← Chapters

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း (၁၂၄၀-၁၂၄၂)

Vol. 83 Ch. 1240-1242

အခန်း(၁၂၄၀)

ကောင်းကင်ယံ အနှံ့အပြားတွင် မီးတောက်မီးလျှံများဖြင့် ပျံ့နှံ့သွားခဲ့သည်။

ထို့နောက်တွင် ရွှယ်ဟွားရုံက ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ လေထဲမှ ပြုတ်ကျလာသည်ကို လူတိုင်းသည် တအံ့တဩ တွေ့ရှိခဲ့ကြသည်။

သူမ၏ မီးလောင်ကျွမ်းနေသော မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။

ရွှယ်ပင်းနန်းတော်၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဖြစ်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်သည့် ရွှယ်ဟွားရုံကို ကျန်းချန်က ဓားတစ်ကွက်တည်းဖြင့်ပင် သတ်ပစ်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

ရွှယ်ဟွားရုံကို သတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထားသည် အေးစက်နေခဲ့သည်။

သူက နတ်သန္ဓေအင်ပါယာ အဆင့်၏ ဝိညာဥ်စိတ်ဆန္ဒဖြင့် လေထု တစ်နေရာကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ရွှယ်ဟွားရုံ၏ ဝိညာဥ်သည် ကျန်းချန်၏ ဝိညာဥ်စိတ်ဆန္ဒကြောင့် ပြာဖြစ်သည် အထိ ချေမှုန်းခံလိုက်ရသည်။

"နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူရဲ့ ဝိညာဥ်တောင် မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံလိုက်ရပါလား.. အရမ်းသန်မာလွန်းတာပဲ"

ဤအချိန်တွင် လုံထျန်းဝူနှင့် အခြားသော သူများသည် အံ့သြထိတ်လန့်ကာ ပါးစပ်အဟောင်းသားများ ဖြစ်နေကြသည်။

ကျန်းချန်က မျက်စိတစ်မှိတ်အတွင်း နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်သည်။

ကျန်းချန်က လွန်ခဲ့သည့် ၂နှစ်အတွင်း ဤမျှ ကြောက်စရာကောင်းသော အဆင့်ထိ မည်ကဲ့သို့ ကြီးထွားလာခဲ့မှန်း သူတို့ ဘယ်လိုမှ စဥ်းစားမရခဲ့ပေ။

"ကျန်းချန်က နတ်ဝိညာဥ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်လား ဒါမှမဟုတ် နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်သွားပြီလား"

အစောပိုင်းက ရွှယ်ဟွားရုံ၏ ကြီးမားသောခွန်အားကို လေးစားနေကြသော ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ယခုအခါတွင် ဆွံ့အသွားကြပြီး သူတို့ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။

သူတို့ ရွှယ်ပင်းနန်းတော်၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို ကျန်းချန်သည် ဓားတစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်လိုက်သည်။

သိထားရမည်မှာ သူတို့ ရွှယ်ပင်းနန်းတော် တစ်ခုလုံးမှာပင် ရွှယ်ဟွားရုံကို ယှဥ်နိုင်သော ကျင့်ကြံသူသည် လက်တစ်ဖက် မပြည့်ပေ။

"ရွှယ်ပင်းနန်းတော်က လူတွေ မြန်မြန်ထွက်လာပြီး အသေလာခံစမ်း"

ကျန်းချန်က ရွှယ်ဟွားရုံကို သတ်ဖြတ်ပစ်ပြီးနောက်တွင် ရွှယ်ပင်းနန်းတော်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက် ကြုံးဝါးသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် ရွှယ်ပင်းနန်းတော်၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ အေးစက်စက် စကားသံတွင် ဝိညာဥ်စိတ်ဆန္ဒပါဝင်နေ၍ ရွှယ်ပင်းနန်းတော်သည် အတောမသတ် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရွှယ်ပင်းနန်းတော်ထဲကနေ အဆုံးမဲ့စွမ်းအားများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကောင်ပေါ်သို့ ခုန်တက်လာခဲ့ကာ ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်သည် ကျန်းချန်၏ ရှေ့ကို ‌ရောက်လာခဲ့ကြသည်။

ရွှယ်ပင်းနန်းတော်တွင် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေသော နန်းတော်သခင်မှ လွဲ၍ အစွမ်းထက်ဆုံး ကျင့်ကြံသူများဖြစ်ကြသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ၁၀ဦးစလုံးသည် ဤနေရာတွင် စုဝေးနေခဲ့ကြပြီ ဖြစ်သည်။

ဤအချိန်တွင် ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်၏ တကယ့်အင်အားသည် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့၏။

"နတ်ဝိညာဥ်ဘုရင် ဆယ်ပါးလုံး တစ်စုတစ်စည်းတည်း ရှိနေခဲ့ကြပြီ.. ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ သမိုင်းမှာ ဒီလိုမြင်ကွင်းမျိုး နှစ်ပေါင်းရာချီ မရှိခဲ့ဖူးဘူး"

ကျန်းချန်နှင့် ရင်ဆိုင်ရန် ရောက်ရှိလာသော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ဦးကို မြင်လျှင် ရွှယ်ပင်းနန်းတော်မှ ကျင့်ကြံသူများသည် အသက်ရှူပင် မှားသွားခဲ့ကြသည်။

"ကျန်းချန်.. မင်းအတော်အတင့်ရဲတာပဲ.. ငါတို့ ကြယ်သုံးပွင့်အင်အားစု ရွှယ်ပင်းနန်းတော်ရဲ့ ဌာနချုပ်ထိတောင် လာရောက်ရမ်းကားရဲတယ်"

နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူ ၁၀ဦးထဲမှ ချောမောသော အမျိုးသမီး တစ်ဦးသည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာပြောလိုက်သည်။

သူမ၏ ခန္ဓာကိုယ်ကနေ အလွန် အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

ထိုအမျိုးသမီးသည် ရွှယ်ပင်းနန်းတော်၏ ဒုတိယနန်းတော်သခင်ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့်အထွတ်အထိပ် ကျင့်ကြံသူလည်း ဖြစ်သည်။

