အခန်း (၁၂၁၃-၁၂၁၈)
Vol. 79 Ch. 1213-1218
အခန်း ၁၂၁၃ တာဝန်ကျရှုံး
နင်ဂျာ အနည်းငယ်ထိတ်လန့်သွားသော်လည်း ဘာမှမပြောဘဲရှိနေတုန်းပင်။
ထိုလူကို စကားမပြောနိုင်သည့် ဆွံ့အတစ်ယောက်ဟုတောင် ကုနင်းထင်မိသွားလေသည်။ သို့သော်လည်း သူသာတကယ်ဆွံ့အတစ်ယောက်ဖြစ်နေရင်တောင်မှ သူကိုသတ်ဖို့လာသူဖြစ်၍ ကုနင်းသနားနေမည်မဟုတ်ပေ။
သို့သော်လည်း သတ်ဖို့ကျပြန်တော့ ဥပဒေနှင့်မညီတာကြောင့် အရိုးတွေချိုးပစ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူမစိတ်ကူးကိုအကောင်အထည်ဖော်တော့မည့်အချိန်မှာပဲ အကြံတစ်ခုပေါ်လာခဲ့တာကြောင့် ချက်ချင်းရပ်လိုက်ပြီး ထိုလူကိုသာထပ်မေးလိုက်သည်။ “မူတန်ကြောင့် ငါ့ကိုသတ်ဖို့ရောက်လာတာလား?”
သိပ်ကြာသေးခင်က သူမချီထျန်းလင်ကိုသာ ကူညီထားတာကြောင့် မူတန်ကိုထိန်းချုပ်သူနှင့်သာ ပတ်သတ်နိုင်မည်ဟု တွေးမိသွားခြင်းဖြစ်သည်။
သူမနောက်တစ်ယောက်ယောက် လိုက်လာမှန်း ခံစားမိခဲ့ပေမယ့် ထိုအချိန်မှာပဲ လီကျုံးဝေ့ကပေါ်လာခဲ့သည်။ ဒါကြောင့် သူမလဲ မေ့သွားကာ ထိုလူနှင့်မူတန်ကိစ္စဆက်နွယ်မှုရှိလိမ့်မည်ဟု မတွေးခဲ့မိပေ။
ကုနင်းအထင်အတိုင်းပင်။
သူမစကားကိုတစ်ဖက်လူကြားသွားသည်နှင့် အံ့ဩသွားပုံပေါ်လေသည်။ တကယ်ကို မူတန်ကြောင့် ရောက်လာခဲ့ခြင်းပင်။
သို့သော်လည်း ကုနင်းဘယ်လိုလုပ်ပြီးများသိသွားလဲဆိုသည်ကို ထိုလူမခန့်မှန်းနိုင်ခဲ့ပေ။
တစ်ဖက်လူ၏အမူအရာကိုမြင်လိုက်သည်နှင့် ထိုလူပေါ်လာခြင်းက မူတန်နှင့်ဆက်နွယ်မှုရှိနေမှန်း ကုနင်းလဲ သေချာသွားတော့သည်။
ကြည့်ရတာ Rနိုင်ငံဘက်က မူတန်များကို သုတေသနာလုပ်ပြီး ဖော်ထုတ်နေပုံရသည်။
ကုနင်းအလွန်ဒေါသထွက်သွားကာ မှော်စွမ်းအားဖြင့် ထိုလူကိုတိုက်ခိုက်လိုက်တာကြောင့် ထိုလူတစ်ကိုယ်လုံး ချက်ချင်းအေးခဲသွားကာ မှင်သက်သွားမပြီး မယုံနိုင်ဖြစ်လို့နေသည်။
“မင်းငါ့ကိုဘာလုပ်လိုက်တာလဲ?” နောက်ဆုံးမှာတော့ သူတစ်ခုခုပြောလာခဲ့ပေပြီ။
ဒီတစ်ခေါက်တော့ ကုနင်း နှုတ်ပိတ်နေသည့်အလှည့်ဖြစ်ကာ တစ်ဖက်လူ၏မေးခွန်းကို ပြန်မဖြေတော့ပေ။
“မင်း…” ကုနင်း၏အပြုအမူကြောင့် ထိုလူစိတ်တိုသွားသော်လည်း လောလောဆယ် သူ့မှာနောက်ထပ် စကားထပ်ပြောဖို့တောင် ခက်ခဲလို့နေတော့သည်။
ထိုလူအလွန်ထိတ်လန့်တုန်လှုပ်နေသော်လည်း အရှုံးမပေးဘဲ တောင့်ခံနေသေးသည်။
မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ကလေဖြတ်သလိုဖြစ်လာကာ မကြာခင်ပဲ သေတော့မည်ဟုသိလိုက်ရတာကြောင့် စိတ်သက်သာရာရသွားခဲ့သည်။
ထိုလူ၏အမူအရာကိုကြည့်ရုံဖြင့် ဘာတွေတွေးနေမှန်း ကုနင်းနားလည်လိုက်သည်။ ထိုလူက သူ့ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမှုကိုပြလို၍ အရှုံးပေးရခြင်းထက် သေဖို့ကိုရွေးချယ်နေခြင်းဖြစ်သည်။
ကုနင်းသာ သူ့ကိုမချုပ်ထားလျှင် ကိုယ့်ဘာသာသတ်သေနှင့်လောက်ပြီဖြစ်သည်။ ကုနင်းကတော့ သူ့ကိုဒီအတိုင်းသေခွင့်ပြုမည်မဟုတ်ပေ။
ထိုလူနောက်ဆုံးထွက်သက်ရှိုက်ထုတ်ခါနီးလေးမှာပဲ ကုနင်း မှော်စွမ်းအားပို့လွှတ်နေခြင်းကို ရပ်တန့်လိုက်ကာ ထိုလူကို ကြမ်းပေါ်ပစ်ချလိုက်သည်။
ထိုလူလဲ အခုဆို မလှုပ်နိုင်ဖြစ်နေပြီဖြစ်တာကြောင့် ကုနင်း သန့်စင်ခန်းထဲသွားကာ အဝတ်အစားလဲလိုက်သည်။
သူမအတွက် လှုပ်ရှားရလွယ်ကူစေမည့် သင့်တော်သည့်အဝတ်အစားမျိုးကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
ထို့နောက် ‘ထန်အိုက်နင်း’နာမည်နှင့် ဖုန်းကို ထုတ်လိုက်သည်။ ထိုဖုန်းဖြင့် ထိုနင်ဂျာ၏ပုံကို ဓါတ်ပုံရိုက်ယူလိုက်ပြီးနောက် အစောက စခရင်ပေါ်တွင်မြင်ခဲ့သည့် ဖုန်းနံပါတ်ထံသို့ ပို့ပေးလိုက်သည်။
…..
