အခန်း (၁၂၀၇-၁၂၁၂)
Vol. 79 Ch. 1207-1212
အခန်း ၁၂၀၇ လှုပ်ရှားမယ်
ယနေ့ပွဲသည် ငွေရှာဖို့အထူးအခွင့်အရေးကြီးဖြစ်တာကြောင့် ဘယ်သူမှ ပြဿနာတက်ပြီး အထုတ်မခံလိုကြပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် ပါတီကျင်းပသူဘက်က မန်နေဂျာထံ ဖုန်းဆက်လာပြီး ဆိပ်ကမ်းနံပါတ်၇မှာရပ်ထားသည့် အပျော်စီးသင်္ဘောသို့လာခဲ့ဖို့ ပြောထားသည်။ ည၈နာရီဆိုတွင် သင်္ဘောစထွက်မည်ဖြစ်သည်။
ဖုန်းချပြီးသည်နှင့် မန်နေဂျာက ချက်ချင်းပင် လီကျုံးဝေ့ထံသို့ အပျော်မယ်များနှင့်အတူ သင်္ဘောသို့သွားတော့မည့်အကြောင်း စာပို့လိုက်သည်။
အပျော်မယ်များကတော့ ဆိပ်ကမ်းသို့သွားသည့်လမ်းတစ်လျှောက်မှာလဲ စကားပြောခဲ့ကြသည်။ အားလုံး သူ့ထက်ငါပိုသာစေရန် ပြင်ဆင်နေကြကာ ကုနင်းကို ဘယ်သူမှဂရုမစိုက်ကြတော့ပေ။
ကုနင်းကလဲ သူတို့နဲ့စကားမပြောချင်တာကြောင့် ဂရုစိုက်မနေပေ။ ကုနင်းသည် အပျော်မယ်များကိုသဘောမကျဘဲ သူတို့နဲ့စည်းခြားထားလေသည်။
…..
လီကျုံးဝေ့နှင့်အဖွဲ့သားများလဲ ဆိပ်ကမ်းနံပါတ်၇သို့ အမြန်ထွက်သွားကြသည်။
၇:၄၀နာရီမှာတော့ နံပါတ်၇ဆိပ်ကမ်းသို့ရောက်ရှိသွားကာ အနီးတဝိုက်တွင် ဇိမ်ခံကားပေါင်းများစွာ ရပ်ထားသည်ကို တွေ့ရလေသည်။
ယနေ့ပါတီပွဲသို့ လူ၁၅ယောက်ဝန်းကျင်တက်ရောက်မည်ဖြစ်ကာ အားလုံးလုပ်ငန်းပါတနာများဖြစ်ကြသည်။ သို့သော်လည်း ပါတီပွဲသည် မူးယစ်ဆေးပါတီဖြစ်မည်မှန်း သူတို့မသိကြတာကြောင့် ယနေ့ညအစီအစဉ်၏နောက်ကွယ်မှ ရည်ရွယ်ချက်အမှန်ကိုလဲ မသိကြပေ။
လီကျုံးဝေ့သည်က ပါတီကျင်းပသည့်အဖွဲ့အစည်းဘက်က လျှို့ဝှက်အေးဂျင့်မှတဆင့် ပါတီပွဲ၏ရည်ရွယ်ချက်အမှန်ကို သိခဲ့ခြင်းဖြစ်သည်။
အခုဆို သူတို့ပစ်မှတ်က သင်္ဘောပေါ်ရောက်နေပြီဖြစ်သော်လည်း ချက်ချင်းဝင်သွားကာ ဝရုန်းသုန်းကားသွားဖမ်းလို့ မဖြစ်ပေ။
သူတို့မလှုပ်ရှားခင် ပစ်မှတ်ကို ထိန်းထားဖို့အတွက် နောက်ထပ်လျှို့ဝှက်အေးဂျင့်တစ်ယောက် ထပ်ပို့မှဖြစ်ပေမည်။
….
ကုနင်း တခြားသောအပျော်မယ်များနောက်ကလိုက်ကာ ဘက်စ်ကားငယ်ထဲမှထွက်ပြီး ဆိပ်ခံတံတားကိုဖြတ်လျှောက်လာသည်။
အပျော်စီးသင်္ဘောသည် အနည်းနည်းငယ်ကာ အလျား ၇-၈မီတာနှင့် အနံ ၃၀မီတာလောက်သာရှိပြီး သုံးထပ်ပါဝင်ပေသည်။ ပထမထပ်သည်က လော်ဘီဖြစ်ကာ ဒုတိယထပ်တွင် အိပ်ခန်းများရှိပြီး တတိယထပ်တွင်တော့ ဖျော်ဖြေရေးပစ္စည်းမျိုးစုံရှိသည်။
ပါတီကျင်းပသည့် လူတွေကတော့ သူတို့တွေ ရဲများ၏အာရုံစိုက်ခြင်းကိုခံနေရပြီမှန်း မသိသေးတာကြောင့် လုံခြုံရေးစစ်ဆေးမှုကိုလဲ ပေါ့ပေါ့ဆဆသာလုပ်ကြသည်။ သို့သော်လည်း ဧည့်သည်များနှင့် အပျော်မယ်အားလုံး၏ ဖုန်းနှင့်အိတ်များကိုတော့ ပထမထပ်တွင်သာ ထားခဲ့ရလေသည်။
ကုနင်းကတော့ သူမပစ္စည်းတွေအားလုံးကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားခဲ့သည်။
သူတို့တွေ ပြဿနာမရှိဘဲ သင်္ဘောပေါ်သို့ တက်သွားနိုင်ခဲ့သည်။
မန်နေဂျာကတော့ အထဲသို့မဝင်ခဲ့ပေ။ လီကျုံးဝေ့ မပြောပြခင်တုန်းက ဤပါတီသည့် မူးယစ်ဆေးပါတီဖြစ်မှန်းကို သူမသိခဲ့ပေ။
အခုသိသွားပြီဖြစ်တာကြောင့် ပြဿနာထဲဝင်မပါချင်၍ အထဲသို့ လိုက်မဝင်တော့ခြင်းဖြစ်သည်။
ကုနင်း အထဲသို့ရောက်သွားသည်နှင့် ကျောက်စိမ်းမျက်ဝန်းဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ရာ တံခါးအပြင်တွင် လက်နက်မပါဘဲစောင့်နေသည့် သက်တော်စောင့်နှစ်ယောက်ရှိကြောင်း တွေ့လိုက်ရသည်။
…..
အပျော်စီးသင်္ဘောသည် အထဲတွင် အတော်လေးကျယ်ကာ အပြည့်အစုံရှိသည်။ သူဌေးဆယ်ယောက်ရောက်နေပြီဖြစ်ကာ တချို့ကတော့ မရောက်ကြသေးပေ။
ပွဲကျင်းပသူဘက်ကပို့ထားသည့်လူများက ဧည့်သည်များကို ဧည့်ခံနေသော်လည်း အဓိကပုဂ္ဂိုလ်ကတော့ ပေါ်မလာသေးပေ။
ခန်းမထဲရှိကျန်လူတွေကတော့ စားပွဲထိုးများသာဖြစ်သည်။
ပါတီသည် ဘူးဖေးပါတီဖြစ်သော်လည်း သင်္ဘောဆိပ်ကမ်းမှ မထွက်ခင်အထိ အစားအသောက်တွေထဲ ဆေးခပ်မည်မဟုတ်ပေ။
ပါတီပွဲနေရာသို့ရောက်သည်နှင့် အပျော်မယ်ချို့က ချက်ချင်းပင် သူတို့နှင့်ရင်းနှီးနေသည့်ဖောက်သည်များဆီ အရောက်သွားကြတော့သည်။
ထိုလူချမ်းသာတွေအားလုံးသည် တဏှာစိတ်ကြီးကြကာ မိန်းမလှလေးတွေကို ငြင်းမည့်သူမပါပေ။
ကျန်အပျော်မယ်များသည်လဲ ဖောက်သည်အသစ်ကို မြူဆွယ်ဖို့ထွက်သွားကြလေသည်။
ကုနင်းကတော့ ထိုသူများလိုလိုက်မလုပ်နိုင်ပေ။ သူမခန္ဓာကိုယ်ကို လူအိုကြီးတွေ ထိတွေ့လာမည်ကို ရွံ့ရှာပေသည်။ သို့သော်လည်း သူမက ဤနေရာသို့ အပျော်မယ်တစ်ယောက်အဖြစ် ဝင်လာခြင်းဖြစ်ကာ အပျော်မယ်အားလုံးသည် ထိုလူချမ်းသာများကို ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။ သူမသာ မလုပ်ပါက သူမသရုပ်မှန်ပေါ်သွားပေလိမ့်မည်။
ဒါကြောင့် ကုနင်း ခွင့်တောင်းကာ သန့်စင်ခန်းသို့သာ ထွက်လာခဲ့တော့သည်။
သူမ သန့်စင်ခန်းထဲသို့ရောက်သည်နှင့် အနားတဝိုက်တွင် စောင့်ကြည့်ကင်မရာရှိလား အရင်ရှာကြည့်သည်။
ကံကောင်းစွာဘဲ သန့်စင်ခန်းထဲတွင် စောင့်ကြည့်ကင်မရမရှိနေတာကြောင့် သူမအစီအစဉ်ဆွဲလို့ရပေပြီ။
အရင်ဦးဆုံး သူမပစ်မှတ်ကို ရှာဖို့လိုသည်။
ပွဲခန်းမမှလွဲလို့ ပထမထပ်တွင်က စားဖိုဆောင်တစ်ခုသာရှိတာကြောင့် ပစ်မှတ်သည် ပထမထပ်တွင် မရှိနိုင်ပေ။ ဒါကြောင့် ကုနင်း ဒုတိယထပ်ကို ချက်ချင်းကြည့်လိုက်သည်။