သူမ၏ အမည်က လော်ချန်ပင်း ဖြစ်ပြီး ရွှယ်ပင်းနန်းတော်၏ ဒုတိယနန်းတော်သခင် ဖြစ်ရုံ သာမက ရွှယ်ပင်းနန်းတော်သခင် ရွှယ်ထျန်းဟဲ၏ ဇနီးလည်း ဖြစ်သည်။

သူမတို့ လင်မယားနှစ်ယောက်သည် ရွှယ်ပင်းနန်းတော်ကို နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့ကြသူများ ဖြစ်၏။

ထို့ကြောင့် မြောက်ပိုင်းကမ်းရိုးတန်း ဒေသတစ်ခုလုံးတွင် လော်ချန်းပင်း ဟူသောအမည်ကို မကြားဖူးသူ မရှိသလောက်ပင်။

"မင်းတို့ ရွှယ်ပင်းနန်းတော်ပဲ ငါထွက်ပေါ်လာအောင် တမင်တကာ လုပ်ခဲ့တာ မဟုတ်ဘူးလား"

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့ ရွှယ်ပင်းနန်းတော်က စန်းလန်အဖွဲ့အစည်းနဲ့ နဂါးနက်ကုန်သွယ်ရေး အဖွဲ့အစည်းကို တိုက်ခိုက်တာ ငါ့ကို ထွက်ပေါ်လာ‌အောင် အတင်းအကျပ် ဖိအားပေးမလို့ မဟုတ်ဘူးလား"

ထိုစကားကိုကြားလျှင် လော်ချန်းပင်၏ လှပသော မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"မင်းက‌ အတော်သတ္တိရှိတာပဲ.. ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ရည်ရွယ်ချက်ကို သိနေတာတောင် ငါတို့ဆီကို အ‌ရောက်လာရဲတယ်"

"ဒါက ကြယ်သုံးပွင့်အင်အားစု ဖြစ်တဲ့ ရွှယ်ပင်းနန်းတော်လေးပဲ.. ငါက ဘာလို့ မလာရဲရမှာလဲ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

ထို့နောက်တွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပါဝင်နေသာ အေးစက်စက်စကားသံသည် ရွှယ်ပင်းနန်းတော်၏ ကောင်းကင်ယံတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။

"ရွှယ်ပင်းနန်းတော်က လူတွေအားလုံးနားထောင်ကြ.. ဒီနေ့ငါ ရွှယ်ပင်းနန်းတော်ကို လာတာ အကြွေးတောင်းမလို့ပဲ.. မင်းတို့တွေ ရွှယ်ပင်းနန်းတော်ရဲ့ တပည့်အဖြစ်ကနေ စွန့်လွှတ်ပြီး ဒီနေရာကနေ ထွက်သွားမယ်ဆိုရင် ငါမင်းတို့ကို မသတ်ဘဲ အသက်ချမ်းသားပေးမယ်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဒေါသထွက်သွားကြသည်။

"ဒီကောင်လေး ရူးနေပြီပဲ"

နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့်ရှိသည့် ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် ရှေ့သို့ ခြေလှမ်းလိုက်ကာ ၎င်း၏ အင်အားကြီးမားသော ဝိညာဥ်စွမ်းအားကို အသုံးပြုကာ ကျန်းချန်၏ ဦးခေါင်းကို ဧရာမနှင်းခဲလှံဖြင့် ပစ်ခတ်လိုက်သည်။

"မင်းလို ပုရွက်ဆိတ်လေးကများ ငါနဲ့ယှဥ်ချင်သေးတယ် သွားသေလိုက်တော့"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စိတ်ဆန္ဒသည် ချက်ချင်းဆိုသလိုပင် သုံးပေခန့် ရှည်လျားသော အနက်ရောင်ဓားငယ်လေး အဖြစ်သို့ ပြောင်းလဲကာ နှင်းခဲလှံကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

နှင်းခဲလှံက အနက်ရောင်ဓားငယ်လေးနှင့် ရင်ဆိုင်မိသည်နှင့် ချက်ချင်းဆိုသလိုပင် အလွယ်တကူ ချေမှုန်းခံလိုက်ရသည်။

ထို့နောက်တွင် အနက်ရောင်ဓားငယ်လေးသည် လေထုကို ဆက်လက် ထိုးဖောက်ကာ ပိန်ပါးပါးအဘိုးအို၏ နဖူးကို ထိုးဖောက်သွားပြီး အဘိုးအို၏ စိတ်ဝိညာဥ်ထဲသို့ တိုးဝင်သွားခဲ့သည်။

"အား.."

ပိန်ပါးပါးအဘိုးအိုက ချက်ချင်းဆိုသလိုပင် သူ၏ လက်နှစ်ဖက်ဖြင့် သူ၏ ဦးခေါင်းကို ဖိကာ နာကျင်စွာ အော်ဟစ်နေခဲ့ရသည်။

သို့သော်လည်း ဤအခြေအနေက ကြာရှည်မခံခဲ့ပေ။

ပိန်ပါးပါးအဘိုးအို၏ ဦးခေါင်းကို ကိုင်ထားသော လက်များသည် အားပျော့စွာဖြင့် အောက်ဘက်သို့ တွဲကျသွားခဲ့သည်။

ထို့နောက်တွင် အဘိုးအို၏ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်သည် လေထဲကနေ ပြုတ်ကျသွားခဲ့၏။

သူတို့ရှေ့မှ ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ သူတို့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

လော်ချန်ပင်း အပါအဝင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်စွာ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။

ပိန်ပါးပါးအဘိုးအိုသည် သူတို့ ရွှယ်ပင်းနန်းတော်၏ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဌမအဆင့်ကို ‌ရောက်ရှိနေသည့် ကျင့်ကြံသူ ဖြစ်သည်။

၎င်းက နန်းတော်သခင်နှင့် လော်ချန်ပင်းတို့ လွဲလျှင် ရွှယ်ပင်းနန်းတော်တွင် အသန်မာဆုံး ကျင့်ကြံသူလည်း ဖြစ်၏။

