မျက်နှာဖုံးမှ တံဆိပ်တော်ဖျောက်ခြင်း
Vol. 6 Ch. 579
လီဖုန်းသည် ထွက်သွားမည့်အစား တောင်နက်မျိုးနွယ်စုတွင်နေရန် ရွေးချယ်လိုက်သည်။ သူက ပိုင်ရှောင်ချန်းဘေးတွင် ကုပ်ကပ်နေ၍ ငရဲပင်သွားရပါစေ ပိုင်ရှောင်ချန်း၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရန် အဆင့်သင့်ပင်။
ထိုကြောင့် ကျိုးရီရှင်းမှာ ဖိအားများနေပြီး သူကလည်း စိတ်အားထက်သန်မှုများနှင့် လေးစားကြည်ညိုမှုများတိုး၍ အလုပ်အကျွေးပြုစုနေလေသည်။
ပိုင်ရှောင်ချန်းက လီဖုန်းကို မောင်းမထုတ်ပေ။ ထိုအစား သူ့ကို မြှောက်ပင့်ကာ မျက်နှာလိုမျက်နှာရလုပ်နေသည့် လူနှစ်ယောက်ရှိသော ခံစားချက်တွင် သာယာနေတော့သည်။
" အီး ငါက တော်နေတာကိုး။ ငါဘယ်သွားသွား ငါ့ဘေးနားမှာ လူတွေ ဒူးထောက်ဝပ်တွားခယတော့တာပဲ။ အဲဒီလိုဆက်ဆံပုံတွေကို ငြင်းဆန်ဖို့ကလဲ တယ်ခက်သကိုး။ ငါ အင်မတန် သဘောထားကြီးနေမိတာထင်တယ်"
အမှန်ပင် လူ့ဘီလူးများသည် ယခင်ကထက် ပိုင်ရှောင်ချန်းကို အရူးအမူး ဖြစ်လာကြပြီး ဝိညာဥ်ကျင့်ကြံသူများမှာ သူ့ကို နတ်ဘုရားတစ်ပါးအလားပင် ဆက်ဆံနေကြလေပြီ။
မျိုးနွယ်စု၏ အင်အားစုများအားလုံးကို ပိုင်ရှောင်ချန်း၏ မည်သို့တောင်းဆိုချက်ကိုမဆို ဖြည့်ဆည်းပေးရန် အာရုံစိုက်ထားကြလေရာ သူ့အတွက် အလွန်အံအားသင့်ဖွယ်ကောင်းနေတော့သည်။။ တချိန်တည်းမှာပင် သူတို့အတွက် ဝိညာဥ်ဆေးဖော်ပေးရန် ကတိပေးထားသည်ကိုလည်း မမေ့ပေ။
သို့သော် အလုပ်စမလုပ်ခင် အချိန်ဆွဲကြန့်ကြာ၍မဖြစ်သည့် အလွန်အရေးကြီးသော အရာတစ်ခုကို သူ ပြုလုပ်ရဦးမည်ဖြစ်သည်။ ထိုညတွင် သူက သူ၏ကိုယ်ပွားသုံးယောက်ကို စောင့်ကြပ်ရန် အမှောင်ထုထဲ စေလွှတ်လိုက်ပြီးနောက် သူ၏ အင်မော်တယ်ဂူကို အချုပ်အနှောင်မန္တန်မြောက်မြားစွာဖြင့် ပိတ်လှောင်လိုက်သည်။ နောက်ဆုံးတွင် သူက တင်ပျဥ်ခွေထိုင်လိုက်ပြီး မျက်နှာဖုံးကို ဂရုတစိုက် ချွတ်လိုက်သည်။
မျက်နှာဖုံးချွတ်ပြီးနောက် သူက ဘေးပတ်လည်ကို နိုးနိုးကြားကြားကြည့်လိုက်သည်။ အပြင်ဘက်ရှိ သူ၏ ကိုယ်ပွားများသည်လည်း ထိုနည်းတူပင်။ ဘေးအန္တရာယ်ကင်းရှင်းကြောင်း သေချာသောအခါမှ ပိုင်ရှောင်ချန်းက အတန်ငယ် စိတ်သက်သာရသွားတော့သည်။
