← Chapters

အခန်း (၁၂၀၁-၁၂၀၆)

Vol. 79 Ch. 1201-1206

အခန်း (၁၂၀၁-၁၂၀၆)

Vol. 79 Ch. 1201-1206

အခန်း ၁၂၀၁ တုကျင်းထုန် Vs ကုနင်း

ကျန်လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များသည်လဲ ချက်ချင်းကိုဖုန်းတွေထုတ်ကာ ကုနင်းအကြောင်း ရှာကြတော့သည်။

ကုနင်းနှင့်ပတ်သတ်သည့်သတင်းများကို ဖတ်ကြည့်ပြီးကြသည်နှင့် အားလုံးအံ့ဩသွားလေသည်။

“ဘုရားရေ၊ ဒီသတင်းတွေက အမှန်တွေပဲလား?” အဖွဲ့ဝင်စီက မယုံနိုင်စွာမေးလိုက်သည်။

“ဒါပေါ့၊ အမှန်တွေချည်းပဲ။” အဖွဲ့ဝင်အေက အတည်ပြုပေးလေသည်။

“အခုမှ၁၉နှစ်ပဲရှိသေးတာကို မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်နေပြီပဲ။”

“အထက်တန်းကျောင်းသူအရွယ်ပဲရှိသေးတာလား!”

“ဝါး၊ ဒီလောက်လူတွေအများကြီးကို ရိုက်နှက်ဖို့ အချိန်သိပ်တောင်မကြာလိုက်ဘူး။ အံ့ဩဖို့ကောင်းလိုက်တာ။”

“….”

အဖွဲ့ဝင်တွေအားလုံး ကုနင်းအကြောင်း သတင်းပေါင်းများစွာကို ဖတ်ကြည့်ပြီး အံ့ဩမဆုံးနိုင်ကြတော့ပေ။

“သူက နတ်ဘုရားမပဲ!”

“ဟုတ်တယ်လေ၊ အင်တာနက်ပေါ်ကလူတိုင်း သူ့ကို ကုနတ်ဘုရားမလို့ပဲခေါ်ကြတာ။”

“ဘာပဲဖြစ်ဖြစ် အခုကစပြီး ငါ့ရဲ့နတ်ဘုရားမလဲဖြစ်သွားပြီ။”

“….”

ထိုခဏလေးအတွင်းမှာပင် ထိုသန်မာလှသည့်အမျိုးသားများသည် ကုနင်း၏ဖန်များဖြစ်သွားကြလေသည်။

“ငါတော့ သူနဲ့တစ်ပွဲလောက်ပြိုင်ဖူးချင်တယ်!” အဖွဲ့ဝင်တစ်ဦးက မျှော်လင့်တကြီးပြောလိုက်ပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ အထင်အမြင်သေးသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

“မေ့လိုက်စမ်းပါကွ၊ ဒီလိုလုံခြုံရေးအုပ်လိုက်ကြီးကိုတောင် မင်းတစ်ယောက်တည်း ချနိုင်လိမ့်မယ်လို့ မထင်ဘူး။”

“မင်းရောလုပ်နိုင်လို့လား…”

ထိုသို့ဖြင့် အချင်းချင်းစကားများနေကြချိန် ကုနင်းနှင့်လီကျုံးဝေ့တို့ကတော့ အဖွဲ့၁ရုံးခန်းထဲသို့ဝင်သွားကြလေသည်။

သူတို့လက်နက်ကိုင်အထူးတပ်ဖွဲ့တွင် အဖွဲ့ငယ်လေးတိုင်း၌ လူ၇-၈ယောက်ဖြင့် ဖွဲ့စည်းထားကြသည်။ သာမာန်တာဝန်အတွက်ဆိုလျှင် ထိုမျှလူအနည်းငယ်သာ လိုအပ်တာကြောင့် အရေးကြီးတာဝန်ရပ်များကို လုပ်ဆောင်ရမှသာ အားလုံးအတူတကွ ပူးပေါင်းကြခြင်းဖြစ်သည်။

ဤတစ်ခေါက်တွင်တော့ အလွန်အရေးကြီးသည့်တာဝန်ဖြစ်နေတာကြောင့် ပစ်မှတ်ကိုဖမ်းဆီးဖို့ရန် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်အများအပြား ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။ အဖွဲ့၁ကတော့ ရှေ့တန်းကိုတာဝန်ယူရမည်ဖြစ်၍ တာဝန်အကြောင်းအခြေအနေအသေးစိတ်ကို သူတို့အဖွဲ့က ပိုသိကြသည်။

သို့သော်လည်း အဖွဲ့၁ကိုထောက်ပံ့ပေးရမည့်တခြားအဖွဲ့ဝင်တွေအားလုံးအနေနဲ့ လီကျုံးဝေ့၏အမိန့်တို့ကို နာခံဖို့လိုအပ်လေသည်။

အဖွဲ့၁သည် လက်နက်ကိုင်အထူးတပ်ဖွဲ့၏အဖွဲ့ငယ်များအားလုံးတွင် အကောင်းဆုံးအဖွဲ့ဖြစ်ကာ လိုအပ်လာလျှင် ရှေ့တန်းတွင် တာဝန်ယူကြရသည်။

အဖွဲ့၁ခေါင်းဆောင်ဖြစ်သည့် လီကျုံးဝေ့အပြင် အဖွဲ့ထဲတွင် နောက်ထပ်အမျိုးသား၅ယောက်နှင့် အမျိုးသမီး၁ယောက်ပါဝင်ပေသည်။

လောလောဆယ် ရုံးခန်းထဲတွင်တော့ အမျိုးသားအဖွဲ့ဝင်၅ဦးသာရှိနေပြီး အမျိုးသမီးအဖွဲ့ဝင်ကတော့ ရှိမနေခဲ့ပေ။

ကုနင်းကိုမြင်လိုက်ကြသည်နှင့် သူမ၏လှပမှုကြောင့် အားလုံးအံ့ဩသွားကြသည်။

“တု ဘယ်သွားလဲ?” လီကျုံးဝေ့မေးလိုက်သည်။ တုဆိုသည်က သူတို့အဖွဲ့၏တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင်ပင်။

“မသိဘူး။ အစောကတင်ထွက်သွားတာပဲ။” အဖွဲ့ဝင်တစ်ယောက်က ပြန်ဖြေလိုက်သည်။

လီကျုံးဝေ့ ဆက်မေးမနေတော့ဘဲ ကုနင်းကိုသာ မိတ်ဆက်ပေးလိုက်သည်။ “ဒါက ကုနင်း၊ မစ္စကုပဲ။ အပျော်စီးသင်္ဘောပေါ်ခိုးဝင်ဖို့ သူ ငါတို့ကိုကူညီသွားလိမ့်မယ်။”

“ဘာ?”

ကုနင်းက သူစိမ်းတစ်ယောက်ဖြစ်တာကြောင့် လူတိုင်းအံ့ဩသွားကြလေသည်။

လီကျုံးဝေ့ကိုယ်တိုင် ကုနင်းကိုရှာလာခဲ့ခြင်းဖြစ်တာကြောင့် ကုနင်း၏အရည်အချင်းကို သူတို့သံသယမဝင်ကြသော်လည်း….

“ခေါင်းဆောင်၊ ဒါက တုရဲ့ တာဝန်မဟုတ်ဘူးလား?” အဖွဲ့ဝင်တစ်ယောက်က တုအတွက် မတရားသလိုခံစားရတာကြောင့် ထုတ်ပြောလိုက်သည်။

“ဟုတ်သားပဲ!” ကျန်အဖွဲ့ဝင်တွေကလဲ သဘောတူကြလေသည်။

လီကျုံးဝေ့ အခုလို ကုနင်းကိုအကူအညီတောင်းတာက အကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပေမယ့် တုကလဲ သူဆို့အဖွဲ့အတွက် အလွန်အရေးပါသည့် အဖွဲ့ဝင်တစ်ယောက်ပင်။

“တု တာဝန်ကိုအောင်မြင်နိုင်နှုန်းက မသေချာဘူး။ မစ္စကုက သူ့ထက် ကိုယ်ခံပညာအရာမှာလဲ ပိုတော်တယ်။ မစ္စကုသာ ငါတို့ကိုကူညီပေးရင် ငါတို့ရဲ့အောင်မြင်နိုင်နှုန်းက ၉၀ရာခိုင်နှုန်းကျော်သွားလိမ့်မယ်။” လီကျုံးဝေ့ ရှင်းပြလိုက်သည်။

သူ့အဖွဲ့သားတွေက တုအတွက်စိတ်မကောင်းဖြစ်လို့ အခုလိုပြောနေကြခြင်းဖြစ်မှန်း သူနားလည်ပေမယ့် သူတို့အနေနဲ့ တာဝန်အောင်မြင်ဖို့ သေချာစေရန်က ပိုအရေးပါလေသည်။

လီကျုံးဝေ့၏ရှင်းပြချက်ကိုကြားပြီး လူတိုင်းအံ့ဩသွားကြပြန်သည်။

သူတို့ ကုနင်းကိုယုံကြည်စေရန်အတွက် လီကျုံးဝေ့ကထပ်ပြီး၊ “ငါအစောကပဲ မစ္စကုနဲ့ တိုက်ခိုက်ခဲ့တာ၊ မစ္စကုက ငါ့ကိုငါးမိနစ်အတွင်း ထိန်းချုပ်နိုင်ခဲ့တယ်။ တုက ငါတို့အဖွဲ့ထဲမှာတော့ အရည်အချင်းရှိတယ်ဆိုပေမယ့် ငါ့ကိုတောင် သူနိုင်တာမဟုတ်ဘူး။ မစ္စကုကို သူနိုင်လောက်မယ်ထင်နေတာလား?”

