အခန်း (၅၀၂)
Vol. 34 Ch. 502
"မဟုတ်ဘူး ကျုပ်ကို ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီ မပို့ပါနဲ့ "
ပဌ္စမအကြီးအကဲသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အားအင်အဆင့်ကို သူ သိရှိခဲ့ပြီ ဖြစ်သည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက သူ၏ ကံကြမ္မာ မည်သို့ အဆုံးသတ်သွားမည်မှန်း ခန့်မှန်းမရနိုင်ချေ။ ယခင်က သူလုပ်ခဲ့သည့် အရာအားလုံးသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အပေါ် သက်ရောက်ခြင်း မရှိခဲ့သော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကျိန်းသေပေါက် ဒေါသ မထွက်ဟု မပြောဆို နိုင်ချေ။ သူ့အပေါ်တွင် အငြိုးထားသည် ဆိုပါက ကျိန်းသေပေါက် နည်းလမ်းတစ်သောင်းလောက်ကို သုံးကာ သတ်ဖြတ်ပေလိမ့်မည်။
"ဒီလိုမှန်းသိရင် ဘာလို့ အစောကြီးကတည်းက ဒီလိုကိစ္စမျိုးတွေ လုပ်ရတာလဲ"
ချင်ကလန်၏ ခေါင်းဆောင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ ပြီးနောက် သူသည် အခြားသောသူများကို လှမ်းကာ ကြည့်ရှုလိုက်၏။ "ဒီကိစ္စက ကျုပ်တို့ ချင်ကလန်ရဲ့ အပြစ်ပဲ။ ကျုပ်ကိုယ်တိုင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီ သွားပြီးတော့ တောင်းပန်မယ်"
လူကိုယ်တိုင် သွားရောက် တောင်းပန်ခြင်း ဆိုသည်မှာ လုံလောက်သည့် အရာများကို ယူဆောင်သွားရန် လိုအပ်နေ၏။ သူတို့၏ ဘိုးဘေးကြီးသည် ကြီးမားသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ခဲ့၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် တစ်ဖက်လူ၏ လက်ထဲတွင် ဖမ်းချုပ်ခြင်း ခံခဲ့ရသည်။
ရွေးချယ်ခွင့် မရှိတော့ချေ။ ကလန်ခေါင်းဆောင် အနေဖြင့် ထိုကိစ္စများကို ကိုယ်တိုင် တာဝန်ယူရပေတော့မည်။ ချင်ကလန်ခေါင်းဆောင်ဆိုသည့် ရာထူးသည် တကယ်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာခဲ့၏။ သူသည် ကြီးကျယ်မြင့်မြတ်လှသည့် ချင်ကလန်၏ ခေါင်းဆောင်ရာထူးကို ရယူထားသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ရှေ့တွင် ဘာမှပြောပလောက်သည့် အရာမျိုး မဟုတ်ချေ။ သူသည် လုံလောက်သည့် လူတစ်ယောက်မဟုတ်မှန်း သိရှိသည်ဆိုသော်လည်း ကျိန်းသေပေါက် သွားကို သွားရပေလိမ့်မည်။
ထို့ပြင် ဘိုးဘေးကြီးသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် တည်ရှိနေ၏။ သူသာ မသွားပါက ဘိုးဘေးကြီးကို ဆုံးရှုံးမှာ သေချာ၏။ သိသာထင်ရှားစွာပင် သွားရောက် တောင်းပန်သည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ စိတ်ကို ပြောင်းလဲစေရန်အတွက် အခွင့်အရေး နည်းနည်းလေးသာ ရှိမည်ဖြစ်ကြောင်းကို သူကသိရှိပြီးဖြစ်၏။
သူ သွားရသည့် အစစ်အမှန်ရည်ရွယ်ချက်သည် ချင်ကလန် အသက်ရှင်ကျန်ရစ်စေချင်သည့် ရည်ရွယ်ချက်ကြောင့်ပင် ဖြစ်၏။ ချင်ကလန်သာ တည်ရှိနေပါက အရာအားလုံးကို စတေးရမည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် စတေးမှာဖြစ်သည်။ ဥပမာအားဖြင့် သူတို့၏ ဘိုးဘေးကြီးပင်။
