အခန်း (၁၁၉၅-၁၂၀၀)
Vol. 78 Ch. 1195-1200
အခန်း ၁၁၉၅ လူထူးဆန်း
ကျွမ်းကျီရွှမ်း အမှန်တရားကို လက်မခံနိုင်ဖြစ်နေတာကြောင့် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်နေလေသည်။
ထိုအချင်းအရာကြောင့် ဖန်းကျီချီက၊ “Bမြို့ရဲ့အချမ်းသာဆုံးမိသားစုစာရင်းမှာ ထန်မိသားစုဆိုလို့ တစ်စုတည်းရှိမှန်း မင်းလဲသိနေတာပဲ။”
ထိုစာရင်းထဲရှိထန်မိသားစုသည် ထန်ကျားခိုင်၏မိသားစုဖြစ်လို့နေလေသည်။
ကျွမ်းကျီရွှမ်း မယုံနိုင်ခြင်းများစွာဖြင့် မျက်လုံးတို့ပြူးကျယ်နေကာ အတော်ကြာသည်အထိ အသိစိတ်ပြန်မကပ်နိုင်ပေ။ ထန်ကျားခိုင်က တကယ်ကိုပဲ Bမြို့ရဲ့နာမည်ကြီး ထန်မိသားစုကပေါ့။
“ထန်ကျားခိုင်ရဲ့မိသားစုက တကယ်-တကယ်ပဲ Bမြို့ရဲ့အချမ်းသာဆုံးလား?” ကျွမ်းကျီရွှမ်း သူမ၏စိတ်အခြေအနေကို မထိန်းချုပ်နိုင်ခဲ့ပေ။
“ဒါပေါ့၊ ထန်ကျားခိုင်က Bမြို့ရဲ့နာမည်ကြီးထန်မိသားစုကပဲ။ ပြောကြတာတော့ ထန်မိသားစုက ယောက်ျားလေးတွေက သူတို့လက်တွဲဖော်အပေါ် အရမ်းသစ္စာရှိကြတယ်တဲ့။ နင် သူ့ကိုငြင်းလိုက်တော့ ထန်မိသားစုထဲဝင်နိုင်မယ့်အခွင့်အရေး လက်လွတ်သွားရပြီ နှမျောစရာပဲ။” ဖန်းကျီချီ ထိုသို့ပြောလိုက်ပေမယ့် ကျွမ်းကျီရွှမ်း၏ထိတ်လန့်တုန်လှုပ်နေသည့်မျက်နှာကို ကြည့်ပြီး အလွန်ကျေနပ်နေခဲ့သည်။
ကျွမ်းကျီရွှမ်းမှာ ဘာမှပြန်မပြောနိုင်ဘဲ ငိုချင်စိတ်ဖြင့်သာ ပြည့်နေလေသည်။
သူမ သခင်လေးထန်ကို ငြင်းလိုက်မိတာပဲ! ဒီလောက်ကျော်ကြားတဲ့ထန်မိသားစုထဲ လက်ထပ်ဝင်နိုင်မယ့်အခွင့်အရေးကြီးကို သူမဘယ်လိုလုပ်လက်လွှတ်လိုက်ရတာလဲ? သူမသာ ထန်ကျားခိုင်ရဲ့ချစ်သူဖြစ်ဖို့ လက်ခံခဲ့ရင် အခုဆို သူမတို့သူငယ်ချင်းအသိုင်းအဝန်းထဲမှာ ကံအကောင်းဆုံး မိန်းကလေးဖြစ်နေလောက်ပြီ။
ဖန်းကျီချီလဲ ကျွမ်းကျီရွှမ်းကို လှောင်ပြောင်ဖို့ ဆက်မနေတော့ဘဲ သူမသူငယ်ချင်းနှင့်အတူ ထွက်သွားခဲ့ပေပြီ။
…..
ကုနင်း ဟွားဖုတောင်ကုန်းသို့ပြန်မလို့လုပ်လိုက်ပေမယ့် လမ်းတစ်ဝက်မှာတင် ချီထျန်းလင်ထံမှ ဖုန်းဝင်လာခဲ့သည်။
ချီထျန်းလင် သူမကိုမဆက်သွယ်လာသည်က အတော်ကြာနေပြီဖြစ်ကာ သူမကလဲ အရင်ဆက်သွယ်တာရှားသည်။
ချီထျန်းလင်သည် ကီရင်းဂိုဏ်း၏ခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေပြီး ကုနင်းကိုဆက်သွယ်ဖို့ အချိန်ပင်မရှိခဲ့ပေ။
“ဟေ့၊ မင်းအခု ဘယ်မှာလဲ?” ကုနင်း ဖုန်းကိုင်လိုက်သည်နှင့် အလျင်စလိုမေးလိုက်သည်။
ချီထျန်းလင်၏အသံကြောင့် တစ်ခုခုအရေးကြီးတာတော့ ဖြစ်နေပြီမှန်း ကုနင်းသိလိုက်လေသည်။ “ကျွန်မအခု Bမြို့မှာ။”
ထိုစကားကြောင့် ချီထျန်းလင် အနည်းငယ်စိတ်သက်သာရာရသွားပုံပင်။ “အခုချက်ချင်း မြေကမ္ဘာကလပ်ကိုလာခဲ့။ ငါမင်းအကူအညီလိုတယ်။”
ချီထျန်းလင်ကတော့ ပုံမှန်အတိုင်း အမိန့်ဆန်ဆန်ပြောလိုက်ကာ နည်းနည်းလေးမှ ယဉ်ကျေးမနေပေမယ့် ကုနင်းကို စိတ်ထိခိုက်စေဖို့တော့ မရည်ရွယ်ခဲ့ပေ။ ကုနင်းကလဲ သူဘယ်လိုပုံစံပြောပြော စိတ်ထဲမထည့်ဘဲ တစ်ယောက်ယောက် ဒဏ်ရာရ၍ သူမဆေးလိုချင်နေတာကြောင့် အလျင်လိုနေခြင်းဟုသာ တွေးလိုက်လေသည်။
နာရီဝက်ကြာပြီးနောက် ကုနင်း မြေကမ္ဘာကလပ်သို့ ရောက်ရှိသွားခဲ့သည်။ ယွီဟောက် သူတို့ လျှို့ဝှက်နေရာသို့ သွားရမည်ဖြစ်၍ သူမကိုအပြင်ဘက်တွင်စောင့်နေပေးလေသည်။
“အရေးပေါ်ကိစ္စမို့လို့လား?” ကုနင်း ယွီဟောက်ကို မေးလိုက်သည်။
“ဟုတ်ပါတယ်၊ မစ္စကု၊ ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ။”
ထို့နောက် ကုနင်းလဲ ယွီဟောက်နောက်မှလိုက်ကာ ဝင်သွားခဲ့သည်။
သူတို့တွေ ချီထျန်းလင်နှင့် သူ့လူယုံများသာသုံးသာ စကားဝှက်သိသည့် သီးသန့်ဓါတ်လှေကားကို သုံးခဲ့ကြသည်။ ထိုဓါတ်လှေကားသည် အလွှာနှစ်ခုကိုသာ ရောက်ပေသည်။ တစ်ခုကတော့ ထိပ်ဆုံးအလွှာဖြစ်ကာ နောက်တစ်ခုကတော့ မြေအောက်အလွှာပင်။
ယွီဟောက်က ကုနင်းကို မြေအောက်လွှာသို့ခေါ်ဆောင်သွားခဲ့သည်။ ထိုမြေအောက်လွှာသည် မြေအောက်ကားပါကင်အလွှာထက်တောင်မှ ပိုနိမ့်သေးသည်။
ဓါတ်လှေကားက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပွင့်သွားကာ ပစ္စည်းအမျိုးမျိုးနှင့်ပြည့်နေသည့် ၂၀စတုရန်းမီတာကျယ်သော အခန်းတစ်ခုကိုမြင်လိုက်ရသည်။
ကုနင်းတစ်ချက်လှည့်ပတ်ကြည့်လိုက်ကာ တံခါးတစ်ချက်ကိုမြင်လိုက်လေသည်။
တံခါး၏နောက်ဖက်တွင်တော့ လူတွေစကားပြောနေကြသည်။ သူတို့စကားဝိုင်းအကြောင်း ကုနင်းသေချာမကြားရသော်လည်း ချီထျန်းလင်အသံကိုတော့ ကြားလိုက်နိုင်သည်။
ချီထျန်းလင်တစ်ယောက် တခြားလူတွေမသိစေချင်သည့် ကိစ္စတစ်ခုခုလုပ်နေမှန်း သိသာလှသည်။
ကုနင်းသည် ချီထျန်းလင်ကို အပြည့်အဝယုံကြည်ထားခြင်းမရှိသေးတာကြောင့် သူမသတိအနေအထားနှင့် အခန်းတံခါးနောက်ကို ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်သည်။
