← Chapters

လှောင်အိမ်ထဲကငှက်

Vol. 167 Ch. 2501

လှောင်အိမ်ထဲကငှက်

Vol. 167 Ch. 2501

ယက္ခက သက္ကတဘာသာစကားဖြစ်သည်။ အဓိပ္ပာယ်မှာ သူတို့သည် အလွန်တရာပေါ့ပါးဖျတ်လတ်ပြီး တစ္ဆေသရဲများကို ဝါးမျိုနိုင်ကာ တစ်မူထူးခြားသော လှုပ်ရှားမှုနည်းစနစ်များကိုပိုင်ဆိုင်ထားသည်ဟု ဆိုလေသည်။

နံရံပေါ်မှ ကားချပ်များသည် ဝေဝါးနေခဲ့ပြီဖြစ်သည်။ ဆူဇီမိုက အနီးကပ်တစ်ချက်ကြည့်လိုက်သော်လည်း ဆိုးယုတ်သွေးချီအကြောင်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ပေ။

ရှဲ့လင်ပြောပုံအရ ရှေးဟောင်းမြို့တော်၏ အလယ်မှာ ဆိုးယုတ်သွေးချီများကို စုဖွဲ့ထားသည့် ရေကန်တစ်ကန်ရှိလေသည်။ အဲဒါက ဆိုးယုတ်သွေးချီများ၏ အရင်းအမြစ်ဖြစ်သည်။

ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာပြီး ကိစ္စများကို စစ်ဆေးကြည့်ဖို့အတွက် ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ ဦးတည်လိုက်၏။

“ခင်ဗျားတို့တွေ ဒီမှာအနားယူကြဦး... ကျုပ်အပြင်ကို တစ်ချက်ထွက်ကြည့်လိုက်ဦးမယ်”

ဆူဇီမိုက ရှဲ့ချင်းချန်ကို သတိပေးလိုက်၏။

“ကောင်းပါပြီ”

ရှဲ့ချင်းချန်က ခေါင်ညိတ်ပြလိုက်၏။

ရှေးဟောင်းမြို့တော်ကို ရောက်ရှိလာပြီးနောက် အဆူရာမျိုးနွယ်နှင့် အခြားဆိုးယုတ်သက်ရှိများ၏ လိုက်လံတိုက်ခိုက်မှုမရှိတော့ဘဲ လောလောဆယ်မှာ အန္တရာယ်မရှိတော့ပေ။

ဆူဇီမိုက ဂေဟာထဲကနေထွက်ခွာပြီး ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ ဦးတည်လိုက်၏။

သူက အတွင်းပိုင်းထဲသို့ ရောက်လာသောအခါ ဘေးပတ်ဝန်းကျင်မှာရှိသော ဆိုးယုတ်သွေးချီက သိပ်သည်းအားကောင်းလာပြီး ပိုမိုကြွယ်ဝလာ၏။ သူ၏ အမြင်အာရုံနှင့် စိတ်ဝိညာဥ်အသိစိတ်၏ ထောက်လှမ်းနိုင်မှုအတိုင်းအတာက အဆက်မပြတ်ကျူံ့ဝင်လာခဲ့၏။

သူ့အာရုံခံသတိစိတ်ပေါ်မှီခိုရင်း ဆူဇီမိုက စိုးရိမ်ပူပန်ခြင်းမရှိဘဲ ခြေလှမ်းကျဲဖြင့် ရှေ့သို့တက်လှမ်းနေ၏။

တစ်နာရီလောက်ကြာသွားပြီးနောက် သူက တဖြည်းဖြည်းအရှိန်ကို လျှော့ချလိုက်၏။

ရုတ်တရက် ဆူဇီမိုက အပေါ်သို့ခုန်တက်ပြီး လေထဲမှာ မတ်တတ်ရပ်လိုက်၏။ အောက်သို့ငုံ့ကြည့်လိုက်စဥ် မလှမ်းမကမ်းမှာ ဧရာမရေကန်တစ်ကန်ကို သူက တွေ့မြင်လိုက်ရသည်။

