← Chapters

အခန်း (၁၂၂၅-၁၂၃၀)

Vol. 80 Ch. 1225-1230

အခန်း (၁၂၂၅-၁၂၃၀)

Vol. 80 Ch. 1225-1230

အခန်း ၁၂၂၅ မလုံလောက်သေးဘူး

ကောင်းယိ အတော်လေးစိတ်လှုပ်ရှားခဲ့ပေမယ့် လုံလောက်သည်ဟု မခံစားရသေးတာကြောင့် အချိန်ရမှ နောက်တစ်ခေါက်လောက် ထပ်လာဦးမည်ဟု တွေးထားလိုက်သည်။

ကောင်းယိ ကမ်းပေါ်သို့ပြန်ရောက်သည်နှင့် ကောင်းချန်ယွင်တစ်ယောက် လေးစားအားကျမှုများဖြင့် မျက်လုံးမခွာနိုင်ဖြစ်နေတော့သည်။ “ငါဆို အော်လိုက်တာမှပြဲနေတာပဲ၊ တော်တော်ရှက်ဖို့ကောင်းတယ်။”

တကယ်တော့ ဒီလိုလွန်ကဲသည့်အားကစားနည်းမျိုးကစားနေစဉ်အတွင်း အော်ဟစ်ခြင်းသည် ရှက်စရာမဟုတ်သော်လည်း ကောင်းယိ တည်ငြိမ်နေခြင်းကသာ ပုံမှန်မဟုတ်ခြင်းဖြစ်သည်။

မကြာခင်မှာပဲ ချောင်ဝမ်ရှင်းခုန်ချလိုက်ကာ သူမအော်သံက ကောင်းချန်ယွင်ထက်ပင် ပိုကျယ်သေးသည်။

ဆက်လက်ပြီး ကျန်းကျီကျန့်ခုန်ချလေသည်။

အောက်ကိုတစ်ချက်ငုံကြည့်လိုက်သည်နှင့် မနေနိုင်စွာ နောက်တစ်လှမ်းပင် ပြန်ဆုတ်မိသွားရသည်။ သို့သော်လည်း ရှိသမျှသတ္တိအကုန်စုကာ ခုန်ချလိုက်စဲပင်။

ခုန်ချပြီးနောက်မှာတော့ ချောင်ဝမ်ရှင်းထက်ပင် အခြေအနေဆိုးကာ ကိုယ်ခြေထောက်နဲ့ကိုယ်ပင် မတ်တပ်မရပ်နိုင်လုနီးနီးဖြစ်သွားခဲ့သည်။

နောက်ဆုံးအနေနဲ့ ကုနင်းခုန်ချအလှည့်ပင်။

ကျန်းကျီကျန့်ခုန်ချသွားပြိးနောက် ကုနင်းက ဘန်ဂျီစင်ပေါ်မှ ဝန်ထမ်းများကို၊ “နောက်ကျရင် ခုန်မယ့်သူတွေရဲ့ အတွေးကိုလဲ ရှင်တို့နားထောင်ပေးကြသင့်တယ်လို့ ထင်တယ်။ တကယ်လို့ ခုန်မချချင်ဘူးလို့ အတင်းငြင်းနေရင် သူတို့ကို တွန်းမချလိုက်ပါနဲ့။ အစောကကောင်မလေး ဘာဖြစ်သွားလဲသိကြလား? သူ့မှာ အမြင့်ကြောက်ရောဂါရှိတယ်၊ ခုန်ချပြီးတာနဲ့ ရှော့ခ်ဖြစ်သွားတာ။ သေခါနီးပဲ။”

ကုနင်း သူတို့ကိုအပြစ်တင်နေခြင်းမဟုတ်ဘဲ စေတနာဖြင့် ညင်ညင်သာသာသတိပေးနေခြင်းသာဖြစ်သည်။

ကျောက်ဖူလင်လိုအဖြစ်မျိုး ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ပေ။

ဝန်ထမ်းများသည်လဲ ထိုအကြောင်းကိုသိပြီးနောက် ထိတ်လန့်သွားကြလေသည်။ ကျောက်ဖူလင် ရှော့ခ်ဖြစ်သွားလိမ့်မည်ဟု သူတို့မထင်ထားကြပေ။

ကံကောင်းလို့ ဘေးကင်းသွားတာပဲ။

ဝမ်းထမ်းများသည် တစ်ခါတရံအနည်းငယ်ရိုင်းသလိုရှိသော်လည်း မကောင်းသည့်လူများမဟုတ်တာကြောင့် အပြစ်ရှိစိတ်ဝင်သွားကြသည်။ “မတော်တဆမှုအတွက် စိတ်မကောင်းပါဘူး။ ငါတို့နောက်ကျရင် သတိထားလိုက်ပါ့မယ်။”

ထိုလူများ၏ ကောင်းမွန်သည့်အပြုအမူကြောင့် ကုနင်းဘာမှထပ်မပြောတော့ပေ။ နောက်များကျ ဘန်ဂျီခုန်သမားများကို ထပ်မတွန်းချကြဖို့သာ မျှော်လင့်မိတော့သည်။

ဤတစ်ကြိမ်မှာတော့ ကျောက်ဖူလင်ကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်သာဆိုလျှင် တစ်ယောက်ယောက်အတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သွားပေလိမ့်မည်။

လုံခြုံရေးထိန်းကြိုးများကို စစ်ပြီးနောက် ကုနင်းခုန်ချဖို့အဆင်သင့်ဖြစ်သွားသည်။

ကုနင်း အစွန်းကနေပြီး အောက်ကိုငုံကြည့်လိုက်ကာ အနည်းငယ်မသက်မသာခံစားသွားရသော်လည်း ကြောက်မသွားခဲ့ပေ။ သူမအရင်ဘဝတုန်းက ဤထက်ပိုမြင့်သည့် ကြောက်စရာကောင်းလှသည့်အမြင့်မျိုးမှ ခုန်ချခဲ့ဖူးပေသည်။

ကုနင်းပြင်ဆင်လို့ပြီးသည်နှင့် သူမသည်လဲ အော်ဟစ်ခြင်းမရှိ ခုန်ချခဲ့သည်။

“သူတော်တော်လေး သတ္တိရှိတာပဲ!” ဝန်ထမ်းတစ်ယောက်ကပြောလိုက်ကာ ကျန်ဝန်ထမ်းကလဲ ထောက်ခံလေသည်။

ကောင်းချန်ယွင်တို့သည်လဲ ကုနင်းကို လေးစားသွားကြသည်။

ကောင်းယိကတော့ ကုနင်းဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်သည်ကို မြင်နေကြဖြစ်တာကြောင့် ဘာမှမခံစားမိပေ။

ကုနင်း ရေမျက်နှာပြင်မှ နှစ်မီတာမျှအမြင့်သို့ရောက်ချိန်မှာပဲ မြစ်ထဲတွင် သတ္တဝါကြီးတစ်ကောင်ကူးခတ်နေသည်ကိုမြင်လိုက်ရသည်။ ထိုအကောင်ကြီးနှင့် သူမမျက်လုံးခြင်းဆုံးသွားချိန်မှာတော့ ပြုံးပြလိုက်လေသည်။

နတ်ဆိုးကျောင်းသည် ဤနားတစ်ဝိုက်တွင် ရေကူးနေခဲ့ကာ ကုနင်း ကျောက်ဖူလင်ကိုကယ်တုန်းက ထုတ်သုံးခဲ့သည့် မှော်စွမ်းအားကို အာရုံခံမိတာကြောင့် ကုနင်းကိုတွေ့ဖို့ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ကုနင်း မြေပေါ်သို့ တည်တည်ငြိမ်ငြိမ်ခြေချလိုက်ပြီး၊ ဒီလိုခုန်ချရတာက တော်တော်လေးခံစားလို့ကောင်းသည်ဟု တွေးလိုက်မိသည်။

ကုနင်း လှေပေါ်တက်လာသည်နှင့် ဝန်ထမ်းမှာလဲ သူမကိုမှတ်မိသွားကာ ပိုလို့တောင် လေးစားသွားတော့သည်။ သူ့အမြင်မှာတော့ ကုနင်းသည် အလွန်ကြင်နာတတ်ကာ သတ္တိရှိသည့်မိန်းကလေးလဲ ဖြစ်နေသေးသည်။

“နင်းနင်း၊ ဘယ်လိုခံစားရလဲ? စိတ်လှုပ်ရှားဖို့မကောင်းဘူးလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။

“ကောင်းပါတယ်၊ ဒါပေမယ့် စင်က သိပ်မမြင့်တော့ လုံလုံလောက်လောက် စိတ်မလှုပ်ရှားလိုက်ရဘူး။”