တံခါးနောက်တွင်တော့ အခန်း၂ခန်းရှိနေသည်။ တစ်ခန်းသည် ဆိုဖာ၊ ကော်ဖီစားပွဲနှင့် အဲကွန်းပါသည့် ဧည့်ခန်းတစ်ခုဖြစ်သည်။ ကော်ဖီစားပွဲပေါ်တွင်တော့ ရေတစ်ဖန်ခွက်သာရှိလေသည်။
ချီထျန်းလင်က ဆိုဖာပေါ်တွင်ထိုင်နေကာ သူ့နောက်တွင်တော့ သူ့သက်တော်စောင့်ချန်းဟွာ မတ်တပ်ရပ်နေလေသည်။
တခြားတစ်ခန်းကတော့ အိပ်ခန်းဖြစ်ကာ ဧည့်ခန်းနှင့်အိပ်ခန်းကြားထဲတွင် တံခါးတစ်ချပ်ခြားထားသည်။ အိပ်ခန်းထဲတွင်တော့ ကုတင်တစ်ခု၊ ဗီရိုတစ်လုံးနှင့် အဲကွန်းတစ်လုံးတို့ ရှိလေသည်။
အိပ်ရာပေါ်တွင်တော့ ယောက်ျားတစ်ယောက်ကို ကြိုးအထပ်ထပ်ဖြင့် တုပ်နှောင်လို့ထားသည်။ သူ့ကြည့်ရတာ အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိဦးမည်ဖြစ်ပေမယ့် သူကတော့ ဖြူဖျော့နေကာ တစ်ချိန်လုံးတွန့်လိမ်လို့နေသည်။ သူ့ပါးစပ်က အကျယ်ကြီးပွင့်ဟနေပြီး ပါးစပ်ထဲတွင် အဆွယ်တစ်စုံရှိနေသည်ကိုပါ မြင်လိုက်ရတာကြောင့် ကုနင်းလန့်သွားလေသည်။
ထိုလူ၏မျက်လုံးတွေကလဲ ထူးဆန်းနေကာ ကြောက်ဖို့ကောင်းလှသည်။ သူ့မျက်စံတွေက အစိမ်းရောင်တောက်နေပြီး လက်သည်းတွေလဲ ၃-၄စင်တီမီတာလောက်ရှည်နေကာ အလွန်ချွန်ထက်နေသည်။
သူ့ကိုကြည့်ရတာ လူသားတစ်ဦးနှင့်တောင် မတူတော့ဘဲ ဝံပုလွေနှင့်ပင် တူနေလေသည်။
ကုနင်း သိပ်အများကြီးမတွေးနိုင်ခင်မှာပဲ ယွီဟောက်က လျှို့ဝှက်နံပါတ်တစ်ခုကိုနှိပ်ကာ တံခါးကိုဖွင့်လိုက်သည်။
တံခါးပွင့်သံကိုကြားသည်နှင့် ချီထျန်းလင်နှင့်ချန်းဟွာတို့ လှမ်းကြည့်လာကာ ချီထျန်းလင်လဲ ချက်ချင်းထရပ်လိုက်သည်။ “ဟိုင်း။”
“ဟိုင်း၊ အားလုံးအဆင်ပြေရဲ့လား?” ကုနင်း တစ်ဖက်အိပ်ခန်းထဲက အရာအကြောင်း ဘာမှမသိသလိုဟန်ဆောင်ကာ မေးလိုက်သည်။
“စိတ်မကောင်းစွာနဲ့ မပြေနေဘူး။” ချီထျန်းလင် ပြန်ဖြေလိုက်သည်။ “လာ… ငါမင်းကိုပြစရာရှိတယ်။”
ထို့နောက် ကုနင်း ချီထျန်းလင်နောက်မှ အိပ်ခန်းထဲသို့လိုက်သွားကာ ယွီဟောက်နှင့် ချန်းဟွာတို့ကတော့ ဧည့်ခန်းထဲမှာသာ နေရစ်ခဲ့ကြသည်။
***
အခန်း ၁၁၉၆ မူတန်
“ဘာလို့မှန်းတော့မသိဘူး။ နေ့လည်၁နာရီလောက်က ငါအပြင်ကနေ မြေကမ္ဘာကလပ်ကိုပြန်လာတဲ့အချိန် ဒီလူက ငါ့ကို ကားပါကင်မှာ ဝင်တိုက်ခိုက်ရောပဲ။ သူ့ရဲ့အတိုက်အခိုက်ကတော်တော်လေးကောင်းတယ်၊ ငါတို့သုံးယောက်ပေါင်းတာတောင် သူ့ကို ထိန်းချုပ်ဖို့ မလွယ်ခဲ့ဘူး။ အခုတော့ မေ့ဆေးပေးထားတယ်၊ ဒါပေမယ့် မေ့ဆေးက မိနစ်ပိုင်းအတွင်း ပြယ်ပြယ်သွားတယ်။ ဒါကြောင့် ငါတို့ငါးမိနစ်နေတိုင်း သူ့ကိုယ်ထဲ မေ့ဆေးပမာဏအများကြီး သွင်းသွင်းပေးနေရတယ်။” ချီထျန်းလင် ပြောပြနေသည်။ “သူ့အခြေအနေက တောက်လျှောက်ရူးသွပ်သလိုဖြစ်နေတာ။ ငါတို့လဲ သူဘာကြောင့်ဒီလိုဖြစ်နေမှန်း မသိတော့ဘူး။ မင်းရဲ့ဆေးနဲ့သာဆို သူ့အပေါ် သက်ရောက်မှုရှိလောက်လားလို့?”
“ရှင် အင်တာနက်ပေါ်မှာ တစ်ခုခုရှာကြည့်သေးလား?” ကုနင်းမေးလိုက်သည်။
“ရှာတယ်၊ ဒါပေမယ့် ရှာတွေ့တာတွေက တော်တော်ရယ်စရာကောင်းနေတယ်။ ဝံပုလွေတေ မူတန်(သန္ဓေပြောင်းကောင်)တွေ အဲ့လိုတွေကြီးပဲ။ အဲ့လိုအရာတွေ ဒီကမ္ဘာပေါ်မှာရှိတယ်လို့ ငါတော့မယုံဘူး!”
ချီထျန်းလင်ကတော့ ထိုရလဒ်တွေကို ရယ်စရာကောင်းသည်ဟု ခံစားနေမိသော်လည်း အမှန်ဖြစ်နိုင်ချေများမှန်းလဲ သိနေသည်။ ဒီလူရဲ့ပုံစံက လုံးဝသာမာန်လူတစ်ယောက်နဲ့မှမတူတာ။
ကုနင်းကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲ ထိုသို့သောမယုံနိုင်စရာဖြစ်နိုင်ချေတွေကို ယုံကြည်လေသည်။ ဝံပုလွေနဲ့မူတန်က အတူတူလောက်ပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းကို အန္တရာယ်မဖြစ်ခင် ဒီလူရဲ့မျိုးစိတ်အစစ်အမှန်ကို သူမတို့ အမြန်ဆုံး ရှာဖွေရပေမည်။
“အရင်ဆုံး ကျွန်မ သူ့ကို တစ်ချက်လောက်ကြည့်ဦးမယ်။” ကုနင်းပြောပြီး ထိုလူအနားသို့ကပ်သွားလိုက်သည်။
ထိုလူ၏လည်ပင်းတွင် အပ်ပေါက်တွေအများကြီးရှိနေကာ မေ့ဆေးခဏခဏထိုးပေးခြင်းကြောင့် ကျန်ခဲ့သည့်အရာများဖြစ်လောက်သည်။ ထိုအရာများကိုကြည့်ပြီး ကုနင်းကတော့ မူတန်တွေဖြစ်နိုင်သည်ဟု တွေးမိသွားသည်။
သူမ သန္ဓေပြောင်းကောင်တွေအကြောင်း ဇာတ်ကားများကို ကြည့်ခဲ့ဖူးသည်။ ထိုအရာများသည် တခြားလူတွေအမြင်မှာတော့ အစစ်အမှန်မဟုတ်သော်လည်း ကုနင်းအတွက်တော့ ကိုးကားဖို့အသုံးဝင်သည့်ဇာတ်ကားများပင်။
ဇာတ်ကားထဲတွင် လူတစ်ယောက်သန္ဓောပြောင်းသွားခြင်းသည် တချို့သော ဆေးဝါးများနှင့် လူသတ်တတ်သည့်တိရိစ္ဆာန်တစ်ကောင်ကောင်၏ သွေးကို ကြာရှည်ထိုးသွင်းခြင်း၏ ရလဒ်ဖြစ်ပြီး ထိုလူသည် အထူးပတ်ဝန်းကျင်မှရောင်ခြည်တန်းတွေအောက်တွင် တဖြည်းဖြည်း သန္ဓေပြောင်းသွားခြင်းဖြစ်သည်။ သန္ဓေြောင်းခြင်း အောင်မြင်သွားပြီးနောက် လူတစ်ယောက်၏ပုံပန်းသွင်ပြင်ကပြောင်းလဲသွားကာ တိရိစ္ဆာန်တစ်ကောင်၏အသွင်သဏ္ဍာန်များရှိလာခဲ့သည်။
