားရေးကိုပါ ထိခိုက်လာပေလိမ့်မည်။
Kameiအလှပြင်ဆိုင်တွင် ခိုကျီတစ်မျိုးတည်းကိုသာ သုံးခြင်းက လျှို့ဝှက်ချက်မဟုတ်ပေ။ ဒါကြောင့် Kamei၏ဂုဏ်သတင်းပျက်စီးသွားသည်နှင့် ခိုကျီကိုလဲ ထိခိုက်စေပေလိမ့်မည်။
ထို့အပြင် ကုမန့်သည် သူမတစ်ယောက်တည်းနဲ့ကို ငွေလုံလုံလောက်လောက်ရှာနိုင်နေပြီဖြစ်ကာ ကိုယ်ပိုင်ဆိုင်ခွဲတွေဖွင့်ခွင့်ပေးကာ ထပ်ရှာဖို့မလိုအပ်ပေ။
ကုမန့်၏ဆုံးဖြတ်ချက်က မပြောင်းလဲတာကြောင့် ရုံးခန်းထဲမှ စကားဝိုင်းမှာ သိပ်မကြာလိုက်ပဲ အဆုံးသတ်သွားကာ ကုမန့်နှင့်အတူ လူတစ်စု ထွက်လာကြသည်။
“နင်းနင်း၊ ဘယ်တုန်းက ပြန်ရောက်နေတာလဲ? ဘာလို့စောစောတည်းက မပြောထားတာလဲ?” ကုနင်းကိုမြင်သည်နှင့် ကုမန့်ပျော်ရွှင်သွားတော့သည်။
ကုနင်းလဲ ကုမန့်ကိုပွေ့ဖက်လိုက်ကာ၊ “အမေ့ကို အံ့ဩသွားစေချင်လို့လေ။ ဘယ်လိုလဲ အံ့ဩသွားရဲ့လား?”
ကုမန့်တစ်ယောက်ရှေ့တွင်သာ ကုနင်း၏ ဤကဲ့သို့ကလေးဆန်သည့်အပြုအမူလေးမျိုးကို မြင်တွေ့နိုင်ပေသည်။
“ဟ-ဟ၊ အံ့ဩတာပေါ့!” ကုမန့်ပျော်လွန်း၍ ရယ်ပင်ရယ်လိုက်မိလေသည်။
“မန်နေဂျာတင်း၊ ဧည့်သည်တွေကို တံခါးအထိ လိုက်ပို့ပေးလိုက်ပါဦး။”
ကုမန့်သည် ဆိုင်ရှင်ဖြစ်တာကြောင့် ဧည့်သည်တွေကို တံခါးအထိ လမ်းလျှောက် လိုက်ပို့ပေးနေဖို့ မလိုအပ်ပေ။
အချိန်ကြာလသည်နှင့် ကုမန့်သည်လဲ သန်မာသည့်အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့သည်။ ကုနင်း ပြန်လည်မွေးဖွာလာကစကဆို ကုမန့်သည် အတော်လေးပျော့ညံ့သည့်အမျိုးသမီးပင်။
ထိုအချိန်တုန်းက ကုမန့်ကို ချမ်းသာကာဇိမ်ကျသည့်ဘဝမျိုးတွင် ထားပါမည်ဟု ကုနင်းကတိပေးခဲ့ကာ အခုတော့ ဖြစ်လာခဲ့ပေပြီ။
“ဟုတ်ကဲ့ပါ။” မန်နေဂျာတင်းလဲ ဧည့်သည်များကို ပြန်လိုက်ပို့လိုက်သည်။
ကုမန့်နှင့်ကုနင်းတို့ကတော့ ရုံးခန်းထဲသို့ပြန်ဝင်သွားကြသည်။
“ကောလိပ်ဝင်ခွင့်စာမေးပွဲက သိပ်မလိုတော့ဘူးနော်။ သမီး ဘယ်တော့လောက် ကျောင်းပြန်သွားဖို့ စီစဉ်ထားလဲ?”
