အပြီးသတ်ရှင်းလင်းခြင်း
Vol. 8 Ch. 113
ရွှီ!
တိုးညင်းသည့် အသံတစ်ခု မြည်လာခဲ့သည်။
လက်သီးတစ်ချက် ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် လုခ်၏ မျက်လုံးရှေ့သို့ ရောက်လာခဲ့သည်။
လက်သီးမှ ဖိအားသည် အစိုင်အခဲပစ္စည်းတစ်ခုနှင့် တူနေပြီး လက်သီးမရောက်မီကတည်းက လုခ် အသက်ရှုကြပ်နေပြီဖြစ်သည်။
ဒီလက်သီးကို ငါ မကာနိုင်လောက်ဘူး!
လုခ်၏မျက်နှာထက်တွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေတော့၏။
ဖုန့်လင်း၏ အင်အားမှာ အလွန်မြန်မြန်ဆန်ဆန် တိုးတက်လာပြီး အရင်ကထက် သုံးဆနီးပါးပင် ပိုအားကောင်းနေပြီဖြစ်သည်။
ရိုးရှင်းစွာပင် သူ့အနေနှင့် ဖုန့်လင်း၏ ပြိုင်ဘက်မဖြစ်နိုင်တော့ဘဲ တစ်ချက်တည်းဖြင့် ရှုံးနိမ့်တော့မည့်ပုံ ပေါ်နေခဲ့သည်။
သူ့တွင်သာ တိုက်ပွဲအတွေ့အကြုံပိုမိုများပြားစွာမရှိဘဲ ဖုန့်လင်းထက် စွန့်စားမှုများစွာ ကြုံတွေ့ခဲ့ရသည့်အချက်မရှိပါက ထိုလက်သီးတစ်ချက်ဖြင့်ပင် အသတ်ခံရပေလိမ့်မည်။
ဤသည်မှာ ဖုန့်လင်းထက် သူ သာလွန်နေသည့် တစ်ခုတည်းသော အချက်ပင်ဖြစ်နိုင်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုအချက်သည် များစွာ အသုံးမဝင်လှပေ။ အင်အားကွာဟမှုကြီးမားလွန်းသောကြောင့် တိုက်ခိုက်ရေးအတွေ့အကြုံ၏အားသာချက်သည် အခြေခံအားဖြင့် အဓိပ္ပာယ်မရှိသလောက်ဖြစ်နေတော့သည်။
ရှေးခေတ်ကမ္ဘာမြေ၏ နာမည်ကြီး "ခေါင်းပြားအကိုကြီး " (ခွေးတူဝက်တူ) ကာတွန်းဇာတ်လမ်းတွင် ပြောထားသကဲ့သို့၊ ၎င်းသည် မိမိရန်သူ၏အရွယ်အစားကိုပင် မထောက်ထားဘဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်တတ်ပြီး သူ၏တိုက်ခိုက်ရေးအတွေ့အကြုံမှာ မပြည့်စုံသော်လည်း တောဘုရင်ဖြစ်သော ခြင်္သေ့ကြီးကိုပင် ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်တိုက်ခိုက်တတ်သည်!
ဤသည်မှာ လုခ်၏ လက်ရှိခံစားချက်ပင်ဖြစ်တော့၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ဤပြင်းထန်သော လက်သီးချက်ကို ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်တော့ကြောင်း သူသိနေခဲ့သည်။
သူ၏အသက်လေးအတွက် အနာဂတ်တွင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမည်ဆိုလျှင်ပင် ယခုအချိန်တွင် ထိုအကြောင်းကို ဂရုမစိုက်နိုင်တော့ပေ!
သူ သေသွားရင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်!
လုခ်၏မျက်နှာထက်တွင် ယုတ်မာသည့်အမူအရာတစ်ခုပေါ်လာပြီး ပြင်းထန်သောအနံ့တစ်ခုကို ထုတ်လွှတ်နေသည့် အနီရောင်ဗီဇဆေးတစ်ပုလင်းကို ထုတ်ယူကာ အတွင်းရှိ ဆေးရည်များကို မျိုချလိုက်သည်။
ဖုန့်လင်း၏မျက်လုံးများ ကျဉ်းသွားခဲ့သည်။ ဤဆေးကို သူ မှတ်မိနေခဲ့သည်။ ၎င်းမှာ အဆင့်နိမ့်သိုင်းအလွှာ အလယ်အလတ်အဆင့် ဗီဇဆေးဖြစ်သည့် သွေးဆူပွက်ခြင်းဆေးပင်!
