ယက္ခမျိုးနွယ်
Vol. 167 Ch. 2497
ရှဲ့ချင်းချန်နှင့် အခြားသူများသည် ဤမွန်းစတား၏ အကြည့်မှာ ခေါင်းမွေးများ ထောင်ထလာသည်ဟု ခံစားရ၏။
ဤမွန်းစတားသည် အဆူရာမျိုးနွယ်ထက်ပင် ပို၍ကြောက်စရာကောင်းနေပုံရ၏။
အဆူရာမျိုးနွယ်သည် အရပ်အမောင်းမြင့်မား၍ မိစ္ဆာနတ်ဆိုးများကဲ့သို့ ကြီးမားတုတ်ခိုင်သော်လည်း သူတို့သည် အနည်းဆုံးတော့ ဤမျှအထိ ကြောက်စရာကောင်းသည့်ပုံ မပေါ်ပေ။
သူတို့ရှေ့မှ မွန်းစတားသည် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ထွက်လာသော ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့်တူပြီး လူတိုင်း၏ အာရုံခံစိတ်ကိုပင် လှည့်စားနိုင်လေသည်။
ဆူဇီမိုက ထိုမွန်းစတားကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။
ဘာကြောင့်ရယ်မသိ ထိုမွန်းစတားကို တွေ့မြင်သည့်အခါ ယက္ခိုသ်မျိုးနွယ်က သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။
သူတို့နှစ်မျိုးသည် မတူညီသည့်ပုံပေါ်သော်လည်း သူတို့က ဆိုးယုတ်တစ္ဆေများကဲ့သို့ ရန်ပြုလိုသော အမူအရာများနှင့်အတူ ရုပ်ဆိုး၍ ကြောက်မက်ဖွယ်ရာကောင်းလေသည်။ ဒါ့အပြင် သူတို့၏နည်းလမ်းများက အလွန်တရာ ကြမ်းကြုတ်ခက်ထန်၍ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက တုန်လှုပ်စရာကောင်းလေသည်။
ပိန်ပိန်ပါးပါးကျင့်ကြံသူက ကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင်ပင် သူသည် စောစောက တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုမွန်းစတားသည် ယက္ခိုသ်မျိုးနွယ်နှင့် အတော်လေးကွာခြားနေသည့်ပုံပေါ်၏။
အားအနည်းဆုံး ယက္ခိုသ်မှာပင်လျှင် တံစဉ်များကဲ့သို့ ထက်ရှသော တောင်ပံများ ရှိလေသည်။
သို့သော်လည်း သူ့ရှေ့မှ မွန်းစတားမှာ တောင်ပံများ မရှိပေ။
“ယက္ခ…”
ရှဲ့ချင်းချန်က ဖြူဖတ်ဖြူရော်အမူအရာဖြင့် ထိတ်လန့်တကြား ရေရွတ်လိုက်၏။
“လက်စသတ်တော့ ဒါက ယက္ခမျိုးနွယ်ပဲ”
ဆူဇီမိုက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
ယခင်က ယက္ခမျိုးနွယ်အကြောင်း ရှဲ့ချင်းချန်ပြောခဲ့စဉ် သူသည် အဲဒါကို စိတ်ထဲမှာ သိသလိုလိုခံစားနေခဲ့ရ၏။
ယခုသူက ယက္ခမျိုးနွယ်ကို သူ့မျက်စိနှင့် မြင်တွေ့လိုက်ရပြီး ထိုခံစားချက်က ပို၍ပင် သိသာထင်ရှားလာ၏။
တကယ်တမ်းမှာတော့ သူတို့၏ ရုပ်ရည်သွင်ပြင်အပြင် ယက္ခမျိုးနွယ်နှင့် ယက္ခိုသ်မျိုးနွယ်များ အသုံးပြုသော လက်နက်များ၊ နည်းလမ်းများနှင့် နည်းစနစ်များကြားမှာ ကြီးမားသော ကွာခြားချက်တစ်ခု ရှိလေသည်။
ယက္ခနှင့် ယက္ခိုသ်မျိုးနွယ်များကြား ပတ်သက်ဆက်စပ်မှုသည် ဆူဇီမို၏ အတွေးရိုင်းတစ်ခုမျှသာဖြစ်၏။
