အခန်း (၄၉၉)
Vol. 34 Ch. 499
ချင်ကလန်၏ ဘိုးဘေးကြီးသည် လျှင်လျှင်မြန်မြန်ပဲ အရှုံးပေးခဲ့ရ၏။ ပြီးနောက် ကြက်ကလေး ငှက်ကလေးကဲ့သို့ပင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။
ကောင်းကင်မူလ လောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ အရှိန်အဟုန် ကြီးကြီးမားမားနှင့် ရောက်ရှိလာခဲ့သော မြေအင်မော်တယ်လောကကြီးမှ သက်ရှိ သတ္တဝါအားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေဝေ ငေးငိုင်နေမိကြ၏။ယခု ဖြစ်ပျက်ခဲ့သော အခြေအနေသည် ၎င်းတို့ ထင်မှတ်ထားသည့် အကြောင်းအရာများနှင့် သွေဖီလျက်ရှိနေ၏။
ကောင်းကင်မူလလောကကြီး၌ အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာနိုင်သည်ဟုပင် သူတို့က ကြိုတင် တွေးတောခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ အစစ်အမှန် အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ထိုထက် ကြောက်မက်ဖွယ်ရာ လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။
ထိုသူသည် ချင်ကလန်၏ ဘိုးဘေးကြီးကို တိုက်ခိုက်ချက် သုံးချက်အတွင်း အနိုင်ယူခဲ့၏။ ၎င်းသည်သာ အဆုံးစွန်သော အားအင်ကို ထုတ်ဖော်တိုက်ခိုက်မည်ဆိုပါက မြေအင်မော်တယ် လောက ထဲတွင် ရှိနေသည့် အစစ်အမှန် အင်မော်တယ်များအားလုံး ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ နိုင်လိမ့်မည် မဟုတ်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်သူများလဲ”
တော်ဝင်အင်ပါယာတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ ကောင်းကင် တာအိုဟု မိမိကိုယ်ကိုယ် ပြောဆိုသည့်လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ နောက်လိုက် ဖြစ်သည်ဟု ပြောဆိုခဲ့၏။
ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထိုသူထက် ပိုမိုကာ အားကောင်းသည့် လူတစ်ယောက်ဟု အဓိပ္ပာယ် သက်ရောက်နေသည် မဟုတ်ပါလား။ မဟုတ်ပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဤမျှအားကောင်းလှသည့် နောက်လိုက်တစ်ယောက်ကို အဘယ်သို့ ထိန်းချုပ် ထားနိုင်မည်နည်း။
“ကောင်းကင်လျှို့ဝှက ်နန်းဆောင်သခင်က ပြောဖူးတယ်။ သူက ကောင်းကင် မူလ လောကကြီးနဲ့ ပတ်သက်ရင် ဝင်မရှုပ်ဘူး။ ဒါပေမဲ့သူ ဘယ်လိုဖြစ်ပြီး တစ်စုံတစ်ယောက်ကိုစေလွှတ်လိုက်ရတာလဲ။”
မြေအင်မော်တယ် လောကကြီးဆီမှ တော်ဝင်အင်ပါယာတစ်ယောက်သည် တီးတိုးရေရွတ်လိုက်မိ၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်”
သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ တစ်ချိန်က ရောက်ရှိခဲ့ဖူးပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် မည်သည့်အရာကိုမှ ဝင်၍ ရှုပ်ထွေးခြင်းမရှိဟု ပြောဆိုခဲ့ကြောင်း သူ ကြားခဲ့ဖူးသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ထိုစကားစုကြောင့်ပင် သူသည် ကောင်းကင် မူလလောကကြီးဆီသို့ အလျင်စလို နှင့် ပြေးဝင်လာခြင်းဖြစ်၏။ ယခု ရလဒ် အခြေနေမှာတော့ ကောင်းကင် မူလလောကကြီးထဲသို့ပင် ထဲထဲဝင်ဝင် မရောက်သေးချေ။ ကြောက်စရာ အခြေအနေကို မြင်ခဲ့ရပြီ ဖြစ်၏။
“ဖြစ်နိုင်တာက"
ဘေးတစ်ဖက်တွင်ရှိနေသော လူသည် တီးတိုးရေရွတ်လိုက်သည်။
“တကယ်လို့ ဒီလူကို ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က စေလွှတ်လိုက်တာ မဟုတ်ဘူး ဆိုရင်ရော….”
ဤစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် တိတ်ဆိတ်သွား၏။ အသင်္ချေ များပြားလှသောလောကများတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ မျက်နှာသာပေးမှုကို လိုချင်ကြသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ရိုက်သတ်၍ မကုန်အောင် ပေါ်များလှ၏။
ထို့ကြောင့် ၎င်းတို့အားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင် အစား ရှင်းစရာများကို ရှင်းပေးတတ်ကြသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင် သည် ခန့်မှန်း၍ မရအောင် အားကောင်း လွန်း၏။ ထို့ကြောင့် ထိုသူဆီမှ လမ်းညွှန်ပြသချက် တစ်စုံတစ်ခုကို ရရှိ သည်ဆိုပါက ကျိန်းသေပေါက် စွမ်းအင်အဆင့်များ တိုးတက်လာပေလိမ့်မည်။
ထို့ကြောင့် အခွင့်ရေးကိုရရှိသည့်အချိန်တွင် ကျိန်းသေပေါက် ပျော်ပျော်ရွှင်ရွှင်နှင့် ဝင်ရောက်ကာ လှုပ်ရှားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ များပြားလွန်းသည့် လူများ၏ မျက်လုံးထဲတွင် ကောင်းကင်တာအိုလို့ မိမိကိုယ်ကိုယ် သုံးစွဲသွားခဲ့သော လူတစ်ယောက်သည်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အား မျက်နှာလုပ်ချင်ခြင်းသာ ဖြစ်သည်။
“တာအိုရောင်းရင်း ကျိရှု …. ခင်ဗျား ဘယ်လိုထင်လဲ”
ကျောက်စိမ်းလေဟာနယ်ဘိုးဘေးကြီး၏ ဘေးတစ်ဖက်တွင်တော့ အမဲရောင် မီးများ ရစ်သိုင်းလျက်ရှိနေသော လူသည် ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ အသွင်အပြင်၊ အမူအရာသည် ခပ်ဝါးဝါး ဖြစ်နေသည်ဆိုလျှင်တောင်မှ ၎င်း၏မျက်လုံးများကတော့ နက်နဲသည့် စွမ်းအား၏ နိယာမများ ပါဝင်နေသလို တောက်ပလျက် ရှိနေ၏။
“ကျုပ်တို့ ကောင်းကင်မူလလောကကြီးထဲကို အလျင်စလို ဝင်သွားလို့မဖြစ်ဘူး။ “
ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးသည် သေသေချာချာ စဉ်းစားပြီးနောက် သက်ပြင်း ချလိုက်မိ၏။ ဟုတ်ပေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်လက်များကို ဝယ်ယူ ခြင်းမှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ထို့အတူ ရေရှည်မိတ်ဖက်အဖြစ် ဖန်တီး ထားနိုင်ဖို့ ဆိုသည်မှာလည်း စိန်ခေါ်စရာ ဖြစ်ပေလိမ့်မည်။
ရှုပ်ထွေးလှသည့် စွမ်းအင်၏နိယာမများသည် လောကကြီး သုံးခုကြားထဲတွင် ရစ်သိုင်းလျက် ရှိနေသောကြောင့် ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးသည် ခက်ခဲသည့်အခြေနေကို ကြုံရမှာ သေချာ၏။
ထိုကဲ့သို့သော အခြေနေမျိုးတွင် တခြားသော လောကရှိလူများအနေဖြင့် ကောင်းကင်မူလ လောကထဲသို့ ဝင်ရောက်ကာ ဖိနှိပ်တိုက်ခိုက်ခြင်း ဆိုသည်မှာ ကျိန်းသေပေါက် ပြုလုပ်သင့်သည့် အရာမျိုး မဟုတ်တော့ပေ။ ထိုသို့သာပြုလုပ်သည်ဆိုပါက ကောင်းကင်တာအိုဟု မိမိကိုယ်ကို သုံးနှုန်းသုံးစွဲခဲ့သော လူသည် ငြိမ်နေလိမ့်မည် မဟုတ်ချေ။ ထပ်မံထွက်ပေါ်လာပြီး အားလုံးကို တိုက်ခိုက်မှာ သေချာသည်။