ကုနင်း၏အမေတစ်ယောက်အနေနှင့် သမီးဖြစ်သူ၏ပညာရေးအတွက် စိုးရိမ်မိသည်က မဆန်းပေ။
“နောက်နှစ်ရက်လောက်နေရင်ပြန်မှာပါ။”
“သမီးအန်တီကို အမေတို့အိမ်သော့ပေးထားတယ်၊ မနက်ဖြန်လောက် အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်လောက်ငှားထားဖို့ပြောလိုက်မယ်။ အမေတို့ အိမ်မှာမနေဖြစ်တာကြာပြီဆိုတော့ ဖုန်တွေတော်တာ်ထူနေလောက်ပြီ။”
“ဟုတ်ကဲ့ပါ။”
……..
ညနေ၅နာရီလောက်တွင် ကုနင်းနှင့်ကုမန့်တို့ ဆိုင်မှထွက်လာကြသည်။
သို့သော် မသွားခင် ကုမန့်က၊ “အာ… သမီးအဖေကို ဒီနေ့လာမကြိုတော့ဖို့ ဖုန်းဆက်လိုက်ဦးမယ်။”
ကုမန့်သည် ကိုယ်တိုင်ကားမမောင်းသော်လည်း သူမတွင် ကိုယ်ပိုင်ယာဉ်မောင်းရှိပေမည့် ထန်ယွင်ဖန်းကတော့ သူအားတိုင်း ကိုယ်တိုင်လာကြိုပေးလေ့ရှိသည်။
ကုနင်း စပ်ဖြဲဖြဲရယ်ပြလိုက်တာကြောင့် ကုမန့်ရှက်သွားလေသည်။
ဒါနဲ့ ကုမန့်လဲ ချက်ချင်းခေါင်းလှည့်လိုက်ကာ ထန်ယွင်ဖန်းကိုသာ ဖုန်းခေါ်တော့သည်။
“မန့်၊ အလုပ်ပြီးပြီလား?” ထန်ယွင်ဖန်း၏အသံက လွန်စွာညင်သာနေတာကြောင့် သူ့ရှေ့တွင်ထိုင်နေသည့် ဒါရိုက်တာပင် အံ့ဩသွားလေသည်။
ဥက္ကဌထန်သည် အမြဲတမ်းအေးတိအေးစက်မျက်နှာထားဖြင့် အလုပ်လုပ်လေ့ရှိသော်လည်း သူ့ဇနီးအပေါ်ကိုတော့ ထိုသို့ကွဲပြားစွာ ဆက်ဆံလေသည်။
“နင်းနင်း ပြန်ရောက်နေပြီ၊ အခု ကျွန်မနဲ့အတူရှိနေတယ်။ သူနဲ့ပဲအိမ်ပြန်မှာမို့ ရှင်ဒီနေ့လာကြိုပေးဖို့ မလိုတော့ဘူး။”
“ဟုတ်ပါပြီ၊ ဒါဆို နောက်မှတွေ့ကြတာပေါ့။”
ထို့နောက် ကုမန့်လဲ ကုနင်းဘက်သို့ပြန်လှည့်လာခဲ့သည်။
သို့သော်လည်း သူတို့နှစ်ယောက် ဈေးဝယ်စင်တာမှ မထွက်ရသေးခင်မှာပဲ သိပ်မဝေးသည့်နေရာမှ ဆူဆူညံညံအသံများကြားလိုက်ရသည်။ ကုနင်းနှင့် ကုမန့်တို့လှမ်းကြည့်လိုက်ရာ အားကစားဝတ်စုံဆိုင်တစ်ဆိုင်တွင် လူတွေအုံနေကြော်ငး တွေ့လိုက်လေသည်။
