အခန်း (၁၂၃၇-၁၂၃၉)
Vol. 83 Ch. 1237-1239
အခန်း(၁၂၃၇)
အေးစက်စက်အသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ရာ ကမ်းပါးယံပေါ်ရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
သူသေကိုယ်သေတိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် လုံယွင်ပင် မျက်လုံးထဲ၌ သံသယအကြည့်များပေါ်ပေါက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ရွှယ်ပင်းနန်းတော်သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို ကျန်းချန်နှင့် ပတ်သက်နေ၍ တိုက်ခိုက်ခဲ့သည်။
ရွှယ်ပင်းနန်းတော်၏ သြဇာအာဏာကြောင့် သူတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ဖူးသူများပင် သူတို့ကို ရှောင်ရှားခဲ့ကြသည်။
သို့ဖြစ်ရာ ယခုလို သေရေးရှင်ရေး အကြပ်အတည်း ကြုံနေချိန်တွင် မည်သူက သူတို့ကို ကူညီပါမည်နည်း။
လုံယွင်၏ စိတ်နှလုံးက မတည်မငြိမ် ဖြစ်နေစဥ်မှာပင် လေထုထဲမှ အနက်ရောင် ပုံရိပ်တစ်ခုသည် ကောင်းကင်ကနေ ဆင်းသက်လာပြီး မျက်စိတစ်မှိတ် အတွင်း လုံယွင်၏ ရှေ့သို့ ရောက်လာခဲ့သည်။
[ညီနောင်ကျန်းချန်လား]
သူ၏ရှေ့မှ ရင်းနှီးသော ပုံရိပ်ကိုမြင်လျှင် လုံယွင်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်လုံးထဲ၌ အံ့အားသင့်သောအရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်ကို မြို့တော်ငါးမြို့က ဖမ်းဝရမ်းထုတ်ထားမှန်း စဥ်းစားမိလျှင် လုံယွင်သည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကျန်းချန်ကို အလျင်စလို နှုတ်မဆက်ခဲ့ပေ။
ရွှယ်ပင်းနန်းတော်မှ တပည့်များသာ ကျန်းချန်၏ တည်နေရာကို သိရှိသွားလျှင် အကျိုးဆက်များသည် ပိုမို ဆိုးရွားနိုင်သည်မဟုတ်ပါလော။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ကိစ္စကို ဝင်မရှုပ်ဖို့ မင်းကိုသတိပေးချင်တယ်.. မဟုတ်ရင်တော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထားခဲ့ရလိမ့်မယ်"
အပြာရောင်ဝတ် လူငယ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သူက သူတို့၏ ရှေ့သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ကျန်းချန်ကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
သူ၏မျက်ဝန်းတွင် အေးစက်သော အလင်းရောင်များတောက်ပနေခဲ့၏။
"ငါဘယ်သူလဲဆိုတာ သိဖို့ မင်းက ထိုက်တန်မှုမရှိဘူး"
ကျန်းချန်က အပြာရောင်ဝတ်စုံဝတ် လူငယ်ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။
"လုံယွင်နဲ့ လုံရှင်းယွဲ့က ငါ့ရဲ့ ကာကွယ်မှုအောက်မှာရှိတယ်.. သူတို့နှစ်ယောက်ကို ထိရဲရင် ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို အဆိုးမဆိုနဲ့"
ရွယ်ကျင့်မြို့ရှိ နဂါးနက်ကုန်သွယ်ရေး အဖွဲ့နှင့် မြောက်ပိုင်းတောရိုင်း ဒေသရှိ နဂါးနက်ကုန်သွယ်ရေး အဖွဲ့တို့သည် အရင်းအမြစ် တစ်ခုထဲမှ ဖြစ်သည်။
မြောက်ပိုင်းတောရိုင်း ဒေသ၏ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ ဥက္ကဋ္ဌလုံလီ၏ မျက်နှာကြောင့် ကျန်းချန်သည် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ထို့အပြင် ရွယ်ကျင့်မြို့မှ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံထျန်းဝူသည်လည်း သူ ကျုံးကျိုးကုန်းမြေကို ရောက်ခါစတွင် သူ့ကို များစွာ အကူအညီ ပေးခဲ့ဖူး၏။
ထိုထက်ပို၍ အရေးကြီးသောအချက်မှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ ဖြိုခွင်းခံရခြင်းသည် သူ့အတွက်ကြောင့်ဖြစ်သည်။
သူ၏ မူလအစီအစဥ်သည် ရွယ်ကျင့်မြို့ရှိ နဂါးနက်ကုန်သွယ်ရေး အဖွဲ့ဆီသို့ သွားရန် ဖြစ်သည်။
ယခု လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ရွှယ်ပင်းနန်းတော်က လိုက်လံဖမ်းဆီးနေသည် ဖြစ်ရာ ကျန်းချန်အနေဖြင့် မည်ကဲ့သို့ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။
ကျန်းချန်၏စကားက ဦးဆောင်လာသော အပြာရောင်ဝတ်လူငယ်၏ မျက်နှာကို ချက်ချင်းပင် သုန်မှုန်သွားစေခဲ့သည်။
"ကောင်လေး မင်းသေချာစဥ်းစားနော်.. တကယ်ပဲ ငါတို့ရွှယ်ပင်းနန်းတော်ကို ဆန့်ကျင်မှာလား.. ငါတို့ ရွှယ်ပင်းနန်းတော်ကို အပြစ်မလုပ်မိဖို့ မင်းကိုငါ အကြံပေးချင်တယ်.. မင်းကို သုံးစက္ကန့်အချိန်ပေးမယ်.. ငါ့ရှေ့ကနေ ချက်ချင်းပျောက်ကွယ်သွားပါ.. ဒီလိုမှမဟုတ်ရင် မင်းကိုမြှုပ်နှံစရာ နေရာမရှိဘဲ သေစေရမယ်လို့ ငါကတိပေးတယ်"
အပြာရောင်ဝတ် လူငယ်က ကျန်းချန်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏မျက်နှာက ပို၍ပင် အေးစက်လာခဲ့၏။
သူတို့ ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်သည် မြောက်ပိုင်းကမ်းရိုးတန်း ဒေသတစ်ခုလုံးတွင် လုံးဝ သြဇာလွှမ်းမိုးထားသော အဖွဲ့အစည်း ဖြစ်သည်။
ထို့ကြောင့် သူတို့ ရွှယ်ပင်းနန်းတော် လက်အောက်ရှိ သြဇာခံနယ်မြေများမှ ကြယ်နှစ်ပွင့် အင်အားစုများ၏ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများပင် သူတို့လိုရွှယ်ပင်းနန်းတော်၏ တပည့်ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံရ၏။
ယခု သူရှေ့မှ ကောင်လေးက မခန့်လေးစား လုပ်နေခဲ့ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
"ရွှယ်ပင်းနန်းတော်က ဘာမို့လို့လဲ.. သောက်ရမ်းကို အစွမ်းထက်နေလို့လား.. မင်းတို့ရဲ့ ကြယ်သုံးပွင့်အင်အားစုဖြစ်တဲ့ ရွှယ်ပင်းနန်းတော်လောက်ကို မပြောနဲ့.. မြို့တော်ငါးခုက လူတွေဆိုရင်တောင် ငါ့မိတ်ဆွေတွေကို ထိခိုက်အောင်လုပ်ရဲရင် ငါသူတို့ကို သတ်ပစ်မယ်"
ကျန်းချန်က ဂရုမစိုက်သော အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ချီး.. ဒီကောင်တော့ ဦးနှောက်ပျက်နေပြီထင်တယ်"
"မလောက်လေး မလောက်စားကများ ငါတို့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတယ်"
"စီနီယာအစ်ကိုချိုး.. ဒီကောင်က ဒီလောက်တောင် သေချင်နေမှတော့ ကျွန်တော်တို့ သူ့ကိုပါ တစ်ခါတည်း သတ်ပစ်လိုက်ရအောင်"
"............"
ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ကျန်းချန်ကို အထင်သေးသော အကြည့်များဖြင့် ကြည့်ကာ ပြောဆိုလိုက်ကြသည်။
"ကောင်လေး စိတ်မပူနဲ့.. မင်းသေရမယ်ဆိုရင်တောင် မင်းရဲ့ခန္ဓာကိုယ်ကို ငါအပြည့်အစုံထားပေးပါ့မယ်"
အပြာရောင်ဝတ် လူငယ်များ၏ ခေါင်းဆောင်က ကျန်းချန်နှင့် အဓိပ္ပါယ်မရှိသော စကားများကို ဆက်မပြောလိုတော့ပေ။
သူက အေးစက်သော မျက်နှာအမူအရာဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီကောင့်ကိုသတ်လိုက်တော့"
"ဟုတ်ကဲ့ စီနီယာအစ်ကိုချိုး"
ရွှယ်ပင်းနန်းတော်မှ တပည့်များသည် သူတို့၏ ခေါင်းဆောင်ဖြစ်သည့် စီနီယာ အစ်ကိုချိုးထံမှ အမိန့်ကိုရသည်နှင့် ချက်ချင်း ဆိုသလိုပင် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကျန်းချန်ဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့ကြသည်။
ရှေ့ဆုံးမှ ပြေးဝင်လာသူသည် အစောပိုင်းကတည်းကပင် ကျန်းချန်ကို သတ်ဖြတ်ချင်နေသည့် ပိန်ပါးပါးလူငယ် ဖြစ်သည်။
"ကောင်လေး နောင်ဘဝကျရင် မင်းရဲ့ခွေးမျက်လုံးကို မကန်းစေဖို့ ဂရုစိုက်.. ငါတို့ရွှယ်ပင်းနန်းတော်ကို မလောက်လေး မလောက်စားကောင်တွေ စော်ကားခွင့်မရှိဘူး"
ပိန်ပါးပါးလူငယ်က ကျန်းချန်ကို ကောက်ကျစ်စွာ ပြုံးပြ၍ ပြောလိုက်သည်။
ထို့နောက်တွင် ၎င်းထံမှ သိုင်းသခင်နယ်ပယ် တတိယအဆင့်၏ အရှိန်အဝါသည် ကျန်းချန်ကို လွှမ်းခြုံသွားခဲ့သည်။
ကျန်းချန်ကမူ သူ့ဆီသို့ ပြေးဝင်လာသော ပိန်ပါးပါးလူငယ်ကို တည်ငြိမ်စွာသာ ကြည့်နေခဲ့သည်။
ပိန်ပါးပါးလူငယ် သူနှင့်သုံးပေအောက် အကွာအဝေးကို ရောက်မှသာ သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ညှိုးကနေ ဓားစွမ်းအားကို ထုတ်ဖော်ကာ ပိန်ပါးပါးလူငယ်၏ မျက်ခုံးနှစ်ခု အလယ်တည့်တည့်ကို ထိုးဖောက်လိုက်သည်။
ထိုခဏမှာပင် ပိန်ပါးပါးလူငယ်သည် လျင်မြန်စွာ ပြေးလာရာကနေ ရပ်တန့်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လက်ချောင်းမှ ဓားစွမ်းအင်များဖြင့် သူ့ဆီသို့ ပြေးဝင်လာသော ရွှယ်ပင်းနန်းတော်မှတပည့်များကို ပစ်ခတ်လိုက်သည်။
ဤရွှယ်ပင်းနန်းတော်မှ တပည့်များသည် ကျင့်ကြံခြင်းအဆင့် မနိမ့်ကျပေ။
၎င်းတို့အားလုံးသည် သိုင်းသခင် နယ်ပယ်အဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန် ကဲ့သို့ နတ်သန္ဓေအင်ပါယာ ရှေ့တွင်မူ ၎င်းတို့သည် ပုရွက်ဆိတ်များနှင့် ဘာမှမခြားပေ။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ရွှယ်ပင်းနန်းတော်မှ တပည့်ဆယ်ယောက်ကျော်သည် မြေပြင်ပေါ်တွင် အသီးသီး လဲကျနေခဲ့ကြသည်။
သူတို့၏ မျက်ခုံးနှစ်ခု အလယ်တွင် သွေးထွက်နေသော အပေါက် တစ်ပေါက် ရှိနေခဲ့ပြီး ခန္ဓာကိုယ်တွင် အသက်စွမ်းအင်များ လုံးဝ မရှိတော့ပေ။
"မင်း.. မင်းဘယ်သူလဲ"
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အပြာရောင်ဝတ် လူငယ်၏ မျက်နှာထက်တွင် အဆုံးသတ်၌ ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဤကောင်လေးသည် သူတို့ ရွှယ်ပင်းနန်းတော်၏ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို မျက်စိတစ်မှိတ် အတွင်း သတ်ဖြတ်ပစ်လိုက်သည်။
ထို့အပြင် ၎င်းက လက်ညှိုးတစ်ချောင်းကိုသာ အသုံးပြု၍ အားလုံးကို သတ်ပစ်လိုက်ခြင်း ဆိုလည်း မမှားပေ။
ဤကဲ့သို့ ခွန်အားကို အလွန်အမင်း နက်ရှိုင်းသည်ဟုသာ ဖော်ပြနိုင်၏။
သူ၏ သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ခွန်အားဖြင့်ပင် ဤကောင်လေး၏ ပြိုင်ဘက်မဖြစ်နိုင်ဟု သူထင်ခဲ့သည်။
လုံယွင်တို့ မောင်နှမနှစ်ယောက်ကို ဖမ်းမိခါနီး အချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်သည် ရုတ်တရက် ထွက်လာပြီး သူ၏ လူများကို သတ်ပစ်လိုက်မည်ဟု အပြာရောင်ဝတ်စုံဝတ် လူငယ် လုံးဝ မတွေးထားခဲ့ပေ။
ထို့အပြင် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ ပါရမီသည် သူတို့ ရွှယ်ပင်းနန်းတော်၏ အစစ်အမှန် တပည့်ထက်ပင် လုံးဝ မနိမ့်ကျပေ။