ကျောက်စိမ်းလေဟာနယ် နန်းတော်၏ ဘိုးဘေးကြီးသည် တစ်စုံတစ်ခု ကို စဉ်းစားမိသွားပုံ ပေါ်၏။ ၎င်းသည် အကူအညီမဲ့သလို ခံစားနေမိ၏။
“ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့အောက်မှာ ဒီလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ လူတစ်ယောက် ရှိနေတယ် ။ ပြီးတော့ ကျုပ်တို့သိသလောက်ဆိုရင် တော်ဝင် အင်ပါယာကျန်းထျန် ဆိုတာ ရှိသေးတယ်မလား။ ပြီးတော့ ခရမ်းရောင်နတ်နန်းလောကကြီးရဲ့ တော်ဝင်အင်ပါယာ ပိုင်လီ ကလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဘက်ခြမ်းမှာ မားမားမတ်မတ် ရပ်တည်ဖို့ ရွေးချယ်မှာသေချာတယ်။”
ဤလူများသည် သာမန်အားအင်အဆင့်ကိုသာ ပိုင်ဆိုင်သောသူများဖြစ်သည် ဆိုသော်လည်း အားလုံး ပေါင်းစပ်လိုက်ချိန်တွင် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့်အရာမျိုး ဖြစ်ပေါ် လာပေလိမ့်မည်။
အထူးသဖြင့် တော်ဝင်အင်ပါယာ ကျန်းထျန် ဖြစ်၏။ တော်ဝင်အင်ပါယာ ကျန်းထျန်အကြောင်း ပြောသည့် အချိန်မှာတော့ ဘေးတစ်ဖက်ရှိ ခန္ဓာကိုယ်တစ်ခုလုံး အမဲရောင်မီးများ ရစ်သိုင်းလျက်ရှိသောလူသည် အဆင်မပြေသလ ိုခံစားလာမိကြ၏။ ကျန်းထျန်သည် မြေအင်မော်တယ်လောကကြီး၌ အင်မော်တယ်ဖြစ်လာစဉ်က သူနှင့် ကျောက်စိမ်းလေဟာနယ် ဘိုးဘေးကြီးသည် ရှေ့ဆီသို့တက်ပြီး ဆယ်ရက်တိတိတိုက်ခိုက်ခဲ့သည်။
မိုင်သန်းနှင့်ချီသည့် တည်နေရာ တစ်ခုလုံးသည် ပျက်စီးခဲ့လေ၏။ သို့ပေမဲ့ ရလဒ်အားဖြင့် တော်ဝင်အင်ပါယာကျန်းထျန်သည် ဘာတစ်ခုမှပင် ထူးထူးခြားခြား ထိခိုက်ဒဏ်ရာ မရရှိခဲ့ချေ။ တိုက်ပွဲ ကို ပြန်လည် စဉ်းစားရမည် ဆိုလျှင် သူတို့သည်သာ မျက်နှာပျက် သိက္ခာကျခဲ့ရ၏။
နှစ်ပေါင်းများစွာတည်းက အင်မော်တယ်ဖြစ်လာသည့်လူများ ဖြစ်သော်လည်း အင်ပါယာကျန်းထျန် နှင့်ယှဉ်ပြိုင် တိုက်ခိုက်သည့်နေရာတွင် ဘာတစ်ခုမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ချေ။
တစ်ဖက်လူကို တိုက်ခိုက်သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းသည် ကောင်းကင်ပေါ်သို့ လှမ်းတက်ရခြင်း ကဲ့သို့ပင် ခက်ခဲလှချေ၏။ ယခု အချိန်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက် တော်ဝင်အင်ပါယာ အဆင့် ကျန်းထျန်သည် ၎င်း၏ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ကျင့်ကြံပြီး ဖြစ်ပေလိမ့်မည်။
ထို့အပြင် အစစ်အမှန် အင်မော်တယ်အဆင့် လက်နက်တစ်ခုကို သန့်စင်ပြီးပြီ ဆိုလျှင်တောင်မှ အံ့အား သင့်စရာ မဟုတ်ပေ။ သေသေချာချာ ပြင်ဆင်သွားသည့်အချိန်တွင် ၎င်း၏ တိုက်ခိုက်ခြင်းစွမ်းအင်သည် အဆင့်တစ်ခုဆီသို့ တိုးတက်သွားမှာ သေချာ၏။ သူတို့သာ ထပ်မံ ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုပါက ကျိန်းသေပေါက် နှစ်ယောက်၊ တစ်ယောက်တိုက်ခိုက်ရမည် ဆိုလျှင်တောင်မှ အနိုင်ယူဖို့ ယုံကြည်ချက် မရှိချေ။