“ဘာ? ဒါကိုတောင် အရမ်းမမြင့်သေးဘူးလား?” ချောင်ဝမ်ရှင်း အလွန်အံ့ဩသွားတော့သည်။

“ငါ့အတွက်တော့ မြင့်တာထက်ကို ပိုနေပြီ။” ကောင်းချန်ယွင်ပါပြောလိုက်တာကြောင့် ကောင်းယိကလဲ၊ “ဟုတ်တယ်၊ ငါလဲ မလုံလောက်သေးဘူးလို့ ခံစားရတယ်။”

ချောင်ဝမ်ရှင်းတို့အဖွဲ့မှာတော့ စိတ်ဓါတ်ကျသွားကြတော့သည်။

“နောက်ကျ ဒီထက်ပိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့နေရာ သွားကြတာပေါ့။” ကုနင်း ကောင်းယိနှင့် အဖော်ရသွားလေသည်။

“ငါလဲ လိုက်မယ်။” ချောင်ယသည်လဲ သူတို့အဖွဲ့ထဲပါလိုက်သည်။

“ကောင်းတာပေါ့။”

ချောင်ဝမ်ရှင်းတို့တတွေကတော့ ဘာဝင်ပြောလို့ပြောရမှန်းပင် မသိကြတော့ပေ။

“ငါတော့မရဘူး။ ဒီနေ့နဲ့တင် အရမ်းလုံလောက်နေပြီ။” သူမ မီတာ၄၀အမြင့်ကနေခုန်ချခဲ့ရတာကြောင့် သူမနှလုံးကို နှိပ်စက်တာ လုံလောက်သွားပြီဖြစ်သည်။ ချောင်ဝမ်ရှင်းကတော့ ဒီထက်သာ ထပ်မြင့်လိုက်ကတော့ သူမအကြောက်လွန်ပြီးသေသွားမှာ စိုးနေသည်။

“ငါလဲ နောက်ကို ထပ်မခုန်တော့ဘူး။” ကျန်းကျီကျန့်ကတော့ တစ်ခါခုန်ပြီးတာနဲ့ အရမ်းကြောက်သွားပြီဖြစ်၍ ဆုံးဖြတ်ချက်ခိုင်မာနေတော့သည်။

“အိတ်တွေသွားယူကြရအောင်၊ နင်တို့ နေလို့ပြန်ကောင်းအောင် ဆေးတစ်လုံးစီပေးမယ်။” ကုနင်းက ချောင်ဝမ်ရှင်းနှင့် ကျန်းကျီကျန့်တို့ အနည်းငယ်အကြောက်သက်သာစေချင်နေသည်။

စိတ်စွမ်းအင်သလင်းကျောက်များသည် အိတ်ထဲမှာမဟုတ်ဘဲ သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှာဖြစ်သော်လည်း တခြားလူတွေမသိအောင် အိတ်ကိုအကာအကွယ်ယူရပေဦးမည်။

“ကောင်းလိုက်တာ!” ချောင်ဝမ်ရှင်းနှင့် ကျန်းကျီကျန့်တို့ တကယ်ကို သူတို့ခန္ဓာကိုယ်ပျော့ခွေနေသည်အား မခံစားနိုင်တော့တာကြောင့် ကုနင်းစကားကြားသည်နှင့် အလွန်ပျော်သွားကြတော့သည်။

ချောင်ဝမ်ရှင်းကတော့ အရင်ကလဲ ဘန်ဂျီခုန်ဖူးတာ‌ကြောင့် တစ်ပတ်လောက်နေသည်နှင့် သူမပြန်ကောင်းသွားမည်မှန်း သိနေသည်။

အခြေအနေအရမ်းမဆိုးလှသော်လည်း ခံစားလို့တော့မကောင်းတာကြောင့် ကုနင်း၏ဆေးကိုသာသောက်လျှင် သူတို့နေလို့ပိုကောင်းသွားနိုင်ပေသည်။

ထို့နောက် အားလုံး အိတ်ထားရာ အခန်းဆီသို့သွားလိုက်ကြသည်။

***

အခန်း ၁၂၂၆ အင်တာနေရှင်နယ်အမျိုးသမီး ဘက်စကတ်ဘောအသင်း

ချောင်ဝမ်ရှင်းနှင့်ကျန်းကျီကျန့်တို့ဘယ်လောက်ပဲ ပျော့ခွေနေကြပါစေ ဖြည်းဖြည်းချင်းထိန်း၍တော့ လမ်းလျှောက်နိုင်ကြတုန်းပင်။

အန်းယန်နှင့်ကျူးယွမ်ကျန်းတို့ကလဲ ဘေးကနေတွဲကူပေးကြတာကြောင့် ပြဿနာမရှိပေ။

အိတ်များပြန်ယူပြီးနောက် ကုနင်းက စွမ်းအင်သလင်းကျောက်ဆေးပုလင်းတစ်ခုကိုထုတ်ကာ အားလုံးကို ဆေးတစ်လုံးဆီပေးလိုက်သည်။ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့သည် ဘန်ဂျီမခုန်ကြသော်လည်း ကျန်းမာရေးအတွက်ကောင်းသည့်ဆေးဖြစ်တာကြောင့် တစ်ယောက်တစ်လုံးရကြသည်။

ဆေးသောက်ပြီး မကြာလိုက်ပါဘဲ ချောင်ဝမ်ရှင်းနှင့်ကျူးကျီကျန့်တို့ နေလို့သက်သာကာ အားအင်ပြန်ပြည့်လာကြသည်။ အန်းယန်နှင့် ကျူးယွမ်ကျန်းတို့လဲ နေလို့ပိုကောင်းလာကြသည်။

နေ့လည်စာစားချိန်လဲရောက်နေပြီဖြစ်တာကြောင့် အားလုံးနေ့လည်စာအတူစားခဲ့ကြသည်။

“နင်းနင်း၊ ငါတို့ပြီးရင် တောင်သွားတက်ကြမှာ။ နင်ပါလိုက်ခဲ့ပါလား? ညနေစာစားပြီးရင်လဲ ဘားကိုသွားဦးမှာ။” ချောင်ဝမ်ရှင်းကတော့ တစ်နေ့လုံး အိမ်ပြန်ဖို့စိတ်ကူးမရှိပုံပင်။

သူတို့အားလုံးအတူအမြဲဆုံလေ့မရှိတာကြောင့် ဆုံတုန်းဆုံခိုက် တစ်နေ့လုံးအတူပျော်ကြခြင်းဖြစ်သည်။

“မရလောက်ဘူး။ ငါမနက်ဖြန်ဆို Fမြို့ကိုပြန်တော့မှာ။ ဒီည ထန်အိမ်တော်ကိုသွားရမယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကလဲ မလိုတော့ဘူးလေ။”

“ဟုတ်ပါပြီ။” ကုနင်းမှာ ပိုအရေးကြီးသည့်ကိစ္စများလုပ်ဖို့ရှိမှန်း ချောင်ဝမ်ရှင်း နားလည်ပေသည်။

ရုတ်တရက် ကျန်းကျီကျန့်က၊ “ဟုတ်သားပဲ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့တောင် နီးနေပြီ။ မစ္စကုကို အထက်တန်းကျောင်းသူမှန်း လုံးဝမေ့နေတာ။”

ကုနင်းသည် အချိန်ပြည့်ကျောင်းအပြင်မှာသာရှိနေတာကြောင့် သူမကိုယ်တိုင်သည်လဲ ကျောင်းသူတစ်ယောက်သာဖြစ်သေးမှန်း တစ်ခါတလေ မေ့နေတတ်သည်။

နေ့လည်စာစားပြီးနောက်မှာတော့ အားလုံးကိုယ့်လမ်းကိုယ်သွားကြသည်။ ချောင်ဝမ်ရှင်းတို့အဖွဲ့ကတော့ တောင်တက်ဖို့သွားကာ ကုနင်းသည်တော့ ကောင်းယိ၊ ချောင်ယတို့နှင့်အတူ ပြန်ခဲ့သည်။

အပြန်လမ်းရောက်မှ သူမ အန်းကွမ်းယောင်ကိုဝယ်ခိုင်းထားသည့် စွန့်ပစ်မြေအကြောင်း အမှတ်ရသွားလေသည်။

ထိုမြေပေါ်က ဆောက်လုပ်ရေးဘယ်လောက်အထိတိုးတက်နေပြီလဲ သူမသိချင်လာခဲ့သည်။ လောလောဆယ်သူမလဲ အားနေတာကြောင့် တစ်ခါတည်းသွားကြည့်ဖို့ရန် စိတ်ကူးလိုက်လေသည်။

ဆောက်လုပ်ရေးစနေသည်က လအတော်ကြာပြီဖြစ်တာကြောင့် အထပ်များစွာပါသည့်အဆောက်အဦးကြီးတစ်ခု ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ ဤမြို့ရှိ ပရောဂျက Gမြို့မှ ကျန်းယန်လမ်းပရောဂျက်ထက်ပင် ပိုမြန်နေသေးသည်။

