← Chapters

အခန်း (၄၉၈)

Vol. 34 Ch. 498

အခန်း (၄၉၈)

Vol. 34 Ch. 498

“ချင်ကလန်ဘိုးဘေး ရှုံးသွားတာလား “

မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် အဝေးတွင်ရှိနေသော မြင်ကွင်းကို တွေဝေ ငေးငိုင်စွာဖြင့် ကြည့်ရှုနေမိ၏။ အိပ်မက်မက်နေသကဲ့သို့ပင်။ အလွန်တစ်ရာ မောက်မာလှပါသည် ဆိုသော ချင်ကလန်၏ ဘိုးဘေးသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို စိန်ခေါ်ရန်ရောက်ရှိလာခဲ့၏။  သို့ပေမဲ့ တစ်ဖက်လူနှင့် မတိုက်ခိုက်လိုက်ရပေ။ ကောင်းကင်မူလလောကကြီးထဲသို့ပင် ကောင်းကောင်း မ၀င်ရသေးပဲ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အလုံးစုံရှုံးနိမ့်ခဲ့ရ၏။ ၎င်း၏ ခန္ဓာကိုယ်ပင်လျှင် အစိတ်စိတ် အပိုင်းပိုင်းပျောက်ကွယ်သွားရ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နောက်လိုက် ဟုတ်လား”

စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် နာကျင်သည့် အမူအရာမျိုးဖြင့် တီးတိုးရေရွတ်လိုက်၏။ ချင်ကလန် ဘိုးဘေးကိုပင် တစ်စစီဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိနေသည့်လူသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းလိမ့်မည်နည်း။ အသင်္ချေများပြားလှသည့် လောက အသီးသီးတွင်ပင်လျှင် ထိပ်ဆုံးအဆင့်၌ ရပ်တည်နိုင်မည့်သူ ဖြစ်ရပေလိမ့်မည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ ကြီးမားလွန်းသည့် အာဏာကို တွေးတောပြီးသည့်နောက် ဤအရာသည် အစစ်အမှန် ကြောက်မက်ဖွယ်ရာကောင်းကြောင်း သူ နားလည်လိုက်မိ၏။

“ချင်ကလန်ကတော့ အဆုံးသတ်ပြီပဲ”

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ “သူက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို စိန်ခေါ်ချင်တယ် ဆိုပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နဲ့တောင် မတွေ့ရသေးဘူး။ ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားခဲ့ပြီ။ သူ့ရဲ့ အနာဂတ် ဘယ်လိုရှိမလဲ”

“ကျုပ်ထင်တာကတော့ ချင်ကလန်ဘိုးဘေးရဲ့ အပြုအမူက ချင်ကလန်တစ်ခုလုံးကို သက်ရောက်မယ်ဆိုတာ သံသယရှိစရာမလိုဘူး”  တည်ကြည်လေးနက်ပုံပေါ်သည့် အကြီးကဲတစ်ယောက်သည် အသာပြောလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ ဂုဏ်သိက္ခာတရားကို အားလုံးသိရှိပြီးသားဖြစ်၏။ လူပေါင်းများစွာတို့သည် ၎င်း၏ သိုဝှက် ထားသည့် အားအင်အဆင့်ကို ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ မျက်နှာသာပေးမှုကိုရရှိရန်အတွက် အားလုံးသောသူတို့သည် ငမ်းငမ်းတက်လိုချင်ကြ၏။ ချင်ကလန်သည် ထိုကဲ့သို့သောအခွင့်ရေးကို ရယူရမည့်အစား ကျိန်းသေပေါက် ရန်ဘက်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ချင်ကလန်ဘိုးဘေး အသတ်ခံလိုက်ရတာလား”

တစ်စုံတစ်ယောက်သည် လျှင်မြန်စွာဖြင့်၀င်ရောက်ကာမေးလိုက်၏။

“မဟုတ်ဘူး  အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို သတ်ဖြတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားတယ် ဆိုရင်တောင်မှ သူ့ရဲ့ဝိညာဉ် တည်ရှိနေသေးတယ်။ ဒီတော့ သူက အချိန်မရွေး သူ့ရဲ့ခန္ဓာကိုယ်ကို ပြန် တည်ဆောက်နိုင်တယ်”

ထိုစကားစုကို ပြောဆိုလိုက်ချိန်မှာပဲ အဝေးဆီမှ ပဲ့တင်သံများ ထွက်ပေါ်လာ၏။ ကောင်းကင်ယံထက်တွင် သွေးများ ပြည့်နှက်သွားခဲ့ပြီး တည်နေရာအနှံ့ဆီသို့ သွေးမျှင်ကြီးများ ကျဆင်းလာခဲ့၏။  ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို သွေးနှင့် ဆေးကြောလိုက်သကဲ့သို့ပင်။ ထိုသွေးရောင်မြစ်ကြီးထဲတွင်တော့ ဆန်းကြယ်လှသည့်လူတစ်ယောက်သည် ဖြေးညင်းစွာ ဖွဲ့တည်လာခဲ့၏။ ချင်ကလန် ဘိုးဘေး၏ ချင်ဟောင် မှလွဲလျှင် မည်သူဖြစ်မည်နည်း။