ဒုတိယထပ်လှေကားတွင် သေနတ်ဆောင်ထားသည့် သက်တော်စောင့်နှစ်ယောက်ရှိနေသည်။ ဒုတိယထပ်တက်,တက်ခြင်းမှာလဲ နောက်ထပ် လက်နက်ကိုင်သက်တော်စောင့်နှစ်ယောက် ရှိနေသေးသည်။
မကြာခင်မှာပဲ ကုနင်း၏အကြည့်တို့က လက်နက်ကိုင်သက်တော်စောင့်နှစ်ယောက် စောင့်ကြပ်နေသော အခန်းတံခါးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
နောက်ဆုံးတော့ သူမပစ်မှတ်ရှိရာ အခန်းကိုရှာတွေ့သွားပေပြီ။ သူမပစ်မှတ်အပြင် နောက်ထပ်လူလတ်ပိုင်းအမျိုးသားနှစ်ယောက်နှင့် လက်နက်ကိုင်သက်တော်စောင့်၆ယောက်လဲရှိသေးသည်။
ဘာပဲဖြစ်ဖြစ် ထိုသက်တော်စောင့်ပမာဏသည် မပြောပလောက်ပေ။
၈နာရီထိုးဖို့ရန် ၁၀မိနစ်လိုသေးလေသည်။ ကုနင်းလဲ အချိန်ကုန်သက်သာစေရန်အတွက် ထို၁၀မိနစ်အတွင်း ပစ်မှတ်ကို တစ်ခါတည်းဖမ်းလိုက်ဖို့ တွေးမိသွားသည်။
ဒါကြောင့် လှေကားရှိ သက်တော်စောင့်တွေသတိမထားမိစေဘဲ အပေါ်ထပ်သို့ ဘယ်လိုတက်လို့ရနိုင်လဲ နည်းလမ်းစဉ်းစားကြည့်လိုက်သည်။
ဘေးပတ်လည်ကို စစ်ဆေးကြည့်ပြီးနောက်မှာတော့ တတိယထပ်ရှိ လေသာဆောင်တွင် သက်တော်စောင့်တစ်ယောက်မှရှိမနေကြောင်း တွေ့လိုက်ရသည်။
သူမ ဒုတိယထပ်က အခန်း၏ပြတင်းပေါက်ကိုသာ ဖွင့်လိုက်နိုင်လျှင် ပြတင်းပေါက်ကနေဝင်ကာ ပစ်မှတ်ကို ဖမ်းနိုင်ပေလိမ့်မည်။
သူမသာ မြန်မြန်လှုပ်ရှားလျှင် အပျော်စီးသင်္ဘောပေါ်မှလူတွေ သူမကိုသိပ်သတိထားမိကြမည်မဟုတ်ပေ။
ထို့နောက် ကုနင်း နတ်ဆိုးကျောင်းကို ထုတ်ကာ သူမကို တတိယထပ်သို့ပို့ပေးရန် ပြောလိုက်သည်။
ညဘက် အလွန်မှောင်မဲနေခြင်းကြောင့် နတ်ဆိုးကျောင်း တစ်ကိုယ်လုံးပေါ်ထွက်လာလျှင်တောင် ဘယ်သူမှမြင်နိုင်မည်မဟုတ်ပေ။
***
အခန်း ၁၂၀၈ သံသယရှိသူကိုဖမ်းဆီးခြင်း
နတ်ဆိုးကျောင်းက ဖြည်းဖြည်းချင်းလှုပ်ရှားကာ ကုနင်းကို သူ့ကိုယ်ပေါ်တင်ပြီး တတိယထပ်သို့ပို့ပေးခဲ့သည်။ ထို့နောက် ကုနင်း အသံတစ်ချက်မထွက်စေဘဲ လေသာဆောင်ပေါ် ခြေချနိုင်ခဲ့သည်။
ထို့နောက် နတ်ဆိုးကျောင်းကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ပြန်ထည့်ကာ သူမခါးတွင် ကြိုးတစ်ချောင်းနှင့် ကင်မရာကိုချည်လိုက်ပြီးနောက် ဖွင့်လိုက်သည်။
ထိုအချိန် လီကျုံးဝေ့နှင့်အဖွဲ့သားများသည်တော့ နံပါတ်၇ဆိပ်ကမ်း၏ကားပါကင်တွင် အသင့်စောင့်နေကြလေသည်။
လီကျုံးဝေ့မှာ မျှော်လင့်ချက်သိပ်မရှိလှသော်လည်း သူပေးလိုက်သည့်ကင်မရာအသေးလေး၏စခရင်က အလုပ်လုပ်လာသည်ကိုမြင်ပြီး အံ့ဩသွားတော့သည်။
ကားထဲရှိ တခြားလူများသည်လဲ အလွန်အံ့ဩသွားကြလေသည်။
“မဖြစ်နိုင်တာ၊ သူတကယ်ကြီး သင်္ဘောပေါ် ကင်မရာသယ်သွားနိုင်တာလား!”
“ဘုရားရေ၊ အံ့ဩဖို့ကောင်းလိုက်တာ။”
“အစောက သူ့ကိုပြောခဲ့မိတဲ့အတွက် စိတ်တောင်မကောင်းဘူး။”
“…..”
တုကျင်းထုန်သည်လဲ ကင်မရာမှတဆင့်မြင်နေရသည့် စခရပ်ပေါ်မှ ပုံရိပ်ကိုကြည့်ပြီး ရှက်ရွံ့သွားခဲ့သည်။
ကုနင်း သူမဖုန်းကိုထုတ်ယူကာ လီကျုံးဝေ့ထံ စာပို့လိုက်သည်။
သူတို့မလာခင်တုန်းက လီကျုံးဝေ့က သူ့ဖုန်းနံပါတ်ကို ကုနင်းအားပေးထားသော်လည်း သူ့တွင်တော့ ကုနင်းဖုန်းနံပါတ်မရှိပေ။ ဒါကြောင့် ကုနင်း သူမစာပို့ရာတွင် သူမနာမည်ကိုပါထည့်ပို့လိုက်သည်။
ကုနင်း : ကျွန်မကုနင်းပါ၊ ဗီဒီယိုကို သေချာမြင်ရလား? အားလုံးပုံမှန်ပဲလား? ကျွန်မ လှုပ်ရှားတော့မလို့။
ထို့နောက် ကုနင်း ကင်မရာကို သူမမျက်နှာဘက်လှည့်လိုက်သည်။
လီကျုံးဝေ့တစ်ယောက် ကုနင်းထံမှစာဝင်ပြီးနောက် သူမဖုန်းကိုပါ အထဲယူသွားနိုင်၍ အံ့ဩသွားတော့သည်။
ကုနင်းဘယ်လိုများသယ်သွားလဲ သူအရမ်းသိချင်နေပေမယ့် အခုချိန်က ထိုအကြောင်းမေးနေဖို့ အချိန်ကောင်းမဟုတ်ပေ။
သူလဲ ချက်ချင်းပဲ သူ့ဘက်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကုနင်းကို စာပြန်ပို့လိုက်သည်။
ထို့နောက် ဝေါ်ကီထော်ကီဖြင့် သူ့အဖွဲ့သားတို့ကို အဆင်သင့်ပြင်ထားရန် အမိန့်ပေးလိုက်သည်။
ကုနင်း သူမဖုန်းကို စိတ်စွမ်းအင်အာကာပြင်ထဲ ပြန်ထည့်လိုက်ကာ ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ဝင်သွားလိုက်သည်။
သူမ အခန်းထဲသို့ခုန်ဝင်သွားသည်နှင့် အားလုံး၏အာရုံက သူမဆီရောက်လာ၏။ ကုနင်း ရုတ်တရက်ပေါ်လာခြင်းကြောင့် အားလုံးကြောင်အနေချိန်မှာပဲ သူမလဲ ပစ်မှတ်ဆီအမြန်ပြေးသွားလိုက်သည်။
မကြာလိုက်ပါဘဲ အားလုံးသေနတ်တွေထုတ်လိုက်ကြပေမယ့် ကုနင်းက ပစ်မှတ်ကို ဖမ်းထားပြီးလို့ သူ့ခေါင်းကို သေနတ်ဖြင့် ချိန်ထားပြီးနေပေပြီ။
အဖြစ်အပျက်တွေက မြန်ဆန်လှတာကြောင့် အားလုံးအံ့ဩထိတ်လန့်ကာ ကြောင်ကြည့်နေမိတော့သည်။
တကယ်တမ်း သံသယရှိသူသည် အတိုက်အခိုက်ကောင်းသူတစ်ယောက်ဖြစ်ပေမယ့် ကုနင်း၏တိုက်ခိုက်မှုကို ရင်ဆိုင်တိုက်ခိုက်ဖို့ရန် သူ့တွင် အချိန်မရှိလိုက်ပေ။
သက်တော်စောင့်တွေက ကုနင်းကို သေနတ်တွေဖြင့် ချိန်ထားကြပေမည့် သူတို့ဘော့စ် ထိခိုက်သွားမည်စိုးတာကြောင့် ပစ်တော့မပစ်ရဲကြပေ။
လီကျုံးဝေ့နှင့်သူ့အဖွဲ့သားတို့လဲ သူတို့ပစ်မှတ်က ကုနင်းလက်ထဲရောက်နေပြီဖြစ်ကြောင်း သေချာမြင်နေကြရသည်။
ဒါကြောင့် ချက်ချင်းပင် သူ့အဖွဲ့သားတွေကို စတင်လှုပ်ရှားကြတော့ဖို့ လီကျုံးဝေ့ အမိန့်ပေးလိုက်တော့သည်။
