အခန်း (၁၂၄၃-၁၂၄၅)
Vol. 83 Ch. 1243-1245
အခန်း(၁၂၄၃)
"အေးခဲနှင်းနယ်မြေ"
ရွှယ်ထျန်းဟဲက သူ၏ အေးခဲနှင်းနယ်မြေကို အစွမ်းကုန်အသုံးပြု၍ ကျန်းချန်၏ နယ်မြေသုံးခု ပေါင်းစည်းထားသော စွမ်းအားကို အေးခဲစေရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ နယ်မြေသုံးခု ပေါင်းစည်းထားသော ခွန်အားသည် သူ၏ အေးခဲနယ်မြေထက် အဆများစွာ ပို၍ အားကောင်းနေခဲ့သည်။
ဤသို့ဖြင့် သူ၏ အေးခဲနယ်မြေသည် ပတ်ဝန်းကျင်နေရာလွတ်ကို လုံးဝ အေးခဲအောင် မလုပ်နိုင်ခင်မှာပင် ကျန်းချန်၏ နယ်မြေစွမ်းအားများကြောင့် ကျိုးပဲ့သွားခဲ့သည်။
"ဖူး.."
ခန္ဓာကိုယ်က ဝန်တအားပိနေပြီ ဖြစ်သော ရွှယ်ထျန်းဟဲသည် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ရွှယ်ထျန်းဟဲ၏ ခန္ဓာကိုယ်ကို လေထုထဲကနေ မြေပြင်ထက်သို့ တိုက်ရိုက်ပင် ရိုက်ချလိုက်သည်။
"ဝုန်း"
လေထုထဲရှိ ရွှယ်ထျန်းဟဲ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ကြည်လင်သော ခရစ္စတယ်ရင်ပြင်ကို မီတာ၁၀၀ နက်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်စေကာ ခရစ္စတယ်အပိုင်းအစများကို ပတ်ဝန်းကျင်တွင် ဖွာခနဲ လွင့်စင်စေခဲ့သည်။
"မဖြစ်နိုင်ဘူး.. နန်းတော်သခင်က ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ.. ဒီကောင်လေးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အင်အားမျိုး ရှိနေရတာလဲ"
ဤအချိန်တွင် ရွှယ်ပင်းနန်းတော်မှ တပည့်များ၏ မျက်လုံးများသည် ထိုင်းမှိုင်းကာ ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
ဤသည်က သူတို့ ရွှယ်ပင်းနန်းတော်၏ နန်းတော်သခင် ဖြစ်ပြီး မြောက်ပိုင်းကမ်းရိုးတန်း ဒေသကို နှစ်ရာပေါင်းများစွာ အုပ်စိုးခဲ့သည့် ပြိုင်ဘက်ကင်း နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်သည်။
ထိုကဲ့သို့ အင်အားကြီးမားသောသူကိုပင် ကျန်းချန်သည် အလွယ်တကူ အနိုင်ယူလိုက်၏။
"ဒီကောင်လေးက သောက်ရမ်းကြမ်းလာတာပဲ.. ရွှယ်ထျန်းဟဲတောင် သူ့ကို ရှုံးနိမ့်သွားလိမ့်မယ်လို့ မထင်ထားမိဘူး"
ထိုမြင်ကွင်းကို ကြည့်ပြီး လုံထျန်းဝူနှင့် စန်းဝူဟန်တို့၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သည့် အမူအရာများသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
"ဒီကောင်လေးက နယ်မြေပိုင်နက် စွမ်းအားသုံးမျိုးကိုတောင် ထုတ်သုံးနိုင်တဲ့ နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်နေခဲ့ပြီ"
"အဟွတ်.. အဟွတ်"
လူတိုင်းက ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် ခရစ္စတယ် ရင်ပြင်တွင် အစောပိုင်းက ဖြစ်ပေါ်သွားသော တွင်းနက်ကြီးထဲကနေ ချောင်းဆိုးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ရွှယ်ထျန်းဟဲသည် တွင်းနက်ကြီးထဲကနေ ပျံသန်း၍ ထွက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။
ရွှယ်ထျန်းဟဲ၏ တစ်ကိုယ်လုံးက အလွန်ပင် ရှက်စရာကောင်းသော ပုံစံမျိုးဖြင့် ညစ်ပတ်နေခဲ့သည်။
သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံတွင်လည်း သွေးများဖြင့် ဖုံးလွှမ်းနေခဲ့၏။
သူ၏ ခေါင်းပေါ်မှ သွေးများသည် မျက်နှာပေါ်သို့ စီးကျနေခဲ့ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ရွှယ်ထျန်းဟဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ဤအချိန်တွင် သူသည် နတ်ဘုရားကဲ့သို့ ဆင်းသက်လာသည့် လေထုထဲမှ ပုံရိပ်ကို မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့သည်။
သူ၏ စိတ်နှလုံးထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့ကိုပင် ခံစားနေရ၏။
"ကောင်လေး ငါ့ခန္ဓာကိုယ် ပြန်သက်သာလာတာနဲ့ မင်းကို ဆယ်ဆပြန်လည်ပေးဆပ်စေမယ်"
ရွှယ်ထျန်းဟဲက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် ရွှယ်ထျန်းဟဲသည် ဤနေရာတွင် လုံးဝမနေဝံ့တော့ပေ။
လက်ရှိအချိန်တွင် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ထွက်ပြေးဖို့သာ ဖြစ်သည်။
သူက ဆက်ရှိနေလျှင် ယနေ့ဤနေရာမှာပင် အမှန်တကယ်သေဆုံးသွားနိုင်မည်ဟု သူထင်ခဲ့သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ပြီး သူ၏ရှေ့ရှိ လေထုတွင် နေရာလွတ် အက်ကြောင်းကို ဖွင့်လှစ်လိုက်သည်။
သို့သော်လည်း ရွှယ်ထျန်းဟဲက နေရာလွတ် အက်ကြောင်းထဲသို့ ဝင်ရန် ပြင်နေစဥ်မှာပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် လေထဲကနေ ပျံနှံ့လာခဲ့ပြီး ထိုနေရာလွတ် အက်ကြောင်းကို ဘာမှမကျန်ရှိတော့သည် အထိ ဖျက်ဆီးပစ်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ ပုံရိပ်သည် ရွှယ်ထျန်းဟဲ၏ ရှေ့တွင် ပေါ်လာခဲ့၏။