“ခင်ဗျားက တကယ့်ကိုခန့်မှန်းလို့မရဘူးပဲ”

ချင်ကလန်ဘိုးဘေး၏ မျက်နှာတစ်ခုလုံး သည် ဖြူရော်လျက်ရှိနေ၏။ သူသည် မနီးမဝေးတွင်ရှိသည့် ချီလင်းကို လှမ်းကာကြည့်ရှု လိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲ ပင်ပြောဆိုလိုက်၏။  “ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက်မဟုတ်ဘူး”

အစဉ်အမြဲ ဂုဏ်ယူ၀င့်ကြွားခဲ့သော လူတစ်ယောက်အနှင့် ဤကဲ့သို့အရှုံးပေးရခြင်းသည် ကြီးမားလှသည့် ဆုံးရှုံးမှုပင်ဖြစ်၏။ ချင်ဟောင်အနေနှင့် ဤစကားစုများကို ပြောဆိုရမည်ဟု တွေးတောင်မတွေးခဲ့ဖူးချေ။ သို့သော်ငြား ယနေ့အချိန်မှာတော့ ထိုကဲ့သို့သောစကားများကို ထုတ်ဖော်ပြောဆိုနေရသည်။

သူသည် စိန်ခေါ်ရန် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ တိုက်ပွဲပင် သေသေချာချာ မစရသေးပေ။ ရှုံးနိမ့်သွားခဲ့၏။ ထို့အပြင် တစ်ဖက်လူ၏ နောက်လိုက်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် သူ၏ နှလုံးသားထဲတွင် ကဗ္ဗည်းရေးထိုးထားသလို ဖြစ်နေမှာသေချာ၏။

“ဒါပေမဲ့ အနာဂတ်မှာ ကျုပ်သာ အဆင့်ချိုးဖျက်နိုင်မယ်ဆိုရင် ဒီကိုလာပြီး ခင်ဗျားနဲ့တိုက်ခိုက်မယ်။ ပြီးတော့…..”

ချင်ဟောင်က စတင်ပြောဆိုလိုက်၏။ ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း ၎င်း၏ တိုက်ချင်ခိုက်ချင်စိတ်များသည် မပျောက်ကွယ်ဘဲ တည်ရှိနေတုန်းပင်။ အကြိမ်အနည်းငယ် တိုက်ခိုက်လိုက်ရုံနှင့် တစ်ဖက်လူ၏ အဆင့်ကို သူကသိရှိပြီး ဖြစ်၏။ ထို့​ကြောင့် သူသည် ကျိန်းသေပေါက် ပြန်လာကာ တိုက်ခိုက်ရပေလိမ့်မည်။ နှစ်ပေါင်းတစ်သန်း သို့မဟုတ် နှစ်ပေါင်း သန်းတစ်ရာလောက်ကြာရင်လည်း ကြာပေလိမ့်မည်။ နောက်ထပ်အဆင့်တစ်ခုဆီသို့ ခြေလှမ်းလှမ်းတက်နိုင်သည်ဆိုပါက ကျိန်းသေပေါက် ပြန်လာပြီး သူ၏ရှေ့ တွင်ရှိနေသည့် ချီလင်းနှင့် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။

သို့ပေမဲ့ သူဆုံးအောင် မပြောလိုက်ရသေးချေ။ အေးစက်ပြီး ထူးမခြားနားလှသည့်အသံတစ်ခုသည် သူ့၏ စကားကို ဖြတ်တောက်လိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ဂုဏ်သိက္ခာတရားကို လျစ်လျူရှုတဲ့အတွက် ခင်ဗျားဆီမှာ အနာဂတ်ဆိုတာ မရှိတော့ဘူး”

ထိုစကားစုကို ပြောဆိုပြီးနောက် ချီလင်းသည် ရှေ့ဆီသို့လှမ်းတက်လိုက်၏။ သူသည် လက်ငါးချောင်းကို အသာ ဖြန့်ကားလိုက်၏။ ရေတွက်၍မရအောင် များပြားလှသည့် ကောင်းကင်တာအို၏ နိယာမ ချိန်းကြိုးများသည် အသက်၀င်လာသကဲ့သို့ပင် လှုပ်ရှားလာခဲ့ပြီး တဖြည်းဖြည်းနှင့် လေဟာနယ်ထဲတွင် ကြီးမားသည့် နတ်ဘုရားဓားများအဖြစ် အသွင်ပြောင်းသွားသည်။

ထိုအရာများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်လျက်ရှိနေပြီး တရွှီးရွှီးနှင့် ဓားချင်း ပွတ်တိုက်သည့်အသံသည် အားလုံးသောသူတို့၏ နားထဲသို့ ၀င်ရောက်လာခဲ့၏။ ဓားရောင်စဉ်များသည် သန်းနှင့်ချီသည့် မိုင်အတွင်းကို ဖုံးလွှမ်းလျက်ရှိနေပြီး အရာအားလုံးတို့အား ဓားနှင့် လှီးဖြတ်လေ၏။

အားလုံးသောသူတို့သည် ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် ကျောရိုးမကြီးပင် စိမ့်တက်သွားမိကြသည်။

“ဘာ …. လုပ်ရဲတယ်ဟုတ်လား”

ချင်ဟောင်သည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွား၏။ သူသည် အစောကြီးတည်းက ရှုံးနိမ့်ကြောင်း ဝန်ခံ ပြီးဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် တစ်ဖက်လူသည် သူ့ကို အညှာတာကင်းမဲ့စွာဖြင့် ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်ရသနည်း။

ဤအရာမှာ လွန်လွန်းလှ၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ကြောက်မက်ဖွယ်ကောင်းလှသည့် အသက်ဓာတ်များ စုဝေးလာခဲ့သည်။

အဖြူရောင်အလင်းတန်းများသည် သူ၏ ပါးစပ်၊ နှာခေါင်းနှင့် တခြားသော နေရာများဆီမှ ထွက်ပေါ်လာခဲ့ပြီး ထိုအခိုးငွေ့များသည် မြွေဖြူကြီး တစ်ကောင်ကဲ့သို့ လေဟာနယ်ထဲတွင် ကခုန်လာ၏။ ၎င်းမြွေဖြူကြီးသည် အစစ်အမှန်အဆီအနှစ်များကို ဖွဲ့သီကာဖြင့် ကောင်းကင်တာအို၏ ချိန်းကြိုးနှင့်အတူ ဖြစ်တည်လာခဲ့သည့် ဓားသွားများကို ရင်ဆိုင်လိုက်၏။

“ရှလွမ်”

ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့၏။ ကောင်းကင်တာအို၏ ဓားသွားများသည် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် တည်ရှိလျက် ရှိနေတုန်းပင်။ နောက်ခဏအတွင်းမှာပင် ၎င်းဓားသွား၏ အနောက် တွင်ရှိနေသည့် နတ်ဘုရား ချိန်းကြိုးများဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းတန်းများကို ရှေ့သို့ ပို့လွှတ်လိုက်သည်။

ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာပြီးသည့်နောက် သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ သွေးများသည် လေဟာနယ်ထဲသို့ ပျံ့နှံ့သွားခြင်းပင်။ ချင်ဟောင်၏ အမူအရာသည်အေးခဲသွားခဲ့၏။ သူသည် ဝိညာဉ်အဖြစ် ထွက်ပြေးရန် ပြင်လိုက်၏။ သို့ပေမဲ့ လက်ကြီးတစ်ဖက် ရောက်ရှိလာခဲ့ပြီး သူ၏ ဝိညာဉ်ကို ဖမ်းဆုပ်ကာဖြင့် ဖျစ်ညှစ်လိုက်၏။

“ခင်ဗျား”

ချင်ဟောင်၏ မျက်နှာသည် ဖြူရော်သွားခဲ့၏။ သူသည် ကျယ်လောင်စွာအော်ဟစ်လိုက်၏။  “အန္တိမကျင့်ကြံသူလား။”

သူ့ကို  လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်ဖို့ဆိုလျှင် တစ်ဖက်လူသည် အန္တိမကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။ အန္တိမကျင့်ကြံသူတစ်ယောက်သည် အဘယ့်ကြောင့် ကောင်းကင်မူလလောကကြီး ထဲတွင် တည်ရှိနေရသနည်း။ ထိုသို့ ဆိုလျှင် …..။

“မဟုတ်ဘူး”

ချီလင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ သူ၏ အမူအရာသည် ထူးမခြားနားသကဲ့သို့ပင်။ သူသည် ချင်ဟောင်ကို လှမ်းကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ “ကျုပ်က ကောင်းကင်တာအိုပဲ။ လောကရဲ့အဆင့်သတ်မှတ်ချက်တွေက ကျုပ်နဲ့ မဆိုင်ဘူး။”

“ကောင်းကင်တာအိုဟုတ်လား”