ထို့အပြင် မူတန်များသည် သာမာန်လူတွေထက် ခွန်အားအရာတွင် သာလွန်သည်သာမကဘဲ ပြန်လည်ကုသနိုင်စွမ်းလဲရှိကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် ဓါတ်ရောင်ခြည်များအောက်တွင် အချိန်ကြာမြင့်စွာ ရှိခဲ့ရခြင်းကြောင့် အသားမာများရှိလာကာ ခုခံနိုင်စွမ်းရည်တို့ တိုးတက်လာသည်။ ဒါကြောင့် ဒဏ်ရာရခဲ့လျှင်တောင် မကြာဘဲ ပြန်ကောင်းသွားကြပေမည်။
သို့သော်လည်း ထိုရောင်ခြည်များကြောင့် သူတို့ဦးဏှောက်တွေက ပျက်စီးသွားကာ ဉာဏ်ရာကမမြင့်တော့ဘဲ နာကျင်မှုကိုလဲ မခံစားနိုင်တော့ပေ။ မူတန်များသည် သေရမှာမကြောက်ကြဘဲ အမိန့်တွေကိုနာခံဖို့ရန်သာ သိကြတော့သည်။
ဒါတွေအားလုံးက အတည်မပြုနိုင်သေးဘဲ ခန့်မှန်းချက်များအဆင့်သာ ရှိသေးတာကြောင့် ကုနင်း သေချာစုံစမ်းပြီး အတည်ပြုရပေဦးမည်။
ထို့နောက် ကုနင်း သူမလွယ်အိတ်ထဲကနေပြီး ဓါးရှည်တစ်ချောင်းကိုထုတ်ယူလိုက်သည်။ ချီထျန်းလင်ကတော့ သူမထိုဓါးကို ထုတ်လိုက်ချိန်တွင် ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။ သူမဆီမှာ သေနတ်တောင်ရှိနေတာကြောင့် ဓါးတစ်ချောင်းရှိနေလို့ အံ့ဩစရာမဟုတ်ပေ။
နောက်တစ်စက္ကန့်မှာပဲ ကုနင်းက ထိုဓါးဖြင့် ကုတင်ပေါ်မှလူ၏လက်မောင်းကို ဖြတ်လိုက်ကာ ချက်ချင်းဆိုသလို မီးခိုးနက်ရောင်သွေးများကျလာလေသည်။
ထို့အပြင် ၁၀စက္ကန့်အတွင်းမှာပဲ သွေးတိတ်သွားကာ ဒဏ်ရာကအလျင်အမြန်ကုသသွားလေသည်။ သူ့ကုသနှုန်းက ကုနင်း၏မှော်စွမ်းအင်ဖြင့် ကုသနိုင်နှုန်းထက်တောင် မြန်ဆန်လှလေသည်။
ထိုလူက သန္ဓေပြောင်းမူတန်ဖြစ်ကြောင်း ကုနင်းသေချာသွားတော့သည်။
ထိုသို့ ပုံမှန်မဟုတ်သည့်အထူးအဆန်းများကို ကုနင်းယုံကြည်သော်လည်း အမှန်တကယ်မြင်တွေ့ရချိန်တွင် မအံ့ဩမိဘဲ မနေနိုင်ခဲ့ပေ။ ဒီကမ္ဘာကြီးက အတော်ကို အန္တရာယ်များတာပဲလို့ သူမခံစားလာရသည်။
သို့ပေမယ့် ချီထျန်းလင်ကတော့ မျက်လုံးတို့ပြူးနေလေသည်။ “ဘာဖြစ်သွားတာလဲ?”
“ရှင်ယုံဖို့တော့ ခက်လောက်ပေမယ့် ဒီလူက မူတန်ဆိုတာတော့ ပြောရဦးမယ်။” ကုနင်း၏အမူအရာက အလွန်လေးနက်နေသည်။
ချီထျန်းလင်လဲ ဤမူတန်ကို မြင်ထားပြီဖြစ်တာကြောင့် သူ့ကိုလျှို့ဝှက်နေဖို့ မဖြစ်နိုင်တော့ပေ။
“တကယ်ကြီးလား?”
ချီထျန်းလင်မယုံနိုင်ဖြစ်နေခဲ့သည်။ သန္ဓေပြောင်းလူသားတွေ တကယ်ပဲရှိနေတာလား?
“သေချာရဲ့လား?” ချီထျန်းလင်မေးလိုက်သည်။ “သူက တကယ်ပဲ မူတန်လို့ မင်းထင်နေတာလား?”
“မူတန်တွေက သာမာန်လူတွေနဲ့မတူဘူး။ သူတို့ရဲ့ခွန်အားနဲ့ ကိုယ့်ကိုယ်ကို ကုသနိုင်စွမ်းနှစ်ခုလုံးက အရမ်းကောင်းတယ်။ ကျွန်မ သူ့အရေပြားကို ခပ်နက်နက်ဖြတ်လိုက်တာပေမယ့် စက္ကန့်ပိုင်းအတွင်း ပြန်ကောင်းသွားတယ်မဟုတ်လား။ ရှင်မယုံဘူးဆိုရင်တော့ ကျွန်မလဲ ဘာပြောရမှန်းမသိတော့ဘူး။”
ချီထျန်းလင်မှာ မယုံနိုင်စရာကောင်းလှသည်ဟု တွေးနေမိသေးသော်လည်း ကုနင်းကိုသာ ယုံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
“မူတန်တွေတကယ်ရှိနေတယ်ဆိုတော့ ငါအရမ်းအံ့ဩသွားလို့ပါ။”
“ဒီကမ္ဘာပေါ်မှာ မျိုးစိတ်တွေအများကြီးရှိတယ်၊ ရှင်လဲ တချိန်မှာ သူတို့တွေကို တွေ့လာရနိုင်တယ်။”
ရုတ်တရက် ချီထျန်းလင်တစ်ခုခုကိုတွေးမိသွားကာ ကုနင်းကိုမေးလိုက်သည်။ “မင်းအရင်ကတည်းက ဒီလိုအထူးအဆန်းတွေကို ယုံကြည်တာလား? ဘာလို့ နည်းနည်းလေးမှမအံ့ဩသွားတာလဲ?”
“တကယ်လို့ ကျွန်မအရင်က သရဲတွေနဲ့တွေ့ဖူးတယ်လို့ပြောရင် ရှင်ယုံမှာလား?” ကုနင်း ချီထျန်းလင်ကို စနောက်သလိုနှင့်မေးလိုက်သည်။
ကုနင်း စနောက်သလိုပြောလိုက်သော်လည်း ချီထျန်းလင်ကတော့ သူမအတည်ပြောနေသည်ဟု ခံစားရကာ သူ့တစ်ကိုယ်လုံး ကြက်သီးထသွားလေသည်။
သူတော့ သရဲတွေကို တစ်ခါမှမမြင်ဖူးပါဘူး။
“ငါမယုံခဲ့ဘူး။ တစ်ယောက်ယောက်ကသာ ဒီစကားမျိုးပြောလာရင် လာနောက်နေတယ်လို့ပဲတွေးမှာ။ ဒါပေမယ့် အခုတော့ ငါ့စိတ်ကိုပြောင်းသင့်သွားပြီ။”
ချီထျန်းလင် အနည်းငယ်သင်္ကာမကင်းဖြစ်နေသေးသော်လည်း ဒီကမ္ဘာပေါ်မှာ သရဲတွေ မကောင်းဆိုးဝါးတွေရှိတာဖြစ်နိုင်ကြောင်း ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်သည်။
“ငါတို့ ဘာဆက်လုပ်ကြမလဲ?” ချီထျန်းလင် မေးလိုက်သည်။
သူတို့တွေ ဒီမူတန်ကိုရှင်းဖို့ နည်းလမ်းကောင်းတစ်ခုရှာသင့်ပေသည်။ ချီထျန်းလင်မှာတော့ ဘာလုပ်သင့်လဲ အတွေးကိုမရှိတာကြောင့် ကုနင်းကိုသာ မေးရတော့သည်။
ချီထျန်းလင် စကားဆုံးသွားရုံရျိသေး မူတန်က ကြိုးတွေအားလုံးကို ဖြတ်တောက်ပစ်လေသည်။ မေ့ဆေးက အလုပ်မလုပ်တော့ပုံပင်။ ဒါကြောင့် သူ့ခွန်အားတွေပြန်ရလာခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ မူတန်က ခုန်ထလာကာ ချီထျန်းလင်ကို ချက်ချင်းတိုက်ခိုက်တော့သည်။