ဒါ့အပြင် သူသည် ယက္ခမျိုးနွယ်အကြောင်း သိရှိထားမှု မရှိသလောက်နီးပါးပင်။
ယက္ခိုသ်မျိုးနွယ်အကြောင်း တွေးမိချိန်မှာ ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ယက္ခိုသ်ယုကို ပြန်လည်အမှတ်ရသွား၏။
(ဤနေရာမှာ ပြောစရာ ရှိလာပါသည်။ ယခင်ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ကမ္ဘာဦးမျိုးနွယ်ကိုးစုဝင်က ယက္ခိုသ်မျိုးနွယ် ဖြစ်ပါသည်။ ထိုသည်ကို ယက္ခမျိုးနွယ်ဟု ဖော်ပြခဲ့မိသည်မှာ ကျွန်တော်၏ ဘာသာပြန်အမှား ဖြစ်ပါသည်။ ထိုစဉ်တုန်းက ကျွန်တော်လေ့လာခဲ့ချိန်မှာ မြန်မာစာတွင် ယက္ခနှင့် ယက္ခိုသ်ကြား ကွဲပြားသည့် အသုံးအနှုန်း မတွေ့ခဲ့သည့်အတွက် အတူတူဟု ထင်ခဲ့မိပါသည်။ ယခု ကျတော်ထပ်မံလေ့လာမိသလောက်.. ယက္ခက နတ်ဘီလူးဖြစ်ပြီး ယက္ခိုသ်ထက် ပိုအဆင့်မြင့်ပါသည်။ ယက္ခိုသ်ကတော့ ရုန့်ရင်းကြမ်းတမ်းသည့် မိစ္ဆာဘီလူးဖြစ်ပါသည်။)
ယက္ခိုသ်ယုသည် အထက်ဘုံသို့ တက်လှမ်းလာခဲ့ပြီဖြစ်သည်ဟု သူကြားသိထားပြီး သူမက ဘယ်လိုနေသလဲ သူ မသိပေ။
ထိုစဉ်မှာပင် ယက္ခက ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ ဦးခေါင်းကို ကိုက်ဝါးပြီးသွားခဲ့ပြီဖြစ်၏။ အဲဒါကို မျိုချပြီးနောက် သူက ရှဲ့ချင်းချန်နှင့် အခြားသူများဘက်ကို သွားဖြဲပြကာ မသတီစရာ နီကြင့်ကြင့်သွားများကို အတန်းလိုက်ပေါ်ထွက်စေ၏။
ထို့နောက်ချက်ချင်းပင် ယက္ခက ပျောက်ကွယ်သွား၏။
အဲဒါက တည်နေရာခုန်ကူးခြင်း မဟုတ်ပေ။
အဆူရာတိုက်ပွဲမြေမှ သက်ရှိများသည် သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၏။ ဤယက္ခကို ဆိုးယုတ်သွေးချီက ထိန်းချုပ်ထားပြီး တည်နေရာခုန်ကူးခြင်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ၎င်းက တကယ်ပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ရှဲ့ချင်းချန်နှင့် အခြားသူများက ငေးငိုင်နေစဉ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“သတိထား”
ဆူဇီမိုက ရှဲ့ချင်းချန်၏ ဘေးမှာ ရပ်နေပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
ရုတ်တရက် သူက သူ၏ လက်ကိုဆန့်ထုတ်ပြီး ရှဲ့ချင်းချန်ကို လှမ်းဆွဲလိုက်၏။
တစ်ချိန်တည်းနီးပါးမှာပင် ရှဲ့ချင်းချန်၏ ခြေဖဝါးအောက်ရှိ မြေပြင်က အက်ကွဲသွားပြီး သံချေးတက်နေသော မှိန်းတစ်လက် ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်နှင့် ပွတ်ကာသီကာ ကပ်၍လွဲချော်သွား၏။
ဆူဇီမိုက အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် ရှဲ့ချင်းချန်သည် အောက်ဘက်မှ ဝင်ရောက်လာသော မှိန်းဖြင့် ထိုးဖောက်ခံရပေလိမ့်မည်။
