ငါမင်းကို ကြည့်နေတာ
Vol. 6 Ch. 576
ပိုင်ရှောင်ချန်းမှာ အသက်ရှုပင်မထိန်းနိုင်လုနီးပါးဖြစ်နေကာ ဖမ်းယူသည့်ဟန် လက်ကွက်ပြုလုပ်လိုက်ရာ ဝိညာဥ်သိုလှောင်စေတီသည် ဝိညာဥ်ကျင့်ကြံသူလက်ထဲမှ သူ့ထံပျံထွက်လာတော့သည်။
လက်ဝယ်ရောက်သည်နှင့် သူက အတွင်းထဲသို့ နတ်ဘုရားအာရုံအနည်းငယ် ပို့လွှတ်လိုက်ရာ ဝိညာဥ်များကို အားဖြည့်ပေးရန် ပြိုင်ဘက်ကင်းပြုလုပ်ထားသော အားကောင်းသည့် အကွာအဝေးစွမ်းအားကို သတိပြုမိလိုက်လေသည်။
ယခုအခါ သူ၏ယူဆချက်များကို အတည်ပြုပြီးနောက် သူ့မျက်လုံးများ တဖျပ်ဖျပ်လက်လာတော့သည်။
"ဒီတော့ ငါမှန်တာပဲ။ ဝိညာဥ်သိုလှောင်စေတီတွေက ထည့်စရာအိတ်လိုပဲ။ ဒါပေမဲ့ အမုန်းဝိညာဥ်တွေအတွက် သီးသန့် ပြုလုပ်ထားတာ။ ထည့်စရာအိတ်ထဲကို ဝိညာဥ်တွေထည့်ရင် တဖြည်းဖြည်း ပျက်စီးလာပြီး နောက်ဆုံး ပျောက်ကွယ်သွားမယ်။ ဒါပေမဲ့ ဝိညာဥ်သိုလှောင်စေတီတွေထဲထည့်ရင်တော့ အကောင်းဆုံးအခြေအနေမှာပဲ အမြဲရှိနေလိမ့်မယ်"
"ဒါ့အပြင် ငါ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို မဖန်တီးနိုင်တဲ့ အကြောင်းရင်းက မကျွမ်းကျင်လို့မဟုတ်ဘူး။ လုပ်နေတဲ့အတောအတွင်း ပြဿနာဖြစ်လို့လဲ မဟုတ်ဘူး။ အကြောင်းရင်းက ငါ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးဖို့ သုံးတဲ့ ဝိညာဥ်တွေက ပျက်စီးနေပြီးသားဖြစ်လို့ပဲ။ "
" မတည်မငြိမ်မှုတွေက ပိုပြင်းထန်လာပြီး နောက်ဆုံး ပေါက်ကွဲသွားတော့တာ"
" ဒီတော့ အခြေခံအရ ဝိညာဥ်သိုလှောင်စေတီထဲမှာ အမုန်းဝိညာဥ်တွေကို ထည့်ထားရင်တော့ မီးတောက်ဖန်တီးတဲ့အချိန်ကျရင် ဘာပြဿနာမှ ဖြစ်မှာမဟုတ်တော့ဘူး။ ငါ သေချာပေါက် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်တော့မယ်"
သူ၏အတွေးရထားသည် ထိုဘူတာသို့ဆိုက်ရောက်သော် ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပို၍ စိတ်လှုပ်ရှားလာပြီး သူ၏သဘောတရားကို လက်တွေ့စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။
ကျိုးရီရှင်းနှင့် ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်က ပိုင်ရှောင်ချန်း မည်မျှစိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ မည်သည့်အတွက်ကြောင့် ဖြစ်မှန်း တစ်ယောက်မှ မသိပေ။ ကျိုးရီရှင်းမှာ အတန်ငယ်အံ့သြသွားသော်လည်း ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်မှာ ဤမဟာအကြီးအကဲအောက်လမ်းဆရာသည် သူတို့ကို ကူညီတော့မည်ဟု ယုံကြည်သွားသဖြင့် စိတ်လှုပ်ရှားလာကြတော့သည်။
