အခန်း (၄၉၆)
Vol. 34 Ch. 496
အချိန်များ ကုန်လွန်သွားခဲ့ပြီးနောက် အစစ်အမှန် အင်မော်တယ်၏ တိုက်ခိုက်ချက်ကြောင့် ဖြစ်တည်လာသည့် သက်ရောက်မှု အားလုံးသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ စုတ်ပြတ်သပ်နေသည့် မြင်ကွင်းသည် အားလုံးသော သူတို့၏ ရှေ့၌ ပေါ်လာခဲ့၏။
"ငါ …. ငါမသေသေးဘူးလား ဘယ်သူ ငါတို့ကို ကယ်ခဲ့တာလဲ"
ကောင်းကင်မူလလောကကြီးအတွင်းရှိ အသက်ရှင် ကျန်ရစ်နေခဲ့သူများ အားလုံးတို့သည် မယုံကြည်နိုင်သလို ခံစားနေမိကြသည်။
ကောင်းကင်မူလလောကကြီး၏ ကောင်းကင်ယံထက်၌ ဆန်းကြယ်လှသည့် လူတစ်ယောက် ပေါ်ပေါက်လာသည်ကို အထင်းသား မြင်နေရသည်။ ၎င်း၏ အသွင်အပြင် အမူအရာသည် ထီးထီးကြီး တည်ရှိနေသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင် ခိုင်မာတည်မြဲလွန်းလှ၏။ ထိုသူသည် လောကကြီးတစ်ခုလုံးနှင့် အလုံးစုံပေါင်းစပ်နေသကဲ့သို့ပင်။
မြေအင်မော်တယ်လောကဖက်တွင်တော့ ၎င်းတို့သည် တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားနေမိ၏။ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် လူများအားလုံးတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိရုံသာ ရှိ၏။ တော်တော်များများသည် ထူးဆန်းသည့် ထိုအတွေးကို တွေးမိကြ၏။
ချင်ကလန်၏ ဘိုးဘေးကြီးသည် ရိုက်ချက်ကို လျှော့ချလိုက်လေသည်လား။ အများအမြင်တွင် အရှိန်အဟုန်ပြင်းစွာ ရိုက်နှက်ခဲ့သည် ထင်ရသော်လည်း တကယ်တမ်းတွင် အားနည်းနေသည်လား။ ထိုဖြစ်နိုင်ချေသည် တကယ်ပင် နည်းပါးလွန်းလှ၏။ ချင်ကလန်၏ ဘိုးဘေးကြီးသည် ကျိန်းသေပေါက် သက်ညှာမှုကို ပြသမည့် လူမျိုးမဟုတ်ချေ။ ထို့ပြင် သူ၏ သား သေဆုံးခဲ့သောကြောင့် ကျိန်းသေပေါက် တိုက်ခိုက်ချက်ထဲတွင် အညိုးအတေးကြီးမားလွန်းသည့် စိတ်ဆန္ဒများ ပါဝင်နေမှာ သေချာ၏။ ၎င်း၏ ဂုဏ်သိက္ခာကို အထိခိုက်ခံ၍ ပေါ့ပေါ့ပါးပါး ရိုက်နှက်လိမ့်မည် မဟုတ်ချေ။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်လား။ "
ချင်ကလန်ဘိုးဘေး၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် တစ်စုံတစ်ခုသော ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ၎င်း၏ မျက်လုံးအကြည့်များသည် နက်ရှိုင်းစွာ တည်ရှိလျက်ရှိနေ၏။ ၎င်း၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွား၏။ တခြားသူများက သတိမပြုမိဘဲ နေပေမည်။ သို့ပေမဲ့ သူကတော့ အလုံးစုံ သတိပြုမိ၏။
