အခန်း (၁၂၃၁-၁၂၃၃)
Vol. 83 Ch. 1231-1233
အခန်း(၁၂၃၁)
"နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်လား"
ဤသည်က သူတို့ စန်းလန် အဖွဲ့အစည်း၏ ခေါင်းဆောင် စန်းဝူဟိုင်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်၏။
ကျန်းချန်က ၎င်း၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်လော။
အကြီးအကဲ ရှန်းရွှယ်ကျီကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သည့် ကျန်းချန်၏ စွမ်းရည်ကို မြင်တွေ့ရပြီးသည့်နောက်မှာပင် စန်းလန် အဖွဲ့အစည်းမှ လူများသည် ကျန်းချန် အတွက် စိုးရိမ်ပူပန်နေခဲ့ကြသည်။
"ပုရွက်ဆိတ်လေးကများ ငါနဲ့ ယှဥ်ရဲသေးတယ်"
သူ့ဆီသို့ ဝိညာဥ်စိတ်ဆန္ဒဖြင့် တိုက်ခိုက်လိုက်သည်ကို ကြည့်ရင်း ကျန်းချန်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ ဝိညာဥ်စိတ်ဆန္ဒဖြင့် ချက်ချင်းပင် ထိပ်တိုက် တွေ့ဆုံလိုက်သည်။
"ဝုန်း.."
လေဟာနယ်ထဲတွင် မမြင်နိုင်သော လှိုင်းတစ်ခုသည် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
လေထဲတွင် ဝိညာဥ်စိတ်ဆန္ဒ နှစ်ခု ထိပ်တိုက်ဆုံမိပြီးနောက်တွင် ကျန်းချန်သည် လုံးဝ ထိခိုက်မှုမရှိဘဲ နေရာမှာပင် ဝံ့ကြွားစွာ ရပ်နေဆဲ ဖြစ်၏။
သို့သော် စန်းလန် အဖွဲ့အစည်း၏ နက်ရှိုင်းသော နေရာတွင်မူ ညည်းညူသံ တစ်သံ ထွက်ပေါ်လာခဲ့၏။
စန်းလန် အဖွဲ့အစည်း အတွင်းရှိ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူသည် ဝိညာဥ်စိတ်ဆန္ဒချင်း ထိပ်တိုက်ဆုံတွေ့မှုတွင် များစွာ ခံစားလိုက်ရသည်မှာ ထင်ရှား၏။
ကျန်းချန်က သူ၏ ဝိညာဥ်ကို သိဒ္ဓိစမ်းရေ များစွာဖြင့် သန့်စင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဝိညာဥ်စိတ်ဆန္ဒတွင် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းဟု ဆို၍ရ၏။
ယခုဆိုလျှင် သူက နတ်သန္ဓေအင်ပါယာ အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ရာ နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ်ကျင့်ကြံသူ သုံးဦး သို့မဟုတ် ငါးဦး ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် ဝိညာဥ်စိတ်ဆန္ဒတွင် သူ့ကို ယှဥ်နိုင်မည် မဟုတ်ချေ။
စန်းလန်အဖွဲ့အစည်း၏ နက်ရှိုင်းသောနေရာတွင် ပုန်းအောင်းနေသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အဆင့် ကျင့်ကြံသူသည် နတ်ဝိညာဥ်ဘုရင် အစောပိုင်းအဆင့်တွင်သာ ရှိနေသေး၏။
အကယ်၍ ထိုကျင့်ကြံသူသာ သူနှင့် အလှမ်းမဝေးလျှင် ကျန်းချန်သည် သူ၏ ဝိညာဥ်စိတ်ဆန္ဒဖြင့်ပင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
"ကျန်းချန်.. မင်းကို မြို့တော်ငါးခုက ဖမ်းဆီးမိန့် ထုတ်ထားတာတောင် မင်းက လူကြားထဲမှာ ထွက်လာရဲသေးတယ်.. မင်းက ကိုယ့်ဘာသာကိုယ် သေလမ်းရှာနေတာပဲ"
ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်မတတ် အေးခဲနေသည့် ရေခဲကဲ့သို့ အေးစက်သောစွမ်းအား တစ်ခုသည် စန်းလန်အဖွဲ့အစည်း၏ နက်ရှိုင်းသောနေရာကနေ ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။
လေထုထဲတွင် ချက်ချင်းပင် ရေခဲကဲ့သို့ အေးစက်စက် စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။
လေထုထဲမှ လိပ်ပြာလွင့်မတတ် အေးစက်နေသော အအေးဓာတ်ကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် တည်ငြိမ်စွာပင် ရှိနေခဲ့သည်။
သူက သူ၏အရှေ့ရှိ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုကို မထီတရီ စိုက်ကြည့်ကာ အေးစက်စက် မေးလိုက်သည်။
"မင်းက ရွှယ်ပင်းနန်းတော်ကလား"
"ဟုတ်တယ်.. ငါက ရွှယ်ပင်းနန်းတော်ရဲ့ အကြီးအကဲ ရွှယ်ဖုန်းပဲ"
ငွေရောင်ဝတ်စုံဝတ် အဘိုးအိုက မာနတစ်ခွဲသား အမူအရာဖြင့် ပြန်ဖြေလိုက်၏။
"ကျန်းချန်.. မင်းကိုငါ စောင့်နေခဲ့တာကြာပြီ.. အသားမနာချင်ရင် အေးအေးဆေးဆေး အဖမ်းခံလိုက်ပါ"
"ကြယ်သုံးပွင့် အင်အားစုဖြစ်တဲ့ ရွှယ်ပင်းနန်းတော်လား"
ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကို ကြားလျှင် လူတိုင်း၏ မျက်နှာအမူအရာသည် ပြင်းပြင်းထန်ထန်ပင် ပြောင်းလဲသွားခဲ့သည်။
ရေနဂါးဂိုဏ်းက စန်းလန် အဖွဲ့အစည်းကို တိုက်ခိုက်သောအခါတွင် စန်းလန်အဖွဲ့အစည်း ချက်ချင်းဆိုသလို ရှုံးနိမ့်သွားရသည့် အကြောင်းအရင်းမှာ ရေနဂါးဂိုဏ်းသည် ရွှယ်ပင်းနန်းတော်မှ အင်အားကြီးမားသော ကျင့်ကြံသူများကို ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။
သူတို့ စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည့် စန်းဝူဟန်ပင် ရွှယ်ပင်းနန်းတော်မှ ကျင့်ကြံသူများ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။
