← Chapters

ရက်စက်ကြမ်းတမ်းသော အဆူရာတိုက်ပွဲမြေ

Vol. 167 Ch. 2495

ရက်စက်ကြမ်းတမ်းသော အဆူရာတိုက်ပွဲမြေ

Vol. 167 Ch. 2495

ကျင့်ကြံသူများစွာသည် ပို့ဆောင်ရေးအဆောင်များကို ကျေနပ်နှစ်ခြိုက်သော အမူအရာများနှင့် အလောတကြီးသိမ်းဆည်းလိုက်ကြ၏။

ဤပို့ဆောင်ရေးအဆောင် သူ့လက်ထဲမှာ ရှိနေသရွေ့ အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်သော ကျင့်ကြံသူများသည် ဘေးကင်းလုံခြုံမှုကို အာမခံနိုင်လိမ့်မည်ဟု အဓိပ္ပာယ်ရလေသည်။

သူတို့က အထဲမှာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် လူတိုင်းက မထိမခိုက်လွတ်မြောက်နိုင်၏။

လူတိုင်း၏ အမူအရာကို သတိထားမိသွားပြီး ရှဲ့လင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အဲဒါက ပို့ဆောင်ရေးအဆောင်တစ်ခုပဲဆိုတာ အားလုံးကို ထပ်ပြီးသတိပေးရမယ်ထင်တယ်… အဲဒါက အဆူရာတိုက်ပွဲမြေမှာ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို အပြည့်အဝအာမခံပေးနိုင်မှာ မဟုတ်ဘူး”

“အထဲမှာရှိတဲ့ ပတ်ဝန်းကျင်က အရမ်းကိုရှုပ်ထွေးပြီးတော့ အန္တရာယ်တွေက နေရာအနှံ့ပဲ… မင်းတို့တွေက အချိန်မရွေး ဘေးအန္တရာယ်ကျရောက်နိုင်တယ်… မင်းတို့က ပို့ဆောင်ရေးအဆောင်ကို အချိန်မီ မဆုတ်ဖြဲနိုင်ဘူးဆိုရင် အထဲမှာ သေရလိမ့်မယ်”

ထိုစကားကို ကြားသောအခါ လူတိုင်းက ရင်တစ်ချက်ထိတ်သွားပြီး သူတို့၏ ရင်ထဲမှာ နောက်တစ်ဖန် တင်းကျပ်လေးလံလာ၏။

ရှဲ့လင်၏ အကြည့်က မင်းသားများထံ ဖြတ်သန်းသွား၏။

“မင်းတို့တွေက ဒီတစ်ခေါက် ကူညီပေးမယ့်သူတွေကို ဖိတ်ခေါ်ထားတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ အဲဒီလူတွေက ချိပ်စည်းအတွက် တိုက်ပွဲမှာပဲ မင်းတို့ကို အထောက်အကူပေးနိုင်မယ်… စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို တိုက်ရိုက်လုယူပေးနိုင်မှာ မဟုတ်ဘူး”

စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းပေါ်မှာ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ထူးခြားတဲ့ ချိပ်စည်းတစ်ခုရှိတယ်… ယန်ယန်းတော်ဝင်မိသားစုရဲ့မျိုးဆက်သွေးကပဲ အဲဒါကို ဖယ်ရှားပေးနိုင်မယ်”

ထိုနေရာရောက်တွင် ဆူဇီမိုနှင့် ရှဲ့ချင်းချန်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဤကဲ့သို့သော ကန့်သတ်စည်းမျဉ်းတစ်ခု ရှိနေမည်ဆိုလျှင် ချိပ်စည်းအတွက်တိုက်ပွဲမှာ နောက်ထပ်အလှည့်အပြောင်းများ ထပ်မံပေါ်ထွက်လာပေလိမ့်မည်။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်အပေါ် အခြေခံရလျှင် ကျုံးဖေးယွီ၊ လေ့ရွှမ်နှင့် စုန်စဲတို့က အဆင့်(၃) အဆင့်(၄)နှင့် အဆင့်(၅)တို့ အသီးသီးဖြစ်ကြသည်။ သူတို့မှာ အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အား ရှိကြလေသည်။

