လျှို့ဝှက်ဆန်းကြယ်သော ဆိုးယုတ်သွေးချီ
Vol. 167 Ch. 2499
အဆူရာတိုက်ပွဲမြေ၏ အလယ်ဗဟို၊ ရှေးဟောင်းမြို့တော်မှာ။
ရှေးဟောင်းမြို့တော်သည် ယိုယွင်း၍ မြို့ရိုးများက ပျက်စီးနေပြီဖြစ်၏။ သို့သော်လည်း ရှေးဟောင်းမြို့တော်မှ တိုက်ပွဲမြေမှာ ဆိုးယုတ်သက်ရှိများကို တုန်လှုပ်စေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေဆဲဖြစ်သည်။
အဆူရာများ၊ ယက္ခများ သို့မဟုတ် အခြားသော သားရဲတောကောင်မျိုးနွယ်များသည် ဤနေရာသို့ရောက်ရှိလာသောအခါ သူတို့၏ လိုက်လံတိုက်ခိုက်မှုကိုရပ်တန့်လိုက်ကြ၏။ သူတို့ ခဏမျှရစ်ဝဲနေပြီးနောက် ပြန်လှည့်သွားကြလေသည်။
ရှေးဟောင်းမြို့တော်ထဲမှာ...။
အဖွဲ့များသည် အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် ဆိုးယုတ်သက်ရှိများ၏ လိုက်လံတိုက်ခိုင်မှုကနေ ရုန်းထွက်နိုင်ခဲ့ကြ၏။ ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် ရှေ့သို့ဆက်မသွားကြဘဲ မြို့ဂိတ်တံခါးမှာသာ အနားယူအားဖြည့်နေကြ၏။
သူတို့ထဲမှအချို့သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူတို့ထဲမှအချို့က စွမ်းအင်အမြောက်အမြားသုံးစွဲခဲ့ရကာ သူတို့ထဲမှအချို့သည် တုန်လှုပ်နေသည့်အလား ထိတ်လန့်တကြားအမူအရာများရှိနေကြ၏။
ဆိုးယုတ်သွေးချီသည် ထူးဆန်းသော ချိပ်ပိတ်စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ၎င်းသည် သက်ရှိများ၏ ခန္ဓာကိုယ်များထဲသို့ပင် ကျူးကျော်ဝင်ရောက်ပြီး ကျင့်ကြံသူများ၏ တာအိုနှလုံးသားပေါ်သက်ရောက်စေနိုင်၏။
သူတို့က တတ်နိုင်သမျှမြန်မြန်ကုသ၍ သူတို့ကိုယ်သူတို့ ထိန်းညှိခြင်းမရှိလျှင် သူတို့သည် ဆိုးယုတ်သွေးချီဖြင့် ကျူးကျော်ခံရပြီး သူတို့၏ တာအိုနှလုံးသားများက စွန်းထင်းခံရကာ ချီသွေဖယ်ခြင်းသို့ဝင်ရောက်၍ သူတို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားရဖို့များလေသည်။
နှစ်ရက်ကြာပြီးနောက် သူတို့ကြားကွာဟချက်ကို မြင်တွေ့လာရ၏။
ရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာသောအခါ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သော ပညာရှင်တချို့ကသာ များစွာသက်ရောက်မခံရပေ။
သူတို့သည်လည်းပဲ စွမ်းအင်အတော်အတန်သုံးစွဲခဲ့ရသော်လည်း သူတို့သည် စိတ်ဝိညာဥ်ဆေးလုံးတချို့ကို စားသုံးပြီးနောက် လျင်မြန်စွာသက်သာလာပြီး တကူးတကအနားယူအားဖြည့်နေစရာမလိုပေ။
“ရှဲ့ချင်းချန်က အခုချိန်ထိ ရောက်မလာသေးဘူးလား”
ရှဲ့ထျန်ဟွမ်း၏ အမူအရာက ပေါ့ပေါ့ပါးပါးရှိနေပြီး သူက ရယ်မောပြောဆိုလိုက်၏။
“သူက အဆူရာတိုက်ပွဲမြေကနေ ထွက်ခွာသွားလောက်ပြီထင်တယ်”
