အခန်း (၅၀၄)
Vol. 34 Ch. 504
“ဂျူနီယာက စီနီယာ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပါ့မယ်” ချီလင်းက လေးလေးစားစားဖြင့် ပြောလိုက်သည်။
လီယွင်သည် ခေါင်းကိုညိတ်ကာဖြင့် ဆက်ပြောလိုက်၏။ “ခင်ဗျားက ထာဝရမြို့နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု လွှဲပြောင်းသင့်တာတွေ လွှဲပြောင်းလိုက်တော့။ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်နေတဲ့ အချိန်အတွင်းမှာ နောက်ဆံတင်းနေလို့ မဖြစ်ဘူး”
ချီလင်းသည် ကောင်းကင်တာအိုတစ်ပိုင်း ဖြစ်လို့နေခဲ့၏။ ၎င်း၏ စကားစုများသည် လက်ရှိအခြေအနေတွင် နိယာမ များ၊ စည်းမျဉ်းစည်းကမ်းများကဲ့သို့ပင် ခိုင်မာလွန်းလှ၏။ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ဂိုဏ်းတစ်ခုကို ကာကွယ်နိုင်စွမ်း ရှိလို့နေသည်။ တောင်၏ ဂိတ်တံခါးရှေ့တွင် များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာအောင် စွမ်းဆောင်နိုင်စွမ်းပါ ရှိနေသေးသည်။
ကောင်ကင်တာအို၏ နိယာမများသည် တကယ့်ကို ရှင်းလင်းလွန်းလှ၏။ ထိုနည်းလမ်းနှင့် တောင်၏ ဂိတ်တံခါး တည်နေရာ တစ်ခုလုံးကို ရွေ့လျားနိုင်စွမ်း ရှိ၏။ ယခု ချီလင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည် ဖြစ်သောကြောင့် ထာဝရမြို့သည်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပိုင်ဆိုင်သည့်အရာ ဖြစ်လာခဲ့၏။ ထို့ကြောင့် သူ့အနေနှင့် သူ၏ နောက်ဖေးတံခါးကို ဖွင့်ရန် ကြိုးစားခဲ့ခြင်းပင်။
“ကောင်းပါပြီ”
ချီလင်းသည် လေးလေးစားစားဖြင့် ပြောလိုက်၏။ ပြောပြီးသည့်နောက် သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံပေါ်၏။ ဆက်လက်ကာ မေးမြန်းလိုက်၏။ “စီနီယာ... မြေအင်မော်တယ်လောကမှာ ရှိတဲ့ သက်ရှိသတ္တဝါတွေက အနာဂတ်မှာ ထပ်ပြီးတော့ တည်နေရာကျော်ဖြတ်ပြီး ရောက်ရှိလာမယ်ဆိုရင် ကျုပ် ဝင်ပါသင့်လား”
ဤတစ်ကြိမ်မှာတော့ သူသည် ချင်ဟောင်အတွက် ဝင်ရောက်ကာ ပါဝင်ခဲ့ခြင်းပင်ဖြစ်၏။ ထို့အပြင် ချင်ဟောင်၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလွန်းလှ၏။ သူသည်သာ လှမ်းမဝင်ခဲ့သည် ဆိုပါက ချင်ဟောင်၏ တိုက်ခိုက်ချက်ကြောင့် ကောင်းကင်မူလလောကကြီး၏ တစ်ဝက်လောက်သည် ပျက်စီးသွားမှာ သေချာ၏။ နောက်ထပ် တိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်မည်ဆိုလျှင် ကောင်းကင်မူလလောကကြီး တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် ကောင်းကင်တာအို၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်နှင့်အညီ ကောင်းကင်မူလ လောကကြီး ဖျက်ဆီးခံရမှုကို