"ရွှယ်ထျန်းဟဲ မင်းဘယ်လိုမှ ပြေးမလွတ်နိုင်တော့ဘူး"
သူ၏ရှေ့မှ အားနည်းနေသော ရွှယ်ထျန်းဟဲကို ကြည့်ကာ ကျန်းချန်က မထီမဲ့မြင် ပြောလိုက်သည်။
သူ၏လေသံအရ ရွှယ်ထျန်းဟဲကို လုံးဝ ဂရုမစိုက်သည်မှာ ထင်ရှားနေ၏။
ကျန်းချန်ထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ခံစားမိလျှင် ရွှယ်ထျန်းဟဲ၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် သွေးနီရောင် ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်နှာထက်တွင် မိုက်ရူးရဲဆန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
"ကောင်စုတ်လေး.. မင်းက ဒီလောက်အထိ ဖိအားပေးမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့.. ငါရွှယ်ထျန်းဟဲက သေရမယ်ဆိုရင်တောင် တမလွန်ဆီ မင်းကိုအပါ ခေါ်သွားမယ်"
စကားဆုံးသည်နှင့် ရွှယ်ထျန်းဟဲသည် ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အသက်စွမ်းအင် ပင်လယ်သည် ပူဖောင်းကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။
"မင်းက ငါ့ကိုပါ ငရဲပြည်ကို အပါခေါ်ချင်တာလား"
ရွှယ်ထျန်းဟဲ၏ မိုက်ရူးရဲဆန်သော အမူအရာကို မြင်လျှင် ကျန်းချန်သည် သူ၏ ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ရွှယ်ထျန်းဟဲနှင့် ပေတစ်ရာခန့် အကွာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့၏။
တစ်ချိန်တည်းမှာပင် အပြာရောင်ဓားနယ်မြေ တစ်ခုသည် လေထုထဲတွင် ချက်ချင်း ဖွဲ့စည်းလာခဲ့ပြီး ရွှယ်ထျန်းဟဲကို လွှမ်းခြုံသွားခဲ့သည်။
အပြာရောင်ဓားနယ်မြေက ရွှယ်ထျန်းဟဲကို လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ရွှယ်ထျန်းဟဲ၏ အသက်စွမ်းအင်ပင်လယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောအဆင့်အထိ ဖောင်းပွလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် တုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲသံ တစ်သံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း လေလှိုင်းလုံးကြီးသည် ရွှယ်ထျန်းဟဲကို ဗဟိုပြု၍ ဆူနာမီသဖွယ် အပြင်းအထန် ထွက်ပေါ်လာခဲ့ပြီး အပြာရောင်ဓားနယ်မြေ၏ အကာအရံကို ရုတ်တရက် ရိုက်ခတ်လိုက်သည်။
အပြာရောင်ဓားနယ်မြေက ဖျက်ဆီးခြင်း လေလှိုင်းလုံး၏ ကြောက်မက်ဖွယ် ရိုက်ခတ်မှုအောက်တွင် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့၏။
အပြာရောင်ဓားနယ်မြေ၏ အကာအရံ မျက်နှာပြင်ပေါ်ရှိ တောက်ပသော အပြာရောင်အလင်းများပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ လျင်မြန်စွာ အားနည်းလာခဲ့သည်။
သို့သော်လည်း ဖျက်ဆီးခြင်း လေလှိုင်းလုံးသည် အဆုံးသတ်တွင် အကာအရံကို မချိုးဖျက်နိုင်ခဲ့ပေ။
ကျန်းချန်က ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကျင့်စဥ်ဖြစ်သည့် အချိန်နှင့်အာကာသဓားနယ်မြေကို ၅ပုံ ၁ပုံနီးပါးအထိ ကျွမ်းကျင်နေပြီ ဖြစ်သည်။
နတ်သန္ဓေအင်ပါယာ အဆင့်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ ထွက်ပေါ်လာသော အင်အားသည် ကျန်းချန် စိတ်ကူးထားသည် ထက်ပင် ကျော်လွန်နေခဲ့သည်။
သို့သော် ရွှယ်ထျန်းဟဲ ကဲ့သို့ နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည့်တိုင် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အကာအရံကို မချိုးဖျက်နိုင်ခဲ့ပေ။
ထို့အပြင် အချိန်နှင့်အာကာသ ဓားနယ်မြေကို မချိုးဖျက်နိုင်ခဲ့သောကြောင့် ရွှယ်ထျန်းဟဲ၏ ဝိညာဥ်သည် အချိန်မီ မထွက်ပြေးနိုင်ခဲ့ဘဲ သူ၏ ကိုယ်ပိုင်ဖောက်ခွဲမှု စွမ်းအားအောက်တွင် တစ်ခါထဲ ဖျက်ဆီးခံခဲ့ရသည်။
ဤသို့ဖြင့် ကြယ်သုံးပွင့် အင်အားစုဖြစ်သည့် ရွှယ်ပင်းနန်းတော်၏ အရှင်သခင် ဖြစ်သော နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ရွှယ်ထျန်းဟဲသည် လုံးဝ သေဆုံးသွားခဲ့ရသည်။
"ငါတို့နန်းတော်သခင်ကို ကျန်းချန်က သတ်ပစ်လိုက်ပြီဟ"
ဤအချိန်တွင် ရွှယ်ပင်းနန်းတော်မှ တပည့်များသည် မျက်နှာများ ဖြူဖျော့နေကြပြီး မယားငယ်များလို မျက်နှာငယ်လေးဖြင့် ဖြစ်နေကြသည်။
သူတို့ ရွှယ်ပင်းနန်းတော်၏ နတ်သန္ဓေအင်ပါယာအဆင့် နန်းတော်သခင်နှင့် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အကြီးအကဲ ၁၀ဦးကို ကျန်းချန်သည် တစ်ကိုယ်တော် အစွမ်းဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လိုက်သည် မဟုတ်ပါလား။
