← Chapters

အခန်း (၄၉၄)

Vol. 34 Ch. 494

အခန်း (၄၉၄)

Vol. 34 Ch. 494

“ဒီလောကကြီး”

ချင်ကလန်၏ဘိုးဘေးသည် မျက်မှောင်ကုတ်ကာဖြင့် သူ၏နတ်ဘုရားအာရုံများကို အသုံးပြုကာ ကောင်းကင်မူလလောကကြီး၏ တည်နေရာအနှံ့ကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်လေ၏။ ခဏလောက် ကြာပြီးသည့်နောက် ‌ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် အရာအားလုံးကို သူက ကြည့်ရှုပြီး ဖြစ်နေ၏။

“ရိုးရှင်းပြီး သာမန်ကျတာပဲ” ထိုစကားစုသည် ချင်ကလန်ဘိုးဘေး၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့၏။ သူ့အတွက် ဤလောကကြီးသည် သာမန်ဆန်လွန်းလှ၏။ သူ၏ အာရုံကို ဆွဲဆောင်စေသည့်အရာဟူ၍ ဘာမှမရှိချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာလျှင် သူ၏နားလည်နိုင်မှုအထက်တွင် တည်ရှိနေ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ထိုအရာအတွက်ကြောင့်ပင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“အင်း... တူညီတဲ့အဆင့်မှာ ရှိနေတဲ့ တခြားလူ တစ်ယောက်ယောက်လား” သူ၏နတ်ဘုရားအသိအမြင် များသည် အရာအားလုံးကို ဖုံးလွှမ်းကာ ကြည့်ရှုနိုင်ပြီး အရာအားလုံးကို မြင်ရ၏။

ခပ်ဝေးဝေး တည်နေရာ၏ လေဟာနယ်ထဲတွင်တော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား ရှုပ်ထွေးလှသည့်မြူများဖြင့် ဖုံးလွှမ်းလျက် ရှိနေလေ၏။ ၎င်းကို မည်သူမျှ မမြင်ရချေ။

တခြားသောသူများအတွက် ဤလူသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဆန်းကြယ်လွန်းလှသည် ဖြစ်ပြီး တည်ရှိကြောင်းကို မည်သူမှ မြင်ရလိမ့်မည့်သူမျိုး မဟုတ်ချေ။ သို့ပေမဲ့ ချင်ကလန်ဘိုးဘေးကြီး အတွက်တော့ အသိအမှတ်ပြုရလောက်သည့် လူမျိုးမဟုတ်ချေ။ တစ်ဖက်လူအား အချိန် အတိုင်းအတာတို အတွင်း အနိုင်ယူနိုင်ရန် ခက်ခဲလှမည်ဆိုသော်လည်း တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက အောင်မြင်မှုသည် သူ၏ လက်ထဲတွင်သာ တည်ရှိနေသည့်အရာဖြစ်၏။

“ချင်ဟောင်”

ချင်ကလန်၏ဘိုးဘေးကို မြင်ရချိန်မှာတော့ ကျောက်စိမ်း လေဟာနယ်နန်းတော်ဘိုးဘေး၏ မျက်စိသူငယ်အိမ်များ သည် ကျုံ့ဝင်သွားခဲ့၏။

“ဒီကိုဘာလာလုပ်တာလဲ”

ကျောက်စိမ်းလေဟာနယ် ဘိုးဘေးကြီးသည် အဆင်မပြေသလို ခံစားလိုက်မိ၏။ ချင်ကလန်ဘိုးဘေး၏ အကြောင်းကို သူက သိရှိပြီးဖြစ်၏။ ဤလူသည် ဘဝတစ်လျှောက်လုံး တိုက်ခိုက်မှု၌ ခုံမင်သည့် လူတစ်ယောက်ဖြစ်ပြီး မည်သည့်အခါကမှ မရှုံးနိမ့်ဖူးသည့်လူတစ်ယောက် အဖြစ် လူသိများလှ၏။ အစစ်အမှန် အင်မော်တယ်အဆင့်တွင် တည်ရှိနေသည့် ရန်သူများကိုလည်း အနိုင်ယူ တိုက်ခိုက်နိုင်သည့် လူဟူ၍လည်း ကျော်ကြားသည်။