"ငါက မင်းတို့ ရွှယ်ပင်းနန်းတော်ကနေ ရှာနေတဲ့သူပဲ"
ကျန်းချန်က ခပ်ထေ့ထေ့ပြုံး၍ ပြောလိုက်သည်။
"မင်းတို့ ရွှယ်ပင်းနန်းတော်က ငါ့ရဲ့ စန်းလန်အဖွဲ့အစည်းကို အရင် ဖျက်ဆီးခဲ့တယ်.. ဒါ့အပြင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကိုလည်း ဖြိုခွဲခဲ့တယ်.. ဒီလုပ်ရပ်တွေက ငါ့ရဲ့ တည်နေရာကို သိချင်လို့ပဲ မဟုတ်လား"
ထိုစကားကို ကြားလျှင် အပြာရောင်ဝတ်စုံဝတ် လူငယ်၏မျက်နှာအမူအရာသည် ပြင်းပြင်းထန်ထန်ပင် ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်ကို မယုံကြည်နိုင်စွာကြည့်၍ ထစ်ငေါ့စွာရေရွတ်လိုက်သည်။
"မင်း.. မင်းက ကျန်းချန်လား"
"ဟုတ်တယ် မင်းအခု ငါဘယ်သူလဲဆိုတာ သိပြီဆိုမှတော့ ငြိမ်းငြိမ်းချမ်းချမ်း သေလို့ရပြီပေါ့.. ဂုဏ်ယူပါတယ်"
စကားဆုံးသည်နှင့် ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ အရှိန်အဝါကြောင့် အပြာရောင် ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲတိုက်ထဲ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများသည် အေးခဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူက မည်သည့်စွမ်းအားမှ အသုံးမပြုနိုင်တော့ဘဲ သူ့ဆီသို့ဝင်ရောက်လာသည့် ဓားစွမ်းအင်ကို ထိတ်လန့်သောအကြည့်ဖြင့် ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်သည် အပြာရောင်ဝတ်စုံဝတ်လူငယ်၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်သွားခဲ့သည်။
ဤသို့ဖြင့် အပြာရောင်ဝတ်စုံဝတ် လူငယ်သည် မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီး သူ၏ အဖော်များနောက်သို့ လိုက်သွားခဲ့တော့သည်။
ကျန်းချန်က ရွှယ်ပင်းနန်းတော်မှ သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ချွေးပင်မထွက်ဘဲ အေးအေးလူလူ သတ်ဖြတ်ပစ်လိုက်သည်ကို မြင်လျှင် လုံယွင်သည် အချိန်အတော်ကြာ မှင်တက်နေခဲ့သည်။
ခဏအကြာတွင် သူက အသိပြန်ဝင်လာခဲ့ပြီး ကျန်းချန်ကို ဝမ်းသာအားရ ကြည့်ကာ ပြောလိုက်သည်။
"ညီနောင်ကျန်းချန် မင်းဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
အခန်း(၁၂၃၇)ပြီး၏။
အခန်း(၁၂၃၈)
"ငါကျုံးကျိုးကုန်းမြေကို ပြန်ရောက်ပြီး မကြာခင်မှာပဲ မြို့တော်ငါးခုက ငါ့ကို ဖမ်းဝရမ်းထုတ်ထားတာကို ကြားခဲ့ရတယ်.. ငါနဲ့ပတ်သက်ပြီး မင်းတို့တွေပါ ပြဿနာထဲ ဆွဲသွင်းခံရမှာ စိုးရိမ်တာကြောင့် ရွယ်ကျင့်မြို့ကို ဝင်လေ့လာဖို့ စီစဥ်ခဲ့တာပဲ.. ရွှယ်ပင်းနန်းတော်က မင်းတို့က တကယ်ပဲ တိုက်ခိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
စကားပြောနေရင်း ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော ဒေါသရိပ်များ ဖျတ်ခနဲ လက်သွားခဲ့သည်။
ယနေ့ ယွင်လင်တောင်တန်းတွင် လုံမောင်နှမနှစ်ဦးကိုသာ မတော်တဆ မတွေ့ရှိခဲ့လျှင် ထိုနှစ်ယောက် အနေဖြင့် အမှန်တကယ် အသက်အန္တရာယ် ရှိမည်မှာ သေချာ၏။
"ညီနောင်ကျန်းချန်.. ရှင်းယွဲ့ကို ရွှယ်ပင်းနန်းတော်ရဲ့ တပည့်တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်.. အခု ရှင်းယွဲ့က အသက်အန္တရာယ်ရှိနေပြီ.. သူ့ကို ကယ်ပေးပါဦး"
လုံယွင်က လုံရှင်းယွဲ့ကိုပွေ့ကာ ကျန်းချန်နားသို့ တိုးကပ်လာခဲ့သည်။
"စိတ်မပူပါနဲ့ ကောင်းသွားမှာပါ"
ကျန်းချန်က ထိုစကားကိုပြောရင်း သူ၏လက်ကို မြှောက်လိုက်သည်နှင့် သိမ်မွေ့သော အသက်စွမ်းအားတစ်ခုသည် လုံရှင်းယွဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
ဤသည်က ကျန်းချန်၏ နတ်သန္ဓေအင်ပါယာအသက်စွမ်းအား ဖြစ်သည်။
နတ်သန္ဓေအင်ပါယာ၏ အသက်စွမ်းအားသည် ကုသရေးဆေးလုံးများထက်ပင် ပို၍ အစွမ်းထက်သည်။