ဤတစ်ကြိမ်တွင် သူတို့ ရွှယ်ပင်းနန်းတော်သည် လုံးဝပြိုကွဲသွားခဲ့ပြီ ဖြစ်၏။
"ဒီနေ့ကစပြီး ရွှယ်ပင်းနန်းတော်ကို ဖျက်သိမ်းမယ်.. ကျုံးကျိုးကုန်းမြေမှာ ရွှယ်ပင်းနန်းတော် ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာမဟုတ်ဘူး.. အညံ့ခံဖို့ဆန္ဒရှိရင် နေခဲ့လို့ရတယ်.. မဟုတ်ရင်တော့ ဒီနေရာကနေ ထွက်သွားကြ.. ဒီနေ့ကစပြီး ရွှယ်ပင်းနန်းတော် တပည့်လို့ ပါးစပ်က ထုတ်ပြောတဲ့ သူတိုင်းကို အညှာအတာမရှိ သတ်ပစ်မယ်"
ရွှယ်ထျန်းဟဲကို ပေါ့ပါးစွာ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ရင်ပြင်၏ လေထုထဲတွင် နတ်ဘုရားတစ်ပါးလို ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူ၏ လေသံသည် အောက်ဘက်ရှိ ပရိသတ်အားလုံးကို တုန်လှုပ်စေခဲ့၏။
ကျန်းချန်က ထိတ်လန့် တုန်လှုပ်နေကြသည့် ရွှယ်ပင်းနန်းတော်မှ တပည့်များကို လျစ်လျူရှုလိုက်ပြီး လုံထျန်းဝူ တို့ရှေ့ကို တိုက်ရိုက် ဆင်းသက်လာခဲ့သည်။
"အားလုံးပဲ စိတ်မကောင်းပါဘူး.. ဒီတစ်ကြိမ် ကျွန်တော့်ကြောင့် အားလုံးပဲ ထိခိုက်ခဲ့ရတယ်"
သူ့ရှေ့မှ လူများကို ကြည့်ရင်း ကျန်းချန်က တောင်းပန်လိုက်သည်။
"ဒါက မင်းနဲ့မဆိုင်ပါဘူး.. အရာအားလုံးက ရွှယ်ပင်းနန်းတော်ကြောင့်ပဲ.. ရွှယ်ပင်းနန်းတော်က ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် မလုပ်ရဲတာ ဘာမှမရှိဘူး"
လုံထျန်းဝူက ခေါင်းခါရမ်းလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒီတစ်ကြိမ် ရွှယ်ပင်းနန်းတော်ရဲ့လက်ထဲကို ကျရောက်သွားတော့ ငါ့ကိုယ်ငါ သေချာပေါက် သေဆုံးပြီလို့ ထင်နေခဲ့တယ်.. အခုတော့ အသက်ရှင်ရုံတင်မကဘူး.. ရွှယ်ပင်းနန်းတော် ဖျက်ဆီးခံရတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်.. ဒါက လုံးဝကျေနပ်စရာပဲ"
"ဟားဟား ညီနောင်လုံ ပြောတာအမှန်ပဲ"
စန်းဝူဟန်ကလည်း အားပါးတရ ရယ်မော၍ လုံထျန်းဝူ၏ အဆိုကို ထောက်ခံလိုက်သည်။
"ငါ့ရဲ့ဘဝမှာ ကျေနပ်စရာ အကောင်းဆုံးအရာက ငါတို့စန်းလန်အဖွဲ့အစည်းကနေ မင်းလို ပါရမီရှင် တပည့်တစ်ယောက်ကို ထွက်ပေါ်ခဲ့တာပဲ.. ရွှယ်ပင်းနန်းတော်က မြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ တစ်ခုတည်းသော ကြယ်သုံးပွင့်အင်အားစုဖြစ်တယ်.. နှစ်ထောင်ပေါင်းများစွာတည်တံ့ခဲ့ပြီး ကြွယ်ဝတဲ့ အမွေအနှစ်တွေကိုလည်း ပိုင်ဆိုင်ထားတယ်.. အခုကျွန်တော် ရွှယ်ပင်းနန်းတော်ကို ချေမှုန်းလိုက်ပြီဆိုတော့ စီနီယာတို့ နှစ်ယောက်အနေနဲ့ ရွှယ်ပင်းနန်းတော်ရဲ့အရင်းအမြစ်တွေကို ခွဲယူလိုက်ပါ.. ဒါက စန်းလန်အဖွဲ့အစည်းနဲ့ နဂါးနက်ကုန်သွယ်ရေးအဖွဲရဲ့အင်အားကို အထိုက်အလျောက် တိုးမြင့်နိုင်မယ် ထင်တယ်"
ကျန်းချန်က ရွှယ်ပင်းနန်းတော်၏ အရင်းအမြစ်များကို လုံးဝ ဂရုမစိုက်ဘဲ လုံထျန်းဝူနှင့် စန်းဝူဟန် တို့ကို တိုက်ရိုက် စီမံခန့်ခွဲခွင့် ပေးလိုက်သည်။
"ကျန်းချန် တကယ်တော့ ညီနောင်ဝူဟန်နဲ့ ငါ့မှာ တူညီတဲ့အတွေးတစ်ခု ရှိတယ်"
လုံထျန်းဝူနှင့် စန်းဝူဟန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
"ငါတို့ နဂါးနက်ကုန်သွယ်ရေး အဖွဲ့နဲ့ စန်းလန် အဖွဲ့အစည်းကို ပေါင်းစည်းပြီး ရွှယ်ပင်းနန်းတော်ရဲ့ နောက်ခံအင်အားနဲ့အတူ ကြယ်သုံးပွင့်အင်အားသစ် တစ်ခုကို မင်းရဲ့ အကူအညီနဲ့ တည်ဆောက်ဖို့ဆန္ဒ ရှိတယ်"
အခန်း(၁၂၄၃)ပြီး၏။
အခန်း(၁၂၄၄)
လုံထျန်းဝူ၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
လုံထျန်းဝူတို့ နှစ်ယောက်တွင် ထိုကဲ့သို့ အတွေးမျိုး ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
"ကျန်းချန်.. ရွှယ်ပင်းနန်းတော်အပြင် ဒီမြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ ကြယ်နှစ်ပွင့်အင်အားစု တစ်ဒါဇင်ကျော် ရှိနေသေးတယ်"
စန်းဝူဟန်က လေးနက်သောလေသံဖြင့် ထပ်ဖြည့်၍ ပြောဆိုလိုက်သည်။
"ဒီကြယ်နှစ်ပွင့် အင်အားစုတွေထဲမှာ ငါတို့တွေရဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့နဲ့ စန်းလန်အဖွဲ့အစည်း တို့က အားအနည်းဆုံးပဲ.. မင်းက ငါတို့ကို ရွှယ်ပင်းနန်းတော်ရဲ့ အင်အား လွှဲပြောင်းပေးခဲ့ရင်တောင် ငါတို့မှာ တကယ်တမ်း ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မရှိဘူး.. ဒါကြောင့် ငါတို့က ကြယ်နှစ်ပွင့်အင်အားစုတွေ အားလုံးကို ပေါင်းစည်းဖို့ ရည်ရွယ်ထားတယ် မင်းက အင်အားစုတွေ အားလုံးကို ဦးဆောင်ပြီး မြောက်ပိုင်းကမ်းရိုးတန်းဒေသ တစ်ခုလုံးကို ထိန်းချုပ်ရလိမ့်မယ်"