ယွဲ့ဟိုင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူတို့အုပ်စုမှာ လူဆယ်ယောက်ကျော်ကျော်ပဲရှိတာ... သူတို့က ဆိုးယုတ်သက်ရှိတွေရဲ့ လိုက်လံတိုက်ခိုက်မှုကနေ ရုန်းထွက်လာနိုင်ဖို့ဆိုတာ တကယ်မလွယ်ဘူး”
“သူက နောက်ထပ်ကပ်ဘေးတစ်ခုကိုပါ ရှောင်လွှဲသွားခဲ့တာပဲ”
အာဏာပါးကွက်သားအစောင့်တပ်သားများ၏ နံပါတ်တစ် စုန့်စဲမှာ အေးစက်စက်အကြည့်တစ်ခုရှိနေပြီး သူ၏ လေသံမှာ နောင်တအငွေ့အသက်တစ်ခု ပါနေသည်။
“ငါကြိုသိခဲ့မယ်ဆိုရင် ငါက ယန်ယန်းနန်းတော်မှာတည်းက သူ့ကိုတိုက်ခိုက်ပြီး သတ်ဖြတ်ပစ်လိုက်ပါတယ်”
“ဘယ်လောက်နှမြောဖို့ကောင်းလဲ”
ကျုံးဖေးယွီကလည်း သူ၏ နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ဦးဆောင်မှုအောက်မှာ ရှဲ့ချင်ချန်နှင့် အခြားသူများသည် နောက်ဆုံးရှေးဟောင်းမြို့တော်သို့ ရောက်ရှိလာပြီး အန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်လာကြ၏။
လူတိုင်းက အကြည့်ချင်းဖလှယ်ပြီး ဝမ်းသာအားရဖြင့် စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။
အနည်းဆုံးတော့ သူတို့သည် မြို့တော်ထဲသို့ဝင်ရောက်လာပြီးနောက် ရင်တမမခံစားနေစရာ မလိုတော့ပေ။
“အဆူရာတိုက်ပွဲမြေမှာ နိုးထလာတဲ့ ဆိုးယုတ်သက်ရှိတွေက သိပ်လည်းမများပါဘူး... ငါတို့တွေက လမ်းမှာ တချို့တလေနဲ့ကြုံတွေ့ခဲ့ရပေမယ့် သူတို့ကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့တယ်”
“ဟုတ်တယ်... တာအိုရောင်းရင်းဆူက ငါတို့ကိုသတိပေးလိုက်တာနဲ့ ငါတို့က ကြိုတင်ပြင်ဆင်ထားလို့ရတော့ ဘာမှကြောက်စရာမလိုဘူး”
“အဲဒါအမှန်ပဲ... ငါတို့တွေက အစတုန်းက နဲနဲပေါ့ဆမိသွားလို့ ငါတို့ရှေ့မှာလူတချို့သေသွားတာမြင်ပြီး ကြောက်နေခဲ့တာ”
ကောင်းကင်အင်မော်တယ်ယွီယင်က ပြောလိုက်၏။
“တကယ်တော့... အဆူရာတိုက်ပွဲမြေက အပြင်လောကမှာ ပြောကြသလောက်လည်း ရက်စက်ကြမ်းတမ်းမနေပါဘူး... ငါတို့သာ အဲလိုမျိုးကွေ့ပတ်ပြီး သွားလာမနေခဲ့ရင် ငါတို့တွေက မြို့တော်ကို ပိုပြီးမြန်မြန်ရောက်လာနိုင်မှာ”
“တခြားအဖွဲ့တွေက မြို့တော်ထဲကို ဝင်သွားကြလောက်ပြီထင်တယ်”
ထိုသို့ပြောရင်း ရှဲ့ချင်းချန်နှင့် အခြားသူများက ရှေးဟောင်းမြို့တော်ထဲသို့ ဝင်ရောက်လာကြ၏။
ကောင်းကင်အင်မော်တယ်ယွီယင်သည် မြို့ဂိတ်တံခါးမှ ရှုပ်ထွေးနေသော ခြေရာများကို တွေ့မြင်သောအခါ သူက သူ၏ ခေါင်းကို ခါယမ်းပြီး ပြောလိုက်၏။
“ငါထင်တာမှန်နေတာပဲ... ငါတို့က အရမ်းတွေကွေ့ပတ်ပြီး သွားလာနေခဲ့တော့ တခြားမင်းသားတွေက ရောက်နှင့်နေကြပြီ”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့်ရှိကာ နှုတ်ဆိတ်နေ၏။