ကြယ်ငါးပွင့်ဟိုတယ်တစ်ခု၏အထူးခန်းတွင် မနက်သုံးနာရီအထိ လူတစ်ယောက်အိပ်မပျော်သေးပေ။ ထိုလူက စာကြည့်စားပွဲရှေ့တွင်ထိုင်ကာ စာဖတ်နေခဲ့သည်။
စာရွက်များပေါ်တွင်တော့ Rနိုင်ငံဘာသာစကားဖြင့် ရေးထားသည့်စာသားများ ရှိလေသည်။
ထိုလူသည် အသက်၃၀လောက်ရှိပြီဖြစ်ပြီး သာမာန်မျက်နှာပေါက်မျိုးဖြစ်ပေမယ့် အေးစက်ခက်ထန်နေပုံပေါ်သည်။ သူ့ရှေ့ရှိစာရွက်များထဲမှ အကြောင်းအရာက သူ့စိတ်အခြေအနေကို ဆိုးရွားနေစေပုံပင်။
စားပွဲပေါ်တွင်တော့ သူ့လက်ချထားရာနေရာနှင့်အနီးတွင် ဖုန်းတစ်လုံးရှိနေကာ မက်ဆေ့ချ်ဝင်သံကြားလိုက်ရတာကြောင့် ချက်ချင်းယူကြည့်လိုက်သည်။
စာအသစ်သည် ဖုန်းနံပါတ်စိမ်းတစ်လုံးမှဖြစ်သော်လည်း သူဖတ်ကြည့်လိုက်သေးသည်။
သူ မက်ဆေ့ချ်ကိုဖွင့်လိုက်သည်နှင့် ကုနင်းကိုသတ်ဖို့ သူလွှတ်လိုက်သည့်နင်ဂျာ၏ဓာတ်ပုံကိုတွေ့လိုက်ရတာကြောင့် အံ့ဩတကြီး ထရပ်မိသွားသည်။
နင်ဂျာက တာဝန်ကျရှုံးခဲ့တာပေါ့။
သူ့ကိုဒီမက်ဆေ့ချ်ပို့လာတဲ့လူက သူသတ်ချင်နေတဲ့ကောင်မလေးပဲဖြစ်ရမယ်။
ထိုမိန်းကလေး နင်ဂျာကိုတောင်ထိန်းချုပ်နိုင်ခဲ့တာကြောင့် သူအတော်လေးအံ့ဩသွားရသည်။ ထိုနင်ဂျာသည် သတ်ဖြတ်သူလောကတွင် အလယ်အလတ်အဆင့်ဝင်ပေမယ့် အခုတော့ရှုံးနိမ့်သွားပေပြီ။
ထိုမိန်းကလေးတစ်ယောက်တည်း သူမဘာသာ နင်ဂျာကိုဖမ်းခဲ့ခြင်းလား ဒါမှမဟုတ် သူမဘေးကလူတွေကပဲ အရမ်းသန်မာနေကြလို့လား၊ သူသိချင်သွားသည်။
ကောင်မလေးငယ်ငယ်လေးတစ်ယောက်က တစ်ကိုယ်တည်း နင်ဂျာကို အနိုင်ယူနိုင်ခြင်းဆိုသည့်အချက်ကတော့ ယုံကြည်ဖို့ခက်လှသည်။ သူ့လူသူယုံကြည်တာကြောင့် ကုနင်း သူ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားလဲတော့ ဂရုမစိုက်ပေ။
နင်ဂျာဆိုသည်က သူ့ခေါင်းဆောင်ကို သစ္စာဖောက်မည့်အစား သတ်သေလိုက်မည့်သူဖြစ်သည်။
ပြောရရင်တော့ ထိုလူသည် ကုနင်းကို ခပ်ပေါ့ပေါ့တွက်ထားခြင်းဖြစ်သည်။
မစ်ရှင်မအောင်မြင်မှတော့ နင်ဂျာလဲအသက်မရှင်နိုင်တော့တာကြောင့် ထိုလူလဲ ဘာမှလုပ်မနေတော့ပေ။
……
ကုနင်း ထိုလူကို စာပို့လိုက်ခြင်းက သူမအားမနည်းကြောင်း သိသွားစေချင်ရုံသာဖြစ်သည်။ ထိုလူသာ တုံးအမိုက်မဲမနေပါက သူမကိုလုပ်ကြံဖို့အတွေးကို စွန့်လွှတ်လိုက်ပေလိမ့်မည်။
တကယ်လို့ ထိုလူလက်မလျှော့သွားဘူးဆိုရင်တောင် ကုနင်းဆိုသည်က ကြောက်နေမည့်သူမဟုတ်ပေ။
ယနေ့ညကိစ္စကို တခြားလူတွေအားအသိပေးဖို့ ကုနင်း စိတ်ကူးမရှိပေ။
***
အခန်း ၁၂၁၄ ချီထျန်းလင်ကိုလွှဲပေးလိုက်မယ်
အနာဂါတ်မှာရော မူတန်တွေထပ်ပေါ်လာနိုင်သေးလား ကုနင်းမသိနိုင်တာကြောင့် ရှေ့ဆက်ပြီးဂရုစိုက်နေမှဖြစ်ပေတော့မည်။
မူတန်တစ်ကောင်တည်းကိုတောင် ဖျက်ဆီးဖို့ခက်ခဲနေပေပြီ။ တကယ်လို့များ မူတန်အုပ်စုလိုက်တစ်ပြိုင်တည်းရောက်လာပါက ရိုးရိုးသားသားပြောရရင် သူမလဲ ထိုကောင်များကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ပေ။
ဘာပဲဖြစ်ဖြစ် ထိုနောက်ကွယ်ကလူနှင့်မူတန်တို့၏ဆက်သွယ်ချက်ကို သူမစုံစမ်းရှာဖွေဖို့ လိုအပ်ပေသည်။
ထိုလူသည် မူတန်များကိုထိန်းချုပ်နေသူဟုတ်မဟုတ်ကိုတော့ ကုနင်းလဲ မသေချာပေမယ့် ထူးထူးခြားခြားဆက်နွယ်မှုတစ်ခုခုရှိနေတာတော့ သိသာသည်။ သူမသာ ထိုလူကိုရှာတွေ့နိုင်သ၍ မူတန်များနှင့်ပတ်သတ်လို့ သဲလွန်စများပိုရလာပေလိမ့်မည်။
ထိုလူ၏ဖုန်းနံပါတ်ကို သူမရထားမှတော့ ကေကိုအကူအညီတောင်းကာ ရှာခိုင်းလို့ရပေပြီ။
ထိုလူက ဒီဖုန်းနံပါတ်ဖြင့် ဖုန်းခေါ် စာပို့လုပ်ခြင်းဖြစ်တာကြောင့် ထိုလူနှင့်ပတ်သတ်သည့် အသုံးဝင်သောအချက်အလက်တချို့လောက်ရဖို့ရန် မခက်လောက်ပေ။
ထိုလူနှင့်ပတ်သတ်သည့်အချက်အလက်များကိုရှာတွေ့သည်နှင့် မူတန်များအကြောင်းကိုလဲ ပိုစုံစမ်းနိုင်ပေလိမ့်မည်။
မူတန်များသည် နိုင်ငံ၏ဘေးကင်းလုံခြုံရေးကို ကြီးစွာသောခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေတာကြောင့် သေချာပေါက် အလုံးစုံဖျက်ဆီးပစ်မှဖြစ်ပေမည်။
…..
ထိုလူသည် ဘာပြင်ဆင်မှုမှမရှိဘဲ ကုနင်းကိုတိုက်ခိုက်မည်မဟုတ်ပေ။ ကုနင်း သူ့ကိုပြန်လက်စားချေနိုင်တာကြောင့် သတိကပ်ထားသင့်သည်။ သူ့မှာ မူတန်ရော နင်ဂျာကိုပါ ဆုံးရှုံးထားပြီဖြစ်တာကြောင့် ကုနင်းကို ထပ်ပြီးသွားမဆွရဲတော့ပေ။
ဒါ့အပြင် မူတန်များတည်ရှိမှုနှင့်ပတ်သတ်လို့ ကုနင်းသိထားပြီးဖြစ်ကြောင်းကို ထိုလူမသိသေးတာကြောင့် သူမသတင်းတွေဖြန့်ပစ်မည်ကိုလဲ မစိုးရိမ်နေခဲ့ခြင်းပါသည်။
သူ ကုနင်းကို သတ်ဖို့ နင်ဂျာတစ်ယောက်လွှတ်လိုက်ခြင်းကလဲ သူမ မူတန်ကိုမြင်ခဲ့ခြင်းကြောင့်သာဖြစ်သည်။
…..
ကုနင်း ထိုလူကိုမက်ဆေ့ချ်ပို့လိုက်ပြီးမကြာခင်မှာပဲ ထိုRနိုင်ငံကလူအကြောင်း စုံစမ်းကြည့်ဖို့ရန် ကေ့ကိုပါ နောက်ထပ်စာတစ်စောင်ထပ်ပို့လိုက်သည်။
အရေးပေါ်ကိစ္စလဲမဟုတ်တာကြောင့် သန်းခေါင်ကြီး ကေကို ဖုန်းဆက်မနှိုးနေတော့ပေ။
ထို့နောက် ချီထျန်းလင်၏ အကူအညီကိုလိုတာကြောင့် ချီထျန်းလင်ကို ဖုန်းဆက်လိုက်သည်။
ဂိုဏ်းထဲရှိချီထျန်းလင်၏ရာထူးကြောင့် သူအိပ်နေချိန် ရန်သူတွေပေါင်းများ လာရောက်တိုက်ခိုက်သည်ကို ကြုံခဲ့ဖူး၍ အိပ်ချိန်မှာတောင် သတိကပ်ကာ သူ့ကိုယ်သူကာကွယ်မှုအပြည့်ထားသည့်အကျင့် ရှိလာခဲ့သည်။ ဒါကြောင့် သူ့ဖုန်းသံမြည်လာသည်နှင့် ချက်ချင်းဆိုသလို မျက်လုံးတို့ပွင့်လာခဲ့သည်။
ဖုန်းစခရင်ပေါ်မှ ခေါ်ဆိုသူနာမည်ကိုမြင်လိုက်ပြီးနောက် ချီထျန်းလင် ဒေါသမထွက်တော့ပေ။
“ဟိုင်း၊ ဘာဖြစ်လဲ?” ကုနင်း ညသန်းခေါင်ကြီး သူ့ကိုဖုန်းဆက်လာတာကြောင့် ချီထျန်းလင် စိုးရိမ်သွားသည်။
“Rနိုင်ငံက သတ်ဖြတ်သူတစ်ယောက် အခုပဲ ကျွန်မကိုသတ်ဖို့လုပ်တယ်၊ ကြည့်ရတာ မူတန်နဲ့ဆက်နွယ်မှုတစ်ခုခုရှိနေပုံပဲ။ သူ့ကိုဖမ်းတော့ဖမ်းထားပြီးပေမယ့် ဘယ်လိုရှင်းရမှန်းမသိဘူး။ ရှင်ကူညီပေးလို့ရမလား?”