ကုနင်း ရှင်းဟွမ်အိမ်ခြံမြေလုပ်ငန်းမှ ဝင်ထွက်ခွင့်အထောက်အထားကဒ်ကိုထုတ်ပြကာ ဆောက်လုပ်ရေးဆိုက်ထဲသို့ဝင်ခဲ့သည်။ ဆောက်လုပ်ရေးဆိုက်တစ်ခုဖြစ်တာကြောင့် လုံခြုံရေးဦးထုတ်ကိုတော့ ဆောင်းရပေသည်။

ဤတစ်ခေါက်မှာတော့ ဘာဇာတ်လမ်းမှမမြင်ရသလို မတော်တဆမှုလဲမရှိပါဘဲ လူတိုင်း သူ့အလုပ်နဲ့သူရှုပ်နေကြသည်။

ကုနင်း ဆောက်လုပ်ရေးဆိုက်ထဲဝင်လိုက်သည်နှင့် အင်ဂျင်နီယာခေါင်းဆောင်မူဟိုင်က သူမကိုမြင်သွားလေသည်။

“ဟိုင်း၊ ဘော့စ်!” ချက်ချင်းပင် သူမအနားသို့ရောက်လာခဲ့သည်။

“ဟိုင်း၊ ဒီနေ့ကျွန်မအားနေတာနဲ့ တစ်ချက်လောက်လာကြည့်တာ။”

“ကိစ္စမရှိပါဘူး။ ကျွန်တော်လမ်းပြပေးပါ့မယ်။”

“ကျေးဇူးပါပဲ။”

မူဟိုင်က ဆောက်လုပ်ရေးဆိုက်ဝန်းကျင်ကို လိုက်လံပြပေးကာ လုပ်ငန်းစဉ်နှင့်ပတ်သတ်လို့လဲ ရှင်းပြပေးနေလေသည်။

ထို့နောက်မှာတော့ ကုနင်းပြန်ခဲ့သည်။

အချိန်က ၃နာရီပင်ရှိပြီဖြစ်တာကြောင့် ကုနင်းလဲ ကောင်းယိ၊ချောင်ယတို့နှင့်အတူ ထန်အိမ်တော်သို့သာ တန်းသွားလိုက်တော့သည်။

သူတို့ထန်အိမ်တော်သို့ရောက်သွားချိန်တွင် ထန်ဟိုင်ဖုန်းက ပွဲတက်ဝတ်စုံဖြင့် အိမ်မှထွက်ဖို့ပြင်နေသည်ကို တွေ့လိုက်ရသည်။

“ဖိုးဖိုး၊ တစ်နေရာရာသွားမလို့လား?”

“ဟုတ်တယ်၊ ဒီနေ့ မင်းရဲ့အန်တီလီဟွာအဖေမွေးနေလေ။ အဖိုးလဲ မွေးနေ့ပွဲသွားမလို့။ နင်းနင်းပြန်ရောက်ပြီဆိုမှတော့ ခဏနေမှ သမီးမိဘတွေနဲ့အတူ တစ်ခါတည်းသွားကြတာပေါ့။”

“ဟုတ်ကဲ့ပါ။”

မိသားစုဝင်များအနေနှင့် ပွဲတက်ရမည်ဖြစ်တာကြောင့် ကောင်းယိနှင့်ချောင်ယတို့ကို ပြန်ခိုင်းလိုက်သည်။ ထို့အပြင် သူတို့အတူရှိမနေလျှင် နတ်ဆိုးကျောင်းကိုသွားခေါ်ရာမှာ ပိုလွယ်ကူပေမည်။

…..

မကြာလိုက်ပါဘဲ၊ ထန်ကျားခိုင်လဲ အိမ်ပြန်ရောက်လာခဲ့သည်။ ကုနင်းကိုမြင်သည်နှင့် အတော်လေးဝမ်းသာသွားပုံရကာ ချက်ချင်းစကားလာပြောလေသည်။

ထျန်းရှောင်းယွီ၏ခြေထောက်က အပြည့်အဝနီးပါးပြန်ကောင်းနေပြီဖြစ်ကာ နောက်တစ်ရက်လောက်နားပြီးရင် ဘက်စကတ်ဘောပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်း ထန်ကျားခိုင် ပြောပြလာသည်။

ထိုအကြောင်းပြောရင်း ကုနင်းကိုပါ တစ်ပါတည်း ချီးကျူးလာခဲ့သည်။ နွားရိုင်းအသင်းအကြောင်းနှင့် ဘက်စကတ်ဘောပြိုင်ပွဲပြီးနောက်မှာ အဖွဲ့သားတွေအားကုန်အားပြတ်ဖြစ်နေကြကြောင်းလဲ ပြောပြခဲ့သည်။ လေ့ကျင့်ဖို့တောင် အားမကျန်ကြတော့သည့်ပုံပင်။ ဒါ့အပြင် နွားရိုင်းအဖွဲ့၏ဂုဏ်သတင်းကလဲ ပျက်စီးသွားပေပြီ။

ထိုစကားများကိုနားထောင်ပြီးနောက် ကုနင်းသည် ထန်ကျားခိုင်၏သူငယ်ချင်းကို ကုသပေးခဲ့သည့်အပြင် ပရော်ဖက်ရှင်နယ်ဘက်စကတ်ဘောကစားသမားများကိုပါ အနိုင်ယူခဲ့ကြောင်း ထန်ဟိုင်ဖုန်း နားလည်သွားတော့သည်။

သူ့မြေးမလေး၏အရည်အချင်းအပေါ် အလွန်အထင်ကြီးလေးစားသွားလေသည်။

“နင်းနင်း၊ ပြောရဦးမယ်။ မင်းအခု အားကစားနယ်ပယ်မှာ အရမ်းနာမည်ကြီးနေပြီး နည်းပြတွေတော်တော်များများက မင်းအခုဆို အမျိုးသမီးဘက်စကတ်ဘောအသင်းရဲ့အာရုံစိုက်တာတောင် ခံနေရပြီလို့ကို ပြောနေပြီ။”

***

အခန်း ၁၂၂၇ စကားများရပြန်ပြီ

“နင်းနင်းသာ ဆန္ဒမရှိရင် သူတို့ဘာမှလုပ်လို့မရပါဘူး။” ထန်ဟိုင်ဖုန်း ဝင်ပြောလိုက်သည်။

သေချာပေါက်ကို ကုနင်းက ဘက်စကတ်ဘောကစားရသည်ကို စိတ်မဝင်စားဘဲ လောလောဆယ် စာဘက်ကိုသာ အာရုံစိုက်ဖို့လိုနေခြင်းဖြစ်သည်။

……….

ညနေ၅နာရီထိုးခါနီးလောက်တွင် ထန်ယွင်ဖန်းနှင့်ကုမန့်တို့ အိမ်ပြန်ရောက်လာကာ မကြာပါဘဲ ထန်ယွင်ဟန်နှင့် ကျန်းလီဟွာတို့လဲ ရောက်လာခဲ့သည်။

အားလုံး အိမ်ပြန်ရောက်သည်နှင့် မွေးနေ့ပွဲတက်ဖို့ရန် ပွဲတက်ဝတ်စုံများလဲလိုက်ကြသည်။

အမျိုးသားတွေကတော့ အနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ဆင်ကြကာ အမျိုးသမီးတွေကတော့ဖြင့် ပွဲတက်ဂါဝန်များဖြင့်ပင်။

ပါတီသို့တက်ရောက်မည့်လူများသည် အထက်တန်းလွှာအသိုင်းအဝိုင်းမှဖြစ်ကြတာကြောင့် လူတိုင်း သေသပ်,သပ်ရပ်စွာဝတ်ဆင်ကြ၍ ကုနင်းလဲ လှပသည့်ဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်သည်။

ထန်အိမ်တော်တွင် သူမအတွက်လဲ အခန်းရှိသည်။ သူမ ထန်အိမ်တော်တွင် နေခဲသော်လည်း အခန်းထဲတွင်တော့ အမျိုးသမီးဝတ်အဝတ်အစားပေါင်းများစွာကို ပြင်ဆင်ပေးထားလေသည်။

အနာဂါတ်တွင် ကုနင်းသည် တခြားမိသားစုတစ်ခုထဲ လက်ထပ်ဝင်သွားမည်ဖြစ်သော်လည်း ထန်အိမ်တော်ရှိ သူမအခန်းကတော့ ဆက်လက်ရှိနေဦးမှာပင်။

ကုနင်းသည် ပိန်သွယ်ကာငယ်ရွယ်လှပသည့်မိန်းမငယ်လေးဖြစ်တာကြောင့် ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်စုံလေးတစ်စုံကပင် သူမကိုအလှတိုးစေသည်။

“နင်းနင်း၊ တကယ်ကိုလှတာပဲ။ ဘယ်ဝတ်စုံလေးဝတ်လိုက်ဝတ်လိုက် အရမ်းလှနေရောပဲ။” ထန်ဟိုင်ဖုန်းက ကုနင်းကိုမြင်သည်နှင့် အကြီးအကျယ်ချီးမွမ်းခန်းဖွင့်နေတော့သည်။

ကုနင်း မိတ်ကပ်တော့မလိမ်းခဲ့ပေ။ သူမ၏မှော်စွမ်းအားကြောင့် ဘာမိတ်ကပ်မှမလိမ်းဘဲ မျက်နှာပြောင်ဖြင့်ပင်လျှင် သူမအသားအရေသည် ချောမွေ့လို့နေသည်။

“ဟ-ဟ၊ ဒါကတော့ မျိုးရိုးကိုက အလှတွေချည်းပဲဖြစ်နေတာကိုး!” ကုနင်းရယ်လိုက်သည်။

“အမှန်ပဲ! ဟ-ဟ!”

