← Chapters

အခန်း (၁၁၇၇-၁၁၈၂)

Vol. 77 Ch. 1177-1182

အခန်း (၁၁၇၇-၁၁၈၂)

Vol. 77 Ch. 1177-1182

အခန်း ၁၁၇၇ ဒုတိယကလေး

ကုမန့်ဘယ်လောက်ပဲရှက်နေပါစေ ကုနင်းကတော့ သူမဒီထက်ပိုရှက်သွားစေမည့် တစ်စုံတစ်ရာကို ဆက်ပြောလိုက်သေးသည်။

“အမေ၊ အမေရောအဖေရော ငယ်ကြသေးတာပဲ။ ဒီအခွင့်အရေးကိုယူပြီး နောက်ထပ်ကလေးတစ်ယောက်လောက် ထပ်ယူကြပါလား?”

သူမတွင် သူမထက်အသက်၂၀လောက်ငယ်မည့် မောင်လေး ညီမလေးရှိလာလို့လဲ ကိစ္စမရှိပေ။ “သမီးလဲ မကြာခင်မြို့တော်ကိုသွားတော့မှာ၊ ပြီးတော့ စီးပွားရေးကိစ္စကြောင့်လဲ အလုပ်တွေရှုပ်နေမှာ၊ အမေ့နားအချိန်အကြာကြီးနေပေးနိုင်မှာမဟုတ်ဘူး။”

ထို့အပြင် ကုနင်း၏ခန္ဓာကိုယ်သည် ကုမန့်နှင့်ထန်ယွင်ဖန်းတို့၏သမီးအဖြစ်ရှိသေးသော်လည်း သူမဝိညာဉ်ကတော့မဟုတ်တော့ပေ။ ကုနင်းကတော့ သူတို့ကိုမိဘအရင်းတွေအဖြစ် ဆက်ဆံပေးသော်လည်း သူတို့မှာ သူတို့ကလေးအစစ်အမှန်တစ်ယောက်လောက် ရှိသွားဖို့ မျှော်လင့်မိသည်။

ကုမန့်၏မျက်နှာက ချက်ချင်းရဲတက်သွားကာ၊ “အမေတို့မှာ သမီးရှိနေပြီပဲ၊ ဒီလောက်အသက်ကြီးမှာ နောက်ကလေးလဲ မလိုချင်တော့ပါဘူး။”

တကယ်တမ်း ကုမန့်က ကုနင်း၏ခံစားချက်ကိုအလေးထားခြင်းကြောင့်သာဖြစ်သည်။ သူမတို့တွင်သာ နောက်ထပ်ကလေးတစ်ယောက်ရှိလာလျှင် ကုနင်းကကျ ၁၉နှစ်တောင်ရှိနေပြီဖြစ်တာကြောင့် ကလေးနှစ်ယောက်ကြားက အသက်ကွာဟချက်က အလွန်များသွားလိမ့်မည်။

ကုမန့်၏စိုးရိမ်စိတ်ကို ကုနင်းလဲနားလည်သည်။

“ဘာဖြစ်လဲ၊ အမေတို့လဲ အသက်မကြီးသေးဘူး၊ သမီးပေးတဲ့ အထူးဆေးတွေသောက်နေတော့ အမေ့ရဲ့ခန္ဓာကိုယ်အခြေအနေကလဲ အရမ်းကောင်းနေတာ။ အမေက အခုဆို အသက်၂၀ကျော်တွေထက်တောင်မှ ပိုသန်မာပြီး ပိုကျန်းမာနေသေးတယ်။”

ကုမန့်ကတော့ တုန့်ဆိုင်းနေမိသည်။

“အမေ၊ သမီးအတွက်ဆို မစိုးရိမ်ပါနဲ့။ ကိစ္စမရှိဘူး။ သမီးကတော့ အမေတို့ဆီမှာနောက်ထပ်ကလေးတစ်ယောက် တကယ်ကိုရှိစေချင်တယ်။”

ကုနင်းက တိုက်တွန်းလာတာကြောင့် ကုမန့်လဲ ဆက်မငြင်းနေတော့ပေ။

“ဟုတ်ပါပြီ၊ အမေနောက်မှ သမီးအဖေနဲ့ပြောကြည့်လိုက်မယ်။”

ကုနင်းပြုံးသွားကာ သူမလဲ နောက်ကျ ထန်ယွင်ဖန်းကိုပြောမည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီကိစ္စက ကုမန့်တစ်ယောက်တည်းနဲ့မရဘဲ ထန်ယွင်ဖန်း၏အကူအညီကလဲ လိုသေးသည်။

…..

ကုနင်းနှင့်ကုမန့်တို့ ထန်အိမ်တော်သို့ပြန်ရောက်ချိန် လူငယ်တွေအားလုံးက အလုပ်သွားနေကြတာကြောင့် ထန်ဟိုင်ဖုန်းတစ်ယောက်သာ ကျန်ရစ်နေလေသည်။

သခင်ကြီးလေ့တို့က ထန်ဟိုင်ဖုန်းကို လေ့အိမ်တော်သို့ဖိတ်ထားသော်လည်း ထန်ဟိုင်ဖုန်းကတော့ ဒီနေ့ကုနင်းလာမည်ဖြစ်၍ အိမ်တွင်သာ စောင့်နေခဲ့သည်။

ကုနင်း၏ကားဝင်လာသည်ကို ဧည့်ခန်းထဲတွင်ရှိနေသည့် ထန်ဟိုင်ဖုန်းလဲ မြင်ကာ ချက်ချင်း ထွက်လာခဲ့သည်။

“အဖေ၊” ကုမန့်နှုတ်ဆက်လိုက်သည်။

“ပြန်လာကြပြီပေါ့!”

“ဖိုးဖိုး!”

“နင်းနင်း၊ မတွေ့ရတာတောင်အရမ်းကြာနေပြီ! မင်းဘာလို့ဒီလောက်တောင် နေ့တိုင်းအလုပ်များနေရတာလဲ?”

ထန်ဟိုင်ဖုန်း အပြစ်တင်သလိုပြောလိုက်သော်လည်း တကယ်တမ်း သူ့မြေးမလေး၏ကျန်းမရေးအတွက် စိုးရိမ်နေခြင်းဖြစ်ကာ အခုမှ မိသားစုထဲပြန်ရောက်ကာစ မြေးမလေးနဲ့အလဲ အချိန်ကြာကြာအတူရှိချင်မိသည်။ သူက အသက်ကြီးနေပြီဖြစ်ကာ သူ့မြေးတွေအားလုံးကလဲ အရွယ်ရောက်ပြီး သူ့ကိုထားခဲ့ကြသည်။

ထိုသို့အပြစ်တင်နေသော်လည်း ကုနင်းအတွက် အလွန်ဂုဏ်ယူမိရပြန်သည်။

“အဖိုးကလဲ၊ အဖိုးရဲ့မြေးမလေးက အရမ်းတော်လွန်းလို့ လျှောက်ကစားရင်းဖြုန်းနေဖို့အချိန်တောင်မရှိမှန်း သိရဲ့သားနဲ့? သမီးက သမီးအိပ်မက်တွေနောက်လိုက်ရင်း နေ့တိုင်းအလုပ်များနေရတာပါ။”

“ဟ-ဟ၊ ဟုတ်ပါပြီ၊ မင်းပဲအကုန်မှန်တယ်။”

“အမ်… ဖိုးဖိုး၊ အိမ်မှာအရမ်းပျင်းစရာကောင်းနေတယ်ဆို သမီးမှာ ဖြေရှင်းဖို့နည်းလမ်းကောင်းတစ်ခုရှိတယ်။” ကုနင်း ထန်ဟိုင်ဖုန်း၏နား,နားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

ထန်ဟိုင်ဖုန်းလဲ သိချင်သွားကာ၊ “ဘာများလဲ?”

“သမီးမိဘတွေကို အဖိုးကိုအဖော်ပြုပေးဖို့ နောက်ထပ်ကလေးတစ်ယောက်လောက် မွေးခိုင်းလိုက်ပါလား။”

ကုမန့်သည် သူတို့အနားတွင်မရှိနေတာကြောင့် မကြားခဲ့ပေ။

ထိုစကားကြားပြီး ထန်ဟိုင်ဖုန်း၏မျက်လုံးများ အရောင်တောက်သွားတော့သည်။ သူလဲ ထိုသို့တွေးမိပေမယ့် ကုနင်းစိတ်ထိခိုက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ အခုတော့ အံ့ဩစရာကောင်းစွာပဲ ကုနင်းကိုယ်တိုင်အကြံပြုလာခဲ့ပေပြီ။

“သမီးမိဘတွေ နောက်ထပ်ကလေးတစ်ယောက်ရနိုင်မယ်လို့ တကယ်ထင်တာလား?”