၈နာရီထိုးဖို့ ၅မိနစ်လိုနေသေးတာကြောင့် သင်္ဘောက မထွက်ခွာရသေး၍ သူတို့တွေ သင်္ဘောပေါ်သို့ တန်းဝင်သွားနိုင်ကြသည်။
“မင်းဘယ်သူလဲ?” သံသယရှိသူက ကုနင်းကို မေးလိုက်သည်။
“မင်းကိုဖမ်းမယ့်သူ။”
“မင်းကိုဘယ်သူပို့လိုက်တာလဲ?” သံသယရှိသူက ထပ်မေးလာပြန်သည်။ သူ့မှာ ရန်သူတွေများလှတာကြောင့် သူ့ကိုဖမ်းဖို့ရန် ကုနင်းကို ဘယ်သူလွှတ်လိုက်မှန်း မသိပေ။
သို့သော်လည်း ဘယ်သူပဲလွှတ်လွှတ် သူကတော့ အလွန်ဒေါသထွက်နေပေပြီ။ ဒီနေ့သူသာ လွတ်မြောက်နိုင်ခဲ့ရင် တစ်ဖက်လူကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းပေမည်ဟု စိတ်ထဲတွေးနေလေသည်။
“ငါ့နောက်လိုက်ခဲ့၊ အဲ့လိုဆို သိရလိမ့်မယ်။” ကုနင်းပြောလိုက်ပြီး သံသယရှိသူကို တံခါးပေါ်ကဘက်သို့ တွန်းလိုက်သည်။
သေနတ်က သူ့ခေါင်းကိုချိန်ထားတာကြောင့် သံသယရှိသူလဲ ရွေးချယ်စရာမရှိဘဲ လှုပ်ရှားရလေသည်။
သူ့သက်တော်စောင့်တွေကတော့ သူသွားသည့်တစ်လျှောက် လိုက်ပါလာကြသည်။
အပြင်ဘက်မှ သက်တောင်စောင့်နှစ်ယောက်မှာတော့ သူတို့ဘော့စ် မိန်းမတစ်ယောက်ရဲ့တွန်းထုတ်ခြင်းခံလိုက်ရ၍ ကြောက်လန့်နေကြသည်။ သူတို့လဲ သေနတ်တွေထုတ်ကာ ကုနင်းကို ချိန်လိုက်ကြပေမယ့် မပစ်ရဲကြပေ။
“ငါ့လူတွေ ဒီနေရာကိုဝိုင်းထားကြပြီ။ မင်းအသတ်ခံရမှာမကြောက်ဘူးလား?” သံသယရှိသူက ကုနင်းကို ခြိမ်းခြောက်လိုက်သည်။
“သူတို့တွေထက် ငါကပိုမြန်တယ်။” ကုနင်း လှောင်လိုက်သည်။ ထိုသက်တော်စောင့်တွေလောက်ကို သူမ,မကြောက်ပေ။
သံသယရှိသူလဲ မှင်သက်သွားလေသည်။ ကုနင်းက လူတိုင်းထိတ်လန့်နေစဲအချိန်မှာတင် လျက်တပြတ် သူ့ကိုအမိဖမ်းနိုင်မှတော့ သူမသာ သူ့ကိုသတ်ချင်လျှင် အချိန်မရွေးသတ်လိုက်နိုင်ကြောင်း သက်သေပြနေသည်။
“မင်းတို့တွေ ငါ့ရှေ့ကလျှောက်ကြစမ်း။” ကုနင်း သူမကို ထိုလူတွေဝိုင်းအုံနေတာကို သဘောမကျပေ။
သက်တော်စောင့်တွေမှာ တုန့်ဆိုင်းနေကြတာကြောင့် သံသယရှိသူက ချက်ချင်းအမိန့်ပေးလိုက်သည်။ “သူပြောသလိုလုပ်ကြ!”
သူ့အသံအန္တရာယ်ရှိမည့်အဖြစ်မျိုးကိုတော့ အဖြစ်မခံနိုင်ပေ။ ဘော့စ်ကိုယ်တိုင်က ပြောလာတာကြောင့် သက်တော်စောင့်တွေလဲ အမိန့်နာခံကြသည်။
သက်တော်စောင့်တွေအားလုံး ပထမထပ်က ခန်းမကိုရောက်တဲ့အထိ နောက်ပြန်လျှောက်သွားကြကာ ကုနင်းကတော့ သံသယရှိသူကို လက်ဖြင့်ထိန်းရင်း ဖြည်းဖြည်းချင်း လိုက်သွားခဲ့သည်။
ခန်းမထဲရှိ သာယာနေသည့်လေထုမှာ သက်တော်စောင့်တစ်ဖွဲ့ကြောင့် ရုတ်ချည်းနှောင့်ယှက်ခံလိုက်ရလေသည်။
သေနတ်တွေပါကိုင်ထားသည်ကိုမြင်လိုက်ရတာကြောင့် အားလုံးကြောက်လန့်သွားကာ အခန်းထောင့်များတါင် ဝင်ပုန်းကြတော့သည်။
“အဲ့ဒါ အိုက်လီမဟုတ်လား?”
“သူဘာတွေလုပ်နေတာလဲ?”
“မင်းပြောတော့ မင်းကိုလွှတ်လိုက်တဲ့လူကို ငါတို့ထွက်လာရင်တွေ့ရမှာဆို?” သံသယရှိသူက သူ့ကိုဖမ်းဖို့လွှတ်လိုက်သည့်လူအား အရမ်းမြင်ချင်နေတာကြောင့် ထပ်မေးလိုက်သည်။
“လောမနေနဲ့။ ခဏနေတွေ့ရလိမ့်မယ်။”
***
အခန်း ၁၂၀၉ ဘာမှပြန်မလိုချင်ဘူး
၁၀စက္ကန့်မျှအကြာမှာပဲ လက်နက်ကိုင်အထူးတပ်ဖွဲ့က အထဲသို့ချိုးဖြတ်ဝင်ရောက်လာတာကြောင့် လူတိုင်းကြောက်လန့်သွားကြတော့သည်။
လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များကို သံသယရှိသူမြင်သွားသည်နှင့် ဘာတွေဖြစ်နေလဲဆိုသည်ကို နားလည်သွားတော့သည်။ ဤကိစ္စ၏နောက်ကွယ်တွင် သူ့ရန်သူတစ်ယောက်ယောက်ရှိနေမည်ထင်တာကြောင့် ငွေဖြင့်ဖြေရှင်း၍ရနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူ့ရန်သူက ရဲတပ်ဖွဲ့ဖြစ်နေခြင်းကြောင့် သေချာပေါက် အဖမ်းခံရပေတော့မည်။
“သေနတ်တွေချလိုက်!” လီကျုံးဝေ့ အော်ပြောလိုက်သည်။
သူတို့ဘက်တွင် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင် အယောက်၂၀ခန့်ပါရှိကာ သံသယရှိသူမှာတော့ သက်တော်စောင့်၁၀ယောက်သာရှိတာကြောင့် အနိုင်ရဖို့မဖြစ်နိုင်ပေ။ ဒါ့အပြင် သူတို့ခေါင်းဆောင်ကလဲ ကုနင်းလက်ထဲရှိနေတုန်းပင်။
သက်တော်စောင့်များသည် လီကျုံးဝေ့၏စကားကို နားမထောင်ဘဲ သူတို့ဘော့စ်ဘက်ကိုသာ လှည့်ကြည့်လိုက်ကြသည်။
“သေနတ်တွေချလိုက်ကြ။” သံသယရှိသူမှာလဲ တခြားရွေးချယ်စရာမရှိတော့တာကြောင့် အလျှော့ပေးလိုက်ရသည်။ သူရုန်းလိုက်လျှင်လဲ ချက်ချင်းအသတ်ခံရနိုင်တာကြောင့် မရုန်းရဲပေ။
သူတို့ဘော့စ်ကိုယ်တိုင်က အမိ်န့ပေးလာခြင်းဖြစ်တာကြောင့် သက်တော်စောင့်များလဲ သေနတ်တွေကို ချက်ချင်းချလိုက်သည်။
ချက်ချင်းပင် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များက ရှေ့သို့ပြေးလာကာ သေနတ်တွေကိုသိမ်းပြီး သက်တော်စောင့်များကို ဖမ်းချုပ်လိုက်ကြသည်။
ထို့နောက် လီကျုံးဝေ့လဲ ကုနင်းဆီသို့လျှောက်လာကာ သံသယရှိသူကို လက်ထိပ်ခတ်လိုက်သည်။ နောက်ထပ်အဖွဲ့တစ်ယောက်ကလဲ သူ့အနားသို့ပြေးလာကာ သံသယရှိသူကို ဖမ်းခေါ်သွားခဲ့သည်။
“ဒီမှာ ရှင့်ပစ္စည်း။” ကုနင်း ကင်မရာကိုပိတ်ကာ လီကျုံးဝေ့ထံ ပေးလိုက်သည်။
လီကျုံးဝေ့ ကင်မရာကိုယူလိုက်ပြီးနောက် ကုနင်းလက်ထဲကသေနတ်သည် သံသယရှိသူ၏သေနတ်ဖြစ်သည်ဟု ထင်လိုက်တာကြောင့်၊ “မစ္စကု၊ ဒီသေနတ်က…”
“အာ… ဒါကျွန်မသေနတ်ပါ။”
“ဘာ?” လီကျုံးဝေ့ အံ့ဩသွားတော့သည်။
ကုနင်းသည် သာမာန်ပြည်သူတစ်ယောက်သာဖြစ်သည်။ ဘယ်လိုလုပ်သေနတ်ရှိနေရတာလဲ? ပြီးတော့ အထဲကို ဘယ်လိုလုပ်သယ်လာတာလဲ?