လက်ရှိအခြေအနေမှာတော့ ထိုသူသည် အန္တိမလမ်းစဉ်နှင့် ခြေတစ်လှမ်း အဝေးလောက်သာ ကွာခြားသည့် အခြေအနေတွင် တည်ရှိနေပြီး ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးတွင် ရပ်တန့်နေသည်ဟု သတ်မှတ်ရမှာ ဖြစ်၏။ ကောင်းကင်မူလလောကကြီးကို မပြောနဲ့ဦး။ မြေအင်မော်တယ်လောကပင်လျှင် ၎င်းကိုမည်သူမျှ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု သတ်မှတ်၍ရ၏။

ကောင်းကင်မူလလောကကြီးသို့ လာရောက်ရန် ရွေးချယ်ခဲ့သည်ဖြစ်သောကြောင့် ကျိန်းသေပေါက် မကောင်းသည့် ရည်မှန်းချက်များ ပါဝင်လာမှာသေချာ၏။ ကောင်းကင်မူလလောကကြီးသည် တစ်ဖက်လူကို အနိုင်ယူနိုင်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ အနိုင်ယူနိုင်မည့်လူ ရှိသည်ဆိုပါကလည်း ထိုလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သာလျှင် ဖြစ်ပေလိမ့်မည်။

“ချင်ဟောင်က ရူးကြောင်ကြောင်တော့ လုပ်မှာ မဟုတ်ပါဘူး” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးသည် ထိုကဲ့သို့ တွေးတောလိုက်မိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် ကျော်ကြားပြီးသားဖြစ်၏။ သူပင်လျှင် သွားရောက်ကာ မရှုပ်ထွေးရဲချေ။ ချင်ဟောင်သည်သာ ဆင်ကန်းတောတိုး ပြုမူသည်ဆိုပါက မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကို မသိရှိနိုင်ပေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လက်တစ်ဖက်တည်းနှင့်ပင် လောကကြီးနှစ်ခုကို ပေါင်းစပ်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် တခြားသော လက်တစ်ဖက်နှင့် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးဖို့ ဆိုသည်မှာ လွယ်ကူလွန်းလှ၏။ မြေအင်မော်တယ်လောကတွင်ရှိနေသည့် လူပေါင်းများစွာတို့ စုပေါင်းကာ တိုက်ခိုက်မည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ရှေ့ဆီသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။

“အင်း.. ခင်ဗျားကတော့ အကန့်အသက်ကို မကျော်လွန်ဖို့ ကျုပ်မျှော်လင့်မိတယ်” ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးကြီးသည် တွေးတောလျက် ရှိနေလေ၏။ ၎င်းသည် အပြင်ဘက်သို့ထွက်ပြီး တခြားသောသူများ၏ မျက်စိရှေ့သို့သွားရန် ရည်ရွယ်ချက် မရှိချေ။ ထို့ကြောင့် မူလ နေရာမှာပင် ရပ်တန့်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် ချင်ကလန်၏ဘိုးဘေးကြီးကို ဦးညွတ်လိုက်၏။

ပြောရမည်ဆိုလျှင် တစ်ဖက်လူသည် စီနီယာတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော လောကဝတ် သည် မဖြစ်မနေ လိုအပ်သည်။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ ကျောက်စိမ်း လေဟာနယ်ဘိုးဘေးကြီး ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။

ချင်ကလန်ဘိုးဘေးသည် သူ့ကို အေးစက်စက် တစ်ချက်လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အသိအမှတ်မပြုသလို ဟန်ပန်ဖြင့် တခြားဘက်သို့ လှည့်သွားခဲ့၏။ ၎င်း၏ အေးစက်ပြီး ကြမ်းတမ်းလှသည့် အသွင်အပြင်သည် ကျိန်းသေပေါက် မလျော်ညီသည့် ကိစ္စရပ်များကို ပြုလုပ်မည့် အသွင်အပြင်မျိုးပင် ဖြစ်၏။

“ဟမ့်” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ သူသည် လက်ကို အသာပြန်လည် ရုတ်သိမ်းလိုက်၏။ တကယ်ပင် သဘောမတွေ့ဖြစ်လို့နေ၏။ ၎င်းတို့သည် တူညီသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည့် လူများသာဖြစ်၏။ တစ်ဖက်သောလူသည် အင်မော်တယ် အဆင့်ဆီကို စောစောစီးစီးရောက်ရှိခဲ့သည်ဆိုလျှင်တောင်မှ ဤသို့ မလေးမစားပြုလုပ်ရန် မလိုအပ်ချေ။