“တကယ်ပဲလား?”

သူတို့ခေါင်းဆောင်တောင်မှ ကုနင်းကိုမနိုင်ဘူးဆိုမှတော့ ကုနင်းရဲ့တိုက်ခိုက်နိုင်စွမ်းက ကျန်တဲ့သူတို့အားလုံးထက်တောင် ပိုသာတဲ့သဘောပဲမဟုတ်လား။ ဒါပေမယ့် ကုနင်းသည် ပိန်ပိန်ပါးပါးနှင့်အလွန်ငယ်ရွယ်ပုံရနေတာကြောင့် သူတို့အလွယ်တကူမယုံကြည်ကြပေ။

“မင်းတို့သံသယရှိနေရင် ကိုယ်တိုင်စမ်းကြည့်လိုက်ကြရင်ကောင်းဘူးလား?” လီကျုံးဝေ့ လမ်းဖွင့်ပေးလိုက်သည်။ ထိုအကြောင်းကို သူတို့လာကတည်းက ကုနင်းနှင့်ပြောထားပြီးဖြစ်ကာ ကုနင်းကလဲ သဘောတူလေသည်။

“ကျွန်မစမ်းကြည့်မယ်!” ရုတ်တရက် တံခါးဘက်မှ အမျိုးသမီးသံတစ်သံထွက်ပေါ်လာသည်။ ထိုအမျိုးသမီးကတော့ တုဆိုသူပင်။

တု၏နာမည်အပြည့်အစုံမှာ တုကျင်းထုန်ဖြစ်ကာ ဒီနှစ်ဆို အသက်၂၇နှစ်ရှိပြီဖြစ်သည်။ သူမသည် လက်နက်ကိုင်အထူးတပ်ဖွဲ့ယူနီဖောင်းကိုဝတ်ဆင်ထားကာ ဆံပင်တိုတိုနှင့် အေးစက်စက်ပုံစံမိန်းကလေးတစ်ဦးဖြစ်သည်။

တုကျင်းထုန်သည် ရဲမိသားစုတွင်မွေးဖွားလာသူဖြစ်သည်။ သူမဖခင်သည် လက်နက်ကိုင်အထူးတပ်ဖွဲ့မှဖြစ်ကာ သူမအမေကတော့ ပြည်သူ့ရဲတပ်ဖွဲ့မှဖြစ်တာကြောင့် သူမသည်လဲ ငယ်စဉ်ကတည်းက ရဲနှင့်ပတ်သတ်လျှင် ခံစားချက်ပြင်းထန်ခဲ့သည်။ ဒါကြောင့် သူမကြီးလာလျှင် ရဲမေလုပ်ဖို့စိတ်ကူးထားခဲ့သည်။

တုကျင်းထုန်၏ဦးလေးသည်က စစ်တပ်ဘက်တွင် ရာထူးကြီးသူတစ်ယောက်ဖြစ်တာကြောင့် သူမသည် စစ်သားများနှင့်ပါ ကြီးပြင်းလာသူဖြစ်သည်။ သူမကြီးလာသည်နှင့် စစ်ထဲသုံးနှစ်ဝင်ခဲ့ကာ သူမနှင့်သက်တူရွယ်တူများကြားတွင် အထူးချွန်ဆုံးစစ်သမီးတစ်ဦးဖြစ်ခဲ့လေသည်။

သူမတပ်ထဲကထွက်ပြီးနောက်မှာတော့ လက်နက်ကိုင်အထူးတပ်ဖွဲ့သို့ တာဝန်ချခံရကာ ၂နှစ်အတွင်းမှာပဲ အဖွဲ့၁၏အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။

တုကျင်းထုန်သည် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များစွာ၏ လေးစားသဘောကျခြင်းကို ခံရသူဖြစ်သည်။ သူမကိုယ်တိုင်ကလဲ ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်တာကြောင့် သူမနေရာတွင် တခြားသူစိမ်းတစ်ယောက်ကို အစားထိုးသည်အား လက်မခံနိုင်ပေ။

သူမခေါင်းဆောင်က ကုနင်းသည် သူမထက်ပိုတော်သည်ဟုပြောလာခြင်းဖြစ်တာတောင်မှ သူမကတော့ ကိုယ်တိုင်မစမ်းကြည့်ဘဲနဲ့ လက်မလျှော့လိုက်ချင်ပေ။

ဤတစ်ခေါက်တာဝန်သည် အလွန်အန္တရာယ်များလှကာ သူမပင်လျှင် ထိခိုက်မှုမရှိဘဲ တာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ ယုံကြည်ချက်အပြည့်အဝမရှိသော်လည်း လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့် အန္တရာယ်တွေကို ကြောက်ရွံ့မနေပေ။

“ရတာပေါ့။” ကုနင်းလက်ခံလိုက်တာကြောင့် လီကျုံးဝေ့ကလဲ သဘောတူလိုက်သည်။

***

အခန်း ၁၂၀၂ နောက်တစ်ခေါက်

ကုနင်း၏မျက်နှာသွင်ပြင်ကို တုကျင်းထုန်မြင်လိုက်ရသည်နှင့် သူမ၏အလှကြောင့် မှင်သက်သွားသလို ချက်ချင်းမနာလိုစိတ်တို့လဲ ဝင်လာခဲ့သည်။ ကုနင်းသည် လှပရုံသာမက ကိုယ်ခံပညာအရာမှာလဲ တော်နေသေးသည်။ ဒါ့အပြင် ကုနင်းသည် သူမတာဝန်ကိုပါ ခိုးယူသွားသေးတာကြောင့် တုကျင်းထုန် ကုနင်းကို ဘယ်လိုမှသဘောမကျတော့ပေ။

“ကောင်းပြီ၊ ဒါဆိုလဲ အပြင်ထွက်ကြတာပေါ့။” လီကျုံးဝေ့ပြောလိုက်ကာ အားလုံး အပြင်ထွက်လာခဲ့ကြသည်။

သူတို့ရုံးခန်းက အတော်လေးကြီးပေမယ့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက်တော့ နေရာကောင်းမဟုတ်ပေ။ ဒါကြောင့် လေ့ကျင့်ရေးကွင်းထဲသို့သွားကြကာ လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များလဲ ချက်ချင်းဆိုသလို သူတို့အနားသို့ရောက်လာကြသည်။

ဤတစ်ခေါက်တွင် တုကျင်းထုန်ကို လျှို့ဝှက်အေးဂျင့်လုပ်ခိုင်းမည့်အချက်သည် လျှို့ဝှက်ချက်တစ်ခုဆိုသော်လည်း သူတို့ပြိုင်တာကို မြင်သွားသည်က ပြဿနာမရှိပေ။

“ဟိုင်း၊ ကုနတ်ဘုရားမလေး!” အဖွဲ့ဝင်အေက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လှမ်းအော်လိုက်သည်။

သူမကိုခေါ်လိုက်သည့်ပုံစံအရ အင်တာနက်ပေါ်က သူမအကြောင်းသတင်းတွေကို ဖတ်ပြီးသွားလို့ဖြစ်မည်မှန်း ကုနင်းသိလိုက်ပေသည်။

ကုနင်း ဖော်ဖော်ရွေရွေပင်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

တုကျင်းထုန်ကလွဲလို့ ဤနေရာတွင် အမျိုးသမီးဆို၍ ကုနင်းတစ်ယောက်သာဖြစ်တာကြောင့် အဖွဲ့ဝင်အေက ကုနင်းကို နှုတ်ဆက်လိုက်ခြင်းဖြစ်မှန်း ကျန်လူများသိလိုက်ကြသည်။

ဒါပေမယ့် ဘာလို့ နတ်ဘုရားမလေးလို့ခေါ်ရတာလဲ။ ကုနင်းက အတော်လေးလှတယ်ဆိုပေမယ့် ကမ္ဘာပေါ်မှာ သူ့ထက်ပိုလှတဲ့မိန်းကလေးတွေမှအများကြီးပဲလေ။

“နည်းနည်းလောက်ဖယ်ကြဦး။” လီကျုံးဝေ့ အားလုံးကိုပြောလိုက်တာကြောင့် သူတို့လဲ ကုနင်းနှင့်တုကျင်းထုန်တို့အတွက် နေရာလွတ်ပေးလိုက်ကြသည်။

အဖွဲ့ဝင်အေသည် သူတို့ဘာလုပ်မည်မှန်းမသိသော်လည်း သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နေရာဖယ်ပေးလိုက်လေသည်။

လူအုပ်ကြီးအလယ်တွင် ကုနင်းနှင့် တုကျင်းထုန်တို့ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။

ဒီတော့မှ အဖွဲ့ဝင်အေနှင့်သူ့လုပ်ဖော်ကိုင်ဖက်များလဲ ကုနင်းနှင့်တုကျင်းထုန်တို့ အတိုက်အခိုက်ယှဉ်ပြိုင်ကြမည်မှန်း သိသွားကြတော့သည်။

“ဘယ်သူနိုင်လောက်မယ်ထင်လဲ?” အဖွဲ့ဝင်ဒီကမေးလိုက်သည်။

“သေချာပေါက် ကုနတ်ဘုရားမပဲနိုင်မှာပေါ့!” အဖွဲ့ဝင်အေက အသေအချာကိုသိနေသည့်အတိုင်းပင်။

