← Chapters

မြေအောက်လမ်းဆရာ

Vol. 6 Ch. 578

မြေအောက်လမ်းဆရာ

Vol. 6 Ch. 578

ပိုင်ရှောင်ချန်းမှာ သူ့ဘေးနားရှိ လူများ၏ တအံ့တသြဖြစ်နေကြပုံများကိုကြည့်ကာ ကျေနပ်အားရနေတော့သည်။ သို့သော် သူက ထိုသို့သောခံစားချက်များကို မျက်နှာပေါ်တွင် မပေါ်စေပဲ ဖြစ်ပျက်နေသည်များကို အလေးမထားသည့်ပုံစံပင် ဖမ်းလိုက်သေးသည်။

သူ၏လက်ဖဝါးထဲရှိ မီးတောက်လေးကို တစ်ခဏမျှစိုက်ကြည့်လိုက်ပြီးနောက် တုန်လှုပ်နေသည့် လီဖုန်းကိုမော့ကြည့်ကာ မေးလိုက်သည်။

" ဆယ်ရောင်ခြယ်မီးတောက်နဲ့မှ မရသေးဘူးဆိုရင် ဆယ့်တစ်ရောင်ခြယ်မီးတောက်ဆိုရင်ရော... "

ထိုစကားကို ကြားလိုက်ရသောအခါ တောင်နက်မျိုးနွယ်စု၏ လူ့ဘီလူးများမှာ အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြပြီး ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်မှာ တအံ့တသြအော်ဟစ်လိုက်ကြတော့သည်။

" ဆယ့်တစ်ရောင်ခြယ်မီးတောက်တဲ့လား၊ မြေအောက်လမ်းဆရာတွေပဲ အဲဒ၎င်းလိုမီးတောက်ကို ဖန်တီးနိုင်တာလေ "

ကျိုးရီရှင်းမှာ မှင်တက်နေပြီး လေထဲရှိ လီဖုန်းမှာမူ တုန်ရီနေတော့သည်။

မည်သူမှ စကားတစ်ခွန်းပင် မပြောနိုင်ခင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းရောင်များ လက်သွားတော့သည်။ သူ၏ ယခင်ကသုံးသပ်ချက် မှန်၊ မမှန်ကို ဆန်းစစ်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သူက ဝိညာဥ်သိုလှောင်စေတီထဲသို့ နတ်ဘုရားအာရုံအချို့ကို စေလွှတ်လိုက်သောအခါ ထိုစေတီလေးမှာ တုန်ရီသွားပြီး အမုန်းဝိညာဥ်များစွာကို ထုတ်လွှတ်လိုက်တော့သည်။

ထိုဝိညာဥ်များ ထွက်ပေါ်လာသောအခါ အေးစက်မှုကြီးတစ်ခု ပျံ့လွင့်လာပြီး ထိုနေရာတစ်ခုလုံးမှာ သေမင်းနယ်မြေတစ်ခုအလား ပြောင်းလဲသွားတော့သည်။ အမုန်းဝိညာဥ်များက ထွက်ပြေးရန် ပြင်နေကြစဥ် ပိုင်ရှောင်ချန်းက အမိန့်ပေးလိုက်သည်။

“ မီးတောက်များ ပျံ့နှံ့စေ "

ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ဆယ်ရောင်ခြယ်မီးတောက်မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး မီးပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားတော့သည်။ ဘေးနားရှိ လူများက ကြောက်ကြောက်လန့်လန့်နှင့် နောက်ဆုတ်သွားကြပြန်သည်။

ကောင်းကင်ယံတွင် ဆယ်ရောင်ခြယ်အလင်းတန်းကြီးတစ်ခု ဖုံးလွှမ်းသွားပြီး မီးတောက်များ၏ ပြင်းထန်သော စွမ်းအင်မှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ လေပြင်းကြီးတစ်ချက် တိုက်ခတ်လာတော့သည်။ မီးပင်လယ်ကြီးမှာ မုန်တိုင်းတစ်ခုအလား လည်ပတ်ကာ အမုန်းဝိညာဥ်များကို စုပ်ယူဝါးမျိုနေတော့သည်။

မြူခိုးတန်းများပမာ ထွက်ပြေးနေကြသော ဝိညာဥ်များမှာ မီးတောက်များထံမှ လွတ်မြောက်နိုင်လောက်အောင် မလျှင်မြန်သဖြင့် အသက်ရှူကြိမ် အကြိမ်သုံးဆယ်ခန့်အတွင်း ပိုင်ရှောင်ချန်း၏ ဘေးပတ်လည်ရှိ မီတာသုံးထောင်ခန့်ရှိသော နေရာကြီးထဲတွင် အမုန်းဝိညာဥ်တစ်ကောင်မျှ မကျန်ခဲ့တော့ပေ။