နဂါးနက် ကုန်သွယ်ရေးအဖွဲ့နှင့် စန်းလန်မဟာမိတ်အဖွဲ့တို့သည် ကြယ်နှစ်ပွင့် အင်အားစုများထဲတွင် အင်အားနည်းပါးသော အဖွဲ့များ ဖြစ်ကြသည်။
ကျုံးကျိုးကုန်းမြေတွင် သူတို့လို အင်အားစုများသည် အားအနည်းဆုံးဖြစ်၍ အနိုင်ကျင့်ရလွယ်ကူ၏။
အကယ်၍ ကျန်းချန်သာ ဦးဆောင်ပြီး အင်အားကြီးမားသော ကြယ်သုံးပွင့်အင်အားစု တစ်စုကို တည်ထောင်နိုင်မည် ဆိုလျှင် သူတို့အနေဖြင့် ယခုလို ရွှယ်ပင်းနန်းတော်ကဲ့သို့ အနိုင်ကျင့်လာမည့် သူများအား ကြောက်ရွံ့နေစရာ မလိုတော့ပေ။
"စီနီယာတို့ တကယ်ပဲ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ချင်တာ သေချာရဲ့လား"
ကျန်းချန်က လေးနက်သော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။
"ကျွန်တော်က မြို့တော်ငါးမြို့ရဲ့ ဖမ်းဆီးမိန့် ထုတ်ခံထားရတဲ့သူပဲ.. စီနီယာတို့ ကျွန်တော်နဲ့ ပူးပေါင်းဖို့ ရွေးချယ်မယ်ဆိုရင် မြို့တော်ငါးမြို့ရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်"
"ဟားဟား.. ရန်သူဖြစ်ရလည်း ကိစ္စမရှိဘူး.. မြို့တော်ငါးခုရဲ့ရန်သူ ဖြစ်ခွင့်ရတာနဲ့တင် ငါတို့အနေနဲ့ အသက်ရှင်ရကျိုး နပ်သွားပြီ"
လုံထျန်းဝူက ပြုံး၍ ပြောလိုက်သည်။
"ဒါ့အပြင် မင်းရဲ့အရည်အချင်းကို ငါတို့ ယုံကြည်တယ်.. သိပ်မကြာခင်မှာ မြို့တော်ငါးခုကတောင် မင်းကို မထိနိုင်တော့ဘူးလို့ ငါတို့ ထင်တယ်"
လွန်ခဲ့သော သုံးနှစ်က ကျန်းချန်သည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်မှ သာမန်ကျင့်ကြံသူ ကောင်လေး တစ်ယောက်သာ ဖြစ်သည်။
ယခုအခါတွင် ကြယ်သုံးပွင့် အင်အားစုတစ်ခုကိုပင် တည်ထောင်နိုင်သည့် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်နေခဲ့ချေပြီ။
ကျန်းချန်ကိုသာ နောက်ထပ် သုံးနှစ်လောက် ထပ်အချိန်ပေးလိုက်လျှင် မှန်းဆ၍ မရလောက်သည်အထိ တိုးတက်လာမည်မှာ သေချာသလောက် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုကိုပင် တစ်ကိုယ်တော်အစွမ်းဖြင့် မချေမှုန်းနိုင်ဟု ပြော၍ မရပေ။
"ကောင်းပြီလေ စီနီယာတို့နှစ်ယောက်မှာ ဒီလိုမျိုး စိတ်ကူးရှိတယ် ဆိုမှတော့ ကျွန်တော်တို့ ကြယ်သုံးပွင့်အင်အားစု အသစ်တစ်ခုကို တည်ထောင်ကြတာပေါ့"
ကျန်းချန်က ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စကို အလျင်လိုလို့ မဖြစ်ဘူး.. စီနီယာတို့နှစ်ယောက်အနေနဲ့ ရွှယ်ပင်းနန်းတော်ရဲ့ အင်အားနဲ့ အရင်ပေါင်းစည်းထားပါ.. ကျွန်တော် ယန်ဒီမြို့ကို သွားပြီး ပြန်လာတာနဲ့ ကြယ်သုံးပွင့် အင်အားစုကို တရားဝင် ဖွဲ့စည်းမယ်"
ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုသည် သမိုင်းကြောင်းရှည်လျားပြီး ခန့်မှန်း၍မရသည့် အမွေအနှစ်များ ရှိသည်။
ကျန်းချန်က ၎င်းတို့နှင့် ယှဥ်ပြိုင်ရန် အင်အားကြီးမားသည့် ကိုယ်ပိုင် အင်အားစုတစ်ခုကို ဖွဲ့စည်းခြင်းသည် မဖြစ်မနေ လိုအပ်သောအရာ ဖြစ်သည်။
ထို့ကြောင့် လုံထျန်းဝူနှင့် စန်းဝူဟန်တို့၏ ရည်ရွယ်ချက်သည် သူ့အတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ဖန်တီးပေးသလို ဖြစ်နေခဲ့၏။
ကျန်းချန်၏ စကားကိုကြားလျှင် လုံထျန်းဝူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
"မင်း ယန်ဒီမြို့ကို သွားတော့မလို့လား"
"ဟုတ်တယ် ကျွန်တော့်ဆရာ ရှောင်တုလီ ပျောက်ဆုံးနေတာဆိုတော့ ကျွန်တော် ယန်ဒီမြို့ကို အရင်သွားမှဖြစ်မယ်.. အကယ်၍ ဆရာ့ကို ရှာတွေ့နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အင်အားကလည်း အများကြီး တိုးတက်လာမှာပဲ"
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် လုံထျန်းဝူနှင့် စန်းဝူဟန်တို့သည် မငြင်းနိုင်ခဲ့ပေ။
ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကျုံးကျိုးကုန်းမြေတွင် ကျော်ကြားသော နတ်သန္ဓေအင်ပါယာ တစ်ပါးဖြစ်သည်။
ကျန်းချန်နှင့် ရှောင်တုလီတို့၏ အင်အားဖြင့်ဆိုလျှင် သူတို့အသစ် ဖွဲ့စည်းမည့် အင်အားစုသည် တမဟုတ်ချင်း ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်း အင်အားစု စာရင်းဝင် ဖြစ်လာမည်မှာ အသေအချာပင်။
"ကျန်းချန်.. မြို့တော်ငါးခုက မင်းနဲ့ မင်းဆရာကို ဖမ်းဆီးမိန့်ထုတ်ပြန်ထားတယ် ဆိုတော့ ယန်ဒီမြို့ရဲ့အခြေအနေက ဘယ်လိုလဲဆိုတာ ငါတို့ သေချာမသိရသေးဘူး.. ဒါကြောင့် ငါ့ကို လူလွှတ်ပြီး အရင်ဆုံး အခြေအနေ စုံစမ်းခွင့်ပေးပါ"
လုံထျန်းဝူက ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ကြယ်လေးပွင့် သူတော်စင်နယ်မြေ တစ်ခု အနေဖြင့် ယန်ဒီမြို့သည် ရွှယ်ပင်းနန်းတော်ထက် လုံးဝ သာလွန်သည့် မြို့တစ်မြို့ ဖြစ်သည်။