ထို့အပြင် လုံရှင်းယွဲ့ အနေဖြင့် ကျန်းချန်၏ အသက်စွမ်းအင်ကို သန့်စင်ပြီး စုပ်ယူနိုင်သရွေ့ သူမ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရရှိနိုင်ရုံသာမက နယ်ပယ်အဆင့်များကို ထိုးဖောက်ကာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"လုံယွင်.. ငါရှင်းယွဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်သန္ဓေအင်ပါယာရဲ့ အသက်စွမ်းအား ချန်ထားခဲ့တယ်.. ရှင်းယွဲ့ သိပ်မကြာခင်မှာ ပြန်ကောင်းလာပါလိမ့်မယ်"
ကျန်းချန်က သူ၏ လက်ဝါးကို ရုတ်သိမ်းလိုက်ပြီး လုံယွင်ကို ပြုံးပြကာ ပြောလိုက်သည်။
"နတ်သန္ဓေအင်ပါယာရဲ့ စွမ်းအားလား"
လုံယွင်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ညီနောင်ကျန်းချန် မင်း..မင်းက နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်သွားပြီလား"
"သိပ်မကြာခင်ကပဲ မတော်တဆ ကံကောင်းပြီး ထိုးဖောက်နိုင်ခဲ့တာပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။
ကျန်းချန်၏ စကားကို ကြားလျှင် လုံယွင်သည် အေးစက်သောလေထုကို ရှူရှိုက်လိုက်ရသည်။
သူတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့တွင် ပထမဆုံးအကြိမ်ပေါ်လာစဥ်က ကျန်းချန်သည် စွမ်းအင် သိပ်သည်းခြင်း နယ်ပယ်အဆင့်တွင်သာ ရှိသေးသည်ကို သူမှတ်မိသည်။
ယခု ၂နှစ်ကျော်သာ ရှိသေးသော်လည်း ကျန်းချန်သည် နယ်ပယ်အဆင့်ကြီး သုံးဆင့်ကို ကျော်ဖြတ်ကာ နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်လာခဲ့သည်။
လုံယွင်က ကျန်းချန်၏ ကိုယ်ခံပညာ ပါရမီ မည်မျှ နတ်ဆိုးဆန်သည်ကို သိရှိထားသော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အံ့သြထိတ်လန့်မှုအပြင် ဤအချိန်တွင် လုံယွင်သည် ဖုံးကွယ်၍ မရအောင် စိတ်လှုပ်ရှားလာခဲ့သည်။
နတ်သန္ဓေအင်ပါယာအဆင့်။
ဤသည်က ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်၏ နန်းတော်သခင်နှင့်ပင် တန်းတူ ဆွေးနွေးနိုင်သည့် အဆင့်အတန်း ဖြစ်သည်။
ယခု နတ်သန္ဓေအင်ပါယာ တစ်ပါးအဆင့်ကို ကျန်းချန်က ရောက်ရှိသွားပြီ ဖြစ်ရာ သူ့ဖခင်နှင့် တခြားသူများသည် ကယ်တင်ခြင်း ခံရနိုင်သည် မဟုတ်ပါလော။
"လုံယွင်.. နဂါးနက်ကုန်သွယ်ရေး အဖွဲ့မှာ ဘာကိစ္စတွေ ဖြစ်ပျက်သွားလဲဆိုတာ ပြောပြပါဦး.. မင်းရဲ့အဖေ လုံထျန်းဝူနဲ့ တခြားသူတွေရဲ့အခြေအနေရော ဘယ်လိုရှိလဲ"
ကျန်းချန်က လုံယွင်ကို အပိုစကားတွေ ပြောမနေတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။
"နဂါးနက် ကုန်သွယ်ရေး အဖွဲ့မှာ ညီနောင်ကျန်းချန် နေခဲ့ဖူးတာကို ရွှယ်ပင်းနန်းတော်က သိပြီး လွန်ခဲ့တဲ့ တစ်လလောက်က နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်.. ရှင်းယွဲ့နဲ့ ငါက ရွှယ်ပင်းနန်းတော်ရဲ့ အကြီးအကဲတစ်ဦး အကူအညီနဲ့ ရွှယ်ပင်းနန်းတော်ကနေ ရွယ်ကျင့်မြို့ကို အမြန် ပြန်လာပြီး အဖေ့ကို သတိပေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ရတယ်.. အဖေကတော့ ငါတို့မောင်နှမ ထွက်ပြေးဖို့အတွက် အနစ်နာခံခဲ့လို့ ရွှယ်ပင်းနန်းတော်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပြီ"
လုံယွင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ညီနောင်ကျန်းချန် ငါ့အဖေနဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့က လူတွေကို ကယ်တင်ပေးပါ.. ငါလုံယွင်က အမြဲတမ်း ကျေးဇူးတင်နေမှာပါ"
"စိတ်မပူပါနဲ့.. ဒီကိစ္စက ကျွန်တော်ကြောင့် ဖြစ်ခဲ့တာပဲ.. ကျွန်တော် ဒီကိစ္စကို တာဝန်ယူပါတယ်.. မင်းတို့ မောင်နှမနှစ်ယောက် ယွင်လင်တောင်မှာပဲ တစ်လလောက် ထပ်နေလိုက်ဦး.. လဝက်ကြာရင် ရွယ်ကျင့်မြို့ကို ပြန်လို့ရပြီ.. အဲဒီအချိန်ကျရင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကို လုံခြုံစိတ်ချရတဲ့အခြေအနေတစ်ခု ငါဖန်တီးပေးပါ့မယ်"
ထိုစကားကို ပြောနေစဥ် ကျန်းချန်သည် သူ့လက်နှစ်ဖက်ဖြင့် ဓားအလင်းတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး လုံယွင်၏ လက်ထဲရှိ ဓားရှည်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