ဤဆေးသည် သုံးစွဲသူ၏ အလားအလာစွမ်းအားကို ချက်ချင်းပေါက်ကွဲစေပြီး တိုက်ခိုက်ရေးစွမ်းအားကို ၅၀% အထိ တိုးမြှင့်ပေးနိုင်သည်။
တန်ဖိုးအနေဖြင့် ဤအာနိသင်ကို တစ်နာရီသာ ထိန်းသိမ်းထားနိုင်ပြီး ထိုနောက်ပိုင်းတွင် အသုံးပြုသူ၏ ချီနှင့်သွေးကို ပြင်းထန်စွာ ထိခိုက်စေကာ တစ်လကြာ အားနည်းသောအခြေအနေသို့ ရောက်ရှိစေနိုင်သည့်အတွက်အသက်အန္တရာယ်နှင့်ဆိုင်သည့် အခြေအနေများတွင်သာ အသုံးပြုသင့်သည်။
ကြည့်ရတာ လုခ် အသက်ရှင်ဖို့အတွက် အကုန်ထုတ်သုံးတော့မယ်ပုံပဲ!
ဖုန့်လင်း၏ နှုတ်ခမ်းတွင် အေးစက်သည့် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏။
လုခ်တွင် နည်းစနစ်လေးများ များပြားစွာ ရှိသော်လည်း၊ ဤလှည့်ကွက်လေးများဖြင့် သူတို့ကြားမှ အင်အားကွာဟမှုကို လျှော့ချနိုင်မည် မဟုတ်ပေ။
ဆက်ပြီးတော့ လုခ်ကို မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့စကားက ဘာလဲဆိုတာကို သူ သင်ပေးရတော့မှာပေါ့!
ဆေးသောက်ပြီးသည့်နှင့် လုခ်၏ မျက်နှာတစ်ခုလုံး နီရဲလာပြီး နှာခေါင်းနှင့်ပါးစပ်မှ ပူနွေးသော အငွေ့များ ထွက်လာတော့၏။ သူ၏သွေးများမှာ မီးတောင်ချော်ရည်ကဲ့သို့ ဆူပွက်နေသည်ဟု ခံစားနေရပြီး အင်အားများ ကြီးမားစွာ တိုးလာခဲ့သည်။
သူ ယခင်က မည်သည့်အခါမျှ မခံစားဖူးသော စွမ်းအားပြည့်ဝမှုကို ခံစားနေရသည်။ သူ...အနိုင်ရနိုင်မလား!
သူ့လက်နှစ်ဖက်ကို ယှက်ကာ တိုက်ရိုက်ပင် ရှေ့သို့ ပြေးဝင်လိုက်သည်။
ဘွမ်း!
တောင်နှစ်လုံး တိုက်မိသကဲ့သို့ ကြီးမားသော ပေါက်ကွဲသံတစ်ခု မြည်ဟီးလာခဲ့သည်။
လုခ် ချက်ချင်းပင် ဖိအားကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများ အပေါ်သို့ လှိမ့်သွားကာ လည်ပင်းရှိ သွေးကြောစိမ်းများ ထောင်တက်လာတော့၏။
သူ့လက်နှစ်ဖက်စလုံး၏ အင်အားကို အသုံးပြုကာ ဖုန့်လင်း၏လက်သီးကို အနည်းငယ်မျှ ကာကွယ်နိုင်ခဲ့သည်။
ကချာ!
သူ၏အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သူ့အောက်ရှိ မြေပြင်သည် ကွဲအက်ကာ ကြီးမားသော ချိုင့်တစ်ခု ဖြစ်ပေါ်လာပြီး သူ ထိုအတွင်းသို့ ကျဆင်းသွားခဲ့သည်။
သွေးဆူပွက်ခြင်းဆေးရဲ့အာနိသင်ကို အသုံးပြုပြီး ဖုန့်လင်းရဲ့စွမ်းအားကို အနည်းငယ်မျှ ခံနိုင်ရည်ရှိနေပေမယ့် သူ တကယ်ပဲ ပြန်တိုက်နိုင်ပါ့မလား? တကယ်ပဲ အနိုင်ရပါ့မလား?
ဟီးဟီးဟီး...
လုခ် အတွေးလွန်နေခဲ့တော့၏!