အတိုင်းသား ထိုင်ကာ ကြည့်မနေနိုင်တော့ချေ။ ထို့ကြောင့်ပင်လျှင် ဝင်ရောက် လှုပ်ရှား တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ သူသည် ချင်ဟောင်ကို တားဆီးခဲ့သည် ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောက၏ ကျောက်စိမ်းလေဟာနယ်နန်းတော် ဘိုးဘေး ကဲ့သို့သော တခြားသောသူများ တည်ရှိနေသည်ကို သတိပြုမိပြီးဖြစ်၏။ ၎င်းတို့၏ ကောင်းကင်မူလလောကထဲသို့ ဝင်ချင်စိတ်သည် နှေးကွေးလိမ့်မည် မဟုတ်ချေ။ ထိုလူများသာ ဝင်ရောက်လာသည်ဆိုပါက ကျိန်းသေပေါက် ကြီးမားလှသည့် စစ်ပွဲကြီးကို ဆင်နွှဲနိုင်၏။
“ကောင်းကင်တာအို တစ်ယောက်အနေနဲ့ ခင်ဗျားက ကောင်းကင်မူလလောကကြီး အန္တရာယ်မရှိသရွေ့ ဝင်ပြီး လှုပ်ရှားဖို့ မလိုပါဘူး”
လီယွင်က ပြောလိုက်သည်။ “ခင်ဗျားသာ အကုန်လုံးကို ကာကွယ်ပေးနေမယ်ဆိုရင် ကောင်းကင်မူလ လောကကြီးရဲ့ အသင်္ချေများပြားတဲ့ မျိုးနွယ်စုတွေက အန္တရာယ်ကို ကြုံရတော့မှာ မဟုတ်ဘူး။ ဒါဆိုရင် သူတို့ အနာဂတ်မှာ ဘယ်လို ကြီးထွား ရင့်ကျက်လာတော့မှာလဲ။ ပြီးတော့ ခင်ဗျားက အခု ကောင်းကင်မူလ လောကကြီးရဲ့ ကောင်းကင်တာအို ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ လောကကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်မူလ လောကကြီးရဲ့ ကောင်းကင်တာအိုတစ်ယောက် သက်သက်ပဲလေ။
ခင်ဗျားရဲ့ အားအင်အဆင့်က အကန့်အသတ် အဖြစ် တည်ရှိနေသေးတယ်။ ဒီတော့ တခြားလောကတွေဖြစ်တဲ့ ခရမ်းရောင်နက်နဲလောကကြီးနဲ့ မြေအင်မော်တယ်လောကတွေကို အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်။ ခင်ဗျားသာ လုံလောက်တဲ့ ကံကောင်းခြင်းကို ပိုင်ဆိုင်မယ်ဆိုရင် အနာဂတ်မှာ မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိ သတ္တဝါတွေတောင်မှ ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်လာနိုင်တယ်”
ထိုစကားကို သူပြောဆိုလိုက်ခြင်းသည် ချီလင်းကို နှစ်သိမ့်လိုက်ခြင်းဖြစ်၏။ ချင်လင်းသည်သာ ဝင်ရောက် လှုပ်ရှားသည်ဆိုပါက မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ကောင်းကင်မူလလောကထဲ သို့ ထပ်မံ လာရဲလိမ့်မည် မဟုတ်ချေ။ လောကကြီးနှစ်ခုကြားတွင် ငြိမ်းချမ်းသည့် တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး မည်သည့်ဖိအားမှမရှိဘူး ဆိုပါက အားလုံးသော သူတို့၏ ကြိုးစားချင်စိတ်များသည် ဘယ်ရောက်သွားမည်နည်း။ ထိုသို့ဆိုလျှင် သူ၏ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်မှာ အလှပြထားသည့် အရာသာ ဖြစ်ပေလိမ့်မည်။
သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ချီလင်းမှာတော့ မျက်လုံးများ လင်းလက်သွားခဲ့၏။ စီနီယာ၏ စကားစုသည် တကယ်ပင် အဓိပ္ပာယ် ရှိလှ၏။ သူသည်သာ ကောင်းကင်မူလလောကကြီး၏ ကောင်းကင်တာအိုတစ်ခု အဖြစ်သာ ပြုမူဆောင်ရွက်နေသည်ဆိုပါက လောကကြီးများ ပေါင်းစပ်သည့်အချိန်တွင် ထိန်းချုပ်ရန်အတွက် ခက်ခဲမှုများ ဖြစ်လာပေလိမ့်မည်။ သူ၏ ကောင်းကင်တာအိုသည်လည်း အခွင့်အာဏာ အကန့်အသတ်ဖြင့် တည်ရှိနေမှာ သေချာ၏။
သို့ပေမဲ့ မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိမည်ဆိုလျှင် မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်သွားပေမည်။ ထို့အပြင် သူ၏ အားအင်အဆင့်သည် အဆပေါင်းများစွာ လွယ်လွယ်ကူကူ တိုးတက်လာမှာ သေချာ၏။ လောကကြီးတစ်ခုအတွင်း ပြိုင်ဘက်ကင်းသည့် လူတစ်ယောက် ဖြစ်တည်လာခဲ့ပြီး လောကကြီး၏ အပြင်ဘက်ကို လွှမ်းမိုးနိုင်စွမ်းရှိသည့် လူတစ်ယောက်ပါ ဖြစ်လာပေလိမ့်မည်။ ထိုအတွေးကို တွေးမိပြီးသည့်နောက် သူသည် ကြိတ်ကာ ပျော်ရွှင်သွားမိသည်။
“ဂျူနီယာ နားလည်ပါပြီ” ချီလင်းက အသာပြောလိုက်၏။
“အင်း”
လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “တခြားကိစ္စ မရှိဘူးဆိုရင် ခင်ဗျား သွားတော့”
“ကောင်းပါပြီ”
ချီလင်းသည် ဦးညွတ်ကာ ပြောလိုက်၏။ “ဒီဂျူနီယာ သွားပါတော့မယ်”
ပြောပြောပြီးချင်းမှာပဲ ချီလင်းသည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက် ကောင်းကင်မူလ လောကကြီး အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
ကောင်းကင်မူလလောကကြီး၊ ထာဝရမြို့အတွင်းမှာတော့ ချီလင်းသည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဖိနှိပ်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့် သူ၏ တစ်ကိုယ်ရေ၊ တစ်ကာယ ခံစားချက်များသည် အေးခဲသွားခဲ့၏။ သူသည် အရာအားလုံးကို ထူးမခြားနားသလို ကြည့်ရှုနေ၏။ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အမိန့်ကို လိုက်နာရန်သာလျှင် ဖြစ်လေ၏။
“မြို့တော်ဝန်”
ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သော ဟုန်ရွှမ်သည် မျက်လုံးများကို ပွတ်သပ်ကာဖြင့် အရှေ့တွင် ရှိနေသည့်လူကို ကြည့်လိုက်၏။ ပြီးနောက် မသေချာ၊ မရေရာသလို လှမ်းကာ အော်ဟစ်လိုက်၏။ ဤအခြေအနေသည် ထာဝရမြို့ထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးကို အလန့်တကြား ဖြစ်စေခဲ့သည်။
“တကယ်ပဲ မြို့တော်ဝန်လား။ ကြည့်ရတာ ဖြတ်လမ်းကို လိုက်တာ မဟုတ်ဘဲနဲ့ သူ့ရဲ့ သက်တမ်းကို တိုးမြှင့်နိုင်ခဲ့ပြီပဲ”
“သူက ကောင်းကင်တာအို ဖြစ်သွားပြီဆို”
