← Chapters

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း(၁၂၃၄)

အဘိုးအိုနှစ်ဦး၏ ရုပ်အလောင်း လေထဲကနေ ပြုတ်ကျလာသည်ကို မြင်လျှင် ပတ်ဝန်းကျင်သည် ရုတ်တရက် တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေခဲ့သည့် ရေနဂါးဂိုဏ်းဝင်တပည့်များ၏ အကြည့်များတွင် တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

သူတို့ ရေနဂါးဂိုဏ်းမှ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးပင် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။

"ဒီကောင်လေးက အရမ်းကြောက်စရာကောင်းတာပဲ.. သူ့ရဲ့ခွန်အားက နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူထက် လုံးဝမနိမ့်ဘူး.. ဒီကောင်လေးက တကယ်ပဲ နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီကိုး"

သူ့ရှေ့မှမြင်ကွင်းကို မြင်လျှင် လန်ယွမ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်နေသော ကျင့်ကြံသူနှစ်ဦးကို ချက်ချင်း သတ်ဖြတ်ရန်သာ နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူမှသာ လုပ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

လန်ယွမ်၏ စိတ်နှလုံးကို ပို၍ တုန်လှုပ်စေသည်မှာ ကျန်းချန်၏ ဓားချက်သည် ကျပန်း ထုတ်သုံးလိုက်သော ဓားချက်သာဖြစ်ပြီး တကယ့်ခွန်အားကို လုံးဝ အသုံးမပြုထားပေ။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်သည့် သူပင် ထိုနှစ်ယောက်ကို သတ်ဖြတ်ချင်လျှင် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်မည်မဟုတ်ချေ။

"ဒီကောင်လေးရဲ့ခွန်အားက ခန့်မှန်းရခက်တယ်.. အနိုင်ယူဖို့မလွယ်လောက်ဘူး"

လန်ယွမ်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။

သူက သူ့အသက်ကို အလွန် အလေးအနက်ထားသူ ဖြစ်ရာ စိတ်မချရဘဲ ကျန်းချန်ကို အရမ်းကာရော တိုက်ခိုက်ရန် ရွေးချယ်မည် မဟုတ်ပေ။

ရေနဂါးဂိုဏ်း ပျက်စီးရင် ပျက်စီးသွားပါစေ၊ သူအသက်ရှင်နေသရွေ့ နောက်ထပ် ရေနဂါးဂိုဏ်းကို တည်ထောင်၍ ရသည် မဟုတ်ပါလော။

သူက ဤနေရာမှ အရင်ဦးဆုံး ထွက်ပြေးပြီး ကျန်းချန် ထွက်ပေါ်လာသည့် သတင်းကို ရွှယ်ပင်းနန်းတော်ဆီ ပေးပို့ရန် ဆုံးဖြတ်လိုက်သည်။

ရွှယ်ပင်းနန်းတော်မှ အင်အားကြီးမားသော ကျင့်ကြံသူများသာ ရောက်လာခဲ့လျှင် ကျန်းချန်က မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပါစေ၊ ထွက်ပြေး၍ ရမည် မဟုတ်တော့ပေ။

ထိုအတွေးကို ရရှိသည်နှင့် တစ်ပြိုင်နက် လန်ယွမ်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ပြင်းထန်သော တုန်ခါမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ပေသုံးဆယ် အရွယ်အစားရှိသော အာကာပြင် အက်ကြောင်းတစ်ခုသည် လန်ယွမ်၏ ရှေ့တွင် ပေါ်ထွက်လာခဲ့၏။

"ထွက်ပြေးမလို့လား.. စိတ်မကောင်းစရာပဲ.. မင်းဘယ်လိုမှ ထွက်ပြေးလို့ရမှာမဟုတ်ဘူး"

လန်ယွမ်၏ လုပ်ရပ်ကို ကြည့်ရင်း ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူက သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သောဓားစွမ်းအင်သည် လေထုကို ထိုးဖောက်သွားပြီး ချက်ချင်းဆိုသလိုပင် အာကာပြင် အက်ကြောင်းထံ ကျရောက်သွားခဲ့သည်။

လန်ယွမ်က အာကာပြင် အက်ကြောင်းထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သော အချိန်တွင် သူဖွင့်လှစ်ထားသော အာကာပြင် လိုဏ်ခေါင်းကို ကျန်းချန်က အစိတ်စိတ် အမွှာမွှာ ဖျက်ဆီးလိုက်ကြောင်း တွေ့ရှိခဲ့ရသည်။

"ကျန်းချန်.. မင်းက ငါ့ထက်သာတယ်ဆိုပြီး အနိုင်ကျင့်ချင်တာလား"

ဤအချိန်တွင် လန်ယွမ်သည် မျက်စိမျက်နှာ ပျက်နေခဲ့ပြီး အလွန်တရာ ထိတ်လန့်နေခဲ့သည်။

"ငါ့ရဲ့ရည်ရွယ်ချက်က မင်းကိုအနိုင်ကျင့်ဖို့ မဟုတ်ဘူး.. မင်းကိုသတ်ဖြတ်ဖို့ပဲ"

ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"မင်းဘယ်လိုပဲ ရုန်းကန်နေပါစေ.. ဒီနေ့က မင်းရဲ့သေနေ့ပဲ"

အေးစက်စက်ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ကျန်းချန်သည် သွေးနဂါးဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

ဤသည်က ကျပန်း ဝှေ့ယမ်းလိုက်သည့် သာမန်ဓားကွက်မျှသာ ဖြစ်‌သော်လည်း ကမ္ဘာကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ကိန်းအောင်းနေခဲ့သည်။

ထိုအချိန်တွင် လန်ယွမ်သည် သေခြင်းတရား၏ အရိပ်အငွေ့ကို ခံစားမိခဲ့သည်။

သူ၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် အမြင့်ဆုံး အဆင့်ထိ ရောက်ရှိသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ အားကောင်းသော အသက်စွမ်းအင်များသည် လျင်မြန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီး ပေရာပေါင်းများစွာ ရှည်လျားသော ရေခဲနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။

