အခန်း (၅၀၈)
Vol. 34 Ch. 508
တိုင်ချူးဆိုသည့် စကားလုံးသည် လေဟာနယ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ တစ်ဖက်လူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
အချိန်အတော်ကြာပြီးမှသာလျှင် အားလုံးသော သူတို့သည် သတိပြန်ဝင်လာခဲ့သည်။
“တိုင်ချူး ဟုတ်လား”
ဟုန်ရွှမ်၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ သူသည် ဒဏ်ရာတချို့ ရရှိနေသည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေ၌ ပြန်လည် ကောင်းမွန်နေပြီဖြစ်၏။ ခဏတာ စဉ်းစားပြီးသည့်နောက် သူ၏ မျက်လုံးများ သည် တောက်ပသွားခဲ့၏။ သူသည် ရုတ်တရက် ထအော်လိုက်မိ၏။ “ဖြစ်နိုင်တာက တိုင်ချူးနတ်နယ်မြေရဲ့ ဘိုးဘေးကြီးလား”
တိုင်ချူးနတ်နယ်မြေသည် ကောင်းကင်မူလလောကကြီးတွင် သာမန်ထက်ပိုသည့် စွမ်းအားမြင့် နတ်နယ်မြေ တစ်ခုသာလျှင်ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုင်ချူးနတ်နယ်မြေ၏ ဘိုးဘေးကြီးသည် ကောင်းကင်မူလ လောကကြီး၏ ကပ်ဘေးကြီးကို ခုခံကာကွယ်ရန်အတွက် ကူညီပေးခဲ့ဖူး၏။ တိုင်ချူးသည်သာ ဝင်ရောက်လှုပ်ရှားခြင်း မရှိပါက ကောင်းကင်မူလလောကကြီး အနေနှင့် ထိုအချိန်တုန်းက ကြီးမားသည့် ထိခိုက်မှုမျိုးကို ခံစားရမှာ သေချာသည်။
ထိုအချိန်တုန်းက သွေးနတ်ဆိုးလောကကြီးသည် မယုံကြည်နိုင်လောက်အောင် အားကောင်းခဲ့၏။ တော်ဝင် အင်ပါယာ တစ်ယောက်သည် ကြမ်းတမ်းလွန်းလှသည့် လောကကြီးကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီး၏ တစ်ဝက်လောက်ကိုပင် သိမ်းပိုက်ခဲ့၏။ ထိုအချိန်တုန်းက တားမြစ်တည်နေရာထဲတွင် ရှိသည့် တော်ဝင်အင်ပါယာကြီးများသည် ဝင်ရောက်လှုပ်ရှားမှု မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် ရှေးအင်ပါယာဖြစ်သော တိုင်ချူး တစ်ယောက်တည်းသာလျှင် မတ်မတ်ရပ်ကာ ကာကွယ်ခဲ့၏။
၎င်းသည် သွေးနတ်ဆိုးလောကကြီး၏ တော်ဝင်အင်ပါယာများနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး တစ်ဖက်လူများ ကိုလည်း သတ်ဖြတ်ခဲ့၏။ တိုက်ပွဲသည် တကယ့်ကို သမိုင်းမှတ်တမ်းထဲတွင် ဒဏ္ဍာရီလာ အကြောင်းအရာအဖြစ် ဖြစ်တည်ခဲ့ပြီး နောက်မျိုးဆက်သစ်များ သေသေချာချာ ပြောဆိုဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။
တိုင်ချူးနတ်နယ်မြေသည်လည်း ထိုအကြောင်းအရာများနှင့် ပတ်သက်၍ အကျိုးကျေးဇူးများ ရရှိခဲ့၏။ ကောင်းကင် မူလလောကသားများ၏ နှလုံးသားထဲတွင် ထူးခြားသည့် တည်နေရာအဖြစ် သတ်မှတ်ခံခဲ့ရ၏။ ၎င်းတို့အနေနှင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များ နိမ့်ကျသွားသည် ဆိုလျှင်တောင်မှ မည်သည့် ဂိုဏ်းဂဏမှသည် ၎င်းတို့အား လာရောက်ကာ ဖိနှိပ်တိုက်ခိုက်ခြင်းကို မပြုလုပ်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တိုင်ချူးဘိုးဘေးကြီး၏ ကောင်းမွန်သော လုပ်ရပ်များကြောင့်ပင် ဖြစ်၏။