ကုနင်း ချက်ချင်းရှင်းပြပေးခဲ့သည်။ “ကျွန်မမှာ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိတယ်။ ခဏနေမှ ရှင့်ကိုပြပေးပါ့မယ်။”
တကယ်တော့ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်သည် စိတ်စွမ်းအင်အာကာပြင်ထဲမှာရှိနေခြင်းဖြစ်တာကြောင့် လူအများရှေ့မှ ထုတ်လိုက်ဖို့ မဖြစ်နိုင်ခြင်းဖြစ်သည်။ တကယ်တော့ သူမဖုန်းတွေ၊ ကင်မရာတွေ၊ သေနတ်တွေကို သင်္ဘောပေါ်ယူလာနိုင်နေတာကပင် အားလုံးအတွက် အဖြေရှာမရသည့်ပုစ္ဆာဖြစ်နေပေပြီ။
ကုနင်းပြောပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။ ယနေ့ကိစ္စတွင် သူမပါဝင်ခဲ့သော်လည်း သူမသည် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်တာကြောင့် ကျန်တာတွေ လီကျုံးဝေ့လက်ထဲ အပ်ခဲ့တာကောင်းသည်။
ကုနင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ရှိသည်ဆိုမှတော့ လီကျုံးဝေ့လဲ ထပ်မေးမနေတော့ပေ။
သာမာန်လူတစ်ယောက်တွင် သေနတ်ရှိဖို့ မဖြစ်နိုင်သော်လည်း ကုနင်းကတော့ အစိုးရအထူးဌာနတစ်ခု၏ ရွေးချယ်ခြင်းခံထားရတာကြောင့် အခုလို အထူးအခွင့်အရေးရနေခြင်းဟု လီကျုံးဝေ့ ထင်သွားသည်။
ထိုအတွေးကလဲ တော်တော်လေးဖြစ်နိုင်ချေရှိသည်ဟု လီကျုံးဝေ့ထင်မိသည်။
ကုနင်းနှင့်လီကျုံးဝေ့တို့၏စကားများကို တုကျင်းထုန်မကြားရတာကြောင့် ကုနင်းသေနတ်ကိုင်ပြီး အပြင်ထွက်လာသည်နှင့် သူမချက်ချင်းလှမ်းတားလိုက်သည်။
“ကူညီပေးစရာရှိလို့လား?” ကုနင်း အေးစက်စက်သာမေးလိုက်သည်။
“မင်း သေနတ်ကိုယူသွားလို့မရဘူး။” တုကျင်းထုန်သည်လဲ ထိုသေနတ်ကို သံသယရှိသူ၏သေနတ်ဟု ထင်နေသည်။
သာမာန်ပြည်သူတစ်ယောက်အနေနဲ့ သေနတ်ကိုင်ဆောင်ခြင်းသည် တရားမဝင်ပေ။
နားလည်မှုလွဲနေခြင်းဖြစ်မှန်း ကုနင်းနားလည်တာကြောင့် စိတ်မဆိုးသွားဘဲ ပြုံးလိုက်ကာ၊ “ဒါ ကျွန်မသေနတ်၊ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်လဲရှိတယ်။ ခဏနေမှ ပြတော့မယ်။”
ထို့နောက် တုကျင်းထုန်ကိုလျစ်လျူရှုကာ ထွက်သွားတော့သည်။
တုကျင်းထုန်သည်တော့ ကြောင်အ၍ကျန်ခဲ့လေသည်။ ကုနင်းသည် သာမာန်ပြည်သူတစ်ယောက်ဖြစ်ပြီး သေနတ်ကိုင်ဆောင်ခွင့်ရှိနေမည်ဟု သူမ,မယုံနိုင်ဖြစ်နေလေသည်။
ကုနင်းဆိုသည့်မိန်းကလေးသည် ကြည့်လေကြည့်လေ ဆန်းကျယ်မှုများဖြင့် ပြည့်နှက်နေလေပင်။
သေနတ်ကိုင်ဆောင်ခွင့်ရှိသည်ဆိုမှတော့ ကုနင်းသည် သာမာန်ပြည်သူတစ်ယောက်တော့ မဖြစ်နိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ် လောလောဆယ် ကုနင်းကို တုကျင်းထုန် မတားနိုင်တော့ပေ။
တုကျင်းထုန်တင်မကဘဲ ကုနင်းစကားကိုကြားသွားသည့် တခြားအဖွဲ့ဝင်များသည်လဲ အလွန်အံ့ဩနေကြလေသည်။
သံသယရှိသူနှင့် သက်တော်စောင့်များကို ရဲစခန်းသို့ခေါ်ဆောင်သွားကြသည်။ ပါတီမှကျန်လူများအနေနဲ့တော့ ဖြောင့်ချက်ပေးဖို့လိုသေးတာကြောင့် လီကျုံးဝေ့က လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်၅ဦးအား ထိုလူများကိုခေါ်ဆောင်သွားစေခဲ့သည်။
ထို့နောက် သူလဲ တခြားအဖွဲ့သားများနှင့်အတူ ဌာနသို့ပြန်ဖို့ပြင်သည်။
ကုနင်း အပျော်စီးသင်္ဘောပေါ်မှဆင်းသည်နှင့် ကားပါကင်သို့မသွားခဲ့ပေ။ သူမကို ဘယ်သူမှအာရုံမစိုက်လောက်တော့မှ မြစ်ကမ်းဘေးဘက်သို့သွားကာ နတ်ဆိုးကျောင်းကို လွှတ်ပေးခဲ့ပြီး မနက်ဖြန်ညလောက်မှ လာခေါ်ဖို့ စိတ်ကူးထားလေသည်။
လီကျုံးဝေ့က ကုနင်းကို လက်နက်ကိုင်အထူးတပ်ဖွဲ့ဌာနသို့ပြန်ခေါ်သွားပေးခဲ့ကာ တုကျင်းထုန်နဲ့ကျန်အဖွဲ့ဝင်များကတော့ ဘက်စ်ကားငယ်တစ်စီးကို စီးကြသည်။
“မစ္စကု၊ ဖုန်းရယ်၊ ကင်မရာရယ်၊ သေနတ်ရယ်ကို မင်းအထဲ ဘယ်လိုယူသွားတာလဲဆိုတာ ငါသိလို့ရမလား?” လီကျုံးဝေ့မေးလိုက်သည်။
“စိတ်မကောင်းပါဘူး။ ကျွန်မအသေးစိတ်မပြောပြပေးနိုင်ဘူး။”
ကုနင်း သူ့ကိုမပြောပြချင်မှတော့ လီကျုံးဝေ့လဲ ဆက်မမေးတော့ပေ။
“မစ္စကု၊ ဒီနေ့ မင်းလုပ်ပေးခဲ့တာတွေအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ ငါ့ခေါင်းဆောင်ကို တင်ပြပြီး မင်းအတွက် ထိုက်တန်တဲ့ဆုချီးမြှင့်ပေးပါ့မယ်။”
“ကျေးဇူးပါပဲ၊ ဒါပေမယ့် အဲ့လိုတွေမလိုအပ်ပါဘူး။” ကုနင်းပြန်ပြောလိုက်သည်။ “ဒီတာဝန်မျိုးက လုပ်သင့်တာကြောင့် ကျွန်မကူညီပေးခဲ့ရုံပါ။”
ကုနင်းအတွက် ဘာဆုမှမလိုအပ်ပေ။
“ဘာလို့လဲ? မင်းငါတို့အတွက် အများကြီးလုပ်ပေးခဲ့တာပဲကို။”
ကုနင်းသည် လောဘကြီးသူမဟုတ်ဘဲ စေတနာအလျောက် သူတို့ကို လိုလိုလားလားကူညီပေးခဲ့ခြင်းဖြစ်မှန်း လီကျုံးဝေ့ နားလည်ပေသည်။ ကုနင်းသည် အမှန်ကို တရားမျှတစိတ်အပြည့်ရှိသည့် သန်မာသည့်မိန်းကလေးတစ်ဦးပင်။ သို့သော်လည်း ကုနင်း ဘာဆုကိုမှမယူဘူးဆိုခြင်းက သူ့ကိုအပြစ်ရှိသလိုခံစားရစေသည်။
***
အခန်း ၁၂၁၀ ဒီနေ့မူတန်တစ်ကောင်တွေ့ခဲ့တယ်
“သိပ်အရေးမကြီးပါဘူး။” ကုနင်းဘက်က ဆုလက်ခံမည့်ပုံလုံးဝမပေါ်တာကြောင့် လီကျုံးဝေ့လဲ အတင်းမတိုက်တွန်းတော့ပေ။
လက်နက်ကိုင်အထူးတပ်ဖွဲ့ဌာနသို့ပြန်ရောက်သည်နှင့် ကုနင်းက လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ကို လီကျုံးဝေ့အားပြလိုက်သည်။
ကုနင်းရှင်းပြလာကတည်းက လီကျုံးဝေ့ ယုံကြည်ထားပြီးသားဖြစ်သော်လည်း ပိုသေချာသွားစေရန်အတွက် တစ်ခေါက်စစ်ကြည့်လိုက်သည်။
လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ကို အတုလုပ်သည်များရှိပေမယ့် အတုလုပ်လို့ ကုနင်းအတွက် ဘာကောင်းကြိုးမှရှိမည်မဟုတ်တာကြောင့် ကုနင်းကတော့ လုပ်လိမ့်မည်ဟု လီကျုံးဝေ့မထင်ပေ။ ကုနင်းသည် လက်ရှိတွင် ဆယ်လီတစ်ယောက်ဖြစ်နေပြီး သူမသည် အောင်မြင်ကာ ကျော်ကြားသည့်အမျိုးသမီးတစ်ဦးလဲဖြစ်သေးသည်။
လီကျုံးဝေ့ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ကို တစ်ချက်စစ်ကြည့်ပြီးသည်နှင့် ကုနင်းကိုပြန်ပေးလိုက်သည်။ ကုနင်း လိုင်စင်ပြန်ရသည်နှင့် တုကျင်းထုန်ဘက်လှည့်လိုက်ကာ၊ “ရှင်ရော စစ်ကြည့်ချင်သေးလား?”