ရွှယ်ပင်းနန်းတော်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦးကို စန်းလန် အဖွဲ့အစည်းတွင် တမင်တကာ ချန်ထားရစ်ခဲ့ပြီး ကျန်းချန် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းစေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
"ဒီအဘိုးကြီးက ရွှယ်ပင်းနန်းတော်ရဲ့ အကြီးအကဲလား.. ရွှယ်ပင်းနန်းတော်ရဲ့ လူတွေက ဘာလို့ စန်းလန်အဖွဲ့အစည်းကို တိုက်ခိုက်ရတာလဲ"
ကျောက်ယွိလုံက ငွေရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် မှင်တက်သွားခဲ့၏။
စန်းလန်အဖွဲ့အစည်း အနေဖြင့် ရေနဂါးဂိုဏ်းကို အလွယ်တကူ ရှုံးနိမ့်သွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤကိစ္စတွင် ရွှယ်ပင်းနန်းတော်၏ လူများက ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။
ကြယ်သုံးပွင့် အင်အားစုရွှယ်ပင်းနန်းတော်။
ဤသည်က ကျုံးကျိုးကုန်းမြေ မြောက်ပိုင်းကို စိုးမိုးထားသော အချုပ်အခြာ အာဏာပိုင် အင်အားစုတစ်ခု ဖြစ်သည်။
ဆိုရလျှင် စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့သည် ရွှယ်ပင်းနန်းတော်၏ သြဇာအောက်တွင် ရှိသည့် ကြယ်နှစ်ပွင့်အင်အားစုများ ဖြစ်ကြသည်။
နှစ်ဂိုဏ်းစလုံးသည် ရွှယ်ပင်းနန်းတော်၏ အကာအကွယ်ကို ရယူရန် အတွက် နှစ်စဥ်နှစ်တိုင်းတွင် ကျင့်ကြံခြင်းအရင်းအမြစ် အများအပြားကို ရွှယ်ပင်းနန်းတော်အား ဆက်သရသည်။
ထို့အပြင် ရွှယ်ပင်းနန်းတော်သည် စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့ ကြားရှိ တိုက်ပွဲကို အမြဲတစေ မျက်စိပိတ် နားပိတ်ဖြင့်သာ နေထိုင်ခဲ့ပြီး ဘယ်တော့မှ ပါဝင် မပတ်သက်ခဲ့ပေ။
သို့ဖြစ်ရာ ရေနဂါးဂိုဏ်းက စန်းလန် အဖွဲ့အစည်းကို တိုက်ခိုက်ရာတွင် ရွှယ်ပင်းနန်းတော်သည် အဘယ်အကြောင်းကြောင့် အကူအညီ ပေးနေမှန်း ကျောက်ယွိလုံ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
ကျောက်ယွိလုံ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ပင်းနန်းတော်သာ ဤကိစ္စတွင် ပါဝင်နေသည် ဆိုလျှင် စန်းလန် အဖွဲ့အစည်းသည် တကယ်ကို အန္တရာယ်ရှိနေပြီ ဖြစ်သည်။
"နတ်ဝိညာဥ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်က ပုရွတ်ဆိတ်လေးကများ ငါ့ကို အညံ့ခံခိုင်းရဲတယ်"
ကျန်းချန်က အဘိုးအို ရွှယ်ဖုန်းကို ကြည့်၍ လှောင်ပြောင်လိုက်သည်။
"အဘိုးကြီး.. မင်းငါ့ရှေ့မှာ ဒီလို စကားပြောဖို့ ဘယ်နေရာကနေ သတ္တိရလာလဲတော့ ငါမသိဘူး.. မင်းသိထားဖို့က မင်းတို့ရွှယ်ပင်းနန်းတော်ရဲ့ နန်းတော်သခင် ကိုယ်တိုင် ရောက်လာရင်တောင် ငါ့ကို ဒီလိုပြောဖို့ အရည်အချင်းမရှိဘူး"
"ဟမ့်.. ကျန်းချန် မင်းလေလုံးထွားလှချည်လား"
ရွှယ်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
"ကျန်းချန်.. မင်းရဲ့ခွန်အားက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ထက် မပိုပါဘူး.. ငါတို့ နန်းတော်သခင်ရဲ့ရှေ့မှာ မင်းက သာမန်ထက် အနည်းငယ် ပိုအားကောင်းတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်ပါပဲ"
"ဟားဟား..ငါကျန်းချန်က ကျုံးကျိုးကုန်းမြေမှာရှိတဲ့ မြို့တော်ငါးခုကိုတောင် သောက်ဂရုမစိုက်တာ မင်းတို့ရွှယ်ပင်းနန်းတော်ကိုရော သောက်ဂရုစိုက်မယ်များ ထင်နေလား.. မင်းတို့ ရွှယ်ပင်းနန်းတော်က ငါတစ်ယောက်တည်း အတွက်နဲ့ စန်းလန်အဖွဲ့အစည်းကို တုံ့ဆိုင်းမှုမရှိဘဲ ဖျက်ဆီးရဲတယ်.. ဒီအတွက် မင်းတို့ ရွှယ်ပင်းနန်းတော်က လူတွေအားလုံး သေသင့်တယ်.. ဒီနေ့ ငါမင်းရဲ့ခွေးခေါင်းကို အရင်ဖြတ်မယ်.. ပြီးရင် ရွှယ်ပင်းနန်းတော်ဆီ သွားပြီး မင်းတို့ ရွှယ်ပင်းနန်းတော်ကို အမှုန့်ချေပစ်မယ်"
ကျန်းချန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထိုအခိုက်တွင် သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဒေါသနဂါး နိုးထလာသကဲ့သို့ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့သည်။
ဤအချိန်တွင် ကျန်းချန်သည် သတ္တဝါအားလုံးကို အထက်စီးကနေ ကြည့်ရှုနေသည့် ဧကရာဇ်တစ်ပါး အလား ဖြစ်နေခဲ့၏။
ကျောက်ယွိလုံ အပါအဝင် စန်းလန်အဖွဲ့အစည်းရှိ တပည့်အားလုံးသည် ဤအချိန်တွင် ကျန်းချန်ကို ဒူးထောက်၍ ကိုးကွယ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် ရွှယ်ဖုန်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူ၏ နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့် ခွန်အားဖြင့်ပင် ကျန်းချန်၏ အရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါတွင် မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပေ။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ"
သူ သိထားသလောက်ဆိုလျှင် လွန်ခဲ့သော သုံးနှစ်ခန့်က စန်းလန် အဖွဲ့အစည်းတွင်ရှိစဥ်က ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်သာ ရှိသည်။