ချင်ဟောင်သည် ကြောင်အအဖြစ်နေ၏။ တစ်ဖက်လူသည် ကောင်းကင်တာအိုဆိုသည့် စကားစုကို နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့၏။ ပြောရမည်ဆိုလျှင် ဤအရာတွင်ဆက်စပ်မှု တစ်ခုခုတော့ ရှိရပေလိမ့်မည်။

“ပြီးတော့ ကျုပ် ကောင်းကင်တာအိုနဲ့ မပေါင်းစပ်သေးဘူးဆိုရင်တောင်မှ ခင်ဗျားက ကျုပ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။” ချီလင်းက ထပ်ကာပြောလိုက်၏။ တခြားသောလောကဆီမှ ရောက်ရှိလာခဲ့သည့် သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ သူ၏ သက်တမ်းသည် အဆုံးသတ်လုနီးပါး ဖြစ်နေသည်ဆိုလျှင်တောင်မှ ချီလင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းအောင် နက်ရှိုင်းသည့် အခြေခံတရားကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်၏။ ချင်ကလန်၏ ဘိုးဘေးတစ်ယောက်သည် အဘယ်သို့ သူ၏ ပြိုင်ဘက် ဖြစ်မည်နည်း။

“ကောင်းကင်တာအိုနဲ့ပေါင်းစပ်ပြီးပြီ ဟုတ်လား။ “

ချင်ကလန်၏ ဘိုးဘေးသည် ထိုစကားစုကို ရွတ်ဆိုလိုက်၏။ သူသည် အနည်းငယ် နားလည်သွားသလိုပင်။ နောက်ခဏအတွင်း သူသည် အရာအားလုံး ဆုံးရှုံးတော့မည်ဟု ခံစားလိုက်မိ၏။ ဤစကားစုများသည် နားလည်ရန်လွယ်သော်လည်း မည်ကဲ့သို့ ပေါင်းစပ်သည်ဆိုခြင်းမှာ သူ ခန့်မှန်း၍ မရနိုင်သည့် အရာပင် ဖြစ်၏။

“ခင်ဗျားကျုပ်ကိုတကယ် ရှင်းပစ်တော့မှာလား။”  ချင်ကလန်၏ ဘိုးဘေးက ထပ်မေးလိုက်သည်။

“အဲတာကောင်းကင်နန်းဆောင် သခင်ရဲ့ စိတ်ဆန္ဒအပေါ်မှာမူတည်တယ်။”

ချီလင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ သူသည် ချင်ဟောင်၏ ဝိညာဉ်ကို အလုံးစုံဖိနှိပ်ထားခဲ့ သည်။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများကို အသာလှမ်း ကြည့်ရှုပြီးနောက် ၎င်းသည် လှည့်ကာထွက်ခွာသွားခဲ့၏။

ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် တိုက်ခိုက်ခဲ့ရာ လေထုတည်နေရာတစ်ခုလုံးသည် ပေါက်ကွဲ ထွက်သွားခဲ့သည်။

ချင်ကလန်ဘိုးဘေးကြီးသည် ဟိတ်ကြီးဟန်ကြီးဖြင့် အကြမ်းပတမ်း ရောက်ရှိ လာခဲ့၏။

သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်ခံရပြီးသည့်နောက်မှာတော့ အမွှေးတိုင်ထွန်းစရာ အုတ်ဂူပင် တည်ဆောက်ခွင့်မရခဲ့ချေ။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏ ဝိညာဉ်ကလည်း ဖိနှိပ်ခြင်း ခံခဲ့ရသည်။

ကြည့်ရသည်မှာ ကောင်းကင်တာအို ဟု မိမိကိုယ်ကိုယ် ပြောဆိုနေသည့်သူသည် ၎င်းအား ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီသို့ ခေါ်ဆောင်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ ကောင်းကင်တာအိုတောင်မှ နန်းဆောင်သခင်၏ စိတ်ဆန္ဒအတိုင်း လိုက်ပါကာ ပြုမူဆောင်ရွက် ပေးနေရသည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်၏။

“ကောင်းကင်တာအိုဟုတ်လား။ “

ရှုပ်ထွေးလှသည့် လေဟာနယ်တစ်ခု ထဲမှာတော့ ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးကြီးသည် လက်နှစ်ဖက်ကိုနောက်သို့ပစ်ကာ စဉ်းစားလျက်ရှိ၏။ အချိန်အတော်ကြာ စဉ်းစား ပြီးနောက် သူသည် အဖြေရှာမရခဲ့ချေ။ ထို့ကြောင့် အသာ သက်ပြင်းချကာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ “လက်ရှိလောကကြီးထဲမှာ ကောင်းကင် တာအိုနဲ့ပေါင်းစပ်နိုင်တဲ့သူ ရှိတာလား။ ဒါမှမဟုတ်  စီနီယာနန်းဆောင်သခင်က တိတ်တဆိတ် ကူညီပေးခဲ့တာလား။”

All Chapters