ဟူး ဟူး ဟူး...
ဖုန့်လင်း အသက်ရှုထုတ်လိုက်သည်။ သူ၏လက်သီးချက်များမှာ မိုးသီးမုန်တိုင်းတစ်ခုကဲ့သို့ ရူးသွပ်စွာ ရိုက်နှက်နေပြီး မုန်တိုင်းကျရောက်လာသည်နှင့်တစ်ပြိုင်နက် လုခ်သည် ယင်းအတွင်း၌ နစ်မြုပ်သွားခဲ့တော့၏။
လုခ် ကာကွယ်လိုက်သည့် လှုပ်ရှားမှုတိုင်းတွင်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါစေခဲ့ပြီး သူ၏ မျက်နှာမှာ နီသထက်နီလာတော့သည်။
ဖုန့်လင်း၏မျက်ဝန်းများမှာ ရက်စက်တော့မည် အရိပ်အယောင်ဖြင့် လင်းလက်လာပြီး ညှာတာမှုမရှိဘဲ အားကုန် တိုက်ခိုက်လိုက်သည်။
ဤလူများ သူ့ကို ခြိမ်းခြောက်သည့်အချိန်ကတည်းက သူ့စိတ်ထဲတွင် သူတို့အားလုံးမှာ သေလူများ ဖြစ်နေပြီးသားပင်။
နဂါးတိုင်းတွင် ပြောင်းပြန်အကြေးခွံတစ်ခုရှိသည်။ တစ်စုံတစ်ဦးက ထိုအကြေးခွံကို ထိမိလိုက်သည်နှင့် ဤသည်မှာ နဂါး၏ဒေါသကို နှိုးဆွလိုက်ချင်းပင်။
ကလန်ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ဖုန့်လင်း မားစ်ဂြိုဟ်ကို ထွက်ပြေးလာခဲ့တာပါ။ ဒီလူတွေက သူ့ကို ခြိမ်းခြောက်လာကြမယ်လို့ ဘယ်သူတွေးမိမှာလဲ? သူ ဒါကို ဆက်သည်းမခံနိုင်တော့ပါဘူး။
ဂျုန်း~
သူ့လက်သီးချက်များမှအားသည် မိုးကြိုးသွားများကဲ့သို့ပင်။
လက်သီးတစ်ချက်ပြီးလျှင် နောက်တစ်ချက်၊ သူ၏လက်သီးတစ်ချက်စီတိုင်းကို ခွန်အားကုန်သုံးပြီး ပစ်လွှတ်နေကာ လေထုထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်စေခဲ့သည်။
လုခ်မှာ တိုက်ခိုက်မှုများကို ခုခံလိုက်တိုင်း ထုံကျဉ်နေခဲ့သည်။ ပထမတွင် သူ၏မျက်နှာသည် သွေးရောင်ကဲ့သို့နီရဲနေပြီး၊ ခဏအကြာတွင် ဖြူဖပ်ဖြူရော်ဖြစ်သွားကာ တဖြည်းဖြည်း မှိန်ဖျော့သော ခရမ်းပုပ်ရောင်သို့ ပြောင်းလာခဲ့ပြီး ထို့နောက်တွင် သူ့ခေါင်းရှိ ဒွါရခုနစ်ပေါက်မှ သွေးများစီးကျလာပြီး သူ၏အော်ရာမှာ ထိုးကျသွားခဲ့သည်။
သူ့မျက်နှာမှာ ရုတ်တရက်ပင် ထပ်မံနီရဲလာပြီး ကျားရိုင်းနှင့် တိုက်ခိုက်နေသော လူငယ်နှင့်မိန်းမပျိုတို့ဘက်သို့ လှည့်ကာ "အမြန်ထွက်ပြေးကြ" ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
စကားပြောပြီးနောက် သူ၏ နောက်ဆုံးထွက်သက်ကို ရှုထုတ်ကာ မြေပေါ်သို့ လဲကျသွားပြီး ချက်ချင်းပင် သေဆုံးသွားခဲ့သည်။
ပြောရလျှင် လုခ်အနေဖြင့် ဖုန့်လင်း၏ အဆက်မပြတ် လက်သီးချက်များကြောင့် သေသွားခြင်းပင်!