ထိုလူကို နင်ဂျာအစား သတ်ဖြတ်သူတစ်ယောက်ဟုသာ ချီထျန်းလင်ကိုပြောပြလိုက်သည်။ အကြောင်းကတော့ အလုံးစုံပြန်ရှင်းပြရှင်း အချိန်မဖြုန်းချင်ခြင်းကြောင့်ပင်။
ချီထျန်းလင်သည် အင်အားကြီးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် ဒီနင်ဂျာကိုကူညီလက်စဖျောက်ပေးချင်လျှင် သူမအတွက် ပိုလွယ်ကူသွားပေလိမ့်မည်။
ကုနင်း မူတန်ပြဿနာထဲဝင်ပါလိုက်ပြီဖြစ်တာကြောင့် သူမကို တစ်ယောက်ယောက် သတ်ဖို့ကြိုးစားကြောင်း သိလိုက်ရချိန်တွင် ချီထျန်းလင် အံ့ဩမသွားတော့ပေ။
ကုနင်း သူမကိုယ်သူမကာကွယ်နိုင်မှန်းလဲသိသည်။ “မင်းအဆင်ပြေရဲ့လား?”
“စိတ်မပူပါနဲ့။ ကျွန်မဘာမှမဖြစ်ဘူး။”
“တော်သေးတာပေါ့။ ငါ သူ့ကိုခေါ်ဖို့ လူလွှတ်လိုက်မယ်။”
ကုနင်း သူ့ကိုအကူအညီတောင်းလာမှတော့ သူမတောင်းဆိုချက်ကို ငြင်းပယ်စရာအကြောင်းမရှိပေ။
“သူ့ကိုပို့ဖို့ ကျွန်မဘက်ကလူလွှတ်လိုက်တာပိုကောင်းမယ်လို့ ထင်တယ်။” ကုနင်းပြန်ပြောလိုက်သည်။
တစ်ယောက်ယောက်သာမြင်သွားပါက ဒုက္ခပိုများသွားမည်ကို ကုနင်းစိုးရိမ်မိသည်။
သူမဘက်ကပို့မည်ဆိုပါက ကားနောက်ဖုံးထဲ ထိုလူကိုထည့်လိုက်လျှင် စောင့်ကြည့်ကင်မရာတွေမှာလဲ ပေါ်တော့မည်မဟုတ်ပေ။
“ကောင်းပြီလေ။” ချီထျန်းလင်လဲ သဘောတူလေသည်။ “ငါအခု မြေကမ္ဘာကလပ်မှာရှိတယ်။ ကားပါကင်မှာ မင်းကို ရွှမ်ဖန်စောင့်နေလိမ့်မယ်။”
မြေကမ္ဘာကလပ်သည် ချီထျန်းလင်၏ပိုင်နက်ဖြစ်တာကြောင့် သူတို့ကလပ်ထဲဝင်သွားသည်နှင့် လုံခြုံသွားပေလိမ့်မည်။
ချီထျန်းလင်နှင့် ဖုန်းပြောပြီးနောက် ကုနင်း သူမအိပ်ခန်းထဲက ထွက်လာခဲ့သည်။
ထိုအချိန်မှာပဲ ကောင်းယိနှင့်ချောင်ယတို့လဲ ပြန်ရောက်လာလေသည်။
“လေဒီနင်း၊ ခြံထဲမှာ ဘယ်သူ့မှမတွေ့ခဲ့ပါဘူး။” ချောင်ယပြောလိုက်သည်။
“ကောင်းတယ်၊ သူတစ်ယောက်တည်း လာတဲ့ပုံပဲ။”
ထို့နောက် ကောင်းယိနှင့်ချောင်ယတို့လဲ ကုနင်းနောက်ကနေ သူမအိပ်ခန်းထဲလိုက်သွားကြသည်။ ကြမ်းပေါ်လဲနေသည့်အမျိုးသားကိုမြင်တော့ သူတို့နှစ်ယောက် အနည်းငယ်အံ့ဩသွားကြလေသည်။
“လေဒီနင်း၊ ငါတို့ ဒီလူကိုဘယ်လိုရှင်းကြမလဲ?” ကောင်းယိမေးလိုက်သည်။
“သူ့ကို ကားနောက်ဖုံးထဲထည့်ပြီး မြေကမ္ဘာကလပ်ကိုပို့လိုက်။ မြေအောက်ကားပါကင်မှာ ချူးရွှမ်ဖန်လို့ခေါ်တဲ့လူ စောင့်နေလိမ့်မယ်။ သူ့ဆီလွှဲပေးလိုက်ရင်ရပြီ။”
“ဟုတ်ကဲ့ပါ။”
ကောင်းယိလဲ အမြန်ပဲ ထိုလူကို ပုခုံးပေါ်ထမ်းလိုက်ကာ ထွက်သွားပြီး ချောင်ယလဲ လိုက်သွားခဲ့သည်။
***
အခန်း ၁၂၁၅ ကျင့်ကြံသူ Vs မူတန်
တိုက်ပွဲပြင်းထန်သွားခဲ့ခြင်းကြောင့် ကုနင်း သူမအိပ်ခန်းထဲတွင် ဆက်မအိပ်ချင်တော့၍ တခြားအခန်းသို့ပြောင်းလိုက်သည်။
ဖြစ်သွားခဲ့တဲ့ကိစ္စတွေကြောင့် ကုနင်းအိပ်လို့မပျော်တော့တာကြောင့် လင်ရှောင်းထင်ထံသို့သာ ဖုန်းဆက်လိုက်သည်။
မူတန်သည် Rနိုင်ငံမှလူတွေနဲ့ ပတ်သတ်မှုတစ်ခုခုရှိနေကြောင်း သူမသိရှိထားပြီဖြစ်တာကြောင့် လင်ရှောင်းထင်ကို ချက်ချင်းပြောပြလိုက်ချင်သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ လင်ရှောင်းထင်က သူမဖုန်းကို ပြန်ဖြေလာခဲ့သည်။ ဖုန်းစခရင်ပေါ်တွင် ကုနင်းနာမည်ကိုမြင်လိုက်ရသည်နှင့် ကုနင်း ပြဿနာတစ်ခုခုကြုံတွေ့နေရခြင်းဟု ထင်လိုက်မိတာကြောင့် စိုးရိမ်သွားတော့သည်။
“နင်းနင်း၊ တစ်ခုခုဖြစ်လို့လား?”
“ရှောင်းထင် ကျွန်မအခုပဲ မူတန်ဘယ်ကလာတယ်ဆိုတာ သိလိုက်ရပြီ။ သူက Rနိုင်ငံကပဲ! ပြီးတော့ မူတန်နဲ့ နင်ဂျာတွေ ပတ်သတ်မှုရှိတာလဲ သိလိုက်ရတယ်။”
အစောပိုင်းက သူမကြုံတွေ့ခဲ့ရသည့်ကိစ္စကိုတော့ လင်ရှောင်းထင် စိုးရိမ်နေမည်စိုး၍ မပြောခဲ့ပေ။
“မင်းဘယ်လိုသိတာလဲ? ဘာတွေဖြစ်သွားလို့လဲ?” ကုနင်း သူ့ကိုတစ်ခုခုထိန်ချန်ထားသည်ဟု ခံစားမိလိုက်တာကြောင့် လင်ရှောင်းထင်မေးလိုက်သည်။ သူက ငတုံးလဲမဟုတ်တာကြောင့် သူနဲ့ဖုန်းပြောပြီးနောက် ကုနင်း အန္တရာယ်များသည့်ကိစ္စတစ်ခုခုနှင့် ကြုံခဲ့ကြောင်း တန်းသိလိုက်လေသည်။
သူမ လင်ရှောင်းထင်ကို ဖုံးကွယ်ထားဖို့မဖြစ်နိုင်မှန်း ကုနင်းသိလိုက်တာကြောင့် ရိုးရိုးသားသားပဲဝန်ခံလိုက်တော့သည်။
“အာ.. အစောက မူတန်ကြောင့် နင်ဂျာတစ်ယောက်က ကျွန်မကိုတိုက်ခိုက်လာတယ်….” အဖြစ်အပျက်အလုံးစုံ ရှင်းပြလိုက်သည်။
ကုနင်း ကြုံတွေ့ခဲ့သည့်ကိစ္စကို နားထောင်ပြီးနောက် လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားလေသည်။
“Rနိုင်ငံနဲ့ ကိုယ်တို့နိုင်ငံရဲ့ ဆက်ဆံရေးက အမြဲတမ်း အထိမခံတဲ့အခြေအနေမျိုးမှာရှိနေတာ။ သူ့ဘက်မှာ Mနိုင်ငံဘက်က အကူအညီရှိမှန်း ကိုယ်တို့သိထားပေမယ့် မူတန်တွေ၊ နင်ဂျာတွေပါ, ပါလာတယ်ပေါ့!” လင်ရှောင်းထင် ခံစားချက်တို့ ဆိုးရွားလာသည်။
နင်ဂျာများသည် မူတန်တွေလောက်တော့ ခြိမ်းခြောက်မှုမဖြစ်စေသော်လည်း သာမာန်လူတွေထက်တော့ ပိုသန်မာသူများဖြစ်နေတုန်းပင်။
လင်ရှောင်းထင် ပြောမပြလာခင်အထိ မူတန်များသည် သူတို့နိုင်ငံအတွက် ထိုမျှသောကြီးမားသည့်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း ကုနင်းသတိမထားခဲ့မိပေ။
အထူးသဖြင့် အခုချိန်မှာ Rနိုင်ငံတွင် မူတန်ဘယ်လောက်များများရှိနေပြီလဲဆိုတာ သူတို့မသိသေးပေ။ ဘာပဲဖြစ်ဖြစ် သာမာန်လူတွေအနေနဲ့ မူတန်များကိုဖျက်ဆီးဖို့ဆိုသည်က ခက်ခဲလှပေသည်။
သူမလုပ်နိုင်သည်ဆိုလျှင်တောင် အရေအတွက်များလာလျှင်တော့ သူမတစ်ယောက်တည်း လုပ်နိုင်တော့မည်မဟုတ်ပေ။
ရုတ်တရက် ကုနင်းတစ်စုံတစ်ခုတွေးမိသွားခဲ့သည်။
ကျင့်ကြံသူတွေသာ သူတို့ကိုကူညီပေးမယ်ဆိုရင် မူတန်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်မှာပဲ။
သူတို့နိုင်ငံလုံခြုံရေးနှင့်ဆက်စပ်နေခြင်းဖြစ်တာကြောင့် ကျင့်ကြံသူတွေလဲ ဘေးထွက်ကာ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေကြလိမ့်မည်မဟုတ်ဟု ကုနင်းထင်မိသည်။
ဒါကြောင့် ကျင့်ကြံသူတွေဆီက အကူအညီတောင်းဖို့ဆိုလျှင် သူမကိုယ်တိုင် အရင်ဆုံး ကျင့်ကြံခြင်းလောကသို့ရောက်အောင် သွားရပေမည်။
“တကယ်လို့ စစ်ပွဲတကယ်ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မတို့တွေ ကျင့်ကြံသူတွေရဲ့အကူအညီလိုလောက်တယ်။”
“သူတို့က ကူညီပါ့မလား?”
