← Chapters

မင်းကို သင်ခန်းစာတစ်ခု ပေးမလို့

Vol. 167 Ch. 2491

မင်းကို သင်ခန်းစာတစ်ခု ပေးမလို့

Vol. 167 Ch. 2491

“မင်း…”

ရှဲ့ချင်းချန်က ထိုစကားကိုကြားသောအခါ သူက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူ၏ ချောမောလှပသောမျက်နှာက ကြောက်မက်ဖွယ်ရာကောင်း၍ သူ၏ အကြည့်က ကြမ်းကြုတ်ခက်ထန်လာ၏။ သူက မင်းသားယီချိုးကို အရှင်လတ်လတ် အရေခွံဆုတ်ချင်နေသည့်အလားပင်။

သူ့အမေသည် အမြဲတမ်း သူ၏ ဘက်ပြန်ကြေးခွံ ဖြစ်လေသည်။

သူသည် မင်းသားယီချိုးထံမှ မည်သည့်ဆူပူအော်ငေါက်မှုကိုမဆို သည်းခံနိုင်၏။

သို့သော်လည်း သူ့အမေကို စော်ကားပြောဆိုလာပြီးနောက် သူ၏ သွေးက တလိပ်လိပ်ထိုးတက်လာပြီး သူက မင်းသားယီချိုးကို တိုက်ခိုက်ချင်လေသည်။

“မင်းသား စိတ်ကိုလျှော့ပါ”

သူ၏ နောက်ဘက်မှ ကောင်းကင်အင်မော်တယ်ယွီယင်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ရှဲ့ချင်းချန်၏ လက်ကို တင်းကျပ်စွာ ဖမ်းဆွဲလိုက်၏။ သူက အသံနှိမ့်၍ ပြောလိုက်လေသည်။

“မင်းသား စိတ်ကိုလျှော့ပါ… တစ်ဖက်လူက အရေအတွက် အားသာချက်ရှိနေတယ်… သူတို့မှာ ဓားအင်မော်တယ်ဖီဟန်လို ပညာရှင်တစ်ဦးလည်း ရှိနေတယ်… သူတို့ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး”

ရှဲ့ချင်းချန်၏ လက်က အနည်းငယ်တုန်ယင်နေပြီး သူ၏ လက်သီးကို တင်းတင်းဆုပ်ထား၏။ သူ၏ လက်သည်းများက သူ၏ အသားကို ထိုးဖောက်သွားသည်ကိုပင် သူသတိမထားမိပေ။

“ညီအစ်ကိုရှဲ့… ကျုပ်တို့ဒီနေရာမှာ တိုက်ခိုက်လို့ရလား”

ရုတ်တရက် ဆူဇီမိုက အသံတစ်ခုကို ပို့လွှတ်ပေးလိုက်သည်။

ရှဲ့ချင်းချန်က ခဏမျှ မှင်တက်သွားပြီးနောက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်လိုက်၏။

သူက ဆူဇီမိုကို စိုးရိမ်ပူပန်သော၊ စိတ်လှုပ်ရှားသော၊ မျှော်လင့်စောင့်စားမိသော အကြည့်ဖြင့်ကြည့်ပြီး အသံတစ်ခုကို ခပ်မြန်မြန်ပို့လွှတ်လိုက်၏။

“ခင်ဗျား တိုက်ခိုက်လို့ရတယ်… တစ်ယောက်ယောက် မသေသရွေ့ပေါ့”

မည်သို့ပင်ဆိုစေ ဤနေရာက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်ဖြစ်၏။ ဆူဇီမိုသည် မင်းသားယီချိုးကို သတ်ဖြတ်လိုက်မည်ဆိုလျှင် ပြဿနာများစွာတက်ပေလိမ့်မည်။

အဲဒါက ရှဲ့ချင်းချန် မတွေ့မြင်လိုသော တစ်စုံတစ်ရာလည်းဖြစ်၏။

ကောင်းကင်အင်မော်တယ်ဖီဟန်သည် အန္တရာယ်ကို ယခုချိန်ထိ မသိရှိသေးပေ။ သူ၏ နှုတ်ခမ်းက ကွေးညွှတ်သွားပြီး သူက လှောင်ရယ်လိုက်၏။

“ဆူဇီမိုကလည်း နိမ့်ကျသက်ရှိလို့ ငါကြားထားတယ်… သူက ကြွက်တစ်ကောင်လို သတ္တိကြောင်နေတာ မထူးဆန်းတော့ဘူး… ပြီးခဲ့တဲ့နှစ်ထဲမှာ သူက ဘယ်စိန်ခေါ်မှုကိုမှ လက်မခံရဲခဲ့ဘူး”

“ဟေ့..”

