← Chapters

တဖြည်းဖြည်းပြောင်းလဲလာခြင်း

Vol. 167 Ch. 2498

တဖြည်းဖြည်းပြောင်းလဲလာခြင်း

Vol. 167 Ch. 2498

အဆူရာတိုက်ပွဲမြေ၏ အထက် ကောင်းကင်မှာ ပုံရိပ်ခြောက်ခုက လေထဲမှာ မတ်တတ်ရပ်နေပြီး စွမ်းအားကြီးမားသော အော်ရာများကို ထုတ်ဖော်ထားကာ အဆူရာတိုက်ပွဲမြေကို ငုံ့ကြည့်နေကြ၏။

ဂမ္ဘီရသက်တံ၊ ဂမ္ဘီရရွှံ့ညွန်၊ ဂမ္ဘီရလေ၊ ဂမ္ဘီရကြိုးကြာ၊ ဂမ္ဘီရတိမ်စိုင်နှင့် ဂမ္ဘီရမီးတောက်…။

သူတို့ခြောက်ယောက်သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို ကိုင်တွယ်နေသော ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်ခြောက်ဦး ဖြစ်လေသည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နှစ်တစ်သိန်းတိုင်း တစ်ကြိမ်ကျင်းပသော မဟာပွဲတော်တစ်ခုဖြစ်၏။ ဤအချိန်အတောအတွင်း လူအများအာရုံစိုက်စရာသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ယှဉ်ပြိုင်မှုနှင့် ကြေညာထုတ်ပြန်ချက်ဖြစ်သည်။

ထိုအရာသည် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများအတွက် လောကမှာ သူတို့၏ နာမည်တစ်ခုကို တည်ဆောက်ဖို့ အကောင်းဆုံးအခွင့်အလမ်း ဖြစ်လေသည်။

အဲဒါမတိုင်ခင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်က အလွန်တရာအရေးပါလာ၏။

အဲဒါသည် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာ အထူးချွန်ဆုံး ကောင်းကင်အင်မော်တယ်တစ်ရာကို ရွေးချယ်ဖို့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို တိုက်ပွဲနယ်မြေတစ်ခုအဖြစ် မသိမသာပြောင်းလဲပေးလိုက်ခြင်းနှင့် တူလေသည်။

ထို့ကြောင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် အဆူရာတိုက်ပွဲမြေမှာ ချိပ်စည်းအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုကိုလည်း အတော်လေး အလေးထားလေ၏။ သူတို့သည် တိုက်ပွဲကို အကဲဖြတ်ဖို့နှင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ထုတ်ပြန်ဖို့အတွက် ပကတိအင်မော်တယ်ခြောက်ဦးကို စေလွှတ်ပေးခဲ့၏။

အဆူရာတိုက်ပွဲမြေက အလွန်တရာကျယ်ပြောသောကြောင့် ပကတိအင်မော်တယ်ခြောက်ဦးက အဖွဲ့တိုင်းကို အာရုံစိုက်၍ မကြည့်နိုင်ပေ။

ထို့ကြောင့် သူတို့ခြောက်ယောက်သည် အဆူရာတိုက်ပွဲမြေကို နယ်မြေဒေသခြောက်ခု ခွဲထုတ်လိုက်ပြီး တစ်ယောက်တစ်နေရာစီကို စောင့်ကြည့်ကြမည်ဖြစ်သည်။

အဖွဲ့ရှစ်ဖွဲ့က ရှေးဟောင်းမြို့တော်မှာ စုစည်းမိသည်နှင့် ပကတိအင်မော်တယ်ခြောက်ဦးသည် လူတိုင်းအပေါ်ကို အာရုံစိုက်နိုင်ပေလိမ့်မည်။

ပကတိအင်မော်တယ် ဂမ္ဘီရသက်တံက ပြောလိုက်၏။

“နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့တဲ့ အဲဒီအလောင်းတွေက ဒီဆိုးယုတ်သွေးချီရဲ့ တိုက်စားခံရပြီးတဲ့နောက် ပြန်ပြီးတော့ နိုးထလာနိုင်ကြတယ်ဆိုတော့…”

“အဲဒီဆိုးယုတ်သွေးချီရဲ့နောက်ခံက ဘာဖြစ်မလဲ မသိဘူး”

ပကတိအင်မော်တယ် ဂမ္ဘီရရွှံ့ညွန်က မေးလိုက်၏။

“အရင်းအမြစ်ကတော့ ရှေးဟောင်းမြို့တော်ရဲ့ အလယ်ဗဟိုက ရေကန်ထဲမှာရှိတယ်… ဒါပေမဲ့ ငါတို့ရဲ့စိတ်ဝိညာဉ်အသိစိတ်က အဲဒါကို မစစ်ဆေးနိုင်ဘူး”