“ဒါတင် မကသေးဘူး။ မြို့တော်ဝန်က တိုက်ခိုက်ချက် သုံးချက်တည်းနဲ့ အစစ်အမှန် အင်မော်တယ်ကို တိုက်ခိုက် အနိုင်ယူနိုင်ခဲ့တယ်လေ။ မြို့တော်ဝန်ရဲ့ အားအင်အဆင့်က အရင်ကနဲ့ တူညီတဲ့ အရာမျိုး မဟုတ်တော့ဘူး”
“ဟူး.... မြို့တော်ဝန်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားလည်ပြီးတဲ့နောက်မှာ ဒီလောက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်လို့ ကျုပ်မထင်မိခဲ့ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို အားကောင်းလွန်းတာပဲ”
“ပြောရမယ်ဆိုရင် မြို့တော်ဝန်က ဒီလို အကျိုးကျေးဇူးတွေ ရဖို့အတွက် သက်ဆိုင်တဲ့ ပမာဏကို ပေးအပ်ခဲ့ရမယ် နဲ့ တူတယ်”
ထာဝရမြို့ထဲတွင် ရေတွက်၍မရအောင် များပြားသည့်လူများက ဆွေးနွေးလျက် ရှိနေ၏။ လူတစ်ယောက်ချင်းစီတိုင်းသည် ချီလင်းကို အံ့ချီးနပမ်းဖြင့် လှမ်းကာ ကြည့်ရှုနေ၏။
သူတို့၏ မြို့တော်ဝန်သည် ခန့်မှန်း၍ မရအောင် အားကောင်းလွန်းလှ၏။ ပေါ်လာသည်နှင့် တပြိုင်နက် မြေအင်မော်တယ်လောက၏ စွမ်းအားမြင့် ကျင့်ကြံသူကို တိုက်ခိုက်ချက် သုံးချက်တည်းနှင့် အနိုင်ယူ တိုက်ခိုက်ခဲ့၏။ ဂုဏ်သိက္ခာအရ ကြည့်ရှုရမည်ဆိုလျှင် ထာဝရမြို့တော်ဝန်သည် ကြီးမားလှသည့် ဂုဏ်သိက္ခာကို ရရှိတော့မှာ သေချာ၏။ လောကသုံးခုထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထာဝရမြို့တော်ဝန်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူဖြစ်ကြောင်း အသိအမှတ် ပြုရပေလိမ့်မည်။
“နောက်ဆုံးတော့ ပြန်လာပြီပေါ့” ဟုန်ရွှမ်သည် တကယ်ပဲ စိတ်လှုပ်ရှားလျက် ရှိ၏။ သူသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။
သို့ပေမဲ့ သူ၏ခြေထောက် မြေပြင်ပေါ်သို့ မချရသေးခင်မှာပဲ သူသည် ထူးမခြားကဲ့သို့သော မျက်လုံးပိုင်ရှင်နှင့် ရင်ဆိုင်တွေ့လိုက်ရ၏။ အရာအားလုံးသည် သူနှင့် မသက်ဆိုင်သကဲ့သို့သော မျက်လုံးမျိုးပင်။ ဤအရာသည် ဟုန်ရွှမ်၏ ခြေလှမ်းများ အားလုံးကို တွန့်ဆုတ်သွားစေခဲ့သည်။
မြို့တော်ဝန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သူ၏ အလိုလို သိစိတ်က ပြောဆိုခဲ့၏။ မြို့တော်ဝန်သည် သူသိသည့် မြို့တော်ဝန် မဟုတ်တော့ချေ။ သို့ပေမဲ့ သူသည် ထိုအရာကို လက်သင့် မခံနိုင်သေးချေ။ ရက်ပေါင်းများစွာ အတူနေထိုင်ခဲ့ဖူးသည့် လူတစ်ယောက်သည် သူ့အား မသိသလို ဆက်ဆံနေခြင်းမှာ ခံရခက်ခဲစေ၏။
“ကျုပ်ပြောခဲ့သလို”