ထိုကောင်လေးက အလွန်အမင်း ပါရမီ ထူးချွန်ပြီး သိုင်းသခင်နယ်ပယ်အဆင့်ကို အလျင်အမြန် ထိုးဖောက်ကာ စန်းလန် အဖွဲ့အစည်း၏ သမိုင်းတွင် အတောက်ပဆုံး ပါရမီရှင် ဖြစ်လာခဲ့၏။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ထိုကောင်လေးသည် ၂နှစ်၊၃နှစ်အတွင်း ဤကဲ့သို့ ကြောက်မက်ဖွယ် အဆင့်ကို ရောက်ရှိရန် လုံးဝမဖြစ်နိုင်ပေ။
ဟုတ်ပါသည်၊ မြို့တော်ငါးခုသည် ကျန်းချန်ကို ဖမ်းဆီးမိန့် ထုတ်သည့်အချိန်တွင် ကျန်းချန်နှင့် ပတ်သက်သည့်အကြောင်းကိစ္စများကို ထုတ်ဖော် မပြောပြခဲ့ပေ။
ကျန်းချန်က လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းကပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အဆင့်ကို ထိုးဖောက်ပြီး မြို့တော်ငါးခု၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီကို အနိုင်ယူခဲ့မှန်း ရွှယ်ဖုန်းသာ သိလျှင် မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။
"ရွှယ်ဖုန်း.. မင်းက ငါနတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ပြီးကတည်းက ငါ့ရဲ့တကယ့် စွမ်းအား အစစ်အမှန်ကို ပထမဆုံး မြင်ရတဲ့သူပဲ.. နတ်သန္ဓေအင်ပါယာ တစ်ပါးရဲ့ လက်ထဲမှာ သေဆုံးခွင့်ရတဲ့ အတွက် မင်းဂုဏ်ယူလို့ရပြီ"
"ကောင်းကင်လောင်ကျွမ်းဓားနယ်မြေ အသက်ဝင်"
ကျန်းချန်၏ စကားသံဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီးကြားတွင် ထူးဆန်းသောလှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။
မကြာမီမှာပင် လေထုထဲတွင် မီးလျှံဓားများဖြင့် ဖွဲ့စည်းထားသော နယ်မြေတစ်ခုသည် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ရွှယ်ဖုန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။
"အစစ်အမှန် နယ်မြေစွမ်းအားပါလား.. မင်း..မင်းက တကယ်ပဲ နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်သွားပြီလား"
ရွှယ်ဖုန်းက သူ့ပတ်ပတ်လည်ရှိ ဓားနယ်မြေကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
နတ်သန္ဓေအင်ပါယာအဆင့် ဆိုသည်မှာ ရှန်းဝူတိုက်ကြီးမှာပင် ထိပ်ဆုံးနေရာ၌ ရှိသည့် ပြိုင်ဘက်ကင်းသော အဆင့် ဖြစ်သည်။
သူတို့ ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်မှာပင် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိ၏။
ကျန်းချန်က နှစ်အနည်းငယ် အတွင်း စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အဆင့်ကနေ နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်လာလိမ့်မည်ဟု ရွှယ်ဖုန်း အိပ်မက်ထဲမှာပင် မတွေးမိခဲ့ပေ။
ဤအချိန်တွင် ရွှယ်ဖုန်းသည် မြို့တော်ငါးခုက ကျန်းချန်က အဖိုးအခ မည်မျှပင် ကုန်ကျပါစေ၊ အဘယ်ကြောင့် အလိုရှိနေမှန်း နားလည်သွားခဲ့သည်။
ထိုကောင်လေး၏ ကြီးထွားမှုနှုန်းသည် အလွန်ပင် မြင့်မားသည်။
ကောင်လေးထံတွင် ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သည့် လျှို့ဝှက်ချက် တစ်ခု ရှိနေမည်မှာ သေချာသလောက်ပင် ဖြစ်၏။
ကြယ်လေးပွင့်အဆင့် မြို့တော်ငါးခုကိုပင် ရူးသွပ်သွားစေနိုင်လောက်သည့် လျှို့ဝှက်ချက်သည် မည်သည့် လျှို့ဝှက်ချက် ဖြစ်နိုင်ပါသနည်း။
အခန်း(၁၂၃၁)ပြီး၏။
အခန်း(၁၂၃၂)
ကျန်းချန်က နတ်သန္ဓေ အင်ပါယာမှသာ အသုံးပြုနိုင်သည့် အစစ်အမှန် နယ်မြေပိုင်နက် စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သောအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
သူတို့၏ မျက်ဝန်းထဲတွင် ကြည်နူးသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ဤသည်က သူတို့ စန်းလန်အဖွဲ့အစည်း အနေဖြင့် နတ်သန္ဓေအင်ပါယာ တစ်ပါးကို မွေးထုတ်ခဲ့သည်ဟု ဆိုလိုနေသည်မဟုတ်ပါလော။
နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူသည် ကြယ်သုံးပွင့်အင်အားစု တစ်ခုကိုပင် တည်ထောင်နိုင်သည့် အဆင့်အတန်းတွင် ရှိသည်။
ကျန်းချန် ရှိနေသရွေ့ ရွှယ်ပင်းနန်းတော်သည် သူတို့ စန်းလန်အဖွဲ့အစည်းကို ကိုင်တွယ်လိုလျှင်ပင် အသေအချာ ချိန်ဆရလိမ့်မည် ဖြစ်သည်။
"ကျန်းချန် ရပ်လိုက်ပါ.. မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါတို့ ရွှယ်ပင်းနန်းတော်က မင်းရဲ့ရန်သူ မဖြစ်စေရတော့ဘူးလို့ ကတိပေးတယ်.. ဒါ့အပြင် မင်းတို့ စန်းလန် အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါတို့ ရွှယ်ပင်းနန်းတော် ဝင်မပတ်သက်တော့ဘူး.. မင်းငါ့ကို သတ်ရင် ရွှယ်ပင်းနန်းတော်ကို လုံးဝ ရန်စသလို ဖြစ်သွားလိမ့်မယ်.. အဲဒါက မင်းအတွက် ဘာအကျိုးမှရှိမှာ မဟုတ်ဘူး"
ရွှယ်ဖုန်းက ကျန်းချန်ကို အလျင်အမြန် အော်ဟစ် ပြောဆိုလိုက်သည်။