“သူတို့နေတဲ့ ကျွန်မတို့နေတဲ့ကမ္ဘာက မတူညီဘူးဆိုပေမယ့် ကျွန်မတို့နဲ့လူမျိုးအတူတူပဲဆိုတော့ သူတို့တစ်ခုခုလုပ်ပေးလောက်မှာပါ။ တကယ်လို့ သူတို့မကူညီချင်ဘူးဆိုလဲ သူတို့နဲ့ အပေးအယူလုပ်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့တွေက ကျွန်မရဲ့မှော်စွမ်းအားကို လိုချင်ကြတယ်လေ။”
ကုနင်းကတော့ ထိုကျင့်ကြံသူတွေ သူမကိုကူညီလာဖို့ ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
လင်ရှောင်းထင်လဲ ထိုကိစ္စကိုသဘောတူပေသည်။
“ကိုယ်တို့ စမလှုပ်ရှားခင် မူတန်တွေနဲ့ပတ်သတ်လို့ အသုံးဝင်မယ့်အချက်တွေရှာထားရမယ်။”
သူတို့အတော်ကြာ ဆွေးနွေးပြီးကာမှ ဖုန်းချခဲ့ကြသည်။
လင်ရှောင်းထင်ကတော့ ထိုသို့ထိတ်လန့်ဖွယ်သတင်းမျိုးကြားပြီးချိန်မှာ အိပ်မပျော်နိုင်တော့ပေ။ စစ်တပ်မှ အကြီးတန်းအရာရှိတစ်ယောက်ဖြစ်သည့်အလျောက် သူတို့နိုင်ငံကိုကာကွယ်ဖို့ သူ့မှာတာဝန်ရှိသည်ဟု တွေးမိသည်။ ဒါကြောင့် လင်ရှောင်းထင် ဆက်မအိပ်တော့ဘဲ အင်တာနက်ကနေပြီး မူတန်နှင့်ပတ်သတ်သည့်အချက်အလက်များကို ရှာဖွေခဲ့သည်။
အရင်ကတော့ မူတန်များကို သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများနှင့် ဝတ္ထုများတွင်သာ သူဖတ်ခဲ့ဖူးတာကြောင့် အခုတော့ ထိုအရာများကနေသာ ကိုးကားရပေတော့မည်။
ဝတ္ထုတစ်ပုဒ်မှကောက်နုတ်ထားသည့်အချက်တစ်ခုက လင်ရှောင်းထင်အတွက် အရေးကြီးအချက်အလက်ဖြစ်သွားစေလေသည်။ ထိုထဲမှာတော့ သူတို့နိုင်ငံရှိ ဝေးလံသောတောင်တန်းတစ်ခုတွင် Rနိုင်ငံမှ သုတေသနခန်းတစ်ခုတည်ဆောက်ထားပြီး တရားမဝင် လူများကိုဝယ်ယူကာ မူတန်သုတေသနလုပ်နေသည်ဟု ပြောထားသည်။
ဒါက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဆိုသော်လည်း အမှန်တရားနှင့်နီးစပ်သည်ဟုတော့ လင်ရှောင်းထင်တွေးမိသည်။
ဒါကြောင့် သဲလွန်စတစ်စုံတစ်ခုတွေ့လိုတွေ့ငြား ပျောက်ဆုံးသည့်လူများအကြောင်းနှင့် လူနေမရှိသည့်တောင်တန်းများအကြောင်းကနေ စတင်စုံစမ်းစစ်ဆေးကြည့်လျှင် အဆင်ပြေပေမည်။
…..
နောက်တစ်နေ့မှာတော့ ကေ နိုးလာချိန်မှာ ကုနင်းဆီက မက်ဆေ့ချ်ကိုမြင်သွားပြီး ချက်ချင်းပင် ကုနင်းကို ဖုန်းဆက်လာခဲ့သည်။
ကုနင်းကလဲ အရေးကြီးကိစ္စမဟုတ်တာကြောင့် ဖြည်းဖြည်းလုပ်ဖို့သာ ပြောလိုက်သည်။
အရေးကြီးကိစ္စမဟုတ်ဘူးဆိုလျှင်တောင်မှ ကေကတော့ ချက်ချင်းဆောင်ရွက်ပေးတုန်းပင်။ နောက်မိနစ်အနည်းငယ်ကြာသည်နှင့် အဖြေထွက်လာခဲ့သည်။
သို့သော်လည်း ဖုန်းနံပါတ်ကို အိုက်ဒီမတင်ထားဘူးဟုသာ သိလာခဲ့ရတာကြောင့် ကုနင်းလိုချင်သည့်အဖြေမျိုးဟုတ်မနေခဲ့ပေ။
ကြည့်ရတာ ထိုလူ အစောကတည်းက ကြိုတင်ပြင်ဆင်ထားပုံပင်။
ကုနင်း သူ့ဖုန်းနံပါတ်ကိုသိသွားသည်နှင့် နောက်ယောင်ခံလိုက်နိုင်တာကြောင့် ထိုလူသည် ချက်ချင်းဖုန်းကို လွှင့်ပစ်ခဲ့သည်။
ကုနင်းလဲ ထိုလူ့ဖုန်းနံပါတ်နှင့် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တာကြောင့် ဖုန်းနံပါတ်ကိုပြန်သုံးလာခြင်းရှိမလား ကေကို စောင့်ကြည့်ထားဖို့သာ ပြောလိုက်ရသည်။
***
အခန်း ၁၂၁၆ ချောင်ဝမ်ရှင်း အထိုးခံလိုက်ရတယ်
ကုနင်း မနက်ပိုင်းအားလပ်နေကာ နောက်တစ်နေ့မနက် Fမြို့သို့မပြန်ခင် ထန်မိသားစုအိမ်တော်တွင် သူမမိသားစုနှင့်အတူ ညနေစာသွားစားဖို့ စိတ်ကူးထားသည်။
ကုနင်း Bမြို့ကိုရောက်နေတာ တော်တော်ကြာနေခဲ့ပြီ၊ အခုမှပဲ ရုတ်တရက် သူမဒီလောက်ကြာတာတောင် ချောင်ဝမ်ရှင်းကို တစ်ခေါက်မှမတွေ့ရသေးမှန်း သတိရသွားတော့သည်။ ဒါကြောင့် ချက်ချင်းဆိုသလို ချောင်ဝမ်ရှင်းကို ဖုန်းဆက်လိုက်သည်။
“ဟိုင်း၊ နင်းနင်း၊ အခုဘယ်မှာလဲ?” ချောင်ဝမ်ရှင်း ဖုန်းကိုင်ပြီးပြီးချင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။
“လောလောဆယ် ဟွားဖုတောင်ကုန်းက အိမ်မှာ။ နင်ရောဘယ်မှာလဲ?”
“ငါအပြင်မှာ၊ သူငယ်ချင်းတွေနဲ့ ဘန်ဂျီအမြင့်ခုန်ဖို့သွားမလို့။ နင်ရော လာခဲ့ပါလား?”