“ သံကိုပူနေစဥ် တူဖြင့် ထုသည်က အကောင်းဆုံးဖြစ်သည် “ ဟု ဆုံးဖြတ်ချက်ချလိုက်ကာ သူတို့က အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လက်ယှက်၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"မဟာအကြီးအကဲ " တစ်ယောက်က ပြော၏။
" အဲဒီဝိညာဥ်သိုလှောင်စေတီမှာ အမုန်းဝိညာဥ်အများကြီးပါတယ်။ ဝိညာဥ်ဆေးဖော်ဖို့အတွက် လိုတာထက်ပိုနေတာတွေကို စောစောက ဖြစ်ခဲ့တဲ့အရာအားလုံးအတွက် ကျုပ်တို့တောင်းပန်တဲ့အနေနဲ့ ကျေးဇူးပြုပြီး ယူထားလိုက်ပါ"
ကျိုးရီရှင်းနှင့် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းသည် သူ၏နတ်ဘုရားအာရုံဖြင့် ဝိညာဥ်သိုလှောင်စေတီကို ဆက်လက်ဆန်းစစ်ပြီးနောက် အတွင်းထဲမှာ ဝိညာဥ်များ မည်မျှပါရှိသည်ကို ရေတွက်လိုက်သည်။
သူပြောနိုင်သည်က တောင်နက်မျိုးနွယ်စုသည် သူကို အာရုံစိုက်ပေးရန်ပြောသော ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်သောကရောက်နေကာ အပေးအကမ်းလည်း လွန်စွာ ရက်ရောလှသည်။
အလွန်ကျေနပ်သွားရင်း သူက ခေါင်းညိတ်ပြီး ပြောသည်။
" ကောင်းပြီ။ ငါမင်းတို့အတွက် ဆေးဖော် "
သူက စကားကင်ဆုံးအောင် မပြောလိုက်ဘဲ ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်၏။
မကြာမီ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေကို ခွင်း၍လာသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တောင်နက်မျိုးနွယ်စုဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်။
၄င်း မရောက်သေးမီ အမြုတေအဆင့်မဟာစက်ဝန်း၏ အရှိန်အဝါများ ပေါ်ထွက်လာလေရာ ညနေခင်းပုစွန်ဆီရောင် ကောင်းကင်ကြီးအောက်ဝယ် အလင်းတန်းက လင်းလက်စွာတောက်ပနေတော့သည်။
တောင်နက် မျိုးနွယ်စုဝင်တိုင်းမှာ တုန်လှုပ်သွားကြပြီး လူ့ဘီလူးအမြောက်အမြားမှာ ပင့်သက်ရှိုက်သွားကြသည်။ ပိုင်ရှောင်ချန်းဘေးနားရပ်နေကြသော ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ မော့ကြည့်လိုက်စဥ် မျက်နှာပျက်သွားကြတော့သည်။