သွေးဆူပွက်ခြင်းဆေးကို အသုံးပြုထားသော်လည်း၊ တိုးမြှင့်ထားသောစွမ်းအားကို အပြည့်အဝအသုံးမချနိုင်မီပင် လက်သီးဒဏ်များကြောင့် သေဆုံးသွားခြင်းပင်ဖြစ်တော့၏။
လုခ်၏မျက်လုံးများမှာ သေဆုံးချိန်တွင် ပြူးကျယ်နေခဲ့ပြီး မုန်းတီးမှုနှင့် နောင်တတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ဖုန့်လင်းမှာ မူလနေရာတွင်ပင် ရပ်နေလေ၏။ ပထမဆုံးအကြိမ် လူသတ်မိခြင်းကြောင့်ဖြစ်ပေါ်လာသော စက်ဆုပ်ရွံရှာသည့်ခံစားချက်များမှာ သူ့နှလုံးသားထဲတွင် ပေါ်ထွက်လာသည်။ သို့သော် သူ နက်ရှိုင်းစွာ သက်ပြင်းတစ်ချက်ချလိုက်ကာ ထိုခံစားချက်များကို ဖိနှိပ်ထားပြီး စိတ်အခြေအနေကို အလျင်အမြန်ပင် ပြန်လည်ထိန်းညှိလိုက်သည်။
"အဖွဲ့ခေါင်းဆောင်!" လူငယ်နှင့်မိန်းမတို့ စူးရှစွာအော်လိုက်ကြ၏။ သို့သော်လည်း သူတို့မြင်ခဲ့ရသည်ကို
မယုံရဲဖြစ်နေကြသည်။
သူတို့၏မျက်လုံးများထဲတွင် ဖုန့်လင်းမှာ နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ကောင်နှင့် တူနေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ရှေးခေတ်မှ
လီယွမ်ဘ ပြန်လည်မွေးဖွားလာသကဲ့သို့ သို့မဟုတ် ရှန်းယု အသက်ပြန်ရှင်လာသကဲ့သို့ပင် လုံးဝ မရှုံးနိမ့်နိုင်သော အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။
စိတ်ညှို့ခံထားရသော ကျားရိုင်းပင် ကြက်သေသေသွားခဲ့သည်။ သူ၏မျက်လုံးများမှ မျက်ရည်စီးကြောင်း နှစ်ကြောင်းသည် မှိန်ဖျော့နေသော သူ၏မျက်လုံးများမှ ဖြည်းညင်းစွာ စီးကျလာခဲ့သည်။
"ဘွမ်း!"
ဖုန့်လင်း မြေပြင်ကို အပြင်းအထန် ဆောင့်နင်းလိုက်ကာ ထွက်လာသည့်အားကို ငှား၍ ဒုံးပျံတစ်စင်းကဲ့သို့ လေထဲသို့ ခုန်တက်လိုက်သည်။
ထိုလူငယ်နှင့်မိန်းမပျိုနှစ်ဦးစလုံးမှာ အလွန်အမင်း ရှော့ရသွားကြသည်။
ကျားရိုင်း၏အရိပ်မှာ ဖုန့်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာကာ တားဆီးလိုက်သည်။ သူ၏မျက်လုံးများမှာ လုံးဝနီရဲနေပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့၏။
လုခ်၏သေဆုံးမှုသည် သူ၏နှလုံးသားကို အလွန်အမင်း လှုပ်ခါစေခဲ့ပြီး စိတ်ညှို့ခံရမှုမှ လွတ်မြောက်ကာ သတိပြန်ရလာခဲ့သည်။
"အသက်ရှင်ရတာ ငြီးငွေ့နေတယ်ပေါ့!" ဖုန့်လင်း၏မျက်လုံးများ အေးစက်သွားပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်တံဆိပ်များ ဖန်တီးကာ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနိုင်သော အော်ရာကို ထုတ်လွှတ်လိုက်သည်။ ပုကျိုး တောင်တန်းများ ပြိုကျရာမှ မိုးကောင်းကင်မှောက်လှန်သည့် တူတံဆိပ်တော် အဖြစ်သို့ ပြောင်းလဲသွားပြီး အောက်သို့ ဖိချလိုက်သည်။
ကျားရိုင်းမှာ တိုက်ခိုက်မှုကို ခုခံလိုက်သော်လည်း အရိုးများကျိုးနေသည့်အသံများကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားမရဖြစ်သွားခဲ့သည်။ သို့သော် သူ အံကြိတ်လိုက်သည်။ သူ့ပုံစံမှာ နောက်ဆုံးအင်အားတစ်စကိုပင် လှုံ့ဆော်နေသည့် ကျားတစ်ကောင်ကဲ့သို့ပင် သူ၏ လက်များကို လက်သည်းများအဖြစ် ပြောင်းလဲကာ ဖုန့်လင်း၏လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဖုန့်လင်းကို သူ၏ဖမ်းဆုပ်မှုမှ
မလွတ်မြောက်နိုင် ဖြစ်စေခဲ့သည်။
"မင်းတို့ ဘာကြောင်ကြည့်နေကြတာလဲ? မြန်မြန် ထွက်ပြေးကြလေ အဖွဲ့အစည်းကို ငါတို့အတွက် လက်စားချေဖို့ ပြောလိုက်!"