ဤကဲ့သို့ နတ်ဝိညာဥ်ဘုရင် အဌမအဆင့် ကျင့်ကြံသူတစ်ယော်ကိုပင် ကျန်းချန်သည် ဝိညာဥ်စိတ်ဆန္ဒဖြင့် အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ကျန်းချန် မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ.. အကြီးအကဲတို့ ငါနဲ့အတူ ရေခဲဖီးနစ်အစီအရင်ကို ထိန်းချုပ်ပြီး ဒီကောင်လေးကို သတ်ပစ်ကြစို့"

လော်ချန်ပင်းက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

ရွှယ်ပင်းနန်းတော်သည် တည်ထောင်ပြီးသည့် အချိန်ကစ၍ မြောက်ပိုင်းကမ်းရိုးတန်း ဒေသတွင် နှစ်ပေါင်း(၃၀၀၀)ကြာ အုပ်စိုးခဲ့၏။

၎င်းတို့၏ သြဇာအာဏာကို စိန်ခေါ်ဝံ့သူ မည်သူမှမရှိခဲ့ပေ။

ယနေ့တွင် ကျန်းချန်ကိုသာ အပြစ်မပေးနိုင်ခဲ့လျှင် သူမတို့ ရွှယ်ပင်းနန်းတော်သည် အနာဂတ်တွင် ကျုံးကျိုးကုန်းမြေ၌ မည်ကဲ့သို့သော မျက်နှာဖြင့် ခြေကုပ်ယူရပါမည်နည်း။

လော်ချန်ပင်းက စိတ်နှလုံးထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း မပေါ့ဆခဲ့ပေ။

ဤကောင်လေးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အဌမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်၍ ဤကောင်လေး၏ ခွန်အားသည် သူမ၏ အောက်တွင် မရှိတော့ဟု ခန့်မှန်းခဲ့သည်။

သူမ တစ်ယောက်တည်းသာ ဆိုလျှင် သူမသည် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လော်ချန်ပင်းသည် လုံးဝ တုံ့ဆိုင်းမနေဘဲ သူမနောက်တွင်ရှိသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ၈ဦးနှင့်အတူ တစ်ချိန်တည်းမှာပင် လေထုထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ‌ရေခဲဖီးနစ်အစီအရင်ကို ဖွဲ့စည်းခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပေရာပေါင်းများစွာ ရှည်လျားသော တောက်ပသည့် နှင်းဖီးနစ်ငှက် တစ်ကောင်သည် သူတို့၏ ဦးခေါင်းထက်တွင် ပေါ်ပေါက်လာခဲ့၏။

ထိုနှင်းဖီးနစ်ငှက်ကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အအေးဓာတ်သည် လေထုထဲကို ပျံ့နှံ့သွားခဲ့ပြီး အချင်းဆယ်မိုင်ပတ်လည်ကို အေးခဲမတတ် ဖြစ်စေခဲ့သည်။

ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ကိုးဦး ပူးပေါင်း၍ ဖော်ထုတ်လိုက်သော အစီအရင်သည် အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေခဲ့သည်။

အခန်း(၁၂၄၀)ပြီး၏။

အခန်း(၁၂၄၁)

"ဒါက ငါတို့ရွှယ်ပင်းနန်းတော်ရဲ့ တည်ထောင်သူ ကိုယ်တိုင် တီထွင်ခဲ့တဲ့ ရေခဲဖီးနစ် အစီအရင်ပဲ"

ရွှယ်ပင်းနန်းတော်မှ တပည့်အချို့က လော်ချန်ပင်းတို့ ဖွဲ့စည်းလိုက်သည့် ကြီးမားသော အစီအရင်ကိုမြင်လျှင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ရေခဲဖီးနစ် အစီအရင်သည် ရွှယ်ပင်းနန်းတော်ကို တည်ထောင်သူဖြစ်သည့် ရွှယ်ဝူကျိ တည်ထွင်ခဲ့သည့် အစီအရင် ဖြစ်သည်။

ထိုအစီအရင်ကို လူကိုးယောက် ပူးပေါင်း၍ ထိန်းချုပ်လိုက်သောအခါတွင် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀)က ရွှယ်ဝူကျိသည် ရွှယ်ပင်းနန်းတော်ကို တည်ထောင်ပြီး မကြာခင်မှာပင် မတော်တဆဖြစ်ရပ်တစ်ခု၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ထိုအချိန်တွင် မြောက်ပိုင်းကမ်းရိုးတန်း ဒေသရှိ ကြယ်နှစ်ပွင့်အထွတ်အထိပ် အင်အားစုဖြစ်သည့် ချင်းလွင်ဂိုဏ်းသည် ရွှယ်ဝူကျိ ဒဏ်ရာရနေသည်ကို အခွင့်ကောင်းယူကာ ရွှယ်ပင်းနန်းတော်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် အကြီးအကဲ ကိုးယောက်သည် ရေခဲဖီးနစ် အစီအရင်ကို အသုံးပြုကာ ကျူးကျော်လာသည့် ရန်သူများကို အလွယ်တကူပင် သတ်ပစ်နိုင်ခဲ့၏။

ဤတစ်ခေါက် လော်ချန်ပင်း ဦးဆောင်၍ ဖွဲ့စည်းထားသော ရေခဲဖီးနစ် အစီအရင်တွင် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးပင် ပါဝင်နေခဲ့သည်။

ရွှယ်ပင်းနန်းတော်၏ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ကိုးဦး ထုတ်ဖော်လိုက်သော ‌ရေခဲဖီးနစ်အစီအရင်အောက်တွင် မည်သူက ရပ်တည်နိုင်ပါမည်နည်း။

"ကျန်းချန်.. မင်းတစ်ယောက်တည်းရဲ့ အင်အားနဲ့များ ငါတို့ရွှယ်ပင်းနန်းတော်ကို ယှဥ်ချင်သေးတယ်.. မင်းက ငါတို့ရွှယ်ပင်းနန်းတော်ရဲ့အင်အားကို အတော်လေး အထင်သေးနေတာပဲ"