ထို့ပြင် သူတို့၏ အနာဂတ်အောင်မြင်မှုများသည် ဘိုးဘေးကြီးထက် မနိမ့်ကျနိုင်ဟုလည်း သူကထင်မြင်မိ၏။ ချင်ဟောင်သည် ချင်ကလန်အတွင်း၌ ဒုက္ခပေးတတ်သည့် လူတစ်ယောက်လည်း ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို အချိန်ကိုက် သွားရောက်ကာ ရန်ပြုခဲ့သည် ဆိုမှတော့ မည်ကဲ့သို့ ကောင်းမွန်လှသည့် အနာဂတ်ကို ပိုင်ဆိုင်တော့မည်နည်း။
ထို့ပြင် သူတို့၏ ဘိုးဘေးကြီးသည် တခြားသောသူများကို နေရာမရွေး စိန်ခေါ်တိုက်ခိုက်တတ်သည့် အကျင့်လည်း ပိုင်ဆိုင်ခဲ့၏။ အကျိုးဆက်အားဖြင့် ၎င်း၏ လုပ်ရပ်အားလုံးသည် ချင်ကလန်၏ ခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။ အဆိုးဆုံးအနေဖြင့် လက်ရှိတွင် ချင်ကလန်သည် လောကကြီးထဲမှ ပျောက်ကွယ်ကောင်း ပျောက်ကွယ် သွားနိုင်သည်။
"ကျုပ် မရှိတဲ့ အချိန်အတွင်းမှာ ချင်ကလန်ရဲ့ ကိစ္စဝိစ္စတွေ အကုန်လုံးကို တော်ဝင်အကြီးအကဲက ခနလောက် ကိုင်တွယ် ပေးထားပါအုံး" ချင်ကလန်ခေါင်းဆောင်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။
"ကျုပ် အကောင်းဆုံး ကြိုးစားပေးထားပါ့မယ်။ " မနီးမဝေးတွင် ရှိနေသည့် နဂါးဦးခေါင်းပါသည့် ကျိုင်းတုတ်ကြီးကို ကိုင်ဆောင်ထားသော အဖြူရောင်ဆံပင်နှင့် ဘိုးဘေးအိုကြီးသည် ဦးညွှတ်ကာ ပြန်လည်ကာ ပြောဆိုလိုက်သည်။
"အင်း … ကောင်းပြီ"
ချင်ကလန်ခေါင်းဆောင်သည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူသည် တစ်စုံတစ်ခုကို သတိရသွားသလို အဝေးတစ်နေရာကို လှမ်းကကြည့်ရှုလိုက်၏။
"ကျုပ်သွားပြီးရင် တောင်ရဲ့ အကာအကွယ် အစီအရင်ကို ပထမဆုံး အသက်သွင်းထားလိုက်ကြ"
လက်ရှိအချိန်မှာတော့ သူသည် အမှန်ပင် စိတ်ပူလျက် ရှိနေ၏။ ချင်ကလန်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ရန်ပြုခဲ့သည် ဖြစ်သောကြောင့် များပြားလှသော ဂိုဏ်းတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်နှာပေးမှုကို ရရှိရန်အတွက် လာရောက်ကာ ဖျက်ဆီးပေတော့မည်။ ကောင်းကင်မူလလောကကြီး မဆိုနှင့် မြေအင်မော်တယ် လောကတွင် ရှိနေသည့် ဂိုဏ်းများပင်လျှင် သူတို့ကို ညှာတာစိတ် ထားလိမ့်မည် မဟုတ်ချေ။
ချင်ကလန်ကိုသာ သုတ်သင်နိုင်ပါက ချင်ကလန်၏ များပြားလှသော အမွေအနှစ်များကို ရရှိမည်ဖြစ်ကြောင်း အားလုံးက သိရှိပြီးဖြစ်လေ၏။ ထိူ့ပြင် ချင်ကလန်၏ အမွေအနှစ်များကို ရရှိခဲ့ရုံသာမက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ကောင်းမွန်လှသည့် ဆက်ဆံရေးကိုလည်း ထူထောင်နိုင်မည် ဖြစ်၏။ ထိုအရာသည် အရာအားလုံး အနိုင်ရနိုင်သည့် အခြေအနေမျိုးပင် ဖြစ်၏။
"ကျုပ်နားလည်ပါတယ် ကလန်ခေါင်းဆောင် …. စိတ်မပူဖို့ မလိုပါဘူး"
တော်ဝင်အကြီးအကဲသည် လေးလေးနက်နက်ဖြင့် လှမ်းကာပြောဆိုလိုက်၏။ "ဒါပေမဲ့ ကလန်ခေါင်းဆောင် ကောင်းကင်မူလလောကကြီးထဲကို သွားတဲ့ ခရီးစဉ်က အရမ်းဝေးတယ်။ လောကအသီးသီးမှာ ရှိနေတဲ့ ကျင့်ကြံသူတွေက ခင်ဗျားကို မကောင်းတဲ့ စိတ်ဆန္ဒတွေနဲ့ လုပ်ကြံတာမျိုး ကြုံနိုင်တယ်။ ပိုပြီး အရေးကြီးတာက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကျုပ်တို့ ချင်ကလန်အပေါ် ဘယ်လိုအမြင်ရှိလည်းဆိုတာ မသေချာဘူး။ စိုးရိမ်မိတာက ….."