အဆုံးမဲ့ဆိုယုတ်သွေးချီက ရေကန်ထဲကနေ ဖြန့်ကျက်ထွက်ပေါ်နေ၏။

ရေကန်၏ အလယ်မှာ သေးငယ်သောအထီးကျန်ကျွန်းတစ်ကျွန်းကို သွေးမြူခိုးများကြားကနေတစ်ဆင့် ခပ်ရေးရေးတွေ့မြင်နိုင်၏။

သူထင်တာမမှားလျှင် စိတ်ဝိညာဥ်တိမ်စိုင်ချိပ်စည်းက ထိုကျွန်းပေါ်မှာရှိလေသည်။

ဆူဇီမိုက နောက်တစ်ဖန် ဆင်းသက်လိုက်ပြီး ရေကန်၏ အစပ်သို့ ရောက်ရှိလာခဲ့၏။ သူ၏ အမြင်အာရုံကို စုစည်းပြီး သူက ရေကန်ထဲသို့ကြည့်လိုက်၏။

ရေကန်က ထူးဆန်းသောသွေးရောင်အလင်းဖြင့် နက်မှောင်နေ၏။ သူသည် မည်သည့်အရာကိုမှ မတွေ့မြင်ရဘဲ ရေကန်ထဲမှာဘာရှိသည် မသိရပေ။

ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ သုံးစားမရသော ကောင်းကင်အဆင့် ဓမ္မရတနာတစ်ခုကိုထုတ်ယူကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်၍ အဲဒါကို ရေကန်ရှေ့သို့ ထိန်းချုပ်စေလွှတ်လိုက်၏။

ကောင်းကင်အဆင့်ဓမ္မရတနာက ရေကန်၏ အဝန်းဝိုင်းထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ဆိုးယုတ်သွေးချီစီးကြောင်းတစ်ခုက စုစည်းလာခဲ့၏။ သူတို့က ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေပြီး ဧရာမသားရဲဦးခေါင်းတစ်လုံးကို ဖြစ်ပေါ်လာစေသည့်အလားပင်။

ရေကန်အထက်မှာ မတ်တတ်ရပ်နေသော ဆူဇီမိုပင် အဲဒါကို ရှင်းရှင်းလင်းလင်းခံစားမိနိုင်၏။

သူက အလွန်တရာပြတ်သားပြီး ကောင်းကင်အဆင့်ဓမ္မရတနာနှင့် သူ၏ စိတ်ဝိညာဥ်အသိစိတ်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏။

သားရဲတောကောင်က သူ၏ သွေးသံရဲရဲပါးစပ်ကိုဖွင့်ဟပြီး ကောင်းကင်အဆင့်ဓမ္မရတနာကို ချက်ချင်းပင်ဝါးမျိုလိုက်၏။

ထို့နောက် ချက်ချင်းပင် သားရဲတောကောင်က မတ်တတ်ရပ်နေသော ဆူဇီမိုရှိရာသို့ လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်က အေးစက်နေပြီး အဆုံးမဲ့သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။

ထိုအကြည့်က ဆူဇီမိုကို ကြက်သီးမွေးညင်းထသွားစေ၏။

သူက ကောင်းကင်အဆင့်ဓမ္မရတနာနှင့် စောစောက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို မဖြတ်တောက်ခဲ့လျှင် တောကောင်ဦးခေါင်းက သူ့နောက်သို့ပင် လိုက်လာနိုင်လေသည်။

ရှဲ့လင်ပြောသည်မှာ မှန်နေပုံရသည်။

ရေကန်ကိုဖြတ်ကျော်ဖို့က မဖြစ်နိုင်ပေ။

အနည်းဆုံးတော့ သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် ဆိုးယုတ်သွေးချီ၏ ဝါးမျိုခြင်းကို လုံးဝခုခံနိုင်မည် မဟုတ်ပေ။

ရှေးဟောင်းမြို့တော်အထက်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်ခြောက်ဦးကလည်း ဤနေရာမှာရှိသောအခြေအနေကို သတိထားမိသွား၏။

