← Chapters

မလာနဲ့

Vol. 167 Ch. 2493

မလာနဲ့

Vol. 167 Ch. 2493

ရှဲ့ချင်းချန်တို့အုပ်စုက လျှောက်လှမ်းလာစဥ် သူတို့သည် ရောက်နှင့်နေသော အုပ်စုများထံမှ အကြည့်များစွာကို ဆွဲဆောင်မိသွား၏။

ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်လောယန်ကို သတိထားမိသောအခါ သူကလည်း ဆူဇီမိုကို တွေ့မြင်သွား၏။

သူတို့၏ အကြည့်များက လေထဲမှာ ခဏမျှဆုံမိသွား၏။

ကောင်းကင်အင်မော်တယ်လောယန်က သူ၏ အကြည့်ကို ရှောင်လွှဲတော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။

သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။

“အဲဒါသူလား”

ကောင်းကင်အင်မော်တယ်လောယန်၏ မျက်လုံးထဲတွင်မယုံကြည်နိုင်သော အကြည့်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။

သူက အရင်တုန်းက မဟူရာအင်မော်တယ်လား... သူက အသက်ရှင်နေသေးတာလား။

ဒါ့အပြင် သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ နယ်ပယ်ထိတောင် ကျင့်ကြံနိုင်ခဲ့တာလား။

အဲဒါက နှစ်ထောင်ဂဏန်းတချို့သာရှိသေးလေသည်။

ဘဝသက်တမ်းနှစ်သုံးသိန်းရှိသော ကောင်းကင်အင်မော်တယ်တစ်ယောက်အတွက် နှစ်ထောင်ဂဏန်းတချို့သည် တစ်ခဏသာဖြစ်လေသည်။

အရင်တုန်းက ဘာမဟုတ်သည့် မဟူရာအင်မော်တယ်တစ်ယောက်သည် နှစ်ထောင်ဂဏန်းမျှနှင့် ဤမျှအတိုင်းအတာအထိ ကြီးထွားပြီး သူ့ကိုပင် လိုက်မီတော့မည်မတတ်ဖြစ်လာခဲ့ပြီလား။

အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဤလူသည် နဂါးအသူတရာချောက်နက်ကြယ်မှာရှိခဲ့သောကြောင့် သူသည် အောက်ဘုံလောကကနေတက်လှမ်းလာသော လူတစ်ယောက်သေချာပေါက်ဖြစ်ရပေမည်။ သူက ယွင်ထင်နှင့် ယှဥ်နိုင်သည့် ပါရမီအရည်အချင်းကို ဘယ်လိုလုပ်ပိုင်ဆိုင်ထားနိုင်ပါ့မလဲ။

သူက ယွင်ထင်လိုပါရမီအရည်အချင်းရှိသည်ဆိုလျှင်တောင် သူက ယွင်ထင်ကဲ့သို့ ကြီးမားများပြားသော ​ကျင့်ကြံရေးအရင်းအမြစ်များ၊ ​အခွင့်အလမ်းများနှင့် ကြုံကြိုက်မှုများကို ဘယ်လိုရရှိနိုင်ပါ့မလဲ။

ဒါ့အပြင် အရင်တုန်းက ထိုကဲ့သို့ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်က နဂါးအသူတရာချောက်နက်ကြယ်မှာ ဖြစ်ပွားခဲ့၏။ တကယ်ဆို... အစစ်အမှန်နဂါးတစ်ကောင်ကပင် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်အင်မော်တယ်များစွာနှင့် ကမ္ဘာမြေအင်မော်တယ်များစွာက သေကြေပျက်စီးခဲ့ရ၏။

ပကတိ​အင်မော်တယ်ပညာရှင်သုံးဦးဖြစ်သော သူ၏ စီနီယာအစ်ကို ပကတိအင်မော်တယ်ဝူဖုန့်၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်တို့ကပင် ဒဏ်ရာရရှိ၍ ထွက်ပြေးသွားခဲ့ကြရ၏။ ဤလူက မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ခဲ့သည်။

သူက ဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့တာလဲ။

ဒါ့အပြင် သူသည် နှစ်ထောင်ဂဏန်းမျှနှင့် ဤမျှအထိ ကြီးပြင်းလာခဲ့ပြီလား။

ကောင်းကင်အင်မော်တယ်လောယန်သည် ထိုနေရာတွင် လျှို့ဝှက်ကုန်းမြေတစ်ခုရှိခဲ့သောကြောင့် သူတို့အုပ်စုက နဂါးအသူတရာချောက်နက်ကြယ်မှာ စုဝေးခဲ့ကြသည်ကို ပြန်လည်အမှတ်ရသွား၏။