ထိုအချိန်မှာပင် တုနှိုင်းမဲ့ အင်အားများ ကိန်းအောင်းနေသော ဓားအလင်းသည် ရေခဲနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ ကျ‌ရောက်လာခဲ့သည်။

ထို့နောက်တွင် ဓာားအလင်းသည် တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ ရေခဲနဂါး၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းဖြတ်ကာ လန်ယွမ်ထံသို့ ဆက်လက် ရိုက်ခတ်သွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် လန်ယွမ်၏ စိတ်နှလုံး၌ သေခြင်းတရား၏ အရိပ်အငွေ့များဖြင့် ပြည့်နှက်သွားခဲ့သည်။

အန္တရာယ်ကို ခံစားမိသည်နှင့် လန်ယွမ်သည် အတွေးတစ်ချက်ကို လှုပ်ရှားလိုက်ရာ ‌ရေခဲကဲ့သို့ အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည့် နက်မှောင်သော အကြေးခွံများဖြင့် ဖွဲ့စည်းထားသော သံချပ်ဝတ်စုံ တစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့သည်။

"ဝုန်း.."

ဓားအလင်း ကျ‌ရောက်လာသည်နှင့် လန်ယွမ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန်လွင့်စင်သွားခဲ့သည်။

လန်ယွမ်က ပေတစ်ထောင်မြင့်သော လေထုထဲကနေ ပြုတ်ကျလာခဲ့ပြီး ရွှေယင်မြို့ရှိ ပေရာပေါင်းများစွာ ရှည်လျားသော ခန်းမဆောင်တစ်ခုကို ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။

ထိုခန်းမဆောင်က အပြင်းအထန် တုန်ခါသွားခဲ့ပြီး နံရံပေါ်တွင် လူပုံသဏ္ဌာန် အပေါက်တစ်ပေါက်ပင် ဖြစ်ပေါ်သွားခဲ့သည်။

"ခေါင်းဆောင်က ဒီလိုပဲ ရှုံးနိမ့်သွားတာလား"

ထိုမြင်ကွင်းကိုမြင်လျှင် အောက်ဘက်တွင်ရှိသည့် ရေနဂါးဂိုဏ်းဝင်များ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

သူတို့ ရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ် လန်ယွမ်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်။

"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. အဟွတ်..အဟွတ်"

ရေနဂါးဂိုဏ်းဝင်များစွာက ထိတ်လန့်နေစဥ်မှာပင် ချောင်းဆိုးသံ တစ်သံက ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပုံရိပ်တစ်ခုသည် အစောပိုင်းက အပေါက်ကြီး ဖြစ်သွားသော ခန်းမထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်မှာ တခြားသူမဟုတ်ပေ၊ လန်ယွမ် ပင်ဖြစ်သည်။

ဤအချိန်တွင် လန်ယွမ်၏ ဆံပင်သည် အရူးတစ်ယောက်နှယ်ရှုပ်ထွေးနေခဲ့ပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးများပေကျံနေခဲ့၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်သော အကြေးခွံ သံချပ်ဝတ်တွင်လည်း အက်​ရာများသည် မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် လန်ယွမ်၏ အကြည့်၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်လေးက အရမ်းကို သန်မာလွန်းတယ်"

သူ၏ နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်ဖြင့်ပင် ကျန်းချန်၏ ဓားတစ်ချက်ကို မတားဆီးနိုင်ခဲ့ပေ။

ရေနဂါးဂိုဏ်း၏ ရတနာဖြစ်သည့် ကြေးခွံနက် သံချပ်ဝတ်စုံသာ မရှိခဲ့လျှင် ကျန်းချန်၏ ဓားချက်အောက်တွင် သေသွားလောက်ပြီ ဖြစ်၏။

"လတ်စသတ်တော့ နတ်သန္ဓေအင်ပါယာရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတဲ့ အဋ္ဌမအဆင့် ဝိညာဥ်သံချပ်ဝတ် ရတနာဖြစ်နေတာကိုး.. မင်းက ငါ့ရဲ့ဓားချက်အောက်မှာ အသက်ရှင်နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး.. ဒါပေမဲ့ ငါ့ရဲ့ နောက်ထပ် ဓားချက်တွေကို တားဆီးနိုင်ဦးမလား ဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်က လန်ယွမ်၏ နက်မှောင်သော အကြေးခွံ သံချပ်ဝတ်ကို တအံ့တသြ ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ထဲရှိ သွေးနဂါးဓားကို လေထဲသို့ မြှောက်လိုက်သည်။

"ကျန်းချန် မင်းငါ့ကို အတင်းအကျပ် ဖိအားပေးနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ကျန်းချန်က သွေးနဂါးဓားကို ထပ်မံ မြှောက်လိုက်သည်ကို မြင်လျှင် လန်ယွမ်၏ မျက်နှာထက်တွင် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီး လက်ဟန်များ ပြုလုပ်ကာ သွေးကျိန်စာ တစ်ခုကို ထုတ်ဖော်လိုက်သည်။

"ငါ့ရဲ့သွေးနဲ့ နဂါးဧကရာဇ်ကို ပူဇော်ပါတယ်.. နဂါးဧကရာဇ် ကူညီပေးပါလို့ တောင်းဆိုပါတယ်"

လန်ယွမ်၏ စကား အဆုံးသတ်သည်နှင့် ရွှေယွင်မြို့၏ အောက်ဘက်ကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရွှေယွင်မြို့သည် ငလျင်လှုပ်သကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ယင်သွားခဲ့သည်။