" ကဲအခုတော့ ငါ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ပြီဆိုတော့ အခုအချိန်က ဒီမျက်နှာဖုံးကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီး အထဲက တံဆိပ်တော်အမှတ်အသားကို ငါ့အမှတ်အသားနဲ့ အစားထိုးလို့ရမလား ကြည့်ကြသေးတာပေါ့ "
" ငါသာ အဲဒီလိုလုပ်ရင် ဘယ်သူမှ ဒီမျက်နှာဖုံးကနေ ငါ့ကိုရှာနိုင်မှာ မဟုတ်တော့ဘူး "
သူ့ မျက်လုံးများ တဖျပ်ဖျပ်လက်နေပြီး လိပ်ဒယ်အိုးကို ဆွဲထုတ်ကာ တစ်ရောင်ခြယ် မှ ဆယ့်တစ်ရောင်ခြယ်မီးတောက်အထိ အကုန်လုံးပြင်ဆင်လိုက်သည်။ ပထမဆုံး စိတ်စွမ်းအင်ဆယ်ဆမြှင့်တင်ခြင်း ပြုလုပ်ပြီးနောက် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဒယ်အိုးထဲ ထည့်လိုက်၏။
ချက်ချင်းပင် ဒယ်အိုးမှ စူးရှတောက်ပသော ရွှေရောင်အလင်းများဖြာထွက်လာရာ အင်မော်တယ်ဂူတစ်ခုလုံး ပြည့်လျှံသွားတော့သည်။ ထိုရွှေရောင်အလင်းအတွင်း အသက်ဝင်နေသော စွမ်းအင်သည် ပိုင်ရှောင်ချန်းကို အလွန်အမင်း တုန်လှုပ်သွားစေလေသည်။
ကံကောင်းထောက်မစွာ ဤသည်မှာ သူ၏ပထမဆုံးအကြိမ် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို သုံးခြင်းမဟုတ်ပေ။ နတ်မီးလျှံစမ်းသပ်ပွဲ၏ ပုံရိပ်ယောင်ကမ္ဘာတွင် ထိုနည်းတူ ပြုလုပ်ခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် သူ၏ချီများကို နေသားတကျဖြစ်အောင်လုပ်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ လိပ်ဒယ်အိုးမှ ရွှေရောင်အလင်းအားလုံးကို စုပ်ယူပြီးသည် အထိ စောင့်လိုက်သည်။ အချိန်ကျလာသောအခါ ဒယ်အိုးထဲ မျက်နှာဖုံးကို ထည့်လိုက်လေသည်။
" သေချာပေါက် အလုပ်ဖြစ်မှာပါ "
မျက်နှာဖုံးက လွန်စွာအရေးကြီးလေရာ ပိုင်ရှောင်ချန်းမှာ မည်သို့ဖြစ်ပေါ်လာမည်ကို ရင်တမမဖြစ်နေ၏။သူ၏မျက်လုံးများသည် မျက်နှာဖုံးကမခွာပေ။ ရွှေရောင်အလင်းများသည် ပို၍စူးရှတောက်ပလာပြီး အကန့်အသတ်မဲ့ကာ မရေမတွက်နိုင်သော ရွှေမျှင်လေးများအသွင်ပြောင်းသွားပြီး မျက်နှာဖုံးပေါ်တွင် စုဆုံသွားသည်။
ထို့နောက် ထိုရွှေမျှင်လေးများက မျက်နှာဖုံးကို ဖုံးအုပ်လာရင်း အလျင်အမြန် အတူတကွပေါင်းစပ်လာရာ အင်မော်တယ်ဂူထဲတွင် ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။ နောက်ဆုံး၌ သူ၏မျက်စိရှေ့တည့်တည့်တွင် မျက်နှာဖုံး... အရည်ပျော်လာလေပြီ။