သို့သော်လည်း သူတို့သုံးယောက်က မြို့ထဲရှိ အထီးကျန်ကျွန်းကို ကြိုတင်ရောက်ရှိမည်ဆိုလျှင်တောင် သူတို့သည် စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းပေါ်မှ ချိပ်စည်းကို ဖယ်ရှားရှင်းလင်းနိုင်မည် မဟုတ်ပေ။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဤစီစဉ်မှုမှာ နောက်ထပ်အဓိပ္ပာယ်တစ်ခု ရှိနေလေသည်။

ချိပ်စည်းအတွက် ဤတိုက်ပွဲမှာ မင်းသားများ၏ ပေါင်းသင်းဆက်ဆံရေးကို စမ်းသပ်ထားရုံသာမက သူတို့၏ တစ်ဦးချင်းခွန်အားကိုလည်း စမ်းသပ်ထားခြင်းဖြစ်လေသည်။

ထိုအချိန်ကျလျှင် မင်းသားများကြား တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

ထိုစည်းမျဉ်းက ရှဲ့ချင်းချန်အတွက် အလွန်တရာ အရေးမသာပေ။

ရှဲ့ချင်းချန်၏ ကျင့်ကြံမှုက အဆင့်(၇) ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက မင်းသားမင်းသမီးများကြားမှာ အနိမ့်ဆုံးဖြစ်၏။

ထိုစည်းမျဉ်းသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁၀) ဝင်သော မင်းသားထျန်ဟွမ်းအတွက် အားသာချက်တစ်ရပ် ဖြစ်လာလေသည်။

ရှဲ့ချင်းချန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ပေါ်ထွက်လာ၏။

စည်းမျဉ်းစည်းကမ်းက ဘယ်လိုပင်ဖြစ်စေ… သူ့မှာ ချိပ်စည်းကိုရယူဖို့ အခွင့်အရေးများစွာ မရှိပေ။

ရှဲ့ချင်းချန်၏ ရင်ထဲရှိ စိတ်ပျက်အားငယ်မှုကို အာရုံခံမိသည့်အလား ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။

“ကျုပ် အတတ်နိုင်ဆုံး လုပ်ပေးမှာပါ… နောက်ဆုံးအချိန်ထိ လက်မလျှော့လိုက်နဲ့”

“အင်း”

ရှဲ့ချင်းချန်က ခေါင်းညိတ်ပြလိုက်၏။

“အားလုံးပဲ တခြားမေးစရာ ရှိသေးလား”

ရှဲ့လင်က သူ၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီး ရှိနေသော အဖွဲ့ရှစ်ဖွဲ့ကို ကြည့်လိုက်၏။

လူတိုင်းက ခေါင်းခါပြပြီး သူတို့၏ လက်ဖဝါးများကို ပွတ်သပ်ကာ အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်ဖို့ ပြင်ဆင်နေကြ၏။

ရှဲ့လင်က ပြောလိုက်၏။

“အားလုံးပဲ ဒီတစ်ခေါက် အဆူရာတိုက်ပွဲမြေမှာ တစ်လကြာ သွားနေရမယ်… အဲဒီအချိန်အတောအတွင်း အထဲမှာ ဘာပဲဖြစ်ဖြစ် အပြင်လူတွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး”

“တခြားမေးစရာ မရှိတော့ဘူးဆိုရင် ငါက ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းလိုက်တော့မယ်”

“ဒုတိယအစ်ကို… မြန်မြန်လုပ်စမ်းပါဗျာ”

ရှဲ့ထျန်ဝမ်းက သွားဖြဲ၍ စိတ်မရှည်နိုင်စွာ လောဆော်လိုက်၏။

မည်သည့်စကားမှ မဆိုတော့ဘဲ ရှဲ့လင်၏ လက်ချောင်းထိပ်ဖျားကနေ ဂမ္ဘီရအလင်းတစ်ချို့ ပစ်လွင့်ထွက်ပေါ်လာပြီး ရင်ပြင်၏ အလယ်ရှိ မြေကြီးထဲသို့ ဝင်ရောက်သွား၏။