ကြောက်မက်ဖွယ်အင်အားကောင်းသော အရှိန်အဝါတစ်ခုသည် ဒေါသနဂါး နိုးထလာသကဲ့သို့ ရွှေယွင်မြို့၏ အောက်ဘက်ကနေ အပေါ်သို့ တက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် လေနှင့် မိုးကြိုးများသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် တိုက်ခတ်နေခဲ့ပြီး ကြီးမားသော အနက်ရောင်ပုံရိပ် တစ်ခုသည် လေထုထဲတွင် စုစည်းသွားခဲ့သည်။

ထိုအနက်ရောင်အရိပ်သည် မီတာရာပေါင်းများစွာအရွယ်အစား ရှိပြီး ရွှေယွင်မြို့တစ်ခုလုံး၏ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်က အနည်းငယ်နဂါးနှင့် ဆင်တူပြီး ခန္ဓာကိုယ်ကို အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထား၏။

၎င်း၏ မျက်လုံးက ကြေးခေါင်းလောင်း ကဲ့သို့ ကြီးမားလှပြီး မျက်လုံးများကြားတွင် အသားစများ ထွက်နေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

"နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ရေနဂါးဂိုဏ်းမှာ အဌမအဆင့် ရေနဂါးရဲ့ ကြွင်းကျန်ရစ်တဲ့ ဝိညာဥ် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ကျန်းချန်က လေထဲရှိ အနက်ရောင်ပုံရိပ်ကို ကြည့်ကာ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ကောင်လေး.. မင်းက ငါဧကရာဇ် အိပ်နေတာကို နှောင့်ယှက်တဲ့သူလား"

ကောင်းကင်ပေါ်ရှိ ရေနဂါးဝိညာဥ်က အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏မျက်လုံးတွင် အလွန်အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေ၏။

"ဟားဟား.. အဋ္ဌမအဆင့် ရေနဂါးရဲ့ ကြွင်းကျန်ရစ်တဲ့ ဝိညာဥ်ကများ ငါ့ရှေ့မှာ သူ့ကိုယ်သူ နဂါးဧကရာဇ်လို့ တင်စားရဲတယ် တကယ်ကို ရယ်စရာကောင်းတာပဲ"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ခနဲ့လိုက်သည်။

"မင်းလို အဋ္ဌမအဆင့် ရေနဂါးရဲ့ကြွင်းကျန်ရစ်တဲ့ ဝိညာဥ်မပြောနဲ့.. မင်းရဲ့ခန္ဓာကိုယ်အစစ် ဒီနေရာမှာ ရှိနေရင်တောင် ငါက ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်တယ်"

"ကောင်လေး မင်းက ဒီဧကရာဇ်ရှေ့မှာ ရိုင်းစိုင်းလှချည်လား မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ရေနဂါး၏ ဝိညာဥ်က ကျန်းချန်၏ စကားကို ကြားလျှင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

အခန်း(၁၂၃၄)ပြီး၏။

အခန်း(၁၂၃၅)

"ဒါ.. ဒါက ဒဏ္ဌာရီလာ နဂါးဧကရာဇ် မဟုတ်လား.. မထင်မှတ်ဘဲ ကောလဟာလတွေက တကယ်မှန်နေတာပဲ.. ငါတို့ ရေနဂါးဂိုဏ်းမှာ တကယ်ပဲ နဂါးဧကရာဇ် ရှိနေခဲ့တယ်.. ဟားဟား.. ဂိုဏ်းချုပ်က နဂါးဧကရာဇ်ကို နိုးထစေခဲ့ပြီ ဆိုမှတော့ ငါတို့ရေနဂါးဂိုဏ်းတော့ လုံခြုံသွားပြီ"

".........."

အောက်ဘက်မှ ‌ရေနဂါးဂိုဏ်းဝင် တပည့်များစွာသည် ရွှေယွင်မြို့ အထက်ရှိ ရေနဂါးပုံရိပ်ကို ကြည့်ကာ ပျော်ရွှင်နေခဲ့ကြသည်။

နဂါးဧကရာဇ်သည် သူတို့ ရေနဂါးဂိုဏ်းကို တည်ထောင်သောပထမဆုံး ခေါင်းဆောင်၏ သားရဲ ဖြစ်သည်။

ဒဏ္ဍာရီများအရ နဂါးဧကရာဇ်က အလွန်ပင် အင်အားကြီးမားပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ်ကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုကြ၏။

ယခု နဂါးဧကရာဇ် နိုးထလာခဲ့ပြီ ဖြစ်ရာ ကျန်းချန်ကို သတ်ဖြတ်ပြီး ရေနဂါးဂိုဏ်းကို လုံခြုံအောင် ကာကွယ်ပေးနိုင်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။

ရေနဂါးဂိုဏ်းဝင်များက နဂါး၏ ပုံရိပ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေစဥ်မှာပင် အနက်ရောင် တိမ်တိုက်များသည် ကောင်းကင်ကို ဖုံးလွှမ်းလာခဲ့ပြီး လေလှိုင်းများက စတင်တိုက်ခတ်လာခဲ့သည်။

ထို့နောက်တွင် ရေနဂါးက နှာမှုတ်လိုက်ရာ အေးစက်သော အနက်ရောင်လေပွေ နှစ်ခုသည် နှာခေါင်းပေါက်ကနေ ထွက်ပေါ်လာခဲ့သည်။

"လူသား ငါ့ရဲ့အစွမ်းကို မြည်းကြည့်လိုက်စမ်း"

ရေနဂါး၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ၎င်း၏ နှာခေါင်းပေါက်မှ ထွက်ပေါ်လာသော အေးစက်သော အနက်ရောင်လေပွေ နှစ်ခုသည် ဧရာမ မြားနှစ်စင်း အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။