"မင်းရဲ့လက်နက်ပေါ်မှာ ဓားအရှိန်အဝါ တစ်ခုကို ချန်ထားပေးခဲ့တယ်.. ဒါက သာမန် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်လောက်အောင် အားကောင်းတယ် အသက်အန္တရာယ်နဲ့ကြုံလာရင် မင်းရဲ့လက်နက်ကို လှုံ့ဆော်လိုက်ရုံပါပဲ"
လုံယွင်ကို ရှင်းပြပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့ပြီး ရွှယ်ပင်းနန်းတော် ရှိရာဘက် ဆီသို့ ဦးတည်၍ ပျံသန်းသွားခဲ့သည်။
ယွင်လင်တောင်တန်းသည် ရွှယ်ပင်းနန်းတော်နဲ့သိပ်မဝေးတော့ပေ။
ကျန်းချန်က သူ၏ နတ်သန္ဓေအင်ပါယာအဆင့် အရှိန်အဟုန်ဖြင့် နေ့တစ်ဝက်အတွင်း ရွှယ်ပင်းနန်းတော်၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။
အဝေးမှ ကြည့်လိုက်သောအခါ ကြည်လင်တောက်ပသော ခရစ်စတယ်များဖြင့် တည်ဆောက်ထားသည့် နန်းတော်တစ်ခုကို ကျန်းချန် တွေ့လိုက်ရသည်။
ရွှယ်ပင်းနန်းတော်သည် နှင်းတောင်ထိပ်ပေါ်တွင် တည်ဆောက်ထား၍ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးစိမ့်နေခဲ့သည်။
ရွှယ်ပင်းနန်းတော်သည် မြောက်ပိုင်းကမ်းရိုးတန်းဒေသတွင် တစ်ခုတည်းသော ကြယ်သုံးပွင့်အင်အားစု ဖြစ်၏။
ဒဏ္ဍာရီအရ ရွှယ်ပင်းနန်းတော်ကို လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀က ရွှယ်ပင်းဓားဧကရာဇ် ရွှယ်ဝူကျီ တည်ထောင်ခဲ့သည်ဟု သိရသည်။
နှစ်ပေါင်း(၃၀၀၀)အကြာတွင် ရွှယ်ပင်းနန်းတော်သည် မြောက်ပိုင်းကမ်းရိုးတန်း ဒေသ၏ အချုပ်အခြာအာဏာကို ပိုင်စိုးသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ပြီး အရပ်လေးမျက်နှာလုံးတွင် သြဇာသက်ရောက်ခဲ့သည်။
ကျန်းချန်က လေထုကို နင်းလျှောက်ကာ ရွှယ်ပင်းနန်းတော်ဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
သို့သော် ရွှယ်ပင်းနန်းတော်၏ ပေထောင်ပေါင်းများစွာ အကွာသို့ အရောက်မှာပင် အော်ငေါက်သံ တစ်သံကို မရေမရာ ကြားလိုက်ရ၏။
"လျှိုလင်ကျူး.. ခွေးမ.. မင်းက တော်တော်ခေါင်းမာတာပဲ.. မင်းဘယ်လောက်ထိ ခံနိုင်ရည်ရှိဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ရိုက်နှက်သံများနှင့် အတူ အမျိုးသမီးတစ်ဦး၏ ငိုကြွေးသံက ထွက်ပေါ်လာခဲ့သည်။
သူ၏ ရှေ့ရှိ ပေထောင်ပေါင်းများစွာ အကွာမှ ထွက်ပေါ်လာသောအသံကို ကြားလျှင် ကျန်းချန်၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် လေထုကို ဖြတ်ကျော်သွားပြီး ရွှယ်ပင်းနန်းတော် အပြင်ဘက်ရှိ ကြီးမားသော ရင်ပြင်တစ်ခု ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ မျက်လုံးများကို ပေါက်ကွဲထွက်လုနီးပါး ဖြစ်စေသော မြင်ကွင်းသည် ထွက်ပေါ်လာခဲ့၏။
ရင်ပြင်၏အဆုံးတွင် တစ်မီတာကျော် အချင်းရှိသော ရေခဲတုံးများကို စီတန်း၍ ထောင်ထားခဲ့သည်။
ရေခဲတုံး တစ်တုံးစီပေါ်တွင် ကျန်းချန်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုစီသည် ကြီးမားသော အနက်ရောင် သံကြိုးများဖြင့် ချည်နှောင်ခံထားရ၏။
လျှိုလင်ကျူး၊ လျှိုယင်၊ စန်းဝူဟန်၊ စန်းချင်းဟိုင်၊ လုံထျန်းဝူ စသည့် ရင်းနှီးသော ပုံရိပ်များစွာသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
လက်ရှိတွင် ၎င်းတို့အားလုံး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး လူမဆန်စွာ နှိပ်စက်ခံထားရပုံ ရ၏။
အထူးသဖြင့် ရွှယ်ပင်းနန်းတော်မှ အမျိုးသမီးတပည့် တစ်ဦးက လျှိုလင်ကျူးကို ရိုက်နှက်နေသည့် မြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ မြင့်တက်လာခဲ့သည်။
"စီနီယာအမယဲ့.. ထပ်မရိုက်နဲ့တော့.. ထပ်ရိုက်ရင် ဒီကောင်မ သေသွားဦးမယ်"
"နင်ပြောတာမှန်တယ်.. ဒီကောင်မ အခုချိန် သေလို့ မဖြစ်သေးဘူး.. ဒီကောင်မရဲ့နှုတ်ကနေ ကျန်းချန်ရဲ့တည်နေရာကို ငါတို့တွေအခုထိ မသိရသေးဘူး.. ဒီအဆင့်မရှိတဲ့ မိန်းမပျက်မကို သတ်လိုက်ရင် ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး"
"........."
