အခန်း (၅၀၇)
Vol. 34 Ch. 507
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား” ထိုလူ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ထိုနာမည်သည် သူနှင့် ရင်းနှီးလှသည့်ပုံ မပေါ်ချေ။ သိရှိရသည်မှာ နက်နဲအလင်းလောကကြီး၌ ဤနာမည်နှင့် အင်အားစု တစ်ခု မရှိသည်မှာ သေချာသည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် ကောင်းကင်မူလ လောကကြီး၏ အားအင်စု တစ်ခုသာလျှင် ဖြစ်ရပေလိမ့်မည်။
“ကျုပ် ထွက်ခွာသွားပြီးတဲ့နောက်မှာ ကောင်းကင်မူလလောကကြီးဆီက မြင့်တက်လာတဲ့ ဂိုဏ်းဂဏ တစ်ခု ရှိနေတာလား” ထိုသူက စဉ်းစားလိုက်မိ၏။
ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့၏။ များပြားလှသည့် အင်အားစုများသည် ဖြစ်တည်မွေးဖွားလာခြင်း၊ ပျက်စီး ပျောက်ကွယ်သွားခြင်းမျိုး ကြုံတွေ့ရနိုင်၏။ တချို့သော အင်အားစုများသည် အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီး တချို့သော အင်အားစုများမှာတော့ အလွန်အားကောင်းလှသည့် အခြေအနေအဖြစ် မြင့်တက်လာခဲ့ပေလိမ့်မည်။ ဤအရာသည် သဘာဝ၏ နိယာမများပင်ဖြစ်သည်။
သူချန်ထားခဲ့သည့် အမွေအနှစ်များသည် ဖျက်ဆီးခံရကောင်း ခံရနိုင်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် နှင့် နက်နဲအလင်းလောကမှ သက်ရှိသတ္တဝါများအကြား ဆက်စပ်မှုကို ကြားရသည့်အချိန်မှာတော့ သူသည် အဆင်မပြေသလို ခံစားမိ၏။
လက်ရှိ နက်နဲအလင်းလောကကြီးသည် အဖွဲ့တစ်ခု၏ အလုံးစုံ လွှမ်းမိုးခြင်းကို ခံနေရ၏။ တစ်ဖက်လူများ၏ လွှမ်းမိုးမှုသည် ဤနေရာဆီသို့ ခြေမဆန့်လာဟု ပြော၍ မရချေ။ ကြီးမားသည့် တိုက်ခိုက်မှုမျိုးကို စတင်ကာ ထုတ်ဖော်လာသည်ဆိုပါက သူတစ်ယောက်တည်းဖြင့် ခုခံရန် ခက်ခဲလှသည်။
“အင်း”
ချီလင်းသည် ခေါင်းညိတ်ကာ အသာပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရမ်းကို အားကောင်းတယ်။ ဒီတော့ ကြီးမားတဲ့ အသိအမြင်တွေ ရှိနေမှာပဲ။ ပြီးတော့ သူက လောကအသီးသီးမှာရှိတဲ့ အရာအားလုံးကို သိရှိတယ်။ သူ့ရဲ့ မျက်လုံးအောက်ကနေ လွတ်မြောက်သွားတဲ့အရာဆိုတာ ဘာမှ မရှိဘူး။ တကယ်လို့ ခင်ဗျား သံသယရှိတယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီး မေးမြန်းလိုက်”
“ဪ”
ထိုလူက မျက်ခုံးကို ပင့်လိုက်၏။ သူ့ကို ကြည့်ရသည်မှာ အနည်းငယ် အံ့အားသင့်သွားပုံပေါ်၏။ သူ၏ ရှေ့တွင် ပြောဆိုနေသည့်လူသည် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့်၌ တည်ရှိကြောင်း သူက အကြမ်းဖျင်း သိရှိ၏။ ထိုကဲ့သို့သောလူမှ ကြီးကြီးမားမား ချီးကျူးကာ ပြောဆိုနေသူသည် ပိုမိုကာ အားကောင်းလှသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်မှာ သေချာ၏။ ဖြစ်နိုင်သည်မှာ အန္တိမလမ်းစဉ်ကို ကျင့်ကြံသည့် တစ်စုံတစ်ယောက်ပင် ဖြစ်နိုင်သည်။