ပကတိအင်မော်တယ် ဂမ္ဘီရလေက လေးနက်စွာ ပြောလိုက်၏။

“အဲဒါက ရှေးဟောင်းသားရဲတောကောင်တစ်ကောင်ရဲ့ အလောင်းဖြစ်မယ်လို့ငါထင်တယ်”

ရုတ်တရက် ဂမ္ဘီရတိမ်စိုင်က ပြောလိုက်၏။

“အဆူရာ၊ ယက္ခနဲ့ တခြားသားရဲတောကောင်တွေရဲ့ ဝန်းရံပိတ်ဆို့မှုအောက်မှာ ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသားတွေက အတော်လေး ပျက်စီးထိခိုက်သွားရပြီ”

“တကယ်ပဲ”

ဂမ္ဘီရမီးတောက်က ခေါင်းညိတ်၍ ပြောလိုက်၏။

“အဲဒီအဖွဲ့တွေမှာ ရှေ့ကနေ တိုက်ခိုက်လမ်းဖောက်ပေးမယ့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တွေ ပါလာပေမဲ့ နှစ်ရက်အတွင်းမှာ အဆူရာတိုက်ပွဲမြေက သက်ရှိတွေကလည်း အတောမသတ်ကြဘူး… တခြားကျင့်ကြံသူတွေက သူတို့ကို လုံးဝခုခံနိုင်မှာ မဟုတ်ဘူး”

ဂမ္ဘီရလေနှင့် အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြ၏။

နတ်မိမယ် ဂမ္ဘီရကြိုးကြာ၏ မျက်လုံးများကသာ ထူးဆန်းသော အလင်းရောင်များ တဖျပ်ဖျပ်လက်နေပြီး မည်သည့်စကားမှမဆိုပေ။

နှစ်ရက်ကြာပြီးနောက် မင်းသားများသည် သူတို့၏ အဖွဲ့များကို ဦးဆောင်ကာ အဆက်မပြတ် သတ်ဖြတ်ခြင်း၊ ထွက်ပြေးခြင်းများအပြီး၌ ရှေးဟောင်းမြို့တော်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြ၏။

မင်းသမီးယုယန်နှင့် ကျုံးဖေးယွီတို့အုပ်စုက ရှေးဟောင်းမြို့တော်သို့ အရင်ရောက်ရှိလာ၏။

သူတို့မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်(၃)ဝင်သော ကျုံးဖေးယွီကဲ့သို့ ပညာရှင်တစ်ဦးပါလာသော်လည်း ရှေးဟောင်းမြို့တော်သို့ ရောက်ရှိသည့်အချိန်မှာ သူတို့ထဲမှ လူတစ်ဝက်က ပျောက်ဆုံးသွားပြီဖြစ်၏။

ကျင့်ကြံသူအချို့သည် သူတို့၏ ပို့ဆောင်ရေးအဆောင်များကို မဆုတ်ဖြဲနိုင်ခင်မှာပင် သေဆုံးသွားကြရ၏။

ကျင့်ကြံသူအချို့သည် အန္တရာယ်ကျရောက်လာသောအခါ သူတို့၏ အဆောင်များကို ချိုးခြေပြီး တိုက်ပွဲနယ်မြေကနေ ထွက်ခွာသွားကြ၏။

သိပ်မကြာခင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁၀)ဝင်သော မင်းသားထျန်ဟွမ်း၊ မင်းသားမင်ကျုံးနှင့် စုန့်စဲ၏ အဖွဲ့၊ မင်းသားယန်နှင့် လေ့ရွှမ်၏ အဖွဲ့၊ မင်းသားဖုန့်နှင့် ကောင်းကင်အင်မော်တယ်လောယန်၏ အဖွဲ့တို့က တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြ၏။

တစ်ဖွဲ့ချင်းစီသည် အလွန်တရာ ဆိုးဆိုးဝါးဝါးအခြေအနေမှာ ကျရောက်နေ၏။ မင်းသားယန်နှင့် လေ့ရွှမ်၏ အဖွဲ့သည် ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်ပြီး လူ၄၀နီးပါးကို ဆုံးရှုံးထား၏။

အခြားသောအဖွဲ့များမှာ လူ ၃၀ ၄၀ ဝန်းကျင်သာ ကျန်တော့လေသည်။

သတ္တမမြောက် ရောက်ရှိလာသော အဖွဲ့က ဆူဇီမိုနှင့် ပဋိပက္ခတစ်ခု ဖြစ်လုနီးပါးဖြစ်ခဲ့သော မင်းသားရှင်းယန် ဖြစ်လေသည်။