“ငါလဲ ဝန်ခံရရင် ကျောင်းမှာဆို အခန့်ညားဆုံးယောက်ျားလေးပါနော်။” ထန်ကျားခိုင်ကပါဝင်ပြောလာသည်။

“ကိုယ့်ကိုယ်ကို အရမ်းတွေကျေနပ်နေတယ်ပေါ့!” ကျန်းလီဟွာမှာ သူမသားကိုသူမ အတော်လေးခန့်ညားသည်ဟုတွေးမိသော်လည်း ဆူလိုက်သေးသည်။

“တကယ်ပြောတာ၊ နင်းနင်းတောင်မြင်လိုက်သေးတယ်။ ကျွန်တော်ကျောင်းမှာဆို ကျွန်တော့်ကိုကြိုက်တဲ့မိန်းကလေးအုပ်ကြီး ဝိုင်းနေတာ သူမြင်တယ်။”

ကျန်းလီဟွာရယ်လိုက်ပြီး ထိုအကြောင်းဆက်မပြောတော့ပေ။

အားလုံးပြင်ဆင်ပြီးနောက်မှာတော့ အတူတူထွက်လာခဲ့သည်။

သူတို့အားလုံး ဗင်ကားတစ်စီးပေါ်တက်လိုက်ကြကာ ရှေ့နှင့်နောက်မှာတော့ ကိုယ်ပိုင်ကားတစ်စီးစီရှိကြသည်။ ထိုကိုယ်ပိုင်ကားများတွင်က သူတို့ကိုကာကွယ်ပေးမည့် သက်တော်စောင့်များပါခြင်းဖြစ်သည်။

……

မွေးနေ့ပွဲကို ကျန်းမိသားစု၏အဆင့်မြင့်အိမ်ကြီးတွင်ကျင်းပခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် လူချမ်းသာများသည် အိမ်ထောင်မခွဲကြဘဲ အိမ်ကြီးတစ်လုံးထဲတွင်သာ မိသားစုဝင်တွေအားလုံး စုပေါင်းနေထိုင်တတ်ကြလေသည်။

ကျန်းကွမ်းမင်သည် သခင်ကြီးကျန်း၏အကြီးဆုံးသားဖြစ်တာကြောင့် လာသမျှဧည့်သည်တွေကို ဇနီးဖြစ်သူနှင့်အတူ ကြိုဆိုပေးနေသည်။

ထန်မိသားစု၏ကား ခြံဝန်းထဲဝင်လာသည်နှင့် သူတို့စုံတွဲလဲ နွေးထွေးပျူငှာသည့်အပြုံးများဖြင့် ချက်ချင်းသွားရောက်ကြိုဆိုကြသည်။

“အားလုံးပဲ ကြွကြပါ!”

မိသားစုနှစ်စုအချင်းအချင်း အလွန်ရင်းနှီးကြပြီးသားဖြစ်သည်။

“မတွေ့တာတောင်ကြာပြီ။” ကျန်းလီဟွာတို့မိသားစုလဲ နှုတ်ဆက်လိုက်သည်။

ကျန်းမိသားစုသည် ထန်မိသားစုလောက် မချမ်းသာသလို အာဏာလဲမပြင်းပေမယ့် အချင်းချင်းတော့ အဆင်ပြေကြသည်။

“ဝင်ကြပါ!” ကျန်းကွမ်းမင်က အားလုံးကို ပြောလိုက်သည်။

ထန်မိသားစုရောက်လာချိန်တွင် ဖိတ်ကြားထားသမျှဧည့်သည်အားလုံးနီးပါးလဲ ရောက်နေကြပြီဖြစ်သည်။

ပါတီတွင် လူသိပ်မများလှဘဲ အားလုံးပေါင်းမှ ၄၅ယောက်ကိုသာ ဖိတ်ကြားထားသည်။ ထိုလူအားလုံးကလဲ ကျန်းမိသားစုနှင့်ရင်းနှီးသူများသာဖြစ်သည်။

ပါတီပွဲကို ဘူဖေးစနစ်ဖြင့်သွားတာကြောင့် အားလုံးပျော်ပျော်ရွှင်ရွှင် စိတ်တိုင်းကျနေနိုင်ပေသည်။

ယနေ့ညပွဲတွင် အများစုသည် အင်အားကြီးမိသားစုများကသာဖြစ်တာကြောင့် တခြားဧည့်သည်များသည်လဲ ထန်မိသားစုဝင်များကိုနှုတ်ဆက်ရန် ရောက်လာကြသည်။

ထန်မိသားစုဝင်များကတော့ အလွန်ကြင်နာဖော်ရွေကာ တစ်ချိန်လုံးအပြုံးလေးဖြင့် နှုတ်ဆက်နေသည်။ သို့သော်လည်း ထန်မိသားစုသည် ကျန်ဧည့်သည်များထက် အဆင့်အတန်းများစွာပိုမြင့်တာကြောင့် ဘယ်လောက်ပဲ ဖော်ဖော်ရွေရွေဆက်ဆံပေးနေပါစေ ဧည့်သည်များအတွက် ဖိအားများနေကြတုန်းပင်။

“ကျားခိုင်၊ မစ္စကု၊ အခန်းထဲမှာလူကြီးတွေနဲ့ပဲစကားပြောနေရတာ ပျင်းစရာကောင်းရင် ခြံနောက်ထဲမှာ ကျားမင်တို့ မင်ဟုန်တို့နဲ့ သွားစကားပြောကြလေ။” ကျန်းကတော်က ထန်ကျားခိုင်နှင့်ကုနင်းတို့ကိုပြောလာသည်။

ကုနင်းသည် ထန်မိသားစုဝင်ဖြစ်သွားပြီဖြစ်သော်လည်း နာမည်ကိုတော့ ကုနင်းအတိုင်းသာ ဆက်ထားတာကြောင့် တခြားလူတွေက သူမကိုမစ္စကုဟုသာခေါ်နေကြသေးသည်။

“ဟုတ်ကဲ့။” ထန်ကျားခိုင် ပြန်ဖြေလိုက်သည်။ သူ ကျန်းယွီထုန်ကို သဘောမကျပေမယ့် ကျန်းမင်ဟုန်၊ ကျန်းကျားမင်တို့နှင့်က အဆင်ပြေလေသည်။

ကုနင်းလဲ သဘောတူလိုက်ကာ နှစ်ယောက်သား ခြံနောက်ဝန်းထဲသို့ထွက်လာခဲ့လိုက်သည်။

ခြံနောက်ထဲတွင်က အနားယူသည့်နေရာရှိကာ လူငယ်များလဲ သူတို့ဘာသာ ပျော်သလိုနေ,နေကြသည်။ သို့ပေမယ့် ကျန်းယွီထုန်နှင့်ကျန်းကျားမင်တို့ကတော့ စကားများနေကြပြန်သည်။

ကျန်းယွီထုန်သည် မတော်တဆ ကျန်းကျားမင်၏ဝိုင်ခွက်ကို မတော်တဆဝင်တိုက်မိကာ ဝိုင်များ ကျန်းကျားမင်အပေါ်မှောက်ကျသွားစေခဲ့ပေမယ့် ပြန်မတောင်းပန်ဘဲ ကျန်းကျားမင်ကိုတောင် အပြစ်ပြန်တင်နေသေးသည်။

ကျန်းကျားမင်လဲ အလွန်ဒေါသထွက်သွားကာ ကျန်းယွီထုတ်ကို ဝိုင်ဖြင့်ပြန်ပတ်လိုက်တာကြောင့် နှစ်ယောက်သား စကားများကြခြင်းဖြစ်သည်။

သူတို့နှစ်ယောက် အော်ကြီးဟစ်ကျယ် စကားများနေကြချိန်တွင် ကျန်းမင်ဟုန်ကတော့ သူ့အစ်မရှုံးမည်မဟုတ်မှန်း သိနေတာကြောင့် အေးအေးဆေးဆေးထိုင်လို့ တခြားလူများကိုလဲ ဆက်ပြီးစားသောက်ကြရင်ပြောနေသည်။ သို့သော်လည်း ကျန်းကျားမင်သာ မနိုင်တော့ရင် သေချာပေါက် သူဝင်ကူမည်ဖြစ်သည်။