ထိုလျှို့ဝှက်ကုန်းမြေကို မည်သူကမှ ရှာမတွေ့​ခဲ့သော်လည်း ထိုအသူတရာချောက်နက်မှာ နတ်ဘုရားလက်နက်များစွာက တကယ်ပဲ... ပေါ်ထွက်လာခဲ့၏။ အဲဒီမှာ သန့်စင်ယန်စိတ်ဝိညာဥ်ရတနာ နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ပင်ပေါ်ထွက်ခဲ့လေသည်။

သို့သော်လည်း နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်က ထူးဆန်းစွာပင် ပျောက်ကွယ်သွားခဲ့၏။

ယခုသူက အဲဒါကိုပြန်တွေးကြည့်ရင်း နတ်ဘုရားမိစ္ဆာဝိညာဥ်ဆင့်ခေါ်အောင်လံတံခွန်ကို ဤလူရရှိခဲ့တာဖြစ်ဖို့များလေသည်။ တကယ်ဆို သူသည် လျှို့ဝှက်ကုန်းမြေမှ ရတနာများအားလုံးကိုပင် ရရှိထားတာဖြစ်နိုင်လေသည်။

ထိုဖြစ်နိုင်ခြေကသာ ဤလူ၏ ​ကျင့်ကြံမှုကို ဤမျှအတိုင်းအတာအထိ ခုန်ပေါက်၍ တိုးလာစေပေလိမ့်မည်။

ဆူဇီမိုသည် ကောင်းကင်အင်မော်တယ်လောယန်၏ တုံ့ပြန်မှုကို တွေ့မြင်သောအခါ ဤလူသည် ထိုစဥ်တုန်းက မြင်ကွင်းကို ပြန်လည်စဥ်းစားနေခြင်းဖြစ်မည်ဟု သူက ခန့်မှန်းမိလိုက်၏။

သို့သော်လည်း အရင်တုန်းက သူနှင့် ကောင်းကင်အင်မော်တယ်လောယန်ကြားမှာ တိုက်ရိုက်ပဋိပက္ခ သို့မဟုတ် နက်ရှိုင်းသောရန်ငြိုးရန်စမရှိခဲ့ပေ။

ဆူဇီမိုက သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ထိုစဥ်မှာပင် ဆူဇီမိုသည် သန်မာသောရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိလိုက်၏။

သူက ထိုလူကို တွေ့မြင်သည့်ခဏမှာပင် နားလည်သဘောပေါက်သွားသည်။

အဖွဲ့များထဲမှတစ်ဖွဲ့မှာ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ပင်ရှိနေ၏။

အခြားသူများက သူ့ကို သိရှိချင်မှ သိရှိလိမ့်မည်ဖြစ်သော်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံမှ လူတိုင်းနီးပါးက သူ၏ ရုပ်ရည်သွင်ပြင်ကို အရင်က တွေ့မြင်ခဲ့ဖူးလေသည်။

မည်သို့ပင်ဆိုစေ သူသည် အရင်တုန်းက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တစ်ချိန်လုံးအမဲလိုက်ခြင်းကို ခံခဲ့ရဖူး၏။

ရှဲ့ချင်းချန်ကလည်း အဲဒါကို သတိထားမိသွား၏။

“အဲဒီလူမှာ စွမ်းအားကြီးမားတဲ့နောက်ခံရှိတယ်... သူက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ နံပါတ်တစ် ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သား စုန့်စဲပဲ... သူ့ရဲ့နည်းလမ်းတွေက အရမ်းကိုကြမ်းကြုတ်ခက်ထန်ပြီးတော့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းတယ်... သူက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၅ ဝင်တယ်... ညီကိုဆူ ခင်ဗျားသတိထားရမယ်”

စုန့်စဲသည် ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်ပြီး ရေခဲလိုအေးစက်နေသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက သတ်ဖြတ်လိုစိတ်နှင့် လှောင်ပြောင်ရန်စမှုနှင့်အတူ ခေါင်းဖြတ်လက်ဟန်တစ်ခုပင် ပြုလုပ်ပြလိုက်၏။