ကုနင်းလဲ စိတ်ဝင်စားသွားတာကြောင့်၊ “ကောင်းသားပဲ! ဘယ်နားမှာလဲ? လာခဲ့မယ်။”
ကုနင်း အရင်ဘဝတုန်းက ဘန်ဂျီအမြင့်တစ်ခေါက်ခုန်ခဲ့ဖူးကာ အလွန်စိတ်လှုပ်ရှားစရာကောင်းသည်ဟု ခံစားခဲ့ရသည်။ သူမပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ လုပ်စရာကိုင်စရာတွေနှင့်မအားလပ်တာကြောင့် ထိုအကြောင်းလုံးဝမေ့နေခဲ့ရသည်။ သို့သော်လည်း ဒီနေ့တော့ သူမလဲအားနေ၍ သူငယ်ချင်းများနှင့်အတူ တစ်ခေါက်လောက်တော့ ပျော်ပျော်ပါးပါးသွားကစားချင်မိသည်။
“ကောင်းပြီလေ၊ ခဏနေတွေ့ကြတာပေါ့။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်ပြီးနောက် ကုနင်းကို လိပ်စာပို့ပေးလိုက်သည်။
ထို့နောက် ကုနင်းလဲ ကောင်းယိနှင့်ချောင်ယတို့ကိုခေါ်ကာ အိမ်မှထွက်ခဲ့သည်။
………
သူမတို့ ဘန်ဂျီအမြင့်ခုန်မည့်နေရာသည် မြို့ထဲနှင့်အတော်လေးဝေးလေသည်။ ချောင်ဝမ်ရှင်းတို့အဖွဲ့သည် ကုနင်းတို့ထက် အစောထွက်ခဲ့ခြင်းဖြစ်တာကြောင့် ကုနင်းက မိနစ်နှစ်ဆယ်လောက်နောက်ကျပြီးကာမှ ထိုနေရာသို့ရောက်သွားခဲ့သည်။
သို့သော်လည်း ကုနင်းတို့မရောက်သေးခင် ချောင်ဝမ်ရှင်းတို့တတွေ ကစားကွင်းထဲရှိ တခြားကစားနည်းများကို သွားကစားဖို့စိတ်ကူးနေချိန်မှာပဲ ပြဿနာတစ်ခုနှင့်တိုးရလေသည်။ သူတို့ဘာသာ ပြဿနာကိုသွားရှာကြခြင်းတော့မဟုတ်ဘဲ တစ်ဖက်လူများက တမင်ပြဿနာလာရှာကြခြင်းသာဖြစ်သည်။
ချောင်ဝမ်ရှင်းတို့အဖွဲ့ သေနတ်ပစ်ကွင်းဘက်သို့အသွား သူမအသိများနှင့် တည့်တည့်တိုးကာ တစ်ယောက်ကဆိုလျှင် သူမကိုပင်စိန်ခေါ်ခဲ့သေးသည်။
“ဟေ့၊ ချောင်ဝမ်ရှင်း၊ နင်ငါနဲ့တစ်ပွဲလောက်ချမလား?”
တစ်ဖက်ကမိန်းကလေးသည် ချောင်ဝမ်ရှင်းနှင့်အသက်အတူတူပင်ဖြစ်သည်။ သူမသည် အရပ်ရှည်ရှည်နှင့်လှပသူဖြစ်သော်လည်း ချောင်ဝမ်ရှင်းက သူမထက်ပိုလှနေတုန်းပင်။
ထိုမိန်းကလေးနှင့်အတူ အမျိုးသားနှစ်ယောက် အမျိုးသမီးတစ်ယောက်လဲပါသေးကာ အားလုံး သူငယ်ချင်းတွေပင်ဖြစ်သည်။
ချောင်ဝမ်ရှင်းတို့အဖွဲ့သည်တော့ ထိုလူများကိုမြင်သည်နှင့် မပျော်မရွှင်ဖြစ်သွားကြလေသည်။
သူမ ထိုမိန်းကလေးနှင့်စကားပင်မပြောချင်သော်လည်း တစ်ဖက်ကတော့ မလွှတ်ပေးပေ။ “ဘာလဲ? နင်ရှုံးမှာကြောက်နေတာလား?” တစ်ဖက်က မိန်းကလေးက အထင်သေးစွာပြောလာသည်။
သူမနာမည်ကတော့ ကျန်းတီနာဖြစ်ကာ သူမဖခင်သည် စစ်ဘက်ဆိုင်ရာ,ရာထူးကြီးသူတစ်ဦးဖြစ်သည်။ သူမသည် ချောင်ဝမ်ရှင်း၊ ကောင်းချန်ယွင်တို့နှင့်အတူ ကြီးပြင်းလာသူဖြစ်သော်လည်း သူမဖခင်က ချောင်ယွေ့ဟွာနှင့် ကောင်းချန်ယွင်အဖေတို့ထက် ရာထူးပိုမြင့်တာကြောင့် အမြဲလိုလို သူမသည်လဲ ချောင်ဝမ်ရှင်းနှင့်ကောင်းချန်ယွင်တို့ထက် ပိုသာသည်ဟု အထင်ရောက်နေသူဖြစ်သည်။
အဆိုးဆုံးကတော့ ကျန်းတီနာသည် စစ်ဘက်မှ ဖော်လံဖားတစ်သိုက်နှင့်ပေါင်းသင်းသူဖြစ်ပြီး သူတို့သဘောမကျသည့်ကလေးများဆိုလျှင် အမြဲလိုလိုအုပ်စုဖွဲ့အနိုင်ကျင့်တတ်သူလဲဖြစ်သေးသည်။
ချောင်ဝမ်ရှင်းနှင့်ကောင်းချန်ယွင်တို့ကတော့ ကျန်းတီနာအလိုကိုမလိုက်ကြတာကြောင့် တပ်မိသားစုကလေးများကြားတွင် အုပ်စုနှစ်စုကွဲသွားကာ တွေ့တိုင်းရန်ဖြစ်နေကြတော့သည်။ အခုတော့ သူတို့တွေလဲ အရွယ်ရောက်လာကြပြီဖြစ်ပေမယ့် အချင်းချင်းမုန်းတီးမှုကတော့ မပြေပျောက်သွားခဲ့ပေ။
တကယ်တမ်း ချောင်ဝမ်ရှင်းသည် ကျန်းတီနာကို အာရုံထားဖို့တောင်ပျင်းရိနေပေမယ့် ကျန်းတီနာကတော့ ချောင်ဝမ်ရှင်းကိုမနာလိုတာကြောင့် အမြဲရန်စနေတတ်သည်။
ကိုယ်ခံပညာရပ်တွင် ချောင်ဝမ်ရှင်းသည် ကျန်းတီနာလောက်မတော်တာကြောင့် အကြိမ်တိုင်း ကျန်းတီနာကို ရှုံးရသည်ချည်းသာ။
သို့ပေမည့် ချောင်ဝမ်ရှင်းသည် ကျန်းတီနာထက် ပိုလှသလို ကျောင်းမှာဆိုလဲ ကျန်းတီနာထက် များစွာပိုထူးချွန်သူဖြစ်သည်။ ဒါကြောင့်ပဲ ချောင်ဝမ်ရှင်းသည် ကောင်လေးတွေကြားတွင် အလွန်နာမည်ကြီးကာ သူတို့မိဘတွေဆိုလဲ သူမကိုသဘောကျကြသည်။
“သေနတ်ပစ်မှာ နင်ငါ့ထက်တော်တာသိတယ်။ ဒါပေမယ့် နင့်ရဲ့စိတ်ပုတ်ကြီးကြောင့် ငါ့လိုဘယ်တော့မှ ဆွဲဆောင်မှုရှိလာမှာမဟုတ်ဘူး။” ချောင်ဝမ်ရှင်းပြန်ပြောလိုက်သည်။
ကျန်းတီနာသည် တကယ်ကြည့်ကောင်းသူဖြစ်ကာ သူမကိုသဘောကျသူတွေလဲ များစွာရှိပေမယ့် ဒေါသကြီးသည့်အချက်ကြောင့် တော်တော်များများက ရှောင်ဖယ်သွားတတ်ကြသည်။
ချောင်ဝမ်ရှင်း၏စကားတို့ကြောင့် ကျန်းတီနာဒေါသထွက်ကာ အော်ဟစ်တော့သည်။ “ချောင်ဝမ်ရှင်း၊ နင်ကများ ငါ့မျက်နှာဖြတ်ရိုက်ရဲတယ်ပေါ့!”