သူထွက်ခွာသွားပြီးသည့်နောက် ကောင်းကင်မူလလောကကြီးထဲသို့ အန္တိမအင်မော်တယ်ကျင့်ကြံသူအဆင့် (အန္တိမ ကျင့်ကြံသူဟုသာ နောက်ပိုင်း သုံးနှုန်းပါမည်။) လူမျိုးပင်လျှင် ရောက်ရှိလာခဲ့လေသည်လား။ သို့ပေမဲ့ ပြဿနာ ရှိရသည်မှာ ကောင်းကင်မူလလောကကြီးထဲ၌ အန္တိမ ကျင့်ကြံသူသည် မည်ကဲ့သို့ နေထိုင်နေသနည်း။ ရိုးရှင်းစွာဖြင့် အဓိပ္ပာယ် မရှိလှပေ။
(ကျင့်ကြံခြင်းအဆင့်များအကြောင်း ထပ်မံ ချဲ့ပေးပါမည်။
အစစ်အမှန်အင်မော်တယ်
အန္တိမကျင့်ကြံသူ
အင်မော်တယ်ဘုရင်
ကွာစီအင်မော်တယ် အင်ပါယာ
အင်မော်တယ်အင်ပါယာ …. တို့ဖြစ်သည်။ ဤကား ဘာသာပြန်သူ၏ မှတ်ချက်ဖြစ်၏)
“ကြည့်ရတာ ကောင်းကင်မူလလောကကြီးက မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ကြုံနေရတဲ့ပုံပဲ” ထိုသူက တီးတိုး ရေရွတ်လိုက်၏။ သူသည် ဤကဲ့သို့ သုံးသပ်မှုမှလွဲလျှင် ကောင်းကင်မူလလောကကြီးအနေနှင့် အန္တိမ ကျင့်ကြံသူအဆင့်ကို လက်ခံထားရှိနိုင်ရန်အတွက် မည်ကဲ့သို့သော အကြောင်းအရာများ တည်ရှိနေကြောင်း ကောင်းကောင်း မခန့်မှန်းနိုင်ချေ။
တခြားစကားနှင့် ပြောရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို တည်နေရာတွင် ထားရှိနိုင်သည်ဆိုမှတော့ သူ့အနေနှင့် သူ၏ မွေးရပ်မြေဆီသို့ ဝင်၍ရနိုင်သည် ဆိုသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။ မူလအားဖြင့် သူသည် ကောင်းကင်မူလလောကကြီးထဲသို့ မဝင်ဘဲ အပြင်ဘက်မှ စောင့်ကြည့်ကာ ကာကွယ်ပေးချင်စိတ်သာ တည်ရှိခဲ့၏။ ယခု ကြည့်ရသည်မှာ မွေးရပ်မြေထဲသို့ ဝင်ရောက်ပြီး ကြည့်ရှုချင်သည်များကို ကြည့်ရှုခွင့် ရနိုင်လောက်သည်။
“တာအိုရောင်းရင်း.. ကောင်းကင်မူလလောကကြီးကနေ ထွက်ခွာသွားခဲ့တာ ကြာပြီနဲ့တူတယ်။ ခင်ဗျားအနေနဲ့ အခု ဆယ်စုနှစ်ပိုင်းများစွာမှာ ပြောင်းလဲခဲ့တဲ့ အပြောင်းအလဲတွေကို သိမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားအနေနဲ့ ကောင်းကင်မူလလောကကြီးထဲကို သွားပြီးကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒါဆိုရင် ကျုပ်ပြောတဲ့ အမှန်တရားတွေကို ခင်ဗျား နားလည်လာလိမ့်မယ်” ချီလင်းက အကြံပြုလိုက်၏။
“ဒါနဲ့ တာအိုရောင်းရင်း... အခု ခင်ဗျားက အန္တိမလမ်းစဉ်ကို လမ်းတက်လာခဲ့ပြီဆိုတော့ ထာဝရမြို့လို့ မြို့လေးတစ်ခုက ခင်ဗျားရဲ့ အာရုံထဲမှာ ရှိသင့်တဲ့ မြို့လေးတစ်မြို့ မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီး ပြဿနာ ရှာရတာလဲ”
ချီလင်းက ဆက်ပြောလိုက်သည်။ “ကောင်းကင်မူလလောကကြီးသာ အနာဂတ်မှာ အန္တရာယ် ကြုံရမယ်ဆိုရင် ထာဝရမြို့က ကျိန်းသေပေါက် ငြိမ်ငြိမ်သက်သက် နေထိုင်နေမှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် ဝင်ပြီးတော့ ကာကွယ်ပေးမှာ”