သူ့ပစ်မှတ်က ချီထျန်းလင်မှန်း သိသာလှပေသည်။
ဒါကြောင့်ပဲ ကားပါကင်မှာ ရုတ်တရက်ကြီး ထွက်ပေါ်လာကာ ချီထျန်းလင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
***
အခန်း ၁၁၉၇ မူတန်ကိုသတ်ခြင်း
“အပြင်မြန်မြန်ထွက်ပြီး တံခါးပိတ်သွား။ ကျွန်မခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ အခန်းထဲဝင်မလာစေနဲ့!” ကုနင်း အလျင်စလိုအော်လိုက်သည်။
ထိုစကားကြောင့် ချီထျန်းလင် အံ့ဩသွားကာ၊ “မဖြစ်ဘူး။ မင်းကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ အရမ်းအန္တရာယ်များတယ်။”
ကုနင်း၏ ကိုယ်ခံပညာက အတော်လေးကောင်းကာ သူ့ထက်တောင် သာလွန်မှန်း ချီထျန်းလင်သိသော်လည်း ဒီသန္ဓေပြောင်းကောင်က အရမ်းရန်လိုနေလေသည်။
“ကိစ္စမရှိဘူး။ ကျွန်မ ကိုင်တွယ်နိုင်တယ်၊ ဒါပေမယ့် တစ်ယောက်တည်းဆိုမှအဆင်ပြေမှာ။”
ချီထျန်းလင် ခဏတာနှုတ်ဆိတ်သွားပြီးနောက်မှာမှ သဘောတူလိုက်သည်။ “ကောင်းပြီလေ၊ မင်း သေချာပေါက် အန္တရာယ်ကင်းကင်း ပြန်ထွက်လာမှတော့ ရမယ်။”
“ဟုတ်ပါပြီ။” ကုနင်းဘက်ကတော့ ယုံကြည်ချက်အပြည့်ပင်။
ထို့နောက် ချီထျန်းလင် အပြင်ထွက်ကာ တံခါးကိုမပိတ်လိုက်ခင် ကုနင်းကို အတော်ကြာကြည့်သွားသေးသည်။
ချီထျန်းလင် အခန်းပြင်ထွက်လာသည်နှင့် အခန်းထဲတွင် တိုက်ခိုက်နေကြသည့် ဆူဆူညံညံအသံများကို ယွီဟောက်နှင့် ချန်းဟွာတို့ကြားလိုက်ကြကာ၊ “ချီ၊ မစ္စကု သူ…”
“မေ့ဆေးကပြယ်သွားပြီ ကုနင်းက သူတစ်ယောက်တည်း ဖြေရှင်းနိုင်တယ်လို့ပြောတယ်။” ချီထျန်းလင်လဲ စိုးရိမ်နေခဲ့သည်။
ထိုလူက သန္ဓေပြောင်းမူတန်တစ်ကောင်ဖြစ်ကြောင်းကိုတော့ ထည့်မပြောခဲ့ပေ၊ ဒါက အရမ်းထူးဆန်းလွန်းကာ သူလဲ ဘယ်လိုရှင်းပြရမှန်း မသိခြင်းကြောင့်ဖြစ်သည်။ ဒါ့အပြင် ဒီအကြောင်းကို သိသူနည်းလေး ပိုကောင်းလေပင်။
……
အိပ်ခန်းထဲတွင်တော့ ချီထျန်းလင်ထွက်သွားသည်နှင့် ကုနင်း နတ်ဆိုးကျောင်းကို ထုတ်ကာ မူတန်အား ဖြေရှင်းခိုင်းလိုက်သည်။
နတ်ဆိုးကျောင်း ရုတ်ချည်းပေါ်ထွက်လာသည့်အပေါ် မူတန်က လုံးဝအံ့ဩသွားခြင်းမရှိဘဲ နဂိုအတိုင်း မျက်နှာသေဖြင့်သာ ရှိနေသည်။ သူ့ဦးဏှောက်က လုံးဝပျက်စီးထားပြီဖြစ်တာကြောင့် တိုက်ခိုက်ဖို့ကိုသာ သိပြီး ဘာကိုမှကြောက်ရွံ့ခြင်းမရှိတော့ပေ။
“အရင်ဆုံး ထိန်းချုပ်လိုက်။” ကုနင်း နတ်ဆိုးကျောင်းကို အမိန့်ပေးလိုက်သည်။
နတ်ဆိုးကျောင်းကလဲ ချက်ချင်းဆိုသလို မူတန်ကို တိုက်ခိုက်လေသည်။
နတ်ဆိုးကျောင်းသည် အလွန်သန်မာပေမယ့် မူတန်ရဲ့ ခုခံစွမ်းရည်ကလဲ အလွန်မြင့်တာကြောင့် နတ်ဆိုးကျောင်းအနေနှင့် အချိန်တိုအတွင်း မူတန်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ကူခဲ့ပေ။
သို့သော် သူတို့နှစ်ဦး၏တိုက်ရည်ခိုက်ရည်က အဆင့်လုံးဝကွာခြားနေတာကြောင့် မူတန်အနေနဲ့ နတ်ဆိုးကျောင်းကို ထိခိုက်အောင် လုပ်နိုင်ဖို့ဆိုတာလဲ ခက်ခဲလှသည်။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးကျောင်းသည် နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် ကျင့်ကြံခဲ့သည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတုန်းပင်။
တစ်ဖက်က မူတန်ကတော့ဖြင့် လူသားမျိုးနွယ်ကနေပြီး သန္ဓေပြောင်းသွားခြင်းဖြစ်ကာ ချီထျန်းလင်နှင့် သူ့သက်တော်စောင့်နှစ်ယောက်ပေါင်းလိုက်လျှင်တောင် ထိန်းချုပ်နိုင်သူဖြစ်သည်။
နှစ်မိနစ်ကြာပြီးနောက် နတ်ဆိုးကျောင်းက မူတန်၏တစ်ကိုယ်လုံးကို ရစ်ပတ်သွားနိုင်ခဲ့ကာ မူတန်လဲ လုံးဝမလှုပ်နိုင်တော့ပေ။
“သူ့ကိုဘယ်လိုရှင်းထုတ်ရမလဲ မင်းသိလား?” ကုနင်းမေးလိုက်သည်။
“သူက ယင်စွမ်းအင်ရှိနေတာလဲမဟုတ်ဘူး၊ ကျင့်ကြံထားတဲ့သူလဲမဟုတ်ပေမယ့် အရမ်းရန်လိုပြီး ကုသနိုင်စွမ်းကလဲ တော်တော်ကောင်းတယ်။ သူက သာမာန်လူသားတစ်ယောက်လဲမဟုတ်ဘူးဆိုတော့ ငါလဲ သူ့ကိုဘယ်လိုရှင်းရမယ်မသိဘူး။” နတ်ဆိုးကျောင်း ပြန်ပြောလိုက်သည်။
နတ်ဆိုးကျောင်းသည် ဤကမ္ဘာနှင့်မသက်ဆိုင်သူဖြစ်တာကြောင့် မူတန်တစ်ကောင်ကို ဘယ်လိုရှင်းထုတ်ရမလဲဆိုသည်အား မစဉ်းစားနိုင်ပေ။ ဒါ့အပြင် မူတန်များသည် ရှားပါးကာ ထူးဆန်းသည့်မျိုးစိတ်လဲဖြစ်တာကြောင့် ရှင်းထုတ်ဖို့ မလွယ်လှပေ။
ဒါနဲ့ ကုနင်းလဲ မူတန်ဘယ်လိုဖြစ်ပေါ်လာပုံကို နတ်ဆိုးကျောင်းအား ရှင်းပြလိုက်သည်။
“ဒီလိုသာဆို သူ့ကိုယ်ထဲက သွေးတွေအားလုံးကို ခမ်းအောင်လုပ်ပစ်ဖို့ပဲ တတ်နိုင်မယ်၊ ဒါပေမယ့် သူ့ရဲ့ကုသမှုစွမ်းရည်က မယုံနိုင်လောက်အောင် ကောင်းတော့ ဒီနည်းကလဲ တော်တော်လေးခက်ဦးမယ်။” ထိုနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်နိုင်မလားဆိုတာ နတ်ဆိုးကျောင်းလဲမသိပေမယ့် လောလောဆယ် သူထိုတစ်နည်းကိုသာ တွေးနိုင်ပေသည်။
“ကောင်းပြီလေ၊ စမ်းကြည့်ကြတာပေါ့!”