အရေးအကြောင်းအခြေအနေ သူ၏ တိုကိခိုက်ချက် ကျဆင်းလာသည့် အချိန်မှာတော့ သာမန်ထက် ပိုလွန်းသည့် လူတစ်ယောက်သည် ပေါ်ပေါက်လာခဲ့လေ၏။ ၎င်းသည် သာမန်ဆန်စွာဖြင့် တိုက်ခိုက်ချက်ကို ကာကွယ်ခဲ့ခြင်းပင်။ သူ၏ တိုက်ခိုက်ချက်ကို မည်သည့် ထိခိုက်မှုမှမရှိဘဲ ခုခံနိုင်သောကြောင့် တစ်ဖက်လူ၏ အားအင်အဆင့်သည် သူ့ထက် အားနည်းလိမ့်မည် မဟုတ်ချေ။ သူ့ထက်ပင် သာကောင်းသာနိုင်၏။ ဤပေါင်းစပ်ထားသော လောကကြီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှလွဲ၍ သူ၏တိုက်ခိုက်ချက်ကို တားဆီးနိုင်မည့် တခြားသူအား သူ မတွေးမိချေ။
"ကျုပ်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မဟုတ်ဘူး"
ထိုသူက တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးများ၌ နတ်အလင်းများ ထွက်ပေါ်လျက် ရှိနေပြီး ရှုပ်ထွေးလှသည့် လောကကြီးကို ထွင်းဖောက်ကာ ကြည့်ရှုနေသကဲ့သို့ပင်။ ၎င်းသည် လောကကြီး၏ ဓာတ်သဘာဝများနှင့် ဖြစ်ပေါ်လာခဲ့သော လူတစ်ယောက်ကဲ့သို့ပင် ခြောက်ခြားဖွယ်ရာ ခံစားချက်များကို ပေးစွမ်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်၌ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရှိမနေဘဲ လူသားမဟုတ်သည့် ခံစားချက်များ ထွက်ပေါ်နေ၏။ ၎င်း၏ တိုကိခိုက်မှုများသည် သာမန်ကျလွန်းသည်။
"ခင်ဗျားက ဘယ်သူလဲ"
ချင်ကလန်၏ ဘိုးဘေးသည် မျက်မှောင်ကုတ်လိုက်၏။ သူသည် လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ ရုတ်တရက် ဤလူသည် ပေါ်ပေါက်လာပြီးနောက် အားအင်အဆင့်ကို ကြီးကြီးမားမား ထုတ်ဖော်ပြသခြင်း မရှိသေးဘူး ဆိုလျှင်တောင်မှ သူသည် မကောင်းသော ခံစားချက်များကို ရရှိနေ၏။
"ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နောက်လိုက်တစ်ယောက်ပဲ" ထိုသူက အသာပြောလိုက်သည်။
ထိုသူပြောပြီးနောက် လောကကြီးတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ ကောင်းကင်မူလလောက သို့မဟုတ် မြေအင်မော်တယ် လောကသား အားလုံးတို့သည် ဆွံ့အသွားကုန်ကြ၏။
ကောင်းကင်မူလလောကကြီးဆီမှ လူတစ်ယောက်ချင်းစီတိုင်းသည် ပျော်ရွှင်သွားကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ၎င်းတို့၏ အသက်ကို ဂရုမစိုက်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ အရေးကြောင်း အခြေအနေမျိုးတွင် အကူအညီ ပေးနိုင်သူကို စေလွှတ်ခဲ့၏။ ယခုထွက်ပေါ်လာသော နောက်လိုက်ဆိုသူသည် အင်မော်တယ်တစ်ယောက်၏ အားအင်ကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ ဤလူသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်ကို ပိုင်ဆိုင်သူဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ထိုသူကို မည်သူဖြစ်မှန်း သူတို့ မသိရှိချေ။ ဤကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ တပည့်ဖြစ်နေသည်လား။