အစကတော့ ဆူဇီမိုက သူ၏ စိတ်သည် တခြားတစ်နေရာသို့ ရောက်ရှိနေသည့်အလား ခေါင်းငုံ့ထားလေသည်။ သို့သော်လည်း ကောင်းကင်အင်မော်တယ်ဖီဟန်က ထိုသို့ပြောလိုက်သည့် ချက်ချင်းမှာပင် သူက ရုတ်တရက်ခေါင်းမော့ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ မိုးကြိုးလျှပ်စီးကဲ့သို့ သူက မင်းသားယီချိုးနှင့် ကောင်းကင်အင်မော်တယ်ဖီဟန်ကို ကြည့်လိုက်လေသည်။

ရုတ်တရက် သူတို့နှစ်ယောက်သည် ကြက်သီးမွေးညင်းများ ထလာခဲ့၏။

ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် လောကရှိ အကြမ်းတမ်းဆုံး သားရဲတောကောင်၏ ပစ်မှတ်ထားခြင်းခံရပြီး နောက်ခဏ၌ အပိုင်းပိုင်းဆုတ်ဖြဲခံရတော့မည့်အလား ထင်ယောင်မိလာသည်။

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့ရှေ့မှာ ပုံရိပ်တစ်ခု ဖျပ်ခနဲလက်သွားပြီး ဆူဇီမိုက အနားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

အဲဒါက အရမ်းကို မြန်ဆန်လေသည်။

ဖြောင်း…

ဆူဇီမို၏ လက်ဖဝါးက မင်းသားယီချိုး၏ ပါးပြင်ပေါ်သို့ ချက်ချင်းပင် ကျဆင်းသွား၏။

မင်းသားယီချိုး၏ ဝဖိုင့်သောခန္ဓာကိုယ်က ဆူဇီမိုထံမှ ရိုက်ချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွား၏။

သူက လူအုပ်ကြားထဲသို့ ပြင်းထန်စွာ ပစ်ကျသွားပြီး သူ၏ မျက်နှာတစ်ခြမ်းက စုတ်ပြတ်သတ်နေ၏။

“မင်းသား…”

ကောင်းကင်အင်မော်တယ်ဖီဟန်က ထိတ်လန့်သွားပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူ၏ နှင်းခဲတွန်းလှန်ဓားကို ဆွဲထုတ်လိုလေသည်။

သို့သော်လည်း ဆူဇီမိုက မင်းသားယီချိုးကို ရိုက်ချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားစေပြီးနောက် ထိုသူ့နောက်သို့ ပြေးလိုက်သွားခြင်းမရှိဘဲ လက်ပြန်ပစ်ရိုက်လိုက်၏။

နှင်းခဲတွန်းလှန်ဓားက ဓားအိမ်ထဲကနေ တစ်ဝက်သာ ထွက်လာသေးပြီး ဆူဇီမို၏ ပြန်တွန်းထည့်ခြင်း ခံလိုက်ရ၏။ ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ ရင်ဘတ်ကို တံတောင်ဖြင့် ပစ်တိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကို လှုပ်ခါပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ မေးစေ့ကို ပင့်ရိုက်လိုက်လေသည်။

ဖောင်း…

တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်အင်မော်တယ်ဖီဟန်၏ ရင်ဘတ်က ဆူဇီမို၏ တံတောင်တိုက်ချက်ဖြင့် ပေါက်ထွက်သွားပြီး သူ၏ နှလုံးက စုတ်ပြဲကာ သွေးများက ပန်းထွက်လာ၏။

ထိုတံတောင်ရိုက်ချက်က ဧရာမမြားတစ်လက်ကဲ့သို့ဖြစ်သည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မာကြောမှုနှင့်အတူ ကောင်းကင်အင်မော်တယ်ဖီဟန်၏ ခန္ဓာကိုယ်က အဲဒါကို လုံးဝခံနိုင်ရည်မရှိဘဲ စက္ကူရွက်တစ်ရွက်ကဲ့သို့ဖြစ်နေ၏။