ကုနင်းက ဘာဖြစ်နေလဲသွားကြည့်ဖို့စိတ်ကူးမရှိသော်လည်း ရုတ်တရက် ရင်းနှီးနေသည့်အသံတစ်သံကိုကြားလိုက်ရတာကြောင့် ခြေဦးလှည့်လိုက်လေသည်။
“နင်းနင်း။” ကုမန့်က ကုနင်းကိုမသွားစေချင်ပေ။
“ဘာမှမဖြစ်ပါဘူး၊ အမေရဲ့။ ခဏလေးပဲ သွားကြည့်မှာ။”
ဒီလိုနဲ့ ကုမန့်လဲ ကုနင်းနောက်လိုက်သွားရတော့သည်။
“ဖန်ပင်းဟွေ့၊ ရှင်ကျွန်မကို ကွာရှင်းတာ ဒီမိန်းမကြောင့်ပေါ့? ရှင်က တခြားယောက်ျားတစ်ယောက်ရဲ့သားကိုတောင် ပျိုးထောင်ပေးချင်နေတာလား? မိမစစ်ဖမစစ်ကောင်!” လုချိုးထင်က လူအများကြားမှာတင် ဝမ်ကျဲ့ရှန်ကို အော်ဆဲလိုက်သည်။
ဝမ်ကျဲ့ရှန်က သူ့သားအရင်းဖြစ်နေကြောင်း ဖန်ပင်းဟွေ့သိသွားသည်နှင့် ချက်ချင်းလုချိုးထင်ကိုကွာရှင်းခဲ့သည်။
သူမဝမ်ယွင်ပင်းအပေါ်လုပ်ခဲ့သည့်ကိစ္စများကို သူသိနေကြောင်းသာ ပြောခဲ့ပြီး ဝမ်ကျဲ့ရှန်ကို ကာကွယ်ပေးရန်အတွက် ဝမ်ကျဲ့ရှန်က သူ့သားအရင်းဖြစ်ကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။
ကွာရှင်းပြီးနောက်ပိုင်း လုချိုးထင် စိတ်ခံစားချက်ဆိုးရွားနေကာ ဈေးဝယ်စင်တာတွင် ဈေးဝယ်ထွက်ရင်း စိတ်အပန်းဖြေဖို့ ကြိုးစားမိသည်။ သို့သော်လည်း ထိုသို့ထွက်လာကာမှ ဖန်ပင်းဟွေ့နှင့်ဝမ်ယွင်ပင်းတို့နဲ့ မတော်တဆသွားတိုးလေသည်။ ဒါ့အပြင် ဝမ်ယွင်ပင်းရဲ့သားကတောင်မှ ဖန်ပင်းဟွေ့ကို အဖေဟုခေါ်နေသေးသည်။
ဝမ်ကျဲ့ရှန်သည် ဖန်ပင်းဟွေ့၏သားအရင်ဖြစ်မှန်း သူမမသိသေးတာကြောင့် ဝမ်ကျဲ့ရှန်အခုလိုမျိုး ဖန်ပင်းဟွေ့ကို အဖေခေါ်ခြင်းက ဝမ်ယွင်ပင်းကြောင့်ဟုထင်သွားလေသည်။
ဖန်ပင်းဟွေ့ကြည့်ရတာ တော်တော်ပျော်ရွှင်နေပုံပေါက်ပြီး သူမတို့လက်ထပ်ခဲ့စဉ်အတွင်း ထိုသို့သောအမူအရာမျိုး တစ်ကြိမ်မှမမြင်ခဲ့ရပေ။ ဒါကြောင့် လုချိုးထင် မနာလိုဖြစ်လာတော့သည်။
“လုချိုးထင်၊ စကားကိုကြည့်ပြောစမ်း! ကျဲ့ရှန်က မိမစစ်ဖမစစ်မဟုတ်ဘူး။ ငါ့သားပဲ၊ မင်းရဲ့သားထက်တောင်မှ ကြီးသေးတယ်။ သူကမှ ဖန်မိသားစုရဲ့အမွေခံပဲ!”