ကျန်းချန်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ယန်ဒီမြို့ကို အလျင်စလို သွားခြင်းသည် အလွန်ပင် အန္တရာယ်များသောကိစ္စ ဖြစ်သည်။
ပို၍ အရေးကြီးသော အချက်မှာ ယန်ဒီမြို့တွင် ကျန်းချန် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြို့တော်ငါးခုသည် ထိုသတင်းကို မကြာမီအချိန်အတွင်း ရရှိသွားကြလိမ့်မည် ဖြစ်၏။
ထိုအခါ ကျန်းချန်၏ အခြေအနေသည် ပို၍ပင် အန္တရာယ်များလာနိုင်ပေသည်။
သို့သော် ကျန်းချန်က မြောက်ပိုင်းကမ်းရိုးတန်း ဒေသတွင်သာ ရှိနေမည်ဆိုလျှင် သူတို့အနေဖြင့် ဤဒေသကို လျင်မြန်စွာ ထိန်းချုပ်နိုင်လိုက်သည်နှင့် သတင်းများကို ပိတ်ဆို့ကာ ကျန်းချန်၏ သဲလွန်စကို မြို့တော်ငါးခုအနေဖြင့် အချိန်တိုအတွင်း သိရှိနိုင်မည် မဟုတ်ပေ။
ကျန်းချန်၏ အရည်အချင်းဖြင့် ဆိုလျှင် သုံး၊လေးနှစ်မျှ ကြိုးစား လေ့ကျင့်လိုက်သည်နှင့် ကျုံးကျိုးကုန်းမြေတွင် ပြိုင်ဘက်ကင်း နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာနိုင်ပေသည်။
ထိုအချိန်သို့ရောက်လျှင် မြို့တော်ငါးခုသည် ကျန်းချန်ကို အန္တရာယ်ပေးရန် ဆန္ဒရှိလျှင်ပင် ၂ခါပြန် စဥ်းစားရတော့မည်ဖြစ်၏။
"ကောင်းပါပြီ စီနီယာတို့ အစီအစဥ်အတိုင်းပဲ လုပ်ကြတာပေါ့"
ကျန်းချန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။
လုံထျန်းဝူ၏ အတွေးကို သိသော်လည်း ကျန်းချန်သည် မငြင်းဆန်ခဲ့ချေ။
လက်ရှိအချိန်တွင် သူသည် မြို့တော်ငါးခု၏ အခြေအနေနှင့်ပတ်သက်၍ ဘာမှမသိရှိသလို ဤကိစ္စတွင် ယန်ဒီမြို့၏ သဘောထားကိုလည်း အသေအချာ မသိသေးပေ။
ထို့ကြောင့် အခြေအနေကို အရင်ဆုံး စနည်းနာခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
ယင်းအပြင် ကျန်းချန်သည် မြို့တော်ငါးခု၏ ခွန်အားကို ကောင်းစွာသိသည်။
သူသာ ယန်ဒီမြို့ကိုသွားမည် ဆိုလျှင် သူ၏ခွန်အားကို မြှင့်တင်ရန် ဝှက်ဖဲအချို့ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်၏။
အနည်းဆုံးတော့ ယန်ဒီမြို့ကို မသွားခင် လူသားဧကရာဇ်စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို အောင်မြင်စွာ နားလည်အောင် ကြိုးစားရပေမည်။
လုံထျန်းဝူတို့ နှစ်ယောက်နှင့် ခဏမျှ ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ပင်းနန်းတော်၏ လျှို့ဝှက်အခန်းတစ်ခန်းဆီသို့ သွားကာ စတင် လေ့ကျင့်ခဲ့သည်။
လုံထျန်းဝူတို့ နှစ်ယောက်ကမူ သူတို့၏ အစီအစဥ်အတိုင်း ရွှယ်ပင်းနန်းတော်ကို စတင် ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့ကြသည်။
ဤတစ်ကြိမ် လေ့ကျင့်ရာတွင် ကျန်းချန်၏ အကြီးမားဆုံးပန်းတိုင်မှာ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံးစည်းတံဆိပ်ဖြစ်သော ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို နားလည်ရန် ဖြစ်သည်။
လူသားဧကရာဇ်စည်းတံဆိပ်သည် သူ၏ဖခင် ကျန်းဝူရ ချန်ထားခဲ့သည့် ကျင့်စဥ်တစ်ခု ဖြစ်ပြီး ထိုကျင့်စဥ်၏ စွမ်းအားသည် အချိန်နှင့်အာကာသ ဓားနယ်မြေနှင့် တန်းတူအဆင့်အတန်း ရှိသည်။
သူသာ ဤကျင့်စဥ်ကို ကျွမ်းကျင်ခဲ့လျှင် မြို့တော်ငါးခုနှင့်ရင်ဆိုင်ရာ၌ သူ၏ အဓိကဝှက်ဖဲတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
အဆုံးမဲ့ပင်လယ်ကို ဖြတ်ကျော်စဥ်က ဝိညာဥ်ငြိမ်းသက်ခြင်းစည်းတံဆိပ်ကို ၃ပုံ၂ပုံခန့် နားလည်ပြီးသား ဖြစ်ရာ သူ့အနေဖြင့် လဝက်မျှ အချိန်ပေးလိုက်သည်နှင့် ဝိညာဥ်ငြိမ်းသက်ခြင်းစည်းတံဆိပ်ကို အပြည့်အဝ နားလည်နိုင်မည် ဖြစ်၏။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လူသားဧကရာဇ် စည်းတံဆိပ်သည် သူ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
"ဒင်.. သင်က လူသားဧကရာဇ် စည်းတံဆိပ်ကို ကြည့်ရှုပြီး အဆ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပထမဆုံး စည်းတံဆိပ်ဖြစ်တဲ့ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ် အပေါ် နားလည်မှုတွင် ၁၀၀၀၀ပုံ ၁ပုံ တိုးတက်လာခဲ့ပါပြီ"
"ဒင်.. သင်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပထမဆုံး စည်းတံဆိပ်ဖြစ်တဲ့ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ် အပေါ် နားလည်မှုတွင် ၁၀၀၀၀ပုံ ၁ပုံ တိုးတက်လာခဲ့ပါပြီ"
"ဒင်.. သင်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ ပထမဆုံး စည်းတံဆိပ်ဖြစ်တဲ့ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ် အပေါ် နားလည်မှုတွင် ၁၀၀၀၀ပုံ ၁ပုံ တိုးတက်လာခဲ့ပါပြီ"
".........."