သူ၏ အဖွဲ့က ပို၍ပင် ဆိုးဆိုးဝါးဝါးပုံပေါက်ပြီး လူ ၁၄ယောက်သာ ကျန်တော့၏။

သူခေါ်ယူစုဆောင်းထားသော ကောင်းကင်အင်မော်တယ်တစ်ရာကြားမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်နှစ်ဦးပါသော်လည်း သူတို့၏ အဆင့်သတ်မှတ်ချက်များက မြင့်မားခြင်းမရှိဘဲ သူတို့က လူများစွာကို ကာကွယ်မပေးနိုင်ခဲ့ပေ။

အဖွဲ့ကိုးဖွဲ့ထဲမှာ ရှေးဟောင်းမြို့တော်သို့ ရောက်ရှိမလာသေးတော့ နှစ်ဖွဲ့သာလျှင် ကျန်တော့၏။

ထိုစဉ်မှာပင် နတ်မိမယ်ကြိုးကြာက ရုတ်တရက်ပြောလိုက်၏။

“မင်းသားချန်ထျန်ရဲ့ အဖွဲ့က ဖယ်ရှားရှင်းလင်းခံလိုက်ရပြီ”

အဆူရာတိုက်ပွဲမြေမှာ အဖွဲ့ရှစ်ဖွဲ့သာလျှင် ကျန်တော့၏။

ပကတိအင်မော်တယ်ခြောက်ဦးက ဤရလဒ်နှင့်ပတ်သက်၍ အံ့အားသင့်သွားကြခြင်း မရှိပေ။

မင်းသားချန်ထျန်၏ အဖွဲ့မှာ ကောင်းကင်အင်မော်တယ်တစ်ရာ ပါလာသော်လည်း သူတို့မှာ အစစ်အမှန်ပညာရှင်များ မရှိပေ။ သူတို့မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်တစ်ဦးပင် ပါမလာခဲ့ပေ။

သူတို့သည် အဆူရာမျိုးနွယ်နှင့် အခြားသောမွန်းစတားများ၏ အဟန့်အတားကို မဖြတ်ကျော်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာမကောင်းပေ။

ဂမ္ဘီရတိမ်စိုင်က ပြောလိုက်၏။

“အခုထိရောက်မလာသေးတဲ့ အဖွဲ့တစ်ဖွဲ့ရှိသေးတယ်… ငါမှတ်မိတာ မမှားဘူးဆိုရင် သူတို့က ဂမ္ဘီရကြိုးကြာဘက်မှာ ရှိလိမ့်မယ်… သူတို့က ရှဲ့ချင်းချန်နဲ့ ဆူဇီမိုတို့အဖွဲ့ပဲ”

ဂမ္ဘီရလေက ပြုံးပြလိုက်၏။

“သူတို့မှာ လူအနည်းအကျဉ်းပဲ ပါလာတယ်… သူတို့က တိုက်ပွဲမြေမှာ ဆိုးယုတ်သက်ရှိတွေရဲ့ ပထမလှိုင်းကိုတောင်မှ ခုခံနိုင်မယ်လို့ ငါမထင်ဘူး”

“အမှန်ပဲ… ဆူဇီမိုတစ်ယောက် ကျန်မယ်ဆိုရင်တောင် သူတစ်ယောက်တည်းနဲ့ ရှင်သန်နိုင်ဖို့မလွယ်ဘူး”

ဂမ္ဘီရမီးတောက်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“ဘယ်ဟုတ်ပါ့မလဲ”

နတ်မိမယ် ဂမ္ဘီရကြိုးကြာက ရုတ်တရက်ပြောလိုက်၏။

“သူတို့ကိုးဖွဲ့ထဲမှာ သူ့ရဲ့အဖွဲ့က ပျက်စီးထိခိုက်မှု အနည်းဆုံးပဲ”

“ဟမ့်”

ဂမ္ဘီရတိမ်စိုင်နှင့် အခြားသူများက အံ့အားသင့်သွားကြ၏။

“တစ်ချက်ကြည့်လိုက်”

နတ်မိမယ် ဂမ္ဘီရကြိုးကြာက ရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာတော့မည့် ရှဲ့ချင်းချန်၊ ဆူဇီမိုနှင့် အခြားသူများကို လက်ညှိုးထိုးပြလိုက်၏။