တော်ဝင်အကြီးအကဲသည် ပြောပြီးသည့်နောက် ဆက်လက်ကာ မပြောဆိုတော့ချေ။ သို့ပေမဲ့ လက်ရှိရှိနေသည့် လူအားလုံးသည် အကြောင်းအရာကို ခန့်မှန်းပြီးသား ဖြစ်၏။ ချင်ကလန်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ရန်ပြုခဲ့မိ၏။ ထို့ကြောင့် ၎င်းတို့၏ ကလန်ခေါင်းဆောင် ကိုယ်တိုင်ပင်လျှင် ပြဿနာ အတွင်းသို့ သက်ဆင်းသွားနိုင်၏။ ထိုသို့ဆိုလျှင် အားလုံး အဆုံးသတ်သွားမှာ သေချာသည်။
"အကြီးအကဲရဲ့ စကားကို ကျုပ် နားလည်ပါတယ်"
ချင်ကလန်၏ ခေါင်းဆောင်သည် သက်ပြင်းချပြီးသည့်နောက် နာနာကျင်ကျင် ပြုံးလိုက်၏။ "ဒါပေမဲ့ ဒီအချိန်မှာ ကျုပ်တို့အနေနဲ့ တခြားရွေးချယ်ခွင့်ရော ရှိသေးလို့လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကို သွားခြင်းကသာ ကျုပ်တို့အတွက် မျှော်လင့်ချက် တစ်ခုပဲ။ ကျုပ်သာ မသွားဘူးဆိုရင် ရက်အနည်းငယ်အတွင်း မြေအင်မော်တယ်လောကမှာ ရှိနေတဲ့ တခြားအဖွဲ့အစည်းတွေက ကျုပ်တို့ကို ကျူးကျော်တိုက်ခိုက်လာလိမ့်မယ်။ အဲအချိန်ကျရင် ချင်ကလန်က အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ကလန်တစ်ခုလုံးက ပျက်စီးခြင်း အဖြစ်ကို ရောက်ရှိသွားနိုင်တယ်"
"ဒါက ….."
တော်ဝင်အကြီးအကဲသည် အချိန်အတော်အကြာ စဉ်းစားပြီးနောက် သက်ပြင်းကိုသာ ချလိုက်၏။ သူက ဆက်ပြောလိုက်သည်။ "ကျေးဇူးပြုပြီး လမ်းခရီးမှာ ဂရုစိုက်ပါ ကလန်ခေါင်းဆောင်"
"ကျေးဇူးပြုပြီး ဂရုစိုက်ပါ"
တခြားသော အကြီးအကဲများသည်လည်း လှမ်းကာ ပြောဆိုလိုက်ကြ၏။ ဤတစ်ကြိမ်တွင် ချင်ကလန်၏ ခေါင်းဆောင်သည် အသေခံမည်ဟူသော စိတ်ဆန္ဒကို ကိုင်ဆွဲ၍ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီသို့ သွားခဲ့ခြင်းသာ ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ ခွင့်လွှတ်မပေးခဲ့ပါက သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် သေဆုံးခဲ့ခြင်း၊ ချင်ကလန်၏ ဘိုးဘေး သေဆုံးခဲ့ခြင်း ဘာမှသည် ခြားနားလိမ့်မည် မဟုတ်ချေ။ အရာအားလုံး ပျောက်ကွယ်သွားရမည့် အခြေအနေမျိုးတွင် အသက်တည်ရှိနေတော့ရော ဘာထူးမည်နည်း။
ထွက်ပြေးရန် အကြောင်းအရာကိုတော့ သူဘယ်တော့မှ တွေးတောလိမ့်မည် မဟုတ်ချေ။ ကျယ်ပြောလှသော လောကကြီးထဲတွင် သူတို့မည်သည့်နေရာကို သွားရမည်နည်း။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်စိအောက်မှ လွတ်မြောက်သွားရန် ဆိုသည်မှာ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
"ကောင်းပြီ"
ချင်ကလန်၏ ခေါင်းဆောင်သည် ခေါင်းကိုညိတ်လိုက်၏။ ပြီးနောက် ပဌ္စမအကြီးအကဲကို ဖမ်းဆီးကာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်တည်ရှိရာဆီသို့ ဦးတည်လိုက်၏။
တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဖက်တွင်တော့ ……
ချီလင်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲသို့ လှမ်းဝင်လိုက်လေ၏။ ဝင်ရောက်ပြီးသည့်နောက် သူသည် မြေပေါ်သို့ လူတစ်ယောက်ကို ပစ်ချကာဖြင့် ပြောလိုက်သည်။ "ဂျူနီယာက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ဂါဝရပြုပါတယ်"
"အရာအားလုံး ဖြေရှင်းပြီးသွားပြီလား"