“မောက်မာလိုက်တဲ့ ဂျူနီယာပဲ”

ချင်ဟောင်၏ အမူအရာသည် ထူးမခြားနားသကဲ့သို့ပင်။ သူသည် ထိုစကားကို ရေရွတ်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးဆီသို့ ဝေ့ကြည့်လိုက်ပြန်၏။ ပထမဦးဆုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိရာ နေရာဆီသို့ ကြည့်ရှုလိုက်၏။ ပြီးနောက် ကောင်းကင်မူလလောကကြီး၏ အစွန်းတစ်ဖက်ဆီသို့ ထပ်ကြည့်လိုက်ပြန်သည်။

ကောင်းကင်မူလလောကကြီးထဲတွင် သက်ရှိသတ္တဝါပေါင်းများစွာတို့ တည်ရှိနေ၏။ ထို့ထဲတွင် များပြား လှသည့် ကောင်းကင်မူလလောကကြီး၏ အင်ပါယာများလည်း ပါဝင်နေခဲ့၏။ သူ၏အကြည့်များသည် ထိုသူများဆီသို့ ကျရှိသွားသည့်အချိန်မှာတော့ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာတို့သည် ရင်ဘတ်တစ်ခုလုံး တင်းကျပ်သလို ခံစားလိုက်မိကြ၏။ သူတို့၏ နတ်ဘုရား အသိအမြင်များသည် ဖုံးကွယ်ခြင်းကို ခံလိုက်ရပြီး တစ်စုံတစ်ယောက်၏ ဖိနှိပ်မှုကို ခံနေရသလိုပင်။

“မင်းရဲ့လက်ထဲမှာ ငါ့သား သေခဲ့တာလား” ချင်ဟောင်က ပြောဆိုလိုက်သည်။ ၎င်း၏အသံသည် အရာအားလုံးကို လွှမ်းခြုံလုမတတ်ပင်။ အားလုံးသော သူတို့၏ နှလုံးသားများကို တုန်ခါစေခဲ့၏။ ၎င်းသည် ဤနေရာမှာ ရပ်နေရုံနှင့်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများကို ထုတ်ဖော်နေ၏။

“ဘာကို ဆိုလိုတာလဲ”

ကောင်းကင်မူလလောကကြီးထဲမှာတော့ လူပေါင်းများစွာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်၏။ တစ်ဖက်လူ ဘာကိုပြောဆိုနေသနည်း ဆိုသည်ကို သူတို့နားမလည်လှချေ။ တစ်ဖက်လူ၏သ ားသည် မည်သူဖြစ်သနည်းကို သူတို့မသိရှိချေ။ လောကနှစ်ခုကြား တိုက်ပွဲ ဖြစ်ပွားနေသည် ဖြစ်သောကြောင့် မည်သူ့ကို သတ်ဖြတ်မိကြောင်း မည်သူကမှ သေသေချာချာ သတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏ သားသေဆုံးသည်ဟု လာရောက်ကာ ပြောဆိုလျက်ရှိနေသည်။

လူပေါင်းများစွာတို့၏ ကြားထဲတွင် သူများနှင့်မတူဘဲ ထူးခြားနေသည့်သူသည် ရွှေကျီးကန်းကလန်၏ ဘိုးဘေးသာလျှင်ဖြစ်၏။ သူ၏ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်စွာဖြင့် တုန်ယင်သွားခဲ့ပြီး သူ၏မျက်နှာသည် ချက်ချင်းဆိုသလိုပဲ အရောင်အဆင်း ကင်းမဲ့သွားခဲ့၏။ တစ်ဖက်လူ ပြောဆိုနေသည့်လူသည် သူဖြစ်သည် ဖြစ်ကြောင်း သူကကောင်းကောင်းသိရှိ၏။ တိတိကျကျပြောဆိုရမည်ဆိုလျှင် သူနှင့် ရီကလန်၏ဘိုးဘေး တို့သာလျှင် ဖြစ်၏။

လက်ရှိ ရီကလန်ဘိုးဘေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ၎င်း၏ ဝိညာဉ်သာလျှင် ထွက်ပြေး လွတ်မြောက်ခဲ့၏။ တိုက်ပွဲတည်နေရာမှ ထွက်ခွာလာခဲ့ပြီးနောက် ပြန်လည်အားမွေးရန် ကြိုးစားလျက် ရှိနေ၏။ ဤနေရာတွင်သာ ရှိပါက ကျိန်းသေပေါက် တည်နေရာဖြတ်သန်းကာ ရောက်ရှိလာသည့် ချင်ကလန် ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာသည်။