နတ်ဆိုးကျောင်းလဲ မူတန်၏လည်ပင်းကို ကိုက်လိုက်ကာ သွေးများကို စုပ်ယူလိုက်သည်။
မူတန်၏ကိုယ်ထဲမှသွေးတွေက ဆက်တိုက်စီးဆင်းနေတာကြောင့် သွေးအားလုံးစုပ်ထုတ်ပစ်ဖို့ဆိုတာက အတော်လေးအားစိုက်ရသည့်အလုပ်ပင်။ ၁၀မိနစ်ကျော်လောက် စုပ်ယူပြီးတာတောင်မှ မူတန်၏အခြေအနေမှာ အနည်းငယ်ဖြူဖျော့သွားရုံသာရှိသေးသည်။
နတ်ဆိုးကျောင်းက သွေးတွေကိုဆက်တိုက်စုပ်ယူနေတာကြောင့် မူတန်၏မျက်နှာသည် ပိုပိုပြီးဖြူစုပ်လာပေမယ့် သွေးတွေအားလုံး ခမ်းခြောက်သွားစေဖို့ကတော့ ခက်ခဲနေတုန်းပင်။
နာရီဝက်မျှကြာပြီးနောက်မှာတော့ မူတန်၏ကိုယ်ထဲမှာ သွေးသုံးပုံနှစ်ပုံကို ဖယ်ရှားသွားနိုင်ခဲ့ကာ မူတန်လဲ ပြန်လည်တိုက်ခိုက်ဖို့ အင်အားမရှိတော့ပေ။
ကုနင်း အိပ်ခန်းထဲတွင် အချိန်အကြာကြီးရှိနေတာကြောင့် ချီထျန်းလင်စိုးရိမ်လာတော့သည်။ သူမဒဏ်ရာများ ရနေတာလား။
ဒါပေမယ့် သူဘယ်လောက်ပဲ အထဲသို့ဝင်ကြည့်ချင်နေပါစေ ကုနင်းက ချီထျန်းလင် နတ်ဆိုးကျောင်းကိုမြင်သွားမည်စိုး၍ တံခါးကိုသော့ခတ်ထားခဲ့သည်။
ကံကောင်းစွာဖြင့် နောက်၁၀မိနစ်ကြာပြီးချိန်မှာတော့ မူတန်၏သွေးအားလုံးကို နတ်ဆိုးကျောင်း စုပ်ယူသွားနိုင်ခဲ့ကာ မူတန်လဲ နောက်ဆုံးထွက်သွက်ကို ရှိုက်ထုတ်သွားတော့သည်။
“အမယ်လေး၊ သူ့သွေးတွေကို စုပ်ထုတ်ရတာ တကယ်ကိုခက်တာပဲ။” နတ်ဆိုးကျောင်း ညီးညူလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ လောလောဆယ်တော့ စိတ်စွမ်းအင်အာကာပြင်ထဲပဲ ပြန်ဝင်မှဖြစ်ဦးမယ်။ နောက်ရက်ပိုင်းလောက်နေရင် မြစ်ထဲလွှတ်ပေးမှာမို့လို့ အဲ့တော့မှ ပျော်ပျော်ကြီးနေတော့။”
“ကောင်းလိုက်တာ!” နတ်ဆိုးကျောင်း ပျော်ရွှင်သွားတော့သည်။
ထို့နောက် ကုနင်းက သူ့ကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ ပြန်ထည့်လိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်သည်။
အခန်းတံခါးဖွင့်သံကို ကြားသည်နှင့် ချီထျန်းလင် ချက်ချင်း တံခါးနားသို့သွားလိုက်ကာ အသက်တောင်အောင့်ပြီး တံခါးကိုစူးစိုက်ကြည့်နေလေသည်။
“မင်းအဆင်ပြေရဲ့လား?” ကုနင်းထွက်လာသည်နှင့် ချီထျန်းလင် အလျင်စလိုမေးလိုက်သည်။
“ဒါပေါ့၊ အဆင်ပြေပါတယ်၊ ဟိုလူသေသွားပြီ။”
“မင်းအဆင်ပြေတာ သေချာရဲ့လား?” ချီထျန်းလင် ထပ်မေးလိုက်ပြန်သည်။
ချီထျန်းလင် သူမအတွက် စိုးရိမ်နေခြင်းကြောင့်ဖြစ်မှန်း ကုနင်းနားလည်တာကြောင့် စိတ်ရှည်ရှည်နှင့် ထပ်ဖြေပေးလိုက်သည်။ “တကယ်အဆင်ပြေပါတယ်၊ အဲ့လောက်စိုးရိမ်နေဖို့မလိုဘူး။ ကျွန်မမျက်နှာကိုကြည့်ပါလား၊ အရမ်းကောင်းတယ်၊ ဘာမှမဖြစ်ဘူး။”
***
အခန်း ၁၁၉၈ ကုနင်းနောက်လိုက်နေတယ်
သန္ဓေပြောင်းလူသားကို ဘယ်သူစေလွှတ်ခဲ့မှန်း မသိရသေးတာကြောင့် ချီထျန်းလင်သည်လဲ အသက်အန္တရာယ်ရှိနေတုန်းပင်။
“ကျေးဇူးပါပဲ။” ချီထျန်လးလင်လဲ နောက်ထပ်မူတန်တစ်ကောင်သာထပ်ပေါ်လာလျှင် သူအနိုင်ယူနိုင်ပါ့မလား မသေချာပေ။
မူတန်ကို ခဏတဖြုတ်လောက်တော့ ကြိုးတုတ်ထားလို့ရမယ်ဆိုရင်တောင် တစ်လျှောက်လုံး သူ့ဘေးမှာ ထား,ထားလို့တော့မဖြစ်ပေ။ မူတန်က သူ့ကိုသတ်ဖို့ရောက်လာပေမယ့် ရှုံးနိမ့်သွားခဲ့တယ်ဆိုတော့ သူ့ကိုဆက်ပြီး ပစ်မှတ်ထားနေကြဦးမှာပင်။
သူ့မှာလဲ ရန်သူတွေကပေါများလှတာကြောင့် လက်ရှိကိစ္စ၏နောက်ကွယ်ကလူက ဘယ်သူမှန်း သူမသိတော့ပေ။ အရင်ကလဲ သူ့ကိုလူပေါင်းများစွာက သတ်ဖို့ကြိုးစားခဲ့ကြပေမယ့် အခုလို မူတန်တစ်ကောင်လွှတ်ပြီး သတ်ခိုင်းတာကတော့ ပထမဆုံးကြုံဖူးတာပင်။
ဘာပဲဖြစ်ဖြစ် မူတန်တစ်ကောင်ကတင် သာမာန်သတ်ဖြတ်သူတစ်ဦးထက်ကို အဆများစွာ သန်မာနေပေပြီ။
“မင်းရော? ငါ့ကိုဒီတစ်ခေါက် ကူညီပေးလိုက်တဲ့အတွက် မင်းအဆင်ပြေပါ့မလား?” ရုတ်တရက် ချီထျန်းလင်မေးလိုက်သည်။ ကုနင်းသာ သူ့ကြောင့် အသက်အန္တရာယ်ရှိနေရလျှင် သူအပြစ်ရှိသလိုခံစားရနေပေမည်။
ချီထျန်းလင်ကို အပြစ်ရှိသလိုခံစားရအောင် လုပ်ဖို့က မလွယ်လှသော်လည်း ကုနင်းအတွက်ကိုတော့ သူအမှန်တကယ်စိုးရိမ်နေမိလေသည်။
“အဆင်ပြေပါတယ်၊ ကျွန်မကိုယ်ကျွန်မကာကွယ်နိုင်တယ်။”
နတ်ဆိုးကျောင်းနဲ့သာဆို ကုနင်း ဘာကိုမှစိုးရိမ်နေဖို့မလိုပေ။ တကယ်လို့ သူမမှာ နတ်ဆိုးကျောင်းရှိမနေရင်တောင် သူမသည်လဲ အားနည်းသူတစ်ယောက်မဟုတ်ပေ။
ချီထျန်းလင် ခေါင်းညိတ်လိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ငါတို့ ညနေစာအတူစားကြရင်ဘယ်လိုလဲ?”
“ကျေးဇူးပါပဲ၊ ဒါပေမယ့် ကျွန်မ ဒီနေ့လုပ်စရာလေးတွေရှိသေးတယ်။”
“ကောင်းပြီလေ။” ချီထျန်းလင် စိတ်ပျက်သွားသော်လည်း ကုနင်း အရမ်းအလုပ်များမှန်းသိနေတာကြောင့် အတင်းမတိုက်တွန်းပေ။
ထို့နောက် ချီထျန်းလင်က ကုနင်းကိုအပြင်လိုက်ပို့ပေးရန် ယွီဟောက်ကို ပြောလိုက်သည်။
…..
ဓါတ်လှေကားထဲကထွက်ပြီးနောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် နောက်ကွယ်မှလူရှိနေလောက်လား လှည့်ပတ်ရှာကြည့်လိုက်သည်။ သို့သော်လည်း ဘယ်သူ့ကိုမှမတွေ့ရတာကြောင့် သူမလဲ ကားကိုသာ မောင်းထွက်ခဲ့တော့သည်။
သူမရှာမတွေ့ခဲ့ပေမယ့် မူတန်ကိုထိန်းချုပ်သူတစ်ယောက်တော့ မရှိဘဲမနေမှန်း သိလေသည်။
ထိုလူက မူတန်ကိုထိန်းချုပ်နိုင်တယ်ဆိုမှတော့ သာမာန်လူဘယ်လိုမှမဖြစ်နိုင်ပေ။ ထို့အပြင် သူက ကုနင်းရှာမတွေ့အောင်ပါ ပုန်းကွယ်နိုင်စွမ်းလဲရှိနေသေးသည်။
ဘာပဲဖြစ်ဖြစ် အခုကစလို့ သူမပိုဂရုစိုက်ဖို့လိုနေပြီမှန်း ကုနင်းသိပေသည်။
တကယ်တော့ ကုနင်း မြေကမ္ဘာကလပ်ထဲသို့ဝင်လိုက်ကတည်းက မူတန်ကိုထိန်းချုပ်သူသည် စောင့်ကြည့်နေခဲ့ကာ ချီထျန်းလင်၏သက်တော်စောင့် ယွီဟောက်ကိုလဲ သူသတိထားမိလေသည်။ ယွီဟောက်က ကုနင်းကိုစောင့်နေခဲ့ခြင်းဖြစ်မှန်းလဲ သိနေခဲ့သည်။ ဒါကြောင့် ကုနင်း မူတန်ကိုရှင်းဖို့အတွက် လာခြင်းဖြစ်မှန်း သိသာနေသည်။
သို့သော်လည်း မူတန်ဆိုသည်က သာမာန်လူများ၏တွေးခေါ်နိုင်စွမ်းအပြင်ဘက်ကို ရောက်နေသည့် သတ္တဝါတစ်ကောင်ဖြစ်တာကြောင့် ကုနင်းတို့ ဘယ်လိုဖြေရှင်းမလဲဆိုသည်ကို သူစဉ်းစားလို့မရပေ။
အခုချိန်မှာ မူတန်သည် ချီထျန်းလင်၏ထိန်းချုပ်ထားမှုအောက်တွင် ရောက်ရှိနေသော်လည်း မူတန်သည် မယုံနိုင်စရာကောင်းလောက်အောင် သန်မာသူဖြစ်တာကြောင့် သေချာပေါက် အဆင်ပြေနေလိမ့်မည်ဟု သူယုံကြည်နေခဲ့သည်။
ထိန်းချုပ်သူသည် သူ့အမိန့်တွေကို မူတန်နားထောင်တာကိုလဲ လိုချင်သူဖြစ်တာကြောင့် တကယ်တမ်း သူထိန်းချုပ်နေသည့် မူတန်က သေသွားပြီဖြစ်ကြောင်းကို မသိခဲ့ပေ။
…..