ဆူဇီမိုက စုန့်စဲ၏ ရန်စမှုမှာ ယိမ်းယိုင်သွားခြင်း မရှိပေ။

ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။

“စုန့်စဲကိုဖိတ်ခေါ်ထားတဲ့လူက မင်းသားမင်ကျုံးပဲ... သူ့ရဲ့ကျင့်ကြံမှုကလည်း အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိတယ်”

“ဟိုမှာရှိတဲ့တစ်ယောက်ကတော့ မင်းသားယန်ပဲ... ဒီတစ်ခေါက် သူဖိတ်ခေါ်ထားတဲ့လူတွေကြားမှာ အသန်မာဆုံးက တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းက ယွဲ့လိုင်ပဲ... သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၇ ဝင်တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ဤတစ်ခေါက်ချိပ်စည်းအတွက် ယှဥ်ပြိုင်တိုက်ခိုက်မှုသည် တကယ်ပင် စည်ကားနေ၏။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှာ တစ်ဝက်က ဤနေရာမှာရောက်ရှိနေကြ၏။

“ဟိုမှာရှိတဲ့ ဆံပင်နီနဲ့မင်းသားက ဘယ်သူလဲ”

ဆူဇီမိုက အခြားတစ်ဘက်ကိုကြည့်ပြီးမေးလိုက်၏။

ရှဲ့ချင်းချန်က ပြောလိုက်လေသည်။

“သူက မင်းသားထျန်ဟွမ်းပဲ... သူ့မှာ နတ်ဖီးနစ်တစ်ကောင်ရဲ့ မျိုးဆက်သွေးရှိတယ် အဖေကသူ့ကိုအတော်လေးသဘောကျပြီး သူ့ကို ထျန်ဟွမ်းဆိုတဲ့အမည်ပါ ပေးထားတယ်”

“သူ့ရဲနောက်ဘက်က ကောင်းကင်အင်မော်တယ်တစ်ရာထဲမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တွေမရှိပေမယ့် သူကိုယ်တိုင်က ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ပဲ... သူက ကျုပ်တို့မင်းသား မင်းသမီးတွေကြားမှာ အသန်မာဆုံးဆိုလည်းဟုတ်တယ်”

“အို...”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“ဒီလိုဆိုလျှင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက ခြောက်ယောက်က ဒီကိုရောက်နေကြတာပေါ့”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“အစတုန်းကတော့... ရှဲ့ထျန်ဟွမ်းက အဆင့်-၁၀ မှာ မရပ်တည်နိုင်ခဲ့ဘူး... ဖန့်ချင်းယွင်သေဆုံးသွားလို့ နေရာတစ်ခုလစ်လပ်သွားပြီး သူကအဆင့်-၁၀ ဖြစ်လာခဲ့တာပဲ”

ရှဲ့ချင်းချန်၊ ဆူဇီမိုနှင့် အခြားသူများအပါအဝင် ရင်ပြင်ပေါ်မှာ အဖွဲ့ခြောက်ဖွဲ့ရောက်ရှိလာခဲ့ပြီဖြစ်၏။

မင်းသားယီချိုးအပြင် ယခုအချိန်ထိ ရောက်ရှိမလာသေးသော အခြားသောမင်းသားနှစ်ပါးကျန်နေသေး၏။

“အား...”

ထိုစဥ်မှာပင် နောက်ဘက်ကနေအသံတစ်သံ ထွက်ပေါ်လာ၏။

“ရှဲ့ချင်းချန်... မင်းက ချိပ်စည်းအတွက် တိုက်ခိုက်တော့မယ်လို့ပြောတုန်းက ငါက ဒီတိုင်းပဲပြောခဲ့တာလို့ထင်နေတာ... မင်းက ဒီကိုတကယ်ရောက်လာရဲတာပဲ”

ရှဲ့ချင်းချန်၊ ဆူဇီမိုနှင့် အခြားသူများက လှည့်ကြည့်လိုက်ကြ၏။

အဖွဲ့နှစ်ဖွဲ့က ဤနေရာသို့လာနေကြပြီး စကားပြောလိုက်သောလူမှာ သရော်တော်တော်နှင့် မောက်မာခက်ထန်သော အမူအရာတစ်ခုရှိနေ၏။