သူ၏ နှလုံးက ကြေမွသွားပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ သွေးချီက လျင်မြန်စွာလျော့ကျလာ၏။

ဘန်း…

တစ်ချိန်တည်းနီးပါးမှာပင် ကောင်းကင်အင်မော်တယ်ဖီဟန်၏ မေးစေ့သည် ဆူဇီမို၏ လက်ပြန်ရိုက်ချက်ဖြင့် ကျိုးကြေသွားလေသည်။

သူ၏ ဦးခေါင်းတစ်ခုလုံးက နောက်ပြန်လန်ကျသွားပြီး အက်ကွဲသံတစ်ခုနှင့်အတူ သူ၏ ကျောရိုးက ကျိုးထွက်သွားလေသည်။ သူ၏ ဦးခေါင်းက အလွန်တရာ ကြောက်စရာကောင်းသော ပုံစံဖြင့် သူ၏ နောက်ကျောဘက်ကို လည်ကျသွား၏။

ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက အလွန်တရာ ကြမ်းကြုတ်ခက်ထန်ပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ ကျွမ်းကျင်မှုက သူ၏ ဓားနည်းစနစ်များမှာသာ ဖြစ်လေသည်။

နောက်ဆုံးမှာတော့ ဆူဇီမိုက လက်ဦးမှုရယူခဲ့ပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ တိုက်ခိုက်ရေးခွန်အားသည် သူ့ဓားကို ဆွဲမထုတ်နိုင်ခင်မှာပင် ဖျက်ဆီးခံလိုက်ရလေသည်။

ဆူဇီမိုထံမှ ထိုလှုပ်ရှားကွက်တစ်ကွက်က သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေ၏။

ဆူဇီမိုသည် အသာစီးရရှိလာပြီးနောက် မည်သည့် သနားညှာတာမှုကိုမှ မပြသပေ။

သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ မျက်နှာကို သူ၏ လက်ဖဝါးဖြင့် အုပ်မိုးလိုက်၏။ သိပ်သည်းပြင်းထန်သော အမြုတေချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်လေသည်။

သူသည် ကောင်းကင်အင်မော်တယ်ဖီဟန်၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်ကို တစ်ခါတည်း ဖြတ်တောက်ပစ်လိုက်၏။

“ဆူ… ဆူဇီမို… မင်းဘာလုပ်နေတာလဲ”

ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံလိုက်ရသောအခါ သူက ထိတ်လန့်တကြားဖြစ်လာ၏။

တစ်ခဏချင်းမှာပင် သူ၏ အသက်က တခြားသူ၏ လက်ထဲကို ကျရောက်သွားခဲ့လေပြီ။

“ဘာရယ်မဟုတ်ပါဘူး”

ဆူဇီမို၏ လေသံက တည်ငြိမ်နေပြီး သူက မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းကို သင်ခန်းစာတစ်ခု ပေးဦးမှပဲ”

ဆူဇီမိုက သူ၏ လက်ဖဝါးကို အနည်းငယ်စုလိုက်ပြီး ကောင်းကင်နှင့်မြေကြီ်အမြုတေချီ၏ သိပ်သည်းကြီးမားသော ပမာဏတစ်ခုက ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်ကို ကန့်သတ်ချည်နှောင်ထားသော နေရာလွတ်တစ်ခု ဖြစ်ပေါ်လာစေ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ဓမ္မပညာရပ်တစ်ခုကို ထုတ်လွှတ်လိုက်၏။ သူ၏ လက်ညှိုးကို ညင်သာစွာ လှုပ်ခါလိုက်စဉ် နို့နှစ်ဖြူရောင်မီးတောက်တစ်ခုက ကောင်းကင်အင်မော်တယ်ဖီဟန်၏ ပျက်စီးထိခိုက်သွားသော ခန္ဓာကိုယ်အပေါ် ဆင်းသက်သွားလေသည်။

ဝှစ်….