ကုနင်းထွက်သွားသည်နှင့် ချီထျန်းလင်လဲ မြေအောက်ထပ်မှနေ အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။
သူတို့ မူတန်၏အလောင်းကိုရှင်းဖို့လိုသော်လည်း အခုချက်ချင်းတော့မဟုတ်သေးပေ။ ညကျမှလှုပ်ရှားလို့ဖြစ်ပေမည်။
ချီထျန်းလင်သည် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူတွေအများကြီး သတ်ခဲ့ဖူးတယ်ဆိုရင်တောင် ဒီကလပ်ကတော့ သူ့ပိုင်နက်မဟုတ်တာကြောင့် ပိုပြီးသတိထားမှဖြစ်ပေမည်။
….
ကုနင်း ကလပ်မှထွက်လာပြီး မကြာခင်မှာပဲ သူမနောက်က တစ်ယောက်ယောက် လိုက်လာနေကြောင်း သတိထားမိသွားသည်။
မီးပွိုင့်မီးနီသွားချိန်တွင် ကုနင်းလဲ ကျောက်စိမ်းမျက်ဝန်းဖြင့် သူမနောက်က ကားထဲကလူ ဘယ်သူလဲ ကြည့်လိုက်သည်။
နောက်ကကားထဲတွင် ကားမောင်းသည့် အသက်၃၀ခန့်အရွယ် ယောက်ျားတစ်ယောက်သာရှိပြီး ကြည့်ကောင်းသည့်ရုပ်ရှည်မျိုးရှိသည်။
တစ်ဖက်လူက သူမနောက်လိုက်လာမှတော့ သူမလဲ မျက်နှာချင်းဆိုင်တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါကြောင့် သူမမြေပုံကိုကြည့်လိုက်ပြီး လူခြေတိတ်နေရာမျိုးကို ရှာလိုက်သည်။
အတော်ကြာမောင်းလာပြီးနောက်မှာတော့ မြစ်ကမ်းဘေးတစ်နေရာကို ကုနင်းရောက်သွားခဲ့သည်။ ထို့နောက် ကားကိုအဆင်ပြေသလို ရပ်လိုက်ကာ ကားထဲမှထွက်လာခဲ့သည်။ သူမကတော့ စိတ်အခြေအနေသိပ်မကောင်း၍ မြစ်ကမ်းဘေးလမ်းလျှောက်ချင်သလို ဟန်ဆောင်နေလေသည်။
တစ်ဖက်လူသည်လဲ ကုနင်း၏ကားနှင့်သိပ်မဝေးသည့်နေရာတွင် ရပ်သွားကာ ကုနင်းနောက်က လမ်းလျှောက်လိုက်ခဲ့သည်။
“ဟေး အလှလေး၊ မင်းတစ်ယောက်တည်း လမ်းလျှောက်ထွက်နေတာလား?” တစ်ဖက်လူက ကုနင်းကို စကားစပြောလာသည်။ သူ့ပုံစံက ကြင်နာတတ်ပုံပေါ်ပြီး ကုနင်းကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဟန်ပေါ်နေသည်။ သို့သော်လည်း ကုနင်းကတော့ သူ့မျက်လုံးတွေက သူ့ပုံစံနှင့်မတူညီကြောင်း ခံစားရကာ ဟန်ဆောင်နေခြင်းဖြစ်မှန်း သိလိုက်သည်။
“ဟုတ်တယ်လေ။” ကုနင်းပြန်ဖြေလိုက်ပြီး ထိုလူကို သိပ်အာရုံမထားခဲ့ပေ။
***
အခန်း ၁၁၉၉ လီကျုံးဝေ့
“ကျွန်မကိုပြောစရာရှိလို့လား?” ကုနင်းမေးလိုက်သည်။
“မင်း တကယ်တော့ အစောကတည်းက ငါမင်းနောက်လိုက်နေမှန်း သိနေတာမဟုတ်လား?”
ကုနင်း အံ့ဩသွားမိလေသည်။ တစ်ဖက်လူ ထိုစကားပြောလာလိမ့်မယ်လို့ သူမ,မထင်ထားခဲ့ပေ။
တစ်ဖက်လူက ငတုံးမဟုတ်မှတော့ သူမလဲ ဆက်ပြီးဟန်ဆောင်မနေတော့ဘဲ မျက်နှာအမူအရာက ချက်ချင်းအေးစက်သွားတော့သည်။ “ဘာလို့ ငါ့နောက်လိုက်နေတာလဲ?”
“ငါမင်းနဲ့ အပေးအယူတစ်ခုလုပ်ချင်လို့။”
“ဘာကိုလဲ?”
“အမ်…” တစ်ဖက်လူက ပါးစပ်ကိုဟလိုက်ပေမယ့် ဘာမှပြောမလာခဲ့ပေ။ ထိုအစား ကုနင်းကို ရုတ်တရက်ကြီး တိုက်ခိုက်လာကာ ကုနင်း သတိလက်လွတ်ဖြစ်နေချိန် အခွင့်ကောင်းယူဖို့ ကြံနေလေသည်။
ကုနင်းက အစကတည်းက သတိကပ်ထားသူဖြစ်တာကြောင့် ချက်ချင်း သူမကိုယ်သူမကာကွယ်လိုက်ကာ ထိုလူနှင့်တိုက်ခိုက်တော့သည်။
ကုနင်းပြန်တိုက်ခိုက်လာသည့်အတွက် ထိုလူကအံ့ဩသွားပုံမရဘဲ ပိုတောင် စိတ်လှုပ်ရှားနေပုံပေါ်လေသည်။
တစ်ဖက်လူက အားမနည်းသော်လည်း ကုနင်းကတော့ မကြာခင်မှာပဲ တိုက်ပွဲအခြေအနေကို ထိန်းချုပ်နိုင်သွားကာ တစ်ဖက်လူကို အလွယ်လေး ချုပ်ထားလိုက်တာကြောင့် မလှုပ်နိုင်တော့ပေ။ ကုနင်း၏အရည်အချင်းကြောင့် ထိုလူအလွန်အံ့ဩသွားပေမယ့် တစ်ချိန်တည်းမှာပဲ ကျေနပ်နေပုံလဲပေါ်သည်။
သူ့အမူအရာတွေအားလုံးကို ကုနင်းမလွတ်တမ်းသတိထားနေတာကြောင့် စိတ်ရှုပ်သွားရသည်။ ဒီလူ ဘာကြောင့် သူမနောက်လိုက်ပြီး သူမကိုတိုက်ခိုက်ပြီးတာတောင်မှ ကြင်နာသလိုပုံစံဟန်ဆောင်နေသေးမှန်း သူမနားမလည်နိုင်တော့ပေ။
“ပြောစမ်း၊ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ?” ကုနင်း၏အသံက အလွန်အေးစက်နေသည်။
“မစ္စကု၊ ငါမင်းကိုထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ မင်းအကြောင်းသတင်းတွေးအများကြီးဖတ်ဖူးလို့ မင်းရဲ့ကိုယ်ခံပညာထူးချွန်မှုကို သိထားတယ်၊ ဒါကြောင့် မင်းနဲ့အပျော်သဘော ပြိုင်ပွဲလေးလုပ်ချင်ခဲ့ရုံပါ။” ထိုလူ အမှန်အတိုင်းပြောနေပုံပေါ်သော်လည်း ကုနင်းကတော့ မယုံသေးပေ။
ထိုလူကို မူတန်၏ထိန်းချုပ်သူဟု ကုနင်းထင်နေတာကြောင့် လွယ်လွယ်နဲ့ လွှတ်မပေးသေးပေ။
နောက်ကွယ်ကကြိုးကိုင်သူက သူမကိုတိုက်ရိုက်လာတိုက်ခိုက်မည်ကို သူမကြောက်သော်လည်း သူမမိသားစုနှင့် သူငယ်ချင်းများကိုပါ ခြိမ်းခြောက်လာမည်ကိုတော့ စိုးရိမ်မိသည်။
“အပျော်သဘော? ငါတော့မထင်ဘူး။” ကုနင်း ထေ့ငေါ့လိုက်သည်။
ထိုလူအတော်လေးအကျပ်ရိုက်သွားရသည်။ တကယ်တော့ သူ့သဘောနဲ့သူ ကုနင်းနှင့်တစ်ခေါက်လောက် ကစားရန် စတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ သူမကိုထိခိုက်အောင်လုပ်ဖို့တော့ ရည်ရွယ်ချက်မရှိခဲ့ပေ။
ကုနင်း မြေကမ္ဘာကလပ်မှထွက်လာသည်ကို သူမြင်လိုက်ရတာကြောင့် သူမကိုမှတ်မိသွားပြီး နောက်မှလိုက်လာခဲ့ခြင်းဖြစ်သည်။
“မစ္စကု၊ ငါတကယ်တောင်းပန်ပါတယ်။ ဒါငါ့အမှားပါ၊ ငါပြောတာယုံပေးပါ။ တကယ်ပဲ မင်းကိုအန္တရာယ်ပေးဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ တကယ်တမ်း ငါကတောင် မင်းအကူအညီလိုနေတဲ့သူပါ။” ထိုလူ အရိုးသားဆုံးထပ်ပြောလိုက်သည်။