***

အခန်း ၁၂၂၈ မိန်းကလေးတွေကိစ္စ

ကျန်းယွီထုတ်သာ အပြင်မှာ အနိုင်ကျင့်ခံနေရရင် ပြင်းထန်သည့်အဆင့်မျိုးမဟုတ်ပါက ကျန်းမင်ဟုန်ဝမ်းပန်းတသာ ကြည့်နေမှာဖြစ်ပြီး တကယ်လို့များပြင်းထန်လာမည်ဆိုလျှင် သူမဘက်ကဝင်ကူပေးမည်ပင်။ ပြောရလျှင် ကျန်းယွီထုတ်သည် သူ့မိသားစုဝင်ပင်မဟုတ်လား။

တစ်ချိန်တည်းမှာပဲ ကုနင်းကတော့ ရင်းနှီးနေသည့်မျက်နှာတစ်ခုကိုမြင်လိုက်ရကာ တစ်ဖက်လူမှာ ကျောက်ဖူလင်ပင်။

ကျောက်ဖူလင်ရဲ့မိသားစုကလဲ ကျန်းမိသားစုနဲ့အဆက်အဆံရှိတာပေါ့။

ကုနင်းနှင့်ထန်ကျားခိုင်တို့ ထိုအုပ်စုအနားသို့လျှောက်သွားကာ ကျန်းမင်ဟုန်ကလဲ ချက်ချင်းသတိထားမိသွားပြီး ထရပ်ကာနှုတ်ဆက်လာသည်။ “ဟိုင်း၊ လာ-လာ ထိုင်ကြဦး!”

ကျန်းမင်ဟုန်သည် ထန်ယွင်ဖန်းနှင့်ကုမန့်တို့မင်္ဂလာပွဲတွင် ကုနင်းနှင့်သိခဲ့ပြီးဖြစ်သည်။ သူတို့ချင်း မရင်းနှီးကြသေးတာကြောင့် မစ္စကုဟုသာ ခေါ်ဆိုလေသည်။

ကျန်းမင်ဟုန်၏အသံကိုကြားလိုက်သည်နှင့် ကျန်းကျားမင်နှင့်ကျန်းယွီထုန်တို့ စကားများနေသည်အားရပ်လိုက်ကာ အလိုလိုပင် ကုနင်းနှင့်ထန်ကျားခိုင်တို့ကို လှည့်ကြည့်လာကြသည်။

“ဟိုင်း၊ ကျားခိုင်၊ မစ္စကု။” ကျန်းကျားမင်၏အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ နှုတ်ဆက်လာသည်။

သို့ပေမယ့် ကျန်းယွီထုန်ကတော့ဖြင့် အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဝိုင်စွန်းသွားသည့်အဝတ်အစားကိုလဲဖို့ ထွက်သွားလေသည်။

ထန်ကျားခိုင်နှင့်ကုနင်းတို့ကတော့ ကျန်းယွီထုန်၏အပြုအမူအပေါ် လုံးဝဂရုမစိုက်ကြပေ။

ထန်ကျားခိုင်ကိုသိကြသည့် လူတချို့ကလဲ ချက်ချင်းပင် ထရပ်ကာနှုတ်ဆက်လာလေသည်။ “မင်္ဂလာပါ၊ သခင်လေးထန်။”

“အားလုံးပဲ မင်္ဂလာပါ။” ထန်ကျားခိုင်နှင့် ကုနင်းတို့လဲ ပြန်နှုတ်ဆက်လိုက်သည်။

ကျောက်ဖူလင်မှာ လူအုပ်ကြီးကြောင့် ကုနင်းမျက်နှာကို မမြင်ပေမယ့် အသံကြားကာ ရင်းနှီးနေသည်ဟု တွေးနေမိသည်။ သို့သော်လည်း အသံတူကြသည့်လူတွေအများကြီးရှိတာကြောင့် သူမလဲ သိပ်မတွေးပေ။

“နင်စိတ်မရှိဘူးဆို ငါ့ကိုကျားမင်လို့ပဲခေါ်၊ ငါလဲ နင့်ကိုကုနင်းလို့ပဲခေါ်မယ်။ အချင်းချင်း အရမ်းယဉ်ကျေးနေဖို့မှမလိုတာ။ သူစိမ်းဆန်တယ်။”

ကျန်းကျားမင်သည် ကုနင်းအပေါ် အမြင်ကောင်းရှိထားတာကြောင့် သူမနှင့်သူငယ်ချင်းဖြစ်ချင်နေသည်။

“ရတာပေါ့၊ ကျားမင်။”

ထို့နောက် ကျန်းကျားမင်က သူမနားတွင်လာထိုင်ဖို့ ကုနင်းကို ခေါ်သွားလေသည်။

ထိုအချိန်ကျမှ ကျောက်ဖူလင်လဲ ကုနင်းကိုမြင်သွားကာ အလွန်အံ့အားသင့်သွားတော့သည်။ ဒါတင်မကသေး ကုနင်းက ထန်ကျားခိုင်နဲ့အတူတူလာခြင်းလဲ ဖြစ်နေသေးသည်။

ကျန်းကျားမင်၏သူငယ်ချင်းဖြစ်သည့်အတွက် ထန်ကျားခိုင်အကြောင်း သူမကြားဖူးထားကာ အကြိမ်ရေတချို့လဲတွေ့ခဲ့ဖူးပေမယ့် မရင်းနှီးကြပေ။ ထန်ကျားခိုင်သည် Bမြို့ရှိကျော်ကြားလှသောထန်မိသားစုမှဖြစ်တာကြောင့် ကုနင်း၏မိသားစုသည်လဲ သေချာပေါက် အလွန်အင်အားကြီးရမည်ဟု တွေးမိသွားသည်။

“ဟိုင်း၊ တွေ့ကြပြန်ပြီပဲ။” ကျောက်ဖူလင်အံ့ဩနေတုန်းမှာပဲ ကုနင်းကအရင် စနှုတ်ဆက်လိုက်သည်။

“နင်တို့သိနေကြတာလား?” ကျောက်ဖူလင် အံ့ဩသွားလေသည်။

“တွေ့ရတာဝမ်းသာပါတယ်၊ မစ္စကု၊ တိုက်ဆိုင်လိုက်တာ!” ကျောက်ဖူလင်ပြုံးကာ နှုတ်ဆက်လိုက်သည်။ သူမအခုလေးတင်ပဲ ကုနင်း၏နာမည်ကို သိသွားခြင်းပင်။ ကုနင်းသည် သူမအသက်ကိုကယ်တင်ပေးခဲ့သူဖြစ်တာကြောင့် အခုလိုထပ်တွေ့ရ၍ အလွန်စိတ်လှုပ်ရှားနေမိသည်။

ထို့နောက် ကျောက်ဖူလင်က ကျန်းကျားမင်၏အမေးကို အသံခပ်တိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။ “ဒီနေ့ ငါ့အသက်ကိုကယ်ပေးတဲ့သူက မစ္စကုပဲ။”

ယနေ့ သူမဘာတွေကြုံတွေ့ခဲ့ရလဲဖြစ်ကြောင်းကုန်စင်ကို ကျန်းကျားမင်အားပြောပြထားပြီးသားဖြစ်သည်။ သူမတို့သည် အလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြတာကြောင့် လျှို့ဝှက်ချက်များစွာကို ဝေမျှကြလေသည်။

ကျန်းဇယ်နှင့်ကျန်းယန်နီတို့ကို အခင်အမင်မလုပ်တော့ဖို့ ကျောက်ဖူလင် စိတ်ပိုင်းဖြတ်ပြီးပြီဆိုလျှင်တောင် သူမဘက်က သူငယ်ချင်းကောင်းများအဖြစ် သတ်မှတ်ခဲ့သူများက သူမကိုဟာသလုပ်နေသည်အား သိခဲ့ရ၍ အနည်းနဲ့အများတော့ ဝမ်းနည်းမိနေတုန်းပင်။ ထိုအမှတ်တရဆိုးများကို မေ့ပစ်ဖို့ရန် အချိန်တော့ လိုသေးသည်။

“အိုး၊ အဲ့လိုကိုး!” ကျန်းကျားမင် နားလည်သွားတော့သည်။ ကျန်းဇယ်နှင့် ကျန်းယန်နီတို့ ကျောက်ဖူလင်အပေါ် လုပ်ခဲ့သည့်လုပ်ရပ်အတွက် သူမလဲ ဒေါသထွက်ခဲ့ရသည်။ ကံကောင်းလို့ ကုနင်း အချိန်မီပေါ်လာကာ ကျောက်ဖူလင်၏အသက်ကို ကယ်တင်ပေးခဲ့ပေလို့ပေါ့။