“တော်၀င်အင်ပါယာကျမ်းထန်က သာမန်ထက်ပိုတဲ့ စွမ်းအင်အဆင့်ကို ပိုင်ဆိုင် တယ်။ သူက အင်ပါယာစာရင်း မှာလည်း ထိပ်ဆုံးနေရာကို အပိုင်သိမ်းထားတာ မဟုတ်လား။ ပြိုင်ဘက်ကင်းပါတယ်ဆိုတဲ့ ကျုပ်တို့ရဲ့ နိရယ အင်ပါယာတောင်မှ သူ့ရဲ့ အောက်မှာပဲ ရှိခဲ့တာလေ။ “
အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူက အသာပြောလိုက်၏။ ကျန်းထျန်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် သနား ညှာတာမှုကိုရရှိခဲ့၏။
“ပြောရမယ်ဆိုရင် မြေအင်မော်တယ်လောကနဲ့ ကောင်းကင်မူလလောကကြီးရဲ့ တိုက်ပွဲမှာ အစစ်အမှန် အင်မော်တယ် ပေါ်ပေါက်လာမယ်လို့ ကျုပ်မထင်မိဘူး။” ကျောက်စိမ်းလေဟာနယ်နန်းတော်ရှိ ဘိုးဘေးကြီးသည် အဝေးတစ်နေရာရှိ လှပလွန်းလှသော တောင်များ၊ ချောင်းများကိုလှမ်းကာ ကြည့်ရှုလိုက်မိ၏။ ၎င်း၏ မျက်လုံးထဲတွင် မနာလိုမှုများနှင့် ပြည့်နှက်လျက် ရှိ၏။ မြေအင်မော်တယ်လောကကြီးနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ကြည့်ရသည့် မြင်ကွင်းသည် ကွာခြားလွန်းလှသည်။ သို့ပေမဲ့ ဤလောကကြီးသည် သူတို့ထက် ပိုမိုအားကောင်းသောသူများ တည်ရှိနေသည်မဟုတ်ပါလား။
“ချင်ဟောင်က တံခါးပိတ်ကျင့်ကြံနေတာ ကြာခဲ့ပြီလေ။ အပြင်ဘက်မှာရှိနေတဲ့ အခြေနေတစ်ခုလုံး ပြောင်းလဲ သွားခဲ့ပြီ ဆိုတာ သတိမပြုမိတာပဲ။”
အမဲရောင်မြူများဖြင့်ရစ်သိုင်းနေသော သူသည် အကူညီမဲ့စွာဖြင့်ပြောလိုက်၏။
“တကယ်လို့ ချင်ဟောင်သာ ဝင်မရှုပ်ရင် ကောင်းကင်တာအို လို့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းတဲ့သူက ပေါ်လာမှာ မဟုတ်ဘူး။ “
ချီလင်း သာ မပေါ်လာပါက ကောင်းကင်မူလလောကကြီး၏ တော်၀င်အင်ပါယာများသည် မြေအင်မော်တယ် လောကကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ပြိုလဲလုမတတ် အခြေအနေသို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ချင်ကလန်၏ ဘိုးဘေးသည် ရှေ့ဆီသို့တက်လာခဲ့ပြီးသည့် နောက် ကောင်းကင်မူလလောကကြီး ထဲတွင်ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို စိန်ခေါ်ခဲ့၏။ ထို့ကြောင့် ဆိုးဝါးသည့် အခြေနေမျိုးသို့ ရောက်ရှိသွားခဲ့ခြင်းပင်။
“ကောင်းကင်မူလလောက ကြီးထဲကို ဝင်သွားနိုင်ဖို့ဆိုရင် ရေရှည် အစီအစဉ်တွေ ချမှတ်ထားမှ ဖြစ်လိမ့်မယ်”
ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးသည် သက်ပြင်း ချလိုက်၏။
“အခု ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က တခြားလောကတွေနဲ့ ပေါင်းစပ်ဖို့ မစဉ်းစားလောက်သေးဘူး။ ဒီတော့ ကျုပ်တို့ အချိန်ရနိုင်သေးတယ်။”
အမဲရောင်အငွေ့များရစ်သိုင်းလျက် ရှိနေသည့်လူက ပြောလိုက်သည်။
“ကောင်းကင်လျှိူ့ဝှက်နန်းဆောင်သခင်ဆီမှာ ဒီလိုရည်ရွယ်ချက်မျိုး မရှိသေးဘူးလို့ ခင်ဗျားက ဘယ်လိုလုပ် သေချာ သိနေတာလဲ။” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဘိုးဘေးကြီးက မေးမြန်းလိုက်၏။