ကျားရိုင်း၏ မျက်နှာတစ်ခုလုံး သွေးများဖြင့်ပြည့်နေပြီး ငေးငိုင်ရင်း ရပ်နေသော လူငယ်နှင့်မိန်းမပျိုတို့အား ဒေါသတကြီး အော်လိုက်သည်။
"မင်း ထွက်ပြေးတော့ ငါ ကျားရိုင်းကို ကူညီလိုက်မယ်!"
သိမ်းငှက်မျက်လုံးနှင့် လူငယ်က အသံနိမ်ဖြင့် ပြောလိုက်သည်။ သူ ဆုတ်ခွာမသွားခဲ့ဘဲ ထို့အစား ရှေ့သို့ပြေးတက်ကာ ဖုန့်လင်းဆီသို့ တိုးဝင်လာခဲ့သည်။
လှပသောမိန်းမပျို၏မျက်လုံးများတွင် မျက်ရည်များနှင့်ပြည့်နေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ဆီသို့ အသက်စွန့်ကာ ရဲရဲဝံ့ဝံ့ ပြေးဝင်နေကြသည့် သူမ၏ အဖော်နှစ်ဦးကို ကြည့်နေခဲ့သည်။
မိန်းမပျိုမှာ မျက်ရည်များစီးကျရင်း ဤမြင်ကွင်းကို နောက်ထပ်ခဏကြည့်ပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားစွာပင် ထွက်ပြေးလိုက်သည်။ သူမ အဖော်များ၏ တန်ဖိုးရှိသော အသက်စွန့်မှုများကို အကျိုးမဲ့ မဖြစ်စေလိုပေ။
"ရှင်တို့ စိတ်ချပါ၊ ကျွန်မ အဖွဲ့အစည်းကို ရှင်တို့အတွက် လက်စားချေဖို့ သေချာပေါက် ပြောလိုက်မယ်။"
သူမ၏နှလုံးသားထဲတွင် ဖုန့်လင်းအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းတို့ ဘယ်သူမှ ထွက်ပြေးဖို့
မစဉ်းစားနဲ့။"
ဖုန့်လင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ၏ကျောက်တုံးမျောက်ဗီဇကို အသက်သွင်းလိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို သံမဏိကဲ့သို့ မာကျောစေခဲ့သည်။ ထို့နောက် ရှေ့သို့ပြေးဝင်ကာ ကျားရိုင်းကို တိုက်လိုက်ပြီး ကျားရိုင်း၏ လက်များကိုကျိုးသွားစေကာ သူ၏ဖမ်းဆုပ်မှုမှ ပြေလျော့သွားခဲ့သည်။
နူးညံ့သိမ်မွေ့ပုံရသည့် လက်ဝါးတစ်ချက်သည် ကျားရိုင်း၏ နဖူးသို့ ရိုက်နှက်လိုက်ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အင်အားများမှာ တဒင်္ဂအတွင်း ပေါက်ကွဲထွက်လာခဲ့လေ၏။
ကျားရိုင်း၏ နဖူးမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့ပြီး တောင်ကြီးတစ်လုံးနှင့်တူသော သုံးမီတာအမြင့်ရှိသည့် ခန္ဓာကိုယ်ကြီးမှာ ထိုအခိုက်တွင် ပြိုလဲသွားကာ အသားစများနှင့်ဦးနှောက်အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
"ကျားရိုင်း!"