"ကောင်းကင်မူလလောကကြီးရဲ့ အစစ်အမှန် အင်မော်တယ်"
မြေအင်မော်တယ်လောကကြီး၏ အခြားတစ်ဖက်ခြမ်းမှာတော့ လူပေါင်းများစွာတို့သည် သဘောမတွေ့သလို ဖြစ်လာကြ၏။ ကောင်းကင်မူလလောကကြီးသည် အားအနည်းဆုံး ဖြစ်သည်ဟု ၎င်းတို့က ထင်မှတ်ထားခဲ့ကြ၏။ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ထင်ထင်ရှားရှား ထုတ်ဖော်နိုင်ခြင်းမရှိသည့် လောကဟု သူတို့က သတ်မှတ်ခဲ့ကြ၏။
သို့ပေမဲ့ တကယ်တမ်းမှာတော့ စွမ်းအားမြင့် အင်မော်တယ်တစ်ယောက် ထွက်ပေါ်လာခဲ့လေသည်။ ချင်ကလန် ဘိုးဘေးနှင့် နှိုင်းယှဥ်ရမည်ဆိုလျှင် ယခု ရောက်ရှိလာသူသည် အင်မော်တယ် ဖြစ်နေသည်မှာ ကြာမြင့်ပြီ ဖြစ်လောက်၏။ ကောင်းကင်မူလလောကကြီးသည် ခရမ်းရောင် နက်နဲလောကကြီးထက် ပိုမိုကာ ခန့်မှန်း၍ မရသည့် လောကကြီးတစ်ခု ဖြစ်နေသည်လား။
"ကောင်းကင်မူလလောကကြီးထဲမှာ အစစ်အမှန် အင်မော်တယ်တွေ မရှိဘူး။ ဒီလူက တခြားလောကကနေ စီနီယာ နန်းဆောင်သခင် ခေါ်ဆောင်ထားတဲ့ လူဖြစ်ဖို့များတယ်။ " တစ်စုံတစ်ယောက်က တီးတိုး ပြောလိုက်သည်။
ကောင်းကင်မူလလောကကြီး၏ အကြောင်းအရင်းကို တော်တော်များများက သိရှိပြီးဖြစ်၏။ တခြားသော လောကကြီးများနှင့် ပေါင်းစပ်ပြီးလျှင်တောင်မှ အင်မော်တယ်များ ထွက်ပေါ်မလာသေးချေ။ အစစ်အမှန် အင်မော်တယ် ကပ်ဘေးသည် ကောင်းကင်မူလလောကကြီးတွင် ပေါ်ပေါက်မလာဖူးချေ။ ထို့ကြောင့် ဤလူသည် အင်မော်တယ် ဖြစ်လာသည်မှာ ကြာမြင့်လောက်ပြီဖြစ်၏။ ထိုသို့မဟုတ်ပါက ကောင်းကင်မူလလောကကြီးတွင် အင်မော်တယ် ဖြစ်ခဲ့ခြင်းလည်း မဟုတ်ပေ။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က နောက်ဆုံးတော့ ဝင်ပြီးလှုပ်ရှားခဲ့ပြီလား "
ဤလူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ နောက်လိုက်ဖြစ်သည်ဟု ပြောဆိုခဲ့၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ပေါ်မလာဘူး ဆိုလျှင်တောင်မှ ကြီးမားလှသည့် ဂုဏ်သိက္ခာကို ထုတ်ဖော် ပြသနေခြင်းပင်။ ၎င်းစေလွှတ်လိုက်သည့် လူသည် အားလုံးသောသူတို့ကို တွန့်ဆုတ်သွားစေခဲ့၏။
"မြို့တော်ဝန်"
ထိုအချိန်မှာတော့ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ များပြားလှသည့် လူများသည် ထိုသူ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ချပ်ဝတ်ကို ဝတ်ဆင်ထားသော ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူဖြစ်သော ဟုန်ရွှမ် တစ်ကိုယ်လုံး သွေးများ စွန်းထင်းလျက် ရှိနေသည်။ ၎င်းသည် အဝေးတစ်နေရာဆီမှ တစ်လှမ်းခြင်း လှမ်းလျှောက်လာ၏။ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အငွေ့များ တည်ရှိနေပြီး လေးလေးစားစားပင် ဦးညွှတ်လိုက်သည်။ "ဟုန်ရွှမ် မြို့တော်ဝန်ကို ဂါဝရပြုပါတယ်"