ကုနင်း သံသယရှိနေသေးတုန်းဆိုသော်လည်း သူ့ရဲ့ရိုးသားလှသည့်ပုံစံကိုမြင်ပြီးနောက် တစ်ခေါက်လောက် အခွင့်အရေးပေးလိုက်သည်။ သူ့ကို ချုပ်ထားသည်အား လွှတ်ပေးလိုက်ပေမယ့် ထွက်မပြေးနိုင်အောင်လို့ မျက်စိဒေါက်ထောက်ကြည့်နေသေးသည်။
ထိုလူလဲ လွတ်သွားသည်နှင့် သူ့လက်တွေသူလွှဲကာ ကြွက်သားကိုဖြေလျှော့ပြီးနောက် လေးနက်သည့်အမူအရာဖြင့်၊ “မစ္စကု၊ ငါ့ကိုယ်ငါအရင်ဆုံး မိတ်ဆက်ပါရစေ။ ငါက လီကျုံးဝေ့၊ Bမြို့လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်ပဲ။”
ပြောရင်းဆိုရင်း သူ့အိတ်ကပ်ထဲမှ အထောက်အထားကဒ်ကို ထုတ်ကာ ကုနင်းကိုပေးလိုက်သည်။
ကုနင်းစစ်ကြည့်လိုက်ကာ သူက အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟု ရေးထားသည်။ သို့သော်လည်း ဒီအထောက်အထားကဒ်က အစစ်ဟုတ်မဟုတ်တော့ ကုနင်းသေချာမသိပေ။
“ဒါအစစ်လား?” ကုနင်းမေးလိုက်သည်။
“တကယ်ကို အစစ်ပါ။ ဒါမျိုးကို အတုလုပ်ရင် အဖမ်းခံရမှာပေါ့။ ”
ကုနင်း ခေါင်းညိတ်လိုက်ကာ လီကျုံးဝေ့ကို ယုံလိုက်တော့သည်။
“ကျွန်မဆီက ဘာအကူအညီလိုတာလဲ?”
“ငါတို့အဖွဲ့က အခုအရမ်းအရေးကြီးတဲ့တာဝန်တစ်ခုကိုလုပ်နေရတယ်၊ ဒါပေမယ့် ရန်သူကို အနီးကပ်စောင့်ကြည့်ပြီး ရန်သူ့နယ်မြေထဲ ခိုးဝင်ဖို့ အမျိုးသမီးတစ်ယောက်လိုနေတယ်။ ဒီအမျိုးသမီးက သေချာပေါက် အရမ်းအားကောင်းနေဖို့ လိုတယ် မဟုတ်ရင် သူ့အတွက် အရမ်းအန္တရာယ်များတယ်။ ငါတို့လက်နက်ကိုင်အထူးတပ်ဖွဲ့မှာ အမျိုးသမီးအဖွဲ့ဝင်တွေ့ရှိတယ်ဆိုပေမယ့် သူတို့တွေက ငါ့ကိုတောင် အနိုင်မယူနိုင်ကြဘူး၊ ဒါကြောင့် ဒီတာဝန်ကို သူတို့ပြီးဆုံးအောင် မလုပ်နိုင်မှာ စိုးရိမ်မိတယ်။ ပြီးတော့ ငါတို့ရန်သူတွေက အရမ်းအင်အားကြီးလွန်းတယ်။ မင်းမြေကမ္ဘာကလပ်ကထွက်လာတာမြင်လိုက်ရတော့ အခွင့်သင့်သွားပြီဆိုပြီး တွေးလိုက်တာ၊ မင်းလုပ်ဆောင်ခဲ့တဲ့ကိစ္စတွေအများကြီး ငါကြားဖူးထားတော့ မင်းသာဆို ငါတို့ကိုကူညီနိုင်မယ်လို့ တွေးမိတယ်။ မင်းသာ ငါတို့ကိုကူညီပေးမယ်ဆို အကောင်းဆုံးဆိုပေမယ့် အတင်းတော့ ဖိအားမပေးပါဘူး။ ပြောရရင် ဒီတာဝန်က အရမ်းအန္တရာယ်များလွန်းတယ်။”
အခုချိန်မှာ ကုနင်းတစ်ယောက်သာ သူတို့ကိုကူညီနိုင်သူဟု လီကျုံးဝေ့ယုံကြည်နေလေသည်။
….
ယခုကိစ္စက အရေးပေါ်အခြေအနေမှန်း ကုနင်းသိလေသည်။ သူတို့ကလဲ နိုင်ငံနှင့်လူမျိုးကို ကာကွယ်ဖို့ လုပ်နေကြခြင်းဖြစ်တာကြောင့် ကုနင်းအနေနဲ့ သူ့တောင်းဆိုချက်ကို ငြင်းဖို့အထိ အသည်းမမာနိုင်ပေ။
“ရှင်တို့ ပစ်မှတ်ကိုချဉ်းကပ်ဖို့အတွက် ဘာကြောင့် အမျိုးသမီးလိုတာလဲဆိုတာ သိလို့ရမလား?” ကုနင်းမေးလိုက်သည်။
လီကျုံးဝေ့အတော်အတန် တုန့်ဆိုင်းသွားသော်လည်း ပြောပြပေးခဲ့သည်။ “ငါတို့သွားဖမ်းမယ့်လူက အပျော်စီးသင်္ဘောပေါ်မှာ မူးယစ်ဆေးပါတီလုပ်မှာ၊ ဒါပေမယ့် ဖိတ်စာရတဲ့လူတွေပဲ ဝင်ခွင့်ရှိတယ်။ ဧည့်သည်တွေကလဲ အပိုလူခေါ်လာခွင့်မရှိဘူး။ ကံကောင်းတော့ သူတို့တွေက ကလပ်တစ်ခုကနေပြီး ပြည့်တန်ဆာ၁၀ယောက်ခေါ်ဖို့ပြောထားတယ်၊ ဒါကြောင့် ငါတို့က လျှို့ဝှက်အေးဂျင့်တစ်ယောက်ကို သူတို့ထဲထည့်လိုက်မှာ။ လျှို့ဝှက်အေးဂျင့်အနေနဲ့ ငါတို့ပစ်မှတ်ကို ထိန်းချုပ်ဖို့ပဲလိုတာ သတ်ဖို့မလိုဘူး။ သူ့အနေနဲ့ သင်္ဘောကမ်းပြန်ကပ်ဖို့ ခြိမ်းခြောက်ဖို့ပဲလိုတာ၊ ဒါမှမှ ငါတို့နောက်ပိုင်းအရေးယူစရာရှိတာကို ဆက်လုပ်လို့ရမယ်။”
လီကျုံးဝေ့က အားလုံးပြောပြလိုက်ပေမယ့် ကုနင်းကြောင့် သတင်းပေါက်ကြားသွားမည်ကို မစိုးရိမ်ခဲ့ပေ။ ကုနင်းသည် တရားမျှတစိတ်အလွန်ထက်သန်သော မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် သူ သူမကိုယုံကြပေသည်။
ဒါ့အပြင် သူကလဲ သူမအကူအညီကိုလိုနေသည့်သူဖြစ်သည်။
***
အခန်း ၁၂၀၀ ကူညီပါ့မယ်
“မစ္စကု၊ ငါမင်းကိုယုံတယ်၊ မင်းက မကောင်းတဲ့လူလဲမဟုတ်ဘူး။ ဒါပေမယ့် ဒီအထူးတာဝန်ကို မင်းမပေါက်ကြားစေရင်တော့ ပိုကောင်းမယ် မဟုတ်ရင် မင်းပဲ အဖမ်းခံရမှာ။ မင်းဘယ်လောက်ပဲ အာဏာရှိပါစေ မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ထောင်ထဲမှာပဲအရိုးဆွေးသွားရလိမ့်မယ်။” လီကျုံးဝေ့ သတိပေးလိုက်သည်။
“တကယ်လို့ ကျွန်မတာဝန်ကျရှုံးသွားမယ်ဆိုရင်ရော?” လီကျုံးဝေ့၏ခြိမ်းခြောက်မှုကို ကုနင်းစိတ်ထဲမထားပေ။
“မစ္စကု၊ ငါမင်းကို အမှန်အတိုင်းပဲပြောမယ်။ မင်းသာ ကျရှုံးသွားရင် ငါတို့အတွက် ကြီးကြီးမားမားထိခိုက်စေမှာမဟုတ်ဘူး။ မင်းပဲ အသက်အန္တရာယ်ရှိမှာ၊ ဒါကြောင့် မင်းဆုံးဖြတ်ချက်မချခင် အရင်ဆုံးသေချာစဉ်းစားပါ။ ငါတို့မင်းကို မထိခိုက်စေချင်ဘူး။”
“ကိစ္စမရှိဘူး၊ ကျွန်မကူညီပေးမယ်။” ကုနင်း ချက်ချင်းသဘောတူလိုက်သည်။ ဒီတာဝန်က သူတို့နိုင်ငံအတွက် အရေးပါသည့်တာဝန်ဖြစ်သည်ဟု ကုနင်းတွေးတာကြောင့် ထပ်ပြီးတွေးနေစရာမလိုဟု ထင်လေသည်။
တကယ်လို့ လီကျုံးဝေ့သာ သူမကိုအတင်းဖိအားပေးလက်ခံခိုင်းနေလျှင် သူမလက်ခံမည်မဟုတ်ပေ။ အခုလို လီကျုံးဝေ့ဘက်က သူမအသက်အန္တရာယ်ရှိမည်ကို စိုးရိမ်ပေးနေတာကြောင့် အရမ်းကူညီချင်သွားခဲ့သည်။
“တကယ်လား?” လီကျုံးဝေ့ အတော်ဝမ်းသာသွားပုံပေါ်လေသည်။ “ကျေးဇူးတင်ပါတယ်၊ မစ္စကု!”