နောက်ထပ်အဖော်တစ်ဦး ဖန်းလင်း၏လက်ထဲတွင် ကျဆုံးသွားလေပြီ။ ထိုသိမ်းငှက်မျက်လုံးနှင့် လူငယ် ရူးသွပ်သွားကာ သူ၏မျက်လုံးများလင်းလက်လာပြီး လေဆာရောင်ခြည်များ ပစ်လွှတ်နေခဲ့သည်။ သူ့လက်ထဲတွင်လည်း ရောင်ခြည်သေနတ် ရှိနေပြီး ဖုန့်လင်းဘက်သို့ ပစ်ခတ်လိုက်သည်။
လေဆာအလင်းတန်းများမှာ မိုးရွာချိန်တွင် ကျနေသော မိုးပေါက်များကဲ့သို့ သိပ်သည်းနေခဲ့လေ၏။
ဖုန့်လင်း အချိန်မီ ရှောင်တိမ်းနိုင်ခြင်း
မရှိခဲ့ပေမယ့် တကယ်တမ်း သူ ရှောင်ဖို့လိုသလား?
ကမ္ဘာမြေ၏ နည်းပညာနောက်ကျသော သတ္တုကျည်ဆန်များသာဖြစ်ပါက သူ အနည်းငယ်စိုးရိမ်မှုရှိနိုင်သေးသည်။ သို့သော် ဤအင်းစွမ်းအင်ရောင်ခြည်များသည် ဖုန့်လင်းအပေါ်တွင် မည်သည့် သက်ရောက်မှုမျှ မရှိပေ။
ကျောက်တုံးမျောက်ဗီဇသည် စွမ်းအင်ဂုဏ်သတ္တိများ၏ တိုက်ခိုက်မှုကို မကြောက်ရွံ့ပေ။ ဖန့်လင်းမှာ သူ၏ လက်ဝါးများကို ရင်ဘတ်ရှေ့တွင် ဒိုင်းတစ်ခုကဲ့သို့ ကာထားလိုက်သည်။ မီးနှင့်ရေတို့ဖြင့် မသက်ရောက်နိုင်သော စွမ်းရည်သည် စွမ်းအင်ရောင်ခြည်တန်းများကို ကာကွယ်ရာတွင် ကြီးမားစွာ အကျိုးရှိနေခဲ့သည်။
"ဘာ?"
သိမ်းငှက်မျက်လုံးနှင့်လူငယ်မှာ ရှော့ရသွားပြီး အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် ဓားလက်ချောင်းနှစ်ချောင်းသည် သူ၏နဖူးအလယ်ကို ထိုးဖောက်လိုက်တော့သည်။
သူ့အမြင်အာရုံမှာ မည်းမှောင်သွားပြီး သူ့အသိစိတ် အဆုံးမရှိသော အမှောင်ထုအတွင်းသို့ ကျရောက်သွားခဲ့တော့သည်။
လုခ်ကဲ့သို့ ဝှက်ဖဲမျိုးစုံရှိသူမှလွဲ၍ အခြားသူများကို ဖုန့်လင်းအနေနှင့် အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ဖုန့်လင်း သူ့အကြည့်ကို ထွက်ပြေးနေသော မိန်းမဘက်သို့ လှည့်လိုက်ပြီး သူ့အရိပ်မှာ ဖြတ်ကနဲ့ဖြစ်သွားကာ နောက်မှ လိုက်ခဲ့သည်။
မိန်းမပျိုမှာ အမောတကောအသက်ရှုနေပြီး အားကုန်သုံးကာ ထွက်ပြေးနေခဲ့သည်။ ရုတ်တရက်ပင် သူမခန္ဓာကိုယ်ရှိ အမွေးများ ထောင်သွားခဲ့လေ၏။ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုမှာ သူမဆီသို့ နီးကပ်လာနေသည်ကို ခံစားနေရသည်။
သူမ၏ အလိုအလျောက်တုံ့ပြန်မှုအရ ခေါင်းလှည့်ကြည့်လိုက်သည်နှင့်
ဖုန့်လင်းမှာ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာနှင့် သူမ၏နောက်နားတွင် ရောက်နေပြီး သူမ၏နောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့..."