၁ရက်၊၂ရက်၊၃ရက်.. အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကျန်းချန်၏ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်အပေါ် နားလည်မှုသည်လည်း အောင်မြင်ပြီးမြောက်ရန် ပိုမို နီးစပ်လာခဲ့သည်။
လဝက်မျှ ကြာပြီးနောက်တွင် ကျန်းချန်၏ နားထဲ၌ အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်နေခဲ့ရသည့် သာယာနာပျော်ဖွယ် အသံတစ်သံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က လူသားဧကရာဇ်စည်းတံဆိပ်ရဲ့ ပထမဆုံးစည်းတံဆိပ်ဖြစ်တဲ့ ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
အဆုံးသတ်တွင် သူသည် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို အောင်မြင်စွာ တတ်ကျွမ်းသွားခဲ့သည်။
သူ၏ စိတ်ထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် လုံးဝ ထင်ကျန်နေခဲ့သည့် ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို ခံစားမိလျှင် ကျန်းချန်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
ဤလူသားဧကရာဇ် စည်းတံဆိပ်သည် နာမည်နှင့် တကယ်ပင် လိုက်ဖက်မှု ရှိပေသည်။
ပထမဆုံးစည်းတံဆိပ်၏ စွမ်းအားကပင် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်သည် နာမည်အတိုင်းပင် ဝိညာဥ်ကို ဖျက်ဆီးပစ်နိုင်သည့် စည်းတံဆိပ်တစ်ခု ဖြစ်သည်။
ကျန်းချန်က ဤစည်းတံဆိပ်၏ စွမ်းအား အကန့်အသတ်ကို အတိအကျ မသိခဲ့ပေ။
သို့သော် အထွတ်အထိပ် အခြေအနေတွင် ရှိနေသည့် ရွှယ်ထျန်းဟဲနှင့် ရင်ဆိုင်ရလျှင်ပင် ဤစည်းတံဆိပ် တစ်ခုတည်းဖြင့် ရွှယ်ထျန်းဟဲကို အလွယ်တကူ သတ်ပစ်နိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။
အကယ်၍သာ တိမ်တိုက်ဝါးမျို နည်းစနစ်၏ ကောင်းချီးကိုပါ တွဲဖက် အသုံးပြုလိုက်မည်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် ဖျက်ဆီးပစ်နိုင်လောက်၏။
အခန်း(၁၂၄၄)ပြီး၏။
အခန်း(၁၂၄၅)
ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ကို အောင်မြင်စွာလေ့ကျင့်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းကို ရပ်နားလိုက်သည်။
သူက ရွှယ်ပင်းနန်းတော်ကို အခြေခံ၍ အင်အားစုအသစ် တစ်ခု တည်ထောင်ရန် ဆုံးဖြတ်ထား၍ ဤနေရာကို တည်ဆောက်ရမည် ဖြစ်၏။
ရွှယ်ပင်းနန်းတော်၏ တည်ထောင်သူ ဖြစ်သည့် ရွှယ်ဝူကျီသည် ရေခဲလမ်းစဥ်ကို ကျင့်ကြံသော ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
သူတတ်မြောက်ထားသော ကိုယ်ခံပညာ အများစုသည် ရေခဲလမ်းစဥ် အပေါ်တွင်သာ အခြေခံထား၏။
ထို့ကြောင့်ပင် ရွှယ်ဝူကျိသည် မြေအောက်ကနေ နှစ်သောင်းချီအေးခဲနေသည့် လေများကို စုဆောင်းရန်အတွင် သတ္တမ အဆင့် အစီအရင် တစ်ခုကို အသုံးပြုခဲ့သည်။
ထို့နောက်တွင် နှင်းထူထပ်သည့် တောင်ထွတ်များအား ဖန်တီးခဲ့၏။
သူက ဤနေရာကို ရေခဲလမ်းစဥ် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံတစ်ခု ကဲ့သို့ ဖန်တီးခဲ့ခြင်း ဆိုလည်းမမှားပေ။
ကျန်းချန်က ဤနေရာတွင် သူ၏ ကိုယ်ပိုင် အင်အားစုကို တည်ဆောက်လိုသော်လည်း ရေခဲလမ်းစဥ် တစ်ခုတည်းကို အားမပြုချင်ခဲ့ပေ။
ထို့ကြောင့် ရွှယ်ပင်းနန်းတော်၏ မူလအစီအရင်ကို ဖျက်ဆီးကာ သတ္တမအဆင့် အစီအရင်အသစ် တစ်ခုကို ပြန်လည် ဖွဲ့စည်းပြီး ပထဝီဝင် အနေအထားကို ပြောင်းလဲရန် စီစဥ်ခဲ့သည်။
ကျန်းချန်က ရွှယ်ပင်းနန်းတော်၏ ကောင်းကင်ယံတွင် တင်ပျဥ်ခွေထိုင်နေရင်း သူ၏ မျက်လုံးသည် အောက်ဘက်ရှိ ရွှယ်ပင်းနန်းတော် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် သူ့ထံကနေ ဓားစွမ်းအင်များသည် လေထုကို ထိုးခွင်းကာ ရွှယ်ပင်းနန်းတော် ဆီသို့ ဦးတည်သွားခဲ့သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ချက်ချင်းဆိုသလိုပင် ရွှယ်ပင်းနန်းတော်၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။
ကျန်းချန်၏ လုပ်ဆောင်ချက်သည် အောက်ဘက်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို အလျင်အမြန်ပင် ဆွဲဆောင်သွားခဲ့သည်။
စန်းလန်အဖွဲ့အစည်းမှ တပည့်များကို စီမံခန့်ခွဲနေသည့် စန်းဝူဟန်နှင့် တခြားသူများသည်ပင် လေထဲရှိ ကျန်းချန်ကို မော့ကြည့်မိလိုက်ကြသည်။
"ခေါင်းဆောင် ကျန်းချန်က ဘာလုပ်နေတာလဲ ခေါင်းဆောင်သိလား"
လျှိုလင်ကျူးက သူမ၏ လှပသော မျက်လုံးလေးများဖြင့် လေထဲမှ ကျန်းချန်ကို စိတ်ဝင်တစားကြည့်ရင်း စန်းဝူဟန်ကို မေးလိုက်သည်။
နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် စန်းဝူဟန်သည် ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ချက်ချင်းဆိုသလို ခံစားမိလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"သူက ရွှယ်ပင်းနန်းတော်ရဲ့ မူလအစီအရင်ကို ဖျက်ဆီးပြီး ရွှယ်ပင်းနန်းတော် ပတ်ဝန်းကျင်ရဲ့ ပထဝီဝင် အနေအထားတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"
စန်းဝူဟန်၏ စကားအဆုံးသတ်ပြီး သိပ်မကြာခင်မှာပင် ရွှယ်ပင်းနန်းတော် ပတ်ဝန်းကျင်ရှိ နှင်းခဲများသည် စတင်၍ အရည်ပျော်လာသည်ကို လူတိုင်းသည် တအံ့တသြ တွေ့လိုက်ကြသည်။
ရွှယ်ပင်းနန်းတော်၏ မျက်နှာပြင်ကို ဖုံးအုပ်ထားသည့် နှင်းပွင့်များသည်ပင် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာပျောက်ကွယ်သွားခဲ့၏။
နေ့တစ်ဝက်ပင် မကြာလိုက်သောအချိန်မှာပင် ရွှယ်ပင်းနန်းတော် ပတ်ဝန်းကျင်တစ်ခုလုံးရှိ နှင်းများအားလုံး အရည်ပျော်သွားခဲ့ပြီး ၎င်းတို့ ယခင်က ဖုံးလွှမ်းထားသည့် စိမ်းလန်းစိုပြေသည့် သစ်တောသည် ပေါ်ထွက်လာခဲ့သည်။