ဂမ္ဘီရရွှံ့ညွန်က ညင်သာစွာ ပြုံးပြလိုက်၏။

“ဆူဇီမိုက အတော်လေးသတိကြီးတာပဲ... သူက တုံ့ပြန်မှုလည်း တော်တော်မြန်တယ်... သူက ကြွယ်ဝူယင်းရဲ့ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုကနေ ​ရှောင်လွှဲနိုင်ခဲ့တာ မထူးဆန်းတော့ဘူး”

နတ်မိမယ်ဂမ္ဘီရကြိုးကြာက ရုတ်တရက်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“သူက ဒုက္ခရောက်ပြီ”

အဲဒါကိုသတိထားမိသည်မှာ သူမတစ်ယောက်တည်းမဟုတ်ပေ။ သွေးမြူခိုးများကြားမှာ ပုံရိပ်ခြောက်ခုသည် မတူညီသော ဦးတည်ဘက်များခွဲ၍ ဆူဇီမိုရှိရာသို့ တဖြည်းဖြည်းချဥ်းကပ်လာနေကြ၏။

“စုန့်စဲနဲ့ ကျူံး​ဖေးယွီက ဆူဇီမိုကို တိုက်ခိုက်ချင်တယ်ဆိုတာ ငါနားလည်နိုင်တယ်... ဘာပဲပြောပြော ဒီကောင်လေးက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ဒုံမင်းအင်မော်တယ်နဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိထားတယ်”

ပကတိအင်မော်တယ် ဂမ္ဘီရသက်တံက မျက်မှောင်ကြုတ်ထား၏။

“ဒါပေမဲ့... လေ့ရွှမ်၊ ရှဲ့ထျန်ဟွမ်၊ ယွဲ့ဟိုင်နဲ့ ကောင်းကင်အင်မော်တယ်လောယန်တို့က ဒီကောင်လေးနဲ့ ရန်ငြိုးရန်စတစ်ခုခု မရှိဘူးမလား”

ဂမ္ဘီရမီးတောက်က ရယ်မောပြောဆိုလိုက်၏။

“အဲဒီကောင်လေးက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပိုင်ဆိုင်ထားတယ်ဆိုတာ မမေ့လိုက်နဲ့ သူတို့လေးယောက်ကိုမပြောနဲ့ ငါတောင်မှ လောဘတက်မိတယ်... ဒါပေမဲ့ ငါ့ရဲ့အဆင့်အတန်းအရ တိုက်ခိုက်ဖို့က မသင့်လျော်ဘူး”

ဆူဇီမို၏ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းသည် အဆင့်တူများကြားတိုက်ပွဲတစ်ခုမှာ လုယူခံရမည်ဆိုလျှင် အဲဒါက သူ၏ အစွမ်းအစ မလုံလောက်မှုကြောင့်ဖြစ်ပြီး အခြားသူများကို အပြစ်မတင်နိုင်ပေ။

သို့သော်လည်း ပကတိအင်မော်တယ်များအနေဖြင့် သူတို့က ဆူဇီမိုကို တိုက်ခိုက်မည်ဆိုလျှင် အဲဒါက ငယ်သူကို အနိုင်ကျင့်ရာကျပေလိမ့်မည်။ ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဤကဲ့သို့သောပုံစံဖြင့် မျက်နှာအပျက်မခံနိုင်ပေ။

“ကျွတ်.. ကျွတ်... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ထိပ်ဆုံးဆယ်ယောက်ထဲက ခြောက်ယောက်က ဆူဇီမိုကို ပူးပေါင်းတိုက်ခိုက်ကြတော့မယ်... ဒီကောင်လေးက သိပ်မကြာခင် ဖယ်ရှားရှင်းလင်းခံရတော့မှာပါလား”

ဂမ္ဘီရတိမ်စိုင်က လက်ပိုက်ပြီး ပြပွဲကို စောင့်ကြည့်သလိုကြည့်နေ၏။

ဂမ္ဘီရသက်တံက သူ၏ နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ကြည့်ရတာတော့ သူ့နေရာမှာ ယွင်ထင်နဲ့ ချင်ကူဆိုရင်တောင် သူတို့အနေနဲ့ မထိမခိုက်လွတ်မြောက်နိုင်ဖို့ မလွယ်တော့ဘူး”