“ကုနင်း၊ ဒါက ငါ့အရင်းနှီးဆုံးသူငယ်ချင်း ကျောက်ဖူလင်။ နင် ဒီနေ့သူ့အတွက်လုပ်ပေးခဲ့တာအတွက် တကယ်ကိုကျေးဇူးတင်တယ်။”

“နေပါဦး၊ ဒီနေ့ဘာတွေဖြစ်ခဲ့လို့လဲ?” ကျန်းမင်ဟုန်က စပ်စပ်စုစုဝင်မေးလာသည်။

“ဒါ မိန်းကလေးတွေကိစ္စ၊ ဝင်မပါနဲ့။”

“ငါက စိုးရိမ်လို့ပါ။”

သို့သော်လည်း ကျန်းကျားမင်က လုံးဝမပြောပြပေ။

“နင်အဝတ်သွားမလဲဘူးလား?” ကျန်းကျားမင်၏ဝတ်စုံအပေါ်မှ အစွန်းကွက်များကိုကြည့်ကာ ကုနင်းပြောလိုက်သည်။

“အာ၊ ဟုတ်သားပဲ။ မေ့တောင်မေ့နေတာ။ ခဏနော်၊ ငါသွားလိုက်ဦးမယ်။” ကုနင်းပြောကာမှ သူမဝတ်စုံပေါ်တွင် ဝိုင်များစွန်းထားကြောင်း အမှတ်ရကာ ပြန်လဲဖို့ထွက်သွားလေသည်။

“မစ္စကု၊ မင်းက ကျားခိုင်ရဲ့ဝမ်းကွဲဆိုမှတော့ ငါ့ကိုလဲ မင်ဟုန်လို့ပဲခေါ်လို့ရတယ်။” ကျန်းမင်ဟုန်ကပြောလိုက်သည်။ ပြောရရင် သူတို့တွေက ဆွေမျိုးတွေပဲမဟုတ်လား။

ထိုစကားကြောင့် တခြားလူတွေကတော့ အံ့ဩသွားလေသည်။ ထန်ကျားခိုင်မှာ ဝမ်းကွဲအသစ်တစ်ယောက်ရှိသွားတာ သူတို့ဘယ်လိုလုပ်မသိရတာတုန်း?

“ကောင်းပြီလေ။”

“အားလုံးကို မိတ်ဆက်ပေးပါရစေ။” ရုတ်တရက် ကျန်းမင်ဟုန်က ထရပ်လိုက်သည်။

ထို့နောက် တခြားဧည့်သည်များဘက်လှည့်လိုက်ကာ၊ “ဒါကတော့ ကုနင်း။ သခင်လေးထန်ရဲ့ သမီးအရင်း၊ ကျားခိုင်ရဲ့ ဝမ်းကွဲညီမပဲ။ ဒါပေမယ့် သူက အမေဘက်ကမျိုးရိုးကိုပဲယူထားတာကြောင့် သူ့မျိုးရိုးနာမည်က ကုဖြစ်နေတာ။”

တခြားလူတွေ ကုနင်းကိုအထင်သေးသလို ကြည့်ကြမည်အားမမြင်ချင်တာကြောင့် ကုနင်း၏မျိုးရိုးနာမည်က ဘာကြောင့် ထန်ကျားခိုင်၏နာမည်နှင့်မတူကွဲပြားနေကြောင်းကိုပါ ထည့်ရှင်းပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းသည် ထန်ယွင်ဖန်းရဲ့သမီးအရင်းဖြစ်သည့်အချက်က သူတို့အထက်တန်းလွှာအသိုင်းအဝိုင်းမှာတော့ လျှို့ဝှက်ချက်တစ်ခုမှဟုတ်မနေဘဲ။

***

အခန်း ၁၂၂၉ မကြာမီလာမည်

ကျန်းမင်ဟုန်သာ ကုနင်းကို ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်ကြောင်း ထည့်မပြောခဲ့လျှင် သူတို့တွေ ဒီလောက်ထိအံ့ဩကြလိမ့်မည်မဟုတ်ပေ။ ထန်ယွင်ဖန်း တစ်ကြိမ်မှလက်မထပ်ခဲ့ဖူးမှန်း သူတို့အားလုံးသိထားကာ မကြာသေးခင်ကမှ လောလောလတ်လတ်လက်ထပ်ထားကြောင်းကိုလဲ သိထားလေသည်။

ဒီတော့ ကုနင်းက ထန်ယွင်ဖန်း၏သမီးအရင်ဆိုရင် လက်ရှိ ထန်ယွင်ဖန်းရဲ့ဇနီးက ကုနင်းရဲ့မိခင်ပဲပေါ့။

ဘာလို့များ ထန်ယွင်ဖန်းတစ်ယောက် ရုတ်တရက်ကြီး လက်ထပ်သွားရလဲ သူတို့သိချင်နေခဲ့ကြပေမယ့် ဘယ်သူမှ ထုတ်မမေးခဲ့ကြခြင်းသာဖြစ်သည်။

ထို့နောက် ကျန်းမင်ဟုန်က လူတချို့နှင့် ကုနင်းကိုမိတ်ဆက်ပေးလေသည်။ တချို့သည်က သူ့ဝမ်းကွဲများဖြစ်ကာ တချို့ကတော့ သူ့မိဘသူငယ်ချင်းများ၏ သားသမီးများဖြစ်ကြသည်။

မဏအကြာမှာပဲ ကျန်းယွီထုန်ပြန်ရောက်လာကာ သူ့ထိုင်ခုံတွင်ပြန်လာထိုင်ပေမည့် သူမ၏ဝမ်းကွဲများဖြင့်သာ စကားပြောခဲ့သည်။

နောက်မိနစ်အနည်းငယ်ကြာတော့ ကျန်းကျားမင်လဲ ပြန်ရောက်လာကာ ကျန်းယွီထုန်ကို လျစ်လျူရှုထားလိုက်သည်။

သူမ ကုနင်းနှင့်စကားပြောနေရင်း ကုနင်း၏ချောမွေ့ပြောင်ရှင်းနေသည့်အသားအရေကိုမြင်ကာ အံ့ဩသွားတော့သည်။

“ကုနင်း၊ နင့်အသားအရေက အရမ်းကောင်းတာပဲ! ဘာမိတ်ကပ်လိမ်းထားတာလဲ?”

“မလိမ်းဘူး၊ ငါကမိတ်ကပ်လိမ်းရတာမကြိုက်လို့။” ကုနင်းပြုံးကာပြန်ဖြေလိုက်သည်။

သို့သော်လည်း ရုတ်တရက်ကြီး ကျန်းယွီထုန်က၊ “ညာနေ.. ဘာမိတ်ကပ်မှမလိမ်းဘဲနဲ့ ဒီလိုပြစ်ချက်ကင်းတဲ့အသားအရေမျိုးရမယ်တဲ့လား။”

“ကုနင်း၊ သူ့ကိုဂရုစိုက်မနေနဲ့။ နင့်ကိုမနာလိုဖြစ်နေတာ။ ငါတော့ ဒီလောက်နီးနေတာတောင် ဘာမမြင်ရဘူးဆိုတော့ နင်တကယ်မိတ်ကပ်မလိမ်းထားဘူးလို့ထင်တယ်။ ငါ့မျက်နှာကိုကြည့်ဦး။ မိတ်ကပ်နည်းနည်းပဲထည့်ထားတာတောင်၊ လိမ်းထားမှန်း သိသိသာသာကြီးမြင်နေရတယ်။” ကျန်းကျားမင်ပြန်ပြောလိုက်သည်။

ကျန်းယွီထုန်နှင့်စကားများကာ သူမအချိန်တွေကို မဖြုန်းလိုတော့ပေ။

ကျောက်ဖူလင်သည်လဲ ထိုစကားဝိုင်းအပေါ် စိတ်ဝင်စားသွားလေသည်။ “ကုနင်း၊ နင်ပုံမှန် အသားအရေကိုဘယ်လိုထိန်းတာလဲ? မျက်နှာလေးက ချောနေတာပဲ!”