လော်ချန်ပင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"ငါတို့ ကိုးယောက် ပူးပေါင်းလိုက်ရင် နတ်သန္ဓေအင်ပါယာအဆင့်နဲ့တောင် တိုက်ခိုက်နိုင်တယ်.. မင်းဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ဒီနေ့ သေဆုံးရမဲ့ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ဤအချိန်တွင် အောက်ဘက်ရှိ လုံထျန်းဝူ၊ စန်းဝူဟန်နှင့် အခြားသူများ၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ‌ လေးနက်သွားခဲ့သည်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ကိုးဦး ဖော်ထုတ်လိုက်သည့် အစီအရင်သည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူကဲ့သို့ အင်အားကြီးမား၏။

ထိုအစီအရင်ကို ကျန်းချန်က အမှန်တကယ်ပင် ရပ်တန့်နိုင်ပါမည်လော။

"ဟားဟား.. မင်းတို့ ရွှယ်ပင်းနန်းတော် အရှင်သခင်ဖြစ်တဲ့ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ရောက်လာခဲ့ရင်တောင် ငါက သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး.. ဒီလို သာမန်အစီအရင်လောက်ကတော့ စာတောင်မဖွဲ့ဘူး.. ဒီနေ့ မင်းတို့ကို သတ်ပစ်ပြီး ရွှယ်ပင်းနန်းတော်ကို ဖြိုခွဲပစ်မယ်"

ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ့ထံမှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ချက်ချင်းဆိုသလို မီးလျှံဓား အရှိန်အဝါတစ်ခုသည် လေထုထဲတွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့သည်။

ထိုမီးလျှံဓား အရှိန်အဝါသည် အလွန်မြန်ဆန်စွာပင် မီတာ၁၀၀ ပတ်လည်ရှိ လေထုကို ပြည့်နှက်သွားခဲ့ပြီး အဆုံးသတ်တွင် မီးလျှံဓားနယ်မြေ အဖြစ်သို့ ပြောင်းလဲကာ လော်ချန်ပင်းတို့လူစုကို ဝန်းရံသွားခဲ့သည်။

"ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေ.. သတ်ဖြတ်စမ်း"

ကျန်းချန်၏ အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် မီးလျှံဓားနယ်မြေထဲကနေ မီးလျှံဓားအလင်း ထောင်ပေါင်းများစွာသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး အနီရောင်မိုးသီး မိုးပေါက်များ ကျဆင်းလာကဲ့သို့ ပေရာပေါင်းများစွာ အရှည်ရှိသည့် ရေခဲဖီးနစ်ပေါ်ကို ကျရောက်သွားခဲ့သည်။

"ရှဲ.. ရှဲ.. ရှဲ"

ရေခဲဖီးနစ်၏ ကြည်လင်တောက်ပသော ဧရာမခန္ဓာကိုယ်သည် မီးလျှံဓားနယ်မြေ၏ စွမ်းအင်များဖြင့် ထိုးဖောက်ခံလိုက်ရ၏။

၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးက မျက်စိတစ်မှိတ် အတွင်းမှာပင် ဇကာပေါက်ကဲ့သို့ အပေါက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး အဆုံးသတ်တွင် ရေခဲဖီးနစ်သည် အုန်းခနဲ တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှပင် လော်ချန်ပင်းနဲ့အတူ အစီအရင်ကို ထိန်းချုပ်နေခဲ့ကြသည့် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးသည် ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ယင် သွားခဲ့ပြီး မျက်နှာများ ဖြူဖျော့သွားခဲ့ကြ၏။

သူတို့လူစုထဲရှိ နတ်ဝိညာဥ်ဘုရင် နယ်ပယ် အစောပိုင်းကျင့်ကြံသူ အချို့ဆိုလျှင် သွေးများကိုပင် အန်ထုတ်လိုက်ရသည် အထိပင်။

"ငါတို့ရဲ့အကြီးအကဲတွေ ရှုံးနိမ်သွားတာလား"

လေထုထဲမှ မြင်ကွင်းကိုမြင်လျှင် ရွှယ်ပင်းနန်းတော်မှ တပည့်များစွာသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။

သူတို့ ရွှယ်ပင်းနန်းတော်၏ အားအကိုးရဆုံး ရေခဲဖီးနစ် အစီအရင်ကို ကျန်းချန် ဆိုသောလူငယ်သည် အလွယ်တကူပင် ချိုးဖျက်ပစ်လိုက်သည် မဟုတ်ပါလော။

"အစစ်အမှန် နယ်မြေပိုင်နက် စွမ်းအားပါလား.. မင်း..မင်းက နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်သွားပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဤအချိန်တွင် ကျန်းချန်ကို မော့ကြည့်ကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည့် လော်ချန်ပင်း၏ အသံသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"နတ်သန္ဓေအင်ပါယာအဆင့်လား"

ရွှယ်ပင်းနန်းတော်မှ တပည့်များသည် မှင်တက်နေခဲ့ကြပြီး သူတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။

သူတို့၏ ‌ရှေ့မှ သူတို့နှင့် သက်တူရွယ်တူလောက်သာ ရှိသော ကောင်လေးသည် သူတို့ ရွှယ်ပင်းနန်းတော်၏ ခေါင်းဆောင်နှင့် တန်းတူ အဆင့်အတန်းရှိသည့် နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်နေခဲ့၏။

"ကျန်းချန်က နတ်သန္ဓေအင်ပါယာ အဆင့်ကိုတောင် ထိုးဖောက်သွားပြီတဲ့လား.. ညီနောင် ဝူဟန်.. မင်းနဲ့ငါ ဒီကောင်လေးကို လျော့တွက်ထားမိပြီ ထင်တယ်"

ကျန်းချန်က တစ်ကိုယ်တော်အစွမ်းဖြင့် ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများစွာကို ဖိနှိပ်ထားသည်အား မြင်လျှင် လုံထျန်းဝူသည် အံ့သြမှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

စန်းဝူဟန်က သက်ပြင်းချ၍ ပြောလိုက်သည်။

"စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်က သညမန်ကောင်လေးတစ်ယောက်က ဒီအဆင့်အထိ အချိန်တိုအတွင်း ကြီးထွားလာလိမ့်မယ်လို့ ငါဘယ်လိုမှ ထင်မထားမိတာ အမှန်ပဲ"