တုကျင်းထုန်သည် သူတို့လက်နက်ကိုင်တပ်ဖွဲ့ထဲမှာတော့ အလွန်ထူးချွန်သည်မှန်သော်လည်း ကုနင်းလို လုံခြုံရေးတစ်ဖွဲ့ကြီးကို တစ်ယောက်တည်း ရိုက်နှက်ခဲ့သူထက်တော့ မသာနိုင်ပေ။ တုကျင်းထုန်မပြောနဲ့ သူတို့တောင်မှ ကုနင်းလုပ်သလို လိုက်မလုပ်နိုင်ကြပေ။

ကုနင်းအကြောင်းသတင်းတွေဖတ်ထားပြီးသူများကတော့ သေချာပေါက် ကုနင်းပဲနိုင်မည်ဟု ယုံကြည်နေကြသော်လည်း တုကျင်းထုန်၏အဖွဲ့သားတွေကတော့ ထိုသို့မတွေးပေ။ သူတို့ကတော့ တုကျင်းထုန်ကိုသာ အနိုင်ရသွားစေချင်ကြသည်။

သူတို့တွေက တစ်ဖွဲ့တည်းသားတွေဖြစ်တာကြောင့် သေချာပေါက် တုကျင်းထုန်ဘက်ကသာ နေပေးကြမည်မှာ ပုံမှန်ပင်။

တုကျင်းထုန်ကတော့ မနှစ်မြို့မှုအပြည့်ဖြင့် ကုနင်းကိုစိုက်ကြည့်နေလေသည်။ သူမရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေထက် တာဝန်ပြီးမြောက်ဖို့က ပိုအရေးကြီးကြောင်း သူမသိသော်လည်း ကုနင်းကို မုန်းနေမိတုန်းပင်။

ကုနင်းကတော့ သူမဘယ်လိုတွေးနေနေ စိတ်ထဲတောင်မထည့်ပေ။

“ကောင်းပြီ၊ ပြိုင်ပွဲစမယ်!” လီကျုံးဝေ့ကြေညာလိုက်သည်နှင့် ကုနင်းနှင့်တုကျင်းထုန်တို့ စတင်တိုက်ခိုက်ကြတော့သည်။

အပျော်သဘောယှဉ်ပြိုင်မှုသာဖြစ်သော်လည်း ယနေ့ညတာဝန်နှင့် သက်ဆိုင်နေခြင်းကြောင့် ကုနင်း အစကတည်းက အားအပြည့်ထုတ်သုံးခဲ့သည်။

သူမတစ်ချက်ရွေ့လျားပြီးသည်နှင့် တုကျင်းထုန်ကိုဖမ်းဆွဲကာ သူမပုခုံးပေါ်မှကျော်၍ ပစ်ချလိုက်တော့သည်။ တုကျင်းထုန် မြေပေါ်တိုက်ရိုက်ပြုတ်ကျသွားသော်လည်း ထိုသို့အခြေအနေမျိုးနှင့်မစိမ်းတာကြောင့် သိပ်မနာကျင်သွားခဲ့ပေ။

သို့သော်လည်း သူမမြေပေါ်သို့ကျသွားပြီး,ပြီးချင်းမှာတင် ကုနင်းက သူမလက်တွေကို ဖမ်းချုပ်ကာ လိမ်လိုက်ပြီး ကျော်ပေါ်တွင် ဖိထားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမပြန်မထနိုင်အောင် သူမခြေထောက်တွေကို ကုနင်းက ဒူးဖြင့်ထောက်ထားလိုက်သေးသည်။

သူတို့လှုပ်ရှားသွားသည်က အလွန်မြန်ဆန်လှကာ ကုနင်းက စက္ကန့်ပိုင်းအတွင်းမှာတင် တုကျင်းထုန်ကို ဖမ်းချုပ်သွားနိုင်ခဲ့ပြီး ပြိုင်ပွဲကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စောင့်ကြည့်နေသူများအား တုန်လှုပ်သွားစေခဲ့သည်။

ကုနင်း၏ တိုက်ရည်ခိုက်ရည်အကြောင်း သိထားပြီးဖြစ်သည့် လီကျုံးဝေ့တောင်မှ အလွန်အံ့ဩသွားလေသည်။

ကုနင်း၏အရည်အချင်းနှင့် မယုံနိုင်စရာလျင်မြန်မှုဖြင့်သာဆို ပြိုင်ပွဲတွင် အနိုင်ယူဖို့ဆိုသည်က အလွန်တရာလွယ်ကူလှပေသည်။

တုကျင်းထုန်မှာ မယုံကြည်နိုင်ဖြစ်နေကာ စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရှုံးသွားခဲ့သည်ဆိုသော အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ပေ။

ခဏတာ ထိတ်လန့်အံ့ဩသွားပြီးနောက် လက်နက်ကိုင်အထူးအဖွဲ့သားတို့၏ သောင်းသောင်းဖျဖျအော်ဟစ်အားပေးသံများထွက်ပေါ်လာတော့သည်။

“ဘုရားရေ, ငါတော့ အခုထိမယုံနိုင်သေးဘူး!” အဖွဲ့ဝင်အေပြောလိုက်သည်။

“သူ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ တုကျင်းထုန်ကို မြေပေါ်မှာချုပ်ထားနိုင်ခဲ့တာမဟုတ်လား?” အဖွဲ့ဝင်စီကလဲ ချီးကျူးလာခဲ့သည်။

“ဒါပေါ့! ဒါပေါ့! ကုနတ်ဘုရားမပဲနိုင်မှာပါလို့ ပြောသားပဲ!” အဖွဲ့ဝင်အေက အတော်လေးဂုဏ်ယူနေခဲ့သည်။

“တုကျင်းထုန် အဆင်သင့်မဖြစ်သေးတာလဲ ဖြစ်နိုင်တာပဲ။” တစ်ယောက်က တုကျင်းထုန်ဘက်မှ ကာကွယ်ပေးလာလေသည်။

“အဆင်သင့်မဖြစ်သေးဘူး? တကယ့်တိုက်ပွဲမှာသာဆို အသတ်ခံရပြီးနေလောက်ပြီ။”

“သူရှုံးသွားတာ အမှန်တရားပဲ။ လက်ခံလိုက်တော့။”

တုကျင်းထုန်၏အဖွဲ့သားများမှာ သူမဘက်က ဝင်ရောက်ကာကွယ်ပြောပေးလိုကြသော်လည်း သူတို့တွေက ငတုံးငအတွေလဲ မဟုတ်ပေ။ တုကျင်းထုန် အဆင်သင့်ဖြစ်နေရင်တောင် ကုနင်းရဲ့ပြိုင်ဘက်ဘယ်လိုမှမဖြစ်နိုင်ပေ။

“မဟုတ်ဘူး၊ ငါလက်မခံဘူး။ နောက်တစ်ခေါက်ထပ်တိုက်ရအောင်!” တုကျင်းထုန် လူပုံအလယ်တွင် အရှက်ကွဲသွားရ၍ ဒေါသထွက်လာတော့သည်။

“ရတယ်လေ၊ မင်းကို နောက်တစ်ခေါက် အခွင့်အရေးထပ်ပေးမယ်။” ကုနင်း ပြောပြီး တုကျင်းထုန်ကို လွှတ်ပေးလိုက်သည်။

တုကျင်းထုန် ချက်ချင်းမတ်တပ်ပြန်ရပ်လိုက်၏။

သူမ ကုနင်း၏ပုခုံးပေါ်ကနေကျော်၍ ပစ်ချခံခဲ့ရသော်လည်း သူမကိုယ်သူမကာကွယ်ခဲ့တာကြောင့် သိပ်မနာကျင်ခဲ့ပေ။

သူမအင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်ပြီးနောက် ကုနင်းကိုထပ်ပြီး စိုက်ကြည့်လာပြန်သည်။

ကုနင်းကလဲ စိတ်ထဲမထားသေးပေ။

လီကျုံးဝေ့၏မျက်နှာကိုထောက်ကာ တုကျင်းထုန်နှင့် အချိန်ကုန်ခံ စကားများနေမည်မဟုတ်ပေ။

ကုနင်းဆိုသည်က တုကျင်းထုန် သွားရှုပ်လို့ရသည့်လူမျိုးမှမဟုတ်ဘဲ။

သူမကြောင့် တုကျင်းထုန် သူ့တာဝန်ကိုဆုံးရှုံးလိုက်ရသည်မှန်နေလျှင်တောင် လီကျုံးဝေ့ကအရင် သူမကိုအကူအညီလာတောင်းခဲ့ခြင်းဖြစ်တာကြောင့် သူမအမှားဟု မဆိုသာပေ။

သူမကသာ စေတနာအားကောင်းစွာ သူတို့ကိုအကူအညီပေးသူဖြစ်ပြီး သူမထက်အရင် တုကျင်းထုန်က ထိုတာဝန်အတွက် ပေးအပ်ခြင်းခံထားရမှန်းလဲ သူမ,မသိခဲ့ပေ။ ဒါကြောင့် ထိုကိစ္စအတွက် သူမကို တုကျင်းထုန် အပြစ်လာတင်နေခြင်းက တကယ်တမ်း အဓိပ္ပါယ်မရှိပေ။

***

အခန်း ၁၂၀၃ ပိုကောင်းတဲ့ရွေးချယ်မှု

လီကျုံးဝေ့သာ သူမအကူအညီလိုအပ်မနေပါက ကုနင်းချက်ချင်းထွက်သွားလိုက်မှာဖြစ်သည်။

ခဏကြာပြီးနောက် လီကျုံးဝေ့ မေးလာခဲ့သည်။ “အဆင်သင့်ဖြစ်ကြပြီလား?”