ချီလင်းသည် ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်၏။
“ခင်ဗျားနဲ့ နက်နဲအလင်းလောကက သတ္တဝါတွေက တကယ့်ကို ခြားနားနေတာပဲ” ထိုလူသည် လက်ရှိ ရှိနေသည့် လူပေါင်းများစွာတို့ကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ပြီးနောက် ခဏလောက် စဉ်းစားကာ ပြောဆိုလိုက်သည်။
နက်နဲမီးတောက်လောကနှင့် နက်နဲအလင်းလောကကြီးတို့သည် တူညီသည့် မူလအရင်းအမြစ်ဆီမှ ဆင်းသက်လာ ခဲ့သည် ဆိုသော်လည်း နက်နဲမီးတောက်လောကကြီးသည် နက်နဲအလင်းလောကကြီးထက် ပိုမိုကာ အားကောင်း လှ၏။ ဤနေရာကြားတွင် ခြားနားချက်များ တည်ရှိနေမှာ သေချာ၏။
ထိုလူသည် ဤအချက်ကို သတိပြုမိ၏။ ပြောရမည်ဆိုလျှင် ချီလင်း ပြောဆိုခဲ့သည့် စကားလုံးတချို့ကို သူက ယုံကြည်မိ၏။ သို့ပေမဲ့ နက်နဲအလင်းလောကကြီးအကြောင်းကို တွေးမိသည့်အချိန်မှာတော့ သူသည် မည်သို့မှ မနေနိုင်ဘဲ စိတ်ထဲတွင် လေးလံနေမိ၏။ သူ၏ရှေ့တွင် ရှိနေသည့်လူကို ထပ်မံကာ ကြည့်ရှုပြီးသည့်နောက် သူသည် စိုးရိမ်စိတ်ကို မဖယ်ရှားနိုင်ခဲ့ချေ။
အသွင်အပြင်နှင့် အမူအရာ၊ စိတ်ခံစားချက်ကို ပြောင်းလဲသွားနိုင်သည့် ကျင့်ကြံခြင်း နည်းစနစ် အများအပြား တည်ရှိ၏။ သူ့ရှေ့မှာ ရှိနေသော တစ်ဖက်လူသည် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုထားသည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။
“အင်း... ကျုပ်ဘာကျုပ် သွားလိုက်မယ်။ ခင်ဗျားဘယ်သူလဲဆိုတာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က သက်သေပြနိုင်မယ်လို့ ထင်တယ်။ မဟုတ်ရင် ကျုပ်ကို ရိုင်းစိုင်းတယ် ဆိုပြီးတော့ အပြစ်မတင်နဲ့” ထိုလူက အေးစက်စက် ပြောလိုက်၏။
ကောင်းကင်မူလလောကကြီး၏ လုံခြုံရေးသည် သူ၏နှလုံးသားထဲတွင် အလွန်အမင်း အရေးကြီးလှ၏။ သူ့အနေနှင့် မတော်တဆ ကိစ္စရပ်များကို မဖြစ်စေချင်ခြင်းပင်။ မဟုတ်ပါက ဤရှုပ်ထွေးလှသည့် တည်နေရာ လမ်းကြောင်းထဲသို့ပင် ပျံသန်း ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။ သူ့အတွက် ရိုးရှင်းကာဖြင့် တည်နေရာ လမ်းကြောင်းကို ဖွင့်လှစ်ကာ ရောက်ရှိလာမှာ သေချာ၏။ သို့ပေမဲ့ ဤကဲ့သို့သော ရောက်ရှိလာသည် ဆိုပါက သူ ကောင်းကင်မူလလောကကြီးနားတွင် ရှိနေကြောင်း ပေါ်ပေါက်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် နက်နဲအလင်းလောက၏ လူများသည် ကျိန်းသေပေါက် နောက်မှ လိုက်ပါလာမှာ သေချာ၏။ ထိုသို့ဆိုလျှင် မွေးရပ်မြေကို စောင့်ရှောက်ရန် ပြန်လာခြင်း မဟုတ်ဘဲ မွေးရပ်မြေဆီသို့ ကြောက်စရာ ကောင်းလှသည့် ရန်သူများကို ခေါ်ဆောင်လာခြင်းနှင့် ဆင်တူနေပေလိမ့်မည်။ သူ့အနေနှင့် ကောင်းကင်မူလလောကကြီး တစ်ခုလုံး ဖျက်ဆီးခံရခြင်း၏ အဓိက လက်သည် တရားခံပင် ဖြစ်သွားနိုင်၏။