အချိန်အနည်းငယ်အတွင်း ၄င်းသည် သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်ခုကို ထုတ်လွှတ်ပေးနေသည့် နို့နှစ်ရောင်အရည်တစ်ခုအသွင်ပြောင်းသွားခဲ့လေရာ ပိုင်ရှောင်ချန်းမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။
" ဆယ့်တစ်ကြိမ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက ပစ္စည်းတစ်ခုကို သူရဲ့အနှစ်သာရကို ပြန်ရောက်သွားစေတယ်။ ဟိုသစ်ရွက်က သစ်ပင်တစ်ပင်ပြောင်းသွားခဲ့ပေမယ့် ဒီမျက်နှာဖုံးကကျ.....ရေမွှေးတစ်စက်ဖြစ်လာပါလား "
နို့နှစ်ရောင်အရည်သည် လျှပ်တပြက်အတွင်း ဖျော့တော့သော အလင်းများဖြင့် တောက်ပနေသည့် ပုလဲတစ်လုံးအဖြစ် ပြောင်းသွားလေသည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုပုလဲ၏ မျက်နှာပြင်ပေါ်တွင်...... ရွှေအမှတ်အသားတစ်ခု။
လိပ်ဒယ်အိုး မည်းမှောင်သွားစဥ် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာ၏။ နောက်ဆုံးတွင် သူက ပုလဲကို ကောက်ယူလိုက်ချိန် ၄င်း၏အတွင်းထဲမှာ စိတ်လှည့်စားခြင်းစွမ်းအားပါဝင်နေသည့် အငွေ့အသက်တစ်ခုကို အာရုံရလိုက်သည်။
ထိုအငွေ့အသက်ကို အာရုံရလိုက်ရုံမျှနှင့် သူ့ဘေးပတ်လည်ကို ပုံရိပ်ယောင်ကမ္ဘာတစ်ခုဝန်းရံလိုက်သည့်အလား ရုတ်တရက် ခံစားလိုက်ရလေသည်။ သူက အင်မော်တယ်ဂူထဲတွင် မဟုတ်တော့ဘဲ အင်မော်တယ်တောင်များ၊ အင်မော်တယ်ကြိုးကြာများ၊ ဝိညာဥ်ပန်းများနှင့် စိတ်တန်ခိုးမြူများ ပြည့်နှက်နေသည့်ကောင်းကင်ဘုံသို့ ေရာက်နေသည်။ ၄င်းမှာ အစစ်လော အတုလော ပြောရခက်လေသည်။
ကံကောင်းထောက်မစွာ ထိုစိတ်အာရုံသည် အလျင်အမြန် ပျောက်ပြယ်သွားပြီး သူ ပြန်သတိရ လာသည်။ ထို့နောက် သူ့လက်ထဲတွင် ကိုင်ထားသည့် ပုလဲကို သိချင်စိတ်ပြင်းပြစွာ ငုံကြည့်လိုက်သည်။
"ဒါ စိတ်လှည့်စားခြင်း စွမ်းအားက အရင်မျက်နှာဖုံးထက် တော်တော်လေးသာတာပဲ။ အချိန်ပေးပြီး လေ့လာရင် ကွဲပြားချက်တွေတောင် တွေ့လာနိုင်တယ် "
သူသည် ရင်တဒိန်းဒိန်းခုန်နေပြီး မည်သည့်တံဆိပ်တော်အမှတ်အသားများ မပါကြောင်း သေချာစေရန် ပုလဲကို သေချာစစ်ဆေးလိုက်သည်။ ထို့နောက်မှသာလျှင် သူ၏ ကိုယ်ပိုင် တံဆိပ်အမှတ်အသားကို နေရာချလိုက်လေသည်။