"ဟားဟား.. မင်းက အစစ်အမှန် နဂါးရဲ့ သွေးအနည်းငယ်ပဲ ရှိတဲ့ နဂါးတစ်ပိုင်းသားရဲလေးပါပဲ.. မင်းသာ တကယ့် အစစ်အမှန် နဂါးဆိုရင်တော့ မင်းရဲ့နှာမှုတ်ချက်က ငါ့ကို အခက်တွေ့စေနိုင်သေးတယ်... မင်းလို နဂါးတစ်ပိုင်း သားရဲရဲ့ နှာမှုတ်ချက်လောက်ကတော့ ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြုံး၍ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ လက်တစ်ဖက်ကို မြှောက်၍ ညင်သာစွာ လှုပ်ရှားလိုက်ရာ သူ့ဆီသို့ ဦးတည်လာသော မြားနှစ်စင်းသည် ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး ကောင်းကင်ယံပေါ်တွင် အနက်ရောင် ရေခဲခရစ်စတယ် အဖြစ် ပြောင်းလဲကာ လေထဲမှာပင် ကြေမွလွင့်စင်သွားခဲ့သည်။

"ကောင်လေး..မင်းငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီ"

ကျန်းချန်က သူ့အား အထင်အမြင်သေးနေသည်ကို မြင်လျှင် ရေနဂါးသည် ချက်ချင်းဆိုသလိုပင် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

ထို့နောက်တွင် ရေနဂါးသည် ပေနှစ်ဆယ်ကျော် ရှည်လျားသည့် သူ၏ အနက်‌ရောင်နဂါးအမြှီးဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်ပြန်သည်။

ကျန်းချန်က သူ့ဆီသို့ ဝင်ရောက်လာသော နဂါးအမြှီးကို မရှောင်တိမ်းခဲ့ပေ။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နဂါးအမြှီးကို ထိုးချလိုက်သည်။

"ဝုန်း.."

သူ၏လက်သီးချက်က နဂါးအမြှီးကို ထိမိသွားပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာပြီး ကြီးမားသော အနက်ရောင် လေလှိုင်းကြီးသည် ချက်ချင်းဆိုသလို လေထုတွင် ပြည့်နှက်သွားကာ ကျန်းချန်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။

"ဒီကောင်လေးတော့ သေပြီထင်တယ်.. ဟားဟား..နဂါးဧကရာဇ်က နဂါးဧကရာဇ်ပါပဲ.. ဒီလို မလောက်လေး မလောက်စားက နဂါးဧကရာဇ်ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ"

"ဒီလို အကောင်းအဆိုးကို နားမလည်တဲ့ကောင်က သေသွားတာ နည်းတောင် နည်းသေးတယ်"

"............."

ရေနဂါးဂိုဏ်းဝင်များက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောကာ ပြောလိုက်ကြသည်။

"ကျန်းချန်.. ဒါက မင်းငါ့ကို အတင်းအကျပ် ဖိအားပေးခဲ့လို့ပဲ.. ငါတို့ ရေနဂါးဂိုဏ်းမှာ နဂါးဧကရာဇ် တစ်ကောင် ရှိနေလိမ့်မယ်လို့ မင်းဘယ်တုန်းကမှ ထင်မထားခဲ့ဘူး မဟုတ်လား"

လန်ယွမ်၏ ဖြူဖျော့သော မျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူတို့ ရေနဂါးဂိုဏ်းတွင် ရေနဂါး၏ ကြွင်းကျန်ရစ်သော ဝိညာဥ်သည် အမြဲတစေ အိပ်စက်နေသည်ကို ရေနဂါးဂိုဏ်းကို ဆက်ခံသော ခေါင်းဆောင်တိုင်းသာ သိထားကြသည်။

ရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်သာလျှင် ထိုကြွင်းကျန်ရစ်သော ရေနဂါး ဝိညာဥ်ကို နိုးထစေနိုင်စွမ်း ရှိ၏။

သို့သော် ထိုသို့ နိုးထစေရန်အတွက် အလွန်ပင် ပေးဆပ်မှု များသည်။

ရေနဂါးဝိညာဥ်ကို တစ်ခါ နိုးထစေတိုင်းတွင် သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိရန် သုံးနှစ်မှငါးနှစ်အထိ ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မည် ဖြစ်သည်။

ကျန်းချန်သာ ဤတစ်ခေါက်တွင် သူ့ကို အတင်းအကျပ် ဖိအားမပေးခဲ့လျှင် သူ့အနေဖြင့် အိပ်စက်နေသည့် ရေနဂါးဝိညာဥ်ကို နိုးထစေစရာ အကြောင်းမရှိပေ။

ယခု ကျန်းချန်ကို ရေနဂါးဝိညာဥ်က သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ကျန်းချန်သည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးသွားသည်ဟုပင် ဆိုရပေတော့မည်။

သို့သော် လန်ယွမ်က ကျန်းချန်ကို ရေနဂါးဝိညာဥ် သတ်ပစ်လိုက်ပြီဟု ထင်၍ သက်ပြင်းချရန် ပြင်လိုက်စဥ်မှာပင် ကောင်းကင်ယံတွင် ပုံမှန်မဟုတ်သော လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လန်ယွမ်က မော့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။

ကောင်းကင်ယံတွင် ပြည့်နှက်နေသော အနက်ရောင်လှိုင်းများ ပြယ်လွင့်သွားသည်နှင့် အမျှ ဘာမှ မထိခိုက်ထားသော အနက်ရောင်ပုံရိပ် တစ်ခုသည် သူ၏ မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

တစ်ဖက်မှ ရေနဂါး၏ အသွင်အပြင်ကမူ အတော်လေး ဆိုးဆိုးရွားရွား ဖြစ်နေခဲ့၏။

ပေနှစ်ဆယ်ကျော် ရှည်လျားသည့် ရေနဂါး၏ ဧရာမအမြှီးသည် ကျန်းချန်၏ လက်သီးချက်ကြောင့် အမှန်တကယ်ပင် ကျိုးပဲ့သွားခဲ့သည်။

ရေနဂါးက ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသော်လည်း နာကျင်စွာ အော်ဟစ်ခဲ့ခြင်း မရှိခဲ့ပေ။