တောင်ပိုင်းမင်းလီမီးက လျင်မြန်စွာ လောင်ကျွမ်းလာပြီး ကောင်းကင်အင်မော်တယ်ဖီဟန်၏ ခန္ဓာကိုယ်က လူပုံသဏ္ဌာန် မီးလုံးတစ်လုံးဖြစ်လာခဲ့၏။

ဆူဇီမို၏ လက်ထဲမှာ ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရရှိသွား၏။ သူ၏ သွေးချီက အားနည်းလာပြီး သူက တောင်ပိုင်းမင်းလီမီး၏ လောင်ကျွမ်းမှုကို လုံးဝမခုခံနိုင်ပေ။

တစ်ခဏချင်းမှာပင် ကောင်းကင်အင်မော်တယ်ဖီဟန်၏ ခန္ဓာကိုယ်က လောင်ကျွမ်းပြာကျသွား၏။

“မင်း… မင်း ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တာပဲ”

ကောင်းကင်အင်မော်တယ်ဖီဟန်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ကောင်းကင်အင်မော်တယ်များသည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည့်အခါ သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးချနိုင်၏။

သို့သော် ယခုအခါ ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်ဖီဟန်၏ အသွေးအသားကို မီးတောက်တစ်ခုနှင့်အတူ လောင်ကျွမ်းပြာချပစ်လိုက်၏။ သူက သွေးတစ်စက်ကို ထုတ်ဖော်ဖို့ အခွင့်အရေးပင် မရှိတော့ပေ။

ကျင့်ကြံရေးလောကမှာ သင့်လျော်သော ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့ဖို့က အင်မတန် ခဲယဉ်းလေသည်။

ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဆူဇီမို၏ လက်ဖဝါးထဲမှာ အခြေအနေမကောင်းလှပေ။

သူ့အမြုတေစိတ်ဝိညာဉ်က အရောင်မှေးမှိန်လာပြီး အလွန်တရာ အားနည်းလာခဲ့၏။

“ဆူဇီမို… မဟုတ်ဘူး… တာအိုရောင်းရင်းဆူ… ကျေးဇူးပြုပြီး ကျုပ်… ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ”

ကောင်းကင်အင်မော်တယ်ဖီဟန်က အမှန်တကယ်ပင် ကြောက်ရွံ့ထိတ်လန့်လာပြီး ခါးသက်စွာ အသနားခံတောင်းပန်လိုက်၏။

“ကြည့်ရတာ မင်းမှာလည်း သတ္တိသိပ်မရှိတဲ့ပုံပါပဲ”

ဆူဇီမိုက သွားဖြဲလိုက်ပြီး သူ့လက်ထဲရှိ ကောင်းကင်အင်မော်တယ်ဖီဟန်၏ အမြုတေစိတ်ဝိညာဉ်ကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။ ရှဲ့ချင်းချန်၏ ညွှန်ကြားမှုနှင့်အတူ သူက နန်းတော်ရှေ့မှာ မည်သူ့ကိုမှ သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်အင်မော်တယ်ဖီဟန်က ရှင်သန်နိုင်ခဲ့သော်လည်း သူက ဒုက္ခိတတစ်ယောက်နှင့် မကွာခြားတော့ပေ။

သူသည် ဤနေရာမှာ ဆက်မနေရဲတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပျံသန်းသွားပြီး သိပ်မကြာခင် ပျောက်ကွယ်သွား၏။

ရှဲ့ချင်းချန်နှင့် တခြားသူများက ကြောင်အ,မှင်တက်နေကြသည်။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့် ၆၇၊ ကောင်းကင်အင်မော်တယ်ဖီဟန်…။ သူက တုံ့ပြန်တိုက်ခိုက်ဖို့ပင် အခွင့်အရေးမရဘဲ ဒီလိုပုံစံမျိုး ရှုံးနိမ့်သွားတာလား…။

“အောက်ဘုံလောကက ခွေးကောင်… မင်း ငါ့ကို ဘယ်လိုတောင် ချောင်းမြောင်းတိုက်ခိုက်ရဲတာလဲ”

မင်းသားယီချိုးက ပြန်ထလာခဲ့ပြီဖြစ်၏။ သူက ချက်ချင်းနောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူသည် ဆူဇီမိုကို စူးစူးရဲရဲစိုက်ကြည့်ပြီး အံကိုကြိတ်ကာ အော်ငေါက်လိုက်၏။

“ငါ့အမိန့်ကို နားထောင်ကြ… သူ့ကို အတူပူးပေါင်းပြီး သတ်ဖြတ်ကြစမ်း”