ကုနင်းပြုံးလိုက်သည်။ သူမအဖိုးလဲ နောက်ထပ်မြေးလေးတစ်ယောက်လောက်ထပ်လိုချင်နေလောက်မှန်း သူမသိပေသည်။

“ဒါပေါ့၊ သမီးအမေနဲ့တောင်ပြောပြီးသွားပြီ။”

ထို့နောက် ကုမန့်ကိုပြောခဲ့သည့်အတိုင်း ထန်ဟိုင်ဖုန်းကိုလဲ ပြန်ပြောပြလိုက်သည်။

***

အခန်း ၁၁၇၈ ကုနင်းကိုအကူအညီတောင်းခြင်း

“ကောင်းလိုက်တာ၊ အရမ်းကောင်းတာပဲ!” ထန်ဟိုင်ဖုန်း အလွန်ကျေနပ်သွားတော့သည်။

မကြာခင်မှာပဲ ကျန်းလီဟွာအိမ်ပြန်ရောက်လာခဲ့ကာ ကုနင်းကိုမြင်ပြီး သူမလဲဝမ်းသာသွားသည်။ “ဟိုင်း၊ နင်းနင်း!”

“မင်္ဂလာပါ၊ အန်တီလီဟွာ။”

ခဏအကြာမှာတော့ ထန်ယွင်ဖန်းပြန်ရောက်လာသည်။ ထန်ယွင်ဟိုင်ကတော့ ဒီညအလုပ်များမည်ဖြစ်တာကြောင့် သူတို့နဲ့အတူ ညစာစားနိုင်မည်မဟုတ်ပေ။

ထန်ကျားယန်သည်လဲ Yနိုင်ငံသို့ပြန်သွားပေပြီ။

“ဟိုင်း၊ ကျွန်တော်ပြန်ရောက်ပါပြီ!” ရုတ်တရက် ထန်ကျားခိုင်၏အသံစူးစူးက ထွက်ပေါ်လာခဲ့သည်။

ယနေ့သည် ပိတ်ရက်လဲမဟုတ်တာကြောင့် ထန်ကျားခိုင်အိမ်ပြန်ရောက်လာ၍ အားလုံးအံ့ဩသွားကြတော့သည်။

“ဒီနေ့မှ ဘာလို့အိမ်ပြန်လာတာလဲ?” ကျန်းလီဟွာ နားမလည်နိုင်စွာမေးလိုက်သည်။

“နင်းနင်းအိမ်ပြန်လာမယ်ဆိုလို့ ကျွန်တော်လဲ ပြန်လာလိုက်တာ။”

“ဘယ်လိုလုပ်သိတာလဲ?” ဤတစ်ခေါက်တော့ ကုနင်းမေးလိုက်သည်။

“ဖိုးဖိုးပြောတာလေ။”

“ဒီနေ့ နင်းနင်းပြန်ရောက်နေတယ်လို့သာမပြောရင် သူအိမ်ပြန်လာမှာတောင်မဟုတ်ဘူး!” ထန်ဟိုင်ဖုန်း မကျေမနပ်ပြောလိုက်သည်။

တကယ်တမ်း ယနေ့ ထန်ဟိုင်ဖုန်းက ထန်ကျားခိုင်ကို ဖုန်းဆက်ကာ ညဘက်အိမ်မှာထမင်းလာစားဖို့ပြောခဲ့သော်လည်း ထန်ကျားခိုင်ကတော့ အကြောင်းအမျိုးမျိုးပြကာ ငြင်းခဲ့သည်။ ဒါနဲ့ ထန်ဟိုင်ဖုန်းလဲ ကုနင်း အိမ်မှာညစာလာစားမည့်အကြောင်းပြောလိုက်ကာမှ ထန်ကျားခိုင်လဲ ချက်ချင်းသဘောတူလာလေသည်။

ထိုအတွက်ကြောင့် ထန်ဟိုင်ဖုန်း အတော်လေးမကျေမနပ်ဖြစ်နေခြင်းပင်။

ကျန်းလီဟွာကတော့ သူမသားကိုမျက်စောင်းထိုးကြည့်ကာ အပြစ်တင်နေခဲ့သည်။

ထို့နောက် ထန်ကျားခိုင်၏အမူအရာက ချက်ချင်းကြီးလေးနက်သွားကာ၊ “ကျွန်တော် တကယ်ကိုသူငယ်ချင်းတွေနဲ့ချိန်းထားတာ၊ ဒါပေမယ့် ကုနင်းနဲ့ပြောစရာရှိလို့ ပြန်လာခဲ့တာ။ အရမ်းအရေးကြီးတယ်။”

ဒါနဲ့ ထန်ဟိုင်ဖုန်းက၊ “မင်းက နင်းနင်းကို ဘာပြောချင်လို့လဲ?”

အားလုံးလဲ ထန်ကျားခိုင်၏အဖြေကိုကြားရဖို့ ဝိုင်းကြည့်လာကြသည်။

“ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်က ဘက်စကတ်ဘောကစားရင်း ခြေထောက်ကျိုးသွားတာ၊ ပြီးတော့ နောက်အပတ်လောက်ဆို သူတို့ဖိုင်နယ်ပွဲကတက်ရတော့မှာ။ သူတို့သာ ကစားပွဲမှာနိုင်သွားရင် နိုင်ငံခြားအထိသွားပြီး ကောလိပ်အဆင့်နိုင်ငံတကာဘက်စကတ်ဘောပွဲမှာ ပြိုင်ခွင့်ရတော့မှာ။ သူတို့အသင်းအတွက် နိုင်ငံ့အသင်းထဲဝင်ဖို့ အခွင့်ကောင်းပဲ။ ကျွန်တော့်သူငယ်ချင်းက သူတို့အဖွဲ့ရဲ့အဓိကလူလေ၊ ဒါကြောင့် နင်းနင်းကို အကူအညီတောင်းကြည့်မလို့။”

“နင့်ရဲ့သူငယ်ချင်းကောင်းဆိုမှတော့ ကူညီရမှာပေါ့။ ညစာစားပြီးရင် သူ့ဆီသွားကြမယ်လေ။” ကုနင်းသဘောတူလိုက်သည်။

ထန်ကျားခိုင်သည် ထန်မိသားစုဝင်ပဲဖြစ်တာကြောင့် သူမအနေနဲ့ သေချာပေါက်ကူညီပေးမှာပင်။

“ကျေးဇူးပါပဲ!” ထန်ကျားခိုင် အလွန်ဝမ်းသာသွားတော့သည်။

ထန်မိသားစုသည် အချင်းချင်းအထောက်အပံ့ပေးကြကာ တစ်ဖက်လူက ထန်ကျားခိုင်ရင်းနှီးသည့်သူငယ်ချင်းလဲဖြစ်နေသေးသည်။

……

ညစာစားနေစဉ်အတွင်း ထန်ကျားခိုင်တစ်ယောက် သူ့သူငယ်ချင်းဆီအမြန်သွားလို၍ စိတ်မရှည်နိုင်ဖြစ်နေသော်လည်း ကုနင်းကိုတော့ မလောပေ။

ကုနင်းကတော့ သူ့အမူအရာတွေကိုသတိပြုမိကာ ထမင်းကိုမြန်မြန်စားလိုက်သည်။

ညစာစားပြီးနောက် ကုနင်းနှင့်ထန်ကျားခိုင်တို့ အတူထွက်သွားဖို့ပြင်ကြသည်။

သို့သော် ကုနင်းတံခါးဝကိုရောက်ကာမှ ရုတ်တရက်ရပ်သွားကာ တစ်ဖက်ပြန်လှည့်လာပြီး ထန်ယွင်ဖန်းအား၊ “အို၊ အဖေ၊ သမီး မောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက် အရမ်းလိုချင်တာပဲ၊ ဒီတော့ အဖေနဲ့အမေတို့ ဘာမှစိတ်ပူမနေဘဲ ကြိုးစားကြတော့နော်။”

ထန်ယွင်ဖန်းမှာ ထိုစကားကိုကြားပြီး အလွန်အံ့ဩနေကာ အချိန်မီပြန်မတုံ့ပြန်နိုင်ခဲ့တာကြောင့် ကုနင်းထွက်သွားသည်ကိုသာ ကြည့်နေမိတော့သည်။

ကုမန့်ကတော့ ထပ်ပြီးရှက်သွေးဖြာနေပြန်လေပြီ။

“ကျွန်တော်နား-နားကြားမှားသွားတာများလား?” ထန်ယွင်ဖန်း မယုံနိုင်စွာမေးလိုက်သည်။

“တကယ်ပေါ့၊ နင်းနင်းက သူမင်းတို့ဘေးမှာမရှိနေတုန်း မင်းနဲ့ရှောင်မန့်မှာ ကလေးနောက်တစ်ယောက်လောက်ရှိထားစေချင်တယ်လို့ ငါ့ကိုလဲပြောတယ်။” ထန်ဟိုင်ဖုန်းကပဲ အတည်ပြုပေးလိုက်သည်။ “သူလဲ မြို့တော်မှာကျောင်းသွားတတ်တော့မှာဆိုတော့ မင်းတို့အထီးကျန်နေကြမှာ စိုးနေတာ။”

ထိုစကားကြောင့် ထန်ယွင်ဖန်း အလွန်ပျော်ရွှင်သွားတော့သည်။ သူလဲ တကယ်ကို နောက်ထပ်ကလေးတစ်ယောက်လောက် လိုချင်ခဲ့ပေမယ့် ကုနင်းသဘောမတူမှာကို ကြောက်နေခဲ့ခြင်းပင်။ ကုနင်းကိုယ်တိုင်က ထုတ်ပြောလာပြီဆိုမှတော့ သူထပ်ပြီး စိုးရိမ်နေစရာမလိုအပ်တော့ပေ။

“ဒါဆိုကောင်းတာပေါ့၊ ကျားယန်ရော ကျားခိုင်ပါ ကြီးသွားတော့ ကျွန်မတို့ကိုထားခဲ့ကြရော။ အိမ်မှာ တိတ်ဆိတ်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ! တိတ်ဆိတ်မှုကြီးကိုဖြိုခွဲဖို့ ကလေးလေးတစ်ယောက်တော့လိုနေပြီ။” ကျန်းလီဟွာကလဲ စိတ်လှုပ်ရှားစွာ ထောက်ခံလာသည်။

ထန်မိသားစုသည် အရာရာတိုင်းထက် မိသားစုဆက်ဆံရေးကိုပိုအလေးပေးကြသူများဖြစ်သည်။

…..