“ဖြစ်ပြီ။” တုကျင်းထုန်ဖြေလိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူမကိုယ်သူမ သတိအပြည့်ရှိရန် ဆက်တိုက်သတိပေးနေခဲ့သည်။

“ဒုတိယပွဲစမယ်!” လီကျုံးဝေ့ အော်လိုက်သည်နှင့် ကုနင်းနှင့်တုကျင်းထုန်တို့ ထပ်မံတိုက်ခိုက်ကြပြန်သည်။

ဤတစ်ခေါက်မှာတော့ တုကျင်းထုန် သတိအပြည့်ထားနေသော်လည်း စက္ကန့်ပိုင်းအတွင်း ကုနင်းထံမှ ရိုက်ချခြင်းကို ခံရတုန်းပင်။

ဒုတိယပွဲတွင်တော့ ဘယ်သူမှ ကုနင်း၏အရည်အချင်းအပေါ် သံသယမရှိကြတော့ဘဲ ကုနင်းကို ပိုလို့တောင် လေးစားသဘောကျသွားကြသည်။

တုကျင်းထုန်မှာ စိတ်ပျက်နေမိသော်လည်း ရလဒ်ကို လက်ခံလိုက်ရပေသည်။ သူမထပ်ရှုံးသွားတာက ရှက်ဖို့ကောင်းပေမယ့် သူမသာ အရှုံးကိုလက်မခံနိုင်ဘဲ ဆက်တိုက်နေလျှင် ပိုလို့တောင် အရှက်ကွဲရလိမ့်မည်။ သို့ပေမယ့် အခုကစလို့ ကုနင်းအပေါ် ရန်ငြှိုးတစ်ခုရှိသွားပေပြီ။

“ဝါး၊ ကုနတ်ဘုရားမလေး အရမ်းမိုက်တယ်ဟေ့!”

“ငါအခုကစပြီး သူ့ဖန်လုပ်တော့မယ်။”

“….”

လူတွေက ကုနင်းကိုဆက်တိုက်ချီးကျူးနေကြလေသည်။

“မင်းတို့တွေဘာလို့ သူ့ကို ကုနတ်ဘုရားမလို့ခေါ်ကြတာလဲ?” တစ်ယောက်က မနေနိုင်စွာ ဝင်မေးလိုက်သည်။

“ရှင်းပြဖို့ခက်တယ်။ မင်းဘာသာ အင်တာနက်မှာ သူ့နာမည်ရိုက်ရှာကြည့်။” အဖွဲ့ဝင်အေပြောပြလိုက်သည်နှင့် ကုနင်းအကြောင်း မသိသေးသည့်လူတွေအားလုံး ချက်ချင်းဖုန်းတွေကို ထုတ်လိုက်ကြတော့သည်။ ကုနင်းအကြောင်း သတင်းများစွာကို ဖတ်ကြည့်ပြီးနောက်မှာတော့ ကုနင်းအပေါ်သဘောထားတွေ ပြောင်းလဲကုန်ကြလေသည်။

တုကျင်းထုန်ကတော့ ကုနင်းအကြောင်းမရှာခဲ့ပေမယ့် တခြားလူတွေ ပြောနေသံကိုတော့ ကြားနေရတာကြောင့် အလွန်မကျေမနပ်ဖြစ်နေလေသည်။

ကုနင်းသည် သူမထက်ပိုလှ၊ ပိုသန်မာရုံသာမက ပိုလဲချမ်းသာနေပြန်ပြီ။

သူမနှင့်ကုနင်းကြားက ကွာဟချက်မှာ ပိုပိုလို့သာ ကြီးမားလာခဲ့ရသည်။ သူမအနေနဲ့ ကုနင်းကို မနာလိုဖြစ်ဖို့တောင် အဆင့်မမှီတော့သလိုတောင်ဖြစ်နေပေပြီ။ ကုနင်း ဘာကြောင့်များ ဒီအသက်အရွယ်လေးနဲ့ အရမ်းထူးချွန်နေရတာလဲ?

တုကျင်းထုန်သည် သူမနှင့်သက်တူရွယ်တူများကြားတွင် အလွန်ထင်သာမြင်သာရှိလှသည့်အတွက် အမြဲကျေနပ်နေခဲ့သည်။ သို့သော်လည်း ကုနင်း ထွက်ပေါ်လာသည်နှင့် အရာအားလုံးပျက်စီးသွားပေပြီ။ ကုနင်းရှေ့မှာဆို သူမဆိုသည်က ထုတ်ပြောနေဖို့တောင် မထိုက်တန်သလိုခံစားရလာတော့သည်။

“ကောင်းပြီ၊ ငါတို့ရုံးခန်းထဲပြန်ကြရအောင်။” လီကျုံးဝေ့က အရေးကြီးတာမှာကြားဖို့ရှိ၍ ပြန်ကြရန်ပြောလိုက်သည်။

ထို့နောက် အဖွဲ့၁တစ်ဖွဲ့လုံး ရုံးခန်းထဲသို့ပြန်သွားကြကာ ကုနင်းလဲ လိုက်သွားခဲ့သည်။

အဖွဲ့ဝင်အေမှာ ကုနင်းနှင့်စကားတွေပြောချင်နေပေမယ့် အခုချိန် ဝင်နှောင့်ယှက်ဖို့ မသင့်တော်တာကြောင့် လက်လျှော့လိုက်လေသည်။

လီကျုံးဝေ့ လမ်းလျှောက်နှုန်းကိုလျှော့ချလိုက်ကာ တုကျင်းထုန်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ငါကုနင်းကိုအကူအညီသွားတောင်းလို့ မင်းအခုချိန် စိတ်အခြေအနေမကောင်းဖြစ်နေမယ်မှန်းသိတယ်။ ဒါပေမယ့် ဒီတာဝန်က အရမ်းအရေးကြီးတယ်။ ငါတို့အောင်မြင်တာသေချာဖို့လိုတယ်။”

“ခေါင်းဆောင်၊ ကျွန်မရဲ့အရည်အချင်းအပေါ် သံသယဝင်နေတာလား?” တုကျင်းထုန် မေးလိုက်သည်။ “သူက ကိုယ်ခံပညာပိုင်းမှာ ကျွန်မထက်ပိုသာတယ်ဆိုပေမယ့် တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မထက်ပိုသာမယ်လို့ မဆိုလိုဘူးလေ။”

“ငါနားလည်ပါတယ်၊ ဒါပေမယ့် ငါကတော့ မင်းထက် ကုနင်းကသာ ပိုကောင်းတဲ့ရွေးချယ်မှုလို့ထင်တယ်။ မင်းလဲ အခုလေးတင် သူနဲ့ပြိုင်ခဲ့သေးတာပဲ၊ ဒီတော့ အခြေအနေကို မင်းကောင်းကောင်းသိသင့်တယ်။”

တုကျင်းထုန် ပြန်မငြင်းနိုင်တော့တာကြောင့် ပါးစပ်ပိတ်သွားတော့သည်။ ဒါ့အပြင် ယခုကိစ္စက သူတို့ခေါင်းဆောင်၏ဆုံးဖြတ်ချက်လဲဖြစ်တာကြောင့် သူမမှာ လက်ခံရုံသာရှိလေသည်။

“မင်း ကုနင်းကိုသဘောမကျဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သူက မင်းပြဿနာသွားရှာလို့ရတဲ့လူမဟုတ်ဘူး။ မင်းသူ့ကို ဘယ်လောက်ပဲ စိတ်ရှုပ်ရှုပ် ကိုယ့်စိတ်ကိုယ်ထိန်းထား၊ ပြဿနာသွားမရှာနဲ့။”

“မလုပ်ပါဘူး။”

သူတို့ရုံးခန်းသို့ပြန်ရောက်သည်နှင့် လီကျုံးဝေ့က၊ “အခု ၅နာရီရှိပြီဆိုတော့ ပုံမှန်အဝတ်အစားတွေလဲပြီး ညစာသွားစားကြတာပေါ့၊ ငါကျွေးမယ်။ ကုနင်းကတော့ ခဏနေအဝတ်အစားလဲရမယ်၊ ပြီးရင် ငါကလပ်ကိုဆက်သွယ်လိုက်မယ်။ အပျော်စီးသင်္ဘောကမ်းကပ်တာနဲ့ ငါတို့စလှုပ်ရှားကြမယ်။”

“နားလည်ပါပြီ!” အားလုံးသဘောတူကာ စတင်ပြင်ဆင်ကြတော့သည်။

“မစ္စကု၊ မင်းက ငါနဲ့အတူ ဈေးဝယ်စင်တာမှာ ဂါဝန်နဲ့ဒေါက်ဖိနပ်လိုက်ဝယ်ပေးပါလား။ ပြီးတော့ မင်းမိတ်ကပ်နည်းနည်းလောက်လိမ်းဖို့လဲ လိုတယ်။ မစိုးရိမ်ပါနဲ့၊ ကုန်ကျစရိတ်ကို ငါရှင်းမှာပါ။ ပြီးရင် တိုက်ခိုက်ရဦးမှာဆိုတော့ မင်းရဲ့ဂါဝန်အောက်မှာ ဘောင်းဘီတိုအကြပ်တစ်ထည် ထပ်ဝတ်ဖို့တော့ သတိရဦး။”

“အဆင်ပြေပါတယ်၊ ကျွန်မမှာ အဝတ်အစားရော ဖိနပ်ရောရှိတယ်။ မိတ်ကပ်လဲ ကိုယ့်ဘာသာပြင်နိုင်တယ်။”

“သေချာရဲ့လား?”