ဤမင်းသားသည် အလိုလိုက်အကြိုက်ဆောင်ခံရသော ဘဝမှာ နေခဲ့ရပြီး မောက်မာခက်ထန်ခြင်းနှင့် စိုးမိုးဗိုလ်ကျခြင်းမှာ အသားကျနေခဲ့ပြီဖြစ်၏။ သူသည် သေရေးရှင်ရေး အခြေအနေများနှင့် ကြုံတွေ့ရဖို့နေနေသာ အပြင်ဘက်မှာ ထိခိုက်ခံစားရမှုများစွာပင် မရှိခဲ့ပေ။

ဆူဇီမိုက ဘယ်လောက်ကြောက်စရာကောင်းသလဲ သူက နားမလည်သေးဘဲ ဆူဇီမိုသည် ချောင်းမြောင်းတိုက်ခိုက်ခဲ့သောကြောင့်သာ အနိုင်ရခဲ့သည်ဟု သူက အလိုလိုတွေးထင်လိုက်၏။

“ဟဲဟဲ”

ဆူဇီမိုက သူ့ကို ပြုံးပြလိုက်၏။ ဤအကွာအဝေးမှုမှာ သူက မင်းသားယီချိုးကို ဖိနှိမ်ချင်သည် ဆိုလျှင် မည်သူကမှ ထိုသူကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

သူ့ရယ်သံမဆုံးခင်မှာပင် မင်းသားယီချိုးသည် သူ၏ မြင်ကွင်းက နောက်တစ်ဖန် ဝေဝါးသွားသည်ကို ခံစားလိုက်ရ၏။

အဲဒါသည် တူညီသောရလဒ်နှင့် ရင်းနှီးခဲ့ဖူးသော အခြေအနေတစ်ရပ် ဖြစ်လေသည်။

ဖြောင်း….

မင်းသားယီချိုး၏ ပါးက နောက်တစ်ဖန် ဖြတ်ရိုက်ခံလိုက်ရ၏။

သို့သော်လည်း ဤတစ်ခေါက်မှာ သူ၏ ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်က လွင့်စင်ထွက်မသွားခင် ဆူဇီမိုက သူ့ကို ဆံပင်ကနေ ပြန်ဆွဲထားလိုက်၏။

“အား…”

မင်းသားယီချိုးသည် သူ၏ ဦးခေါင်းထက်မှ စူးရှသောနာကျင်မှုနှင့် သူ၏ ဦးရေပြားက ဆုတ်ဖြဲခံရတော့မည်ဟု ခံစားလာရ၏။

သူ့ဘက်မှ ကောင်းကင်အင်မော်တယ်တစ်ရာက နေရာမှာပင် ငေးမောမှင်တက်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမည် မသိကြတော့ပေ။

သူတို့ မတိုက်ခိုက်ခင်မှာပင် မင်းသားယီချိုးက ဆူဇီမို၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်၏။

လူတိုင်းက စိုးရိမ်ပူပန်နေပြီး အလျင်စလို မပြုမူရဲကြပေ။

ဆူဇီမိုက မင်းသားယီချိုး၏ ခေါင်းကိုကိုင်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထွက်ခွာမသွားရန် ချိပ်ပိတ်ထားလိုက်၏။ သူ၏ တခြားလက်တစ်ဖက်က မင်းသားယီချိုး၏ မျက်နှာကို ထပ်ခါတလဲလဲ ဖြတ်ရိုက်နေ၏။

ဖြောင်း…. ဖြောင်း… ဖြောင်း….

“မင်းပါးစပ်က ယုတ်ညံ့တဲ့စကားတွေ ထွက်လာတဲ့အတွက် မင်းပါးစပ်ကိုပဲ အပြစ်တင်ရလိမ့်မယ်”

ဆူဇီမိုက ညင်သာစွာ ရေရွတ်ပြီး သူ့လက်၏ လှုပ်ရှားမှုက ရပ်တန့်သွားခြင်းမရှိပေ။

သိပ်မကြာခင် မင်းသားယီချိုး၏ ဦးခေါင်းက ဝက်ခေါင်းတစ်ခေါင်းလို ရုပ်ပျက်ဆင်းပျက် ရောင်ကိုင်းလာပြီး လူပုံစံနှင့် လုံးဝမတူတော့ပေ။

All Chapters