ကျိုးရီရှင်းမှာ ဤအသစ်ရောက်လာသူ မည်သူဖြစ်ကြောင်း သတိပြုမိလိုက်သောအခါ သိသာထင်ရှားစွာပင် တုန်လှုပ်သွားပြီး မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားလေသည်။ ထိုလူ၌ သူနှင့် တန်းတူညီမျှသော နက်နဲသည့် ကျင့်ကြံခြင်းအခြေခံရှိလေသည်။
လူတိုင်းကြည့်ေနကြစဥ် တောင်နက်မျိုးနွယ်စုသို့ အလင်းတန်းရောက်လာပြီးနောက် တစထက်တစ်ပျောက်ကွယ်လာသည်တွင် ပခုံးကျော်ထိဝဲကျနေသော အနက်ရောင်ဆံပင်ရှည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာတော့သည်။ သူရုပ်ရည်သည် သာမန်ဖြစ်သော်လည်း သူ၏ သတ်ဖြတ်လိုသောအရှိန်အဝါက အထူး အားကောင်းလေသည်။ ထိုမျှသာမက သူ့ကို အနက်ရောင်မြူများဖြင့် ဝန်းရံထားပြီး အတွင်းတွင် ရံဖန်ရံခါ အမုန်းဝိညာဥ်များဖြစ်ဟန်တူသည့် ရှုံတွနေသော မျက်နှာများကို မြင်နိုင်လေသည်။
ထိုလူထုတ်လွှတ်နေသော အငွေ့အသက်များမှာ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဥ်စွမ်းအားအငွေ့အသက်များမဟုတ်ပေ။ ဤလူကား.... အောက်လမ်းဆရာတစ်ယောက်ပင်။
ဤလူက အောက်ဖက်ရှိဖြစ်ပျက်နေသည်များကို မျက်လုံးထောင့်စွန်းမှ စိုက်ကြည့်လိုက်ရာ ထိုနေရာရှိ အရာရာတိုင်းနှင့် လူအားလုံး တုန်လှုပ်သွားကြတော့သည်။ ကျိုးရီရှင်းကို ကြည့်ပြီးနောက် သူ၏အကြည့်သည် ပိုင်ရှောင်ချန်းအပေါ်သို့ တခဏမျှ ကျရောက်သွားပြီးနောက် သူက ဝိညာဥ်သိုလှောင်စေတီကို သတိပြုမိသွားလေသည်။ ထိုအခိုက်တွင် သူ့မျက်လုံးတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု လက်သွားပြီး ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
" မင်းတို့က တောင်နက်မျိုးနွယ်စုခေါင်းဆောင်တွေလား"
သူက အေးတိအေးစက်ပြောလိုက်သည်။
" ရှေ့တိုးပြီး အရိုအသေပေးစမ်း"
သူ၏အသံနေအသံထားအရ သူ၏တည်ရှိမှုလေးကပင် တောင်နက်မျိုးနွယ်စုအတွက် ကံကောင်းခြင်းများယူဆောင်ပေးမည့်အလား ဤနယ်တစ်ခွင်တွင် သြဇာအာဏာရှိသော အုပ်ချုပ်သူပမာ ထင်မှတ်ရသည်။
ချက်ချင်းပင် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်က စိတ်လှုပ်ရှားစွာ ရှေ့တိုးလာပြီးနောက် လက်ယှက်ကာ ဦးညွှတ်၍ အရိုအသေပေးလိုက်၏။
" ဂါဝရပြုပါတယ် ကြီးမြတ်လှသော အောက်လမ်းဆရာကြီးခင်ဗျား"
သူတို့နှစ်ယောက်လုံး သံပြိုင်ပြောလိုက်သည်။
"ကျုပ် လီဖုန်းက ခင်ဗျားတို့ တောင်နက် မျိုးနွယ်စုရဲ့ အဆင့်နိမ့်ဝိညာဥ်ဆေးလုံး ၅၀၀ ပြဿနာကို ဖြေရှင်းပေးဖို့လာတာ။ ဒါကြောင့် ဝိညာဥ်သိုလှောင်စေတီကို ပေးလိုက်"