ကုနင်းက အပြန်ကျ ဟွားဖုတောင်ကုန်းကိုပြန်ရမည်ဖြစ်၍ သူမကိုယ်ပိုင်ကားကိုသာ မောင်းခဲ့သည်။

ကားပေါ်ရောက်သည်နှင့် ထန်ကျားခိုင်က၊ “မင်းတကယ်ပဲ မင်းထက်အရမ်းငယ်တဲ့ မောင်လေးညီမလေးတွေလိုချင်တာလား?”

အသက်အရွယ်ကွာဟလွန်းသည့်ကလေးနှစ်ယောက်အတွက် ဆက်ဆံရေးအဆင်ပြေဖို့ဆိုတာက မလွယ်လှပေ။

ဒါ့အပြင် ထန်မိသားစုသည် အလွန်ချမ်းသာလေသည်။ ကုနင်းမှာသာ မောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက်ရှိလာခဲ့လျှင် သူမမိသားစုပိုင်ဆိုင်မှုတွေကို အပိုင်းပိုင်းခွဲနေရပေလိမ့်မည်။

ထန်ကျားခိုင်ကတော့ သူ့ထက်အများကြီးငယ်မည့် ညီငယ် ညီမငယ်ရှိမည်မျိုးကို သဘောမကျပေ။ မိဘတွေအတွက်လဲ သူတို့ပထမကလေးနှင့် အသက်အများကြီးကွာမည့်နောက်ကလေးတစ်ယောက် ထပ်ယူဖို့ရန် သဘောတူညီမှုရဖို့ လွယ်လိမ့်မည်ဟု မထင်မိပေ။

ကံကောင်းစွာဖြင့် ထန်ယွင်ဖန်းနှင့်ကုမန့်သည် အရမ်းအသက်မကြီးသေးသလို ကုနင်းကိုယ်တိုင်ကလဲ အလွန်ချမ်းသာတာကြောင့် မိသားစုပိုင်ဆိုင်မှုများကို သူမမောင်ငယ်ညီမငယ်တို့နဲ့ ခွဲဝေရမည်အား စိတ်ထဲမထားပေ။

သူမမိဘတွေပျော်ရွှင်ဖို့အတွက်ကိုသာ ပိုလိုလားလေသည်။

***

အခန်း ၁၁၇၉ အသင်း၏သစ္စာဖောက်

ကုနင်းကတော့ သူမမိဘတွေမှာ နောက်ထပ်ကလေးတစ်ယောက်ထပ်ရှိလာလို့လဲ အထူးသလည်စိတ်ပူစရာမရှိဟု ထင်မိသည်။

ထန်ကျားခိုင်သည်လဲ ကုနင်းဝမ်းနည်းသွားမည်ကိုစိုးရိမ်၍ ထိုသို့မေးခွန်းများမေးပေးနေခြင်းဖြစ်သည်။

“တကယ်ကို နောက်ကလေးတစ်ယောက်လောက်ရှိစေချင်တာပဲ၊ ငါ့မိဘတွေက အသက်လဲမကြီးသေးဘူး ကျန်းကျန်းမာမာရှိနေကြတုန်းပဲ။ ငါက မြို့တော်မှာကျောင်းသွားတတ်ရင်း စီးပွားရေးကိစ္စတွေနဲ့ပါ တစ်ချိန်လုံးအလုပ်ရှုပ်နေမှာ။ ဒီတော့ သူတို့နားမှာသာ နောက်ထပ်ကလေးတစ်ယောက်လောက် ရှိမနေရင် အရမ်းအထီးကျန်နေကြလိမ့်မယ်။” ကုနင်းပြန်ပြောလိုက်သည်။

ထန်ကျားခိုင်လဲ ခေါင်းညိတ်ကာ ဆက်မပြောတော့ပေ။ ကုနင်းသာ ဘာမှမဖြစ်ရင် သူလဲ ထန်မိသားစုတွင် နောက်ထပ်ကလေးသေးသေးလေးတစ်ယောက်ရှိလာမည်ကို မြင်ချင်မိပေသည်။

“နင့်သူငယ်ချင်းဖြစ်သွားတဲ့ကိစ္စ ပိုပြီးအသေးစိတ်ပြောပြလို့ရလား? နင်ပြောသလောက်တော့ မရိုးရှင်းဘူးထင်တယ်။” ကုနင်း၏အမေးကိုကြားသည်နှင့် ထန်ကျားခိုင်၏အမူအရာတို့ ချက်ချင်းလေးနက်သွားသည်။

“မင်းထင်သလိုပဲ၊ လုံးဝမရိုးရှင်းဘူး။”

သူ့သူငယ်ချင်းကောင်း၏နာမည်သည် ထျန်းရှောင်းယွီဖြစ်သည်။

ထျန်းရှောင်းယွီ ဒဏ်ရာရသွားခြင်းသည်လဲ မတော်တဆမှုမဟုတ်ဘဲ ထောင်ချောက်တစ်ခုသာ။

လက်ရှိကျင်းပနေသည့် ကောလိပ်ဘက်စကတ်ဘောပြိုင်ပွဲသည် အလွန်ကြီးကျယ်ကာ တစ်နိုင်ငံလုံးမှ လက်ရွေးစင် ကောလိပ်ဘက်စကတ်ဘောအဖွဲ့များပါဝင်ကြလေသည်။ နောက်ဆုံးပွဲစဉ်ကို နောက်တစ်ပတ်ထဲကျင်းပမည်ဖြစ်ကာ အားလုံးထဲမှ ၆ဖွဲ့သည်သာ ချန်ပီယံပွဲစဉ်တွင် ပါဝင်ခွင့်ရှိပေမည်။

ထျန်းရှောင်းယွီတို့အဖွဲ့သည်က Bမြို့ကိုယ်စားပြုသူများပင်။

သူတို့အဖွဲ့ Bမြို့ကိုယ်စားပြုဖြစ်လာဖို့ရန်ပင် တစ်ရာပုံတစ်ပုံလောက်သာ အခွင့်အရေးရှိခဲ့ခြင်းဖြစ်တာကြောင့် အလွန်ထူးချွန်သူများဖြစ်ကြောင်း မပြောဘဲနဲ့တောင် သိသာပေသည်။

သို့သော်လည်း သူတို့အသင်းတွင်သစ္စာဖောက်တစ်ယောက်ရှိနေကာ လေ့ကျင့်ရေးဆင်းနေချိန်အတွင်း ထျန်းရှောင်းယွီကို ခြေထိုးခံခဲ့ခြင်းကြောင့် ထျန်းရှောင်းယွီ ခြေထောက်ကျိုးသွားရခြင်းဖြစ်လေသည်။ ထျန်းရှောင်းယွီ၏ခြေထောက် ပြင်းပြင်းထန်ထန်ကျိုးသွားခြင်းမဟုတ်သော်လည်း ပြန်ကောင်းဖို့အတွက်တော့ အချိန်အတော်ကြာလိုပေမည်။ သူတို့အတွက်အဓိကပြဿနာက အချိန်မလုံလောက်ခြင်းဖြစ်သည်။

ကံကောင်းစွာဘဲ သူတို့သစ္စာဖောက်ကို ဖမ်းမိခဲ့ကာ အမှန်တရားကိုဝန်ခံဖို့ ဖိအားပေးနိုင်ခဲ့ကြသည်။ ဒီတော့မှ သစ္စာဖောက်သူသည် တခြားဘက်စကတ်ဘောသင်းမှတစ်ယောက်၏ခြိမ်းခြောက်ခြင်းကိုခံခဲ့ရကြောင်း သိလာရလေသည်။ ထျန်းရှောင်းယွီသည် သူတို့အသင်းတွင် အထင်ပေါ်ဆုံးဖြစ်တာကြောင့် ပစ်မှတ်ဖြစ်သွားခြင်းပင်။

ထျန်းရှောင်းယွီ ဒဏ်ရာရသွားခဲ့သော်လည်း နှစ်ပေါင်းများစွာ အသင်းဖော်ဖြစ်ခဲ့ကြသည့်မျက်နှာကိုထောက်ထားကာ သစ္စာဖောက်ကို လွှတ်ပေးခဲ့သည်။ သစ္စာဖောက်ကို အသင်းထဲမှထုတ်ပယ်ခဲ့သော်လည်း နောက်ကွယ်ကလူကို အပြစ်ပေးဖို့အတွက်ကိုတော့ သူတို့မှာ တိကျသည့်သက်သေမကျန်ခဲ့ပေ။

ဒါကြောင့် ထျန်းရှောင်းယွီတို့အဖွဲ့ ဆိုးဆိုးရွားရွားအင်အားလျော့သွားခဲ့သော်လည်း လေ့ကျင့်ရေးကိုတော့ လက်မလျှော့ခဲ့ကြပေ။ ထိုအစား ထျန်းရှောင်းယွီအတွက် လက်စားပြန်ချေဖို့ဆိုပြီးတောင် ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ကြလေသည်။

“နင်းနင်း၊ တကယ်တော့ ငါမင်းကို နောက်ထပ်အကူအညီတောင်းချင်တာရှိသေးတယ်။”

“ဘာလဲ?”