“ဒါပေါ့၊ အထွေအထူးမှမဟုတ်တာ။”

“ကောင်းပြီလေ၊” ကုနင်း ကိုယ့်ဘာသာလုပ်လို့အဆင်ပြေသည်ဆိုတာကြောင့် လီကျုံးဝေ့မတိုက်တွန်းတော့ပေ။

အားလုံးပြင်ဆင်ပြီးနောက် စားသောက်ဖို့ ထွက်လာခဲ့ကြသည်။

“မစ္စကု၊ မင်းအထူးတလည်စားချင်တာမျိုးရှိလား?” ကုနင်းက သူတို့ဧည့်သည်ဖြစ်တာကြောင့် ကုနင်း၏ဆန္ဒကို လီကျုံးဝေ့မေးလိုက်သည်။

“ကျွန်မက အစားမရွေးဘူး။ ရှင်ပဲဆုံးဖြတ်လိုက်ပါ။”

“ကောင်းပြီလေ။”

ယနေ့ သူတို့မှာ ဧည့်သည်ရှိနေတာကြောင့် စားသောက်ဆိုကောင်းကောင်းတစ်ဆိုင်ကို သွားသင့်သည်ဟု တွေးလိုက်မိသည်။ ဒါကြောင့် လီကျုံးဝေ့လဲ အားလုံးကို နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်သည်။

“အိုး မစ္စကု ကျေးဇူးတင်လိုက်တာ။ မင်းကြောင့်နဲ့ ငါတို့တွေ ဒီညတော့ နာမည်ကြီးစားသောက်ဆိုင်မှာ စားခွင့်ကြုံပြီ။”

“အရင်ကဆို လမ်းဘေးဆိုင်တွေမှာချည်းစားရတာ!”

“ဟ-ဟ၊”

အဖွဲ့သားတွေက နောက်ပြောင်ပြောဆိုနေကြခြင်းသာဖြစ်သည်။

***

အခန်း ၁၂၀၄ လုံးဝမတူတော့ဘူး

“နောက်မနေကြနဲ့တော့!” လီကျုံးဝေ့ ရယ်ရယ်မောမောဖြင့် တားလိုက်သည်။

“ခေါင်းဆောင် အခုလိုမျက်နှာသာပေးနေတာတွေ မရီးသိသွားမှာ မကြောက်ဘူးလား?” အဖွဲ့ဝင်တစ်ဦးမေးလိုက်သည်။

“စိတ်ပူမနေနဲ့၊ ငါ့ဇနီးက လုံးဝမတွက်ကပ်တတ်ဘူး။”

“ကောင်းတာပေါ့၊ ကျွန်တော်တို့ ဒီညပျော်ကြမယ်။”

“ဟုတ်ပါပြီ။ သွားကြရအောင်!”

အားလုံး လူ၈ယောက်ရှိတာကြောင့် ကားနှစ်စီးခွဲလိုက်ကြသည်။

ကုနင်းလဲ ညဘက်ကျတာဝန်ထဲပါရမည်ဖြစ်၍ သူမကားကို လက်နက်ကိုင်အထူးတပ်ဖွဲ့ဌာနတွင်သာ ထားခဲ့လိုက်လေသည်။

….

တုကျင်းထုန်က လီကျုံးဝေ့နှင့် တစ်စီးတည်းအတူမထိုင်တာကြောင့် သူမစိတ်အခြေအနေမကောင်းမှန်းသိကြသည့် သူမအဖွဲ့သားတွေအားလုံးက တစ်လမ်းလုံး နှစ်သိမ့်ပေးကြသည်။

သူတို့လဲ ကုနင်း၏အရည်အချင်းကို မမြင်ရခင်တုန်းက တုကျင်းထုန်နေရာတွင် ကုနင်းကို အစားမထိုးချင်ခဲ့ကြသော်လည်း အခုချိန်မှာတော့ ကုနင်းသည် အမှန်ကိုပိုကောင်းသည့်ရွေးချယ်မှုဖြစ်သည်ဟု တွေးနေကြသည်။ ကုနင်းသာ တာဝန်ပြီးမြောက်အောင် ကူညီပေးလိုက်လျှင် ပိုအောင်မြင်နိုင်ချေများသလို တုကျင်းထုန်လဲ ဘေးကင်းသွားပေမည်။

ကုနင်း၏လုံခြုံရေးအတွက်ကိုလဲ သူတို့စိတ်ပူမိကြပေမယ့် တုကျင်းထုန်နှင့်ယှဉ်လျှင်ကျ သူမသည် သူတို့နဲ့နှစ်ပေါင်းများစွာလုပ်ဖော်ကိုင်ဖက်ဖြစ်လာသူဖြစ်ကာ ကုနင်းကတော့ ဒီနေ့မှတွေ့သည့် သူစိမ်းတစ်ယောက်သာဖြစ်သည်။

သူတို့သာ တာဝန်ကိုအောင်အောင်မြင်မြင်နှင့် ပြီးမြောက်နိုင်သ၍ ကုနင်းကို တုကျင်းထုန်နေရာတွင် အစားထိုးရခြင်းက ကိစ္စကြီးတစ်ခုဟုတ်မနေပေ။

ကားပေါ်တွင် သူမအဖွဲ့သားများနှင့် စကားပြောပြီးနောက် တုကျင်းထုန် ခံစားရအတော်အတန်သက်သာသွားခဲ့သည်။

စားသောက်ဆိုင်နေရာက သိပ်မဝေးလှတာကြောင့် ၁၀မိနစ်လောက်နေသည်နှင့် ရောက်သွားကာ ကားရပ်ပြီး အားလုံးထွက်လာခဲ့သည်။

ကုနင်း၏မျက်နှာကို တုကျင်းထုန်မြင်လိုက်ရသည်နှင့် သူမ၏ငြိမ်ဝပ်ပြီးသားစိတ်အခြေအနေတို့ ပြန်လည်ထကြွလာခဲ့သော်လည်း သူမအလုပ်ချိန်အတွင်း ခံစားချက်များကို ဘယ်လိုထိန်းချုပ်ရမလဲဆိုသည်ကို သင်ကြားခဲ့ရသည်။ သူမဘယ်လောက်ပဲ မပျော်မရွှင်ဖြစ်နေပါစေ သည်းခံထားမှဖြစ်ပေမည်။

….

သူတို့စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးမကြာခင်မှာပဲ ကုနင်း အသိတစ်ယောက်နှင့် ဆုံခဲ့သည်။

တစ်ဖက်လူက ထန်ဟွမ်လက်အောက်ရှိ ကုမ္ပဏီတစ်ခုတွင် မန်နေဂျာလုပ်နေသူဖြစ်ကာ တချို့သော အထူးပွဲများတွင် ကုနင်းကို အကြိမ်ရေတော်တော်များများ မြင်တွေ့ခဲ့ဖူးလေသည်။

“အိုး၊ ဟိုင်း၊ မစ္စကု၊ တိုက်ဆိုက်လိုက်တာ!” ကုနင်းကိုမြင်သည်နှင့် ချက်ချင်းပြုံးရယ်ကာ နှုတ်ဆက်လာခဲ့သည်။

ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းမှန်း သူသိသော်လည်း ကုနင်းက သူမမျိုးရိုးနာမည်ကို မပြောင်းချင်မှန်း သိထားတာကြောင့် မစ္စထန်အစား မစ္စကုဟုသာ ခေါ်ခဲ့သည်။

“ဟိုင်း၊ မန်နေဂျာမာ၊ မင်္ဂလာပါ။” ကုနင်းယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်လိုက်သည်။

“ညစာစားဖို့လာတာလား? မစ္စကု စိတ်မရှိရင် မင်းအတွက် ရှင်းပေးခဲ့ပါရစေ။” ကုနင်း စိတ်ကျေနပ်စေဖို့ အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည်။

“ကျေးဇူးပါပဲ၊ မန်နေဂျာမာ၊ ဒါပေမယ့် ကျွန်မမိတ်ဆွေက သူရှင်းပေးမယ်လို့ ပြောထားပြီးသွားပြီ။ ကျွန်မတို့ နောက်မှ တစ်ခေါက်လောက် အတူညစာစားကြတာပေါ့။” ကုနင်းပြုံးလိုက်သည်။ သူမ တစ်ဖက်လူကို လုံးဝငြင်းမပစ်ဘဲ အကြောင်းပြချက်သုံးလိုက်သည်။

“ဟ-ဟ၊ ဟုတ်ပါပြီ၊ မစ္စကု၊ နောက်တစ်ခေါက်ကျရင်တော့ ကျွန်တော်နဲ့ညစာစားဖို့ အခွင့်အရေးပေးရမယ်နော်။”

“နောက်မှတွေ့ကြတာပေါ့။”

မန်နေဂျာမာလဲ နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။

ကုနင်းနှင့် သူမမိတ်ဆွေများကတော့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာသည်။

“အာ… ဒီညတော့ ငါအလကားစားခွင့်ကြုံပြီမှတ်လိုက်တာ!” လီကျုံးဝေ့က နောက်လာသည်။

လီကျုံးဝေ့ တမင်နောက်ပြောင်နေမှန်းသိတာကြောင့် ကုနင်းပြုံးရုံသာပြုံးနေလိုက်သည်။

“ဘာလို့လဲ? ခေါင်းဆောင် အဲ့လောက် ကပ်စီးမကုပ်နဲ့လေ။”

“အဲ့လိုလုပ်လို့မရဘူးနော်။ ခေါင်းဆောင်ရှင်းမယ်လို့ ကတိပေးထားပြီးသားကို။”

အဖွဲ့၁ကလူတွေကတော့ သူတို့ခေါင်းဆောင်ကိုသာ ဝယ်ကျွေးခိုင်းဖို့ စိတ်ပိုင်းဖြတ်ထားပုံပင်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါနောက်ရုံနောက်တာပါ!”