ဝမ်ကျဲ့ရှန်က သူ့ကိုအဖေအဖြစ် လက်ခံရုံခံရသေးသည်ဆိုလျှင်တောင် ဖန်ပင်းဟွေ့ကတော့ ဝမ်ကျဲ့ရှန်ကို အလွန်ဂရုစိုက်လေသည်။
ဝမ်ယွင်ပင်းကို သူအလွန်ချစ်မြတ်နိုးတာကြောင့် သူတို့သားကို သူနဲ့လုချိုးထင်၏သားထက် ပိုပြီးတန်ဖိုးထားသည်။ ဒါ့အပြင် ဝမ်ကျဲ့ရှန်သည် လုချိုးထင်ရဲ့သားထက် ပိုထူးချွန်ကာ စဉ်းစားဆင်ခြင်ဉာဏ်လဲရှိသည်။
ဝမ်ယွင်ပင်းကတော့ အခုထိ ဖန်ပင်းဟွေ့နှင့်လက်ထပ်ဖို့ရန် ငြင်းဆိုနေသေးသော်လည်း ဝမ်ကျဲ့ရှန်ကို ဖန်မိသားစုထဲသွင်းဖို့ကိုတော့ ခွင့်ပြုထားပြီဖြစ်သည်။
ဝမ်ကျဲ့ရှန် ဖန်မိသားစုထဲဝင်လိုက်သည်နှင့် သူ့မျိုးရိုးနာမည်က ဖန်အဖြစ်ပြောင်းသွားမည်ဖြစ်ကာ ဖန်မိသားစု၏အမွေခံလဲဖြစ်သွားပေမည်။
“ဘာပြောတယ်? သူကရှင့်ရဲ့သားလား?” လုချိုးထင် မယုံကြည်နိုင်စွာ အံ့ဩသွားလေသည်။
***
အခန်း ၁၁၇၆ ဖန်းမိသားစုအတွင်းရေး
ဒီလိုဆို ဝမ်ယွင်ပင်းထွက်သွားကတည်းက ဖန်ပင်းဟွေ့ရဲ့သားကို ကိုယ်ဝန်ဆောင်ထားရတာပေါ့? ဒီကောင်လေးသာ တကယ်ပဲ ဖန်ပင်းဟွေ့ရဲ့သားဆို သူ့သားရဲ့ ဖန်မိသားစုဆက်ခံသူဆိုတဲ့နေရာကို ဆုံးရှုံးရတော့မှာပဲ! မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီလိုမျိုးဘယ်တော့မှ အဖြစ်မခံနိုင်ဘူး။
“မဖြစ်ရဘူး! ပင်းကျဲ့ကမှ ဖန်မိသားစုရဲ့ ဆက်ခံသူ၊ ဒီကောင်လေးက မိမစစ်ဖမစစ်သာသာ…” လုချိုးထင် အမှန်တရားကို လက်မခံနိုင်စွာအော်ဟစ်တော့သည်။
တကယ်တမ်း ဝမ်ကျဲ့ရှန်နှင့် ဖန်ပင်းဟွေ့သည် အလွန်ဆင်တူလှကြောင်း သိသာနေသော်လည်း လုချိုးထင်တစ်ယောက်သာ လက်မခံနိုင်ဖြစ်နေခြင်းပင်။
“တော်လိုက်တော့!” လုချိုးထင်ပြောလို့မပြီးသေးခင်မှာပဲ ဖန်းပင်းဟွေ့က ပိတ်အော်လိုက်သည်။ သူမစကားတွေကြောင့် ဝမ်ယွင်ပင်းအရှက်ရသွားမည်ကို သူစိုးရိမ်မိလေသည်။
တကယ်လဲ လူကြားထဲ အခုလိုရုန်းရုန်းဖြစ်နေရသည့်အတွက် ဝမ်ယွင်ပင်း ရှက်နေရပေပြီ။
သူမအနေနဲ့လဲ ပြီးခဲ့သည့်နှစ်များစွာကို ဖြတ်သန်းခဲ့ရသည်က လွယ်ကူနေသည်မျိုးမဟုတ်ပေ။