ဤအချိန်တွင် ထိုအမျိုးသမီး တပည့်နှစ်ဦးဘေးရှိ ရွှယ်ပင်းနန်းတော်မှ တပည့် ဆယ်ယောက်ကျော်သည် နှိပ်စက်နေသောမြင်ကွင်းကို စောင့်ကြည့်ကာ လှောင်ပြောင် ရယ်မောနေခဲ့ကြ၏။
"ဟမ့်.. ဂုဏ်သိက္ခာကြီးမားတဲ့ ကြယ်သုံးပွင့် အင်အားစု ဖြစ်တဲ့ ရွှယ်ပင်းနန်းတော်က အောက်တန်းစားတွေ စုဝေးနေတဲ့နေရာ မမျှော်လင့်ဘဲ ဖြစ်နေတာပဲ.. မင်းတို့ နှိပ်စက်ချင်တယ်ဆိုရင် ငါစန်းဝူဟန်ဆီ လာခဲ့.. အားနည်းတဲ့ မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်ပြီး ဘာတွေ မာန်တက်နေတာလဲ"
စန်းဝူဟန်က ရင်ပြင်ရှိ ရွှယ်ပင်းနန်းတော်မှ တပည့်များကို အေးစက်စက်စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။
သူ၏ ဖြူဖျော့နေသော မျက်နှာတွင် အဆုံးမဲ့ ဒေါသရိပ်များ ပြည့်နှက်နေခဲ့၏။
"စန်းဝူဟန်.. နင်က အခုငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ အကျဥ်းသားတစ်ယောက်ပဲ.. နင့်မှာ မောက်မာဖို့ ဘာအခွင့်အရေးရှိလို့လဲ.. ကောင်းပြီလေ နင်က တောင်းဆိုနေမှတော့ နင့်လို နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နဲ့ ပျော်ပျော်ကြီး ကစားပေးလိုက်ဦးမယ်"
အမယဲ့ဟု အမည်ရသော ရွှယ်ပင်းနန်းတော်မှ အမျိုးသမီးတပည့်သည် အေးစက်စက်ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ကြာပွတ်ကို မြှောက်ကာ စန်းဝူဟန်ကို ရိုက်နှက်ရန် ပြင်လိုက်သည်။
"ရပ်စမ်း.."
ထိုအချိန်တွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပါဝင်နေသည့် ဒေါသတကြီး ကြုံးဝါးသံသည် ရင်ပြင် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အနက်ရောင် အရိပ်တစ်ခုသည် စန်းဝူဟန်၏ ရှေ့တွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့ပြီး အမယဲ့၏ ကြာပွတ်ကို လက်ဗလာဖြင့် ဖမ်းဆုပ်လိုက်သည်။
"ငါက ရွှယ်ပင်းနန်းတော်ရဲ့ အစစ်အမှန်တပည့် ယဲ့ဖေးပဲ.. မင်းက ဘယ်သူမို့လို့ ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ ဌာနချုပ်မှာ လာရမ်းကားနေရတာလဲ"
ယဲ့ဖေးက သူမ ရှေ့တွင် ရုတ်တရက် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို အေးစက်စက် အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
ထိုခဏတွင် အနက်ရောင်ဝတ် လူငယ်၏ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြုံးဝါးလိုက်သော လေသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ငါက ရွှယ်ပင်းနန်းတော်ကို အကြွေးလာတောင်းတဲ့သူပဲ"
အခန်း(၁၂၃၈)ပြီး၏။
အခန်း(၁၂၃၉)
စန်းဝူဟန်က သူ့ရှေ့မှ သတ်ဖြတ်လိုစိတ်အပြည့်နှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် အံ့သြမှင်တက်ကာ ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
စန်းဝူဟန်ရှိ ဘေးနှစ်ဖက်ရှိ ရေခဲတုံးများပေါ်ရှိ ပုံရိပ်များသည်လည်း အံ့သြတုန်လှုပ်နေခဲ့ကြ၏။
သူတို့က ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် စိတ်လှုပ်ရှားပြီးနောက်တွင် အလွန်စိုးရိမ်သောအမူအရာများ မျက်နှာပေါ်တွင် တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။
ရွှယ်ပင်းနန်းတော်သည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဦးဆောင်သည့် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည်။
ကျန်းချန်က ရွှယ်ပင်းနန်းတော်ကို တစ်ကိုယ်တော် ရောက်လာခဲ့သည်မှာ နဂါးသိုက်၊ကျားသိုက်ကို ဝင်ရောက်လာသကဲ့သို့ ဖြစ်နေ၏။
ကျန်းချန်က မည်မျှပင် နတ်ဆိုးဆန်စွာ ပါရမီရှိနေပါစေ၊ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဦးဆောင်သော ကြယ်သုံးပွင့်အင်အားစုကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
"ဟားဟား.. မောက်မာလိုက်တဲ့ကောင်လေး.. ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ နှစ်ပေါင်း၃၀၀၀ သမိုင်းမှာ အကြွေးလာတောင်းတာ မင်းပထမဆုံးပဲ.. ရွှယ်ပင်းနန်းတော်ကို စော်ကားတဲ့ ဒီမလောက်လေး မလောက်စားကောင်လေးကို ချက်ချင်းဖမ်းလိုက်စမ်း"
ယဲ့ဖေးက အော်ဟစ်လိုက်ပြီး ရွှယ်ပင်းနန်းတော်မှ တပည့်ဆယ်ယောက်ကျော်ကို ကျန်းချန်အား ဖမ်းဆီးရန် ညွှန်ကြားလိုက်သည်။
"ဒူးထောက်စမ်း"
ကျန်းချန်၏ အကြည့်က အေးစက်နေခဲ့သည်။
သူ၏ အင်အားကြီးမားသော ဝိညာဥ်စိတ်ဆန္ဒသည် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသောစိတ်ဆန္ဒ အဖြစ်သို့ ပြောင်းလဲသွားကာ ရွှယ်ပင်းနန်းတော်မှ တပည့်ဆယ်ယောက်ကျော်ကို ဖိအားပေးလိုက်သည်။
ထိုအခါ ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ခန္ဓာကိုယ်တဆတ်ဆတ် တုန်ယင်သွားခဲ့ပြီး အင်အားကြီးမားသော ဖိအားအောက်တွင် မတောင့်ခံနိုင်တေ့ာဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ယဲ့ဖေးပင် ထိုအင်အားကြီးမားသော ဝိညာဥ်စိတ်ဆန္ဒအောက်တွင် ဒူးထောက်ကျသွားခဲ့ပြီး ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေခဲ့၏
"နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူလား"
ယဲ့ဖေးက သူ့ရှေ့မှ အနက်ရောင်ဝတ်လူငယ်ကို မော့ကြည့်ကာ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဆရာက ဘယ်သူပါလဲ.. ရွှယ်ပင်းနန်းတော်ကို အကြွေးလာတောင်းတယ် ဆိုတာက ဘာကိုဆိုလိုတာလဲ"
ယဲ့ဖေးသည် ရွှယ်ပင်းနန်းတော်၏ အစစ်အမှန်တပည့် ဖြစ်သည်။
ထို့ကြောင့် သူမသည် သာမန် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် ကြောက်ရွံ့မှုမရှိပေ။
သို့သော်လည်း အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် အသက်နှစ်ဆယ်ကျော် အရွယ်ဖြင့်ပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့သူ ဖြစ်သည်။
ဤအသက်အရွယ်ဖြင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်ကို ထိုးဖောက်နိုင်သူများသည် အလွန်အမင်း ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး သူတို့ ရွှယ်ပင်းနန်းတော်၏ နံပါတ်တစ်ပါရမီရှင် ရွှယ်ချိုးဟန်ပင် ယှဥ်၍ ရမည် မဟုတ်လောက်ပေ။
ဤအချိန်တွင် ယဲ့ဖေးသည် စိတ်ထဲကနေ အလွန်အမင်းထိတ်လန့်နေခဲ့သည်။
သူမ၏ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် ကောင်လေးသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေမှ ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နေပါသလော။
"ငါက မင်းတို့ ရွှယ်ပင်းနန်းတော်က ရှာဖွေနေတဲ့ ကျန်းချန်ပဲ.. ဒီနေ့ ရွှယ်ပင်းနန်းတော်ကို ငါကျန်းချန် ရောက်လာတဲ့ရည်ရွယ်ချက်က မင်းတို့ ရွှယ်ပင်းနန်းတော်ကို ဖျက်ဆီးဖို့ပဲ သွားသေလိုက်တော့"
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ လေထဲတွင် ဧရာမလက်ဝါးတစ်ဖက် ပေါ်လာခဲ့ပြီး ယဲ့ဖေးတို့ လူတစ်စုကို ဖိချလိုက်သည်။
"ဝုန်း.."