“ငါတို့ဒီကိစ္စကို ဒီအတိုင်းမြိုသိပ်မထားလိုက်နိုင်ဘူး။ သူတို့ကိုသင်ခန်းစာပြန်ပေးဖို့ မင်းကူညီပေးလို့ရမလား? ငါတို့ ပြဿနာကြီးသွားအောင်လဲမလုပ်ချင်ဘူး၊ မင်းဆိုရင်တော့ ကိုင်တွယ်နိုင်မယ်ထင်လို့။ ဒုက္ခများတယ်လို့တွေးရင်လဲ မင်းငြင်းလို့ရတယ်နော်။”

ကုနင်းသာဆို ဤပြဿနာကိုဖြေရှင်းနိုင်မည်ဟု ထန်ကျားခိုင်တွေးမိတာကြောင့် အကူအညီတောင်းကြည့်လိုက်ခြင်းဖြစ်သည်။

“အလွယ်လေးပါ၊ ငါကူညီပေးမယ်။” ကုနင်း ချက်ချင်းကို သဘောတူလိုက်သည်။ “သူတို့ဘယ်မှာ လေ့ကျင့်ကြတာလဲ?”

“သူတို့၆သင်းလုံး တက္ကသိုလ်စင်တာမှာ လေ့ကျင့်နေကြပေမယ့် အားလုံးအတွက် ကိုယ်ပိုင်ဘက်စကတ်ဘောလေ့ကျင့်ခန်းပေးထားတယ်။ သူတို့အဖွဲ့က အခန်းနံပါတ်၃မှာ။”

တက္ကသိုလ်စင်တာတွင် ဘက်စကတ်ဘောလေ့ကျင့်ခန်း၁၀ခန်းရှိကာ လျှို့ဝှက်လေ့ကျင့်ရာတွင် အသုံးဝင်လှသည်။

“သူတို့နေ့တိုင်းလေ့ကျင့်ကြတာလား?” ကုနင်းထပ်မေးလိုက်သည်။

“ဟုတ်တယ်၊ နေ့တိုင်း မနက် ၉-၁၂နာရီ နဲ့ ညနေ၂-၆နာရီ လေ့ကျင့်ကြတယ်။ စားသောက်ဖို့ကလဲ အထဲမှာ စားသောက်ခန်းရှိတယ်။”

ဒါနဲ့ ကုနင်းက၊ “သူစိမ်းတွေကို ဘက်စကတ်ဘောခန်းမတွေထဲဝင်ခွင့်မပေးထူးဆိုတော့ဆို့ ငါတို့ သူတို့နားချိန်ကျမှ တက္ကသိုလ်စင်တာကိုသွားကြတာပေါ့။ သူတို့ကိုသင်ခန်းစာပေးဖို့ ကစားပွဲလေးတစ်ခုလောက်လုပ်လိုက်မယ်။”

“မင်းက သူတို့နဲ့ဘက်စကတ်ဘောကစားမလို့လား?” ထန်ကျားခိုင် အံ့ဩသွားတော့သည်။

“ဟုတ်တယ်လေ၊ ငါက သန်လဲသန်မာတယ် သိုင်းလဲတတ်သေးတယ်။ ဘက်စကတ်ဘောကစားတာလောက်ကတော့ အလွယ်လေးပါ။ ငါ့ဆီက ဘောလုံးကို လုဖို့တောင် သူတို့အခွင့်အရေးရှိမှာမဟုတ်ဘူး!”

ကုနင်း ထိုသို့ကစားရင်း သူတို့ကို အသေးစားဒဏ်ရာအနာတရဖြစ်သွားအောင်လုပ်ဖို့ စိတ်ကူးထားလိုက်သည်။

“ကောင်းလိုက်တာ! နင်းနင်း တကယ်ကိုကျေးဇူးတင်တယ်။”

……..

ထျန်းရှောင်းယွီသည် လောလောဆယ် ဆေးရုံတွင်ရှိနေတာကြောင့် သူတို့လဲ ဆေးရုံသို့သာ လိုက်သွားကြသည်။

ထျန်းရှောင်းယွီအပြင် လူနာခန်းထဲတွင် နောက်ထပ်ကောင်လေး၈ယောက်လဲရှိနေသေးသည်။ အားလုံးသည် တစ်ဖွဲ့တည်းက အသင်းဖော်များသာဖြစ်ကြသည်။

သူတို့အသင်းတွင် လူ၁၀ယောက်ရှိခဲ့သော်လည်း အသင်းသစ္စာဖောက်ကို ထုတ်လိုက်ပြီဖြစ်၍ ၉ယောက်သာကျန်ခဲ့လေသည်။ ထျန်းရှောင်းယွီက ဒဏ်ရာရထားတာကြောင့် ကျန်၈ယောက်သာ လေ့ကျင့်နိုင်ကြသည်။

ပြိုင်ပွဲတွင် ဘက်စကတ်ဘောကစားသမား၅ယောက်သာလိုသော်လည်း ပြင်းထန်သည့်ကစားပွဲမျိုးဖြစ်တာကြောင့် တစ်ယောက်ယောက် ထိခိုက်သွားတာ ဒါမှမဟုတ် အနားယူချိန်များအတွက် အစားဝင်ဖို့လူပိုလိုခြင်းဖြစ်သည်။

“ဟိုင်း၊ ကျားခိုင်။”

“ဟိုင်း။”

ထန်ကျားခိုင် အခန်းတံခါးဖွင့်လိုက်သည်နှင့် အားလုံးတပြိုင်တည်း လှည့်ကြည့်လာကြသည်။

ထန်ကျားခိုင်သည် ထျန်းရှောင်းယွီ၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာကြောင့် သူတို့အားလုံး အတူတူလျှောက်လည်ဖြစ်ကြသည်။

“ဒါ-ဒါကုနတ်ဘုရားမမဟုတ်လား?”

ထန်ကျားခိုင်နောက်တွင်ရှိနေသည့် ကုနင်းကိုမြင်လိုက်ရသည်နှင့် အားလုံးအံ့ဩသွားကြလေသည်။

ထန်ကျားခိုင်က သူနှင့်ကုနင်းတို့ဆက်ဆံရေးအကြောင်း ခဏခဏကြွားလုံးထုတ်နေလေ့ရှိတာကြောင့် သူတို့အားလုံး ကုနင်းကိုမှတ်မိနေကြခြင်းဖြစ်သည်။

***

အခန်း ၁၁၈၀ မင်းကိုမယုံသင်္ကာမဖြစ်ခဲ့သင့်ဘူး

ကုနင်း၏အကြောင်းများနှင့်ပတ်သတ်လို့ သူတို့အားလုံးတော်တော်များများကြားဖူးထားကြကာ အားလုံး ကုနင်းကိုလေးစားနေခဲ့ကြသည်။ သူတို့ထဲက တစ်ဝက်လောက်ဆို ကုနင်း၏ဖန်များပင်ဖြစ်နေကြသေးသည်။

“ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မ ကုနင်းပါ။” ကုနင်းအားလုံးကို နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု။”

အားလုံးပြုံးရွှင်စွာနှုတ်ဆက်လိုက်ကြသည်။ သူတို့ကုနင်းအကြောင်း တော်တော်များများသိထားသော်လည်း ကုနင်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်မှန်းကိုသာသိပြီး လူတွေကိုကုသပေးနိုင်ကြောင်းကိုတော့ မသိထားကြပေ။

အခု ကုနင်းက ထန်ကျားခိုင်၏သူငယ်ချင်းဖြစ်တာကြောင့် အတူလာကြည့်ခြင်းသာဖြစ်သည်ဟု သူတို့ထင်နေကြလေသည်။

“ငါပြောစရာရှိလို့လာတာ။ ငါ့ညီမက ရှောင်းယွီကို ကူညီနိုင်တယ်၊ ရက်ပိုင်းအတွင်း ရှောင်းယွီအပြည့်အဝပြန်ကောင်းလာအောင်တောင် လုပ်နိုင်တယ်။” ထန်ကျားခိုင် စကားစလိုက်သည်။

“ဘယ်လို?” အားလုံးအံ့ဩသွားကာ ဘယ်သူမှမယုံကြပေ။

ဆရာဝန်ကတောင် ထျန်းရှောင်းယွီကို လဝက်လောက်ဆေးရုံတက်ပြီးမှ ဆင်းနိုင်မည်ဖြစ်ကြောင်းပြောထားပေမယ့် ကုနင်းကတော့ ရက်ပိုင်းအတွင်း လုံးဝကောင်းအောင် ကုနိုင်မယ်တဲ့လား?