မီးပင်လယ်ကြီးကမူ ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းစွာ လည်ပတ်နေသဖြင့် သူ့ကိုပင်မမြင်ရတော့ချေ။ ထိုနေရာတစ်ဝိုက်ရှိ လူများအားလုံးမှာ တအံ့တသြနှင့် ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့စိတ်ထဲတွင် အံ့သြတုန်လှုပ်မှုလှိုင်းတံပိုးများ တဒိုင်းဒိုင်း ရိုက်ခတ်နေကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မီးတောက်များ၏ အရှင်သခင်တစ်ယောက်နှင့်ပင် တူနေပြီဖြစ်သည်။

သူ၏ညာလက်ကို ဆန့်ထုတ်ကာ " စုစည်းစေ " ဟူသော စကားလုံးကိုပြောလိုက်သောအခါ ပို၍ပင် တူနေတော့သည်။

သူကထိုသို့ တစ်ခွန်းထဲသာပြောလိုက်သည်ဖြစ်သော်လည်း မှော်ဥပဒေသများ၏ စွမ်းအားများပါဝင်နေသည့်အလား ထိုနေရာတစ်ဝိုက်ရှိ မီးများအားလုံးမှာ တစ်ခဏအတွင်း ပိုင်ရှောင်ချန်း၏ လက်ဖဝါးပေါ်တွင် စုစည်းသွားကြတော့သည်။

ထို့နောက် သူကလက်သီးဆုပ်လိုက်သောအခါ မီးစမီးန အားလုံးမှာ သူ၏လက်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဘေးနားရှိလူများအားလုံးမှာ အသက်ပင်ရဲရဲမရှူရဲကြပဲ တုန်ရီနေသည့်နှလုံးသားများဖြင့် စောင့်ကြည့်နေကြတော့သည်။

မည်သူမှ စကားတစ်ခွန်းတစ်လေပင် မပြောကြချေ။ ကျိုးရီရှင်းမှာလည်း သူမြင်နေရသည်များကို မယုံကြည်နိုင်သည့်အလား ရင်တဒိန်းဒိန်းနှင့် မတ်တတ်ရပ်ကာ အလွန်အမင်း စိုးရိမ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များကို စိတ်မဝင်စားသည့်အလား သူ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ အမှန်တွင် သူ့ကိုယ်သူအလွန်အမင်း ဂုဏ်ယူနေသည်ဖြစ်ပြီး ဘေးနားတွင်ရှိသော လူများ၏ အံ့သြနေသည့်အကြည့်များထဲတွင် ပျော်မွေ့နေသည်။ သူ၏ လက်ချောင်းများကို ဖြန့်ပြရာတွင် တမင်တကာပင် အနှေးပြကွက်ဖြင့် လုပ်လိုက်သေးသည်။

သူ၏လက်သီးဆုပ်ကို ဖြန့်ပြလိုက်သည့်အချိန်တွင်မူ မီးတောက်တစ်ခုပေါ်ထွက်လာပြီး ထိုမီးတောက်၏ အပူရှိန်ကြောင့် မီတာသုံးထောင်ပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ကောက်ကွေးသွားကြတော့သည်။ ရှိရှိသမျှ လူများအားလုံး၏ ရင်ထဲတွင် ကြီးမားသောအန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရပြီး ထိုမီးတောက်ကို တစ်ခဏမျှပင်ထိမိပါက ပြာပုံဘဝသို့ ရောက်သွားရမည်ဖြစ်ကြောင်းကို ယုံကြည်နေကြတော့သည်။

တချိန်ထဲမှာပင် အထက်ကောင်းကင်ယံတွင် မိုးခြိမ်းသံများပေါ်ထွက်လာသည်။ ထိုမီးတောက်၏ ပေါ်ထွက်လာမှုကြောင့် ကောင်းကင်ယံတွင် လက္ခဏာတစ်ခုပင် ပေါ်လာပြီဖြစ်သည်။

လူတိုင်း၏ မျက်လုံးများမှာ ထိုမီးတောက်ကို မခွာတမ်းစိုက်ကြည့်နေကြသည်။ ထိုမီးတောက်မှာ မျက်စိကျိန်းစရာ အလွန်ကောင်းနေပြီး ရှိသမျှလူများ၏ အမြင်အာရုံကို ဖမ်းစားထားတော့သည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ခြေထောက်အောက်ရှိ မြေကြီးမှာ မီးတောက်၏ အပူချိန်ကို မတောင့်ခံနိုင်သည့်အလား အရည်များပျော်ကျလာတော့သည်။