မူလက ခရစ္စတယ်နန်းတော်လို ဖြစ်နေသည့် ရွှယ်ပင်းနန်းတော်သည် ကြည်လင်တောက်ပသော နန်းတော် အဖြစ်ကနေ ကျောက်တုံးပြာဖြင့် တည်ဆောက်ထားသည့် ရိုးရှင်းသောနန်းတော် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သို့သော် ကျန်းချန်သည် မူလအစီအရင်၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့သော်လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခဲ့ပြီး မြေကြီး အောက်ရှိ အစီအရင်မှ အခြေခံ အုတ်မြစ်များကို ဖျက်ဆီးခဲ့ခြင်း မရှိခဲ့ပေ။
ယခုအခါတွင် ရွှယ်ပင်းနန်းတော်သည် သူ့ကို အညံ့ခံလိုက်ပြီဖြစ်၍ ရွှယ်ပင်းနန်းတော်ကို အခြေခံပြီး အင်အားစုအသစ်တစ်စုကို တည်ထောင်မည့် သူ၏ အဖွဲ့အစည်းတွင် ရေခဲလမ်းစဥ်ကို ကျင့်ကြံသူ အများအပြား ပါဝင်နေခဲ့သည်။
သို့ဖြစ်၍ ကျန်းချန်သည် မြေကြီးထဲရှိ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသော အအေးဓာတ်များကို အလဟဿ မဖြုန်းတီးချင်ခဲ့ပေ။
သူက မြေကြီးအောက်ရှိ အစီအရင် ဗဟိုချက်ကို နေရာ ပြောင်းလဲခဲ့ပြီး သီးသန့်ခန်းမတစ်ခုဆီသို့ ရွှေ့ပြောင်းခဲ့သည်။
ထို့နောက်တွင် အအေးဓာတ်များကို အစီအရင်ဖြင့် ကန့်သတ်လိုက်ပြီး ရေခဲလမ်းစဥ် ကျင့်ကြံသူများအတွက် သီးသန့်နိဗ္ဗာန်ဘုံ နေရာတစ်ခုကို ဖန်တီးလိုက်သည်။
မြေအောက်ရှိ အအေးဓာတ်များကို နေရာရွှေ့ပြောင်းပြီးနောက်တွင် ကျန်းချန်သည် ဂိုဏ်း၏ အကာအကွယ် အစီအရင်အတွက် စဥ်းစားခဲ့သည်။
သတ္တမအဆင့် အစီအရင်သခင် အဖြစ် ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ စိတ်ထဲတွင် သတ္တမအဆင့်ရှေးဟောင်း အစီအရင်ပေါင်း အမြောက်အများ ရှိနေခဲ့ပြီ ဖြစ်သည်။
အဆုံးသတ်တွင် ကျန်းချန်သည် သတ္တမအဆင့်အထွတ်အထိပ် ရှေးဟောင်းအစီအရင် ဖြစ်သည့် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ဂိုဏ်း၏ အကာအကွယ် အဖြစ် အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။
ထိုအစီအရင်သည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့တွင် ကျန်းချန်အသုံးပြုခဲ့သော ဆဋ္ဌမအဆင့် ရှေးဟောင်းအစီအရင် ဖြစ်သည့် ကောင်းကင်ဓားကိုးလက် အစီအရင်၏ အဆင့်မြင့် ဗားရှင်းလည်း ဖြစ်၏။
ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်သည် ခုခံကာကွယ်ရေးနှင့် သတ်ဖြတ်ခြင်းကို ပေါင်းစပ်ထားသည့် ရှေးဟောင်းအစီအရင် ဖြစ်သည်။
ထိုအစီအရင်ကို အောင်မြင်စွာဖွဲ့စည်းပြီး နတ်ဝိညာဥ်ဘုရင်တစ်ပါးက ထိန်းချုပ်လိုက်သည်နှင့် အစီအရင်၏ စွမ်းအားသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ ကိုးယောက်ကိုပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင် အစီအရင်၏ စွမ်းအားသည် အစီအရင်ကို ထိန်းချုပ်သူ၏ ခွန်အားကို လိုက်၍ ပြောင်းလဲလိမ့်မည်ဖြစ်၏။
ကျင့်ကြံခြင်းအဆင့် အားကောင်းလေလေ ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်၏ စွမ်းအားကိုပို၍ ထုတ်ဖော်နိုင်လေလေ ဆိုလည်းမမှားပေ။
ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို သူကိုယ်တိုင် ထိန်းချုပ်မည်ဆိုလျှင် နတ်သန္ဓေအင်ပါယာ အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် သို့မဟုတ် သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူအနေဖြင့် အလွယ်တကူ သတ်ပစ်နိုင်မည် ဖြစ်၏။
ဆိုရလျှင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ စွမ်းအားသည် အဌမအဆင့် အစီအရင် တချို့ထက်ပင် မနိမ့်ပေ။
သို့သော် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်သည် အလွန်အားကောင်းသော်လည်း ဖွဲ့စည်းတည်ဆောက်ရန်မှာ အလွန်တရာခက်ခဲသည်။
ကျန်းချန်၏ လက်ရှိ အစီအရင် စွမ်းရည်ဖြင့်ပင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို တည်ဆောက်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။
"အစီအရင်ကို စတင်တည်ဆောက်မယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး လေထဲတွင် ဓားပုံသဏ္ဍာန် အစီအရင်များကို လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ ဆွဲလိုက်သည်။
"ဒီကောင်လေးက အစီအရင် ပညာရပ်တွေကိုပါ ကျွမ်းကျင်နေတာကိုး.. သူက ရွှယ်ပင်းနန်းတော်ရဲ့ မူလအစီအရင်တွေကို ဖျက်ဆီးပြီး အစီအရင်အသစ်ကို တည်ဆောက်ချင်နေတာများလား"
ဤမြင်ကွင်းကို မြင်လျှင် စန်းဝူဟန်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။
အစီအရင်ပညာရပ်ကို မကျွမ်းကျင်သော်လည်း ကျန်းချန်တည်ဆောက်နေသော အစီအရင်သည် အနည်းဆုံး သတ္တမအဆင့် အထက်မှ အစီအရင်တစ်ခု ဖြစ်မှန်း ကောင်းစွာမြင်နိုင်သည်။
"ဒီကောင်လေးက သတ္တမအဆင့် အစီအရင်သခင်လည်း ဖြစ်နေတာလား"
"အကိုကျန်းချန်က စန်းလန်အဖွဲ့အစည်းကို မဝင်ခင်ကတည်းက သားရဲပညာရပ်နဲ့ အဂ္ဂိရတ်ပညာရပ် နှစ်ခုစလုံးမှာ ဆဋ္ဌမအဆင့်ကို ရောက်နေခဲ့ပြီ.. အစီအရင်ပညာရပ်လေး တစ်ခုလောက် ပိုလာတာက ဘာမှအံ့သြစရာ မဟုတ်ပါဘူး"
လျှိုလင်ကျူးက သဘောကျစွာ ရယ်မော၍ ပြောလိုက်သည်။
ကျန်းချန်၏ အံ့ဖွယ်စွမ်းဆောင်ရည်များကို တစ်ကြိမ်ပြီး တစ်ကြိမ် မျက်မြင်တွေ့ရပြီးနောက်ပိုင်းတွင် လျှိုလင်ကျူး၏ မျက်လုံးထဲတွင် ကျန်းချန်သည် အရာအားလုံးကို လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်နေခဲ့သည်။
".........."