စားပွဲထက်သို့ ဟင်းပွဲများရောက်ရှိလာချိန်တွင် ညနေ၅နာရီခွဲပြီဖြစ်သည်။

ကုနင်းအနေနဲ့ ကလပ်သို့မသွားခင် အဝတ်အစားလဲကာ မိတ်ကပ်ပြင်ဆင်ဖို့ အချိန်လိုတာကြောင့် ၆နာရီအမှီ စားပြီးမှဖြစ်ကြပေမည်။

အားလုံးက တပ်သားတွေဖြစ်တာကြောင့် အစား,စားမြန်ကြကာ စားနေစဉ်အတွင်းမှာလဲ တစ်ယောက်မှစကားမပြောကြပေ။

၆နာရီမထိုးခင်မှာပဲ အားလုံးညစာစားပြီးသွားပြီး ကုနင်းလဲ မိတ်ကပ်ပြင်ဆင်ဖို့ထွက်သွားသည်။

သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် အဝတ်အစားများနှင့် မိတ်ကပ်အသုံးအဆောင်များအားလုံးပါလာပြီးဖြစ်တာကြောင့် မြန်မြန်ဆန်ဆန် ဝတ်ဆင်လိုက်လို့ရပေမည်။ ထို့နောက် သူမတို့ညစာစားကြသည့်သီးသန့်ခန်းထဲက သန့်စင်ခန်းထဲရှိမှန်က တော်တော်ကြီးတာကြောင့် မိတ်ကပ်ပြင်ဆင်ဖို့ ထိုအခန်းကိုသာ အသုံးပြုလိုက်လေသည်။

ကုနင်း သူမမျက်နှာအစစ်အမှန်ကို မထုတ်ဖော်လိုတာကြောင့် တခြားအမျိုးသမီးတစ်ယောက်အသွင်ပြောင်းသွားအောင် ရုပ်ဖျက်လိုက်သည်။

သူမမေးစေ့နှင့် နှာတံထိပ်တို့တွင် ရွှံ့စေးမိတ်ကပ်ထည့်ကာ ပိုချွန်သွားအောင် ပြောင်းလိုက်သည်။ ထိုသို့ဖြင့် သူမ၏နဂို ဘဲဥပုံမျက်နှာကျကနေပြီး ဖရဲစေ့ပုံမျက်နှာကျဖြစ်သွားခဲ့သည်။ နှုတ်ခမ်းနီကိုလဲ ခပ်ထူထူဆိုးလိုက်သေးသည်။

မိတ်ကပ်ထူထူ၊ ဆံပင်ကောက်ကောက်ပြင်ဆင်လိုက်တာကြောင့် သူမပုံစံသည် လုံးဝကွဲပြားသွားကာ လုံးဝအရွယ်ရောက်ပြီးသည့် အမျိုးသမီးတစ်ဦးပုံစံပြောင်းသွားခဲ့သည်။

ကုနင်းနှင့်ရင်းနှီးသူများပင်လျှင် ထိုပုံစံကိုကြည့်ပြီး သူမနှင့်ဆင်သည်ဟုသာ တွေးမိမည်ဖြစ်ကြကာ တစ်ယောက်တည်းပါလို့တော့ ဘယ်သူမှယုံကြည်မည်မဟုတ်ပေ။

ထို့နောက် အနက်ရောင် ရင်ဟိုက်လက်ပြတ်ဂါဝန်တစ်ထည်ကိုဝတ်ဆင်လိုက်သည်။ သူမဝတ်စုံက အရမ်းဟော့ထ်မနေသော်လည်း ကုနင်း၏ခန္ဓာကိုယ်နှင့် မိတ်ကပ်အပြင်အဆင်ကြောင့် အတော်လေး ဆွဲဆောင်မှုရှိသွားစေသည်။

ကုနင်း သန့်စင်ခန်းထဲက ပြန်ထွက်လာသည်နှင့် အားလုံးအံ့အားတကြီး သူမကိုကြည့်နေကြသည်အား မြင်လိုက်ရလေသည်။

***

အခန်း ၁၂၀၅ ကုနင်းကိုယုံကြည်လိုက်ကြတာပေါ့

လက်နက်ကိုင်အထူးတပ်ဖွဲ့၁တစ်ဖွဲ့လုံးသည် ကုနင်းနှင့်ရင်းနှီးသူများမဟုတ်ကြတာကြောင့် သန့်စင်ခန်းထဲမှာ တခြားသူစိမ်းအမျိုးသမီးတစ်ယောက်ထွက်လာသလိုကို ကုနင်းအား ဝိုင်းကြည့်နေကြသည်။ တော်တော်ကြာကာမှ အားလုံး အသိစိတ်ပြန်ကပ်ကြတော့သည်။

“ဝါး၊ ယုံတောင်မယုံနိုင်ဘူး။ လုံးဝပြောင်းလဲသွားတာပဲ။” လီကျုံးဝေ့လဲ အံ့ဩနေလေသည်။

“မင်းရဲ့မျက်နှာကျလဲ နည်းနည်းပြောင်းသွားသလားလို့?” အဖွဲ့ဝင်တစ်ယောက်က မေးလိုက်သည်။

“တကယ်ပြောင်းသွားတာပဲ။ ကုနတ်ဘုရားမ၊ မင်းဘယ်လိုများလုပ်လိုက်တာလဲ?” နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကပါ အံ့ဩတကြီးမေးလာသည်။

တုကျင်းထုန်တောင်မှ ကုနင်း၏ မိတ်ကပ်ပညာကြောင့် မှင်သက်မိသွားလေသည်။

ဒါကြောင့် ကုနင်းအပေါ် မနာလိုစိတ်များ ပိုပိုကြီးထွားလာတော့သည်။ ကုနင်းက ဘာကြောင့်များ သူမထက်အရာရာပိုသာနေရတာလဲ။

ကုနင်းပြုံးလိုက်ကာ၊ “တခြားလူတွေ ကျွန်မကို မမှတ်မိသွားစေချင်လို့လေ၊ ဒါကြောင့် တခြားအမျိုးသမီးတစ်ယောက်လိုပြောင်းသွားအောင် ရွှံ့စေးပါထည့်ပြီး ရုပ်ဖျက်လိုက်တာ။”

ယောက်ျားလေးများအနေနဲ့ မိတ်ကပ်အကြောင်းသိပ်မသိကြသော်လည်း ကုနင်း၏အရည်အချင်းကို လေးစားသွားကြသည်။

“အိုး၊ ဒါက ဒီညရဲ့ငါတို့ပစ်မှတ်ပုံပဲ။ မင်းမှတ်မိထားတာကောင်းမယ်။” လီကျုံးဝေ့က ဓါတ်ပုံတစ်ပုံထုတ်ကာ ကုနင်းကိုပေးလိုက်သည်။

ကုနင်းတစ်ချက်သာကြည့်လိုက်ပြီးနောက် သူမစိတ်ထဲ အသေအချာကိုမှတ်မိသွားတော့သည်။

“သူက မူးယစ်ဆေးဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ပဲ၊ ဒီနေ့ရဲ့ပါတီကလဲ သူ့ဧည့်သည်တွေကို တစ်ခုခုလုပ်ခိုင်းဖို့ ခြိမ်းခြောက်မလို့ ကျင်းပတာပဲ၊ ဒါပေမယ့် ဘာလုပ်ခိုင်းမလဲဆိုတာကိုတော့ ငါတို့မသိသေးဘူး။ သူရဲ့တွဲဖက်တွေကိုပါ ဖော်ထုတ်ဖို့အတွက် သူ့ကို မသတ်ဘဲ ဖမ်းရုံဖမ်းဖို့ ရည်ရွယ်ထားတယ်။ သူအသက်ရှင်လျက်ရှိနေသ၍ ဒဏ်ရာရအောင်လုပ်မိတာတို့ ဒါမှမဟုတ် အရိုးကျိုးအောင်လုပ်မိသွားရင်တောင် အဆင်ပြေတယ်။” လီကျုံးဝေ့ ရှင်းပြလိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ ဆက်ပြီးတော့၊ “မင်းအပျော်စီးသင်္ဘောပေါ်မတက်ခင် စစ်ဆေးမှုခံရမှာဆိုတော့ လက်နက်တွေ လျှပ်စစ်ပစ္စည်းတွေ ယူသွားလို့မရနိုင်ဘူး။ ဒါကြောင့် မင်း သင်္ဘောပေါ်ရောက်သွားတာနဲ့ ငါတို့နဲ့အဆက်အသွယ်ပြတ်သွားမှာ။ ဒီတော့ သင်္ဘောကမ်းပြန်ကပ်မှပဲ မင်းအောင်မြင်လား မအောင်မြင်လားဆိုတာ ငါတို့သိနိုင်တော့မယ်။”

သူတို့ပစ်မှတ်က သင်္ဘောပေါ်ရှိနေမှာလား မရှိနေမှာလားကိုတောင် သူတို့မသေချာသလို နေရာမှာတင်ချက်ချင်းဖမ်းနိုင်ပါ့မလားဆိုတာလဲ မသိပေ။

ပစ်မှတ်ကိုတောင် မတွေ့ခဲ့ဘူးဆိုရင်တော့ ဖမ်းဖို့ဆိုတာက မဖြစ်နိုင်တော့ပေ။

“ရှင်နဲ့ အဆက်အသွယ်လုပ်ဖို့ ကျွန်မကို ကင်မရာအသေးတစ်လုံးထည့်ပေးလိုက်လို့ရတယ်။ ကျွန်မ ယူသွားပေးနိုင်တယ်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

“တကယ်ကြီးလား?”