သူတို့၏အနောက်ရှိ လျှိုလင်ကျူးနှင့် တခြားသူများသည်လည်း အံ့သြထိတ်လန့်နေခဲ့ကြသည်။

အားလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

အစောပိုင်းက သူတို့သည် ရေခဲဖီးနစ် အစီအရင်အောက်တွင် ကျန်းချန် သေဆုံးရန် သေချာသလောက် ဖြစ်သည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအားကို ထုတ်ဖော်ကာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ကိုးဦးကို တစ်ကွက်တည်းဖြင့် ချေမှုန်းလိုက်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ယခုအချိန်တွင် လျှိုလင်ကျူးနှင့် တခြားသူများသည် ကျန်းချန်၏ ရွှယ်ပင်းနန်းတော်ကို ဖြိုခွဲပစ်မည် ဟူသော စကားများက အလိမ်အညာ မဟုတ်မှန်း အဆုံးသတ်တွင် ယုံကြည်လာခဲ့ကြသည်။

ကျန်းချန်တွင် ရွှယ်ပင်းနန်းတော်ကို တစ်ကိုယ်တော် ဖြိုခွင်းနိုင်သည့် အင်အား အမှန်တကယ် ရှိနေခဲ့သည် မဟုတ်ပါလား။

"ကျန်းချန်.. မင်း ဒီနေ့ ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ဦးကို သတ်ပစ်ပြီးပြီ.. ဒီလောက်ဆို လုံလောက်ပြီပေါ့.. ငါတို့တွေကြားမှာ ရှိတဲ့ ကိစ္စတွေကို ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်"

လော်ချန်ပင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။

"မင်းရဲ့လူတွေကို ရွှယ်ပင်းနန်းတော်ကနေ ခေါ်ထုတ်သွားလိုက်ပါ.. ရွှယ်ပင်းနန်းတော်က မင်းနဲ့ ပတ်သက်တဲ့ လူတွေကို ဘယ်တော့မှ အန္တရာယ်ထပ်မပေးတော့ဘူးလို့ ကတိပေးတယ်"

လော်ချန်ပင်းက ရှုံးနိမ့်မှုကို လက်ခံသော အမူအရာဖြင့် ပြောလိုက်သည်။

သူမ အနေဖြင့် နတ်သန္ဓေအင်ပါယာ တစ်ပါးနှင့် ရန်သူ မဖြစ်ချင်ခဲ့ပေ။

အထူးသဖြင့် ဤနတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူသည် အသက်၂၀ကျော်ရုံသာ ရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။

ဤကဲ့သို့သော ပါရမီရှင်နှင့် ရန်သူ ဖြစ်ခဲ့လျှင်ပင် တစ်ချိန်ချိန်၌ သူမတို့ ရွှယ်ပင်းနန်းတော်တွင် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။

"ဟားဟား.. မင်းရဲ့ ညှိနှိုင်းမှုက ရယ်စရာပဲ.. မင်းတို့ရွှယ်ပင်းနန်းတော်က ငါ့ကို ထွက်ပေါ်လာအောင်‌ ထောင်ချောက်ဆင်ဖို့အတွက် စန်းလန်အဖွဲ့အစည်းနဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ဖျက်ဆီးခဲ့တယ်.. ဒီအကြွေးကို မင်းရဲ့ စကားတစ်ခွန်းလောက်နဲ့ ကြေအေးပေးလိုက်ရမှာလား.. ဒီနေ့ငါ ကျန်းချန် မင်းတို့ ရွှယ်ပင်းနန်းတော်ကို ဖြိုခွင်းမယ်လို့ ပြောခဲ့ပြီးပြီ ဆိုမှတော့ ငါ့ရဲ့ကတိကို ဘယ်တော့မှ ဖျက်မှာမဟုတ်ဘူး"

ကျန်းချန်၏ အေးစက်စက် ရယ်မောသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

သူက ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေထဲမှ အဆုံးမဲ့မီးလျှံဓား အရှိန်အဝါများကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်၏။

ထို့နောက်တွင် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေထဲမှာ မီးလျှံဓားအရှိန်အဝါ ထောင်ပေါင်းများစွာသည် တစ်ခဏအတွင်းမှာပင် အားနည်းသော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတချို့ကို သတ်ဖြတ်ပစ်လိုက်သည်။

"အား..."

နာကျင်စွာ အော်ဟစ်သံများသည် လေထဲတွင် ဆက်တိုက်ပင် ပဲ့တင်ထပ်နေခဲ့သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေထဲတွင် လော်ချန်ပင်းမှ လွဲ၍ အခြားမည်သူမှ မကျန်ရှိတော့ပေ။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကြည့်နေခဲ့သည်။

သူက ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို ထိန်းချုပ်၍ လော်ချန်ပင်းကို သတ်ဖြတ်ရန် ပြင်နေစဥ်မှာပင် ရွှယ်ပင်းနန်းတော်၏ အတွင်းဘက်ကနေ ဒေါသတကြီး ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး ရပ်လိုက်စမ်း.. မင်းသူ့ကို သတ်ရဲရင် ဒီဧကရာဇ်က မင်းရဲ့ ဆွေစဥ်မျိုးဆက် ကိုးဆက်လုံးကို သတ်ဖြတ်ပစ်မယ်"

ရှေးခေတ်က နိုးထလာသည့် နဂါးကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါ တစ်ခုသည် တုနှိုင်းမဲ့ ဖိအားတစ်ခုကို သယ်ဆောင်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ကျန်းချန်က ရွှယ်ပင်းနန်းတော် သခင်၏ ကြောက်မက်ဖွယ်ဖိအားကို ရင်ဆိုင်နေရသော်လည်း စာမဖွဲ့ခဲ့ပေ။

သူက ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေကို ဆက်လက်ထိန်းချုပ်ကာ လော်ချန်ပင်းကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်သည်။

"ကောင်လေး.. မင်းက ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တဲ့အပြင် ငါ့ရဲ့မိန်းမကိုပါ သတ်ဖြတ်ခဲ့တယ်.. ငါ ရွှယ်ထျန်းဟဲ ဒီနေ့မင်းကို ကျိန်းသေသတ်ပစ်မယ်"