ကြည်လင်တောက်ပသော ခရစ်စတယ်ရင်ပြင်သည် အတောမသတ် တုန်ယင်သွားခဲ့ပြီး ဧရာမလက်ဝါးရာနှင့် သွေးများစွန်းပေနေသာ ပုံဆောင်ခဲ အပိုင်းအစများသည် ချက်ချင်းဆိုသလို ရင်ပြင်ထက်တွင် ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က လက်ဝါးဖြင့် ယဲ့ဖေးကို အမှုန့်ဖြစ်သည်အထိ ကြိတ်ချေပစ်လိုက်ပြီ ဖြစ်သည်။
"သူ.. သူက ကျန်းချန်လား.. ဂိုဏ်းရဲ့အကြီးအကဲတွေကို မြန်မြန်အကြောင်းကြားကြ"
ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ထိတ်လန့်သွားပြီး နန်းတော်ထဲကို တိုက်ရိုက်ပင် ထွက်ပြေးသွားကြသည်။
ကျန်းချန်က ထိုရွှယ်ပင်းနန်းတော်မှ တပည့်များကို ဂရုမစိုက်ခဲ့ပေ။
သူက စန်းဝူဟန်နှင့် သူ၏ မိတ်ဆွေများကို ရေခဲတုံးများ ပေါ်ကနေ တစ်ယောက်ချင်းစီ ကယ်တင်ခဲ့သည်။
"အကိုကျန်းချန်. ရှင်ဒီကို မလာသင့်ဘူး"
ကျန်းချန်က လျှိုလင်ကျူးကို ကယ်တင်လိုက်သည့် အခိုက်အတန့်တွင် စက္ကူကဲ့သို့ ဖြူဆွတ်နေသော လျှိုလင်ကျူး၏ လှပသော မျက်နှာလေးထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ရွှယ်ပင်းနန်းတော်က နတ်သန္ဓေအင်ပါယာ တစ်ပါး ဦးဆောင်တဲ့ ကြယ်သုံးပွင့် အင်အားစုပဲ.. ရွှယ်ပင်းနန်းတော်ရဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ ရောက်မလာခင် မြန်မြန်ထွက်ပြေးသင့်တယ်.. ကျွန်မ တို့ကို ထားခဲ့လိုက်ပါ"
"လင်ကျူး မင်းမစိုးရိမ်ပါနဲ့. ရွှယ်ပင်းနန်းတော်က ငါ့ကိုဘာမှ အန္တရာယ် ပေးနိုင်မှာ မဟုတ်ဘူး"
ဤကဲ့သို့အချိန်မှာပင် လျှိုလင်ကျူးက သူ့အတွက် စဥ်းစားပေးနေသည်ကို မြင်လျှင် ကျန်းချန်က ရင်ထဲတွင် နာကျင်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကလည်း ပို၍ပင် ပြင်းထန်လာခဲ့၏။
၎င်းက အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်တစ်တောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
"ကျန်းချန် မင်းက ငါတို့ ရွှယ်ပင်းနန်းတော်အထိ ရောက်လာလိမ့်မယ်လို့ ငါတကယ် မထင်ထားမိခဲ့ဘူး မင်းက သတ္တိတော့ကောင်းသားပဲ"
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုသည် ရွှယ်ပင်းနန်းတော်၏ အထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုပုံရိပ်က အပြာရောင်ဝတ်စုံဝတ် အဘွားအို တစ်ဦး ဖြစ်သည်။
ကျန်းချန် ကြည့်နေစဥ်မှာပင် ထိုအဘွားအိုသည် ရင်ပြင်အထက်ရှိ လေထုဆီသို့ လျှပ်တစ်ပြက် ရောက်ရှိလာခဲ့၏။
"ကျန်းချန် သတိထား.. ဒီအဘွားကြီးက ရွှယ်ဟွားရုံပဲ.. သူက ရွှယ်ပင်းနန်းတော်ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဖြစ်တဲ့အပြင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူလည်း ဖြစ်တယ်"
လေထဲမှ အပြာရောင်ဝတ်စုံဝတ် အဘွားအိုကို မြင်လျှင် ရွှယ်ပင်းနန်းတော်နှင့် အလွန်ရင်းနှီးသည့် လုံထျန်းဝူ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
လုံထျန်းဝူက ချက်ချင်းပင် ကျန်းချန်၏ နံဘေးသို့ ရောက်လာခဲ့သည်။
"စန်းချင်းဟိုင်.. အရင်ဆုံး ဒီကလူတွေကို မင်းဦးဆောင်ပြီး ခေါ်ထုတ်သွားလိုက်"
စန်းဝူဟန်က အမိန့်ပေးပြီးနောက်တွင် ချက်ချင်းဆိုသလို ကျန်းချန်၏ ဘေး တစ်ဖက်တစ်ချက်တွင် ပေါ်လာခဲ့သည်။
သူကလည်း လုံထျန်းဝူ ကဲ့သို့ပင် ကျန်းချန်ကို ကူညီရန် ရည်ရွယ်ထားခဲ့၏။
"စီနီယာနှစ်ယောက်ရဲ့ လက်ရှိအခြေအနေက အင်အားသုံးဖို့ မသင့်တော်သေးဘူး.. ဘေးကနေပဲ စောင့်ကြည့်ပေးပါ"
ကျန်းချန်က လုံထျန်းဝူနှင့် စန်းဝူဟန်ကို ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီသေးငယ်တဲ့ ရွှယ်ပင်းနန်းတော်လောက်ကတော့ စီနီယာတို့ ဝင်ပါစရာ မလိုသေးပါဘူး.. ကျွန်တော်တစ်ယောက်တည်း ချေမှုန်းနိုင်ပါတယ်"
ကျန်းချန်က စကားဆုံးသည်နှင့် လေထဲကို ခုန်တက်သွားခဲ့ပြီး လေထုထဲရှိ အပြာရောင်ဝတ် အဘွားအိုနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