သူက မသေဘူးဆိုလျှင်တောင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ဆူဇီမိုသည် ရှဲ့ချင်းချန်ကို ကယ်တင်ပြီး ရပ်တန့်ခြင်းမရှိဘဲ ရှေ့ကိုတက်လှမ်းသွား၏။ သူက ဝင်ရောက်လာသော သံမှိန်းကို သူ၏ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ပြီး သူ၏ ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းချလိုက်၏။
ဘုန်း…
ထိုဆောင့်နင်းချက်က မြေပြင်ကို အနည်းငယ်တုန်ခါသွားစေ၏။
အရိုးများကျိုးသံကိုပင် ကြားလိုက်ရလေသည်။
ဆူဇီမိုက သံမှိန်းကို လက်ပြန်ဆုပ်ကိုင်ပြီး အဲဒါကို ဆောင့်ဆွဲယူလိုက်၏။ သူ့ခြေဖဝါးအောက်ရှိ မြေပြင်အက်ကွဲကြောင်းထဲမှ ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီး အဲဒါသည် စောစောက ယက္ခဖြစ်လေသည်။
ယက္ခ၏ လက်နှစ်ဖက်က သံမှိန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်မှာ တရွတ်တိုက်၍ သူ၏ ဦးခေါင်းက ကျိုးကြေသွားပြီဖြစ်၏။ သူက ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။
ရှဲ့ချင်းချန်နှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ ချွေးပြန်လာကြ၏။
ဤယက္ခသည် မည်သူ့ကိုမှ သတိထားမိစေခြင်း မရှိဘဲ မြေလျှိုးကာ သွားလာနိုင်လေသည်။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ဤယက္ခသည် သက်ရှိမဟုတ်ပေ။ ၎င်းကိုဆိုးယုတ်သွေးချီက ထိန်းချုပ်ထားပြီး ဗီဇဓာတ်ခံ တိုက်ခိုက်ရည်နည်းစနစ်တစ်ခုအပေါ် မှီခိုထားခြင်းသာဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် သူသည် ဤကဲ့သို့သောစွမ်းအားနှင့် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထားလေသည်။
သူက သက်ရှိယက္ခတစ်ကောင်သာ ဖြစ်မည်ဆိုလျှင် သူက မည်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်မလဲ။
“ညီအစ်ကိုဆူ…. ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရှဲ့ချင်းချန်က အကြောက်မပြေသေးဘဲ ကျေးဇူးတင်စကား ခပ်မြန်မြန်ပြောလိုက်၏။
“ဒီနေရာကနေ မြန်မြန်ထွက်ကြရအောင်”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီနေရာမှာရှိတဲ့ ရုတ်ရုတ်သဲသဲအခြေအနေက တိုက်ပွဲမြေမှာ ရှိတဲ့ တခြားသက်ရှိတွေကို သတိထားမိသွားစေလိမ့်မယ်”
ဆူဇီမို၏ စကား မဆုံးသေးခင်မှာပင် ခပ်လှမ်းလှမ်းသွေးမြူခိုးများ၏ အနက်ပိုင်းထဲမှ ဒေါသတကြီး ဟိန်းဟောက်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
သူသည် သူတို့၏ တည်နေရာအတိအကျကို မတွေ့မြင်နိုင်သော်လည်း အခြားသော အဆူရာများ၊ စွမ်းအားကြီးမားသော သားရဲတောကောင်များနှင့် ယက္ခများကပင် နိုးထလာသည်မှာ သိသာလေသည်။