ကျန်းတီနာဒေါသထွက်နေလဲ ချောင်ဝမ်ရှင်းကတော့ ဂရုမစိုက်ပေ။ “ကျန်းတီနာ၊ နင်တစ်နေ့ရည်းစားရသွားကာမှ စိတ်ထားကောင်းတဲ့မိန်းကလေးက ဘယ်လောက်တောင် ပျော်ရွှင်ရလဲဆိုတာ သိလာလိမ့်မယ်။”
ချောင်ဝမ်ရှင်းက သူမတွင်ရည်းစားရှိနေပြီဖြစ်တာကြောင့် ကျန်းတီနာဒေါသထွက်အောင် တမင်ပြောနေခြင်းဖြစ်သည်။ ကျန်းတီနာဒေါသထွက်လေ ချောင်ဝမ်ရှင်း ပိုပျော်လေပင်။ ကျန်းတီနာ အလွန်ဒေါသထွက်သွားပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ကာ ချက်ချင်းပင် ချောင်ဝမ်ရှင်းကို ထိုးလိုက်လေသည်။
ချောင်ဝမ်ရှင်းကလဲ ကျန်းတီနာ၏ဒေါသနှင့်ရင်းနှီးနေပြီဖြစ်၍ ပုံမှန်ဆိုလျှင် သူမကိုယ်သူမကောင်းကောင်းကာကွယ်နိုင်ပေသည်။
သို့သော်လည်း အခုချိန်မှာတော့ ရှင်းပိုင်အကြောင်းတွေးနေမိလိုက်၍ ကျန်းတီနာ၏လက်သီးကို မရှောင်လိုက်နိုင်ပေ။
ချောင်ဝမ်ရှင်းဘေးတွင်ရပ်နေသည့် ကောင်းချန်ယွင်က သူမကိုကာကွယ်ပေးဖို့ ချက်ချင်းပြေးဝင်လာသော်လည်း ကျန်းတီနာဘေးက ကောင်လေးတစ်ယောက်က သူ့ကိုတားထားလေသည်။
ထိုလူကတော့ ချင်ကျီဖုန်းဖြစ်ကာ သူ့အဖေသည်က တပ်ထဲမှစီနီယာကာနယ်တစ်ယောက်ဖြစ်သည်။
သူတို့အားလုံး တပ်အသိုင်းအဝိုင်းတွင်ကြီးပြင်းခဲ့ကြသူများဖြစ်တာကြောင့် ကိုယ်ခံပညာကို အားလုံးသင်ယူထားကြသည်။ ချင်ကျီဖုန်းကြောင့် ကောင်းချန်ယွင်လဲ ချောင်ဝမ်ရှင်းကို မကာကွယ်ပေးနိုင်တော့ပေ။
ကျန်းကျီကျန့်၊ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့သည်တော့ တစ်ခါမှကိုယ်ခံပညာမသင်ဖူးကြတာကြောင့် အားလုံးမှင်သက်ကာ ရပ်နေကြလေသည်။
နောက်တစ်စက္ကန့်မှာပဲ ကျန်းတီနာ၏လက်သီးက ချောင်ဝမ်ရှင်း၏မျက်နှာပေါ်တည့်တည့်ကျရောက်သွားတော့သည်။ ချောင်ဝမ်ရှင်း အလွန်နာကျင်သွားကာ နှာခေါင်းမှပင်သွေးလျှံသွားသည်။
“ဝမ်ရှင်း!” ချောင်ဝမ်ရှင်း၏သူငယ်ချင်းများ ထိတ်လန့်သွားကာ ကျန်းကျီကျန့်က ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့် ချက်ချင်းပြေးဝင်လာတော့သည်။ ကံမကောင်းစွာဘဲ ကျန်းတီနာက သူ့ကိုအသာလေး ကိုင်ပေါက်ပစ်လိုက်လေသည်။
ကျန်းကျီကျန့်သည်ယောက်ျားလေးဆိုသော်လည်း ကျန်းတီနာကိုမယှဉ်နိုင်ပေ။
ချောင်ဝမ်ရှင်း နှာခေါင်းသွေးကို လက်နှင့်ခပ်ကြမ်းကြမ်းပွတ်ကာ ကျန်းတီနာကို ပြန်လည်တိုက်ခိုက်တော့သည်။
“ကျီကျန့်!” ကျူးယွမ်ချန်မှာ ငိုမဲ့မဲ့နှင့် ကျန်းကျီကျန့်ကို အပြေးလေးသွားထူးပေးခဲ့သည်။
ကျူးယွမ်ကျန်းနှင့်ကျန်းကျီကျန်းတို့သည် အခုဆိုတကယ့်အတွဲတွေလိုဖြစ်နေပြီဆိုသော်လည်း တကယ်တမ်းတရားဝင်တော့မတွဲကြသေးဘဲ အချိန်လိုအပ်နေကြတုန်းပင်။
***
အခန်း ၁၂၁၇ နံရိုးကျိုးသွားလေတယ်
ကျန်းကျီကျန့်အခုလို ချောင်ဝမ်ရှင်းကို ဝင်ကာကွယ်ပေးခြင်းက သူမကိုသဘောကျနေသေးတာကြောင့်မဟုတ်ဘဲ သူငယ်ချင်းကောင်းတစ်ယောက်အနေဖြင့်သာ ဖြစ်သည်။
ကျူးယွမ်ကျန်းသည်လဲ နားလည်တာကြောင့် မနာလိုမဖြစ်သော်လည်း ကျန်းကျီကျန့်ထိခိုက်မိသွားသည် အလွန်နာကျင်သွားလေသည်။
“ငါအဆင်ပြေတယ်။” ကျန်းကျီကျန့်လဲ ငိုတော့မလိုဖြစ်နေသည့် ကျူးယွမ်ကျန်းကိုနှစ်သိမ့်ပေးရသည်။
ဒီလောက်ပြင်းပြင်းထန်ထန် ကိုင်ပေါက်ခံထားရမှတော့ ကျန်းကျီကျန့်အဆင်ပြေနေလိမ့်ဦးမည်ဟု ကျူးယွမ်ကျန်းမယုံသော်လည်း ဘာမှမပြောနေတော့ပေ။
သူတို့အဖွဲ့၏ဆူဆူညံညံတိုက်ခိုက်သံများကြောင့် လာရောက်လည်ပတ်သူများနှင့် ကစားကွင်းဝန်ထမ်းများပါ သတိထားမိသွားကြသော်လည်း ဘယ်သူမှတော့ဝင်မတားရဲကြပေ။ ဒါ့အပြင် ထိုအဖွဲ့သည် ကွန်ဖူးဝါသနာရှင်များဖြစ်ကာ အလွန်ဒေါသထွက်နေပုံလဲပေါက်နေခြင်းကြောင့်ပင်။
ကစားကွင်းဝန်ထမ်းတချို့ကတော့ သူတို့ကိုရပ်ကြဖို့အော်ဟစ်တားဆီးကြကာ သူတို့ခေါင်းဆောင်ကိုလဲ ချက်ချင်းအကြောင်းကြားကြသည်။ သို့သော်လည်း ထိုနှစ်ဖွဲ့ကတော့ သူတို့စကားကို နားမဝင်ပါဘဲ ဆက်လက်တိုက်ခိုက်နေကြတုန်းပင်။
ချောင်ဝမ်ရှင်းသည် သေချာပေါက် ကျန်းတီနာ၏ပြိုင်ဘက်မဟုတ်သော်လည်း ကျန်းတီနာအနေနဲ့ ချောင်ဝမ်ရှင်းကို အနိုင်ယူဖို့အချိန်တော့ယူရသေးသည်။
ထိုအချိန်မှာပဲ ကုနင်း၊ ကောင်းယိနှင့်ချောင်ယတို့ ကစားကွင်းသို့ရောက်လာကြသည်။ ကုနင်းလဲ ဝင်လာသည်နှင့်ချက်ချင်း ချောင်ဝမ်ရှင်းထံ ဖုန်းခေါ်ကြည့်ပေမည့် တစ်ဖက်က ပြန်ဖြေမည့်သူမရှိပေ။
ကုနင်းကတော့ သူတို့တွေ တခြားကစားနည်းများသွားကစားနေသည်ဟု တွေးလိုက်မိကာ သူမ၏ကျောက်စိမ်းမျက်လုံးဖြင့်သာ ချောင်ဝမ်ရှင်းကိုရှာကြည့်လိုက်သည်။
သူမ ကစားကွင်းထဲတစ်ချက်ဝေ့ကြည့်လိုက်ချိန်မှာပဲ ၁၀မီတာအကွာမှ အိမ်တစ်လုံးနောက်တွင် လူတချို့တိုက်ခိုက်နေသည်ကို လူများစုအုံကြည့်နေသည်အား တွေ့လိုက်ရသည်။ လူအုပ်ကြီးအလယ်မှာတော့ သူမရှာနေသည့် ချောင်ဝမ်ရှင်းကိုရော ကောင်းချန်ယွင်ကိုပါ တွေ့လိုက်ရလေသည်။
ချောင်ဝမ်ရှင်းက မိန်းကလေးတစ်ယောက်နှင့်တိုက်ခိုက်နေကာ ကောင်းချန်ယွင်သည်လဲ ယောက်ျားလေးတစ်ယောက်နှင့် တိုက်ခိုက်နေသည်။ သူတို့နားတွင်တော့ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့က ဒဏ်ရာရထားသည့် ကျန်းကျီကျန့်ကိုဖေးမပေးနေကြသည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့ ချောင်ဝမ်ရှင်းသည် ထိုအမျိုးသမီးထက် အားနည်းနေပုံပေါ်ကာ သူမဘယ်ဘက်ပါးရိုးပေါ်တွင် သွေးများရှိနေလေသည်။
ကုနင်း ချက်ချင်းပဲ ထိုနေရာသို့ပြေးသွားတော့သည်။ ကောင်းယိနှင့်ချောင်ယတို့မှာတော့ ဘာဖြစ်နေမှန်းမသိသော်လည်း ကုနင်းနောက်မှ ထပ်ကြပ်မကွာလိုက်သွားကြသည်။
ကုနင်း အိမ်နားသို့ရောက်သွားသည်နှင့် ကျန်းတီနာဆီသို့ ပြေးသွားကာ ကျန်းတီနာ၏လက်ကိုဖမ်းဆွဲလို့ ပစ်ပေါက်လိုက်လေသည်။ ကျန်းတီနာမှာ ရုန်းချိန်တောင်မရလိုက်ပါဘဲ ဒလှိမ့်ကောက်ကွေးလွင့်ထွက်သွားတော့သည်။
ရုတ်တရက်အဖြစ်အပျက်ကြောင့် ချောင်ဝမ်ရှင်း၊ ကောင်းချန်ယွင်နှင့် ချင်ကျီဖုန်းအပါအဝင် လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့မှင်သေနေကြတုန်းမှာပဲ ကုနင်းက ကျန်းတီနာကို အားပြင်းပြင်းတစ်ချက်ထပ်ကန်လိုက်ပြန်သည်။
ကျန်းတီနာမှာ သုံးမီတာလောက်အထိလွင့်ထွက်သွားကာ မာကျောသည့်နံရံတစ်ခုနှင့်စောင့်မိပြီးနောက် သွေးတစ်ပွက်အန်က လဲကျသွားတော့သည်။ သူမအရိုးတွေတော့ ကျိုးကုန်ပုံပဲ။
ဖြစ်ပျက်သွားသည်က မြန်ဆန်လွန်းလှတာကြောင့် ကျန်းတီနာ လဲကျမသွားခင်အထိ ဘယ်သူမှမတုံ့ပြန်နိုင်ခဲ့ပေ။
“ဂျီးဆပ်၊ ဒီကောင်မလေး ဟိုတစ်ယောက်ကို သုံးမီတာတောင်လွင့်အောင် ကန်လိုက်တာပါလား!”