ကောင်းကင်အင်မော်တယ်ယွီယင် ပြောဆိုနေစဥ် လူတိုင်းသည် ရှေးဟောင်းမြို့ထဲသို့ ဝင်ရောက်လာပြီဖြစ်ကာ မြို့ဂိတ်တံခါးအနီးနားမှာ ဒဏ်ရာများကုသ၍ အနားယူနေသော ကျင့်ကြံသူတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။
ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသွားပြီး ကျင့်ကြံသူများကလည်း သူတို့၏ မျက်လုံးများကိုဖွင့်ကာ လှမ်းကြည့်လိုက်ကြ၏။
နှစ်ဘက်စလုံးက အကြည့်ချင်းဖလှယ်ပြီးနောက် နေရာမှာတင် မှင်တက်ကာ ကြက်သေသေနေကြသည်။
မြို့ဂိတ်တံခါးက အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
“အဲဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ”
မင်းသားအချို့နှင့် ကျင့်ကြံသူများက တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာကြ၏။
ရှဲ့ချင်းချန်နှင့် အခြားသူများက အသက်ရှင်လျက်ရောက်ရှိလာကြ၏။
ပို၍ပင်ထူးဆန်းသည့်အရာမှာ သူတို့က လူတစ်ယောက်သာ လျော့နေလေသည်။
ဒါ့အပြင် ရှဲ့ချင်းချန်အပါအဝင် ကျန်ရှိနေသော ၁၇ ယောက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့် သွေးဖြင့်မှ စွန်းထင်းမခံရဘဲ သေသေသပ်သပ်ဝတ်စားထားကြ၏။ သူတို့၏ အသက်ရှုသံက မှန်နေပြီး သူတို့၏ မျက်နှာများက ပုံမှန်အသားရောင်အတိုင်းရှိနေကြသည်။
သူတို့ထဲမည်သူကမှ သေရေးရှင်ရေးတိုက်ပွဲများကို တွေ့ကြုံပြီးမှ ဤနေရာသို့ ရောက်ရှိလာခြင်းနှင့် မတူပေ။
ရှဲ့ချင်းချန်၊ ကောင်းကင်အင်မော်တယ်ယွီယင်နှင့် အခြားသူများကတော့ သူတို့သည် တစ်ဘက်မှာရှိသောအခြေအနေကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။
သူတို့သည် ကောင်းကင်အင်မော်တယ်အဖွဲ့များနှင့်ပင် မတူတော့ပေ။
လူအုပ်စုက ပြန့်ကျဲနေပြီး စိတ်အားညှိုးငယ်နေသော အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ထိုင်သူထိုင် လဲကျသူက လဲကျနေ၏။ တစ်ချက်ကြည့်ရုံဖြင့် သူတို့သည် ဒဏ်ရာဗရပွနှင့် အသက်လုထွက်ပြေးလာသောလူများနှင့်တူနေ၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ သူတို့၏ ရှေ့တည့်တည့်မှာ မင်းသားများ၏ ဦးဆောင်မှုအောက်မှ ကောင်းကင်အင်မော်တယ်ပညာရှင်များသည် ကြီးမားသောပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့၏ အရေအတွက်က ထက်ဝက်လောက်လျော့ကျနေ၏။
ဥပမာအားဖြင့် မင်းသားရှင်းယန်၏ အဖွဲ့သည် ကောင်းကင်အင်မော်တယ်များစွာကို ဆုံးရှုံးခဲ့ရပြီး ယခုအချိန်မှာ သူတို့အဖွဲ့သည် မင်းသားချင်းချန်၏ အဖွဲ့ထက်ပင် လူပိုနည်းနေ၏။
“သူ..သူတို့က ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ”
“ငါတို့ကလမ်းမှာ တစ်ခုခုလွဲချော်ခဲ့တာလား”