ရွှစ်…

ချက်ချင်းပင် မြေပြင်က ဝင်းလက်တောက်ပ၍ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအင်းကွက်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်ကာ ဖြည်းဖြည်းချင်းလည်ပတ်လာ၏။

“အားလုံးပဲ ပို့ဆောင်ရေးဝင်္ကပါထဲကို ဝင်လို့ရပြီ”

ရှဲ့လင်က ထပ်ပြောလိုက်၏။

လူတိုင်းက ထိုစကားကို ကြားသောအခါ တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။

ရင်ပြင်ထဲရှိ အဖွဲ့ရှစ်ဖွဲ့က အလင်းတစ်ချက် ဖျတ်ခနဲလက်ကာ ပျောက်ကွယ်သွားကြလေသည်။

. . . . .

တိတ်ဆိတ်ခြောက်ကပ်၍ ယိုယွင်းပျက်စီးနေသော လောကတစ်ခုကို သွေးနီရောင် ခပ်ဖျော့ဖျော့မြူခိုးများက လွှမ်းခြုံထား၏။

ရုတ်တရက် လေထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်၍ ပုံရိပ်များက အထက်ကနေ ပြုတ်ကျလာ၏။

ဆူဇီမို၊ ရှဲ့ချင်းချန်နှင့် အခြားကျင့်ကြံသူ ၁၈ ယောက်က ကောင်းကင်ထက်ကနေ ဆင်းသက်၍ သူတို့ကိုယ်သူတို့ လျင်မြန်စွာ ဟန်ချက်ထိန်းလိုက်ကြ၏။ သူတို့က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်ဖော်ပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ သွေးရောင်မြူခိုးများက ပါးလွှာသော်လည်း အဲဒါသည် လူတစ်ယောက်၏ အမြင်အာရုံနှင့် စိတ်ဝိညာဉ်အသိစိတ်ထောက်လှမ်းနိုင်မှု အတိုင်းအတာအပေါ် သိသာသည့် သက်ရောက်မှုတစ်ခု ရှိနေ၏။

လေထဲမှာ မတ်တတ်ရပ်နေရင်း ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူတို့အားလုံး ဆင်းသက်လာစဉ် သူတို့သည် သူတို့၏ ဘေးပတ်လည်မှာ ခပ်ဖျော့ဖျော့ သွေးရောင်မြူခိုးများဖြင့် စွန်းထင်းခံလိုက်ရ၏။ အဲဒါသည် အရွတ်တစ်လွှာကဲ့သို့ သူတို့၏ ခန္ဓာကိုယ်မှာ ကပ်ငြိသွားပြီး အဲဒါက အလွန်တရာ သက်တောင့်သက်သာမရှိပေ။

မထင်မှတ်ထားစွာပင် အဲဒါသည် ရှဲ့ချင်းချန်ပြောခဲ့သည့် ဆိုးယုတ်သွေးချီ ဖြစ်ပေလိမ့်မည်။

ဆူဇီမိုက လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို တိတ်တဆိတ်အသက်သွင်းကြည့်လိုက်၏။ တကယ်ပင် သူက မအောင်မြင်ဘဲ စွမ်းအားကြီးမားသည့် ဖိအားတစ်ရပ်ကို ခံစားလိုက်ရ၏။

“ဘယ်လိုဆိုးယုတ်သွေးချီကများ ဒီလောက်ထိ စွမ်းအားကြီးမားနေရတာလဲ”

ဆူဇီမိုက တွေဝေရှုပ်ထွေးသွား၏။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားသည် အစွယ်ခြောက်ချောင်းနတ်ဆင်ထံမှ အမွေဆက်ခံရရှိလာခဲ့၏။ အထက်ဘုံလောကမှာပင်လျှင် အစွယ်ခြောက်ချောင်းနတ်ဆင်သည် နဂါးမျိုးနွယ်ထက် အားမနည်းသော စွမ်းအားကြီးမားသည့် သက်ရှိဖြစ်လေသည်။