သူ့လို နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်သည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ၏ ရှေ့တွင် ပုရွက်ဆိတ်နှင့် ဘာမှမခြားပေ။
ကျန်းချန်ကိုသာ မဖျောင်းဖြနိုင်လျှင် ယနေ့ ဤနေရာတွင် သေချာပေါက် သေဆုံးရလိမ့်မည် ဖြစ်၏။
"အခုမှ ငါ့ရဲ့ရန်သူ မလုပ်ဖို့ စဥ်းစားနေတာလား.. ဝမ်းနည်းစရာကောင်းတာက နောက်ကျသွားခဲ့ပြီ.. ငါ့ကို အတင်းအကျပ်ထွက်ပေါ်လာအောင် လုပ်ဖို့အတွက် မင်းတို့ ရွှယ်ပင်းနန်းတော်က စန်းလန်အဖွဲ့အစည်းကို ဖိနှိပ်ပြီး စန်းလန် အဖွဲ့အစည်းရဲ့လူတွေကို သတ်ပစ်ခဲ့တယ်.. ဒီလောက်ထိ လုပ်ခဲ့ပြီးမှ မင်းတို့က ဘာမှမဖြစ်ခဲ့သလို နေချင်သေးတယ်.. ဒါက အဓိပ္ပါယ်ရော ရှိရဲ့လား"
ကျန်းချန်၏မျက်လုံးများက ဓားကဲ့သို့ အေးစက်နေခဲ့သည်။
"ငါမင်းကို သတ်ပြီးရင် ရွှယ်ပင်းနန်းတော်ထိ သွားပြီး မင်းတို့ရွှယ်ပင်းနန်းတော် တစ်ခုလုံးကို ပေးဆပ်စေမယ်"
"ကျန်းချန်.. စန်းလန်အဖွဲ့အစည်းခေါင်းဆောင် စန်းဝူဟန် အပါအဝင် မင်းနဲ့ပတ်သက်တဲ့ လူတွေကို ငါတို့ ရွှယ်ပင်းနန်းတော်က အခုထိ မသတ်ရသေးဘူး.. အခု သူတို့တွေက ရွှယ်ပင်းနန်းတော်မှာ ချုပ်နှောင်ခံထားရတယ်.. မင်းသာ ငါ့ကိုလွှတ်ပေးမယ်ဆိုရင် ရွှယ်ပင်းနန်းတော်ကို ပြန်ရောက်တာနဲ့ နန်းတော်သခင်ကို တောင်းဆိုပြီး သူတို့ကို လွှတ်ပေးမယ်လို့ ငါကတိပေးတယ်.. တကယ်လို့ မင်းက ငါ့ကို သတ်ဖြတ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရွှယ်ပင်းနန်းတော်ကနေ အသက်ရှင်လျက် ဘယ်တော့မှ ထွက်လာနိုင်တော့မှာ မဟုတ်ဘူး"
ရွှယ်ဖုန်းက သုန်မှုန်နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
သူ၏ အသံတွင် ခြိမ်းခြောက်သော အရိပ်အယောင်များ ပါဝင်နေခဲ့၏။
"စန်းလန် အဖွဲ့အစည်းက လူတွေကို ရွှယ်ပင်းနန်းတော်ကနေ ငါသေချာပေါက် ကယ်တင်နိုင်တယ်.. မင်းဘာမှ စိုးရိမ်နေစရာ မလိုဘူး.. မင်း စိတ်အေးချမ်းသာစွာနဲ့ သေလိုက်လို့ရပြီ"
ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားသံ အဆုံးသတ်သည်နှင့် မီးလျှံဓား နယ်မြေအတွင်းကနေ မီးလျှံများဖြင့် တောက်လောက်နေသော ဓားအလင်းများသည် လျှပ်တပြက် ထွက်ပေါ်လာခဲ့သည်။
"မသတ်ပါနဲ့"
ရွှယ်ဖုန်းက စိတ်ပျက်အားငယ်စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်လည်း သူ၏ဆန္ဒက မပြည့်မြောက်ခဲ့ပေ။
ကြောက်မက်ဖွယ်မီးလျှံများနှင့် ဓားအလင်းများသည် ရွှယ်ဖုန်း၏ ခန္ဓာကိုယ်ကို လွှမ်းမိုးသွားခဲ့သည်။
ကျန်းချန်၏ ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေအောက်တွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ရွှယ်ဖုန်းသည် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှယ်ဖုန်းသည် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေအတွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
"အကိုကျောက်.. ရှန်းရွှယ်ကျီနဲ့ ရွှယ်ဖုန်းတို့ မရှိတော့ဘူးဆိုတော့ ဒီမှာ အကိုကျောက်ကို ဘယ်သူမှ ခြိမ်းခြောက်လို့မရတော့ဘူး.. စန်းလန်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အကိုကျောက်ပဲ ယာယီကိုင်တွယ်ပေးထားပါ...အကိုကျောက်က ဦးဆောင်ပြီး စန်းလန်အဖွဲ့အစည်းမှာ ကျန်ရစ်နေတဲ့ ရေနဂါးဂိုဏ်းဝင် တပည့်တွေကို သတ်ပြီး စန်းလန်အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်ပေးပါ"
ကျန်းချန်က ရွှယ်ဖုန်းကို ရှင်းပစ်လိုက်ပြီးနောက်တွင် အောက်ဘက်ရှိ ကျောက်ယွိလုံကို ကြည့်ကာ ပြောလိုက်သည်။
ကျောက်ယွိလုံက ကျန်းချန်၏ စကားကို ကြားလျှင် အနည်းငယ် စဥ်းစားပြီးမှ တုံ့ပြန် ပြောဆိုလိုက်၏။
"ညီလေးကျန်းချန်..အခုအချိန်က စန်းလန် အဖွဲ့အစည်း အတွက် ပြန်လည် နာလန်ထဖို့ အားယူရမဲ့အချိန်ပဲ.. မင်းဦးဆောင်ရင် ပိုကောင်းမယ်လို့ ငါထင်တယ်"
"အကိုကျောက် အစောပိုင်းတုန်းက မကြားလိုက်ဘူးလား.. ကျွန်တော်က ကျုံးကျိုးကုန်းမြေမှာရှိတဲ့ မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားတဲ့သူပဲ.. ဒီတစ်ခေါက် စန်းလန် အဖွဲ့အစည်းရဲ့ ပြဿနာကလည်း ကျွန်တော့်ကြောင့် ဖြစ်လာရတာပဲ.. ကျွန်တော် စန်းလန် အဖွဲ့အစည်းမှာ အချိန်အကြာကြီး နေလို့မဖြစ်ဘူး.. မဟုတ်ရင် စန်းလန်အဖွဲ့အစည်း အတွက် အဆုံးမဲ့ပြဿနာတွေပဲ ဖြစ်လာလိမ့်မယ်.. စန်းလန်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အကိုကျောက်ပဲ ကိုင်တွယ်လိုက်ပါ.. ကျွန်တော်က ကိစ္စတချို့ကို ဖြေရှင်းလိုက်ဦးမယ်"
စကားဆုံးသည်နှင့် ကျန်းချန်က လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ကျောက်ယွိလုံက အံ့အားသင့်ကာ မေးခွန်းထုတ်လိုက်၏။
"ကျန်းချန် မင်း အခုဘယ်ကို သွားမလို့လဲ"