လက်ရှိပေါ်ပေါက်လာခဲ့သော အင်မော်တယ်သည် ချင်ကလန်ဘိုးဘေးကြီးဖြစ်ကြောင်း သူတို့က သိရှိပြီးဖြစ်လေသည်။ သူတို့သတ်ဖြတ်ခဲ့သည့် အင်ပါယာသည် ဤဘိုးဘေးကြီး၏ သားပင်ဖြစ်နေလေ၏။

"ဟုတိလား"

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ကြောက်လန့်သွားခဲ့သော်လည်း ထွက်မပြေးခဲ့ချေ။ သူ၏ အားအင်အဆင့်သည် နှစ်ဆပိုမိုကာ အားကောင်းသည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ လက်အောက်မှ လွန်မြောက်လိမ့်မည် မဟုတ်ကြောင်းကို နားလည်ပြီးဖြစ်၏။ ပို၍ စိတ်ချရသည်မှာ ဤတိုက်ပွဲတွင် သူ လွတ်မြောက်နိုင်သည်ဟု ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ပြောဆိုခဲ့ပြီးသားဖြစ်သည်။

ချင်ကလန်ကို မတိုက်ခိုက်ခင်တည်းက သူသည် တစ်ဖက်လူ၏ နောက်ကြောင်းကို သေသေချာချာ စုံစမ်းခဲ့ပြီး ဖြစ်၏။ တစ်ဖက်လူများ၌ အစစ်အမှန် အင်မော်တယ် ဘိုးဘေးတည်ရှိကြောင်း သူ သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူ့အား အန္တရာယ်မှ လွန်မြောက်နိုင်သည်ဟု ပြောဆိုခဲ့ သောကြောင့် သူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

အနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် သူသည် ဤအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် လူမရှိကြောင်း နားလည်လိုက်သည်။ ရလာဒ်သည် သူ့အား တကယ်ပင် စိတ်ပျက်စေခဲ့၏။ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် တခြားသောသူများသည် သူ့ထက် ပိုမို အားကောင်းသူ ဟူ၍ပင် မရှိချေ။ တစ်ချို့သည် ဆိုးရွားလှသည့် အခြေနေမျိုးတွင် တည်ရှိနေပြီး တစ်ကိုယ်လုံး တုန်ယင်ကာ မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်လို့နေသည်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကတော့ ငါ့ကိုလိမ်ညာမှာ မဟုတ်ဘူး။ "

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် သူ့ကိုယ်သူ နှစ်သိမ်လိုက်၏။ သူ၏ ကြောက်လန့်နေသည့် ခံစားချက်များကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ တကယ်တော့ ​သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် အချိန်တွင် အားလုံးသောသူတို့သည် တည်ငြိမ်နိုင်လိမ့်မည် မဟုတ်ချေ။

"မင်းကြောက်နေပြီလား" ချင်ဟောင်က နှာခေါင်းရှုံ့လိုက်၏။

လက်ညိုး ညွှန်လိုက်ချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အသံကြီးက ဖြစ်တည်လာခဲ့၏။ ထိုလက်ချောင်းသည် ကောင်းကင်နှင့်မြေပြင်ကို ထောက်ပံ့လျက် ရှိနေသည့် ထောက်တိုင်ကြီးကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး သန်းနှင်ချီသော အကွာအဝေးကို ဖုံးလွှမ်းသွား၏။

"ဒါနဲ့ မင်းကိုကြည့်ရတာ အားကိုးကောင်းလို့ မိုက်ခဲ့ပုံပေါ်တယ်။ ​ကောင်းကင်လျှို့ဝှက် နန်းဆောင်လား"

ချင်ဟောင်က ရယ်မောလိုက်၏။ သူ၏ လက်ချောင်းကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထိုလက်ချောင်းကြီးသာ အောက်သို့ကျဆင်းလာပါက လောကကြီးတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

"ဒီနေ့မှာ မင်းကိုကယ်ဖို့ ဘယ်သူကမှတတ်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် ဆိုရင်တောင်မှပေါ့"

All Chapters