သို့ရာတွင် ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှပင် ထိခိုက်မှုမရှိချေ။

မီးတောက်ထဲရှိ အရောင်များမှာ မြူးထူးခုန်ပေါက်နေကြသဖြင့် အရောင်အရေအတွက်ကို သေသေချာချာမြင်နိုင်ရန် ခက်ခဲနေသည်။ သို့သော်လည်း ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို မျက်လုံးပေါ်တွင်အာရုံစိုက်လိုက်ပါက ထိုမီးတောက်ထဲတွင် အရောင်ဆယ့်တစ်ရောင်ရှိနေသည်ကို မြင်နိုင်မည်ဖြစ်သည်။

အံ့သြဖွယ်ကောင်းသော… ဆယ့်တစ်ရောင်ခြယ်မီးတောက်ပင် ဖြစ်ချေသည်။

အရာအားလုံးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားကြပြီးနောက် ဘေးနားရှိလူအုပ်ကြီးထံမှ စိတ်လှုပ်ရှားစွာအော်ဟစ်သံများ၊ ချီးကျူးသံများနှင့် ဆူညံသွားတော့သည်။

" တကယ်ပဲ ဆယ့်တစ်ရောင်ခြယ်မီးတောက် လား။ ငါ့တစ်ဘဝလုံးမှာ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို တစ်ခါမှမမြင်ဖူးဘူးဟေ့ ''

" ဆယ့်တစ်ရောင်ခြယ်မီးတောက်ဟေ့။ ဆယ့်တစ်ရောင်ခြယ်မီးတောက်တဲ့ဟ။ မဟာအကြီးအကဲပိုင်က အောက်လမ်းဆရာသခင်အဆင့်မဟုတ်ပဲ မြေအောက်လမ်းဆရာအဆင့်ကို ရောက်သွားပြီဟေ့။ "

" မြေအောက်လမ်းဆရာဆိုတာ ဘယ်အောက်လမ်းဆရာမျိုးနွယ်စုကမဆို တရိုတသေ တလေးတစားနဲ့ ကြိုဆိုရတဲ့ လူစားမျိုးကွ။ သရဲကြီး မြို့တော်ထဲမှာဆိုရင်တောင် အဲဒီလိုကြိုဆိုခံရမှာ။ "

လူ့ဘီလူးများမှာ အလွန်အမင်း အံ့အားသင့်နေကြပြီး ဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်ကမူ ဆွံ့အနေကြတော့သည်။ သူတို့မှာ အသားများတဆတ်ဆတ်တုန်ရီကာ ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်သည့် အကြည့်များဖြင့်ကြည့်နေကြပြီး အချိန်မရွေး သတိလစ်သွားနိုင်သည့်အလား ခံစားနေရတော့သည်။

" မြေ..မြေအောက်လမ်းဆရာ၊ ဟုတ်လား "

" သူက မြေအောက်လမ်းဆရာတစ်ယောက်ပဲ။ "

အနည်းငယ် သတိပြန်လည်လာပြီးနောက် သူတို့နှစ်ယောက်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့လှဲချကာ ကြောက်ရွံ့လေးစားမှုများ ပြည့်နှက်နေသည့်နှလုံးသားများဖြင့် အရိုအသေပေးလိုက်ကြတော့သည်။ သူတို့အတွက်မူ မြေအောက်လမ်းဆရာတစ်ယောက်ဆိုသည်မှာ ခြေတစ်ချက်ဆောင့်လိုက်ရုံမျှဖြင့် ကမ္ဘာမြေကြီးကို တုန်ရီသွားစေနိုင်သည့် လူစားမျိုးဖြစ်နေသည်။

ထိုသို့သော လူစားမျိုးမှာ သူတို့၏ရှေ့တည့်တည့်တွင် ရပ်နေသည်။ ထို့နောက် သူတို့နှစ်ယောက်မှာ သူ့အား ဝိညာဥ်သိုလှောင်စေတီတော်ကိုပြန်ပေးရန် စောစောက အကြံပေးခဲ့မိသည်ကို ပြန်တွေးမိလိုက်သည်။ သူတို့သည် မသိမသာ အကြံပေးခဲ့သည်သာဖြစ်သော်လည်း ထိုသို့ပေးခဲ့မိသည်ဆိုသည့် အတွေးကြီးကြောင့် အလွန်အမင်း ကြောက်ရွံ့ကာ သွေးပျက်နေရတော့သည်။