ကုန်းမြေပေါ်မှာ သူ၏ တိုက်ခိုက်ရည်ခွန်အားသည် နဂါးမျိုးနွယ်ကိုပင် ဖိနှိမ်နိုင်လောက်၏။

ထိုသို့ဆိုလျှင်တောင် ထိုပင်ကိုနတ်ဘုရားစွမ်းအားသည် ထူးဆန်းသော ဆိုးယုတ်သွေးချီဖြင့် ချိတ်ပိတ်ခံလိုက်ရဆဲဖြစ်၏။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အားဖြည့်ထောက်ပံ့မှု မရှိဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာသက်ရောက်ခံရလေသည်။

“ဟိုမှာကြည့်စမ်း… အဲဒါက အဆူရာမျိုးနွယ်ပဲ ဟုတ်တယ်မလား”

ကျင့်ကြံသူတစ်ယောက်က ခပ်လှမ်းလှမ်းသို့ လက်ညှိုးထိုးပြီး တီးတိုးပြောဆိုလိုက်၏။

အခြားလူတိုင်းက တုန်လှုပ်နေသော အမူအရာများဖြင့် လှည့်ကြည့်လိုက်ကြ၏။

သူတို့သည် အမြင့်တန်းကောင်းကင်အင်မော်တယ်များဖြစ်သည်အထိ ကျင့်ကြံထားခဲ့သော်လည်း သူတို့သည် အဆူရာမျိုးနွယ်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်၏။

အဆူရာသည် သူ၏ ရင်ဘတ်ရှိ ဧရာမအပေါက်တစ်ပေါက်နှင့်အတူ မြေပြင်ပေါ်မှာ လဲကျနေပြီး သူ၏ ဦးခေါင်းကလည်း အပေါက်များဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အလွန်ကြီးမား၍ တောင့်တင်းခိုင်မာပြီး သူ၏ အရပ်က ပေတစ်ရာကျော် မြင့်လေသည်။ သူ၏ ဦးခေါင်းပေါ်မှာ ဦးချိုနှစ်ချောင်းရှိပြီး သူ၏ ခန္ဓာကိုယ်က လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေ၏။

သူက သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဆိုလျှင်တောင် သူ၏ နီညိုရောင်ခန္ဓာကိုယ်က ရက်စက်ကြမ်းကြုတ်၍ ကြမ်းတမ်းခက်ထန်သော အော်ရာတစ်ခုကို ဖြာထုတ်ထားဆဲဖြစ်၏။

“မင်းသားချင်းချန်… ကျုပ်တို့ အနားကိုတစ်ချက်လောက်သွားကြည့်ရမလား”

ကောင်းကင်အင်မော်တယ်ယွီယင်က အကြံပြုလိုက်၏။

“အဆူရာမျိုးနွယ်ကို အရင်က ဘယ်သူကမှ မမြင်ဖူးခဲ့ဘူ…. ဒါက ကျုပ်တို့ သွားရောက်ကြည့်ရှုနိုင်မယ့် အခွင့်အရေးပဲ… ဘယ်ပြောရမလဲ ကျုပ်တို့က အခွင့်အလမ်းတချို့နဲ့တောင်မှ ကြုံတွေ့ရင်ကြုံတွေ့ရမှာ”

“အဲဒါက…”

ရှဲ့ချင်းချန်က တွေ့တုံ့ဆိုင်းနေ၏။

“အဲဒီကို မသွားကြနဲ့”

ဆူဇီမိုက ထိုဘက်အရပ်ကို တစ်ချက်ကြည့်လိုက်၏။

“ဒီကနေ မြန်မြန်ထွက်ကြရအောင်”

“ဘာလို့လဲ”

ကောင်းကင်အင်မော်တယ်ယွီယင်က မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကို မကျေမနပ်ဖြစ်သွား၏။