ကုနင်းသည် သာမာန်မိန်းကလေးမဟုတ်မှန်း သူတို့လက်ခံသော်လည်း လူတွေကိုပါ ကုသပေးနိုင်စွမ်းရှိမည်ဟုတော့ မယုံနိုင်ကြပေ။

“ကျားခိုင်၊ မင်းနောက်နေတာမလား!” တစ်ယောက်ကပြောလိုက်သည်။

“မနောက်ပါဘူး၊ အရင်ကလဲ နင်းနင်း ငါ့အဖိုးရဲ့နှလုံးရောဂါကို ကုပေးဖူးတယ်။”

ထိုစကားကြောင့် လူတိုင်းထပ်ပြီးအံ့ဩသွားပြန်လေသည်။ နှလုံးရောဂါဆိုသည်က ကုသရအလွန်ခက်ခဲလှသည့်ရောဂါတစ်မျိုးဖြစ်သော်လည်း ကုနင်းကတော့ ထိုရောဂါဖြစ်နေသည့် သခင်ကြီးထန်ကို ကုသပေးနိုင်ခဲ့တယ်ပေါ့။

အားလုံး အံ့ဩတကြီး ကုနင်းကိုဝိုင်းကြည့်လိုက်ကြသော်လည်း မယုံသင်္ကာတော့ဖြစ်နေကြတုန်းပင်။

“ဒါက တော်တော်လေးမယုံချင်စရာကောင်းမှန်းသိပါတယ်၊ ဒါပေမယ့် မင်းသာ ငါ့ကုသမှုကို လက်ခံပေးနိုင်ရင် ငါအခုချက်ချင်းပဲ ကုပေးမယ်။ ငါ့ဆေးက အရမ်းထူးခြားပြီး ရှားလဲရှားတယ်။ ဒီဆေးအတွက် ဈေးအမြင့်ကြီးတွေပေးပြီးတော့ ဝယ်ချင်တဲ့လူတွေတောင် တန်းစီနေတာနော်။” ကုနင်းက ထျန်းရှောင်းယွီကို ဝင်ပြောလိုက်သည်။

ထျန်းရှောင်းယွီကို ကုသပေးပါမည်ဟု ကုနင်းသဘောတူခဲ့သော်လည်း ထျန်းရှောင်းယွီသာ သူမကုသမှုကို လက်မခံချင်လျှင်တော့ အတင်းဖိအားပေးမည်မဟုတ်ပေ။

“ငါမင်းကိုယုံတယ်၊ မင်းကုသတာကို လက်ခံပါ့မယ်။” ထျန်းရှောင်းယွီ တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။ သူပြန်ကောင်းလာနိုင်မည့် အခွင့်အရေးရှိနေသ၍ တစ်ကြိမ်လောက်ဖြစ်ဖြစ် ကြိုးစားကြည့်သွားချင်သည်။

ထျန်းရှောင်းယွီတောင် သဘောတူနေမှတော့ ကျန်လူများလဲ ဘာမှမပြောကြတော့ပေ။

ကုနင်း သူမလွယ်အိတ်ကိုဖွင့်ကာ ဆေးနှစ်ပုလင်းထုတ်ပြီး ထျန်းရှောင်းယွီကိုပေးလိုက်သည်။ “ဒီဆေးကို တစ်နေ့သုံးကြိမ်သောက်၊ ပြီးတော့ ဒဏ်ရာပေါ် နေ့တိုင်းလဲလိမ်းပေး။ မင်းမနက်ဖြန်ဆို အိပ်ရာပေါ်ကနေဆင်းနိုင်ပြီး နောက်သုံးရက်နေတာနဲ့ ပုံမှန်အတိုင်းဖြစ်လာစေရမယ်လို့ အာမခံတယ်။”

ထျန်းရှောင်းယွီသာ တပြိုင်တည်း ဆေးလဲသောက် ဆေးလဲလိမ်းပါက မြန်မြန်သက်သာလာပေလိမ့်မည်။

အခန်းထဲရှိလူတိုင်းမှာ အလွန်အံ့ဩနေကြလေသည်။ ကုနင်း၏မယုံနိုင်စရာစွမ်းဆောင်နိုင်မှုအကြောင်း သိထားပြီးသားဖြစ်သည့် ထန်ကျားခိုင်ပင်လျှင် အလွန်အံ့ဩနေခဲ့သည်။

ထျန်းရှောင်းယွီလဲ ချက်ချင်းဆိုသလို စွမ်းအင်သလင်းကျောက်တစ်လုံးကို သောက်လိုက်သည်နှင့် တစ်ကိုယ်လုံးအေးမြလန်းဆန်းသွားခဲ့သည်။ ထို့နောက် ဆေးရည်အချို့ကို သူ့ဒူးပေါ်သို့ လိမ်းလိုက်သည်။

သူ့အဖွဲ့သားထဲမှတစ်ယောက်က ဒဏ်ရာကိုအရင်သန့်ရှင်းပေးချင်နေသော်လည်း ကုနင်းက တားလိုက်လေသည်။ ထျန်းရှောင်းယွီအတွက် ဒဏ်ရာကို သန့်ရှင်းပေးဖို့ မလိုအပ်ပေ။

ဆေးရည်က သူ့ဒဏ်ရာကိုထိသွားသည်နှင့် ထူးခြားချက်ကို ချက်ချင်းခံစားလိုက်ရကာ မျက်လုံးအရောင်များတောက်လဲ့သွားလေသည်။

“ဒါ-ဒါက…” ရုတ်တရက်ဖြစ်သွားတာကြောင့် စကားလုံးပင်မစီနိုင်တော့ပေ။

“ဘယ်လိုခံစားရလဲ?”

“ဘယ်လိုနေလဲ?”

ထျန်းရှောင်းယွီ၏သူငယ်ချင်းများက အလျင်စလိုမေးလာကြသည်။ ထျန်းရှောင်းယွီလဲ စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင် ပြန်လည်ထိန်းချုပ်လိုက်ကာ၊ “ငါ့-ငါ့ဒဏ်ရာက နည်းနည်း ယားသလိုလိုနဲ့ အေးသွားတယ်။ အရင်ကလောက်လဲ မနာတော့ဘူး။”

“တကယ်ကြီးလား?” အသင်းဖော်တွေအားလုံး အံ့ဩနေကြသလို အလွန်စိတ်လှုပ်ရှားသွားကြသည်။

“မစ္စကု၊ ကျေးဇူးတင်ပါတယ်၊ တကယ်ကိုကျေးဇူးတင်ပါတယ်!” ထျန်းရှောင်းယွီက ကုနင်းကို အထပ်ထပ်အခါခါကျေးဇူးတင်နေတော့သည်။ သူသာ ကုနင်းပြောသလိုဆေးကိုပုံမှန်သောက်လိမ်းရင် ရက်ပိုင်းအတွင်း အပြည့်အဝပြန်ကောင်းနိုင်မည်ဟု ယုံကြည်လာပေသည်။

“ရပါတယ်။”

“ငါပြောတယ်မလား၊ နင်းနင်းက အရမ်းတော်တာ၊ ရှောင်းယွီကို ကုပေးနိုင်မှာပါလို့!” ထန်ကျားခိုင် ပြောလိုက်သည်။

တကယ်တော့ သူ့သူငယ်ချင်းတွေ ကုနင်းကို မယုံသင်္ကာဖြစ်နေကြသည့်အတွက် သူအနည်းငယ်မကျေနပ်ဖြစ်သွားခဲ့ရသည်။

တခြာလူတွေလဲ အစောပိုင်းက သူတို့အပြုအမူကြောင့် ထန်ကျားခိုင် စိတ်မကြည်ကြောင်း နားလည်လိုက်ကြ၍ ရှက်ရွံ့သွားကြလေသည်။

ဒါနဲ့ တစ်ယောက်ကစလို့ ကုနင်းကို ချက်ချင်းတောင်းပန်လာကြသည်။ “မစ္စကု၊ တောင်းပန်ပါတယ်။ ငါတို့မင်းကို မယုံသင်္ကာမဖြစ်ခဲ့သင့်ဘူး။”

“ငါတို့တောင်းပန်တာကို လက်ခံပေးပါ။” ကျန်လူများကပါ တပြိုင်တည်းပြောလာကြသည်။

ကုနင်းတွင် လူများကိုကုသပေးနိုင်သည့်အရည်အချင်းရှိကြောင်း သူတို့မသိဖူးသေးတာကြောင့် ကုနင်းကိုသံသယဝင်ကြသည်က နားလည်ပေး၍ရသည့်အရာဖြစ်သော်လည်း သူတို့ကတော့ ကုနင်းကို ပြန်တောင်းပန်သင့်သည်ဟု တွေးနေကြလေသည်။

“ငါ့ကိုတောင်းပန်ဖို့မလိုပါဘူး။ ငါတို့က အချင်းချင်းရင်းနှီးကြတာလဲမဟုတ်တော့ မင်းတို့စိုးရိမ်နေကြမယ်မှန်း နားလည်ပါတယ်။ ငါစိတ်ထဲမထားဘူး။”