တခြားပကတိအင်မော်တယ်ငါးဦးက လှမ်းကြည့်လိုက်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားလေသည်။

“ဘယ်လိုဖြစ်သွားတာလဲ”

“သူတို့က လူတစ်ယောက်ပဲ လျော့နေတာလား”

ရှဲ့ချင်းချန်တို့အုပ်စုသည် တိုက်ပွဲမြေသို့ ဝင်ရောက်လာစဉ်က လူ ၁၈ယောက်ပါလာခဲ့သည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရ၏။ ယခု သူတို့သည် ရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး သူတို့မှာ လူ ၁၇ယောက် ကျန်နေသေး၏။

ပို၍ပင်ထူးဆန်းသည့်အရာမှာ သူတို့အုပ်စုသည် ခရီးပန်းလာသည့်ပုံပေါ်သော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ မည်သည့်အနာတရ သို့မဟုတ် မည်သည့်သွေးမှမရှိဘဲ သူတို့က ဆိုးဆိုးဝါးဝါးပုံမပေါက်ပေ။

“ဘယ်လိုဖြစ်သွားတာပါလိမ့်”

ဂမ္ဘီရရွှံ့ညွန်က တုန်လှုပ်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။

“ကြည့်ရတာတော့ ဒီအုပ်စုက တိုက်ပွဲမြေမှာ ဆိုးယုတ်သက်ရှိတွေရဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုနဲ့ မကြုံတွေ့ခဲ့ရဘူးနဲ့တူတယ်”

ဂမ္ဘီရတိမ်စိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ဂမ္ဘီရမီးတောက်က ဝေဖန်ဆန်းစစ်ပြလိုက်၏။

“သူတို့အဖွဲ့မှာ တစ်ယောက်ယောက်က ဆိုးယုတ်သက်ရှိတွေကနေ သူတို့ရဲ့အော်ရာကို ဖုံးကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုခု ဒါမှမဟုတ် နည်းလမ်းတစ်ခုခုကို ပိုင်ဆိုင်ထားတာလား”

သူတို့ငါးယောက်သည် ယခင်က တခြားသောနယ်မြေများမှာ တခြားအဖွဲ့များကို လေ့လာစောင့်ကြည့်နေခဲ့ပြီး သူတို့သည် ရှဲ့ချင်းချန်နဲ့ ဆူဇီမိုတို့၏ လှုပ်ရှားသွားလာမှုကို အာရုံမစိုက်ခဲ့ကြပေ။

နတ်မိမယ် ဂမ္ဘီရကြိုးကြာက သူတို့ကို စောင့်ကြည့်ဖို့ တာဝန်ယူထားသည်ဆိုမှတော့ သူမကသာ ထိုမေးခွန်းများကို​ ဖြေနိုင်ပေမည်။

“အတိအကျပြောရရင် သူတို့ရဲ့အော်ရာတွေကို ဖုံးကွယ်မထားခဲ့ကြဘူး”

နတ်မိမယ် ဂမ္ဘီရကြိုးကြာက ပြီးခဲ့သည့်နှစ်ရက်အတွင်း သူမ၏ လေ့လာစောင့်ကြည့်ခဲ့မှုကို ပြန်လည်စဉ်းစားပြီး တည်တံ့စွာ ပြောလိုက်၏။

“တစ်ယောက်ယောက်က ဆိုးယုတ်သက်ရှိတွေရဲ့ အော်ရာကို ကြိုတင်အာရုံခံနိုင်ပြီး အန္တရာယ်ကို ရှောင်လွှဲနိုင်ခဲ့တာနဲ့ ပိုတူတယ်”

“ပုံမှန်အခြေအနေမှာဆိုရင် တာအိုသစ်သီးကို စုဖွဲ့မထားဘဲ သွေးမြူခိုးတွေကြားမှာ စိတ်ဝိညာဉ်အသိစိတ်ရဲ့ ထောက်လှမ်းနိုင်တဲ့ အတိုင်းအတာက အကန့်အသတ်ရှိတယ်… သူတို့ကြားမှာ ဘယ်သူကများ ဆိုးယုတ်သွေးချီကို ထိုးဖောက်ပြီး အန္တရာယ်ကို ကြိုတင်အာရုံခံနိုင်တာလဲ”

ဂမ္ဘီရမီးတောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“အဲဒါ ဆူဇီမိုဖြစ်လိမ့်မယ်”