"ကျန်းချန် ကောင်းကင်ကိုသွားဖို့လမ်းက အသင့်ရှိပေမဲ့ မင်းက ငရဲပြည်ကို ဆင်းချင်နေတဲ့ကောင်ပဲ.. မင်းဒီနေ့ ရွှယ်ပင်းနန်းတော်ကို စော်ကားရဲမှတော့ အသက်ရှင်လျက် ပြန်သွားလို့ရမယ်မထင်နဲ့.. အခြေအနေကို သိရင် လိမ်လိမ်မာမာ အဖမ်းခံလိုက်တာ အကောင်းဆုံးပဲံ"
ရွှယ်ဟွားရုံက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူမ၏ မျက်ဝန်းတွင် လောဘတက်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
မြို့တော်ငါးမြို့၏ ဖမ်းဆီးမိန့် ထုတ်ခြင်းကို ခံရသူသည် အဆုံးသတ်တွင် သူတို့ ရွှယ်ပင်းနန်းတော်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သို့ဖြစ်၍ သူမ အနေဖြင့် ကျန်းချန်ကို ဖမ်းမိသည်နှင့် မြို့တော်ငါးမြို့မှ ပေးအပ်သည့် ကြွယ်ဝသော ဆုလာဘ်ကို ရရှိနိုင်မည်မဟုတ်ပါလော။
"စကားများတယ် သွားသေလိုက်တော့"
ဤအချိန်တွင် ကျန်းချန်သည် ပေါက်ကွဲလုနီးနီး ဖြစ်နေခဲ့သည်။
သူ့အနေဖြင့် အပိုစကားများ ပြောဆိုရန် ဆန္ဒမရှိတော့ပေ။
ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို အေးခဲသွားစေခဲ့သည်။
ကျန်းချန်က စကားတစ်ခွန်းမှ မပြောဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ရွှယ်ဟွားရုံသည် ဒေါသထွက်သွားခဲ့သည်။
ရွှယ်ဟွားရုံက ချက်ချင်းပင် သူမ၏ နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ခွန်အားကို ထုတ်ဖော်ကာ ကျန်းချန်ဆီသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က သွေးနဂါးဓားကို ကိုင်မြှောက်ကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မီးလျှံထောင်ပေါင်းများစွာက ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံပေါ်တွင် ဧရာမမီးလျှံဓား အဖြစ် စုစည်းကာ ရွှယ်ဟွားရုံကို ခုတ်ချလိုက်သည်။
"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"
ဤအချိန်တွင် ရွှယ်ပင်းနန်းတော်ကို လုံးဝ ဒေါသထွက်နေသည့် ကျန်းချန်သည် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို ရင်ဆိုင်ရလျှင် ရွှယ်ဟွားရုံ၏ မျက်နှာ အမူအရာသည် အဆုံးသတ်၌ ပြောင်းလဲသွားခဲ့သည်။
သူမက လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့ စွမ်းအားများသည် စုစည်းလာခဲ့ပြီး သူမ၏ ဦးခေါင်းထက်တွင် ဧရာမ ရေခဲနဂါး တစ်ကောင်ကို ဖြစ်ပေါ်စေခဲ့သည်။
ထိုရေခဲနဂါးက ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ လေထုသည် ချက်ချင်းပင် အေးခဲသွားခဲ့ပြီး မျက်စိဖြင့် မြင်နိုင်သော အဖြူရောင် ရေခဲတန်းကြီး အဖြစ် ချန်ထားရစ်ခဲ့သည်။
"ရေခဲနဂါးလက်ဝါးသိုင်း"
ရွှယ်ဟွားရုံသည် ရွှယ်ပင်းနန်းတော်၏ နာမည်ကျော် ရေခဲနဂါးလက်ဝါး ရိုက်ချက်ဖြင့် တစ်ချိန်က နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့်မှ ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ပစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။
"ဝုန်း"
သူမ၏ ရေခဲနဂါးသည် ဧရာမမီးလျှံဓားနှင့် ထိပ်တိုက်ဆုံတွေ့မိသည်နှင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ မီးလျှံဓားပေါ်ရှိ ကောင်းကင်ကိုပင် လောင်ကျွမ်းမတတ် ပူပြင်းသော မီးလျှံများသည် သူမ၏ ရေခဲနဂါးကို ဘာမှ မကျန်ရှိတော့သည်အထိ လောင်ကျွမ်းပစ်လိုက်သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ရွှယ်ဟွားရုံက ထိတ်လန့်တကြားဖြစ်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
ထို့နောက်တွင် သူမက ချက်ချင်းဆိုသလို အသက်စွမ်းအင်များကို ထုတ်ဖော်ကာ ခန္ဓာကိုယ်ပေါ်တွင် ရေခဲအကာအကွယ်တစ်ခုကို ဖန်တီးခဲ့သည်။
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမမီးလျှံဓားကြီးသည် ရွှယ်ဟွားရုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲအကာအကွယ်ကို ဖြိုခွင်းကာ ရွှယ်ဟွားရုံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.."
လေထုထဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ယံတွင် မီးပန်းထောင်ချီ တစ်ပြိုင်နက် ဖောက်သကဲ့သို့ လင်းလက်သွားခဲ့သည်။
အခန်း(၁၂၃၉)ပြီး၏။