အမျိုးသမီးတွေအားလုံး ထပ်တူထပ်မျှစိတ်ဝင်စားသည်က အလှကုန်များအကြောင်းသာရှိပေသည်။

“ငါ ခိုကျီတစ်မျိုးတည်းသုံးတာ။”

“ခိုကျီ? တိုက်ဆိုင်လိုက်တာ! ငါလဲ ခိုကျီပဲသုံးတာ။” ကျန်းကျားမင် စိတ်လှုပ်ရှားသွားတော့သည်။ “ခိုကျီမသုံးခင်တုန်းကဆို ငါ့အသားအရေက အမြဲခြောက်နေတာ၊ ခိုကျီလဲသုံးပြီးရော တော်တော်လေးကောင်းသွားတယ်။ လက်ရှိ ခိုကျီက ငါအကြိုက်ဆုံးအသားအရေးထိန်းထုတ်ကုန်ဘရန်းပဲ။”

“ဟ-ဟ။” သူမဘရန်းကို တခြားမိန်းကလေးတွေကြိုက်နှစ်သက်ကြောင်းသိရ၍ ကုနင်းပျော်ရွှင်သွားသည်။

ထန်ကျားခိုင်သည်လဲ ကျေနပ်နေလေသည်။ ကုနင်းအတွက် ဂုဏ်ယူမိသလို ဝမ်းလဲဝမ်းသာမိသည်။

သို့သော်လည်း ကုနင်းက လက်ရှိတွင် သူမသည် ခိုကျီတည်ထောင်သူမှန်း လူအများကြီးကို မသိစေချင်သေးတာကြောင့် သူလဲ ထိုလျှို့ဝှက်ချက်ကို ထုတ်မပြောနိုင်ပေ။

“ငါ့ကိုလဲ ကျားမင် ခိုကျီညွှန်းပေးထားတယ်။ သုံးကြည့်တာ တော်တော်လေးကောင်းတယ်။ အရမ်းသိသာတာပဲ။ ခိုကျီက မိတ်ကပ်တွေပါထုတ်ရမှာ! ဒီလိုသာဆို ငါ့မှာရှိသမျှမိတ်ကပ်တွေအားလုံး ခိုကျီဘရန်းနဲ့အစားထိုးပစ်မယ်။”

အမျိုးသမီးများသည် သူမတို့သွင်ပြင်အတွက် ထိရောက်သည့်ပစ္စည်းဖြစ်နေသ၍ ဘယ်လောက်ကုန်ကုန် ဝယ်ယူဖို့ဆန္ဒရှိကြသည်။

၁၈နှစ်အထက်မိန်းကလေးများသည် သူမတို့အသားအရေကိုထိန်းသိမ်းဖို့ နည်းလမ်းပေါင်းများစွာကို ရှာဖွေနေကြပြီဖြစ်သည်။ ကျောက်ဖူလင်ရော ကျန်းကျားမင်သည်ပါ ၂၀ကျော်လေးများဖြစ်တာကြောင့် သူတို့အသားအရေကို အလွန်ဂရုစိုက်ကြသည်။

သို့သော်လည်း ကုနင်းကတော့ ဘာမိတ်ကပ်မှမလိမ်းဘဲနဲ့တောင် သူမအသားအရေက ပြစ်ချက်ကင်းနေပြီဖြစ်၍ ဂရုစိုက်မနေတော့ပေ။ ထို့အပြင် သူမအိမ်ပြင်ထွက်တိုင်း မိတ်ကပ်လိမ်းနေရပါက အရမ်းစိတ်ရှုပ်ဖို့ကောင်းပေမည်။

ဘာပဲဖြစ်ဖြစ် အထက်တန်းကျောင်းသူသာဖြစ်တာကြောင့် မိတ်ကပ်တွေလိမ်းနေဖို့လဲ မလိုအပ်သေးပေ။

ခိုကျီတွင် မိတ်ကပ်ထုတ်ကုန်မရှိသေးဘဲ အသားအရေထိန်းသိမ်းသည့်ထုတ်ကုန်များသာရှိသေးပေမယ့် အနာဂါတ်တွင်တော့ မိတ်ကပ်ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။ အထူးသဖြင့် မိန်းကလေးတွေနှစ်သက်သည့် နှုတ်ခမ်းနီတွေပေါ့။

မိတ်ကပ်ပြင်ဆင်ခြင်းတွင် အဓိကကျသည့် နှုတ်ခမ်းနီများသည် မိန်းကလေးတစ်ယောက်တွင် ဆယ်ချောင်းနှင့်အထက်ရှိနေလျှင်တောင် မထူးဆန်းလှပေ။

ကုနင်းက နဉ်ချန်းခိုင်ကိုသာ တာဝန်ပေးထားတာကြောင့် လုပ်ငန်းစဉ်အသေးစိတ်အကြောင်းအရာများကို မသိထားသော်လည်း နောက်များမှ မိတ်ကပ်ကိုပါထုတ်လုပ်ဖို့ နဉ်ချန်းခိုင်ကို ပြောရပေဦးမည်။

“ခိုကျီက ဘရန်းအသစ်လေးပါ၊ နောက်ထပ်ထုတ်ကုန်အသစ်တွေတိုးဖို့ဆိုအချိန်ယူရဦးမှာဆိုပေမယ့် မကြာခင်အတောအတွင်း မိတ်ကပ်ပါထုတ်လာလိမ့်မယ်လို့ ထင်တယ်။” ကုနင်းယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

သူမက ခိုကျီရဲ့ဘော့စ်ပဲမဟုတ်လား။

ထိုစကားကြားပြီး ထန်ကျားခိုင်ကတော့ ပြုံးသာပြုံးနိုင်တော့သည်။

“နင့်ကိုယ်နင် ဘာများထင်နေလို့လဲ?” ရုတ်တရက်ကြီး ကျန်းယွီထုန်က ကုနင်းကို ရန်စလာလေသည်။ “သူတို့ထုတ်,ထုတ်မထုတ်,ထုတ် နင်နဲ့ဘာများဆိုင်နေလို့ ဆရာကြီးဝင်လုပ်နေတာလဲ?”

ကုနင်းသည် သူမထက်ပိုလှကာ ကျားကျားမင်နှင့်တောင် သူငယ်ချင်းများဖြစ်နေတာကြောင့် သူမကို ကျန်းယွီထုန် သဘောမကျခြင်းဖြစ်သည်။ ကျန်းကျားမင်ကိုမုန်းတာကြောင့် ကျန်းကျားမင်၏သူငယ်ချင်းများကိုပါ မုန်းပေသည်။

သို့သော်လည်း ခိုကျီသည်က နာမည်ကြီးသည့်ဘရန်းဖြစ်ကာ တကယ်ကိုထိရောက်မှုရှိကြောင်း သူမကိုယ်တိုင်လဲ လက်ခံတာကြောင့် ခိုကျီကိုတော့ အပြစ်မပြောနိုင်ပေ။

ကျန်းယွီထုန်၏ပြောပုံဆိုပုံကြောင့် ထန်ကျားခိုင် ဒေါသထွက်သွားတော့သည်။ သူမ ခိုကျီတည်ထောင်သူဖြစ်ကြောင်း ထန်ကျားခိုင် ထုတ်ပြောလိုက်မည်ကို ကာကွယ်ဖို့အတွက် ကုနင်းသာအရင်ဦးအောင် ဝင်ပြောလိုက်ရသည်။ “ဒါဆို ငါတို့လောင်းကြရင်ရော? ခိုကျီက တစ်လအတွင်း မိတ်ကပ်ပစ္စည်းဘက်ပါ ထုတ်လာမယ်လို့ ငါယုံတယ်။ အဲ့လိုမဖြစ်ခဲ့ရင် ငါနင့်ကို ခိုကျီထုတ်ကုန် အစုံ၁၀၀ ဝယ်ပေးမယ်။ အပြန်အလှန်ပေါ့။”

***

အပိုင်း ၁၂၃၀ ကျန်းယန်နီ ပိုမနာလိုဖြစ်နေပြီ

နှစ်‌ယောက်စလုံးမှာ ပိုက်ဆံမရှားသည့်အတွက် လုပ်ရန် မခက်ခဲချေ။

ကုနင်းက ကျန်းယွီထုန် ကို သူမအတွက် ခိုကျီ ဝယ်ခိုင်းရန် စိတ်ကူးမရှိသော်လည်း သူမကို အရှက်ခွဲရန် ရည်ရွယ်လိုက်သည်။

"လောင်းမယ်လေ၊ တစ်လအတွင်း ခိုကျီ က မိတ်ကပ်ပစ္စည်းတွေ ထုတ်လိမ့်မယ်လို့ မယုံဘူး" ကျန်းယွီထုန် ပြောလိုက်သည်။

ထန်ကျားခိုင် ရယ်ချင်သော်လည်း ထိန်းလိုက်သည်။ ကျန်းယွီထုန် ရှုံးဖို့ သေချာနေသည်။

"ကုနင်း..." ကျန်းကျားမင်က အနည်းငယ် စိတ်ပူနေသည်။ ကုနင်း အလွန်ချမ်းသာမှန်း သူ သိသော်လည်း ကုနင်း ခုလို ကျန်းယွီထုန် နဲ့ လောင်းကြေးထပ်စရာ မလိုဟု သူထင်သည်။

"ကောင်းပြီလေ၊ ကိစ္စမရှိဘူး" ကုနင်း ပေါ့ပေါ့ပါးပးဖြင့် ပြောလိုက်သည်။ သူက ခိုကျီ တည်ထောင်သူမှန်း မသိစေလိုသေးချေ။