တော်ဝင်အင်ပါယာ နှစ်ယောက်ကြား တိုက်ပွဲပြီးသည့်နောက် အားလုံးသောသူတို့သည် ရှေးအင်ပါယာ တိုင်ချူး တစ်ယောက် သေဆုံးသွားခဲ့ပြီဟု ထင်မှတ်ခဲ့ကြ၏။ ထို့အပြင် သွေးနတ်ဆိုးလောက၏ တော်ဝင်အင်ပါယာ သည် အားနည်းလှသည် မဟုတ်ချေ။ တစ်ဖက်လူကို အနိုင်ယူခဲ့ပြီးသည့်နောက် တိုင်ချူးအင်ပါယာသည် အကောင်း ပကတိ ပြန်လာကာ ထွက်ခွာလာဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ၎င်း၏ အခြေခံ တစ်ခုလုံးသည် ပျက်စီးသွားခြင်းမျိုး ဖြစ်နိုင်သည်။
သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ရှေးအင်ပါယာဖြစ်သော တိုင်ချုးသည် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ အန္တိမကျင့်ကြံသူ တစ်ယောက်အဖြစ် ပြန်လာခဲ့ပြီဖြစ်၏။ မယုံကြည်နိုင်စရာ ကိစ္စရပ်ပင်။ တိုင်ချူးနတ်နယ်မြေ သည် ကြီးမားသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်တော့မည့် အခြေအနေမျိုးပင်။
“တိုင်ချူးနတ်နယ်မြေကလား” ချီလင်း၏ မျက်လုံးများသည် လေးနက်သွားခဲ့၏။ သို့သော်လည်း သူ၏ မျက်နှာ သွင်ပြင်သည် တည်ငြိမ်ပြီး မည်သည့် ခံစားချက်မှ မရှိသည့်ပုံပင်။ သူ၏အတွေးကို မည်သူကမှ မခန့်မှန်းနိုင်ချေ။ လက်ရှိအခြေအနေမှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဒေသခံကျင့်ကြံသူတစ်ယောက်သည် တခြားသော လောကဆီမှ ပြန်လာခဲ့ပြီဖြစ်၏။
ဤအရာသည် ကောင်းကင်မူလလောကကြီးအတွက် ကောင်းခြင်းလား၊ ဆိုးခြင်းလား မသေချာလှပေ။ ထို့အပြင် တစ်ဖက်လူသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်လူ မဟုတ်ချေ။ နက်နဲအလင်းလောကဆီမှ ပြန်လာခဲ့သည့် လူတစ်ယောက် ဖြစ်သည်မို့ အရေးကြီးသည့် သတင်းအချက်အလက်များကို သယ်ဆောင်လာ ပေလိမ့်မည်။
နက်နဲအလင်းလောကကြီး တစ်ခုလုံးသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး တခြားသော လောကများအပေါ် မကောင်းသည့် ရည်မှန်းချက်များ ရှိနေသည့်ပုံပေါ်၏။ ထိုလောကမှ သက်ရှိသတ္တဝါများသည် တိုင်ချူး ဘိုးဘေးကြီး၏ ခြေရာအတိုင်း လိုက်ပါလာခဲ့သည်ဆိုပါက မည်သို့ လုပ်မည်နည်း။
တဖက်လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဒေါသထွက်စေသည်ဆိုပါက ကျိန်းသေပေါက် လက်ဝါးရိုက်ချက် တစ်ခုတည်းနှင့်တင် သေဆုံးသွားနိုင်၏။ ကောင်းကင်မူလလောကကြီးအတွက် ချီလင်းသည် အရမ်းကြီး စိတ်မပူချေ။ ထိုအစား နက်နဲအလင်းလောကကြီးအတွက် စိတ်ပူမိခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ မွေးရပ်မြေများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့်ပင်။ ထိုအထဲတွင် သူ လွမ်းမောရမည့် အရာမျိုး တစ်စုံတစ်ခု တည်ရှိနေနိုင်သေး၏။
“ဖြစ်နိုင်တာ နောက်ထပ်ပေါင်းစပ်မဲ့ လောကကြီးက နက်နဲအလင်းလောကများလား” ချီလင်းက တီးတိုး ရေရွတ်လိုက်မိသည်။
“နက်နဲအလင်းလောက ဟုတ်လား”
ဘေးတစ်ဖက်တွင် ရပ်နေသည့် ဟုန်ရွှမ်ကလည်း အံ့အားသင့်သွားမိ၏။ “မြို့တော်ဝန်... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဒီတစ်ကြိမ်ပေါင်းစပ်မှာ နက်နဲအလင်းလောကကြီး များလား”