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီယွင်သည် ရေနွေးခွက်ကို ကိုင်ဆောင်ထား၏။ သူသည် ချင်ဟောင်ကို ခဏလှမ်းကြည့်ပြီးသည်နောက် ချီလင်းဆီသို့ အကြည့်ရွေ့လိုက်၏။ ကောင်းကင်တာအိုနှင့် ပေါင်းစပ်ပြီးသည့်နောက် ၎င်း၏ အလိုဆန္ဒများနှင့် အသက်ဓာတ်များသည် ဖိနှိပ်ခြင်း ခံထားရပြီး ခံစားချက်ကင်းမဲ့သော စက်တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့၏။
ကောင်းကင်လျှိူ့ဝှက် နန်းဆောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ ၎င်း၏ အသက်ဓာတ်များသည် အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့၏။ ထိုအရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ပြိုင်စံရှား လောက်သည့် အကျိုးကျေးဇူးကြောင့်ပင်။ ကောင်းကင်တာအို၏ သီးခြားဆန်လွန်းလှသည့် နိယာမများကိုပင် ဖယ်ရှားနိုင်စွမ်း ရှိနေသည်။
"ကံကောင်းစွာနဲ့ ကျုပ်က နန်းဆောင်သခင်ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေခဲ့ပါဘူး။ " ချီလင်းက အသာပြောဆိုလိုက်၏။
"လက်ရှိ ခင်ဗျားရဲ့အားအင်အဆင့်အရဆိုရင် အန္တိမလမ်းစဉ်ကို မရောက်သေးတဲ့လူဆိုရင် အားစိုက်ဖို့တောင် မလိုပါဘူး" လီယွင်က အမှတ်မထင် မှတ်ချက်ပြုလိုက်၏။
ကောင်းကင်မူလလောကကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက် တစ်ဖက်လူသည် ကောင်းကင်မူလလောကကြီး၏ အကန့်အသတ်ထက် သာလွန်နေသည် မဟုတ်ပါက ချီလင်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ချင်ကလန်၏ ဘိုးဘေးကြီးကို လွယ်လွယ်ကူကူနှင့် ဖိနှိပ်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
လီယွင်သည် ချင်ဟောင်ဆီသို့ အကြည့်ရွေ့လိုက်၏။ ၎င်း၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့၏။ ထိုအစား လှောင်ပြောင်သည့် အမူအရာမျိုးက ဖြစ်တည်လာ၏။ " ကျုပ်ကို စိန်ခေါ်ချင်တာ ခင်ဗျားလား။”
“ဟမ်"
ဘိုးဘေးကြီးချင်သည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ တွန့်ဆုတ်သွားခဲ့၏။ သူ၏ အမူအရာတစ်ခုလုံးသည် ကြောင်အအ ခံစားနေမိ၏။ လက်ရှိအခြေအနေကို နားလည်ရုံသာမက ချီလင်း၏ အခြေအနေကိုလည်း မြင်ခဲ့ရပြီး ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် ရှိနေသည့် မျှော်လင့်ချက် တစ်ခုတလေသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို စိန်ခေါ်ခြင်း ဆိုသည်မှာ သေလမ်းရှာခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။ ကံဆိုးစွာဖြင့် သူသည် နောင်တရရန်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
"ယခင်တုန်းက ကျုပ်က မောက်မာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ကျုပ်က စီနီယာနန်းဆောင်သခင်ဆီကနေ ခွင့်လွှတ်မှုကို တောင်းခံပါရစေ။” ချင်ဟောင်က တီးတိုးပြောဆိုလိုက်၏။ သူ့အနေဖြင့် ဘဝတစ်သက်သာလုံးတွင် ဤကဲ့သို့တောင်းပန်ခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
"ဒီတစ်ကြိမ်မှာ ခင်ဗျားကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား။ "
လီယွင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ချင်ဟောင် ဆီသို့ လျှောက်သွားလိုက်၏။ ပြီးနောက် ငုံ့မိုးကာ ကြည့်ရှုလိုက်၏။ "ကျုပ် ခင်ဗျားကို ခွင့်လွှတ်ပေးလိုက်ရင် အနာဂတ်မှာ လူပေါင်းများစွာက ကျုပ်ကို လာပြီးတော့ စိန်ခေါ်တော့မှာ မဟုတ်လား"