ကုနင်း၏သဘောထားကြီးမှုက အားလုံးအပေါ် ပိုလို့အမြင်ကောင်းသွားစေခဲ့သည်။

သူတို့ အရင်က ကုနင်းနဲ့မတွေ့ဖူးခဲ့သော်လည်း သူမသည် ပေါင်းသင်းဆက်ဆံရလွယ်ကူသူဖြစ်ကြောင်း သိသွားပေပြီ။ ဒါ့အပြင် သူမက သူတို့ရှေ့မှာ ဟန်ဆောင်ပန်ဆောင်လဲမလုပ်ပေ။

သူတို့ ကုနင်းနှင့်အချိန်ခဏလေးအတူရှိလိုက်တာတောင်မှ ကုနင်းသည် သည်းခံတတ်ကာ ကြင်နာတတ်သူဖြစ်သည်ဟု ခံစားမိလိုက်ကြပေသည်။

***

အခန်း ၁၁၈၁ သုံးမှတ်တန်ဂိုး

ကုနင်းသည် ထျန်းရှောင်းယွီကို ကူညီပေးခဲ့သည့်အတွက် ဘာကိုမှပြန်မတောင်းဆိုခဲ့ခြင်းကပင် သူမဘယ်လောက်သဘောထားကြီးကြောင်း ပြသနေပေပြီ။

သူမ ဤနေရာသို့လိုက်လာပေးခြင်းက ထန်ကျားခိုင်ကြောင့်ဆိုသော်လည်း တကယ်ကို အကူအညီဖြစ်ခဲ့သည့်အချက်ကိုတော့ မငြင်းနိုင်ပေ။

“ဒါနဲ့၊ နင်းနင်းက ငါတို့အတွက် မနက်ဖြန် ဟိုကောင်တွေကို ပညာသွားပေး,ပေးဦးမှာ။” ထန်ကျားခိုင် စိတ်လှုပ်ရှားစွာ မျှဝေလိုက်သည်။

ထိုစကားကြောင့် အခန်းထဲကလူတိုင်း ကုနင်းကို အံ့ဩတကြီးကြည့်လာကြပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ကုနင်း၏အလုပ်နိုင်စွမ်းအပေါ် သူတို့သံသယမဝင်ကြတော့သော်လည်း ကုနင်း ထိုလူတွေကို ရိုက်နှက်ကာပညာပေးမည်ဟု တွေးသွားကြသည်။

သူတို့လဲ ထိုလူယုတ်မာတွေကို ပညာကောင်းကောင်းပေးပစ်နိုင်ဖို့ မျှော်လင့်ကြပေမည့် ကုနင်းပါ ပြဿနာထဲဝင်ပါသလိုဖြစ်သွားမည်ကိုလဲ စိုးရိမ်မိကြသည်။

“ဒီအကြံက သိပ်တော့မကောင်းဘူးလားလို့။ မစ္စကုကို ဖမ်းမိသွားပြီး ပြဿနာတက်သွားရင်ဘယ်လိုလုပ်မလဲ?”

“ဟုတ်တယ်၊ မစ္စကုက အခုဆို ဆယ်လီတစ်ယောက်ဖြစ်နေပြီ။”

“သူ့ဂုဏ်သတင်းကို ထိခိုက်သွားနိုင်တယ်။”

တစ်ဖွဲ့လုံးသည် ကိုယ့်အတွက်ကိုယ်သာကြည့်ကြသူများမဟုတ်ဘဲ ကုနင်း၏ဂုဏ်သိက္ခာအတွက်ကိုပါ စိုးရိမ်ပူပန်ပေးနေကြသည်။

သူတို့၏တားမြစ်မှုများကြောင့် ကုနင်းခံစားသွားရကာ ထိုလူယုတ်မာတွေကို အပြစ်ပေးဖို့အတွက် ပိုလို့တောင် ကူညီပေးချင်သွားတော့သည်။

“မင်းတို့ အဲ့ဒါတွေတွေးပူနေဖို့မလိုဘူး။ နင်းနင်းက သူတို့ကို သွားရိုက်နှက်မှာမဟုတ်ဘူး…” ထန်ကျားခိုင်လဲ ကုနင်းစီစဉ်ထားသည်ကို ရှင်းပြလိုက်သည်။

ဒီတော့မှ အားလုံးလက်ခံသွားကြလေသည်။

ကုနင်းအတော်ကြာသည်အထိ လူနားခန်းထဲတွင်နေပြီးနောက် ထန်ကျားခိုင်နှင့်အတူ ပြန်ခဲ့သည်။

ထျန်းရှောင်းယွီသည် Bမြို့ကမဟုတ်တာကြောင့် သူ့မိဘတွေက သူ့နားတွင်ရှိမနေနိုင်ဘဲ သူ့အသင်းဖော်နှစ်ယောက်ကသာ သူ့ကိုပြုစုပေးရန် နေခဲ့ကြသည်။ နေ့ခင်းဘက် သူတို့လေ့ကျင့်ဖို့သွားကြချိန်မှာတော့ သူနာပြုတစ်ယောက်က အစားတာဝန်ယူပေးပေသည်။

အားလုံးတွင် ကားကိုယ်စီပါကြတာကြောင့် ကားပါကင်သို့ အတူတူသွားခဲ့ကြသည်။

သို့သော်လည်း ကုနင်း သူမ၏အကန့်အသတ်ထုတ်Lamborghiniကားထဲသို့ ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ပြီး အားလုံး မှင်သက်လို့နေတော့သည်။

ကုနင်းဘယ်လောက်ချမ်းသာမှန်းသိနေတာကြောင့် ကားဈေးနှုန်းနှင့်ပတ်သတ်လို့ သူတို့မအံ့ဩမိကြဘဲ ထိုမျှဝယ်ရခက်သည့်ကားကို ရနိုင်နေခြင်းကြောင့်သာ အံ့အားသင့်နေကြလေသည်။

အဲ့ဒီကားမျိုးက ကမ္ဘာပေါ်မှာ ၁၂စီးသာရှိတာကြောင့် လူအနည်းစုသည်သာ ဝယ်ယူပိုင်ဆိုင်နိုင်ပေသည်။

ယောက်ျားလေးတိုင်းက ကားများကိုသဘောကျကြတာကြောင့် သူတို့လဲ မထူးပေ။

“ဝါး၊ မိုက်လိုက်တဲ့ကား!”

“မစ္စကု၊ မင်းဒီကားမျိုးကို ဝယ်နိုင်တယ်ပေါ့၊ အံ့ဩစရာပဲ။”

“အမ်.. ငါကိုယ့်ဘာသာဝယ်တာမဟုတ်ပါဘူး။ ငါ့ဦးလေးနဲ့အဒေါ်က လက်ဆောင်ပေးတာ။” ကုနင်းပြုံးကာ အမှန်အတိုင်းပြန်ဖြေလိုက်သည်။

သူတို့လဲ ခေါင်းညိတ်လိုက်ကာ ကုနင်း၏ဦးလေးနှင့်အဒေါ်ဆိုသည်က ချောင်ဝမ်ရှင်း၏မိဘများဖြစ်မှန်း သိလိုက်ကြသည်။ အရင်ကလဲ ချောင်ဝမ်ရှင်း Lamborghiniစီးသည်ကို မြင်ဖူးထားကြတာကြောင့် ကုနင်း၏အဖြေကို မအံ့ဩသွားတော့ပေ။

ကားကိုအတော်ကြာလှည့်ပတ်ကြည့်ရှုရင်း ချီးကျူးနေပြီးနောက် မခွာနိုင်မခွာရက်ဖြင့် ကားအနားမှဖယ်ပေးကာ ကုနင်းကို သွားခွင့်ပြုလိုက်ရလေသည်။

သူတို့ ကျောင်းသို့ပြန်သွားကြမည်ဖြစ်တာကြောင့် ထန်ကျားခိုင်ကတော့ သူတို့နဲ့အတူလိုက်သွားခဲ့သည်။

ကုနင်းသည်တော့ သူမဘာသာ ဟွားဖုတောင်ကုန်းသို့ ပြန်ခဲ့သည်။

ကုနင်း အိမ်ပြန်ရောက်သည်နှင့် ရေချိုးလိုက်သည်။ သူမရေချိုးခန်းထဲမှထွက်လာချိန်မှာပဲ လင်ရှောင်းထင်ထံမှ စာတစ်စောင်ဝင်လာခဲ့သည်။

ဒါနဲ့ သူမ ဖုန်းပြန်ဆက်လိုက်လိုက်ကာ တစ်နာရီနီးပါး ဖုန်းပြောခဲ့ကြသည်။

နောက်တစ်နေ့မှာတော့ ကုနင်း မနက်စောစောထကာ အပြေးလေ့ကျင့်ပြီးနောက် အိမ်ပြန်လာပြီး အားကစားဝတ်စုံလဲလိုက်သည်။

၁၁နာရီဝန်းကျင်မှာတော့ ကုနင်းလဲ အပြင်သွားဖို့လို၍ ကောင်းယိနှင့်ချောင်ယတို့ကို သူတို့လုပ်စရာရှိတာလုပ်ကြဖို့သာ ပြောလိုက်သည်။

ကုနင်း အားကစားဝတ်စုံဝတ်ထားတာကြောင့် ချောင်ယ သိချင်သွားကာ၊ “မမလေးနင်း၊ အားကစားဝတ်စုံဝတ်ပြီး ဘယ်သွားမလို့လဲ?”