တုကျင်းထုန် နှုတ်ဆိတ်နေပြီး တစ်ဖက်သို့လှည့်သွားခဲ့သည်။ ထိုအပြုအမူအရ သူမယုံကြည်တာကြောင့် အလုပ်ရှုပ်ခံပြီး ထပ်မစစ်လိုကြောင်း ပြောနေသလိုပင်။
လီကျုံးဝေ့ ကိုယ်တိုင်စစ်ပြီးသွားမှတော့ အတုဖြစ်နိုင်စရာအကြောင်းမရှိတော့ပေ။
အခုတော့ တုကျင်းထုန်လဲ ကုနင်းကို မနာလိုစိတ်တို့လျော့နည်းသွားပေပြီ။ ကုနင်း၏အရည်အချင်းက သူမထက်အဆများစွာ ပိုသာလွန်နေလေသည်။
တစ်ဖက်လူ၏အရည်အချင်းက ကိုယ်ထင်ထားသည်ထက်ကို ကျော်လွန်သွားပါက ထိုသူကို ထပ်ပြီးမနာလိုစိတ်တောင် ထားနိုင်တော့မည်မဟုတ်ပေ။
ကုနင်း သူမတာဝန်ကိုဝင်ယူသွားသည့်အတွက် တုကျင်းထုန် မကျေမနပ်ဖြစ်နေသေးတုန်းဆိုသော်လည်း သူမသည် ဉာဏ်ထက်သည့်မိန်းကလေးတစ်ယောက်ပင်ဖြစ်ကာ တာဝန်က ဘယ်လောက်အရေးကြီးမှန်း နားလည်ပေသည်။
“မစ္စကု၊ ငါတို့တောင်းပန်ပါတယ်။ မင်းကို သံသယမဝင်ခဲ့သင့်ဘူး။” လက်နက်ကိုင်အဖွဲ့ဝင်များက ကုနင်းကို တောင်းပန်လာကြသည်။
သူတို့လုပ်ရပ်က မမှားမှန်း သိကြသော်လည်း ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်မဟုတ်မှန်းကိုတော့ လက်ခံသွားခဲ့ကြသည်။ ကုနင်းသည် အလုပ်ဖြင့် သူမအရည်အချင်းကိုသက်သေပြသွားခဲ့ပြီဖြစ်တာကြောင့် သူတို့လဲ သူမကိုဆက်ပြီး သံသယဝင်နေစရာအကြောင်းမရှိတော့ပေ။
“တောင်းပန်ဖို့မလိုပါဘူး။ သာမာန်လူတွေအတွက် လုံခြုံရေးဂိတ်ကိုဖြတ်ပြီး ပစ္စည်းသယ်သွားဖို့ဆိုတာ အရမ်းခက်ခဲတာဆိုတော့ ရှင်တို့သံသယဝင်ကြတာ မဆန်းပါဘူး။” ကုနင်း ထိုကိစ္စနှင့်ပတ်သတ်လို့ စိတ်ထဲမထားပေ။ သူမမှာသာ စိတ်စွမ်းအင်အာကာပြင်ရှိမနေလျှင် သူမလဲလုပ်နိုင်မည်မဟုတ်ပေ။
ကုနင်း စိတ်မဆိုးမှန်းသိတော့မှ အဖွဲ့ဝင်များလဲ စိတ်သက်သာရာရသွားကြသည်။
“ဟုတ်ပြီ၊ အချိန်လဲမစောတော့ဘူးဆိုတော့ ကျွန်မ အိမ်ပြန်တော့မယ်။” ကုနင်း လီကျုံးဝေ့နှင့်ကျန်လူများကို နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။ ကုနင်းအတွက် ရှည်လျားလှသည့်နေ့တစ်နေ့ဖြစ်ခဲ့တာကြောင့် သူမအတော်လေးပင်ပန်းသွားပေပြီ။
လီကျုံးဝေ့လဲ ကုနင်းကိုမတားတော့ဘဲ သူမထွက်သွားသည်ကိုသာ ကြည့်နေခဲ့သည်။
…..
ကုနင်းထွက်သွားသည်နှင့် လက်နက်ကိုင်အထူးတပ်ဖွဲ့ဝင်များ၏ မြိုသိပ်ထားရသော စကားဝိုင်းကြီးစလေတော့သည်။
“ကုနင်းက တော်တော်အံ့ဩဖို့ကောင်းတယ်၊ ငါသူ့အကြောင်းပိုပိုပြီးသိချင်လာပြီ။ သူ့မိသားစုကလဲ အင်အားတော်တော်ကြီးတဲ့ထဲကပဲဖြစ်မယ်။”
“ဟုတ်တယ်၊ သူလုပ်ပြသွားတာတွေအားလုံး အံ့ဩစရာတွေချည်းပဲ။”
“သူသာ ပြစ်မှုကျူးလွန်သူတစ်ယောက်ဆိုရင် ငါတို့တွေ ဘယ်သူမှ သူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူး။”
“အမှန်ပဲ။”
“အိုး… ဒါနဲ့ ခေါင်းဆောင်၊ ကုနင်း ကင်မရာ၊ ဖုန်းနဲ့ သေနတ်တွေကို သင်္ဘောပေါ်ဘယ်လိုယူသွားတာလဲ မေးကြည့်ခဲ့သေးလား?”
“အွန်း၊ ဒါပေမယ့် သူမပြောပြတာနဲ့ ငါလဲဆက်မမေးတော့ဘူး။” လီကျုံးဝေ့ ပြန်ဖြေလိုက်သည်။
ကုနင်းက သူတို့ကိုမပြောပြချင်မှာတော့ သူတို့လဲ ဖိအားပေးကာ ဖြေခိုင်းဖို့မဖြစ်နိုင်ပေ။
…..
မကြာခင်မှာပဲ ကုနင်းအိမ်ပြန်ရောက်သွားသည်။ သူမရေချိုးတော့မည့်အချိန်မှာပဲ လင်ရှောင်းထင် ဖုန်းဆက်လာခဲ့သည်။
“နင်းနင်း၊ ဘာတွေလုပ်နေလဲ?”
“ကျွန်မအခုပဲ အိမ်ပြန်ရောက်တာ၊ ရှင်ရော?”
“ကိုယ်လဲ ဒီနေ့အလုပ်များနေတာ၊ အခုအားတာနဲ့ ချက်ချင်းဖုန်းခေါ်လိုက်တာပဲ။” လင်ရှောင်းထင် ပြန်ဖြေလိုက်ပြီး၊ “နင်းနင်း၊ အရမ်းလွမ်းနေပြီ။”
သူမကိုမတွေ့ရသည်က ရက်အတော်ကြာသွားပေပြီ!