ဤအချိန်တွင် ရေနဂါး၏ ကြီးမားသော မျက်လုံးနှစ်လုံးသည် ချက်ချင်းဆိုသလို သွေးနီရောင် ဖြစ်သွားခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးလိုသော အရိပ်အယောင်များ ပြည့်နှက်နေကာ ကျန်းချန်ကို အရှင်လတ်လတ် ဝါးမျိုတော့မတတ် ဖြစ်နေခဲ့၏။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လန်ယွမ်၏ မျက်နှာထက်တွင် ရုတ်တရက် ထိတ်လန့်သောအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

သူက ပါးစပ်ကနေ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး အနေဖြင့် လန်ယွမ်သည် အမြဲတစေ အိပ်စက်နေတတ်သည့် ရေနဂါး၏ ခွန်အားက မည်မျှ ကြောက်စရာကောင်းမှန်း မည်သူ့ထက်မဆို ကောင်းစွာသိသည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပထမဆုံးဂိုဏ်းချုပ်လက်ထက်တွင် ဤရေနဂါးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ရေနဂါး၏ ဝိညာဥ်က ကျန်းချန်၏ လက်သီးကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်ဖြစ်ရာ လန်ယွမ်သည် စိတ်ထဲကနေ တုန်လှုပ်နေခဲ့၏။

"ဒီကောင်လေးရဲ့အင်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်နေတာပါလိမ့်"

"မင်းက မင်းရဲ့ခွန်အားကို အားကိုးပြီး ငါ့ကိုသတ်ချင်နေတာလား.. အရင်က မင်းသာ ဆက်လက် အိပ်ပျော်နေခဲ့မယ် ဆိုရင် အခုအချိန်ထိ ဆက်လက်အိပ်စက်နိုင်သေးတယ်.. ဒါပေမဲ့ မင်းက ထွက်လာပြီး ငါ့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားမှတော့ ငါက မင်းရဲ့ဝိညာဥ်ကို ဖျက်ဆီးပြီး မင်းကို ဒီကမ္ဘာကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် လေထဲတွင် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"မိုးကြိုးနယ်မြေ စုစည်းစမ်း"

ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ကောင်းကင်ထက်ကနေ တဖျပ်ဖျပ်လက်နေသော မိုးကြိုးလျှပ်စီးများသည် ထွက်ပေါ်လာခဲ့ပြီး လေထဲမှ အနက်ရောင် တိမ်တိုက်များကို ချက်ချင်းဆိုသလို ပိုင်းဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုမိုးကြိုးလျှပ်စီး ထောင်ပေါင်းများစွာသည် ငွေရောင်နယ်မြေ တစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့ပြီး ရေနဂါး၏ ဝိညာဥ်ကို လွှမ်းခြုံလိုက်သည်။

"မင်း.. မင်းက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူလား"

ရေနဂါးက သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့၏။

သူ့အရှေ့မှ လူသားသည် သူအထွတ်အထိပ် ရောက်စဥ်ကာလက ခွန်အားနှင့် ယှဥ်နိုင်သည့် နတ်သန္ဓေ အင်ပါယာတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ထို့အပြင် ထိုလူငယ်လေးသည် မိုးကြိုးနယ်မြေကို နားလည်သည့် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။

သူက လက်ရှိအချိန်တွင် ကြွင်းကျန်ရစ်သော ဝိညာဥ်တစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးနယ်မြေနှင့် ရင်ဆိုင်ရလျှင် ရေနဂါးသည် ဝိညာဥ်လွင့်မတတ်ပင် ထိတ်လန့်သွားခဲ့သည်။

သူ၏ကြီးမားသောခန္ဓာကိုယ်ကလည်း တုန်တုန်ယင်ယင် ဖြစ်နေခဲ့၏။

"သခင်..ကျွန်တော် သခင့်ဆီမှာ လက်နက်ချဖို့ ဆန္ဒရှိပါတယ်.. သခင် သဘောထားကြီးစွာနဲ့ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ဤအချိန်တွင် ရေနဂါး၏ ကြွင်းကျန်ရစ်သော ဝိညာဥ်သည် မမောက်မာရဲတော့ပေ။

သူက ကျန်းချန်ကို တောင်းပန်တိုးလျှိုးကာ အသနားခံလိုက်သည်။

နတ်သန္ဓေအင်ပါယာ တစ်ပါး၏ မိုးကြိုးနယ်မြေကို သူ၏ အထွတ်အထိပ် အချိန်မှာပင် စွမ်းအားအပြည့်အဝနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယခုလို ကြွင်းကျန်ရစ်သည့် ဝိညာဥ် အခြေအနေတွင်မူ သူ့ရှေ့မှလူငယ်သည် အတွေးတစ်ချက်ဖြင့်ပင် သူ့ကို လုံးဝ ဖျက်ဆီးပစ်နိုင်၏။

"ရေနဂါးရဲ့ ကြွင်းကျန်ရစ်တဲ့ဝိညာဥ်.. အခုမှ တောင်းပန်နေတာ နောက်ကျသွားခဲ့ပြီ"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပေါ့ပါးစွာပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ငွေ‌ရောင်မိုးကြိုးနယ်မြေထဲမှ နတ်မိုးကြိုးတစ်စင်းသည် ကောင်းကင်ကနေ ကျဆင်းလာခဲ့ပြီး ရေနဂါး၏ ကြွင်းကျန်ရစ်သော ဝိညာဥ်ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

ရေနဂါးက နာကျင်စွာ မအော်ဟစ်နိုင်ခင်မှာပင် နတ်မိုးကြိုးကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီး ဘာမှ မကျန်ရှိတော့ပေ။

"လန်ယွမ် ဒီတစ်ခေါက် မင်းအလှည့်ပဲ"

ရေနဂါး၏ ဝိညာဥ်ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် လန်ယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

"ဝုန်း.."