"မြို့တော်ငါးမြို့က လူတွေဆီ အကြွေးတောင်းဖို့အတွက် သွားမယ်... ဒါနဲ့အကိုကျောက် စိတ်မပူပါနဲ့.. ကျွန်တော် မသွားခင်မှာ ရေနဂါးဂိုဏ်းနဲ့ ရွှယ်ပင်းနန်းတော်ကို ဖြိုခွဲပစ်ခဲ့မယ်.. ဒါမှပဲ စန်းလန် အဖွဲ့အစည်းအတွက် နောက်ဆံတင်းစရာ မလိုတော့မှာ"
စကားသံ ဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း လေထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းကမ်းရိုးတန်းဒေသရှိ ရွှေယွင်မြို့။
ဤမြို့က ရေနဂါးဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသည့် မြို့ဖြစ်သည့် အပြင် ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် ရေနဂါးဂိုဏ်း၏ ဌာနချုပ်လည်း ဖြစ်သည်။
တစ်ချိန်က ရေနဂါးဂိုဏ်းသည် ရွှေယွင်မြို့တွင် ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်သည်။
ရေနဂါးဂိုဏ်း၏ ပထမဆုံး ခေါင်းဆောင်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေတွင် အမွေအနှစ် တစ်ခုကို မတော်တဆ ရရှိခဲ့သည်။
ထိုနောက်ပိုင်းတွင် ကျင့်ကြံခြင်းအဆင့် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် ရေနဂါးဂိုဏ်းကို တည်ထောင်နိုင်ခဲ့သည်။
ရေနဂါးဂိုဏ်းသည် ကြယ်နှစ်ပွင့်အင်အားစု ဖြစ်လာပြီးနောက်တွင် ရွှေယွင်မြို့ကို စွန့်ပစ်သွားခြင်း မရှိခဲ့သလို ရွှေယွင်မြို့ထဲရှိ သူတို့ ရေနဂါးဂိုဏ်း၏ ဌာနချုပ်ကိုလည်း အသက်စွမ်းအင်ကြွယ်ဝသော တောင်တန်းများ ဆီသို့ မရွှေ့ပြောင်းခဲ့ချေ။
ထိုအစား ရေနဂါးဂိုဏ်းသည် ရွှေယွင် တစ်မြို့လုံးကို ထိန်းချုပ်ကာ ရေနဂါးဂိုဏ်း၏ ဌာနချုပ်အဖြစ် အသွင်ပြောင်းလိုက်သည်။
ထိုကြောင့် ရေနဂါးဂိုဏ်းသည် မြို့ကို ဌာနချုပ်အဖြစ် ထားရှိသော ဂိုဏ်းအနည်းငယ်ထဲမှ တစ်ဂိုဏ်း ဖြစ်သည်။
ကျန်းချန်သည် စန်းလန် အဖွဲ့အစည်းကနေ ထွက်ခွာလာပြီးနောက်တွင် ရေနဂါးဂိုဏ်း ဆီသို့ တန်းတန်းမတ်မတ် ခရီးဆက်ခဲ့သည်။
နာရီဝက်ခန့် အကြာမှာပင် ကျန်းချန်သည် ရွှေယွင်မြို့သို့ ရောက်လာခဲ့ပြီး ဂိတ်တံခါးဝ ရှေ့တွင် ဆင်းသက်ကာ ဂိတ်တံခါး ဆီသို့ လျှောက်လာခဲ့၏။
"ကောင်လေး.. မင်းဘယ်သူလဲ"
"ဒါက ငါတို့ ရေနဂါးဂိုဏ်းရဲ့ ဌာနချုပ်ပဲ ရေနဂါးဂိုဏ်းက တပည့် မဟုတ်ရင် ဝင်ခွင့်မရှိဘူး.. ရှေ့ဆက်တိုးတာနဲ့ မင်းကိုသတ်ပစ်မယ်"
တံခါးဝတွင် စောင့်ကြပ်နေသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးသည် ကျန်းချန် သူတို့ဆီသို့ လှမ်းလာနေသည်ကိုမြင်လျှင် ကြမ်းကြုတ်သော မျက်နှာထားဖြင့် အော်ငေါက်လိုက်သည်။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ နံဘေးရှိ ရေနဂါးဂိုဏ်းမှ ကျင့်ကြံသူ အများအပြားကလည်း သူတို့၏ လက်နက်များကို ထုတ်လိုက်ကြပြီး ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်နေခဲ့ကြ၏။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါလမ်းလျှောက်လာရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါက မင်းတို့ ရေနဂါးဂိုဏ်းကို အကြွေးလာတောင်းတာပဲ.. မင်းတို့ရဲ့ခေါင်းဆောင် လန်ယွမ်ကို အခုချက်ချင်း ထွက်လာပြီး အသေလာခံလို့ လာပြောလိုက်"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ထံမှ ထိုစကားကိုကြားလျှင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း မေးလိုက်၏။
"ကောင်လေး မင်းက ဘယ်သူလဲ"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"ငါဘယ်သူလဲဆိုတာ သိဖို့ မင်းမှာ အရည်အချင်းမရှိဘူး.. မင်းတို့ဂိုဏ်းချုပ် လန်ယွမ်ကိုသာ မြန်မြန်ထွက်တွေ့ဖို့ သွားပြောလိုက်"
"မင်းလို မလောက်လေး မလောက်စား ကောင်လေးကများ ငါတို့ ရေနဂါးဂိုဏ်းရဲ့ ဌာနချုပ်ကို လာပြီး ရမ်းကားရဲတယ်.. မင်းကို ကြည့်ရတာ အသက်ရှည်ရှည် မနေချင်တော့ဘူး ထင်တယ်"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာက အေးစက်နေခဲ့သည်။
သူက လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲစွမ်းအင်သည် လျှပ်စီးလို အရှိန်အဟုန်ဖြင့် ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
"တကယ်တမ်း အသက်ရှည်ရှည် မနေချင်တာက မင်းပဲ"
သူ့ဆီသို့ ဝင်ရောက်လာသော ရေခဲစွမ်းအင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။
သူက ရှောင်တိမ်းရန် လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပေ။
သူက လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ပြီး လက်ညှိုးကနေ ဓားစွမ်းအင်ကို ထုတ်ဖော်ကာ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ရေခဲစွမ်းအင်ကို ချက်ချင်းဆိုသလို ချေမှုန်းပစ်လိုက်သည်။
ဓားစွမ်းအင်သည် ရေခဲစွမ်းအင်ကို ချေမှုန်းပစ်ပြီးသည့်တိုင် အရှိန်မလျော့သေးဘဲ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ရင်ဘတ်ကို လေးလံသောတူဖြင့် ထိုးချလိုက်သကဲ့သို့ ထိမှန်သွားခဲ့၏။
"ဖူး.."