ရွှယ်ပင်းနန်းတော်အရှင်သခင် ရွှယ်ထျန်းဟဲ၏ ဒေါသတကြီးကြုံးဝါးသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင် အဖြူရောင်ပုံရိပ်သည် အဆုံးသတ်၌ ရွှယ်ပင်းနန်းတော်၏ အတွင်းပိုင်းကနေ ကောင်းကင်ယံကို တက်လာခဲ့ပြီး ကျန်းချန်၏ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် ကြောက်မက်ဖွယ် အအေးဓာတ် အရှိန်အဝါကြောင့် ချက်ချင်းဆိုသလိုပင် အေးခဲသွားမတတ်ဖြစ်နေခဲ့သည်။

အခန်း(၁၂၄၁)ပြီး၏။

အခန်း(၁၂၄၂)

ကြောက်မက်ဖွယ် အအေးဓာတ်အရှိန်အဝါက လေထုထဲတွင် ပြည့်နှက်သွားခဲ့သော်လည်း ကျန်းချန်ကို လုံးဝ မထိခိုက်စေခဲ့ပေ။

ကျန်းချန်က သူ၏ ရှေ့မှ အဖြူရောင်ပုံရိပ်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

ထိုအဖြူရောင်ပုံရိပ်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ခပ်မြင့်မြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဆံပင်များ ဖြူဖွေးနေပြီး ခန္ဓာကိုယ်ကနေ အလွန် ကြောက်စရာကောင်းသော ရေခဲကဲ့သို့ အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

ဤအတိုင်း ရပ်နေရုံဖြင့်ပင် ၎င်း၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် ရေခဲပွင့်များသည် အလိုလိုနေရင်း ဖြစ်ပေါ်လာခဲ့သည်။

"ရွှယ်ပင်းနန်းတော်ရဲ့အရှင်သခင် ရွှယ်ထျန်းဟဲ ကိုယ်တိုင် ထွက်လာခဲ့ပြီ"

လေထုထဲမှ အဖြူရောင်ပုံရိပ်ကိုမြင်လျှင် လုံထျန်းဝူနှင့် စန်းဝူဟန်တို့၏ မျက်နှာများသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

ရွှယ်ထျန်းဟဲသည် ကြယ်သုံးပွင့် အင်အားစုဖြစ်သည့် ရွှယ်ပင်းနန်းတော်၏ နန်းတော်သခင် ဖြစ်ပြီး မြောက်ပိုင်းကမ်းရိုးတန်း ဒေသတွင် နှစ်ပေါင်းရာချီ အုပ်စိုးခဲ့သော နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်သည်။

ကျန်းချန်က နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ခဲ့လျှင် ဤတိုက်ပွဲသည် လွယ်ကူနိုင်မည် မဟုတ်ပေ။

"နန်းတော်သခင်ပဲ..နောက်ဆုံးတော့ နန်းတော်သခင် ကိုယ်တိုင်ထွက်လာခဲ့ပြီ"

ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ကောင်းကင်ယံမှ ရွှယ်ထျန်းဟဲကို မြင်လျှင် စိတ်လှုပ်ရှားနေခဲ့ကြသည်။

ရွှယ်ထျန်းဟဲသည် ရွှယ်ပင်းနန်းတော်မှ တပည့်များစွာ၏ ရင်ထဲတွင် ဒဏ္ဍာရီတစ်ပါးကဲ့သို့ တည်ရှိနေသောသူ ဖြစ်သည်။

ယခု ရွှယ်ထျန်းဟဲ ကိုယ်တိုင် လှုပ်ရှားလာပြီဖြစ်ရာ ကျန်းချန်ကို ဖိနှိပ်ပြီး သူတို့ ရွှယ်ပင်းနန်းတော်၏ အန္တရာယ်ကို ဖြေရှင်းနိုင်မည်မှာ သေချာသလောက်ပင်ဖြစ်သည် မဟုတ်ပါလော။

"ကျန်းချန်.. မင်းက ငါတို့ ရွှယ်ပင်းနန်းတော်ရဲ့ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို သတ်ပစ်ခဲ့တယ်

.. ဒီနေ့ ငါရွှယ်ထျန်းဟဲ မင်းကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်လို့ ဒီနေရာမှာ ကျိန်ဆိုတယ်.. မင်းကို ရှင်းပြီးတာနဲ့ မင်းရဲ့ဆွေစဥ်မျိုးဆက် ကိုးဆက်လုံးကို သတ်ဖြတ်ပြီး ဒီနေ့ရဲ့အရှက်ရမှုကို သွေးနဲ့ ဆေးကြောပစ်မယ်"

ရွှယ်ထျန်းဟဲက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်ရင်း ကြုံးဝါးလိုက်သည်။

သူ၏ လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ် အရှိန်အဝါသည် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

"ဟားဟား ရွှယ်ထျန်းဟဲ.. မင်းရဲ့အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တော့ ငါမင်းကို စိုးရိမ်ကောင်း စိုးရိမ်ရနိုင်တယ်... ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေနဲ့တော့ ငါ့ကို မသတ်နိုင်ခင် မင်းအရင် သေသွားလိမ့်မယ်"

ကျန်းချန်က ရွှယ်ထျန်းဟဲ၏ ခန္ဓာကိုယ်ကို အသေးစိတ်အကဲခတ်ပြီးနောက်တွင် မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သူက ရွှယ်ပင်းနန်းတော်မှ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့်တိုင် ဤလူက အဘယ်ကြောင့် နောက်ဆုံးမှ ထွက်ပေါ်လာရသလဲဆိုသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

ကျန်းချန်၏ အမြင်စူးရှမှုအရ ရွှယ်ထျန်းဟဲ၏ ခန္ဓာကိုယ်အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

ရွှယ်ထျန်းဟဲသည် နတ်သန္ဓေအင်ပါယာ တတိယအဆင့် ကျင့်ကြံသူ ဖြစ်၏။

သို့သော် ကံဆိုးစွာဖြင့် ရွှယ်ထျန်းဟဲ၏ ခန္ဓာကိုယ်တွင် မတော်တဆမှုတစ်ခုခု ဖြစ်နေပုံရသည်။