သူက အကြံပြုလိုက်သည့်ခဏမှာပင် အဲဒါကို ဆူဇီမိုက ပယ်ချလိုက်၏။ သူက အနည်းငယ်ရှက်ရွံ့သွားလေသည်။

ထိုအဆူရာ၏ အနီးနားမှာ မင်းသားချန်ထျန်က ကောင်းကင်အင်မော်တယ်တစ်အုပ်စုနှင့်အတူ ဆင်းသက်ရောက်ရှိလာ၏။

ထိုစဉ်မှာပင် အစက သေဆုံးနေသော အဆူရာအလောင်း၏ ဗလာကျင်းနေသော မျက်တွင်းအိမ်ထဲကနေ အနီရောင်အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ဝှစ်…

ထို့နောက် ချက်ချင်းပင် သူက ရုတ်တရက်အသက်ဝင်လာသည့်အလား အဆူရာက ထထိုင်၍ လူအုပ်ကြားထဲကို ဖမ်းဆွဲလိုက်၏။

မင်းသားချန်ထျန်နှင့် အခြားသူများက အဆူရာနှင့် အရမ်းကိုနီးကပ်နေကြ၏။

ကောင်းကင်အင်မော်တယ်တစ်ရာက စုစည်းမိနေပြီး အဲဒါသည် အဆူရာမျိုးနွယ်မှ အလောင်းတစ်လောင်းသာဖြစ်သည်ဟု သူတို့က တွေးထင်ခဲ့ကြ၏။

ထိုအလောင်းက ရုတ်တရက်ထရပ်၍ တိုက်ခိုက်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

ကောင်းကင်အင်မော်တယ်အများစုက လျင်မြန်စွာတုံ့ပြန်ပြီး လူစုခွဲထွက်လိုက်ကြ၏။

သို့သော်လည်း အဆူရာ၏ ဧရာမလက်က မိုးကောင်းကင်တစ်ခွင်အုပ်မိုး၍ ချက်ချင်းပင် ကောင်းကင်အင်မော်တယ်သုံးဦးကို သူ၏ လက်ဖဝါးထဲမှာ ဖမ်းဆွဲကာ ဖျစ်ညှစ်လိုက်၏။

ဖောက်…

ကောင်းကင်အင်မော်တယ်သုံးဦးက သူတို့၏ ပို့ဆောင်ရေးအဆောင်များကို မထုတ်ဖော်နိုင်ခင်မှာပင် သူတို့က အသားပျော့ဖတ်များဖြစ်သည်အထိ ဖျစ်ညှစ်ခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံလိုက်ရ၏။

ရှဲ့ချင်းချန်၏ ဘက်မှ ကောင်းကင်အင်မော်တယ်ယွီယင်နှင့် အခြားသူများက ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ချောက်ချားသွားကြသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ထိုနေရာသို့ ချက်ချင်းမသွားရောက်ခဲ့ပေ။ မဟုတ်ပါက ထိုရိုက်ချက်သည် သူတို့ကို ချိန်ရွယ်လာပေလိမ့်မည်။

လူတိုင်းက အဆူရာတိုက်ပွဲမြေသို့ ဆင်းသက်သည့်ခဏမှာပင် ကောင်းကင်အင်မော်တယ်သုံးဦးက သေဆုံးသွား၏။

ရှဲ့ချင်းချန်နှင့် အခြားသူများမှာ အစကတည်းက လူများစွာပါမလာခဲ့ပေ။ သူတို့ထဲမှ နောက်ထပ်လူတချို့ သေဆုံးမည်ဆိုလျှင် သူတို့ထဲ မည်သူကမှ အလယ်ဗဟိုမှာရှိသော ရှေးဟောင်းမြို့တော်ကို တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။

ပို့ဆောင်ရေးအဆောင်နှင့်ပင်လျှင် အဆူရာတိုက်ပွဲမြေသည် ကျင့်ကြံသူများစွာ တွေးထင်ထားသည့်ထက် များစွာပိုမိုရက်စက်ကြမ်းတမ်းနေ၏။ နေရာတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေလေသည်။

All Chapters