ကုနင်း ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ၊ “ကျွန်မလဲ လွမ်းတယ်။”
သူတို့အချင်းချင်း ထိုသို့ချိုမြိန်လှသည့်ချစ်စကားတို့ ပြောနေကြဖြစ်သွားပြီဖြစ်တာကြောင့် ရှက်ကိုးရှက်ကန်းဖြစ်တာမျိုးလဲ မရှိတော့ပေ။
“မင်းအခု Bမြို့မှာလား Fမြို့မှာလား?” လင်ရှောင်းထင်မေးလာသည်။
“အခုထိ Bမြို့မှာပဲရှိသေးတယ်။ သန်ဘက်ခါမှ Fမြို့ကိုပြန်မှာ။”
“ဟုတ်ပြီ၊ ကိုယ့်အဖိုးကတော့ မင်း ကောလိပ်ဝင်ခွင့်ဖြေပြီးတာနဲ့ မင်းမိသားစုဆီသွားပြီး ကိုယ်တို့စေ့စပ်ပွဲအကြောင်း စကားပြောမယ်လို့ပြောတယ်။” လင်ရှောင်းထင်၏အသံက အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။
သခင်ကြီးလင်သည် တစ်လျှောက်လုံးBမြို့ ထန်မိသားစုသို့သွားလည်ချင်နေပေမယ့် လင်ရှောင်းထင်က မအားသလို ကုနင်းကလဲ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရဦးမည်ဖြစ်တာကြောင့် နှောင့်နှေးနေခြင်းဖြစ်သည်။ နှစ်ဖက်မိသားစုတွေ့ဆုံကာ တရားဝင်စေ့စပ်မည်ဖြစ်ခြင်းကြောင့် ကုနင်းရောလင်ရှောင်းထင်ပါ အတူရှိနေဖို့လိုအပ်သည်။
“ကိစ္စမရှိဘူး။”
သူတို့အတော်ကြာစကားတွေပြောပြီးနောက် ရုတ်တရက် ကုနင်းက၊ “ရှောင်းထင်၊ ကျွန်မအရေးကြီးတာတစ်ခုပြောရဦးမယ်။”
ထိုစကားကြောင့် လင်ရှောင်းထင်၏အမူအရာတို့ လေးနက်သွားလေသည်။
“ကျွန်မ ဒီနေ့ သန္ဓေပြောင်းလူသားနဲ့တွေ့ခဲ့တယ်။”
သူမလျှို့ဝှက်ချက်တွေကို လင်ရှောင်းထင်သိသွားကတည်းက သူမဘာကိုမှထပ်ပြီး လျှို့ဝှက်မထားတော့ပေ။
“ဘာ? မူတန်?” လင်ရှောင်းထင် အံ့ဩသွားလေသည်။ “မင်းအဆင်ပြေရဲ့လား?”
လင်ရှောင်းထင် အတော်များများကို မျက်မြင်တွေ့ရှိပြီးနောက် သရဲများ မကောင်းဆိုးဝါးများအကြောင်းပါသည့် စာအုပ်များကို ဖတ်ဖြစ်ခဲ့သည်။ မူတန်ကိုတော့ ကိုယ်တိုင်မမြင်တွေ့ဖူးသေးပေမယ့် ကုနင်းပြောသမျှကို ယုံကြည်ပေသည်။
မူတန်ဆိုသည်က သရဲထက်ပင် ရှင်းထုတ်ရပိုတောင် ခက်ပေသေးသည်။
ကုနင်းမှာ နတ်ဆိုးကျောင်း၏အကူအညီရှိမှန်း လင်ရှောင်းထင်သိသော်လည်း သူ့ချစ်သူကောင်မလေးအတွက် စိုးရိမ်မိသွားတုန်းပင်။
***
အခန်း ၁၂၁၁ သန်းခေါင်ယံကျူးကျော်သူ
“ကျွန်မအဆင်ပြေပါတယ်၊ မူတန်ကိုလဲ ဖျက်ဆီးပစ်ပြီးပြီ။” ကုနင်း ဖြေလာသည်ကိုကြားကာမှ လင်ရှောင်းထင် စိတ်အေးသွားလေသည်။ သို့သော်လည်း မူတန်တစ်ကောင်ပေါ်ထွက်လာခြင်းက ကောင်းသည့်အရာတော့မဟုတ်ပေ။ “ကိုယ်တို့ ဒီကိစ္စကို သေချာစုံစမ်းသင့်တယ်လို့ထင်တယ်။ ဒါက အစိုးရဘက်နဲ့တစ်နည်းနည်းသက်ဆိုင်မှုရှိနေပေမယ့် ကိုယ်တို့နိုင်ငံဘက်က ထုတ်လုပ်တာမျိုးမဟုတ်ဘူးဆိုရင် အမြစ်ပြတ်သုတ်သင်ပစ်ရမယ်။ တကယ်လို့ တခြားနိုင်ငံတစ်ခုကနေ ထုတ်လုပ်နေတာမျိုးဆိုရင်တော့ ကိုယ်တိုင်နိုင်ငံအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်လာလိမ့်မယ်။”
လက်ရှိအခြေအနေသည် ငြိမ်းချမ်းသည့်ခေတ်ဆိုသော်လည်း တချို့နယ်မြေများတွင်တော့ တိုက်ပွဲများရှိနေတုန်းပင်။ မူတန်များသည် တိုက်ပွဲအတွက် အကောင်းဆုံးလက်နက်များဖြစ်လာနိုင်သည်။
လင်ရှောင်းထင်သည် စစ်တပ်တွင်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အမှန်တရားကိုရှာဖွေဖော်ထုတ်ဖို့ရန် သူ့တွင်တာဝန်ရှိသည်ဟု တွေးသည်။
“ကျွန်မလဲ သဘောတူယ်။ အကူအညီလိုရင် အချိန်မရွေးသာပြော။”
လင်ရှောင်းထင် မူတန်တစ်ကောင်နှင့်ထိပ်တိုက်တွေ့ပြီး တစ်ခုခုဖြစ်သွားမည်ကို ကုနင်း စိုးရိမ်လေသည်။ လင်ရှောင်းထင်သည်သာမာန်လူသားတစ်ယောက်သာဖြစ်ကာ သူမတွင်တော့ နတ်ဆိုးကျောင်း၏အကူအညီရှိသည်။ ကုနင်းမှာသာ နတ်ဆိုးကျောင်းမရှိနေလျှင် သူမအတွက်လဲ မူတန်တစ်ကောင်ကို ဖြေရှင်းဖို့ဆိုသည်က မလွယ်ကူလှပေ။
“ပြီးတော့ အခုထိ မူတန်ကိုသုတ်သင်ဖို့ နည်းတစ်နည်းပဲတွေ့သေးတယ်။ အဲ့ဒါက သူ့တစ်ကိုယ်လုံးကသွေးတွေကို ထုတ်ပစ်တာပဲ။ သူ့ခန္ဓာကိုယ်ထဲမှာသွေးမရှိတော့ရင် သူလဲ ပြန်မကောင်းနိုင်တော့ဘူးဆိုပေမယ့် သွေးအားလုံးထုတ်ဖို့ဆိုတာကလဲ တော်တော်အားကုန်တယ်။ နတ်ဆိုးကျောင်းတောင်မှ နာရီဝက်လောက်အချိန်ယူလိုက်ရတယ်။ လူသားတွေအတွက်သာဆို နာရီပေါင်းများစွာကြာသွားနိုင်တယ်။ မေ့ဆေးက သက်ရောက်မှုရှိတယ်ဆိုပေမယ့် ခဏလေးပဲခံတယ်။”
“ကောင်းပြီ၊ ကိုယ်နားလည်ပြီ။ သူတို့နဲ့ရင်ဆိုင်ရခဲ့ရင် သေချာဂရုစိုက်လိုက်မယ်။”
နောက်ထပ်အတော်ကြာစကားပြောပြီးနောက် ဖုန်းချလိုက်ကာ ကုနင်းလဲ ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။
ထိုညမှာပဲ သူမ လက်တွေ့ဘဝတွင် မြင်တွေ့ခဲ့သည့် သရဲများ၊ မကောင်းဆိုးဝါးများ၊ ကျင့်ကြံသူများနှင့် မူတန်များကို ကုနင်းအိပ်မက်မက်ခဲ့လေသည်။ သို့သော်လည်း သူမအိပ်မက်ထဲတွင် သူမတစ်ခါမှမမြင်ဖူးသည့် ဗန်ပိုင်းယားတစ်ကောင်ပါ ပေါ်လာခဲ့လေသည်။
ထိုဗန်ပိုင်းယားက ကုနင်း၏သွေးတို့ကို စုပ်ယူချင်နေသော်လည်း သူမကတော့ ကြိုးတုပ်ခံထားရကာ မလှုပ်ရှားနိုင်ခဲ့တာကြောင့် ကုနင်းကြောက်လန့်တကြား လန့်နိုးလာရလေသည်။
အိပ်မက်တစ်ခုသာဖြစ်သော်လည်း ဗန်ပိုင်းယားတွေ အမှန်တကယ်တည်ရှိနေသည်ဟု ကုနင်းယုံကြည်ပေသည်။ ဒါတွေက သူမအနာဂါတ်တွင် ကြုံတွေ့လာရနိုင်သည့် အရိပ်အမြွက်တစ်ခုတောင်ဖြစ်နိုင်သေးသည်။
ဗန်ပိုင်းယားသည် အုတ်ဂူထဲကနေထွက်ပြီး လူသားတို့၏သွေးကိုစုပ်ယူကာ ရှင်သန်နေကြသူသည့် အလောင်းကောင်များသာဖြစ်ကာ သဘာဝလွန်စွမ်းအားများလဲရှိကြသည်။
ကုနင်း ကြောက်လန့်စရာအိပ်မက်ကြောင့် လန့်နိုးလာချိန်မှာပဲ သူမအိပ်ခန်းအပြင်ဘက် လေသာဆောင်ဘက်တွင် လူရိပ်တစ်ခုရှိနေသည်ကို သတိထားမိသွားသည်။ ကုနင်း အံ့ဩသွားကာ ကျောက်စိမ်းမျက်ဝန်းဖြင့် အမြန်ကြည့်လိုက်သည်။
ထိုလူရိပ်သည် အနက်ရောင်ဝတ်ရုံနှင့်မျက်နှာဖုံးတပ်ထားသည့် အသက်၃၀အရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့ခါးတွင် ဓားတိုတစ်ချောင်းရှိပြီး ရှေးခေတ်အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။
ရှေးခေတ်အဝတ်အစား?