ဆူဇီမိုက သူ့ရှေ့မှာရှိသော ရေကန်ကို အဓိပ္ပါယ်ပါပါကြည့်ပြီး တွေဝေတုံ့ဆိုင်းနေ၏။

ရုတ်တရက်ဆိုသလို... ။

သူက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးကို မှေးကျဥ်းကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

သူက သူ့ရှေ့ရှိ သွေးမြူခိုးများ၏ အနက်ပိုင်းထဲကိုကြည့်ပြီး ပြောလိုက်၏။

“မင်းတို့တွေ ဒီကိုရောက်လာပြီဆိုမှတော့... ထွက်လာကြတော့ပေါ့”

ဖြောင်း... ဖြောင်း... ဖြောင်း...

ကောင်းကင်အင်မော်တယ်လောယန်က အရင်ဆုံးလျှောက်လှမ်းလာ၏။ သူကလက်ခုပ်တီးပြီး ဆူဇီမိုကို အဓိပ္ပါယ်ပါပါကြည့်လိုက်၏။

“ဆူဇီမို... နဂါးအသူတရာချောက်နက်ကြယ်မှာ ခွဲခွာပြီးတဲ့နောက် ငါမင်းကိုထပ်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး”

သွေးမြူခိုးများ၏ အခြားသောအရပ်တစ်ဘက်က ယွဲ့ဟိုင်ကလည်း လျှောက်လှမ်းထွက်လာပြီး ချီးကျူးပြောဆိုလိုက်၏။

“ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ အာရုံခံစိတ်လဲ... ငါကမင်းဆီကနေ ဖုံးကွယ်မထားနိုင်ဘူးပဲ”

ထို့နောက်ချက်ချင်းပင် စုန့်စဲက သူ့လက်ထဲရှိ ကွပ်မျက်ဆေဘာနှင့်အတူ ပေါ်ထွက်လာ၏။

သူက ရန်လိုခက်ထန်သောအော်ရာဖြင့် ပြည့်နှက်နေပြီး ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ကာ အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေ၏။

“ဟင်းဟင်း... ​တော်တော်စည်ကားနေကြတာပဲ”

ဆံပင်အနီရောင် ရှဲ့ထျန်ဟွမ်းကလည်း သူ့မျက်နှာပေါ်ရှိ အတ္တဆန်ဆန်အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။

အလျှံညီးညီး အလင်းတစ်ခုက သွေးမြူခိုးများကို ဆုတ်ဖြဲပြီး လေ့ရွှမ်က ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

ဆူဇီမိုသည် တူညီသော အမူအရာနှင့်အတူ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ ကောင်းကင်အင်မော်တယ်ငါးဦးကို ကြည့်ကာ လုံးဝအံ့အားသင့်မသွားပေ။

“ဆူဇီမို... မင်းမှာ နောက်ဆုံး မှာစရာစကားရှိလား”

စုန့်စဲက အေးစက်စွာမေးလိုက်၏။

ဆူဇီမိုက ပြန်မဖြေဘဲ အခြားတစ်ဘက်ရှိ သွေးမြူခိုးများ၏ အနက်ပိုင်းထဲကို ကြည့်လိုက်၏။

“ကျုံးဖေးယွီ... မင်းက အဲဒီနေရာမှာ ဘယ်လောက်ကြာကြာပုန်းနေမှာလဲ”

“စိတ်ဝင်စားစရာပဲ”

ခဏမျှငြိမ်သက်နေပြီးနောက် သွေးမြူခိုများကြားကနေ ရယ်မောသံတစ်သံထွက်ပေါ်လာ၏။

ကျုံးဖေးယွီက ဆူဇီမိုကိုကြည့်ပြီး သူ့ကိုယ်သူ ဖြည်းဖြည်းချင်းရုပ်လုံးထွက်ပြကာ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“မင်းက ငါ့ရဲ့ခြေရာကိုတောင်မှ တကယ်ရှာတွေ့နိုင်ခဲ့တာပဲ”

လူတိုင်းရောက်ရှိလာသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက တည်ငြိမ်စွာမေးလိုက်၏။