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဆယ်ပေခန့်အကွာသို့ နောက်ပြန်လွင့်စင်ကာ မြို့နံရံနှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်၍ သေဆုံးသွားခဲ့သည်။
"မင်း..မင်းက ငါတို့ ရေနဂါးဂိုဏ်းက လူတွေကို သတ်ရဲတယ်လား"
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် သတ်ပစ်လိုက်သည်ကိုမြင်လျှင် တခြားသော ရေနဂါးဂိုဏ်းမှ ကျင့်ကြံသူ အများအပြားသည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
စန်းလန်အဖွဲ့အစည်း ပြိုကွဲသွားပြီးကတည်းကပင် ရေနဂါးဂိုဏ်းသည် စန်းလန်အဖွဲ့အစည်း၏ အင်အားစု အများအပြားကို သိမ်းသွင်းခဲ့ပြီး ယခုဆိုလျှင် အင်အားအတော်တောင့်တင်းသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ အင်အားတောင့်တင်းသော ရေနဂါးဂိုဏ်းမှ ဂိုဏ်းဝင်ကို သူတို့ရှေ့ရှိကောင်လေးသည် သတ်ဖြတ်ရဲလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
"ဒီနေ့ ငါ့ဓားနဲ့ ရေနဂါးဂိုဏ်းကို အမှုန့်ချေပစ်မယ်.. မသေချင်ရင် လမ်းဖယ်ကြစမ်း.. ငါ့ကို တားဆီးရဲရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ဓားအောက်မှာ အသက်ပေးရလိမ့်မယ်"
ကျန်းချန်၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် သူ၏လက်ထဲရှိ သွေးနဂါးဓားသည် လေထဲတွင် လင်းလက်လာခဲ့သည်။
"အတင့်ရဲလှချည်လား ညီနောင်တို့ တိုက်ကြ"
ကျန်းချန်၏ မောက်မာသော အပြုအမူကိုမြင်လျှင် ရေနဂါးဂိုဏ်းဝင် ကျင့်ကြံသူ အများအပြားသည် ချက်ချင်းဆိုသလိုပင် သူတို့၏ လက်နက်များကို ဝှေ့ယမ်းကာ ကျန်းချန်ကို တားဆီးရန် အလျင်အမြန် ပြေးဝင်လာကြသည်။
ကျန်းချန်က သူ၏လက်ထဲမှ သွေးနဂါးဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားစွမ်းအင်များသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ရေနဂါးဂိုဏ်းမှ ကျင့်ကြံသူများ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ၎င်းတို့၏ ရင်ဘတ်များကို ဖောက်ဝင်သွားခဲ့သည်။
ထို့နောက်တွင် ရေနဂါးဂိုဏ်းဝင် ကျင့်ကြံသူများသည် မြင်ကွင်းများ မှောင်အတိကျကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
အခန်း(၁၂၃၂)ပြီး၏။
အခန်း(၁၂၃၃)
"ရန်သူဝင်တိုက်နေပြီဟေ့"
ကျန်းချန်က သူ၏အဖော်များကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ အလွယ်တကူပင် သတ်ဖြတ်နေသည်ကိုမြင်လျှင် မြို့ဂိတ်တံခါးတွင် ကျန်ရှိနေသော ကျင့်ကြံသူတစ်ဦးသည် အဆုံးသတ်တွင်ကြောက်ရွံ့ထိတ်လန့် သွားခဲ့သည်။
သူက ရွှေယွင်မြို့ဘက်သို့လှည့်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ရေနဂါးဂိုဏ်းဝင်ကျင့်ကြံသူ၏ အော်ဟစ်သံသည် မြို့အတွင်းရှိ ရေနဂါးဂိုဏ်း အဖွဲ့ဝင်များစွာ၏ အာရုံစိုက်မှုကို လျင်မြန်စွာပင် ရရှိခဲ့သည်။
ချက်ချင်းဆိုသလိုပင် မြို့အတွင်းရှိ ကျင့်ကြံသူများသည် မြို့ဂိတ်တံခါး ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် ကျန်းချန်သည် သွေးနဂါးဓားကို လက်ထဲတွင် ကိုင်ဆွဲ၍ မြို့ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့၏။
"မလောက်လေးမလောက်စားကောင်လေးကများ ငါတို့ရေနဂါးဂိုဏ်းကို ကျူးကျော်ရဲတယ်.. ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ"
ကျန်းချန်က မြို့ဂိတ်တံခါးကို ကျော်ဖြတ်၍ မြို့ထဲသို့ဝင်ရောက်လာသည်ကိုမြင်လျှင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်၍ ရေနဂါးဂိုဏ်း အဖွဲ့ဝင်များအား ကျန်းချန်အား သတ်ပစ်ရန် အမိန့်ပေးလိုက်သည်။
"ကျူးကျော်သူကိုသတ်ကြ"
ကျန်းချန်က အေးစက်သော မျက်နှာထားဖြင့် သွေးနဂါးဓားကို ဝှေ့ယမ်းကာ သူ၏သွားလမ်းတွင် ပိတ်ဆို့နေသူ မှန်သမျှကို သတ်ဖြတ်လိုက်သည်။
သူဓားတစ်ချက် ဝှေ့ယမ်းတိုင်းတွင် ရေနဂါးဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးသည် သွေးအိုင်ထဲသို့ လဲကျသွားခဲ့၏။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်စေ၊သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်စေ၊ ကျန်းချန်၏ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သော ဓားကွက် တစ်ကွက်ကိုပင် မည်သူမှ မရပ်တန့်နိုင်ခဲ့ပေ။
အဆုံးသတ်တွင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသား ကိုယ်တိုင် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်သည် ၎င်း၏ ခေါင်းကို အလွယ်တကူပင် ပိုင်းဖြတ်ပစ်လိုက်သည်။
ကြယ်နှစ်ပွင့် အင်အားစုဖြစ်သည့် ရေနဂါးဂိုဏ်း၏ ဌာနချုပ်သည် သာမန်လူများ၏ မျက်လုံးထဲတွင် နဂါးသိုက်၊ ကျားသိုက်ကဲ့သို့ ဖြစ်သော်လည်း ကျန်းချန် အတွက်မူ အဆီးအတား မရှိသည့် နယ်မြေတစ်ခု ကဲ့သို့ပင်။