ဤအချိန်တွင် စန်းဝူဟန်သည် ဘာပြောရမှန်းပင် မသိတော့ပေ။
ရှန်းဝူတိုက်၏ သမိုင်းတွင် အလွန်အမင်း နတ်ဆိုးဆန်သော ပါရမီရှင်များ မရှိခဲ့သည်တော့ မဟုတ်ပေ။
သို့သော် သူတို့ထဲမှ အများစုသည် နယ်ပယ် တစ်မျိုးမျိုးတွင်သာ ထူးချွန်ကြ၏။
ကျန်းချန်လိုမျိုး နယ်ပယ်ပေါင်းစုံတွင် ထူးချွန်နေသည့်သူကို ခေတ်အဆက်ဆက်တွင် တစ်ခါမှ သူ မကြားဖူးပေ။
စန်းဝူဟန် အံ့အားသင့်နေသော အချိန်တွင် ကျန်းချန်သည် အစီအရင်များကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
သုံးရက်ကြာပြီးနောက်တွင် ကျန်းချန်သည် ဓားပုံသဏ္ဍာန် အစီအရင်ပေါင်း ၃၆၀ကို ရေးဆွဲကာ အောက်ဘက်ရှိ နန်းတော်ကို ဖုံးအုပ်လိုက်သည်။
"နောက်ဆုံးတော့ အစီအရင် တည်ဆောက်တာ ပြီးတော့မယ်.. အခု အစီအရင်ရဲ့ဗဟိုချက်အဖြစ် ဟွမ်ယွမ်ကောင်းကင်ဓားအမိန့် တစ်ခုကိုပဲ ထပ်မံပြုလုပ်ဖို့ လိုတော့တယ်.. ဒါပြီးရင်တော့ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို အောင်မြင်စွာအသက်သွင်းနိုင်ပြီ"
အစီအရင်က ပြီးစီးသွားသည့် အနေအထားသို့ ရောက်ရှိသွားသည့်အခိုက်တွင် ကျန်းချန်၏ အနည်းငယ် ပင်ပန်းနေပုံရသော မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
"ခေါင်းဆောင်ချန်.. ဂိုဏ်းကို ကာကွယ်ဖို့အတွက် သတ္တမအဆင့် ရှေးဟောင်းအစီအရင်ဖြစ်တဲ့ ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကို ကျွန်တော် တည်ဆောက်ပြီးပြီ ဒါပေမဲ့ ဒီအစီအရင်ကို ဓားအမိန့်တစ်ခု ထပ်မံ ပြုလုပ်ပြီးမှပဲ အသက်သွင်းနိုင်လိမ့်မယ်.. ကျွန်တော် ခေါင်းဆောင်ချန်ကို ပစ္စည်းစာရင်းပေးလိုက်မယ်.. ဒီပစ္စည်းတွေကို အမြန်ဆုံး စုဆောင်းပေးပါ"
ကျန်းချန်က တင်ပျဥ်ခွေထိုင်ရာကနေ ထရပ်လိုက်ပြီး လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်ကာ စန်းဝူဟန်၏ ရှေ့ကို ရောက်ရှိလာခဲ့သည်။
"ပြဿနာ မရှိဘူး.. ဒါပေမဲ့ မင်းငါ့ကို ခေါင်းဆောင်ချန်လို့တော့မခေါ်ပါနဲ့.. အခု ငါတို့က ဒီနေရာမှာ ကြယ်သုံးပွင့် အင်အားစုအသစ်ကို တည်ထောင်တော့မှာဆိုတော့ သဘာဝအတိုင်း မင်းပဲ ခေါင်းဆောင်လုပ်ရလိမ့်မယ်.. အခုအချိန်မှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့၊ စန်းလန်အဖွဲ့အစည်းနဲ့ ရွှယ်ပင်းနန်းတော်တို့က ပေါင်းစည်းပြီးသွားပြီ ဆိုတော့ ငါတို့ရဲ့ အင်အားစု အသစ်အတွက် နာမည်တစ်ခုလောက်တော့ ပေးသင့်နေပြီလို့ မထင်ဘူးလား"
စန်းဝူဟန်က ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်၏။
"လူသားဧကရာဇ်နန်းတော် ဆိုရင်ရော"
"လူသားဧကရာဇ်နန်းတော်တဲ့လား.. တကယ်ကို ကောင်းလိုက်တဲ့နာမည်ပဲ"
စန်းဝူဟန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာ တစ်ခု ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
"အခုရွှယ်ပင်းနန်းတော် ပြိုကွဲသွားတဲ့ သတင်းက မြောက်ပိုင်းကမ်းရိုးတန်း ဒေသမှာ ပျံ့နှံ့နေပြီ ဆိုတော့ မြောက်ပိုင်းကမ်းရိုးတန်းဒေသရဲ့ အခြေအနေကို ထိန်းချုပ်ဖို့အတွက် လူသားဧကရာဇ် နန်းတော် တည်ထောင်တဲ့ သတင်းကို အမြန်ဆုံး သတင်းဖြန့်သင့်ပြီ ထင်တယ်"
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောလေသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
"ဒါဆိုလည်း သုံးလကြာပြီးရင် ကျန်းချန်က ဒီနေရာမှာ ကြယ်သုံးပွင့်အင်အားစုဖြစ်တဲ့ လူသားဧကရာဇ်နန်းတော်ကို တည်ထောင်မယ်လို့ တရားဝင် သတင်းလွှင့်လိုက်ပါ.. မြောက်ပိုင်းကမ်းရိုးတန်း ဒေသတစ်ခုလုံးက လူသားဧကရာဇ်နန်းတော်ကို အညံ့ခံရမယ်.. ဖောက်ဖျက်သူတွေ အားလုံးက အသတ်ခံရမယ်"
အခန်း(၁၂၄၅)ပြီး၏။