လက်ရှိအချိန်၌ ဟုန်ရွှမ်၏ ခံစားချက်များသည် ရှုပ်ထွေးလျက် ရှိနေ၏။ ၎င်းတို့၏ မြို့တော်ဝန်သည် ထာဝရမြို့ဆီမှ မထွက်ခွာခဲ့သည်မှာ အချိန်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားပြီးနောက် လောကကြီးနှစ်ခုကြား တိုက်ပွဲတွင် ရုတ်တရက် ပါဝင်လာခဲ့၏။ ၎င်းတို့၏ မြို့တော်ဝန်သည် အစစ်အမှန်အင်မော်တယ် ထိပ်ဆုံးတွင် တည်ရှိနေကြောင်း သူ သိရှိပြီးသားဖြစ်လေ၏။ မြို့တော်ဝန်သည် လုံလုံခြုံခြုံ ရှိသောကြောင့် သူ တကယ်ပဲ ပျော်ရွှင်မိ၏။
ကောင်းကင်မူလလောကကြီး ပျက်စီးသွားပါက ထာဝရမြို့သည်လည်း တကယ့်ကို လမ်းပျောက်သွားမှာ သေချာလေ၏။ မထင်မှတ်ထားလောက်အောင်ဘဲ အားလုံးသောသူတို့ ဒုက္ခရောက်နေသည့် အချိန်မှာတော့ ၎င်းတို့၏ မြို့တော်ဝန်သည် ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နှက် ခန့်မှန်း၍ မရအောင် အားကောင်းလှသော တစ်စုံတစ်ယောက်၏ တိုက်ခိုက်ချက်ကို တားဆီးခဲ့သည်။
အားအင်စိုက်ထုတ်မှုနည်းစွာဖြင့် ပြုလုပ်ခဲ့ပုံလည်းပေါ်၏။ ဤလှုပ်ရှားမှုသည် အားလုံးသောသူတို့၏ ဒုက္ခကို ဖြေရှင်းပေးခဲ့ပုံနှင့် ဆင်တူလှ၏။
"အတိတ်က ကိစ္စရပ်တွေကို စိတ်ပူစရာ မလိုဘူး။ ငါက ထာဝရမြို့တော်ဝန် မဟုတ်တော့ဘူး။ အခု ငါက ကောင်းကင်တာအိုပဲ"
ချီလင်း၏ အသံသည် မထူးခြားသကဲ့သို့ပင် မည်သည့် ခံစားချက်မှ မရှိချေ။ ၎င်း၏ နတ်အလင်းများ ထွက်ပေါ်နေသော မျက်လုံးသည် ဟုန်ရွှမ်ဆီသို့ တည့်တည့်ရောက်ရှိနေ၏။ ၎င်းသည် တကယ်ပင် တည်ငြိမ်လျက် ရှိနေသည်။
"ကောင်းကင်တာအို ဟုတ်လား"
ဟန်ရွှမ်သည် တစ်ကိုယ်လုံး တုန်ယင်သွား၏။ ၎င်းသည် မြို့တော်ဝန်ကို မယုံကြည်နိုင်စွာဖြင့် လှမ်းကာ ကြည့်ရှုနေမိ၏။ မြို့တော်ဝန်၏ စကားစုထဲတွင် နက်နဲလှသည့် အရာများ ပါဝင်လျက် ရှိနေကြောင်း သူက အာရုံခံမိ၏။
"ကောင်းကင်တာအို ဟုတ်လား"
ချင်ကလန်၏ဘိုးဘေးသည်လည်း ကြောင်အသွားခဲ့၏။ ကောင်းကင်တာအို၏ နိယာမကို သူ ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ကောင်းကင်တာအိုသည် အကောင်အထည်အဖြစ် ဖြစ်တည်လာသည်ဟူသော အကြောင်းတရားကို တစ်ခါမှ မကြားခဲ့ဖူးချေ။ သူ့အတွက် ဤအရာသည် တကယ်ပင် ယုံကြည်ရန် ခက်ခဲသည့် အရာဖြစ်လာခဲ့သည်။
"ကြောင်တောင်တောင်နဲ့"
ချင်ကလန်၏ ဘိုးဘေးသည် အထင်သေးသလို နှာခေါင်းကို ရှုံ့လိုက်၏။ "ကောင်းကင်တာအိုဖြစ်တော့လည်း ဘာဖြစ်လဲ။ ကောင်းကင်တာအိုက ကောင်းကင်မူလလောကကြီးကို ကာကွယ်ပေးထားတယ် ဆိုရင်တောင်မှ ကျုပ်က ဒီနေ့မှာ ကောင်းကင်တာအိုကို ပုန်ကန်ပစ်မယ်"