လီဖုန်းသည် သိသာစွာပင် တောင်းဆိုနေခြင်းမဟုတ်ဘဲ သူ၏ စကားများကို ချက်ချင်းလက်ခံခိုင်းနေခြင်းပင်။ သူပြောသည့်အတိုင်းမလုပ်လျှင် နေရာတစ်ခုလုံးကို ပြာဖြစ်သည်အထိ ဖျက်စီးပစ်မည့်အသွင်ရှိသည်။
အမှန်တွင် ဤနေရာသို့ သူလာရသည့် အကြောင်းရင်းတစ်ခုလုံးမှာ ဤနေရာကို ဖြတ်သွားရင်း တောင်နက်မျိုးနွယ်စုက အဆင့်နိမ့်ဝိညာဥ်ဆေးများစွာအတွက် ဝိညာဥ်သိုလှောင်စေတီတစ်ခုနှင့် အပေးအယူကမ်းလှမ်းထားကြောင်း ကြားလိုက်သောကြောင့်ဖြစ်သည်။
ဝိညာဥ်သိုလှောင်စေတီရမည့် အခွင့်အရေးမှာ လီဖုန်းအတွက် အလွန်စိတ်ဝင်စားဖွယ် ကောင်းလေသည်။ဝိညာဥ်သိုလှောင်စေတီများသည် အောက်လမ်းဆရာမျိုးနွယ်စုများအကြား၌ အသစ်အဆန်းမဟုတ်သော်လည်း လီဖုန်းသည် သင်းကွဲကျင့်ကြံသူမဟုတ်ပါလော။ သူ့အတွက် ဝိညာဥ်သိုလှောင်စေတီတစ်ခုရရန် အဖိုးအခအဖြစ် အဆင့်နိမ့်ဝိညာဥ်ဆေးလုံးငါးရာ ပေးရခြင်းသည် တန်လွန်းနေသည်။
သူက သတင်းကြားသည်နှင့် မျိုးနွယ်စုရှိရာသို့ အပြေးအလွှားလာခဲ့လေသည်။ ကံဆိုးစွာပင် ဝိညာဥ်သိုလှောင်စေတီကို ပိုင်ရှောင်ချန်းလက်ထဲမှာ မြင်လိုက်ရသည်တွင် သူမဆိုစလောက်နောက်ကျသွားကြောင်း သိလိုက်ရ၏။
သို့ထိတိုင်အောင် အလွယ်တကူလက်လျှော့လိုက်ရန်ကလည်း ဤအရာက သူ့အတွက် အလွန်အရေးကြီးသော အခွင့်အရေးပင် ဖြစ်သည်။ ထို့အပြင် နောက်ကျသည်ဖြစ်စေ၊ နောက်မကျသည်ဖြစ်စေ သူ့အတွက် ဝိညာဥ်သိုလှောင်စေတီကို ရယူနိုင်သည်ဟု ယုံကြည်ချက်ရှိသေးသည်။
ပိုင်ရှောင်ချန်းမှာ မည်သည့်မှတ်ချက်မှမပေးပဲ မျက်တောင် တဖျပ်ဖျပ်ခတ်လျက် နဂိုအတိုင်းရပ်နေလေသည်။
တောင်နက်မျိုးနွယ်စု ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ မှင်သက်သွားတော့သည်။ ပိုင်ရှောင်ချန်းပေါ်မလာခင်က သူတို့သည် လီဖုန်းရောက်လာခြင်းကို ဝမ်းသာအားရဖြစ်မိလိမ့်မည်။ သို့သော် ယခုတွင် အောက်လမ်းဆရာနှစ်ယောက်နှင့်ရင်ဆိုင်နေရလေရာ သူတို့မှာ မည်သို့ပြုလုပ်ရမည်ဆိုသည်ကို မသိတော့ပေ။ သိသာထင်ရှားစွာပင် သူတို့မှာ တစ်ယောက်ကိုမှ အတိုက်အခံမလုပ်ချင်ပေ။
တခဏကြာ တုံ့ဆိုင်းနေပြီးသော် သူတို့နှစ်ယောက်အနက် တစ်ယောက်က ပြော၏။
" အမ်.... ကြီးကျယ်မြင့်မြတ်တဲ့အရှင်ကြီးခင်ဗျာ ၊ ကျုပ်တို့ကို ကူညီဖို့သဘောတူထားပြီးတဲ့ ဒီမဟာအကြီးအကဲရှိနေပါပြီ "