ထိုခဏမှာပင် ငွေရောင်မိုးကြိုး နယ်မြေထဲတွင် နတ်မိုးကြိုးတစ်စင်းသည် ထပ်မံစုစည်းလာခဲ့ပြီး ရုတ်တရက်အောက်ဘက်ရှိ အပြာရောင်နဂါး ဝတ်ရုံကို ဝတ်ဆင်ထားသော လန်ယွမ်ထံသို့ ကျရောက်သွားခဲ့သည်။

အခန်း(၁၂၃၅)ပြီး၏။

အခန်း(၁၂၃၆)

"မသတ်ပါနဲ့"

လန်ယွမ်က စိတ်ပျက်အားငယ်စွာဖြင့် ထိတ်လန့်နေခဲ့သည်။

သူက ခန္ဓာကိုယ် တစ်ခုလုံးရှိ ခွန်အားကို အလျင်အမြန် ထုတ်သုံးကာ နေရာလွတ်ကို ဆုတ်ဖြဲ၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် နေရာလွတ် အက်ကြောင်းက တစ်ဝက်ပင် မပွင့်သေးခင်မှာပင် နတ်မိုးကြိုး အလင်းက ကျဆင်းလာခဲ့ပြီး အလင်းလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခွင် လွှမ်းမိုးသွားခဲ့သည်။

ခဏအကြာတွင် နတ်မိုးကြိုးအလင်းများသည် ဖြည်းဖြည်းချင်း ပြယ်လွင့်သွားခဲ့၏။

သို့သော်လည်း လန်ယွမ်၏ ပုံရိပ်သည် လုံးဝ မကျန်ရှိတော့ပေ။

နတ်မိုးကြိုး၏ အောက်တွင် လန်ယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုံးဝ ပြာကျသွားသည်မှာ ထင်ရှားနေ၏။

လန်ယွမ်၏ ဝိညာဥ်ပင် တစ်ခါတည်း ဖျက်ဆီးခံခဲ့ရသည်။

ပတ်ဝန်းကျင်ရှိ ရေနဂါးဂိုဏ်းဝင်များသည် ထိုမြင်ကွင်းကိုကြည့်ကာ မျက်နှာတစ်ခုလုံး အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

သူတို့ ရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်လန်ယွမ်နှင့် နဂါးဧကရာဇ်တို့ နှစ်ဦးစလုံးသည် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ထိုလူငယ် အသုံးပြုလိုက်သော စွမ်းအားသည် ဒဏ္ဍာရီလာ စစ်မှန်သော နယ်မြေပိုင်နက်စွမ်းအား ဖြစ်သည်။

ယင်းက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော စွမ်းအားတစ်ခုဆိုလည်း မမှားချေ။

သူတို့ရှေ့မှ ကောင်လေးက ဤမျှလောက် အင်အားကြီးမားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။

သူတို့ ရေနဂါးဂိုဏ်း၏ ခွန်အားအကြီးဆုံး ဖြစ်သည့် နဂါးဧကရာဇ်ပင် ဤတစ်ခေါက်တွင် လုံးဝ ဇာတ်သိမ်းသွားခဲ့သည်။

"ဆရာ.. စန်းလန်အဖွဲ့အစည်းရဲ့ကိစ္စတွေအားလုံးကို လန်ယွမ်တစ်ယောက်တည်းကပဲ လုပ်ခဲ့တာပါ.. ဒီကိစ္စက ကျွန်တော်နဲ့ဘာမှမပတ်သက်ပါဘူး.. ကျွန်တော် ထျန်ယွင်က ရေနဂါးဂိုဏ်းကနေ နှုတ်ထွက်ပြီး စန်းလန်အဖွဲ့အစည်းထဲ ဝင်ဖို့ ဆန္ဒရှိပါတယ်.. ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်"

ထိုအချိန်တွင် နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အကြီးအကဲ တစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ ကျန်းချန်ကို အသနားခံလိုက်သည်။

ယခုအခါတွင် ရေနဂါးဂိုဏ်း၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ အကြီးအကဲ နှစ်ဦးနှင့် ဂိုဏ်းချုပ်လန်ယွမ် တို့သည် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

ထို့အပြင် သူတို့ ရေနဂါးဂိုဏ်း၏ အဓိကအားကိုးရာ ဖြစ်သည့် နဂါးဧကရာဇ် သည်လည်း မရှိတော့ပေ။

ယခုအခါတွင် သူတို့ ရေနဂါးဂိုဏ်းသည် လုံးဝ ပြိုကွဲသွားခဲ့ပြီးဖြစ်၍ သူ့အနေဖြင့် သစ်ပင်ကောင်းကို ရှာဖွေ၍ နားခိုရမည် မဟုတ်ပါလား။

"ဆရာ.. ကျွန်တော်တို့လည်း စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်ချင်ပါတယ်.. ကျွန်တော်တို့ရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်"

နတ်ဝိညာဥ်ဘုရင် နဝမအဆင့် အကြီးအကဲ ဒူးထောက်၍ တောင်းပန်ပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ ရေနဂါးဂိုဏ်းဝင်များသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူဆိုသည်မှာ ကျုံးကျိုးကုန်းမြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ပြိုင်ဘက်ကင်း အဆင့်အတန်း ဖြစ်သည်။

လက်ရှိအချိန်တွင် သူတို့အနေဖြင့် နတ်သန္ဓေ အင်ပါယာတစ်ပါးကို ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် ဘာမှမခြားပေ။