“ရဲရဲတင်းတင်း မေးပါရစေ တာအိုရောင်းရင်း... နက်နဲအလင်းလောကကြီးက ဘာတွေ ဖြစ်နေတာလဲ” ချီလင်းသည် တစ်ဖက်လူ၏ စကားကို ကြားရပြီးသည့်နောက် မေးမြန်းလိုက်သည်။
“နက်နဲအလင်းလောကက တကယ့်ကို ရှုပ်ထွေးလွန်းတယ်” ထိုလူက အမှုမဲ့ အမှတ်မဲ့ ပြောဆိုလိုက်၏။ ချီလင်း မတုံ့ပြန်နိုင်သေးခင်မှာပဲ သူသည် ခေါင်းကို အသာလှည့်ကာဖြင့် ကြည့်ရှုလိုက်၏။ သူ၏ အမူအရာသည် အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
“အင်း... ခင်ဗျားဆီမှာတော့ ဒီလို မကောင်းတဲ့ ခံစားချက် အော်ရာတွေ မရှိဘူး။ ဖြစ်နိုင်တာက ခင်ဗျား တကယ့်ကို နက်နဲအလင်းလောကကြီးဆီက မဟုတ်ဘူးပဲ။ ဒါပေမဲ့ ကျုပ် …”
ထိုသူသည် သူ့စကားကို သူပြန်လည် ဖျက်သိမ်းကာဖြင့် ပြောလိုက်ပြန်၏။ “တချို့ကိစ္စတွေက ခင်ဗျားအနေနဲ့ နည်းနည်းသိလေ ကောင်းလေပဲ။ ဒီတော့ နက်နဲအလင်းလောကမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မစုံစမ်းတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် နက်နဲ အလင်းလောကက လူတွေ သတိပြုမိသွားရင် ကျုပ်တို့အားလုံး ကြီးမားတဲ့ ကပ်ဘေးကြီး ကျလိမ့်မယ်”
“တာအိုရောင်းရင်း... ခင်ဗျား အရမ်းကြီး စိုးရိမ်လွန်နေပြီ”
ချီလင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ တစ်ဖက်လူ၏ စကားကို သူသည် စိတ်ထဲတွင် မထားချေ။ ထို့ကြောင့် ထပ်မံကာ ပြောဆိုလိုက်သည်။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် တည်ရှိနေတယ်ဆိုမှတော့ မူလ နက်နဲမီးတောက်လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ ရောက်လာမယ် ဆိုရင်တောင်မှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“ဟမ်”
ထိုလူက နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အဲလောက်ကြီးတောင်လား”
သူ၏ အမြင်အရဆိုလျှင် မမြင်ဖူးသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသူသည် အမှန်တကယ် အားကောင်းမှာ သေချာ၏။ သူထင်ထားသည်ထက်ပင် ပိုမိုကာ အားကောင်းနိုင်သည်။
သို့ပေမဲ့ နက်နဲအလင်းလောကထဲတွင်တော့ အန္တိမလမ်းစဉ် ကျင့်ကြံသူများသာ ရှိသည်မဟုတ်။ တကယ့်ကို မည်သို့မှ သတ်၍ မရနိုင်သည့် ကျင့်ကြံသူများ တည်ရှိလို့နေ၏။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသည် ဆိုလျှင်တောင်မှ တစ်ဖက်လူများသည် ပြန်လည်ကာ အသက်ရှင်နိုင်၏။ အချိန်၏ မြစ်ရေစီးကြောင်းမှ တဆင့် ပြန်လည်ကာ ရောက်ရှိလာနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သာမန်လူများ အနေနှင့် လွယ်လွယ်ကူကူ ခုခံ၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။ ဆိုလိုသည်မှာ မသေဆုံးနိုင်သည့် အကြောင်းအရာ ဆိုသည်မှာ အဆင့်တစ်ခုကို ရည်ညွှန်းခြင်း မဟုတ်ချေ။ တကယ် မသေဆုံးနိုင်ခြင်းဖြစ်သည်။