အဆုံးသတ်တွင် ကျန်းချန်ကို ရပ်တန့်ရန် ကြိုးစားခဲ့သည့် ရေနဂါးဂိုဏ်း၏ သိုင်းသခင်နယ်ပယ် နဝမအဆင့် အကြီးအကဲ တစ်ဦးပင် ကျန်းချန်၏ သတ်ဖြတ်မှုကြောင့် ခေါင်းဖြတ်ခံလိုက်ရသည်။
သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးလို ဖြစ်နေသည့် ကျန်းချန်ကို ကြည့်ရင်း ရေနဂါးဂိုဏ်းဝင်များစွာ၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ပြီး ချက်ချင်း ဆိုသလိုပင် နောက်ဆုတ်သွားခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ ပတ်ဝန်းကျင် မီတာရာပေါင်းများစွာ အတွင်း လူတစ်ယောက်မှ မကျန်ရှိတော့ပေ။
"ဒေါင်..ဒေါင်..ဒေါင်"
ထိုအချိန်မှာပင် ရွှေယွင်မြို့၏ မြို့ရိုးထက်ကနေ အရေးပေါ်ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် အာဏာရှင်ဆန်သော စွမ်းအားတစ်ခုသည် ရွှေယွင်မြို့၏ မြို့လည်ကနေ မြို့တံခါးဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။
ယခုရောက်ရှိလာသောသူသည် အပြာရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အရှိန်အဝါ ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုသူက တခြားသူမဟုတ်ပေ။
ရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် လန်ယွမ်ပင် ဖြစ်သည်။
"ကျန်းချန်.. လတ်စသတ်တော့ မင်းကိုး"
ရွှေယွင်မြို့တွင် အားပါးတရ သတ်ဖြတ်နေသည့် ရင်းနှီးသောပုံရိပ်ကိုမြင်လျှင် လန်ယွမ်၏ မျက်လုံးများသည် ရုတ်တရက်ကျုံ့ဝင်သွားခဲ့သည်။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ငါတို့ ရေနဂါးဂိုဏ်းရဲ့ဌာနချုပ်ဖြစ်တဲ့ ရွှေယွင်မြို့မှာ သတ်ဖြတ်နေရတာလဲ"
ထိုကောင်လေးသည် စန်းလန်အဖွဲ့အစည်း ဖြိုခွင်းခံရသည့်သတင်းကို သိလျှင် စန်းလန်းအဖွဲ့အစည်း ထံသို့ အရင်သွားသင့်ပေသည်။
ယခုအခါတွင် စန်းလန် အဖွဲ့အစည်း၏ အကြီးအကဲ ရှန်းရွှယ်ကျီသည် သူတို့ရေနဂါးဂိုဏ်းကို အညံ့ခံခဲ့ပြီး စန်းလန်အဖွဲ့အစည်းကို အုပ်ချုပ်နေခဲ့သည်။
ထို့အပြင် စန်းလန်အဖွဲ့အစည်းတွင် ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ပါးသည် ကျန်းချန်ကို ဖမ်းဆီးရန်အတွက် စောင့်ဆိုင်းနေခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ရွှေယွင်မြို့ကို တစ်ကိုယ်တည်းဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ ရှန်းရွှယ်ကျီနှင့်ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ နှစ်ဦးစလုံးသည် တစ်စုံတစ်ရာ ဖြစ်နေလောက်ပြီ ဖြစ်၏။
ထိုသို့ စဥ်းစားမိလျှင် လန်ယွမ်သည် အလွန်အမင်း စိုးရိမ်သွားခဲ့သည်။
ဤကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားလောက်ပေပြီ။
ရွှယ်ပင်းနန်းတော်၏ အင်အားကို အသုံးပြုပြီး စန်းလန် အဖွဲ့အစည်းကို ဖြိုခွင်းလိုက်ခြင်းသည် အပြစ်အနာအဆာမရှိသည့် ဗျူဟာဟု မူလက လန်ယွမ်ထင်ခဲ့သည်။
သို့သော် သူ့အနေဖြင့် ကျန်းချန်ကို အထင်သေးမိနေဆဲဖြစ်သည်ကို ယခုမှသာ သူနားလည်သွားခဲ့သည်။
ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ လက်ထဲ၌ ကျဆုံးခဲ့ပုံ ထောက်လျှင် ဤသုံးနှစ်အတွင်း ကျန်းချန်သည် ကြောက်မက်ဖွယ်ရာ အဆင့်အထိ ကြီးထွားလာခဲ့ပုံ ရ၏။
သိထားရမည့်အချက်မှာ ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူသည် သူ့ထက် ခွန်အားအရာတွင် မနိမ့်ကျသော အချက်ပင်။
ဆိုရလျှင် သူကဲ့သို့ပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့် ကျင့်ကြံသူ ဖြစ်၏။
လွန်ခဲ့သည့် သုံးနှစ်လောက်က လန်ယွမ်သည် ကျန်းချန်၏ နတ်ဆိုးဆန်သော ပါရမီကို သတိထားမိခဲ့သော်လည်း ဤမျှလောက်အထိ နတ်ဆိုးဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"လန်ယွမ် မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့"
လေထဲတွင် ရှိနေသည့် လန်ယွမ်ကို မော့ကြည့်ရင်း ကျန်းချန်၏ တည်ငြိမ်သောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့သည်။
"ကျန်းချန်.. ငါ့ရဲ့ ရွှေယွင်မြို့မှာ မင်းရုတ်တရက် ပေါ်ထွက်လာမယ်လို့ ငါတကယ် ထင်မထားမိဘူး.. မင်းက ဘုရင်အဆင့်ပါရမီရှင်တွေကို အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်ကင်း မွန်းစတား ဖြစ်ထိုက်ပါပေတယ်.. မင်းရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို အံ့သြစရာပဲ.. ဒါပေမဲ့ မင်းဒီအချိန်မှာ ထွက်မလာသင့်ဘူး.. ငါသာ မင်းနေရာမှာဆိုရင် ဒီလိုအချိန်မှာ ထွက်လာဖို့ လုံးဝ ရွေးချယ်မှာ မဟုတ်ဘူး"
လန်ယွမ်က သက်ပြင်းရှည်ကို ကျန်းချန်ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။
ကျန်းချန်က လန်ယွမ်၏ စကားကိုကြားလျှင် ခံစားချက်မဲ့သော အမူအရာဖြင့် တုံ့ပြန် ပြောဆိုလိုက်၏။
"မင်းက ငါ့ရဲ့သတင်းကို ရွှယ်ပင်းနန်းတော်ဆီ ဖောက်သည်ချပြီး ရွှယ်ပင်းနန်းတော်ရဲ့အင်အားနဲ့ စန်းလန် အဖွဲ့အစည်းကို ဖြိုခွင်းခဲ့တယ်.. ဒါကြောင့် တရားပြန်တမှုကို ပြန်တောင်းဖို့အတွက် ငါမင်းဆီကို မရောက်ရောက်အောင် လာရမှာပဲ"