ထိုစကားကိုကြားသည်နှင့် လီဖုန်းက ဓားပါးလေးတစ်လက်အလား စူးရှသော အကြည့်နှင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။
"ဒီ မျိုးနွယ်စုကိစ္စက မင်းနဲ့မဆိုင်ဘူး"
သူကပြော၏။
" ဒါ့အပြင် ငါ အဲဒီဝိညာဥ်သိုလှောင်စေတီကို လိုချင်တယ်။ အခုချက်ချင်း ငါ့ကိုပေးလိုက် "
သူ၏ အကြည့်မှာ မခံနိုင်လောက်အောင် ကြောက်စရာကောင်းပြီး သူပြောလိုက်သော စကားလုံးက အလွန်အထက်စီးဆန်လေသည်။ သူမျက်လုံးတွင်းရှိ အေးတိအေးစက်အကြည့်မှ သူပြောသည့်အတိုင်း ပိုင်ရှောင်ချန်းမလုပ်လျှင် သေချာပေါက် လုံးဝဒေါသထွက်သွားမည် ဖြစ်သည်။
သူ၏ အေးစက်မှုများတွင် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေရာမှ ပေါက်ဖွားလာသော အထင်အမြင်သေးမှုလည်း ရှိသည်။
ပိုင်ရှောင်ချန်းက လီဖုန်းကို ဒေါသတကြီးပြန်စိုက်ကြည့်လိုက်သည်။ သူစဥ်းစားရသ၍ သူက လူအများကို လိုက်လံအနိုင်ကျင့်ခြင်းမှ ရှောင်ကြဥ်ကာ ပစ္စည်းကို ရထားသည့်တိုင်အောင် လူတစ်ယောက်က သူ့ကို အနိုင်ကျင့်ရန် ကြိုးစားနေလေသည်။ အသေအချာစဥ်းစားကြည့်လျှင် ဝိညာဥ်သိုလှောင်စေတီသည် အရှုံးအနိုင်ပေါ်မူတည်နေ၏။ ထိုဝိညာဥ်သိုလှောင်စေတီသည် သူ့အတွက်အလွန်အရေးပါပြီး အလွယ်တကူ မစွန့်လွှတ်နိုင်သော အရာဖြစ်လေသည်။
" မင်းဘာကြည့်တာလဲ"
လီဖုန်းက အေးစက်စက်တောက်ပနေသော မျက်လုံးများဖြင့် ပြော၏။
" ငါမင်းကို ကြည့်နေတာလေ "
ပိုင်ရှောင်ချန်းက ခေါင်းထောင်၍ ပြောလိုက်သည်။
" ဘာလဲ မကြည့်ရဘူးလား"
သူ့ဘဝတစ်လျှောက်လုံး အကြည့်ပြိုင်ပွဲတွင် တစ်ခါမှ မရှုံးခဲ့ဖူးကြောင်း ပြန်တွေးလိုက်မိသည်။ ထိုအကြောင်းကို စဥ်းစားရင်း သူက လီဖုန်းကို ပိုမိုသွေးအေးရက်စက်သော အကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
တောင်နက် မျိုးနွယ်စုမှ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ လီဖုန်းနှင့် ပိုင်ရှောင်ချန်းကို ကြည့်ပြီးနောက်ဆုံး သက်ပြင်းသာချလိုက်တော့သည်။ ဤအချိန်တွင် အခြေအနေနှင့်ပတ်သက်၍ သူတို့ မည်သို့မျှမလုပ်နိုင်ကြောင်း သိလိုက်လေရာ မည်သို့မည်ဖုံဖြစ်မည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။ ထို့ပြင် သူတို့ သဘောတူညီမှုကိုသာရပါက အဆုံးသတ်၌ မည်သူနိုင်သည်ဖြစ်စေ အရေးမကြီးပေ။