ထိုလူသည် ကျင့်ကြံခြင်းလောကမှလာခြင်းများဖြစ်နေမလားဟု ကုနင်းတွေးမိသွားသည်။
ကျင့်ကြံခြင်းလောကမှလူတွေ ဘယ်လိုဝတ်စားကြလဲ ကုနင်းမသိပေမယ့် သာမာန်လူတွေဝတ်ဆင်ပုံနဲ့ မတူမှာတော့သေချာသည်။
ဘာပဲဖြစ်ဖြစ် အားလုံးသူမခန့်မှန်းချက်များသာဖြစ်သည်။
လေသာဆောင်ပြတင်းတံခါးက ပွင်နေတာကြောင့် ထိုလူအလွယ်လေးဝင်လာလေသည်။
သူ့လှုပ်ရှားမှုတွေက ပေါ့ပါးညင်သာလှကာ ကုနင်းတောင် မနည်းနားထောင်ရသည်။ ဒါကြောင့် သာမာန်လူတစ်ယောက်တော့ ဘယ်လိုမှမဖြစ်နိုင်ပေ။
ကုနင်း မျက်လုံးများကိုမှိတ်ထားပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ထိုလူဘာဆက်လုပ်မလဲ သူမသိချင်လေသည်။
သူသာ ငွေလိုချင်ရုံအတွက်ဆိုလျှင် ကုနင်း ပေါ့ပေါ့ပါးပါးသာအပြစ်ပေးလိုက်ပေမည်။ မဟုတ်လို့ သူမအသက်ကို လိုချင်နေခြင်းဆိုလျှင်တော့ သေချာပေါက် လွယ်လွယ်လွှတ်ပေးမည်မဟုတ်ပေ။
ကုနင်းမျက်လုံးတွေကို မှိတ်ထားလိုက်လျှင်တောင်မှ ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် အားလုံးကိုမြင်နေနိုင်စဲပင်။
ကုနင်း၏အရည်အချင်းနှင့်ဆိုလျှင် သူမအိပ်မောကျနေသလို ဟန်ဆောင်ဖို့ဆိုတာ လွယ်ကူလှသည်။
မကြာလိုက်ပါဘဲ ထိုလူ ကုနင်း၏အိပ်ခန်းထဲသို့ရောက်လာခဲ့ကာ ကုနင်းအိပ်ချင်ယောင်ဆောင်နေမှန်း မသိခဲ့ဘဲ တကယ်ကြီး အိပ်မောကျနေသည်ဟုသာ ထင်ခဲ့သည်။
ထို့နောက် သူ့ခါးကဓားတိုကိုထုတ်ယူလိုက်ကာ အိပ်ရာနားသို့တိုးသွားလိုက်သည်။ ကုနင်းကို သတ်ဖို့လာခြင်းဖြစ်မှန်း ပေါ်လွင်သွားပေပြီ။
သူ့ကိုဘယ်သူလွှတ်လိုက်တာလဲ?
ကုနင်း သူမမှာရန်သူတွေများလှကာ သူမကိုသေစေချင်နေသူတွေ ဘယ်လောက်ရှိမှန်းသိတာကြောင့် တစ်ယောက်ယောက် သူမကိုသတ်ဖို့ရောက်လာသည်က မဆန်းနေပေ။
ထိုလူ ကုနင်းကို ဓားနှင့်ထိုးလိုက်ချိန်မှာပဲ ကုနင်းမျက်လုံးတွေပွင့်လာကာ သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။
ကုနင်း လှုပ်ရှားလိုက်သည်က မြန်ဆန်လွန်းတာကြောင့် ထိုလူအံ့ဩသွားသော်လည်း နောက်တစ်စက္ကန့်မှာပဲ ပြင်းပြင်းထန်ထန် ရုန်းကန်လာတော့သည်။
ကုနင်းကလဲ သူ့ကိုရုန်းခွင့်မပေးဘဲ လက်ကောက်ဝတ်ကျိုးသွားသံအကျယ်ကြီးသာ ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူမကိုသတ်ဖို့လာခြင်းဖြစ်တာကြောင့် ကုနင်းအချိန်ဆွဲမနေဘဲ ချက်ချင်းရိုက်နှက်ပစ်တော့သည်။
ထိုလူကလဲ အားမနည်းလှဘဲ လက်တစ်ဖက်တည်းနဲ့ပင် ကုနင်းကို ပြန်တိုက်ခိုက်လာခဲ့သည်။
ကုနင်း၏တိုက်ရည်ခိုက်ရည်နှင့်အင်အားကြောင့် ထိုလူအတော်လေးအံ့ဩသွားပေမယ့် ဒီနေ့ည သူမကိုသတ်မှဖြစ်မည်၊ မဟုတ်ရင် သူ့အသက်အန္တရာယ်ရှိပေလိမ့်မည်။ ဒါကြောင့် သူအားကုန်သုံးကာ ကုနင်းကိုတိုက်ခိုက်တော့သည်။
တိုက်ခိုက်သံဆူဆူညံညံတို့ကြောင့် ကောင်းယိနှင့်ချောင်ယတို့ သတိထားမိသွားကာ ချက်ချင်းအဝတ်တွေကောက်ဝတ်ပြီး ကုနင်း၏အခန်းရှိရာသို့ အမြန်သွားလိုက်ကြသည်။ “လေဒီနင်း၊ အဆင်ပြေရဲ့လား?”
***
အခန်း ၁၂၁၂ Rနိုင်ငံမှလူ
“အဆင်ပြေတယ်၊ သူ့ကို ငါတစ်ယောက်တည်းနိုင်တယ်!” ကုနင်း လှမ်းအော်လိုက်သည်။ “မင်းတို့ ခြံထဲသွားပြီး နောက်ထပ်,ထပ်ရှိသေးလား သွားစစ်ကြည့်။”
ထိုလူနှင့်အတူ နောက်ထပ်အဖော်ပါသေးလား ကုနင်းမသေချာတာကြောင့် သူတို့ကိုသွားစစ်ခိုင်းလိုက်သည်။
“ဟုတ်ကဲ့ပါ။” ကောင်းယိနှင့်ချောင်ယလဲ ချက်ချင်းခြံထဲသို့ဆင်သွားကြသည်။
ထို့နောက် ကုနင်းကတော့ ထိုလူနှင့်ဆက်ပြီးတိုက်ခိုက်လေသည်။ ရုတ်တရက်ဆိုသလိုပဲ သူမမျက်လုံးတွေ တစ်ခုခုဖြစ်နေသည်ဟု ကုနင်းထင်သွားမိသည်။ အကြောင်းကတော့ တစ်ဖက်လူကို တစ်ခါတစ်ရံ မမြင်နိုင်တော့ခြင်းကြောင့်ပင်။ ကိုယ်ပျောက်လူသားလို့တောင် ထင်ရသည်။
သို့သော်လည်း သူမမျက်လုံးတွေက ကျန်းမာကောင်းမွန်ကြောင်း သိနေတာကြောင့် တစ်ဖက်လူကသာ ကိုယ်ပျောက်အောင်ဘယ်လိုလုပ်ရမလဲ သိနေခြင်းဖြစ်မှန်း သေချာသွားသည်။
သို့သော် သူ့အရည်အချင်းက ပြည့်ဝသေးပုံမရဘဲ ပျောက်လိုက်ပေါ်လိုက်သာဖြစ်နေလေသည်။
သူသာ တကယ်ပဲ ကိုယ်ဖျောက်နိုင်သည့်နည်းလမ်းကိုသိနေတာဆိုလျှင် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုခုကသာဖြစ်ပေမည်။
ထိုလူကို ကျင့်ကြံရေးလောကမှမှလူလို့တောင် ကုနင်းထင်သွားတော့သည်။
ကျင့်ကြံသူတွေ ကိုယ်ဖျောက်နိုင်လား မနိုင်လား သူမ,မသိပေမယ့် ကျင့်ကြံသူများသည် သာမာန်လူများနှင့်တော့ ကွာခြားကြောင်းသိပေသည်။
တစ်ဖက်လူမှာ ကိုယ်ပျောက်စွမ်းရည်ကိုသုံးထားတာတောင်မှ ကုနင်း သူ့ကိုမြင်နိုင်နေသေးတာကြောင့် အလွန်အံ့ဩသွားတော့သည်။ သူ့အရည်အချင်းက အရမ်းမထက်သေးတာကြောင့် လုံးဝပျောက်သွားအောင်ဖျောက်လို့မရနိုင်သေးသော်လည်း သာမာန်လူတွေအနေနဲ့တော့ ဒီလိုပေါ်ပျောက်ပုံစံကိုမြင်လိုက်ရုံဖြင့် သူ့မှာထွက်ပြေးဖို့ အခွင့်အရေးရပေမည်။ ကံမကောင်းစွာဘဲ ကုနင်းရှေ့မှာတော့ ထိုစွမ်းရည်သည် နည်းနည်းလေးမှအသုံးမဝင်ခဲ့ပေ။
မကြာလိုက်ပါဘဲ ကုနင်း စိတ်ကိုပြန်လျှော့လိုက်ကာ တစ်ဖက်လူကို အာရုံစိုက်ပြီး တိုက်ခိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲတွင် ကုနင်းအသာစီးရလာကာ တစ်ဖက်လူကို အခန်းထောင့်အထိရောက်အောင် တွန်းထုတ်နိုင်သွားသည်။
အဆုံးမှာမတော့ ကုနင်း ထိုလူကို ဖမ်းချုပ်နိုင်သွားကာ သူလဲ လုံးဝမလှုပ်နိုင်တော့ပေ။
ထို့နောက် ကုနင်းထိုလူကိုမေးလိုက်သည်။ “ပြောစမ်း၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ?”