လူတိုင်း အံ့ဩသွားကြတော့သည်။

“ကင်မရာအသေးကို အထဲယူသွားနိုင်တယ်ပေါ့?” တုကျင်းထုန်ကတော့ မယုံပေ။

သင်္ဘောပေါ်တက်ချိန် လုံခြုံရေးစစ်ဆေးမှုလုပ်စဉ်အတွင်းမှာကတည်းက ဘာကိုမှယူဆောင်သွားခိုင်းမည်မဟုတ်ပေ။ ပါးစပ်ထဲထည့်သယ်မည်ဆိုလျှင်တောင် မိမှာဖြစ်သည်။

ကုနင်းအနေနဲ့ ကင်မရာကို မြိုချပြီးသယ်သွားဖို့ဆိုတာလဲ မဖြစ်နိုင်ပေ။

တခြားလူတွေလဲပဲ မယုံကြည်ကြပေ။

“မင်းသေချာရဲ့လား?” လီကျုံးဝေ့သည်လဲ သံသယဖြင့်မေးလာသည်။

“သေချာတာပေါ့။” လီကျုံးဝေ့ ယုံကြည်သွားအောင် ကုနင်း ကတိတစ်ခုပါ ပေးလိုက်သည်။ “ပြဿနာတစ်ခုခုဖြစ်လာရင် ကျွန်မတာဝန်ယူမယ်။”

“သူတို့မှာ သေနတ်တွေရှိတယ်။ ကင်မရာပါမှန်းသာမိသွားရင် မင်းလွတ်နိုင်မယ်ထင်နေလား? မင်းကိုသာ ဖမ်းမိသွားရင် ငါတို့တာဝန်လဲ ပျက်သွားမယ့်အပြင် ငါတို့လဲ အပြစ်ပေးခံရမှာ။ ဒါတွေအတွက်ကိုပါ မင်းတာဝန်ယူနိုင်လား?” တုကျင်းထုန် အပြစ်တင်လိုက်သည်။

“ကျင်းထုန်!” လီကျုံးဝေ့ အမြန်တားလိုက်ရသည်။ တုကျန်းထုန်ပြောတာက မမှားသော်လည်း သူမပြောပုံက အရမ်းကြမ်းလွန်းနေသည်။

ဤတစ်ခေါက်တာဝန်တွင် ကုနင်းသာကျရှုံးသွားလျှင် လီကျုံးဝေ့နှင့်အဖွဲ့သားတွေအားလုံး ပြဿနာတက်မည်မှာ အမှန်တရားပင်ဖြစ်သည်။ လီကျုံးဝေ့က ကုနင်းကို အကူအညီတောင်းခဲ့သူဖြစ်တာကြောင့် သူ့အလုပ်တောင်ဆုံးရှုံးသွားရနိုင်သည်။

ကုနင်း အနည်းငယ်မကျေမနပ်ဖြစ်သွားသော်လည်း စိတ်ကိုထိန်းချုပ်လိုက်သည်။ သူတို့တွေက အရမ်းသတိရှိလွန်းသူများဖြစ်တာကြောင့် သူမကို လွယ်လွယ်မယုံနိုင်ကြမှန်း နားလည်ပေသည်။

သူတို့တွေက သာမာန်လူတွေဖြစ်တာကြောင့် ကုနင်း အဖမ်းမခံရပါဘဲ ကင်မရာကို အထဲထိသယ်သွားနိုင်မည်ဆိုသည်အား သေချာပေါက် ယုံကြည်နိုင်ကြမည်မဟုတ်ပေ။

သို့သော်လည်း ကုနင်းကတော့ သာမာန်လူတစ်ယောက်ဟုတ်မနေပေ။ သူမတွင်က စိတ်စွမ်းအင်အာကာပြင်ရှိသည်! သူမသယ်သွားချင်တဲ့ဘာကိုမဆို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ကာ အလွယ်တကူသယ်ဆောင်သွားနိုင်ပေသည်။

“အကြောင်းအရင်းအသေးစိတ်ကိုတော့ ကျွန်မမပြောပြနိုင်ဘူး။ ဒါပေမယ့် ရှင်တို့ကျွန်မကိုယုံပေးမယ်ဆိုရင်တော့ တကယ်သယ်သွားနိုင်မယ်လို့ ကတိပေးတယ်။” ကုနင်း လီကျုံးဝေ့ကို ဆိုက်ကြည့်လိုက်ကာ၊ “တကယ်လို့ တကယ်ပဲ ကျွန်မအဖမ်းခံလိုက်ရရင် ပစ်မှတ်ကို တစ်ခါတည်းပြေးဝင်ဖမ်းလိုက်မယ်။ တကယ်လို့ ကျရှုံးသွားမယ်ဆို ရှင်ကြိုက်သလို အပြစ်ပေးနိုင်တယ်။”

လီကျုံးဝေ့ ဘာမှပြန်ပြောမလာဘဲ ကုနင်းပြောသွားသည့် စကားများကို ဂရုတစိုက်ပြန်တွေးကြည့်နေသည်။

“ခေါင်းဆောင်၊ သူလုပ်နိုင်မယ်လို့ တကယ်ထင်နေတာလား?” တုကျင်းထုန် စိတ်အနှောင့်အယှက်ဖြစ်လို့နေလေသည်။

လီကျုံးဝေ့သာ လက်မထပ်ရသေးသူဆိုလျှင် သူ ကုနင်းအပေါ် ဆက်ဆံပြုမူပုံတွေအပေါ် သူမသံသယဝင်နေလောက်ပေပြီ။ သူ ဘာကြောင့်များ ကုနင်းကို ဒီလောက်လိုက်လျောပေးနေရလဲ သူမနားမလည်နိုင်ပေ။ တုကျင်းထုန်သည် ကုနင်းကို သဘောမကျတာကြောင့် ကုနင်းနှင့်ပတ်သတ်သမျှကို အဆိုးဘက်ကသာ တွေးနေတော့သည်။

“ခေါင်းဆောင်၊ ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်နော်။”

“မစ္စကုသာ ကျရှုံးသွားရင် သူ့အသက်လဲ အန္တရာယ်များတယ်။”

“….”

သူတို့တွေ ကုနင်းကို လေးစားမိကြလျှင်တောင်မှ ဤတစ်ကြိမ်တော့ သူမဘက်ကမလိုက်ပေးနိုင်ပေ။

ကုနင်း စိတ်မဆိုးသလို ဆက်လဲရှင်းပြမနေတော့ပေ။ သူတို့သဘောမတူရင်လဲ သူမအတင်းတွန်းအားပေးနေမှာမဟုတ်ဘဲ နောက်တစ်နည်းသာ စဉ်းစားလိုက်ပေမည်။

“ငါ မစ္စကုကိုယုံကြည်လိုက်မယ်။” လီကျုံးဝေ့ အဆုံးမှာတော့ ဆုံးဖြတ်ချက်ချနိုင်သွားခဲ့သည်။

ကုနင်းသည် နုံနုံအအမိန်းကလေးတစ်ယောက်မဟုတ်ဘဲ သူမ၏အောင်မြင်နိုင်ချေက သူမအရည်အချင်းနှင့် ညီမျှသည်။ ဒါကြောင့် ကုနင်းတွင် ကင်မရာကိုသယ်သွားနိုင်မယ့် နည်းလမ်းကောင်းရှိလိမ့်မည်ဟု သူယုံကြည်လိုက်ခြင်းဖြစ်သည်။

***

အခန်း ၁၂၀၆ ဂရုစိုက်ပါ

“ခေါင်းဆောင်…!!” သူတို့ခေါင်းဆောင်က ကုနင်းအဆိုကို သဘောတူလိုက်တာကြောင့် အားလုံးအံ့ဩသွားတော့သည်။

“ဟုတ်ပြီ၊ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတာဝန်ယူမယ်။ မင်းတို့ဘာမှမဖြစ်စေရဘူး။” လီကျုံးဝေ့ ပြောလိုက်သည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့…”

သူတို့တွေ ပြဿနာတက်မည်ကိုမကြောက်သော်လည်း ကုနင်းကြောင့် ဒုက္ခရောက်မည်ကိုတော့ မလိုချင်ကြပေ။

လီကျုံးဝေ့ သူတို့အားလုံးကိုလျစ်လျူရှုထားလိုက်ကာ ကုနင်းကိုသာ ကြည့်ပြီး၊ “မစ္စကု၊ အခုကစပြီး ငါ့ရဲ့အလုပ်က မင်းအပေါ်မူတည်သွားပြီ။ မင်းအောင်မြင်ဖို့မျှော်လင့်တယ်!”