အချိန်အတော်ကြာကုန်လွန်ပြီးနောက် လီဖုန်းက ရုတ်တရက် ကျယ်လောင်စွာ ထရယ်လိုက်သည်။ သို့သော် ၄င်းမှာ ပိုင်ရှောင်ချန်းနှင့် စကားပြောရခြင်းက လေကုန်သည်ဟု ယူဆပြီး သွေးအေးကာ လှောင်ပြောင်သောရယ်သံသာဖြစ်သည်။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် ပေါ်လာသည်က... ဆယ်ရောင်ခြယ်မီးတောက်တစ်ခု။
ချက်ချင်းပင် ဆယ်ရောင်ခြယ်မီးတောက်သည် ပျောက်ကွယ်စပြုနေသော ညနေခင်းအလင်းကို ပို၍ပင် မှေးမှိန်သွားစေတော့သည်။ တောင်နက်လူ့ဘီလူးများမှာ ချက်ချင်း တအံ့တသြအော်မိလိုက်ကြတော့သည်။
"ဆယ်ရောင်ခြယ်မီးတောက်"
"ဘုရားရေ၊ သူ...သူက အောင်လမ်းဆရာသခင်အဆင့်ရဲ့ ထိပ်ဆုံးမှာပါလား"
လူ့ဘီလူးများအားလုံးသည် အရိုအသေပေးရန် ဒူးထောက်လိုက်ကြသည်။
လူ့ဘီလူးများသည်သာ တုန်လှုပ်သွားကြခြင်းမဟုတ်ပေ။ ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်မှာ ခေါင်းများ ချာချာလည်နေပြီး အလွန်တုန်လှုပ်သွားကြကာ ချက်ချင်းပင် ကပျာကယာ ဒူးထောက်လိုက်ကြတော့သည်။
" အောက်လမ်းဆရာသခင်အဆင့် ထိပ်ဆုံး။ အဲ့လို အောက်လမ်းဆရာတွေက အင်မတန် ရှားတယ်။ နည်းနည်းလေးထပ်လုပ်လိုက်တာနဲ့ သူ မြေအဆင့်ကို ရောက်တော့မယ်"
" ဒီလူ လီဖုန်းက အောက်လမ်းဆရာသခင်အဆင့် ထိပ်ဆုံးမှာဆိုတာ ယုံတောင်မယုံနိုင်ဘူး။ အံသြဖို့ကောင်းလိုက်တာ၊ ငါတို့ နောက်ဆုံးတော့ အသက်ရှင်နိုင်တော့မယ်ပုံပဲ"
ဘေးတွင် ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်းကံဆိုးမိုးမှောင်ကျခြင်းကို နှစ်ထောင်းအားရဖြစ်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။ လီဖုန်းသာ ဤအောက်လမ်းဆရာပိုင်ကို တိုက်ပွဲတွင် နင်းခြေပစ်နိုင်ပါက ကျိုးရီရှင်းမှာ သူ၏လက်ရှိအခြေအနေမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
"လုပ်စမ်းပါ" သူကတွေးလိုက်၏။
" တိုက်ကြ။ သူ့ကို အရှက်ခွဲလိုက်စမ်း"
လီဖုန်းသည် လူအုပ်ကြီး၏ တုံ့ပြန်မှုအား အလွန်ကျေနပ်အားရနေသည်။ အမှန်မှာ မကြာသေးမီကမှ ဆယ်ရောင်ခြယ်မီးတောက်ဖန်တီးခြင်းကို သူ အောင်မြင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူရှေ့ထုတ်ပြီးနောက် ကြည်ညိုလေးစားခံရသော ခံစားချက်မှာ သူ့အတွက် အတော်လေး အသစ်အဆန်းဖြစ်နေလေသည်။ သူက ပိုင်ရှောင်ချန်းကို အထင်အမြင်သေးစွာကြည့်ရင်း ပြောသည်။
" ထွက်သွားစမ်း"