“ဒီနေ့ ငါ့သူငယ်ချင်းတွေနဲ့ ဘက်စကတ်ဘောကစားဖို့ရှိလို့။”

……

နေ့လည်၁၂ဝန်းကျင်လောက်မှာတော့ ကုနင်း တက္ကသိုလ်စင်တာသို့ရောက်သွားကာ လမ်းမှာ ဘက်စကတ်ဘောလုံးတစ်လုံးလဲ ဝင်ဝယ်ခဲ့သေးသည်။

ထန်ကျားခိုင်က ကျောင်းဂိတ်ပေါက်တွင် သူမကိုစောင့်နေခဲ့ကာ ကုနင်း၏ကားကိုမြင်သည်နှင့် ချက်ချင်းပြေးကြိုလိုက်သည်။

ကားက သူ့ရှေ့မှာပဲ ရပ်သွားကာ ကုနင်းဆင်းလာလေသည်။

“နင်းနင်း၊ စားပြီးပြီလား?”

“ပြီးပြီ၊ နင်ရော?”

“ပြီးပြီပေါ့။”

ထို့နောက် ဝန်းထဲသို့အတူတူလမ်းလျှောက်ဝင်ခဲ့ကြသည်။ အထဲတွင် လူတိုင်းအတွက် ဖွင့်ပေးထားသည့် ဘက်စကတ်ဘောကွင်းတစ်ခုလဲရှိပေသည်။

“ငါတို့မှာ အချိန်၁၀မိနစ်လောက်ရှိသေးတယ်၊ သူတို့ကို မင်းနဲ့အတူကစားခိုင်းဖို့ ဘယ်လိုသိမ်းသွင်းမယ်စိတ်ကူးထားလဲ?” ထန်ကျားခိုင် ထိုကိစ္စကို အရမ်းသိချင်နေခဲ့သည်။

“မသိဘူးလေ၊ သူတို့ကို သိမ်းသွင်းကြည့်လို့မှမရရင် ဒီအတိုင်း စိန်ခေါ်လိုက်မယ်။”

“ဒါက…” ထန်ကျားခိုင် အံ့ဩသွားသလို စိုးရိမ်လာရသည်။

“ငါတို့ ထွက်ပေါက်နဲ့နီးတဲ့ဘက်စကတ်ဘောကွင်းမှာ တစ်ပွဲလောက်ကစားကြရအောင်၊ အဲ့နေရာမှာဆို ပိုပြီးထင်ပေါ်တယ်။ နင် ငါနဲ့တစ်ပွဲလောက်ကစားပေး၊ ပြီးရင် သူတို့စိတ်ဝင်စားလာအောင် ငါနင့်ကို အနိုင်ယူပြမယ်၊ ပြီးရင်တော့ သူတို့ကိုစိန်ခေါ်တာပေါ့။” ကုနင်း သူမအစီအစဉ်ကို ပြောပြလိုက်သည်။

ဤနေရာရှိလူများသည် ဘက်စကတ်ဘောကစားပွဲကို သဘောကျကြသူများဖြစ်တာကြောင့် ကစားပွဲကသာ စိတ်လှုပ်ရှားစရာကောင်းနေလျှင် သေချာပေါက် ရပ်ကြည့်မိကြပေမည်။

သို့သော်လည်း ထန်ကျားခိုင်ကတော့ သူကုနင်းကို မယှဉ်နိုင်မှန်းသိနေ၍ အနည်းငယ်ကြောက်လန့်သွားသည်။ သို့သော်လည်း လက်စားချေဖို့ရန်အတွက် သူကုနင်းနှင့်ပူးပေါင်းမှဖြစ်ပေမည်။

ခဏကြာပြီးနောက် ဘက်စကတ်ဘောကွင်းထဲတွင် ကုနင်းနှင့်ထန်ကျားခိုင်တွင် ယှဉ်ပြိုင်ကစားနေသည့်မြင်ကွင်းကို မြင်နိုင်ပြီဖြစ်သည်။

ထန်ကျားခိုင်သည် အရပ်ရှည်ဖို့ရန်အတွက် အမြဲလိုလို ဘက်စကတ်ဘောကစားဖြစ်တာကြောင့် သူ့အရည်အချင်းကမဆိုးလှပေ။ သို့သော်လည်း ကုနင်း၏လှုပ်ရှားမှုတွေက အလွန်မြန်ဆန်နေတာကြောင့် ထန်ကျားခိုင်အနေနဲ့ ဘောလုံးကို သူ့လက်ထဲတွင် စက္ကန့်အနည်းငယ်ထက်ပိုပြီး ထိန်းထားနိုင်စွမ်းမရှိဖြစ်နေရသည်။

ကုနင်းကတော့ သူ့လက်ထဲကဘောလုံးကိုဆွဲလုပြီးသွားသည်နှင့် ချက်ချင်း ခြင်းထဲပစ်သွင်းလိုက်သည်။

ထန်ကျားခိုင်မှာ ကုနင်းအမှတ်မရအောင် ဝင်ဖျက်ဖို့ကြိုးစားသော်လည်း အကြိမ်တိုင်း သူသာရှုံးနေလေသည်။

ကုနင်းက ထန်ကျားခိုင်ကို အလွယ်လေးဖြတ်ကျော်နိုင်သော်လည်း သုံးမှတ်တန်လိုင်းနားတွင်သာ ရပ်ပြီး ဘောလုံးကိုပစ်သွင်းလေသည်။ ဘက်စကတ်ဘောလုံးက ပစ်မြှောက်ခံလိုက်ရသည်နှင့် ခြင်းထဲသို့ကွက်တိဝင်သွားခဲ့သည်။

ကုနင်း သုံးမှတ်တန်ဂိုးတွေ အကြိမ်ပေါင်းများစွာသွင်းပြီးနောက်မှာတော့ လူတွေ သူမကိုစပြီးစိတ်ဝင်စားလာကြပေပြီ။ သူမတို့ကစားနေသည့် ဘက်စကတ်ဘောကွင်းနားတွင် လူများပိုပိုစုဝေးလာကြတော့သည်။

***

အခန်း ၁၁၈၂ သူတို့ကစားလာအောင်ဆွယ်မယ်

ဆက်တိုက်ဆိုသလို ကုနင်းက ထန်ကျားခိုင်ကို အလွယ်လေးလှည့်ပတ်ရှောင်ပြီး ဘောလုံးကို ခြင်းထဲသို့သွင်းနေခဲ့သည်။

“အိုးမိုင်ဂေါ့ဒ်၊ သူအရမ်းတော်တာပဲ!”

“ပရော်ဖက်ရှင်နယ်ကစားသမားလားပဲ?”

“…..”

တချို့လူများက ကုနင်းကို အရမ်းတော်သည်ကို တွေးနေကြကာ တချို့ကတော့ ထိုသို့မတွေးပေ။

“ကောင်လေးကိုက အရမ်းပျော့နေလို့ပါကွာ။”

“သူက ပုပုပိန်ပိန်လေးကို ဘယ်လိုလုပ် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်မှာလဲ။”

“ဟုတ်တယ်။”

ကုနင်းက အရပ်ပုလွန်းတာကြောင့် ပရော်ဖက်ရှင်နယ်ဘက်စကတ်ဘောကစားသမားဖြစ်ဖို့ မဖြစ်နိုင်သည်က အမှန်ပင်။ ပုံမှန်အားဖြင့် ပရော်ဖက်ရှင်နယ်အမျိုးသမီးဘက်စကတ်ဘောကစားသမားတစ်ယောက်သည် ၁.၇၅မီတာထက် ပုလို့မဖြစ်ပေ။

သို့သော် ကုနင်းကတော့ ၁.၆၅မီတာသာမြင့်သော်လည်း နိုင်ငံအဆင့်အသ်းတွေကတော့ သူမ၏ထူးချွန်မှုကြောင့် အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်လာနိုင်ပေသည်။

ဒါကြောင့် စည်းမျဉ်းများသည် သာမာန်လူများအတွက်သာဖြစ်ပြီး ကုနင်းကတော့ ချွင်းချက်ပင်။

ထန်ကျားခိုင်သည်လဲ ဘက်စကတ်ဘောကွင်းတွင် ကုနင်း၏ဖိနှိပ်မှုကိုခံနေရပြီး ဝမ်းနည်းနေပေပြီ။

“ဟေး၊ အလှလေး၊ သူက မင်းနဲ့ဆို အရမ်းပျော့လွန်းတယ်။ ငါသူ့ကိုကူညီပေးလို့ရလား?” ကွင်းအပြင်ဘက်မှ တစ်ယောက်က ကုနင်းကိုလှမ်းအော်လိုက်သည်။

“ရတာပေါ့၊ ရှင်တို့ သူ့ကိုဘယ်နှယောက်ပဲလာကူကူ ကိစ္စမရှိဘူး။”