ထို့အပြင် နက်နဲအလင်းလောကကြီး၏ နောက်တွင် ရှုပ်ထွေးလှသည့် ကောလဟလများလည်း တည်ရှိနေ၏။ အင်မော်တယ်ဘုရင်ကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် တည်ရှိလို့နေခြင်းပင်။ သို့ပေမဲ့ မသေချာလှချေ။ ထို့ကြောင့် သာမန်လူများအနေနှင့် ထိုကဲ့သို့သော အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးရန် တတ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
မြို့တော်ဝန် အနေနှင့် အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည့် လူတစ်ယောက်အဖြစ် ယုံယုံကြည်ကြည်ဖြင့် ပြောဆိုနေရသနည်း ဆိုသည်ကို သူက နားမလည်နိုင်ချေ။ နောက်ကွယ်မှာ တည်ရှိနေသည်ဆိုသော ကောလဟလများထဲမှာ အင်မော်တယ်ဘုရင်သည်သာ ဝင်ရောက် လှုပ်ရှားသည် ဆိုပါက မည်သို့ လုပ်မည်နည်း။
“တာအိုရောင်းရင်း... ခင်ဗျားအနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ သွားပြီး လည်ပတ်သင့်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ပြီးသွားရင် ကျုပ်ရဲ့အထင်အရ ခင်ဗျားရဲ့ သံသယတွေအားလုံး ကင်းသွားလိမ့်မယ်” ချီလင်းက အသာပြောလိုက်၏။
“ခင်ဗျားကို ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို အရမ်း တန်ဖိုးထားတဲ့ပုံပဲ။ ဒါက ကျုပ်ကို တကယ့်ကို စိတ်ဝင်စားစေခဲ့ပြီ” ထိုလူက အမှုမဲ့၊ အမှတ်မဲ့ ပြောဆိုလိုက်၏။ သူသည် ထိုကဲ့သို့ ပြောဆိုလိုက်ပြီးသည့်နောက် အသာလှည့်ကာဖြင့် ကောင်းကင်မူလလောကကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ နောက်ဘက်မှာတော့ ချီလင်းသည် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် လေးလေးနက်နက် မေးလိုက်၏။ “မေးချင်ပါတယ် တာအိုရောင်းရင်း... ခင်ဗျားကို ကျုပ် ဘယ်လိုခေါ်ရမလဲ”
ထိုလူသည် နက်နဲအလင်းလောကဆီမှ ပြန်လာခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုရသည်မှာ ကောင်းကင်မူလလောကကြီးဆီသို့သွားရန် ပြင်ဆင်လျက် ရှိနေ၏။ ပြောရမည်ဆိုလျှင် အနာဂတ်တွင် ထိုကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများကို သူတို့ ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်၏။ ထို့ကြောင့် ချီလင်း အနေနှင့် သေသေချာချာ ရှင်းရှင်းလင်းလင်း မေးမြန်းထားရန် လိုအပ်၏။ ဤလူသည် ကောင်းကင်တာအို၏ ရန်သူ ဖြစ်လာနိုင်သောကြောင့်ပင်။
“တိုင်ချူး”
ထိုစကားစု လေဟာနယ် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။ ထာဝရမြို့ တစ်ခုလုံးတွင် ထိုစကားသံက ပဲ့တင်ထပ်နေသည်။