“မယုံနိုင်စရာပဲ!”
“ကွန်ဖူးပညာရှင်နဲ့တူတယ်။”
“……”
အားလုံး ကုနင်းကို အထင်ကြီးသွားကြသည်။
ကုနင်း အခုလို ကျန်းတီနာကိုကန်လိုက်သည့်အတွက် မှားသည်ဟု ဘယ်သူမှမထင်ကြပေ။ အကြောင်းကတော့ ကျန်းတီနာကအရင် ချောင်ဝမ်ရှင်းတို့အဖွဲ့ကို အနိုင်ကျင့်နေကြောင်း သူတို့မျက်မြင်မဟုတ်လား။ ကုနင်းသည်က ချောင်ဝမ်ရှင်း၏သူငယ်ချင်းကောင်းဖြစ်သလို ဆွေမျိုးအရင်းကြီးလဲဖြစ်သေးသည်။
“နင်းနင်း!” ကုနင်းကိုမြင်လိုက်သည်နှင့် ချောင်ဝမ်ရှင်းဝမ်းသာသွားတော့သည်။
ထို့နောက် ကုနင်း စွမ်းအင်သလင်းကျောက်နှစ်လုံးထုတ်ကာ ချောင်ဝမ်ရှင်းနှင့်ကျန်းကျီကျန့်တို့သက်သာအောင် တိုက်လိုက်သည်။
“ဟိုင်း၊ မစ္စကု။” ကောင်းချန်ယွင်လဲ ဆက်မတိုက်တော့ဘဲ ကုနင်းနားရောက်လာခဲ့သည်။
“တီနာ!” ချင်ကျီဖုန်းကတော့ ကျန်းတီနာဆီသို့ အပြေးထွက်သွားလေသည်။
ကျန်းတီနာမှာ အလွန်နာကျင်နေကာ သူမနံရိုးတစ်ချောင်းလဲ ကျိုးသွားခဲ့သည်။ လောလောဆယ် သူမလှုပ်တောင်မလှုပ်နိုင်တော့ဘဲ နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေရလေသည်။ သူမအခြေအနေအပြည့်အဝပြန်ကောင်းဖို့ဆို အချိန်၂လလောက်တော့လိုပေမည်။
…..
ကုနင်း ကျန်းတီနာကိုကန်ရာတွင် အားတော်တော်သုံးမိသွားကြောင်း ဝန်ခံပေမယ့် အခုလို ကျန်းတီနာက ချောင်ဝမ်ရှင်းကို အနိုင်ကျင့်နေသည်အားမြင်ရချိန်တွင် သူမဒေါသကိုမထိန်းလိုက်နိုင်ပေ။
“နင့်ထိုက်နဲ့နင့်ကံပဲ!” ချောင်ဝမ်ရှင်းကတော့ အလွန်ကျေနပ်နေကာ ကျန်းတီနာကိုအော်ပြောလိုက်သည်။ ချောင်ဝမ်ရှင်း၏သူငယ်ချင်းများသည်လဲ ထိုသို့သာတွေးကြသည်။
“မင်းတီနာကို ဘယ်လိုတောင်လုပ်ရဲတာလဲ! ကျန်းမိသားစုက မင်းကိုပြန်လက်စားချေလိမ့်မယ်!” ချင်ကျီဖုန်းက ကုနင်းကိုခြိမ်းခြောက်လိုက်သည်။ ကုနင်းသည် ပျော့ညံ့သည့်မိန်းကလေးမဟုတ်မှန်း သူသိတာကြောင့် တိုက်ရိုက်တော့ဝင်မတိုက်ခိုက်ရဲပေ။
“ကျန်းမိသားစုက ငါ့ကိုဘယ်လိုများပညာပေးမလဲ ကြည့်ရသေးတာပေါ့။” ကုနင်းကတော့ ကျန်းမိသားစုကိုလုံးဝကြောက်မနေပေ။
“ကျန်းတီနာကသာ အနိုင်ကျင့်တဲ့လူ၊ သူ့ဘာသာပြန်ခံသွားရတာပဲ!” ချောင်ဝမ်ရှင်း အထင်သေးစွာပြောလိုက်ပြီးနောက် ကုနင်းဘက်သို့လှည့်ကာ၊ “နင်းနင်း၊ ဘာမှမစိုးရိမ်နဲ့။ ကျန်းတီနာရဲ့အဖေက တပ်ထဲမှာရာထူးမြင့်တယ်ဆိုပေမယ့် ချောင်မိသားစုရယ် ထန်မိသားစုရယ်ကိုတော့ ကျန်းမိသားစု မယှဉ်နိုင်ဘူး။”
“မင်း…” ချင်ကျီဖုန်း အလွန်ဒေါသထွက်သွားတော့သည်။
သူ ကုနင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချောင်ဝမ်ရှင်းကို ပြန်ပြောလိုက်လေသည်။ “ကျန်းမိသားစုက ချောင်မိသားစုရော ထန်မိသားစုလောက်ပါ အင်အားမကြီးပါဘူး။ ဒါပေမယ့် ချောင်မိသားစုနဲ့ ထန်မိသားစုက အပြင်လူတစ်ယောက်အတွက်နဲ့ ကျန်းမိသားစုကို တိုက်ခိုက်ချင်ပါ့မလား?”
ကုနင်းအကြောင်းကို ချင်ကျီဖုန်းမသိတာကြောင့် ချောင်ဝမ်ရှင်းနောက်ခံရှိ၍သာ သူတို့ကို ကုနင်းထိခိုက်အောင်လုပ်ရဲခြင်းဟု ထင်နေလေသည်။
“လာနောက်နေတာလား?” ချောင်ဝမ်ရှင်း ရယ်လိုက်မိတော့သည်။ ချင်ကျီဖုန်းက တကယ်ကိုငတုံးပဲလို့တောင် တွေးမိသွားသည်။ “နင်းနင်းက ထန်မိသားစုရဲ့အရေးပါတဲ့မိသားစုဝင်တစ်ယောက်ဆိုတာ နင်မသိဘူးလား?”