လီကျုံးဝေ့ အတော်လေးစိတ်တင်းကြပ်နေသော်လည်း ကုနင်းကို အရမ်းဖိအားမပေးချင်တာကြောင့် ပေါ့ပေါ့ပါးပါးဖြစ်ဟန်ဆောင်နေခဲ့သည်။

“စိတ်မပူပါနဲ့၊ ကျွန်မလုပ်နိုင်မယ်လို့ ယုံကြည်ချက်မရှိတဲ့ဘယ်ဟာကိုမှ အစမလုပ်ဘူး။” ကုနင်းကတော့ ယုံကြည်ချက်အပြည့်ပင်။

လီကျုံးဝေ့ ခေါင်းညိတ်လိုက်ကာ အနည်းငယ်စိတ်အေးသွားလေသည်။

တခြားလူတွေကတော့ ကုနင်းနှင့်ဆုံတာမကြာသေးတာကြောင့် ကုနင်းကိုယုံဖို့ခက်ခဲနေကြတုန်းဖြစ်၍ မကျေမနပ်အကြည့်များဖြင့် ကုနင်းကိုကြည့်ကုန်ကြသည်။

တုကျင်းထုန်ဆိုလျှင် ကုနင်းကို သေလောက်အောင်မုန်းတီးနေကာ ကုနင်း ဒီနေ့တာဝန်တွင် အသက်ရှင်လျက်မလွတ်မြောက်လာဖို့တောင် မျှော်လင့်နေတော့သည်။

“ကောင်းပြီ၊ သွားကြရအောင်။” လီကျုံးဝေ့ပြောကာ ထရပ်လိုက်သည်။

လီကျုံးဝေ့တစ်ယောက်တည်း ကုနင်းကို ကလပ်ဆီခေါ်သွားဖို့ လုံလောက်လေသည်။ လူအများကြီးသွားလျှင်က ပိုအာရုံစိုက်ခံရရုံသာရှိသည်။

ကျန်အဖွဲ့သားများကတော့ လီကျုံးဝေ့၏အမိန့်ကို စောင့်ဆိုင်းကြရပေမည်။

သူတို့ကားထဲရောက်သည်နှင့် လီကျုံးဝေ့က ကင်မရာအသေးတစ်လုံးထုတ်ကာ ကုနင်းကိုပေးလိုက်ပြီးနောက် ကားစတင်ထွက်ခဲ့သည်။

ည၇နာရီမတိုင်ခင်မှာပဲ ကလပ်မြေအောက်ကားပါကင်သို့ ကုနင်းနှင့်လီကျုံးဝေ့တို့ ရောက်သွားကာ လီကျုံးဝေ့က ကလပ်မန်နေဂျာကို ဖုန်းဆက်ခေါ်လိုက်သည်။

မန်နေဂျာကို ဖုန်းဆက်ပြီးနောက် လီကျုံးဝေ့က၊ “သူက အတော်အသင့်တော့ယုံကြည်ရတယ်ဆိုပေမယ့် မင်းဂရုစိုက်နေဖို့တော့လိုတယ်။”

ကလပ်မန်နေဂျာသည် လီကျုံးဝေ့၏သူငယ်ချင်းတစ်ဦးဖြစ်သည်။

“ကောင်းပါပြီ။”

သုံးမိနစ်လောက်စောင့်ပြီးနောက် မန်နေဂျာရောက်လာခဲ့သည်။ မန်နေဂျာသည်လဲ အသက်၃၀ ဝန်းကျင်သာရှိသေးသည်။

ယနေ့တာဝန်အတွက် သဘောတူညီချက်လုပ်ထားပြီးသားဖြစ်တာကြောင့် အခုချိန်မှာ ဘာစကားမှပြောမနေကြတော့ဘဲ ကုနင်းကို သာ အမြန်ခေါ်သွားခဲ့သည်။

သင်္ဘောပေါ်တက်လို့ရပြီဖြစ်ကြောင်း စာရသည်နှင့် မန်နေဂျာက လီကျုံးဝေ့ထံ စာပြန်ပို့ပေးမည်ဖြစ်သည်။

နားနေခန်းထဲတွင်တော့ အပျော်မယ်ကိုးဦးအဆင်သင့်ရှိနေပြီဖြစ်ကာ အချင်းချင်းစကားပြောရင်း ရယ်မောနေကြသည်။

တကယ်တော့ သူတို့အားလုံး ဒီညဘယ်လိုပါတီမျိုးကိုသွားရမလဲဆိုသည်ကို မသိထားကြပေ။ သူတို့သိတာက လူချမ်းသာများ ပျော်ပွဲရွှင်ပွဲကျင်းပမည်ဖြစ်ပြီး သူတို့လဲ ဒီနေ့အလုပ်ကနေပြီး ငွေအမြောက်အမြားဝင်နိုင်မည်ဖြစ်ကြောင်းကိုပင်။ ဒါကြောင့် တစ်ဖွဲ့လုံး စိတ်လှုပ်ရှားနေကြတော့သည်။

သူတို့အတွက် နေ့စဉ်လုပ်ငန်းကနေပြီး ငွေအမြောက်အမြားရှာနိုင်ဖို့ဆိုသည်က မလွယ်ကူလှပေ။ သို့သော်လည်း ဒီနေ့လိုပါတီပွဲမျိုးကနေဆိုလျှင်တော့ သူတို့အတွက် တစ်လစာဝင်လောက်ကို ရနိုင်ကြသည်။ သူတို့ဧည့်သည်တွေသာ သူတို့ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်ကြလျှင် ထိုထပ်မကရနိုင်ကြသေးသည်။

“လော့လော့အတွက် စိတ်မကောင်းလိုက်တာ။ သူ ဒီနေ့နေမကောင်းတာနဲ့ အခွင့်ရေးကောင်းကြီးကို လက်လွှတ်လိုက်ရပြီ!” အပျော်မယ်တစ်ဦးက စိတ်မကောင်းဖြစ်နေသလိုပြောနေပေမယ့် တကယ်တမ်း အလွန်ဝမ်းသာနေတာဖြစ်သည်။

ထိုအပျော်မယ်အဖွဲ့သည် အပေါ်ယံတွင် အချင်းချင်းတည့်ကြသည့်ပုံပေါ်သော်လည်း တကယ်တမ်း ပြိုင်ဘက်များသာဖြစ်သည်။

သူတို့အားလုံး ဘောက်ဆူးကောင်းကောင်းရစေဖို့ ရက်ရောသည့်လူချမ်းသာတစ်ယောက်နှင့် အိပ်လိုကြသည်။ ဒါကြောင့်ပဲ လူချမ်းသာတို့၏အာရုံကိုဆွဲဆောင်ဖို့ရန်အတွက် ဒီနေ့အပြိုင်အဆိုင်ပြင်ဆင်ထားကြလေသည်။

ဒီနေ့ပွဲကို လော့လော့မလာဘဲ သူမနေရာတွင် တခြားအပျော်မယ်တစ်ဦးကို အစားထိုးမည်မှန်း သူတို့သိထားကြသည်။ အသစ်တစ်ယောက်က အရမ်းမထင်ပေါ်နေသ၍ သူတို့စိတ်ထဲထားကြမည်မဟုတ်ပေ။

လော့လော့သည် သူတို့ထက် ပိုလူကြိုက်များတာကြောင့် သူတို့ထဲတွင် လော့လော့သည် ငွေအရှာနိုင်ဆုံးဖြစ်သည်။ ဒါကြောင့် သူတို့အားလုံး လော့လော့ကိုမပါစေချင်ကြပေ။

“အသစ်လေးက ဘယ်လိုရုပ်ရည်ရှိမလဲသိချင်လာပြီ။” ရုတ်တရက် အပျော်မယ်တစ်ဦးက ပြောလိုက်သည်။

“ငါတို့နဲ့ဘာများကွာမှာမို့လို့လဲ။”

သူတို့အားလုံး အသစ်ဝင်လာမည့်မိန်းကလေးကို သူတို့ထက်ရုပ်ပိုဆိုးစေဖို့ မျှော်လင့်နေကြပေမယ့် အသစ်လေးက အရမ်းရုပ်ဆိုးနေမည့်ပုံတော့ မပေါ်ပေ။

ထိုအချိန်မှာပဲ နားနေခန်းတံခါး တွန်းဖွင့်ခံလိုက်ရသည်။

အပျော်မယ်များ ချက်ချင်းစကားစဖြတ်လိုက်ကာ တံခါးဝသို့ တပြိုင်တည်း လှည့်ကြည့်လာခဲ့သည်။

မန်နေဂျာဖြစ်သူက အရင်ဝင်လာပြီး သူ့နောက်တွင် အမျိုးသမီးတစ်ယောက်လဲ ပါလာခဲ့သည်။ ထိုအမျိုးသမီးကို အပျော်မယ်များမြင်လိုက်သည်နှင့် မနာလိုဖြစ်သွားကြတော့သည်။ ထိုအမျိုးသမီးက လော့လော့ထက်တောင် ပိုလှနေပါလား! သူမခန္ဓာကိုယ်ဆိုလဲ သူတို့ထဲတွင် အလှဆုံးပင်။

ဘာလို့များမန်နေဂျာက လော့လော့နေရာတွင် ဒီလောက်လှတဲ့အမျိုးသမီးကို အစားထိုးရလဲ သူတို့နားမလည်နိုင်ကြပေ။

“သူက အိုက်လီ၊ မင်းတို့နဲ့အတူ လော့လော့အစား ပါတီကိုလိုက်လိမ့်မယ်။” အိုက်လီဆိုသည်က ကုနင်း၏ တာဝန်အတွက်နာမည်အသစ်ပင်။

မန်နေဂျာက အပျော်မယ်တွေ ကုနင်းကို မနာလိုဖြစ်နေကြကြောင်း ခံစားမိတာကြောင့် တစ်ခါတည်း သတိပေးလိုက်သည်။ “ဒီနေ့ပွဲက အရမ်းအရေးကြီးတယ်၊ မင်းတို့ စည်းကမ်းအတိုင်းလိုက်နာကြ။ ငါ့ကိုပြဿနာဖြစ်အောင် မလုပ်နဲ့!”

“ဟုတ်ကဲ့ပါ မန်နေဂျာ။” အပျော်မယ်များ ပြန်ဖြေလိုက်သည်။ သူတို့အိုက်လီကို သဘောမကျကြသော်လည်း ဒီနေ့မှာတော့ ပြဿနာမရှာရဲကြပေ။

All Chapters