သူနှင့် ၄င်းအကြား ချိတ်ဆက်မှုတစ်ခု ဖန်းတီးလိုက်သောကြောင့် ပုလဲဖြူဖြူသည် လက်ခနဲဖြစ်သွား၏။
"အလုပ်ဖြစ်တယ်။ ဒီမျက်နှာဖုံးနဲ့ တစ်ခါမှ ဒီလိုမခံစားရဖူးဘူး"
ပိုင်ရှောင်ချန်းက အားပါးတရရယ်ရင်း ပုလဲကို သူ့နဖူးပေါ်သို့ ဖိချလိုက်ရာ ၄င်းသည် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ အချိန်အနည်းငယ်ကြာသော် သူ၏ မျက်နှာသွင်ပြင်မှာ မှုန်ဝါးဝါးဖြစ်လာပြီးနောက် ပိုင်ဟောက်မျက်နှာအသွင် ပြန်ပြောင်းသွား၏။
ဤအချိန်တွင် သူ၏ မျက်နှာဖုံးရုပ်ဖျက်ခြင်း၌ ကွဲလွဲမှု အနည်းငယ်မျှပင် မရှိတော့ပေ။ သူ၏ ဝိညာဥ်အငွေ့အသက်များဖြစ်စေ၊ သို့မဟုတ် သူ၏ အခြားလက္ခဏာများဖြစ်စေ သူက ပိုင်ရှောင်ချန်းဖြစ်သည်ဆိုသော သက်သေမြူမှုန်ပင်မကျန်ခဲ့ပေ။
အရင်က နတ်ဘုရားတစ်ပိုင်းများကဲ့သို့ အစွမ်းထက်သော လူများသည် မျက်နှာဖုံးကြောင့် ဖြစ်သည့် မူမမှန်မှုအချို့ကို သတိပြုနိုင်ခဲ့သည်။ သို့သော် ယခုတွင် နတ်ဘုရားတစ်ပိုင်းပင်လျှင် သဲလွန်စတစ်ခုတစ်လေပင် ရမည်မဟုတ်ပေ။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ယခင်တံဆိပ်နှိပ်အမှတ်အသားကို ဖယ်ရှား၍ သူ့ကိုယ်ပိုင်ဖြင့် အစားထိုးခြင်းဖြင့် မျက်နှာဖုံးကို ပုလဲတစ်လုံးအဖြစ် ပြောင်းပစ်လိုက်သည့် အခိုက်အတန့်တွင် မြေရိုင်းဒေသမှ များစွာကွာဝေးသော နေရာတစ်နေရာ၌ တစ်စုံတစ်ခု ဖြစ်ပျက်သွားလေသည်။
ထိုနေရာတွင် ကြီးမားကျယ်ပြောပြီး ရွှေရောင်အတိပြီးသော အံ့သြတုန်လှုပ်ဖွယ် မြို့တော်တစ်ခုရှိသည်။ ၄င်းသည် ပတ်ဝန်းကျင်တစ်ခွင်ရှိ အရာမှန်သမျှကို ဖိနှိပ်ချုပ်ချုပ်နိုင်သည့် ပြင်းထန်သောစွမ်းအားများ ထုတ်လွန်နေသော ရွှေနဂါးကြီးတစ်ကောင်နှင့်တူလေသည်။
ထိုမြို့တော်မှာ....... ဗဟိုဧကရာဇ် မြို့တော်မှ လွဲ၍ တခြားမဟုတ်ပေ။
ဗဟိုဧကရာဇ်မြို့တော်၏ အလယ်ရှိ လေထဲတွင် မျောလွင့်နေသော တိပ်တိမ်တိုက်ကြီးများ ပြည့်နေသည့် နေရာတစ်ခုရှိသည်။ ထိုတိမ်တိုက်ကြီးများအတွင်း၌ ကိုယ်ပိုင်မြို့တစ်မြို့ရှိဟန်တူလေသည်။ ၄င်းသည်...... ေတာ်ဝင်နန်းတော်နေရာပင်ဖြစ်၏။