နတ်မိမယ် ဂမ္ဘီရကြိုးကြာက ပြောလိုက်၏။

“ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ သူ့ရဲ့လှုပ်ရှားသွားလာပုံလမ်းကြောင်းက ပုံမှန်မဟုတ်တာကို ငါသတိထားမိခဲ့တယ်… သူက မကြာမကြာချိုးလိုက်ကွေ့လိုက် လှည့်ပတ်သွားလာလိုက်ပဲ… အဲဒါကြောင့်ပဲ သူတို့အဖွဲ့က နောက်ဆုံးမှ ရောက်လာခဲ့တာ”

“အစကတော့ ငါက သိပ်ပြီးအာရုံမစိုက်ခဲ့ဘူး… ဒါပေမဲ့ နောက်ပိုင်း သူတို့အဖွဲ့က တစ်ကြိမ်ကွေ့ပတ်သွားလာတိုင်း ရှေ့တည့်တည့် သွေးမြူခိုးထဲမှာ ပုန်းလျှိုးနေတဲ့ စွမ်းအားကြီးမားတဲ့ ဆိုးယုတ်သက်ရှိတစ်ကောင်စီကို ရှောင်လွှဲနိုင်ခဲ့တာ ငါသတိထားမိလာတယ်”

ထိုစကားကို ကြားသောအခါ ပကတိအင်မော်တယ်ငါးဦးက ပို၍ပင်တုန်လှုပ်သွားကြ၏။

သူတို့သည် တစ်ခုခုကို မမြင်ရ မကြားရဘဲ အန္တရာယ်ကို ရှောင်လွှဲနိုင်ခဲ့တာလား။

ဤကဲ့သို့သော ဒဏ္ဍာရီလာအစွမ်းအစက တကယ်ပဲတည်ရှိတာလား။

“ချိပ်စည်းအတွက် ဒီတိုက်ပွဲက ရုတ်တရက် စိတ်ဝင်စားဖို့ကောင်းလာပြီ… နောက်ဆုံးရလဒ်က ငါတို့ထင်မထားတာ ဖြစ်လာနိုင်တယ်”

နတ်မိမယ် ဂမ္ဘီရကြိုးကြာက သူမ၏ လှပသောမျက်လုံးထဲရှိ မျှော်လင့်စောင့်စားမှု အငွေ့အသက်တစ်ခုနှင့် ရုတ်တရက်ပြုံးလိုက်၏။

ဤတိုက်ပွဲမှာ ဆူဇီမို ဝင်ပါလာသည်ကို ပကတိအင်မော်တယ်ခြောက်ဦးက သိရှိထားခဲ့ကြ၏။ သို့သော်လည်း မည်သူကမှ စစချင်း အာရုံမစိုက်ခဲ့ကြပေ။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၂၄နှင့် ထိပ်ဆုံးဆယ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေသောကြောင့်ဖြစ်၏။

သူတို့သာလျှင် မဟုတ်ပေ... ဤကိစ္စကို အာရုံစိုက်ထားသော ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ကျင့်ကြံသူများမှာလည်း သူတို့ကိုယ်ပိုင်ခန့်မှန်းချက်များ ရှိခဲ့ကြ၏။

လူတချို့သည် ကျုံးဖေးယွီ၏ အကူအညီနှင့်အတူ မင်းသမီးယုယန်က အနိုင်ရဖို့ အခွင့်အရေးအများဆုံးဖြစ်သည်ဟု တွေးထင်ခဲ့ကြ၏။

လူတချို့သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်၁၀ ဝင်ထားသောကြောင့် မင်းသားထျန်ဟွမ်းသည် အစကတည်းက သန်မာသည်ဟု​ ခံစားရ၏။ ထိုသို့ဖြင့် နောက်ဆုံးမှာ အနိုင်ရဖို့ သူက အခွင့်များလေသည်။

လူတချို့သည် လေ့ရွှမ်၏ အကူအညီကို ရရှိပြီးနောက် မင်းသားယန်ကလည်း အနိုင်ရနိုင်သည်ဟု ကြိုတင်ခန့်မှန်းချက်ထုတ်ခဲ့ကြ၏။

သို့သော် ယခု တိုက်ပွဲနယ်မြေမှာ နှစ်ရက်ကြာပြီးနောက် အလှည့်အပြောင်းတစ်ခုက ပေါ်ထွက်လာပုံရ၏။

လူတိုင်းနီးပါး လျစ်လျူရှုခဲ့သည့် အဆင့်(၆) ကောင်းကင်အင်မော်တယ်တစ်ယောက်သည် ရက်စက်ကြမ်းတမ်းသော ဤအဆူရာတိုက်ပွဲမြေမှာ သူ၏ ပြောင်မြောက်မှုနှင့် ထက်ရှမှုကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာနေ၏။

All Chapters