ကောင်းကင်အင်မော်တယ်ယွီယင်နှင့် အခြားသူများ၏ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာက ပေါ်ထွက်လာကြ၏။
ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ အံ့အားသင့်မသွားပေ။
သူက ကောင်းကင်အင်မော်တယ်ယွီယင်ကို လှည့်ကြည့်ပြီး သူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်၏။
“စောစောကမင်းလေသံအရဆို... ငါက မင်းတို့ကို ကွေ့ပတ်ပြီးခေါ်လာခဲ့လို့ မကျေမနပ်ဖြစ်နေတာပဲ... မင်းစိတ်ဝင်စားတယ်ဆိုရင် အပြင်ဘက်ကို မင်းဘာသာမင်း တစ်ချက်လောက်လျှောက်သွားကြည့်ပါလား”
ကောင်းကင်အင်မော်တယ်ယွီယင်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခေါင်းကိုအလောတကြီးခါကာ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြလိုက်၏။
“ဘယ်..ဘယ်ကသာ ကျုပ်စိတ်မဝင်စားပါဘူး”
လူတိုင်းက ဘယ်လောက်ပင်ထုံထိုင်းသည်ဖြစ်စေ သူတို့က တဖြည်းဖြည်းနားလည်သဘောပေါက်လာကြ၏။
ဆူဇီမိုက သူတို့ကို ဦးဆောင်လာခဲ့ခြင်းမဟုတ်လျှင် သူတို့ကြုံတွေ့ခဲ့ရသည့်အရာသည် ဤမျှအထိရိုးရှင်းနေခဲ့လိမ့်မည် မဟုတ်ပေ။
သူတို့ရှေ့တည့်တည့်ရှိကျင့်ကြံသူများ၏ ဆိုးဆိုးဝါးဝါးအခြေအနေကို တွေ့မြင်သောအခါ သူတို့က ပုံမှန်အတိုင်းတက်လှမ်းလာမည်ဆိုလျှင် သူတို့သည် ရှေးဟောင်းမြို့တော်၏ အရိပ်အယောင်ကိုပင် တွေ့မြင်ရလိမ့်မည်မဟုတ်ကြောင်း လူတိုင်းက သံသယမရှိကြတော့ပေ။
ရှဲ့ချင်းချန်က စကားများစွာမပြောဘဲ ဆူဇီမိုကို ကျေးဇူးတင်စွာကြည့်လိုက်၏။
အခြားသောကျင့်ကြံသူများနှင့်မတူဘဲ ကျုံးဖေးယွီ၊ စုန့်စဲနှင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ အခြားပညာရှင်များက ဆူဇီမိုနှင့် အခြားသူများပေါ်ထွက်လာသည်ကိုတွေ့မြင်သောအခါ စစချင်း အံ့အားသင့်သွားကြ၏။
ထို့နောက်ချက်ချင်းပင် သူတို့၏ မျက်လုံးများထဲမှာ ဝမ်းသာပျော်ရွှင်မှုအကြည့်တစ်ခုစီ ဖျတ်ခနဲပေါ်ထွက်လာ၏။ အဲဒါသည် ဆုံးရှုံးခဲ့ရသော တစ်စုံတစ်ရာကို ပြန်လည်ရရှိလာသည့် ဝမ်းသာပျော်ရွှင်မှုမျိုးဖြစ်သည်။
သို့သော်မည်သူကမှ ချက်ချင်းမတိုက်ခိုက်ကြပေ။
ဆူဇီမိုက မြို့ထဲသို့ ဝင်ရောက်လာပြီဆိုမှတော့... အလောတကြီးပြုလုပ်နေစရာ မလိုတော့ပေ။
ဒါ့အပြင် ဆူဇီမိုကို စိတ်ဝင်စားနေသောသူက တစ်ယောက်မကရှိနေသည်မှာ သိသာလေသည်။ သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက်စိုးရိမ်ပူပန်နေပြီး သင့်လျော်သောအခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရပေမည်။
ဆူဇီမိုသည် ကျုံးဖေးယွီနှင့် အခြားသူများကို မကြည့်သော်လည်း သူသည် သူတို့၏ ရန်လိုစိတ်များကို အာရုံခံမိနိုင်ဆဲဖြစ်၏။