နန်းတော်ထဲရှိ အလွန်တောင်ပြောင်စွာ တန်ဆာဆင်ထားသော ခန်းမတစ်ခုတွင် အဖိုးအိုတစ်ယောက်က တင်ပျဥ်ခွေလျက်တရားထိုင်နေသည်။ သူက အဖိုးတန်အဝတ်အထည်များ ဝတ်ဆင်ထားးပြီး ဒေါသမထွက်ဘဲ သူ့ခြေဖဝါးအောက်ဝယ် ပြားပြားဝပ်လာစေနိုင်သည့် လူစားမျိုးပင်။ သူက စကားတစ်ခွန်းနှင့် လူသန်းပေါင်းများစွာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သော အလွန်မြင့်မားသော ရာထူးကို သိမ်းပိုက်ထားလေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံသည် နက်နဲဆန်းကြယ်၍ နားလည်ရခက်ပြီး ခပ်ဝေးဝေးမှပင်လျှင် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
တံဆိပ်တော်အမှတ်အသား မျက်နှာဖုံးမှ ဖယ်ရှားခံလိုက်ရသည့် အခိုက်အတန့်တွင် အဖိုးအို၏ မျက်လုံးများ ပွင့်သွားရာ ရွှေရောင်အလင်းမျာ ဖြာထွက်လာတော့သည်။ ထိုမျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်သည့် မည်သူမဆို အမြုတေထဲထိ တုန်ခါသွားမည်ဖြစ်သည်။ အဖိုးအို၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များ တလိပ်လိပ်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တော်ဝင်နန်းတော်တစ်ခုလုံး တုန်ခါလာတော့သည်။
" သွားပြီ "
သူက မျက်မှောင်ကြုတ်ရင်း ရွေရွတ်လိုက်သည်။ တခဏကြာသော် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတော်၏ ပင်မတံခါးသည် အသံပင်မထွက်ဘဲ ပွင့်သွားပြီး သက်လတ်ပိုင်းလူတစ်ယောက်ပေါ်လာသည်။ သူက ဦးညွှတ်အရိုအသေပေးကာ အထဲဝင်လာ၏။
" မဟာကောင်းကင်းသခင်ခင်ဗျား၊
အရှင်မင်းကြီးက စောစောက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားပါတယ်။ သူက ကျုပ်လိုအညတရ အစေခံကို လာပြီး ဘယ်အရာက ခင်ဗျားဒေါသကို ဆွပေးလိုက်တာလဲ မေးခိုင်းလိုက်လို့ပါ"
" အရှင်မင်းကြီးက သိပ်စိတ်ပူတတ်ပုံပဲ" အဖိုးအိုက ပြန်ဖြေသည်။
" အခု ငါပြန်စဥ်းစားကြည်တော့ သူအတွက် တံခါးပိတ်ကျင့်ဖို့ အချိန်ကောင်းပဲ။ ဒါမှ ကျင့်ကြံခြင်းအခြေခံလေး နည်းနည်းပါးပါတက်လာပြီး သတ္တိရှိလာမှာ။ အရှင်မင်းကြီးကို တံခါးပိတ်ကျင့်စဥ် ဆယ်နှစ်ကျင့်ဖို့ ေပြာလိုက်။ "
ထို့နောက် အဖိုးအိုက မျက်လုံးမှိတ်သွားလေသည်။
သရဲကြီးမြို့ အနားရှိ တောင်နက်မျိုးနွယ်စုတွင် ပိုင်ရှောင်ချန်းသည် သူ့မျက်နှာသူကို တွေ့ထိခံစားကြည့်နေလေသည်။ သူက ကျေနပ်နေရင်း သူ၏ ကိုယ်ပွားသုံးယောက်ကို ပြန်ခေါ်ပြီးနောက် ဝိညာဥ်သိုလှောင်စေတီကို အတန်ငယ်လေ့လာပြီးနောက် အမုန်းဝိညာဥ်များစွာအား ဆင့်ခေါ်လိုက်သည်။