"ဒီနေ့ကစပြီး ရေနဂါးဂိုဏ်းက မရှိတော့ဘူး.. မင်းတို့တွေအားလုံးက စန်းလန်အဖွဲ့အစည်းနဲ့ ပေါင်းစည်းရမယ်.. မလိုက်နာတဲ့လူတွေကို သတ်ပစ်မယ်.. ထျန်ယွင်.. မင်းက အခုရွှေယွင်မြို့ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ.. ရေနဂါးဂိုဏ်းရဲ့အရင်းအမြစ်တွေ အားလုံးကို စုစည်းပြီး စန်းလန်အဖွဲ့အစည်းဆီ ရွှေ့ပြောင်းဖို့ ငါမင်းကို အမိန့်ပေးမယ်.. မင်းဘာလှည့်ကွက်မှ အသုံးပြုဖို့ မစဥ်းစားနဲ့.. မဟုတ်ရင် ငါ့ရဲ့ဓားအောက်မှာ မင်းသေရမယ်"

ကျန်းချန်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။

သူ၏အသံက ကမ္ဘာကိုပင် ပဲ့တင်ထပ်သွားပြီး နတ်သန္ဓေအင်ပါယာအဆင့်၏ အင်အားကြီးမားသော စွမ်းအားသည် အောက်ဘက်ရှိ ရေနဂါးဂိုဏ်းဝင် များစွာကို လွှမ်းခြုံသွားကာ ခန္ဓာကိုယ်များကို တဆတ်ဆတ် တုန်ယင်သွားစေခဲ့သည်။

"အမိန့်အတိုင်းပါ"

ထန်ယွင်က လေးစားသော အမူအရာဖြင့် ခပ်သွက်သွက် ဖြေလိုက်သည်။

ထိုအခိုက်တွင် သူ၏မျက်ဝန်းထဲ၌ ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယခုအခါတွင် စန်းလန် အဖွဲ့အစည်း၌ ကျန်းချန်လို နတ်သန္ဓေအင်ပါယာတစ်ပါး ရှိနေခဲ့ပြီ ဖြစ်၍ ရွှယ်ပင်းနန်းတော် ကဲ့သို့ ကြယ်သုံးပွင့်အင်အားစု ဖြစ်လာမည်မှာ သေချာသည်။

ရေနဂါးဂိုဏ်းကို စန်းလန် အဖွဲ့အစည်းနှင့် ပေါင်းစည်းပြီးလျှင် အနာဂတ်တွင် စန်းလန်အဖွဲ့အစည်းရှိ သူ၏ ရာထူးသည် နိမ့်ကျမည် မဟုတ်ပေ။

ကျန်းချန်၏ ပေါင်ကို ဖက်တွယ်ထားသရွေ့ သူ့အနေဖြင့် ကြယ်သုံးပွင့် အင်အားစု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်မည်မှာ သံသယဝင်စရာ မရှိပေ။

"မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်.. မဟုတ်ရင်တော့ ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် ငါမင်းကို ရအောင်သတ်ပစ်မယ်"

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်က အလင်းတန်းသဖွယ် ပြောင်းလဲကာ ကောင်းကင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။

-----------------

ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းရှိ ယွင်လင်တောင်တန်း အထက်တွင် အနက်ရောင်ပုံရိပ် တစ်ခုသည် လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

ထိုအနက်‌ရောင်ပုံရိပ်သည် တခြားသူမဟုတ်ပေ။

ရွှေယွင်မြို့မှ ထွက်လာခဲ့သော ကျန်းချန်ပင် ဖြစ်သည်။

ကျန်းချန်က ရေနဂါးဂိုဏ်းကို ဖြိုခွင်းပြီးနောက်တွင် စန်းလန်အဖွဲ့အစည်းဆီသို့ ပြန်မလာခဲ့ပေ။

သူက ရွှယ်ပင်းနန်းတော် ဆီသို့ ဦးတည်၍ သွားခဲ့သည်။

"ဒီယွင်လင်တောင်တန်းကို ဖြတ်ပြီးရင် ရွယ်ကျင့်မြို့ကို ရောက်ပြီ.. မြို့ထဲက ခဏဝင်ကြည့်ရမယ်.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ လုံထျန်းဝူ တို့လည်း ဘယ်လိုအခြေအနေ ရှိနေမလဲ မသိဘူး"

ကျန်းချန်က ယွင်လင်တောင်တန်း၏ တစ်ဖက်ကို ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရွယ်ကျင့်မြို့သည် ရွှယ်ပင်းနန်းတော် တည်ထောင်ထားသည့် မြို့များထဲမှ တစ်ခု ဖြစ်သည်။

ရွှယ်ပင်းနန်းတော်သာ သူက နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟု သိရှိခဲ့လျှင် လုံထျန်းဝူတို့၏ အခြေအနေသည် အလွန်ပင် ဆိုးရွားသွားနိုင်၏။

"လုံယွင်.. မင်းတို့ မောင်နှမနှစ်ယောက် ထွက်ပြေးလို့မရတော့ဘူး"

ကျန်းချန် အတွေးနက်နေစဥ်မှာပင် သူ၏‌ရှေ့ရှိ သစ်တောထဲတွင် ပြင်းထန်သော အော်ဟစ်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"လုံယွင်လား"

ကျန်းချန်က သူနှင့် ရင်းနှီးသည့်အမည်ကို ကြားလိုက်ရလျှင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ချက်ချင်းပင် အားကောင်းသော ဝိညာဥ်စိတ်ဆန္ဒကို အသုံးပြုလိုက်ရာ ပတ်ဝန်းကျင် ဆယ်မိုင်ပတ်လည် အတွင်းရှိ အရာအားလုံးသည် သူ၏ စိတ်ထဲတွင် မြင်ကွင်းသဖွယ် ပေါ်ပေါက်လာခဲ့သည်။

သူ၏ စိတ်အာရုံက အလွန်လျင်မြန်စွာပင် အရှေ့ဘက်ရှိ ကမ်းပါးယံတစ်ခု ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် သူရဲကောင်းဟန်ပန်ဖြင့် ရပ်နေခဲ့သည်။

သူ၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး ဆံပင်များလည်း ပြေလျော့နေခဲ့သည်။