"ဟမ့်.. စန်းလန်အဖွဲ့အစည်းရဲ့ အကြွင်းအကျန်လေးကများ ငါတို့ ရေနဂါးဂိုဏ်းရဲ့ ဌာနချုပ်ကို လာပြီး မောက်မာရဲတယ်"
"ဂိုဏ်းချုပ်.. သူနဲ့ လေကုန်ခံပြီး စကားပြောမနေနဲ့တော့.. ကျွန်တော်တို့ ရှင်းပစ်လိုက်မယ်"
ကျန်းချန်၏ စကားကိုကြားလျှင် လန်ယွမ်၏ နံဘေးရှိ အကြီးအကဲနှစ်ဦးသည် ဒေါသတကြီး ရေရွတ်လိုက်သည်။
ထို့နောက်တွင် ၎င်းတို့ထံမှ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် အရှိန်အဝါသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
ဤသည်ကို ကြည့်လျှင် ထိုအဘိုးအိုနှစ်ယောက်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်နှင့် အကန့်အသတ်မရှိ နီးစပ်နေသည့် ကျင့်ကြံသူများ ဖြစ်မှန်း ထင်ရှားနေသည်။
"ကျန်းချန်.. မင်းက စန်းလန်အဖွဲ့အစည်း ဆီမှာ နေထိုင်တာ ခြောက်လတောင် မပြည့်သေးဘဲ ဘာလို့ သူတို့ဘက်ကနေ ရပ်တည်ရတာလဲ.. ငါတို့ ရေနဂါးဂိုဏ်းကို တိုက်ခိုက်တာက မင်းအတွက် အန္တရာယ်များတယ်ဆိုတာ မင်းမသိဘူးလား.. မင်းအခုနေ ထွက်သွားမယ်ဆိုရင် ရွှေယွင်မြို့မှာ မင်းထွက်ပေါ်လာတဲ့ ကိစ္စကို ငါလျှို့ဝှက်ထားပေးမယ်.. အခုကစပြီး စန်းလန် အဖွဲ့အစည်းရဲ့ ကိစ္စတွေမှာ ငါ ဝင်မပတ်သက်တော့ဘူး.. ဘယ်လိုသဘောရလဲ"
လန်ယွမ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက အလွန်တရာ သတိရှိသူတစ်ဦး ဖြစ်သည်။
သူက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့် ကျန်းချန်ကို အလျင်စလို တိုက်ခိုက်မည် မဟုတ်ပေ။
ကျန်းချန်ကို အရင်တည်ငြိမ်အောင် ထိန်းထားပြီးမှသာ ရွှယ်ပင်းနန်းတော်ကို ဆက်သွယ်ပြီး ရွှယ်ပင်နန်းတော်မှ ကျင့်ကြံသူများ၏ အကူအညီဖြင့် ကျန်းချန်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
"လန်ယွမ်.. ငါမင်းတို့မြို့ကို ရောက်လာတယ် ဆိုကတည်းက ငါ့ရဲ့တည်နေရာ ဖော်ထုတ်ခံရမှာကို သောက်ဂရုမစိုက်လို့ပဲ.. မင်းရဲ့ အကြံအစည်ကို ငါမသိဘူးမထင်နဲ့.. မင်းကို ဒီလိုမျိုး အခွင့်အရေး မရစေရဘူး"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး သွေးနဂါးဓားဖြင့် လန်ယွမ်ကို ချိန်ရွယ်လိုက်သည်။
"မင်း ငါ့ရဲ့အကြောင်းကို ရွှယ်ပင်းနန်းတော်ဆီ ဖောက်သည်ချလိုက်တဲ့ အချိန်ကစပြီး ငါရဲ့မျက်လုံးထဲမှာ မင်းက သေလူ ဖြစ်သွားခဲ့ပြီ"
"ကျန်းချန်. .မင်းကို မျက်နှာသာပေးနေတာကို ကန်းတက်မလာနဲ့.. ငါမင်းကို ကြောက်နေတယ်လို့များ ထင်နေလား"
ကျန်းချန်က သူ့ကို သတ်ဖြတ်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားသည်ကို မြင်လျှင် လန်ယွမ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
"ဒီကောင်လေးကို သတ်လိုက်"
"ဝုန်း.."
လန်ယွမ်၏ စကားဆုံးသည်နှင့် သူ့နံဘေးရှိ အကြီးအကဲနှစ်ဦးသည် တစ်ချိန်ထဲမှာပင် ရှေ့ကို လှမ်းတက်လာခဲ့သည်။
၎င်းတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားခဲ့၏။
"ကောင်လေး သွားသေလိုက်"
နှစ်ဦးစလုံးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ကြောက်မယ်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်များကို ထုတ်ဖော်လိုက်ကြသည်။
ထိုလက်ဝါးရိုက်ချက်က လေထုကိုပင် အေးခဲစေမတတ် ကြောက်မက်ဖွယ် အရှိန်အဝါကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။
"ပုရွက်ဆိတ်လေးတွေက ကိုယ့်အခြေအနေ ကိုယ်မသိဘူးပဲ"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လက်ထဲရှိ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော ဓားစွမ်းအင် နှစ်ခုသည် လေထုကို ထိုးခွင်း၍ ကောင်းကင်ပေါ်သို့ တက်သွားခဲ့ပြီး အဘိုးအိုနှစ်ယောက်၏ လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
"ဖပ်.. ဖပ်"
ပျော့ပြောင်းသော အသံနှစ်သံက ထွက်ပေါ်လာခဲ့ပြီး အင်အားကြီးဟန်တူသော လက်ဝါးနှစ်ခုသည် ပါးလွှာသော စက္ကူများသဖွယ် မမြင်နိုင်သော ဓားစွမ်းအင်အောက်တွင် အလွယ်တကူပင် အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံလိုက်ရ၏။
ဓားစွမ်းအင်က လက်ဖဝါးမှ တစ်ဆင့် စိမ့်ဝင်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် အစောပိုင်းက ရန်မူနေသော အဘိုးအို နှစ်ဦး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အေးခဲသွားသကဲ့သို့ ဖြစ်လာခဲ့ပြီး သူတို့၏ ပုံရိပ်များသည် လေထဲတွင် လျင်မြန်စွာပင် ရပ်တန့်သွားခဲ့သည်။
ဤအခြေအနေဖြင့် ၂စက္ကန့်၊ ၃စက္ကန့်မျှ ကြာပြီးနောက်တွင် အဘိုးအိုနှစ်ဦး၏ ခန္ဓာကိုယ်က ကြေမွသွားပြီး လေထဲကနေ ပြုတ်ကျသွားခဲ့သည်။
ကျန်းချန်က ဓားကွက် တစ်ကွက်တည်းဖြင့်ပင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်လိုက်သည်။
အခန်း(၁၂၃၃)ပြီး၏။