***
အခန်း ၁၂၁၈ ကျန်းတီနာကို ပညာပေးဖို့လိုနေပြီ
ကုနင်းပေးသည့်မှော်ဆေးကိုသောက်ပြီးနောက်မှာပဲ ချောင်ဝမ်ရှင်းမျက်နှာပေါ်မှဒဏ်ရာက ပျောက်ကင်းသွားတာကြောင့် သူမလဲ ပုံမှန်အတိုင်းစကားပြန်ပြောနိုင်သွားခြင်းဖြစ်သည်။
“ဘာ?” ချင်ကျီဖုန်းနှင့်ကျန်လူများသည်တော့ အံ့ဩထိတ်လန့်သွားကြလေသည်။
“ချောင်ဝမ်ရှင်း ငါတို့ကိုလာချောက်မနေနဲ့။ သခင်ကြီးထန်မှာ မြေးယောက်ျားလေးနှစ်ယောက်ပဲရှိမှန်း ငါတို့အားလုံးအသိပဲ!” ချင်ကျီဖုန်း ပြန်ပြောလိုက်သည်။
“နင်တို့ကိုချောက်စရာလား၊ အိမ်ပြန်ရောက်မှာ နင်တို့မိဘတွေကို ပြန်မေးကြည့်ကြ။”
ချင်ကျီဖုန်းနှင့်ကျန်းတီနာတို့မိဘများသည် ထန်ယွင်ဖန်းနှင့်ကုမန့်တို့မင်္ဂလာပွဲနေတုန်းက ဖိတ်ကြားခံခဲံရတာကြောင့် ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်ကြောင်း သူတို့မိဘတွေ သိကြပေလိမ့်မည်။
ချင်ကျီဖုန်း၊ ကျန်းတီနာနှင့် ချောင်ဝမ်ရှင်းတို့တွေကတော့ တောက်လျှောက်မတည့်ကြသော်လည်း မိဘများ၏ဆက်ဆံရေးအပေါ်ကိုတော့ သက်ရောက်မှုမရှိပေ။
ချောင်ဝမ်ရှင်းကိုယ်တိုင်ပြောလာခြင်းဖြစ်တာကြောင့် ဖြစ်နိုင်ချေတော်တော်လေးများလှသော်လည်း ဘာလို့များ သခင်ကြီးထန်မှာ ဒီအရွယ်မြေးမတစ်ယောက် ရုတ်ချည်းရသွားရလဲ ချင်ကျီဖုန်းနားမလည်နိုင်သေးပေ။ ဒါကြောင့် ကုနင်းသည် ထန်ယွင်ဖန်း၏တရားမဝင်သမီးဖြစ်မည်ဟုသာ တွေးမိသွားလေသည်။
ဒီလိုဆိုရင်တောင် သူ ကုနင်းကိုဆက်ပြီးမဆန့်ကျင်ရဲတော့ပေ။
“ကျီဖုန်း၊ လူနာတင်ယာဉ်ခေါ်ကြရအောင်!” ချင်ကျီဖုန်း၏သူငယ်ချင်းက ပြောလာလေသည်။
“မြန်မြန်ခေါ်လိုက်လေ!” ချင်ကျီဖုန်း ဘေးကသူငယ်ချင်းဆီကိုသာ ဒေါသတွေပေါက်ကွဲလိုက်တော့သည်။
ရန်ပွဲက ငါးမိနစ်လောက်သာကြာသွားခဲ့ပြီး မကြာခင်မှာပဲ ကစားကွင်းမန်နေဂျာလဲ ရောက်ရှိလာခဲ့သည်။
“မင်းတို့လူငယ်တွေ ဘာတွေဖြစ်နေကြတာတုန်း? ဘာလို့ ဒီလိုနေရာမှာ ရုန်းရင်းဆန်ခတ်လုပ်နေကြတာလဲ?” မန်နေဂျာက ရောက်ရောက်ချင်း ဆူပူလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ သူ့အကြည့်တို့ ကျန်းတီနာဆီသို့ရောက်သွားကာ ဒဏ်ရာရနေသည်ကိုမြင်လိုက်တာကြောင့် အလွန်ပူပန်သွားတော့သည်။
“သူတို့ဘက်ကအရင်စတာ။” ချောင်ဝမ်ရှင်း အမြန်ဝင်ပြောလိုက်သည်။
“ဘယ်သူ့ဘက်ကစစ။ ရဲကိုအကြောင်းကြားမှဖြစ်မယ်။”
မန်နေဂျာစကားကြောင့်၊ “ကျွန်တော်တို့ဖုန်းဆက်ပြီးသွားပြီ၊ ခဏနေရဲတွေရောက်လာတော့မှာပါ။” ဝန်ထမ်းတစ်ယောက်က ဝင်ပြောလိုက်သည်။
သိပ်မကြာလိုက်ပါဘဲ ရဲများရောက်ရှိလာခဲ့သည်။
ရဲသားက ချောင်ဝမ်ရှင်းကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ကျီဖုန်းကိုမေးလိုက်သည်။ “မင်းတို့ တရားရုံးအထိသွားချင်လား ဒါမှမဟုတ် အပြင်မှာပဲရှင်းကြမလား?”
“အပြင်မှာပဲရှင်းပါ့မယ်။” ချင်ကျီဖုန်း ချက်ချင်းပြန်ဖြေလိုက်သည်။
တကယ်တော့ သူတို့တွေတရားရုံးအထိတက်လျှင်တောင်မှ ဒဏ်ရာအတွက် ဆေးရုံစရိတ်လောက်သာရမည်ဖြစ်တာကြောင့် ဘာမှမထူးခြားသွားပေ။
ကျန်းတီနာလဲ နားလည်တာကြောင့် ထိုအတိုင်းသာ သဘောတူလေသည်။
သူတို့ချင်း အပြင်မှာပဲရှင်းမည်ဆိုတာကြောင့် ရဲများလဲ ပြန်ထွက်သွားတော့သည်။
“ကျန်းတီနာ၊ နင်ငါနဲ့ဝေးဝေးနေဖို့ အမှတ်ရ။ ငါ့ကိုထပ်ပြီးပြဿနာလာရှာဖို့ကြံမိရင် ဒီနေ့သင်ခန်းစာအကြောင်း ပြန်သာတွေးလိုက်။” ချောင်ဝမ်ရှင်း အေးစက်စက်ပြောလိုက်သည်။
“ငါ့မှာငွေမှပေါလို့၊ နင်သာ ဆေးရုံမှလပိုင်းလောက်သွားလှဲချင်ရင် ငါ့ဘက်ကလဲ ဆေးဖိုးကုန်ကျခံပေးဖို့ စိတ်မရှိဘူးနော်။”
ချောင်မိသားစု၏စည်းမျဉ်းများကြောင့် အရင်ကဆို ချောင်ဝမ်ရှင်းသည် အသုံးစရိတ်သိပ်မရသော်လည်း ကုနင်းနှင့် မြေကမ္ဘာကလပ်သို့သွားပြီးနောက် သူမတွင် ယွမ်သန်း၅၀၀ရှိလာခဲ့သည်။ ထိုပမာဏကြောင့် သူမပိုက်ဆံအိတ်ဖောင်းနေ၍ ချောင်ဝမ်ရှင်း လုပ်ချင်တာမှန်သမျှလုပ်နိုင်ပေသည်။
ယနေ့ ကျန်းတီနာကို ပညာပေးလိုက်နိုင်သည့်အတွက် သူမအလွန်ကျေနပ်နေကာ ဆေးဖိုးဝါးခပေးဖို့ အလွန်လိုလားနေကာ ဘယ်လောက်ကျကျဂရုကိုမစိုက်တော့ပေ။
ကျန်းတီနာမှာ အားအင်ကုန်ခမ်းနေတာကြောင့် ချောင်ဝမ်ရှင်းကို မကျေမနပ်စိုက်ကြည့်ရုံသာတတ်နိုင်လေသည်။ ဖြစ်သမျှ ချောင်ဝမ်ရှင်းကိုသာ အပြစ်တင်နေကာ သူမမှားသည်ဟုတော့ လုံးဝမတွေးပေ။ အခုတော့ သူမနံရိုးတစ်ချောင်းပါကျိုးသွားပြီဖြစ်၍ ချောင်ဝမ်ရှင်းကို ပိုလို့တောင်မုန်းနေတော့သည်။
ကုနင်းကိုလဲ ကျန်းတီနာသိသွားပေပြီ။ သခင်ကြီးထန်၏မြေးမတဖြစ်လဲ ချောင်ဝမ်ရှင်း၏သူငယ်ချင်းကောင်းဖြစ်သည့် ကုနင်းကိုသူမကြောက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ချောင်ဝမ်ရှင်းကိုရော ကုနင်းကိုပါ တစ်နေ့တော့ ပြန်လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပေပြီ။
“သွားရအောင်၊ ငါတို့တွေသွားပျော်ကြမယ်။” ချောင်ဝမ်ရှင်းပြောလိုက်ကာ သူမသူငယ်ချင်းများနှင့်အတူ ထွက်သွားတော့သည်။
သူမတို့အတော်ဝေးဝေးကိုရောက်သည်အထိ ချောင်ဝမ်ရှင်းတစ်ယောက် စိတ်လှုပ်ရှားလို့နေတုန်းပင်။
“နင်းနင်း၊ နင်အချိန်ကိုက်ကိုပေါ်လာတာပဲ! ကျန်းတီနာဒဏ်ရာရသွားတာကိုမြင်လိုက်ရတဲ့အချိန် အရမ်းကိုပျော်သွားတာ။ သူနောက်တစ်ခါ ငါ့ကိုပြဿနာရှာရဲတော့မှာမဟုတ်ဘူး။”
“သူဒီလိုမကြာမကြာ ပြဿနာရှာတတ်လား?” ကုနင်းမေးလိုက်သည်။
“အွန်း၊ ငါတို့ကလေးဘဝကတည်းက သူက အနိုင်ကျင့်တတ်တဲ့လူလေ၊ ငါက သူ့စကားနားမထောင်တော့ မကြာမကြာရန်ဖြစ်ရရော။ ချင်ကျီဖုန်းသာ သူနဲ့မရှိရင် ဒါမှမဟုတ် ငါ့အစ်ကိုသာအတူရှိနေရင် အေးဆေးပဲ။”
ဒါကြောင့်ပဲ ကျန်းတီနာကို သင်ခန်းစာပေးဖို့လိုနေပေပြီ။
“နင်းနင်း၊ ငါ ကျန်းတီနာကိုနားလည်ထားသလောက်တော့ သူဒီလောက်နဲ့ လက်လျှော့သွားမှာမဟုတ်ဘူး။ နင်က ဉာဏ်လဲကောင်းပြီး သန်လဲသန်မာတယ်ဆိုပေမယ့် ဂရုတော့စိုက်ဦးနော်။” ချောင်ဝမ်ရှင်းသတိပေးလိုက်သည်။
“ဟုတ်ပါပြီ။”
“ဝိုး၊ မစ္စကု၊ မင်းရဲ့အထူးဆေးကတကယ်ကို အစွမ်းထက်တာပဲ!” ကျန်းကျီကျန့်ပြောလိုက်သည်။
***
စာစဉ် ၇၉ ပြီး၏။