တစ်ဖက်လူကတော့ နှုတ်ဆိတ်နေခဲ့သည်။
“မင်းမပြောရင်၊ ငါနှိပ်စက်တော့မှ အဆိုးမဆိုနဲ့!” ကုနင်းပြောပြီးပြီးချင်းမှာပဲ ထိုလူ၏လက်မောင်းကိုချိုးပစ်လိုက်သည်။ ထိုလူ သေချာပေါက် အလွန်နာကျင်သွားသော်လည်း အသံတစ်ချက်လေးတောင် မထွက်လာပေ။
“ပြောစမ်း။” ကုနင်းထပ်မေးလိုက်သည်။ တစ်ဖက်လူကတော့ နှုတ်ပိတ်နေတုန်းပင်။
သူတစ်ခွန်းမှမဟတာကြောင့် ကုနင်းလဲ သဲလွန်စရလိုရငြား သူ့ကိုယ်ပေါ်လိုက်ရှာကြည့်လိုက်သည်။ ကျောက်စိမ်းမျက်ဝန်းဖြင့်ရှာခြင်းဖြစ်တာကြောင့် မကြာလိုက်ပါဘဲ သူ့ဖုန်းကိုတွေ့ရှိသွားလေသည်။
ကုနင်း ချက်ချင်း ဖုန်းကိုဆွဲထုတ်လိုက်သည်။
ထိုလူ ရုန်းကန်လာသော်လည်း အရာမရောက်ပေ။
သူ့ဖုန်းကိုဖွင့်ဖို့ဆို စကားဝှက်လိုသော်လည်း ထိုလူပြောပြမည်မဟုတ်မှန်း ကုနင်းသိလေသည်။ သို့သော်လည်း ဖုန်းစခရင်ကိုဖွင့်လိုက်ချိန်မှာပဲ အသုံးဝင်သည့်သဲလွန်စတစ်ခုကို တွေ့လိုက်ရသည်။
စခရင်ထက်တွင် လွတ်သွားသည့်ဖုန်းကောများနှင့် စာများရှိနေကာ Rနိုင်ငံဘာသာစကားဖြင့်ရေးထားလေသည်။ ဒီတော့ ဒီလုပ်ကြံသူက Rနိုင်ငံကပေါ့။
ထိုအကြောင်းသလိုက်ရသည်နှင့် ကုနင်းပိုလို့တောင် ဒေါသထွက်သွားတော့သည်။ သို့ပေမယ့် Rနိုင်ငံက ဘာလို့ဒီလူကိုလွှတ်ပြီး ညသန်းခေါင်ကြီး သူမကိုတိုက်ခိုက်ခိုင်းမှန်း နားမလည်နိုင်ပေ။
သူအခုချိန်ထိ Rနိုင်ငံမှလူများနှင့် နှစ်ခေါက်သာ ဆုံခဲ့ဖူးသည်။ ပထမတစ်ကြိမ်ကတော့ ကျောက်စိမ်းအတွက် ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ တစ်ဖက်ကရှုံးသွားခဲ့သည်။ ထိုပြဿနာကတော့ သတ်ဖြတ်ရသည်အထိ မပြင်းထန်ပေ။
ဒုတိယအကြိမ်သည်တော့ ထန်မြို့တွင် စကားများခြင်းဖြစ်ကာ ကျီပိုင်ယင်းကြောင့်သာဖြစ်ပြီး သူမကိုအပြစ်ပုံမချသင့်ပေ။
ထိုအကြောင်းတွေပြန်တွေးကြည့်ပြီးနောက် တစ်ဖက်လူသည် သူမ၏တခြားရန်သူတစ်ယောက်ကနေပြီး Rနိုင်ငံမှကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်ကို ငှားထားခြင်းဖြစ်မည်ဟု တွေးမိသွားသည်။
ဒီလိုဆိုရင်တော့ တစ်ဖက်လူ သူမအိပ်ခန်းထဲရုတ်တရက်ဝင်လာသည်ကို နားလည်လို့ရသွားပေပြီ။
ကံကောင်းစွာဖြင့် ကုနင်းသည် Rနိုင်ငံဘာသာစကားကိုဖတ်တတ်တာကြောင့် စခရင်ပေါ်မှ ဖုန်းနံပါတ်ကို ချရေးထားလိုက်သည်။
စခရင်ပေါ်မှာပေါ်သလောက် စာတစ်ဝက်တစ်ပျက်မှာ : ယိုရှီဒါ အခု Bမြို့မှာ။ တာဝန်ပြီးတာနဲ့…
စခရင်ပေါ်တွင်က အကန့်အသတ်ဖြင့်ပေါ်ခြင်းဖြစ်တာကြောင့် အပြည့်အစုံကို ကုနင်းမဖတ်နိုင်ပေ။
တစ်ဖက်လူ Rနိုင်ငံမှလာခြင်းဖြစ်ကြောင်း ကုနင်းသိလိုက်ရသည်နှင့် သူ့လှုပ်ရှားပုံတွေအရ နင်ဂျာဖြစ်လောက်သည်ဟု တွေးမိသွားသည်။
နင်ဂျာများသည် ဂျပန်မှကြေးစားများဖြစ်သည်။ နင်ဂျာတစ်ဦးသည် လျှို့ဝှက်သူလျှိုလုပ်ခြင်း၊ လှည်စားခြင်းနှင့် အံ့အားသင့်ဖွယ်တိုက်ခိုက်စွမ်းရည်များ ရှိကြသည်။
အဆင့်မြင့်နင်ဂျာတစ်ယောက်သာဆိုလျှင် အမှောင်ထဲတွင် မမြင်နိုင်အောင်နေလို့ရနိုင်သော်လည်း အလင်းထဲတွင်တော့ လုပ်နိုင်စွမ်းမရှိပေ။ တစ်နည်းပြောရရင်တော့ နင်ဂျာများသည် ညဘက်တွင်သာ လုပ်ကြံသတ်ဖြတ်ကြလေသည်။
နင်ဂျာများသည် စက္ကန့်ပိုင်းမျှသာ ကိုယ်ဖျောက်၍ရသော်လည်း ထိုအချိန်ခဏကပင် သာမာန်လူများကိုသတ်ဖို့လုံလောက်နေပေပြီ။
ကုနင်းတွင်က ကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် တစ်လူ၏စွမ်းရည်က အသုံးမဝင်ဖြစ်သွားရသည်။
ထို့အပြင် ကုနင်း၏လှုပ်ရှားမှုတွေက တစ်ဖက်လူ ပုန်းခွင့်မကြုံလောက်အောင် မြန်ဆန်လွန်းလှသည်။
“အိုး၊ Rနိုင်ငံကလာတာပဲ။” ကုနင်း လှောင်ပြုံးပြုံးလိုက်သည်။
တစ်ဖက်လူက တုန်လှုပ်သွားကာ အံ့ဩသွားပုံပေါ်သည်။ သူ့ဖုန်းစခရင်မှာဘာတွေပေါ်နေမှန်း သူမှမသိဘဲ။
သူမလာခင်ကတည်းက ဖုန်းကိုအသံပိတ်ထားခဲ့တာကြောင့် ဖုန်းကောတွေ စာတွေဝင်နေသည်ကို မသိခဲ့ပေ။
သူ့အကြောင်း ကုနင်းသိသွားပြီဆိုလျှင်တောင်မှာ သူကတော့ တစ်ခွန်းမှကိုယ်တိုင်မဟလာသေးပေ။
တစ်ဖက်လူ၏တုံ့ပြန်ပုံအရ သူမတို့ဘာသာစကားကိုနားလည်ကြောင်း ကုနင်းသိလိုက်တာကြောင့်၊ “မင်းဖုန်းထဲမှာ စာအသစ်ဝင်နေတယ်။ ပြောထားတာတော့၊ ယိုရှီဒါ Bမြို့ကိုရောက်နေပြီ။ တာဝန်ပြီးတာနဲ့…”
ကုနင်း စာကိုဖတ်ပြနေရင်း တစ်ဖက်လူ၏မျက်လုံးများကိုလဲ ဆက်တိုက်အကဲခတ်နေလေသည်။ ယိုရှီဒါဆိုသည့်နာမည်ကိုကြားသည်နှင့် တစ်ဖက်လူက အံ့ဩသွားသလို စိတ်အနှောင့်အယှက်ဖြစ်သွားပုံလဲရသည်။
ယိုရှီဒါဆိုသူ ရောက်လာခြင်းကို ထိုလူသဘောမကျတာကြောင့် တာဝန်ပြီးမြောက်သည်နှင့် ချက်ချင်းထွက်သွားမည်ဖြစ်ကြောင်း သိသာလှသည်။
“ကောင်းပြီလေ၊ မင်းရဲ့ဖုန်းစခရင်ပေါ်ကနံပါတ်ကို ငါချရေးပြီးထားပြီ။ သူဘယ်သူလဲ မသိပေမယ့် စုံစမ်းဖို့ဆိုတာ ငါ့အတွက်တော့ မခက်ဘူး။ မင်းကိုယ်တိုင်များ ပြောပြလိုက်ချင်လား?”
***