“ဟုတ်တယ်” ချီလင်းက ခေါင်းညိတ်လိုက်သည်။
“မဖြစ်နိုင်တာ” ဟုန်ရွှမ်၏ အမူအရာသည် ရှုပ်ထွေးသွားမိ၏။ နက်နဲအလင်းလောကဆိုသည်မှာ ၎င်းတို့၏ မွေးရပ်မြေဖြစ်၏။ ၎င်းတို့အနေနှင့် အတိတ်တုန်းကသာ ဆိုပါက ထိုစကားကို ကြားသည်နှင့် လုံးဝပျော်ရွှင်သွားမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ဟုန်ရွှမ်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေမိ၏။
“အင်း... ကိုးဆယ်ရာခိုင်နှုန်းကျော်ကတော့ မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်” ချီလင်းက အမှတ်မထင် ပြောဆိုလိုက်သည်။
“ကိုးဆယ်ရာခိုင်နှုန်းလား”
ဤအရာသည် သေချာလောက်သော တွက်ဆချက် တစ်ခုသာ ဖြစ်ပေလိမ့်မည်။ နက်နဲ အလင်းလောက ပေါ်လာသည်ဆိုပါက မည်သည့်အရာတွေ ဖြစ်မည်မှန်း မည်သူကမှ သိရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် တိုင်ချူး ရှေးအင်ပါယာသည် စောစောစီးစီးတည်းက ရောက်ရှိနှင့်နေပြီဖြစ်၏။ သို့ပေမဲ့ နက်နဲအလင်းလောကကြီး၏ အာရုံစူးစိုက်မှုကို ရှောင်ရှားချင်သောကြောင့်သာ တည်နေရာလမ်းကြောင်းကို မလာရဲခြင်းသာ ဖြစ်ပေလိမ့်မည်။
ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တိုက်ရိုက်ဆိုသလိုပဲ နက်နဲအလင်းလောကကြီးနှင့် ပေါင်းစပ်ရန် ကြိုးစားကောင်း ကြိုးစားနိုင်၏။ ထိုသတင်းသည်သာ တိုင်ချူးဘိုးဘေး၏ နားထဲသို့ ရောက်သည်ဆိုပါက ကျိန်းသေပေါက် နေရာမှာတင် ကြက်သေသေနေမှာ သေချာ၏။
တစ်ချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး၏ ကျယ်ပြောလှသော တည်နေရာထဲတွင် လူတစ်ယောက်သည် တည်ငြိမ်သည့် ခြေလှမ်းများနှင့်အတူ လှမ်းလျှောက်လာခဲ့၏။ သူသည် နောက်ကျောဘက်တွင် ဓားရှည် တစ်ချောင်းကို ထမ်းပိုးထားပြီး လောကကြီး တစ်ခုလုံး၏ တည်နေရာအနှံ့ကို လှမ်းကာ ကြည့်ရှုနေ၏။ ကောင်းကင် မူလလောကကြီးတွင် ရှိသည်ဆိုသော်လည်း တစ်ချက်ကြည့်လိုက်သည်နှင့် သူရင်းနှီးပြီးသား လောကကြီးနှင့် မတူညီတော့ချေ။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် သူသည် ရင်းနှီးနေသည့် မြင်ကွင်းများကို မမြင်ရသလို ခံစားနေမိ၏။
“လောကကြီးရဲ့ အမွေအနှစ်တွေက ပြောင်းလဲသွားခဲ့တာလား” ရှေးအင်ပါယာတိုင်ချူးသည် ကောင်းကင်ကို မော့ကြည့်ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်သည်။
မူလတုန်းက ကောင်းကင်မူလလောကကြီးသည် သူ၏ တည်ရှိမှုကို ကျိန်းသေပေါက် ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ အထဲသို့ လှမ်းလျှောက်ဝင်နိုင်၏။ လောကကြီး၏ နိယာမများသည် သူ့ကို မငြင်းပယ်ခဲ့ချေ။ အခြားစကားအရ ပြောရမည်ဆိုလျှင် လက်ရှိ ကောင်းကင်မူလ လောကကြီးသည် သူ ဆက်လက် လေ့ကျင့်ရန် သင့်တော်ကြောင်း အဓိပ္ပာယ် ဖော်ဆောင်နေခြင်းပင်။