အခုလို ဖန်ပင်းဟွေ့ ရုတ်တရက်ပေါ်လာခြင်းက ကောင်းလားဆိုလားကိုလဲ မခွဲခြားနိုင်သေးပေ။ သူမတစ်ယောက်တည်းသာဆို ဖန်ပင်းဟွေ့ကို ဘယ်တော့မှပြန်လက်ခံမည်မဟုတ်သော်လည်း သူမတွင်က ဖန်ပင်းဟွေ့ရဲ့သားရှိနေသေးသည်။
ဝမ်ကျဲ့ရှန်ကို သူဇစ်မြစ်အတိုင်း လွှတ်ပေးလိုက်ကာမှသာ သူလဲ ပိုမိုကောင်းမွန်သည့်ပညာရေးလမ်းကြောင်းကိုလိုက်နိုင်ပြီး အနာဂါတ်ကောင်းမွန်မည်ဖြစ်၍ သူမသဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လုချိုးထင်၏သားနှင့် ပြဿနာဖြစ်နိုင်သည့်အခြေအနေကိုတော့ ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ပေ။
ဖန်ပင်းဟွေ့က ဝမ်ကျဲ့ရှန်ကိုကောင်းကောင်းဆက်ဆံပါမည်ဟု ကတိပေးခဲ့ရင်တောင်မှ တစ်ချိန်လုံးလိုက်စောင့်ရှောက်ပေးဖို့တော့ မဖြစ်နိုင်ပေ။
ဖန်ပင်းဟွေ့၏အဖေကလဲ ဝမ်ကျဲ့ရှန်ကို ဖန်မိသားစုထဲဝင်စေချင်နေပေမည့် ဖန်ပင်းဟွေ့၏အဖေသည်လဲ ဝမ်ကျဲ့ရှန်ကို လိုက်စောင့်ရှောက်ပေးနေဖို့ အလွန်အသက်ကြီးနေပြီဖြစ်သည်။ ဒါကြောင့် ဝမ်ယွင်ပင်းမှာ ဝမ်ကျဲ့ရှန်နှင့်အတူ ဖန်အိမ်တော်သို့လိုက်သွားသင့်သည်ဟုတွေးရင်း ခြေတုန်ချတုန်ဖြစ်နေရသည်။
“လုချိုးထင်၊ ငါမင်းကို ကွာရှင်းခဲ့တယ်ဆိုတဲ့ မင်းရဲ့မကောင်းတဲ့အကျင့်ကြောင့်ပဲ ယွင်ပင်းနဲ့ဘာမှမဆိုင်ဘူး။ မင်းကြောင့်သာမဟုတ်ရင် ယွင်ပင်းလဲ ဒီလောက်နှစ်တွေအကြာကြီး ဒုက္ခရောက်ခဲ့ရမှာမဟုတ်ဘူး။ မင်းအခုထွက်သွားရင်သွား မဟုတ်လို့ကတော့ ဥပဒေအရဆက်ရှင်းကြတာပေါ့” နောက်ဆုံးတော့ ဖန်ပင်းဟွေ့ခြိမ်းခြောက်လိုက်တော့သည်။
အစတုန်းက ဘေးလူများသည် လုချိုးထင်ကို သနားနေကြကာ သူမဘက်ကရပ်တည်ပေးနေကြသော်လည်း အခုတော့ သူမကိုရွံ့မုန်းသွားကြလေသည်။
လုချိုးထင်မှာ အလွန်အံ့ဩသွားပြီး ချက်ချင်းစကားမဆိုနိုင်တော့ပေ။ ထိုနှစ်တုန်းက ဝမ်ယွင်ပင်းအပေါ် သူမလုပ်ခဲ့သည့်လုပ်ရပ်သည် သေချာပေါက် ဥပဒေနှင့်မညီပေ။ ဖန်ပင်းဟွေ့သာ တကယ်မညှာတော့ရင် သူမသေချာပေါက် ထောင်ကျနိုင်ပေသည်။