“ကျွန်မကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ကျွန်မတို့နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကူအညီဖြစ်ဖို့ပဲကို။”
လီကျုံးဝေ့မှာ ကုနင်းကို ပိုလို့တောင် လေးစားမိသွားတော့သည်။
“မစ္စကု၊ ဒီညနေပိုင်းမင်းအားလား? ငါတို့ထမင်းတစ်နပ်လောက်အတူစားလို့ရမလား?”
“ရတာပေါ့!” လီကျုံးဝေ့က သူ့အဖွဲ့သားတွေနဲ့ သူမကိုတွေ့ပေးဖို့ ခေါ်သွားလိုခြင်းဖြစ်မှန်း ကုနင်းနားလည်တာကြောင့် သဘောတူလိုက်သည်။
အခုတော့ ညနေ၄နာရီကျော်ပြီဖြစ်ကာ ညနေစာစားချိန် ရောက်ဖို့သိပ်မလိုတော့ပေ။
…..
ထို့နောက် ကုနင်း သူမကားထဲပြန်ဝင်ကားမောင်းထွက်သွားပြီး လီကျုံးဝေ့ကလဲ နောက်မှလိုက်လာခဲ့သည်။
သူတို့တွေ လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များနှင့် အရင်ဆုံးသွားတွေ့မည်ဖြစ်ကာ ဆိပ်ကမ်းကိုတော့ ည၇နာရီမှာသွားမည်ဖြစ်သည်။
၅နာရီခွဲမှာတော့ ကုနင်းနှင့်လီကျုံးဝေ့တို့ ရောက်ရှိသွားသည်။
ပုံမှန်အလုပ်ဆင်းချိန်က ညနေ၆နာရီဖြစ်တာကြောင့် လီကျုံးဝေ့၏အဖွဲ့သားများ အခုထိ အလုပ်ထဲမှာရှိနေကြတုန်းပင်။
သူတို့အတွက် တစ်နေ့လုံးရုံးခန်းထဲထိုင်ကာ အလုပ်လုပ်နေဖို့မလိုအပ်တာကြောင့် ဘာမှလုပ်စရာရှိမနေလျှင် ဝန်းထဲလျှောက်သွားနေနိုင်သည်။ ဒါကြောင့် အခု တော်တော်များများက ဝန်းထဲတွင် စကားပြောနေသည်ကို မြင်ရပေသည်။
ဝန်းထဲသို့ Lamborghiniအဖြူရောင်တစ်စီးဝင်လာသည်ကိုမြင်သည်နှင့် လူတိုင်းအာရုံစိုက်သွားကြသည်။
နောက်တစ်စက္ကန့်မှာပဲ လီကျုံးဝေ့၏ အနက်ရောင်LandRoverကားကပါ ဝင်လာခဲ့သည်။
ဝန်းထဲကလူများ သိချင်စိတ်ဖြင့် Lamborghiniနားသို့ ရောက်လာကြသည်။
ကုနင်း ကားထဲမှထွက်လာသည်နှင့် သူမ၏အလှကြောင့် အားလုံးအံ့ဩသွားကာ ချက်ချင်းနှုတ်ဆက်ကြလေသည်။ “ဟိုင်း၊ အလှလေး!”
“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်းပြုံးကာ နှုတ်ဆက်လိုက်သည်။
“ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ?”
“ကုနင်းပါ။”
“ကုနင်း? ဒီနာမည်ကြားဖူးနေသလိုပဲ။”
“ငါလဲ ကြားဖူးနေတယ်၊ ဒါပေမယ့် ဘယ်မှာကြားဖူးတာလဲ မမှတ်မိတော့ဘူး။”
“….”
တော်တော်များများက ကုနင်း၏နာမည်ကို ရင်းနှီးသလို ခံစားနေကြရလေသည်။
“ဟေ့ မင်းတို့အထာတွေက ခေတ်နောက်ကျနေပြီ!”
“ဟ-ဟ၊ ဟ-ဟ။”
“တကယ်ပြောတာကွ၊”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ယုံပါတယ်။”
“ဘာလဲ? မင်းချချင်တာလား?”
သူတို့အချင်းချင်း ယခုလိုစနောက်စကားကြသည်က ပုံမှန်လိုဖြစ်နေပြီကာ ဤနည်းဖြင့်ပင် သူတို့တိုက်ခိုက်နိုင်စွမ်းတိုးတက်အောင် လေ့ကျင့်ဖြစ်ကြသည်။ တကယ်ရန်ဖြစ်နေကြခြင်းမဟုတ်ကြပေ။
“သူတို့ကိုထားလိုက်၊ အထဲဝင်ကြရအောင်။” လီကျုံးဝေ့က ကုနင်းကိုပြောလိုက်သည်။
အထူးတပ်ဖွဲ့ဝင်တွေက ကုနင်းနှင့် စကားထပ်ပြောချင်နေကြသေးသော်လည်း ကုနင်း ကိစ္စကြီးတစ်ခုခုကြောင့် ဤနေရာသို့လာခြင်းမှန်း နားလည်လိုက်ကြတာကြောင့် ဆွဲမထားတော့ပေ။
“ကုနင်း၊ ကုနင်း။”
ကုနင်းနှင့်လီကျုံးဝေ့တို့ထွက်သွားကာမှာ အဖွဲ့ဝင်အေက တစ်ခုခုမှတ်မိလိုမှတ်မိငြား ကုနင်းနာမည်ကို ဆက်တိုက်ရွတ်နေလေသည်။
“ဟေ့ လောင်ချင်၊ မင်းဘာတွေရွတ်နေတာလဲ? ကောင်မလေးအရမ်းလှလို့ ဦးဏှောက်ချောင်သွားတာလား?”
“ဖြစ်စရာလား!”
“ငါသူ့နာမည်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်မယ်။” အဖွဲ့ဝင်ဘီက ကုနင်းနာမည်ကို တော်တော်လေးရင်းနှီးနေသလိုခံစားရတာကြောင့် အရမ်းသိချင်နေလေသည်။
တခြားလူတွေကတော့ ထိုနှစ်ယောက်ပုံစံအရ ကုနင်းသည် နာမည်ကြီးတစ်ယောက်ယောက်ဖြစ်မည်ဟု တွေးလိုက်ကြသည်။
“အိုး၊ ရင်းနှီးနေပါတယ်လို့ ထင်မိတာ မဆန်းပါဘူး!” ရုတ်တရက် အဖွဲ့ဝင်ဘီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“သူကိုး!” ကုနင်းနှင့်ပတ်သတ်သည့်သတင်းတွေအများကြီး သူလဲ ဖတ်ဖူးထားလေသည်။
အဖွဲ့ဝင်ဘီ၏အမူအရာကြောင့် တခြားအဖွဲ့ဝင်များ အံ့ဩသွားကာ ဖုန်းကို ကြည့်ဖို့ အပြေးလာကြပေမယ့် သူတို့ထက်အရင် အဖွဲ့ဝင်အေက ဆွဲလုသွားလေသည်။
***
စာစဉ် ၇၈ ပြီး၏။