သူက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။
ဖြစ်လာမည့်အရာက နောက်ဆုံးမှာဖြစ်လာပေလိမ့်မည်။
“ရှေးဟောင်းမြို့တော်ကို သွားပြီးစစ်ဆေးကြည့်ရအောင်”
ဆူဇီမိုက အကြုံပြုလိုက်၏။
သူတို့အုပ်စုသည် အခြားကောင်းကင်အင်မော်တယ်များနှင့် မတူပေ။ သူတို့က ထိခိုက်ဒဏ်ရာမရရှိထားဘဲ အနားယူအားဖြည့်နေစရာ မလိုပေ။
ထိုအခိုက်အတန့်မှာ လူတိုင်းက ဆူဇီမိုကို ယုံကြည်လက်ခံလာကြ၏။
ကောင်းကင်အင်မော်တယ်ယွီယင်ပင် သဘောတူစွာဖြင့် ချက်ချင်းခေါင်းညိတ်ပြလိုက်၏။
ရှဲ့ချင်းချန်နှင့် အခြားသော ကျင့်ကြံသူဆယ်ယောက်ကျော်က ရှေးဟောင်းမြို့တော်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံသူများစွာ၏ တွေဝေရှုပ်ထွေးနေသော အကြည့်များအောက်မှာ ပျောက်ကွယ်သွားကြ၏။
“ညီကိုဆူ... လာတဲ့လမ်းတစ်လျှောက်မှာ ခင်ဗျားစိတ်ထဲ တစ်ခုခုရှိနေတဲ့ပုံပဲ”
ရှဲ့ချင်းချန်က အဆူရာတိုက်ပွဲမြေသို့ ဝင်ရောက်လာပြီးနောက် ဆူဇီမိုက မကြာခဏ အလေးအနက်စဥ်းစားတွေးတောနေတတ်သည်ကို သတိထားမိခဲ့သည်။
ဆူဇီမိုက ချက်ချင်းပြန်မဖြေပေ။
လမ်းတစ်လျှောက်မှာ သူသည် လူတိုင်းကို ဦးဆောင်လာစဥ် အန္တရာယ်ကို ကြိုတင်ရှောင်လွှဲဖို့ သူ၏ အာရုံခံသတိစိတ်ကို အသုံးပြုခဲ့သည့်အပြင် သူသည် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ကိုပင် တိတ်တဆိတ်လှည့်ပတ်ကြည့်နေခဲ့၏။
အနည်းငယ်ကြိုးပမ်းကြည့်ပြီးနောက် သူသည် ထူးဆန်းမှုတစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိခဲ့၏။
ဆိုးယုတ်သွေးချီသည် အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို တကယ်ပင်ချိပ်ပိတ်ထားနိုင်၏။ သူ၏ ဧရာမရွှေငှက်တောင်ပံများကပင် ချိပ်ပိတ်ခံရလိမ့်မည်ဖြစ်ပြီး အဲဒါကို အသက်မသွင်းနိုင်ပေ။
သို့သော်လည်း ဤအချိန်အတောအတွင်း သူသည် ငရဲဖိနှိမ်မီးဖိုမှ လျှို့ဝှက်အတတ်များဖြစ်သော အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၊ ကောင်းကင်ဘုံပကတိရေနှင့် တောင်ပိုင်းမင်းလီမီးတို့ကို အသက်သွင်းကြည့်ခဲ့၏။ သူတို့က ချိပ်ပိတ်ထားခြင်း မခံရပေ။
ယေဘုယျအားဖြင့်ပြောရလျှင် ထိုလျှို့ဝှက်အတတ်များသည်လည်း သားရဲတောကောင်များနှင့် ဆက်စပ်နေ၏။
သို့သော်လည်း ဆိုးယုတ်သွေးချီသည် ထိုပညာရပ်များအပေါ် တုံ့ပြန်မှုများစွာ ရှိမလာခဲ့ပေ။
ဆူဇီမိုကို ပို၍ပင်ထူးဆန်းစွာ ခံစားရစေသည့်အရာမှာ ဆိုးယုတ်သွေးချီ၏ လွှမ်းခြုံမှုအောက်မှာ စစချင်း သူ၏ သက်တောင့်သက်သာမရှိမှုက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။
ထိုမျှသာမက ဆိုးယုတ်သွေးချီသည် သူ၏ အသွေးအသားကို အားဖြည့်ပေးနေပုံရလေသည်။