ထိုစကားပြန်ကြားပြီးနောက် နောက်ထပ်အမျိုးသားနှစ်ယောက်ကပါ ထွက်လာကြသည်။

ထန်ကျားခိုင်မှာ တော်တော်မောနေပြီဖြစ်တာကြောင့် ချက်ချင်းထွက်သွားကာ ကုနင်းကို ထိုလူငယ်သုံးယောက်နှင့် ယှဉ်ပြိုင်စေလိုက်သည်။

“မင်းတို့သုံးယောက် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ချင်နေတာလား? ဒါမတရားဘူးလေ!” တစ်ယောက်က ဝင်ပြောပေးလာသည်။

“ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကျွန်မကို မနိုင်,နိုင်ပါဘူး။” ကုနင်းယုံကြည်ချက်ရှိရှိ ပြန်ပြောလိုက်သည်။

ကုနင်း၏အပြောအဆိုကြောင့် လူငယ်သုံးယောက် မကျေမနပ်ဖြစ်သွားလျှင်တောင်မှ ကုနင်းသည် သာမာန်မဟုတ်ကြောင်းကိုတော့ မြင်နိုင်ကြသေးသည်။

“ကောင်းပြီ၊ ငါဒိုင်လုပ်ပေးမယ်။” လည်ပင်းတွင် ဝီစီတစ်ခုချိတ်ထားသည့် အမျိုးသားက ပြောလိုက်သည်။

“ရတယ်လေ။” ကုနင်းသဘောတူလိုက်သည်။

နောက်စက္ကန့်ပိုင်းမှာပဲ ဘက်စကတ်ဘောပွဲစတင်ကာ တချို့လူများကလဲ ဗီဒီယိုများရိုက်ထားကြသည်။

ကုနင်းက တစ်ယောက်တည်းဖြစ်တာကြောင့် ပွဲအစတွင် ဘောလုံးကို သူမကိုင်ခွင့်ရခဲ့သည်။

တစ်ဖက်ကလူငယ်သုံးယောက်ကတော့ ကောင်မလေးတစ်ယောက်လောက်ကို အနိုင်ယုံနိုင်မည်ဟု ယုံကြည်ချက်မြင့်နေခဲ့သော်လည်း မကြာခင်မှာပဲ ကုနင်းလက်ထဲက ဘောလုံးကို သူတို့မလုနိုင်သလို ကုနင်းအမှတ်တွေဆက်တိုက်ယူနေသည်ကိုလဲ မတားနိုင်မှန်း သိရှိသွားတော့သည်။

ပွဲကြည့်ပရိသတ်တွေအားလုံး အံ့ဩနေကြလေသည်။

ဒုတိယပွဲစဉ်မှာတော့ လူငယ်သုံးယောက်က ဘောလုံးကိုကိုင်ထားကာ တစ်ဖက်နှင့်တစ်ဖက်ပစ်ပေးလိုက်ကြသည်။ သို့သော်လည်း သူတို့ဘောလုံးလွှဲပြောနေစဉ်ကြားထဲမှာပဲ ကုနင်းက ရုတ်တရက်ခုန်တက်ကာ ဖြတ်လုလိုက်လေသည်။

သူမဘောလုံးကို ရသွားသည်နှင့် ချက်ချင်းပြေးထွက်သွားတော့သည်။

တစ်ဖက်ကလူငယ်များ သူမကိုဘယ်လောက်လိုက်ဖမ်းပါစေ သူမကတော့ ခြင်းထဲသို့ တိတိကျကျပစ်သွင်းနိုင်နေတုန်းပင်။

အချိန်ခဏလေးအတွင်းမှာပဲ ကုနင်း ခြင်းထဲသို့ ၆ကြိမ်သွင်းနိုင်ခဲ့ကာ လူငယ်သုံးယောက်ကတော့ ဘောလုံးကို ထပ်ပြီးတစ်ကြိမ်တောင် မထိနိုင်ခဲ့ကြပေ။

အဆုံးမှာတော့ သူတို့ခွက်ခွက်လန်အောင် ရှုံးသွားပြန်သည်။

ထိုအချိန်မှာပဲ နေ့လည်၁၂နာရီလဲထိုးပြီဖြစ်၍ ပရော်ဖက်ရှင်နယ်ကစားသမားများ ထွက်လာကြလေသည်။

“အိုး၊ ကြည့်စမ်း၊ ကောင်မလေးတစ်ယောက်ကို သုံးယောက်တောင် ဝိုင်းပြိုင်နေကြတယ်!”

“ကောင်မလေးက သုံးမှတ်တန်သွင်းလိုက်တာပဲ။”

“သုံးမှတ်တန်လေးတစ်ဂိုးပဲကို ဘာများအထင်ကြီးစရာရှိလို့လဲ။” တစ်ယောက်က အထင်သေးစွာပြောလိုက်သည်။ ထိုလူသည် ကုနင်း ယနေ့ အပြစ်ပေးသွားမည့်အသင်းထဲမှ အဖွဲ့ဝင်ဖြစ်သည်။

သူတို့အသင်းကို နွားရိုင်းအဖွဲ့ဟုခေါ်ပေသည်။

“သုံးမှတ်တန်ဂိုးသွင်းတာတစ်ခုလောက်နဲ့တော့ အထင်ကြီးစရာမဟုတ်ပါဘူး။ ဒါပေမယ့် သူက လူငယ်သုံးယောက်နဲ့ပြိုင်နေတာလေ။”

“တော်တော်လေး တော်ပါတယ်။”

“လူငယ်သုံးယောက်က ပျော့လို့ပဲဖြစ်မှာပါ။”

“ငါတို့ထဲက ဘယ်သူတစ်ယောက်ကမှတော့ သူ့ကိုအလွယ်လေးအနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ဘူး။” ထျန်းရှောင်းယွီ၏အသင်းဖော်က ပြောလိုက်သည်။ သူတို့အသင်းကိုတော့ စစ်သည်တော်များဟု ခေါ်ပေသည်။

“ကောင်မလေးတစ်ယောက်ပဲကို။ ဘက်စကတ်ဘောကစားတဲ့နေရာမှာတော့ ငါတို့ထက်ဘယ်လိုလုပ်တော်နိုင်မှာလဲ။”

“ဟုတ်တယ်၊ ငါတို့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး!” နွားရိုင်းအဖွဲ့လို မာနထောင်လွှားနေသည့်အဖွဲ့ကတော့ ကုနင်းကို အထင်သေးနေကြလေသည်။

တကယ်တော့ လက်ရှိတွင် စစ်သည်တော်များအသင်းတစ်ခုတည်းကသာ သူတို့ထက်သာနေပြီး သူတို့က ဒုတိယအဆင့်တွင်ရှိနေခြင်းဖြစ်တာကြောင့် ထျန်းရှောင်းယွီကို လုပ်ကြံဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အခုဆို ထျန်းရှောင်းယွီ ဒဏ်ရာရထားပြီဖြစ်တာကြောင့် ချန်ပီယံဆုက သူတို့အတွက်ဟု ယုံကြည်နေကြသည်။

“တကယ်လား? ဒါဆို မင်းသူနဲ့ဆော့ရဲလား? မင်းတို့ထဲက သုံးယောက်ထွက်ရင်တောင် အဲ့ကောင်မလေးကို အနိုင်ယူနိုင်မယ်မထင်ဘူး။” စစ်သည်တော်အသင်းမှတစ်ယောက်က သူတို့ကိုစိန်ခေါ်လိုက်သည်။

ဇာတ်တိုက်ထားသည့် ထောင်ချောက်တစ်ခုပင်။

“ငါတို့က ဘာလို့မင်းပြောတိုင်း နားထောင်ရမှာလဲ?” နွားရိုင်းအဖွဲ့ဝင်တစ်ယောက်ပြန်ပြောလိုက်သည်။

“သတ္တိကြောင်လိုက်တဲ့ကောင်တွေ။”

“မင်းဘာပြောလိုက်တယ်? အဓိပ္ပါယ်မရှိလိုက်တာ! ငါတို့ထဲက ဘယ်သူမဆို အဲ့ကောင်မလေးကို အနိုင်ယူနိုင်တယ်ကွ၊ ငါတို့နိုင်သွားရင် ဘာပေးမှာမို့လို့လဲ?” စစ်သည်တော်အဖွဲ့၏ရန်စမှုကြောင့် နွားရိုင်းအဖွဲ့ဝင်များ ဒေါသထွက်သွားတော့သည်။

“မင်းတို့နိုင်ရင်၊ ငါတို့ထဲက နှစ်ယောက်အသင်းထဲကထွက်ပြီး ၇ယောက်တည်းနဲ့ ဖိုင်နယ်တက်မယ်ကွာ။ မင်းတို့ရှုံးလဲ ဒီလောင်းကြေးအတိုင်းပဲလုပ်ရမယ်။”

“ရတယ်လေ၊ ကိစ္စမရှိဘူး!” နွားရိုင်းအဖွဲ့က သူတို့လိုစီစဉ်ထားသလိုပဲ သဘောတူလိုက်သည်။

စစ်သည်တော်အသင်းတွင် ထျန်းရှောင်းယွီသည် အတော်ဆုံးအသင်းသားဖြစ်သော်လည်း ကျန်အသင်းသားများသည်လဲ အရည်အချင်းမြင့်ကြသည်ပင်။

***

စာစဉ် ၇၇ ပြီး၏။

All Chapters