သူမထောင်မကျလိုလျှင်တော့ ဖန်ပင်းဟွေ့ကို ဆက်ပြီးနှုတ်လှန်ထိုးမနေသင့်တော့ပေ။ သို့သော်လည်း လက်ရှိဖြစ်ရပ်ကို အလွယ်တကူလက်ခံပေးလိုက်ဖို့အထိလဲ သူမစိတ်ကခွင့်မပြုပြန်။
“ပင်းဟွေ့၊ ကျွန်မတောင်းပန်ပါတယ်။ ပင်းကျဲ့က ဖန်မိသားစုမှာကြီးတာလေ၊ သူပဲ အမွေခံဖြစ်သင့်တာပေါ့!” လုချိုးထင် ငိုတော့မတတ်ပုံစံဖြင့်ပြောလိုက်သည်။ ဖန်မိသားစု၏ကြွယ်ဝမှုများကို သူမသားတစ်ယောက်ကိုသာ ပိုင်ဆိုင်စေချင်လှသည်။
“အခုမင်းက အပြင်လူဖြစ်သွားပြီ၊ ဖန်မိသားစုအတွင်းရေးနဲ့ပတ်သတ်လို့ မင်းဘာမှဝင်ပြောစရာမလိုဘူး။”
ဖန်ပင်းဟွေ့အတွက်တော့ ဝမ်ကျဲ့ရှန်သည်သာ ဖန်မိသားစုအမွေခံဖြစ်သင့်သူဖြစ်ပြီး ထိုသို့ဖြစ်လာစေရန်လဲ သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
“ပင်းဟွေ့!” လုချိုးထင်မှာ လက်မလျှော့နိုင်သေးပေ။
“ထွက်သွားစမ်း!” ဖန်ပင်းဟွေ့စိတ်မရှည်တော့ပေ။ ဝမ်ယွင်ပင်းသည်လဲ သူမအပေါ် လုချိုးထင်ကျူးလွန်ခဲ့သည့်ကိစ္စအတွက်ကြောင့် လုချိုးထင်မျက်နှာကို ထပ်မတွေ့ချင်တော့သော်လည်း သည်းခံပေးနေလေသည်။
တကယ်တော့ ဝမ်ယွင်ပင်းသည် အလွန်ကြင်နာတတ်သူဖြစ်တာကြောင့် လုချိုးထင်ကို ထောင်ချလိမ့်မည်မဟုတ်ပေ။
သူမလုချိုးထင်ကို မုန်းသည်ဆိုလျှင်တောင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ကာ သူမရဲ့လုပ်ရပ်တွေကို ဖော်ထုတ်လိုက်လျှင် ဖန်မိသားစု၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ပေဦးမည်။
“ချိုးထင်၊ သွားရအောင်ပါ!” လုချိုးထင်ဘေးက အမျိုးသမီးက သူမကိုဆွဲခေါ်လိုက်သည်။ လုချိုးထင်သည် ဖန်ပင်းဟွေ့နှင့်ကွာရှင်းပြီးသားဖြစ်ကာ ဖန်ပင်းဟွေ့ကလဲ သူမအပေါ် အမြင်မကြည်ပေ၊ ဒါကြောင့် ဖန်ပင်းဟွေ့ကို ဆက်ပြီးအာခံနေခြင်းက အကြံကောင်းမဟုတ်ပေ။
လုချိုးထင်လဲ ဖန်ပင်းဟွေ့ကိုကြောက်နေရတာကြောင့် သူမသူငယ်ချင်းနှင့်အတူ ထွက်သွားတော့သည်။
…..