သူတို့နှစ်ယောက်ပင် ထိုသို့ဖြစ်နေသည်ဆိုပါက လီဖုန်း၏ အမူအရာကို ဖော်ပြရန်ပင်မလိုတော့ပေ။ သူ၏မျက်လုံးများမှာ ဦးခေါင်ခွံထဲမှ ကျွတ်ကျလုမတတ် ပြူးနေပြီဖြစ်သည်။ ထို့အပြင် သူက တုန်တုန်ရီရီနှင့် လေပေါ်မှဆင်းလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။

" သခင်၊ စိတ်ထိန်းပါ "

သူက ကြောက်လန့်လွန်းနေသဖြင့် စိတ်ဝိညာဥ်ပင်လျှင်တုန်ရီနေပြီး ဖြူဆုတ်နေသည့်မျက်နှာဖြင့် ဆိုလိုက်တော့သည်။ သူဘယ်သောအခါမှ ရန်မစသင့်သည့်လူကို ရန်စမိလိုက်ပြီဖြစ်သည့်အတွက် ကြက်သီးမွေးညင်းများပင်ထလာရပြီး သူ့နှလုံးသားထဲတွင် ပူဆွေးသောကများနှင့် နောင်တပင်လယ်များ စီးဆင်းနေသည့်အလားပင်။

တချိန်ထဲမှာပင် ကြီးမြတ်လှသောအောက်လမ်းဆရာတစ်ယောက်မှာ ဝိညာဥ်သိုလှောင်စေတီတော်တစ်ခုကို ရရှိရန်အတွက်နှင့် လူမျိုးနွယ်စုအသေးလေးတစ်ခုအတွက် ဝိညာဥ်ဆေးဝါးများဖော်စပ်ပေးနေသည့်အချက်ကို သူကတွေးမိလိုက်သဖြင့် ဆွံ့အနေတော့သည်။

ကျိုးရီရှင်းမှာလည်း သူ့နည်းတူပင် အလွန်အမင်းအံ့အားသင့်နေပြီး အရောင်တောက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေသည်။ စောစောက သူသည် အနည်းငယ် သံသယရှိကာ ပိုင်ရှောင်ချန်းကို အထင်အမြင်သေးနေခဲ့ပါသော်လည်း ယခုတွင်မူ သူ၏ပုံစံအစစ်အမှန်ကို မြင်လိုက်ရပြီဖြစ်သဖြင့် ကျိုးရီရှင်း၏ စိတ်နှလုံးမှာ ချစ်ကြောက်ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဤအောက်လမ်းဆရာမှာ ယခင်က ဆယ့်တစ်ရောင်ခြယ်မီးတောက်တစ်ခုအား မဖန်တီးနိုင်ကြောင်းကို သူက သေချာသိသည်။ ထို့နောက် အချိန်တိုလေးတစ်ခုအတွင်း သူကထိုမီးတောက်ကို ပြီးပြည့်စုံစွာ အလွယ်တကူဖန်တီးပြလိုက်သည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ကျိုးရီရှင်းမှာ အလွန်အမင်းတုန်လှုပ်ကာ အံ့အားသင့်နေရပြီဖြစ်သည်။

ထို့အပြင် သူသည် မြေအောက်လမ်းဆရာတစ်ယောက်၏ နောက်လိုက်တစ်ယောက် ဖြစ်နေသည်မှာ ကံထူးခြင်းဖြစ်သည်ဟု မှတ်ယူလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ မီးတောက်များကို အလွယ်တကူ ဖော်စပ်နိုင်သည်ဆိုသည့်အချက်ကြောင့် ပို၍ပင်ကောင်းနေတော့သည်။ ဤ အောက်လမ်းဆရာပိုင် ဆိုသူမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ပါရမီပါသည်ဖြစ်ပြီး ကောင်းကင်အောက်လမ်းဆရာအဆင့်ထိပင် ရောက်နိုင်ခြေရှိနေသည်။ ကျိုးရီရှင်းမှာ သူ၏ပထမဆုံးနောက်လိုက်ဖြစ်နေသည့်အပြင် သူ၏နေရာကိုလုမည့်လူလည်း မရှိသဖြင့် သူ့အတွက်နေရာကောင်းရယူရန်မှာ ပို၍လွယ်ကူနေပြီဖြစ်သည်။

ထိုသို့ တွေးတောလိုက်ပြီးနောကိ ကျိုးရီရှင်း၏ စိတ်အားထက်သန်မှုများနှင့် ပိုင်ရှောင်ချန်းအပေါ်ကိုးကွယ်မှုများမှာ ပို၍ကြီးထွားလာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့အားကြည့်နေသည့်အကြည့်များထဲတွင် တစ်ခဏမျှ ပျော်မွေ့လိုက်ပြီး ချောင်းဟန့်ကာ လီဖုန်းကိုလှမ်းကြည့်လိုက်တော့သည်။