ချီလင်းက ပြောဆိုလိုက်၏။ သူ၏ အကြည့်များသည် ဟုန်ရွှမ်၏ မျက်နှာပေါ်သို့ ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက် တခြားသောသူများကို တစ်ယောက်ချင်းစီ လိုက်လံကာ ကြည့်ရှုနေ၏။ ပြီးနောက် သူသည် ထိုင်ခဲ့ဖူးသော နန်းတော်ကြီးကိုလည်း လှမ်းကာ ကြည့်ရှုလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ခဏလေးသာလျှင်။ ထိုအရာသည် ချက်ချင်းပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ ၎င်းသည် တည်ငြိမ်အေးစက်လျက် ရှိနေသည့် ဟန်ပန် အမူအရာမျိုးဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကျုပ်က ထာဝရမြို့တော်ဝန် မဟုတ်တော့ဘူး။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က မြို့တော်ဝန် အသစ်ပဲ”
“ဘာ”
ဤစကားစုသည် အားလုံးသော သူတို့ကို တုန်လှုပ်သွားစေခဲ့၏။ မြို့တော်ဝန် အသစ်သည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်လား။ ထိုအချိန်မှာတော့ လူပေါင်းများစွာတို့သည် နားလည်လိုက်၏။ မြို့တော်ဝန်၏ အားအင်အဆင့်သည် တိုးတက်သွားရုံသာမက မည်သည့် အန္တရာယ်မှလည်း မရှိတော့ချေ။
ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပေးဆပ်ခဲ့ရသည့် တန်ကြေးသည် ထာဝရမြို့ကြီးပင် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ ချီလင်း၏ အသွင်သဏ္ဍာန်ကို ကြည့်ရှုရမည်ဆိုလျှင် လူပေါင်းများစွာတို့သည် မသက်မသာ ခံစားနေမိကြ၏။ ချီလင်းသည် ထာဝရမြို့ကြီးတစ်ခုလုံးကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ ဤအတိုင်း ပေးအပ်ခဲ့လေသည်လား။ မည်သို့ပင် ကြည့်ကြည့် ချီလင်း ပေးအပ်ခဲ့သည့်အရာသည် အားလုံးထင်မှတ်ထားသည့် အရာထက် သာလို့နေခဲ့၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အမိန့်အောက်မှာ ကျုပ်တို့အားလုံး နေရမှာလား” ဟုန်ရွှမ်သည် နာကျင်စွာဖြင့် ပြောလိုက်မိ၏။ လက်ရှိအခြေအနေမှာတော့ ပျော်ရမလား။ ဝမ်းနည်းရမလား ဆိုသည်ကိုပင် သူ သေသေချာချာ မသိချေ။
ပြောရမည်ဆိုလျှင် ထာဝရမြို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ပိုင်ဆိုင်မှု ဖြစ်ပြီးသည့်နောက် သူတို့ အားလုံးသည် ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။ မြေအင်မော်တယ်လောကကို မဆိုနှင့် အသင်္ချေ များပြားလှသော လောကအသီးသီးတွင်တောင်မှ သူတို့သည် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်သည့်လူများ ဖြစ်လာပေလိမ့်မည်။ ဝမ်းနည်းစရာမှာတော့ ၎င်းတို့၏ မြို့တော်ဝန်အိုကြီးသည် မရှိတော့ချေ။ လက်ရှိအချိန်မှာတော့ သူတို့နှင့် ပတ်သက် ဆက်နွယ်ခြင်း မရှိသလို ဖြစ်လို့နေ၏။
“ဒီနေ့ ကျုပ် ဒီနေရာကို ခဏလာခဲ့တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နာမည်အောက်မှာ ထာဝရမြို့ကြီးကို စီမံခန့်ခွဲရမယ် ဆိုတဲ့အကြောင်း လာပြီး သတိပေးတာပဲ” ချီလင်းက ထပ်မံကာ ပြောဆိုလိုက်သည်။