ထို့နောက် သူက လက်ကို ဝှေ့ယမ်း၍ လက်ချောင်းများကို အတူတကွဖိချလိုက်ရာ ဆွဲအားနှင့်တူသော အရာတစ်ခုပေါ်ထွက်လာကာ ဝိညာဥ်များစွာကို သူ့လက်ဖဝါးပေါ်တွင် စုပေါင်းသွားစေတော့သည်။ သူတို့ တစ်ရောင်ခြယ်မီးတောက် ဖြစ်သွားစဥ် သူက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်တွင် မီးတောက်သည် သလင်းကျောက်အစိတ်အပိုင်းကဲ့သို့သော အရာတစ်ခု ပြောင်းသွားလေသည်။
" ဒီတော့ ဒါက ဝိညာဥ်ဆေးလား"
ပိုင်ရှောင်ချန်းက သလင်းကျောက်ကို ဖမ်းလိုက်ပြီး ၄င်းထံမှလာနေသော ဝိညာဥ်စွမ်းအား အငွေ့အသက်များကို ချက်ချင်း အာရုံရလိုက်လေသည်။ ထို့နောက် သူက ပို၍နီးကပ်စွာ လေ့လာလိုက်သည်။
" တော်တော်လေး ရိုးရှင်းပုံပဲ။ မီးတောက်ထဲမှာ အရောင်ဘယ်နှရောင်ရှိနေလဲဆိုတဲ့ အခက်အခဲတစ်ခုပဲရှိတာ။ ဒါကြောင့် မီးတောက်ဖန်တီးနိုင်တဲ့လူတွေပဲ ဝိညာဥ်ဆေးဖော်စပ်နိုင်တာပါလား။ အင်း သိချင်လိုက်တာ..... တကယ့်ဆေးဖော်တဲ့ နည်းလမ်းကိုသုံးနိုင်ရင် ဝိညာဥ်ဆေး ပိုပြီးကောင်းလာမလား"
အတန်ငယ်တွေးပြီးနောက် သူက ဆေးပေါင်းဖိုတစ်လုံးကို ထုတ်ကာ ဝိညာဥ်ဆေးကို အထဲပစ်ထည့်လိုက်ပြီး သူသိသည့် ဆေးဖော်နည်းအချို့ကို သုံးလိုက်လေသည်။
သို့သော် မည်သို့မျှ ဖြစ်မလာ။ ပိုင်ရှောင်ချန်းက ဆေးလုံးအချို့ကိုပင် ထုတ်ကာ ဝိညာဥ်ဆေးနှင့် ပေါင်းစပ်ကြည့်သေးသည်။ အပင်နှင့်အသီးအရွက်များပင်ထည့်ပြီး အတော်အတန် အားစိုက်ထားပါသော်လည်း နောက်ဆုံး၌ မထူးခြားနားပင်။
" အင်း အလုပ်မဖြစ်ပါလား။ ဒါက ဝိညာဥ်ဆေးထဲကို ဆေးမြူနည်းနည်းထပ်ပေးပေမဲ့ ဘာမှလဲ ဖြစ်မလာဘူး။ ကျင့်ကြံခြင်းကို အထောက်အပံပေးဖို့ ရင်းမြစ်တွေ ဖြန်းတီးလွန်းရာရောက်တယ်။ မတန်ဘူး... ဒါပေမဲ့လဲ အဆိပ်ပစ္စည်းတွေ ထည့်လိုက်ရင် နည်းနည်းလေးများ သက်ရောက်မှုရှိသွားမလား "
အဆုံးသတ်၌ သူလက်လျှော့လိုက်တော့သည်။ နှမြောစရာကောင်းသည့်ပုံပေါ်သော်လည် ဝိညာဥ်ဆေးကို များစွာ မပြောင်းလဲ သွားပေ။ အမှန်တွင် မဟာအကြီးအကဲ မှော်ဆေးပညာရှင်များသာ အတွင်းရှိ ပြောင်းလဲမှုအနည်းအကျဥ်းကို သတိထားနိုင်မည်ဖြစ်သည်။ သို့သော်လည်း မြေရိုင်းဒေသသည် ဆေးပင်ဆေးရွက်များ လုံးဝဥဿုံကင်းမဲ့ကြောင်း ထည့်တွက်လိုက်ပါက အကုန်လုံး ယုတ္တိရှိနေသည်။