နောက်ထပ်ရောက်ရှိလာသောမင်းသားက ရှဲ့ချင်းချန်ကို တွေ့မြင်သောအခါ သူက မည်သည့်စကားမှမဆိုဘဲ ညင်သာစွာခေါင်းညိတ်၍ နှုတ်ဆက်လိုက်၏။

ရှဲ့ချင်းချန်က ဆူဇီမိုကို ခပ်တိုးတိုးပြောလိုက်၏။

“စောစောက စကားပြောလိုက်တဲ့လူက မင်းသားရှင်းယန်ပဲ... ဒီတစ်ခေါက်သူက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တစ်ဦးကိုဖိတ်ခေါ်ထားတယ်... ဒါပေမဲ့ သူတို့ရဲ့အဆင့်သတ်မှတ်ချက်တွေက သိပ်ပြီးတော့မမြင့်ဘူး... သူတို့ထဲကတစ်ယောက်က အဆင့်-၇၉နဲ့ နောက်တစ်ယောက်က အဆင့်-၉၃ပဲ”

ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြလိုက်၏။

ကြည့်ရသည်မှာ ဤမင်းသားရှင်းယန်၏ ခွန်အားသည် ယခင်မင်းသားငါးပါးနှင့်ယှဥ်လျှင် အတော်လေးနိမ့်ကျနေ၏။

ရှဲ့ချင်းချန်က ထပ်ပြောလိုက်၏။

“သူ့ဘေးကလူကတော့... မင်းသားချန်ထျန်ပဲ... သူ့ရဲ့အဆင့်အတန်းက တော်ဝင်မိသားစုမှာ ကျုပ်နဲ့မတိမ်းမယိမ်းပဲ”

မင်းသားရှင်းယန်က လျှောက်လှမ်းလာစဥ် သူက​ပြုံးပြလိုက်၏။

“ရှဲ့ချင်းချန်... မင်းက အမြင့်တန်းကောင်းကင်အင်မော်တယ်တစ်ရာကိုတောင်မှ မစုဆောင်းနိုင်ခဲ့ပါလား”

“မင်းက... အဆူရာတိုက်ပွဲမြေကိုဝင်ရောက်ဖို့ မျက်နှာပြောင်တိုက်ပြီး ရောက်လာရဲသေးတယ်နော်”

“ချန်ထျန်ကိုကြည့်လေ... သူက ဘာမဟုတ်တဲ့လူတစ်စုကို ခေါ်ယူစုဆောင်းထားပေမယ့် သူက အနည်းဆုံးတော့ လူတစ်ရာကိုပြည့်အောင်ခေါ်လာတယ်... မင်းတို့အုပ်စုမှာ ဆယ်ယောက်ကျော်ကျော်ပဲရှိတယ်... မင်းက အရှက်မကွဲအောင် အိမ်ကိုမြန်မြန်ပြန်သွားတာ ပိုကောင်းလိမ့်မယ်”

ထိုစဥ်မှာပင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ အစောင့်တပ်သားနှစ်ယောက်က တစ်စုံတစ်ရာဖြစ်ပွားသွားသည့်အလား ထိတ်လန့်တကြားအမူအရာများနှင့် အပြင်ဘက်မှာ ပျံသန်းသွားကြ၏။

“ဘာဖြစ်နေတာလဲ... မင်းတို့တွေဘာဖြစ်လို့ ထိတ်ထိတ်ပျာပျာဖြစ်နေတာလဲ... မြန်မြန်ဆင်းလာပြီး ငါတို့ကိုလာပြောစမ်း”

မင်းသားရှင်းယန်က အော်ငေါက်လိုက်၏။

အစောင့်တပ်သားနှစ်ယောက်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဆင်းသက်လာကြ၏။

သူတို့ထဲမှတစ်ယောက်က ပြောလိုက်၏။

“စောစောတုန်းက မင်းသားယီချိုးနဲ့ မင်းသားချင်းချန်က နန်းတော်အပြင်ဘက်မှာ ပဋိပက္ခတစ်ခုဖြစ်ခဲ့တယ်... နောက်ဆုံး ကောင်းကင်အင်မော်တယ်ဖီဟန်က ဆူဇီမိုရဲ့လှုပ်ရှားကွက်နှစ်ကွက်နဲ့ ဒုက္ခိတဖြစ်သွားပြီး သူ့ဓားကိုဆွဲထုတ်ဖို့တောင် အခွင့်အရေးမရခဲ့ဘူး”