“လောကကြီးနှစ်ခု ပေါင်းစပ်ခြင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ကောင်းကင်မူလလောကကြီးက ငါခြေလှမ်း လှမ်းဝင်နိုင်ဖို့ လုံလောက်မှာ မဟုတ်ဘူး။ ဒီနေရာမှာ တခြားလောကတွေလည်း ရှိရမယ်” ခဏလောက် ကြာပြီးသည့်နောက် ရှေးတိုင်ချူးအင်ပါယာသည် တည်နေရာ ပြောင်းလဲလိုက်၏။ ပြီးသည့်နောက် တော်ဝင်အင်ပါယာပိုင်လီ ရှိသော ခရမ်းရောင်နက်နဲလောကကြီးနှင့် ကျောက်စိမ်းလေဟာနယ်နန်းတော်ဆီမှ ဘိုးဘေးကြီးရှိသော မြေအင်မော်တယ်လောကကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။
“နောက်ထပ်လောကနှစ်ခု ရှိနေတာပဲ” ဤတစ်ကြိမ်မှာတော့ ရှေးအင်ပါယာတိုင်ချူးက နားလည်သွားမိသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးသည် သွေးနတ်ဆိုးလောကကြီး နှင့်သာမက တခြားသောလောကနှစ်ခုနှင့်လည်း ပေါင်းစပ်ပြီးသား ဖြစ်နေ၏။ ဤလောကနှစ်ခု၏ အဆင့်အတန်းသည် မြင့်မားလွန်းလှ၏။ တစ်ခုချင်းစီတိုင်းတွင် အစစ်အမှန် အင်မော်တယ်များပင် တည်ရှိလို့ နေခဲ့၏။ နက်နဲအလင်း လောကကိုသာ ဤနေရာတွင် ပေါင်းစပ်မည်ဆိုပါက ကျိန်းသေပေါက် ကောင်းမွန်လှသည့် တည်နေရာကြီး ဖြစ်ပေါ်လာမှာ သေချာ၏။
“အင်း... ဘာအတားအဆီး၊ အနှောက်အယှက်မှ မရှိဘဲ လောကတွေ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်းစပ် နိုင်ခဲ့တာ တကယ့်ကို ထူးဆန်းတယ်။ ပြီးတော့ လောကတစ်ခုချင်းစီတိုင်းကလည်း ဘာထိခိုက်မှုမှ မရှိဘူး။ တစ်စုံတစ်ယောက်က သာမန်ထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ခဲ့တာလား”
ရှေးအင်ပါယာ တိုင်ချူးက မျက်မှောင်ကုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လာခဲ့၏။ ပေါင်းစပ်ပြီးသည့်နောက် လောကကြီးများသည် ဤကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တည်နေမည်ဟု သူက မထင်မှတ်ခဲ့ချေ။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် အရာအားလုံးကို မမြင်ရသည့် လက်ကြီးတစ်ဖက်က ထိန်းချုပ်ဆောင်ရွက်နေပုံပင်။ ရှိရှိသမျှသော လူပေါင်းများစွာတို့သည် ထိုသူ၏ ဆန္ဒအတိုင်း လိုက်ပါ နေထိုင်ရပုံပေါ်သည်။
“အဲတာ ခုဏတုန်းကလူ ပြောခဲ့တဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြောင့်လား” ရှေးအင်ပါယာတိုင်ချူးက စဉ်းစားလိုက်မိ၏။ မြေအင်မော်တယ်လောက တစ်ခုလုံးတွင် သူက ကြည်ရှုမမြင်နိုင်သည့် တည်နေရာဟူ၍ တစ်ခုတည်း သာလျှင်ရှိ၏။ ထိုအရာသည် တော်ဝင်ရင်နိုင်ငံတော်ထဲတွင် တည်ရှိနေသည့် ကျယ်ပြောလှသော မြို့ကြီး တစ်မြို့ ဖြစ်၏။ သူ့အနေနှင့် ထိုနေရာဆီသို့ သွားရောက်ရန် ရည်ရွယ်ချက် ရှိနေ၏။ သို့ပေမဲ့ သတိဝင်လာ ပြီးသည့်နောက် ထိုအတွေးကို ဖယ်ချလိုက်မိ၏။
ဤလောကကြီးအကြောင်း နားလည်ပြီးမှ သွားလျှင်လည်း နောက်မကျလှချေ။ ထို့အပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ချေ။
တိုင်ချူးနတ်နယ်မြေ ဤလောကထဲတွင် ရှိနေသေးလား ဆိုသည်ကို သူအရင်ဆုံး သွားရောက် စစ်ဆေးမှ ဖြစ်ပေလိမ့်မည်။