သူမ၏စကားမဆုံးမီပင် လည်ပင်းကို ဆုပ်ကိုင်ခံလိုက်ရပြီး လည်မျိုမှ သွေးများ ပန်းထွက်လာခဲ့သည်။ လေများထွက်နေသည့်အသံများကိုသာ ကြားရပြီး သူမ၏စကားကို အဆုံးမသတ်နိုင်ခခဲ့ပေ။
သူမ၏လှပသောမျက်လုံးများမှာ မီးငြိမ်းသွားသော ပြာများကဲ့သို့ပင် ပြင်းထန်သော မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဖုန့်လင်းမှာ သူ၏ရန်သူကို စိုက်ကြည့်နေခဲ့သည်။ လှပသည့် ပန်းတစ်ပွင့်မှာ သူ့ကြောင့် ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့သည်... သို့သော် သူ့မျက်နှာထက်တွင် ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုများ လုံးဝ ရှိမနေခဲ့ပေ။
စစ်မြေပြင်မှာ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး ခွဲခြားမှုတွေ ရှိနိုင်လား?
မိတ်ဆွေ သို့မဟုတ် ရန်သူသာ ရှိသည်။
မင်းသေရင် ငါရှင်မယ်။ ဒီထက်ပိုပြီး ရှင်းပြစရာမလိုပေ!
ဖုန့်လင်း မရပ်တန့်ခဲ့ဘဲ လေးဦးလုံး၏အလောင်းများကို စုပုံပြီး မီးရှို့လိုက်ကာ ကိုယ်ရေး မိုက်ခရိုချစ်ပ်များရှိ အချက်အလက်အားလုံးကို ဖျက်ဆီးပစ်ပြီးနောက် ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ဤလူလေးဦးသည် အပြီးတိုင်သုတ်သင်ပစ်ခံလိုက်ရပြီဖြစ်သည်။သူ့အနေဖြင့် အနာဂတ်တွင် သူတို့ထံမှ ပြဿနာများကို ထပ်မံစိုးရိမ်နေစရာ မလိုတော့ပေ။
သူထွက်ခွာသွားပြီး တစ်နာရီအကြာတွင် မြွေတစ်ကောင်နှင့်ဆင်တူသော အမှောင်ရိပ်တစ်ခု ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ မီးလောင်ကျွမ်းနေသော အလောင်းများကို သူ မြင်လိုက်သောအခါ၊ ထိုလူ တုန်လှုပ်သွားပြီး မချိတင်ကဲဖြစ်စွာ ဟစ်အော်လိုက်သည်။
"ဒါ ဘယ်သူလုပ်တာလဲ..."
တိုက်ပွဲဝတ်စုံများဝတ်ဆင်ထားသော စစ်သားတစ်အုပ်မှာ အလျင်အမြန်ပြေးလာကြသည်။ သူတို့မျက်စိရှေ့မှ ကြေကွဲဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
"လုခ်ရဲ့ သံမဏိသွေးယူနစ်က ငါတို့
မားစ်ဂြိုဟ်တော်လှန်ရေးတပ်ရဲ့ ထိပ်တန်းတိုက်ခိုက်ရေးအဖွဲ့အနည်းငယ်ထဲက တစ်ဖွဲ့လေ။ သူတို့အားလုံး လုံးဝ သုတ်သင်ခံလိုက်ရပြီထင်တယ်။ မြွေကလေး တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ခဲ့တယ်။ ဒါ ဘယ်သူလုပ်တာလဲ?"
"မြေပြင်ပေါ်မှာရှိတဲ့ တိုက်ပွဲအကြွင်းအကျန်တွေအရတော့ လုံးဝသတ်ဖြတ်ခံလိုက်ရပုံပဲ။ သူတို့ရန်သူက အတိအကျဆို ဘယ်လောက်ထိ သန်မာတာလဲ?!"
"ရှီထိုက်မြို့က အခြေအနေတွေ ပိုပိုရှုပ်လာနေပြီ။ ဧရာမဆေးဝါးကုမ္ပဏီကို အပြီးဖြုတ်ချဖို့ ငါတို့ အရေးတကြီး ဆုံးဖြတ်ချက်ချရတော့မယ်!"
"မင်း ပြောနေတာက..."
"အမှန်ပဲ။ ပိုင်ရိုလ်စစ်အမှုန်အမြောက်တွေကို ငါတို့ သုံးဖို့ အချိန်တန်ပြီ!"**
---
Note - လီယွမ်ဘ ဆိုတာ စိတ်ကူးယဥ် တရုတ်ရှေးဟောင်းသူရဲကောင်းတစ်ဦးဖြစ်ပြီး၊ ရှန်းယုကတော့ အနောက်ဘက် ချူပြည်ထောင်ရဲ့ အကြီးအကဲဘုရင်တစ်ပါးပါ။