“မင်းသားယီချိုးကလည်း ဆူဇီမိုရဲ့ ဆိုးဆိုးဝါးဝါးရိုက်နှက်တာကို ခံခဲ့ရတယ်... သူကအခုပြန်သွားခဲ့ပြီ.... သူက ချိပ်စည်းအတွက် ယှဥ်ပြိုင်တိုက်ခိုက်မှုမှာ မပါတော့ဘူးလို့ ကြေညာခဲ့တယ်”

“ဘာဖြစ်တယ်”

မင်းသားရှင်းယန်နှင့် အခြားသူများက တုန်လှုပ်သွားကြ၏။

မင်းသားယန်၊ မင်းသမီးယုယန်နှင့် အခြားသူများပင် ဆူဇီမိုဟူသောအမည်ကိုကြားသောအခါ လှည့်ကြည့်လာကြ၏။

ချိပ်စည်းအတွက် ယှဥ်ပြိုင်တိုက်ခိုက်ရာမှာ ကူညီပေးဖို့ ကောင်းကင်အင်မော်တယ်ဖီဟန်ကို မင်းသားယီချိုးက အကူအညီတောင်းခဲ့သည်ကို သူတို့ကကြားထားပြီးသားဖြစ်၏။ ယခုသူသည် နန်းတော်ထဲသို့မဝင်ရောက်ခင်မှာပင် ဒုက္ခိတ​ဖြစ်သွားခဲ့လေပြီ။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမိုလား.. ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ပေါ်က အဆင့်-၂၄ကိုပြောတာလား”

မင်းသားရှင်းယန်က အလောတကြီးပြောလိုက်၏။

နောက်ထပ်အစောင့်တပ်သားတစ်ယောက်က ထပ်တလဲလဲခေါင်းညိတ်ပြလိုက်၏။

“ဆူဇီမိုက သူ့ရဲ့ဂိုဏ်းကနေထွက်ခွာပြီး မင်းသားချင်းချန်ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ပြောတယ်”

“ပဋိပက္ခက ဘာလို့ဖြစ်တာလဲ”

မင်းသားချန်ထျန်က မေးလိုက်၏။

အစောင့်တပ်သားက ပြန်​ဖြေလိုက်၏။

“မင်းသားယီချိုးက မင်းသားချင်းချန်ကိုလှောင်ပြောင်သရော်ပြီး အော်ငေါက်ခဲ့တယ်လို့ ကျုပ်ကြားတယ်... အဲဒီနောက် ဆူဇီမိုက ဝင်ရောက်တိုက်ခိုက်ပြီး ကောင်းကင်အင်မော်တယ်ဖီဟန်ကို နေရာမှာတင် ဒုက္ခိတဖြစ်အောင်လုပ်လိုက်တယ်... သူက မင်းသားယီချိုးကိုတောင်မှ ဆံပင်ကနေကိုင်ဆွဲပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်ရိုက်နှက်ခဲ့တယ်”

“သူက... ရှဲ့ချင်းချန်ကိုလှောင်ပြောင်သရော်ခဲ့တာနဲ့ပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အရိုက်ခံလိုက်ရတာလား”

မင်းသားရှင်းယန်က ရုတ်တရက် ကြက်သီးမွေးညင်းများထလာ၏။

စောစောက သူသည်လည်းပဲ ရှဲ့ချင်းချန်ကို လှောင်ပြောင်သရော်ခဲ့လေသည်။

မင်းသားရှင်းယန်က ရှဲ့ချင်းချန်ကို အိုးတိုးအမ်းတမ်းအမူအရာဖြင့် အလိုလိုလှည့်ကြည့်ကာ မေးလိုက်၏။

“ဆူဇီမိုက ဘယ်သူလဲ”

“ငါ….”

ဆူဇီမိုက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

“မလာနဲ့…”

ရုတ်တရက်မင်းသားရှင်းယန်က တုန်လှုပ်သွားပြီး သူ၏ နောက်ဘက်ရှိ ကောင်းကင်အင်မော်တယ်များကြား ထိတ်လန့်တကြားဝင်ပုန်းလိုက်၏။ သူကအဝေးကနေ ဆူဇီမိုကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

“မင်း..မင်း... အရမ်းကာရောမလုပ်နဲ့နော်”

All Chapters