ဖန်မိသားစုဇာတ်လမ်းကြီးပြီးသွားသည်နှင့် ဖရဲသီးရပ်စားနေသည့်သူများလဲ ချက်ချင်းလူစုခွဲသွားကြတော့သည်။
လုချိုးထင် ရုတ်တရက်ပေါ်လာခဲ့ခြင်းကြောင့် ဖန်ပင်းဟွေ့မှာ ဆက်ပြီးဈေးဝယ်ထွက်ပေးချင်စိတ်မရှိတော့သော်လည်း ဝမ်ယွင်ပင်းနှင့်ဝမ်ကျဲ့ရှန်တို့ကို နှစ်သိမ့်ပေးဖို့ လိုနေသေးသည်။
အိမ်အပြန်လမ်းတွင် ကုမန့်က၊ “ဒီရက်ပိုင်းတွေအတွင်း ဆိုင်ကဖောက်သည်တွေ ဖန်ပင်းဟွေ့အကြောင်းပြောနေတာ အများကြီးကြားရတယ်။ သူတို့ပြောတာတော့ ဖန်ပင်းဟွေ့က ရုတ်တရက်ကြီး ကွာရှင်းလိုက်ပြီး နောက်ထပ်အမျိုးသမီးတစ်ယောက်ရယ် ကောင်လေးတစ်ယောက်ရယ်နဲ့အတူ တွဲသွားတွဲလာလုပ်နေတယ်တဲ့။ သူတို့တွေကတော့ ဖန်ပင်းဟွေ့က သူ့ဇနီးကိုသစ္စာဖောက်သွားတယ်ပေါ့၊ အခုတော့ တကယ်တမ်း လုချိုးထင်ဘက်ကအမှားဖြစ်နေတာပဲ။”
ဖန်ပင်းဟွေ့သည် Bမြို့တွင် အထက်တန်းလွှာမိသားစုတစ်ခုသာဖြစ်တာကြောင့် သူတို့နှင့်ဆိုင်သည့်သတင်းတွေက ပျံ့လွယ်သည်။
ကုနင်းကတော့ အရင်တုန်းက ဖန်ရွှယ်ချင်တစ်ယောက်ကိုသာ အာရုံထားနေခဲ့တာကြောင့် ထိုအကြောင်းတွေ သိပ်မသိခဲ့ပေ။
“အမေ့အထင်သာမှန်မယ်ဆို ဖန်ပင်းဟွေ့ဘေးမှာရပ်နေတဲ့အမျိုးသမီးက ဖန်ပင်းဟွေ့ရဲ့ ရည်းစားဟောင်းပဲဖြစ်ရမယ်။ လုချိုးထင်က ဖန်ပင်းဟွေ့နဲ့လက်မထပ်ခင် သူ့ရည်းစားဟောင်းကို တစ်မျိုးမျိုးလုပ်ကြံခဲ့လောက်တယ်။ ဒါပေမယ့် ဖန်ပင်းဟွေ့ကတော့ အခုထိ သူ့ရည်းစားဟောင်းကိုပဲ ချစ်နေသေးတာပဲ။”
“သူက သူ့ရည်းစားဟောင်းကိုချစ်နေသေးတုန်းဆိုတော့ သူတို့ရဲ့သားကိုပါ ကောင်းကောင်းဆက်ဆံပေးတာပဲ။ အဖေနဲ့အတူတူပဲ။ အမေ၊ အဖေက အမေ့ကိုအရမ်းချစ်လို့သာ သမီးကိုလက်ခံပေးတာ။” ကုနင်းဆက်ပြောလိုက်သည်။
ထိုစကားကြောင့် ကုမန့်ရှက်သွေးဖြာသွားရပြန်သည်။
“အမေတို့ ဖန်မိသားစုအကြောင်းပြောနေတာလေ။ ဘယ်လိုလုပ် ဒီအကြောင်းကပါလာရတာလဲ?”