အဆူရာများကဲ့သို့ ကြောက်စရာကောင်းသော သက်ရှိများက နေရာတိုင်းမှာ ရှိနေသည့်အလား ဟိန်းဟောက်သံများက သိပ်သည်းများပြားလာ၏။
“ကျုပ်တို့ ဘာလုပ်ရမလဲ”
ကောင်းကင်အင်မော်တယ်ယွီယွင်နှင့် အခြားသူများက ထိတ်လန့်တကြားဖြစ်လာ၏။
အဆူရာတိုက်ပွဲမြေသို့ သူတို့ဝင်ရောက်စဉ် လူတိုင်းမှာ ရှိခဲ့သည့် စိတ်အားထက်သန်မှုက ကောင်းကင်အင်မော်တယ်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးပြီးနောက် လျင်မြန်စွာ အေးစက်ငြိမ်သက်လာခဲ့၏။
လူတိုင်းသည် အခွင့်အလမ်းတချို့ကို ရယူချင်ရုံသာဖြစ်၏။ သို့သော်လည်း မည်သူကမှ သူတို့၏ အသက်များကို မဆုံးရှုံးချင်ပေ။
“မင်းသားချင်းချန်… ကျုပ်တို့တွေ အဝိုင်းခံထားရပြီထင်တယ်”
ကောင်းကင်အင်မော်တယ်ယွီယွင်က ခပ်တိုးတိုးပြောလိုက်၏။
“ကျုပ်တို့တွေက ပို့ဆောင်ရေးအဆောင်တွေကို ချိုးခြေပြီး ဒီနေရာကနေ ထွက်သွားကြရင် ကောင်းမလား… ချိပ်စည်းကို ရယူဖို့က အဲ့လောက်လည်း အရေးမကြီးလောက်ဘူး… အဲဒါကြောင့် ကျုပ်တို့ရဲ့ အသက်တွေကို ဆုံးရှုံးမယ်ဆိုရင် အကျိုးအမြတ်က ကျုပ်တို့ရဲ့ ဆုံးရှုံးမှုကို ထေမိနိုင်မှာ မဟုတ်ဘူး”
ရှဲ့ချင်းချန်က သူ၏ လက်သီးနှစ်ဖက်ကို မချင့်မရဲဖြင့် ဆုပ်လိုက်၏။
သူသည် ဝင်ရောက်လာသည့် ခဏမှာပင် နောက်သို့ဆုတ်ရတော့မှာလား။
ထိုစဉ်မှာပင် ဆူဇီမိုက ပြောလိုက်၏။
“နေချင်တဲ့သူတွေက ငါနဲ့ထပ်ကြပ်မကွာလိုက်လာခဲ့… ငါနဲ့သိပ်ဝေးဝေးမခွာနဲ့… ပေတစ်ရာထက်ပိုပြီး မကျော်စေနဲ့”
ထိုသို့ပြောရင်း ဆူဇီမိုက ရှေ့သို့တက်လှမ်းလိုက်၏။
ရှဲ့ချင်းချန်က စိတ်အားမာန်တက်ကြွလာပြီး ရှေ့သို့အလောတကြီးတက်လှမ်းကာ ဆူဇီမိုနှင့် ဘေးချင်းယှဉ်လျှောက်လိုက်၏။
ကောင်းကင်အင်မော်တယ်ယွီယွင်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူတို့ကိုယ်သူတို့ အားတင်းကာ နောက်ကနေ လိုက်ပါလာကြ၏။
ယခုအချိန်မှာ ထွက်ခွာသွားဖို့ကို လူတိုင်းက တကယ်ပင် ရှက်မိလေသည်။
သူတို့က ဆူဇီမိုနောက်ကနေ လိုက်ပါလာသော်လည်း လူတိုင်းက ပိုပိုလိုလိုအနေဖြင့် သူတို့၏ ပို့ဆောင်ရေးအဆောင်များကို ထုတ်ယူထားကြ၏။ သူတို့က အဆောင်များကို သူတို့၏ လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားပြီး အချိန်မရွေး ချိုးချေကာ ထွက်ခွာဖို့ ပြင်ဆင်ထားကြ၏။
ဆူဇီမိုက ညာဘက်သို့ ဦးတည်လာခဲ့၏။
သို့သော်လည်း လမ်းတစ်လျှောက်မှာ သူသည် သူ၏ မူလလမ်းကြောင်းကနေ မကြာခဏသွေဖယ်တတ်လေသည်။ မကြာမကြာဆိုသလို သူသည် တစ်စုံတစ်ရာကို ရှောင်ကွင်းနေသည့်အလား ဘေးဘက်သို့ လျှောက်လှမ်း၍ တစ်ဖန်ကွေ့ဝိုက်တတ်လေသည်။
သူ၏ လှုပ်ရှားမှုမှာ ပုံစံအတည်တကျ မရှိပေ။ ဆူဇီမိုသည် အရာရာတိုင်းကို သာမန်ကာလျှံကာ ပြုလုပ်နေသည့်အလားပင်။