" ထားပါတော့။ ငါ့လို ကြီးကျယ်တဲ့လူတစ်ယောက်က မင်းလိုလူမျိုးကို ဒုက္ခပေးရလောက်အောင်ထိ မယုတ်မာပါဘူး။ ဒါပေမဲ့ မင်းလည်း ပါရမီနည်းနည်းပါတော့ သတိပေးလိုက်မယ်။ ငါက သိုသိုသိပ်သိပ် နေဆိုရင် နေလိုက်ကွာ ဟုတ်ပြီလား။ ငါ့ကိုပဲကြည့်။ ဘယ်လောက် အံ့သြဖို့ကောင်းတဲ့လူလဲ။ အဲဒါတောင် ငါ ကြွားကြွားဝါဝါနေတာ မင်းမြင်မိလား။ "

သူက ထိုသို့သင်ခန်းစာပေးကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို သူ၏ထည့်စရာအိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် သူက အင်္ကျီလက်ကိုခါကာ မေးငေါ့လိုက်ပြီး သူ၏အင်မော်တယ်ဂူထဲသို့ အေးအေးဆေးဆေးဖြင့် လမ်းလျှောက်ကာ သွားလိုက်တော့သည်။

လီဖုန်းမှာ စိတ်ထဲတွင် ခါးသက်စွာရယ်မောလိုက်တော့သည်။ သူ၏ အတွေးထဲတွင် ဤ ထိပ်တန်းအဆင့်သခင်ကြီးမှာ သူ့ကိုသူ သိုသိုသိပ်သိပ်နေသည်ဟု ဆိုနေပါက ထိုအရာ၏ ဆန့်ကျင်ဘက်မှာ မည်သည်ဖြစ်ကြောင်းကို သူက မသိတော့ပေ။ သို့သော် သူကထိုအတွေးများကို ထုတ်မပြောရဲပေ။ တချိန်ထဲမှာပင် သူက ကျိုးရီရှင်းအတိုင်း တွေးနေတော့သည်။

" ငါသာ ဒီ မြေအောက်လမ်းဆရာရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ပြီး လေ့လာမှတ်သားစရာတွေကို ဆည်းပူးနိုင်မယ်ဆိုရင် ငါတော့ကံထူးတာပဲ။ ပြီးတော့ ငါ့ကို အတတ်ပညာတချို့ကိုပါ သင်ပေးရင် ပိုတောင်ကောင်းဦးမယ်။ "

သင်းကွဲကျင့်ကြံသူတစ်ယောက်၏ ဘဝမှာ ကြမ်းတမ်းလှသဖြင့် လီဖုန်းလိုလူများအတွက် မြေအောက်လမ်းဆရာတစ်ယောက်ကို မြင်နိုင်သည့် အခွင့်အလမ်းမှာ အလွန်ရှားပါးသည်။ ထို့ကြောင့် သူက အံကြိတ်ကာ မည်သို့ပင်ဖြစ်စေ၊ မည်မျှပင်ဖားယားရသည်ဖြစ်စေ ဤအောက်လမ်းဆရာ၏ နောက်လိုက်တစ်ယောက် မဖြစ် ဖြစ်အောင် လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုအချိန်တွင် သူက ကျိုးရီရှင်းကို မသိမသာလှမ်းကြည့်ကာ တွေးလိုက်တော့သည်။

" ဒီကောင်က သူ့ရဲ့နောက်လိုက်ဖြစ်ပြီးသားနေမှာ။ ငါသူ့ထက်ပိုကောင်းအောင် ကြိုးစားရမယ်။ '

ကျိုးရီရှင်းမှာ လီဖုန်း၏အကြည့်ကို သတိထားမိလိုက်ပြီး သူတွေးနေသည့်အရာများကို သိလိုက်လေသည်။ ထို့ကြောင့် မကျေမနပ်ဖြင့် သတိကြီးကြီးထားရန် ပြင်လိုက်တော့သည်။

" ဒီကောင့်ရဲ့ အကျောကိုလုံးဝ ခံလို့မဖြစ်ဘူးဟေ့ "

သူတို့နှစ်ယောက်မှာ တစ်ယောက်မျက်လုံးထဲရှိ ရန်လိုနေသည့်အကြည့်များကို အခြားတစ်ယောက်က အတိုင်းသားမြင်နေရတော့သည်။

All Chapters