ခဏအကြာတွင် ကျန်းကျားမင် အမေက သူတို့ကို ခန်းမထဲ လာရန် ခေါ်လိုက်သည်။

ပါတီသည် ညနေ ၆နာရီတွင် စတင်ပြီး ၇း၃၀တွင် ပြီးဆုံးသွားသည်။ Tangမိသားစုဝင်များက အစောဆုံး ပြန်သွားကြသည်၊ အခြားသူများမှာ သူတို့မသွားမချင်း အရင်မပြန်ရဲကြပေ။

ကုနင်း ထွက်သွားရန် လုပ်ချိန်တွင် ကျောက်ဖူလင်ကို ကြည့်ရတာ ကုနင်း ကို ပြောစရာစကားရှိပုံပေါက်နေသည်။

ဒါကို မြင်သော ကုနင်းသည် သူ့ကို တိုက်ရိုက်သွားမေးလေသည်၊ "နင် ငါ့ကို တစ်ခုခုပြောစရာ ရှိလို့လား"

"အမ်၊ ငါတို့ WeChat ပေါ်မှာ သူငယ်ချင်းလုပ်လို့ ရမလား" ကျောက်ဖူလင် မေးလိုက်သည်။

“ရတယ်" ကုနင်း ပြုံးပြလိုက်သည်။

ကျောက်ဖူလင် ပြုံးသွားပြီး WeChat ပေါ်တွင် အချင်းချင်းထည့်လိုက်ကြသည်။

"ငါကောပဲ၊ ငါ့ကို ချန်ထားလို့ မရဘူးလေ" ကျန်းကျားမင် က သူတို့အနား ချဥ်းကပ်လာပြီး ကုနင်း ကို WeChat တွင် ထည့်လိုက်သည်။

သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် တစ်ခဏတာသာ တွေ့ကြသော်လည်း ကုနင်း မှာ သူတို့အပေါ် အထင်အမြင်ကောင်းရှိပြီး သူတို့နှင့် ရင်းနှီးလိုသည်။

သူငယ်ချင်းများများရှိခြင်းမှာ မကောင်းသောအရာ မဟုတ်ချေ။

"ပျင်းဖို့ကောင်းတဲ့ လူတွေပဲ" သူတို့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကျန်းယွီထုန် မှာ လှောင်ပြောင်ပြောလိုက်သည်။

ကုနင်း ကြားသော်လည်း ဂရုမစိုက်ချေ။

"အို ဖူလင် ငါတို့ ကုနင်း နဲ့ ဓာတ်ပုံရိုက်ရအောင်" ရုတ်တရက် ကျန်းကျားမင် က ကျောက်ဖူလင် ကို လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြောလိုက်သည်။

ကျောက်ဖူလင် က ထိုအပြုံးနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်သော်လည်း မငြင်းလိုက်ပါ၊ သူက ကုနင်း ကို သဘောကျသည်။

"ရလား?" ကုနင်း ကို မေးလိုက်သည်။

"ရတာပေါ့" ကုနင်း ပြုံးပြသည်။ သူသေချာပေါက် ကျန်းကျားမင် ဘာလို့ပြောမှန်း သိပြီး ရယ်လိုက်သည်။

ထို့နောက် သူတို့ အတူတူ ဓာတ်ပုံရိုက်ကြသည်။

ကုနင်း ထွက်သွားသောအခါ ကျန်းကျားမင် က ကျောက်ဖူလင် ကို မေးလိုက်သည်၊ "နင် ကုနင်း ရဲ့ အောင်မြင်မှုအကြောင်း ကြားပြီးပြီလား"

"ဘာ အောင်မြင်မှုလဲ" ကျောက်ဖူလင် ဇဝေဇဝါ ဖြစ်သွားသည်။

"ဟားဟား နင်မသိမှန်း ငါသိသားပဲ၊ အင်တာနက်မှာ သူ့နာမည်ရှာလိုက်၊ မင်းလန့်သွားစေရမယ်လို့ အာမခံတယ်" ကျန်းကျားမင် ပြောလိုက်သည်။

ကျောက်ဖူလင် သည် သူပြောတာနားထောင်ပြီး အင်တာနက်ပေါ်တွင် ကုနင်း နာမည်ကို ရှာလိုက်သည်၊ ထို့နောက် ကုနင်း ရဲ့သတင်းကြောင့် ထိတ်လန့်သွားသည်။ ကုနင်း သည် အရင်က မယုံနိုင်စရာကိစ္စအများကြီး လုပ်ထားသည်ကို သိသွား၍ အံ့သြသွားသည်။

ထို့အပြင် ကုနင်း မှာ နာမည်ကျော် နတ်ဘုရားမလေးကု ဖြစ်သည်။

ကျောက်ဖူလင်သည် အခု ကုနင်း ၏ ပရိသတ်ဖြစ်သွားပြီ။

"အဲ့ဟာကြောင့် သူနဲ့ ဓာတ်ပုံရိုက်ဖို့ ပြောတာမလား?" ကျောက်ဖူလင် က ရင်ခုန်စွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်" ကျန်းကျားမင် ခေါင်းငြိမ့်ပြလိုက်သည်။

"ဘာလို့ စောစောမပြောတာလဲ" ကျောက်ဖူလင် အပြစ်တင်သည်။

"ကုနင်း ရှေ့မှာ ဘယ်လိုပြောမတုန်းဟဲ့၊ သူက တိုးတိုးတိတ်တိတ်နေချင်တာလေ နင့်ကိုယ်နင် အင်တာနက်ပေါ်မှာ ရှာလို့ရနေတာပဲဟာ" ကျန်းကျားမင် ပြောလေသည်။

"အေးနော်" ကျောက်ဖူလင် သဘောတူသည်။

သူတို့မှာ ရင်းနှီးသော သူငယ်ချင်းများဖြစ်၍ တစ်ယောက်အကြောင်း တစ်ယောက် သေချာသိကြသည်။

တုန့်ဆိုင်းမှုမရှိပဲ ကျောက်ဖူလင် သည် ထိုဓာတ်ပုံများကို WeChat အခိုက်အတန့်တွင် တင်လိုက်သည်။

ကျောက်ဖူလင် : ဒီည နာမည်ကြီးတဲ့ နတ်ဘုရားမလေးကုကို တွေ့ရတာ ဂုဏ်ယူမိပါတယ်၊ ကျေးဇူးပဲ ငါ့ချစ်သူငယချင်းရာ၊ လှပတဲ့နေ့ရဲ့ ပျော်ရွှင်စရာဇာတ်သိမ်းလေးပါ။

သူမ ချစ်သူငယ်ချင်းမှာ ကျန်းကျားမင် ဖြစ်သည်မှာ သိသာသည်။

ကျောက်ဖူလင် ထိုပုံများကို တင်လိုက်သည့်အခါ ကုနင်း ပရိတ်သတ်များဖြစ်သည့် သူမသူငယ်ချင်းများ ရင်ခုန်သွားသည်။ သူတို့လည်း ကုနင်း ကို အပြင်မှာ တွေ့ဖူးချင်ကြသည်။

အချို့မှာ နတ်ဘုရားမလေးကု က ဘယ်သူလဲဆိုတာ သိချင်ကြသည်၊ ထိုအခါ ကျောက်ဖူလင် က သူတို့ကိုယ့်ဟာကိုယ် ရှာကြည့်ရန် ပြောလိုက်သည်။

အချိန်တိုအတွင်း လူတော်တော်များများက ကုနင်း ၏ ပရိသတ်များ ဖြစ်လာကြသည်။

ကျောက်ဖူလင် က သူ့ကို သူငယ်ချင်းအဖြစ်မှ မဖျက်ရသေး၍ ကျန်းယန်နီလည်း ကျောက်ဖူလင် ၏ သူငယ်ချင်းစက်ဝိုင်းအတွင်း ရှိနေသည်။

ကုနင်း နှင့် ပတ်သတ်သည့် သတင်းများကို ဖတ်ပြီးသောအခါ သူမလည်း အံ့သြသွားသည်။ ထို့အပြင် ကျန်းယန်နီက ကျောက်ဖူလင် ကို ပို၍ မနာလိုဖြစ်လာသည်။

ကျောက်ဖူလင် က သူမထက် ပိုလှပြီး ကျောက်ဖူလင် မိသားစုက သူ့မိသားစုထက် ပိုချမ်းသာသည်။ သူမ ကြိုက်သည့်ကောင်‌လေးတောင်မှ ကျောက်ဖူလင်ကို တစ်ခါတွေ့တာနဲ့ သဘောကျသွားသည်။

ထို့အပြင် ကျောက်ဖူလင် ဒုက္ခရောက်တဲ့အခါ ကုနင်း ပေါ်လာပြီး သူမကို ကယ်တင်သည်။

***

All Chapters