ထိုမတော်တဆမှုကြောင့် ရွှယ်ထျန်းဟဲက မကြာခင်အချိန်အတွင်း သေဆုံးတော့မည် ဖြစ်၍ သူ၏အသက်ကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် အတွက် လျှို့ဝှက်နည်းလမ်း တစ်ခုကို အသုံးပြုကာ သူ့ကိုယ်သူ အိပ်စက်ခြင်း အခြေအနေသို့ ရောက်အောင် ပြုလုပ်ထားခဲ့သည်။

သူ၏မိန်းမဖြစ်သူ လော်ချန်ပင်း၏ ခန္ဓာကိုယ်တွင် သူကိုယ်တိုင် ချန်ထားရစ်ခဲ့သည့် အမှတ်အသားကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့် ယခုအချိန်ထိ နိုးထလာမည်မဟုတ်ပေ။

ဆိုရလျှင် ရွှယ်ထျန်းဟဲသည် ယခုအခါတွင် သူ၏ခွန်အားကို အပြည့်အဝ အသုံးမပြုနိုင်ချေ။

သူက အင်အားကို ပို၍ အသုံးပြုလိုက်သည်နှင့်အမျှ သူ့ကိုယ်သူ အလျင်အမြန် သေဆုံးအောင် လုပ်သလို ဖြစ်နေလိမ့်မည်မဟုတ်ပါလော။

ဤအခြေအနေတွင် ကျန်းချန် အနေဖြင့် ရွှယ်ထျန်းဟဲကို အဘယ်ကြောင့် ကြောက်ရပါမည်နည်း။

"မင်းကို သတ်နိုင်မသတ်နိုင်ဆိုတာ မင်းမကြာခင် သိလာပါလိမ့်မယ်.. မင်းကိုသတ်ပြီးရင် မင်းရဲ့ခန္ဓာကိုယ်ကို ယူပြီး မြို့တော်ငါးခုဆီမှာ ဆုလာဘ်သွားထုတ်မယ်.. အဲဒီအချိန်ကျရင် ဒီဧကရာဇ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"

ရွှယ်ထျန်းဟဲ၏ စကားသံ အဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ် စွမ်းအားသည် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ မီတာရာချီ နေရာလွတ်တွင် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ပြီး နယ်မြေတစ်ခုကို ဖွဲ့စည်းလိုက်၏။

လွန်ခဲ့သည် ဆယ်နှစ်ကျော်က ရွှယ်ထျန်းဟဲသည် ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုကို စူးစမ်းရင်း မတော်တဆမှု တစ်ခုကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်ခဲ့ရသည်။

ဤနှစ်တွေအတွင်း ရွှယ်ထျန်းဟဲသည် သူ၏ ခန္ဓာကိုယ်ကိုပြန်လည် ကောင်းမွန်လာရန် နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။

လွန်ခဲ့သည့်တစ်နှစ်က မြို့တော်ငါးမြို့သည် ကျန်းချန်ကို ဖမ်းဆီးမိန့်အတွက် ဆုလာဘ်များကို ထုတ်ပြန်ခဲ့သည်။

ဤသည်က ရွှယ်ထျန်းဟဲကို မျှော်လင့်ချက်များ ပေးစွမ်းခဲ့၏။

ရွှယ်ပင်းနန်းတော်က ကျန်းချန် ထွက်ပေါ်လာရန် အတွက် အစွမ်းကုန် လှုပ်ရှားနေသည့် အကြောင်းအရင်း အစစ်အမှန်သည် ရွှယ်ထျန်းဟဲ၏ အမိန့်ကြောင့်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်ကိုသာ ဖမ်းဆီးနိုင်လျှင် မြို့တော်ငါးမြို့ကနေ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းအား ရရှိနိုင်မည်ဖြစ်သောကြောင့်ပင်။

ထို့ကြောင့်လည်း ရွှယ်ပင်းနန်းတော်သည် စန်းလန်အဖွဲ့အစည်းနှင့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး ကျန်းချန်နှင့် ဆက်ဆံရေး ရှိသောသူများကို ဖမ်းဆီးကာ ကျန်းချန် ထွက်ပေါ်လာအောင် လုပ်ဆောင်ခဲ့သည်။

အဆုံးသတ်တွင် ရွှယ်ထျန်းဟဲ၏ ရည်ရွယ်ချက်သည် ပြည့်​မြောက်သွားခဲ့ပြီး ကျန်းချန်ကို ရွှယ်ပင်းနန်းတော် အထိ ‌ရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ရွှယ်ထျန်းဟဲ၏ ကြိုတင်တွက်ချက်မှု ထောင်ပေါင်းများစွာတွင် ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထည့်မတွက်ထားခဲ့ပေ။

ထို့ကြောင့်လည်း ရွှယ်ပင်းနန်းတော်ရှိ နတ်ဝိညာဥ်ဘုရင် ဆယ်ပါးသည် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ ကျဆုံးခဲ့ရခြင်းပင်။

ယခုအခါတွင်မူ ကျန်းချန်ကို ဖမ်းဆီးရန်အတွက် သူကိုယ်တိုင်သာ လှုပ်ရှားနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း ရွှယ်ထျန်းဟဲသည် သူ၏ လက်ရှိအခြေအနေဖြင့် ကျန်းချန်ကို အချိန်ဆွဲ၍ တိုက်ခိုက်ရန် မသင့်တော်မှန်း သိနေသောကြောင့် တိုက်ပွဲ စတင်သည်နှင့် နယ်မြေပိုင်နက်စွမ်းအားကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။

"အေးခဲနှင်းနယ်မြေ"

ရွှယ်ထျန်းဟဲ၏ အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် အေးစက်သော နယ်မြေထဲတွင် အဖြူရောင်နှင်းပွင့်များသည် လျှပ်တစ်ပြက် ကျဆင်းလာခဲ့သည်။

နှင်းများ ကျဆင်းလာပြီးနောက်တွင် အေးစက်သောနယ်မြေသည် ပို၍ပင် အေးခဲလာခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် မီတာရာချီ အကွာအဝေးတွင်ရှိသည့် နေရာလွတ်သည် လုံးဝ အေးခဲသွားခဲ့ပြီး လေထုထဲတွင် ပေါလောပေါ်နေသည့် အနက်ရောင် ရေခဲတုံးကြီးလို ဖြစ်နေခဲ့သည်။