“ဘယ်လိုလဲ... မင်းတို့တွေက အတူပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ထားကြတာလား”

ယွဲ့ဟိုင်က အရင်ဆုံးခြေတစ်လှမ်းနောက်ဆုတ်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“ငါက... အခြေအနေကို လာကြည့်ရုံပဲ မင်းတို့တွေ လုပ်စရာရှိတာဆက်လုပ်ကြ”

သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို တကယ်ပင်လောဘတက်မိ၏။ သို့သော်လည်း ဤနေရာမှာ သူ့အထက်တွင်ရပ်တည်နေသော လူငါးဦးရှိနေပြီး အခြေအနေက ရှုပ်ထွေးနေ၏။ သူက လောလောဆယ်မှာ ပါဝင်ပတ်သက်လိုခြင်း မရှိပေ။

သူတို့ခြောက်ယောက်၏ နေရာယူထားပုံကသာ အတော်လေးစေ့စေ့စပ်စပ်ဖြစ်နေပြီး စက်ဝိုင်းခြမ်းပုံသဏ္ဌာန်စုဖွဲ့ကာ ဆူဇီမို၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့ထား၏။

ယွဲ့ဟိုင်က ကြားဝင်စွက်ဖက်ခြင်းမရှိဟု ​ပြောဆိုခဲ့သော်လည်း သူနေရာယူထားပုံက ဆူဇီမို၏ ထွက်ပေါက်တစ်ပေါက်ကို ပိတ်ဆို့ထားဆဲဖြစ်၏။

ဆူဇီမိုက သူရှိရာဘက်ကို ထွက်ပြေးဖို့ရွေးချယ်မည်ဆိုလျှင် ထိုသူသည် သူ့တံခါးပေါက်ရှိရာသို့ သူ့ဘာသာသူတိုးဝင်လာခြင်း ဖြစ်ပေလိမ့်မည်။

သူတို့ခြောက်ယောက်၏ မျက်လုံးထဲမှာ ဆူဇီမိုက လှောက်အိမ်ထဲကငှက်တစ်ကောင်ဖြစ်နေခဲ့လေပြီ။

စုန့်စဲက ပြောလိုက်၏။

“ဒီလူ့မှာ ရတနာသူတော်စင် ကျောက်စိမ်းကျမ်းရှိတယ် ဒါပေမဲ့... ငါတို့တွေက သူ့ကိုအရင်သတ်ပြီးမှ အဲဒါကို ဘယ်သူအပိုင်ရမလဲ...”

စုန့်စဲ၏ စကားမဆုံးသေးခင်မှာပင် သူ၏ အမူအရာကပြောင်းလဲသွား၏။

ဆူဇီမို၏ ပုံရိပ်က နေရာကနေပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက သူ့ကိုချက်ချင်းပင် လွှမ်းခြုံလာခဲ့၏။

ဆူဇီမိုပြန်လည်ပေါ်ထွက်လာသည့်အခါ သူက စုန့်စဲ၏ နောက်ဘက်ကို ရောက်ရှိလာခဲ့ပြီ​ဖြစ်၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သူ၏ လက်ကိုဆန့်ထုတ်ပြီး စုန့်စဲ၏ ဦးခေါင်းကို ဖြတ်ရိုက်ချလိုက်၏။

စုန့်စဲသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှဖြစ်ပြီး သူတို့နှစ်ယောက်သည် အစကတည်းက ကမ္ဘာ့ရန်ဖက်များဖြစ်လေသည်။

စုန့်စဲက သူ့ကို သတ်ဖြတ်ချင်သည်ဆိုမှတော့ သူကလည်း ထိုသူကိုလွှတ်ပေးဖို့ စိတ်ကူးမရှိပေ။

ထိုလှုပ်ရှားကွက်က လူတိုင်း၏ ထင်မြင်ချက်ကို တကယ်ပင်ကျော်လွန်သွားခဲ့၏။

ဆူဇီမိုသည် သူတို့ခြောက်ယောက်၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရတာတောင် ချက်ချင်းထွက်မပြေးဘဲ သူတို့ကိုပင် အရင်စ၍တိုက်ခိုက်လာရဲမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

All Chapters