သူ၏မျက်နှာက ဖြူဖျော့နေသော်လည်း အေးစက်စက်အမူအရာ ရှိနေခဲ့၏။

ထို့အပြင် ထိုအနက်ရောင်ဝတ် အမျိုးသားသည် သတိလစ်နေသည့် လှပသော အမျိုးသမီးတစ်ဦးကိုပါ ပွေ့ချီထားသည်။

"တကယ်ပဲ လုံယွင်နဲ့ လုံရှင်းယွဲ့တို့ပါလား"

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ် ပွေ့ချီထားသည့် အမျိုးသမီးကိုမြင်လျှင် ကျန်းချန်သည် မျက်နှာသိပ်မကောင်းတော့ပေ။

"နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ ငါခန့်မှန်းထားသလို တစ်စုံတစ်ခု ဖြစ်ခဲ့ပုံပဲ"

ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

သူက လုံယွင်တို့၏ ပတ်ဝန်းကျင်မှ ပုံရိပ်များကို အကဲခတ်လိုက်ရာ ကောင်းကင်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ် တစ်စုသည် လုံယွင်တို့ မောင်နှမနှစ်ယောက်ကို သတ်ဖြတ်လိုသော အမူအရာများဖြင့် ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။

"လတ်စသတ်တော့ ရွှယ်ပင်းနန်းတော်က ဖြစ်နေတာကိုး"

ကျန်းချန်၏ သတ်ဖြတ်လိုစိတ်များက ပြည့်နှက်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူ၏ ပုံရိပ်သည် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

"လုံယွင်.. မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်.. မင်းသာ ကျန်းချန်ရဲ့ အချက်အလက်တွေကို လိမ်လိမ်မာမာ ပေးမယ်ဆိုရင် ငါတို့က ဂိုဏ်းတူတွေ ဖြစ်တဲ့အတွက် မင်းကို မသတ်ဘဲ အသက်ချမ်းသာပေးမယ်.. ဒီလိုမှ မဟုတ်ရင်တော့ ဒီနေရာက မင်းရဲ့သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"

အပြာရောင်ဝတ် လူငယ်များ၏ ခေါင်းဆောင်သည် လုံယွင်ကို စူးစိုက်၍ ကြည့်ကာ သတ်ဖြတ်လိုသော လေသံဖြင့် ပြောလိုက်သည်။

"ငါမသိဘူးလို့ မင်းကို ပြောပြီးသားပဲ"

လုံယွင်က အေးစက်စက်ပြောလိုက်သည်။

"အကယ်၍ ငါသိခဲ့ရင်တောင် ညီနောင်ကျန်းချန်ရဲ့ အချက်အလက်တွေကို မင်းတို့လို လူယုတ်မာတွေဆီ ဖော်ထုတ်မှာ မဟုတ်ဘူး"

လွန်ခဲ့သည့် တစ်နှစ်အကြာက မြို့တော်ငါးခုသည် ကျန်းချန်ကို ဖမ်းမိန့်ထုတ်ခဲ့ရာ ကျုံးကျိုးကုန်းမြေ တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ရွှယ်ပင်းနန်းတော်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် ကျန်းချန်တို့ အကြားရှိ ဆက်ဆံ‌ရေးကို အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် သိရှိခဲ့ကာ နဂါးနက်ကုန်သွယ်ရေး အဖွဲ့ကို တိုက်ခိုက်ခဲ့သည်။

သူတို့ဖခင်၏ အနစ်နာခံမှုဖြင့် သူတို့ မောင်နှမ နှစ်ယောက်သည် ရွယ်ကျင့်မြို့ကနေ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယွင်လင်တောင်တန်း အထိ လိုက်လံဖမ်းဆီးခံခဲ့ရသည်။

ယခု သူတို့ရှေ့မှ လူများသည် ယခင်က ဂိုဏ်းတူများ ဖြစ်သော်လည်း ယခုအခါတွင် သူတို့ကို လိုက်လံဖမ်းဆီးသည့် လူများ ဖြစ်လာခဲ့သည်။

"လုံယွင် မင်းကို ငါ မသတ်ရဲဘူးများ ထင်နေလား"

လုံယွင်၏ စကားကိုကြားလျှင် အပြာရောင်ဝတ် လူငယ်၏ မျက်နှာထားသည် အေးစက်သွားခဲ့သည်။

"စီနီယာအစ်ကိုချိုး.. ဒီကောင်က အကောင်းအဆိုးကို နားလည်တဲ့ကောင် မဟုတ်ဘူး.. ဘာလို့ ဒီကောင်နဲ့ စကားဆက်များနေဦးမှာလဲ.. ဒီကောင့်ကို တစ်ခါတည်း သတ်ပစ်လိုက်စို့.. ပြီးရင် ဒီကောင့်ရဲ့လက်ထဲက လုံရှင်းယွဲ့ကို ကျွန်တော်တို့ ညီနောင်တွေ တစ်ယောက်တစ်လှည့် ကစားကြတာပေါ့.. ရွှယ်ပင်းနန်းတော်ထဲကို ဒီမိန်းမ ဝင်လာကတည်းက ကျွန်တော် သူ့ကို ကြိတ်ချင်နေတာ ကြာပြီ"

အပြာ‌ရောင်ဝတ်လူငယ် နံဘေးရှိ လူငယ်တစ်ဦးသည် ညစ်ညမ်းသော အပြုံးဖြင့် ပြောလိုက်သည်။

သို့သော်လည်း ပိန်ပါးပါးလူငယ်၏ စကားသံဆုံးသည်နှင့် အေးစက်စက်‌ ရေရွတ်သံတစ်သံသည် လေထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"သူတို့ရဲ့ဆံချည်တစ်မျှင်ကို ဘယ်သူထိရဲလဲ.. ထိရဲတဲ့လူ သေရမယ်"

အခန်း(၁၂၃၆)ပြီး၏။

All Chapters