လူတိုင်းက ဒွိဟဖြစ်နေသော်လည်း သူတို့သည် လူအုပ်ထဲကနေ သူတို့သဘောနှင့်သူတို့ ခွဲမထွက်ရဲပေ။
နောက်ထပ်ယက္ခတစ်ကောင်က ပေါ်ထွက်လာခါစဖြစ်၏။
ဤတစ်ခေါက်မှာ ယက္ခသည် သွေးမြူခိုးများကို ရုတ်တရက်ဖြတ်ကျော်ပြီး ကောင်းကင်ထက်ကနေ ဆင်းသက်ကာ လူတိုင်းအပေါ်သို့ ခုန်အုပ်လာခဲ့၏။
သို့သော်လည်း ထိုယက္ခက လူတိုင်း၏ ခန္ဓာကိုယ်ကို မထိနိုင်ခင်မှာပင် ဆူဇီမို၏ လက်ချောင်းထိပ်ဖျားကနေ ပစ်လွှတ်လိုက်သော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ၎င်း၏ ဦးခေါင်းက ထိုးဖောက်ခံရကာ လုံးလုံးလျားလျား သေဆုံးသွားလေသည်။
ဤတစ်ခေါက်မှာ လူတိုင်းက အငိုက်မိသွားရဆဲဖြစ်၏။ ဤယက္ခသည် စောစောက ယက္ခနှင့်မတူပေ။
သူတို့နှစ်ကောင်စလုံးက ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ဤယက္ခမှာ သူ၏ နံကြားအောက်ကနေ သူ၏ လက်တံများနှင့် ခြေတံများဆီသို့ ချိတ်ဆက်ထားသော အသားပြားတောင်ပံတစ်စုံ ရှိနေ၏။ ကောင်းကင်ထက်ကနေ ဆင်းသက်လာစဉ် သူက ဧရာမလင်းနို့တစ်ကောင်နှင့်တူနေ၏။
ဤကဲ့သို့သော အပြောင်းအလဲတစ်ရပ်အပြီး၌ လူတိုင်းသည် ဆူဇီမိုနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါဖို့ ဆုံးဖြတ်လိုက်ကြ၏။ မည်သူကမှ ဆူဇီမိုနှင့် ပေတစ်ရာ မပြောနှင့် ပေငါးဆယ်ပင် မခွာရဲကြတော့ပေ။
ထူးဆန်းစွာပင် နေ့တစ်ဝက်မျှ ဖြတ်ကျော်လာပြီးနောက် သူတို့၏ ဘေးပတ်လည်မှာ ဒေါသတကြီးဟိန်းဟောက်သံများက တဖြည်းဖြည်း လူတိုင်းနှင့်ဝေးကွာသွားပြီး တိုးညင်းသွားလေသည်။
သူတို့သည် လမ်းတစ်လျှောက်မှာ ချောင်းမြောင်းတိုက်ခိုက်မှုတချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့ကို တားဆီးခဲ့သည့် သက်ရှိများစွာ ရှိမလာခဲ့ပေ။
ဒါ့အပြင် ဆူဇီမိုသည် အန္တရာယ်နှင့် ကြုံတွေ့ရတော့မည့်အခါတိုင်း လူတိုင်းကို ကြိုတင်သတိပေးတတ်လေသည်။
လူတိုင်းက ကြိုတင်ပြင်ဆင်ထားပြီး ပူးပေါင်းတိုက်ခိုက်သောအခါ သူတို့သည် သိပ်မကြာခင် အန္တရာယ်ကို သတ်ဖြတ်နိုင်ပြီး ရှေ့သို့ဆက်တက်လာနိုင်ခဲ့ကြ၏။
တစ်နေ့တာကုန်ဆုံးသွားပြီး လူတိုင်းက လမ်းတစ်လျှောက်မှာ ကြီးမားသော မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ လမ်းတစ်လျှောက်မှာ အဆူရာများ၊ သားရဲတောကောင်များ သို့မဟုတ် ယက္ခများကြောင့် ဖြစ်ပေါ်လာသော ကြီးကြီးမားမား ဟန့်တားနှောင့်ယှက်မှုများ ရှိမလာခဲ့ပေ။
ဆူဇီမို၏ ဦးဆောင်မှုအောက်မှာ လူတိုင်းသည် ယက္ခမျိုးနွယ်ကဲ့သို့ စွမ်းအားကြီးမားသော သက်ရှိများ၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ မထိမခိုက် လွတ်မြောက်လာသည့်အလားပင်။