ထို့အတူ ထိုနေရာတွင် ရှိနေသည့် ကျန်းချန်သည်လည်း တစ်ခါတည်း အေးခဲသွားခဲ့၏။

"နန်းတော်သခင်က ခွန်အား အရမ်းကြီးတာပဲ.. ဒီတစ်ကြိမ်တော့ ကျန်းချန်သေပြီထင်တယ်"

ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ထိုမြင်ကွင်းကို မြင်လျှင် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း သူတို့ အောင်ပွဲ ကောင်းစွာ မခံရသေးခင်မှာပင် ဧရာမ အနက်ရောင်ရေခဲတုံးထဲကနေ ကောင်းကင်ကိုပင် လောင်ကျွမ်းမတတ် ပြင်းထန်သော ရွှေရောင်မီးလျှံတစ်ခုသည် ကြီးမားသော အပေါက်တစ်ပေါက် ဖောက်ကာ တိုက်ရိုက်ပင် ထိုးထွက်လာခဲ့သည်။

မကြာခင်မှာပင် အနက်ရောင် အရိပ်တစ်ခုသည် ပေရာချီ ထူထဲသော ဧရာမ အနက်ရောင်ရေခဲတုံး ထဲကနေ ပျံသန်း၍ ထွက်လာခဲ့သည်။

"ဒီလူ အခုထိ မသေသေးဘူးလား"

ရွှယ်ပင်းနန်းတော်မှ တပည့်များသည် ထိုမြင်ကွင်းကိုမြင်လျှင် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

"ဟားဟား..ရွှယ်ထျန်းဟဲ.. မင်းရဲ့ အေးခဲနှင်းနယ်မြေက ဒီလောက်ပဲလား"

"ကဲ ဒီတစ်ခေါက်တော့ ငါ့ရဲ့နယ်မြေပိုင်နက် စွမ်းအားကို မြည်းကြည့်လိုက်ပါဦး"

လေထုထဲတွင် ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်၏ အသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့ မီးလျှံများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေ၊ ငွေရောင်လေပြင်းများဖြင့် ဖွဲ့စည်းထားသော အစွန်းရောက် သတ်ဖြတ်ခြင်းနယ်မြေ၊ မိုးကြိုးလျှပ်စီး ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော မိုးကြိုးနယ်မြေတို့သည် တစ်ခုပြီးတစ်ခု‌ လေထုထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက်တွင် လေထုထဲမှ ကျန်းချန်သည် ကမ္ဘာ့နတ်ဆိုး နတ်ဘုရားကဲ့သို့ နယ်မြေပိုင်နက် သုံးခု၏ စွမ်းအားကို ပေါင်းစည်းကာ ရွှယ်ထျန်းဟဲကို ဖိနှိပ်လိုက်သည်။

"ဒီကောင်လေးက နယ်မြေပိုင်နက် စွမ်းအားသုံးမျိုးကို တကယ်ပဲ နားလည်နေတာလား"

သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရွှယ်ထျန်းဟဲ၏ မျက်နှာအမူအရာသည် အဆုံးသတ်တွင် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

ဤကောင်လေးက နတ်သန္ဓေအင်ပါယာ အဆင့်ကို ယခုမှ ထိုးဖောက်ကာစ ဖြစ်၍ သူ့အနေဖြင့် အထွတ်အထိပ် အခြေအနေတွင် မရှိလျှင်ပင် အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည်ဟု မူလက ရွှယ်ထျန်းဟဲ ထင်မှတ်ခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ တိုက်ပွဲဝင် စွမ်းရည်သည် သူစိတ်ကူးထားသည်ထက်ကို ကျော်လွန်နေခဲ့သည်။

ဤကောင်လေးက သူ၏ အေးခဲနှင်း နယ်မြေကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည့် အပြင် သူ့ကို သတ်ဖြတ်ရန်အတွက် နယ်မြေပိုင်နက် သုံးခုကိုပင် တစ်ပြိုင်နက် ထုတ်သုံးခဲ့သည်။

နတ်သန္ဓေအင်ပါယာ အဆင့်တွင် နယ်မြေပိုင်နက် အမျိုးမျိုး၏ စွမ်းအားကို နားလည်သူသည် အဆင့်တူအတွင်း သံသယရှိစရာ မလိုလောက်အောင်ပင် ပိုမို၍ အင်အားကြီးမားသည်။

ရှန်းဝူတိုက်ကြီးပေါ်တွင် နယ်မြေပိုင်နက် နှစ်ခု၏ စွမ်းအားကို နားလည်သော နတ်သန္ဓေအင်ပါယာတချို့သည် အဆင့်တူအတွင်း လေးစားခံကြရသည်။

သူ့ရှေ့မှ လူငယ်ကမူ နယ်မြေပိုင်နက် စွမ်းအား သုံးမျိုးကိုပင် နားလည်ထားသည့် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူဖြစ်၏။

ထိုကဲ့သို့သော တုနှိုင်းမဲ့ပါရမီရှင်မျိုးသည် နတ်သန္ဓေအင်ပါယာ အဆင့်ကို ယခုမှ ထိုးဖောက်ကာစ ဖြစ်နေလျှင်ပင် တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ပင် ကြောက်စရာကောင်းသော အဆင့်ကို ရောက်ရှိနေမည်မှာ သေချာသည်။

လက်ရှိအချိန်တွင် ရွှယ်ထျန်းဟဲ၏ မျက်နှာအမူအရာသည် အလွန်ပင် သုန်မှုန်နေခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်၏။

ထို့နောက်တွင် နတ်သန္ဓေအင်ပါယာ တတိယအဆင့်၏ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ အစွမ်းကုန် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် သူ့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို ဂရုစိုက်ရန် အချိန်မရှိတော့ဘဲ ကျန်းချန်နှင့် အစွမ်းကုန် တိုက်ခိုက်ရတော့မည် မဟုတ်ပါလား။

အခန်း(၁၂၄၂)ပြီး၏။

All Chapters